“အောက်မေ့သတိရခြင်း”

Share |
မနေ့က ရဲစခန်းမှ ဖုန်းဆက်လာသည်။ ပြီးခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးအတွင်း ရဲခွင့်ပြုချက်မပါဘဲ ဆန္ဒပြသည့်အတွက် ရဲစခန်းသို့ စစ်ဆေးမေးမြန်းခံရန် လာရောက်ဘို့ ချိန်းဆိုခြင်း။

ကုလသမဂ္ဂအဖွဲ့ဝင် ဒီမိုကရေစီ အမည်ခံနိုင်ငံတခု၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ လူ့အခွင့်အရေး များဖြစ်သည့် လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပိုင်ခွင့်ကို ကျင့်သုံးမိသည့်အတွက် ရဲက ခေါ်ယူစစ်မေးဘို့ ဆင့်ခေါ်ခြင်းမှာ အတော်ပင် ထော်လော်ကန့်လန့်နိုင်သော ကိစ္စတရပ် ဖြစ်သည်။

မနေ့က သောကြာနေ့ညနေခင်း။ ညဘက်တွင် ချစ်ဇနီးနှင့်အတူ ညစာစားရင်း အထိမ်းအမှတ်ပွဲတခု ဆင်နွှဲရန် စီစဉ်ထားသည့် ညနေခင်း။ ကြိုတင်မျှော်လင့်ပြီးသား ကိစ္စတခုပင် ဖြစ်သော်ငြား ရဲစခန်းမှ ဖုန်းဆက်လိုက်သော အချိန်တွင်မတော့ ကနဦးက ကြည်နူးနေသော စိတ်သည် အတန်ငယ် နောက်ကျုသွားလေသည်။ သည်ကိစ္စ အတွက် နောက်အပတ်တွင် ခွင့်တရက် ယူရပေဦးတော့မည်ဟုလည်း စိတ်ရှုပ်သွားမိသည်။

သို့သော် ညစာစားရင်း ဒေါ်အောင်ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်းတင်၊ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ၊ မစုစုနွေး၊ ကိုထင်ကျော်၊ ကျူရှင်ဆရာ ဦးအောင်ဖေ အစရှိသည့် အကျဉ်းချခံနေရသူများ၊ နယ်စပ်တွင် တောထဲ တောင်ထဲ၌ ပင်ပန်းဆင်းရဲခံကာ တိုက်ပွဲဝင်နေသော ကျောင်းသားတပ်မတော်မှ ညီအကိုများ၊ ပြည်တွင်းတွင်ရော၊ ပြည်ပတွင်ပါ မိသားစု တကွဲတပြားစီနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘ၀တခုလုံး ပေးဆပ်ကာ အနစ်နာခံ ကြိုးပမ်းနေကြသော ကြီးမြတ်သော သူရဲကောင်းများ၏ အကြောင်းများကို တွေးမိ၊ ပြောမိကြသောအခါ ကျနော်၏ ရဲစခန်းသို့ သွားရမည့် ကိစ္စမှာ အရေပြားပေါ်မှ ခြင်ကိုက်ဖု မျှလောက်သာ ကြီးကျယ်လေတော့သည်။ တဆက်တည်းမှာပင် မိတ်ဆွေတဦး၏ လက်သုံး စကားကိုလည်း ပြေးသတိရမိသည်။ သည်ပုဂ္ဂိုလ်ကလေးက ပြဿနာတွေ ကြုံတွေ့တိုင်း “ဒါတွေက ကျနော်တို့ ကျော်ဖြတ်ရဦးမယ့် အရာတွေဘဲ” ဟု ခပ်ပြုံးပြုံးဖြင့် ပြောကာ ပြဿနာကို ဖြေရှင်းဘို့ ကြိုးစားတတ်သူ။

ယခု နှစ်သစ်အခါသမယနှင့် လွတ်လပ်ရေးနေ့ အခါသမယတွင် ကျနော် ထူးထူးခြားခြား ရှေးဦးစွာ သတိရမိသူများကတော့ အထက်ကပြောခဲ့သည့် ကျနော်တို့ ချစ်ခင်လေးစားရသော မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် သူရဲကောင်းများနှင့် ပြည်တွင်းပြည်ပက ရဲဘော်ရဲဘက်များအားလုံးကို အထူးသတိရမိပါသည်။

ကျနော်တို့ ကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓသည် ကိုယ်တိုင် သစ္စာတရားကို ရှာဖွေသိမြင်သူဖြစ်သည်။ သံသရာမှ လွတ်မြောက်သူလည်းဖြစ်သည်။ သူတပါးကိုလည်း သစ္စာတရားကို သိမြင်လာအောင်၊ သံသရာမှ လွတ်မြောက်အောင် လမ်းပြတတ်လေသည်။ ထိုသို့ သတ္တ၀ါဝေနေယျအပေါင်းကို ကယ်တင်လိုသော ဆန္ဒကြောင့် လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဖြည့်ဆီးခဲ့ရသည်ဟု မှတ်သားရဘူး၏။ ဗုဒ္ဓ၏ မဟာဂရုဏာတော်နှင့် မေတ္တာတရားကား မှန်းဆ၍မရအောင် ကြီးမားလှပါပေသည်။

ယခုအခါ ကျနော်တို့ ချစ်ခင်လေးစားအပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းကျခံ နေရသော ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူအပေါင်းသည်လည်း ခန္ဓာကိုယ်အားဖြင့် (စစ်အစိုးရ၏)အကျဉ်းချခြင်းခံနေရသော်ငြား သူတို့၏ စိတ်ဓါတ်မှာမူ လွတ်မြောက်နေ ကြသူများ ဖြစ်ကြသည်။ စစ်အစိုးရသည် သူတို့၏ လွတ်လပ်သောစိတ်ဓါတ်၊ လွတ်လပ်သော အတွေးကို နှောင်ကြိုးတည်းရန်မူကား တတ်နိုင်သည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထိုသူရဲကောင်းအပေါင်းတို့သည် သစ္စာတရားကို ချစ်မြတ်နိုးသူများဖြစ်ကြလေသည်။ ထို့ပြင် သူတို့သည် သူတို့ လွတ်မြောက်သကဲ့သို့ပင် သူတပါးအား လွတ်မြောက်အောင် စွမ်းဆောင်နေကြသူများ ဖြစ်သည်။ သူတို့၏ စွန့်လွှတ်ခြင်း၊ မေတ္တာတရားနှင့် ဂရုဏာတရားမှာလည်း ကြီးမြတ်လှပါပေသည်။

နှစ်သစ်အခါသမယမှစ၍ မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူ အားလုံး ကျန်းမာပျော်ရွှင် စေကြောင်း၊ ဘေးဘယာဝေးကွာစေကြောင်းကို မေတ္တာပို့သလိုက်ပါသည်။

ထို့နောက် ဒုတိယ အနေဖြင့် သတိရမိသူများကတော့ မြန်မာပြည်သူပြည်သားများဖြစ်ပါသည်။ ဘတ်စ်ကား တိုးစီးရသော ဒုက္ခ၊ မီးပျက်သောဒုက္ခ၊ ရေမလာသောဒုက္ခ၊ ကုန်ဈေးနှုန်းမြင့်တက် သောဒုက္ခ စသည်တို့ကစ၍ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က ချွတ်ခြုံကျလေသမျှကို နေ့စဉ်နေ့တိုင်း ခါးစည်းခံနေရသော ပြည်သူလူထုကို အထူးပင် ဂရုဏာသက်ကာ သတိရမိပါသည်။ ယခု နှစ်သစ်မှစ၍ မြန်မာပြည်သူ အပေါင်းတို့ ပျော်ရွှင်ကျန်းမာစေကြောင်း၊ ဘေးဘယာဝေးကွာစေကြောင်း မေတ္တာပို့သ လိုက်ပါသည်။

အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

6 comments:

ကလူသစ် said...

ရွှေမျက်နှာတော် မော်ဖူးချင်လို့ ခေါ်တာနေမှာပါ။ ခွင့်လွှတ်လိုက်

Anonymous said...

နှစ်သစ်ကူးသော်...
ရည်မျှော်တမ်းတ
လွမ်းလှပါသည်
နှလုံးသားထဲက မြန်မာပြည်...။

ငှက်သွင် တခဏ
ဖြစ်ခွင့်ရလျှင်...
'အမေ့' ပြူတင်းနား
ကွန်းခိုနားကာ
နှူတ်ဆက်တေး သီကျူးချင်သည်...။

pandora said...

နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြဖို့ အတူဆုတောင်းလိုက်ပါတယ်။
အလုပ်များလို့ ခဏပျောက်နေချိန်မှာ မပျက်မကွက် လာလာအားပေးတဲ့အတွက် ပေါ မိသားစုကို ကျေးဇူးတင်ပါကြောင်း။

Anonymous said...

အတူတူပါပဲ ကိုပေါရေ။ ကျွန်မလည်း တအားအလုပ်များလို့ ချက်ချင်းမလာနိုင်ဘူး ပြောတာတောင် ဖုန်းက တဂွမ်ဂွမ်ဆက်နေတာ နားငြီးလို့ မကိုင်တော့ဘူး။ စိတ်လည်းကုန်ပါ့ ။ ဒီရဲတွေနဲ့ တွေ့နေရတာကိုက စိတ်မရှည်တာ။ အချိန်သိပ်မပေးနိုင်တာလဲ ပါတာပေါ့။ ဒါပေမယ့်လည်း မြန်မာပြည်မှာ အများကြီးပေးဆပ်နေတဲ့ မျိုးချစ်တွေ ဘုန်းဘုန်းတွေအကြောင်း စဉ်းစားလိုက်တော့လည်း စိတ်ထဲမှာ အသေးအမွှားလေးဖြစ်သွားပါတယ်။ ချစ်လှစွာသော ဒီရဲတွေနဲ့ ပြန်လည်ဆုံတွေ့ကြရမှာပေါ့။

pandora said...

ပျောက်နေပါလား
အသစ်ကိုရှာ ဘယ်မှာမတွေ့

ကိုပေါ said...

ကလူသစ်...ကျနော်သွားအဖူးခံပြီးသွားပြီဗျ....

အမည်မသိရေ....ကဗျာလေးအတွက် ကျေးဇူးပါ။

မလင်းလက်ရေ......ကျနော်တို့ ကျော်ဖြတ်ရဦးမယ့် အရာတွေပေါ့ဗျာ။

ပန်ဒိုရာရေ......လာလည်တဲ့အတွက် ကျေးဇူးပါ။ ကျနော့်ဆီမှာ ပို့စ်မတင်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကအထိတော့ ဘလော့ဂ်တွေမှာ လည်ပတ်ဖတ်ရှုဖြစ်ပါတယ်။ ကျနော် စာရေးနိုင်အောင် အားထုတ်နေပါတယ်။

လာလည်ကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ ပို့စ်အသစ်တင်ဘို့ လုပ်နေပါတယ်ဗျိုး။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs