ပြီးခဲ့သော ပို့စ်တွင် ပြည်တွင်းမှ မိတ်ဆွေ၏ ပေးစာကို ဖော်ပြခဲ့ရာ ဘလော့ဖတ်သူများ နှစ်သက်သည်ဟု ကြားသိရသဖြင့် ၀မ်းမြောက်မိပါသည်။ ထိုမိတ်ဆွေမှာ နိုင်ငံရေးစနစ်များအကြောင်းကို စေ့ငုစွာ နားလည်သူဖြစ်ရာ သူ့ကို ကျနော့်ဘလော့ဂ်အတွက် စာရေးသားပေးရန် ကျွန်တော်နားပူနေသည်မှာ ကြာခဲ့ပါပြီ။ ဆက်လက်၍လည်း နားပူပါဦးမည်။
ယခုအခါသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယနှင့် မရှေးမနှောင်းအချိန်ဖြစ်သဖြင့် ထိုမိတ်ဆွေ (၂၀၀၇ ခုနှစ် ဇွန်လအတွင်းက) ရေးသားခဲ့ဖူးသော မွေးနေ့အထိမ်းအမှတ် စာတပုဒ်ကို အမှတ်တရ ပြန်လည်ဖော်ပြလိုက်ပါသည်။ ထိုစဉ်က အိုးဝေ(စင်္ကာပူ)အင်တာနက်စာမျက်နှာ၏ အယ်ဒီတာ့အာဘော်အဖြစ် တင်ပြခဲ့သော စာစု ဖြစ်ပါသည်။
“ဝေးခြင်းနီးခြင်း နှင့် ခရီးတာ”
၁၉၉၅၊ ဇူလိုင် (၁၀) ရက်နေ့၊ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန် တပ်မတော် ထောက်လှမ်းရေးဝန်ထမ်းတဦးက လာရောက်အကြောင်းကြားသဖြင့် ကိုယ်ပိုင်ကားကလေးကို ကိုယ်တိုင်မောင်း၍လာသော ဦးကြည်မောင်နှင့် ဇနီးအား ဒေါ်စုက ယခုကဲ့သို့ ဆီး၍ နှုတ်ဆက်လိုက်သည်။
“ဘဘဦးကြည်မောင်၊ ဒီ တမိုင်လောက်ခရီးလေးကို ရောက်ဖို့ ဘာတွေဖြစ်လို့များ (၆) နှစ်လောက် ကြာအောင် မောင်းနေခဲ့ရသလဲ” ဟူ၏။
ဤအရွှန်းဖောက် နှုတ်ဆက်စကားလေးကို ကြားရတော့ ကြားကြားရခြင်းတွင် ပြုံးမိသည်။ နောက် ရင်ထဲဆို့သွားအောင် စိတ်မကောင်းဖြစ်မိသည်။
ထိုနှုတ်ဆက်စကားလေးအား အသေအချာ ပြန်လည်စေ့ငုံမိသောအခါ တွေးစရာ၊ စဉ်းစားစရာလေးများ အစီအရီ ခေါင်းထဲ ၀င်လာသည်။
မှန်ပါသည်။ မည်သို့သော အကြောင်းများက ဤတိုတောင်းလှသော ခရီးလေးအား အလွန်ရှည်လျားလှသော ခရီးဖြစ်စေခဲ့သနည်း။
ဦးကြည်မောင်ကဲ့သို့ပင် ကျွန်ုပ်တို့ ပြည်သူများ၊ ကျောင်းသားများသည် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် ပဋိသန္တာရ စကားအား ကြားနာရန် ခရီးဆက်ခဲ့ကြသည်မှာ (၃)နှစ် နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ နောက်ထပ် မည်မျှကြမည်ကိုကား မည်သူမှ မသိ။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျွန်ုပ်တို့ ပြည်သူတရပ်လုံး ဒီမိုကရေစီ တံခါးအားခေါက်ရန် ချီတက်နေကြသည်မှာ ၁၈ နှစ် နီးပါးမျှပင် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။
မည်သို့သော အကြောင်းအရာများက ကျွန်ုပ်တို့၏ ခရီးအား ရှည်လျားစေခဲ့သနည်း။
မည်သို့သော အကြောင်းခြင်းရာများက ကျွန်ုပ်တို့အား တုံ့နှေးစေခဲ့သနည်း။
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်… (သို့မဟုတ်) အသိပညာ…
ကျွန်ုပ်တို့၏ ဗျူဟာ… (သို့မဟုတ်) ပါဝင်မှု….
ကျွန်ုပ်တို့၏ ညီညွတ်မှု… (သို့မဟုတ်) ခိုင်မာမှု၊ ယုံကြည်မှု…. စသဖြင့်။
ဒေါ်အောင်ဆန်းစုကြည်၏ ခြံတံခါး…
ဒီမိုကရေစီမုခ်ဦးတံခါး….
ထိုတံခါးတို့ကို ကျွန်ုပ်တို့လက်များဖြင့် ခေါက်၍ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်စကား…. ပြီးတော့ ဒီမိုကရေစီ ငှက်ကလေး၏ တေးသီကျူးသံတို့ကို ကြားရဖို့ တံခါးတွေ ကျွန်ုပ်တို့ဆီ လာတဲ့အထိ စောင့်ကြမလား…. တံခါးတွေဆီကို ကျွန်ုပ်တို့ မြန်မြန်ဆန်ဆန် သွားကြမလား…..
-ရဲရင့်-

1 comments:

ဟုတ်ပါတယ် ကျွန်တော်တို့ဘယ်နေရာမှာ ရှိနေသလဲ ဘာလုပ်နေသလဲ ကသိပ်အရေးကြီးပါတယ်.. ဘယ်သူတွေကဘာတွေပဲလုပ်နေတယ်.. သူမကောင်းဘူး ငါမကောင်းဘူးပြောရမယ့်အချိန် မဟုတ်တော့ဘူး.. ကိုယ့်သဘောထားကို ကိုယ်ကိုတိုင် ပြောင်းရမယ်ဆိုတာကိုမီးမောင်းထိုးပြထားတာပါ.. အားလုံးသတိချပ်သင့်ပါတယ်...
Post a Comment