My first writing in Blog

Share |
ဘလော့ဂ် စတင်ရေးသားခြင်း

ငါ ဒီနေ့ ဘလော့ဂ် စရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

သူများတွေ ဘလော့ဂ်ရေးနေကြတာတော့လည်း ငါ တွေ့နေသားဘဲ။ ငါက ဘာကြောင့် အခုမှ ရေးရသလဲ။ ဟိုတလောက ပိတ်သွားတဲ့ မြန်မာတီးရှော့ပ်ဖိုရမ်မှာ ညောင်ရမ်းဂွတို ဆိုတဲ့ အမည်နဲ့ နေ့နေ့ညည ငါ ၀င် ရောက်ရေးဘူးပါရဲ့။ တီးရှော့ပ်မှာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ကိုယ်နဲ့ စိတ်တူကိုယ်တူ လှုပ်ရှားနေတဲ့ သူတွေ အများကြီး တွေ့ဆုံလိုက်ရပြီး သူတို့ရဲ့ အမြင်တွေ၊ တက်ကြွမှုတွေလည်း တစွန်းတစ မြင်လိုက်ရတယ်။

နောက်ပိုင်းမှာ မြန်မာတီးရှော့ပ်က ဖွင့်ချည်ပိတ်ချည်နဲ့ ငါ စိတ်မရှည်နိုင်တော့လို့ ၀င်မရေးဖြစ်တော့ဘူး။ အဆုံးသတ်မတော့ ပြဿနာတွေ ဗရပွနဲ့ တီးရှော့ပ်ကို လုံးဝ ပိတ်လိုက်ကြတယ်လို့ ကြားးရတယ်။ အဲသည်မှာဘဲ စောစောက တက်ကြွခဲ့တဲ့သူတွေထဲက တချို့ဟာ ကိုယ်ပိုင်ဘလော့ဂ်တွေ အသီးသီး ဖွင့်ပြီး ဆက်လက် စခန်းသွားကြတာကို တွေ့ရတယ်။

ငါကတော့ သည်ဘက်မှာ အိုးဝေ(စင်္ကာပူ) ဆိုတဲ့ ဒီမိုကရေစီအရေး အင်တာနက်စာမျက်နှာ တခုမှာ စာမူတွေ ကို စာစီပေးရင်း၊ သရုပ်ဖော်ပုံထည့်ပေးရင်းနဲ့ အလုပ်တွေ ရှုပ်ပြီး ကိုယ်တိုင်ဘလော့ဂ်လုပ်တဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး။

မြန်မာဘလော့ဂ်တွေကိုတော့ အားတဲ့အခါ လျှောက်ဖတ်ဖြစ်တယ်။ ရှိရှိသမျှ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ မြန်မာဘလော့ဂ်တွေထဲမှာ ငါကြိုက်နှစ်သက်တဲ့ဘလော့ဂ်တချို့ရှိတယ်။ သူတို့ထဲက ဘလော့ဂ်သုံးခု အကြောင်းကို မြန်မာလို စရေးတဲ့ ငါ့ဘလော့ဂ်မှာ နည်းနည်း ရေးပြချင်တယ်။

(၁) ညီလင်းဆက်

အခုတလောမှာ ပို့စ်အသစ်တက်တာတော့ သိပ်မတွေ့ရတော့ဘူး။ ငါ သူ့ဘလော့ဂ်ကို စတွေ့တာကလည်း အလွန်ဆုံးရှိရင် သုံးလေးငါးလပေါ့။ ဒါပေမယ့် သူ့စာတွေကို ဖတ်ရင်း ငါဟာ ဘိန်းစွဲသလိုဘဲ။ ဟိုးရှေ့ပိုင်းနှစ်တွေဆီက သူရေးခဲ့တဲ့ ပို့စ်အဟောင်း ရှေးရှေး နှောင်းနှောင်းတွေပါ မွှေနှောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် လိုက်ဖတ်နေမိခဲ့တယ်။

ညီလင်းဆက်နဲ့ ပတ်သက်လို့ ဘာကို ကြိုက်တာလဲလို့ ငါ့ဘာသာ ငါပြန်စဉ်းစား ကြည့်မိတယ်။ ဖြစ်နိုင်ခြေရှိတာတွေကတော့

- သူ့အမြင်ကို ရိုးရိုးရှင်းရှင်း တင်ပြတတ်တယ်။

- သူရေးတဲ့အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင်ရှိပြီး စိတ်ဝင်စားဘွယ်ကောင်းအောင် ရေးတတ် တယ်။

- သူ့ကိုသူ လူစွမ်းကောင်းလို့ စာဖတ်သူအထင်ရောက်အောင် တမင်ကြိုးစားပြီးမရေးဘူး။ သူတခုခု လုပ်နေတယ်ဆိုရင် လုပ်နေတဲ့ကိစ္စနဲ့ သူ့အမြင်ကိုဘဲ တင်ပြတယ်။ သိပ်ပြီး အသားယူနေတာမျိုး မရှိဘူး။ ရိုးသားမှုကို တွေ့ရတယ်။

- သူတပါးရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်နေတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ အဲလိုဂရုစိုက်နေရင်လည်း သူရေးတဲ့ တချို့ပို့စ်မျိုးတွေ ထွက်လာစရာ အကြောင်းမရှိ တော့ဘူးလို့ ငါထင်တယ်။

- တချို့အမြင်တွေမှာ ငါနဲ့ ထပ်တူကျပြီး တချို့မှာတော့ ဆန့်ကျင်ဘက်ဘဲ။

- မြန်မာလို ပြေပြေပြစ်ပြစ်၊ မှန်မှန်ကန်ကန်နဲ့ ရှင်းရှင်းလင်းလင်းရေးတတ်တယ်။

သူ့ဘလော့ဂ်ကနေတဆင့် ဖတ်ရသလောက်တော့ ငါနဲ့ ကီးကိုက်ပါတယ်။ ဒါပေမယ့် လူ့အကြောင်းက ပေါင်းကြည့်မှ သိရတာမျိုးဆိုတော့ တကယ့်တကယ် အပြင်မှာ တွေ့ရင်တော့ ပေါင်းသင်းရခက်ခဲတာမျိုး၊ လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားတာ မျိုးလည်း ဖြစ်သွားနိုင်တယ်။ ငါကလည်း လူပေါင်းသိပ်ဆန့်တဲ့လူစားတော့ မဟုတ်ဘူး။ အလာပ သလာပ ပြောရတာကို အင်မတန် စိတ်ညစ်တဲ့ လူစားမျိုး။

(၂) မေဓါဝီ

ငါက အရင်က စာရေးရင် ပြောဟန်နဲ့ ရေးတဲ့လူမျိုးမဟုတ်ဘူး။ အဲ…၀န်ခံရရင် ငါ့အနေနဲ့ ဖြစ်ဖြစ်မြောက်မြောက်လည်း စာမရေးဘူးသေးပါဘူး။ ဒေါက်တာသန်းထွန်းရဲ့ …ငါပြောချင်သမျှ ငါ့အကြောင်း….ဖတ်ပြီးတော့မှ အဲဒီအထဲမှာ သူပြောတဲ့ ပြောဟန်နဲ့ ပတ်သက်တဲ့ သူ့ဝါဒကို သဘောကျပြီး အခုစရေးကြည့်တာဘဲ။ အဲဒီတော့ စကားပြေရေးဟန်နဲ့ တလျှောက်လုံး ရေးခဲ့တဲ့ ငါဟာ မြန်မာစာကို ပြေပြစ်ချောမွေ့လှပစွာ ရေးသားလေ့ရှိတဲ့ မေဓါဝီကို ကြိုက်တာ မဆန်းဘူး။ သူရေးတာဆို ရာသီဘွဲ့ကအစ ငါကြိုက်တယ်။ သူ့အမြင်လေးတွေကို နှစ်သက်သလို တင်ပြပုံကိုလည်း ကြိုက်မိတယ်။ အခု ဘလော့ဂ်မရေးတော့ဘူးဆိုတော့ သူများတွေအဖို့တော့ ဘယ်လိုနေမယ်မသိ။ ငါတော့ တော်တော်နှမြောမိတယ်။

(၃) ဂျင်နရေးရှင်း၉၆

သူ့ဘလော့ဂ်ကို ငါဝင်ဖတ်မိတာ ဘာကြာသေးလို့လဲ။ ဒါပေမယ့် တချို့ပို့စ်တွေ ငါသိပ်ကြိုက်တယ်။ အထူးသဖြင့် စင်ကာပူအစိုးရရဲ့ ပေါ်လစီနဲ့ ပတ်သက်တဲ့အမြင်တွေ၊ အာစီယံအဖွဲ့ရဲ့ ဂဂျိုးဂဂျောင်သဘောထားတွေကို ဝေဖန်တဲ့ ပို့စ်တွေမှာ ပြောင်မြောက်လွန်းလို့ ငါ သိတဲ့လူတွေကို ဖတ်ဘို့ လက်တို့ရတယ်။

စင်ကာပူမှာ ရှိတဲ့ မြန်မာ့ဒီမိုကရေစီ အရေးထောက်ခံသူတချို့ဟာ စင်ကာပူအစိုးရကို ဝေဖန်ဘို့ဆိုရင် အင်မတန် နှာစေးနေတတ်ကြတာများတယ်။ အဲသည်လို လူမျိုးတွေဆို မနုဿီဟတွေ (ဖင်နှစ်ခွနဲ့မို့) (သို့) (Double Standard) ရှိသူတွေလို့ဘဲ ငါက သဘောထားတယ်။ အဲဒီသူတွေဟာ…မြန်မာပြည်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လိုချင်တယ်…အော်ကြတယ်။ အဲဒီ လူ့အခွင့်အရေးအတွက်၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းတခုလုံးကနေ ၀ိုင်းဝန်း ထောက်ခံတာကို လိုချင်ကြတယ်။ အဲဒီလို ထောက်ခံမှုရဘို့အတွက် ကြိုးလည်းကြိုးပမ်းကြပါတယ်။ ဒါပေမယ့်…မိမိကိုယ်တိုင်ကျတော့ သူများတိုင်းပြည်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံမှုမပြု၊ မသိကျိုးကျွန် ပြုချင်ကြတယ်။

အဲသလိုပြောလိုက်လို့ အဲဒီလူတွေကို စင်ကာပူက လမ်းမတွေပေါ်အထိ ထွက်ပြီး ဆန္ဒပြဘို့ကို တိုက်တွန်းနေတာမဟုတ်ဘူး။ အဲလောက်အထိ လုပ်ဘို့ဆိုတာ လူတဦးချင်း အနေနဲ့ မိမိယုံကြည်ချက်အတွက် ဘယ်လောက်ထိ ပေးဆပ်ဘို့ အဆင်သင့် ရှိနေသလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်ဆိုတာကို ငါနားလည်ပါတယ်။ ငါကိုယ်တိုင်လည်း ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့၊ မစုစုနွေးတို့လောက် စွန့်လွှတ်အနစ်နာမခံနိုင်ဘူး။ ဒါပေမယ့် ငါ့ရပ်တည်ချက်က ခိုင်တယ်။ ငါ့မူကို ငါမဖောက်ဖျက်ဘူး။ ငါထောက်ခံသင့်တဲ့သူတွေကို စိတ်ထဲကလည်း ထောက်ခံတယ်။ နှုတ်အားဖြင့်လည်း ထုတ်ဖော်ပြီး ထောက်ခံတယ်။ အလျှင်းသင့်တိုင်း သူတို့ရဲ့အရေးတွေကို ငါက မြှင့်တင်ပေးဘို့ ကြိုးစားတယ်။ ငွေကြေး အားဖြင့်လည်း တတ်နိုင်သရွေ့ ပံ့ပိုးတာပါဘဲ။ သူတို့ရဲ့အရေးတွေကို ငါတတ်နိုင်သလောက် ပါဝင် ထောက်ကူမှုပြုတယ်။

ဒါပေမယ့် စောစောက ငါပြောတဲ့ မနုဿီဟတွေကကျတော့ မိမိမပါဝင်နိုင်တာကို အသာမနေဘဲ သူများနိုင်ငံက ဥပဒေကို မချိုးဖောက်လိုလို့ မထောက်ခံရသယောင်ယောင်၊ ဒီဘက်က အတိုက်အခံတွေရဲ့ ရပ်တည်ချက်ကိုဘဲ မထောက်ခံနိုင်လို့ မလုပ်ရ သယောင်ယောင် လှည့်ပတ်ပြောပြီး တကယ် လုပ်တဲ့သူတွေကိုတောင် အပြစ်ပြောချင်ကြတယ်။ ဆိုလိုတာက မိမိရပ်တည်ချက်ကို နေရာ၊ ဒေသ၊ ကာလ၊ ဖြစ်ရပ် နဲ့ လိုက်လျောညီထွေ ပြောင်းလဲဖို့ ကြိုးစားကြတာတွေ တွေ့ရတယ်။ အဲဒီလို ရပ်တည်ချက် ဗလောင်းဗလဲ လုပ်သူတွေဟာ အင်မတန် စိတ်ကုန်ဘို့လည်းကောင်းတယ်။ ငါက လူတယောက် မသိ နားမ လည်တာကို အပြစ်မဆိုပါဘူး။ ကြောက်တာကိုလည်း နားလည်ပေးလို့ရတယ်။ ဒါပေမယ့် လူတယောက် မရိုးသားပြီဆိုရင်တော့ မစင်ဘင်ပုပ် ထက်တောင် ရွံရှာသေးတယ်။

ဒါတွေက မြန်မာဘလော့ဂ်တွေမှာ လျှောက်သွားရင်း ငါ့စိတ်ထဲမှာ အမှတ်ထင်ထင် ကျန်ရစ်တဲ့ ဘလော့ဂါ သုံးယောက်အကြောင်းကို ပြောပြရင်းနဲ့ စကားစပ်မိလို့ပြောပြတာပါ။ တကယ်တမ်းမှာတော့ အဲဒီသုံးယောက် လုံးကို ငါအပြင်မှာ မြင်လည်းမမြင်ဘူး၊ အဆက် အသွယ်လည်း မရှိပါဘူး။ သူတို့ဘလော့ဂ်တွေထဲမှာ သူတို့ရေးတဲ့စာကိုဖတ်ပြီး ငါ့ဟာငါ ကြိုက်လို့ စိတ်ထဲမှာ အမှတ်ထင်ထင် ဖြစ်ကျန်ခဲ့တာကို ရေးပြမိတာပါ။

အခု ငါ့ဘလော့ဂ်မှာ ငါ့ခံစားချက်တွေကို ငါခံစားမိသလို၊ ငါ့အမြင်ကို ငါသုံးသပ်မိသလို၊ ငါ့နဲ့ ထပ်တူကျတဲ့ သူများခံစားချက်တွေ။ အမြင်တွေကို အလျင်းသင့်သလို ရေးသွားမယ်၊ ဖော်ပြသွားမယ် စိတ်ကူးတယ်။

ငါနဲ့ ဆန့်ကျင်ဘက် အမြင်တွေကိုလည်း ငါ့ရှုဒေါင့်ကနေ ဝေဖန်ရေးသားသွားဘို့ စိတ်ကူးရှိပါတယ်။ ငါ ဘလော့ဂ်ရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ …ငါ့အမြင်နဲ့ ထပ်တူမကျတဲ့ အမြင်တွေကို ဘလော့ဂ်တွေမှာ၊ အင်တာနက်စာမျက်နှာတွေမှာ ဖတ်ရင်းတွေ့နေရတယ်၊ အပြင်မှာ သွားရင်းလာရင်းလည်း တွေ့နေရတယ်။ ဒီတော့ မတူညီတဲ့ ကိုယ့်အမြင်ကို သူများသိစေချင်ရင် ငါလည်း ဘလော့ဂ်တခုကနေ ရေးခြင်းနဲ့ တုန့်ပြန်နိုင်တယ် ယူဆလို့ဘဲ….(စီဘောက်နဲ့ ကွန်မင့်တွေမှာ ၀င်ရေးရင် ဝေဖန်ချက်ဆို ဖျက်ပစ်တာ ခံရဘူးတယ်။ မယုံမရှိနဲ့ အရပ်ကတို့)။ …..နောက်တခုက ငါ့ဘလော့ဂ်မှာ ငါ့ခံစားချက်တွေ၊ ငါ့အမြင်တွေကို အမြန်ဆုံး အချိန်မဆိုင်း ချက်ချင်း တင်လို့ရတဲ့ အားသာချက်ကိုလည်း တွေ့ရလို့ဘဲ။

သူများဘလော့ဂ်တွေကို သွားဖတ်ရင် စီဘောက်ထဲမှာ ပေါက်ကရရေးထားတာတွေ ဖတ်ရတယ်။ ငါကိုယ်တိုင်လည်း ပျင်းပျင်းနဲ့ စီဘောက်ထဲမှာဘဲ မှတ်ချက်ဝင်ပေးတတ်တယ်။ အရေမရ အဖတ်မရလည်း ရေးတတ်တယ်။ ကောင်းတဲ့ အလေ့အထ တော့ မဟုတ်ဘူးပေါ့။ စီဘောက်တတ်ထားတာဟာ ကိုယ့်ပို့စ်အပေါ်မှာ ထင်မြင်ချက် (comment) ပေးချင်တဲ့လူတွေကို စီဘောက်စ်ထဲမှာဘဲ ရေးအောင် ဖိတ်ခေါ်နေသလိုဘဲ။ ဒီတော့ ငါ့ဘလောဂ့်မှာ စီဘောက်စ် မထားဘူးလို့ စိတ်ကူးတယ်။

ကွန်မင့်တွေကိုတော့ မတည်းမဖြတ်ဘဲထားမယ်။ ငါ့ကို ကြိုက်သလိုဝေဖန်လို့ရ အောင်လို့။ ဆဲဆိုညစ်ညမ်းတာတွေတော့ အားမပေးချင်တဲ့အတွက် ဖျက်မယ်။ ဆဲလုံးက လွဲလို့ ကြိုက်တဲ့ မှတ်ချက် ၀င်ရေးပါ။ ငါ မတည်းဖြတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ကိုပေါ၊
(၂၅ ရက်၊ အောက်တိုဘာလ၊ ၂၀၀၇)

6 comments:

Anonymous said...

မင်္ဂလာပါ မောင်ညောင်ရမ်း၊ မတွေ့တာကြာပြီ၊ ပျော်ရွှင်စွာ ဘလော့ရေးနိုင်ပါစေဗျာ
လူကြီးမင်း

လူသစ် said...

ကြိုဆိုလေသတည်းပေါ့ဗျာ။
စီဘောက်မထားတာကတော့ ကညောင်ရမ်းသဘောပဲ။ ကွန်မန့်မှာတော့ရေးလို့ရတာပေါ့။ လာရောက်နုတ်ဆက်ရုံလောက်၊ လာဖတ်ပြီး တလုံးနှစ်လုံးလောက်ပြောသွားမယ်ဆိုရုံလောက်ဆိုရင်တော့ ကွန်မန့်မှာရေးကြမယ်မထင်ဘူးဗျ။ သိတယ်မှတ်လား၊ ကလူသစ်အပါအ၀င် မြန်မာတွေက ခပ်ပျင်းပျင်းရယ်။ ကညောင်ရမ်းကလဲ တချို့ကိစ္စနဲနဲပါးပါးလေး၊ အလွယ်တကူလေးပြန်ရေးချင်ရင် ပို့စ်တခုတင်ရမလိုဖြစ်နေပြီလေ။

Ka Daung Nyin Thar said...

စီဘောက်မရှိတော့ ပျင်းတယ်။ ကွန်မန့်မှာ ရေးရမှာ ပျင်းတယ်။
ကွန်မန့်က လေးထောင့်တုံးလေးတွေမြင်ရတာ ဆနွင်းမကင်းတောင် စားချင်တယ်။
ဒေါက်တာသန်းထွန်းရေးဟန်နဲ့ မရေးပါနဲ့ဗျာ။ အမြင်ကပ်လွန်းလို့ပါ။ ဟိ

စကားမစပ် ဓိဌာန်ကို လည်ရစ်နဲ့ ဌ၀မ်းဘဲ ရေးလို့ မရသေးဘူးဗျို့။ ဘယ်လိုရေးလဲဗျ။

Ko Paw said...

လာမယ်၊ ကြာမယ်လေ ကိုကဒေါင်း။ အခုမှ ဘလော့ဂါ အသစ်စက်စက်၊ နုနုထွတ်ထွတ် ကလေးကို မောင်းလှချေလားခင်ဗျာ။ ဒေါက်တာသန်းထွန်းဟန်တော့ မစွန့်တော့ဘူးဗျို့။ ကျွန်တော်က ဂွစာ ဆိုတဲ့လူမျိုးတွေကို အရမ်းသဘောကျတာ။

generation96 said...

ခုမှ ရောက်လို့ ခုပဲရေးသွားတယ်။ ကြိုက်တာတွေရှိတော့ ၀မ်းသာ၏ပေါ့ဗျာ။ ညောင်ရမ်းဂွတိုနဲ့ ကိုပေါ တယောက်တည်း ဆိုတော့ ကောင်းသဗျား။ ဟိုဟိုဒီဒီမှာ ဂွတို ၀င်ဝင်နှိပ်သွားတာတွေ ကြိုက်သဗျ။

mglannthit said...

ခင်ဗျားကြိုက်တဲ့ ဘလော့ဂါ ကိုညီလင်းဆက် တစ်ယောက်တော့ ဘလော့ဖျက်ပစ်လိုက်ပြီဗျာ။ ပြည်တွင်းမှာ ဘလော့လုပ်နည်း သင်တန်းပေးလို့ ၀ိုင်းပြောခံရလို့ တူပါရဲ့။ ဒီအကြောင်း ခင်ဗျား အမြင်လေးကို ဖတ်ချင်တယ်ဗျာ၊ ပို့စ် တစ်ခုလောက် ရေးပေးပါလား။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs