“အလိမ်ခံကြရခြင်း”

Share |
ကျနော်ငယ်ငယ်တုန်းက ကျောင်းမှာ မြန်မာ့သမိုင်းကို သင်ယူရတဲ့အခါ တနေရာမှာ ဖတ်ရတာက.....

“...ထိုသို့လျှင် နိုင်ငံတော်၏ အဖက်ဖက်မှ ယိုယွင်းလာသော အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းအံ့သောငှာ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော တော်လှန်ရေးအစိုးရသည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းတာဝန်ယူလိုက်ရသည်။....” တဲ့။

အမယ်...ဖတ်လို့ အင်မတန် အာတွေ့တာဘဲ။ ညဦးပိုင်းမှာ ရေနံဆီမီးခွက်ကလေးထွန်းတဲ့ပြီး မီးအလင်းရောင်မှိန်ပျပျအောက်ကနေ အဲဒီအပိုဒ်ကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံကုန်ညှစ် အော်လိုက်ရတဲ့အခါမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆင့်မြင့်ဘာသာရပ်တွေ လေ့လာ သင်ကြားနေရတဲ့ အတန်းကြီးကျောင်းသားကြီးလိုလို၊ ပညာတတ်ကြီးလိုလို၊ သမိုင်းပညာရှင်ကြီးလိုလို အထင်ရောက်လာလောက်အောင် အင်မတန် အရသာရှိခဲ့တာကလား။

နောက်ပြီး စာမေးပွဲအတွက် အဖန်တလဲလဲ အာဂုံဆောင်ပြီး ကြက်တူရွေးကျက် ကျက်မှတ်လိုက်ရတဲ့အခါ ကျနော့်စိတ်ထဲမယ်... တကယ်ဘဲ ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးအစိုးရကို အင်မတီး အင်မတန် အထင်ကြီး ကျေးဇူးတင်သွားတော့တယ်။

အပြင်မှာ လက်လှမ်းမီသလောက် သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေ၊ မြန်မာစာအုပ်စာပေတွေကို အသက်အရွယ်အလျောက် ဖတ်ပေမယ့်လည်း အဖြစ်မှန်ကို ဘယ်မှာသိရလို့တုန်း။ သူတို့ ခွင့်ပြုသမျှ၊ စာပေစိစစ်ရေးက ထွက်လာသမျှ၊ ဖြတ်တောက် တည်းဖြတ်ထားတာကိုဘဲ နှစ်ပေါင်းများစွာ တောက်လျှောက်ဖတ်လာရတဲ့အခါ သမိုင်းအလွဲကြီးကို အဟုတ်မှတ်ပြီး ဗိုလ်နေ၀င်းကို သူရဲကောင်းကြီးထင်မှတ်လာလိုက်တာ ၈ လေးလုံးအရေးတော်ပုံက စပြီးတော့မှ ဗိုလ်နေ၀င်းဆိုတာ ကျနော်တို့ ကျောကို အကြိမ်ကြိမ်ချလာတဲ့ ဓားပြအကြီးစားကြီး ဆိုတာကို ဗြုန်းစားကြီး သိလိုက်ရတော့တာကိုး။

တခုတော့ ရှိပါတယ်။ ၈၈ မတိုင်ခင်နှစ်များမှာ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် အဆင့်ဆင့်သော ပါတီဝင်တွေ၊ ကောင်စီဝင်တွေ အကျင့်ပျက်လာဘ်စားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ချဉ်တူးစတော့ ပြုလာပြီပေါ့ဗျာ။ ဒါတောင်မှ စစ်တပ်က စစ်တပ်သပ်သပ်၊ မဆလက မဆလ သပ်သပ် ဘာမှ မဆိုင်ဘူးလို့ ထင်တုန်းဗျ။ မဆလဟာ စစ်တပ်ရဲ့ အရပ်သားမျက်နှာဖုံးဆိုတာ သဘောမပေါက်သေးဘူး။ စာရေးဆရာမ ဂျူးလေသံနဲ့ပြောရရင် “ကျမတော်တော်ညံ့ခဲ့တာ” ပေါ့ဗျာ။

ဟော....အခုတော့ ဘလော့ဂ်တခုမှာ တင်ထားတဲ့ Youtube ဗီဒီယိုတခုကို ကြည့်ရတဲ့အခါမှာ ကိုယ့်ထက်တောင်မှ အဖြစ်ဆိုးတဲ့လူတွေကို သွားတွေ့ရတော့တာကိုးဗျ။

ဗီဒီယိုက မြောက်ကိုရီးယား နိုင်ငံသားတွေ အကြောင်းဗျား။

ဇာတ်လမ်းက ဒီလို။ နေရှင်နယ်ဂျီယိုဂရပ်ဖစ်က အထူးသတင်းအဖွဲ့တဖွဲ့ဟာ နီပေါနိုင်ငံက ဆေးပညာရှင်အဖွဲ့တဖွဲ့အတွင်းမှာ ဆရာဝန်တွေရဲ့ အကူလက်ထောက်တွေအနေနဲ့ လျို့ဝှက်အယောင်ဆောင်ပြီး မြောက်ကိုရီးယားနိုင်ငံကို လူသားချင်းစာနာတဲ့ စီမံကိန်းတခုအတွက် အရင်နှစ် မတ်လက လိုက်သွားခဲ့ကြတယ်။ အဲဒီမှာ မှတ်တမ်းတင်သဘောမျိုး ဗီဒီယိုတွေ ရိုက်ကူးခွင့်ရခဲ့တယ်။

ဗီဒီယိုဟာ သာမန် မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘ၀ကို ရိုက်ကူးထားတာဖြစ်တယ်။

နှစ်ပေါင်းများစွာ အမြင်အာရုံဆုံးရှုံးကွယ်ပျောက်နေရာက အခုလို ခွဲစိတ်ကုသမှုခံရပြီး မျက်စိပေါ်မှာ စည်းနှောင်ထားတဲ့ ပတ်တီးစကို ဖြေပေးလိုက်တဲ့အချိန်မှာ လူနာတယောက်ချင်းစီဟာ ဘာစလုပ်တယ် ထင်သလဲ........ဟောဒီ
ဗီဒီယိုကို ကြည့်ကြပါ။

"As each (blind) patient regain their sight we were amazed to see them direct their gratefulness to their Great Leader...despite their hardship, He receives credit for everything that happens here. As I watched hundreds of people do and say virtually the same thing ("We praise you!") over and over again I wondered which people had genuine faith and which were acting out of fear....and finally it hit me...here after generations of absolute rule and complete indoctrination, there may not be a difference between true belief and true fear" - Lisa Ling (host in Part VII)

ကဲ....ကြည့်စမ်းပါဦးဗျာ။ ကောင်းကြသေးရဲ့လားဟင်။ မြောက်ကိုရီးယားဆိုတာ ဒီအာဏာရှင်စနစ်အောက်မှာ အဖက်ဖက်က ချွတ်ခြုံကျပြီး ပြည်သူတွေမှာ အငတ်ဘေးဆိုက်နေတာ။ အဲဒါကိုများ ချစ်လှစွာသော ခေါင်းဆောင်ကြီးကို ကျေးဇူးတင်နေကြရတယ်လို့။

အင်းလေ....ပြည်သူတွေကိုတော့ အပြစ်ပြောလို့ ဘယ်ဖြစ်ပါ့မလဲနော့။ သူတို့လည်း ကိုယ့်လိုဘဲ နှစ်ကာလ ရှည်ကြာစွာ အစိုးရက ၀ါဒဖြန့် မှိုင်းတိုက်တာကို အသားလွတ်ကြီးခံလိုက်ရတာကိုး။ ဟင်း.ဟင်း.. ပြောရင်းဆိုရင်း ကျောင်းကသင်သမျှစာတွေ ကို ဘလိုင်းကြီး အသံပြာအောင် အော်အော်ကျက်နေတဲ့ ငယ်ငယ်က ကိုယ့်ပုံလေးတောင် ကိုယ်ပြန်မြင်ယောင်လာပြီး နားရင်းပြေးရိုက်လိုက်ချင်တယ်။

လူတွေ ဆွံ့အ သွားတာဟာ နားရဲ့ အကြားအာရုံချို့တဲ့မှုကြောင့်ပါတဲ့။ တကယ်လို့ ဟယ်လင်ကဲလားဆိုတဲ့ အမျိုးသမီးလိုသာ ငယ်ငယ်ကတည်းက အမြင်အာရုံရော အကြားအာရုံပါ နှစ်မျိုးလုံး ဆုံးရှုံးခဲ့ရတယ်ဆိုရင် အသက်အရွယ်အလျောက် အသိဉာဏ်ဖွံ့ထွားလာဘို့ခဲယဉ်းပါတယ်။ ကျပ်မပြည့်တဲ့သူလို့တောင်မှ အထင်ခံရနိုင်တယ်။

အဲဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေဟာ လူတွေရဲ့ အသိဉာဏ်ဖွံ့ထွားရင့်ကျက်မှုအတွက်၊ လူ့အဖွဲ့အစည်းရဲ့ အသိဉာဏ်နဲ့အတွေးအခေါ် ဖွံ့ထွားစေမှုအတွက် အင်မတန် အရေးကြီးတယ်လို့ ပြောနေကြပေတာဘဲ။ ဒီကြားထဲမှာ စင်္ကာပူလို စီးပွားရေးအရ တိုးတက်တဲ့ နိုင်ငံမျိုးမှာ မီဒီယာလွတ်လပ်ခွင့်စတဲ့ အခြေခံလွတ်လပ်ခွင့်တွေ မလိုအပ်ပါဘူးလို့ ပြော ပြောနေကြတာကလည်း တမှောင့်။

အေးလေ။ စင်္ကာပူဆိုတာလည်း သတင်းလွတ်လပ်ခွင့်အဆင့်အတန်းမှာ မြန်မာတို့၊ မြောက်ကိုရီးယားတို့နဲ့ သိပ်မကွာခြားလှတဲ့ နိုင်ငံဆိုတော့ အစိုးရက ချုပ်ကိုင်တဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ တွေကိုဘဲ လွတ်လပ်တဲ့မီဒီယာတွေလို့ သွေးရိုးသားရိုး တထစ်ချ ယုံမှတ်မှားပြီး စွဲစွဲမြဲမြဲ ကြည့်မိ၊ နားထောင်မိကြတဲ့အခါ အခုလို သုံးသပ်ချက်မျိုးတွေ ထွက်လာတာ သိပ်အံ့သြစရာတော့ မဟုတ်လှပေဘူး။ ခုနက ဗီဒီယိုထဲက မြောက်ကိုရီးယား နိုင်ငံသားတွေလိုမျိုးဘဲပေါ့နော်။

ဒါထက် စကားမစပ်၊ စင်္ကာပူက ဘူတာရုံတွေမှာ အလကားဝေတဲ့ “တူဒေး” သတင်းစာကို ကျနော့်မိတ်ဆွေ တချို့က “Free Press” လို့ နောက်ရွှတ်ရွှတ်နဲ့ ကင်ပွန်းတပ်ထားကြသဗျ။ “လွတ်လပ်သော သတင်းစာ” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခေါ်ဆိုခြင်းတော့မဟုတ်ဘူး။ “အလကားရသော သတင်းစာ” လို့ ဆိုလိုချင်တာပါတဲ့။

နှစ်ပေါင်းများစွာ လျို့ဝှက်ထိန်းသိမ်းထားတဲ့ အထူးထိပ်တန်းလျှို့ဝှက်ဖိုင်တွေကို ဗြိတိန်နိုင်ငံက မကြာသေးခင်ကမှ (Declassified) ဖွင့်ချလိုက်တဲ့အခါ စင်္ကာပူရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့ စင်္ကာပူကကျောင်းတွေမှာ သင်ကြားရတဲ့ သမိုင်းစာအုပ်ပြဋ္ဌာန်းချက်နဲ့ ပီအေပီအစိုးရရဲ့ ပြောကြားမှုတွေဟာ အမှန်တရားနဲ့ ကွဲလွဲမှုတွေ ရှိနေတာကို သွားတွေ့ရတော့သတဲ့။ အတိုက်အခံတွေရဲ့ ပြောကြားချက်အရဆိုရင် အဲသည် အချက်အလက်တွေကို သိပြီးရတဲ့နောက်ပိုင်းမှာ လီကွမ်းယူအပေါ်မှာ အရင်က ထားရှိခဲ့တဲ့ သင့်ရဲ့ အမြင်ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေနိုင်တယ်လို့တောင် ဆိုတယ်။ စိတ်ဝင်စားသူများအနေနဲ့ အဆုံးမှာညွှန်းထားတဲ့ လင့်ခ်တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ကျနော်ကတော့ အဲဒီအကြောင်းတွေကို ဖတ်ရ၊ ကြားရတဲ့အခါ ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ ဖတ်ခဲ့ရတဲ့........

“...ထိုသို့လျှင် နိုင်ငံတော်၏ အဖက်ဖက်မှ ယိုယွင်းလာသော အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းအံ့သောငှာ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော တော်လှန်ရေးအစိုးရသည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းတာဝန်ယူလိုက်ရသည်။....”

ဆိုတာကြီးကိုဘဲ ပြေးပြေးမြင်မိပါတော့တယ်။

ဟို....တို့အဘဆိုပြီး နိုင်ငံခေါင်းဆောင်ကြီးတဦးကို မရိုမသေ၊ မလေးမခန့် တချိန်လုံး ကလိနေ၊ ရိနေ၊ ထေ့နေတဲ့ ကလေးအဖေ ဘလော့ဂါ တယောက်အတွက် သမိုင်းသင်ရိုးတခု မေတ္တာနဲ့ အခမဲ့ ရေးပေးလိုက်မယ်။

“.....ထိုသို့လျှင် သူတလူ ငါတမင်း မင်းမဲ့စရိုက်များ လွှမ်းမိုးလာပြီး တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားမည့် အန္တရာယ်မှ ကာကွယ်စောင့်ရှောက်အံ့သောငှာ ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သော တပ်မတော်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အာဏာကို ထာဝရ လွှဲပြောင်းရယူလိုက်ရသည်....” (အဲဒီ အစိုးရကိုယ်တိုင်က မင်းမဲ့စရိုက်လို ပြုမူနေတာကျတော့ ဘယ်လိုခေါ်ရမလဲ မသိဘူးနော်)

ကဲကဲ.....ပို့စ်လည်း အတော်ရှည်သွားပြီမို့ သည်မှာ တထောက်နားလိုက်ဦးမယ်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။
References :

14 comments:

Hteink Min said...

အလိမ်ခံရခြင်းဆိုတာကောင်းလိုက်တာဗျာ..

Hteink Min said...

ပညာဆိုသည်မှာ သင်ကြားခဲ့တဲ့ဆရာပေါ်မှာမူတည်တယ်ဆိုတာ ဒါဥပမာပဲ..

ကလူသစ် said...

မြောက်ကိုရီးယားအကြောင်း တီဗွီမှာ ပြသွားတုန်းကတော့ မကြည့်ထားပဲ ဘယ်သွား ဂလေရိုက်နေလဲ။ သမိုင်းသင်ရိုးသစ်ကို နာ့သမီးမသင်ရလေအောင် လုပ်အုန်းမှဖြစ်တော့မယ်။

တန်ခူး said...

ကိုပေါက သမိုင်းအတော်ကျေတာပဲ… ကျွန်မကတော့ သမိုင်းဘာသာမုန်းမှမုန်း… အဲဒီသမိုင်းမှာ အမှတ်နဲခဲ့လို့  ဆရာဝန်နဲ့ လွဲခဲ့ရတာ… ခုလာမေးကြည့်ဘာတခုမှမသိတော့ဘူး.. ဒီpostဖတ်ပြီးမှ ကိုယ့်ကိုယ်ကိုတောင် ကျေးဇူးတင်သွားတယ်… သမိုင်းညံ့လို့ လေ…

Nge Naing said...

သမိုင်းကို သိပ်စိတ်ဝင်စားသလို နှုတ်တိုက်အာဂုံဆောင်ပြီး ဗိုလ်ချုပ်ကြီး နေ၀င်းကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးအဖြစ် အထင်ကြီးလေးစားခဲ့တဲ့ ကျောင်းသားဆိုတာ ကိုပေါတစ်ယောက်တည်းမဟုတ်ပါဘူး ဆိုတာ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ၄ တန်းမြန်မာသမိုင်းမှာ ကျွန်မ ကျက်ခဲ့ပြီး ၏သည်၌၍ အကုန်မှတ်မိနေသေးတဲ့ အောက်ကစာပိုဒ်ကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
“ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ဆိုရှယ်လစ်နိုင်ငံကို ထူထောင်ရန် လမ်းစဉ်ချမှတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က စည်းလုံးညီညွတ်ခဲ့သော နိုင်ငံ၏ အင်အားစုများသည် ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက်ပိုင်းတွင် စည်းလုံးမှု ပြိုကွဲလာပြီး ပြည်ထောင်စုကြီးမှ ခွဲထွက်ရန် ကြိုးပမ်းခဲ့ကြသည်။ လက်နက်ကိုင်သောင်းကျန်းသူများကလည်း ဖျက်လုပ်ငန်းအမျိုးမျိုးကို လုပ်ခဲ့ကြသည်။ အာဏာရအစိုးရအဖွဲ့စည်းကလည်း ဆိုရှယ်လစ်စနစ်ကို ဆက်လက်အကောင်အထည်မဖေါ်နိုင်ခဲ့ပေ။ နိုင်ငံ၏ စီးပွားရေးကို အရင်းရှင် ဓနရှင်များက ချယ်လှယ်ခဲ့ကြသည်။ နိုင်ငံရေးပါတီအချင်းချင်းကလည်း စည်းလုံးမှုမရှိပဲ အဏာလုနေကြသည်။ ထိုကဲ့သို့တိုင်းပြည်၏ အထွေထွေ ယိုယွင်းမှုများကြောင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန် ၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တပ်မတော်မှ နိုင်ငံတော်အာဏာကို လွဲပြောင်းရယူလိုက်ပြီး တော်လှန်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပါသည်။ ဤနည်းအားဖြင့် ၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာခဲ့ပါသည်။”
စာမေးပွဲမှာ နှစ်တိုင်းလိုလို အမြဲပါလေ့ရှိပြီး ဒါဟာ တော်လှန်ရေးကောင်စီပေါ်ပေါက်လာပုံအတွက် ၁၀ တန် အဖြေဖြစ်ပါတယ်။ ဒါကို ၄ တန်းရောက်မှ သင်ရပေမယ့် ကျွန်မ ကျောင်းစတက်တဲ့ အရွယ်ကစပြီး ဆရာဆရာမတွေကလည်း ဒီအကြောင်းကို နေ့ကြီးရက်ကြီးတွေမှာ အမြဲပြောပြခဲ့တဲ့အတွက် ကျောင်းစတက်ကတည်းက ဒီအတိုင်းပဲ ယုံကြည်လာခဲ့တာ ၈၈ အရေးခင်းကျမှပဲ ဒါမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ အလိမ်ခံခဲ့ရတာ အားလုံးပါပဲ။ နောက်လည်း သူတို့ဆက်လိမ်ဖို့ ကြိုးစားနေတယ်မဟုတ်လား။

Kaung Kin Ko said...

ဒီပို့ စ်လေး ထိလိုက်တာဗျာ။ ယုတ်မာတဲ့ အာဏာရှင်လူတစ်စုကြောင့် လူတွေ အသိအမြင် ဗဟုသုတတွေ ချို့ တဲ့၊တော်တော်များများလည်း အကျင့်တွေပျက်။ အဲလို ဗဟုသုတတွေချို့ တဲ့၊ အကျင့်တွေလည်း ပျက်နေကြတော့ အာဏာရှင်ကို တော်လှန်ဖို့ ကလည်း အင်အားနည်းသွားပြန်။ ဒီလိုနဲ့ သံသရာ လည်သွားတော့တာပဲဗျာ။ အာဏာရှင်တွေ ပညာရေးကိုဖျက်ဆီးပစ်လိုက်တဲ့၊ လူတွေကို မျက်စိပိတ်၊နားပိတ်လုပ်လိုက်တဲ့အကျိုးဆက်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရာဇဝတ်မှုကြီးပဲဗျာ

Ko Boyz said...

ကိုပေါတင်ထားတဲ့ မြောက်ကိုးရီးယား ဗွီဒီယိုကို ကြည့်မိပြီး လွန်ခဲ့သော ၃-၄ နှစ်လောက်က သတင်းတစ်ခု ပြောပြချင်တယ်ဗျ...။ တစ်ခါသားမယ် တရုတ်ဘက်ကို ခိုးဝင်လာတဲ့ မြောက်ကိုးရီးယားက ဒုက္ခသည်များကို အင်တာဗျူးထားတာ ဖတ်ဖူးတယ်ဗျ...။ ပြေးသာ ပြေးလာရတယ်...။ သူတို့ခမျာ ကင်ဂျုံအီးလ်ဟာ အဖဘုရားသခင် ဆိုတဲ့ အစွဲကို တော်ရုံ မချွတ်နိုင်ဘူးဗျ...။ ဂျပန်တွေကို ပြန်ပေးဆွဲပြီး ဘရိန်းဝေါ့ရှ် လုပ်ပစ်လိုက်တာ နောက်ဆုံး ဂျပန်ပြည်ကို သူ့သဘောနဲ့သူ ပြန်ခိုင်းတာတောင် အဲဒီ ဂျပန်တွေ မပြန်တော့တာကို ပြန်ကြည့်ပေတော့...။ အတော့်ကို ကြောက်စရာကောင်းတဲ့၊ တော်လည်းတော်တယ်လို့ ချီးကျူးရမယ့် PsyWar/Brain Washing ဗျ...။

ကလိုစေးထူး said...

ကိုပေါတွေးသလိုပဲ တွေးမိကြလို့ထင်တယ်။ ကျနော် မိသားစု တချို့တွေ့ဖူးတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေကို တခုတ်တရနဲ့ သိမ်းထားပြီးတော့ ကလေးတွေကို အဲဒီပုံတွေ၊ ပိုက်ဆံတွေကို မကြာခဏပြပြီးပြောတယ်။ `ကလေးတို့၊ ဒါ၊ ဗိုလ်ချုပ်အောင်ဆန်းတဲ့၊ တို့နိုင်ငံအတွက် လေးစားလောက်စရာ တကယ့်အာဇာနည်ကြီးက သူပဲကွဲ့´ လို့ ပြောတာ ကြားခဲ့ရဖူးတယ်။ ဘာကြောင့် အဲလိုလုပ်နေရတာလဲ ဆိုတော့ ကလေးတွေက သူတို့ကျောင်းမှာ အမြဲတွေ့တွေ့နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပဲ တကယ့်ခေါင်းဆောင်ကြီးလို့ ထင်သွားကြကုန်မှာ စိုးလို့တဲ့။

Anonymous said...

Hi,

Every of your post like to attack PAP(SG). I don't understand why you keen to promote Dr.Chee's party(chee mon lon ma nay bu lar).If I am not your close friend, I don't know what is your intension. Is it want to support Dr. Chee( fighting for freedom like DASSK - what u said) or attacking to PAP or making some post (sar chat tar) or delighting to people who don't know how good is Dr.Chee? or etc ....
What is the reasons? I glad that you highlight what is right and wrong in Singapore. But again & again writing same thing (Hitmawintar chee mon kan) make me confuse, is it you are opposite party member? :P

I know all of your fri will against my comment. I know that your comment box is only welcome to people who said "very good" "kg lite tar" "hti lite tar" .
But good fri can't say only about good things, must say what we see as outsiders.
You put so much effort to get photo (Dr.Chee & DASSK). Congratulation!

NyiNyi

Anonymous said...

To Nyi Nyi,

The writer has the right to write his/her own opinions,likes and dislikes in his/her own blog.
'Take it' or 'leave it' is for the readers to decide.And 'read it'or 'not to read it' is also the reader's choice.It's that simple.


For me, I see this blog is not about Aung San Suu Kyi, is not about Dr. Chee,is not about PAP and is not about Junta.It is all about Freedom, Justice, Fairness and Truth. (if you overview it carefully)

By the way, the photo of Chee& Suu can be easily found on internet.

ကိုပေါ said...

Dear Nyi Nyi,

Just a few corrections!

I don’t have to put much effort as you thought to get that photo because I have it with me since a long time ago in the book titled “To Be Free” written by Dr. Chee. Ha Ha, you may take it as another advertizing for Dr. Chee again. That is fine with me. :-)

I always welcome all comments either positive or negative. You see I even allow comments like yours. I never deleted or censored the comments which are critical of my posts except those spam comments advertising the online gambling or directing virus infected links.

What you don’t know is that I am very proud to have as many critical comments as possible in the Myanmar Blog society. I wish our people to express more frankly.


Therefore, please keep up with your good works. I won't sue you for defaming me as LKY did. :-)

Anonymous said...

Frankly, I feel like, atmosphere of arrogant smell in comments & blog...!!!

Anonymous said...

To T.Naing

" The writer has the right to write his/her own opinions,likes and dislikes in his/her own blog.
'Take it' or 'leave it' is for the readers to decide.And 'read it'or 'not to read it' is also the reader's choice.It's that simple."
--------------------
Your comment shows that you don't read Ko Paw's articles carefully.If you said it, then people are not neccessary to talk about freedom & fairness?If you like, you stay in that country.If you think not fair(not happy), you don't stay in that country.
It's that simple.
"Latt sa thet tat Ko T-Naing ka Freedom, fairness so p luu kyar kg ag arr nay tar kooooo. Basic freedom comment lay taung ma ...writer has the right to write. so p ma yay ya tat bu lar"

Nyi Nyi

Anonymous said...

To Ko Paw ---
" You see I even allow comments like yours."

My comments just openly bring up my understanding & feeling, don't include any dirty words or abuse or whatever.So is your above sentence is a bit funny? Anyway, thanks for allow me to write comment. But if you don't allow, all of your opinion that talking about freedom and Justice are wasted.
I am really enjoy some of your post and you are good writer. No personal attack. Coming to your blog means interested to your post. But continuous parising Dr.Chee make me come out these comments.

NyiNyi

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs