“နေ၀င်း၊ မျိုးမျိုး၊ ဖိုးခင်”

Share |
“နေ၀င်း”
နေ၀င်း ကို ရွာထဲက အများစုက “မနေ” ဟု ခေါ်ကြသည်။ ကျနော့်ထက် ၈ နှစ်ခန့်ကြီးသည်။ လူပုံက ဖြူဖြူနွဲ့နွဲ့၊ လမ်းလျှောက်လျှင်လည်း ကနွဲ့ကလျ။ ရယ်ပြန်လျှင်လည်း ခိုးခိုးခစ်ခစ်။ နေ၀င်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်းရှိသည့်၊ “ဂေး”များကို ခွဲခြားဆက်ဆံခြင်းမရှိသည့် နိုင်ငံများတွင်သာ လူဖြစ်ခွင့်ရခဲ့ပါက ပွင့်ပွင့်လင်းလင်း ဂေး ဘ၀ကို ခံယူကောင်း ခံယူပေမည်။ ယခုလို မပွင့်လင်းသော မြန်မာလူ့အဖွဲ့အစည်းတွင်၊ အထူးသဖြင့် ရိုးရာအစွဲကြီးလွန်းသော ကျေးတောရွာငယ်ကလေး တခုတွင် လူလာဖြစ်သည့်အတွက် နေ၀င်းသည် ပေါ်တင်မဂေးရဲရှာ။ တိတ်တိတ်ပုန်းသာ ဂေး ရရှာသည်။

လွန်ခဲ့သည့် နှစ်ပေါင်း၂၀ ကျော် ကျနော် ရွာမှ ထွက်ခွာခဲ့သောအချိန်က နေ၀င်းသည် မူလတန်းပြ ဆရာ အဖြစ်နှင့် ကျန်ရစ်ခဲ့ပေသည်။ ရှပ်အင်္ကျီအဖြူ၊ ပုဆိုးအစိမ်း ၀တ်လျက် ကျနော့်အိမ်ရှေ့မှ ဖြတ်၍ စက်ဘီးနင်းကာ ကျောင်းတက်သော ကျောင်းဆရာ နေ၀င်း၏ ပုံရိပ်သည် မနေ့တနေ့ကလိုပင် ကျနော့် မျက်စိတွင် မြင်ယောင်လျက်ရှိသေးသည်။

***********************************************************

“မျိုးမျိုး”
မျိုးမျိုးကတော့ ကျနော့်ညီ ၀မ်းကွဲ။ ကျနော်နှင့် အသက်မတိမ်းမယိမ်း။ ငယ်ငယ်တုန်းကဆိုလျှင် ကျနော်တို့ နှစ်ယောက်က ဓါတ်မတည့်။ ၀ိုင်းထဲတွင် ချပေးလိုက်သည့် ကြက်နှစ်ကောင်လို မြင်တာနှင့် ပြေးခွပ်ချင်နေသည်။ မူလတန်း ကျောင်းသားဘ၀က မျိုးမျိုးနှင့် ကျနော် မသတ်ပုတ်သည့်နေ့မရှိ။ ကျနော့်လက်ချက်ကြောင့် ဒီကောင် ဖူးယောင်ပြီး ပြန်သွားရသလို၊ သူ့လက်ချက်ကြောင့် ကျနော့်မျက်နှာတွင် သွေးစို့နေသော အစင်းရာ ဗရပွနှင့် အိမ်ပြန်ခဲ့ရပေါင်းလည်း များပေပြီ။ မျိုးမျိုးအမေက ကျနော့်မိခင်အား “ မစောရှင်၊ တော့်သားလေး မျိုးမျိုးကို လုပ်လိုက်တာ ဟိုမှာ မျက်နှာတခု လုံးလည်း မြင်မကောင်းဘူး” လို့ တိုင်တောတော့... အမေက “အမလေး အတင်ရယ်၊ ညည်းသားလုပ်ထားတာလည်း ငါ့သား မျက်နှာမှာ ရစရာ မရှိပါဘူးအေ” လို့ ပြန်ဖြေသတဲ့။ အဲဒီကျမှ မျိုးမျိုးအမေက ဟက်ဟက်ပက်ပက် ရယ်မောပြီး “ ကျုပ်ကလည်း မျိုးမျိုးကို မေးကြည့်ပါတယ်။ ငါ့သားနှယ်...ဟိုက နင့်ကို ဒီလောက်ထုရိုက်နေတာ၊ နင်က ဘာမှ ပြန်မလုပ်ဘဲ ငြိမ်ခံခဲ့ရသလား လို့ ဆိုတော့ မျိုးမျိုးက.."ဟာ၊ အမေကလဲ၊ ကျနော်လည်း ဘယ်ခံပါ့မလဲ။ ကျနော် ပြန်ကုတ်လိုက်တာ ဟိုကောင့်မျက်နှာမှာလည်း အစင်းတွေချည်း ပါဘဲ..လို့ ပြောတယ်” တဲ့။

မှတ်မှတ်ရရ အမေတို့ ဆွေမျိုးတစု စုပေါင်းပြီး သားတွေကို ရှင်ပြုတုန်းကတောင် မျိုးမျိုးနဲ့ ကျနော် တချီတမောင်း ကျောင်းပေါ်မှာ ကိုရင်ဘ၀ နဲ့ သတ်ပွဲကြီး ဆင်နွှဲလိုက်ရသေးတယ်။

မျိုးမျိုးတို့အိမ်က တနေ့ ကျောင်းမှာ ဆရာတော်တွေနဲ့ ကိုရင်တွေအားလုံးကို နေ့ဆွမ်းကပ် တယ်။ ကိုရင်ဝိုင်းမှာ အတူထိုင်ပြီး ဆွမ်းစားနေရင်းက ဘယ်လိုကနေ ဘယ်လို ငြိတယ်မသိဘူး၊ ဆွမ်းစားရင်း တန်းလန်း ထသတ်ကြတာ ဟင်းခွက်တွေလည်း မှောက်၊ သင်္ကန်းတွေလည်း ပေကျံကုန်တယ်။ ဘုန်းကြီးဝိုင်းမှာ ဆွမ်းဘုန်းပေးနေတဲ့ ဦးဇင်းလေးက မနေသာဘဲ ထလာပြီး နှစ်ယောက်လုံးကို ဆွဲပြီး နဘန်ကျင်းပေးလိုက်တော့မှ ပွဲပြီးသွားတယ်။ ဟိုကောင်လည်း အဲဒီညနေဘဲ ကိုရင်လူထွက်သွားတာ။

အဲ...ကျနော် လူထွက်ရပုံကတော့ ငိုချင်းလေးချပြီး ထွက်လိုက်ရတာ။ ဖြစ်ပုံက ဒီလို.. ကျနော်ငယ်ငယ်က ကျနော့်အစ်မတွေက ကျနော့်ကို ရွယ်တူမိန်းကလေးတွေနဲ့ စရင်နောက် ရင် အင်မတန် ရှက်တတ်တာ (အခုနဲ့ တခြားစီ)။ အဲသည်တုန်းက သူတို့ နောက်နေတာက ကျနော်နဲ့ တတန်းထဲ ရွာတောင်ပိုင်းက သန်းလှ။ သူ့အဖေက မြန်မာဆေးဆရာကြီး ဦးသြဘ တဲ့။ အဲဒီ သန်းလှနဲ့ စနောက်ရင် ကျနော်အရမ်းရှက်တယ်။ ဖြစ်ချင်တော့ ကျနော့် ကိုရင်ဘွဲ့က ရှင်သြဘာသ တဲ့။ အဲဒီ တနေ့ ကိုရင်ဘ၀နဲ့ ရွာထဲလှည့်ဆွမ်းခံတုန်း အိမ်ကိုရောက်တော့ အစ်မတွေက ဆွမ်းလောင်းရင်း ထုံးစံအတိုင်း နောက်ကြပြန်ပါရော။ “ဟယ်....ငါတို့ မောင်လေးက သန်းလှနဲ့ ရေစက်ပါပုံများ ကိုရင်ဘွဲ့အမည်ကတောင် သြဘသား တဲ့။” ကြည့်ဦး၊ သြဘာသ ပါဆိုမှ သြဘသား ဆိုပြီး ကြံဖန်နောက်တာ။ ကျနော်ကလည်း ရှက်တော်မူလို့ ကတုံးကြီးတန်မဲ့ ပုလဲတွေ ခ ပြီး သင်္ကန်းတွေ ဆွဲချွတ်၊ လူဝတ်လဲ၊ ကျောင်းပြန်မသွားတော့ဘူး လုပ်တာပေါ့။ နောက်တော့မှ အတင်းချော့မော့၊ သင်္ကန်းတွေ ပြန်ဝတ်ပေးပြီး ကျောင်းကို ပြန်ပို့ရတယ်။ အဲသည်ညနေ လူထွက်တော့တာပါဘဲ။

ငယ်ငယ်က တဇောင်းစေးနဲ့ မျက်ချေး ဆိုသလို မတည့်တဲ့ မျိုးမျိုးနဲ့ ကျနော်ဟာ အလယ်တန်း ကျောင်းသားဘ၀ တခြားရွာက ကျောင်းမှာ သွားတက်ရတော့ အင်မတန်ချစ်ကြသဗျ။ ညီအကိုချင်းကလည်း ဖြစ်ပြန်၊ နောက် သူ့အိမ်က သူ့ကို ကျနော့်အစ်မ ကျောင်းဆရာမ လက်ထဲမှာ အပ်ထားတော့ အိမ်မှာဘဲ စာအတူလာကြည့်၊ စာလုပ်ကြဆိုတော့ ပိုတွဲမိသွားရော။ ဒါပေမယ့် ဒီကောင်က ကျောင်းစာမှာ လုံးဝ စိတ်မ၀င်စားဘူး။ တချိန်လုံးစကားတွေ များနေတုန်းက ချောမွေ့လို့။ ဟော...ကျောင်းစာကို စဖတ်လိုက်ပြီဆိုတာနဲ့ မျိုးမျိုး ဆီက “အဟမ်း..အဟမ်း” ဆိုတဲ့ ချောင်းဟန့်သံတွေက စာတကြောင်းကို အဟမ်း ငါးခါလောက်ပါတယ်။

ဒီလိုနဲ့ ၆ တန်းလောက်မှာဘဲ ဒီကောင် ကျောင်းကထွက်ပြီး လယ်လုပ်တယ်။ စပါးပွဲစားလုပ် တယ်။ မြင်းလှည်းမောင်းတယ်။

ကျနော် ဆယ်တန်းအောင်လို့ ရွာကို ပြန်လာပြီး မြေပဲခင်း ညဘက်သွားစောင့်တော့ မျိုးမျိုးလည်း ကျနော်နဲ့ အတူ လိုက်စောင့်ပေးတယ်။ ညဘက် ကောင်းကင်က ကြယ်တွေကို မော့ကြည့်ပြီး အာကာသထဲက အလင်းကိုတောင် စွဲစုပ်နိုင်တဲ့ တွင်းနက်ကြီးတွေအကြောင်း၊ ဂြိုလ်တွေ အနားက ဖြတ်ပြန်သန်းပြီး ဓါတ်ပုံတွေ ရိုက်ပို့တဲ့ အာကာသယာဉ်တွေအကြောင်း၊ တခုနဲ့တခု ဝေးရာဆီကို ပြန့်ကြဲခွဲထွက်သွားတဲ့ ဂယ်လက်ဆီတွေ အကြောင်း ကျနော်ဖတ်ဘူးသမျှ ပြန်ပြောပြတော့ မျိုးမျိုးတယောက် ပါးစပ်အဟောင်းသားနဲ့ စိတ်ဝင်တစား နားထောင်နေခဲ့တာကို သတိရမိတယ်။ မလှမ်းမကမ်းမှာ လှမ်းမြင်ရတဲ့ မုန်းချောင်းရေကတော့ လရောင်အောက်မှာ ငွေရောင်တလက်လက်နဲ့ ငြိမ့်ငြိမ့်လေး စီးဆင်းလို့ပေါ့။

အဲဒီနောက်ပိုင်း တက္ကသိုလ် တက်ကတည်းက မျိုးမျိုးနဲ့ ပြန်မဆုံဖြစ်တော့ဘူး။

*********************************************************

“ဖိုးခင်”
ကျနော် မူလတန်းကျောင်းသားအရွယ်မှာ ရွာထဲက အတူကစားဖော်ကစားဘက် သူငယ်ချင်းနှစ်ယောက်ရှိတယ်။ ၀င်းဇော်နဲ့ ဖိုးခင်တဲ့။ ဖိုးခင်က မွေးကတည်းက မျက်လုံးတဖက်မှေးနေတယ်။ တချို့ကလည်း သူ့ကို မျက်မှေးဖိုးခင်တဲ့။ ကျနော်တို့ ဆိုတာ လူကသာ မူလတန်း တက်တဲ့အရွယ်ဘဲ ရှိသေးတာ။ လူကြီးတွေရဲ့ လေကို လိုက်ပြီး နှမ ရှိတဲ့လူဆိုရင် ယောက်ဖ လို့ ခေါ်ပြီး နောက်ချင်သေးတာ။ ကျနော့်မှာ နှမငယ် အရင်း မရှိလို့သာတော်တော့ တယ်။ အဲ..တရက်မှာ ၀င်းဇော်ရဲ့ ညီမ ရီရီခိုင်က အလှူခံ အသံချဲ့စက်က တခါတရံ ကြားရတတ်တဲ့ မာမာအေးသီချင်းကို သူ့ဟာသူ ကြားချင်သလို ကြားပြီး တလွဲဆိုတယ်။

“သ၀န်ကြောင်တာမဟုတ်ဘူးရှင်.... ကျမလင် ကိုဖိုးခင်” တဲ့။

အဲဒီမှာ ကျနော် နဲ့ ဖိုးခင် က ခွက်ထိုးခွက်လှန် ရယ်တာပေါ့။ ၀င်းဇော်ကတော့ မျက်နှာကြီး နီရဲပြီး သူညီမကို လှမ်းဟောက်တယ်။ “ဟာ။ ဒီကောင်မလေး၊ ဘာတွေ လျှောက်ဆိုမှန်းမသိဘူး၊ သွားသွား၊ အနားမလာနဲ့” တဲ့။ ကျနော်တို့ နှစ်ယောက်က ၀င်းဇော်ဖြစ်ပုံကို ကြည့်ပြီး ပိုရယ်ကြရတယ်။

ဖိုးခင်ကတော့ လေးတန်းတောင် မရောက်လိုက်ပါဘူး။ ကျောင်းထွက်တယ်။ ပျိုးနှုတ်တယ်၊ ကောက်ရိတ်တယ်။ မိဘရဲ့ လယ်အလုပ်တွေမှာ ကူလုပ်တယ်။

ကျနော်အလယ်တန်းကျောင်းသားဘ၀ ညနေဘက် ရွာထိပ်ကို အပျင်းပြေထွက်ရင် နွားစာအတွက် မြက်ထုံးကြီး နှစ်ထုံးကို တံပိုးနဲ့ လျှိထမ်းပြီး ပြန်လာတဲ့ ဖိုးခင်ကို တွေ့ရတတ်တယ်။ ဟော...ကျနော် တက္ကသိုလ်စတက်တော့ ဖိုးခင်ဆိုတာ အိမ်ထောင်ကျလို့ ကလေးတောင် သုံးယောက်လောက်ရနေပြီ။

****************** *********************************************

ဟိုတနေ့ကဘဲ ကျနော့်တူကလေးတယောက် ဗမာပြည်က ပြန်လာတော့ ကျနော့်အစ်မတွေဆီက စာပါလာတယ်။ စာထဲမှာ ရေးထားတာတခုက နေ၀င်း၊ မျိုးမျိုး၊ ဖိုးခင် အားလုံး ဆုံးသွားကြတာ ကြာပြီတဲ့။ သေပုံသေနည်းကလည်း အတူတူဘဲ။ သုံးယောက်စလုံး အေအိုင်ဒီအက်စ် ရောဂါနဲ့ဘဲ ဆုံးသွားကြတာ။ အဲဒီရောဂါနဲ့ဘဲ နောက်ထပ် သေလုဆဲဆဲ လူတချို့ရဲ့ နာမည်တွေလည်း ပါတယ်။ အခု သူတို့နဲ့ တလမ်းထဲကပင် လူသိသူသိ အေအိုင်ဒီအက်စ်နဲ့ သေသွားသူ ငါးဦးထက် မနည်းရှိပြီ ဖြစ်ကြောင်းလည်း ပါသည်။

သြော်....ကျနော်တို့ ရွာဖက်မှာ လူအများစုက ငှက်ဖျားဆိုတာ မြစ်ဖျားချောင်းဖျားက ရေစိမ်းတွေကို သောက်ရင်ဖြစ်တတ်တာလို့ ယုံကြည်နေကြတုန်း။ အလယ်တန်းတုန်းက ကျောင်းစာထဲမှာ အနောဖလိစ်လို့ ခေါ်တဲ့ ခြင်တမျိုးက ငှက်ဖျားရောဂါပိုးကို သယ်ဆောင်ပုံအကြောင်း ကျနော်တို့ အကျယ်ကြီး အော်ပြီး စာကျက်ခဲ့လည်း အမေတို့ ကိုယ်တိုင်က ရေစိမ်းသောက်လို့ ဖြစ်တာလို့ ထင်နေကြတုန်း။

သည်လို ဒေသမှာ အိတ်ခ်ျအိုင်ဗီ ပိုးနဲ့ ပတ်သက်လို့ အသိပညာပေးလည်း ယနေ့ထက်ထိ ထိထိရောက်ရောက်မရှိ။ ကွန်ဒုံးအစွပ်တွေနဲ့ ပတ်သက်လို့ကတော့ ပညာပေးမရှိတဲ့အပြင် ကွန်ဒုံးကိုတောင် အပြင်မှာ မြင်ဘူးကြဟန်မရှိ။ မြင်ဘူးလည်း တနေ့လုပ် တနေ့စားတွေအနေနဲ့ ၀ယ်သုံးနိုင်ကြမည့်ပုံမပေါ်။

ကျနော်သည်.....အစ်မ၏ စာကို ဖတ်ပြီး သက်ပြင်းရှည်ကြီး တချက်ကို မှုတ်ထုတ်မိသည်။ သူတို့အားလုံး အခုလို အရွယ်ကောင်းမှာ သေဆုံးသွားကြရတာ သူတို့ဘက်က ချွတ်ယွင်းချက်တွေ ပေါ့ဆမှုတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်လည်း ကျန်းမာရေးအသိမရှိလို့၊ လုံလောက်သော ကာကွယ်ရေးအစီအမံများ မရှိလို့ စောစီးစွာ လူ့လောကကို စွန့်ခွာသွားရတာ ဖြစ်ကြောင်းကိုလည်း ကျနော်မတွေးဘဲ မနေနိုင်ပါ။

ကျန်းမာရေး ပြဿနာလိုပင်၊ မြန်မာပြည်၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာလည်း ပြဿနာပေါင်းစုံ ပြည့်နှက်လျက်။ သည်ပြဿနာတွေကို စတင်ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းခွင့်သာသော အခြေအနေတရပ် ပေါ်ပေါက် လာအောင် ကျနော်တို့ အားလုံး ၀ိုင်းဝန်း၍ မလျှော့သောလုံလဖြင့် အစဉ်တစိုက် လုပ်ဆောင် သွားကြရမည်သာဖြစ်သည်။

1 comments:

တန်ခူး said...

ကိုပေါရေ...ငယ်သူငယ်ချင်းတွေအကြောင်း အလွမ်းပြေရေးထားတာလို့ထင်တာ...မမျှော်လင့်တဲ့ အဆုံးသတ်က ရင်နာစရာ...။ ကျွန်မ တခေါက်ပြန်သွားတိုင်း ကိုယ်နဲ့ရင်းနှီးတဲ့သူတချို့ အဲဒီရောဂါနဲ့ အသက်ဆုံးသွားတယ်ဆိုတဲ့ သတင်းက ပိုပိုစိတ်လာတယ်။ ရင်ထဲမှာ မချင့်မရဲနဲ့ သက်ပြင်းတွေအခါခါချရင်းပဲ.......။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs