“ယမုံနာငါး ဂင်္ဂါငါး အစာဟပ် ပြိုင်ကြရာဝယ်”

(၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းက ရေးတင်ခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေးကို စာအသစ်မရေးနိုင်ခင်စပ်ကြား ပြန်တင်လိုက်ပါတယ်။)

“လူက တိရိစ္ဆာန်ထက် သာလွန်တယ်ဆိုပေမယ့် နေရာတိုင်းမှာ သာလွန်တာမဟုတ်ဘူး။ မင်းတို့… ဘယ်ကောင် ငါးနဲ့ရေကူးပြိုင်ရဲသလဲ”

အောက်က နားထောင်နေသော ပရိသတ် ဝေါကနဲ ပွဲကျသွားသည်။ စာပေဟောပြောပွဲတခုတွင် စာရေးဆရာတယောက် ဟောပြောနေခြင်းဖြစ်သည်။

“မင်းတို့ သမင်လောက်လည်း အပြေးမသန်နိုင်ဘူး။ ဆင်လောက်လည်း ခွန်အားမကြီးနိုင်ဘူး။ လူဆိုတာ ရယကနဲ့၊ မယကနဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စည်းစည်းလုံးလုံးနေကြတယ်ဆိုပေမယ့်လည်း….. ဟေ့၊ လေမထွားနဲ့၊ ပျားကို မမီဘူးကွ”

ပရိသတ် ပွဲကျသွားပြန်သည်။

“အေး…. ဒါပေမယ့် အဲဒီ ခွန်အားကြီးလှပါတယ်ဆိုတဲ့ ဆင်ကို လူက ခိုင်းစားလိုက်တာပဲ။ ရေကူးသန်လှပါတယ်ဆိုတဲ့ ငါးကိုလည်း မျှားစားပစ်လိုက်တာပဲ။ ညီညွတ်လှပါတယ်ဆိုတဲ့ ပျားဆိုလည်း ဖွပ်ပြီး စားပစ်လိုက်တာပဲ။”

(ရယ်သံများ)

“လူက တိရိစ္ဆာန်ထက် သာလွန်တဲ့အချက်တွေထဲမှာ နံပါတ်တစ်… ကျိုးကြောင်းဆင်ခြင်ဉာဏ်ကြီးခြင်း၊ နံပါတ်နှစ်…. ကိုယ်ကျင့်တရားရှိခြင်း၊ နံပါတ်သုံး…. အနုပညာ၌ ခံစားတတ်ခြင်း……..”

ဆယ်စုနှစ်တွေ ချီပြီး ကြာခဲ့ပြီ။ ဆရာအောင်သင်းပြောခဲ့တဲ့ စကားသံတွေက ကျနော့်နားထဲမှာ ပဲ့တင်ထပ်ဆဲ။

မှန်လိုက်လေဆရာရယ်…လို့ စိတ်ထဲမှာလည်း တသသ ရေရွတ်မိပါတယ်။ ဟောဒီလောကကြီးမှာ ကျိုးကြောင်းဆင်ခြင်ဉာဏ်(ဆင်ခြင်တုံတရား)ပျောက်ကွယ်သွားလို့ တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရသူတွေ၊ ကိုယ့်ကျင့်တရား ပျောက်ဆုံးသွားလို့ တိရိစ္ဆာန်ပမာ ဖြစ်သွားရသူတွေ ဒုနဲ့ဒေး မဟုတ်ပါလား။

ဆရာပြောခဲ့တဲ့ ဥပမာထဲက ငါးမျှားတဲ့အဖြစ်အပျက်ကလေးကိုပဲ ကျနော့်ဘာသာ တဆင့်တက်ပြီး အတွေးနယ်ချဲ့မိပါတယ်။

ငါးနဲ့လူ။
လူနဲ့ငါး။

ကျိုးကြောင်းဆင်ခြင်ဉာဏ်ပမာဏ အဆမတန် ကွာခြားနေတယ်။ လူတွေက ငါးတွေ ကြိုက်တတ်တဲ့ တီကောင်တို့ ပိုးကောင်တို့ကို ငါးမျှားချိတ်အဖျားမှာ အသာချိတ်ပြီး ငါးတွေကြားထဲ ပစ်ချပြီး မြှူဆွယ်တယ်။ ရေထဲက ခမြာများကတော့ လူတွေရဲ့ ပရိယာယ်ကို ဘယ်သိရှာပါ့မလဲ။ ကိုယ်ကြိုက်တတ်တဲ့အစာလေးတွေ ကိုယ့်ရှေ့မှာ ဘွားကနဲတွေ့လိုက်ရတော့ ဝမ်းသာအားရ ဟပ်ပြီပေါ့။ အဲဒီမှာတင် ငါးမျှားချိတ်မှာတန်းလန်း တဖျတ်ဖျတ်လူးပြီး ပါသွားတော့တာပဲ။

ဒါပေမယ့် ငါးတွေပဲ ဒီလိုခံရတာလား။ မဟုတ်ရေးချမဟုတ်။ လူတွေမှာလည်း လူသားစင်စစ် ဧကန်ဖြစ်ပါလျက် သတိမမူမိတဲ့အခါ၊ ဒါမှမဟုတ် လောဘ၊ ဒေါသ၊ မောဟ စိတ်တွေက ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားတဲ့အခါ ငါးနဲ့မခြားတော့ဘဲ အစာကိုသာ မြင်တတ်ကြတော့တယ်။ နောက်က ငါးမျှားချိတ်ကို မမြင်တော့ဘဲ လောဘတကြီး ဟပ်လိုက်မိလို့ ငါးမျှားချိတ်မှာ တန်းလန်းပါသွားတဲ့ လူတွေလည်း ဟောဒီလောကကြီးမှာ ရှိတယ်။ ဒါကြောင့် “ငါးစာကိုသာမြင်တယ်၊ ချိတ်ကိုတော့ မမြင်ဘူး” ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတာပေါ့။ ဒါက ကျိုးကြောင်းဆင်ခြင်ဉာဏ် ကွယ်ပျောက်သွားလို့ လူစင်စစ်က တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရတဲ့ ဥပမာ တခုကို ပေးတာပါ။

အလားတူပဲ။ ကိုယ်ကျင့်တရား ပျောက်ဆုံးသွားလို့ တိရိစ္ဆာန်ကဲ့သို့ ပြုမူတတ်သူတွေကိုလည်း ဒီလောကကြီးမှာ မမြင်ချင်အဆုံး မဟုတ်ပါလား။ ဆရာအောင်သင်းကတော့ ပြောတယ်။ တိရိစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားတို့ ကိုယ်ချင်းစာစိတ်တို့ဆိုတာ မရှိဘူးတဲ့။ ခြင်္သေ့တကောင်အဖို့ အစာစားကာနီးမှာ “ဒီသမင်မဟာ အရွယ်မရောက်သေးတဲ့ သားငယ်လေးတွေနဲ့လား။ ငါစားလို့ မဖြစ်ပါဘူးလေ” ဆိုတာမျိုး မတွေးဘူးတဲ့။ စားလိုက်တာပဲတဲ့။ ဒါပေမယ့် လူ့လောကမှာလည်း အဲဒီလို တိရစ္ဆာန်သာသာ လူစားမျိုးတွေ ဒုနဲ့ဒေးရှိနေတယ်။ ကျောင်းသားမှန်းမသိ၊ သံဃာမှန်းမသိ၊ အမျိုးသမီးမှန်းမသိ၊ ပြည်သူမှန်းမသိ….. ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး မတရားသတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက် နေသူတွေ ရှိတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီးကို နအဖ စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းပုံကို ပြန်ပြောင်းသတိရမိတော့တယ်။ ဒါကတော့ ကိုယ်ကျင့်တရား ပျောက်ဆုံးသွားလို့ လူစင်စစ်က တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရတဲ့ ဥပမာ တခုကို ပေးတာပါ။

အဲဒီလို ကိုယ့်ကျင့်တရားပျောက်ဆုံးသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်ပျောက်ဆုံးသူတွေ အချင်းချင်းတွေ့တဲ့အခါမှာလည်း စိတ်ဝင်စားစရာ ငါးမျှားပွဲတွေ ဖြစ်လာတတ်တယ်ခင်ဗျ။

ကိုယ်ကျင့်တရားပျောက်ဆုံးသူတွေက မိမိကိုယ်ကျိုးအတွက် ငါးစာကို ဗန်းပြပြီး ကျိုးကြေင်းဆင်ခြင်ဉာဏ်ပျောက်ဆုံးသူတွေကို မျှားတတ်တယ်ခင်ဗျ။ မျှားတဲ့လူကမျှား… ဟပ်တဲ့လူက ဟပ်။ မြင်ရတာ အတော်စိတ်မချမ်းသာစရာ၊ စက်ဆုပ်စရာကောင်းတဲ့ မြင်ကွင်းပေါ့။

အခုလည်း ကိုယ်ကျင့်တရားပျောက်ဆုံးနေတဲ့ နအဖ စစ်အစိုးရက မြန်မာ့နိုင်ငံရေးလောကဆိုတဲ့ ရေအိုင်ကြီးထဲကို “အရပ်သားအစိုးရ”၊ “ပါလီမန်ဒီမိုကရေစီ” ဆိုတဲ့ ငါးစာကလေးတွေကို ပစ်ချလိုက်ပြီ။ ဒီအတိုင်း ရက်ရက်ရောရော လွတ်လွတ်ကျွတ်ကျွတ် ပစ်ချလိုက်တာတော့ မဟုတ်ဘူး။ ငါးမျှားသူတို့ ထုံးစံအတိုင်း ငါးမျှားချိတ်မှာ တပ်ပြီးမှ ပစ်ချလိုက်တာ။ သူတို့ရဲ့ ငါးမျှားချိတ်ကတော့ တခြားဟုတ်ရိုးလား။ “တတိုင်းပြည်လုံးကို ထာဝရ စစ်ကျွန်ပြုရေး” ဆိုတဲ့ (၂ဝဝ၈ ခုနှစ် မှာ မတရားအတည်ပြုခဲ့တဲ့ ညောင်နှစ်ပင်ဖွဲ့စည်းပုံ) ထက်သန်မြမြ ကြောက်မက်ဖွယ် ဧရာမ ငါးမျှားချိတ်ကြီးပေါ့။

အဲ…. နိုင်ငံရေးနယ်ပယ်က တချို့ငါးတွေကလည်း အစာကိုမြင်တာနဲ့ ဟပ်ချင်ဇောနဲ့ ထွန့်ထွန့်လူးနေပြီ။ ပုထုဇဉ် လူသားတွေရဲ့ အသွင်သဏ္ဍာန်မှာ သာမန်အားဖြင့် အောက်ခြေမှာ ငုပ်လျှိုးနေတဲ့ လောဘစိတ်ကလေးတွေဟာ သူတို့ ကြိုက်တတ်တဲ့ ငါးစာကို မြင်ရတဲ့အချိန်မှာ လောဘနဲ့ မောဟအဖြစ် ပလုံစီပြီး အပေါ်ကို တိုးထွက်လာတယ်။ အဲဒီ မောဟပလုံစီကလေးတွေကပဲ လူတွေရဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်မျက်စိကို ပိတ်ဖုံးသွားပြီး ငါးမျှားချိတ်ကို မမြင်အောင် လှည့်စားပစ်လိုက်တယ်။ အခုဆိုရင် တချို့ငါးကလေးတွေဟာ နအဖ ပစ်ချထားတဲ့ အစာကို ဟပ်ချင်လွန်းလို့ ဣနြေ္ဒမရ တဖျပ်ဖျပ်လူးနေရှာပြီ။ ခပ်ဝေးဝေးက ငါးတွေကလည်း သူတို့အနားကို အစာပစ်ချလာဖို့အရေး “ဗွမ်းကနဲ” “ဗွမ်းကနဲ” ပွက်ပြီး အသံပေးနေရရှာတယ်။ တချို့လည်း ရေမျက်နှာပြင်ထက်ကို ခုန်တက်ပြီး ကိုယ်ယောင်ပြရရှာတာပေါ့။ အတင့်ရဲလွန်းတဲ့ ငါးအချို့ကတော့ တံငါသည် ထိုင်နေတဲ့နေရာနားကို တန်းသွားပြီးတော့ ပါးစပ်ကြီးတွေ ဟပြီး စောင့်ဆိုင်းနေလေရဲ့။ သဘောကတော့... ကျုပ်ပါးစပ်ကြီးထဲကိုသာ တိုက်ရိုက် ပစ်ထည့်လိုက်ပါတော့... ပေါ့လေ။

ကိုယ်ကျင့်တရားမဲ့တဲ့ နအဖဆိုတဲ့ တံငါသည်ကတော့ ၂ဝ၁ဝ ကျရင် သူချထားတဲ့ ငါးမျှားတံတွေကို အားကုန်သုတ်ပြီး ဆွဲတင်တော့မယ်။ အဲဒီကျရင် ကြိုးမှာတန်းလန်း တဖျတ်ဖျတ်လူးလွန့်ပြီး ပါသွားတဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးတွေကို ရှုစားကြရပါဦးမယ်။

အင်းလေ…… သဗ္ဗေသတ္တာ ကမ္မသကာ လို့ပဲ နှလုံးသွင်းရဦးမယ်ထင်ပါရဲ့။

“Two things are infinite: the universe and human stupidity; and I'm not sure about the the universe.”
- Albert Einstein -


(၂ဝ၁ဝ နဲ့ ပတ်သက်လို့ ကျနော့်အမြင်ကို နောက်ပိုင်းမှာ ပို့စ်သပ်သပ် ရေးပါဦးမယ်။)

ပူးတွဲဖတ်ရှုရန်။.........။ သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ

Posted by ကိုပေါ on Saturday, October 3, 2009
Labels: political post
Read more

ဟောစိလို ကို တူးဖော်ခြင်း


(၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တင်ခဲ့တဲ့ပို့စ်ကလေးဟာ အခုအချိန်အထိ အံဝင်နေသေးတာတွေ့ရလို့ ပြန်လည်ဆန်းသစ်လိုက်ပါတယ်။)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ....။

ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။

ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိလည်း တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမယ်၊ ကျုပ်တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။

အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။

အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ အချို့သောပြည်တွင်းအတိုက်အခံနိုင်ငံရေးသမားများ၊ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။
Read more

ထက်ထက်မိုးဦးကို ဆန္ဒပြုပါတယ်


(ဓါတ်ပုံကို ဒီက ယူပါတယ်။)

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ရင် ဒေါ်ခင်ကြည်နေရာမှာ ပြည်သူ့အချစ်တော် မင်းသမီးချော ထက်ထက်မိုးဦးကို သရုပ်ဆောင်အဖြစ် ရွေးချယ်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုပေါ။
(ထက်ထက်ရဲ့ အမာခံပရိသတ်)
Read more

"သားမောင်ကြေကွဲ"

"သားမောင်ကြေကွဲ"

လုနေသူဟာ
လူယောင်ဆောင်ထား
အသားစားကြူး
ဘီလူးဖြစ်ကြောင်း
ကောင်းကောင်းသိလျက်
သားအသက်ကို
သူ့လက်အတွင်း
အပ်နှင်းမှာလား။

မဟော်သဓာ
ဘယ်မှာရှိလဲ
မသိဘဲနဲ့
စွန့်စားခဲ့လျှင်.....
စွန့်ထားခဲ့လျှင်.....။

ကိုပေါ
(ဒီဇင်ဘာ ၂၀၁၁)
Read more

“အမုစေ နဲ့ ရက်ပေါင်း ၁၀၀ ”


“A day in politics is a long time”

တရက်တာဆိုတဲ့အချိန်ဟာ နိုင်ငံရေးမှာ အင်မတန်ကြာတဲ့ အချိန် လို့ အဆိုရှိပါတယ်။ တရက်တာအတွင်း ဖြစ်ထွန်းမှုတွေရဲ့ အကျိုးဆက်အဖြစ် အစိုးရအဖွဲ့တွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ အာဏာရလာတာ၊ အာဏာစွန့်သွားရတာ၊ ထို့အတူ တိုင်းပြည်ရဲ့ ကံကြမ္မာပါ တဆစ်ချိုးပြောင်းလဲသွားရတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီကနေ့ဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တကြိမ်တည်းသော တွေ့ဆုံပွဲကြီး ပြီးမြောက်ခဲ့တာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ နောင် ဘယ်တော့ ထပ်တွေ့ကြမလဲဆိုတာကိုတော့ ဦးသိန်းစိန်ကိုယ်တိုင်နဲ့ ဘုရားသခင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ဒီမိုကရေစီရဲ့ မိခင်ကြီး အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည်တောင် သိရှာသေးပုံမရပါဘူး။ ဦးသိန်းစိန်ကိုယ်တိုင်တောင် သိခွင့်ရှိပါရဲ့လား ကျနော်ဖြင့် သံသယရှိဆဲ။

သို့သော်….. ဦးသိန်းစိန်နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က၊ ဝန်ကြီးဦးအောင်ကြည်နဲ့ လေးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့စဉ်က ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီချက်တွေ ရခဲ့ကြသလဲဆိုတာကိုတော့ ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရေစေ့တွင်းကျ သိရမယ့် ကိစ္စပါ။ ဒီနေရာမှာ ဆွေးနွေးပွဲပြီးတိုင်း နှစ်ဦးသဘောတူထုတ်ပြန်တဲ့ ယေဘုယျ သဘောဆောင်တဲ့ ဝေဝေဝါးဝါး သဘောတူညီချက်တွေကို ဆိုလိုချင်တာမဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေ သိချင်တာက ကျမနဲ့ ဦးအောင်ကြည် ဘာတွေ ဆွေးနွေးသလဲ ဆိုတာ သိချင်ကြတာ မဟုတ်လား။ အချိန်တန်ရင် ကျမ ပြည်သူကို အသိပေးပါမယ်။” ဆိုတဲ့ သဘောမျိုးပြောခဲ့ပါတယ်။ နောက်တခါ… “အခု ပြောလိုက်ရင် နောင်..ပြောစရာမကျန်တော့မှာ စိုးလို့” ဆိုတဲ့သဘောမျိုး ပြောပြန်ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ ဘီဘီစီသတင်းတပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောပြန်တာက ဦးသိန်းစိန်နဲ့တွေ့စဉ်က တိုင်းပြည်အတွက် အရေးကြီးတဲ့ သဘောတူညီမှု အတော်များများ ရလိုက်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ အင်တာဗျူးမှာတော့ တွေ့ဆုံဆွေးနွေးမှုတွေအပေါ် ပြည်သူလူထုကို အသိပေးဖို့ လိုအပ်ကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ဒါမျိုးဆိုတာ အချိန်သိပ်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းသွားတတ်တယ်” ဆိုတဲ့ သဘော ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အခု ရက်ပေါင်း ၁၀၀ တိတိ ရှိလာတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေအပေါ် ဝတ္တရားရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြခြင်း မရှိခဲ့သေးပါဘူး။ ရေငုံနှုတ်ပိတ်နေဆဲပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း တနှစ်ပြည့်အထိမ်းအမှတ် သတင်းစာ ရှင်းလင်းပွဲလုပ်စဉ်ကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ ပညာရေး အရေးကြီးကြောင်းသာ ပြောဆိုသွားပြီး တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ဖြင့် လေသံမျှ မဟခဲ့တာကို တွေ့ရပါတယ်။

ယုတ်စွအဆုံး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးနဲ့ ပတ်သက်လို့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်ရွေ့ဘယ်မျှ လွှတ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုးတောင် ရခဲ့ဟန်မတူပါဘူး။ ဘာကြောင့်လဲဆိုတော့…. သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီရက်ပိုင်း အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ သတင်းတွေ ကြားရပါတယ်”လို့သာ မရေမရာ ဝေဝေဝါးဝါးသာ ပြောကြားခဲ့ပါတယ်။။ ဒီလိုသတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်။ ကျနော်တို့လည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာတောင် မမြင်ချင်အဆုံးကြားနေကြရပြီးသားပါ။ ကောလဟာလ အဆင့်ထက်မပိုပါဘူး။ တကယ်တမ်းမှာ အခုထိ လွှတ်ပေးသေးတာမဟုတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့သဘောမျိုး အသားယူ ပြောကြားချင်တယ်ဆိုလည်း ဒီ့ထက်တော့ တိတိကျကျ ပြောဖို့လိုပါလိမ့်မယ်။

ဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူကို ရေရေရာရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့်…. အစိုးရနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က အပြုသဘော ရှုမြင်သုံးသပ်တဲ့ အပြောမျိုးတွေ၊ အပြောင်းအလဲရဲ့ လမ်းစကို ရောက်ပြီဆိုတဲ့ စကားမျိုးတွေ၊ မကြာခင် ကြီးမားတဲ့အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်ဆိုတဲ့ စကားမျိုးတွေ လှိုင်လှိုင်ကြီးပြောဆိုနေခဲ့တာကို သတိထားခဲ့မိပါတယ်။ ဘာကြောင့် ဒီလိုမြင်ရတယ်၊ ပြောဆိုရတယ်ဆိုတဲ့အကြောင်းကိုတော့ တလုံးတပါဒမှ လှစ်ဟ ရှင်းလင်းပြောဆိုတာမတွေ့ခဲ့ရပါဘူး။

ဒါပေမယ့် ဒီရက်ပေါင်း ၁၀၀ အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီဖက်မှာတော့ ကြီးမားတဲ့ပြောင်းလဲမှုကြီးတွေ အမှန်တကယ် ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဆိုရင် တချိန်က သူမ ကြွေးကြော်ခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ မူဝါဒကို အပြီးတိုင် စွန့်လွှတ်လိုက်ပုံ ရပါတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း “ထွေးပြီးသား တံတွေးပြန်မျို” ဆိုသလို ရွှေဂုံတိုင်မူကနေ ရှုံချည်နှပ်ချည် ဂငယ်ကွေ့ကွေ့ပြီး ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ရှေ့တန်းတင်လာတာကို တွေ့ရပါတယ်။ ၂၀၀၈ စစ်ကျွန်ပြုရေးအခြေခံဥပဒေအောက်ကို အလိုတူအလိုပါ ခေါင်းလျှိုဝင်လိုက်ကြတာကို တွေ့ရပါတယ်။ ဦးဝင်းတင် ၂၀၁၀ မတိုင်ခင်က ပြောတဲ့ ဥပမာမျိုး စကားလုံးအချို့ကို ချေးငှားပြီး ဒီအချိန်မှာ ပြန်ပြောရရင် “၂၀၀၈ အခြေခံဥပဒေဆိုတဲ့ နွားသတ်ရုံကြီးထဲကို မှတ်ပုံတင်ဥပဒေပြင်ဆင်ချက်ဆိုတဲ့ မြက်ပြခေါ်လိုက်တဲ့အခါ ဝင်ချင်လွန်းလို့ ဘွတ်အဲ ဘွတ်အဲ အော်နေတဲ့ ဥဿဘ ကြီးတွေ” နဲ့ အလားသဏ္ဍာန်တူနေပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် တချို့က “ဘယ်သူမှ မမျှော်လင့်တဲ့ အပြောင်းအလဲကြီးတွေ ဖြစ်နေပြီ” ဆိုတာမျိုး ရေးသားတာ တွေ့ရပါတယ်။ ဘယ်လို အပြောင်းအလဲကြီးတွေလဲဆိုတာ သေသေချာချာ ပြန်မေးစရာရှိပါတယ်။ အကျဉ်းသားတွေ သောင်းဂဏန်းလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မစို့မပို့ ကြားညှပ်လွှတ်ပေးတာမျိုးဟာ ဘယ်သူမှ မမျှော်လင့်တဲ့ အပြောင်းအလဲမျိုးလား။ စစ်အစိုးရလက်ထက်မှာ အရင်ကလည်း ဒီလိုပဲ ဖမ်းလိုက် လွှတ်ပေးလိုက် လုပ်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား။ ကိုမင်းကိုနိုင်တို့ ဇာဂနာတို့ကို အရင်တုန်းကလည်း လွှတ်ပေးဖူးတာပဲ မဟုတ်လား။ အာဆီယံအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ စတဲ့ အပြည်ပြည်ဆိုင်ရာ ဖိအားတွေအောက် ကျရောက်ကာနီးတိုင်း ဒီအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံ အနေနဲ့ ကျင့်သုံးတတ်တယ်ဆိုတာကို မေ့လျော့နေကြလေသလား။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုကျော်မင်းယု(ကိုဂျင်မီ)၊ မမီးမီး၊ မနီလာသိန်း စတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး၊ အရှင်ဂမ္ဘီရ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားသဖြင့် ချမှတ်ထားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ အကျဉ်းကျခံနေရဆဲပါ။

သတင်းစာလွတ်လပ်ခွင့်တွေ ရှိလာတယ်လို့ ဆိုကြတယ်။ ဒီအစိုးရဟာ သူ့အာဘော်နဲ့ တထပ်တည်းကျနေသရွေ့ လွတ်လပ်ခွင့်ပေးတာ မဆန်းပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ မတိုင်ခင်ကတည်းက နေဝင်းမောင်တို့ မောင်စူးစမ်းတို့ အာဘော်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရခဲ့တယ် မဟုတ်ပါလား။ ဒေါ်စုအာဘော်ကလည်း သူတို့နဲ့ တထပ်တည်းကျရင် ဒေါ်စုကို ဖွင့်ပေးမှာပဲ။ ဒေါ်စုလိုလူက သူတို့ဖက်မှာပါတယ်ဆိုရင် သူတို့အတွက် အမြတ်တောင်ထွက်သေး။ ဒါတောင် တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (လွတ်လာပြီးနောက်ပိုင်း) တခုတည်းသော နိုင်ငံရေးအရ ဝေဖန်မှုဖြစ်တဲ့ “လွတ်လပ်ပြီး တရားမျှတတဲ့ တရားရေးမဏ္ဍိုင် မရှိသေးဘူးလို့ပဲ ပြောရမယ်” ဆိုတဲ့ စကားကို ဆင်ဆာဖြတ်နေသေးတယ် မဟုတ်ပါလား။

တကယ်သာ မီဒီယာ လွတ်လပ်ခွင့်ရှိခဲ့တယ်ဆိုရင် စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ မတရားမှုတွေအကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးကြီးအကြောင်းတွေကိုလည်း မီဒီယာအပေါ်မှာ ဒီကနေ့ ရေးသားကြ၊ ဖော်ထုတ်ကြတာကို ဖတ်ကြရမှာပါ။

တဖက်မှာလည်း အစိုးရဟာ တိုင်းရင်းသားတွေအပေါ် အရှိန်မြှင့် ထိုးစစ်ဆင်နေဆဲရှိပါသေးတယ်။ ယခု ကချင်ပြည်နယ်ဖက်က တိုက်ပွဲတွေမှာ အစိုးရက ရဟတ်ယာဉ်တွေကိုပါ အသုံးပြုလာတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ချွင်းချက်မရှိ လွှတ်မပေးမချင်း၊ မီဒီယာတွေမှာ အစိုးရကို ဝေဖန်တဲ့အရေးအသားတွေ၊ ရွှေဝါရောင်တော်လှန်ရေးအကြောင်းတွေကို ဖော်ပြခွင့်ရလောက်အောင် မီဒီယာလွတ်လပ်မှု မရမချင်း၊ တိုင်းရင်းသားတွေအပေါ် ထိုးစစ်တွေကို တပြိုင်နက်မရပ်မဆိုင်းမချင်း၊ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီဟု ယုံကြည်၍ မရသေးပါကြောင်း။ လက်ရှိလုပ်နေတဲ့ ဟန်ပြအပြောင်းအလဲတွေဟာ နိုင်ငံတကာမျက်နှာစာနဲ့ ပြည်သူလူထုအကြားမှာ တရားဝင်မှုကို လိုချင်နေတဲ့အတွက် နည်းပရိယာယ်မြောက် ကြိုးပမ်းမှုတရပ်အဖြစ်သာ လက်ရှိအနေအထားမှာ ထင်မြင်ယူဆလျက်ရှိကြောင်း ရေးသားလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ အခုအချိန်အထိ ပြည်သူလူထုကို ထုတ်ပြစရာ ဝမ်းသာစရာ သတင်းကောင်း ရှိဟန်မတူသေးပါ။
Read more

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်

(ဂျီမေးလ်ထဲကို ဒီကနေ့ ထပ်မံရောက်ရှိလာတဲ့ စာတစောင်ကို မျှဝေလိုပါတယ်။ ကျနော် အင်မတန် နှစ်သက်ထောက်ခံမိတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ရေးသားသူက “ဇော်ဝင်း ၈၈မျိုးဆက်” ဖြစ်ပါတယ်။ အရင်တပုဒ်ကိုလည်း သူပဲ ရေးတာပါ။ ကျနော်ကိုယ်တိုင်ရေးရရင် အဲသည်လောက် စေ့စပ်ကောင်းမွန်အောင် မရေးနိုင်ဘူးဆိုတာ ဝန်ခံလိုပါတယ်။ ရေးသားသူကိုဇော်ဝင်းကို လေးစား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီစာကို ပြည်တွင်းမှာရှိတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေထံ ဆယ့်ရှစ်ရက်နေ့ အစည်းအဝေးမတိုင်ခင် ဖြန့်ဝေနိုင်ရင် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သူတွေကို လက်လှမ်းမီသမျှ ကူညီဖြန့်ဝေပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ (ကိုပေါ) )

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

မကြာသေးခင်က ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာ မြောက် ရွှေ့ကွက်များဆောင်းပါးကို ကျွန်တော် ရေးခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေးသားနိုင်ခဲ့တဲ့ အတွက် အခုဒီဆောင်းပါးကို ထပ်ရေးတာ ဖြစ်ပါတယ်။

ကျွန်တော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့ အထိ နိုင်ငံရေးကို ကိုယ့်အစွမ်း ရှိသ လောက် ဆောင်ရွက်နေသူ တယောက်ပါ။ အရင် ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူ တွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာတွေ့လို့ ကိုယ်တတ်နိုင် သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြ နိုင်တာကိုလည်း နားလည်ပေးကြ စေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘော မတူ နိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့ အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံ လုံးရဲ့ အရေး၊ လူတိုင်းရဲ့ အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို NLD သာမက အများပြည်သူပါ ရင်ဆိုင် ကြရမှာပါ။ ဒါ့ကြောင့် အားလုံး ဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါတီ အရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထား လိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျွန်တော်တို့ ခေါင်းပေါ် ကျမလာ ဘဲ နေမှာ မဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။

ဆင်ကို ကျုံးသွင်းရန် ကြံ့ဖွံ့ မုဆိုး ကြံစည်ပြီ

ဒီနေ့အချိန်မှာ ကြံ့ဖွံ့အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ ဆင်ကြီးကို အဘက်ဘက်ကနေ ပြေးပေါက် ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပါတယ်။

ပါတီဝင်တွေကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ရွေးကောက်ပွဲ ဝင်လို့မရအောင်လည်း သူ့တပါတီတည်း အတွက် အထူးသီးသန့်စဉ်းစားပြီး ဥပဒေတွေနဲ့ ပိတ်ဆို့တားဆီး ကာရံပါတယ်။ ပါတီ တရားဝင် ရပ်တည်လို့မရအောင်လည်း ဥပဒေသုံးပြီး ညစ်ပါတယ်။

အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်း ကျဉ်းလေး တပေါက်ကို ဖွင့်ပေး လိုက် ပါတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးဆီကို မသွားဘဲ မနေနိုင်အောင် တခြားဘက်တွေကနေ ဝိုင်းဝန်း ခြောက်လှန့်ပေးနေတဲ့ အလုပ် ကိုလည်း လုပ်နေပါတယ်။ ပြည်ထဲရေး ဝန်ကြီးက NLD ဟာ တရားမဝင်တော့တဲ့ ပါတီ ပါလို့ ပြောတာ ဟာ ခြောက်ထုတ် ပေးနေတာပါ။ “သဘောထားတင်းမာတဲ့သူတွေက အခြေအနေတွေ နောက်ပြန်ဆုတ်အောင် လုပ်နေတယ်” လို့ The voice ဂျာနယ် က ပြောတာကလည်း ခြောက်ထုတ်ပေး နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် သာမက အမျိုးသား ခေါင်း ဆောင်ဖြစ်ပါတယ်လို့ ပြောတာဟာလည်း ဒေါ်စုကို NLD နဲ့ခွဲထုတ်နေတာပါ။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လမ်းကျဉ်းလေးထဲ မဝင်၊ ဝင်အောင် ခြောက်လှန့်ပို့ဆောင်ပေးနေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

အဲဒီလမ်းကျဉ်းကျဉ်းလေး ကနေ သွားရင် ရောက်မယ့် နေရာက ဆင်ဖမ်းတဲ့ ကျုံးကြီးထဲကို ဖြစ်ပါတယ်။

ဖွင့်ပေးလိုက်တဲ့ လမ်းကျဉ်းလေးက ပါတီ မှတ်ပုံတင်ရေး လမ်းကျဉ်းဖြစ်ပြီး၊ မောင်းပို့နေတဲ့ ကျုံးကြီးကတော့ ၂၀၀၈ အခြေခံဥပဒေ ကျုံးကြီးဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရ မယ့် အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက် တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်းပီသစွာ ဥပဒေ မှန်သ မျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်းလိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေ ဘောင်တွင်း က NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။

ထားပါတော့။ ဒီ “လေးစားလိုက်နာ” စကားလုံးကို အကျယ် မဆွေးနွေးတော့ပါဘူး။ ဒီစကားလုံး နှစ်လုံး အဓိပ္ပါယ် ခြားနားမှု ရှိမရှိဆို တာဟာ သူတို့လက်ထဲမှာပါ။ ဒီအစိုးရလက်ထက်မှာ ဥပဒေဆို တာ မျှော့ကြိုးပါ။ ဒီ့ထက် မကတဲ့ စကားလုံးတွေကိုလည်း လိုသလို ချုံ့ခဲ့၊ ချဲ့ခဲ့ဖူးပါပြီ။

နောက်တချက်က ထောင်ကျနေတဲ့သူတွေကို ပါတီထဲကနေ ထုတ်ပစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အချက်ပါ။ မှန်ပါတယ်။ ဒီအချက်ကတော့ အစိုးရဘက်က တကယ် လိုက်လျော လိုက်တဲ့ အချက်ပါ။ သူတို့ဖွင့်ပေး၊ ဟပေးလိုက်တဲ့ လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ငါးမျှားချိတ်မှာ သူတို့ တပ်ပေး ဆင်ပေးလိုက်တဲ့ အစာလည်းဖြစ်ပါတယ်။ ( ဒါပေမဲ့ တချို့ပြောဆိုနေကြသလို ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင် နိုင်မယ်၊ မဲပေး နိုင်တော့မယ် ဆိုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ ကသပ်သပ်ပါ။ အဲဒီမှာ ဘာမှ ပြင်မပေးပါဘူး။)

ဥပဒေကို ပြင်ဆင်လိုက်တဲ့ နေရာမှာ အဓိကကျတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါ ကတော့ မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲ မှာတောင် သုံးနေရာ မဖြစ်မနေရ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာပါပဲ။ (ဒီအချက်ကို သေသေချာချာ ဖတ်ကြည့် စေချင် ပါတယ်။ တချို့ နားလည်မှု လွဲနေကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ မဝင် မနေရလို့ ပြောတာပါ။) ဒါကိုကြည့်ရင် အစိုးရက ဘာလိုချင် နေတယ် ဆိုတာ အရှင်းကြီးပါ။ ၂၀၁၅ အထိတောင် မစောင့်နိုင်ဘူး၊ အခုကြားဖြတ်ရွေးကောက်ပွဲမှာပဲ ချက်ချင်း ရွေးကောက်ပွဲဝင်ရမယ်၊ မဝင်ရင်တော့ မှတ်ပုံတင်ခွင့် မပေးနိုင်ဘူး ဆိုတဲ့ သဘောထားဟာ အထင်အရှားပါပဲ။

မှတ်ပုံတင်ရင် ဘာဖြစ်မလဲ။

ဒီဥပဒေအရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ပါတီခေါင်းဆောင်အားလုံးသာမ က ပါတီဝင်တိုင်းဟာလည်း လက်မှတ် ရေးထိုးကြရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၆ ၊ ပုဒ်မ ၁၀ (ဈ) ( ဥပဒေ ပြင်ဆင်ချက်မှာ ပုဒ်မ ၁၀ (ဇ) အဖြစ်ပြောင်းလဲထား) တို့ အရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ရေးထိုးမထားတဲ့သူကို ပါတီက သိပါလျက်နဲ့ ထုတ်ပယ် မပစ်ဘဲ လက်ခံထားခဲ့ရင် အဲဒီပါတီကိုယ်တိုင်ဟာ တရားဝင်ပါတီ အဖြစ်ရပ်တည်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်ပြီးရင် “ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြ” လို့ အမိန့် ထုတ်ရတော့မှာပါ။ အဲသလို အမိန့် မထုတ်ရင် ဥပဒေကြောင်းအရကတော့ ပါတီ အနေနဲ့ ရထားတဲ့ မှတ်ပုံတင်ခွင့်လေးက ပြန်ဆုံးရှုံးရဦးမှာပါ။

ဒါပေမဲ့ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြလို့ ပြောရင် အဲဒီပါတီဟာ ဒီမိုကရေစီ ကျတဲ့ ပါတီ ဖြစ်နိုင်ပါဦးမလား။ လွတ်လပ်စွာ အမြင်ကွဲလွဲခွင့် မရှိတဲ့ ပါတီဟာ ဒီမိုကရေစီ ပါတီ ဖြစ်နိုင်ပါဦးမလား။ စစ်အစိုးရ အလိုကျ အခြေခံ ဥပဒေကို လေးစား လိုက်နာဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ရမယ်ဆိုရင် ဒီပါတီဟာ ဒီမိုကရေစီ ပါတီလို့ ဆိုနိုင်ပါတော့မလား။ ဒါဟာ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီရဲ့ ဒီမိုကရေစီ အနှစ်သာရကို လဲလှယ်ပေး ရမယ် ဆိုရင် ဘာကို ရွေးချယ်ကြမလဲ။ အားလုံးစဉ်းစားကြဖို့ပါ။ မှတ်ပုံတင်လိုက်တဲ့ ပါတီဟာ တချိန်က ကျွန် တော်တို့ တလေးတစား မဲပေးခဲ့ ကြတဲ့ NLD နဲ့ တူနိုင်ပါဦးမလားဆိုတာ ကျွန်တော်တို့ စဉ်းစားစရာ ဖြစ်လာမှာပါ။

ဒါကို စကားကပ်ပြောနေတယ်လို့ ယူဆလို့မရပါဘူး။ မှတ်ပုံတင်ပြီးရင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်လို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ပေးဖို့ စစ်အစိုးရမှာ တောင်းဆိုခွင့်ရှိပါတယ်။ ဥပဒေအရ မည်သို့ပင်ဆိုသော်ငြား ဦးသိန်းစိန်က တော့ စိတ်ကောင်းနှလုံးကောင်းနဲ့ မသိချင်ယောင်ဆောင် နေပါလိမ့်မယ်လို့ ယူဆ (assume လုပ်) ပြီး မှတ်ပုံတင်လိုက်လို့ မဖြစ်ပါ။ ဖြစ်နိုင်ချေ ရှိတာ အားလုံးကို ထည့်သွင်း စဉ်းစားဖို့ လိုပါလိမ့်မယ်။

ဒီတော့ တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်လိုက်မယ် ဆိုရင် ပါတီ တခုလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာသော ပါတီဖြစ်သွားပြီလို့ ဆိုရပါ လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ဦးခင်မောင်ဆွေရဲ့ NDF ပါတီလို ဖြစ်လာ ပါ လိမ့်မယ်။

၉၀ ရလဒ် စွန့်ပြီလား

အဆိုးဆုံး အချက်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်ပါ။ မူလဥပဒေအရ ဆိုရင် ၂၀၁၅ ခုကျမှ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရမှာပါ။ ခုတော့ အဲဒီအထိ မစောင့်နိုင်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရဆိုပြီး ဥပဒေကို ပြင် လိုက်ပါတယ်။ ဒီလို တဘက်စောင်းနင်း ဥပဒေထွက်လာတာကိုကြည့်ရင် လွှတ်တော်ကို သူတို့ ထင်သလို လုပ်နေတယ်ဆိုတာလည်း အထင်အရှားပါပဲ။

မှတ်ပုံတင်ရစေဦးတော့၊ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင်တောင် အခြေအနေက သိပ်အဆိုးကြီးမဟုတ်သေးပါဘူး။ ခုတော့ မှတ်ပုံတင်ချင် ရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အချက်ကို ဥပဒေ အသစ်ပြင်ထည့်သွင်းလိုက်တဲ့ အချက်ဟာ NLD ကို မကွဲကွဲအောင် တမင် သွေးထိုးတာဖြစ်ပါတယ်။ NLD ကို ၂၀၀၈ ခုအခြေခံဥပဒေအောက် မရောက်ရောက်အောင် ဇွတ်ပို့နေတာလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်က ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကို သီးခြားစီခွဲစဉ်းစားရမယ်လို့ ဒီဥပဒေမူကြမ်းကို စတင် တင်သွင်းစဉ်အခါ တုန်းက မီဒီယာမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့အစိုးရဟာ NLD ကို အဲဒီအခွင့်အရေး ပေးမှာ မဟုတ်ပါဘူး။ မပေးချင်လို့ ဥပဒေထဲမှာ အပိုဒ်သစ် တမင်ထပ်တိုးထားတာပါ။

ဒီတော့ ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ NLD ဟာ ပါတီ တရားဝင် ရပ်တည်ချင်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရပါမယ်။ အဲသလို သုံးနေရာ ဝင်ပြိုင်လိုက်ရင် ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရား ဝင် စွန့်လွှတ်ပြီးသား ဖြစ်သွားပါပြီ။ ကြားဖြတ် ရွေးကောက် ပွဲလည်း ဝင်ပြိုင်ဦးမယ်၊ ၉၀ ရလဒ်လည်း မစွန့်နိုင်ဘူးဆိုပြီး လုပ်နေလို့ မရပါ။

ဒါကိုသိလို့လည်း အစိုးရက သုံးနေရာမှာ မဖြစ်မနေ ဝင်ပြိုင်ခိုင်းနေတာပါ။

NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရ အတင်းဝင်ခိုင်းနေပေမဲ့ နေရာများများမှာ ဝင်ပြိုင်ခွင့်လည်း မပေးချင်ပါဘူး။ နေရာများများမှာ ဝင်ပြိုင်ပြီး NLD တော်တော်များများ လွှတ်တော်ထဲရောက်လာမှာကိုလည်း တဘက်က ကြောက်ပါသေးတယ်။ ကြည့်ပါ။ NLD ပါတီကို နေရာ ၇၀-၈၀ မှာ ဝင်ပြိုင်ခွင့် ပေးရမှာ စိုးလို့ လောလောလတ်လတ်မှာကိုပဲ ဥပဒေ ပြင်ဆင်ဖို့ မူကြမ်း တခု လွှတ်တော်မှာ တင်နေပါတယ်။ လစ်လပ် နေရာ ၇၀-၈၀ မကျန် အောင်လုပ်မယ့် ဥပဒေပါ။ သမ္မတတို့၊ ဝန်ကြီးတို့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ပေးရမယ်ဆိုတဲ့ မူလ ဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတင်နေတာဖြစ်ပါတယ်။ သမ္မတတို့ ၊ ဝန်ကြီးတို့ဟာ လွှတ်တော် ကိုယ်စားလှယ် ဆက်ဖြစ်နေရင် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့နေရာတွေ မလပ်တော့အောင်လုပ်တာပါ။ လစ်လပ် မယ့်နေရာ နည်းသွား အောင် လုပ်နေတာပါ။ NLD ကို အရိုးအရင်းလေးကိုက်ဖို့ ပေးရမှာကိုတောင် မသဒ္ဓါသေးလို့ အရိုးမှာကပ်နေတဲ့ အသား လေးကို ခြစ်ယူနေတဲ့ လုပ်ရပ်ပါ။ သမ္မတကြီးရဲ့ စေတနာကို ဒါလောက်ဆိုရင်ပဲ နားလည်ဖို့ ကောင်းလှပါပြီ။

NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာတချို့ကို မစို့မပို့ ပေးလိုက်ရုံနဲ့ တသက်လုံး အရှက်ကွဲခဲ့ရရုံသာမက အမျိုးမျိုး ခြောက်လှန့်နေခဲ့တဲ့ အဲဒီ ၉၀ အိပ်မက်ဆိုးကြီး ပျက်ပြယ် သွားအောင်လုပ်ရေးဟာ အစိုးရရဲ့ ရည်မှန်းချက်ပါ။ အဲသလိုသာ ရသွားမယ်ဆိုရင် စစ်အစိုးရ အတွက်တော့ သိပ်အရတော်လှတယ်လို့ ဆိုရမှာပါ။

မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ

အခု ရွေးရမယ့် လမ်းက နှစ်လမ်းပါ။ မှတ်ပုံတင်မလား၊ ဒါမှ မဟုတ် မှတ်ပုံမတင်ဘူးလား။

မှတ်ပုံမတင်ရင် ကြံ့ခိုင်ရေး အစိုးရ၊ စစ်အာဏာရှင် စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှေးယခင်က အတိုင်း ရန်သူ လို သဘောထား ပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓါးမိုး အုပ်ချုပ်တဲ့ အခြေ အနေဆီ ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီ သမားတွေအနေနဲ့ အဲသလို ပြန်ဖြစ် မှာ စိုးရိမ်လို့ NLD ကို မှတ်ပုံတင်စေချင်ကြတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ပြီးရင်၊ ရွေးကောက်ပွဲဝင်ပြီးရင်ရော ဒါမျိုးတွေကို ရှောင်လွဲနိုင်ပြီလို့ ဆိုနိုင်ပါ သလား။

စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေသမျှမှာ စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို လုပ်နေဦးမှာပါ။ ဒါက စစ်အစိုးရဘက်က ရှောင်လွှဲမရတဲ့ ဘဝပေး အခြေအနေပါ။

ကျွန်တော်တို့ ဘက်က အခြေအနေကိုလည်း ကြည့်ရအောင်။ ဒီမိုကရေစီကို လိုလားနေသမျှမှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေရမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ဘက်က ရှောင်လွှဲလို့မရပါ။

ဒါဟာ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကြားက ရှောင်လွှဲ မရတဲ့ ပဋိပက္ခပါ။ ဒါ့ကြောင့် ဒီမိုကရေစီ အရေးကို လက်မလွှတ်သေးသမျှမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းမယ့် အန္တရာယ်၊ နိုင်ငံရေးသမားတွေကို ဖမ်းမယ့် အန္တရာယ်ကို ကျွန်တော်တို့ ရှောင်လွှဲမရ၊ ရင်ဆိုင်နေရဦးမှာပါ။

တတိယအုပ်စုများက ကျွန်တော်တို့ကို အကြံပေးနေတာက “ဗိုလ်သန်းရွှေ ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်ကို မထိခိုက်စေရ၊ စစ်အာဏာရှင် စနစ်ကိုသာ ကျွန်တော်တို့ ဖြိုချမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးများ မစိုးရိမ်ကြပါနဲ့ ကျွန်တော်တို့ကို ယုံကြည်ကြပါ” လို့ ပြောခိုင်းနေတာဖြစ်ပါတယ်။ ဒီလိုပြောရင် ပြေလည်သွားနိုင်မယ်လို့ တတိယအုပ်စုက တွေးပုံရ ပါတယ်။ တတိယအုပ်စုဟာ စစ်အာဏာရှင်ရဲ့ အင်အားကို ပိုတွက်ပြီး ကြောက်ရွံ့ ကြပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ကိုတော့ လျှော့တွက်နေပါတယ်။ စစ်အာဏာရှင်တွေ ဟာ တကယ်တော့ သူတို့ ထင်သလို သူတို့ရဲ့ အသက်အန္တရာယ်ကို ကြောက်လို့ အာဏာ မစွန့်နိုင်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဆံခြည်တမျှင်မှ လျှော့မပေးနိုင်လို့ တင်းခံ နေတာပါ။

အစိုးရဘက်က နားလည်မှု ရှိလာနိုး၊ ပြောင်းလဲလာနိုး မျှော်လင့်ပြီး ကိုယ့်ဘက် က တဆင့်ပြီး တဆင့် ကျွန်တော်တို့ အလျော့ပေး သွားမယ်ဆိုပါတော့။ နောက်ဆုံး အားလုံး လျော့ပြီး သွားတဲ့ အချိန်မှာ ဘာမှ ဖြစ်မလာရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အဲဒီ အချိန်ကျမှ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အတွက် ဆုတ်လမ်းရှိတော့မှာ မဟုတ်ပါ။ အဲဒီဆုတ်လမ်း မရှိတော့တဲ့ အခြေအနေရောက်အောင် စစ်အစိုးရကတွန်းပို့ နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့ အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဟာ တခုခုတော့လွဲနေပြီ လို့ ဆိုရတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျွန်တော်တို့ အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။

ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိ အပေါ်မှာ မှီခိုနေရတယ် ဆိုရင် အဲဒါကို တကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာ မယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့်မယ်။

ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ။ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့ နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရ အကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပိုပြီးတိကျအောင် ပြောရရင် တတိယ အုပ်စုကနေ တဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ စစ်အစိုးရနဲ့ မပြေလည်ချင် လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ ပြေလည်နည်းဟာ ကျားသနားမှ နွားချမ်းသာ မယ့် ပြေလည်နည်း ဖြစ်နေလို့ ပြောနေတာပါ။ စစ်အစိုးရ စိတ်ကောင်းနှလုံးကောင်းရှိမှ ချမ်းသာရမယ့် နည်းလမ်းဖြစ်နေပါတယ်။ တကယ်တန်း စစ်အစိုးရသာ စိတ်ကောင်းနှလုံး ကောင်းရှိနေရင် တွေ့ဆုံဆွေးနွေးနေစရာတောင် မလိုပါဘူး။ ဒီမိုကရေစီ ရပြီးတာ ကြာလှ ပါပြီ။ “စစ်အစိုးရက မယုံနိုင်သေးလို့ပါ၊ သူယုံကြည်လာအောင် လုပ်ရမယ်” လို့ တတိယ အုပ် စုတွေက ပြောနေပါတယ်။ ဟုတ်ကဲ့။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်မှသာ စစ်အ အစိုးရက ယုံကြည်နိုင်မှာပါ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ခိုင်းနေသေး သမျှမှာ စစ်အစိုးရ က ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။ ဒီသဘောထားကို စစ်အစိုးရက အကြိမ်ကြိမ် ပြသ ပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလို့ကတော့ ဒေါ်အောင် ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကို မဆို လက်ခံပါတယ်။ ကုန်ကုန်ပြောရရင်၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့ အစည်းတွေကိုတောင် ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ်ဆိုရင် စစ်အစိုးရက ကြိုဆိုမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ရွေးချယ်သင့်တဲ့ လမ်းမဟုတ်ပါဘူး။ ဒီမိုကရေစီ သမားရဲ့ လမ်း မဟုတ်ပါဘူး။ တတိယအုပ်စုတို့ ဗဟုတို့ရဲ့လမ်းပါ။

NLD မှတ်ပုံတင်ရင်တော့ စစ်သား တမတ်သားပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ လူနည်းစု အဖြစ် ပါဝင် ပူးပေါင်း ရပါလိမ့်မယ်။

ဒါ့အပြင် စစ်အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို လာပါလာပါ လက်ယပ်ခေါ်ပေမယ့် တကယ်တန်း ဝင်ရောက်လာတဲ့ အခါ ဦးထွန်းအောင်ကျော်တို့လို စစ်အစိုးရ သတင်းစာ တွေ ထဲမှာ ဆောင်းပါးရေးနေတဲ့ နိုင်ငံရေး သိပ္ပံ ဘောဂဗေဒ ကျောင်း တော်သားကြီးတွေ၊ ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့် ပေးဖို့ တောင်းဆို ပေးသူတွေ ကိုတောင်မှ မျက်နှာသာ မပေး နေရာ မပေးဘူးဆိုတာ ကိုလည်း သတိထားဖို့ လိုပါတယ်။ တကယ်တန်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF အခု ဘာဖြစ် နေသလဲ ဆိုတာ ကိုလည်း ကြည့်ဖို့ လိုပါမယ်။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက်တောင် နိုင်ငံရေး လုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက် တောင်မှ စစ်အစိုးရက အရေးတယူ ဆက်ဆံပါ ရဲ့လား။

မှတ်ပုံတင်လိုက်ရင် အစိုးရနဲ့ ပြေလည်ချင် ပြေလည်ပါလိမ့်မယ်။ အစိုးရနဲ့ ပြေလည်ဖို့ အဓိက၊ အစိုးရနဲ့ နားလည်မှု ရဖို့က အဓိက ဆိုရင်ဖြင့် မှတ်ပုံတင်တဲ့ နည်းလမ်းဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ ပြေလည်ပြီးရင် ဒီမိုကရေစီ စနစ်ဆီကို ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းသွားမှာလား။ ဒါမှ မဟုတ် စစ်အာဏာရှင်စနစ်ထဲကို ငြိမ်းချမ်းစွာ ပေါင်းစည်းသွားမှာပါလား။

အန္တရာယ်ရှိတာကတော့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအောက် ကို ချည်ပြီးတုတ်ပြီး အနေအထားနဲ့ ကျရောက်သွား နိုင်တဲ့ အန္တရာယ်ပါ။

ဒါ့ကြောင့် ဘယ်သူမဆို NLD မှတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တခေါက်လောက် ပြန်ဖတ်စေချင်တယ်လို့ အကြံပြုချင်ပါတယ်။

NLD ပါတီအတွက် အဓိက စိန်ခေါ်ချက် နှစ်ရပ်

အခုအချိန်မှာ NLD အတွက် နံပါတ်တစ် အရေးကြီးဆုံးအချက်က ပါတီမကွဲဖို့ပါ။ ပါတီသစ်ထောင်ဖို့ တိုက်တွန်းသူတွေရှိနေကြတာကို လည်း အားလုံးအသိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် မဖြစ်သင့်ဘူး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ပြောနေကြတာလည်း အားလုံးအသိပါ။ တကယ်တော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်နေတာပါ။ မကွဲကွဲအောင် လုပ်နေတာပါ။ NLD အနေနဲ့ လူသိရှင်ကြား တရားဝင် ကွဲပြဲတာမျိုး မဖြစ်အောင် တားဆီးဖို့လိုသလို တက်ကြွလှုပ်ရှားသူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကွဲတာလူမသိစေချင်လို့ တချို့လူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွား ကြမယ်ဆိုရင် လည်း တိုင်းပြည်အတွက်ကတော့ နစ်နာဆုံးရှုံးတာပါပဲ။

NLD အတွက် နံပါတ်နှစ် အရေးကြီးတဲ့ အချက်က ၂၀၀၈ အခြေခံဥပဒေ လက်အောက်ကို ချည်ပြီးတုတ်ပြီး ကျရောက်သွားတဲ့ အဖြစ်မျိုး မဖြစ်ဖို့ပါ။ ၂၀၀၈ အခြေခံဥပဒေ ပင်စည်ကို၊ ကျောရိုးကို ပြင်ခွင့်မရတော့ပဲ သူ့ဘောင်ထဲဝင်၊ သူ့အရိပ်ကို ခိုပြီး ဟိုအကိုင်းလေးခုတ်ဖို့ကြိုး စားလိုက်၊ ဟိုအတက်ကလေးချိုးဖို့ ကြိုးစားလိုက်လုပ်ရင်း တနိုင်ငံလုံး စစ်ကျွန်ဘဝကို အကာအကွယ်မဲ့ ကျရောက်သွားမယ့် အဖြစ်ကို ရှောင်ရှားနိုင်ဖို့ အရေးကြီးပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်သွားရင် ပါတီဟာ နိုင်ငံရေး အညွန့်တုံးတဲ့ ဘဝကို ရောက်သွားမှာပါ။

နိုင်ငံရေးပါတီတခုဟာ မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အစိုးရဖျက်ပေမယ့် လွယ်လွယ်နဲ့ မပျက်ပါဘူး။ မူပျောက်ရင် ပါတီအလိုလို သေးသိမ် မှေးမှိန်ပြီး တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်တတ်ပါတယ်။ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အဲသလို အစဉ်အလာ နမူနာတွေ အများကြီး ရှိပါတယ်။


၂၀၀၈ အခြေခံဥပဒေသည်သာ အခရာ

လွှတ်တော်ထဲမှာ စစ်သား တမတ်သား ပါဝင်မှာကို သဘောတူရင်၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အချိန်မရွေး အာဏာသိမ်းမှာကို သဘောတူရင် NLD မှတ်ပုံတင်တာကို လည်း ထောက်ခံလို့ ရပါပြီ။ အဲဒါတွေကို သဘောမတူနိုင်ရင်တော့
NLD မှတ်ပုံတင်ရေးဟာ ရင်လေးစရာကြီးပါ။ ဒီမိုကရေစီပါတီ ဆိုတာ တရားဝင် မှတ်ပုံတင် ရမှာပဲ ဆိုတဲ့ အခြေခံလောက်ကိုတွေးပြီး လွယ်လွယ် မဆုံးဖြတ်ကြစေလိုပါ။

စစ်အစိုးရ အဖို့မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ရထားတာဟာ လိုတရ ဆေးကြိမ်လုံးကို ရထားသလိုပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ၂၀၁၅ မှာ NLD ရွေးကောက်ပွဲဝင်ပြီး တနိုင်ငံလုံးမှာ အနိုင်ရသွားရမယ်ဆိုပါတော့။ ( ဥပမာပြောတာပါ၊ တကယ်တန်းမှာ သူတို့ ဒါမျိုး နောက်တခါ ထပ် အဖြစ် မခံပါဘူး။ NLD မပါဘဲနဲ့တောင် ၂၀၁၀ တုန်းက ဘယ် လောက် ရုပ်ပျက်ဆင်းပျက် မဲခိုးခဲ့သလဲ ဆိုတာ အားလုံး အသိပါ။ ) တကယ်လို့ ၂၀၁၅ မှာ NLD အနိုင်ရ သွားရင် တောင်မှ ပြဿနာရှာပြီး အာဏာ ပြန်သိမ်းလိုက်ရင် ၂၀၀၈ ခု အခြေခံဥပဒေအရ တရားဝင်နေပါသေးတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့ အတွက် အဲသလောက် အာမခံချက်ရှိပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ခုအခြေခံဥပဒေကြီးကို သိပ်တရားဝင်စေချင် နေတာပါ။ NLD ကိုယ်တိုင် လက်ခံထားတဲ့ အခြေခံဥပဒေပါလို့ နိုင်ငံတကာကို ပြောချင်နေတာပါ။ အဲသလို ပြောနိုင်ဖို့ အတွက် အခုကြိုးစားနေတာပါ။

ဒီတော့ NLD ပါတီ မှတ်ပုံတင်မတင်ဆိုတဲ့ ပြဿနာရဲ့ အဖြေဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံ၊ မခံဆိုတဲ့ စိန်ခေါ်မှုသာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
Read more

ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ

(မိုးမခဘလော့ကနေ ကူးယူ ဖော်ပြပါတယ်။ ရေးသူက မောင်ခင်အေးတင့်(မဒေါက်) ဖြစ်ပါတယ်။)
ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ
မောင်ခင်အေးတင့်(မဒေါက်)
နိုဝင်ဘာ ၈၊ ၂၀၁၁

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်က လွှတ်တော်နှစ်ရပ်လုံးက ပြန်လည် ပြင်ဆင်ခဲ့ပြီး ပြင်ဆင်မှုသုံးခု ပြုလုပ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို သမ္မတ ဦးသိန်းစိန်က သောကြာနေ့မှာ လက်မှတ်ထိုး ထုတ်ပြန် လိုက်ပါတယ်။

ပြင်ဆင်မှုသုံးခုပါတဲ့ ဥပဒေသစ်က “အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုတဲ့နေရာမှာ “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစား လိုက်နာ” ဟုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ ကန့်သတ် ချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင်မဖြစ်ရ ကန့်သတ်ချက်တို့ကို ပယ်ဖျက်ပေးထားပါတယ်။ ဒီပေါ်ထွက်လာတဲ့ ဥပဒေသစ်အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မတင် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်နေမှုတွေအားလုံးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံရဲ့အောက်က သွားနေတာဆိုတော့ ၂၀၀၈အခြေခံဥပဒေဆိုတာကို ပြန်ဆန်းစစ်ကြည့်မိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆိုတာက မူလကနဦး အခြေခံဥပဒေ (၁၀၄) ချက်ကအစပြုလို့ အမျိုးသားညီလာခံကျင်းပပုံ၊ အတည်ပြုပုံအဆုံး အားလုံးကို နအဖစစ်အုပ်စုက စိတ်ကြိုက်ချမှတ် ရေးဆွဲအတည်ပြုခဲ့တာပါ။ ပြောရရင်တော့ စစ်အုပ်စုက သွန်လိုသွန် မှောက်လိုမှောက် လုပ်ခဲ့တဲ့ စစ်အခြေခံဥပဒေ ၂၀၀၈ပါ။ တခဏလေးအတွင်းမှာ ပြည်သူလူထု(၁)သိန်းကျော် (၂)သိန်းနီးပါးလောက် သေကြေပျက်စီးပြီး လူ(၁)သန်းနီးပါးလောက် အိုးအိမ်မဲ့ စားစရာမဲ့ နေစရာမဲ့ဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ရတဲ့ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ဝါးမျိုသွားတဲ့အချိန်မှာတင်ကို စစ်ကောင်စီဗိုလ်ချုပ်တွေက ၉၂.၄၈ ရာခိုင်နှုန်းဆိုပြီး အဓမ္မအတည်ပြုလိုက်တဲ့ စစ်သမ္မတနိုင်ငံထူထောင်ရေး စစ်အခြေခံဥပဒေ ဖြစ်ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံတုန်းကလည်း ၉၀.၁၁ရာခိုင်နှုန်း ရတယ်လို့ ကြေညာတယ်၊ တပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်။ ပြန်ချုပ်ပြောရင် ၂၀၀၈ မေလ(၁၀) ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်တယ်။ နာဂစ်ကြောင့် အဲဒီဒေသအတွင်းမှာရှိတဲ့ မြို့နယ်(၄၇)ခုကိုတော့ မေလ(၂၄)ရက်နေ့မှာ ဆန္ဒကောက်ယူ ခဲ့တယ်။ နောက်ဆုံး မေလ(၂၉)ရက်မှာတော့ ၉၂.၄၈ ရာခိုင်နှုန်း ရတယ်လို့ ကြေညာလိုက်တယ်။ စစ်အာဏာရှင်စနစ်နဲ့ပဲ ဆက်အုပ်ချုပ်သွားမယ်လို့ ဗြောင်စိမ်ခေါ်လိုက်တာပါပဲ။ ၂၀၀၈အခြေခံဥပဒေထဲက အချို့အချက်တွေကို စိပ်ခွဲကြည့်ရင် ဒီလိုမြင်ရတွေ့ရပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့အာဏာ ပေးအပ်ထားတာပါ။ အကြောင်းကတော့ အခြေခံဥပဒေရဲ့ အဓိကကျောရိုးအဖြစ် “နိုင်ငံတော်၏ အနာဂတ် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်တပ်က အစဉ်တစိုက် ပါဝင်သွားမည်” ဆိုတဲ့ ဥပဒေဆိုင်ရာခံတပ်၊ ပုဒ်မ ၂၀(ခ)မှာလည်း “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားတာကြောင့် ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ဒီ၂၀၀၈ဖွဲ့စည်းပုံက အမြင့်ဆုံးအာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်နှင်းထားတဲ့အချက်ပါပဲ။ စုစုပေါင်းအဖွဲ့ ၀င်(၁၁)ဦးမှာ အရပ်သားဆိုလို့ ကြံ့ဖွတ်ပါတီဝင် တဦးသာပါပြီး ကျန် ၁၀-ဦးစလုံးက စစ်တပ်ကချည်း ဖြစ်ပါတယ်။

အဓိက လုပ်ငန်းစဉ်(၄)ရပ် ချမှတ် ပြဋ္ဌာန်းထားပါတယ်။

(၁) ပုဒ်မ ၃၄၂အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ရွေးချယ်အတည်ပြုပြီး သမ္မတက ခန့်အပ်ပေးမှာ ဖြစ်ပါ တယ်။

(၂) နိုင်ငံတ၀န်းလုံးမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရင် ပုဒ်မ ၄၁၇၊ ၄၁၈အရ သမ္မတက အာဏာကြီး(၃)ခုစလုံးကို ကာကွယ်ရေးဦးစီးချုပ်ဆီ လွှဲပြောင်းပေးရန် လုပ်ဆောင်ရပါမယ်။

(၃) အရေးပေါ်အခြေအနေကာလမှာ ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်ကို အများဆုံး(၂)နှစ်အထိ အုပ်ချုပ်နိုင်သလို ထိုကာလကျော်လွန်တဲ့အခါမှာ လည်း အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ၄၂၇၊ ၄၃၁တို့အရ အာဏာ၃ ရပ်စလုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတကိုယ်စား ကျင့်သုံးမှာ ဖြစ်ပါတယ်။

(၄) ပုဒ်မ ၄၂၉အရ ယင်းကောင်စီက အရေးပေါ်အခြေအနေကို ရုတ်သိမ်းပြီး (၆)လအတွင်း ရွေးကောက်ပွဲကျင်းပပေးရေး လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု ပုဒ်မ ၂၀(စ)နဲ့ ထပ်ဆောင်း ထားလိုက်ပါသေးတယ်။ အချုပ်ကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြိမ်းခြောက်လာတယ်လို့ စစ်ဗိုလ်ချုပ်တွေက ယုံကြည်ယူဆရင် အချိန်မရွေး အာဏာပြန်သိမ်းနိုင်ခွင့်ကို ဖန်တီးပေးထားတဲ့ စစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတာပါပဲ။

အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မှတ်ပုံပြန်တင်မတင် အဆုံးအဖြတ်ပြုရမှာပါ။

ဒီချုပ်ဘက်ကိုကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ဧပြီလ(၂၉)ရက်နေ့က လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ထပ်တူထပ်မျှဖြစ်တဲ့ ၂၀၁၀ရွေးကောက်ပွဲ မှတ်ပုံ မတင်ရေး သမိုင်းဝင်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား အတိအလင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုသဘောတူညီမှုနဲ့ ဆုံးဖြတ်ခဲ့တာပါ။ အဖွဲ့ချုပ်ရဲ့သစ္စာတရားနဲ့ ပြည်သူ့စွမ်းအားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်အသိအမှတ်ပြုပါတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

အန်န်အယ်လ်ဒီဟာ မြန်မာပြည်တ၀ှမ်းလုံးမှာရှိတဲ့ လူမျိုးစုံပြည်သူလူထုတရပ်လုံးက ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင်ရပါတီဖြစ်ပါတယ်။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ပါတီ ဖြစ်နေတာမို့ တပ်မတော်သားများကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂)ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် ၂၀၁၀ မတ်လ ၂၉-ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးကို ဒေါ်အောင်ဆန်းစုကြည် မှာကြားတဲ့အချက် ၆ ချက်ထဲက အချို့အချက်ကို ထပ်မံကိုးကား ဖော်ပြချင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်

ဒီ၂၀၀၈ ဖြစ်စဉ်အဆင့်ဆင့်ကို ပြန်ကြည့်ရင်ပဲ စစ်အုပ်စုက အတင်းအဓမ္မ နည်းမျိုးစုံသုံးပြီး မရမက အတည်ပြုထားတဲ့အတွက် လုံးဝ လက်ခံနိုင်ဖို့ မရှိ ဘူး၊ တပြိုင်နက်တည်းမှာ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှသာ တိုင်းပြည်ရဲ့ အရပ်ရပ်အခြေအနေတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်မယ်ဆိုတာကို ရေးသားဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက် ကိုင်စွဲထားမှသာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ကို ငြိမ်းချမ်းတဲ့နည်းလမ်းကသာ အဆုံးအရှုံး အထိအခိုက် အနည်းဆုံးနဲ့ ဖြေရှင်းနိုင်မယ်လို့ ပြောထားတာပါ။

တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီ နည်း မကျ။

ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ဥပဒေကြောင်း ဥပဒေသဘောအရ ဥပဒေမမြောက်ပါဘူး၊ အကြောင်းကတော့ ဥပဒေတရပ်မှာ အခြေခံအချက်တချို့ ရှိပါတယ်။ ထုတ်ပြန်လိုက်တဲ့ဥပဒေဟာ ရှေ့ကိုမျှော်ကိုးပြီး နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ထုတ်ပြန်တဲ့သဘောမျိုး ဖြစ်ရမှာဖြစ်ပြီး လူတဦး တယောက် အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဖြစ်ရပါဘူး။ တဦးတယောက်အတွက်ကို ရည်ရွယ်ထုတ်ပြန်ထားတယ်လို့ ယူဆစရာမျိုး မဖြစ်စေရပါ။

နောက်တခုက ဒီဥပဒေတွေဟာ လွတ်လပ်မျှတသင့်တော်မှု ရှိရပါမယ်၊ အခုဟာက ပါတီအဖွဲ့အစည်းတခုကို တိုက်ရိုက် ပိတ်ပင်တားဆီးထားတာဖြစ်တဲ့ အတွက် သင့်တော်မျှတမှု လုံးဝမရှိပါဘူး။ အဲဒါကြောင့် တရားမျှတမှုမရှိ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတိုင်း လက်ခံပြီး မှတ်ပုံတင်လိုက်မှသာ နဂို မှတ်ပုံတင်ပြီးသား တရားဝင်ပြီးသားကိစ္စဟာ ပျက်ပျယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမှတ်ပုံမတင်ခြင်းဟာ ဥပဒေသဘောအရ ပါတီဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်၊ တရားဝင်နိုင်ငံရေးပါတီဖြစ်တယ် ဆိုတာကို အတိအလင်း ဖော်ပြလိုက်တာဖြစ်တဲ့အတွက် မှတ်ပုံတင်ဖို့ကို လုံးဝမလိုပါဘူး။ ဆရာကြီးဦးဝင်းတင်ကလည်း အရေးတော်ပုံကြီးမှာ မှတ်ပုံတင်ထားပြီးလို့ ဘယ်မှာမှ ထပ်တင်စရာ မရှိဘူး၊ တင်လိုက်မှသာ ပျက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် ၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်

အဖွဲ့ချုပ်ဟာ အားလုံးနဲ့ သက်ဆိုင်တယ်၊ ပြည်သူလူထုတရပ်လုံးနဲ့ သက်ဆိုင်တယ်လို့ ပြောတာသာဖြစ်ပြီး မိမိရဲ့ အမွေပိုင်ပစ္စည်းမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အဲဒီတော့ မိမိဆန္ဒအတိုင်း လုပ်ချင်သလို လုပ်လို့မရပါဘူး၊ မဖြစ်ပါဘူး ဆိုတာပါပဲ။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားဖို့လိုတယ်လို့ ပြော တာပါ။

အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်

အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကနေ တပြည်လုံးအတိုင်းအတာအနေနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူလူထုရဲ့ တရားဝင် မင်းန်ဒိတ်ရထားတဲ့ အနိုင်ရပါတီ ပြည်သူ့အားနဲ့ရပ်တည်ထားတဲ့ပါတီ ဖြစ်တဲ့အတွက် ဘယ်သူမှ လာဖျက်သိမ်းလို့ မရပါဘူး၊ အာဏာပိုင်တွေက အာဏာကို တလွဲအသုံးချပြီး ဖျက်သိမ်း ရင်တောင် ဘယ်တော့မှ မပျက်နိုင်ဘူး၊ ဖျက်သိမ်းလို့လည်း မရသလို ဖျက်သိမ်းပိုင်ခွင့်လည်း မရှိပါဘူး၊ ကိုယ်တည်ထောင်ထားတဲ့ ပါတီကို ကိုယ်ကိုယ် တိုင် ဖျက်မှသာ ပျက်မှာဖြစ်ပါတယ်။ ပြည်သူတွေ ထောက်ခံနေသရွေ့ အဖွဲ့ချုပ်ဟာ ရှင်သန်နေမှာသာ ဖြစ်ပါတယ်။

ဟော အခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်/မတင် ဆုံးဖြတ်ရတော့မှာပါ။ ဒီ ပြင် ဆင်ချက်သုံးခုနဲ့ အစားထိုးလိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံလိုက်ရမှာပါလား။ မှတ်ပုံပြန်တင်လိုက် တော့မှာလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အသေအချာကို ပြန်လည်သုံးသပ် စဉ်းစားအဖြေပေးရပါလိမ့်မယ်။ ရွှေဂုံတိုင်ကြေညာချက်ကို ဘာကြောင့်ထုတ်ပြန် ရတာလဲ၊ ရွှေဂုံတိုင်ရဲ့အနှစ်သာရက ဘာလဲ စသဖြင့် အဖွဲ့ချုပ်ရဲ့ အီးစီတွေကတဆင့် အဆင့်ဆင့်သော တိုင်းအဆင့် ပြည်နယ်အဆင့် မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်စုအဆင့်ထိ အမျိုးသားပြည်သူတရပ်လုံးရဲ့ အသံတွေ၊ ဆန္ဒတွေကို နားထောင်ကောက်ယူ ဆုံးဖြတ်ပြုရမယ် ဖြစ်ပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းရဲ့ အနှစ်ချုပ်ကတော့ အချက်(၄)ချက် ရှိပါတယ်။

တစ်တချက်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရေး၊

နှစ်အချက်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊

သုံးတချက်က ၁၉၉၀မေလရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အကောင်ထည်ဖော်ရေးနဲ့

နောက်ဆုံး လေးအချက်က အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။

ကျနော် စဉ်းစားကြည့်တယ်။ မှတ်ပုံတင်လိုက်ရင် နဲ့ မှတ်ပုံမတင်ဘဲ ဒီအတိုင်းဆက်နေလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကိုပါ။

မှတ်ပုံတင်လိုက်ရင်တော့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ စက္ကူစုတ်ဘ၀ရောက်သွားမှာပဲ။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်လိုက်တာဟာ အမျိုးသား ပြည်သူတရပ်လုံးရဲ့ ကတိက၀တ်ကို ချိုးဖေါက်လိုက်သလို တခဲနက် အားကိုးယုံကြည် လေးစားထောက်ခံ တန်ဘိုးထားမှုကို လစ်လျူရှု့ပစ်ပယ်လိုက်တာနဲ့ အတူတူဖြစ်သွားမှာပါ၊ ပြည်သူလူထုတရပ်လုံးက အခက်အခဲအမျိုးမျိုးကြားက မိမိတို့ရဲ့ ဆန္ဒမဲတပြားကို အပ်နှင်းပေးခဲ့တဲ့ လူထုမဲန်းဒိတ်ကြီးကို ဂရုမစိုက် ချေဖျက်လိုက်တာ ဖြစ်သွားမှာပေါ့၊ ခပ်ကြမ်းကြမ်း ရမ်းရမ်းပြောရင် အမျိုးသားပြည်သူလူထုကြီးကို စော်ကားမော်ကား သစ္စာဖျက် လုပ်လိုက်တာပါပဲ။

ဒါ့ပြင် အနှစ် ၂၀ တလျှောက်လုံး ကိုင်စွဲရပ်ခံလာတဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တခဏလေး မိနစ်ပိုင်းလေးအတွင်းမှာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပစ် လိုက်သလို ၂၀၀၈အခြေခံ ဥပဒေအတိုင်း လေးစားလိုက်နာ ဖော်ဆောင်ပါ့မယ်လို့ စစ်ဗိုလ်ချုပ်တွေကို အသနားခံလိုက်တာနဲ့လည်း မကွဲပြားလှပါဘူး။ ၂၀၁၀ မတ်လ(၂၉)ရက် ဒီချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက နံပါတ်နှစ်အချက်ဟာလည်း သူ့အလိုလို ကွယ်ပျောက်သွားရတော့မှာပါ။

ချုပ်လိုက်ရင် တော့ ရွှေဂုံတိုင်မူကို စွန့်လွှတ်လိုက်ပါပြီ၊ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေအတိုင်း တလေးတစား လိုက်နာသွားပါ့မယ်လို့ ၀န်ခံကတိပေး လိုက်တာလို့ကော မပြောနိုင်ဘူးလား။ ဒီလိုဆိုရင်တော့ ပြည်သူ့လိုလားချက်နဲ့ အံချော်တိမ်းစောင်းသွားစရာ ရှိပါတယ်။

မှတ်ပုံမတင်ဘူးဆိုရင်တော့ အမျိုးသားပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ပြည်သူလူထုရဲ့ သဘောဆန္ဒ လိုလားချက်နဲ့အညီ ရွှေဂုံတိုင်မူကို ဆက်လက်ဆုပ်ကိုင်ပြီး လူထုတရပ်လုံးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားဖို့သာ ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတရပ်လုံးက အူလှိုက်သည်းလှိုက် ၀မ်းပမ်းတသာ ၀ိုင်းဝန်းကြိုဆို ထောက်ခံကြမှာ မလွဲဧကန်ပါပဲ။

လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါ ပစ်ချထားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ်ဆိုတာ အခိုင်အမာ အလေးအနက်ကို ယုံကြည်ပါတယ်။ တကယ်တော့ ဘယ်ခေတ်စနစ် ရာဇ၀င်သမိုင်းကိုကြည့်ကြည့် အံ့မခန်း စွမ်းအားပိုင်ရှင် အမျိုးသားပြည်သူလူထုကြီးကသာ သမိုင်း စာမျက်နှာတွေကို ဖွင့်လှစ်ခဲ့တာချည်း ဖြစ်ပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်း တောင်းဆိုနေတယ်လို့ ယူဆပါတယ်။ ဒါတွေက ကျနော့်ရဲ့ယူဆချက် အမြင်သဘောထားမျှသာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံတင်မတင် ဆုံးဖြတ်ချက်က ဒီကနေ့ လူထုနိုင်ငံရေး အထုအထည် အားအင်ကို ဖြစ်ပေါ်ဖန်တီး စေမှာ ဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုတုန့်ပြန်မှာပါလဲ။
Read more

ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ

(မြန်မာ့နိုင်ငံရေးနှင့်ကျနော်၏အမြင်... အပိုင်း (၄) နှင့် (၅) ကို မအားလပ်သဖြင့် ဆက်မရေးနိုင်ခင်စပ်ကြား အီးမေးလ်မှတဆင့် ဖတ်ရှုရသော ဆောင်းပါးတပုဒ်ကို ဖတ်ရှုရသည့်အခါ အင်မတန် နှစ်ခြိုက်၍ သဘောချင်းလည်း တိုက်ဆိုင်လှသည့်အလျောက် ကူးယူဖော်ပြအပ်ပါသည်။ မူရင်း အီးမေလ်းပို့သူမှာ John Steward ဆိုသူဖြစ်ပြီး ဘားမားတူဒေး အီးဂရုပ်ထဲသို့ ထပ်မံ လက်ဆင့်ကမ်းပေးပို့သူမှာ ကိုသားဆွေဖြစ်ပါသည်။ ရေးသူအမည်ကို မသိပါ။ သိသူများ ကော်မန့်ကဏ္ဍတွင်ဖော်ပြပေးလျှင် ကျေးဇူးပါ။ ခွင့်မတောင်းပဲ မျှဝေလိုက်သည့်အတွက် ကာယကံရှင်များ ခွင့်လွှတ်ကြပါကုန်။ Updated Info: An anonymous reader has informed in the comment section that "ဒီဆောင်းပါးကို facebook မှာ တွေ့ခဲ့တာပါ။ ဇော်ဝင်းဆိုတဲ့ facebook account မှာပါ။ ရေးသူဇော်ဝင်း ၈၈ ကျောင်းသားဟောင်းလို့ အဲဒီမှာ ရေးထားပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ အဲဒီပို့စ်ကို တင်ထားပါတယ်။".Thanks for your info.)

”ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ”


ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်

အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။ ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။ အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံးရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။ သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။ ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။

ယခု အချိန်တွင် အများပြည်သူ အတွက် မျက်စိလည်စရာ ကောင်းလောက်အောင် ကစားကွက်ရှုပ်ထွေးလှပေသည်။ အမှန်တကယ်ပင် မျက်စိလည်သူ အကြည့်မှားသူတွေလည်း တော်တော်ပင် များပြားနေလေသည်။ အဘယ်ကြောင့် ထိုသို့ အမြင်ရှုပ်ထွေးကြပါသနည်း။ ရွှေ့ကွက်များမှာ ယခင်ကနှင့် မတူ တမူထူးခြားနေသောကြောင့် ဖြစ်သည်။

ယခင်က စစ်အစိုးရသည် အကြမ်းနည်းသက်သက်ကိုသာ အသုံးပြုသည်။ စစ်အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးရ။ ဘာမှ မပြောရ။ ဘာမှ မလုပ်ရ။ ထိုကဲ့သို့ လုပ်ရပ်တခုခု လုပ်လျင် ထောင်သွင်း အကျဉ်းချမည်။ လမ်းပေါ်မထွက်ရ။ ဆန္ဒမပြရ။ လမ်းပေါ်ထွက် ဆန္ဒပြလျင် ပစ်သတ်မည်။ လမ်းပေါ်ထွက် ဆန္ဒပြ သော လုပ်ရပ်သည် (လက်နက်ကိုင် တော်လှန်သော အလုပ်မှ တပါး) စစ်အစိုးရ အဆက်ဆက်အဖို့ အကြောက်ဆုံးလုပ်ရပ် ဖြစ်သည်။ အတိုချုပ်ပြောရလျင် ထောင်ချလိုက်မည်နှင့် သတ်ပစ်လိုက်မည် ဆိုသော နည်းများမှာ စစ်အစိုးရ၏ အဓိက နည်းဗျူဟာ ဖြစ်ခဲ့သည်။

စစ်အစိုးရဘက်က ပြောင်းလဲဖို့ ခြေလှမ်းပြင်လာခြင်း

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနောက်ပိုင်းတွင်မူ စစ်အစိုးရ၏ မဟာဗျူဟာ စတင်ပြောင်းလဲလာသည်။ ၁၉၈၈ နောက်ပိုင်းတွင် အကြီးမား ဆုံးသော လှုပ်ရှားမှုကြီး ဖြစ်သည့် ၂၀၀၇ လှုပ်ရှားမှုသည် စစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ စစ်အစိုးရအနေနှင့် အနှစ် နှစ် ဆယ်ကျော်ကြာကျင့်သုံးခဲ့သော အချိန်ဆွဲလိမ်ညာ၊ လှည့်ဖျား၊ ထောင်ချ၊ လူသတ်အလုပ်သည် ရေရှည်ဆက်သွား၍ အလုပ် မဖြစ် နိုင် တော့ဟု သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် ၂၀၀၇ ခုနှစ် အရေးတော်ပုံပြီးသည်နှင့် အခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေကို သွက်သွက်လက်လက် အကောင်အထည်ဖော်တော့သည်။ ယခင်က နှစ်ပေါင်းတရာကြာအောင်ပင် အချိန်ဆွဲတော့မည်ဟု ထင်ရသော လမ်းပြမြေပုံမှာ ရုတ်တရက် အရှိန်ရပြီး သွက်လက် မြန်ဆန်လာသည်။

ဤသို့ဖြင့် အခြေခံဥပဒေ တရပ်ထွက်ပေါ်လာသည်။ သို့သော် ထိုအခြေခံဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် ဒီမိုကရေစီ မကျဆုံးသော အခြေခံဥပဒေတရပ် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။ စစ်သား တမတ်သားက မည်သူမျှ မရွေးကောက် ပဲ လွှတ်တော်ထဲတွင် မိန့်မိန့်ကြီး ကြိုတင်နေရာယူနိုင်သော အခွင့်ကို ပေးအပ်ထားသည်။ စစ်တပ်က မကြိုက်လျင် အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ပေးထားသည်။ ထို အခြေခံဥပဒေမှာ လွတ်လွတ်လပ်လပ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရခဲ့လျင် ၁၀ ရာခိုင်နှုန်းမျှပင် ထောက်ခံမဲရနိုင်စရာ မရှိသော်လည်း သေနတ်မိုးဓါးမိုးပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းကထောက်ခံသည်ဟု မဲခိုးကြေငြာပစ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်နိုင်မှု အရည်အချင်း

ထိုကဲ့သို့သော အရေးကြီးသည့် သမိုင်းကာလများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့ပါသနည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ၂၀၀၇ ခုအရေးတော်ပုံနှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ နှစ်ခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာမူ ပြည်သူလူထုကို အရည်အချင်း ပြည့်မီသော ဦးဆောင်မှု မပေးနိုင်ခဲ့ပါ။ ၂၀၀၇ ခုနှစ် အရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန်ပျက်ကွက်ခဲ့ခြင်းမှာ အလွန်ဆိုးဝါးလှသော ပျက်ကွက်မှုကြီး ဖြစ်ခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူထုလှုပ်ရှားမှုကို ထောက်ခံကူညီမှုမပြုရုံသာမက စစ်အစိုးရအကြိုက်နောက်ကပင် လိုက်ဆွဲ တားမြစ်ခဲ့ပါသေးသည်။

၂၀၀၇ ခုအရေး အခင်းတွင် သံဃာနှင့် ၂၀၀၇ ခု ဗကသ ကျောင်းသားများက ထိန်းသိမ်းဦးဆောင် သွားနိုင်သောကြောင့်သာ စစ်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်းဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်း သားများမှာမူ ၂၀၀၇ ခု အရေးတော်ပုံ၏ အစပိုင်းကာလတွင် အဓိက ဦးဆောင်သူများ ဖြစ်ခဲ့ကြသော်လည်း ပွဲဦးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဆက်လက်၍ ဦးဆောင်မှု မပေးနိုင်ခဲ့။

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလတွင်မူ သံဃာနှင့် ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားများပါ ထောင်သွင်း အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ထိုကာလ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်မူ အစပိုင်း၌ NLD သည် အတန်အသင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။ သို့သော် နာဂစ်မုန်တိုင်း တိုက်ခတ် လိုက်သောအခါ နိုင်ငံရေး ကို ရှေ့တန်းမတင် ပြည်သူလူထု အရေးကို ရှေ့တန်းတင်မည်ဟု ကြွေးကြော်ကာ လူမှုရေးဘက်သို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှည့် လိုက်သည်။ NLD သဘောထားကြီးလှပါပေသည်။ လူကြီးလူကောင်း ဆန်လှပါပေသည်။ သို့သော် ယင်းကာလ NLD ခေါင်းဆောင်များသည် နိုင်ငံရေး မျက်နှာစာတွင် စစ်အစိုးရကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်လေးနေကြပြီး နာဂစ် ဟူသော အကြောင်းပြချက်ကောင်းကောင်းရသွားသည့် အတွက် စိတ်သက်သာရာပင် ရသွားသလားဟု သံသယဝင်ဖွယ် ဖြစ်ပေသည်။ သူတို့သည် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လှည့်မကြည့်တော့ပေ။ သို့သော် စစ်အစိုးရမှာမူ သူ့ရည်ရွယ်ချက်ကို မျက်ခြေ အပြတ်မခံ။ လူတွေသေ၊ အလောင်းတွေ ရေမျောနေသည့် ကြားကပင် အခွင့်ကောင်းယူကာ ထောက်ခံမဲတွေ မရမနေလုယက်ယူခဲ့လေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ရ၍ စစ်အစိုးရမှာ လူဆိုးရာထူး တရစ်တက် သွား သည်။ တကယ်တန်း အနစ်နာကြီး နစ်နာခဲ့ကြရသည်မှာ ပြည်သူ တရပ်လုံးဖြစ်ခဲ့ကြသည်။ ပြည်သူတို့မှာကား နှစ်ခါရှုံးခဲ့ကြရလေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ ရခဲ့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေး တာ ဝန်ကျေပွန်ခဲ့သည်ဟုကား မဆိုနိုင်ချေ။

အခြေခံဥပဒေကို အတည်ပြုနိုင်ပြီးသည့်နောက် စစ်အစိုးရ အဖို့မှာ အစစအရာရာ ချည်ပြီး တုတ်ပြီးဖြစ်လေပြီ။ သို့သော် ထိုမျှနှင့် မရောင့်ရဲပါ။ ရွေးကောက်ပွဲ ကို မတရားဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ညစ်ပြန်သည်။

ထိုကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အလွန်ထူးခြားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။ ရွှေဂုံတိုင် ကြေငြာချက်သည် သေအံ့မူးမူး ဖြစ်နေသော NLD ကို ပြန်လည် အသက်ဝင်စေခဲ့သည်။ ခေါင်းဆောင်မှုမဲ့နေသော တက်ကြွ လှုပ်ရှားသည့် NLD နယ်ခေါင်းဆောင်များကို လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဦးဝင်းတင်သည် NLD ကို နိုင်ငံရေးသဘောတရား ဦးဆောင်မှု ပေးနိုင်သူ၊ လမ်းကြောင်းမှန်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကျယ်ပြန့်သော လူထု ထောက်ခံ မှု အင်အားကို ရရှိထားသူကား မဟုတ်ပါ။

ဦးဝင်းတင်ခေါင်းဆောင်သော NLD သည် ရွှေဂုံတိုင် ကြေငြာချက်ကို ထုတ်ပြန်နိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်း ပြုပြီး NLD ပါတီကွဲထွက်ခဲ့သည်။ သို့သော် ထိုအကွဲမှာလည်း သိပ်မဆိုးလှ။ ထို အကွဲ ကြောင့် ပါတီမှာ အားလျော့ မသွား သည့်အပြင် ပိုမိုအားကောင်းလာသည်။ NLD သည် ဦးအောင်ရွှေ၏ အပျော့ဆွဲ အယူကို ဆက်ခံသော ထိပ်တန်းခေါင်းဆောင်များကို ဆုံးရှုံး ခဲ့ရ သော်လည်း ယင်းတို့ အစား အခြားအုပ်စုကို လျော်ကြေး အဖြစ် ပြန်လည် ရရှိခဲ့သည်။ ထိုအခြားအုပ်စုကား အပျော့ဆွဲ သမားတို့၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရ သည့် တက်ကြွသော နယ်ခေါင်းဆောင်များဖြစ်သည်။ အစည်းပြေနေသော နယ်ဗဟို ကော်မတီဝင်များကို ပြန်လည် စုစည်း နိုင်ခဲ့ကြသည်။ NDF ကွဲထွက်သွားသည့် အတွက် NLD မှာ ပို၍ပင်သန့်စင်လာသည်။


၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အစဉ်အလာမပျက် မဲဆက်လက်ခိုးကာ ကြံ့ဖွံ့ပါတီကို မတရား အနိုင်ပေးလိုက်ပြန်ပါသည်။ သည်အထိ စစ်အစိုးရ၏ ကစားကွက်မှာ ယခင်ကစားကွက်များနှင့် မထူးခြားသေး။ ၄င်းတို့ ရွှေ့မြဲထုံးစံဖြစ်သော အလိမ်အညစ် အကွက် များသာ ဖြစ်ချေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်သည်။ ဒါလည်း မထူးခြားသေး။ ဆက်ဖမ်းဖို့ရာ မည်သို့မျှ အကြောင်းပြချက် ရှာမရ တော့သောကြောင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်

ပြည်သူတွေဘက်က တုန့်ပြန်ပုံကတော့ထူးခြားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့် ပြည်သူလူထုသည် ပြန်လည် လှုပ်ရှား လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နယ်ရုံးများ၊ လယ်သမား အရေး အလုပ်သမားအရေး လှုပ်ရှားသူများ၊ လူငယ်ကွန်ယက်များ စည်စည်ကားကားပြန်ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် ဖြစ်သည်။ လူထုကို နိုးကြားစေနိုင်သော၊ ယုံ ကြည်မှု ပေးနိုင်သော ခေါင်းဆောင်ဖြစ်သည်။ လူထုကို ထိုသို့သော ယုံကြည်မှု၊ နိုးကြားမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မည်သူ မျှ မပေးနိုင်ပါ။ ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်၊ အားသာချက်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ စီအာပီပီက ဒုတိယပင်လုံညီလာခံဟူသော အမည်ဖြင့် အစိုးရကို ထိုးစစ်ပြန်ဆင်ရန် ပြင်ဆင် နေချိန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သက်တမ်းတလျောက်လုံးတွက် စစ်အစိုးရ တီးပေးသော ဆိုင်းချက်ကို လိုက်ကနေကြ သည့်ဘဝ ကျရောက်နေရာမှ ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံဘက်က ဦးဆောင်သော ရွှေ့ကွက်ကို စတင်ရွှေ့ရန် ပြင်ဆင် ခြင်းဖြစ်သည်။ သို့သော် စီအာပီပီ အတွက် စည်းရုံးရေး အင်အားနှင့် လူထုထောက်ခံမှုမှာ သိပ်အားမကောင်းလှ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်။ လူထုက ဝမ်းသာအားရဆီးကြိုကြသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုရင်းစွဲ ရှိပြီး ဖြစ်သည့်အပြင် လူထုထောက်ခံမှုအားကို ရယူလိုသော စီအာပီပီတို့သည် ဒုတိယပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည့်လက် ထိုးအပ်လိုက်သည်။ စင်စစ် ထိုဒုတိယညီလာခံမှာ အစိုးရကို စိန်ခေါ်သော လုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုစိန်ခေါ်နည်းကို သိပ်မကြိုက်ဟု ထင်ရသည်။

ထိုစိန်ခေါ်နည်းသည် စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်သော လမ်းကြောင်းကို ဦးတည်စေလိမ့်မည်ဟု ယူဆသလား မဆိုတတ်။ ဒုတိယ ပင်လုံ ညီလာခံအစား လူတွေကိုယ်တိုင် တွေ့ဆုံစရာ မလိုအပ်အောင် ၂၁ ရာစုနည်းပညာများကို အသုံးပြုမည်ဟု ဆိုသည်။ ညီလာခံ ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပြောင်းပေးသွားမည်ဟု ဆိုသည်။ အဘယ်ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသနည်း။ ဘာ့ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုလိုပါသနည်း။ ထိုအချိန်က မိုဘိုင်းဖုန်းကိုမျှ မည်သို့ အသုံးပြု စကား ပြောရမှန်းမသိသော ဒေါ်အောင်ဆန်းစုကြည်သည် အင်တာနက်တွေ၊ ဗီဒီယို ကွန်ဖရင့်တွေ၊ ဆိုရှယ်ကွန်ယက်တွေ နှင့် ပင်လုံညီလာခံကို မည်သို့ ဆက်စပ် အသုံးချလိုပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်သည် လူတွေ စုဝေးတွေ့ဆုံသော နည်းကို မကြိုက်သောကြောင့် ဒုတိယပင်လုံညီလာခံကို နာမည်ပြောင်း ၊ နည်းဗျူဟာ ပြောင်းလိုက်ခြင်းပေလော။ သို့မဟုတ် လူတွေစုဝေးသော နည်းမှာ ဖြစ်နိုင်ချေရှိမည် မထင်သောကြောင့် ပုံစံပြောင်းဖို့ ပြောဆိုခြင်းပေလော။ သို့တည်းမဟုတ် ဒုတိယပင်လုံကြောင့် အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး သူ့ကို အကျယ်ချုပ်ပြန်ချမှာ စိုးသောကြောင့် ပေလော။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ။ မည်သို့ ရှေ့ဆက်စခန်းသွားမည်ကိုလည်း မသိရချေ။

အစိုးရက တော့ ဒုတိယပင်လုံကို တော်တော်ကြောက်ရွံ့ပုံရသည်။ ညီလာခံ မလုပ်ဖို့ သတင်းစာထဲကနေ ဆောင်းပါးရေး တားမြစ် ခဲ့သည်။ ခြိမ်းခြောက်မှု အပြစ်တင်မှုတွေကိုလည်း စုံစေ့အောင် ထည့်သွင်းရေးသားသည်။

အစိုးရ၏ တားမြစ်ချက်မှာ ထိရောက်သည်ဟု ဆိုရမည်လောမသိ။ ဒုတိယပင်လုံညီလာခံမှာ သင့်တော်သော အချိန်တချိန်ချိန်တွင် အကောင်အထည်ဖော်မည်ဟု အချိန်ဆွဲရင်းနှင့် တဖြည်းဖြည်း ကြန့်ကြာခဲ့ရာ ယခုတိုင် ပြန်ပေါ်မလာတော့ချေ။ ဒေါ်စုကိုယ်တိုင် သိပ် စိတ်မပါသောကြောင့် ဒုတိယပင်လုံ မှေးမှိန်သွားခြင်းလော။ အစိုးရ၏ ဟောက်စားလုပ်ကွက် ပြီပြင်သောကြောင့် မှေးမှိန်သွားခြင်းလော။ သို့မဟုတ် အစိုးရသစ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လက်တွဲ ခေါ်ဆောင်ချိန်တွင် မိတ်မပျက်လိုသောကြောင့် တမင် မှိန်ထားခြင်း လော။ ထို့အပြင် အခြားတွေးတောဖွယ်အချက်တခုမှာ ဒုတိယပင်လုံ နှောင့်နှေး ကြန့်ကြာမှု အပေါ်တွင် စီအာပီပီတို့ က ကျေနပ် ကြည်ဖြူကြပါ၏လော ဆိုသည့် အချက်ဖြစ်သည်။ စီအာပီပီတို့ကို ဒေါ်စုတို့ အကြေ အလည် ဆွေးနွေးပြီးမှ အားလုံးသဘောကျ ဆိုင်းငံ့ ထားခြင်းလော။ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်ကို မလွန်ဆန်နိုင်သောကြောင့် ဆိတ်ဆိတ်နေကြသလော။ ထိုမေးခွန်းတို့၏ အဖြေမှာ သိပ်မရှင်းလှပါ။ သို့သော် စီအာပီပီတို့မှာ ဒေါ်စုဘာလုပ်လုပ် ခေါင်းညိမ့်ကြမည့်သူများတော့ ဟုတ်ဟန်မတူပါချေ။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။ စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။ သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။ အစိုးရ၏ ဟောက်စား လုပ်ကွက် ထပ်မံ အောင်မြင်သွားပြန်သလော။ တွေးတောဖွယ် ဖြစ်သည်။

စစ်အစိုးရ ပြောင်းတော့ပြောင်းမည်၊ အကောင်းကို ဦးတည် မတည် မသေချာ

ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။ ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာသည်။ သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။ ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။ ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြောဆိုလာသည်။ သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။ အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။

ထိုမိန့်ခွန်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများက ပထမဆုံး ထောက်ခံလိုက်ကြသည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။

ထို့နောက်တွင်မူ ရွှေ့ကွက်တို့မှာ တဖြည်းဖြည်းပိုပြီးပညာသား ပါလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။ ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည်။ သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။ နှစ်ဘက်စလုံးက သတင်းထိန်ချန် ထားကြသည်။ ဆွေးနွေးပွဲ မပြီးခင်တွင် ဝေဖန်သံ တွေကြောင့် ဆွေးနွေးပွဲကို အနှောင့်အယှက် မဖြစ်ရလေအောင် သတင်းတို့ကို ထိန်ချန်ထားသည်ဟု ယူဆရသည်။ တကယ်တော့ ဝေဖန်သံတွေကြောင့် ဆွေးနွေးပွဲကို အနှောင့် အယှက်ဖြစ်မည် ဆိုသော အတွေး အခေါ် မှာ ဝေဖန်မှုကို ကြောက်သော စစ်အစိုးရ၏ အတွေးအခေါ်ဖြစ်သည်။ ရှိစေတော့။ ၂၃ နှစ် စောင့်ဆိုင်းခဲ့ပြီးနောက် နည်းနည်း ပိုစောင့်ရသည်မှာ သိပ်မထူးတော့ဟုသာ ဆိုရတော့မည်။

ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။

မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။ ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။ အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။ သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။ ပြည်သူတို့ မသိရသေး။

သို့သော် အစိုးရ၏ လက်တွေ့လုပ်ပုံကိုင်ပုံတို့မှာမူ မပြောင်းလဲသေးပါ။ တိုင်းရင်းသားတို့နှင့် ထိုးစစ်ကို တိုးမြှင့် ဆင်နွှဲလေသည်။ နိုင်ငံရေး အကျဉ်းသားတို့ကို နှစ်ရှည်ထောင်ဒဏ်များထပ်မံချလေသည်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ခြင်း၊ စည်သူဇေယျကို လောလောလတ်လတ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက် ခြင်းသည် ထင်ရှားသော သာဓက တရပ်ဖြစ်သည်။ ထိုသို့သော အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်တော့မည်ဟု အဘယ်ကြောင့် ဒေါ်စုက ယုံကြည်ရပါသနည်း။ အစိုးရနှင့် ဒေါ်စု အကြားတွင် တကယ်ပင် ထိရောက်သော အပေးအယူ တခုခု သဘောတူထားပြီးပြီလော။ သို့မဟုတ် အစိုးရကို ပြောင်းလာစေချင်သော ဆန္ဒနှင့် အားပေး ဆွဲခေါ်နေခြင်းသက် သက်လော။ တခုခု သဘောတူထားပြီးပြီ ဆိုလျင် မထောင်းတာ။ ကိုယ့်ဆန္ဒနှင့် ဆွဲခေါ်နေခြင်းမျှသာ ဆိုပါမူ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကို မျှော်လင့်ချက်မှား ပေးနေသလို ဖြစ်နိုင်ပေသည်။

ဒုတိယအုပ်စု လမ်းစဉ်လော၊ တတိယအုပ်စု လမ်းစဉ်လော

ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။ ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။

လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။ “တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် အစိုးရဘက်က ကိုယ့်ကို ယုံဖို့လိုသည်၊ ယုံကြည်မှု တည်ဆောက်ရမည်၊ အစိုးရ အထင်မှားမည့် လုပ်ရပ် အပြောအဆို အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်” ဟူသော အောင်နိုင်ဦး၊ တင်မောင်သန်း၊ ဇော်ဦး အစရှိသည့် ဗဟုတို့၏ အယူအဆမျိုးကို ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရသည်။ “စစ်တပ်နှင့် ဆက်ဆံရာတွင် ကိုယ့်လက်ကို သူမြင်အောင် ထုတ်ပြထားရမည်” ဟူသော နေဝင်းမောင်၏ အယူအဆမျိုးကို လက်ခံသည့် အဆင့် အထိတော့ မရောက်တန်ရာသေးဟု မျှော်လင့်မိသည်။

သို့သော် အာရပ်ကမ္ဘာလို လှုပ်ရှားမှုမျိုးမလိုအပ်ပါ ဟူသော အပြောမှာ ကြံ့ဖွံ့ အစိုးရအထင်မှားမှာ စိုးသောကြောင့် မျက်နှာချိုသွေးလိုက် သော စကားဟု ထင်မြင်စရာဖြစ်ပါသည်။

နိုးကြားတက်ကြွသော လူထုကို “ငြိမ်ငြိမ်နေကြပါ၊ သင်တို့ကို ဖိနှိပ်နေသူကို မဆန့်ကျင်ကြပါနှင့်၊ သင်တို့ လိုချင်သော အရာကို ကျွန်မက အေးအေးဆေးဆေး ဆွေးနွေးပြီး ရယူပေးပါမည်” ဟူသော အနက်ဆောင်သည့် စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လေပြီ။ လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။

ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။ လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။ လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။ ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။ လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင်ရသည်။ လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။ ကိုယ့်လွတ်မြောက်မှုအတွက် အသက်စွန့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသော လူထုမှာ ခေါင်းဆောင်ကဆွဲထားသောကြောင့် စိတ်လျော့ထားရသော အဖြစ် ရောက် နေသည်။ တိုက်ပွဲမဝင်ဘဲ ဦးသိန်းစိန်ကို တရားချပြီး ဒီမိုကရေစီ ရမည်ဆိုလျင်တော့ အတိုင်းထက်လွန် တံခွန်နှင့် ကုက္ကားပါပေ။ သို့သော် ထိုသို့ လွယ်လွယ်နှင့် ရနိုင်ပါမည်လော။ ရနိုင်မရနိုင်ဆိုသည်ကို ယခုထက်တိုင် စမ်းသပ်၍ မပြီးစီးနိုင်သေးပါသလော။ ၂၃ နှစ် သင်္ခန်းစာဖြင့် မသိနိုင်သေးပါသလော။

ဆွေးနွေးပွဲကို အဓိက သေနင်္ဂဗျူဟာ အဖြစ် ဆုပ်ကိုင်ပြီး လူထုတိုက်ပွဲကိုပင် ဟန့်တားရလောက်အောင် ဆွေးနွေးပွဲများကနေ ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ ရရှိထားပါသနည်း။ ကျွန်တော်တို့ မသိသော အာမခံချက် တစုံတရာကို ဒေါ်စု ရရှိထားပြီး ဖြစ်ပါသလော။ အကယ်၍ ဒေါ်စု တစုံတရာရရှိထားလျင် ထိုရရှိထားသော တစုံတရာသည် ဘာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များသိရှိကြပါသလော။ စီအီးစီများကို ချပြဆွေးနွေးထားပြီး ဖြစ်မည်ဟု ကျွန်တော် ယုံကြည် မျှော်လင့်မိပါသည်။ ဒေါ်စုသည် အာဏာရှင်ဆန်သော တကိုယ်တော် အလုပ်မျိုးကို မလုပ်ဟုထင်ပါသည်။ မလုပ်ဟု မျှော်လင့်မိပါသည်။

ဆွေးနွေးပွဲ၏ ရလဒ်ကို ကျွန်တော် ကြားသိခွင့်ရသမျှအပေါ်မှ အကောင်းမြင်နှင့် ပြောရပါမူ ယခုနောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံပြီးနောက်တွင်မူ အစိုးရဘက်က အနည်းငယ် အလျော့ ပေးလိုက်သော လက္ခဏာတရပ်ကို ထူးထူးခြားခြား တွေ့မြင်လာရသည် ဟုဆိုရပါမည်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေး လိုက်ခြင်းဖြစ်သည်။ အနည်းငယ်ဟု ပြောရခြင်းမှာ တချက်ကို ပြင်ပေးလိုက်သော်လည်း၊ နောက်တချက်ကိုမူ ထုံးစံအတိုင်း မလိမ့်တ ပတ် ဆက်လုပ်နေသေးသောကြောင့် ဖြစ်သည်။ ထောင်ကျနေသူများကို ပါတီမှ ထုတ်ပစ်ရမည်ဟူသော စည်းကမ်းချက်ကို ပြင်ပေး လိုက်သည်။ ယင်းကား အလျော့ပေးလိုက်သော အချက်။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူသော အချက်အစား၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ပြင်ပေးလိုက်သည်။ ယင်းကား မလိမ့်တပတ်လုပ်လိုက်သော အချက် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို ပါတီကိုချပြ ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟုဆိုသည်။ လေးစားလိုက်နာပါမည်ဟူ သော အချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုသော အသံကိုကား မကြားရပါချေ။ ဘာ့ကြောင့် မတောင်းပါသနည်း။ တချက်ရလျင် တော်ပြီ၊ ကျေနပ်လောက်ပြီဟု သဘောထားသောကြောင့်ပါလော။ သို့မဟုတ် တောင်းလည်း ရမည်မဟုတ်ဟု ယူဆသောကြောင့်လော။ သို့မဟုတ် မှတ်ပုံတင်လိုဇောကြီးလွန်းသောကြောင့် အညှာလွယ်သွားပါသလော။

စစ်အစိုးရသည်ကား ၂၀၀၈ အခြေခံဥပဒေကို တပြားသားမျှ အပွန်းမခံပါ။ တကယ့် အနှစ်သာရသည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ တကယ်တန်း အဆုံးအဖြတ်ပေးနိုင်သော အရာမှာ ၂၀၀၈ အခြေခံဥပဒေ ပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ ဒီမိုကရေစီဘက်ကမူ ၂၀၀၈ အခြေခံဥပဒေကို မပြင်သေးသမျှ ကျန်သော ဟန်ပြ လုပ်ရပ်မှန်သမျှသည် ဘာမျှမဟုတ်ဟူသော အချက်မျိုးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားပုံမရ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောင်းလဲမှု၏ အစသို့ရောက်နေပါပြီဟု ပြောနေသည့် ကြားထဲကပင် အစိုးရသည် စိတ်ပျက်စရာ အပြုအမူကို ထပ်မံ ပြုမူလိုက်ပြန်သည်။ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကိုသာ တွန့်တိုစွာ လွှတ်ပေးလိုက်သောကြောင့် အကောင်း မြင်ပြီး အမှတ်ပေးလိုသော သူတို့သည်ပင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ရပြန်ပါသည်။ နောက်ထပ် လွှတ်ပေးဦးမလိုလို လေသံ ပစ်ပြီး ယီးတီးယားတားလုပ်သော အလုပ်ကိုလည်း ထုံးစံအတိုင်းလုပ်ပြန်ပါသည်။

အမာဂိုဏ်း၊ အပျော့ဂိုဏ်း

ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခုကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။ သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။ တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။

စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ကို ပြောလိုက်သလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။

အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။

စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။

သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။ တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။ တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။ အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။ သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။

သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။

သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။ ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။

ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။ နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။ သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။ ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။ တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။ နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။ အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။ လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။ မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။

ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။ ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။ ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။ ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။ သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။ ထာဝရတော့ မဟုတ်။ တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။

သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။

၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။

၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။ တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။

၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။ ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။

စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။

စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။ တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။ ထောင်ချစရာရှိတာကို ထောင်ချ သည်။ တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။

ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။ ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။ တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။ ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။ ၄င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလား ဆိုသော အချက်မှာ အထူး အလေးအနက် စဉ်းစားအပ် သော အရာဖြစ်ပါသည်။

စစ်အစိုးရကို သူတို့ အလိုကျ အလျော့ပေး ဆွေးနွေးကြဖို့ ပြောဆိုကြသူတိုင်း အမြဲလက်ကိုင်ထားသော ဆင်ခြေစကားတခု ရှိပါသည်။ ယင်းကား ဒါကလွဲပြီး တခြားဘာမျှ လုပ်စရာမရှိဟူသော စကားဖြစ်ပါသည်။ စင်စစ် ထိုစကားသည် လူထုလှုပ်ရှားမှုကို မယုံကြည် သော ကြောင့် ပြောသောစကားသာဖြစ်ပါသည်။ တခြားရွေးချယ်ရန်နည်းလမ်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပါသည်။ ၈၈ အရေးအခင်း မအောင်မြင်၊ ၂၀၀၇ လှုပ်ရှားမှု အကျိုးမရှိဟု ထိုသူတို့ ပြောကြပါသည်။ တကယ်တော့ ဒီနေ့ ရရှိထားသောအသီးအပွင့်မှန်သမျှသည် ထိုအရေးအခင်း ကြီးနှစ်ခု၏ ရလဒ်များသာ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ကြပါ။ ၈၈ အရေးအခင်းသာ မရှိလျင် နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဆိုသော ခေါင်းဆောင်ပင် မရှိနိုင်ဟု ဆိုချင်ပါသည်။ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂမှာ ဘာဆုတခုမှ မရပါ။ သို့သော် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီရေး ဆောင်ရွက်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပါသည်။ ထိုအချက် ကို အနောက်နိုင်ငံများက မသိသော်လည်း ကျွန်တော်တို့ ပြည်သူများသိပါသည်။

လူထုလှုပ်ရှားမှုသည် နောင်တွင်လည်း ငြင်းဆန်၍ မရနိုင်သောအရာ အဖြစ် ထပ်မံ ပေါ်ထွက်လာပါဦးမည်။ ကြံ့ဖွံ့ အစိုးရ မရိုးသား ကြောင်း၊ ဆွေးနွေးပွဲနှင့် အလုပ်မဖြစ်နိုင်ကြောင်း ထင်ရှားလာသော တနေ့တွင် အားလုံးသည် လူထုလှုပ်ရှားမှုကို တောင်းဆိုလာကြ ပါလိမ့်ဦးမည်။ သို့သော် ထိုအချိန်တွင် ကြံ့ဖွံ့ အစိုးရသည် အားလုံးကို ချည်ပြီးတုတ်ပြီး ချိုးနှိမ်ပြီး ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုလှုပ်ရှားမှုကို နှစ်သက်ပုံမရပါ။ နိုင်ငံရေးအရ အလွန်ကြပ်တည်းသော ကာလမျိုးတွင်ပင် လူထုကို ဆန္ဒထုတ်ဖော်ကြပါ။ လမ်းပေါ်ထွက်ကြပါဟု ဘယ်တော့မှ တည့်တည့်မပြော။ လူထုကို ကိုယ့်ဖာသာ လုပ်ယူမှ ရမည်ဟု စောင်းပါးရိပ် ခြည်လောက်သာ ပြောသည်။ ထိုအချိန်မျိုးသည်လည်း လူထုအနေနှင့် လမ်းပေါ်မထွက်နိုင်လောက်အောင် အခြေအနေ သိပ်ကြပ်တည်း နေသော ကာလမျိုးဖြစ်တတ်ပါသည်။ တကယ်တန်းလူထုမှာ အခွင့်သာလာသော ယခုလိုအချိန်မျိုးတွင်မူ လူထုကို လမ်းပေါ်မထွက် အောင် ဆွဲထားပြန်ပါသည်။ လူထုကို ဘာလုပ်စေချင်ပါသနည်း။ လူထုကို ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေစေချင်ပါသလား။ ဒီမိုကရေစီ ရမရဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် နှစ်ဦးတည်းအပေါ်တွင်သာ မူတည် ပါသလား။ တိုင်းရင်းသားများကို သတ်ဖြတ်နေချိန်တွင် အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုနေခြင်းမှာ အဖြစ်မှန်နှင့် ကိုက်ညီပါ၏လော။ သို့မဟုတ် တိုးတက်မှုရှိ မရှိ တိုင်းတာပြောဆိုနေသော “အခြေအနေတွေ” ဆိုသော အရာတွေထဲတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစားမထားခဲ့လေ သလော။

စစ်အစိုးရဘက်တွင် အပျော့အမာ ကွဲမကွဲ ဆိုသည်ကို ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သိသည်မှာ ဒီမိုကရေစီဘက်တွင် အပျော့အ မာကွဲတော့မည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်ဆိုသည့် အချက် ဖြစ်ပါသည်။ တက်ကြွသူ လူငယ်များ၊ တက်ကြွသူ NLD အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲကို ရာနှုန်းပြည့် ပုံပြီး လွှတ်ပေးထားရမှာကို တော်တော် စိုးရိမ်နေကြပုံ ပေါ်လာနေ ပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်။ ထိုသို့ အမြင်ကွဲပြားမှုဖြစ်နေကြခြင်းမှာလည်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းမ ဟုတ်ဘဲ အစိုးရက အစီအစဉ် ရှိရှိ ခွဲနေခြင်းသာဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တယောက်ထဲ သဲ့ယူခွဲထုတ်ဖို့ ကြံစည်နေပါသည်။ NLD စီအီးစီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြား ဆက် ဆံနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြပြီး ကျန် စီအီးစီတို့ကို မတူမတန်သလို နေပြသည်။ တက်ကြွသူများကို ရန်သူလို ဆက်ဆံသည်။ ထပ်ပြီး ထောင်ချဖမ်းဆီးပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်ထက်ပိုသည်။ အားလုံး၏ ခေါင်း ဆောင်ဆိုသော စကားမျိုးကို တတိယအုပ်စုနှင့် NDF တို့ကတဆင့် အသံလွှင့်ပေးသည်။ တိုင်းရင်းသားတို့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ခွဲခြားဆက်ဆံပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားတို့ကို အင်တိုက်အားတိုက် တိုက်ခိုက် သတ်ဖြတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရလျင် အမေရိကန်၊ အာဆီယံ၊ အိုင်အမ်အက်ဖ်တို့ကိုလည်း ရပြီဟု စစ်အစိုးရက တွက်ချက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကို ရပြီး ဒီမိုကရေစီ မပေးရလျင် စစ်အစိုးရ အတွက် အကောင်းဆုံးဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားများဘက်က ပြောရလျင် အဆိုးဆုံးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။ အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။ လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်

သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။ ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။


Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၃)

ပြီးခဲ့သော အပိုင်း(၁) နှင့် အပိုင်း(၂) တွင် မြန်မာ့နိုင်ငံရေးအား လက်ရှိအခြေအနေသို့ တွန်းပို့ခဲ့သော လူထုအုံကြွမှုကြီးနှစ်ခုအကြောင်းကို ရေးခဲ့ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးတွင် မြန်မာစစ်အစိုးရသည် ပြည်သူလူထု၏ ဒီမိုကရေစီအပေါ်လိုလားသည့်ဆန္ဒနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုတို့ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ပြသရမည့် အခြေအနေသို့ နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့သည်။

ပြည်သူလူထု လိုလားသည့် ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ လွတ်လပ်၍ တရားမျှတမှုရှိသော၊ ပြည်သူလူထု၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသော၊ တရားဥပဒေ စိုးမိုးမှုရှိသော၊ ငြိမ်းချမ်းသော၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စအဝဝတွင် ပြည်သူ့အကျိုးအတွက် အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်သော၊ အစိုးရရုံးဌာနအသီးသီး နှင့် ရာထူးအဆင့်ဆင့်တွင် အကျင့်ပျက်လာဘ်စားခြင်းကင်းသော နိုင်ငံရေးစနစ်တရပ်ကို လိုလားကြခြင်းဖြစ်ပါသည်။ လူအများစုဆန္ဒနှင့် အုပ်ချုပ်ရသော ဒီမိုကရေစီစနစ်ကို လိုလားတောင့်တကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများသည် ပြည်သူလူထုလိုလားသော နိုင်ငံရေးစနစ်သို့ ကူးပြောင်းရန်အခြေအနေသို့ ဆိုက်ရောက်နေခြင်း ရှိမရှိ ဆိုသည်ကို ဆန်းစစ်ရန် လိုပါသည်။ ရှေးဦးစွာ လက်ရှိနိုင်ငံရေးစနစ်နှင့် လက်ရှိအာဏာရအစိုးရ အပေါ်ကျနော့်အမြင်ကို တင်ပြလိုပါသည်။

လူထုအုံကြွမှုများနှင့် အထွေထွေ ကြပ်တည်းမှုများ၏ ဖိအားပေးမှုကြောင့် စစ်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ရမည့်အခြေသို့ ဆိုက်ရောက်လာရသော်လည်း အာဏာရှင်တို့မည်သည် အာဏာကို အလွယ်တကူ လက်လွှတ်ပေးရိုးထုံးစံမရှိ၊ နောက်ဆုံးအချိန်အထိ ကျားကုတ်ကျားခဲ ဖက်တွယ်ထားတတ်သည့် သဘောသဘာဝရှိသည့်အတိုင်း စစ်အစိုးရသည်လည်း အာဏာကို ဆက်လက်ဖက်တွယ်ထားရန် ကြိုးပမ်းမှုကြီးတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးတွင် (နှစ်ပေါင်းများစွာ မပြီးနိုင် မစီးနိုင်၊ ရပ်ချည်နားချည် ကျင်းပပြုလုပ်နေသော အမျိုးသားညီလာခံ) ညောင်နှစ်ပင်ညီလာခံအား ကတိုက်ကရိုက် ပြန်လည် ခေါ်ယူကျင်းပကာ စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့အလိုကျ အပြီးသတ် ရေးဆွဲစေခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ်၊ မေလ တွင် ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ထိုအခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုခဲ့ပါသည်။ အတင်းအကြပ်ဟု သုံးနှုန်းရသည်မှာ ထိုဆန္ဒခံယူပွဲ၏ လွတ်လပ်မှုမရှိပုံ၊ ပွင့်လင်းမြင်သာမှုမရှိပုံ၊ တရားမျှတမှုမရှိပုံကို မြန်မာသိ၊ ကမ္ဘာသိ ဖြစ်သောကြောင့်ပင်တည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ လိုလားတောင့်တချက်များကို ဖြည့်ဆီးပေးနိုင်ခြင်း အလျှဉ်းမရှိသည့် အခြေခံဥပဒေဖြစ်ပါသည်။ နိုင်ငံတော်အာဏာသည် ပြည်သူလူထုထံက မဆင်းသက်ဘဲ စစ်ကောင်စီနှင့် စစ်ဦးစီးချုပ်ထံတွင်သာ တည်နေသဖြင့် ဒီမိုကရေစီစနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတခု ဖြစ်နေလေသည်။ လူထုဆန္ဒခံယူပွဲမတိုင်မီကဆိုလျှင် ထိုအခြေခံဥပဒေကို ဆန့်ကျင်ကြသည့်အနေဖြင့် “စစ်ကျွန်အဖြစ် နွံနစ်မခံ”ဟူသော ကြွေးကြော်သံများနှင့်ပင် ဆန့်ကျင်ခဲ့ကြပါသည်။

စစ်အစိုးရသည် ၄င်းတို့အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံမျှနှင့် မတင်းတိမ် မပြည့်စုံနိုင်သေး။ ထိုဖွဲ့စည်းပုံကို အသက်သွင်းပေးမည့် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကို ကျောထောက်နောက်ခံပြုသည့် ကြံဖွံ့ပါတီ အနိုင်ရရှိရေးသည်လည်း ၄င်းတို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလေသည်။ ထို့ကြောင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း အလျဉ်းကင်းသော ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကို ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်ကြေညာလိုက်ခြင်းအားဖြင့် ပြိုင်ဖက်များကို အပိုင် ချည်ပြီးတုပ်ပြီး စီမံလိုက်ပြန်သည်။ ထိုဥပဒေများတရားမျှတခြင်း အလျဉ်းကင်းသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုစဉ်က ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းများကို မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဦးဉာဏ်ဝင်းမှတဆင့် ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုစဉ်က ထိုသဘောအတိုင်းပင် ရှိခဲ့ကြောင်း သိရပါသည်။

တဖန် ၂၀၁၀ ရွေးကောက်ပွဲကိုယ်၌သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ခေါ်ဆိုရန် အင်မတန် ခဲယဉ်းလှကြောင်း တွေ့ရသည်။ မိုးပေါ်က ကျလာသော ကြိုတင်မဲများ၊ မဲသမာမှုများ၊ ဖိအားပေး မဲထည့်ခိုင်းမှုများ စသဖြင့် မသမာမှုများနှင့် ပြည့်နှက်နေသော ရွေးကောက်ပွဲကြီးမျှသာ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွံ့စည်းပုံအခြေခံဥပဒေတည်းဟူသော ကျားသေကို စတင်အသက်သွင်း မန်းမှုတ်ပေးသည့် ဂါထာမန္တန်တခုဆိုလျှင် မှားမည်မထင်။

အချုပ်အားဖြင့်ဆိုရသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုဆန္ဒအတိုင်း ရွေးဆွဲထားသည့် ဖွဲ့စည်းပုံမဟုတ်၊ နိုင်ငံတော်အာဏာသည်လည်း ပြည်သူ့ထံမှ မဆင်းသက်၊ ဒီမိုကရေစီစနစ်နှင့်လည်း မညီညွတ် စသင့် အင်္ဂါဆိုးများနှင့်သာ ပြည့်နှက်နေသည့် အခြေခံဥပဒေဆိုးကြီးတရပ်သာဖြစ်ပါသည်။ တဖန် ယခုလက်ရှိအာဏာရအစိုးရသည်လည်း မတရားသည့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေ၊ မတရားသည့်ရွေးကောက်ပွဲဥပဒေ၊ တရားမျှတမှုမရှိသည့်ရွေးကောက်ပွဲ တို့အားကိုးဖြင့် အာဏာရလာသည့် အစိုးရဖြစ်နေပြန်ပါသည်။ ထိုတဖက်သတ်ရေးဆွဲထားသည့်ဖွဲ့စည်းပုံနှင့် ထိုမတရားသဖြင့် အာဏာရလာသည့် အစိုးရတို့ အကြောင်းဆက် ပေါင်းဖက်ပြီး အဖက်ဖက်က ယိုယွင်းနေသာ တိုင်းပြည်ကို အုပ်ချုပ်နေသည်မှာ ယနေ့လက်ရှိ မြန်မာ့နိုင်ငံရေး၏ အခြေအနေမှန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် လက်ရှိအခြေအနေသည် နိုင်ငံရေးစနစ်အရလည်းကောင်း၊ အုပ်ချုပ်သောအစိုးရ အနေဖြင့်လည်းကောင်း၊ ပြည်သူလူထု လိုလားတောင့်တနေသော အခြေအနေတရပ်သို့ ရောက်ရှိနေခြင်း အလျှဉ်းမရှိသေးဟုသာ သုံးသပ်ရပေတော့မည်။

ဤကား လက်ရှိမြန်မာ့နိုင်ငံရေးစနစ်နှင့် လက်ရှိအာဏာရအစိုးရအပေါ် ကျနော်၏ အမြင်ဖြစ်ပါသည်။ ရှေ့လာမည့် အပိုင်း(၄)တွင် လက်ရှိမြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲသို့ ဦးတည်နေပြီလောဟူသော မေးခွန်းအပေါ် ကျနော်၏ အမြင်ကိုလည်းကောင်း၊ အပိုင်း(၅)တွင် အနာဂတ်တွင် ဖြစ်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ကျနော်၏ မှန်းဆချက်များကို ဆက်လက်ရေးသားပါဦးမည်။

(မှတ်ချက်။ ။ ယခု သီတင်းပတ်များအတွင်း ရုံးချိန်ပြင်ပ အလုပ်အင်မတန်များနေသဖြင့် ကွန်ပြူတာရှေ့တွင် စာထိုင်ရေးချိန် တနာရီပြည့်အောင်ပင် မရနိုင်အောင် ဖြစ်နေပါသည်။ သွားရင်းလာရင်း လက်ကိုင်ဖုန်းပေါ်တွင် ဖေ့စ်ဘွတ်ဝင်၊ သတင်းဖတ် လုပ်ရပါသည်။ ထို့ကြောင့် အပိုင်းများခွဲပြီး နည်းနည်းချင်းရေး၊ ဖြည်းဖြည်းချင်းတင် ခြင်းမျှသာ ပြုနိုင်ပါကြောင်း ဘလော့ဂ်ဖတ်သူများအား ကြိုတင်အသိပေးအပ်ပါသည်။)

(ဆက်ရန်)
Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၂)


မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၁) တွင် လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားသော ဖြစ်ရပ်နှစ်ခုကို ထောက်ပြခဲ့ပါသည်။ ရှစ်လေးလုံးလူထုအုံကြွမှုကြီးသည် မြန်မာ့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းဆီသို့ သွားရောက်ရန် စတင်ဦးတည်ပေးလိုက်နိုင်သည်ဆိုသည်မှာ ပထမဖြစ်ရပ် ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးကြီးသည် ဒီမိုကရေစီစနစ်သို့ သွားရန် အချိန်ဆွဲဈေးဆစ်နေသော စစ်အာဏာရှင်အစိုးရအား ထပ်မံအချိန်မဆွဲဝံ့တော့စေရန် သံချွန်ဖြင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးဖြစ်သည်ဆိုသည်မှာ ဒုတိယဖြစ်ရပ် ဖြစ်ပါသည်။

ထို့ပြင် အမေရိကန်နှင့် ဥရောပသမဂ္ဂ(EU)တို့မှ တဖက်သတ်ချမှတ်ထားခဲ့သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် စစ်အစိုးရအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်ကို ယနေ့အခါတွင် ထင်ရှားခဲ့ပြီ ဖြစ်သည်။ မကြာမီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အနေနှင့် ကုလသမဂ္ဂတွင် စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းပေးရေးအတွက် လူသိရှင်ကြား တောင်းပန် တိုက်တွန်းနေရသည်ကို သတိပြုမိစေလိုပါသည်။ စစ်တပိုင်းအစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည် ရုတ်သိမ်းပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်နွှဲနေခြင်းများကို ရှေးဦးစွာ မဖြစ်မနေ ဖော်ဆောင် ပြုလုပ်ပြခြင်းမှ လွဲ၍ အခြားရွးချယ်စရာ နည်းလမ်းမကျန်တော့ပါ။ မကြာမီ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်းများကို ပြုလုပ်ရဖွယ် ရှိပါသည်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် အရာမရောက်ဟူသော အဆိုသည် မှန်ကန်မှုမရှိဆိုသည့်အချက်ကို ဆင်ခြင်သတိပြုရန်ဖြစ်ပါသည်။

ယခုဆက်လက်၍ လက်ရှိနိုင်ငံရေးအခြေအနေကို မဖော်ပြမီ ယင်းအခြေအနေသို့ရောက်အောင် တွန်းပို့သော ဖိအားအချို့အနက် လူထုအုံကြွမှုများအကြောင်းကို အနည်းငယ် ထပ်မံ တင်ပြလိုပါသည်။

လူထုအုံကြွမှုများ

လူထုအုံကြွမှုများသည် ပြည်သူလူထုခံစားနေရသော အထွေထွေအကြပ်အတည်း ဒုက္ခအဝဝနှင့် ပြည်သူလူထု၏ မွန်းကြပ်မှုကို ရောင်ပြန်ဟပ်သည့် ဖြစ်ရပ်ကြီးများပင် ဖြစ်သည်။ ပြည်သူလူထု၏ အကြပ်အတည်းများကို အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခါ နှင့် ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို အနှစ်နှစ်အလလ ဖိနှိပ်ချုပ်ခြယ်တားမြစ်ထားသည့်အခါ နောက်ဆုံးတွင် မီးတောင်သဖွယ် ပွင့်အံပေါက်ကွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကျေနပ်မှု၊ မွန်းကြပ်မှု လောင်စာ များဖြင့် ပြည့်နှက်နေသော လူ့အဖွဲ့အစည်းတရပ်တွင် ထိုသို့ ပေါက်ကွဲထွက်လာရန်မှာ ပြဿနာမီးပွားကလေးတစသာ လိုအပ်ပေသည်။ တူနီရှားတွင်ဖြစ်ပေါ်ခဲ့သော လမ်းဘေးမှ သစ်သီးရောင်းသူတယောက် မိမိကိုယ်ကို သတ်သေရန်ကြိုးစားမှု ဖြစ်ရပ်၊ ၁၉၈၈ ခုနှစ်တွင် ငွေစက္ကူများကို တရားမဝင်ကြေညာခဲ့သည့် ဖြစ်ရပ်၊ ၂၀၀၇ ခုနှစ်တွင် အစိုးရက လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ခဲ့သည့်ကိစ္စ များသည် ပေါက်ကွဲမှုကို အစပြုခဲ့စေသော မီးပွားဥပမာများဖြစ်သည်။

အလားတူပင် ပြည်ပတွင်ဖြစ်ပွားသော တော်လှန်ရေးလှိုင်းများရိုက်ခတ်သဖြင့်လည်း ပြည်တွင်းသို့ကူးစက်ကာ လူထုအုံကြွမှုများ ဖြစ်နိုင်ပါသေးသည်။ ၁၉၈၈-၉၀ များဆီက ဖြစ်ခဲ့သော တရုတ်တီယန်နာမင်ရင်ပြင်တော်လှန်ရေးမှသည် ရိုမေးနီးယားအလယ်၊ အရှေ့ဂျာမဏီအဆုံး ကမ္ဘာတလွှားမှ တော်လှန်ရေးများသည်လည်းကောင်း၊ ယခုအခါ အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော တော်လှန်ရေးလှိုင်းများသည်လည်းကောင်း ပြည်တွင်းအခြေအနေ တင်းမာ ပေါက်ကွဲလုဖြစ်နေသည့်အပေါ်တွင် ပြည်ပလှုပ်ရှားမှုများမှ ပြည်တွင်းသို့ ကူးစက်ဖြစ်ပေါ်သော အုံကြွမှုများဖြစ်ပါသည်။

လူထုအုံကြွမှုကို ဖော်ဆောင်ခြင်း၊ အရှိန်မြှင့်ခြင်း

မည်သည့်လူထုအုံကြွမှုမဆို စတင်လှုံ့ဆော်မည့်သူများ၊ အားကောင်းလာစေရန် အရှိန်မြှင့်တွန်းအားပေးမည့်လူများ မဖြစ်မနေလိုအပ်ပါသည်။ ရှစ်လေးလုံးအရေးအခင်းတွင် ကျောင်းသားဆန္ဒပြမှုများသည် ရှေ့ပြေးလှုပ်ရှားမှုများဖြစ်သလို၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ၏ အဖြူရောင်လှုပ်ရှားမှု၊ လမ်းလျှောက်ပွဲများ၊ မစုစုနွေး၊ ကိုထင်ကျော်၊ ကိုအောင်ဖေ စသည့် တက်ကြွဆန္ဒပြသူများ၏ ဆန္ဒပြလှုံ့ဆော်မှုများ၊ ရဟန်းပျိုများသမဂ္ဂတို့၏ လှုပ်ရှားမှုများသည် ရှေ့ပြေးလှုပ်ရှားမှုများဖြစ်ပါသည်။

ပြည်ပမှ လွတ်လပ်သော သတင်းမီဒီယာများ၊ ပြည်တွင်းမှ စီတီဇင်ဂျာနယ်လစ် များနှင့် ပြည်သူ့ဖက်က ရပ်တည်လိုသည့် လူသိများထင်ရှားသော အနုပညာရှင်များ၊ စာရေးဆရာများ၊ သတင်းစာဆရာများကြောင့်လည်း လူထုအုံကြွမှုများကို အရှိန်မြင့်တက်စေခဲ့ပါသည်။

ယနေ့နိုင်ငံရေးအကျိုးဆက်များသည် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတို့၏ အကျိုးဆက်ဖြစ်သည့်အလျောက် ထိုစဉ်က တက်ကြွစွာ ဦးဆောင်ခဲ့ကြသော ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသော ရဟန်ရှင်လူအပေါင်းသည် လွတ်လပ်သော အနာဂတ် မြန်မာ့သမိုင်းတွင် သူရဲကောင်းများအဖြစ် မော်ကွန်းတင် ကျန်ရစ်ပေလိမ့်မည်။

လူထုအုံကြွမှုများအပေါ် အာဏာရှင်များ၏ တုန့်ပြန်မှု

လူထုအုံကြွမှုများအပေါ် အာဏာရှင်တို့၏ ကနဦး တုန့်ပြန်မှုများမှာ အမြဲတစေဆိုသလို တူညီလေ့ရှိကြသည်။

ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွဲခြင်း၊ ဆန္ဒပြသူများကို အကြမ်းဖက် ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်း၊ တန်ပြန်ဆန္ဒပြသည့်အဖွဲ့များစေလွှတ်ကာ ရုန်းရင်းဆန်ခတ်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားအောင် ဖန်တီးခြင်း၊ ဆန္ဒပြပွဲအတွင်း အတိုက်အခံဖက်မှ ဦးဆောင်သူများကို ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်း စသည့် တုန့်ပြန်မှုများဖြင့် တုန့်ပြန်ကြသည်ချည်း ဖြစ်ပါသည်။

သို့သော် ထိုတုန့်ပြန်မှုများမှာ လူထုအုံကြွမှု၏ အကြောင်းရင်းဖြစ်သော အထွေထွေကြပ်တည်းမှုပြဿနာများကို နည်းလမ်းမှန်စွာ ဖြေရှင်းခြင်းမဟုတ်၍ လူထု၏ မကျေနပ်မှုသည် ပိုမိုကြီးထွား၍သာ လာပါသည်။ ထိုအခါမျိုးတွင် အာဏာရှင်အစိုးရများအနေဖြင့် လူထုအားနှစ်သိမ့်ရန် ဟန်ပြအပြောင်းအလဲများကို ပြုလုပ်လာတတ်ပါသည်။

လက်ရှိအာဏာရှင်အစိုးရသည် အရပ်သားအစိုးရပုံစံဖြင့် တည်ရှိနေပါက အစိုးရအဖွဲ့ခေါင်းဆောင်သည် နှုတ်ထွက်ပေးပြီး ၄င်းယုံကြည်စိတ်ချရသောသူကို အစားထိုးခန့်အပ်ခြင်း၊ သို့တည်းမဟုတ် ရွေးကောက်ပွဲကျင်းပပေးမည်ဆိုကာ မိမိအားထောက်ခံသူများသာပြည့်နှက်နေသည့် ပါတီကို အနိုင်ရစေရန် စီမံပေးခြင်း၊ အခြေခံဥပဒေကို ဟန်ပြပြောင်းလဲပေးခြင်း စသည့် ဟန်ပြအပြောင်းအလဲများကို ပြုလုပ်တတ်ပါသည်။ လက်ရှိအာဏာရှင်အစိုးရသည် စစ်အစိုးရပုံစံဖြင့် တည်ရှိပါက အရပ်ဝတ်သို့လဲကာ ပါတီတရပ်ထူထောင်လျက် အရပ်သားအစိုးရအသွင်ဖြင့် ပြောင်းလဲအုပ်ချုပ်ခြင်းတို့ကို တွေ့ရပါသည်။

သို့သော် ထိုဟန်ပြအပြောင်းအလဲများနောက်ကွယ်တွင်မူ အာဏာရှင်အစိုးရက အာဏာကို ရေရှည်သဖြင့် ဆက်လက်စွဲကိုင်နိုင်စေရန် အစီအမံများကိုထည့်သွင်း၍ ပြုလုပ်တတ်ကြောင်း တွေ့ရလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သော ၂၀၀၈ ခုနှစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင်ဥပဒေတို့သည် စစ်တပ်မှ အာဏာကို အရှည်သဖြင့် ဆက်လက်စွဲကိုင်နိုင်ရန် စီမံရေးဆွဲခဲ့သော ဥပဒေများအဖြစ် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

(ဆက်ရန်)
Read more

“ပြောင်းမှ ပြောင်း”


မိုးလေဝသ
အစိုးမရပေမယ့်
ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲမို့
ပြောင်းလုပ်တော့မလို့တဲ့….။

ပြောင်းအမျိုးမျိုး….
ပဲအမျိုးမျိုး…
ဆေးအမျိုးမျိုး…
တနှစ်တမျိုး မရိုးစေရ။

ဒါပေါ့လေ….
နှံစားချိန် နှံစား။ (နှံစားပြောင်း = နွားကျွေးရသည့် ပြောင်းတမျိုး)
ပြောင်းချိန် ပြောင်းရမှာပေါ့။

ပြောင်းစေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ…တဲ့။
လွယ်ပါတယ်ဗျာ။
ပြောင်းစေ့တွေ ပြည်တောင်းထဲထည့်ပြီး
နည်းလမ်းတကျ ချင်တွယ်လိုက်ပေါ့။

ပြောင်းချိန်ဆိုပြီး
ပြောင်းရွက်လိုသူများ
ပြောင်းရိုးလားကွာ…
ပြောင်းနှံလားကွာ…
ပြောင်းဖူးလားကွာ…
သေသေချာချာ လိုတာစဉ်းစား။
ပြောင်းရွက်လိုတယ်ပြောပြီး
ပြောင်းနှံဆိုရင်တော့
ပေါင်းလန်အောင်လာပေးလည်း
ဗြောင်းဆန်အောင်သာ ငြင်းလိုက်ပါ။

တချို့ကလည်း
ပြောင်းဖူးဆိုမှ ပြောင်းဖူး။
ပြောင်းဖူးချင်းတူရင်တောင်
ပြုတ်ဖူးမှ ပြုတ်ဖူးလေကွာ…တဲ့။

ထားပါလေ…ဒါက တကဏ္ဍ။

“ပြောင်းလဲမယ့်အခြေ” ကနေ
“ပြေးလဲမယ့်အချောင်” ဖြစ်မှာစိုး။

“အပြုသဘောဆောင်”ရင်းနဲ့
“အပြောင်သဘောဆု”တွေနောက်ကို လိုက်မိမှာစိုး။

အချိန်တန်ရင် နပိန်ကန်မတဲ့။ (နပိန် = နွားပိန်)
အချိန်တန်တဲ့အခါ
နပိန်မှာ ကန်ဖို့ ခွန်အား မကျန်မှာစိုး။

“မျှော်တလင့်လင့်” ဆိုတဲ့ ဝေါဟာရအစ
ရွှေဥဒေါင်းက….တဲ့။
ဒါဆို “ခဏကြီး” အစ
လူထုစိန်ဝင်းက… ပေါ့။

ခဏကြီးနဲ့ ခဏလေးတို့ရယ်
ဖြေးဖြေးကွယ့်ဖြေးဖြေး။

ဝတ်ပြုဆုတောင်းတာတောင်
လူယဉ်ကျေးတို့လုပ်ရပ်မဟုတ်ဘူးရယ်လို့
ကလော်အတုပ်ခံရတဲ့ ခေတ်ဆွေးခေတ်ပျက်ကြီးထဲ
နားရွက်ကလေးမျှတောင်
မလှုပ်ဝံ့အောင်ပါပဲလားနော်။

နော်အုန်းလှတို့ စိတ်ထဲမှာတော့….
ပြည်သူ့လွှတ်တော်….
ဖမ်းထားတဲ့ ပြည်သူတွေကို လွှတ်ပေးပါတော်…။
အမျိုးသားလွှတ်တော်
ဖမ်းထားတဲ့ အမျိုးသား(အမျိုးသမီး)တွေကို လွှတ်ပေးပါတော်….။
အဲသလို တကြော်ကြော် အော်နေမလားမသိ။

ဓါးစားခံလွတ်မြောက်ရေးအတွက်
တန်ဘိုးကြီးပေး ပြန်ရွေးယူရတာများ
ပြန်ပေးသမားကို ကျေးဇူးတင်သူတွေ ရှိသေးသဟ။
အို… အသင်လောက။
ကတညုတ တရားတွေ
ဘုန်းပေါလအော ပေါများလှချေတကား။

အပစ်အခတ် ရပ်စဲရေးလား
ပျစ်ပျစ်နှစ်နှစ် ရပ် ဆဲရေး လား။
အခုပဲ ရပ်လိုက်၊ အခုပဲ ပစ်လိုက်၊ အခုပဲ ဆဲလိုက်
အဲဒါတွေကို မယုံဘူးဟေ့။

ရာဇဝင်များရဲ့သတို့သမီးကို
အိမ်နီးချင်းက မုဒိန်းကျင့်တဲ့ကိစ္စမှာ
“ငါသာအမိ၊ ငါသာအဖ” ဆိုသူတွေက
ငွေစမျက်နှာ ထောက်ထားပြီး
တဟီးဟီးနဲ့ ခွင့်ပြုခဲ့သမျှ
မရှူနိုင်မကယ်နိုင်ဖြစ်လာမှ
ခဏလောက်တော့ နားထားမယ်နော်တဲ့….
သြော်…တော်တော်လည်းကျလောက်တဲ့ ဖအေ။

ဖအေလား၊ ပထွေးလား
မင်းသားလား၊ လူကြမ်းလား
သူတော်စင်လား၊ ဂုံးရုပ်လား…..။
၂၃ နှစ်လုံးလုံး
အမိုက်ဖုံးခဲ့တဲ့ သူယုတ်မာက
တခဏအတွင်း
ချက်ချင်းပြောင်းချင်တယ်ဆိုရုံမျှနဲ့
အကောင်းမြင်ဝါဒကိုကိုင်စွဲ
ရဲရဲကြီးယုံလိုက်ကြပြန်တယ်။

တကယ်ပြောင်းမှ
သူတော်ကောင်းမှတ်ပါကွယ်ရို့။
ဖွတ်ထွက်မှ တောင်ပို့မှန်းသိကြရင်
ကျောချမှ ဓားပြမှန်းသိကြရင်
အမှတ်မရှိတဲ့ မိအေးလို
တွေးတွေးပြီး နာကြရပါလိမ့်ဦးမယ်။

သတိတမံ ဉာဏ်မြေကတုတ်နဲ့
လူရှုပ်တွေရဲ့ အရူးလုပ်ခံရခြင်းကို
ရှောင်ကွင်းနိုင်ကြပါစေသော်။

ကိုပေါ
၎ အောက်တိုဘာ ၂၀၁၁။
Read more

" ဒီခေတ် "


" ဒီခေတ် "

နောက်ဖေးလမ်းကြားထဲ
တဘုတ်ဘုတ်ပြစ်ချခံနေရတဲ့
ယုံကြည်ချက်တွေကို
ပလပ်စတစ်ကောက်သလို
လိုက်ကောက်နေရတဲ့ခေတ်။

Pragmatic မြောင်းကြီးထဲ
ကိုင်စွဲခဲ့တဲ့ တန်ဖိုးတွေ၊
ခိုင်မာခဲ့တဲ့ ရပ်တည်ချက်တွေ၊
ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ၊
အထွေးလိုက် အပြုံလိုက်မျောပါနေတာကို
ငေးကြည့်နေရတဲ့ခေတ်။

ရေးသူ - MDP
Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၁)

ကျနော်သည် စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (ပီအာ)ကို ကိုင်ဆောင်လျက် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော မြန်မာနိုင်ငံသားတဦးဖြစ်ပါသည်။ ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်၏ အခြေအနေကို ပြည်လည်သုံးသပ်ကြည့်သောအခါ မြန်မာနိုင်ငံ၏ အတိတ်နှင့် လက်ရှိပစ္စုပ္ပာန်အခြေအနေတို့မှာ နိုင်ငံသားတယောက်အနေနှင့် ကျေနပ်လက်ခံနိုင်သည့် အနေအထားများတွင်မရှိခဲ့/မရှိနေဟု ထင်မြင်ယူဆပါသည်။

အဓိက ကျေနပ်လက်ခံနိုင်ခြင်းမရှိသည့် အခြေအနေများမှာ…

(၁) မြန်မာနိုင်ငံသားတယောက်အနေနှင့် လွတ်လပ်မှုအဝဝ ဆုံးရှုံးနေခြင်း
(၂) အာဏာပိုင်လူတန်းစား၏ ဖိနှိပ်မှုကို အစဉ်သဖြင့် ကြောက်ရွံ့နေရခြင်း
(၃) နိုင်ငံသားတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူနေမှုအဝဝမှာ နိမ့်ပါးဆုတ်ယုတ်နေခြင်း

တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်တခု အမြစ်တွယ်ကာ ရှင်သန်နေခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပေါ်ပေါက်လာရသော ဆိုးကျိုးများဟု ယူဆပါသည်။

ပြည်တွင်းတွင်နေထိုင်သည်ဖြစ်စေ၊ ပြည်ပတွင်နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားတဦးဖြစ်နေသရွေ့ ဤအချက်များကြောင့်ဖြစ်ပေါ်လာသော မကောင်းသောအကျိုးဆက်များ၏ ရိုက်ခတ်မှုကို အစဉ်သဖြင့် ခံစားနေရမည်သာဖြစ်သည်။ ကျနော့်တို့အနေဖြင့် ဤ မနှစ်မြို့ဖွယ် အခြေအနေကို မတွန်းမလှန် အားမာန်လျှော့၍ ခေါင်းငုံ့လည်စင်းခံမည်လား။ သို့တည်းမဟုတ် အခြေအနေကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမည်လား ဟူသော ရွေးချယ်စရာ လမ်းနှစ်သွယ်ကို ကြုံတွေ့ကြရပါသည်။ ကျနော်အနေဖြင့် ပြုပြင်ပြောင်းလဲပစ်ရန် ကြိုးစားသင့်သည်ဟူသော အမြင်ကို လက်ခံသူဖြစ်ပါသည်။ လက်ရှိအကြပ်အတည်းအပေါ်တွင် မှီခို၍ အကျိုးစီးပွားဖြစ်နေသူ လူအနည်းငယ်မှလွဲလျှင် ကျန်သော နိုင်ငံသားအများစုမှာ ကျနော်ကဲ့သို့ပင် ပြုပြင်ပြောင်းလဲရန်ကို အလိုရှိသူများသာ ဖြစ်ကြလိမ့်မည်ဟု ယူဆပါသည်။

အပြောင်းအလဲနှင့် ပတ်သက်သော ကျနော့်သဘောထား

အာဏာရှင်စနစ်ဟူသည် စတင်သန္ဓေတည်မွေးဖွားလာသည့်အချိန်ကပင် ယင်းစနစ်ကို ပြန်လည်ဖျက်ဆီးမည့် မျိုးစေ့ဗီဇ တပါတည်း ပါလာသည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ မည်သည့်အာဏာရှင်စနစ်မဆို တနေ့တချိန်တွင် ပြိုလဲပျက်စီးရမည်သာဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း မည်သည့်အာဏာရှင်စနစ်မျှ ထာဝရ မတည်ရှိနိုင်ကြောင်းကို အထင်အရှားပင် တွေ့မြင်ကြရမည်သာဖြစ်သည်။ “ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူးကွာ” ဟု အားလျှော့စကားကိုဆိုသူများသည် ဤသဘောဓမ္မကို နားလည်သဘောမပေါက်သူများ၊ သမိုင်းကို မျက်ကွယ်ပြုသူများ ဖြစ်သောကြောင့်သော်လည်းကောင်း(သို့တည်းမဟုတ်) ဤသဘောဓမ္မကို လက်ခံလိုက်ပါက အကျိုးဆက်အနေဖြင့် ကျရောက်လာသော တာဝန်ကို ရှောင်လွှဲလိုသောကြောင့် သော်လည်းကောင်း ဖြစ်မည်ဟု မှန်းဆမိပါသည်။

သို့သော် အာဏာရှင်စနစ်တခု သူ့အလိုအလျောက် ပျက်စီးသည့်အချိန်အထိကိုမူကား ထိုင်စောင့်မနေသင့်ပဲ မိမိတို့ အသက်ရှင်စဉ် အနာဂတ်အကျိုးစီးပွားအတွက်၊ မိမိတို့ သားသမီးများအကျိုးစီးပွားအတွက်တို့ကို ထည့်သွင်းစဉ်းစားကာ အာဏာရှင်စနစ်အလျှင်အမြန် ပြိုကျပျက်စီးစေရန် အပြောင်းအလဲအတွက် လက်ရှိအချိန်တွင်ပင် အားထုတ်လုပ်ကိုင်သင့်ကြောင်း ခံယူမိပါသည်။

ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်လဲ

ပြောင်းလဲရန် လိုအပ်ကြောင်းလက်ခံသည့်အခါ ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်နည်းဟူသော မေးခွန်းပေါ်လာပါသည်။ သမိုင်းကြောင်းကို ဆန်းစစ်လျှင်ဖြစ်စေ၊ ယခုမျက်မှောက်ကာလ ကမ္ဘာတလွှားတွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို ဆန်းစစ်လျှင်ဖြစ်စေ အပြောင်းအလဲ ဖြစ်စေနိုင်သော နည်းလမ်း အများအပြားရှိသည်ကို တွေ့ရပါသည်။

ယင်းတို့အနက်….
(၁) လူထုအုံကြွမှုနှင့် (လူထုညီညွတ်စွာ အင်အားပြမှုများ)ဖြစ်ပြီး အာဏာရှင်အစိုးရများ ပြုတ်ကျသွားခြင်း
(၂) လက်နက်ကိုင်တော်လှန်ရေးဖြင့် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခြင်း
(၃) အာဏာရှင်သေဆုံးသည့်အခါ ၄င်း၏ အရိုက်အရာကို ဆက်ခံသူများတွင် အပြောင်းအလဲကို လိုလားသော ခေါင်းဆောင်များ အစားထိုးဝင်ရောက်လာခြင်း
(၄) အင်အားကြီးနိုင်ငံများနှင့် ပတ်ဝန်းကျင်နိုင်ငံများ၊ နိုင်ငံစုံအဖွဲ့အစည်းများမှ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးစီးပွားရေး အခင်းအကျင်းရသော်လည်းကောင်း အာဏာရှင်နိုင်ငံငယ်များအပေါ် လွှမ်းမိုးကာ အပြောင်းအလဲသို့ရောက်အောင် တွန်းပို့နိုင်ခြင်း

စသည့် အကြမ်းဖျင်း ခွဲခြားသတ်မှတ်နိုင်သော နည်းလမ်းများကို တွေ့ရှိရပါသည်။ အထက်ပါ နည်းလမ်းတခုချင်းကြောင့်သော်လည်းကောင်း၊ တခုထက်ပိုသောနည်းလမ်းများကို သုံး၍လည်းကောင်း အပြောင်းအလဲကို စတင်ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်ကြောင်း သုံးသပ်မိပါသည်။

မြန်မာနိုင်ငံ၏ အတိတ်က သမိုင်းကြောင်း

အတိတ်က သမိုင်းကြောင်းဆိုရာတွင်… သက်ဦးဆံပိုင်ဘုရင်စနစ်အထိ နောက်ပြန်လှန်၍ ရေးသားရန်ဆန္ဒမရှိပါ။ ကိုလိုနီလက်အောက် ကျရောက်စဉ်က တော်လှန်ရေးများနှင့် လွတ်လပ်ရေးရပြီးသည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးများအကြောင်း အကျဉ်းချုပ်ပြောလိုပါသည်။

ပထမကြိမ် အင်္ဂလိပ်ကို မောင်းထုတ်ခြင်းနှင့် ဂျပန်ကို ပြန်လည်တော်လှန်ရာတွင် အသုံးပြုသော နည်းလမ်းများမှာ နည်းလမ်း အမှတ် (၂ - လက်နက်ကိုင်) နှင့် (၄ - အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများဖြစ်သည်ကို သတိပြုမိပါသည်။ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရေးဆိုရာတွင် နည်းလမ်းအမှတ် (၁ - လူထုအုံကြွမှု) နှင့် (၄- အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများ ဖြစ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ အင်္ဂလိပ်ကို ပထမအကြိမ် တိုက်ထုတ်ရာတွင်လည်းကောင်း၊ ဂျပန်ကို တော်လှန်ရာတွင်လည်းကောင်း၊ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရယူရာတွင်လည်းကောင်း ရည်မှန်းသည့် ပန်းတိုင်များကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့သည်ဖြစ်၍ ထိုစဉ်က အသုံးပြုခဲ့သော နည်းလမ်းများ အောင်မြင်ခဲ့သည်ကို လက်ခံရချေမည်။

တဖန်လွတ်လပ်ရေးရပြီးသည့်အချိန်ကစ၍ (လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီ ခေတ်ကို ချန်လှပ်ကာ)ဆန်းစစ်ပြန်သော်…. မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုအုံကြွမှုများဖြင့် တော်လှန်ပြောင်းလဲရန် ကြိုးစားခဲ့ကြကို တွေ့ရသည်။ လက်နက်ကိုင်တော်လှန်ရေးကို အဓိကဆင်နွှဲသူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အမျိုးမျိုးတို့ ဖြစ်သည်။ ကြီးမားသော အထင်ကရ လူထုအုံကြွမှုကြီး နှစ်ခုမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ရှစ်လေးလုံး လူထုအုံကြွမှုကြီးနှင့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး တို့ပင်ဖြစ်သည်။


လက်နက်ကိုင်တော်လှန်ရေးမှာ အနှစ် ၆၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအခါ အားပျော့သွားသည်ဟု သုံးသပ်မိပါသည်။ လက်နက်ကိုင်အင်အားစုများတွင် အကြီးမားဆုံးအဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် (လက်နက်ကိုင်တော်လှန်ရေးတွင်) လုံးလုံးအမြစ်ပြတ်ချေမှုန်းခံရပြီး၊ ဒုတိယ အကြီးမားဆုံးဖြစ်သော ကရင်လွတ်မြောက်ရေးတပ်ပေါင်းစုမှာလည်း အဓိကခြေကုပ်စခန်းများ လက်လွှတ်ရပြီးနောက် အင်အားလျော့နည်းလာသည်ကို တွေ့ရသည်။

ဤသို့ လက်နက်ကိုင်တော်လှန်ရေး အရေးနိမ့်လာရသည့် အကြောင်းရင်းများတွင် မြန်မာစစ်အစိုးရအနေဖြင့် လိုအပ်သော စစ်အသုံးစားရိတ်ကို နိုင်ငံတော်ဘဏ္ဍာနှင့် အရင်းအမြစ်များမှ အပြည့်အဝ ရရှိနေသည်ကတကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား သောင်းကျန်းသူအဖြစ် ရှုမြင်လာအောင် (လူထုထောက်ခံမှုမရအောင်) စစ်အစိုးရထိန်းချုပ်သော နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို၊ တီဗီ၊ မဂ္ဂဇင်းတို့မှ ပြည်သူလူထုအား ထိထိရောက်ရောက် ဝါဒမှိုင်းတိုက်နှိုင်ခဲ့သည်ကတကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အချိတ်အဆက်မိမိဖြင့် စစ်အစိုးရကို တော်လှန်နိုင်ခြင်း မရှိသည်ကတကြောင်း… စသည် တို့သည် လက်နက်ကိုင်တော်လှန်ရေး အားပျော့လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟု ယူဆပါသည်။

သို့သော် မည်မျှပင် အားပျော့သွားသည်ဖြစ်စေ…. လက်နက်ကိုင်တော်လှန်ရေးကို မှားယွင်းသည်ဟု ပြောရန် ခက်လှပါသည်။ လူသည် မိမိအား မတရား ဖိနှိပ်ချုပ်ချယ်လာလျှင် တုန့်ပြန်ခုခံရန် အခွင့်အရေးရှိပါသည်။ အခွင့်အရေးဆိုသည်ထက် တုန့်ပြန်တော်လှန်ရမည့် တာဝန်ဟုဆိုလျှင်ပင် ပိုမှန်ပါမည်။ ထိုသို့တော်လှန်ရာတွင် လက်နက်ကိုင်နည်းလမ်းကိုဖြစ်စေ၊ အကြမ်းမဖက်နည်းလမ်းကိုဖြစ်စေ သင့်လျော်ရာ နည်းလမ်းကို စွဲကိုင်နိုင်ပါသည်။ ဤသည်ကို မှားသည်ဟု မခေါ်နိုင်ပါ။ တရားသည်ဟုသာ ဆိုရပါမည်။ လက်ရှိအချိန်တွင် အားပျော့နေသော်လည်း တချိန်တွင် ပြန်လည်အားကောင်းလာတတ်သည်ကိုလည်း လက်ရှိအခြေအနေတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေများအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း သတိချပ်သင့်ပါသည်။

ဖြစ်ပွားခဲ့ပြီးသော လူထုအုံကြွမှု နှစ်ရပ် ( ရှစ်လေးလုံးနှင့် ရွှေဝါရောင်) ပတ်သက်ပြီး အချို့က လူထုအုံကြွမှုများသည် အချည်းနှီးသာဖြစ်သည်ဟု သုံးသပ်ယူဆကြသည်ကို တွေ့ရသည်။ ကျနော့်အမြင်အရတွင်မူ ဤလူထုအုံကြွမှုကြီး နှစ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲကြီးများ ဖြစ်ခဲ့ပြီး ယနေ့နိုင်ငံရေးအခြေအနေသို့ရောက်ရန် တွန်းပို့ခဲ့သည့် အကျိုးရလာဒ်ကောင်းများ ဖြစ်ထွန်းခဲ့သည်ဟု ယူဆပါသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာပြည်တွင် အရပ်သားမျက်နှာဖုံး တပါတီစစ်အာဏာရှင်စနစ်ကို တရားဝင် ပယ်ဖျက်လိုက်ကာ လူထုအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင် တင်ပေးလိုက်သည့် အရေးတော်ပုံကြီးဖြစ်ပါသည်။ ဒဂုန်တာရာ၏ စကား (အတိအကျတော့မဟုတ်)ကို အငှားသုံးရမည်ဆိုလျှင် “၁၃၀၀ ပြည့်အရေးတော်ပုံကြီးကြောင့် လွတ်လပ်ရေးကို ချက်ချင်းမရခဲ့သော်ငြား လွတ်လပ်ရေးကို အရယူပေးမည့် တော်လှန်ရေးအင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်။ အလားတူ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မြန်မာပြည်သည် ဒီမိုကရေစီချက်ချင်းဖြစ်မသွားသော်လည်း ဒီမိုကရေစီစနစ်ကို အရယူပေးမည့် အင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်” ဆိုသည့်အတိုင်းပင်ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် မြန်မာပြည်သူထုတရပ်လုံးက ဒီမိုကရေစီစနစ်ကို လိုလားတောင့်တသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်သည်။ ထိုအချိန်မှ စ၍ ပြည်သူလူထု၏ ဒီမိုကရေစီစနစ်အပေါ် လိုချင်တောင့်တမှုများ၊ လွတ်လပ်မှုကိုတောင်းဆိုမှုများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်မှုများမှာ ဘယ်တုန်းကနှင့်မတူ အရှိန်အဟုန်မြင့်တက်ခဲ့ပါသည်။ ဂတိအတိုင်း အာဏာလွှဲမပေးသည့်တိုင်အောင် စစ်အစိုးရအနေဖြင့် “ပြည်သူများအနေဖြင့် ဒီမိုကရေစီစနစ်ကိုသာ လိုလားတောင့်တသည်” ဆိုသည့်အချက်ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ “မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ကြိုးစားနေပါသည်” ဆိုသည့် ကတိစကားများကို ထုတ်ဖော်ပြောကြားလာရသည်အထိဖြစ်သည်။

သို့သော် စစ်အာဏာရှင်များမှာ စိတ်ရင်းမမှန်သည့်အလျောက် တဖက်တွင်လည်း အမျိုးသားညီလာခံကို မပြီးနိုင်မစီးနိုင်ခေါ်ယူကာ အချိန်ဆွဲရန်ကြိုးစားနေခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ၏ အကျင့်ပျက်ခြစားမှုများ၊ ကိုယ်ကျိုးရှာ မသမာမှုများ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးမှာ တနေ့တခြား ပိုမိုကြပ်တည်းလာပြီး ၂၀၀၇ ခုတွင် ကမ္ဘာ့သတင်းမီဒီယာများကို ကိုင်လှုပ်ကာ အချိန်ပြည့်လွှမ်းမိုးထားနိုင်သော ရွှေဝါရောင်တော်လှန်ရေးကြီးတရပ် ပေါ်ပေါက်လာခဲ့ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် အချိန်ဆွဲ၊ ဈေးဆစ်နေသော စစ်အစိုးရအား အချိန်မဆွဲဝံ့တော့စေရန်၊ တက်သုတ်ရိုက်ဆောင်ရွက်ရန် နောက်မှ သံချွန်နှင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးပင် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် အမျိုးသားညီလာခံကို နှစ်ပေါင်းများစွာ အချိန်ဆွဲ၍ ကျင်းပနေသော စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် ညောင်နှစ်ပင်ဖွဲ့စည်းပုံကို တက်သုတ်ရိုက်၍ အပြီးသတ်ရေးဆွဲ၊ မသမာသည့်နည်းဖြင့် ပြည်သူ့ဆန္ဒကို ကတိုက်ကရိုက်ခံယူအတည်ပြုကာ၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး (အရပ်သားအရေခြုံထားသည့်) ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာရပေသည်။

(ဆက်ရန်)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs