ကျနော့်အချစ်ကို သူမက စတင်လက်ခံလိုက်ခြင်း၏ နှစ်ပတ်လည်နေ့ဖြစ်သည်။
လွန်ခဲ့သည့် ရှစ်နှစ်က ကျနော်သည် သူငယ်ချင်းများနှင့် အတူ West Coast Rise တွင် အိမ်တလုံးငှား၍ စုနေဖြစ်သည်။ သူမက ဗမာပြည်မှာ။ ကျောင်းမှာဘဲ ဆရာမ ၀င်လုပ်နေဆဲ။ အဆောင်ဖုန်းကို လူခြေတိတ်မှ ခေါ်ပါဟု မှာထားသဖြင့် တနာရီခွဲစောသော စင်္ကာပူမှ ကျနော်က တော်တော်လေးညဥ့်နက် တဲ့အထိ စောင့်ရသည်။ ကျနော့်တို့အိမ်တွင် လူရှုပ်လှသည်ဖြစ်၍ အိမ်ဘေးနားရှိ ရေကူးကန်လေးမှာ သွားပြောရသည်။ (ဖုန်းပြောလျှင် အငြိမ်မနေ၊ လမ်းလျှောက်ပြော တတ်သော ကျနော့်ထုံးစံအတိုင်း) ရေကူးကန်ကို ပတ်ချာလှည့် လမ်းလျှောက်ရင်း ဖုန်းပြောရသည်။ မှတ်မှတ်ရရ ထိုနေ့က လကလည်း တော်တော်သာနေသည်။
“ကိုကို၊ ၀မ်းသာတော့နော်” တဲ့။
သည်လိုနှင့် ကျနော်တို့နှစ်ယောက် ချစ်သူတွေဖြစ်လာခဲ့သည်။
ကျနော့်ချစ်သူသည် သဘာဝ ပတ်ဝန်းကျင်နှင့် ငှက်ကလေးများကို ချစ်တတ်သူဖြစ်သည်။ သွားရင်းလာရင်း ငှက်ကလေးများကိုတွေ့လျှင် စိတ်ဝင်တစား လိုက်လံကြည့်ရှုတတ်သည်။ ကင်မရာပါလျှင် စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်ယူတတ်သည်။ တယ်လီဗီးရှင်းတွင် လိုင်းများ တခုကနေ တခု ပြောင်းရင်း လိုင်းတခုခုမှာ ငှက်ကလေးများအကြောင်း လာနေသည်ကိုတွေ့လျှင် ထိုလိုင်းကိုဘဲ ဆက်ကြည့်ဘို့ ပူဆာတတ်သည်။
တခါတခါကျတော့ ကောင်းကင်တွင် အပူအပင်ကင်းစွာ၊ လွတ်လပ်စွာ ပျံသန်းသွားသော ငှက်ကလေးများကို ကြည့်ပြီး၊ “ ချစ်လေးတော့ နောက်ဘ၀ကျရင် ငှက်ကလေးဘဲ ဖြစ် ချင်တယ်။ ကိုကိုရောဟင်” သည်လိုမေးတတ်သည်။
ထိုအခါ ကျနော်မည်သို့ ပြန်ဖြေသည် ထင်သနည်း။
“ချစ်လေး ငှက်ကလေးဖြစ်ရင် ကိုကိုက နွားကျောင်းသားလေး ဖြစ်ချင်တယ်။”
(ကျနော့်တွင် ရှိသော မကောင်းသော ဉာဉ်တမျိုးမှာ အကျီစားသန်ခြင်းဖြစ်သည်။)
ကျနော်က ဒါလောက်နဲ့ မပြီးသေး။
“နွားကျောင်းသားငယ်၊ ကျော့ကွင်းကိုတည်၊ ဘယ်...ဘယ်ကိုရယ်နှက်၊ လည်ပင်းအထက် ခေါင်းကိုနှက်လို့၊ ဘယ်...ဘယ်ကိုရယ်ခွဲ၊ ရင်ကိုခွဲလို့၊ ရှားမီးခဲတွင် ရဲရဲကင်” ဆိုတဲ့ ကဗျာလေးကို ဆက်ဆိုတတ်တာမျိုးဆိုတော့ ကျနော်ဟာ ဘယ်လောက်ထိ မကောင်းတဲ့သူလည်း စဉ်းစားသာကြည့်ကြပေတော့။
ဘာဘဲဖြစ်ဖြစ် သူမက ကျနော့်ကို ဘယ်ကိစ္စနှင့် ပတ်သက်၍မှ စိတ်မဆိုးတတ်ပါ။ ရယ်မောခွင့်လွှတ်တတ်သည်။ ကျနော်ကသာ မကြာခဏ ဒေါသထွက်တတ်၊ စိတ်ဆိုး တတ်၊ စိတ်ကောက်တတ်လေသည်။ (တနင်္ဂနွေသားလေ။ ဆံပင်ရော၊တင်ရော၊ စိတ်ရော အားလုံးကောက်တယ်။) ဒါပေမယ့် ကျနော့် ဒေါသကလည်း တခဏပါ။ ခဏ နေရင် ပြန်ကောင်းသွားရော။
သြော်... အခုတော့ နှစ်တွေလည်း ရှည်ကြာလာခဲ့ပြီ။ ယခုဆိုလျှင် ကျနော်တို့နှစ်ယောက် အကြား သံယောဇဉ်ကို ပိုမိုခိုင်မာစေမည့် ခြောက်နှစ်အရွယ် သမီးလေးတဦးလည်းရှိပြီ။ မိသားစုအသေးစားလေးတခု ဖြစ်လာပြီ။ ကျနော်ငယ်ရွယ်စဉ် ကတည်းက စိတ်ကူး ယဉ်ဘူးသော မိသားစုလေးမျိုး။ နှစ်ဦးသား အမှတ်တရများအပြင် မိသားစု အမှတ်တရ များကိုလည်း ပိုင်ဆိုင်ခဲ့ရပြီ။
ကျနော် တက္ကသိုလ်ကျောင်းသားဘ၀က အတန်းထဲတွင် သူမအား သီချင်းလေးတပုဒ် ပေးမည်ပြောကာ ထိုစဉ်က မပေးဖြစ်ခဲ့။ Carpenters အဖွဲ့ရဲ့ Close to you သီချင်း လေးမှ အဖွင့်စာသားလေးအား နှစ်ပတ်လည် အမှတ်တရအဖြစ် ပို့စ်အဆုံးသတ်တွင် ဖော်ပြလိုက်ပါသည်။
“Why do birds suddenly appear
Every time you are near?
Just like me, they long to be
Close to you……………………….”

7 comments:
နေ့စွဲလေးတွေ အလွတ်ရနေတာကိုက ငှက်ကလေးတွေကို ချစ်တတ်တဲ့ကောင်မလေးကို ဘယ်လောက်များ အလေးအနက်ထားချစ်သလဲဆိုတာ သက်သေပြနေတာပေါ့။ ချစ်တတ်တဲ့ sweet familyလေး ချစ်သက်တမ်းရှစ်နှစ်မှသည် နောင်နှစ်ပေါင်း ရာထောင်သောင်းတိုင်အောင် အချစ်တွေတိုးလို့ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ။ (မှတ်မိနေသေးတယ်...လွန်ခဲ့တဲ့ရှစ်နှစ်က ကဗျာတွေစာတွေရေးဖွဲ့တတ်တဲ့၊ လူမှူရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်တတ်တဲ့၊အလွန်အားနာတတ်တဲ့ ကောင်လေးက အတန်းတူQueenဘွဲ့ရထားတဲ့၊စပယ်ပွင့်လေးလို ဖြူဖွေးသန့်စင်တဲ့၊ အသံချိုချိုလေးနဲ့ ကောင်မလေးဆီက အဖြေရလို့ဆိုပြီး အရမ်းဈေးကြီးတဲ့ seafoodဆိုင်မှာ ကျွေးခဲ့တုန်းက အားရပါးရဝါးခဲ့ရတာကို လွမ်းနေတုန်း...နှစ်ပတ်လည်ကျွေးဖို့ရှိရင် လက်တို့လိုက်ဦးနော် ကိုကိုနဲ့ချစ်လေး)
လွန်ခဲ့တဲ့ ၈နှစ်က ကောင်မလေးတယောက် တော်တော်ကံဆိုးသွားခဲ့တယ်ပေါ့.... :)
ကိုကို နဲ့ ချစ်လေးဆိုတော့ ရင်တွေတောင်ခုန်သွားတယ်၊ ဒီလိုမျိုး အပျိုကြီးတွေ မျက်စိရှက်အောင် မရေးရဘူးလေ ..အဟီး
Happy anniversary bro and sis
အော် ဂလိုလဲ ရေးတတ်သကိုး..
အားကျမခံ မင်္ဂလာ သက်-- နှစ်ပြည့်တဲ့အခါ ရေးဦးမယ် ..
တကထဲ သူတို့ချည်းပဲ ချစ်တတ်သလားလို့....
တန်ခူးရေ.........ပထမ နှစ်ပတ်လည်ကစပြီး သူများဆီမှာဘဲ လိုက်စားတော့တယ် ဟီး။ နောက်တာပါ။ မှတ်မှတ်ရရ တခါတော့ ထပ်ကျွေးပါဦးမယ်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။
ကလူသစ်.......မှန်တိုင်းမပြောရဘူးလေ...ဟင်း...ဟင်း။
နေနေ....... အပျိုကြီးရေ...အံမယ်....အံမယ်....မလှိမ့်တပတ်နဲ့....သားသားဘလော့ဂ်ပေါ်မှာလာပြီး အပျိုကြီးဖြစ်ကြောင်း ကြော်ငြာထိုးနေတယ်ဗျိုး။ အပျိုကြီးအကြောင်း ဆောင်းပါးရေးလိုက်ရမလားဟင် ငှဲငှဲ။
မခင်မင်းဇော်.....ဟဲဟဲ....ဂလိုရေးဖြစ်သွားတာက လွမ်းမိတယ်မောင် သည်ပန်းတောင် မှာ ကွင်းစကွင်းပိတ်ကလေးနဲ့ (အဲလိုလည်း ပြောထားဦးမှ) ဆိုတာလေးက အကြံရသွားတာပါဗျာ။ ကမင်းကြည်လည်း ရေးတတ်ပါတယ်။
ကိုပေါရေ ခုတလော ဘလော့ဂ်တွေ လည်မဖတ်ဖြစ်လို့။
အချစ်နှစ်ပတ်လည်နဲ့ တွေ့သွားတယ်။
မဒမ်ပေါနဲ့ ကိုပေါတို့ မိသားစုလေး နှစ်တစ်ရာတိုင် အချစ်မပြယ် တိုးလို့တိုးလို့သာ ရစ်ပတ်နှောင်တွယ်လို့
အေးချမ်းပျော်ရွှင်ကြပါစေနော်။
Post a Comment