“ခေါင်က မလုံတဲ့အခါ”

Share |
ကျနော်လည်း အခုတလော စာအုပ်တချို့ကို သဲကြီးမဲကြီးဖတ်နေမိတော့ ဘလော့ဖက်ကို ခြေဦးမလှည့်ဖြစ်ဘူး။ ဒီတော့ ဘလော့ဂ်လောကမှာ သူခိုးဖမ်းပွဲကြီးဖြစ်သွားတာကို မသိလိုက်ဘူး။ နောက်မှ ပန်ဒိုရာတို့၊ မောင်ရင်တို့ ဘလော့ဂ်တွေမှာ အဲသည်အကြောင်းရေးပြတော့မှ သက်ဆိုင်ရာ ဘလော့ဂ်တွေမှာ သွားဖတ်ပြီး “သြော်…ဒီလိုကြီးပါလား” လို့ သဘောပေါက်သွားတာ။

အင်း….. ခိုးလည်း ခိုးသေးတယ်။ ရှက်လည်းရှက်ဘူးဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။

သိပ္ပံမောင်ဝ လေနဲ့ ပြောရရင်တော့ “လောကကြီး ပျက်စီးလေပြီတကား” ပေါ့လေ။

ကျနော်တို့ငယ်ငယ်ကတော့ ရွှေသွေးတွေ၊ တေဇတွေ ဖတ်တဲ့အရွယ်ကစလို့ ဖတ်သမျှစာတွေထဲမှာ ခိုးတာ ၀ှက်တာ မကောင်းဘူးဆိုတဲ့အကြောင်းကို ပုံတိုပတ်စတွေနဲ့ အမျိုးမျိုးအဖုံဖုံ ဖတ်ခဲ့ရတာကို မှတ်မိတယ်။

ဟော… နောက်ပိုင်းဝတ္ထုဖတ်တဲ့အရွယ်ရောက်လာပြန်တော့ အဲသည်ခေတ်က ၀တ္ထုတွေဟာ ခေတ်ကို ပြုပြင်လိုစိတ်ရှိတာကို တွေ့ရတယ်။

ဥပမာ…မစန္ဒာရဲ့ “တိမ်ဖုံးပါလို့ လမသာ” ၀တ္ထုဆိုပါစို့။ (အဲသည်ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တော့ “ပန်းသီတဲ့ကြိုး” ဆိုပြီး အင်မတန် နာမည်ကြီးတဲ့ ကားကောင်းတကားဖြစ်လာခဲ့တယ်)။

ဝတ္ထုထဲမှာ ဇာတ်ကောင် ဆေးကျောင်းသား “ကိုကို”ဟာ သူ့ရဲ့ ဆင်းရဲတဲ့ဘ၀ကို အင်မတန်ရှက်တယ်။ သိမ်ငယ်နေတယ်။ သူ့အတန်းထဲက အတန်းဖော်တွေက သူတို့အဖေဟာ ဘယ်ဌာနက ညွှန်ကြားရေးမှူး ဦးဘယ်သူ၊ အရာရှိကြီး ဦးဘယ်ဝါ စသဖြင့် ပြောကြတဲ့အချိန်မှာ သူက သူ့အဖေဟာ လက်သမားကြီး ဦးဖိုးဘ ပါလို့ အမှန်အတိုင်း ထုတ်ဖော်ပြောပြရမှာကို ရှက်ရွံ့နေတယ်။ အဲသည်နေရာမှာ စာရေးဆရာ မစန္ဒာက ရေးထားတာလေးကို တချက်ဖတ်ကြည့်ပါ။

ပြည်သူ၏ငွေကို အလွဲသုံးစားပြုကာ လာဘ်စားသော အချို့ဖခင်များအတွက် သူတို့၏ သားသမီးများက ပြုံးပျော်ဂုဏ်ယူနေချိန်ဝယ်၊ သူ တတ်သည့်ပညာနှင့် သူသန့်ရှင်းစင်ကြယ်စွာ ပင်ပန်းကြီးစွာ ငွေရှာလေသော ဖခင်အတွက် ကိုကိုသည် ဘာကြောင့်များ ဒီမျှ ရှက်ခဲ့ရလေသနည်း။” ….တဲ့။

မစန္ဒာသာမက အဲသည်ခေတ်က စာရေးဆရာမများဖြစ်ကြတဲ့ မိုးမိုး(အင်းလျား)၊ စမ်းစမ်းနွဲ့(သာယာဝတီ) စတဲ့ စာရေးဆရာတွေရဲ့ ၀တ္ထုတွေမှာ အခုလိုဘဲ ခေတ်ကိုထင်ဟတ်ပြပြီး စာရိတ္တကို ပြုပြင်လိုတဲ့၊ ခေတ်ကိုပြုပြင်လိုတဲ့ သဘောတွေ၊ အရိပ်အယောင်တွေကို တွေ့ရဖတ်ရတတ်ပါတယ်။

စာထဲမှာ ရေးပြမှမဟုတ်။ အပြင်မှာလည်း အဲသည်လိုဘဲ မှန်ကန်တဲ့အယူဝါဒကို ခိုင်ခိုင်မာမာလက်ကိုင်ပြုပြီး စီးပွားရေးအခြေအနေ ကြပ်တည်းကျဉ်းမြောင်းလှတဲ့ကြားက ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ဘဲ နေခဲ့တဲ့ အစိုးရ၀န်ထမ်းတွေ၊ ပြည်သူပြည်သားတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အများစုအဖြစ် နေ့စဉ်နဲ့အမျှ တွေ့ခဲ့ရတာဘဲ။

နောက်ပိုင်းမှာ ကျနော် ၉ တန်း ၁၀ တန်း ရန်ကုန်ကို ကျောင်းလာတက်တော့ အံ့သြစရာတွေ စတွေ့လာရတယ်။ ဥပမာ… အတန်းထဲက သူငယ်ချင်းတွေက သူငယ်ချင်းတယောက်အကြောင်းကို ပြောပြရာမှာ “ဒီကောင့်အဖိုးကြီးက အကောက်ခွန်က အရာရှိလေ၊ အင်မတန် ထောတယ်” ဆိုပြီး အားကျတဲ့လေသံနဲ့ ပြောတာမျိုးပေါ့။ အကောက်ခွန်အရာရှိဆိုတဲ့ရာထူးဟာ ထောဖို့ ဖန်လာသလိုလို ပြောကြပါတယ်။

ငယ်ငယ်က ကိုယ်ဖတ်ခဲ့ရတဲ့ စာတွေရဲ့ လွှမ်းမိုးမှုကြောင့်လားတော့မသိ။ ကျနော့်မှာ အဲသည်လို လာဘ်စားတဲ့အရာရှိမျိုးကို အားကျဖို့ ဝေးစွ။ ရွံတောင် ရွံမုန်းမိပါသေးတယ်။

ကျနော်တို့ နယ်ဘက်မှာ ၀န်ထမ်းအဖြစ် အများစု ထိတွေ့ခဲ့ရတာက ကျောင်းဆရာ၊ ဆရာမတွေပါ။ အဲသည်ခေတ်က ဆရာဆရာမအများစုဟာ စာရိတ္တပိုင်းမှာ စံနမူနာယူလောက်အောင် ကောင်းမွန်ကြသူတွေပါ။ ဒါပေမယ့် တချိန်တည်းမှာဘဲ ပညာရေးလောကမှာ အချို့သော မြို့နယ်ပညာရေးမှူး၊ တိုင်းပညာရေးမှူးတွေကတော့ အကျင့်ပျက် လာဘ်စားတဲ့နေရာမှာ နာမည်ကြီးနေပါပြီ။ ဥပမာ….ပိုက်ဆံနဲ့ လာဘ်ထိုးနိုင်သူတွေကို သူတို့ အိမ်နဲ့ နီးတဲ့ ကျောင်းတွေမှာ နေရာချပေးတာမျိုး၊ မပေးနိုင်သူတွေကို နယ်စွန်နယ်ဖျားကို ပို့ပစ်တာမျိုးတွေ ပေါ့။

ကျနော့်အစ်မတွေဆိုရင် အင်မတန် ဝေးလံတဲ့ ချောင်ကျိုချောင်ကြားက ရွာကလေးတွေမှာ သွားပြီး အစိုးရအမှုထမ်းလုပ်ခဲ့ကြရတာကို သတိရမိပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့တတွေဟာ ငယ်ငယ်ကတည်းက လာဘ်စားတဲ့ အစိုးရ၀န်ထမ်းတွေ၊ အရာရှိတွေဆိုရင် အားမကျတဲ့အပြင် နာကျည်းစိတ်၊ ရွံရှာစိတ်တောင် ၀င်မိပါတယ်။

နောက်ပိုင်း တက္ကသိုလ်တက်တဲ့အရွယ်….နအဖ လက်ထက်ရောက်လာတော့ ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်ရတာကို ရှက်စရာလို့ မယူဆသူတွေ တဖြည်းဖြည်းများလာတယ်။ လာဘ်ပေးလာဘ်ယူအမှုကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြတယ်။ ဒါပေမယ့် အဲသည်ခေတ်မှာကိုပဲ ကိုယ်ကျင့်တရားဖြောင့်မတ်သူတွေကို တွေ့နေရဆဲပါ။

စာနယ်ဇင်းလောကမှာလည်း သူများရေးတဲ့စာတွေကို ကိုယ့်စာလိုလို ဗြောင်ခိုးချလာကြတယ်။ အဲသည်အထဲမှာ နအဖနဲ့ အင်မတန် အလွမ်းသင့်နေတဲ့ အင်တာဗျူးတွေလုပ်ခဲ့တဲ့ မျက်မှန်ထူထူနဲ့ စာရေးဆရာတယောက်ဆိုရင် အင်မတန် အပုပ်နံ့ထွက်တယ်။

အဆိုးဆုံးကတော့ တိုင်းပြည်ရဲ့ အခေါင်အချုပ်ရာထူးကို အတင်းအဓမ္မ ရယူထားသူတွေကိုယ်တိုင်က ခိုးနေ၀ှက်နေကြတယ်။ တိုင်းပြည်ရဲ့ “အုပ်ရှောင်”တွေ လုပ်နေကြတယ်။ တိုင်းပြည်ဘဏ္ဍာတွေကို မတရားလက်ဝါးကြီးအုပ်ပြီး တာဝန်ကိုကျတော့ ရှောင်လွှဲနေကြတဲ့ “အုပ်ရှောင်”တွေပေါ့။ အရှက်တရား ခေါင်းပါးနေကြတယ်။ အဲသည်လို ခေါင်ကမလုံတဲ့အခါ မိုးကလည်း ယိုတော့တာပေါ့လေ။ အပေါ်မှာ ပြောခဲ့တဲ့ ဘလော့ဂါလိုဘဲ အုပ်ရှောင်တွေနဲ့ ဆွေမျိုးတော်ရတာကို ရှက်ရမယ့်အစား ဂုဏ်ယူဝင့်ကြွားနေတဲ့ လွဲမှားတဲ့ အယူဝါဒကို ကိုင်စွဲသူတွေလည်း မှိုလိုပေါက်လာတယ်။

ဒီပုံအတိုင်းဆက်သွားနေရင် လူမျိုးနဲ့ချီပြီး စာရိတ္တစံချိန်ဟာ လုံးလုံးကျဆင်းသွားလိမ့်မယ်။ တမျိုးသားလုံးနဲ့ချီပြီး နာမည်ပျက်ကိန်းရှိတယ်။

ဒီတော့ ကျနော်တို့အားလုံး သူကအစ၊ ငါကအဆုံး အသေးအဖွဲ ကိစ္စရပ်တွေကစလို့ ကြီးမားတဲ့ကိစ္စတွေအထိ မိမိတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တစံချိန်ကို ၀ိုင်းဝန်းထိန်းသိမ်းကြဘို့ တိုက်တွန်းလိုက်ပါတယ်။

(ခေါင်းစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရေးသားတဲ့ Letters from Burma စာအုပ်ထဲက ဆောင်းပါးတခုကနေ ယူထားပါတယ်။)

ပူးတွဲဖတ်ရှုရန်။

9 comments:

peter kyaw said...

ကိုပေါရေ...

အုပ်ရှောင်ကြီးကတော.မကြာသောကာလမှာအုပ်ပြီး
တော.ရှောင်သွားဦးမှာပါ။တာဝန်တင်မဟုတ်ဘူး၊လူကိုယ်
တိုင်ပါရှောင်လိမ်.မယ်ထင်ပါတယ်။
အနောက်နိုင်ငံမှာလည်းရှိတတ်ပါတယ်။ပွဲမဆူဆူအောင်
ဘလော.မှာဖွတာပေါ.ဗျာ။ဒါမှ hit counter တက်မှာကိုး။
ိုနို.မို.ဆိုကြောင်တဲ.ကောင်တွေပဲသွားဖတ်မှာလေ။
နောင်ဆို yellow လိုင်းပါတင်မလားမသိဘူး။

pandora said...

လာဖတ်သွားတယ်

စိုးမြတ်ကလျာပေါ....
နာမည်လေးက ရင်ခုန်ချင်စရာ။ တကယ်ပြောင်းလိုက်ပါလားဟင်။ ဒီအရေးအခင်းကြီး အပြီးမှာ ကိုပေါ တစ်ယောက် နာမည်တစ်လုံး အဖတ်တင်သည်.. ပေါ့။

kk said...

hi morning!!!
စိုးမြတ်ကလျာပေါ....
လာဖတ်သွားပါ၏...

မုန်းစရာ said...

ဗီဇ ဆိုတာ ဖျောက်ရခက်သား.... မိဘမျိုးရိုးကလည်း ဇရှိပြီးသားဆိုတော့ .... မဆန်းလှပါဘူးးးးး

M.Y. said...

ထောဖိုဖန်လာသလိုလို...ဆိုလို့ 

ခေတ်ကြီးကိုက အဲဒိလို ထောဖို့ ဖန်လာဖို့ ကို မရရအောင်ဖန်တီးထားခဲ့တာကိုး။ခေါင်းတော်ညိမ့်၊စိတ်တော်သိ၊ မ၊ှ ရ ဆိုသလိုပေါ့။

မစန္ဒာ ၀တ္ထုထဲက အဲဒိ အဖိုးတန်စကားလေးတွေပြန်ဝေမျှဖော်ပြပေးတဲ့အတွက်လဲ ကျေးဇူးပဲ။
(ကျွန်တော် မှတ်မိသလောက်ပန်းသီတဲ့ကြိုးထဲက ကိုကို နေရာ မှာသရုပ်ဆောင်တာနေအောင် ထင်တယ်။)

လောကကြီးပျက်စီးလေပီတကား လို ဆိုလာတဲ့ “စိုးမြတ်ကလျာသိပ္ပံကိုပေါ” ရဲ့ အုပ်ရှောင် အနက် ကမှတ်သားစရာပါ။

Ko Paw said...

ပီတာကျော်.... အုပ်ရှောင်ကြီးအနေနဲ့ လူလောကကြီးကပါ ရှောင်ခွာထွက်သွားရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။

ပန်ဒိုရာ..... နာမည်တွေများနေပြီ။ လီယိုနာဒို ဒါကိုပေါ ဆိုတာလည်း ရှိသေးတယ်ဗျ။

ကေကေ.... မောနင်း။ (အသံတူအောင်သာ ပြန်နှုတ်ဆက်ရတယ်။ အခုက ညရောက်နေပြီ...ဟိ)

မုန်းစရာ..... မိဘမျိုးရိုးကအစ ဇရှိတယ်ဆိုရင်လည်း ဆရာဖေရဲ့ စာထဲကလို....တွေးမိတိုင်းအရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး....ပေါ့ဗျာ။

ကမောင်ရင်..... မှန်တာပေါ့ခင်ဗျာ။ ကိုကို အဖြစ် နေအောင်။ ခင်ဦး အဖြစ် ခင်သီတာထွန်း။ ညီညီအဖြစ် လွှမ်းမိုး။ စိုးပိုင်အဖြစ် ခင်စိုးပိုင် သရုပ်ဆောင်ကြတယ်။ အဲဒီကားမှာ နေအောင်၊ ခင်သီတာထွန်း၊ ခင်စိုးပိုင်တို့ အကယ်ဒမီရကြပြီး လွှမ်းမိုးလေး ကျန်ခဲ့တာ စိတ်မကောင်းစရာ။ သူလည်း အဲသည်ကားမှာ သရုပ်ဆောင်တာ အရမ်းကောင်းတယ်။

s0wha1 said...

ဝတ္ထုတော့ ဖတ်ဖူးတယ်။ ရုပ်ရှင်တော့ ကြည့်ဖူးဘူး။

ဒါနဲ့ ညီမကတော့ စိတ်ဝေဒနာ ကောင်းတဲ့သူလို့ မထင်မိဘူး။ ဒါမှမဟုတ် ယောက်ျားလျာ တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ဟီဟီ... ဦးစံရှား ဖတ်တာများသွားပြီ။:D

Ko Paw said...

ဆိုးဝှပ်..... ဗျိုး...ကိုသိန်းမောင်ရေ..... အဲသည်နေ့က ဗီရိုထဲက အဖိုးတန်အ၀တ်အစားတွေကို ဘာတခုမှ ယူမသွားပဲ စားပွဲပေါ်မှာ အလွယ်တွေ့တဲ့ စပါဂက်တီကိုပဲ ခိုးစားသွားပုံထောက်ရင် အဲသည်သူခိုးဟာ အီတလီစာအလွန်အမင်းကြိုက်သူ သင်္ဘောသားဟောင်းတယောက်ပဲ ဖြစ်ရမယ်။

s0wha1 said...

ကိုပေါရေ... မိန်းမစိတ်ပေါက်နေတဲ့ ယောက်ျားဆိုတော့ မိန်းမလျာလို့ ရေးရမှာနော်... မှားသွားလို့ ပြန်လာပြင်တာ။ ကိုပေါကွန်မန့်မြင်တော့ ဟီဟီပဲ ထပ်ရယ်ပြတော့မယ်။ :P

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs