“တွမ်ခရုဇ် နဲ့ ကျနော်”

Share |
“မပြောချင်ဘူး….မပြောချင်ဘူး…….ပြောကို မပြောချင်တော့ဘူး။ ”

ကိုပေါတယောက် အဲသလို စကားခံလိုက်ပြီ ဆိုရင် အများကြီးပြောတော့မယ်ဆိုတာ သဘောပေါက်။

ကြုံတုန်းမို့ (သူ့နှယ်...ကြုံဘဲ ကြုံနိုင်လွန်းတယ်လို့ ထင်တော်မမူကြပါနဲ့ဂျာ) နည်းနည်းလောက် ထပ်ပြီး လျှာရှည်လိုက်ဦးမယ်။ …..ဗမာစကားမှာ…

“ရိုင်းတယ်လို့လဲ မထင်ပါနဲ့” ….ဆိုတဲ့ စကားချီလာရင်….ကြပ်ကြပ် သတိသာ ထားကြပေတော့။ ဘာကြောင့်လဲဆိုရင် နောက်ဆက်တွဲအနေနဲ့ ပိဿလေးနဲ့ ဘေးပစ်သလို တစ်တစ်ခွခွ မေးတာ၊ ပြောတာ ခံရတော့မှာမို့လို့ပါဘဲ။

အလားတူ… “ဟောဒီက ငါ့နှမကြီးကို ကန်တော့ပါသေးရဲ့”…တို့၊ “နားနဲ့မနာ ဖ၀ါးနဲ့နာပါ…” တို့ နဲ့ အစချီလာရင် နောက်က မကြားဝံ့မနာသာတွေ ကပ်ပါလာဘို့ ၉၉ ဒဿမ ၉၉၉၉ ရာခိုင်နှုန်းလောက် ကျိန်းသေပြီသာမှတ်။ ခင်ဗျားတို့ ဗမာစကား တယ်လည်း ရှုပ်သကိုး။ ဒါကြောင့် အိုင်က ဘားမီးစ်လို သိပ် မစပိခ် ချင်တာ။

ဘာဘဲဖြစ်ဖြစ်.....အခုတော့ မပြောမပြီး မတီးမမြည်ဆိုတော့ ပုစွန့်လက်မ သက္ကဋ ရွှေစည်ကြီးကို ထီကနဲ တီးတဲ့ပြီး ကြေညာမောင်းခတ်လိုက်ရဦးမယ်။

ကျွန်ုပ်တို့၏ အကောင်းစားလေး လီယိုနာဒို ဒါကိုပေါ တယောက် လောလောလတ်လတ် ကြုံတွေ့နေရတဲ့ အဖြစ်ကတော့ မိုင်နော်ရတီ ရီပို့တ် (Minority Report) ဆိုတဲ့ ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကားကြီးထဲက ဇာတ်လိုက် လိုတော့ ဖြစ်နေပါပြီဗျာ။ (ဘလော့ဂါ တီဇက်အေ၏ လေကို ခပ်တည်တည်နှင့် ခိုးသုံးလိုက်သည်။ ဘာတတ်နိုင်သေးလဲ ကိုယ့်လူ)

အများသိကြတဲ့အတိုင်း အဲသည်ဇာတ်ကားထဲမှာ သရုပ်ဆောင်တဲ့သူက ဟောလီးဝုဒ် မင်းသားချော တွမ်ခရုဇ်တဲ့။ အံမယ်လေး..နံမယ်ပြောရတာနဲ့တင် တရုတ်ဆိုင်မှာ ပြေးပြီး ခရုကြော်တပွဲလောက် မှာစား ချင်လာပြီနော်…ရှလွတ်။ အဲ…ရာရာစစ ကိုယ့်ကိုယ်ကို တွမ်ခရုဇ်နဲ့ နှိုင်းလို့ ရုပ်ချင်းတူသလားဆိုတော့…..ဟုတ်ရပေါင်။ တွမ်ခရုထက် အရပ်ပိုမြင့်လေတော့ ထောင်ထောင်မောင်းမောင်းနဲ့မို့ ပိုကြည့်ကောင်းသတဲ့။ ဟင့်အင်း... ဘယ်သူကမှ ပြောတာဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် မှန်ထဲမှာ ကြည့်ပြီး ပြောနေတာလေ…။

ကဲကဲ…ထုံးစံအတိုင်း ဗွေဖောက်ဖောက်လာရတာနဲ့ လိုရင်းမရောက်နိုင်ဘူးဖြစ်နေတယ်။
ခုနင်က ရုပ်ရှင်ဇာတ်ကားက အီးတီ၊ ရှင်းဒလားစ်လစ်၊ ဂျူရက်ဇစ်ပါ့ခ်၊ ဆေ့ဗင်း ပရိုက်ဗိတ်ရိုင်ယန်း၊ အာ့တီဖစ်ရှယ် အင်တဲလိဂျင့် (အေအိုင်) စတဲ့ နာမည်ကျော် ဇာတ်ကားကြီးတွေမှာ ဒါရိုက်တာ လုပ်တဲ့ စတီဗင် ငပိဘတ် ရိုက်ကူးတဲ့ ခေတ်လွန်သိပ္ပံကားလေ။

ခေတ်လွန်သိပ္ပံကားဆိုတဲ့အတိုင်း ဇာတ်ကားထဲမှာ အဆန်းတကြယ် အထက်အောက် ပြေးလွှားနိုင်တဲ့ သံလိုက် မော်တော်ကားတွေနဲ့အတူ အခြား ထူးဆန်းထွေလာ ကိရိယာတန်ဆာပလာ အသုံးအဆောင်တွေကို ရင်သပ်ရှုမော တွေ့နိုင်ပါတယ်။

အဲဒီဇာတ်လမ်းရဲ့ ကျောရိုးက အနာဂတ်ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုကို ကြိုတင်ကာကွယ်တဲ့နေရာမှာ သုံးတဲ့နည်းလမ်းအကြောင်းဘဲ။ ဇာတ်လမ်းထဲက ရဲစုံထောက်တွေဟာ အနာဂတ်မှာ ဖြစ်ပွားမယ့် ရာဇ၀တ်မှုတွေကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ အကြားအမြင်ရတဲ့သူ သုံးဦးရဲ့ အကြားအမြင်တွေအပေါ်မှာ အခြေခံပြီး ရာဇ၀တ်သား အလောင်းလျာတွေကို အမှုမဖြစ်ခင်ကတည်းက ကြိုတင်ဖမ်းဆီးတယ်။ ပြီးတော့ လူကောင်းသူကောင်းဖြစ်လာအောင် ပြန်လည် ပြုပြင်ပေးရေးစခန်းတွေကို ပို့ပြီး လေ့ကျင့် ပြုပြင်ပေးတယ်။

တနေ့မှာ ရဲစုံထောက် ဂျွန်အင်တာဒမ် (တွမ်ခရုဇ်)ဟာ အနာဂတ်မှာ သူမမြင်ဘူးတဲ့ လူတယောက်ကို သူသတ်မိတော့မယ်လို့ ဟောကိန်းထုတ်ထားတဲ့ အကြားအမြင်ရသူ သုံးဦးရဲ့ ရီပို့တ်ကို သွားတွေ့တယ်။ အဲသည်မှာ သူအဖမ်းမခံရအောင် ထွက်ပြေးတာက စလို့ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရတဲ့ စိတ်ဝင်စားဘွယ် ရုပ်ရှင်ကားတကားပေါ့။

ပြောသာပြောရတယ်။ ခေတ်လွန်သိပ္ပံကားလို့ နာမည်ပေးတာ မှားနေပြီနဲ့တောင် တူတယ်။ ဘာကြောင့်လဲဆိုတော့ ဟောဒီ စင်္ကာပူဆိုတဲ့ ကျွန်းပိစိ နိုင်ငံလေးမှာ အဲသည်နည်းကို အခုကတည်းက စတင်အသုံးပြုနေတာ တွေ့ရလို့ဘဲ။

ဘာကြောင့် အဲသလို ပြောနိုင်ရသလဲဆိုတော့….

စင်္ကာပူသမ္မတနိုင်ငံတော်ကြီးမှာ အနော်တို့ အမိမြန်မာနိုင်ငံတော်ကြီးလိုဘဲ နိုင်ငံတော် လုံခြုံရေးကို ထိပါးလိုသူများ၏ အန္တရာယ်မှ ကာကွယ်သော အက်ဥပဒေဆိုတာ ရှိသတဲ့ကွယ်။ ဘိုလိုတော့ အင်တာနယ် ဆီကျူရတီအက် (၀ါ) အတိုခေါက် အိုင်အက်စ်အေ လို့ ခေါ်လေရဲ့။ မြန်မာလိုတော့ ၅(ည) ပေါ့။ မြန်မာပြည်မှာလည်း အဲသည်ဥပဒေနဲ့ ကျောင်းသားတွေ နိုင်ငံရေးသမားတွေကို ထောင်ထဲ ဆွဲဆွဲထည့်နေတာကြာပါပေါ့လား။ ဒီတော့ စင်္ကာပူကလည်း ကျနော်တို့မြန်မာနိုင်ငံနဲ့ ဒီနေရာတခုမှာတော့ ရင်ဘောင်တန်းနိုင်ရှာလေတယ်လို့ ဆိုရမယ်။ မြန်မာ့ မဟားတရား၊ ကမ္ဘာကို လွှမ်းစေရမည် ဆိုတာ ဒါမျိုးပေါ့။

အဲအဲ….ခုနင်က အိုင်အက်စ်အေ လို့ခေါ်တဲ့ အက်ဥပဒေကြီးကို ကိုင်ပြီး မသင်္ကာတဲ့လူတွေကို ကြိုက်သလောက် အချိန် အကန့်အသတ်မရှိ ဖမ်းဆီးထားလို့ ရသဗျ။ တရားမျှတစွာ ရုံးတင်စစ်ဆေးခြင်းလည်း အလျဉ်းမရှိချေဘူး။

ဥပမာ…ဟိုတလောက ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ အကြမ်းဖက်သမားလို့ သံသယအဖြစ်ခံရသူ မာ့စ် ဆီလာမက်ဆိုရင် အိုင်အက်စ်အေနဲ့ဘဲ အထိန်းသိမ်းခံ ထားရတာဘဲ။ အကြမ်းဖက်သမားလို့ သံသယ အဖြစ်ခံရတာဘဲ ရှိသေးတာနော်။ တကယ့်တကယ် တရားရုံးတော်ကနေ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်တာမျိုးမဟုတ်ဘူး။ တရားမျှတတဲ့ ဥပဒေ အရ ဖြစ်သင့်တာကတော့ လူတယောက်ဟာ ပြစ်မှုကျူးလွန်တာ ထင်ရှားတယ်လို့ တရားရုံးတော်က မဆုံးဖြတ်မချင်း အဲသည်လူမှာ အပြစ်မရှိဘူးလို့ သဘောထားရမယ်တဲ့။ ဘိုလိုပြောရရင် Innocent until proven guilty ပေါ့ဗျာ။ ဆိုလိုတာက ရဲတွေ ထင်တာမှားတာလည်း ဖြစ်နိုင်တာဘဲ။

အဲဒီအတွက် လူတယောက်ကို ရာဇ၀တ်မှုကျူးလွန်သူလို့ သံသယဖြစ်လို့ ရဲက ထိုသူ ထွက်ပြေးလွတ်မြောက်မသွားအောင်ဖြစ်စေ၊ အခြားသူများကို ရန်မမူနိုင်အောင်ဟန့်တားလို၍ ဖြစ်စေ ရဲက ဖမ်းချုပ်ထားချင်ရင် တရားရုံးတော်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်၊ သက်သေအထောက်အထား တင်ပြထားနိုင်မှသာ တရားရုံးတော်ရဲ့ ခွင့်ပြုချက်နဲ့ ခေတ္တဆက်လက်ထိန်းသိမ်းထားနိုင်တယ်။

ဒါပေမယ့် အဲဒီလို ရုံးတော်ရဲ့ ခွင့်ပြုချက်နဲ့ ထိန်းသိမ်းထားစဉ်တောင်မှ တရားခံအဖြစ် သံသယ အဖြစ်ခံရသူဟာ သူ့ကို တရားဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်မယ့် ရှေ့နေရှေ့ရပ်နဲ့ ပုံမှန် တွေ့ဆုံခွင့်ရှိရမယ်။ သူ့ကိုသူ တရားဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်။

သူ့မှာ အပြစ်ရှိတယ်ဆိုတာကို သက်သေပြဖို့ တာဝန်ဝတ္တရားဟာ အစိုးရ ရှေ့နေ (တရားလို) ဘက်မှာဘဲ လုံးလုံးရှိတယ်။ အဲဒီလို အပြစ်ရှိပါတယ်ဆိုတာကို ရုံးတော်မှာ သက်သေအထောက်အထား ခိုင်လုံစွာနဲ့ ရှင်းလင်းစွာ၊ ယုံကြည်လက်ခံနိုင်လောက်ဖွယ်ရာ (Beyond doubt) မပြဆိုနိုင်ဘူးဆိုရင် တရားခံမှာ တကယ်အပြစ်ရှိတယ်ဆိုဦးတော့ ဥပဒေကြောင်းအရ သံသယ အကျိုးကို ခံစားခွင့်ရှိပြီး အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရှိရမယ်။

အဲဒီတော့ လူတယောက်ကို စွဲချက်မတင်ဘဲ ရဲဘက်က သံသယ ရှိရုံသက်သက်နဲ့ နှစ်ရှည်လများ အကြာကြီး ထိန်းသိမ်းထားပိုင်ခွင့်မရှိဘူး။

နောက်ပြီး စိုးရိမ်စရာကောင်းတာက အဲဒီ အိုင်အက်စ်အေ ဆိုတဲ့ ဥပဒေကြီးကို အာဏာရ အစိုးရက အလွဲသုံးစားလုပ်ပြီး သူတို့နဲ့ အမြင်မတူတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေ ကို ဖမ်းချင်တိုင်း ဖမ်းတဲ့နေရာမှာ အသုံးပြုနိုင်တယ်။ ကျနော်သိတဲ့ နိုင်ငံတနိုင်ငံဆိုရင် အဲဒီဥပဒေကို အလွဲသုံးစားလုပ်ပြီး အတိုက်အခံခေါင်းဆောင်တွေကို မတရားဖမ်းတယ်။ အတိုက်အခံခေါင်းဆောင်တယောက်ကိုဆိုရင် နှစ်ပေါင်း ၂၀ ကျော် မတရားသဖြင့် ထိန်းသိမ်းထားခဲ့တာမျိုးရှိတယ်။ ဘယ်နိုင်ငံလဲဆိုတာ နာမည်တပ်တော့ ကျနော်မပြောရဲဘူး။ အသရေဖျက်မှုနဲ့ တရားစွဲပြီး ကျနော့်ကို ဒေ၀ါလီခံရအောင် လုပ်မှာစိုးလို့။ အသရေဖျက်မှုနဲ့ တရားစွဲတိုင်း အစိုးရဘက်က အမြဲနိုင်တဲ့ နိုင်ငံပိစိကွေးလေး တနိုင်ငံလို့ဘဲ မှတ်ထားလိုက်ရအောင်။

လောလောဆယ် စင်္ကာပူမှာ မိုင်နော်ရတီ ရီပို့တ် ထဲကလို အမှုအခင်းကို မဖြစ်အောင် ဘယ်လိုတားဆီးသလဲ ဆိုတာပြောပြရဦးမယ်။

အရင်ပို့စ်တွေထဲမှာ ကျနော်ရေးခဲ့ဘူးတဲ့အတိုင်း စင်္ကာပူမှာ နေ့ကြီးရက်ကြီး ရောက်ကာနီးလာပြီဆိုရင် စင်္ကာပူရဲက ကျနော်တို့ကို ဖုန်းခေါ်လေ့ရှိတယ်။ (ကျနော်တို့မှာ ရဲတွေ တိတ်တခိုးစွဲလမ်းစေတဲ့ ချစ်မွှေးပါပုံရတယ်။ မနာလိုမဖြစ်ကြနဲ့။) ဥပမာ...ဒီတနင်္ဂနွေမှာ မြန်မာတွေ အလုံးအရင်းနဲ့ မြန်မာသံရုံးသွားပြီး မဲပေးတော့မယ်ဆိုရင် မနေ့ကတည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကို တန်လင်း ရဲဌာနချုပ်က ဖုန်းခေါ်တယ်။ ဘာပြောတာလဲဆိုတော့ စင်္ကာပူရဲ့ ဥပဒေကို မချိုးဖောက်ဘို့ ပြောတယ်။

ကဲ....မိုင်နော်ရတီ ရီပို့တ် ဇာတ်ကားထဲက အဖြစ်နဲ့ တူမနေပေဘူးလား။ အမှုတောင် မကျူးလွန်ရသေးဘူး။ လူကို ကြိုတင်ပြီး ဥပဒေချိုးဖောက်သူအလောင်းလျာတွေအဖြစ် သတ်မှတ်နေပြီ။ အင်း....စင်္ကာပူမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူလုပ်ရတာ မချောင်ဘူး။ အလကားနေရင်း တွမ်ခရုဇ်နဲ့ အနှိုင်းခံနေရတယ်။

မဒမ်ပေါက ခပ်စွာစွာ အစားထဲကဆိုတော့ “နင်တို့ ငါတို့ကို ဘာကြောင့် ဒီလိုလာပြောရတာလည်း။ ငါတို့ကို ပြဿနာရှာတဲ့လူတွေ ( Trouble Maker ) တွေလို့ စွတ်စွဲချင်တာလား ” လို့ မေးတော့လည်း ....“မဟုတ်ပါဘူး။ အကြံပေးရုံသက်သက်ပါ။ စိတ်မရှိပါနဲ့” ဆိုပြီး ပြန်ပြောတယ်။

သြော်....တော်တော်ဘဲ...အားအားယားယား၊ အလကားနေရင်း အကြံဉာဏ်အလကား လိုက်ပေးရတယ်လို့။
ကဲ...ကဲ....ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ လေကြောက တော်တော်ရှည်သွားပြီ။ နေ့လည်စာ စားချိန်လည်း နီးပြီ။

အခု နေ့လည်စာ စားထွက်ရင်း မြန်မာသံရုံးကို သွားပြီး မဲရုံမှူးကို လိုအပ်သည်များကို သွားရောက် ညွှန်ကြားလိုက်ဦးမကွယ်။

ကဲ..... ညိုချောအမျိုးခေါ်တွင်တဲ့.... ကိုပေါသူခိုးဖော်ပင်....အဲလေ... ကိုပေါသတိုးတော်ဝင်ကလေးခမြာ....နဂိုသဘော “နိုး” ပေါ်တင်လေး ပေးနိုင်ရအောင်.....မြန်မာသံရုံးအပေါက်ဝကို.. မကြာအမြန်ဆုံးရောက်ရစေတော့လို့.... ဗေလုဝနတ်စောင်း ငါးကွင်းဥသျှောင် နတ်မင်းဆောင်တဲ့ သန်းခေါင်မောင်းမှာ ခုနစ်ချောင်းညှို့ ဆိုင်ရာကို တို့ပြီးလျှင် ချောပို့တော်မူစမ်း ကိုးရွာစား။ (ဒီတခါ ခိုးချလိုက်တာက ဦးပုညဆီကကွဲ့။ မောင်ပုည...မင်းဘာတတ်နိုင်သေးလဲကွယ်...ငှဲငှဲ)

11 comments:

Anonymous said...

Ko Paw,
I know the country you meant, as I lived there for quite a long time. You made a very good point.With your great sense of humour, all your articles are so alive.Keep going!

တန်ခူး said...

ခေါင်းစဉ်လေးက ဆွဲခေါ်သွားတယ်။ ဒီလိုရေးဟန်လေးတွေကပဲ ထူးခြားတဲ့ကိုပေါရဲ့styleပေါ့။

Anonymous said...

စင်ကျားပူမှာ ကိုယ်ပိုင်စီးပွားလုပ်ဖို့စဉ်းစားနေတာ..အခုမှအကြံရသွားတယ်...ဆင်းဒဝစ်မိတ်ကာ၊ ဂျု့စ်မိတ်ကာတို့ လို အခု ထရာဘယ်မိတ်ကာ လုပ်ရောင်းမလားလို့။

Anonymous said...

ညိုချောလေး....လီယိုနာဒို ဒါကိုပေါ တွမ်ခရုဇ်....
အရပ်အမောင်းတို့၊ ရုပ်တို့ကတော့ ပြောစရာရှိပါဘူးကွယ်။ ဒါပေမဲ့ ဗိုက်လေးက နည်းနည်းထွက်တော့....ဆရာတော်ဦးဉာဏိဿရ ဟောတဲ့ ဘ၀တန်ဖိုး တရားကို သွားသတိရမိတယ်။ မာဂဏ္ဍီပရဗိုဇ်ကြီး ကဗိုက်လေးပုတ်ပုတ်ပြီး ဆိုတာ........။
ချတာနော်....ချိတ်ချိုးရဘူးနော်....လီယိုနာဒို ဒါကိုပေါ တွမ်ခရုဇ် ပရဗိုဇ်..အဲလေ..ယောင်လို့။
ဟီး...။
ဒီကနေ့ တွေ့ခဲ့သော ....
ကျောင်းအမ...အဲလေ..ဟုတ်ပေါင်....သင့်အမ

ကိုပေါ said...

Anonymous<<<<<< Thank you for your support. :-) You know the country Huh? :-)

တန်ခူး>>>>>> ထူးခြားတဲ့ရေးဟန်ဆိုတာ နောက်တီးနောက်တောက် ရေးတာကို ပြောချင်တာလားဟင်..ငှင်..ငှင်...

ထနောင်း>>>>>> သင်တော့ ဆွမ်းဦးပုညရှင်...အဲလေဟုတ်ပေါင်...စွန့်ဦးလုပ်ငန်းရှင် မဖြစ်နိုင်တော့ဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ စင်္ကာပူမှာ စင်္ကာပူလူမျိုး ထရာဘယ်မိတ်ကာတွေ ရှိပြီးသား။ အီနပ်ဖ် လား.... အီနပ်ဖ် အော်ရယ်ဒီ...။

သင့်အမ>>>>> မာဂဏ္ဍီပရဗိုဇ်....တဲ့။ ဗိုက်ကလေး ပုတ်ပုတ်ပြီး.....တဲ့။ အံမယ်လေး....ရက်စက်ပါ့ အစ်မရာ....ကြေမွ၊ အမြဲတသ စွဲလန်းခဲ့တဲ့ တပွင့်တည်းသော ဗိုက်သစ္စာ... မြတ်နိုးထိုးစိုက် ကိုယ်အလုံးလိုက် ဆင်မြန်းဘို့ ရွယ်တာ....(၀င်းဦးအသံနှင့် သီဆိုပါရန်)

pandora said...

ကိုဖိုးတွမ်ပေါရေ.. အနော်တော့ သံချောင်းခေါက်ထားတယ်ဂျ

Anonymous said...

Although I can read your articles, I can not read the comments because of the font that I do not have. So, pls tell me the font that you are using. Thanks!

ကိုပေါ said...

>>>>To Anonymous (2nd), we are using Zawgyi_One font. You can see the comments if you click on the topic. If you click on the comment (eg on 7 comments), you will just see the square blocks. Please click on the topic (eg click on the topic Tom Cruize and Me).

Anonymous said...

ဖိတ်စာမရပေမယ့်ကျွန်မနှင့်ကျွန်မခင်ပွန်းမဲပေးခွင့်ရခဲ့ပါတယ်။လူရှင်းမယ့်အချိန်မနက်စောစောသွားဖို့တိုက်တွန်းချင်ပါတယ်။ကျွန်မတို့မြင်တွေ့ခဲ့ရတာတကယ့်လျို့ဝှက်မဲအစစ်ဖြစ်ပါတယ်။(လျို့ဝှက်မဲမဟုတ်မှာကြောက်နေသူတွေအတွက်)တိုင်းပြည်ကြီးပြောင်းချင်တယ်လို့ပါးစပ်ကအော်ပြီးဒီမဲလေးပေးဖို့တောင်မအားဘူး၊ဘာမှထူးလာမှာမဟုတ်ဘူး၊စိတ်မဝင်စားဘူးဆိုသူတွေကိုပြင်းပြင်းထန်ထန်ရှူံ့ချပါတယ်။

Anonymous said...

Got it. Thank you.

Anonymous said...

> “မဟုတ်ပါဘူး။ အကြံပေးရုံသက်သက်ပါ။ စိတ်မရှိပါနဲ့” ဆိုပြီး ပြန်ပြောတယ်။

They care about you so much. That's why they check up on you and give you suggestions :) :) :) Look on the bright side, huh? :)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs