မိတ်ဆွေတို့၊ ဟောလီးဝုဒ်က နာမည်ကျော် ဟာသရုပ်ရှင်သရုပ်ဆောင် ဂျင်ကာရေး (Jim Carrey) ကို သိကြမှာပေါ့။ ပြီးခဲ့တဲ့လပိုင်းတွေမှာ သူဟာ မြန်မာ့အရေးအတွက် Youtube Video ကတဆင့် လှုံ့ဆော်တဲ့ နေရာမှာ တက်တက်ကြွကြွပါဝင်ခဲ့တာကိုလည်း သတိထား မိကြမှာပါ။
မျက်နှာဖုံး (The Mask) ဆိုတဲ့ နာမည်ကျော် ရုပ်ရှင်ကားအပြင် အစောပိုင်းကာလများမှာ သူပါဝင်တဲ့ အေ့စ်ဗင်တူးရား (Ace Ventura) ဆိုတဲ့ ဟာသကား အတွဲနှစ်တွဲကလည်း နာမည်ကြီးပါတယ်။ ထားပါတော့။ ကျနော်ပြောချင်တာက သူ့အကြောင်းမဟုတ်ပါဘူး။ သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေ ထဲက ဇာတ်ဝင်ကွက် ကလေးတခုကို ပြောပြချင်လို့ပါ။
အဲဒီ အေ့စ်ဗင်တူးရား ဇာတ်ကားမှာ သူဟာ အိမ်မွေးတိရိစ္ဆာန်ပျောက်ဆုံးမှုကို ထောက်လှမ်းရတဲ့ စုံထောက် (Pet detective) အေ့စ်ဗင်တူးရား အဖြစ် ပါဝင် သရုပ်ဆောင်ရတယ်။ ဇာတ်လမ်းအရ သူဟာ ပျောက်သွားတဲ့ တိရိစ္ဆာန်တကောင်နောက်ကို လိုက်လံစုံစမ်းရင်း လူရိုင်းမျိုးနွယ်စုတခုဆီကို ရောက်သွားလေတယ်။ အဲဒီလူရိုင်းမျိုးနွယ်စု ခေါင်းဆောင်က တွေ့တွေ့ခြင်း နှုတ်ဆက်လိုက်ပုံကတော့ အေ့စ်ရဲ့ မျက်နှာကို အားပါးတရ တံတွေးနဲ့ ထွေးထည့်လိုက်ခြင်းပါဘဲ။ အေ့စ်ရဲ့ စကားပြန်က ၀င်ရှင်းပြတယ်။ သူတို့ မျိုးနွယ်စုဓလေ့မှာ လူတဦးကို နှစ်ခြိုက်တယ်ဆိုရင်၊ ဖော်ရွေမှုကို ပြတယ်ဆိုရင် အဲသည်လိုဘဲ မျက်နှာကို အားပါးတရ တံတွေးနဲ့ ထွေးကြရတယ်ဆိုဘဲ။ အဲသည်မှာတင်ဘဲ အေ့စ်ဟာ...သြော်...ဂလိုလား။ စိန်လိုက်လေ....ဆိုတဲ့ မျက်နှာပေးနဲ့ သူ့ရဲ့ခံတွင်းထဲကရော၊ လည်ချောင်းထဲကရော ရှိရှိသမျှ တံတွေးတွေကို အသံစုံမြည်အောင် ခပ်ထုတ်စုပြီး လူရိုင်းခေါင်းဆောင်ရဲ့ မျက်နှာကို အားပါးတရ ပြန်ထွေးလိုက်ပါတော့တယ်။ ဂျင်ကာရေးရဲ့ စပရင် မျက်နှာနဲ့ဆိုရင် အင်မတန်လိုက်ဖက်တဲ့ ဇာတ်ကွက်ပါ။
အဲသည်ဇာတ်ကွက်ကို ကြည့်ပြီးတော့ ခေါင်းထဲကို အတွေးစ တစ ရောက်လာတယ်။ လူတွေရဲ့ ဓလေ့ထုံးစံတွေ (Customs)၊ ရိုးရာတွေ (traditions)၊ ယဉ်ကျေးမှု (culture) တွေက ကမ္ဘာပေါ်မှာ တနေရာနဲ့ တနေရာ မတူကြဘူး။ သည်တော့ စောစောက ဇာတ်ဝင်ခန်းထဲက လူရိုင်းတွေရဲ့ ဓလေ့ကို ကျနော်တို့ မြန်မာဓလေ့စံနှုန်းနဲ့ သွားတိုင်းတာပြီး ...ဟယ် ရိုင်းလိုက်တာ... လို့ ပြောရင် သင့်မယ် မထင်ဘူး။ အလားတူဘဲ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ လူကြီးတွေရှေ့က ဖြတ်လျှောက်ရင် ကိုယ်ကို ကိုင်းညွတ်သွားရမယ်လို့ဆိုတယ်။ အဲဒီအမူအရာဟာ မြန်မာမျက်စိနဲ့ကြည့်ရင် ယဉ်ကျေးတယ် လို့သတ်မှတ်ပေမယ့် တခြားလူမျိုးရဲ့ အမြင်နဲ့ကြည့်ရင် တော်တော် ထော်လော်ကန့်လန့်နိုင်တဲ့ အူကြောင်ကြောင် အပြုအမူလို့ ထင်ကောင်းထင်နိုင်တယ်။ အလားတူဘဲ သူများယဉ်ကျေးမှုက ယဉ်ကျေးတဲ့ အမူအရာဟာ မြန်မာမျက်စိမှာ ရိုင်းပျတဲ့ အမူအရာမျိုး ဖြစ်ကောင်းဖြစ် နေနိုင်တာပါဘဲ။
ခက်တာက ကျနော်တို့မြန်မာစကားမှာက ယဉ်ကျေးမှု (Culture) နဲ့ ယဉ်ကျေးခြင်း (Politeness) မှာ စကားလုံးသုံးစွဲတာက အတူတူဖြစ်နေတော့ နားထွေးချင်စရာ ဖြစ်နေတယ်။ အလားတူပါဘဲ ရိုးသားခြင်း (Sincerity) နှင့် ရိုးအခြင်း၊ နှုံအခြင်း (Simplicity, ignorance) တို့မှာလည်း ...ရိုးတယ်....ဆိုတဲ့ စကားလုံးကိုဘဲ ဘုံသုံးစွဲတော့ နောက်ပိုင်းမှာ လွဲမှားတဲ့ အဓိပ္ပါယ် ကောက်မှုတွေကို တွေ့လာရပါတယ်။ အဲသည်အကျိုးဆက်အဖြစ် မြန်မာ့လူ့အဖွဲ့အစည်းမှာ လွဲမှားတဲ့ အယူအဆတွေနဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာတယ်။ ဒီအကြောင်းတွေဟာ ပြောမယ်ဆိုရင် နက်ရှိုင်းကျယ်ဝန်းလွန်းလို့ ပို့စ်တွေကို နံပါတ်စဉ်ထိုးပြီး အလျဉ်းသင့်သလို ဆက်လက်ရေးသားသွားမယ် ရည်ရွယ်ပါတယ်။
အခုတော့ ယဉ်ကျေးခြင်း (politeness) အကြောင်းနဲ့ဘဲ စတင်ချင်ပါတယ်။
ဗုဒ္ဓဘာသာမှာတော့ ကံတခုကို မြောက်ဖို့ဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးအနက် တပါးပါးနဲ့ဖြစ်စေ၊ တပါးထက်ပို၍ ဖြစ်စေ ပြုလိုက်ရင် ကံတခု အထမြောက်သွားတယ် ဆိုပါတယ်။ ကိုယ်နှုတ်နှလုံး ဆိုကြပါစို့ရဲ့။
ယဉ်ကျေးခြင်းမှာ ကျနော်တို့ငယ်ငယ်ကတည်းက အရိုးစွဲအောင် သင်ခဲ့ရတာတွေက နှုတ်အားဖြင့် ယဉ်ကျေးဘို့၊ ကိုယ်အားဖြင့် ယဉ်ကျေးဘို့တွေ များပါတယ်။ ဥပမာ နှုတ်ယဉ်ကျေးဘို့အတွက်ဆိုရင် ကိုယ့်ထက်အသက်ကြီးသူတွေကို ....ကျွန်တော်၊ ကျွန်မ၊ ဟုတ်ကဲ့၊ ခင်ဗျာ၊ ရှင်...စတဲ့ အသုံးအနှုန်းတွေနဲ့ ပြောတာမျိုး။ ကိုယ်ယဉ်ကျေး (အမူအရာအားဖြင့်)ဘို့ဆိုရင် စောစောက ပြောသလို...လူကြီးရှေ့မှာ ခါးကိုင်းပြီး သွားတာမျိုး၊ လက်နှစ်ဖက်နဲ့ ပေးတာ၊ ယူတာမျိုးတွေ....အစရှိသဖြင့်ပေါ့။
ဒါတွေဟာ...ကောင်းသလား၊ မကောင်းဘူးလား။
အဲသည်အပြုအမူမျိုးတွေကို တန်ဘိုးထားတတ်တဲ့ ပတ်ဝန်းကျင်မှာ လုပ်ရင်တော့ ကောင်းတယ်ဘဲ ပြောရမှာပေါ့။ ဒါပေမယ့် သူများယဉ်ကျေးမှုပတ်ဝန်းကျင်ရောက်လာရင် ဒါတွေက အံဝင်ဂွင်ကျ မရှိတော့ဘဲ အလကားဖြစ်သွားတော့တာပါဘဲ။ ဒီလိုပြောလိုက်လို့ တခြားဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေမှာ အဲသည်လို ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ၊ အမူအရာတွေ မရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ပြောချင်တာက (Culture) နဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုစံနှုန်းဆိုတာ တသတ်မတ်တည်း မရှိနိုင်ဘူး။
ကျနော့်အမြင်အရပြောရရင် အဲဒီ ယဉ်ကျေးတဲ့ အပြောအဆို၊ အမူအရာတွေဟာ လူ့ပတ်ဝန်းကျင်မှာ သုံးစွဲရင် ရိုးသားမှု (Sincerity) နဲ့ ပူးတွဲ သုံးစွဲကြပါမှ ကောင်းသော အကျိုးရှိမယ်။ ရိုးသားမှု မပါရင် အဲဒါတွေဟာ အပေါ် ယံသက်သက်သာဖြစ်ပြီး လူကောင်းလူဆိုး ခွဲခြားရ ခက်လာတဲ့ ဆိုးကျိုးဆက် တွေရှိတယ်။ ကျနော့်အနေနဲ့ဆိုရင် လူတယောက် ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာကို နှုတ်ယဉ်ကျေးမှု၊ ကိုယ်ဟန်အမူအရာ ယဉ်ကျေးမှု စတာတွေနဲ့ ဆုံးဖြတ်မယ့်အစား အဲသည်လူရဲ့ လုပ်ရပ်နဲ့ဘဲ ချင့်ချိန်ဆုံးဖြတ်မယ်။
သည်တော့ ရှေ့ဆက်မပြောခင် လုပ်ရပ်တခုရဲ့ ယဉ်ကျေးတယ် မယဉ်ကျေးဘူးကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို ဆွေးနွေးချင်ပါသေးတယ်။ ကျနော့်အလိုအရဆိုရင်တော့ ရိုးသားခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်း၊ ဘက်မလိုက်ခြင်း၊ ရဲရင့်ခြင်း၊ မေတ္တာတရားရှေ့ထားခြင်း၊ ကိုယ်ချင်းစာစိတ်ထားခြင်း စတဲ့ ဂုဏ်အင်္ဂါအရည်အသွေးတွေ ပါဝင်တဲ့ လုပ်ရပ်မျိုးဆိုရင် ယဉ်ကျေးတယ်လို့ဆိုချင်ပါတယ်။ အဲဒါတွေ ကင်းမဲ့နေမယ်ဆိုရင်တော့ မယဉ်ကျေးဘူး၊ ရိုင်းပျတဲ့ လုပ်ရပ်လို့ သတ်မှတ်ပါမယ်။
ဒါတွေကို ဘာကြောင့်ပြောနေရသလဲဆိုရင် ဒီနေ့ မြန်မာ့ လူ့ပတ်ဝန်းကျင်မှာ အဲဒီ အပေါ်ယံ ယဉ်ကျေးမှုက အရမ်းဖုံးလွှမ်းနေတာကို တွေ့ရလို့ဖြစ်တယ်။
ဥပမာဆိုရရင် ဈေးရောင်းတော့မယ့် ဈေးသည်လက်သစ်တယောက်ကို ၀ိုင်းဝန်းအကြံပေး ကြတာတွေ ရှိတယ်။ ....နှုတ်ချိုပြီးတော့ လက်တိုရမယ်.....တဲ့။ ဆိုလိုတာက နှုတ်က ရွှန်းရွှန်းဝေအောင် အချိုသကာတွေ လိမ်းကြံပြောဆိုပြီး ရောင်းကုန်ကိုတော့ ပိုပိုသာသာမပေးဘဲ ပေးသင့်ပေးထိုက်တာထက် လျှော့ပေး လိုက်တာမျိုးကိုပေါ့။ အဲသည် အဖြစ်အပျက်မှာကြည့်ရင် အပြောအားဖြင့် ယဉ်ကျေးပြီးတော့ တကယ့်လုပ်ရပ်မှာတော့ မယဉ်ကျေးတာကို တွေ့ရမယ်။
အလားတူပါဘဲ။ နှိမ့်ချခြင်းနဲ့ ပတ်သက်လို့လည်း တသဘောတည်းဘဲ။ လူတယောက်ဟာ တကယ် နှိမ့်ချ (နိဝါတောစ) တာလား၊ သက်သက် အပြင်ပန်း ဟန်ဆောင်ပန်ဆောင် နှိမ့်ချတာလား ဆိုတာလည်း သူ့ရဲ့ အပြင် ပန်း အပေါ်ယံ ရွှေမှုန်ကြဲနဲ့ မဆုံးဖြတ်ဘဲ တကယ်လုပ်ရပ်ရဲ့ နှိမ့်ချမှု၊ ယဉ်ကျေးမှု စတာတွေနဲ့ဘဲ ဆုံးဖြတ်သင့်ပါတယ်။
အများမြင်သာတဲ့ သိသာထင်ရှားတဲ့ ဥပမာတခုပေးရရင် ဗိုလ်မှူးချုပ် သူရမြင့်မောင် တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ သံဃာတော်ကြီးများရှေ့မှာ မခုတ်တတ်တဲ့ ကြောင်ကလေး များသဖွယ် ပုံပုံယုံ့ယုံ့ကလေး ထိုင်ကြကာ ....အရှင်ဘုရားတို့ဘုရား။ တပည့်တော်တို့ ဟာ....အစချီကာ ယဉ်ကျေးဘွယ်ရာ အသုံးအနှုန်းများနဲ့ လျှောက်ထားနေတာကို တွေ့လိုက်ရလို့ သူတို့ကို ယဉ်ကျေးသူများ နှိမ့်ချသူများ လို့ သတ်မှတ်လို့ မရပါဘူး။ တကယ်တမ်းမှာ သူတို့ သံဃာတော်တွေ အပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ ပြီးခဲ့တဲ့ အရေးအခင်းမှာ သံဃာတော်တွေအပေါ်မှာ သူတို့ ကိုင်တွယ်ပုံအပေါ်ကြည့်ပြီး ဆုံးဖြတ်မှ သူတို့ဟာ အမှန်တကယ် ယဉ်ကျေးသူတွေလား၊ အမှန်တကယ် နှိမ့်ချသူတွေလား ဆိုလာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
အထက်ပါဥပမာလောက် သိသာထင်ရှားခြင်းမရှိပေမယ့် အလားတူ အပေါ်ယံ ရွှေမှုန်ကြဲသမားများကို ကျနော်တို့ မြန်မာလူမှုပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်နေရပါတယ်။ နောက်ထပ် ဥပမာတခုကို ပြောပြရမယ်ဆိုရင်.....
အစည်းအဝေးတခုမှာ အစည်းအဝေးကို Chair လုပ်တဲ့ လူတယောက်ဟာ အစည်းအဝေး တက်ရောက်လာတဲ့ လူတယောက်ချင်းဆီက အထင်အမြင်တွေကို ယဉ်ကျေးသိမ်မွေ့သော စကားလုံး ဟန်ပန်များနဲ့ တောင်းခံပါတယ်။ အဲသည်လိုကြားလိုက်ရရင် အဲဒီ Chair လုပ်သူဟာ တကယ်ဘဲ စိတ်သဘောထား ကြီးကျယ် မွန်မြတ်သူလို့ (Open minded person) အထင်ရောက်သွားစရာပါ။ သို့သော် တကယ်လုပ်ရပ်မှာတော့ သူဟာ အများရဲ့ အမြင်ကို ဘေးချိတ်ပြီး သူသန်ရာ သူလုပ်သွားပါတော့တယ်။ ဒီတော့ စောစောက သူတ ယောက်ချင်းစီကို လိုက်မေးတယ်ဆိုတာက အပေါ်ယံ ဟန်ဆောင်မေးတာဘဲ ဆိုတာ ပေါ်လွင် ထင်ရှားသွားပါတော့တယ်။
မြန်မာ့ သမိုင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆိုရင် စကားပြောတဲ့ နေရာမှာရော၊ အမူအရာမှာပါ သိပ်ချိုသာယဉ်ကျေးလှတဲ့သူတယောက် မဟုတ်ပါဘူး။ တချို့မိန့်ခွန်းတွေမှာ ဆိုရင် စကားလုံးကြမ်းကြမ်းတွေ သုံးတာတောင် တွေ့ရပါတယ်။ ဒါပေ မဲ့လည်း သူ့ရဲ့ စိတ်စေတနာနဲ့ ရိုးဖြောင့်မှုကြောင့် သူ့လုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့လုပ်ရပ်တွေအဖြစ် အများပြည်သူက သဘောပေါက် လက်ခံခဲ့ကြပါတယ်။
စကားလုံးတွေ၊ ကိုယ်အမူအရာတွေဟာ ချိုသာနေနိုင်ပါတယ်၊ ယဉ်ကျေးနေနိုင်ပါတယ်၊ သို့သော် ရိုးသားမှုနဲ့ တွဲမနေရင် တကယ့်လုပ်ရပ်မှာတော့ ရိုင်းပျ နေနိုင်ပါတယ်။ ဒီတော့ နောက်တခါ ကျနော်တို့ လူယဉ် ကျေးဆိုသူတွေနဲ့ တွေ့ကြမယ်ဆိုရင် အဲဒီလူယဉ်ကျေးတွေမှာ ရိုးသားမှု ရှိမရှိကို အရင်ဆန်းစစ်ကြစို့လားဗျာ။
ကိုပေါ
(အောက်တိုဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်)
Read more