“ကိုပေါ အလိမ်ခံရခြင်း”

Share |
“အလိမ်ခံရခြင်း” ဆိုလို့ မဒမ်ပေါက ဗိုက်ခေါက်လိမ်ဆွဲတတ်သလားလို့ ပေါက်ကရ လျှောက်မမေးနဲ့နော်။ မဒမ်က ကျနော့်ကို ဘယ်တော့မှ ဗိုက်ခေါက်မလိမ်ဘူး။ ဘယ်လိမ်ပါ့မလဲ..... ကျနော့်ဗိုက်ခေါက်က လိမ်လို့ရတဲ့အဆင့်ကို ကျော်သွားပြီ။

လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က လူလိမ်ခံခဲ့ရပုံကို ရေးပြမလို့ပါ။

မောင်ကျော်သာ...
ပေါ်မလာ ဆရာပျောက်လို့
စိတ်ကောက်နေလား။

ကျောင်းအပိတ်
မြောင်းထိပ်မှာ ကိုယ်ထိုင်လို့
တဆိုင်စာ ဖရဲအပေါင်းကို
ရောင်းဝယ်လို့စား။


သူငယ်ချင်းတယောက်ဆီကို ထိုစဉ်တုန်းက ကျနော်ရေးပို့ခဲ့ဖူးတဲ့ ကဗျာအတိုင်းပါဘဲ။

ကျနော်တို့ ပထမနှစ် တက်နေတုန်းမှာဘဲ ကျေးဇူးရှင် နအဖ အစိုးရက ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်လိုက်ပြန်တဲ့အတွက်..... ဆယ်တန်းတုန်းက ကျူရှင်အတူတက်ဖော် သူငယ်ချင်းများက ဖရဲသီးဆိုင်ဖွင့်လှစ်ရောင်းဖို့ လာခေါ်တဲ့အခါ တောင်ဥက္ကလာ မြင်သာဘုရားနားက ဈေးကလေးနဲ့ မလှမ်းမကမ်းမှာ လမ်းဘေး ကနဖျင်းလေးဆောက်ပြီး ခရမ်းသုံးခွ ဖက်က ဖရဲသီးတွေကို ရောင်းချခဲ့ပါတယ်။

ရပ်ကွက်ထဲမှာ ဗန်းကလေးနဲ့ လှည့်ရောင်းတဲ့ ကောင်မလေးတွေကို ဗန်းစိတ်ကလေးတွေ စိတ်ပေးပြီး လှည့်ရောင်းခိုင်း။ သူတို့ ပြန်လာတော့ သူတို့အတွက် အမြတ်ချန်ပြီး ကျနော်တို့က အရင်းကို ပြန်ယူရတာပေါ့။ ဖရဲသီးတလုံး ၁၅ ကျပ်လောက်ဆိုရင် တစ်ကျပ်တန် အစိတ်ကလေးတွေ အစိတ် ၂၀၊ ၂၅ စိတ် စိတ်လို့ရတာမျိုးဆိုတော့ သူတို့လည်း တခေါက်လည်ရောင်းလိုက်ရင် ငါးကျပ် တဆယ် အမြတ်ကျန်တာပေါ့ဗျာ။

ဆိုင်စဖွင့်တဲ့နေ့ကဆိုရင်...၀ယ်သူကလည်း မလာ၊ အဲသည် ဗန်းစိတ်နဲ့ လက်လီရောင်းတဲ့ကောင်မလေးတွေနဲ့ကလည်း မချိတ်ဆက်မိသေးဆိုတော့ ကျနော့်ဘာသာ လင်ပန်းထဲမှာ ဖရဲသီးစိတ်တွေ စိတ်ထည့်ပြီး တောင်ဥက္ကလာ ရပ်ကွက်တွေက လမ်းတွေထဲမှာ လျှောက်ပြီး ဖရဲသီးစိတ်အော်ရောင်းဘူးတယ်။

မဆိုးဘူးဗျ။ သိပ်ကြာကြာမလျှောက်လိုက်ရဘူး။ ခဏလေးနဲ့ တဗန်းကုန်တာဘဲ။ မှတ်မှတ်ရရ အပျိုကြီးတွေ (အပျိုကြီးတွေလို့ ထင်ရတာဘဲ)၊ ကောင်မလေးတွေ ဆယ်ယောက်လောက် စကားစုပြောနေတဲ့ အိမ်တအိမ်မှာ တ၀က်လောက် ရောင်းလိုက်ရတာကို သတိရမိတယ်။ အပျိုကြီးတွေကလည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ဖရဲသီးသည်လေးဟာ တက္ကသိုလ်ကျောင်းသားအရွယ်၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့် (ကိုယ့်ဟာကိုယ်ထင်တာပါ) ကောင်လေးတယောက် လာရောင်းတယ်ဆိုတော့ စိတ်ဝင်တစား၊ အနှောင့်အသွားမလွတ် စကားလေးတွေနဲ့ စပြီးနောက်ပြီး အားပေးတာပေါ့ဗျာ။

နောက်ပိုင်းတော့ လက်လီရောင်းပေးမယ့် ကောင်မလေးတွေ ပေါ်လာတော့ ကျနော် ခြေညောင်းသက်သာသွားပါတယ်။ ၂ ရက် ၃ ရက်လောက်နေတော့ ဆိုင်မှာ ဖရဲသီး အလုံးလိုက် ၀ယ်ယူအားပေးတဲ့ လူအရေအတွက် တစတစ များလာပါတယ်။ ဆိုင်မှာ ကျနော်နဲ့အတူ အခြားသူငယ်ချင်းတယောက် အမြဲလိုလိုရှိတတ်ပါတယ်။ ကျနော်တို့က အင်းစိန်ဈေးရှေ့မှာလည်း ဆိုင်ခွဲတခု ဖွင့်ထားသေးတော့ သူငယ်ချင်းတွေ နှစ်ဆိုင်မျှပြီး ထိုင်ကြရတယ်။

အဲသလိုနဲ့ ဖရဲသီးတွေ ရောင်းချလာလိုက်တာ တရက်မှာ ကျနော့်သူငယ်ချင်းအပြင်ကို ခဏသွားတဲ့အတွက် ကျနော်တယောက်တည်းဆိုင်မှာ ကျန်ရစ်ခဲ့ပါတယ်။

ခဏနေတော့ ဖရဲသီးဝယ်သူတွေ ရောက်လာပါတယ်။ အမျိုးသမီး ၆ ယောက်လောက် ရှိမယ်။ တယောက်က ဖရဲသီးတလုံးကို ရွေးခိုင်းပြီး သူစိတ်ကြိုက်တွေ့တော့ တလုံး ၀ယ်တယ်။ ဖရဲသီးတန်ဘိုး ၂၀ လောက်ပဲ ကျတာမှာ ပိုက်ဆံ နှစ်ရာတန် အရွက်ကြီး ထုတ်ပေးတယ်။ ကျန်တဲ့ မိန်းမ ၅ ယောက်က ရွေးနေကြတုန်း။ ကျနော်လည်း နှစ်ရာတန်ကို ယူပြီး ပိုတဲ့ငွေကို ပြန်အမ်းပေးလိုက်တယ်။

ဖရဲသီးရွေးနေတဲ့ မိန်းမတွေကလည်း တယောက်တပေါက်နဲ့.... “အကိုကြီး၊ ဒီဖရဲသီးဆိုရင် ဘယ်ဈေးလဲ” “မောင်လေး၊ ဒီဘက်က အလုံးတွေကရော ဘယ်လောက်လဲ” စသဖြင့် အော်မေးနေကြတယ်။

အဲသည်အချိန်မှာ ခုနက ဖရဲသီးဝယ်တဲ့မိန်းမက ကျနော်အမ်းတဲ့ ငွေစက္ကူတွေထဲက တရွက်ကို နည်းနည်း စုတ်နေတယ်ဆိုပြီး ပြန်လဲခိုင်းတယ်။ ကျနော် လဲပေးမလို့ ပိုက်ဆံကို ရှာနေတုန်းမှာ....
နေတော့ နေတော့။ ကျမကို နှစ်ရာတန်ပြန်ပေး။ ကျမမှာ ပိုက်ဆံပြည့်လောက်မယ်ထင်တာပဲ။ အရွက်အသေးပဲ ပေးတော့မယ်” လို့ဆိုလာတယ်။

အဲဒါနဲ့ ကျနော်လည်း သူ့ပိုက်ဆံ ၂၀၀ တန်ကို ပြန်ပေးပြီး သူ့ဆီက ဖရဲသီးဖိုးကို စောင့်တယ်။ အဲသည်အချိန်မှာ ဟို ဖရဲသီးရွေးတဲ့ မိန်းမတွေကလည်း ရွေးလို့ မေးလို့ မပြီးနိုင်ဘူး။ သူတို့ကို လှမ်းလှမ်းဖြေရသေးတယ်။

ခဏနေတော့ ပိုက်ဆံရှာနေတဲ့မိန်းမက “ဟာ...ကျမမှာ ပိုက်ဆံမပြည့်ဘူး၊ ၂၀၀ တန်ပဲ ယူတော့။ ပြန်အမ်းပါဦး” ဆိုတော့ ကျနော့်မှာ အမ်းရပြန်ရော။ ဟော...အမ်းပြီးရုံပဲ ရှိသေးတယ်။ ကျနော်အမ်းပေးတဲ့ ငွေစက္ကူတွေထဲမှာ တရွက်က စုတ်နေပြန်သတဲ့။ ထပ်လဲခိုင်းပြန်တယ်။ ကျနော်လည်း ပိုက်ဆံကို ကြည့်လိုက်တော့ ဟုတ်တယ်၊ အနားသတ်မှာ အတော်လေး စုတ်နေတယ်။ အဲဒါနဲ့ ပိုက်ဆံလဲဘို့ လုပ်ရပြန်တယ်။ အဲသည်အချိန်မှာ ဟို ၀ယ်သူ မိန်းမ ငါးယောက်က တယောက်တပေါက် ဈေးဆစ်နေတာကိုလည်း လှမ်းဖြေရသေးတယ်။

အဲသည်လို ပိုက်ဆံအလဲအလှယ် သုံးကြိမ်လောက် ရှုံ့ချီနှပ်ချီ လုပ်ပြီးတော့မှ မယ်မင်းကြီးမက စိတ်တိုင်းကျပြီး ထွက်သွားတော့တယ်။

ဒီတော့မှ ကျနော်လည်း ဟို ဖရဲသီးရွေးနေတဲ့ မိန်းမငါးယောက်ဆီကို အပြည့်အ၀ အာရုံစိုက်နိုင်တော့တယ်။ သူတို့လည်း ဟိုမေးဒီမေးနဲ့ တကယ်တမ်းကျတော့ မ၀ယ်ဖြစ်ပါဘူး။ သုံးမိနစ်လောက်နေတော့ ဆိုင်ထဲက ထွက်သွားတယ်။

သူတို့ထွက်သွားတာနဲ့ တပြိုင်နက် ကျနော့်စိတ်ထဲမှာ တခုခုမှားယွင်းနေသလို ခံစားရပြီး ကျနော့်အိတ်ထဲက ပိုက်ဆံကို အမြန် ပြန်ရေတွက်ကြည့်လိုက်တော့ လား...လား.....ငွေလေးရာလောက် လျော့နေပြီ။

ကျနော် နားလည်သွားပြီ။ ဟို....ဖရဲသီးဝယ်တဲ့ မိန်းမက ကျနော် ငွေပြန်အမ်းလိုက်တိုင်း ပိုက်ဆံတွေထဲက တရွက်ကို အသာဆုတ်ဖြဲပြီး ပြန်လဲခိုင်းတာကိုး။ ဒါကြောင့် ကျနော့်မှာ အမ်းမလောက်ဖြစ်နေတာ။ ပြီးတော့ ငွေစက္ကူအရွက်အသေးပဲ ပေးတော့မယ်ဆိုပြီး ၂၀၀ တန်ကို ပြန်တောင်းတယ်။ နှစ်ရာတန်ကို ပြန်ပေးလိုက်ပေမယ့် အဲသည်အချိန်မှာ ကျနော်အမ်းထားတဲ့အထဲက (သူဆုတ်ဖြဲထားတဲ့ ငွေစက္ကူကလွဲလို့) ကျန်တဲ့ ပိုက်ဆံတွေကို ကျနော့်ကို ပြန်မပေးဘူး။ ကျနော်ကလည်း ဟိုဖရဲသီးရွေးနေတဲ့ မိန်းမတွေကို လှမ်းဖြေရင်းနဲ့ စိတ်မအားတော့ အဲသည်အချက်ကို သတိမထားလိုက်မိဘူး။

အဲသည်နည်းနဲ့ သုံးကြိမ်လောက် ကစားပြလိုက်တော့ နောက်ဆုံး ကျနော့်အိတ်ထဲက ငွေ ၄၀၀ လောက် ထွက်သွားလေသတည်းပေါ့လေ။

ကျနော့်ဆီက ငွေလိမ်သွားတာကို သိလိုက်တာနဲ့ ချက်ချင်းဆိုသလို ဘေးက ခင်နေတဲ့ ဆိုင်နီးချင်းဆီမှာ ဆိုင်ကို ခဏအပ်ပြီး အဲသည် ငွေလိမ်တဲ့ မိန်းမနောက်ကို အပြေးလိုက်သွားခဲ့တယ်။ ဈေးထိပ်လမ်းဆုံနားရောက်ကာနီးတော့ ဟိုမိန်းမ ငါးယောက်ကို မီလာတယ်။ (ဟိုမိန်းမနဲ့ သူတို့ငါးယောက်ဟာ တကျိတ်တည်း တဉာဏ်တည်းမှန်း အဲဒီ အချိန်ထိ လူအ ကြီး ကျနော်က သဘောမပေါက်သေးဘူး)။ သူတို့ကို ကျနော်က မေးတယ်။ “အစ်မတို့.....ကျနော့်ဆီမှာ ခုနက ဖရဲသီးဝယ်တဲ့ မိန်းမကို မြင်လိုက်မိသလား” ပေါ့။

သူတို့က...“မြင်တယ်။ မြင်တယ်။ အခုဘဲ အဲဒီ မြင်သာဈေးထဲ ၀င်သွားတာတွေ့လိုက်တယ်” ဆိုတော့ ကျနော်လည်း မြင်သာဈေးထဲ အပြေးလိုက်တာပေါ့ဗျာ။ အရိပ်အယောင်တောင် မတွေ့ရတော့ဘူးခင်ဗျ။

ဘယ်တွေ့မလဲ.... ငနဲမတွေက တမင် လမ်းလွှဲပြီးပြောလိုက်တာကိုး။ ဟိုမိန်းမက တကယ်တော့ မြင်သာဈေးဖက်မသွားဘဲ တဖက်က နံပါတ် ၃၇ ကားဂိတ်မှာသွားပြီး ကားစီးပြီးလစ်တာ ဖြစ်မယ်ခင်ဗျ။ ကျနော် ကိုပေါ အကောင်းစားကလေးမှာသာ “ယုန်တောင်ပြေး သူဌေးမြောက်လိုက်” ဆိုတာလို ဖြစ်နေတော့တာပေါ့ခင်ဗျာ။

အင်း....အဲသည်မိန်းမတွေကတော့ ကျနော့်ဖြစ်ပုံကို အူနှိပ်ပြီး ရယ်နေကြမှာ သေချာတယ်။ အံမယ်လေး....အခုမှ ပြန်တွေးပြီးတော့ ရှက်လိုက်တာနော်။

အဲ..အဲ....အဲသည် မိန်းမပဲဖြစ်မယ်။ ကျနော်တို့ နောက်ဆုံးနှစ် ရန်ကုန်တက္ကသိုလ်စိန်ရတုပွဲမှာ စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ရန်ပုံငွေ ဘူးသီးကြော်ရောင်းတော့ ဆိုင်မှာ ပိုက်ဆံသိမ်းတဲ့ ကျောင်းသူတယောက်ဆီမှာ အဲဒီနည်းအတိုင်းပဲ လာလိမ်သွားတယ်။ အဲဒီအကြောင်းကို ညဘက်ဆိုင်အသိမ်းမှာ ကျနော်သိရတော့ ကျနော်ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အားလုံးကို ပြောပြပြီး နောက်တနေ့ ကောင်တာထိုင်မယ့် သူတွေအားလုံးကို ကြိုတင်သတိပေးထားရတယ်။

နောက်တရက်မှာ အဲဒီ မယ်မင်းကြီးမပေါ်လာပြီး ပိုက်ဆံသိမ်းတဲ့ နောက်ထပ်ကျောင်းသူတယောက်ဆီမှာ အဲဒီအချိုးချိုးဖို့ ကြံသေးတယ်။ ဒါပေမယ့် အရင်နေ့က အလိမ်ခံလိုက်ရတဲ့ ကျောင်းသူက ဆိုင်ထဲမှာ အလုပ်လုပ်နေရင်း သူ့ကို လှမ်းမြင်လိုက်တဲ့အတွက် ကျနော်တို့ကို အကြောင်းကြားလို့ အဲသည်မိန်းမလည်း အခြေအနေမဟန်ဘဲ လစ်ပြေးဖို့ ကြံတယ်။ ကျနော်တို့မှာလည်း လက်ဆုပ်လက်ကိုင် သက်သေပြစရာမရှိတဲ့အတွက် “နောက်တခါ ဒီလိုလုပ်ဖို့ ကြိုးစားရင် ဖမ်းပြီး ရဲလက်အပ်ရမယ်ဆိုတဲ့အကြောင်း” ပြောပြီး လွှတ်ပေးလိုက်ရပါတယ်။

အဲဒါကတော့ ကျနော်တက္ကသိုလ်ကျောင်းသားဘ၀က မအူမလည်နဲ့ လူလိမ်ခံခဲ့ရပုံပါဗျိုး။

24 comments:

:P said...

ယုန်တောင်ပြေး သူဌေးမြောက်လိုက် တဲ့ ..ဟီဟိ..

Anonymous said...

အမတို့အထည်ဆိုင်မှာလဲ အဲလိုလူလိမ်တွေ သူခိုးတွေ လာဖူးတယ်။ အများကြီး ရောက်လာ ဟိုဟာကိုင်ကြည့် ဒီဟာကိုင်ကြည့် ဈေးမေး ပြခိုင်း ပတ်ချာလည်အောင် လုပ်ပြီး ဘာမှမ၀ယ်ပဲ ပြန်သွား။ ဒါဆို ပါပြီသာမှတ်။ တယောက်တည်းရှိနေတုန်း လူများရင် သူတို့ကို တယောက်ချင်းပဲ ပြမယ် ဆိုပြီး ခပ်တည်တည် ပြောရတယ်။ အဲဒါ ဈေးသည်တိုင်း ဆိုင်တိုင်း ခံဖူးကြတာပါ ကိုပေါရေ..
ခင်မင်းဇော်

s0wha1 said...

ဩော်... လိမ်စားပုံတွေကတော့ စုံနေပါ့လား။ နောက်မှ အဖွားတို့တုန်းက အလိမ်ခံရပုံတွေ ရေးဦးမယ်။

မေငြိမ်း said...

အရေးအခင်းပြီးကျောင်းအပိတ်မှာ ပထမနှစ်ဆိုတော့ ကိုပေါက ငယ်ငယ်လေးပေါ့..။ ကျမက ကျမနဲ့ ရွယ်တူလောက်မှတ်တာ... ဟီဟိ.. ချောဒီးးး

Anonymous said...

အဟင့်.. အရေးအခင်းမှာ သားသားကိုမွေးတောင်မွေးတေးဝူး... :(

ကိုပေါ said...

ဆင်ဒဏ်လား.... သူဌေးကယ်ပေလို့။

မခင်မင်းဇော်.... အခုကျနော်နေတဲ့အိမ်နားက မြန်မာလူမျိုးရောင်းတဲ့ စတိုးဆိုင်မှာလဲ မခင်မင်းဇော်ပြောသလိုပဲ... တအုပ်ကြီးလာပြီး အလစ်သုတ်သွားတာကို ခံကြရလေ့ရှိသတဲ့။

ဆိုးဝှပ်..... “အဖွားတို့တုန်းက” လို့ပြောတာကို ရုတ်တရက် ကိုယ့်ကိုယ်ကို နာမ်စားသုံးလိုက်တာ အောက်မေ့လို့ ရုတ်တရက် ရီချင်သွားမိသေးတယ်။း-)

ဆရာမမေငြိမ်း..... တိန်....။ ရဘာဒယ်...ရဘာဒယ်။ တကယ်တော့ ကျနော်က ကဖိုးဇေထက် တနှစ်ပဲ ကြီးတာခင်ဗျ။ ၈၈ မှာ သူက ဆယ်တန်း။ ကျနော်က ဆယ်တန်းအောင်ပြီးသား။ အရေးအခင်းပြီးတော့ ကျောင်းတွေ သုံးနှစ်တိတိပိတ်တယ်။ ကျနော်က ဆယ်တန်းအောင် ယောင်ခြောက်ဆယ်ပေါ့။ အဲသည်နောက် ကျောင်းတွေဖွင့်တော့ ကျနော် ၀ိုင်အိုင်တီ တက်ရတယ်။ အဲသည်မှာ တက်နေတုန်း ဗြုန်းဆို နောက်တခါ ထပ်ပိတ်သွားပြန်တယ်။ အဲသည်မှာ ကောင်းရောင်းကောင်းဝယ် ဖရဲသီးသည် ဖြစ်ရတာပေါ့။

ခရေတန်း..... (အသံထွက်မှားရင် သည်းခံပါ။) အရေးအခင်းမှာ မွေးတေးဝူးဆိုတော့ တို့က ဦးဦးအရွယ်ပေါ့ကွယ်။

Unknown said...

လိမ်ချင်တဲ့လူတွေဟာ အမျိုးမျိုးလိမ်နေကြတာပဲ
ကိုပေါ ခံခဲ့ရတဲ့ လိမ်နည်းမျိုးလည်းပါတယ်

နောက် အခုတစ်နည်းက
ဆိုင်ထဲကို ဘယ်က ကလေးမှန်းမသိခေါ်လာ ပစ္စည်းတွေထဲ့ ပြီးမှ ပိုက်ဆံ မလောက်လို့ ပြန်ယူဦးမယ် ကလေး ခဏထားခဲ့မယ် ဆိုပြီး လိမ်တာကတနည်း (ကလေးက သူတို့လူ ဖြစ်ချင်လည်းဖြစ်မယ်၊ မုန့်ဖိုးပေးမယ် ခဏလိုက်ခဲ့ ဆိုပြီး ခေါ်လာတာလည်းရှိတယ်)

အစ်မ ခင်မင်းဇော် ပြောသလိုပဲ ဈေးသည်တိုင်း ဆိုင်တိုင်း ခံဖူးကြတာပါ အထူးသဖြင့် ဆိုင်သစ်တွေပေါ့

အစစအရာရာ ရှားပါးလာတော့ သမုဒ္ဒယာ ဝမ်းတထွာ အတွက် လုပ်မိလုပ်ရာ လုပ်လာကြတော့တာပေါ့

နောက်ထပ်လိမ်ပုံလိမ်နည်းတွေ ရှိသေးတယ် ကိုပေါရေ :)

Anonymous said...

မှတ်သားဖွယ်တွေပါပဲ

Ko Myo (SG) said...

Thank for sharing your story.

I also had this kind of experience exactly when I was helping at my mother's shop. The cheater used the same technique and forced me to return the change 2 times. At that time, I was so naive that I understood to be cheated after a while. This same female cheater dared to come back the following day and tried to cheat me again. But, it was quite difficult to prove that she had been wrongdoing and I only got to be more careful on my side.



Rgds,

Ko Myo (SG)

ZT said...

ကိုပေါတစ်ယောက် မာယာဒေဝီတွေရဲ့ အလှမှာ ယစ်မူးသွားလို့ ဖြစ်မှာပေါ့။ ဟီးဟီး။ စတာ။

Anonymous said...

မှတ်သားသွားပါတယ်...
ကိုပေါရဲ့ဖရဲသီးစိတ်ရောင်းနေပုံမြင်ယောင်
ပြီးရယ်ချင်သွားပါသည်...

လင်းလက်ကြယ်စင် said...

ကိုပေါရေ အလိမ်ခံရတဲ့ အရသာကြီးက အရမ်းဆိုးရွားပါတယ်။ ကျွန်မဘ၀မှာ တစ်ကြိမ်ပဲ အလိမ်ခံရပြီး တစ်ခါတည်းနဲ့ မှတ်သွားတယ်။ ကျွန်မ အလိမ်ခံရတာက မင်္ဂလာပွဲနှင့်ပတ်သတ်ဆိုတော့ ခါးသီးမှုက ပိုမိုပြင်းရှပါတယ်။ အသေးစိပ်ကို ပို့စ်တစ်ခု ရေးပါဦးမယ်။ ဝေမျှပေးတာအတွက် ကျေးဇူး ကိုပေါ။ ပိုက်ဆံတွေနှင့်ပတ်သတ် သတိထား ၊ သင်ခန်းစာ ယူစရာတစ်ခုပေါ့။

Thinzar said...

သတိထားစရာလေးတစ်ခု ရလိုက်ပါတယ်။ နည်းအမျိုးမျိုးနဲ့ကို လိမ်နေကြပါလားနော်။ လူလိမ်တွေလည်း ဥာဏ်လည်း တော်တော်ကောင်းကြတယ်ကော :D ဥာဏ်နီဥာဏ်နက်တွေပေါ့။

Anonymous said...

ကိုပေါ

ဟိုတုန်းက ကိုပေါအားနဲ့မာန်နဲ့ပြောပြနေပုံတွေးမိပြီး ပြုံးမိရပြန်တာပေါ့။

စိန်ရတု ဘူးသီးကြော်အကြောင်းရေးမယ်ဆိုလို့ ဖတ်ဖို့စောင့်နေတယ်။

TTL

ကိုပေါ said...

dwbh..... ဟုတ်တယ်ဗျိုး။ ကျနော် အင်တာနက်ပေါ်မှာ လိမ်နည်းတွေကို တခါက လိုက်ရှာကြည့်မိတော့ ဒီ့ထက်ဆိုးတဲ့ လိမ်နည်းတွေ တွေ့ရသေးတယ်။ နောက်မှ အကြောင်းသင့်တဲ့အခါ အဲဒီ လိမ်နည်းတွေအကြောင်း ရေးရဦးမယ်။

mama.... ကွန်မင့်အတွက် ကျေးဇူးပါ။

ကိုမျိုး(အက်စ်ဂျီ).... ဒါဆိုရင်တော့ ဒီနည်းက အတော်ရေပန်းစားတဲ့ နည်းဖြစ်ရမယ်။ ကျနော်တော့ အရွယ်ရောက်တဲ့အထိ အဲဒီအကြောင်း မသိလိုက်တော့ ခံလိုက်ရလေတယ်။

လွိုင်လဲင်းမ်...... မောင်လေးတော်တယ်။ ဒီအချက်ကို ဘယ်သူမှ မစဉ်းစားမိကြဘူး။ နောက်တာပါဗျာ။ အဲဒီ မာယာဒေ၀ီခြောက်ပါးက ပါမလုံ....ပုံမလာပါဘူး။

ကေကေ.... မရယ်နဲ့ ကေကေ။ အဲသည် မြင်သာထိပ်မှာ ကျနော်ဖရဲသီးရောင်းနေတာကို ရုပ်ရှင်ရိုက်နေတာမှတ်လို့ လာကြည့်သူမရှား.... လို့ ပြောရင်ယုံမှာလားဟင်။

မလင်းလက်.... အဲသည်လို လိမ်နည်းတွေကို တတ်နိုင်သမျှ ဖော်ထုတ်ပေးရင်တော့ ဖတ်မိတဲ့လူ သတိထားနိုင်တာပေါ့နော်။

သဉ္ဇာ...... ဒီထက်ရှုပ်ထွေးတဲ့ လိမ်နည်းတွေလည်း ရှိသေးသတဲ့။

တီတီအယ်လ်.... လာမယ်ကြာမယ်လေ။ ဆရာမ ဒေါ်ရိုသီ ဆီမှာ တိုင်ကပ်နာရီကြီး တနာရီကို တချက်မြည်တဲ့အကြောင်း ပြောတာနဲ့ စရမယ်။း-)

တန်ခူး said...

ကိုပေါ… အိုး… ကျွန်မတို့  ရပ်ကွက်နဲ့ နီးနီးလေး… ပြောလို့ မရဘူးနော်… ကျွန်မတောင် ၀ယ်စားရင် စားဖူးမှာ…
ကိုပေါက ဈေးရောင်းသူ အနေနဲ့ ခံရတာ… ကျွန်မက ဈေးဝယ်သူ အနေနဲ့ ခံရတာ…
ရပ်ကွက်ထဲ လှည့်ရောင်းတဲ့ နှင်းဆီပင်တွေ လှလွန်းလို့ ဆို ၀ယ်လိုက်တာ တကယ်တမ်း အမြစ်မပါတဲ့ နှင်းဆီပန်းသက်သက်တွေ…

ကိုပေါ said...

တန်ခူး..... စားဖူးလောက်တယ်။ အဲဒီ ကျနော်တို့ဆိုင်နဲ့ ကပ်လျက်မှာ ဖွင့်ထားတဲ့ ရခိုင်အမျိုးသမီးကြီးတယောက်ရဲ့ မုန့်တီဆိုင်ဟာ အင်မတန်နာမည်ကြီးတယ်။ ကျနော်တို့လည်း သူ့သားတွေနဲ့ပါ ရင်းနှီးသွားတယ်။

ATN said...

ကိုပေါ...
ရိုးရိုးသားသား သမ္မာအာဇီဝ ...
လုပ်ကိုင်စားသောက်ခဲ့တာ ဂုဏ်ယူစရာပါဗျာ...
မသမ္မာသူတွေကသာ...
ယုတ်မာတဲ့ အလုပ်တွေ လုပ်ကြတာ...

ကျနော်ကိုယ်တိုင်လည်း... ဘွဲ့ရအပြီးမှာ...
အမှတ် (၃၁) အမြန်ယာဉ်လိုင်းမှာ... ကားစပယ်ယာ လုပ်ခဲ့ဖူးသေးတာပေါ့... ၁၉၈၈ ထိ...

ဆယ်ရပ်ကွက်ဈေးကနေ... မနက်တိုင်း... ကားတက်စီးတတ်တဲ့... ကျနော်... မှတ်မိနေတဲ့... ခပ်ချောချော လူငယ် တယောက်က...
ကိုပေါ ဖြစ်မယ်ထင်တယ်...း)

BTW ... ကျနော်နဲ့ ရွယ်တူလောက်ထင်နေတာ...
ခုတော့ ၈ နှစ်လောက် ငယ်မယ် ထင်တယ်...

ကိုပေါ said...

ကိုအောင်သာငယ်... ဟုတ်တယ်ဗျိုး။....သမ္မာအာဇီဝပဲ လုပ်ခဲ့လို့ ကျနော်အခု ကိုအောင်သာငယ်တို့နဲ့ တဖက်တည်းက သူပုန်ဘလော့ဂါ ဖြစ်နေတာပေါ့ဗျာ။ နို့မဟုတ်ရင် ရုရှားက ဘလော့ဂါသော်လည်းကောင်း၊ မြန်မာပြည်မှာ ကြီးကြီးမာစတာ တယောက်သော်လည်းကောင်း၊ သို့တည်းမဟုတ် အောက်စဖို့ဒ်မှာ သားမွေးအင်္ကျီဝတ်ပြီး (ဘဲဘဲနဲ့အတူ) အီတလီစာ စပါဂက်တီ လုပ်စားနေမှာ.... အဲဒီသုံးခုထဲက တခုခုဖြစ်ဖို့ ကျိန်းသေတယ်ဗျ...

Moe Cho Thinn said...

လူတွေလဲ လိမ်နည်းပေါင်းစုံ သူတို့ပဲ သိ သိနိုင်လွန်းတယ်နော်။
အင်းစိန်မှာလဲ ဆိုင်ခွဲဖွင့်ထားတယ်ဆိုပါလား။ တလှည့်စီ ထိုင်ဖူးတယ် ဆိုပဲ။ ချိုသင်းတောင် စားဖူးမလားမသိ။ ဖရဲသီးဆိုရင် သိပ်ကြိုက်လို့။ ဒါပေမဲ့ အဲဒီဆိုင်က လူကြီးကတော့ ချောဘူးတော့..။ :D

ကိုပေါ said...

မချိုသင်း.... ချောတဲ့လူတွေ တောင်ဥက္ကလာ၊ ရုပ်ဆိုးတဲ့လူတွေ အင်းစိန် ပို့လိုက်တာလေ။ ရောင်းသူဝယ်သူ အသံတူရုံမက... ရုပ်ပါတူအောင်လို့... ဟီးဟီး.... မဒမ်ပေါလည်း အဲဒီအချိန်က အင်းစိန်ဈေး၊ မီးသတ်ရှေ့နားမှာ နေခဲ့တာတဲ့။

Anonymous said...

ကျွန်တော်ခင်ဗျားတို့ရဲ့အလိမ်ခံရပုံတွေအထူးသဖြင့်မလင်းလက်ကြယ်စင်အလိမ်ခံရပုံတွေဖတ်ရပြီး၊ကျွန်တော့်ဘ၀တစ်လျှောက်လိမ်လည်လှည့်ဖျားတဲ့လူတွေနဲ့ချည်းတွေ့ကြုံဆုံဆည်းနေရပြီး၊အဲဒါတွေကြောင့်လည်းထိခိုက်နစ်နာခဲ့ပေါင်းများလှတဲ့ကိုယ့်ဘ၀အတွက်ရင်နာမိတယ်ဗျာ၊စေတနာကောင်းတတ်လွန်တဲ့ကျောင်းဆရာတစ်ယောက်ရဲ့ဘ၀ပေါ့ဗျာ၊ရှေးကံလည်းပါမယ်ထင်ပါတယ်။မလင်းလက်ကြယ်စင်အလိမ်ခံရတဲ့ပုံစံမျိုး2008ထဲမှာနှစ်ကြိမ်ခံရတယ်ဗျာ။ဒါပေမယ့်အဲဒီလူတွေအားလုံးကျွန်တော့်ကိုရည်ရွယ်ချက်ရှိရှိနဲ့လိမ်လည်အသုံးချဘို့နှစ်နဲ့ချီပြီးပေါင်းသင်းဆက်ဆံလာခဲ့တာပါဗျာ။ဥပမာတစ်ခုလောက်ပြောချင်ပါတယ်ဗျာ၊ရန်ကုန်ကနိုင်ငံရေးပြသနာတစ်ခုကြောင့်ထွက်ပြေးလာတဲ့ကျောင်းဆရာလို့ပြောတဲ့ဂျပန်စကားပြောတတ်တဲ့လင်မယားတစ်တွဲ(အမျိုးသားကနဖူးမှာမှည့်သီးရှိပြီး၊အမျိုးသမီးကတရုတ်မ)ကိုကျောင်းဆရာချင်းကိုယ်ချင်းစာနာလို့ကိုယ်ဖိရင်ဖိကူညီဖူးတယ်ဗျာ၊နောက်ဆုံးတော့ကျွန်တော့်နဲ့ပါတ်ဝန်းကျင်မှာရှိတဲ့သူတွေအားလုံးကိုသူတို့ကိုယ်ကျိုးအတွက်ကောင်းကောင်းအသုံးချသွားတယ်ဗျာ၊နောက်မှသိရတာကရန်ကုန်ကလိမ်လည်မှုနဲ့ထောင်ကျပြီးထွက်ပြေးလာတဲ့သူတွေလို့သိရတယ်၊အဲဒါထက်ဆိုးတာကသူ့ဘ၀တိုးတက်ရေးအတွက်အစဉ်အမြဲအကူအညီပေးနေခဲ့ရတဲ့တတ်သိလိမ်မာဘို့ကိုယ်အမြဲသွန်သင်နေခဲ့ရတဲ့တပည့်မလေးကသူ့ရဲ့မဖျောက်နိုင်တဲ့မျိုးရိုးဗီဇအရသူနေရာတစ်ခုရတော့ငြမ်းဖြစ်တဲ့ကျွန်တော့်ကိုဖျက်ဘို့လုပ်တော့တာပါဘဲဗျာ၊ကျွန်တော့်မှာဒီတပည့်လေးဘ၀ဖြစ်ဖြစ်မြောက်မြောက်ရှိဘို့အတွက်ပေးလိုက်ရတဲ့အရာတွေမနည်းမှမနည်းဘဲ၊ပြီးတော့နှစ်နဲ့ချည်တာပေါ့၊အမှန်တကယ်ကတော့အဲဒါတွေအတွက်မနှမျောပါဘူး၊ဆရာတစ်ယောက်ရဲ့တပည့်တွေအပေါ်မှာထားရှိတဲ့သင့်တဲ့အကျိုးမမျှော်ကိုးတဲ့စေတာနာတွေလို့ယူဆလို့ပါ၊ရင်ထုမနာဖြစ်တာကသူ့အပေါ်ကိုစေတနာမှန်ကန်စွာထာပြီးကူညီခဲ့တဲ့သူ့ဆရာကိုဘယ်လိုရည်ရွယ်ချုက်ကြောင့်တိုက်ခိုက်ဖျက်ဆီးချင်ခဲ့ရတာပါလဲ။လိုရာရောက်ပြီးရင်လိုက်လံပို့ဆောင်ပေးတဲ့လှေကိုဖျက်ဆီးပြစ်လိုက်ဖို့လိုပါသလားဗျာ၊ဒီလိုလူမျိုးတွေရှိလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့မိတာအမှန်ပါ။ကိုယ့်တပည့်မို့ပိုပြီးတောင်မထင်တာပါ၊ပြီးတော့ကိုယ့်တပည့်မို့လည်းပိုပြီးရင်နာရပါတယ်။ မလင်းလက်ကြယ်စင်ရဲ့ဘလောခ်မှာရေးမရလို့ဒီမှာတစ်ခါတည်းထည့်ရေးလိုက်တာပါ။ရင်ဖွင့်လိုက်ရလို့နည်းနည်းတော့ပေါ့သွားပါတယ်ဗျာ။
စေတနာကျောင်းဆရာတစ်ဦး

Anonymous said...

အီလိမ်ချန်ရလယ်ချိုတော့ ကျော်ကျော်ချိုးမှာပဲ
အီရေးအီခင်းပြီး ချိုလော့ တားနွေးတောင်နနွေးရတေးပူး
အိတိအီချိန်တုန်းက တားက တိကြားနင်းနဲ့ ချယ်ရာတွေ ယောင်းပို့ နှီကိုယ်ကြား ချွှေနွေးနေရို့ပါ
ကျာပဲ ဘိုင် ဘိုင် ချဲရီးယို

Anonymous said...

ကျနော်လည်း ခေတ်မှီအောင် လိမ်နည်းလေးရေးပါရစေခင်ဗျာ။
ကျနော်ကျောင်းသားတုန်းက သူငယ်ချင်းစာအုပ်ဆိုင်မှာ ကူထိုင်ပေးတာဗျာ၊ ဘယ်က ဘိုတကောင်လဲမသိ ၀င်လာပြီး ဓါတ်ပုံစာအုပ်တွေရွေးတယ် ပြိးတော့ ငွေမချေပဲ ပလပ်စတစ်ပြားတချပ် အတင်းထိုးပေးနေတာဗျာ၊ ရိုက်ထုတ်မတတ် ပြောလိုက်ရတယ်။ သူက ရန်ကုန်သားများ ဒေါ်လာနဲ့ ပလပ်စတစ်မခွဲတတ်ဘူးများ မှတ်နေသလားမသိ။

နိုင်ဂျံဂါးရောက်မှ အဲဒါ ပိုက်ပိုက်နဲ့ပြန်လဲလို့ ရမှန်းသိတာဗျ။ ဟီး..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs