ဦးဉာဏ်ဝင်း၊ ဒေါက်တာသန်းငြိမ်း (ဘီဘီစီ အင်တာဗျူး)

Share |
(ကိုသားဆွေ စာရိုက်ပြီး အီးမေးလ်မှ တဆင့် ဖြန့်ဝေသော မတ်လ ၂၃ ရက်နေ့ည ဘီဘီစီ အင်တာဗျူးကို ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။ အသံဖိုင်ကို ဒီမှာ နားထောင်လို့ရပါတယ်။)

ဘီဘီစီ ၂၃၊ ၃၊ ၂၀၁၀ ညပိုင်း မြန်မာဘာသာအစီအစဉ်မှ အသံလွှင့်ချက် ကဏ္ဍတခုကို စာဖြင့်ပြန်လည်းရေးသားပြီး
ပြည်တွင်း၊ ပြည်ပ ရဲဘော်များ မိတ်ဆွေများအတွက် ဝေမျှလိုက်ပါသည်။

ခင်မင်လေးစားစွာဖြင့်
သားဆွေ


------------ --------- --------- --------- --------- --------- --------- --------- --------- --------- --------- -----

သောတရှင်များရှင်

စောစောက အသိပေးထားတဲ့သတင်းကို ဦးစွာတင်ပြပေးပါဦးမယ်။

ဒီကနေ့မှာ အန်အယ်ဒီ ထိပ်တန်းရှေ့နေကြီးနှစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ဦးကြည်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်မှာ သွားရောက်တွေ့ဆုံကြပါတယ်။ ဒီအခါမှာ လာမည့်ရွေးကောက်ပွဲအတွက် အန်အယ်ဒီပါတီ မှတ်ပုံတင်ရေး - မတင်ရေး ကိစ္စပေါ်မှာ အခြေခံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းသိရအောင် မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားကို ဦးဥာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

ဦးဥာဏ်ဝင်း။ ။ ဒေါ်စု ပြောတာက .. “ဒီလိုတရားမျှတမှုမရှိတဲ့ ဥပဒေ၊ တဖက်သတ်ရေးထားတဲ့ ဥပဒေတွေအရ မှတ်ပုံတင်ရမယ့်အလုပ်ကို သူဘယ်တော့မှမလုပ်ဘူး၊ မှတ်ပုံလည်းတင်ဖို့ ဆန္ဒမရှိဘူး၊” .. ဒီလိုပြောပါတယ်။ တဆက်တည်းပြောတာက .. “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ် ဆောင်ရွက်သွားဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒေါ်နီတာရင်ရင်မေ။ ။ ဒါဆိုလို့ရှိရင် ဒီ မတ်လ ၂၉ ရက်နေ့မှာ ဒီမဲခွဲ ဆုံးဖြတ်ကြမယ်ဆိုတော့ .. ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီကနေ ထွက်သွားမယ် - မထွက်သွားဘူးဆိုတဲ့ အချက်ကိုရော ဘယ်လိုများပြောနိုင်မလဲရှင့်။

ဦးဥာဏ်ဝင်း။ ။ အခုပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည် ပါတီက ထွက်သွားမယ် - မထွက်သွားဘူးဆိုတဲ့ issue ကလည်း မပေါ် သေးပါဘူးဗျာ။ ကျနော်တော့ လုံးဝ စိုးစဉ်းမျှ မကြားပါဘူး။

ဒေါ်နီတာရင်ရင်မေ။ ။ ဟုတ်ကဲ့ရှင့် .. ဒါဆိုလို့ရှိရင် ဒီ မဲမခွဲချင်တဲ့ အသံတွေလည်းတချို့ အဖွဲ့ဝင်တွေဆီက ကြားနေရပါတယ်။ အဲတော့ တချို့ ကလည်း မဲခွဲလို့ရှိရင်လည်း ဒီ လျှို့ ဝှက်မဲပေးမယ့် ကိစ္စတို့ပေါ့နော် ပွင့်ပွင့်လင်းလင်း မဲပေးမယ့်ကိစ္စတို့လည်း ရှိနေပါတယ်ရှင့်။ အဲတော့ ၂၉ ရက်နေ့မှာရော ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်သွားနိုင်မလဲရှင့်။

ဦးဥာဏ်ဝင်း။ ။ အဲဒါတော့ ကျနော်လည်း မသိဘူးဗျ။ မဲခွဲရေး - မခွဲရေးဆိုတာ ဒီမိုကရေစီမှာ မဲခွဲတာ ထုံးစံပဲလေ။ အဲတော့ ထုံးစံကိုလက်မခံဘူးဆိုရင် ဒီမိုကရေစီကို လက်မခံဘူးသဘောဖြစ်မှာပေါ့။

ဒေါ်နီတာရင်ရင်မေ။ ။ ဟို .. ဆရာတို့အနေနဲ့ပေါ့နော် .. ဒီ .. ထောင်ထဲက ဒီ ဗဟိုကော်မတီဝင်တွေရဲ့သဘောထားကိုရော ရယူဖို့ ရှိပါသေးလားရှင်။

ဦးဥာဏ်ဝင်း။ ။ လက်တွေ့အခြေအနေအရ မဖြစ်နိုင်ပါဘူးခင်ဗျာ။

ဒေါ်နီတာရင်ရင်မေ။ ။ နောက်ပြီးတော့ .. ရွေးကောက်ပွဲဥပဒေထဲမှာ မှတ်ပုံမတင်လို့ရှိရင် ပါတီအဖျက်သိမ်းခံရမယ် ဆိုတဲ့ အချက်က ပါတယ်ရှင့်၊ ဒီအချက်နဲ့ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည်က ဆရာဦးဥာဏ်ဝင်းတို့ကို ဘာများပြောလိုက်ပါသေးလဲ။

ဦးဥာဏ်ဝင်း။ ။ သီးခြားပြောတာမရှိဘူး၊ ဒီလို မှတ်ပုံ မတင်ရင် ပျက်တယ် ဘာညာဆိုတာ ကျနော်တို့
“ဖျက်တာနဲ့ ပျက်စီးတာ မတူဘူးတဲ့။ NLD မပျက်စီးဖို့လိုတယ်” တဲ့။ အဲလိုမျိုးပြောပါတယ်။

ဒေါ်နီတာရင်ရင်မေ။ ။ အဲတော့ NLD မပျက်စီးဖို့လိုတယ်ဆိုတဲ့ ဒီ message ကိုပေါ့နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ message ကို ဆရာဦးဥာဏ်ဝင်းတို့အနေနဲ့ ဘယ်လို .. ဘာသာပြန်နိုင်မလဲရှင့်။

ဦးဥာဏ်ဝင်း။ ။ ဟုတ်ကဲ့ .. ကျနော်တို့ပါတီ .. အဲဒီ ဥပဒေတွေကြောင့်ပျက်သွားလို့ရှိရင် အဲဒါ ပျက်စီးတာမဟုတ်ဘူး၊ ဖျက်ဆီးခံရတာ။ ပျက်စီးတယ်ဆိုတာ NLD ရဲ့ ဂုဏ်သိက္ခာကျဆင်းပြီး ပျက်စီးတာကိုပြောတာ။

ဒေါ်နီတာရင်ရင်မေ။ ။ ဟုတ်ကဲ့ ဒါဆိုလို့ရှိရင် မှတ်ပုံမတင်ပဲနဲ့ပါတီရပ်တည်နိုင်မယ့်နည်းလမ်းရော စဉ်းစားထားပါသေးလား ရှင်။

ဦးဥာဏ်ဝင်း။ ။ ကျနော်တို့ပါတီရပ်တည်နိုင်မှုအတွက် မစဉ်းစားဘူး။ နိုင်ငံရေးစဉ်းစားတယ်။ နိုင်ငံရေးဆိုတာ ပါတီရှိမှမဟုတ်ဘူး၊ နိုင်ငံရေးကိုပါတီမရှိလည်း လုပ်လို့ရတယ်ဆိုတဲ့ အခြေခံကို ကျနော်တို့နားလည်ပါတယ်။

ဒါကတော့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားအမြင်တွေကို ဘီဘီစီကို ရှင်းပြသွားတာ ဖြစ်ပါတယ်ရှင်။

တခါ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ အခုလို NLD ပါတီ မှတ်ပုံတင်ရေးပေါ်မှာ သူ့ရဲ့သဘောထားအမြင်ကို ဦးဥာဏ်ဝင်းကတဆင့်ပြောပြလိုက်ပြီ... ဆိုတော့ ဒီ .. ပါတီမှတ်ပုံတင်ရေးကို လိုလားသူတဦး ဖြစ်တဲ့ NLD ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်း ကိုလည်း ဆက်သွယ်လိုက်ပါတယ်။

ဒေါ်နီတာရင်ရင်မေ။ ။ ဒေါက်တာသန်းငြိမ်းတို့အနေနဲ့ ဒီ .. မှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားကို သိအပြီးမှာ ဘယ်လိုဆက်လက်ဆောင်ရွက်ကြမှာပါလဲလို့ မေးကြည့်ပါတယ်ရှင်။

ဒေါက်တာသန်းငြိမ်း။ ။ ကျနော့်အမြင်ကတော့ ဒီလိုဗျ။ အများဆန္ဒနဲ့ဆုံးဖြတ်တယ်ဆိုတာက ဒီအဖွဲ့အစည်းတခုရဲ့ မူဝါဒတွေ .. ဘယ်လမ်းလိုက်မလဲ .. ဆိုတဲ့ဟာမျိုးပေါ့။ အဲဒီလို မူဝါဒရွေးချယ်တဲ့နေရမျိုးဆိုလို့ရှိရင်တော့ အများဆန္ဒနဲ့ရွေးချယ်တဲ့လမ်းကိုလိုက်တယ်ဆိုတာ ဒါကတော့ မှန်ကန်ပါတယ် သဘာဝကျပါတယ်၊ သို့သော်လည်းပဲ ဒီနိုင်ငံရေး အဖွဲ့အစည်းတခု ဆက်ပြီးတော့ပေါ့နော် ကျနော်တို့ ရပ်တည်မယ် -မရပ်တည်ဘူးဆိုတာက ဒီအဖွဲ့အစည်းတခုအနေနဲ့ နိုင်ငံရေးဆက်လုပ်မယ် မလုပ်ချင်ဘူးဆိုတဲ့ ဆန္ဒနဲ့ပတ်သက်လို့ကတော့ ကျနော့်အမြင်ကတော့ ဒါက .. ကျနော်တို့ .. ဒီ .. အခြေခံလူ့အခွင့်အရေးနဲ့ပတ်သက်တယ်လို့ထင်တယ်လေ။ ဆိုတာက .. ဟို .. သူလုပ်ချင်တာနဲ့ မလုပ်ချင်တဲ့လူကို အတင်း လုပ်ရမယ်လို့ ပြောလို့မရသလို၊ ကိုယ်မလုပ်ချင်တာနဲ့ပဲ ကျန်တဲ့ လူတွေလည်း မလုပ်ရဘူးလို့ ဒီလို ကန့်သတ်လို့မရဘူးလို့ ကျနော်တော့ အဲလို ထင်တာပဲလေ။

ဒေါ်နီတာရင်ရင်မေ။ ။ ဟုတ်ကဲ့ အဲတော့ .. ဆရာ့အနေနဲ့ ဒီမဲနဲ့ဆုံးဖြတ်တာမဟုတ်ဘူးဆိုလို့ရှိရင် ဘယ်လိုဆုံးဖြတ်ချင်ပါသလဲရှင့်။

ဒေါက်တာသန်းငြိမ်း။ ။ ဒါက သူက တဦးချင်းရဲ့လုပ်ပိုင်ခွင့် လို့ ကျနော်က မြင်တယ်ဗျ။ ဒီ နိုင်ငံရေးဆိုတာ သူတို့အသင်းအဖွဲ့အနေနဲ့စုပေါင်းပြီးတော့ လုပ်ချင်ရင်ပဲလည်း အဲဒီလုပ်ချင်တဲ့သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲဗျ။ မလုပ်ချင်ဘူးဆိုရင်လည်းပဲ မလုပ်ချင်တဲ့သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ။ အဲဒီတော့ .. ဒါကတော့ .. ကျနော်ထင်တယ် ဒီမိုကရေစီနည်းနဲ့ များရာ ဆုံးဖြတ်တာမျိုးထက်ပေါ့ဗျာ ဒါက မိမိရဲ့ဆန္ဒပေါ့။

ဒေါ်နီတာရင်ရင်မေ။ ။ တဦးချင်းရဲ့ဆုံးဖြတ်ချက်ဆိုတာကတော့ ဟုတ်ပါတယ် ဆရာ၊ ဒါပေမယ့် NLD ဟာ အများပိုင်တဲ့ ပါတီကြီးတခုဖြစ်တယ်လေ။ NLD ဆိုင်းဘုတ်အောက်မှာ မှတ်ပုံတင်မယ်ဆိုလို့ရှိရင်ရော အများနဲ့ မဆိုင်နိုင်ဘူးလားရှင့်။

ဒေါက်တာသန်းငြိမ်း။ ။ ဒီမှာ မနေချင်တဲ့သူနဲ့တော့ မဆိုင်ဘူးပေါ့ဗျာ။ ဒီမှာ ကျန်နေတယ်ဆိုတဲ့ လူတွေကလည်းပဲ သူက .. ဟို .. တစိမ်းတွေမှမဟုတ်ပဲ၊ အပြင်ကနေလာပြီးတော့ ဒီနာမည်ကိုလာယူတာမှ မဟုတ်ပဲ။ အစထဲက နှစ်ပေါင်း ၂၀ ကျော် ဒီထဲမှာ ၀င်ပြီးတော့ လုပ်နေတဲ့လူတွေပဲ၊ အဲတော့ သူတို့က .. ဒီ.. အဖွဲ့ရဲ့ ဆိုင်းဘုတ်၊ ဒီအဖွဲ့ရဲ့နာမည် ဒါနဲ့ သူတို့နဲ့ သက်ဆိုင်တာပေါ့ဗျ။ အဲတော့ ဒီထဲမှာ မနေချင်တဲ့လူက သူ့ဟာသူ မလုပ်ချင်လို့ထွက်သွားတာကို ကျနော်တို့က အတင်း မတားသလို၊ သူတို့ထွက်တာနဲ့ပဲ ဒီထဲက လူတွေက ..ဟလား .. ဆက်မလုပ်ရဘူးဆိုတာက .. ဒါကတော့ ခုနကျနော်ပြောတဲ့ တဦးချင်းရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ဒါ နည်းနည်းကျော်နင်းတယ်လို့ ကျနော်တော့ မြင်တာပဲလေ။

ဒေါ်နီတာရင်ရင်မေ။ ။ ဒါဆိုလို့ရှိရင် .. ဒီ မှတ်ပုံ မတင်ချင်တဲ့ဘက်က ရပ်တည်တဲ့လူတွေက NLD အဖွဲ့ထဲကနေ ထွက်ပေးရမှာလားရှင့်။

ဒေါက်တာသန်းငြိမ်း။ ။ ဒါက မဟုတ်ဘူးလေ .. သူတို့နေချင်ရင်လည်း .. နေပေါ့ ..။ ကျနော်တို့က (အနည်းငယ် လှောင် ရယ်သံလေးဖြင့်) မပြောပါဘူး။ မှုတ်ဖူးလား .. သူတို့ထွက်ချင်လည်းထွက်ပေါ့ .. ဒါ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲလေ။

ဒေါ်နီတာရင်ရင်မေ။ ။ ဟုတ်ကဲ့ရှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဒီ မတရားတဲ့ဥပဒေအောက်မှာသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကြောင့် မှတ်ပုံမတင်ရေးဘက်ကို သူ့ဘက်ကတော့ ရှင်းရှင်းပြောသွားပြီ၊ အဲဒီတော့ ဆရာတို့အနေနဲ့ ဒီမှတ်ပုံတင်ဖို့ ကိစ္စကို ဆက်ပြီးတော့ သွားမှာလားရှင့်။

ဒေါက်တာသန်းငြိမ်း။ ။ အဲ .. ဒါကတော့ ကျနော်တယောက်တည်းပြောလို့မရဘူးလေဗျာ၊ အဲ ကျန်တဲ့လူတွေနဲ့ကျနော်တို့လည်း တိုင်ပင်ဆွေးနွေးရဦးမှာပေါ့။

ဒေါ်နီတာရင်ရင်မေ။ ။ ဒါဆိုလို့ရှိရင် ပါတီဟာ ပြိုကွဲသွားတဲ့အနေအထား ရောက်မသွားနိုင်ဘူးလားရှင့်။ အများက ဒါကိုပဲ စိုးရိမ်နေကြတာလေ။

ဒေါက်တာသန်းငြိမ်း။ ။ ပါတီမပြိုကွဲစေချင်လို့ ဒီ ပါတီကြီးကို .. ဟလား .. ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးတော့ ကျနော်တို့က .. ဟလား .. နှစ်ပေါင်း ၂၀ ကျော်ဗျာ အမျိုးမျိုး ကျနော်တို့ .. ဒီ .. စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ဒီပါတီကြီးကို ဆက်ပြီးတော့ ရှိစေချင်လို့ ကျနော်တို့က ဒါကို ကျိုးစားနေတာပဲ။ နော် .. မတရားဘူးဆိုတာ ခုမှ မဟုတ်ပဲဗျာ .. စတည်းက မတရားခဲ့တာကို ကျနော်တို့ ရင်ဆိုင်ခဲ့တာပဲ။ အဲတော့ ဒီ မတရားမှုတွေကို ကျနော်တို့ ဆက်ပြီးတော့ .. ဟလား .. ရင်ဆိုင်သွားဖို့အတွက် ဒီအဖွဲ့အစည်းဟာ .. ဟလား .. ရှိအပ်တယ် .. အင်းအင်း .. လိုအပ်တယ်လို့ ကျနော်တို့ယုံကြည်လို့ ကျိုးစားခဲ့တာပဲ။ နော် .. ဒီပေါ်မှာ ဟာ .. သူမကြေနပ်လို့သွားတဲ့ဟာကို လည်းပဲ သူ့ရဲ့အခွင့်အရေးတရပ်အနေနဲ့ ကျနော်တို့က ဘယ်လိုမှ တားဆီးလို့မရဘူးလေ။ အဲဒါကို ကွဲတယ်ပဲ ပြောပြော ပဲ့တယ်ပဲပြောပြော ဒါကတော့ ကျနော်တို့ ရင်ဆိုင်ရမှာပေါ့။

ဒါကတော့ NLD ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းက ရှင်းပြသွားတာ ဖြစ်ပါတယ်ရှင်။

------------ --------- --------- --------- --------- ------
FREE DAW AUNG SAN SUU KYI NOW!
------------ --------- --------- --------- --------- ------

4 comments:

Anonymous said...

ရွေးကောက်ပွဲမဝင်ဘူးဆိုရင်လဲ လူထုတိုက်ပွဲ အမြန်ဆုံးဖြစ်အောင်လုပ်သင့်တယ်

Anonymous said...

ဒါ့ကြောင့် ပြည်သူ့အစိုးရအဖြစ် အမြန်ဆုံးကျေညာ။ ဖမ်းလိုက်ရင်လဲ အဲလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းထားတဲ့အတွက် ၂၀၁၀ ဟာ ဒီမိုကရေစီမဖြစ်နိုင်တော့ဘူး။.... စသဖြင့်..
တိုင်းရင်းသားတွေနဲ့ အဖွဲ့အစည်းတွေက ထောက်ခံကြောင်းကျေညာပေး...
နိုင်ငံတကာလော်ဘီတွေကလဲ
အဲဒီအတွက် နိုင်ငံတကာမှာ ထောက်ခ့မှုရအောင်လုပ်။ တကယ့်ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တာမို့ ခုလိုလုပ်ကိုလုပ်သင့်တယ်။ ဒါဆိုရင် ၂၀၁၀ ထက် အဲဒီအစိုးရ ဖမ်းတာ... လွတ်မြောက်ရေး တောင်းဆိုတာ... ရွေးကောက်ပွဲ ကန့်ကွတ်နေတာ စတာတွေနဲ့ ၂၀၁၀ ဟာ နောက်တန်းရောက်သွားလိမ့်မယ်။ ဒီတိုင်း အရှုံးခံတာထက် တိုက်ရင်း ရှုံးတာက ပိုမြတ်တယ်။ ရင်းတော့ ရင်းရမှာပဲလေ။ အဲလို လုပ်ဖို့ ဆိုတာကလဲ ရက်က သိပ်မလိုတော့ဘူး။ ဘာ့ကြောင့်တွေဝေနေတယ် ဆိုတာနဲ့ ပြည်ပက တချို့အဖွဲ့တွေ ဒီအချက်ကို ပြောပြနေတာကိုလဲ ဘာ့ကြောင့် ကန့်ကွက်နေလဲ ဆိုတာကတော့ စာဖတ်သူတွေ ဆက် စဉ်းစားသင့်တယ်။

Anonymous said...

ရွေးကောက်ပွဲကို လက်မခံတာ ကောင်းပါတယ်၊ ရွေးကောက်ပွဲကို လက်မခံရင် ဘာဆက်လုပ်မလဲဆိုတာ အရေးကြီးတယ်၊ စတိတ်မန့် တွေ ထုတ်ပြီး လှုပ်ရှားမှုတွေ အလုပ်အဖွဲ့အစည်းတွေ အမာခံအင်အားစုတွေ မရှိရင် အဲဒါ ရှေ့ကို ဘယ်လို ဆက်သွားမလဲ၊ စတိတ်မန့် နိုင်ငံရေးကနေ ဘလော့နိုင်ငံရေးကို ကူးပြောင်းပြီး ကိုယ့်နောက်မှာ ကျောပဲ ရှိတယ်ဆိုရင် အဲဒါ မှားယွင်းမှု တစ်ခုပါ ..။

Nge Naing said...
This comment has been removed by the author.
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs