“လက်အိတ်ဝတ်ထားတယ်....”

Share |
ကျနော်ကလည်း ကျနော်။

သည်ဆိုင်မှာ မစားတော့ပါဘူးဟု ဆုံးဖြတ်ပြီးသည့်နောက်ပိုင်းမှာပင် သည်ဆိုင်မှာဘဲ ၀င်စားဖြစ်ပြန်သည်။ အစားအသောက်မှာနေစဉ်အတွင်း ကျနော့်မျက်လုံး အကြည့်တွေက သူမရဲ့ ညာလက်ပေါ်က မခွာနိုင်။

သူမ၏ ညာလက်တွင် အစားအသောက်ကို လက်နှင့်ကိုင်သည့်အခါ စွပ်ရသော ပလပ်စတစ် အကြည်သား လက်အိတ်ပါးကို စွပ်ထားသည်။

ကျနော်က အုန်းနို့ခေါက်ဆွဲ ပဲကြော်နှင့် တပွဲမှာလိုက်သည်။ သူမက မီးဖိုချောင်ဘက်ဆီသို့ လှည့်၍ “အုန်းနို့ခေါက်ဆွဲ တပွဲ” ဟု ခပ်ကျယ်ကျယ်တချက်အော်လိုက်သည်။ ပြီးတော့ ကျနော့်နောက်မှာ တန်းစီနေသည့် ထမင်းဟင်းမှာသည့်သူများ အတွက် ထမင်းပန်းကန်ထဲတွင် ဟင်းများကို ပုံထည့်ပေးနေသည်။

ဘယ်ဘက်လက်တွင် ထမင်းပန်းကန်ကို ကိုင်လျက် ထိုလက်အိတ်လက်စွပ်ထားသော ညာလက်က ဟင်းထည့်သော စတီးညှပ်ကို ကိုင်ကာ ထမင်းဟင်းမှာသူများ လက်ညှိုးထိုးပြသည့် ဟင်းတမယ်ချင်းကို ပုံထည့်ပေး နေသည်။ ထို့နောက် ကောင်တာတွင် ပိုက်ဆံအမ်းတော့လည်း ထိုလက်အိတ်နှင့်ဖြင့်ပင် ပိုက်ဆံများကို ရေတွက် ကိုင်တွယ်ကာ အမ်းသည်။

ကျနော့်အုန်းနို့ခေါက်ဆွဲကလည်း မီးဖိုချောင်ဘက်က ထွက်မလာသေး။ ကောင်တာအနီးတွင် ခဏရပ်စောင့်နေရ၏။ ထိုအချိန်တွင် ကောင်တာနောက်ဘက်တွင် ချထားသော သူမ၏ လက်ကိုင်ဖုန်းက မြည်လာသည်။ သူမသည် လက်အိတ်စွပ်ထားသော ထိုညာလက်ဖြင့်ပင် တယ်လီဖုန်းကို ကိုင်ပြော၏။ ဖုန်းပြောပြီး အချိန်ခဏအားသွားစဉ်အတွင်း အအေးဘူးများ ထည့်ထားသော ရေခဲသေတ္တာကြီးနားတွင် ထောင်ထားသော ကြမ်းပွတ်သည့် Mob အတံကို ယူကာ ကောင်တာအနီးတ၀ိုက် ကြမ်းပြင်ကို ဆယ်ချက် လောက် ပွတ်လိုက်သေးသည်။ Mob ပွတ်တော့လည်း ညာဘက်လက်က လက်အိတ်ကို မချွတ်တမ်း ၀တ်ဆင် လျက်။

ကျနော့်အုန်းနို့ခေါက်ဆွဲထွက်လာတော့ ထိုလက်အိတ်ဝတ်လျက်နှင့်ပင် ပလတ်စတစ်ဘူးကိုဖွင့်။ ထို လက်အိတ် ၀တ်လက်နှင့်ပင် ပဲကြော်တခုကို ထုတ်။ ထိုလက်အိတ်ဝတ်လက်နှင့်ပင် အကြော်ကို ပန်းကန်ထဲသို့ ချေထည့် ပေး၏။

ပြီးတော့ ကျနော်ပေးသော ပိုက်ဆံကို လက်အိတ်ဝတ်ထားသော လက်ဖြင့်ဖြင့်ယူ၍ ပိုက်ဆံအံဆွဲထဲမှာ ထည့်။ ပြီးတော့ ထိုအိတ်စွပ်လက်ဖြင့်ပင် ပိုက်ဆံပြန်အမ်း။ ကျနော်သည် စိတ်မသက်မသာဖြင့် အုန်းနို့ခေါက်ဆွဲ ပန်းကန်ကို မယူကာ စားပွဲအလွတ်တခုသို့ လာခဲ့သည်။ အုန်းနို့ခေါက်ဆွဲထိုင်စားနေစဉ်အတွင်း သူမ ကောင်တာနောက်မှ ထွက်လာပြီး ဘေးစားပွဲမှ စားပြီးသား ပန်းကန်အလွတ်များကို ထိုလက်အိတ်စွပ် လက်ဖြင့်ပင် လာရောက်သိမ်းဆည်းသွားပုံ၊ ဆိုင်ထောင့်နားဆီမှ ဆန်ရေစိမ်ထားသော ပလပ်စတစ်ဇလုံကြီးကို လက်နှစ်ဖက်ဖြင့် မယူသွားပုံတို့ကို မြင်နေရသည်။

ဤသည်မှာ တနေ့ ကိစ္စမဟုတ်။ ပင်နီဆူးလား ပလာဇာရှိ အဲသည်မြန်မာအစားအသောက် ဆိုင်မှာ ရုံးပိတ်ရက် သွားစားတိုင်း မြင်ရလေ့ရှိသော မြင်ကွင်းဖြစ်သည်။

ကောင်တာနောက်က မချောက ထိုပလပ်စတစ်အကြည်စား လက်အိတ်ကို စွပ်ရသည့် ရည်ရွယ်ချက်အမှန်ကို သိမှ သိပါလေစ။ မြူနီစပယ်က သန့်ရှင်းရေးသမားများ လက်အိတ်စွပ်သလို သူ့လက်ကို ပြင်ပမှ အညစ်အကြေးများ မကပ်ငြိစေရန် ၀တ်ဆင်ထားရခြင်းဟုများ ထင်မြင် ယူဆလေသလော မပြောတတ်။

ကျနော်သည် တချီတမောင်းတော့ သည်အကြောင်းကို သူမနားလည်အောင် ဖွင့်ပြောတော့ မည်ဟု အားခဲထားလေသည်။ သို့သော် သူမကြည့်ရသည်မှာ သွားပြောလိုက်ရင် အသာတကြည် အချိုးပြောင်းဘို့ထက် ရှက်ရမ်းရမ်းကာ ထပြီး ကက်ကက်လန်အောင် ရန်တွေ့မည့်လူစားမျိုးဖြစ်လောက်သည်ဟု အကဲခတ်မိသောကြောင့် ဖွင့်မပြောချင်။ သည်တော့ သည်ဆိုင်မှာ ငါနောက်လာမစားတော့ဘူး ဟုသာ ဆုံးဖြတ်ချက်ချမိသည်။

ထိုသို့ ဆုံးဖြတ်ချက်ချထားသည့်ကြားက ယနေ့ မိတ်ဆွေတယောက်က ချိန်းသဖြင့် ထိုဆိုင်မှာ သွားစားဖြစ်ပြန်သည်။ အစားအသောက်ကိုင်သော လက်အိတ်နှင့် တွေ့ကရာ ရှစ်သောင်း လျှောက်ကိုင်တွယ်နေသည်ကို ထုံးစံအတိုင်း မြင်ရပြန်သည်။ ပိုက်ဆံရှင်းပြီးရင်တော့ ငါပြောလိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်၏။ သို့သော် ပိုက်ဆံရှင်းတော့ အနည်းငယ်မျှကျသင့် သည်ကို ရာတန်ပေးမိသဖြင့် ဗျစ်တောက်ဗျစ်တောက်ပြောနေသည်ကို ကြားရသောအခါ အင်း....ဒီပုံစံအတိုင်းဆို ငါပြောလို့ မဖြစ်သေးပါဘူးလေ...ဟု ဆိုကာ လည်ချောင်းဝသို့ ရောက်နေပြီဖြစ်သော စကားလုံးတွေကို ပြန်မျိုချရသည်။ သို့နှင့် ယနေ့လည်း ဘာမှ မပြောဘဲ ရေငုံနှုတ်ပိတ်ပြီး ပြန်လာခဲ့သည်။

တကယ်တော့ ထိုသို့ ထုတ်မပြောဖြစ်ခဲ့သော ကိုယ့်ကိုယ်ကို နည်းနည်းလေးမှ မကျေနပ်။ ကျနော့်အသိစိတ်(ကိုယ်စောင့်နတ်)က ကျနော့်အပြုအမူအား အောက်ပါအတိုင်း မကျေမချမ်း မြည်တွန်တောက်တီးလျက်ရှိ၏။

“ဟေ့ကောင်ကိုပေါ....မင်းမြင်လျက်သားနဲ့ ဘာဖြစ်လို့ မပြောခဲ့သလဲကွ။ မင်းဆိုတဲ့အကောင်က ဘားမားတူဒေးမှာ “သင်အားနာတတ်သလား” ဆိုပြီး လူတွေကို အားမနာဘို့ တိုက်တွန်းပြီး ဆောင်းပါးရေးရသ လေး၊ ဘာလေးနဲ့။ ဘယ့်နှယ့်လဲ..အခုတော့ မင်းကိုယ်တိုင်က အားနာနေပြီလားကွ။

ဒါမှမဟုတ်...ပွင့်ပွင့်လင်းလင်း မညှာတမ်းဝေဖန်ရရင် မင်းကို ဟိုက လူလည်ခေါင်မှာ ကက်ကက်လန်အောင် ရန်အတွေ့ခံရမှာကို မင်းကြောက်နေတာမဟုတ်ဘူးလား။ ဘာကြောက်စရာရှိလဲကွ။

ခါတိုင်း ဗုဒ္ဓကိုတောင် ကိုးကားပြီး မင်းလူကြားသူကြားမှာ အာကျယ်အာကျယ်နဲ့ ပြောနေတာ ရှိပါတယ်ကွ။ ဘာတဲ့....မှန်လည်းမှန်တယ်။ အကျိုးလည်းရှိတယ်ဆိုရင် နားထောင်သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပြောသင့်တယ်...ဆို။ အခုတော့လည်း မင်း တော်တော် သတ္တိမရှိတဲ့ အကောင်ပါလားကွာ။

ပြောသင့်ပြောထိုက်တဲ့ နေရာမှာ မပြောရဲဘဲ မင်းတို့ သည်လို ကျိတ်ခံနေလို့ မင်းတို့တိုင်းပြည် သည်လောက်ကမောက်ကမ ဖြစ်နေတာမဟုတ်ဘူးလား။ မင်းမှာ တာဝန်ရှိတယ်။ မင်းပြောကိုပြောရမယ်။ မင်းမပြောရင် လူပေါင်းများစွာ အမှုမဲ့ အမှတ်မဲ့ စားသောက်နေကြတာ၊ မသန့်ရှင်းတာတွေကို စားမိသွားမယ်။ မင်းသည်လိုကိစ္စလောက်ကလေးမှ မပြောရဲရင် မင်းနိုင်ငံရေးတွေဘာတွေရေးပြီး စွာကျယ်စွာကျယ် လုပ်မနေပါနဲ့တော့ကွာ။ ဒီမိုကရေစီတွေ ဘာတွေ မင်းပြောမနေပါနဲ့တော့။ မင်း...ပုဆိုးခြုံထဲက လက်သီးပြဘို့လောက်ဘဲ တတ်နိုင်တဲ့ ကောင်ပါ။

အေး...ဒါပေမယ့် ငါကမင်းရဲ့ ကိုယ်စောင့်နတ်ဖြစ်နေတော့ မင်းကို အခွင့်အရေးတခုပေးလိုက်မယ်။ မင်းအဲသည်တုန်းက ကြောက်လို့ မပြောဖြစ်ခဲ့ပေမယ့်...မင်း ဒီအကြောင်းကို စင်္ကာပူက မင်းဘလော့ဂ် လာလည်တဲ့သူတွေသိအောင် ပို့စ်တခုရေးရမယ်။ ဒါမှ သူတို့ အဲသည်ဆိုင်မှာ သွားစားရင်းမြင်ရင် ပြောရဲတဲ့ လူက အဲဒီ ကလေးမ သိအောင် ပြောခဲ့မှာ။

ဒီလိုမှမဟုတ်ဘဲ အဲသည်အကြောင်း ပို့စ် ကလေးတောင် မင်းဘလော့ဂ်ပေါ်မှာ မင်းမရေးရဲဘူးဆိုရင် ဒီနေ့က စပြီး မင်းကို ငါအထင်မကြီးတော့ဘူး။ ငါလုံးလုံး သပိတ်မှောက်တယ်ဟေ့။ ဟေ့....လောကကြီးမှာ ကိုယ့်ကိုယ်စောင့်နတ်ကတောင် အထင်မကြီးတော့ဘူးဆိုရင် အဲသည်လူဟာ မြောင်းထဲရောက်တော့တာဘဲကွ။ နားလည်လား။”

အံမယ်လေး။ နားလည်ပါပြီခင်ဗျ။ ကြောက်ပါပြီဗျ။ အခုချက်ချင်း ချရေးပါတော့မယ်။...
အရပ်ကတို့ရေ....ပင်နင်ဆူးလား ပလာဇာရောက်လို့ အဲသည် မမလေး ကိုမြင်ရင် အစားအသောက်ကိုင်တဲ့ လက်အိတ်နဲ့ တွေ့ကရာရှစ်သောင်း လျှောက်မကိုင်ပါနဲ့လို့ ပြောပေးကြပါနော်...နော်။ ဘယ်ဆိုင်ကလဲ ဆိုတာတော့ မပြောပြတော့ဘူး။ နည်းနည်းလျှောက်ကြည့်လိုက်ရင်တွေ့မှာပါ။

15 comments:

Unknown said...

ဒီပို့စ်ကိုဖတ်...ရီပြီးပြန်သွားပါတယ်။
ဘိုဘိုဟန်သီချင်းလေးတောင် ပြေးသတိရမိတယ်။
"လက်အိတ်ဝတ်ထားတယ်....တကယ်ပါဘဲလှတယ်..
mob ကြီးပွတ်ပြတယ်....ကိုယ် အန်မိတော့မယ်.." ;p

pandora said...

ဟေ့ ဟေ့ ဒီလို လူလည်ကျလို့ ဘယ်ရမလဲ.. ညာခိုင်းတယ် (နိုင်နံရေးသမားတွေများ ဟိဟိ..)
ကိုယ်တိုင်သွားပြောပေါ့ဗျ..။

ဒါနဲ့ စကားမစပ် ကိုပေါ နှစ်သက်မယ့် စတိုင် ဘလော့အသစ် တစ်ခု ညွှန်းပါရစေဗျို့။
http://www.sandaywe.blogspot.com/

တန်ခူး said...

တော်သေးတာပေါ့၊ ကိုယ်စောင့်နတ်က ကိုပေါလို အားမနာတတ်လို့။ ဆက်တွေးမိသွားတယ်။ ဝတ်ထားတဲ့ လက်အိတ် ဟန်ပြသက်သက်ဆို ချွတ်ထားတာမှ ကောင်းသေးတယ်လို့။ အဲဒီဆိုင်ကို ရိပ်မိသလိုပဲ။ သွားတိုင်း အစားအသောက်ငမ်းနေတော့ လက်အိတ်ကိစ္စ သတိမထားမိဘူး။

ကလူသစ် said...

ပါးစပ်မှာ အိတ်စွပ်ပြီးစားကြည့်ပါလား။

ခင်မင်းဇော် said...

ကိုပေါ ..
လူရှင်းတဲ့ တနေ့လောက် ပြောရဲအောင် ပြောကြည့်ပါလား..
အဲဒီကလေးမက တကယ်မသိတာပဲ ဖြစ်မယ်..
ပြန်ရန်တွေ့လဲ တခွန်းမှ ပြန်မပြောပဲ ပြန်လာလိုက်ပေါ့..
ဟီး......
နောက်မသွားတော့နဲ့ပေါ့ ..`ဟားဟား.....
ကျမတော့ ပြောချင်လိုက်တာ ပါးစပ်ကို ယားနေတာပဲ...

96YIT said...

ကိုပေါ
ကိုပေါ ဘလော့ခ် ကို အခု မှ သိ လို့ ။ နောက် တော့ မှန် မှန် လာ လည် ပါ မယ်။

Anonymous said...

Regarding intervention, I want to put in my 2 cents. I was in a cafe shop at an airport with a colleague who a citizen of the free world. We were sitting in a non smoking area and there was a girl who started to light a cigraette. So while I was thinking of whether should I intervene, then my friend walked up there and told her that this is a non smoking area and so she has to abide by the laws. I learned something that day, I am quite outspoken among Burmese but I was not up to the standard of a citizen of a free world. So I was there and figuring out why we are ruled by those bastards at home. Because we still suck them, all they have to do is lowering the pants!!!!

ကိုပေါ said...

လာလည်ကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

…..မြတ်နိုးရေ…..ပို့စ်ခေါင်းစဉ်က တကယ်ဘဲ ဘိုဘိုဟန်သီချင်းကို ယူထားတာပါ။

…..ပန်ဒိုရာရေ….ကျနော်က သာမန်ပြည်သူတဦးပါ။ (အဲဒါ ကလူသစ်ပြောတဲ့ ၂၀၀၇မှာ ရေပန်းအစားဆုံးစကားတဲ့။) ဘလော့ဂ်ညွှန်းတဲ့အတွက် ကျေးဇူးပါ။ စံဒေ၀ီဆိုတော့ ဆရာကြီးရွှေဥဒေါင်းကို ပြေးသတိရမိသေးတော့။

…….တန်ခူး…..တန်ခူးစားနေကျ ဆိုင်မဟုတ်ဘူးနော်။

……..ကလူသစ်…..ဖောက်ထွက်ပြီး တွေးတဲ့နေရာမှာတော့ တော်ပါပေတယ်ဗျာ။

….မခင်မင်းဇော်… တိုက်တွန်းထားတာလေးက ကွန်မင့်သက်သက်ဖတ်ကြည့်ရင် ရည်းစားစကားမပြောရဲတဲ့ကောင်လေးကို ရည်းစားစကားပြောဘို့ မြှောက်ပေးနေတာနဲ့ မတူဘူးလား….ဟိဟိ…။ နောက်တာပါ။ ကျနော် နောက်တခါ သွားစားလို့တွေ့ရင် ပြောနိုင်အောင် သတ္တိမွေးလိုက်ပါဦးမယ်။

……၉၆၀ိုင်အိုင်တီ..ရေ။ လာလည်တဲ့အတွက် ကျေးဇူးပါ။

….ကိုအမည်မသိ။ သဘောတူပါတယ်။ ခင်ဗျားကွန်မင့်နဲ့ ပတ်သက်ပြီး ကျနော် ပို့စ်တခု သတ်သတ်ရေးပါဦးမယ်။ ကျနော်လည်း အဲသည် ကိစ္စကို သတိထားမိနေတာ ကြာပါပြီ။

96YIT said...

ကိုပေါ ရေ

ှဆီဗုံးလေး ဖွင့် ပါ ဗျို့ ။ အလုပ်များမှန်းသိပေမယ့် စောင့်ဖတ်နေပါ တယ်။

Anonymous said...

ကိုပေါရေ ကျွန်မက အင်မတန်ရွံတတ်တဲ့ လူထဲမှာပါပါတယ် ။ ဒီအမျိုးသမီးလုပ်ရပ်ကို ဖတ်ရင်း ရင်ထဲမှာ ဝေါ့ခနဲဖြစ်မိပါတယ်။ ပန်နီဆူးလားဆိုင်တွေမှာ ထမင်းသိပ်မစားဖြစ်တော့ ဘယ်ဆိုင်မှန်းတော့ မခန့်မှန်းတတ်မိဘူး။ ကျွန်မစိတ်ထင်တော့ သူမကို တည့်တည့်သွားပြောတာထက် အကြံပြုစာဗောက်စ်လေး သူတို့ဆိုင်မှာများရှိရင် စာရေးပြီး အဲဒီဗောက်စ်ထဲကို ထည့်လိုက်တာ ပိုသင့်လျော်တယ်လို့ တွေးမိပါတယ်။ အစားအသောက်တွေက သန့်ရှင်းဖို့ သိပ်လိုအပ်ပါတယ်။ အသိပေးတဲ့ဒီပို့စ်အတွက်ကျေးဇူးပါ :)

Anonymous said...

ကိုပေါေ၇-ပစ်စာသွားပစ်ပါလား==ခွိခွိ

ကလိုစေးထူး said...

အဲဒီအမျိုးသမီး ဒီပို့စ်ကို လာဖတ်ဖြစ်ရင်တော့ ဘယ့်နှယ့်နေမယ် မသိဘူးဗျ။ :D အနီးအနားမှာဆိုရင်တော့ ကိုပေါ ဘလော့ဂ် ဒီမှာဗျ ဆိုပြီး သွားပြလိုက်ရင် ကောင်းမလားဘဲ။ :P

Anonymous said...

ဆိုင်နံမည် နဲနဲလေးအတိတ်စိမ်းပေးပါလား။ ကိုပေါပြောခိုင်းတယ်ဆိုပြီး သွားပြောပေးမယ်လေ

Anonymous said...

တော်ပြီပင်နီစူလာကဗမာဆိုင်တွေမှာမစားတော့ဘူးဗျို့

ကိုပေါ said...

ကို ၉၆၀ိုင်အိုင်တီ......ဒီမိုကရေစီရရင် စီဗုံးဖွင့်မယ်ဗျာ။

မလင်းလက်........အခုဆိုရင် သူတို့လည်း တနည်းနည်းနဲ့ သိလောက်ပြီ ထင်ပါ့ခင်ဗျာ။

အိမ်...........ပစ်စာပစ်တာ လက်မတည့်ဘူးဗျ။ တော်ကြာ တလွဲဆိုင်ရောက်သွားလို့ ပြေးပေါက်မှားနေဦးမယ်။ ခွိ

ကိုစေးထူး........စင်္ကာပူလာလည်ရင် အဲသည်ဆိုင်မှာ လက်သုပ်စုံလိုက်ကျွေးပါမယ်ဗျာ။း-)

နေနေ........အဲဒါ မနေ အသုပ်စားနေကျ ဆိုင်ပေါ့ဗျ။ မနေ တောင် ပြောသေးတယ်လေ။ အရသာအရမ်းရှိတယ်ဆိုတာ။

ရခိုင်နွယ်.....ဆိုင်တိုင်းမဟုတ်ပါဘူးဗျ။ တခြားဆိုင်တွေတော့ ကျနော်သတိမထားမိဘူးလေ..ဟိ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs