ငယ်ငယ်က ရွာမှာ အလှူခံ အသံချဲ့စက်တွေ မပြတ်လာလေ့ရှိတယ်။ များသောအားဖြင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ အလှူခံတွေပါ။ ဘယ်ဘုရားရဲ့ဝေယျာစ္စအလှူတော်ငွေ၊ ဘယ်ဘုရားကြီးပြုပြင်ရန် စသဖြင့်ပေါ့ဗျာ။
အလှူခံတွေကို ဒိုင်ခံလိုက်ပေးနေတဲ့ အသံချဲ့စက်ဆရာတွေလည်း ရှိတယ်။ ကုန်းဇောင်းက စောမြရတနာ အသံချဲ့စက်တို့၊ ဆေးရောင်းတဲ့ သဘာဝစန္ဒာ အသံချဲ့စက်တို့။ အသံချဲ့စက်တွေမှာလည်း နာမည်ရှိတယ်။ သတ္တုအော်လံပေါ်မှာ ဆေးသားနဲ့ ထင်းနေအောင် ရေးထားတာ။
အလှူခံတခု ရွာကိုရောက်တာနဲ့ အသံချဲ့စက်ဆရာတွေက အလကားမတ်တင်း တည်းခိုလို့ရတဲ့ ဇရပ်မှာ စတည်းချကြတယ်။ ဇရပ်နံဘေးက မန်ကျည်းပင်မြင့်မြင့်ကြီးအထက်မှာ အော်လံနှစ်ခုကို တောင်ဖက်တလုံး မြောက်ဖက်တလုံး လှည့်ချိတ်လိုက်ရင် သူတို့လုပ်ငန်းစလို့ရပြီ။ ပြီးတာနဲ့ မေရှင်ရဲ့အောင်ခြင်းရှစ်ပါး သီချင်းတို့၊ ချိုပြုံးရဲ့“ချမ်းမြေ့ ချမ်းမြေ့ပါစေ၊ ဖေဖေလည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ၊ သားသမီးလည်း ချမ်းမြေပါစေ” ဆိုတဲ့ သီချင်းမျိုး၊ မာမာအေးရဲ့“သီတာရေစင်ပမာ၊ တသွင်သွင် စီးကျလေတာ” စတဲ့ သီချင်းမျိုးတွေ စဖွင့်တယ်။
ကျနော်တို့ရွာကလူတွေဟာ သူ့ဟာသူ အခကြေးငွေနဲ့ အငှားလိုက်လာတဲ့ အလှူခံအသံချဲ့စက်ဆရာကို ရေနွေးကြမ်းတို့၊ လက်ဖက်တို့ သွားပို့တတ်ကြသေးသဗျာ။ အံ့ရော။ ရွာမှာ ဘုရားပွဲရှိလို့ ဇာတ်ပွဲတွေ လာက ရင်လည်း ဇာတ်သမား(မင်းသား၊ မင်းသမီး၊ လူရွှင်တော်)တွေကို အိမ်မှာ ထမင်းဖိတ်ကျွေးတာတို့၊ ရေနွေးကြမ်းနဲ့အချိုပွဲတွေ ခေါ်ကျွေးတာတို့ လုပ်တတ်ကြသေးသဗျား။ ရွာထဲက အပျိုတွေ ဇာတ်မင်းသားကို ငန်းချင်တဲ့ သဘောလည်း ပါတာပေါ့။ အဲဒီ အထဲမှာ ကျနော့် အစ်မဝမ်းကွဲတွေလည်း ကဲကဲလှုပ် ထိပ်ဆုံးက ပါတယ်။
အသံချဲ့စက်သံဟာ ဘယ်လောက်ကျယ်သလဲဆိုတော့ ရွာထဲက လူတွေ အားလုံးကြားရရုံမက၊ လယ်ထဲ ကိုင်းထဲမှာ အလုပ်လုပ်နေတဲ့လူတွေတောင် သဲ့သဲ့လောက်တော့ ကြားရတယ်။ အဲဒီခေတ်က ရေဒီယိုတို့၊ ကက်ဆက်တို့ဆိုတာ ရွာထဲမှာ ငွေကြေးချမ်းသာသူအချို့ပဲ တတ်နိုင်ကြတာဆိုတော့ အများစုက ကိုယ်နားထောင်ချင်တဲ့သီချင်းကို အသံချဲ့စက်ဆရာဆီမှာ သွားတောင်းဆိုကြတာပေါ့။ အသံချဲ့စက်ဆရာဟာ ခေတ်အခေါ်အဝေါ်နဲ့ပြောရရင် ဒီဂျေ ပေါ့ဗျာ။
မေဆွိခေတ်မှာ…
“ငယ်သူငယ်ချင်းလို ခင်နေတာလေး… ရင်မအေးဘူးလားဟယ်…. တို့များကလေးပါဟယ်… တို့နင့်ကိုခင်ပါတယ်ဟယ်… တို့နင့်ကို မမုန်းပါဘူးဟယ်…” ဆိုတဲ့ သီချင်းမျိုး၊
“ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်… ပင်လယ်ကူးတတ်တယ်…ချစ်သမုဒ္ဒရာကြီး ဘယ်လိုကျယ် ကူးတတ်ပါတယ်… ချစ်ဇွဲအံ့လောက်တယ်” ဆိုတဲ့ သီချင်းမျိုးတွေ ဖွင့်လာတယ်။
လွှမ်းမိုးရဲ့ပြန်ဆိုတေးတွေ ခေတ်စားလာပြန်တော့…
“ မိုးမြင့်ယံထဲ… ပျံဝဲတဲ့ လေတံခွန်လေးကိုကြည့်ကာ… အသိတရားတခု ရလိုက်ပါပြီကွယ်” ဆိုတဲ့ နှောင်ကြိုးမဲ့လေတံခွန် သီချင်းတို့၊ “သြော်…ဝေါ်… ဟိုအစ်ကိုကြီးရဲ့…မခင်နှင်းဆီ” ဆိုတဲ့ သီချင်းတွေ လှိုင်လှိုင်ကြားရပြန်တယ်။
အဲ… ကျနော်ဇာတိက မကွေးတိုင်းဆိုတော့ မကွေးမြို့ခံ အဆိုတော် အောင်သူရဲ့…“ ကြာပြီ… မေ့မရနိုင်သူ အဖို့တော့…. မနေ့ကလိုပဲ ထင်သည်… ဝေးကြတော့ ဆွေးရပါပြီ” အစချီ မကွေးမြို့က နေရာတော်တော်များများကို သီချင်းထဲ ထည့်စပ်ထားတဲ့ သီချင်းမျိုးလည်း ဟိုနားသွား ဒီနားသွား ကြားရတတ်ပါတယ်။ မကွေးသူ နီနီဝင်းရွှေရဲ့… “ဒီလိုလေမျိုး ချိုးပြီဆို…. အန္တရာယ်ကင်းအောင် ရွယ်တူဖြစ်ပစေ… ကြိုတင်ကာ တားဖို့… ဦးလေးကြီးလို့…. ခေါ်ထားမှ ဘရိတ်အုပ်မယ်…. ဦးလေးကြီး… (ဒန့် ဒန့် ဒန့်)” ဆိုတာမျိုးက မကြားချင်အဆုံး။
တေးသံရှင် အနိုင်ရဲ့ “သြော…မောင်တို့ အညာမှာ တမာပင်တန်းတွေနဲ့… ထန်းပင်ထန်းတော… လွမ်းမောစရာပဲ ရွှေဂုံသူရဲ့ရွှေဂုံသူရယ်… ရန်ကုန်မြို့ကြီးကိုတဲ့…. ယောင်လည်လည် ရောက်လာခဲ့တယ်… မျက်လုံးလေးကလယ် ကလယ်… မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ… ဒဏ်ရိုက်ခံရတယ်… ကားမှားစီးလို့ ရှက်စဖွယ်မျက်နှာငယ် လှောင်ပြုံးခံရတယ်…” ဆိုတဲ့ သီချင်းကလည်း အညာသားတောသားတွေ သည်းခြေကြိုက် သီချင်းတပုဒ်ပေါ့ခင်ဗျာ။
သီချင်းတွေနဲ့ ဖျော်ဖြေရတာ များလာရင် အသံချဲ့စက်ဆရာက ကက်ဆက်တိတ်ခွေ ဇာတ်လမ်းတွေ ပြောင်းပြီး ဖွင့်ပြပြန်ပါလေရော။
“ကိုသိန်းတန် ကိုသိန်းတန်… စိုး..သဘောင်္ပေါ်ကို တက်ခဲ့မယ်” ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ စိုးမိုးမေတ္တာ ဇာတ်လမ်း။
ဒါမှမဟုတ်…
“အစ်ကိုကြီးရေ၊ ပျော်ရဲ့လားဟင်”
“အင်း”
“ဟင့်အင်း၊ ဟင့်အင်း… အဲဒီ “အင်း”ကြီးကို ယု မကြိုက်ဘူး။ ပျော်လိုက်ထှာကွာ..လို့ ပြော”
ဆိုတဲ့ ယုတို့၊ ဘခက်တို့၊ အောင်ဘော်တို့ရဲ့ ဇာတ်လမ်း။
ဒါမှ မဟုတ်….
“ကျုပ်သူတော်ကောင်းမဟုတ်လို့ ဒမြဗိုလ်လုပ်စားနေတာပေါ့ဗျာ၊ ဒီမှာ ကျုပ်နာမည် ဘုရားဒကာ ဦးအောင်ဒင်လား… ဒမြခေါင်းဆောင် ဗိုလ်အောင်ဒင်လား… ဟွန်းဟွန်းဟွန်းဟွန်း… မေးမှ မေးရက်ပလေဗျာ” ဆိုတဲ့ ဂီတစာဆို မောင်ကြေးမုံ ပြန်လည်ဆန်းသစ်သော (ပြည်သူ့အချစ်တော် အကယ်ဒမီကောလိပ်ဂျင်နေဝင်း ပါဝင်သရုပ်ဆောင်တဲ့) ဗိုလ်အောင်ဒင်ပြန်လာပြီ ဇာတ်လမ်း…
“ဆရာဆိုတာ… စေတနာရယ်၊ ဝါသနာရယ်… အနစ်နာရယ်…” ဆိုတဲ့ ဘီအီးဒီအောင်သိုက်ရဲ့ဇာတ်လမ်းတွေတို့ကို ထပ်တလဲလဲ မရိုးတမ်း ဖွင့်ကြပါတယ်။
အဲ ရွာထဲက သဒ္ဓါကြည်လင် ပါရမီရှင်တွေကလည်း အလှူငွေများ သွားရောက် ထည့်ဝင်ကြပါတယ်။ ဒီတော့ နှစ်နာရီ တခါလောက်… အသံချဲ့စက်ဆရာက သူ့ရဲ့ဖျော်ဖြေမှုတွေကို ရပ်ဆိုင်းပြီး အလှူရှင် စာရင်းကို ကြေညာရတယ်။
“ဦးအေးမောင်၊ ဒေါ်ခင်ကြည် မိသားစုကလည်း ပုဗ္ဗ၊ မုံစ၊ ပရ စေတနာ သုံးတန်ပြဋ္ဌာန်းပြီး သကာလ နိဗ္ဗာန်ကို ရည်စူးပြီး ပါဝင်လှူဒါန်းတာကတော့ အလှူတော်ငွေ နှစ်ကျပ်”
“ဦးဖိုးခွေးနဲ့ဒေါ်သင်းကြည်တို့ရဲ့သားသမီးရတနာ ပထမတန်း ကျောင်းသားလေး မောင်ကြည်ခွေး က စေတနာ သဒ္ဒါတပ်အားနဲ့ နည်းများမဆို ပါဝင်လှူဒါန်းလိုက်တာကတော့ အလှူတော်ငွေ ဆယ်ပြား”
စသဖြင့်ပေါ့။
ရှစ်တန်းကျောင်းသားအရွယ်မှာ ကြီးကောင်ဝင်စပြုလာတဲ့ ကျောင်းသားတချို့ မဟုတ်တယုတ် စ လုပ်စပြုလာတယ်။ အလှူခံအသံချဲ့စက်ဆရာဆီမှာ အတန်းတူကောင်မလေးတွေ နာမည်နဲ့ သွားလှူကြတယ်။
“ဦးပေါ်ဦး၊ ဒေါ်တင်ရီတို့ရဲ့သမီးငယ် ကျောင်းသူကလေး မမိုးမိုးက စေတနာ သဒ္ဓါထက်သန်စွာ လှူဒါန်းသွားတာကတော့ အလှူတော်ငွေ တမတ်” ဆိုတာမျိုး အသံချဲ့စက်က ကြားလာရတတ်တယ်။ နောက်တရက်တော့ အဲသည်ကလေးမ မျက်နှာ စူပုပ်ပြီး ကျောင်းလာတာမြင်ရင် ဟိုကောင်တွေ တဟိဟိနဲ့ ကျိတ်ရယ်ကြတယ်။
တကယ်တော့ ရွာမှာ လာအလှူခံတဲ့ အလှူခံတွေဟာ ဘာအတွက် အလှူခံတယ်ဆိုတာ ရွာသားတွေကြည့်ရတာ သိပ်စိတ်ဝင်စားပုံ မပေါ်ဘူး။ အလှူခံရောက်တယ်ကြားတာနဲ့ ဇရပ်မှာ သွားလှူကြတာပဲ တွေ့ရတယ်။ ဟိုက ဖြတ်ပိုင်းလည်း ပေးတာမဟုတ်။ အလှူရှင်စာရင်း အော်ဖတ်ပြလို့ရအောင် စာရင်းစာအုပ်ကလေးထဲမှာ နာမည်နဲ့ငွေ တွဲမှတ်တာလောက်ပဲ။ ဒီငွေတွေကို ဘယ်လောက်ရလဲ၊ ဘယ်ရောက်သွားသလဲ… ဘယ်သူမှ စာရင်းစစ်တာ မတွေ့ရဘူး။ ဘယ်သူမှလည်း စိတ်ဝင်စားဟန်မပြ။ အလှူခံရွာက ပြန်သွားတာနဲ့ ပြီးသွားရော။
ဒီကနေ့ မြန်မာအစိုးရလည်း ငယ်ငယ်က ရွာကိုလာတဲ့ အလှူခံအသံချဲ့စက်တွေလိုပါပဲ။ မန်ကျည်းပင်ထိပ်က အော်လံကြီးနှစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်ကတဆင့် တကမ္ဘာလုံးကြားအောင် ပြုပြင်ပြောင်းလဲရေး ဇာတ်ထုတ်တွေ၊ သီချင်းတွေ မနားတမ်း ဖွင့်ပြနေတယ်။ သူတို့ကို ထောက်ခံသူတွေကလည်း ကျနော်တို့ ရွာက အလှူငွေထည့်တဲ့ ရွာသားတွေလိုပါပဲ။ ဘာမှ မေးခွန်းထုတ်ခြင်းမရှိ၊ စာရင်းစစ်ရန်လည်း စိတ်မဝင်စား။ ပွင့်လင်းမြင်သာတဲ့အပြောင်းအလဲတွေ တကယ်ဖြစ်မဖြစ် ဘယ်သူမှလည်း ဆန်းစစ်ကြည့်ရန် စိတ်ပါပုံမရ။ အလှူခံအသံချဲ့စက်ကို ရွာသားတွေ အားပေးသလိုမျိုးနဲ့ အားပေးနေကြတာကို တွေ့ရပါတယ်။
ဒီတော့ ငယ်ငယ်က အလှူခံအသံချဲ့စက်က ဖွင့်တဲ့ ရွှေမန်းတင်မောင် သီချင်းလေးတပုဒ်ကိုပဲ အသားကုန် ဟစ်ဆိုလိုက်ချင်ပါတော့တယ်။
“ဇဗ္ဗူတဝှမ်းမှာ လှူဒါန်းမယ့်သူတွေ…. အောင်ပါစေ…”
ကိုပေါ။
၃.၁၀.၂၀၁၂