“မအိုသေးတဲ့သူ”

ဆရာအောင်သင်းအမည်ကို စတင်ကြားဘူးသည်မှာ ကျနော် ၇ တန်းကျောင်းသားဘ၀က ဖြစ်သည်။ မကွေးတိုင်းကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ ကျနော်တို့ မြို့နယ်ကိုယ်စား ခြင်းလုံးအဖွဲ့နှင့် မကွေးမြို့သို့ လာပြိုင်ရသည်။ ညဘက်လျှောက်လည်သောအခါ မြို့လယ်ပန်းခြံတွင် စာပေဟောပြောပွဲ ကြော်ငြာ ဆိုင်းပုဒ်ကြီး ဟီးနေအောင်ချိတ်ထားတာ တွေ့ရသည်။ စာရေးဆရာ တယောက် အမည်က အောင်သင်း(တောင်တွင်း) တဲ့။ ကျနော့်မှာ ထိုအရွယ်တွင် ၀တ္ထုတိုရှည်များ၊ ဆောင်းပါးများကို တော်တော်ဖတ်နေပြီဖြစ်သော်လည်း ဆရာ့နာမည်ကို မရင်းနှီး။ ချိုတကူးနှင့် ဂုဏ်ရည်မတူကို အမတွေ၏ ကျောင်းသုံးလက်ရွေးစင် စကားပြေစာအုပ်မှာ ဖတ်ဘူးသော်လည်း ဆရာရေးမှန်းသတိမပြုမိ။

နောက်ပိုင်း စာစီစာကုံးနှင့် ပတ်သက်သော ဆရာ့စာအုပ်တွေ မြင်တွေ့လာတော့လည်း မှတ်မှတ်ထင်ထင် မရှိလှသေး။ စာစီစာကုံးရေးနည်းညွှန်ပြသည့် မြန်မာစာဆရာ တဦးမျှသာ ထင်မိခဲ့သည်။

သို့သော် ဆရာက လစဉ်ထုတ် မဂ္ဂဇင်းတခုတွင် “ကျနော့်အကြိုက်ဆုံးဝတ္ထုတို” များကို ဖတ်ညွှန်းပုံစံ စရေးလာသောအခါ ဆရာနှင့် စတင်ရင်းနှီးလာသည်။ ဆရာညွှန်းသည့် ၀တ္ထုတိုတွေကို ဖတ်ရင်း နှစ်သက်ရင်း ဘာကြောင့်နှစ်သက်ရသလဲဆိုတာပါ ခွဲခြားသိရှိလာသည်။ သည့်နောက်မှာတော့ “မအိုသေးတဲ့သူ” က စလို့ ဆရာရေးသည့် ရသ စာတမ်းငယ်များကို မဂ္ဂဇင်းများတွင် စောင့်ဖတ်ရင်း ဆရာ့ပရိတ်သတ်လုံးလုံးဖြစ်လာသည်။

သို့သော် ထိုအချိန်အထိ ဆရာ၏ ခွဲခြားစိတ်ဖြာတတ်ခြင်း၊ ဆိုလိုချက် ပေါ်လွင်အောင် ထိထိမိမိရေးတတ်ခြင်း နှင့် ဆရာ၏ အနုပညာ တို့ကို နှစ်သက်ခြင်းသက်သက်ထက် မပိုသေးချေ။

နောက်ပိုင်းဆရာ့စာပေဟောပြောပွဲအခွေများ ခေတ်စားလာသည့်အချိန်တွင် ဆရာ၏ အယူအဆ၊ သဘောထားတို့ကို နှစ်ခြိုက်လှ၍ မိမိကိုယ်ကို ဆရာ့တပည့် အဖြစ်ပါ အလိုအလျောက် ခံယူမိပါသည်။ မကွေးဟောပြောပွဲတွင် ကာယသတ္တိနှင့် စာရိတ္တသတ္တိတို့ကို ဆရာက ဥပမာ ဥပမေးယျတို့ဖြင့် နှိုင်းယှဉ်ဖော်ပြသွားသည်မှာ အင်မတန် မှတ်သားစဖွယ်ဖြစ်သည်။ ကာယသတ္တိမှာ လေ့ကျင့်မွေးမြူပေးရန် အင်မတန်လွယ်သော်လည်း စာရိတ္တသတ္တိမှာမူ အင်မတန်ခက်ခဲကြောင်းကို ပရိသတ် နားလည်လွယ်သော ဥပမာများဖြင့် ဟောသွားသည်။ ထို့နောက် ပညာ အရေးကြီးပုံကိုလည်း ဆရာသည် အလေးအနက် ဇောင်းပေး ဟောပြောသည်။ ဆရာပြောသော အကြောင်းအရာများသည် အင်မတန် လေးနက်သော အကြောင်းအရာများဖြစ်သော်လည်း နားထောင်ရသည်မှာ ငြီးသည်မရှိ။ ဆရာဟာသဉာဏ်အလွန်ရွှင်ရာ ဆရာ့ဟောပြောပွဲများတွင် ပရိတ်သတ်မှာ တဝေါဝေါ တသောသောရှိလေသည်။ လူက တိရိစ္ဆာန်ထက်သာသောအချက်ကို ငါး၊ ပျား စသည့် ဥပမာများဖြင့် ပြောပြသောအခါ ပရိသတ်မှာ တ၀ါးဝါး တဟားဟားနှင့် ပွဲကျမဆုံးအောင် ရှိသည်။

သည့်နောက်ပိုင်းမှာတော့ ဆရာသည် လူငယ်မျိုးဆက်သစ်အတွက် ပညာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးအတွက် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

ဆရာသည် ခေတ်ကို ပြုပြင်လိုစိတ်ရှိသူ၊ လူငယ်တို့၏ ကမောက်ကမ ဖြစ်နေသော ဘ၀တွေကို တည့်မတ်ပေးလိုသော ဆန္ဒရှိသူတဦး၊ တနည်းအားဖြင့်ဆိုရလျှင် လောကကို အလှဆင်လိုသူ၊ လောကကို ကောင်းကျိုးပြုလိုသူ တဦးဟု ကောက်ချက်ချမိပါသည်။ ကျနော်တို့သည် ကျနော်တို့ ဖတ်ဘူးသော စာများ၊ တွေ့ဘူးသော လူများက ကျနော်တို့၏ ဘ၀အား တမျိုးတဖုံ ပြောင်းလဲစေသည်၊ အကျိုးသက်ရောက်မှု ရှိစေသည်ဆိုလျှင် ဆရာအောင်သင်းသည်လည်း ကျနော့်ဘ၀အပေါ် ကောင်းသော အကျိုးသက်ရောက်မှုရှိစေသူဟု ယူဆပါသည်။ ကျနော် ဆယ်တန်းအောင်ပြီး ကျောင်းတွေ အကြာကြီးပိတ်ထားသည့်တိုင် ကျောင်းပြန်ဖွင့်သောအခါ တက္ကသိုလ်သို့ ဆက်လက်တက်ယူချင်သေးသော အာသီသရှိသေးသည်မှာ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာအောင်သင်းတို့၏ အတွေးအခေါ်များ၊ အယူအဆများ မိမိ၏ သဏ္ဍာန်အတွင်းသို့ မသိမသာ စိမ့်ဝင်နေခဲ့၍လည်း ဖြစ်နိုင်ပေမည်။

ဆရာ့ကို အပြင်တွင် လူကိုယ်တိုင် တခါသာတွေ့ဘူးသည်။ အဲသည်တုန်းက ရှစ်လေးလုံး အရေးအခင်းဖြစ်ပြီး ကျောင်းတွေ အကြာကြီးပိတ်ထားတုန်း ထင်ပါရဲ့။ အညာကို ခဏပြန်သွားတော့ လမ်းခရီးမှာ အဝေးပြေးကား ခေတ္တရပ်တုန်း (ပြလို့မှာထင်သည်) အိမ်သာသို့ အပေါ့အပါးသွားရန်ဆင်းသည်။ ကျနော်က အိမ်သာအသွား ဆရာက ကားဆီသို့ ပြန်အလာ လမ်းမှာ ဆရာနှင့် မျက်နှာချင်းဆိုင် ပက်ပင်းတွေ့မိသည်။ မဂ္ဂဇင်းဓါတ်ပုံတွေထဲမှာ ဆရာဝတ်နေကျ ဂျာကင်လေးနဲ့ပါဘဲ။ ကျနော်က ၀မ်းသာသွားပြီး “ ဆရာ၊ ဆရာအောင်သင်းမဟုတ်လား” ဟု မေးလိုက်ရာ ဆရာက ရပ်တန့်၍ “ဟုတ်ပါတယ်။ ကျနော်အောင်သင်းပါ” ပြီးတော့ ဆရာက ကျနော့်စကားကို ငံ့လင့်နေသည်။ ဆရာသည် လူငယ်တွေကို စိတ်ဝင်စားသူပီပီ ကျနော့်ကို အကဲခတ်နေလေသည်။ ကျနော်လည်း ရုတ်တရက်တော့ ဘာပြောရမှန်းမသိ၍ “ဆရာ့ကို ကျနော် မဂ္ဂဇင်းထဲမှာ မြင်ဘူးလို့ပါ” ဟုပြောလိုက်ရာ စကားဝိုင်းမှာ ဂွကျကျနှင့် ပြီးသွားပြီး အသီးသီး ကိုယ့်လမ်းကိုယ် ဆက်သွားခဲ့ကြသည်။ နောက်ပိုင်း ကျနော့်မှာ ဆရာနှင့် မျက်နှာချင်းဆိုင် တွေ့ခွင့်ရပါလျက်နဲ့ သည်လောက် စကားပါးရှားရသလားဟု ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးအောင် ဖြစ်မိပါတော့ သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဆရာအောင်သင်းအား စင်္ကာပူသို့ ဖိတ်ခေါ်ကာ စာပေဟောပြောပွဲပြုလုပ်ဘို့ ကျနော်တို့ စီစဉ်ကြသေးသော်လည်း စင်္ကာပူအစိုးရမှ ဟောပြောပွဲအတွက် ပါမစ်ချမပေးသဖြင့် နောက်ဆုံးအချိန်မှ ကပ်၍ အစီအစဉ် ပျက်သွားပါသည်။ (စင်္ကာပူအစိုးရမှ ပါမစ်ချမပေးရခြင်းမှာ ပါမစ်လျှောက်ထားသူက ဆရာအောင်သင်းအား ဝေဖန်ရေးဆရာ ဟု ဖော်ပြရာ ဝေဖန်ရေးဆို အင်မတန် ဖင်တုန်သော စင်္ကာပူအစိုးရက ပါမစ်အားချမပေးတော့ခြင်းဖြစ်သည်။)

တနေ့က စင်ကာပူ ပင်နင်ဆူးလား ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်ရောက်တော့ စာအုပ်စင်တွင် ဆရာအောင်သင်း၏ စာအုပ်များကို သီးသန့်နေရာပြုလုပ်ကာ ထားပေးသည်ကို တွေ့ခဲ့ရသည်။ ကျနော်လည်း မဖတ်ရသေးသော ရသစာတမ်းငယ်များ တအုပ်ကို ငှားခဲ့လေသည်။ အိမ်ရောက်တော့ ဖတ်ကြည့်တော့ ဆရာ့လက်ရာတွေကို နှစ်ခြိုက်မြဲပင်။ ဆရာ့အနုပညာက ကျနော့်အား ဖမ်းစားနိုင်ဆဲ။ ဆရာ့အတွေးအခေါ်က ကျနော့်အပေါ် လွှမ်းမိုးနိုင်ဆဲ။ ဆရာ အသက်ကြီးလာပြီဖြစ်သော်လည်း ဆရာ့လက်ရာတွေက အိုသည်မရှိ။ ဆရာရေးတဲ့ ရသစာတမ်းငယ် “မအိုသေးတဲ့သူ” လိုပင် ဖြစ်နေသည်။

ဆရာအောင်သင်းတယောက် ကျန်းမာစွာဖြင့် စာတွေ အများကြီးဆက်လက်ရေးနိုင်ပါစေဟု မေတ္တာပို့သလိုက်ပါသည်။
Read more

Close to you

ယနေ့သည် နှစ်ပတ်လည်နေ့ဖြစ်သည်။

ကျနော့်အချစ်ကို သူမက စတင်လက်ခံလိုက်ခြင်း၏ နှစ်ပတ်လည်နေ့ဖြစ်သည်။


လွန်ခဲ့သည့် ရှစ်နှစ်က ကျနော်သည် သူငယ်ချင်းများနှင့် အတူ West Coast Rise တွင် အိမ်တလုံးငှား၍ စုနေဖြစ်သည်။ သူမက ဗမာပြည်မှာ။ ကျောင်းမှာဘဲ ဆရာမ ၀င်လုပ်နေဆဲ။ အဆောင်ဖုန်းကို လူခြေတိတ်မှ ခေါ်ပါဟု မှာထားသဖြင့် တနာရီခွဲစောသော စင်္ကာပူမှ ကျနော်က တော်တော်လေးညဥ့်နက် တဲ့အထိ စောင့်ရသည်။ ကျနော့်တို့အိမ်တွင် လူရှုပ်လှသည်ဖြစ်၍ အိမ်ဘေးနားရှိ ရေကူးကန်လေးမှာ သွားပြောရသည်။ (ဖုန်းပြောလျှင် အငြိမ်မနေ၊ လမ်းလျှောက်ပြော တတ်သော ကျနော့်ထုံးစံအတိုင်း) ရေကူးကန်ကို ပတ်ချာလှည့် လမ်းလျှောက်ရင်း ဖုန်းပြောရသည်။ မှတ်မှတ်ရရ ထိုနေ့က လကလည်း တော်တော်သာနေသည်။

“ကိုကို၊ ၀မ်းသာတော့နော်” တဲ့။

သည်လိုနှင့် ကျနော်တို့နှစ်ယောက် ချစ်သူတွေဖြစ်လာခဲ့သည်။

ကျနော့်ချစ်သူသည် သဘာဝ ပတ်ဝန်းကျင်နှင့် ငှက်ကလေးများကို ချစ်တတ်သူဖြစ်သည်။ သွားရင်းလာရင်း ငှက်ကလေးများကိုတွေ့လျှင် စိတ်ဝင်တစား လိုက်လံကြည့်ရှုတတ်သည်။ ကင်မရာပါလျှင် စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်ယူတတ်သည်။ တယ်လီဗီးရှင်းတွင် လိုင်းများ တခုကနေ တခု ပြောင်းရင်း လိုင်းတခုခုမှာ ငှက်ကလေးများအကြောင်း လာနေသည်ကိုတွေ့လျှင် ထိုလိုင်းကိုဘဲ ဆက်ကြည့်ဘို့ ပူဆာတတ်သည်။

တခါတခါကျတော့ ကောင်းကင်တွင် အပူအပင်ကင်းစွာ၊ လွတ်လပ်စွာ ပျံသန်းသွားသော ငှက်ကလေးများကို ကြည့်ပြီး၊ “ ချစ်လေးတော့ နောက်ဘ၀ကျရင် ငှက်ကလေးဘဲ ဖြစ် ချင်တယ်။ ကိုကိုရောဟင်” သည်လိုမေးတတ်သည်။

ထိုအခါ ကျနော်မည်သို့ ပြန်ဖြေသည် ထင်သနည်း။

“ချစ်လေး ငှက်ကလေးဖြစ်ရင် ကိုကိုက နွားကျောင်းသားလေး ဖြစ်ချင်တယ်။”

(ကျနော့်တွင် ရှိသော မကောင်းသော ဉာဉ်တမျိုးမှာ အကျီစားသန်ခြင်းဖြစ်သည်။)
ကျနော်က ဒါလောက်နဲ့ မပြီးသေး။

“နွားကျောင်းသားငယ်၊ ကျော့ကွင်းကိုတည်၊ ဘယ်...ဘယ်ကိုရယ်နှက်၊ လည်ပင်းအထက် ခေါင်းကိုနှက်လို့၊ ဘယ်...ဘယ်ကိုရယ်ခွဲ၊ ရင်ကိုခွဲလို့၊ ရှားမီးခဲတွင် ရဲရဲကင်” ဆိုတဲ့ ကဗျာလေးကို ဆက်ဆိုတတ်တာမျိုးဆိုတော့ ကျနော်ဟာ ဘယ်လောက်ထိ မကောင်းတဲ့သူလည်း စဉ်းစားသာကြည့်ကြပေတော့။

ဘာဘဲဖြစ်ဖြစ် သူမက ကျနော့်ကို ဘယ်ကိစ္စနှင့် ပတ်သက်၍မှ စိတ်မဆိုးတတ်ပါ။ ရယ်မောခွင့်လွှတ်တတ်သည်။ ကျနော်ကသာ မကြာခဏ ဒေါသထွက်တတ်၊ စိတ်ဆိုး တတ်၊ စိတ်ကောက်တတ်လေသည်။ (တနင်္ဂနွေသားလေ။ ဆံပင်ရော၊တင်ရော၊ စိတ်ရော အားလုံးကောက်တယ်။) ဒါပေမယ့် ကျနော့် ဒေါသကလည်း တခဏပါ။ ခဏ နေရင် ပြန်ကောင်းသွားရော။

သြော်... အခုတော့ နှစ်တွေလည်း ရှည်ကြာလာခဲ့ပြီ။ ယခုဆိုလျှင် ကျနော်တို့နှစ်ယောက် အကြား သံယောဇဉ်ကို ပိုမိုခိုင်မာစေမည့် ခြောက်နှစ်အရွယ် သမီးလေးတဦးလည်းရှိပြီ။ မိသားစုအသေးစားလေးတခု ဖြစ်လာပြီ။ ကျနော်ငယ်ရွယ်စဉ် ကတည်းက စိတ်ကူး ယဉ်ဘူးသော မိသားစုလေးမျိုး။ နှစ်ဦးသား အမှတ်တရများအပြင် မိသားစု အမှတ်တရ များကိုလည်း ပိုင်ဆိုင်ခဲ့ရပြီ။

ကျနော် တက္ကသိုလ်ကျောင်းသားဘ၀က အတန်းထဲတွင် သူမအား သီချင်းလေးတပုဒ် ပေးမည်ပြောကာ ထိုစဉ်က မပေးဖြစ်ခဲ့။ Carpenters အဖွဲ့ရဲ့ Close to you သီချင်း လေးမှ အဖွင့်စာသားလေးအား နှစ်ပတ်လည် အမှတ်တရအဖြစ် ပို့စ်အဆုံးသတ်တွင် ဖော်ပြလိုက်ပါသည်။

“Why do birds suddenly appear
Every time you are near?
Just like me, they long to be
Close to you……………………….”
Read more

“ဆရာမ”

(ဆရာဖေမြင့်၏ ဘ၀ ဒဿန ရသစာများ မှ ကောက်နှုတ်ဖော်ပြသည်။)

“မျက်စိလည်းမမြင် နားလည်း မကြားသူအတွက် မျှော်လင့်ချက်ဟူသည်မရှိတော့။ နက်ရှိုင်းသော အမှောင်ထုနှင့် ကြီးမားလေးလံသော တိတ်ဆိတ်မှုအောက်တွင် အားကိုးရာမဲ့စွာ ပျက်သုဉ်းပျောက်ကွယ်သွားရမည် ဖြစ်၏။

မျက်မမြင် နားမကြားသူများနှင့် ပတ်သက်လျှင် ယေဘုယျအားဖြင့် သည်သဘောအတိုင်းပင် မှတ်ယူကြစရာ အကြောင်းရှိပါသည်။

သို့သော် လူ့လောက၌ သက်ရှင်ရပ်တည်ရန်ပင် မဖြစ်နိုင်လောက်အောင် နွမ်းပါးနိမ့်ကျလှသည့် နှစ်ထပ်ကွမ်း ဒုက္ခိတဘ၀မှ တစ်ကမ္ဘာလုံး လေးစားရ အံ့သြချီးမွမ်းရသည့် ဧရာမ ပုဂ္ဂိုလ်ထူးဘ၀သို့ တက်လှမ်းနိုင်ခဲ့သော အမျိုးသမီးကြီး တစ်ယောက်ရှိသည်။

သူ့အမည်က ဟယ်လင်ကဲလား (Helen Keller) ဖြစ်သည်။

သူမကို အမေရိကန်ပြည်ထောင်စု အယ်ဘားမား ပြည်နယ် တပ်စ် ကမ်ဘီယာမြို့ကလေးတွင် ၁၈၈၀ ခုနှစ်က မွေးသည်။ အသက် တနှစ်ခွဲခန့်တွင် ဦးနှောက်အာရုံကြောများ ထိခိုက်သည့် အဖျားရောဂါတခုကြောင့် အမြင်အာရုံရော အကြားအာရုံပါ လုံးဝပျောက်ကွယ်သွားခဲ့သည်။

နားမကြား၍ ဆွံ့အ ရသူသည် Lip reading ခေါ် နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ဖတ်သောနည်းဖြင့် သူတပါးစကား ကို နားလည်နိုင်၏။ ဆရာ၏ အာလျှာနှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ကာ စကားပြောတတ်အောင် သင်ယူနိုင်၏။ မျက်စိမမြင်သူသည်လည်း အကြားအာရုံဖြင့် လောကကို ခံစားနားလည်နိုင်၏။ စကားအလွယ် တကူတတ်၏။ လက်ဖြင့် စမ်းသပ်ဖတ်ရှုရသည့် မျက်မမြင် စာဖတ်နည်း (Braille System)ကို သင်ယူကာ စာရေးစာဖတ်နိုင်၏။

မျက်စိလည်းမမြင် နားလည်းမကြားသူအားမူ စာသင်ပေးရန် (၀ါ) လောကကြီးကို အဓိပ္ပါယ်ဖွင့်ပေးရန် လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲသွားလေသည်။

သို့သော် ထိုကြားထဲမှပင် ဟယ်လင်ကဲလားသည် သူမ၏ ကြံ့ခိုင် ပြည့်ဝသော စိတ်ဓါတ်၊ စေတနာရော ပါရမီပါထူးကဲလှသည့် ဆရာမ၊ သူ့အပေါ် သံယောဇဉ်နှင့် မေတ္တာတရားကြီးမားလှသည့် မိဘ၊ မိတ်သင်္ဂဟများ၏ ကျေးဇူးတို့အားဖြင့် စကားပြောနိုင်ခဲ့သည်။ စာတတ်မြောက်ခဲ့သည်။ တက္ကသိုလ်မှ အဆင့်မြင့် ဘွဲ့ထူးဂုဏ်ထူးများ ရရှိခဲ့သည်။ စာအုပ်စာတမ်း ကျမ်းဂန်များ ပြုစုနိုင်ခဲ့သည်။ ထို့ပြင် ကမ္ဘာအနှံ့အပြားရှိ တပန်းရှုံးသော ဘ၀တွင် နေရသူ ဒုက္ခိတများအတွက် ကူညီစောင့်ရှောက်သော လုပ်ငန်းများကို သေတပန် သက်တဆုံး လုပ်သွားနိုင်ခဲ့ပေသည်။”

အထက်ပါ စာပိုဒ်များသည် ဟယ်လင်ကဲလား Helen Keller ၏ Teacher ကို ဆရာဖေမြင့် ဘာသာပြန်သော ဟယ်လင်ကဲလား၏ “ဆရာမ” စာစု နိဒါန်းမှ ကောက်နှုတ်ချက် ဖြစ်သည်။ “ဆရာမ” စာစု အပြည့်အစုံကို ဖေမြင့် ရေးသားသော ဘ၀ ဒဿန ရသ စာများ စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ ထိုစာအုပ်မှာ ကျနော် ကြိုက် နှစ်သက်သော စာအုပ်များတွင် တအုပ်အပါအ၀င် ဖြစ်လေသည်။ (စင်္ကာပူတွင် နေထိုင်သူများ ပင်နင်ဆူးလားရှိ မြန်မာ စာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။) ဤပို့စ်တွင်မူ ကျနော်သည် လိုအပ်သော နေရာများကိုသာ ထုတ်နှုတ်ဖော်ပြပါမည်။

ဟယ်လင်ကဲလားတယောက် အကြားနှင့် အမြင်အာရုံများကို ဆုံးရှုံးလိုက်ရပြီးနောက် သူမ၏ အသိဉာဏ်ဖွံ့ထွားမှုလည်း ရပ်ဆိုင်းသွားသဖြင့် သူမ၏အိမ်ကို လာလည်ကြသူများက သူမအား ကျပ်မပြည့်သူဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် ထိုစဉ်က သူမ၏အခြေအနေကို သူမက ဤသို့ရေးသည်။


“မပီကလာ စကားလေး တစ်ခွန်းနှစ်ခွန်း တဖြည်းဖြည်း ဆွံ့ရှားပျောက်ကွယ်ပြီး သိစိတ်အာရုံကလည်း အမှောင်ထုနှင့် တိတ်ဆိတ်မှုကြီးထဲတွင် နှောင်တည်းခံလိုက်ရသည်။ အသက်အလျောက် ကြီးထွားလာနေသည့် ကျွန်မ၏ ခန္ဓာကိုယ်သည် သတ္တ၀ါ၏ အလိုအလျောက် တုံ့ပြန်မှုယန္တရားများဖြင့်သာ အဓိက ထိန်းချုပ်အုပ်စိုးထားသကဲ့သို့ ရှိနေရာ အခြားသူများ၏ အထင်အမြင်ကိုလည်း အပြစ်မဆိုသာပါချေ။

ကျွန်မ၏ သိစိတ်အာရုံကို တစ်ဖန်ပြန်၍ လွတ်လပ်ခွင့်ပေးခဲ့သောအရာသည် ကံကြမ္မာမဟုတ်။ ပါရမီထူးလှသည့် မွေးရာပါ ဆရာမတစ်ဦးဖြစ်သည် အင်နီဆာလီဗန်သာဖြစ်သည်။

အင်နီကား ကျွန်မဖတ်ဖူးသည့် စာအုပ်အချို့တွင် ပါတတ်သည့် ဆရာမကြီးမျိုးမဟုတ်။ သွက်လက်ထက်မြက် သော အမျိုးသမီးငယ်တစ်ယောက်သာ ဖြစ်ပြီး၊ သူမ၏ စိတ်အာရုံကမူ ကျွန်မတည်းဟူသော မျက်မမြင် နားမကြား သတ္တ၀ါမလေးအား သာမန်လူအများနည်းတူ ဘ၀ကို ပြည့်ပြည့်၀၀ ခံစားခွင့်ရသူတစ်ယောက် ဖြစ်လာအောင် မည်သို့ ပုံသွင်းဖန်တီးလိုက်မည်ဟူသော စိတ်ကူးရည်မှန်းချက်များဖြင့် အမြဲ လှုပ်ရှားတက်ကြွ လျက်ရှိသည်။

အလွန်မြင့်မြတ်သော စိတ်စေတနာဖြင့် ရောက်ရှိလာခဲ့သူ အင်နီအဖို့ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာက ကြီးလွန်းလှသည်။ ဘာအနက်အဓိပ္ပါယ်မှ ကျွန်မ ဖော်မရနိုင်သည့် စကားလုံးများကို ကြေးနန်းရိုက်သလို ပုံစံမျိုးဖြင့် ကျွန်မလက်ကလေးထဲသို့ အကြိမ်ကြိမ် အထပ်ထပ် စားလုံးပေါင်းပြီး ထည့်ပေးသည်ကို ကျွန်မ အမှတ်ရမိပါသည်။

အစပိုင်းမှာ သူကြိုးစားသမျှအတွက် ဘာရလဒ်မျှ မမြင်ခဲ့ရ။ သူ ကျွန်မကို စာသင်ပေးနေတာပဲဟူ၍ လုံးဝ သဘောမပေါက်နိုင်ခဲ့။ သို့သော် သူမရောက်ပြီး တစ်လခန့်အကြာ မှတ်မှတ်ရရ ၁၈၈၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ ကျွန်မ၏ သိစိတ်အတွင်းသို့ “ရေ” ဟူသော စကားလုံးဖြင့် ဆရာမ စတင် ထိုးဖောက် ၀င် ရောက်နိုင်ခဲ့သည်။

ထိုနေ့က ရေဘုံဘိုင်မှာ ကျွန်မ မတ်ခွက် တစ်ခုဖြင့် ရေခံရသည်။ အင်နီက ရေကျအောင် မောင်းတံကို ဆွဲသည်။ ခွက်ကိုင်ထားသော လက်ပေါ် ရေတွေ ဒလဟော စီးကျလာနေစဉ် ကျွန်မ၏ အခြားလက် တစ်ဖက်ထဲသို့ သူက “ရေ” (W.A.T.E.R)....ဟူသော စကားလုံးကို အကြိမ်ကြိမ် စာလုံးပေါင်းပြီး ထည့်ပေး သည်။

ရုတ်တရက် ကျွန်မ သဘောပေါက်သွားသည်။ ၀မ်းသာလှိုက်လှဲစိတ်ဖြင့် အင်နီ့လက်ကို ကျွန်မ တအား ဖမ်းဆုပ်ထားလိုက်မိသည်။ နေမကောင်းဖြစ်ပြီးသည့်နောက်ပိုင်းတွင် ကျွန်မအဖို့ ပထမဆုံးအကြိမ်အဖြစ် တကယ် ၀မ်းသာကြည်နူးရခြင်းဖြစ်သည်။ သည့်နောက်တွင်တော့ ကျွန်မ ထိမိကိုင်မိသည့် အရာမှန်သမျှကို စကားလုံးလေးများဖြင့် အဓိပ္ပါယ် ဖော်ပေးရန်သာ ကျွန်မ ဆက်၍ဆက်၍ တောင်းခံနေမိတော့သည်။

အင်နီ့လက်ကလည်း အမြဲအဆင်သင့်။ အင်နီ၏ လက်မှသည် ကျွန်မလက်ဆီသို့.....အဓိပ္ပါယ်ကြယ်ပွင့်လေးတွေ လင်းပြက် ၀င်ရောက်ခဲ့သည်။ သူနှင့် ကျွန်မအကြား ချစ်ခင်မြတ်နိုးမှုတစ်ရပ် အံ့သြဖွယ် လျှင်မြန်စွာ ပေါက်ဖွားခဲ့သည်။

ရေဘုံဘိုင်မှ အိမ်သို့ အပြန်လမ်းတွင် ကျွန်မတို့ နှစ်ယောက်လုံး ၀မ်းသာပီတိတွေဖုံးကာ “ဟယ်လင်”....“ဆရာမ” ဟူ၍ တစ်ယောက်ကို တစ်ယောက် ထပ်တလဲလဲ အပြန်အလှန် ခေါ်ဝေါ်နေမိကြတော့သည်။

ထိုအချိန်က စတင်သိကျွမ်းခွင့် ရလိုက်သည့် စကားလုံးကလေးများသည် ပထမဆုံး နေခြည်က ဆောင်းတွင်း ဆီးနှင်းများကို အရည်ဖျော်ချလိုက်သည့်ပမာ ကျွန်မ“ မသိခြင်း အမှောင်ထုကို ထိုးခွဲဖျော်ချခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်း အမည်နာမများကို သင်ကြားပြီးသည့်နောက် နာမ၀ိသေသနများ၊ ထို့နောက် ကြိယာများကို သိလာရသည်။ အမှောင်ထု လွင့်ပြယ်နှုန်းက ပို၍ လျှင်မြန်လာသည်။ ကျွန်မ ထိတွေ့ရသမျှ အရာအားလုံးပင် ပြောင်းလဲသွားသည်။ ဆရာမ၏ တီထွင် ဖန်တီးတတ်သော လက်များအောက်တွင် ရေ-လေ-မြေတို့ ပို၍ အသက်ဝင် ရှင်သန်လာကြသည်။ လူ့ဘ၀၏ အဓိပ္ပါယ် အနှစ်သာရတွေ ကျွန်မအပေါ် ဒလဟော သွန်ဖြာကျလာသည်။”

.....................................................................................................

ဤသည်မှာ အင်နီက ဟယ်လင်အား အစပိုင်းတွင် သင်ကြားပြသခဲ့ခြင်းများဖြစ်သည်။ သည့်နောက်ပိုင်းတွင်တော့ ဟယ်လင်တယောက် ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်အောင်၊ စကားပြောတတ်လာအောင်အထိပါ အင်နီက ဇွဲလုံ့လဖြင့် သင်ကြားခဲ့ပုံများမှာ အင်မတန်စိတ်ဝင်စားဘွယ်ကောင်းသည်။ အင်နီ၏ ဇွဲလုံ့လနှင့် အနစ်နာခံမှုကို သိသာစေရန် အနည်းငယ် ထပ်မံ ကောက်နှုတ်ပြရလျှင်....

“ အသက် ၁၆ နှစ်ပြည့်ချိန်၌ ကျွန်မ တက္ကသိုလ် တစ်ခုခုသို့ တက်ရောက် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့သည်။ အခြားသော မျက်စိမြင်သူ နားကြားသူ ရွယ်တူမိန်းကလေးများနှင့်အတူ ယှဉ်ပြိုင်၍ တက္ကသိုလ်ပညာရှာမှီးလိုစိတ်များ ကျွန်မ ပြင်းပြထက်သန်ခဲ့သည်။

ကျွန်မ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ အခက်အခဲများကို ဆရာမ မည်မျှအထိ ခါးစည်းရင်ဆိုင်ခဲ့ပုံကို ယနေ့ ပြန်ပြောင်းစဉ်းစားမိတိုင်း ကျွန်မ လေးစားအံ့သြမဆုံးအောင် ဖြစ်မိရသည်။

တက္ကသိုလ်အကြိုအဖြစ် တက်ရသည့် ဂီးလမင်း မိန်းကလေးများကျောင်းနှင့် နောက်ပိုင်းတက်ရသည့် ရက်ဒ်ကလစ်ဖ် ကောလိပ်ကျောင်းစာသင်နှစ်များအတွင်း တစ်ချိန်လုံးပင် ဆရာမ ကျွန်မနံဘေးမှာ လိုက်ထိုင်ကာ သင်ကြားပို့ချချက် မှန်သမျှကို စာလုံးပေါင်းဖြင့် ကျွန်မလက်ထဲ ပေါင်းထည့်ပေးရသည်။ တက္ကသိုလ် ကျောင်းသုံးစာအုပ်တိုင်းကို ဘရေးလ်(မျက်မမြင်စာ)ဖြင့် ရနိုင်သည် မဟုတ်ရာ၊ ဘရေးလ်ဖြင့် မရှိသည့် စာမှန်သမျှကို ဆရာမကိုယ်တိုင် မျက်စိမကောင်းသည့်ကြားမှ ပင်ပန်းခံကာ ဖတ်ရှုပေးရသည်။

ဆရာမ၏ မျက်စိများက နောက်ပိုင်းတွင် ပို၍ ဆိုးရွားလာခဲ့သည်။ “ငါလဲ ရှေ့ကို တစ်လက်မလောက်တောင် မမြင်ရတော့ဘူး” ဟူ၍ သူတစ်ကြိမ် ဖွင့်ဟပြောဖူးသည်။ သို့သော် သည်ကြားထဲကပင် အားခဲကာ ကျွန်မအ တွက် ရူပဗေဒနှင့် အက္ခရာသင်္ချာဆိုင်ရာ ပုစ္ဆာများကို ဘရေးလ်ဖြင့် ကူးပေးသည်။ ဂဲသြမေတြီဘာသာမှ ပုံများ ကို စက္ကူကတ်ပြားများဖြင့် ပုံဖော်ပြုလုပ်ပေးသည်။

ကျွန်မအတွက် သူ တစ်နေ့တစ်နေ့ စာဖတ်ပေးရသည့် အချိန်မှာ ငါးနာရီ ခြောက်နာရီမျှ ရှိနေရာ၊ သူ့ကို စစ်ဆေးကြည့်ရှုရသည့် မျက်စိကု ဆရာဝန်ကပင် အံ့သြထိတ်လန့်ကာ “ ခင်ဗျားလုပ်ပုံက လုံးဝ အဓိပ္ပါယ်မရှိဘူး မစ္စဆာလီဗန်” ဟူ၍ ပြောဆိုတားမြစ်ခဲ့ဖူးသည်။
သူစာဖတ်ရတာ ခက်ခဲပင်ပန်းလှကြောင်း သိသဖြင့် တစ်ခါတစ်ရံ ကျွန်မသေသေချာချာ မဖတ်မိလိုက်သည့် စာများကိုပါ သူနောက်ထပ် တစ်ခေါက် ဖတ်မနေရစေရန်အတွက် ရပြီးပြီဟူ၍ပင် လိမ်ညာပြောဆိုရတတ်သည်။”

.....................................................................................................

ဟယ်လင်ကဲလား၏ ဆရာမ ကို ဖတ်ရတော့ ကျနော့်မှာ တွေးမိစရာ၊ သတိရစရာတွေ ဖြစ်လာသည်။

မျက်စိမမြင်နားမကြားသူအတွက် အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရန် မလွယ်ကူတော့ဆိုလျှင် မျက်စိပိတ်၊ နားပိတ်ခံနေကြရသော ကျနော်တို့ မြန်မာပြည်သားများအနေနှင့်လည်း အသိအမြင်တွေ ပွင့်လင်းလာဘို့ ခက်ခဲပေလိမ့်မည်။ သို့သော် ကံကောင်းထောက်မစွာ ဟယ်လင်အတွက် ဆရာမကောင်းတစ်ဦးဖြစ်သူ အင်န်ဆာလီဗန်ကို ရသကဲ့သို့ မြန်မာပြည်သူပြည်သားများ၏ နားမျက်စိကိုဖွင့်ပေးမည့် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ရလိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အင်နီဆာလီဗန်ကဲ့သို့ပင် အနစ်နာခံ၍ မဆုတ်မနစ်သောလုံ့လဖြင့် ကျနော်တို့ မြန်မာပြည်သူပြည်သားများတည်းဟူသော မျက်မမြင် နားမကြား သူများအား အကြောက်တရားမှ ကင်းဝေးအောင်၊ မိမိတို့၏ လူ့အခွင့်အရေးများကို သိမြင်လာအောင်၊ မတရားမှုများကို သိလာအောင် သင်ကြားပြသပေးနိုင်ခဲ့သည်။


ဆရာမ (အင်န်ဆာလီဗန်) ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။

“ ဘာဖြစ်သွားဖြစ်သွား အစက ပြန်စ၊ တစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် အသစ်ထပ်လုပ်၊ တဖြည်းဖြည်း ပိုပိုပြီး စွမ်းရည်တက်လာလိမ့်မယ်။ နောက်ဆုံးမှာ တစုံတခု ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ပြီဆိုတဲ့ အနေအထားကို ရောက်ရလိမ့်မယ်။ အဲဒီအောင်မြင်ပြီးမြောက်တဲ့အရာဟာ ကိုယ်မူလ စတင်စဉ်က ရည်မှန်းခဲ့တဲ့အရာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့.....နောက်အချိန်တွေမှာ ပြန်ပြီး သတိရတိုင်း ၀မ်းသာဂုဏ်ယူစရာတစ်ခု ဖြစ်မှာတော့ သေချာတယ်”

ဟူ၍ဖြစ်သည်။

သည်စကားအတိုင်း ဆရာမကိုယ်တိုင် အောင်မြင်မှု မရမီစပ်ကြား၌ မြောက်မြားစွာသော အရေးနိမ့်မှုတို့ကို အန်တုကာ ကြိုးစားအားထုတ်ခဲ့သည် အကြိမ်ပေါင်း ကုဋေကုဋာတို့ကိုကား ရေတွက်ခြင်းငှာ စွမ်းသာလိမ့်မည် မထင်ပါ။

Read more

“လက်အိတ်ဝတ်ထားတယ်....”

ကျနော်ကလည်း ကျနော်။

သည်ဆိုင်မှာ မစားတော့ပါဘူးဟု ဆုံးဖြတ်ပြီးသည့်နောက်ပိုင်းမှာပင် သည်ဆိုင်မှာဘဲ ၀င်စားဖြစ်ပြန်သည်။ အစားအသောက်မှာနေစဉ်အတွင်း ကျနော့်မျက်လုံး အကြည့်တွေက သူမရဲ့ ညာလက်ပေါ်က မခွာနိုင်။

သူမ၏ ညာလက်တွင် အစားအသောက်ကို လက်နှင့်ကိုင်သည့်အခါ စွပ်ရသော ပလပ်စတစ် အကြည်သား လက်အိတ်ပါးကို စွပ်ထားသည်။

ကျနော်က အုန်းနို့ခေါက်ဆွဲ ပဲကြော်နှင့် တပွဲမှာလိုက်သည်။ သူမက မီးဖိုချောင်ဘက်ဆီသို့ လှည့်၍ “အုန်းနို့ခေါက်ဆွဲ တပွဲ” ဟု ခပ်ကျယ်ကျယ်တချက်အော်လိုက်သည်။ ပြီးတော့ ကျနော့်နောက်မှာ တန်းစီနေသည့် ထမင်းဟင်းမှာသည့်သူများ အတွက် ထမင်းပန်းကန်ထဲတွင် ဟင်းများကို ပုံထည့်ပေးနေသည်။

ဘယ်ဘက်လက်တွင် ထမင်းပန်းကန်ကို ကိုင်လျက် ထိုလက်အိတ်လက်စွပ်ထားသော ညာလက်က ဟင်းထည့်သော စတီးညှပ်ကို ကိုင်ကာ ထမင်းဟင်းမှာသူများ လက်ညှိုးထိုးပြသည့် ဟင်းတမယ်ချင်းကို ပုံထည့်ပေး နေသည်။ ထို့နောက် ကောင်တာတွင် ပိုက်ဆံအမ်းတော့လည်း ထိုလက်အိတ်နှင့်ဖြင့်ပင် ပိုက်ဆံများကို ရေတွက် ကိုင်တွယ်ကာ အမ်းသည်။

ကျနော့်အုန်းနို့ခေါက်ဆွဲကလည်း မီးဖိုချောင်ဘက်က ထွက်မလာသေး။ ကောင်တာအနီးတွင် ခဏရပ်စောင့်နေရ၏။ ထိုအချိန်တွင် ကောင်တာနောက်ဘက်တွင် ချထားသော သူမ၏ လက်ကိုင်ဖုန်းက မြည်လာသည်။ သူမသည် လက်အိတ်စွပ်ထားသော ထိုညာလက်ဖြင့်ပင် တယ်လီဖုန်းကို ကိုင်ပြော၏။ ဖုန်းပြောပြီး အချိန်ခဏအားသွားစဉ်အတွင်း အအေးဘူးများ ထည့်ထားသော ရေခဲသေတ္တာကြီးနားတွင် ထောင်ထားသော ကြမ်းပွတ်သည့် Mob အတံကို ယူကာ ကောင်တာအနီးတ၀ိုက် ကြမ်းပြင်ကို ဆယ်ချက် လောက် ပွတ်လိုက်သေးသည်။ Mob ပွတ်တော့လည်း ညာဘက်လက်က လက်အိတ်ကို မချွတ်တမ်း ၀တ်ဆင် လျက်။

ကျနော့်အုန်းနို့ခေါက်ဆွဲထွက်လာတော့ ထိုလက်အိတ်ဝတ်လျက်နှင့်ပင် ပလတ်စတစ်ဘူးကိုဖွင့်။ ထို လက်အိတ် ၀တ်လက်နှင့်ပင် ပဲကြော်တခုကို ထုတ်။ ထိုလက်အိတ်ဝတ်လက်နှင့်ပင် အကြော်ကို ပန်းကန်ထဲသို့ ချေထည့် ပေး၏။

ပြီးတော့ ကျနော်ပေးသော ပိုက်ဆံကို လက်အိတ်ဝတ်ထားသော လက်ဖြင့်ဖြင့်ယူ၍ ပိုက်ဆံအံဆွဲထဲမှာ ထည့်။ ပြီးတော့ ထိုအိတ်စွပ်လက်ဖြင့်ပင် ပိုက်ဆံပြန်အမ်း။ ကျနော်သည် စိတ်မသက်မသာဖြင့် အုန်းနို့ခေါက်ဆွဲ ပန်းကန်ကို မယူကာ စားပွဲအလွတ်တခုသို့ လာခဲ့သည်။ အုန်းနို့ခေါက်ဆွဲထိုင်စားနေစဉ်အတွင်း သူမ ကောင်တာနောက်မှ ထွက်လာပြီး ဘေးစားပွဲမှ စားပြီးသား ပန်းကန်အလွတ်များကို ထိုလက်အိတ်စွပ် လက်ဖြင့်ပင် လာရောက်သိမ်းဆည်းသွားပုံ၊ ဆိုင်ထောင့်နားဆီမှ ဆန်ရေစိမ်ထားသော ပလပ်စတစ်ဇလုံကြီးကို လက်နှစ်ဖက်ဖြင့် မယူသွားပုံတို့ကို မြင်နေရသည်။

ဤသည်မှာ တနေ့ ကိစ္စမဟုတ်။ ပင်နီဆူးလား ပလာဇာရှိ အဲသည်မြန်မာအစားအသောက် ဆိုင်မှာ ရုံးပိတ်ရက် သွားစားတိုင်း မြင်ရလေ့ရှိသော မြင်ကွင်းဖြစ်သည်။

ကောင်တာနောက်က မချောက ထိုပလပ်စတစ်အကြည်စား လက်အိတ်ကို စွပ်ရသည့် ရည်ရွယ်ချက်အမှန်ကို သိမှ သိပါလေစ။ မြူနီစပယ်က သန့်ရှင်းရေးသမားများ လက်အိတ်စွပ်သလို သူ့လက်ကို ပြင်ပမှ အညစ်အကြေးများ မကပ်ငြိစေရန် ၀တ်ဆင်ထားရခြင်းဟုများ ထင်မြင် ယူဆလေသလော မပြောတတ်။

ကျနော်သည် တချီတမောင်းတော့ သည်အကြောင်းကို သူမနားလည်အောင် ဖွင့်ပြောတော့ မည်ဟု အားခဲထားလေသည်။ သို့သော် သူမကြည့်ရသည်မှာ သွားပြောလိုက်ရင် အသာတကြည် အချိုးပြောင်းဘို့ထက် ရှက်ရမ်းရမ်းကာ ထပြီး ကက်ကက်လန်အောင် ရန်တွေ့မည့်လူစားမျိုးဖြစ်လောက်သည်ဟု အကဲခတ်မိသောကြောင့် ဖွင့်မပြောချင်။ သည်တော့ သည်ဆိုင်မှာ ငါနောက်လာမစားတော့ဘူး ဟုသာ ဆုံးဖြတ်ချက်ချမိသည်။

ထိုသို့ ဆုံးဖြတ်ချက်ချထားသည့်ကြားက ယနေ့ မိတ်ဆွေတယောက်က ချိန်းသဖြင့် ထိုဆိုင်မှာ သွားစားဖြစ်ပြန်သည်။ အစားအသောက်ကိုင်သော လက်အိတ်နှင့် တွေ့ကရာ ရှစ်သောင်း လျှောက်ကိုင်တွယ်နေသည်ကို ထုံးစံအတိုင်း မြင်ရပြန်သည်။ ပိုက်ဆံရှင်းပြီးရင်တော့ ငါပြောလိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်၏။ သို့သော် ပိုက်ဆံရှင်းတော့ အနည်းငယ်မျှကျသင့် သည်ကို ရာတန်ပေးမိသဖြင့် ဗျစ်တောက်ဗျစ်တောက်ပြောနေသည်ကို ကြားရသောအခါ အင်း....ဒီပုံစံအတိုင်းဆို ငါပြောလို့ မဖြစ်သေးပါဘူးလေ...ဟု ဆိုကာ လည်ချောင်းဝသို့ ရောက်နေပြီဖြစ်သော စကားလုံးတွေကို ပြန်မျိုချရသည်။ သို့နှင့် ယနေ့လည်း ဘာမှ မပြောဘဲ ရေငုံနှုတ်ပိတ်ပြီး ပြန်လာခဲ့သည်။

တကယ်တော့ ထိုသို့ ထုတ်မပြောဖြစ်ခဲ့သော ကိုယ့်ကိုယ်ကို နည်းနည်းလေးမှ မကျေနပ်။ ကျနော့်အသိစိတ်(ကိုယ်စောင့်နတ်)က ကျနော့်အပြုအမူအား အောက်ပါအတိုင်း မကျေမချမ်း မြည်တွန်တောက်တီးလျက်ရှိ၏။

“ဟေ့ကောင်ကိုပေါ....မင်းမြင်လျက်သားနဲ့ ဘာဖြစ်လို့ မပြောခဲ့သလဲကွ။ မင်းဆိုတဲ့အကောင်က ဘားမားတူဒေးမှာ “သင်အားနာတတ်သလား” ဆိုပြီး လူတွေကို အားမနာဘို့ တိုက်တွန်းပြီး ဆောင်းပါးရေးရသ လေး၊ ဘာလေးနဲ့။ ဘယ့်နှယ့်လဲ..အခုတော့ မင်းကိုယ်တိုင်က အားနာနေပြီလားကွ။

ဒါမှမဟုတ်...ပွင့်ပွင့်လင်းလင်း မညှာတမ်းဝေဖန်ရရင် မင်းကို ဟိုက လူလည်ခေါင်မှာ ကက်ကက်လန်အောင် ရန်အတွေ့ခံရမှာကို မင်းကြောက်နေတာမဟုတ်ဘူးလား။ ဘာကြောက်စရာရှိလဲကွ။

ခါတိုင်း ဗုဒ္ဓကိုတောင် ကိုးကားပြီး မင်းလူကြားသူကြားမှာ အာကျယ်အာကျယ်နဲ့ ပြောနေတာ ရှိပါတယ်ကွ။ ဘာတဲ့....မှန်လည်းမှန်တယ်။ အကျိုးလည်းရှိတယ်ဆိုရင် နားထောင်သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပြောသင့်တယ်...ဆို။ အခုတော့လည်း မင်း တော်တော် သတ္တိမရှိတဲ့ အကောင်ပါလားကွာ။

ပြောသင့်ပြောထိုက်တဲ့ နေရာမှာ မပြောရဲဘဲ မင်းတို့ သည်လို ကျိတ်ခံနေလို့ မင်းတို့တိုင်းပြည် သည်လောက်ကမောက်ကမ ဖြစ်နေတာမဟုတ်ဘူးလား။ မင်းမှာ တာဝန်ရှိတယ်။ မင်းပြောကိုပြောရမယ်။ မင်းမပြောရင် လူပေါင်းများစွာ အမှုမဲ့ အမှတ်မဲ့ စားသောက်နေကြတာ၊ မသန့်ရှင်းတာတွေကို စားမိသွားမယ်။ မင်းသည်လိုကိစ္စလောက်ကလေးမှ မပြောရဲရင် မင်းနိုင်ငံရေးတွေဘာတွေရေးပြီး စွာကျယ်စွာကျယ် လုပ်မနေပါနဲ့တော့ကွာ။ ဒီမိုကရေစီတွေ ဘာတွေ မင်းပြောမနေပါနဲ့တော့။ မင်း...ပုဆိုးခြုံထဲက လက်သီးပြဘို့လောက်ဘဲ တတ်နိုင်တဲ့ ကောင်ပါ။

အေး...ဒါပေမယ့် ငါကမင်းရဲ့ ကိုယ်စောင့်နတ်ဖြစ်နေတော့ မင်းကို အခွင့်အရေးတခုပေးလိုက်မယ်။ မင်းအဲသည်တုန်းက ကြောက်လို့ မပြောဖြစ်ခဲ့ပေမယ့်...မင်း ဒီအကြောင်းကို စင်္ကာပူက မင်းဘလော့ဂ် လာလည်တဲ့သူတွေသိအောင် ပို့စ်တခုရေးရမယ်။ ဒါမှ သူတို့ အဲသည်ဆိုင်မှာ သွားစားရင်းမြင်ရင် ပြောရဲတဲ့ လူက အဲဒီ ကလေးမ သိအောင် ပြောခဲ့မှာ။

ဒီလိုမှမဟုတ်ဘဲ အဲသည်အကြောင်း ပို့စ် ကလေးတောင် မင်းဘလော့ဂ်ပေါ်မှာ မင်းမရေးရဲဘူးဆိုရင် ဒီနေ့က စပြီး မင်းကို ငါအထင်မကြီးတော့ဘူး။ ငါလုံးလုံး သပိတ်မှောက်တယ်ဟေ့။ ဟေ့....လောကကြီးမှာ ကိုယ့်ကိုယ်စောင့်နတ်ကတောင် အထင်မကြီးတော့ဘူးဆိုရင် အဲသည်လူဟာ မြောင်းထဲရောက်တော့တာဘဲကွ။ နားလည်လား။”

အံမယ်လေး။ နားလည်ပါပြီခင်ဗျ။ ကြောက်ပါပြီဗျ။ အခုချက်ချင်း ချရေးပါတော့မယ်။...
အရပ်ကတို့ရေ....ပင်နင်ဆူးလား ပလာဇာရောက်လို့ အဲသည် မမလေး ကိုမြင်ရင် အစားအသောက်ကိုင်တဲ့ လက်အိတ်နဲ့ တွေ့ကရာရှစ်သောင်း လျှောက်မကိုင်ပါနဲ့လို့ ပြောပေးကြပါနော်...နော်။ ဘယ်ဆိုင်ကလဲ ဆိုတာတော့ မပြောပြတော့ဘူး။ နည်းနည်းလျှောက်ကြည့်လိုက်ရင်တွေ့မှာပါ။
Read more

“အောက်မေ့သတိရခြင်း”

မနေ့က ရဲစခန်းမှ ဖုန်းဆက်လာသည်။ ပြီးခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးအတွင်း ရဲခွင့်ပြုချက်မပါဘဲ ဆန္ဒပြသည့်အတွက် ရဲစခန်းသို့ စစ်ဆေးမေးမြန်းခံရန် လာရောက်ဘို့ ချိန်းဆိုခြင်း။

ကုလသမဂ္ဂအဖွဲ့ဝင် ဒီမိုကရေစီ အမည်ခံနိုင်ငံတခု၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ လူ့အခွင့်အရေး များဖြစ်သည့် လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပိုင်ခွင့်ကို ကျင့်သုံးမိသည့်အတွက် ရဲက ခေါ်ယူစစ်မေးဘို့ ဆင့်ခေါ်ခြင်းမှာ အတော်ပင် ထော်လော်ကန့်လန့်နိုင်သော ကိစ္စတရပ် ဖြစ်သည်။

မနေ့က သောကြာနေ့ညနေခင်း။ ညဘက်တွင် ချစ်ဇနီးနှင့်အတူ ညစာစားရင်း အထိမ်းအမှတ်ပွဲတခု ဆင်နွှဲရန် စီစဉ်ထားသည့် ညနေခင်း။ ကြိုတင်မျှော်လင့်ပြီးသား ကိစ္စတခုပင် ဖြစ်သော်ငြား ရဲစခန်းမှ ဖုန်းဆက်လိုက်သော အချိန်တွင်မတော့ ကနဦးက ကြည်နူးနေသော စိတ်သည် အတန်ငယ် နောက်ကျုသွားလေသည်။ သည်ကိစ္စ အတွက် နောက်အပတ်တွင် ခွင့်တရက် ယူရပေဦးတော့မည်ဟုလည်း စိတ်ရှုပ်သွားမိသည်။

သို့သော် ညစာစားရင်း ဒေါ်အောင်ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်းတင်၊ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ၊ မစုစုနွေး၊ ကိုထင်ကျော်၊ ကျူရှင်ဆရာ ဦးအောင်ဖေ အစရှိသည့် အကျဉ်းချခံနေရသူများ၊ နယ်စပ်တွင် တောထဲ တောင်ထဲ၌ ပင်ပန်းဆင်းရဲခံကာ တိုက်ပွဲဝင်နေသော ကျောင်းသားတပ်မတော်မှ ညီအကိုများ၊ ပြည်တွင်းတွင်ရော၊ ပြည်ပတွင်ပါ မိသားစု တကွဲတပြားစီနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘ၀တခုလုံး ပေးဆပ်ကာ အနစ်နာခံ ကြိုးပမ်းနေကြသော ကြီးမြတ်သော သူရဲကောင်းများ၏ အကြောင်းများကို တွေးမိ၊ ပြောမိကြသောအခါ ကျနော်၏ ရဲစခန်းသို့ သွားရမည့် ကိစ္စမှာ အရေပြားပေါ်မှ ခြင်ကိုက်ဖု မျှလောက်သာ ကြီးကျယ်လေတော့သည်။ တဆက်တည်းမှာပင် မိတ်ဆွေတဦး၏ လက်သုံး စကားကိုလည်း ပြေးသတိရမိသည်။ သည်ပုဂ္ဂိုလ်ကလေးက ပြဿနာတွေ ကြုံတွေ့တိုင်း “ဒါတွေက ကျနော်တို့ ကျော်ဖြတ်ရဦးမယ့် အရာတွေဘဲ” ဟု ခပ်ပြုံးပြုံးဖြင့် ပြောကာ ပြဿနာကို ဖြေရှင်းဘို့ ကြိုးစားတတ်သူ။

ယခု နှစ်သစ်အခါသမယနှင့် လွတ်လပ်ရေးနေ့ အခါသမယတွင် ကျနော် ထူးထူးခြားခြား ရှေးဦးစွာ သတိရမိသူများကတော့ အထက်ကပြောခဲ့သည့် ကျနော်တို့ ချစ်ခင်လေးစားရသော မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် သူရဲကောင်းများနှင့် ပြည်တွင်းပြည်ပက ရဲဘော်ရဲဘက်များအားလုံးကို အထူးသတိရမိပါသည်။

ကျနော်တို့ ကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓသည် ကိုယ်တိုင် သစ္စာတရားကို ရှာဖွေသိမြင်သူဖြစ်သည်။ သံသရာမှ လွတ်မြောက်သူလည်းဖြစ်သည်။ သူတပါးကိုလည်း သစ္စာတရားကို သိမြင်လာအောင်၊ သံသရာမှ လွတ်မြောက်အောင် လမ်းပြတတ်လေသည်။ ထိုသို့ သတ္တ၀ါဝေနေယျအပေါင်းကို ကယ်တင်လိုသော ဆန္ဒကြောင့် လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဖြည့်ဆီးခဲ့ရသည်ဟု မှတ်သားရဘူး၏။ ဗုဒ္ဓ၏ မဟာဂရုဏာတော်နှင့် မေတ္တာတရားကား မှန်းဆ၍မရအောင် ကြီးမားလှပါပေသည်။

ယခုအခါ ကျနော်တို့ ချစ်ခင်လေးစားအပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းကျခံ နေရသော ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူအပေါင်းသည်လည်း ခန္ဓာကိုယ်အားဖြင့် (စစ်အစိုးရ၏)အကျဉ်းချခြင်းခံနေရသော်ငြား သူတို့၏ စိတ်ဓါတ်မှာမူ လွတ်မြောက်နေ ကြသူများ ဖြစ်ကြသည်။ စစ်အစိုးရသည် သူတို့၏ လွတ်လပ်သောစိတ်ဓါတ်၊ လွတ်လပ်သော အတွေးကို နှောင်ကြိုးတည်းရန်မူကား တတ်နိုင်သည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထိုသူရဲကောင်းအပေါင်းတို့သည် သစ္စာတရားကို ချစ်မြတ်နိုးသူများဖြစ်ကြလေသည်။ ထို့ပြင် သူတို့သည် သူတို့ လွတ်မြောက်သကဲ့သို့ပင် သူတပါးအား လွတ်မြောက်အောင် စွမ်းဆောင်နေကြသူများ ဖြစ်သည်။ သူတို့၏ စွန့်လွှတ်ခြင်း၊ မေတ္တာတရားနှင့် ဂရုဏာတရားမှာလည်း ကြီးမြတ်လှပါပေသည်။

နှစ်သစ်အခါသမယမှစ၍ မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူ အားလုံး ကျန်းမာပျော်ရွှင် စေကြောင်း၊ ဘေးဘယာဝေးကွာစေကြောင်းကို မေတ္တာပို့သလိုက်ပါသည်။

ထို့နောက် ဒုတိယ အနေဖြင့် သတိရမိသူများကတော့ မြန်မာပြည်သူပြည်သားများဖြစ်ပါသည်။ ဘတ်စ်ကား တိုးစီးရသော ဒုက္ခ၊ မီးပျက်သောဒုက္ခ၊ ရေမလာသောဒုက္ခ၊ ကုန်ဈေးနှုန်းမြင့်တက် သောဒုက္ခ စသည်တို့ကစ၍ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က ချွတ်ခြုံကျလေသမျှကို နေ့စဉ်နေ့တိုင်း ခါးစည်းခံနေရသော ပြည်သူလူထုကို အထူးပင် ဂရုဏာသက်ကာ သတိရမိပါသည်။ ယခု နှစ်သစ်မှစ၍ မြန်မာပြည်သူ အပေါင်းတို့ ပျော်ရွှင်ကျန်းမာစေကြောင်း၊ ဘေးဘယာဝေးကွာစေကြောင်း မေတ္တာပို့သ လိုက်ပါသည်။

အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs