ပေးထားတဲ့ စကားလုံးတွေကို အသုံးပြုပြီး ဝါကျတည်ဆောက်ခိုင်းတာမျိုး ငယ်ငယ်က ကျောင်းသားဘဝမှာ လုပ်ခဲ့ကြဖူးမှာပေါ့။ ကျနော်ကြုံခဲ့ဖူးတဲ့ တချို့သော ပြုံးချင်စရာ ဝါကျတည်ဆောက်ပုံလေးတွေကို ဝေမျှချင်ပါတယ်။
သာယာ။........။ ကျမသည် သာယာပါသည်။ (ဗုဒ္ဓေါ)
တခစ်ခစ်။.........။ ကျနော်သည် ညက သတင်းနားမထောင်လိုက်ရသဖြင့် တခစ်ခစ်နောက်ကျ သွားသည်။ (တခေတ် ခေတ်နောက်ကျသွားသည် လို့ နားလည်ပါရန်။)
နောက်တမျိုးက သတ်ပုံမှားကြတာ။ တယောက်ဆိုရင် အမျိုးသားနေ့ဘယ်နေ့လဲ ဆိုတဲ့ မေးခွန်းကို ဖြေထားပုံက “တဆောင်မိုလပြိုကျို ဆယ်ရက်” ဆိုတာမျိုး။ ဘယ်ပုံဘယ်နည်း စာလုံးပေါင်းထည့်လိုက်သည်မသိ။
ကျနော်တို့ဇာတိ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ကုန်းဇောင်းဖက်မှာ လေယူလေသိမ်းနဲ့ အသံထွက်တွေက တခြားအရပ်တွေနဲ့မတူဘူး။ ဆရာဝန် ဆိုရင် ဆရာဝင်၊ ဝန်ကြီးဆိုရင် ဝင်ကြီး အဲသည်လို အသံထွက်တယ်။ အခုထိလည်း အဲသည်လိုပဲ ထွက်နေလို့ မဒမ်ပေါက မကြာခဏ ဟားတာကို ခံရတယ်။ ယပ်တောင် ဆိုရင်လည်း ယက်တောင် လို့ အသံထွက်ကြတာပါ။
အသံထွက်မှားတော့ တချို့တွေလည်း စာလုံးပေါင်းတဲ့နေရာမှာပါ လိုက်မှားကြတယ်။ ဟင်္သာတ ဖက်က ကျနော့်အသိတယောက်ဆိုရင် “ပတ်ဝန်းကျင်” ကို ပြောတဲ့အခါ “ပဝန်းကျင်” ဆိုတဲ့ အသံမျိုးနဲ့ ပြောရုံမက ရေးတဲ့အခါမှာပါ ပဝန်းကျင်လို့ မှားရေးတာကို ကြုံဖူးတယ်။
ကျနော်တို့မူလတန်းတက်နေတုန်း အတန်းဖော် ကောင်မလေးတယောက် ဆရာ့ဆီမှာ သတ်ပုံစစ်ဖို့ (ကျောက်သင်ပုန်း) သွားထပ်တဲ့အခါ ယပ်တောင်ကို ယက်တောင်လို့ မှားရေးထားတာကို ဆရာက တွေ့သွားတယ်။ အဲဒီအခါမှာ ဆရာက ချက်ချင်း သူ့စားပွဲမှာတင် အဲဒီကျောင်းသူကို အသံထွက် ပြင်ပေးဖို့ ကြိုးစားတယ်။
ဆရာ။........။ လိုက်ဆိုစမ်း….“ယပ်တောင်”
ကျောင်းသူ။........။ ယက်တောင်
ဆရာ။.........။ ယက်တောင် မဟုတ်ဘူး။ ပြန်ဆို ယပ်တောင်။
ကျောင်းသူ။..........။ ယက်တောင်
ဆရာ။..........။ ဆိုစမ်း….. ယပ်။
ကျောင်းသူ (အသံတုန်ရီစွာဖြင့်)။.........။ ယက်
ဆရာ (စိတ်မရှည်စွာဖြင့်)။.............။ကဲ… နင်အခု ငါ့ရှေ့မှာ ထိုင်နေတာလား။ ရပ်နေတာလား။
ကျောင်းသူ။...........။ ရက်နေတာပါရှင့်....
ကျနော်တို့မှာ ရယ်ချင်လွန်းပေမယ့် မရယ်ရဲဘူး။ ဆရာက အရိုက်ကြမ်းလို့။ အသာ မျက်နှာသေလေးတွေနဲ့ အပိုးသတ်ပြီး ငြိမ်နေရတယ်။
တခါ ဆယ်တန်းအောင်ပြီး ကျောင်းတွေ အကြာကြီး ပိတ်ထားလို့ ရွာမှာ ပြန်နေတုန်း အမျိုးတွေ အဆွေတွေ တိုက်တွန်းတာနဲ့ ကလေးတွေကို အိမ်မှာ စာသင်ပေးဖူးတယ်။ ပထမတော့ ဝမ်းကွဲတွေရဲ့ သားသမီး သုံးလေးယောက်ကို သင်ပေးရာကနေ နောက်တော့ တဆင့်စကား တဆင့်နားနဲ့ ရွာထဲက ကလေးတွေ အယောက် ၂၀ လောက်ကို စာသင်ပေးရပါတယ်။ ကလေးတွေကလည်း နှပ်ချေးတွဲလောင်းအရွယ်ကနေ သုံးတန်း လေးတန်း အရွယ်အထိ အရွယ်စုံ အမျိုးစုံပါတယ်။ တချို့လည်း ကလေးထိန်းရသက်သာပြီးရော သဘောနဲ့ ပို့တာဖြစ်နိုင်ပါတယ်။ စာသင်ဖို့ အလာလမ်းမှာတော့ သူတို့ မိဘ တွေက ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပေးလိုက်လို့ ချစ်စရာလေးတွေ။ ကျနော့်ဆီက ပြန်သွားရင်တော့ ကြောင်ဂျီးရုပ်နဲ့ပဲ။
နှစ်ထပ်အိမ် အပေါ်ထပ်မှာ စာသင်တာ ဘယ်လိုလုပ် ကြောင်ဂျီးရုပ်ပေါက်သွားသလဲလို့ မေးစရာရှိတယ်။ အကြောင်းကတော့ ကျေးဇူးရှင်လေးတွေက ဆယ်မိနစ် တခါလောက် ကျနော့်ရှေ့မှာ လက်ညိုး လာထောင်ကြတယ်။ “ကိုကြီးနိုင်မိုး….သေးပေါက်ချင်လို့” “ကိုကြီးနိုင်မိုး အိမ်သာသွားချင်လို့”။ အဲသည်လို ခဏခဏ ဆင်းကြတယ်။ ကျနော် အိမ်ပေါ်ပြတင်းပေါက်က မသိမသာ ချောင်းကြည့်လိုက်ရင် ဒီကောင်တွေ ခြံထဲက မန်ကျည်းပင်အောက် မြေပြင်မှာ ဆော့ကစားနေမယ်။ လမ်းက ဖြတ်သွားဖြတ်လာတွေကို ငေးမောကြည့်ကြမယ်။ လှိုင်မြင့်ဦးဆိုတဲ့ သုံးနှစ်သာသာ တူကလေးတစ်ယောက်ကို အခုထိ မှတ်မိသေးတယ်။ ကျနော့်ရှေ့မှာလာပြီး မကြာခဏ လာပြီး လက်ညိုးထောင်တဲ့ ပုဂ္ဂိုလ်လေးပေါ့။ ရုပ်ကလေးကလည်း မျက်လုံးမှေးမှေးနဲ့ ညစ်ကျယ်ကျယ်လေး။ တခါတလေကျတော့လည်း ကျနော်က စိတ်မရှည်တဲ့အလျောက် “ဟိတ်ကောင်၊ မသွားနဲ့ကွာ။ မသွားရဘူးကွာ” လို့ ဟောက်လွှတ်လိုက်တယ်။ အဲဒါကို ကျေးဇူးရှင်က အိမ်ပြန်ရောက်တဲ့အခါ သူ့အမေအဖေတွေကို ကျနော့်လေသံအတိုင်း ပြန်သရုပ်ဆောင်ပြသတဲ့။ သူ့မိဘတွေ ပြန်ပြောပြလို့ သိရတာပါ။
ထူးထူးခြားခြား အင်မတန် ဉာဏ်ကောင်းတဲ့ကလေး နှစ်ယောက်လောက်ကိုလည်း သတိထားမိသေးတယ်။ အဲ…. ကျနော် ကျောင်းဆရာ လုပ်ချင်စိတ်ကုန်သွားလောက်အောင် တတ်နိုင်တဲ့ တပည့်မ တယောက်လည်း ပါလာတယ် ခင်ဗျ။ သူနဲ့ကျမှ ကျနော်ဟာ ကျောင်းဆရာ ပါရမီ မပါ ပါကလားလို့ ကိုယ့်ဘာသာ သဘောပေါက်သွားတဲ့အလျောက် စာသင်ခြင်းအမှုကို အသက်မွေးဝမ်းကြောင်းစာရင်းထဲကနေ အပြီးတိုင် ထုတ်ပယ်လိုက်ရပါတော့တယ်။
ဒီလိုပါ…. မူလတန်း မြန်မာစာဖတ်စာထဲမှာပါတဲ့ “ပျိုမေတသင်း လယ်ထဲဆင်းမည်။ ပျိုးပင်များလည်း သယ်လာကြ၏” ဆိုတဲ့ စာကို သင်တဲ့အခါ အဲဒီတပည့်မက ပျိုမေ နဲ့ ပျိုးပင်ကို ဘယ်လိုကနေ ဘယ်လို ရောထွေးသွားတယ်မသိ။ “ပျိုမေ”ကို “ပျိုးမေ” လို့ချည်း ဖတ်နေတယ်။ ကျနော် ရှေ့ကနေ ဘယ်လိုပြင်ပေးပေး ပြင်လို့မရဘူး။
“လိုက်ဆို…. ပစောက်ယပင့် လုံးကြီးတင် တချောင်းငင် ပျို။”
“ပစောက်ယပင့် လုံးကြီးတင် တချောင်ငင် ပျို။”
“သဝေထိုး မရေ မေ။”
“သဝေထိုး မရေ မေ။”
“ပျို….မေ”
“ပျိုး…မေ”
ဘယ်လိုမှကို ပြင်လို့မရပါဘူး။ ပျိုးမေချည်း ဖတ်တယ်။ ကျနော့်အဖို့ အကြံအိုက်ပြီး စိတ်အရမ်းညစ်ရတဲ့ ကာလတွေပေါ့။ သူ့ကို စာသင်ရတာ ငိုတောင်ငိုချင်တယ်။ စောစောက “ယက်တောင်” ပြင်တဲ့ဆရာကိုလည်း ကိုယ်ချင်းစာမိပါရဲ့။
နောက်ဆုံးတော့ ကျနော် ကိုပေါ လက်မြှောက်လိုက်ပါတယ်။ သူ့ကို ပျိုးမေလို့ပဲ လွတ်လပ်စွာ ပေးဖတ်လိုက်ရပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျနော်လည်း ကလေးတွေကို စာမသင်ဖြစ်တော့ပါဘူး။
ဗဒင်သီချင်းတွေ ခေတ်စားလာတော့ ကျနော့်တပည့်မ သီချင်းကို ဘယ်လို လိုက်ဆိုမလဲဆိုတာသာ စိတ်ဝင်စားမိပါတော့တယ်။
“…..နှလုံးသားငယ်လေး….မျောလွင့်သွားပြီ….ပျိုးပျိုးမေရဲ့…..”း-)
Read more