(ဆရာဖေမြင့်၏ ဘ၀ ဒဿန ရသစာများ မှ ကောက်နှုတ်ဖော်ပြသည်။)
“မျက်စိလည်းမမြင် နားလည်း မကြားသူအတွက် မျှော်လင့်ချက်ဟူသည်မရှိတော့။ နက်ရှိုင်းသော အမှောင်ထုနှင့် ကြီးမားလေးလံသော တိတ်ဆိတ်မှုအောက်တွင် အားကိုးရာမဲ့စွာ ပျက်သုဉ်းပျောက်ကွယ်သွားရမည် ဖြစ်၏။
မျက်မမြင် နားမကြားသူများနှင့် ပတ်သက်လျှင် ယေဘုယျအားဖြင့် သည်သဘောအတိုင်းပင် မှတ်ယူကြစရာ အကြောင်းရှိပါသည်။
သို့သော် လူ့လောက၌ သက်ရှင်ရပ်တည်ရန်ပင် မဖြစ်နိုင်လောက်အောင် နွမ်းပါးနိမ့်ကျလှသည့် နှစ်ထပ်ကွမ်း ဒုက္ခိတဘ၀မှ တစ်ကမ္ဘာလုံး လေးစားရ အံ့သြချီးမွမ်းရသည့် ဧရာမ ပုဂ္ဂိုလ်ထူးဘ၀သို့ တက်လှမ်းနိုင်ခဲ့သော အမျိုးသမီးကြီး တစ်ယောက်ရှိသည်။
သူ့အမည်က ဟယ်လင်ကဲလား (Helen Keller) ဖြစ်သည်။
သူမကို အမေရိကန်ပြည်ထောင်စု အယ်ဘားမား ပြည်နယ် တပ်စ် ကမ်ဘီယာမြို့ကလေးတွင် ၁၈၈၀ ခုနှစ်က မွေးသည်။ အသက် တနှစ်ခွဲခန့်တွင် ဦးနှောက်အာရုံကြောများ ထိခိုက်သည့် အဖျားရောဂါတခုကြောင့် အမြင်အာရုံရော အကြားအာရုံပါ လုံးဝပျောက်ကွယ်သွားခဲ့သည်။
နားမကြား၍ ဆွံ့အ ရသူသည် Lip reading ခေါ် နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ဖတ်သောနည်းဖြင့် သူတပါးစကား ကို နားလည်နိုင်၏။ ဆရာ၏ အာလျှာနှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ကာ စကားပြောတတ်အောင် သင်ယူနိုင်၏။ မျက်စိမမြင်သူသည်လည်း အကြားအာရုံဖြင့် လောကကို ခံစားနားလည်နိုင်၏။ စကားအလွယ် တကူတတ်၏။ လက်ဖြင့် စမ်းသပ်ဖတ်ရှုရသည့် မျက်မမြင် စာဖတ်နည်း (Braille System)ကို သင်ယူကာ စာရေးစာဖတ်နိုင်၏။
မျက်စိလည်းမမြင် နားလည်းမကြားသူအားမူ စာသင်ပေးရန် (၀ါ) လောကကြီးကို အဓိပ္ပါယ်ဖွင့်ပေးရန် လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲသွားလေသည်။
သို့သော် ထိုကြားထဲမှပင် ဟယ်လင်ကဲလားသည် သူမ၏ ကြံ့ခိုင် ပြည့်ဝသော စိတ်ဓါတ်၊ စေတနာရော ပါရမီပါထူးကဲလှသည့် ဆရာမ၊ သူ့အပေါ် သံယောဇဉ်နှင့် မေတ္တာတရားကြီးမားလှသည့် မိဘ၊ မိတ်သင်္ဂဟများ၏ ကျေးဇူးတို့အားဖြင့် စကားပြောနိုင်ခဲ့သည်။ စာတတ်မြောက်ခဲ့သည်။ တက္ကသိုလ်မှ အဆင့်မြင့် ဘွဲ့ထူးဂုဏ်ထူးများ ရရှိခဲ့သည်။ စာအုပ်စာတမ်း ကျမ်းဂန်များ ပြုစုနိုင်ခဲ့သည်။ ထို့ပြင် ကမ္ဘာအနှံ့အပြားရှိ တပန်းရှုံးသော ဘ၀တွင် နေရသူ ဒုက္ခိတများအတွက် ကူညီစောင့်ရှောက်သော လုပ်ငန်းများကို သေတပန် သက်တဆုံး လုပ်သွားနိုင်ခဲ့ပေသည်။”
အထက်ပါ စာပိုဒ်များသည် ဟယ်လင်ကဲလား Helen Keller ၏ Teacher ကို ဆရာဖေမြင့် ဘာသာပြန်သော ဟယ်လင်ကဲလား၏ “ဆရာမ” စာစု နိဒါန်းမှ ကောက်နှုတ်ချက် ဖြစ်သည်။ “ဆရာမ” စာစု အပြည့်အစုံကို ဖေမြင့် ရေးသားသော ဘ၀ ဒဿန ရသ စာများ စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ ထိုစာအုပ်မှာ ကျနော် ကြိုက် နှစ်သက်သော စာအုပ်များတွင် တအုပ်အပါအ၀င် ဖြစ်လေသည်။ (စင်္ကာပူတွင် နေထိုင်သူများ ပင်နင်ဆူးလားရှိ မြန်မာ စာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။) ဤပို့စ်တွင်မူ ကျနော်သည် လိုအပ်သော နေရာများကိုသာ ထုတ်နှုတ်ဖော်ပြပါမည်။
ဟယ်လင်ကဲလားတယောက် အကြားနှင့် အမြင်အာရုံများကို ဆုံးရှုံးလိုက်ရပြီးနောက် သူမ၏ အသိဉာဏ်ဖွံ့ထွားမှုလည်း ရပ်ဆိုင်းသွားသဖြင့် သူမ၏အိမ်ကို လာလည်ကြသူများက သူမအား ကျပ်မပြည့်သူဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် ထိုစဉ်က သူမ၏အခြေအနေကို သူမက ဤသို့ရေးသည်။
“မပီကလာ စကားလေး တစ်ခွန်းနှစ်ခွန်း တဖြည်းဖြည်း ဆွံ့ရှားပျောက်ကွယ်ပြီး သိစိတ်အာရုံကလည်း အမှောင်ထုနှင့် တိတ်ဆိတ်မှုကြီးထဲတွင် နှောင်တည်းခံလိုက်ရသည်။ အသက်အလျောက် ကြီးထွားလာနေသည့် ကျွန်မ၏ ခန္ဓာကိုယ်သည် သတ္တ၀ါ၏ အလိုအလျောက် တုံ့ပြန်မှုယန္တရားများဖြင့်သာ အဓိက ထိန်းချုပ်အုပ်စိုးထားသကဲ့သို့ ရှိနေရာ အခြားသူများ၏ အထင်အမြင်ကိုလည်း အပြစ်မဆိုသာပါချေ။
ကျွန်မ၏ သိစိတ်အာရုံကို တစ်ဖန်ပြန်၍ လွတ်လပ်ခွင့်ပေးခဲ့သောအရာသည် ကံကြမ္မာမဟုတ်။ ပါရမီထူးလှသည့် မွေးရာပါ ဆရာမတစ်ဦးဖြစ်သည် အင်နီဆာလီဗန်သာဖြစ်သည်။
အင်နီကား ကျွန်မဖတ်ဖူးသည့် စာအုပ်အချို့တွင် ပါတတ်သည့် ဆရာမကြီးမျိုးမဟုတ်။ သွက်လက်ထက်မြက် သော အမျိုးသမီးငယ်တစ်ယောက်သာ ဖြစ်ပြီး၊ သူမ၏ စိတ်အာရုံကမူ ကျွန်မတည်းဟူသော မျက်မမြင် နားမကြား သတ္တ၀ါမလေးအား သာမန်လူအများနည်းတူ ဘ၀ကို ပြည့်ပြည့်၀၀ ခံစားခွင့်ရသူတစ်ယောက် ဖြစ်လာအောင် မည်သို့ ပုံသွင်းဖန်တီးလိုက်မည်ဟူသော စိတ်ကူးရည်မှန်းချက်များဖြင့် အမြဲ လှုပ်ရှားတက်ကြွ လျက်ရှိသည်။
အလွန်မြင့်မြတ်သော စိတ်စေတနာဖြင့် ရောက်ရှိလာခဲ့သူ အင်နီအဖို့ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာက ကြီးလွန်းလှသည်။ ဘာအနက်အဓိပ္ပါယ်မှ ကျွန်မ ဖော်မရနိုင်သည့် စကားလုံးများကို ကြေးနန်းရိုက်သလို ပုံစံမျိုးဖြင့် ကျွန်မလက်ကလေးထဲသို့ အကြိမ်ကြိမ် အထပ်ထပ် စားလုံးပေါင်းပြီး ထည့်ပေးသည်ကို ကျွန်မ အမှတ်ရမိပါသည်။
အစပိုင်းမှာ သူကြိုးစားသမျှအတွက် ဘာရလဒ်မျှ မမြင်ခဲ့ရ။ သူ ကျွန်မကို စာသင်ပေးနေတာပဲဟူ၍ လုံးဝ သဘောမပေါက်နိုင်ခဲ့။ သို့သော် သူမရောက်ပြီး တစ်လခန့်အကြာ မှတ်မှတ်ရရ ၁၈၈၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ ကျွန်မ၏ သိစိတ်အတွင်းသို့ “ရေ” ဟူသော စကားလုံးဖြင့် ဆရာမ စတင် ထိုးဖောက် ၀င် ရောက်နိုင်ခဲ့သည်။
ထိုနေ့က ရေဘုံဘိုင်မှာ ကျွန်မ မတ်ခွက် တစ်ခုဖြင့် ရေခံရသည်။ အင်နီက ရေကျအောင် မောင်းတံကို ဆွဲသည်။ ခွက်ကိုင်ထားသော လက်ပေါ် ရေတွေ ဒလဟော စီးကျလာနေစဉ် ကျွန်မ၏ အခြားလက် တစ်ဖက်ထဲသို့ သူက “ရေ” (W.A.T.E.R)....ဟူသော စကားလုံးကို အကြိမ်ကြိမ် စာလုံးပေါင်းပြီး ထည့်ပေး သည်။
ရုတ်တရက် ကျွန်မ သဘောပေါက်သွားသည်။ ၀မ်းသာလှိုက်လှဲစိတ်ဖြင့် အင်နီ့လက်ကို ကျွန်မ တအား ဖမ်းဆုပ်ထားလိုက်မိသည်။ နေမကောင်းဖြစ်ပြီးသည့်နောက်ပိုင်းတွင် ကျွန်မအဖို့ ပထမဆုံးအကြိမ်အဖြစ် တကယ် ၀မ်းသာကြည်နူးရခြင်းဖြစ်သည်။ သည့်နောက်တွင်တော့ ကျွန်မ ထိမိကိုင်မိသည့် အရာမှန်သမျှကို စကားလုံးလေးများဖြင့် အဓိပ္ပါယ် ဖော်ပေးရန်သာ ကျွန်မ ဆက်၍ဆက်၍ တောင်းခံနေမိတော့သည်။
အင်နီ့လက်ကလည်း အမြဲအဆင်သင့်။ အင်နီ၏ လက်မှသည် ကျွန်မလက်ဆီသို့.....အဓိပ္ပါယ်ကြယ်ပွင့်လေးတွေ လင်းပြက် ၀င်ရောက်ခဲ့သည်။ သူနှင့် ကျွန်မအကြား ချစ်ခင်မြတ်နိုးမှုတစ်ရပ် အံ့သြဖွယ် လျှင်မြန်စွာ ပေါက်ဖွားခဲ့သည်။
ရေဘုံဘိုင်မှ အိမ်သို့ အပြန်လမ်းတွင် ကျွန်မတို့ နှစ်ယောက်လုံး ၀မ်းသာပီတိတွေဖုံးကာ “ဟယ်လင်”....“ဆရာမ” ဟူ၍ တစ်ယောက်ကို တစ်ယောက် ထပ်တလဲလဲ အပြန်အလှန် ခေါ်ဝေါ်နေမိကြတော့သည်။
ထိုအချိန်က စတင်သိကျွမ်းခွင့် ရလိုက်သည့် စကားလုံးကလေးများသည် ပထမဆုံး နေခြည်က ဆောင်းတွင်း ဆီးနှင်းများကို အရည်ဖျော်ချလိုက်သည့်ပမာ ကျွန်မ“ မသိခြင်း အမှောင်ထုကို ထိုးခွဲဖျော်ချခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်း အမည်နာမများကို သင်ကြားပြီးသည့်နောက် နာမ၀ိသေသနများ၊ ထို့နောက် ကြိယာများကို သိလာရသည်။ အမှောင်ထု လွင့်ပြယ်နှုန်းက ပို၍ လျှင်မြန်လာသည်။ ကျွန်မ ထိတွေ့ရသမျှ အရာအားလုံးပင် ပြောင်းလဲသွားသည်။ ဆရာမ၏ တီထွင် ဖန်တီးတတ်သော လက်များအောက်တွင် ရေ-လေ-မြေတို့ ပို၍ အသက်ဝင် ရှင်သန်လာကြသည်။ လူ့ဘ၀၏ အဓိပ္ပါယ် အနှစ်သာရတွေ ကျွန်မအပေါ် ဒလဟော သွန်ဖြာကျလာသည်။”
.....................................................................................................
ဤသည်မှာ အင်နီက ဟယ်လင်အား အစပိုင်းတွင် သင်ကြားပြသခဲ့ခြင်းများဖြစ်သည်။ သည့်နောက်ပိုင်းတွင်တော့ ဟယ်လင်တယောက် ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်အောင်၊ စကားပြောတတ်လာအောင်အထိပါ အင်နီက ဇွဲလုံ့လဖြင့် သင်ကြားခဲ့ပုံများမှာ အင်မတန်စိတ်ဝင်စားဘွယ်ကောင်းသည်။ အင်နီ၏ ဇွဲလုံ့လနှင့် အနစ်နာခံမှုကို သိသာစေရန် အနည်းငယ် ထပ်မံ ကောက်နှုတ်ပြရလျှင်....
“ အသက် ၁၆ နှစ်ပြည့်ချိန်၌ ကျွန်မ တက္ကသိုလ် တစ်ခုခုသို့ တက်ရောက် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့သည်။ အခြားသော မျက်စိမြင်သူ နားကြားသူ ရွယ်တူမိန်းကလေးများနှင့်အတူ ယှဉ်ပြိုင်၍ တက္ကသိုလ်ပညာရှာမှီးလိုစိတ်များ ကျွန်မ ပြင်းပြထက်သန်ခဲ့သည်။
ကျွန်မ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ အခက်အခဲများကို ဆရာမ မည်မျှအထိ ခါးစည်းရင်ဆိုင်ခဲ့ပုံကို ယနေ့ ပြန်ပြောင်းစဉ်းစားမိတိုင်း ကျွန်မ လေးစားအံ့သြမဆုံးအောင် ဖြစ်မိရသည်။
တက္ကသိုလ်အကြိုအဖြစ် တက်ရသည့် ဂီးလမင်း မိန်းကလေးများကျောင်းနှင့် နောက်ပိုင်းတက်ရသည့် ရက်ဒ်ကလစ်ဖ် ကောလိပ်ကျောင်းစာသင်နှစ်များအတွင်း တစ်ချိန်လုံးပင် ဆရာမ ကျွန်မနံဘေးမှာ လိုက်ထိုင်ကာ သင်ကြားပို့ချချက် မှန်သမျှကို စာလုံးပေါင်းဖြင့် ကျွန်မလက်ထဲ ပေါင်းထည့်ပေးရသည်။ တက္ကသိုလ် ကျောင်းသုံးစာအုပ်တိုင်းကို ဘရေးလ်(မျက်မမြင်စာ)ဖြင့် ရနိုင်သည် မဟုတ်ရာ၊ ဘရေးလ်ဖြင့် မရှိသည့် စာမှန်သမျှကို ဆရာမကိုယ်တိုင် မျက်စိမကောင်းသည့်ကြားမှ ပင်ပန်းခံကာ ဖတ်ရှုပေးရသည်။
ဆရာမ၏ မျက်စိများက နောက်ပိုင်းတွင် ပို၍ ဆိုးရွားလာခဲ့သည်။ “ငါလဲ ရှေ့ကို တစ်လက်မလောက်တောင် မမြင်ရတော့ဘူး” ဟူ၍ သူတစ်ကြိမ် ဖွင့်ဟပြောဖူးသည်။ သို့သော် သည်ကြားထဲကပင် အားခဲကာ ကျွန်မအ တွက် ရူပဗေဒနှင့် အက္ခရာသင်္ချာဆိုင်ရာ ပုစ္ဆာများကို ဘရေးလ်ဖြင့် ကူးပေးသည်။ ဂဲသြမေတြီဘာသာမှ ပုံများ ကို စက္ကူကတ်ပြားများဖြင့် ပုံဖော်ပြုလုပ်ပေးသည်။
ကျွန်မအတွက် သူ တစ်နေ့တစ်နေ့ စာဖတ်ပေးရသည့် အချိန်မှာ ငါးနာရီ ခြောက်နာရီမျှ ရှိနေရာ၊ သူ့ကို စစ်ဆေးကြည့်ရှုရသည့် မျက်စိကု ဆရာဝန်ကပင် အံ့သြထိတ်လန့်ကာ “ ခင်ဗျားလုပ်ပုံက လုံးဝ အဓိပ္ပါယ်မရှိဘူး မစ္စဆာလီဗန်” ဟူ၍ ပြောဆိုတားမြစ်ခဲ့ဖူးသည်။
သူစာဖတ်ရတာ ခက်ခဲပင်ပန်းလှကြောင်း သိသဖြင့် တစ်ခါတစ်ရံ ကျွန်မသေသေချာချာ မဖတ်မိလိုက်သည့် စာများကိုပါ သူနောက်ထပ် တစ်ခေါက် ဖတ်မနေရစေရန်အတွက် ရပြီးပြီဟူ၍ပင် လိမ်ညာပြောဆိုရတတ်သည်။”

ဟယ်လင်ကဲလား၏ ဆရာမ ကို ဖတ်ရတော့ ကျနော့်မှာ တွေးမိစရာ၊ သတိရစရာတွေ ဖြစ်လာသည်။
မျက်စိမမြင်နားမကြားသူအတွက် အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရန် မလွယ်ကူတော့ဆိုလျှင် မျက်စိပိတ်၊ နားပိတ်ခံနေကြရသော ကျနော်တို့ မြန်မာပြည်သားများအနေနှင့်လည်း အသိအမြင်တွေ ပွင့်လင်းလာဘို့ ခက်ခဲပေလိမ့်မည်။ သို့သော် ကံကောင်းထောက်မစွာ ဟယ်လင်အတွက် ဆရာမကောင်းတစ်ဦးဖြစ်သူ အင်န်ဆာလီဗန်ကို ရသကဲ့သို့ မြန်မာပြည်သူပြည်သားများ၏ နားမျက်စိကိုဖွင့်ပေးမည့် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ရလိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အင်နီဆာလီဗန်ကဲ့သို့ပင် အနစ်နာခံ၍ မဆုတ်မနစ်သောလုံ့လဖြင့် ကျနော်တို့ မြန်မာပြည်သူပြည်သားများတည်းဟူသော မျက်မမြင် နားမကြား သူများအား အကြောက်တရားမှ ကင်းဝေးအောင်၊ မိမိတို့၏ လူ့အခွင့်အရေးများကို သိမြင်လာအောင်၊ မတရားမှုများကို သိလာအောင် သင်ကြားပြသပေးနိုင်ခဲ့သည်။
ဆရာမ (အင်န်ဆာလီဗန်) ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။
“ ဘာဖြစ်သွားဖြစ်သွား အစက ပြန်စ၊ တစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် အသစ်ထပ်လုပ်၊ တဖြည်းဖြည်း ပိုပိုပြီး စွမ်းရည်တက်လာလိမ့်မယ်။ နောက်ဆုံးမှာ တစုံတခု ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ပြီဆိုတဲ့ အနေအထားကို ရောက်ရလိမ့်မယ်။ အဲဒီအောင်မြင်ပြီးမြောက်တဲ့အရာဟာ ကိုယ်မူလ စတင်စဉ်က ရည်မှန်းခဲ့တဲ့အရာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့.....နောက်အချိန်တွေမှာ ပြန်ပြီး သတိရတိုင်း ၀မ်းသာဂုဏ်ယူစရာတစ်ခု ဖြစ်မှာတော့ သေချာတယ်”
ဟူ၍ဖြစ်သည်။
သည်စကားအတိုင်း ဆရာမကိုယ်တိုင် အောင်မြင်မှု မရမီစပ်ကြား၌ မြောက်မြားစွာသော အရေးနိမ့်မှုတို့ကို အန်တုကာ ကြိုးစားအားထုတ်ခဲ့သည် အကြိမ်ပေါင်း ကုဋေကုဋာတို့ကိုကား ရေတွက်ခြင်းငှာ စွမ်းသာလိမ့်မည် မထင်ပါ။

4 comments:
ဟယ်လင်အတွက် ဆရာမရဲ့ W.A.T.E.R ဆိုတဲ့စကားလုံးက အသိဥာဏ်ကို စပြီးဖွင့်ပေးခဲ့တာ ဆိုရင်...
မြန်မာပြည်သားတွေရဲ့ နှလုံးသားထဲထိရောက်အောင် အန်တီ စု ပထမဆုံးပေါင်းပြခဲ့တဲ့ စကားလုံးက D.E.M.O.C.R.A.C.Y လို့တွေးမိပါတယ်။
တန်ဖိုးအရမ်းရှိတဲ့postလေးပါ ကိုပေါရေ။ ဆွဲယူသွားတဲ့ အတွေးလေးက အင်မတန်လှပါတယ်။ ဒီလိုpostမျိုးတွေ များများဖန်ဆင်း နိုင်ပါစေ။ လေးစားလျက်။
မှတ်သားသွားပါတယ် ကိုပေါ
တီဇက်.....အကြောက်တရားမှ ကင်းလွတ်အောင် သင်ပေးတာလည်း ဖြစ်နိုင်ပါသေးသဗျ။
တန်ခူး......သင့်ခ်ယူ။ ကျနော်ကြိုးစားပါဦးမယ်။ (အမှန်ကတော့ ဆရာဖေမြင့်ရဲ့ ၀ိတ်ကလေးကို အားပြုထားတာ။ ဟီး)
ပန်ဒိုရာ......ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရတယ်တဲ့။ ကိုကဒေါင်းနဲ့ပေါင်းပြီး ဇာတ်ထောင်မှ။
Post a Comment