“သူ ဘယ်သူလဲ....ပြော”

၂၀၀၈ တုန်းက ရေးခဲ့တဲ့ ကဗျာလေးတပုဒ်ကို မဖတ်ရသေးသူများ ဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ကဗျာဆိုတာထက် စကားထာ ဝှက်တာဆိုရင် ပိုမှန်မယ်ထင်တယ်။ ကဲ..... ပဟေဠိကို အဖြေညှိသွားကြပါဦး။

“သူ ဘယ်သူလဲ”

ကျောက်ဆည်ဇာတိ
တပြည်လုံးသိ။

တိရိစ္ဆာန်ပမာ
ကျင့်ကြံလာ။

အောက်မှာလူများ
အလုပ်များ။

အတုအယောင်
အရေခြုံကောင်။

ဗလအားကိုး
တဇွတ်တိုး။

ဦးနှောက်မပါ
သူ့ခေါင်းမှာ။

ယနေ့ထက်တိုင်
မသေနိုင်။

ကဲ.....သူဘယ်သူလဲ။ ပြော။

“....................”

ဗျာ။ မကြားရဘူး။ ကျယ်ကျယ်လေး ပြောစမ်းပါ။

“.....................”

ဟာဗျာ။ ကြံကြံဖန်ဖန်၊ ပေါက်ပေါက်ရှာရှာ။ ခင်ဗျားတို့တော့ အကြည်ညိုပျက်အောင်ပြုလုပ်မှုနဲ့ ထောင်ဒဏ် အနှစ်တထောင် ကျတော့မှာဘဲ။

တကယ့်အဖြေမှန်က နှစ်စဉ် ကပြနေကျ “ကျောက်ဆည်ဆင်”။ မယုံရင် ဟောသည်မှာ သွားကြည့်ပေါ့။

အောက်မှာ ဖော်ပြထားတဲ့ ကဗျာကတော့ မူရင်းပို့စ်မှာ ဝင်ရေးလုပ်သွားတဲ့ ဘလော့ဂါကိုမောင်ရင်ရဲ့ ကွန်မင့်ပါ။

အမှန်စင်စစ်..
ထိုဆင်ကြီးမှာ
အခွံသာရှိ အနှစ်နတ္ထိ
ဗလာကိုယ်တွင်း၊ တပါးခြေနင်း
လက်ထိုးသွင်းမှ၊ ခြေလက်ခေါင်းခါး
လှုပ်ရှားသက်ဝင် ၊ သဘင်သည်အလား
လူထုကြားမှာ ၊ အရေခြုံကာ သူ “က” စား၏။
ထိုအကနှင့် နာဠာဂီရိ
ကျောက်ဆည်ဆင်ကို
ကြောက်တယ်မထင်က
ပုဒ်ထီး ပုဒ်မ ပုဒ်လဒနှင့်
သင့်၏ဇာတာ မှေးမှိန်ရာတည့်
အသက်တစ်ရာမရှည်ရာလဲ
အနှစ် ရာထောင်မဲဇာမြိုင်တောနှင်စေသော(၀်)..
(ဤကဗျာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားသည့်ကျောက်ဆည်ဆင်အက ကို ဂုဏ်ပြုပါသည်)

မူရင်းပို့စ်။............။ “သူဘယ်သူလဲ”
Read more

“သူ့ကို အရမ်းမုန်းတယ်”

“သူ့ကို အရမ်းမုန်းတယ်”

သူလည်း မကောင်းဘူး။
သူ့မယားလည်း မကောင်းဘူး။
သူ့သားသမီးလည်း မကောင်းဘူး။
သူ့မြေးလည်း မကောင်းဘူး။

တဆွေလုံး တမျိုးလုံး
ငါတို့ ခေါင်းပေါ်တက်
သိပ်နှိပ်စက်တယ်။

မျိုးပြုတ်ပါစေ ဆုတောင်းပေမယ့်
သေနိုင်ခဲလို့ စိတ်ညစ်ရတယ်။

ပြောရင်းဆိုရင်း တင်းလာပြီနော်
ဒင်းကို အမှုန့်ကြိတ် ပစ်ချင်တယ်။

ဘယ်သူလဲလို့ မမေးပါနဲ့တော့ဗျာ
ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့
“သန်း” ဆိုတဲ့ ကပ်ပါးကောင်ပေါ့။

-ကိုပေါ-
(၂၂ - ၉ -၂၀၁၀)

စာကိုး။..........။ သန်း = Louse
Read more

“အောက်စ လွတ်တဲ့အခါ”

“အောက်စ လွတ်တဲ့အခါ”

မုသား အောက်စလွတ်တဲ့အခါ
အမှန်တရားဟာ ကွင်းကွင်းကြီးပေါ်လာတယ်။
မျက်နှာမလွှဲလိုက်ပါနဲ့။
ရဲရဲကြီး စိုက်ကြည့်လိုက်ပါ။

-ကိုပေါ-
(၂၁-၉-၂၀၁၀)

(မှတ်ချက်။........။ နေရာလွဲပြီး အသုံးချပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်အပေါ် တာဝန်မယူ။)
Read more

“၂၀၁၀ မယ်သီတာ”

“၂၀၁၀ မယ်သီတာ”

ဘီလူးကိုမြင်
လင်လုပ်ချင်ဆဲ။

မယ်သီတာ စည်းပြင်ထွက်လို့
နန့်နန့်တက်ကဲ။

-ကိုပေါ-
(၂၀-၉-၂၀၁၀)
Read more

“ကိုယ်လုံးတီးမို့ မကြည့်ရဲပါ”

မုသားက ဝတ်စုံပြည့်နဲ့
ပွဲတက်လာတယ်
သူ့နံဘေးမှာ ဝိုင်းဝိုင်းလည်လို့။

အမှန်တရားကြီး
ကိုယ်လုံးတီးနဲ့ ရပ်နေတာကိုတော့
မကြည့်ရဲကြသလို ရှောင်ဖယ်ဖယ်နဲ့။

-ကိုပေါ-
(၂၀၊ ၉၊ ၂၀၁၀)
Read more

“အရုဏ်ဦးကြောင့် ရူးတော့မည်”

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” အမည်ရသည့် သမိုင်းလိမ်ဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ လာရောက်ဖျော်ဖြေသောအခါ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင် ဆန္ဒပြကြသည့် သတင်းများ၊ အီးမေးလ်များ၊ ဓါတ်ပုံများကို ခုတလော နေ့စဉ်လိုလို ဖတ်နေရသည်။ မြင်နေရသည်။ ကြားနေရသည်။

ဤကိစ္စအပေါ်တွင် မတူညီကွဲပြားသည့် အမြင်များ အမျိုးမျိုး ထွက်ပေါ်နေသည်ကိုလည်း စိတ်ဝင်စားစွာ သတိပြုမိသည်။

ကျွန်ုပ်၏ သဘောထားကို ပြောရလျှင် ထိုကဲ့သို့သော ဝါဒဖြန့်ဇာတ်ကားတွင် အနုပညာရှင်များ ပါဝင်ခြင်းကို မနှစ်သက်ပါ။ ထိုသူတို့သည် နအဖ၏ ဖိအားပေးမှုကို လက်မခံနိုင်၍ နအဖအလိုကျ ပါဝင်သရုပ်ဆောင်ရသည်ဟု ဆင်ခြေပေးစေဦး၊ သူတို့သည် အဂတိတရားလေးပါးတွင် ဘယာဂတိ ဟူသော ကြောက်ရွံ့ခြင်းကြောင့် မမှန်ကန်သည့်ဖက်မှ ဘက်လိုက်ခြင်းအမှုကို ပြုမူခဲ့ကြသူများဖြစ်သည်။ အကယ်၍ အခွင့်အရေးလာဘ်လာဘအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက ဆန္ဒာဂတိတည်းဟူသော အဂတိတရားကိုပါ ချိုးဖောက်ခြင်း မည်ပေသည်။ သမိုင်းကြောင်းကို သေချာမသိ၍ သဘောရိုးဖြင့် ဝင်ရောက်သရုပ်ဆောင်သည်ဆိုလျှင်လည်း မောဟဂတိကြောင့် ဘက်လိုက်ခြင်းအမှုကို ပြုခဲ့ရာရောက်လေသည်။

သို့သော် ထိုသူများအား ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြကြခြင်းနှင့် ပတ်သက်၍ကား ကျွန်ုပ်တွင် အတွေးပွားစရာ များစွာရှိပါသည်။ မရှင်းလင်းသည်များ၊ မေးခွန်းထုတ်စရာများ ရှိလာပါသည်။

ပထမဦးဆုံးအနေဖြင့် စဉ်းစားရန်ရှိသည်မှာ ဘယ်လို အနုပညာရှင်မျိုးတွေကို ဆန္ဒပြကြမှာလဲဆိုသည့် မေးခွန်း (သို့မဟုတ်) သတ်မှတ်ချက် (criteria) ဖြစ်သည်။ စစ်အစိုးရ ဝါဒဖြန့်ချီရေးယန္တရားတွင် ပါဝင်သူတိုင်းကိုသာ ဆန္ဒပြရလျှင် တင်သန်းဦးရိုက်ကူးသော “လှလေးစိန်” ဇာတ်ကားတွင် “လှလေးစိန်” အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ပြည်သူ့ဂုဏ်ရည်ဆုရှင် ရုပ်ရှင်သရုပ်ဆောင် ကျော်သူပင် ပြေးလို့ လွတ်မည်မဟုတ်။

အလားတူပင် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာ ဦးဝင်းငြိမ်းကြီး အမေရိကားသို့ လာရောက်သောအခါ ဝိုင်းဝန်းဆန္ဒပြရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော ရွှေအမြုတေမဂ္ဂဇင်းအပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတိုင်းလိုလိုတွင် ရှေ့ဆုံးစာမျက်နှာ၌ နအဖ၏ ဝါဒဖြန့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကို ထည့်သွင်းဖော်ပြကြရသောကြောင့်ပင်တည်း။ ရွှေအမြုတေပရိသတ်လည်း ဝိုင်းစု ပရိသတ်ထက် သေးမည်မထင်ပါ။

ထိုမှတဖန် ထပ်၍ စဉ်းစားပြန်သော် နအဖ ကမကထလုပ်သော ပွဲလမ်းသဘင်များတွင် သီဆိုဖျော်ဖြေခြင်း မပြုဖူးသည့် အဆိုတော်များလည်း မရှိသလောက် ရှားလှပေသည်။ ထိုအဆိုတော်များ ပြည်ပထွက်လာလျှင်လည်း ဆန္ဒပြကြမည်လော။ ထို့အတူ ဗိုလ်ချုပ်ကြီးများအလည်အပတ်မလာခင် လမ်းများကောင်းမွန်နေစေရေးအတွက် နအဖ၏ အဓမ္မလုပ်အားပေးခိုင်းစေခံရသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ဆင်ရာတွင် အသုံးချရန် ပေါ်တာအဆွဲခံရသူများအား ဆန့်ကျင်ဆန္ဒပြကြမည်လော။

ဤသည်ကား မည်သည့်အနုပညာရှင်များအား ဆန္ဒပြသင့်သနည်းဟု စဉ်းစားလိုက်သောအခါ အတွေးထဲတွင် ရှေးဦးစွာ ထွက်ပေါ်လာသည့် အချက်များဖြစ်သည်။ ဝိုင်းစုခိုင်သိန်းကတော့ နအဖ ခိုင်းစေသမျှ ခံကြရသူတွေထဲတွင်မှ သူမ တယောက်တည်း ကံကွက်ကျား၍ ဆန္ဒအပြခံရခြင်းမှာ အတော်ပင် ကံဇာတာ နိမ့်ပါးနေ၍ ဖြစ်ရချေမည်ဟု တွေးတောနေမည်လား မပြောတတ်။ (သူမတယောက်တည်းတော့ မဟုတ်။ ထိုဇာတ်ကားတွင် ပါဝင်သူအားလုံးဟု ပြောရချေမည်။)

မည်သူများအား ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်း၏ နောက်တွင် ဒုတိယ ကပ်လိုက်လာသည့်မေးခွန်းမှာ မည်သူတွေက ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

လူအများနှင့် သက်ဆိုင်သော ကိစ္စများတွင် ကိုယ့်သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ဆန္ဒပြခွင့်ရှိသည်။ ဤအချက်ကို အားပေးသည်။ လက်ခံသည်။ ယုံကြည်သည်။ သို့သော် မေးခွန်းမှာ “ဆန္ဒပြသင့်သလော၊ မပြသင့်သလော” ဟူ၍ မဟုတ်ဘဲ “မည်သူတွေက ဆန္ဒပြသင့်သနည်း” ဆိုသည့် မေးခွန်းသာဖြစ်သည်။

ဤမေးခွန်းကို မေးရခြင်းမှာ အကြောင်းရှိသည်။ ပြည်ပ၌ လာရောက်နေထိုင်သူများတွင် နိုင်ငံရေးသမားဟောင်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များ၊ ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများ စသဖြင့် လူမျိုးစုံပါဝင်သည်။ ယေဘုယျ ခြုံငုံပြောရလျှင် ထိုသူအားလုံးသည် ပြည်တွင်းမှ အခြေအနေအရပ်ရပ်ကို ဆက်လက် ခါးစည်းမခံနိုင်သဖြင့်၊ နအဖ၏ ဖိနှိပ်မှုကို ဆက်လက်မခံစားနိုင်တော့သဖြင့် လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာကြသူချည်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ဆက်နွယ်ဖူးသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များမှာ နအဖ၏ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်တော့၍ ထွက်ပြေးလာကြသူများဖြစ်သည်။ ထိုအထဲတွင် တတိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသွားကြသော လက်နက်ကိုင်တော်လှန်ရေးသမားများလည်း အပါအဝင်ဖြစ်သည်။

ထိုသူများအနေဖြင့် မြန်မာ့အရေးကိစ္စများတွင် ဆက်လက်၍ စိတ်ဝင်စား ရှင်သန်နေခြင်း၊ မြန်မာပြည်နိုင်ငံရေးအခြေအနေအားပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်အားထုတ်နေခြင်းများအား အားပေးထောက်ခံပါ၏။ တချိန်တည်းမှာပင် စစ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်း၊ ပြည်ပအကူအညီများကို ရယူ၍ ပြည်တွင်းသို့ ပံ့ပိုးရန်ကြိုးပမ်းနေခြင်းများအတွက်လည်း ချီးကျူးပါ၏။ အားပေးထောက်ခံပါ၏။

သို့သော် အနုပညာရှင်များကို ဆန္ဒပြသည့် ကိစ္စတွင်မူ စဉ်းစားစရာတချက်ရှိနေသည်။ မိမိတို့ကိုယ်တိုင် ဖိနှိပ်မှုကို မခံနိုင်၍ ပြည်ပသို့ ထွက်ခွာလာပြီးမှ ပြည်တွင်းတွင် ကျန်ရစ်နေသေးသည့် အနုပညာရှင်များကို နအဖအား အာမခံရဲရကောင်းလားဟု အပြစ်တင်နေသည်မှာ နည်းလမ်းမကျဟု မြင်မိပါသည်။ ဥပမာပေးရသော် “အငှားဗိုက်နှင့် ဓားထိုးခံကြည့်ချင်သူများ” သဖွယ် ဖြစ်နေချေသည်။ တဖန် “ကုလားမနိုင်၍ ရခိုင်မဲ” ရာလည်း ရောက်နေသည်။ ပစ်မှတ်လွဲနေသည်ဟု တွေးမိပါသည်။ အကယ်၍ ဝိုင်းစုခိုင်သိန်းတို့အား ဆန္ဒပြသူများသည် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများမဟုတ်ဘဲ ပြည်တွင်းမှ ပရိသတ်၊ ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများဖြစ်ခဲ့သော် ယခုကဲ့သို့ မေးခွန်းထုတ်စရာ အကြောင်းမရှိပါ။

ပြည်ပတွင် နေထိုင်သူများအနေဖြင့် ပြည်တွင်းကလူများ လုပ်နေသည်ကို အားမလိုအားမရသူများရှိသော် ပြည်တွင်းသို့ ပြန်၍ ကိုယ်တိုင်ကိုယ်ကျ လုပ်ကြရန်သာရှိသည်။ ကိုယ်တိုင်မလုပ်နိုင်သည့်အရာကို သူတပါးအား လုပ်စေချင်နေခြင်းမှာ သိပ်တော့ နည်းလမ်းမကျ။

နောက်ဆုံးမေးခွန်းမှာ…. ဤသို့သော ပေါ်လစီဇာတ်ကားမျိုး၌ ပါဝင်သရုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကဲ့သို့ ကြီးလေးသည့် ပြစ်မှုမြောက်ပါရဲ့လော ဟူသည့် မေးခွန်းဖြစ်သည်။ နအဖ စစ်ဗိုလ်ချုပ်များ ပြည်ပသို့လာသည့်အခါ ကန့်ကွက်ဆန္ဒပြခြင်းကို နားလည်လက်ခံ၍ ရသည်။ ထောက်ခံအားပေးပါသည်။ နအဖနှင့် အလိုတူအလိုပါ ကိုယ်ကျိုးရှာ စီးပွားရေးသမားများ ပြည်ပသို့ လာရောက်ခွင့်ဗီဇာကို ပိတ်ပင်ခြင်းအားလည်း နားလည်ထောက်ခံနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုစီးပွားရေးသမားများမှာ နအဖနှင့်ပေါင်းကာ ပြည်သူလူထုကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများ ဖြစ်သောကြောင့်တည်း။ သို့သော် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပါဝင်သရုပ်ဆောင်ရသော အနုပညာရှင်များကို ပြည်ပတွင်နေထိုင်သူများက ကန့်ကွက်ဆန္ဒပြခြင်းသည် တရားမျှတပါရဲ့လော စဉ်းစားစရာဖြစ်သည်။ ဝါဒဖြန့် ပေါ်လစီကားများတွင် သရုပ်ဆောင်ခြင်းကို စစ်အစိုးရလက်ပါးစေဟု သတ်မှတ်သင့်၊ မသတ်မှတ်သင့်ဆိုသည်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ အထူးပြကျွမ်းကျင်သူများ ဝင်ရောက်ဆွေးနွေးသင့်သည်ဟု ထင်မြင်မိပါသည်။

မလွတ်လပ်သော နိုင်ငံများတွင် စစ်ကြောရေး၊ သို့မဟုတ် ရဲလက်တွင် နှိပ်စက်မှုကို မခံနိုင်တော့၍ မိမိမကျူးလွန်ခဲ့သော အမှုကို ကျူးလွန်ပါသည်ဟု ဝန်ခံကတိ လက်မှတ်ထိုးသူများစွာရှိသည်။ ထိုရဲစစ်ချက်တခုတည်းအပေါ် မူတည်ပြီး ထိုသူအား ပြစ်မှုထင်ရှားစီရင်လိုက်လျှင် အပြစ်စီရင်ခံရသူအနေဖြင့် နစ်နာပေသည်။ အလားတူပင် မလွတ်လပ်သော အခြေအနေတခု၌ မိမိဆန္ဒနှင့်ဆန့်ကျင်ကာ ဖိအားပေးသဖြင့် လုပ်ဆောင်လိုက်ရသော အလုပ်တခုအတွက် မည်သို့ အရေးယူမည်နည်း။ အထူးသဖြင့် ထိုအမှုသည် ရာဇဝတ်မှုမမြောက်သည့်ကိစ္စဆိုလျှင် မည်သို့တုန့်ပြန်ကြမည်နည်း။

ကျွန်ုပ်သဘောအရမူ ဝါဒဖြန့်ဇာတ်ကားများနှင့်ပတ်သက်၍ နအဖက ဝါဒဖြန့်လျှင် မိမိတို့ကလည်း တုန့်ပြန်၍ အမှန်တရားကို ပြန်လည် ဖြန့်ဝေကြမည်။ နအဖမှာ လက်ရှိအာဏာကို ကိုင်စွဲထားသူများဖြစ်၍ ဝါဒဖြန့်ချီရေးယန္တရားတွင် တပန်းသာသည်ဟုဆိုနိုင်သည်။ သို့သော် မိမိတို့က တပန်းသာသည်မှာ လူထုက စစ်အစိုးရကို မယုံကြည်။ တက်ကြွလှုပ်ရှားသူများအနေနှင့် သစ္စာတရားကို လက်ကိုင်ထားပြီး မုသားများကို တုန့်ပြန်ချေပကြမည်ဆိုလျှင် မိမိတို့က အသာစီးရနိုင်သည်။ ဤသို့ချေပရာတွင် အနုပညာရှင်များအား ပြည်ပမှနေ၍ ဆန္ဒပြခြင်းထက် လူထုကို စည်းရုံး၍ လူထုအင်အားသုံးကာ အမှန်တရားကို ဖြန့်ဖြူးမည်ဆိုလျှင် ပိုမိုထိရောက်မည်ထင်သည်။ မိမိက ပြည်ပရောက်နေလျှင်လည်း ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် အစွမ်းကုန်ကူညီသင့်သည်။ ဤသို့ဆိုလျှင် စစ်အစိုးရ၏ ဝါဒဖြန့်ဇာတ်ကားများကို ဂရုစိုက်စရာမလိုဟု မြင်မိပါသည်။
Read more

ဖောရှောယဉ်ကျေးမှုနှင့် ဖောရွှေတို့ရွာ

မြန်မာဘလော့ဂ်ကွန်မင့်ကဏ္ဍများတွင် “မှတ်သားသွားပါတယ်။ နာယူသွားပါတယ်” စသည့် ကွန်မင့်များကို အတည်ပေါက်ကြီးရေးနေသူတွေ အတော်များသည်။ ထိုသူများ ပြောသည့်အတိုင်းသာ အမှန်တကယ် မှတ်သားနာယူသွားသည်မှန်ပါက ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ပညာယှိကြီးများ ပြည့်နှက်နေသော နိုင်ငံတနိုင်ငံသာဖြစ်ချိမ့်မည်။ ကျွန်ုပ်မူကား ၄င်းတို့ “ဖောရှော” လုပ်နေသည်ဟုသာ ထင်မိသည်။ ထို့သို့ ဖောရှောလုပ်သောသူများနှင့် ပြည့်နှက်နေသော ဖောရွှေတို့၏ နိုင်ငံတော်ကြီးသည် သာယာပါရဲ့လားဟု ဆင်ခြင်ကြည့်လိုက်သော်....

“ဖောရွှေတို့ရွာ”

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ရွာလယ်လမ်းမှာ
အနှိပ်ခန်းနဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါပေ ညနေစောင်းရင်
ခြင်မောင်းကွဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် အိမ်အထွက်မှာ
မီးစက်နဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် အင်တာနက်မှာ
လိပ်ထက်ပင်နှေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ဖုန်းရယ်ဆက်လို့
လိပ်ခေါင်းထွက်သေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ကျောင်းတကယ်ဖွင့်မှ
မြို့ပြနဲ့ဝေး။

ဖောရွှေတို့ရွာ သာပါစမေး
သာပါတယ် ဟိုကြပ်ပြေးမှာ
လောက်တွေနဲ့ဖွေး။

-အမည်မသိ ဘလော့ဂ်စာဆို-

Read more

“အလောင်းစည်သူ ပြန်လာပြီ”

(ငယ်ငယ်က ဖတ်ခဲ့ဖူးသော ကာတွန်းမောင်ဝဏ္ဏ၏ “လူကြီးလူကောင်း” ကာတွန်းဇာတ်လမ်းအား ဇာတ်ကောင်များအစားထိုး၍ မှတ်မိသလောက် ဘလော့ပိုစ့်အနေနှင့် ပြန်လည် ဆန်းသစ်ထားပါသည်။ ဤဇာတ်လမ်းတွင် ပါသော လူများ၊ နေရာများမှာ အစစ်အမှန်မဟုတ်ဘဲ စာရေးသူ၏ စိတ်ကူးထဲတွင် ဖန်တီးထားသော ဇာတ်ကောင်များ၊ နေရာများသာဖြစ်ပါသည်။ တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ကြပါကုန်။)

တနေ့သ၌ တပ်ချုပ်ကြီးသည် ဂြိုဟ်တုမှ ထုတ်လွှင့်သော ဘောလုံးပွဲကြည့်နေရင်း သူအားပေးသောအသင်းက ဂိုးသွင်းလိုက်သဖြင့် ထိုင်ရာမှ ထ၍ လက်ပမ်းပေါက်ခတ်ရာ သက်တော်ကြီးရင့်ပြီ ဖြစ်သဖြင့် ဘွတ်ကနဲ လေလည်မိသွားလေသည်။

“အဟိဟိ” “ခစ်ခစ်ခစ်”

ဘေးတွင် ဘောလုံးပွဲအတူ ထိုင်ကြည့်နေသော သူရရွှေပန်း၊ သာအေး၊ သာဂိ စသည့် ဗိုလ်ချုပ်ကြီးများထံမှ ရယ်သံများ ထွက်လာလေသည်။

တပ်ချုပ်ကြီးက စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်ကြည့်လိုက်ပြီး…. “မင်းတို့က ဘာရီတာလဲကွ” ဟု မေးလိုက်၏။(မှတ်ချက်။……..။ဤနေရာတွင် ဘာရယ်တာလဲ ဟု ဖတ်ပါရန်။ တော်ကြာ ဘလော့ဂါ ရီတာကို မေးသည်ဟု ထင်မှတ်မှားမည် စိုးသဖြင့်)

သူရရွှေပန်း (ကပျာကယာဖြင့်)။.........။ ဟို..ဟို... ရယ်တာမဟုတ်ပါဘူး... အဘ။ ဝမ်းထဲက ကျလိကျလိ ဖြစ်လာလို့ ပါးစပ်ကနေ အဟိအဟိ မြည်သွားတာပါ။

တပ်ချုပ်ကြီး။……..။ အေး…. မင်းတို့ ရူးကြောင်မူးကြောင် လုပ်မနေကြနဲ့။ ကြပ်ပြေးတောင်ခြေမှာ စပိုက်ဒါမင်း အဝတ်အစားနဲ့ လူဆိုးတယောက် သောင်းကျန်းနေတယ်ကြားတယ်။ အဲဒါ မင်းတို့ နောက်တနေ့ညနေ သွားပြီး လက်ရဖမ်းချေကြ။

ဘောလုံးပွဲပြီး၍ ဗိုလ်ချုပ်ကြီးများ အပြင်သို့ ထွက်လာကြသောအခါ အချင်းချင်း ဤသို့ တီးတိုးတိုင်ပင်ကြလေသည်။

“အဘတော့ ငါတို့ရယ်လိုက်တာနဲ့ ရှက်ရမ်းရမ်းပြီး အလောင်းစည်သူမင်းကြီး အထာချိုးနေပြီ။ မနက်ဖြန်ကျရင် သူကိုယ်တိုင် စပိုက်ဒါမင်းအဝတ်အစားဝတ်ပြီး ရုပ်ဖျက်လာလိမ့်မယ်။ ဖိုက်တင်ပလေးကြရင် တကယ် မလုပ်နဲ့။ သူစိတ်ကျေနပ်အောင် မင်းတို့ ဟန်ဆောင်ပန်ဆောင် ဖိုက်ပြီး လှဲချပြလိုက်…ကြားလား”

ဤသို့ဖြင့် နောက်တနေ့ နေဝင် တယောကိုတင်ရီ အချိန်တွင်…အဲ… နေဝင်ရီတရောအချိန်တွင် ရွှေပန်း၊ သာအေး၊ သာဂိ စသည့် အမိုက်တကာ့ဗိုလ်မင်း၊ အဖျဉ်းတကာ့ဗိုလ်ချုပ်၊ အပယ်လေးလီ မြစ်နဒီတွင် ပလုံစီအောင် ငုပ်မည့် လူရှုပ်ကြီးများသည် ဒဂုံဂျစ်၊ မြန်မာဂျစ် စသည့် ခေတ်မီမော်တော်ကားကြီးများ ကိုယ်စီဖြင့် ကြပ်ပြေးတောင်ခြေတွင် ပုန်းအောင်း၍ အသင့်စောင့်နေကြလေသည်။

အီးတညှစ်မျှ ကြာသောအခါတွင် (စစ်ရေးပြအခမ်းအနားများတွင် သုံးသော) အမိုးဖွင့် ကားနက်ကြီးကို စီးလျက် စပိုက်ဒါမင်း အဝတ်အစားကို ဝတ်ဆင်ထားသော တပ်ချုပ်ကြီး ပေါက်ချလာလေသည်။

သာအေး၊ သာဂိ၊ ရွှေပန်းတို့လည်း ပုန်းအောင်းနေရာက အသီးသီးထွက်ကြပြီး စပိုက်ဒါမင်းကို ဖမ်းရန် ကြိုးစားကြလေသည်။ စပိုက်ဒါမင်းလည်း အမိုးဖွင့်ကားကို ကပ်တုံ၊ ခွာတုံ၊ ရပ်တုံ၊ ဘက်ဂီယာထိုးတုံ အမျိုးစုံဖြင့် မရိုးရအောင် ကားရေးပြလေသည်။ နောက်ဆုံးတွင် ကားပေါ်မှ အသီးသီးဆင်းလာကြပြီး မြေပြင်ပေါ်တွင် (ကြက်ဖခွပ်သလို) ဖိုက်တင်ပလေး ကြလေသည်။ သာအေးတို့လည်း တင်ကြိုတိုင်ပင်ထားသည့်အတိုင်း အယောင်ပြသာ ဖိုက်ကြပြီး စပိုက်ဒါမင်းက လက်သီးထိုးလိုက်သည့်အခါ မထိမီကပင် “အားကနဲ” “အီးကနဲ” အော်ဟစ်ငြီးတွားကာ အသီးသီး ပစ်လှဲပြကြလေသည်။ နှပ်တညှစ်ခွဲခန့်အတွင်းမှာပင် သာအေးတို့လူစု မြေပေါ်သို့ အတုံးအရုံး လဲကျ ကုန်တော့သတည်း။

ထိုအခါမှ စပိုက်ဒါမင်းလည်း ကားနက်ကြီးပေါ်သို့ ပြန်တက်သွားပြီး… “ဝူးထွားဟားဟား။ စပိုက်ဒါမင်းတဲ့ဟေ့…တမင်းပဲရှိတယ်။ နှစ်မင်းရှိရင် စင်ပြိုင်အစိုးရတောင် ပြည်တွင်းမှာ မနေနိုင်ဘူး။ ထွက်ပြေးရတယ်။” ဟု အသံနက်ကြီးဖြင့် ရယ်မောလျက် မိုင်ကုန်မောင်းကာ ထွက်ခွာသွားလေသည်။

စပိုက်ဒါမင်းမြင်ကွင်းမှ ပျောက်ကွယ်သွားသော် သာအေးတို့လူစုလည်း မြေကြီးပေါ်က အသီးသီးထပြီး အူနှိပ်ကာ ရယ်မောကျန်ရစ်ခဲ့ကြလေသည်။

“ဟားဟားဟား။ တပ်ချုပ်ကြီးတော့ ငါတို့ရဲ့ အကယ်ဒမီရှော့တ်တွေကို တကယ် အဟုတ်ထင်ပြီး စိတ်ကြီးဝင်သွားပြီ။ ဧကန္တ အလောင်းစည်သူမင်းကြီးလည်း ငါတို့လို အကယ်ဒမီအဖွဲ့တွေနဲ့ တွေ့သွားတာပဲ ဖြစ်ရမယ်…ဟားဟား”

နောက်တနေ့ လေးလပတ် အစည်းအဝေးသို့ ရောက်သောအခါ သူရရွှေပန်းတို့ လူစုအား တပ်ချုပ်ကြီးက မေးလေသည်။

“ဘယ့်နှယ့်လဲကွ။ မင်းတို့ လူဆိုးကို ဖမ်းမိခဲ့ရဲ့လား”

သူရရွှေပန်းတို့လည်း ကြိုတင်တိုင်ပင်ထားသည့်အတိုင်း….. “မှန်ပါ။ ဤလူဆိုးသည် လူမက နတ်တမျှ စွမ်းလှကြောင်းပါ။ ကျနော်တို့မှာ အနားမျှပင် မကပ်နိုင်ဘဲ နောက်ဆုံး အလဲလဲ အကွဲကွဲဖြင့် ရှုံးနိမ့်ပြီး ပြန်ခဲ့ရပါသည်” ဟု လျှောက်ထားကြလေသည်။

ဤအခါတွင်မှ တပ်ချုပ်ကြီးလည်း…. “အိမ်း….. နင်တို့ ငါ့ကို အိုပြီ ထင်ကြသည်။ ငါမအိုသေး။ တပ်ထဲမှာ မဲဖောက်ပေးမယ့် မုဆိုးမ ရှိသေးရင် နောက်ထပ် ဆယ်ယောက်လောက် ထပ်ပြီး ယူပြနိုင်သေးတယ်….အဟေးဟေး”

ရွှေပန်း၊ သာအေး၊ သာဂိ စသည့် ဗိုလ်ချုပ်ကြီးများလည်း ပြင်းစွာ ကြောက်လန့် ခန့်ညားရိုသေကြလေသည်။ (တကယ်မလန့်လည်း လန့်သည့်သဏ္ဍာန် အကယ်ဒမီ အိုက်တင်များကို ပေးကြလေသည်။)

ထိုအခိုက် သာအေး၏ နဖူးကို လောက်စာလုံးတလုံး အရှိန်ပြင်းစွာ လာမှန်လေသည်။

“ဟေ့ ဘယ်ကောင်လဲကွ။ လေးလပတ်အစည်းအဝေးလုပ်နေတဲ့နေရာမှာ လေးဂွ လာသရမ်းတာ”

“ကျုပ်ပစ်လိုက်တာပဲဗျ…ဘာလုပ်ချင်သလဲ”

အသံကြား၍ အားလုံး လှည့်ကြည့်လိုက်သောအခါ အစည်းအဝေးခန်းမ အဝင်ဝတွင် လေးဂွကို လက်တဖက်က ကိုင်စွဲလျက် ရပ်နေသော မြေးတော် မျောက်လောင်းကလေး ဖိုးလောက်လန်း ကို တွေ့လိုက်ကြရသည်။

တပ်ချုပ်ကြီး။………..။ မြေးတော်လေး။ ဘာကြောင့် လေးဂွနဲ့ ပစ်ရသလဲ။

ဖိုးလောက်လန်း။……….။ မှန်လှပါ ဖိုးဖိုး။ ဒီလူတွေ ဖိုးဖိုးကွယ်ရာမှာ အတင်းတုပ်နေကြတာတွေ့ရတယ်။ သူတို့ အကယ်ဒမီအိုက်တင်နဲ့ ပတ်ချလိုက်တာ ဖိုးဖိုးတော့ ခံလိုက်ရပြီတဲ့။ နောက်ပြီး ပြောသေးတယ်။ အလောင်းစည်သူမင်းကြီးလည်း သူတို့လို အကယ်ဒမီသရုပ်ဆောင်တွေနဲ့ တွေ့သွားတာလို့ ပြောပြီး ဟားနေကြတယ်။

ဤမှာပင် တပ်ချုပ်ကြီးလည်း သူ့လူများ၏ မရိုးသားပုံကို ရိပ်မိသွားပြီး….

“မင်းတို့ ဒီလောက်တောင် အကယ်ဒမီ အိုင်တင်ပေးချင်တဲ့ကောင်တွေ၊ အရပ်ဝတ်ပြောင်းပြီး သရုပ်ဆောင်သင်တန်းတက်ပေတော့” ဟုဆိုကာ ရွှေပန်း၊ သာအေး၊ သာဂိတို့အား စစ်ဖက်ရာထူးအသီးသီးမှ အနားပေးလိုက်လေသတည်း။

ဒီကနေ့ တနေ့တည်း တင်ဖြစ်တဲ့ ရှေ့က တပို့စ်ကို ဖတ်ရန်။

ရေနစ်သူကို ကယ်ကြရာဝယ်
Read more

ရေနစ်သူကို ကယ်ကြရာဝယ်

လူတယောက် ရေနစ်နေပြီဆိုရင် ဘယ်လိုကယ်မလဲ။ ရေနစ်သူကို ကယ်ဖို့ ကယ်သူကိုယ်တိုင် ရေကူးတတ်ဖို့ လိုသလား။ ဒီမေးခွန်းကို အဖြေတခုတည်းနဲ့ ဖြေဖို့ မလုံလောက်ဘူး။

ပထမဦးဆုံး မေးခွန်းတခုတော့ ပြန်မေးရမယ်။ ဘယ်နေရာမှာ ဘယ်လိုနစ်နေသလဲ ဆိုတာကိုပေါ့။

ရေချိုးခန်း ကြွေကန်(bathtub)ထဲမှာ ရေစိမ်ရင်း နစ်တာဆိုရင်တော့ ဒါဟာ ရေချိုးနေရင်း သတိလစ်သွားတာ၊ လေသင်တုန်းဖြတ်သွားတာဖြစ်ဖို့များတယ်။ ရေတိမ်နစ်တယ်လို့လည်း ပြောချင်ပြောနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာ ကယ်သူအဖို့ ရေကူးတတ်ဖို့မလိုဘူး။ ကြွေကန်ထဲက ရေကို ဖောက်ထုတ်ချပြီး ဆေးရုံလူနာတင်ကားကို ဖုန်းဆက်ခေါ်တတ်ဖို့ပဲ လိုလိမ့်မယ်။

တခါ ကမ်းနဲ့ မနီးမဝေးမှာ နစ်နေတာမျိုးဆိုရင်လည်း ကယ်သူကိုယ်တိုင်က ရေမကူးတတ်ပေမယ့် ဘောကွင်းပစ်ချပေးတာတို့၊ ကြိုးရှည်ရှည်နဲ့ ကြိုးစကို ပစ်ချပေးတာမျိုး၊ ဝါးလုံးလို ရှည်မျောတဲ့အရာတခုနဲ့ ရေနစ်သူလှမ်းဆွဲနိုင်ဖို့ ကမ်းလင့်ကူညီပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ဝါးလုံးကမ်းတဲ့နေရာမှာ ရေနစ်သူကို ဝါးကူထိုးဆိုသလို ကယ်ရာမရောက် ထိုးနှစ်ရောက်တဲ့ အဖြစ်မျိုးကို ရှောင်ရှားဖို့ပါပဲ။

ကယ်သူက လှေပေါ်ကဆိုရင်လည်း ရေနစ်သူကို ကယ်တဲ့နေရာမှာ ကယ်သူကိုယ်တိုင် ရေကူးတတ်ခြင်း မကူးတတ်ခြင်းက အရေးမပါလှပါဘူး။ ကယ်ချင်တဲ့ စေတနာကသာ အရေးပါတော့တယ်။ တချို့လည်း လူကိုတော့ မကယ်ဘဲ ရေနစ်သူလက်က လက်ပတ်နာရီတို့ လက်စွပ်တို့လို အဖိုးတန်ပစ္စည်းလေးတွေကိုပဲ ရွေးကယ်သွားတာမျိုး ရှိတတ်တယ်။

တကယ်လို့ ရေနစ်တဲ့နေရာမှာ ဘောကွင်း၊ ဝါးလုံးရှည်၊ ကြိုးရှည်ရှည် စသဖြင့် ပစ်ပေးစရာ၊ ကမ်းပေးစရာ မရှိဘူးဆိုရင် ကိုယ်တိုင် ရေကူးပြီး ဆင်းကယ်ရမယ့်အဖြစ်မျိုးတွေ ကြုံလာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ကယ်ချင်သူအဖို့ ရေကူးတတ်ဖို့ လိုလာပါပြီ။ ကိုယ်တိုင်ရေမကူးတတ်ဘဲ ဆင်းကယ်လို့ကတော့ တလောင်းကနေ နှစ်လောင်း ဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ရေကူးတတ်တာတောင်မှ သက်လုံကောင်းဖို့တို့၊ ကယ်တဲ့ နည်းစနစ်မှန်ဖို့တို့ လိုပါလိမ့်ဦးမယ်။ ဘာကြောင့်လဲဆိုတော့ ရေနစ်သူဟာ ကြောက်အားလန့်အားနဲ့ အတင်းတွယ်ဖက် တက်တတ်ပြီး အခန့်မသင့်ရင် ကယ်သူပါ နှစ်ယောက်လုံး ရုန်းရင်းဆန်ခတ်နဲ့ နစ်မြုတ်သွားတတ်လို့ပါ။

အညာမှာ အလယ်တန်းကျောင်းတက်နေစဉ်က မုန်းချောင်းတဖက်ကမ်းကနေ ကျောင်းလာတက်တဲ့ ကျောင်းသူတချို့နဲ့ ဆရာတယောက်ပါတဲ့ လှေ၊ ချောင်းထဲမှာ နစ်တယ်။ တခြားလှေတွေ လာကယ်တာမြန်လို့ အသေအပျောက်တော့မရှိ။ ဒါပေမယ့် ကျောင်းသူနှစ်ယောက်ဟာ ကြောက်အားလန့်အားနဲ့ ဆရာ့အပေါ် အတင်း ဖက်တွယ်တက်ကြတော့ ဆရာ့ခမြာ ရေအောက်မှာ အချိန်တော်တော်များများ ရောက်နေပြီး ကုန်းပေါ်ရောက်တော့ မြော့မြော့ပဲ ကျန်တယ်။ ကံကောင်းလို့ မသေတယ်။

ရုပ်ရှင်တွေထဲမှာတော့ အဲသည်လို ကယ်တုန်းမှာ ရုန်းကန်နေရင် ကယ်သူက ရေနစ်သူရဲ့ ဇက်ပိုးကို လက်ဝါးစောင်းနဲ့ တချက်ခုတ်ချလိုက်တာကို ပြတယ်။ အကယ်ခံရမယ့်သူ သတိလစ်ပြီး ငြိမ်ကျသွားမှ အသာဆွဲပြီး ကယ်လာတယ်။ ဒီနည်းကလည်း အငြင်းပွားဖွယ်ပါပဲ။ မတော်လို့ ရိုက်တာ လက်လွန်သွားခဲ့ရင် ရေနစ်လို့မသေ၊ လက်ဝါးစောင်းဒဏ်ကြောင့် သေသွားတာမျိုး ဖြစ်သွားနိုင်လို့ပါ။ (ဒီနေရာမှာ ရုရှားက ကဇာတ်ရုံကို အကြမ်းဖက်သူတွေက စီးနင်းပြန်ပေးဆွဲထားတော့ ရုရှားကယ်ဆယ်ရေးအဖွဲ့တွေက ကဇာတ်ရုံထဲကို ဓါတ်ငွေ့လွှတ်ပြီး ကယ်တာကို သတိရမိတယ်။ အဲသည်တုန်းက ဓါတ်ငွေ့လွှတ်တာများသွားလို့ ဓားစာခံအတော်များများ သေကြေပျက်စီးခဲ့ကြတယ်။) ဒါကြောင့် ရေကူးသင်တန်းပေးတဲ့အခါ လက်ဝါးစောင်းကို အနေတော်ခုတ်တတ်အောင်ပါ ပူးတွဲ သင်တန်းပေးသင့်ပါတယ်။

သောင်ကမ်းနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရေကူးတတ်သူရော၊ မကူးတတ်သူပါ ရေထဲကို တပြိုင်တည်း ကျရောက်နေတယ်ဆိုပါတော့။ ရေကူးတတ်သူဟာ သူ့ဘာသူ ကိုယ်လွတ် ကူးသွားရင် ကမ်းကို ရောက်နိုင်သေးတယ်။ ရေမကူးတတ်သူကို ကယ်တင်မယ်ဆိုရင် နှစ်ယောက်လုံးသေဖို့များတယ်။ ဒီလိုအခြေအနေမျိုးမှာ ကယ်မှာလား၊ မကယ်ဘူးလား။ ဘယ်လမ်းကို ရွေးမလဲ။ တိုက်တန်းနစ်ဇာတ်ကားထဲမှာ လီယိုနာဒို က ကိတ်တ်ဝင်းစလက်ကို ပျဉ်ပြားလေး ပေးလိုက်ပြီး သူကတော့ ရေထဲမှာ ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းလေးကို သတိရမိတယ်။

မကူးတတ်သူတွေက အများကြီး။ ကူးတတ်သူက တယောက်တည်းဆိုရင်လည်း ကြယ်ငါးကောက်တဲ့ ဥပမာလို တယောက်ကိုပဲ ကယ်နိုင်မယ့် အနေအထားမျိုးလည်း ဖြစ်လာနိုင်ပါသေးတယ်။

ကမ်းမမြင်လမ်းမမြင်မှာ ရေထဲကို ရောက်နေပြီး ကူးတတ်တဲ့လူလည်း တယောက်မှ မပါ၊ အသက်ကယ်အင်္ကျီလည်း မပါဘူးဆိုရင်တော့ အားလုံး မကြာခင်မှာ နစ်မွန်းကြရကိန်းပါပဲ။

P.S… ရေကူးသင်တန်းတက်လိုသူများ ပိတောက်ရိပ်ဘလော့ဂ်ပိုင်ရှင် ကိုပေါထံသို့ အီးမေးလ်ဖြင့် စုံစမ်းကာ စာရင်းပေးနိုင်ပါသည်။ လူဦးရေကန့်သတ်ထားသည်။ လာသလောက်သာ လက်ခံမည်။း-)
Read more

ကြားကြားသမျှ

(၁) တရုတ်ပြေးမင်း

မြန်မာရာဇဝင်ထဲက တရုတ်ပြေးမင်းအကြောင်း အခုတလော အတွေးထဲကို ရောက်နေတယ်။ ရာဇဝင်ကို မဖတ်ဖူးတဲ့လူဆိုရင်တော့ တရုတ်ပြေးမင်းဆိုတာ… ကိစ္စကြီးငယ်ရှိတိုင်း တရုတ်ပြည်ကိုပြေးပြီး သံတော်ဦးတင်တတ်တဲ့ ဘုရင်လား၊ ဒါမှမဟုတ် တရုတ်တွေကို ကြောက်ပြီးထွက်ပြေးရတဲ့မင်းလား၊ ဒါမှမဟုတ် သူ့ကိုကြောက်လို့ပဲ တရုတ်တွေ ထွက်ပြေးရတဲ့မင်းလား စသဖြင့် သို့လော သို့လော ဖြစ်စရာပါ။

အဲသည်မင်းက အကျင့်မကောင်းဘူးလို့ သိရတယ်။ သူ့ကို မင်းခွေးချေးလို့လည်း ခေါ်ကြသေးတယ်။ ပွဲတော်တည်ရင် (ထမင်းစားရင်) ဟင်းခွက် ၃၀၀ ပြည့်မှ တည်တတ်တယ်လို့လည်း သိရတယ်။ အမြော်အမြင်မရှိဘူး။ ကျေးဇူးမသိတတ်ဘူး။ ရက်စက်တယ်…..စတဲ့ အရည်အချင်းများနဲ့ ပြည့်စုံသူလို့လည်း မှတ်သားရပါတယ်။

ရာဇဝင်ထဲက မင်းခွေးချေး ခေါ် တရုတ်ပြေးမင်းအကြောင်းပါ။ ဘာကြောင့် အခုတလောမှ ခေါင်းထဲရောက်လာသလဲ မစဉ်းစားတတ်အောင်ပဲ။

(၂) တရားစီရင်ရေး နည်းလမ်းနှစ်မျိုး

တရားရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး မြန်မာ့အသိုင်းအဝိုင်းမှာ ပြောကြတဲ့ စကားကို ငယ်ငယ်က ဖန်တရာတေအောင် ကြားဖူးတယ်။

“ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” ဆိုတဲ့စကား။ ဘာအဓိပ္ပါယ်နဲ့ ပြောသလဲဆိုတာ ငယ်ငယ်က သဘောမပေါက်ဘူး။ အခုမှ သဘောပေါက်တယ်။

စစ်အစိုးရ (နအဖ) လက်ထက်မှာ စစ်တပ်က ကျူးလွန်သမျှ ရာဇဝတ်မှုတွေဆိုရင် “ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” လုပ်ရုံတင်မက ကြီးသည့်အမှုကိုပါ ပပျောက်အောင် လုပ်နေတာကို တွေ့နေရတယ်။

ပဲခူးမှာ လူငယ်လေးနှစ်ယောက်ကို မကြာခင်ရက်ပိုင်းကမှ စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်တဲ့အမှုကို ကြားကြမှာပေါ့။ ရပ်ကွက်ထဲ သာမန်ခိုက်ရန်ဖြစ်ပွားတာကို သွေးသောက်ရဲဘော် ဇာနည်ရှော်ကြီးများက သူရသတ္တိပြည့်ဝစွာဖြင့် လက်နက်ကိုင်စစ်သားတွေကို ခေါ်ချလာပြီး လက်နက်မဲ့ကလေးတွေကို ရပ်ကွက်ထဲအထိ လိုက်လံပစ်သတ်တဲ့ ရာဇဝတ်မှုကြီးပေါ့။ ဒီရာဇဝတ်မှုကြီးကို တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းရမယ့်အစား သက်ဆိုင်ရာများက ဘယ်လိုလုပ်သလဲဆိုတော့…..

- အမှုဖြစ်ပွားရာနေရာက သွေးတွေကို သဲတွေနဲ့ ဖုံးတယ်။ ရေနဲ့ဆေးတယ်။ ဒါဟာ ရာဇဝတ်မှု သက်သေခံ အထောက်အထားတွေကို ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့တင် နောက်ထပ် ပြစ်မှု ထပ်မြောက်နေပါသေးတယ်။

- အလောင်းတွေကို ရင်ခွဲရုံယူသွားပြီးတဲ့နောက် သက်ဆိုင်ရာ မိသားစုလက်ထဲကို ပြန်မအပ်ဘူး။ စစ်တပ်က တာဝန်ယူပြီး သဂြုင်္ိဟ်တယ်။ ဒါလဲ နောက်ထပ် သက်သေခံပစ္စည်း ဖျောက်ဖျက်မှုပဲ။

- သေဆုံးသူမိဘတွေကို ငွေ ဆယ်သိန်း လာပေးပြီး ကြေအေး ခိုင်းတယ်။ သဘောကတော့ ယူချင်ယူ မယူချင်နေ။ ဒို့ဖက်က လုပ်ပေးနိုင်တာကတော့ ဒါအကုန်ပဲဆိုတဲ့ သဘောလားတော့ မသိ။ ကျနော့်အမြင်မှာတော့ အထက်က ပြောခဲ့သလို “ကြီးသည့်အမှု ပပျောက်အောင်” လုပ်ဖို့ ကြိုးစားတာနဲ့ ဘာမှ မထူးပါဘူး။

ဒီ ပဲခူးက ဖြစ်ရပ်ဟာ “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး” လို့ အသံကောင်းဟစ် တကြော်ကြော်အော်နေတဲ့ နအဖရဲ့ “ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား” လုပ်ရပ်ကို ထပ်မံမီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ရမ်းကားတယ်ဆိုရင် နယ်စပ်က တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လောက် ရက်စက်မယ်၊ တရားလက်လွတ်ပြုမူမယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်။

ဒီလို စစ်တပ်က ကျူးလွန်တဲ့အမှုတွေမှာသာ အပြစ်ပေါ့အောင်၊ ပပျောက်အောင် လုပ်ပေမယ့် ပြည်သူ့ဖက်က ရပ်တည်သူတွေနဲ့ ပတ်သက်လာရင်တော့ နအဖ က “ငယ်သည့်အမှု ကြီးအောင်၊ မရှိသည့်အမှုကို ရှိလာအောင်” ဆိုတဲ့ အဆိုကို လက်ကိုင်ထားပြီး မတရားစီရင်တတ်ပါတယ်။ ဒါကတော့ နအဖ စစ်အစိုးရလက်ထက် မြန်မာပြည်က တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ နည်းလမ်း ၂ မျိုးပါ။

(၃) လေထီးတပ်သား

နိုဝင်ဘာလရောက်ရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရတော့မှာပါ။ နောက်ထပ် ၂ လ နီးပါးခန့်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ဂျွန်ဝီလျံယက်တော တယောက် လေထီးခုန်ကျင့်မနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ရော ပြည်သူတွေပါ သတိနဲ့ စောင့်ကြည့် ကာကွယ်သင့်ပါတယ်။

(၄) ချီးကုန်းစက္ကူတဲ့ဗျား

မကြာခင်က စင်္ကာပူက အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ပြောသွားတယ်။ စင်္ကာပူမှာ ပီအာရ် ငါးသိန်းလောက်ရှိတဲ့အနက်က ဆယ်ရာခိုင်နှုန်းလောက်ကို သူတို့က ချဉ်းကပ်ပြီး နိုင်ငံသားခံဖို့ ကမ်းလှမ်းမတဲ့။ ကမ်းလှမ်းချက်ကို လက်မခံရင် အဲဒီလူတွေရဲ့ ပီအာရ် status ကို ထပ်ပြီးတော့ သက်တမ်းတိုးမပေးတော့ဘူးတဲ့။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ပီအာရ်ဆိုတာ အမြဲတမ်းနေထိုင်ခွင့်လို့ အဓိပ္ပါယ်ရပါတယ်။ ကျနော်ပီအာရ်လျှောက်လွှာတင်စဉ်က စင်္ကာပူအင်မီဂရေးရှင်း အရာရှိတယောက်ကို မေးမြန်းခဲ့ဖူးလို့ သူမ ရှင်းပြပုံရအရ အမြဲတမ်းနေထိုင်ခွင့်ဆိုတဲ့အတိုင်း အသက်ထက်ဆုံးနေထိုင်ခွင့်ကို ဆိုလိုတာပါ။ အင်မီဂရေးရှင်းမှာ သွားပြီး သက်တမ်းတိုးနေရတာက ရီအင်ထရီပါမစ် (Re-entry permit) လို့ ခေါ်ပါတယ်။ အရင်တုန်းက အဓိပ္ပါယ်အရဆိုရင် ပီအာရ်ကျထားသူတယောက်ဟာ စင်္ကာပူမှာပဲ နေထိုင်မယ်ဆိုရင် ဘာမှ သက်တမ်းတိုးစရာမလိုဘဲ သူကြိုက်သလောက် စင်္ကာပူမှာ နေလို့ရတယ်။ စင်္ကာပူနိုင်ငံရဲ့ ပြင်ပကို ခရီးထွက်ပြီး စင်္ကာပူကို ပြန်ဝင်မယ်ဆိုရင်တော့ သူ့အတွက် ရီအင်ထရီပါမစ် လိုအပ်ပါတယ်။ အဲသည်အချိန်မှာ ပါမစ်ကို သက်တမ်းတိုးထားတာမရှိဘူးဆိုရင် ပြန်ဝင်လို့ မရတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ပီအာရ် Status ပါ ပျက်ပြယ်သွားပါတယ်။

ဒီတော့ အခု ဂိုချုပ်တောင်ပြောတဲ့ ကိစ္စက နည်းနည်းတော့ ထူးဆန်းနေပါတယ်။ ပီအာရ်ဆိုတာ သက်တမ်းတိုးစရာ မလိုတဲ့ကိစ္စမှာ ဘယ်လိုလုပ် သက်တမ်းတိုးမပေးတော့ဘူးလဲဆိုတာ စဉ်းစားစရာပါ။ ပီအာရ်အဆင့်အတန်းကို ပြန်လည် ရုတ်သိမ်းတာကို ဆိုလိုသလားတော့ မသိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဂိုချုပ်တောင်ပြောပြီးတဲ့အခါ သူတို့နိုင်ငံသားတွေအကြားမှာရော၊ ပီအာရ်တွေ အကြားမှာပါ ဝေဖန်ပြောဆိုမှုတွေ ကြီးထွားလာတဲ့အတွက် ဂိုချုပ်တောင်ရဲ့ သတင်းပြန်ကြားရေးမှူးက ကပျာကယာ ဖြေရှင်းချက်ထပ်ထုတ်ရတဲ့ အခြေအနေကို ဆိုက်သွားပါတယ်။

အဲဒီဖြေရှင်းချက်ကို စထရိတ်တိုင်းမ်စ် သတင်းစာမှာဖော်ပြတော့ အောက်မှာ မှတ်ချက်ရေးသူတယောက်က ဟောသည်လို ရေးသဗျ။

“ကမ္ဘာပေါ်မှာ စင်္ကာပူနိုင်ငံဟာ ပီအာရ်တွေကို ဖိအားပေးပြီး နိုင်ငံသားပြောင်းခိုင်းတဲ့ ပထမဦးဆုံး နိုင်ငံတနိုင်ငံဖြစ်သွားပါပြီ။ စင်္ကာပူနိုင်ငံသားအဖြစ်ဟာ ဘာအဓိပ္ပါယ်မှ မရှိတော့တာ အံ့သြစရာမလိုတော့ပါဘူး။ စင်္ကာပူနိုင်ငံသားဖြစ်ကြောင်း အထောက်အထားစာရွက်ဟာ ချီးကုန်းစက္ကူနဲ့ ပို၍ ပို၍ တူလာတယ်”

ဆိုပြီး ရေးသားသွားတာကို တွေ့ရလို့ ပြုံးရပါသေးတယ်။

ဒီကိစ္စကြေညာအပြီးမှာ စင်္ကာပူ နိုင်ငံသားခံယူရမှာကို ဝန်လေးသူများဟာ တခြားနိုင်ငံကို ပြောင်းဖို့ အသည်းအသန် စလုပ်လာကြတာကို တွေ့ရပါသဗျား။ ကိုယ့်မျက်စေ့အောက်မှာတင် ဟောတယောက် ဟောတယောက် မြင်နေရပါတယ်။

ဒါကတော့ အခုတလော တွေးမိသမျှ ကြားမိသမျှကို ရေးပြလိုက်ခြင်းဖြစ်ပါတယ်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs