ဖောင်ချိုး တိုက်ပွဲ

မြစ်တဖက်ကမ်း၌ ဖောင်များ ဆိုက်ကပ်လိုက်သည့်အချိန်မှာပင် နေမင်းသည် ရိုးမတောင်တန်းနောက်ကွယ်သို့ လုံးလုံးလျားလျား ငုပ်လျှိုးသွားချေပြီ။

မြစ်ကမ်းနဖူးရှိ တောတန်းထက်မှ အိပ်တန်းပြန် ငှက်ကျေးတို့၏ ကျီကျီကျာကျာ အော်မြည်သံများကို ကြားရပါ၏။ မြစ်တဖက်ကမ်းဆီမှာတော့ ခရီးတထောက် နားခိုခဲ့ရာ ညောင်နှစ်ပင်စခန်းကို ဆည်းဆာရိပ်တွင် ခပ်ပျပျ လှမ်းမြင်နေရသေးသည်။

“ကဲကဲ…. လူတွေ စုံမစုံ စစ်ကြဟေ့။ လက်နက်နဲ့ ရိက္ခာတွေ ကမ်းပေါ်ကို ချကြ”

မိုးချုန်းသံပမာ ကျယ်လောင်လှသော တပ်မှူးကြီး၏ အမိန့်သံကို နာခံကာ ကိုယ်စီကိုယ်ငှ တာဝန်တွေကို တက်ညီလက်ညီ ဆောင်ရွက်ကြရသည်ပ။ သည်အခိုက်မှာပင် ကမ်းနဖူးဆီသို့ မြင်းဒုန်းစိုင်းစီးလာသူ တဦးကို မြင်လိုက်ကြရသည်။

“ဟာ…. ကင်းထောက် တပ်မှူးလေး ပွေးလွင် ပါလားဟေ့၊ စစ်သတင်းထူးများ ပါသလား”

တပ်မှူးလေးပွေးလွင်သည် မြင်းပေါ်မှ ဖုတ်ကနဲ ခုန်ဆင်းကာ တပ်မှူးကြီး ခေါ်မင်နောင်ရဆွေ ၏ ရှေ့တွင် ကပျာကယာ ဒူးထောက်ခစားလိုက်ရင်း…

“မှန်ပါ။ ဗိုလ်သန်းရွှေတို့၊ ဗိုလ်သိန်းစိန်တို့သည် ဆင်တပ်၊ မြင်းတပ်၊ လားတပ် တပ်မကြီး သုံးခုနှင့် မျက်နှာတူရူ ကုန်းကြောင်းက စစ်ကုန်ဖွင့်၍ ချီလာကြောင်းပါ။ ကြံဖွံ့၊ စွမ်းအားရှင်နဲ့ အမျိုးသမီးရေးရာ စစ်သည်အင်အား စုစုပေါင်းလိုက်လျှင် ကျွန်တော်မျိုးကြီးတို့ အင်အားထက် အဆပေါင်း သိန်းနဲ့ချီ၍ များပြားလှကြောင်းပါ”

တပ်မှူးကြီး ခေါ်မင်နောင်ရဆွေလည်း တပ်မှူးလေးပွေးလွင်၏ စစ်သတင်းစကားကို လည်လည်ထပ်ထပ် နားထောင်သုံးသပ်ပြီးလတ်သော်……

“အိမ်း၊ တချီတမောင်းတော့ တွေ့ကြသေးတာပ။ ကဲ…. တပ်မှူးတို့… ငါတို့ စီးနင်းလာခဲ့တဲ့ “ရွှေဂုံတိုင်ကြေညာစာတမ်း” ဖောင်တော်ကြီးနဲ့ “၉၀ ရွေးကောက်ပွဲရလဒ်” ဖောင်တော်ကြီးတွေကို အခုချက်ချင်း ဖျက်ကြ”

တပ်မင်းအမိန့်ကို ကြားသောအခါ “တပ်မှူး ဗညားသန်းထိန်း” က စိတ်မသက်မသာဖြင့် အောက်ပါအတိုင်း အတွန့်တက်လိုက်သည်။

“တပ်မှူးကြီး… ဖောင်တွေ ဖျက်လို့ ကောင်းပါ့မလား။ ကိုယ့်အင်အားက နည်းပါးနေတော့ မတော်တဆ အရေးအရာ နိမ့်ပါးခဲ့လျှင် ပြန်ဆုတ်ရန်အတွက် ဖောင်တွေပြင် ဖို့ အချိန်မရရင် မခက်ပါလား”

ဤစကားကို ကြားသော် တပ်မှူးကြီး ခေါ်မင်နောင်ရဆွေလည်း နည်းနည်းတော့ တင်းသွားလေသည်။ အင်း….အရေးထဲ ဗိုလ်သန်းရွှေရှေ့မှာ ဖောင်ပြင် ချင်တဲ့ ပုဂ္ဂိုလ်ကလည်း ရှိသေးသကိုး။ သို့သော် အကြီးအကဲပီသစွာ ဒေါသစိတ်ကို ချွန်းနဲ့ ထိန်းအုပ်လိုက်ပြီး အောင်မြင်ခန့်ငြားသော အသံဝါကြီးဖြင့် ဤသို့ မိန့်ကြားလေသည်။

“အစ်ကိုတို့ စိတ်နှစ်ခွ မဖြစ်ကြလင့်။ သေလျှင်ရေဝေး ရှင်လျှင်ကြပ်ပြေး ဆိုတဲ့အတိုင်း စွန့်စွန့်စားစား တိုက်ကြမှသာ တော်ကာကျမည်။ စစ်တို့မည်သည်မှာ အင်အားအနည်းအများသည် ပဓာနမကျ။ လေကြောင်းအသာစီးရမှု…အဲအဲ.. လုပ်ရည်ကိုင်ရည်နှင့် ရဲစွမ်းသတ္တိသာလျှင် အဓိက ဖြစ်ပေသည်”

ဤနေရာတွင် တပ်မှူးလေး စိန်လှပြူး ကလည်း မျက်နှာလိုအားရဖြင့် ကပျာကယာ….

“တပ်မှူးကြီးပြောတာ မှန်ကြောင်းပါ။ သေနင်္ဂဗျူဟာသာလျှင် အရေးအကြီးဆုံးပါ။ ဟိုသီချင်းထဲမှာလည်း ပါတယ်မဟုတ်လား။ ဘာတဲ့… သေနင်္ဂဗျူဟာ ဆိတ်၏အင်္ဂါ…တဲ့။ ရန်သူအင်အားကြီးတယ်ဆိုရင်လည်း ဘာမှုစရာလိုလဲ။ ဆိတ်ဟိုဒင်းဗျူဟာသုံးပြီး ပြေးဝင် ပူးပေါင်းလိုက်တာပေါ့” ......... ဟု ဝင်ရောက် ပြောဆိုလေရာ ခေါ်မင်နောင်ရဆွေ လည်း သူ့လူများအား စိတ်ဆိုးမာန်ဆိုးဖြင့် ဟန့်တားရလေသည်။

“ဟေ့… အားလုံး အတွန့်မတက်ကြနဲ့။ ကြားဖူးတယ်မို့လား။ ခေါ်မင်နောင်ရဆွေ တဲ့။ တဆွေပဲ ရှိတယ်။ ဖောင်တွေဖျက်လိုက်ကြ။ မနက်ဖြန် ၂၀း၁၀ နာရီမှာ တိုက်ပွဲစမယ်။ ဘယ်တောင်ပံမှာ ဗိုလ်သမိန်သေဝုနဲ့ အအိုတော်ယိမ်းတသိုက်က တာဝန်ယူကြ။ ညာတောင်ပံမှာ ဗညားသန်းထိန်းနဲ့ အဖွဲ့ ။ ငါက အလည်ကြောင်းက ချီတော်မူမည်။ ငါတို့၏ ဆုံရပ်သည် ကြပ်ပြေးလွှတ်တော်။ သဘောမတူတာ၊ မရှင်းလင်းတာရှိရင် ဗဟိုကော်မတီအစည်းအဝေး အဲ…ခုကတည်းက ထပြောကြ။ နောက်မှ တောင်ပြောမြောက်ပြော လျှောက်မပြောကြနဲ့။ အဲဒါ ငါလုပ်နေကျ အထာတွေကွ… ရိုး….ဟိုး…ဟိုး…နေပြီ… ဝူးထွား…ဟား….ဟား။”

တပ်မှူးများလည်း တပ်မှူးကြီး၏ စကားကို မလှန်ဝံ့သဖြင့် ရွေးကောက်ပွဲဝင်ရန်… အဲလေ ဖောင်တွေကို ချိုးဖျက်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်ကြရလေသည်။

(ကားလိပ်ချ)

ဤသမိုင်းနောက်ခံဝတ္ထုကြီးမှာ အချိန်နှင့် တပြေးညီတည်း ရေးသားစီရင်နေရသည်ဖြစ်၍ နိဂုံးအထိ တထိုင်တည်းရေးသားရန် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သည့်အလျောက် ဤမှာပင် တခန်းရပ်ပါဦးမည်။ ဤဝတ္ထုကို ရုပ်ရှင်ရိုက်ကူးလိုသူများ အမြန်ကမ်းလှမ်းနိုင်ပါသည်။

အဲ…အဲ… ဘလော့ဂ်ဖတ်သူများအနေနဲ့လည်း တချိန်တွင် လိုအပ်လာနိုင်သည့်အလျောက် ဆိတ်သေနင်္ဂဗျူဟာများကို ကျေကျေညက်ညက် လေ့လာထားကြဖို့ တိုက်တွန်းလိုက်ရပါသည်။
Read more

မောင်ကြီးတို့ ဘယ်ရွာသား ...

ချစ်တဲ့သူငယ်လေ....
သူငယ်ချင်းကောင်း ယောက်မတို့ရေ။

သူများမောင်မှာ
စစ်သံကြားလျှင် နာဖျားဥပါယ် ခိုကြတယ်။

နှမလေး မယ်တို့မောင်မှာ
စစ်သံကြားလျှင် Proposal ပိုက်ကာ
အလှူ့ရှင်ကို လိုက်လို့ရှာသည်၊
Donor ကနည်း၊ ဒေါ်လာမွဲနှင့်
မဲဆောက်ကို ကူးပါ့မလားတော်။

စစ်မှာတမူ၊ ဒေါ်လာပေး ခိုင်းတဲ့လူကို ယူမလားတော်။
စစ်မှာယွန်းမ၊ ဒေါ်လာပြ ကြိုးဆွဲကြသူကို ရမလားတော်။
စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ ရှိသလားတော်။

စစ်မှာတမူ၊ ဒေါ်လာပေး ခိုင်းတဲ့လူကို မယူဘူးဗျာ။ (သူများနဲ့ပြိုင်မလုနိုင်လို့)
စစ်မှာယွန်းမ ဒေါ်လာပြ ကြိုးဆွဲကြသူကို မရဘူးဗျာ။ (contact မရှိလို့)
စစ်မှာဆွေမျိုး ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။ (တပ်ထဲမှာ ဆွေမျိုးရှိရင် အခုအချိန် ပါမစ်ရောင်းစားနေပြီပေါ့ ဟဲဟဲ)

ဒေါ်လာ့သခင်
အလှူ့ရှင်က
မိန့်တော်စာနှင့် အပါချသည်
လိုက်ရတော့မယ်...။

တနှစ်တခါ
ရိုးရာမပျက်
လေလှိုင်းထက်က
ပွဲသိမ်းတိုက်ပွဲ
အာပြဲလုနီး
အချီကြီးတွေ နွှဲခဲ့လေသမို့....

တိုက်ပွဲတရာ...အာ..အာ
အောင်ပွဲမှာ သာစေရေးအတွက်
နှမလေးတို့ ပေးလိုက်ပါ့မယ်...
တွေးမိသမျှ ကြွေးကြော်သံများ....။

ရေရှားပါးမှုမှသည်
လူထုတိုက်ပွဲဆီသို့။

ရေလျှံမှုမှသည်
လူထုတိုက်ပွဲဆီသို့။

မီးမလာမှုမှသည်
လူထုတိုက်ပွဲဆီသို့။

မီးလောင်မှုမှသည်
လူထုတိုက်ပွဲဆီသို့။

အင်းလေးကန် တိမ်ကောမှုမှသည်
လူထုတိုက်ပွဲဆီသို့။

ဝိုင်းစု စကပ်တိုမှုမှသည်
လူထုတိုက်ပွဲဆီသို့။

ထက်ထက်မိုးဦး ပါးရိုက်မှုမှသည်
လူထုတိုက်ပွဲဆီသို့။

ကမ္ဘာ့ဖလား ဘောလုံးပွဲမှသည်
လူထုတိုက်ပွဲဆီသို့။

ဟန်နီဦး ရေကူးဝတ်စုံမှသည်
လူထုတိုက်ပွဲဆီသို့။

ကိုပေါကဗျာမှသည်
လူထုတိုက်ပွဲဆီသို့။...............း-)

ပူးတွဲဖတ်ရှုရန်။..............။ ပွဲသိမ်းငိုချင်း (ကိုပေါ)
Read more

ကော်ပီကက်

အိမ်မှာ ကော်ပီကက် တကောင်ရှိတယ်။

“အမေမွေးကတည်းက ဂဏန်း” ဆိုတဲ့ ပို့စ်မှာ သရုပ်ဖော်ပုံကို Paint ထဲမှာပဲ အလွယ်ဆွဲလိုက်မိတယ်။ အဲဒါကို နောက်တနေ့မှာ သမီးမြင်တော့ သူကလည်း Paint ထဲမှာပဲ လိုက်ဆွဲတယ်။ သူကလည်း သူ့စတိုင်လ်နဲ့ သူပေါ့။ ရယ်နေတဲ့ ပါးစပ်တောင် အပိုပါလာသေးတယ်။



သမီးငယ်ငယ်ကတည်းက ရယ်စရာတွေကို အရမ်းတွေးတတ် လုပ်တတ်တယ်။ လွန်ခဲ့တဲ့ တနှစ်လောက်ကဆိုရင် Animation လုပ်လို့ရတဲ့ Software လေးတခု ဝယ်လာပြီး ကျနော့် ဘလော့ဂ်ပို့စ်တွေမှာ ကျနော်လက်တည့်စမ်းတယ်။ အဲဒါကို သမီးမြင်တော့ သူကလည်း လိုက်ပြီး လက်တည့်စမ်းတော့တာပါပဲ။

ဟောဒါက သမီးလက်ရာတခု။ မိုးရေစက်ကျလို့ ဇီးကွက်လန့်သွားတာ ဆိုပဲ။ ကြံကြံဖန်ဖန်။



ဒါကတော့ Pull Game လို့ သူ့ဘာသာ နာမည်ပေးထားတဲ့ သမီးရဲ့ Animation လေးပေါ့။



လူတွေက လွန်ဆွဲသလို ကြိုးစရဲ့ တဖက်တချက်ကနေ ဆွဲနေကြတယ်။ ခဏနေတော့ တဖက်ကလူတွေက ကြိုးစကို ရုတ်တရက် လွှတ်လိုက်တဲ့အခါ ကျန်တဖက်က လူတွေ ဖင်ထိုင်လဲကျသွားတဲ့ပုံလေ။

အဲဒီလို ညစ်ကျယ်ကျယ် အတွေးတွေ သူဘယ်က ဘယ်လို ရလာသလဲမသိဘူး။ ဖအေလုပ်သူ ဒီလောက် တည်တည်တံ့တံ့နေတဲ့ ကြားက အတတ်ကောင်းတွေ တတ်လာတယ်။ ဧကန္တတော့ ငယ်ငယ်က တွန်မ် နဲ့ ဂျယ်ရီ တွေ အကြည့်များပြီး အတုမြင် အတတ်သင်လာတာပဲဖြစ်ရမယ်။

ဒါကတော့ ကျနော့်ပုံတဲ့။ ကြည့်ဦး....ဖိုင်နာမည်ပေးထားတာကိုက “အောင်ချီးတုံး”တဲ့.... ဟင်း။



ပူးတွဲဖတ်ရှုရန်။...........။ သူ့လက်ရာ
Read more

“စကားလိမ်”

“ဒီနေ့… မင်း သမီး အင်္ကျီအသစ် ဝတ်ထားတယ်။ အဲဒါ ခလေးကို မလှဘူးလို့ မင်း သွားမပြောနဲ့နော်။ သူက အဲဒီအင်္ကျီနဲ့ သူ့ကိုယ်သူ အရမ်းလှတယ်လို့ ယူဆနေတာ။ မင်းကို ပြချင်လွန်းလို့ အခု သူဝတ်ထားတာတဲ့”

ရုံးမှ အိမ်သို့ အပြန်လမ်းတွင် မဒမ်ပေါက ကျနော့်အား တတွတ်တွတ် မှာကြားနေခြင်းဖြစ်သည်။ ကျနော်က သမီးကို စတတ်နောက်တတ်လွန်း၍ စိတ်အပူလွန်ကာ ကြိုတင် ပြောနေရခြင်းဖြစ်သည်။ သမီးကလည်း သူ့အမေနဲ့ သူ့အဖွားရဲ့ အထင်အမြင်တွေကို အလေးမထား။ ကျနော့်ထံက ချီးကျူးသံ၊ အတည်ပြုသံကိုသာ အစဉ်သဖြင့် ကြားချင်သူဖြစ်သည်။

အိမ်ရောက်တော့ ကရင်သင်တိုင်းအင်္ကျီလိုလို အနီရောင်အင်္ကျီအသစ်ကလေးကို ဝတ်ဆင်ထားသော သမီးက တံခါးလာဖွင့်ပေးသည်။

“ဟာ…. အင်္ကျီအသစ်ကလေးနဲ့ ငါ့သမီး တယ်လှပါကလား”

ဤသည်ကား မဒမ်ပေါ မှာထားသည့်အတိုင်း အတည်ပေါက် ပြောလိုက်ခြင်း။ ပြီးတော့မှ ထုံးစံအတိုင်း မနောက်ရလျှင် မနေနိုင်သဖြင့် နောက်ဆက်တွဲ ထပ်ပြောလိုက်သည်။

“အခုလိုဆိုတော့ သမီးက ကရင်မလေး နော်လဲမူ နဲ့ တူသွားတယ်”

လဲမူ ဆိုသည်မှာ စကားလိမ်ဖြင့် လူမဲ ဟု အသံထွက်သည်။ သမီးကို လူမဲနှင့်တူသည်ဟု ဆိုလိုခြင်း။ သမီးကလည်း ကျနော့်အထာကို ညက်နေသူပီပီ ချက်ချင်းဆိုသလို….

“ဖေဖေကလည်း ဝုတ်ပက် နဲ့ တူတယ်”

ဝုတ်ပက် ဆိုသည်မှာ “ဝက်ပုပ်” ကို ပြောင်းပြန်လှန်ထားသည့် အသံထွက် ဖြစ်ပါသည်။ မကြာခဏဆိုသလို သမီးနှင့် ကျနော်သည် ဗမာစကား စကားလိမ်များကို အပြန်အလှန် စတတ်၊ နောက်တတ်ပါသည်။

“သမီးက အသဲမား (=အသားမဲ)”
“ဖေဖေက ကီပလပ် (=ကပ္ပလီ)”
“သမီးက မဲသွေးခီး (=မီးသွေးခဲ)”

သမီးသည် စကားလိမ်များကို ကျနော့်လောက်တော့ မကျွမ်းကျင်သဖြင့် အတန်ငယ် စဉ်းစားပြီးမှ ပြောရသည်။ ယခုလည်း….

“ဖေဖေက ဖြုတ်……(ဤနေရာတွင် တိုးလို့တန်းလန်း ရပ်ဆိုင်းသွားပြီး ခဏကြာမှ)…..ဗ။ ဖြုတ်ဗ”

“ဘာလဲ….. ဖြုတ်ဗ….ဆိုတာ”

“ဖေဖေကလည်း နုံလိုက်တာ။ ဖြုတ်ဗ…ဖဗြုတ် (ဖားပြုတ်)ပေါ့”

ကျနော်တို့နှစ်ယောက် အရည်မရ အဖတ်မရ အချီအချပြောနေကြသည်ကို ဘေးက နားကြားပြင်းကပ်နေပုံရသော မဒမ်ပေါသည်ပင် ဤနေရာရောက်သောအခါ မနေနိုင်။ တခွိခွိ ရယ်မောလေတော့သည်။

မြန်မာစကားလိမ်များကို နေရာမျိုးစုံတွင် သုံးကြသည်။ နာမည်ကျော် ဦးပုညဆိုလျှင် တေးထပ်ထဲတွင်ပင် ထည့်စပ်လိုက်သေးသည်။

“ကျွတ်တမ်းကွယ် စာမလိပ်ချင်ဘု…..
အဝါဇိတ် မှိုင်းမှောင့်ညစ်ပေ…
ရိုင်းခေါင့် ဖြစ်ထွေ…”။

စာမလိပ်…..စိတ်မလာ။ အဝါဇိတ်….. အဝိဇ္ဇာ။ သြော်… တတ်လည်း တတ်နိုင်တဲ့ ဦးပုညပါကလား။

တသက်တာတွင် ကြုံတွေ့ခဲ့ရသော နာမည်များအနက် စကားလိမ်ဖြင့် ပြောင်းပြန်လှန်လိုက်လျှင် ရယ်စရာဖြစ်လာသော နာမည်(လိမ်)များကို သတိရမိပါသည်။

မလေးရှားတွင် အလုပ်လုပ်ခဲ့ကြစဉ်က ကျနော်တို့အထဲတွင် ကိုဉာဏ်စိုး ဆိုသည့် အစ်ကိုကြီးတယောက်လည်း ပါသည်။ ။ တခါတလေ ကိုဉာဏ့်ကို စချင်နောက်ချင်သည့်အခါ “သခင်ဉာဏ်စိုး” ဟု ခေါ်ကြပါသည်။ အကောင်း ခေါ်ကြခြင်းကား မဟုတ်ပေ။ ပြောင်းပြန်လှန်လိုက်လျှင် “သူခိုးဉာဏ်ဆင်” ဟု အသံထွက်သောကြောင့်ပင် ဖြစ်ပါသည်။

“သက်ထွေး” ဟူသော အမည်မှာလည်း သိပ်မကောင်း။ ပညတ်သွားရာ ဓါတ်သက်ပါပြီး လူပုံအလယ်တွင် အရယ်လွန်မိပါက ဒုက္ခရောက်နိုင်သောကြောင့်ပင်။

၁၉၉၆ ခုနှစ်ဆီက စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုဖြစ်သောအခါ ပါမောက္ခချုပ် ဦးကြင်စိုး၏ ကိုင်တွယ်ပုံကို မကျေနပ်သော ကျောင်းသားအချို့က ကွယ်ရာတွင် ဆရာကြီးနာမည်အား (ပေါက်ပေါက်ရှာရှာ) ပြောင်းပြန်လှန်ခေါ်ဆိုကြသည်ကိုလည်း ကြားခဲ့ဖူးပါသေးသည်။

စကားစပ်မိ၍ ပြောရလျှင် တလောဆီက မငယ်နိုင်၏ ဘလော့ဂ်တွင် “ပေတောကုန်းမှ ကိုပေါတေနှင့် အင်တာဗျူး”ဟု ပို့စ်တခု တင်သောအခါ မိမိကို စောင်းပြောလေသလားဟု အပြေးအလွှား သွားဖတ်ရသေးသည်။ အဘယ်ကြောင့်ဆိုသော် ကျနော်၏ ဇာတိ ချက်မြှုတ် ရွာအမည်မှာ ပေတောရွာ ဖြစ်နေသောကြောင့်ပင်တည်း။ နာမည်ကလည်း ကိုပေါတေ…တဲ့။ ဟွန်း… တူစရာ ရှားလို့။ ပေတောကို ပြောင်းပြန်လှန်ထားပုံရသည်။

ယခုလည်း မြန်မာဘလော့ဂ်လောကမှ ဘလော့ဂါအချို့၏ နာမည်များကို (အားနေသည့်အလျောက်) ပြောင်းပြန်လှန်ကြည့်ရာ ရယ်ချင်စရာ အသံများထွက်လာသည်ကို တွေ့ရပါသည်။

နှစ်ကျပ်ခွဲအားကိုးဖြင့် စားကောင်းသောက်ဖွယ်ရာ ဓါတ်ပုံများကို တင်ဆက်နေသော ဘလော့ဂါ “သက်ဝေ” ၏ အမည်ကိုတော့ ခင်မင်သောအားဖြင့် ပြောင်းပြန်မလှန်ဘဲ ချန်လှပ်ထားခဲ့ရန် ဆုံးဖြတ်လိုက်ပါသည်။ အလားတူပင် မှတ်သားဖွယ်ရာ ထိုထိုစာကို တင်ဆက်လေ့ရှိသည့် “ကိုဧရာ” အားလည်း လေးစားသောအားဖြင့် ပြောင်းပြန်မလှန်မိရန် သန္နိဋ္ဌာန်ချလိုက်ပြန်ပါသည်။

“ချိုသင်း”ဟူသည့် ကဗျာဆန်သော နာမည်မှာမူ ပြောင်းပြန်အလှန် မတော်ပါက “ချဉ်သိုး” ဟု ဆန့်ကျင်ဖက် အနက်အဓိပ္ပါယ်ပင် ထွက်သွားတတ်ကြောင်း သတိပြုမိပါသည်။ စကားလိမ်အမှန်မှာ “ချင်းသို” ဖြစ်ပါသည်။

ခေဦးမင်…ကား….. ခေသော ဦးမင် မဟုတ်ချေပါတကား။

လစ်သူ… ဆိုသည်မှာ လစ်ပြေးသူ (သို့မဟုတ်) အလစ်သုတ်သူ (သို့မဟုတ်) အစိုးရဌာနတွင် ဝင်ရောက်လုပ်ကိုင်ဖူးသူသာ ဖြစ်ရချေမည်။

ညဥ့်ငှက်တို့အကြောင်းကို ခရေစေ့တွင်းကျ မြူးမြူးကြွကြွ ရေးသားတင်ဆက်တတ်သူ စိန်ရတုမှတ်တမ်းပိုင်ရှင်ကြီးအား “ကောက်ကြီးကျိုး”ဟု စကားလိမ်ဖြင့် ပြောင်းပြန်လှန် ခေါ်ဆိုရလျှင် လိုက်ဖက်မည်လော မသိ။

ဤသို့လျှင် (အားနေသည့်အလျောက်) ရောက်တတ်ရာရာ ရေးလိုက်ရပါသည်။
Read more

အမေမွေးကတည်းက ဂဏန်း



ခင်ဗျားဟာ
မကောင်းမြင်စိတ် များလွန်းတယ်။
ကျုပ်သွားတတ်သလို သွားနေတာ မြင်ရင်ပဲ
ခင်ဗျားကို ကန့်လန့်တိုက်တယ်လို့ ထင်တတ်တယ်။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
ကန့်လန့်သွားတာ ဘာဆန်းလို့လဲ။

ခင်ဗျားဟာ
ကဲ့ရဲ့သဂြုင်္ိဟ် စကားတင်း ဆိုတတ်တယ်။
ကျုပ်လက်မောင်းညောင်းလို့ မြှောက်မိရင်တောင်
ဒီကောင် လက်မထောင်ပြန်ပြီတဲ့။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
လက်မထောင်တာ ဘာဆန်းလို့လဲ။

ခင်ဗျားဟာ
မယုံသင်္ကာစိတ် များလွန်းတယ်။
ကျုပ်လမ်းသွားရင်း စကားပြောရင်တောင်
စောင်းပြောတယ်လို့ ထင်ပြန်တယ်။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
စောင်းပြောတာ ဘာဆန်းလို့လဲ။

ခင်ဗျားဟာ
လိုရာဆွဲပြီး ထင်တတ်တယ်။
ကျုပ်စကားမပြောဘဲ ငြိမ်နေတာတောင်
ဒီကောင် အမြှုတ်တစီစီထွက်အောင် ပြောပလေ့စေတဲ့။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
အမြှုတ်တစီစီထွက်တာ ဘာဆန်းလို့လဲ။

ရေးသူ- ကိုပေါ။
Read more

မြန်မာပြည်လို့ ခေါ်တဲ့နေရာ

သနပ်ခါးအဖွဲ့မှ စီစဉ်တည်းဖြတ်သော “မြန်မာနိုင်ငံ-ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ မဒမ်ပေါရဲ့ ကဗျာတပုဒ်ကို ဖော်ပြထားတဲ့အတွက် ကျနော့်ဘလော့ဂ်မှာ မဒမ်ပေါကိုယ်တိုင် ရေးခြစ်ထားတဲ့ ပုံကလေးနဲ့အတူ ပြန်လည်မျှဝေလိုက်ပါတယ်။



A Place Called “Burma”

Prison without iron bars…
People always live in fear…
Midnight knocks you’ll get used to hear…
Heavy hearts are weeping with silent tears…and
Hope is the only thing people have for years…
That’s a place we call “Burma”

(by MDP)

---------------------------------

“မြန်မာပြည်”လို့ ခေါ်တဲ့နေရာ

သံတိုင်မဲ့ အကျဉ်းထောင်လို့
တင်စားရမယ့်နေရာ … …။

လူတွေဟာ
အမြဲ အကြောက်တရားနဲ့ပဲ နေထိုင်ကြရတဲ့ နေရာ … …။

သန်းခေါင်ယံ တံခါးခေါက်သံတွေကိုတောင်
နေသားကျလို့ ယဉ်ပါးကြရတဲ့ နေရာ … …။

လေးလံနေတဲ့ နှလုံးသားတို့
အသံတိတ် ကျိတ်လို့ ငိုကြွေးကြရတဲ့ နေရာ … …။

“မျှော်လင့်ချက်”ကလွဲလို့ ဘာဆိုဘာမှ မရှိဘဲ
ကာလရှည်ကြာ နေခဲ့ကြရတဲ့ နေရာ … …။

အဲဒီနေရာဟာ
ငါတို့ “မြန်မာပြည်”လို့ ခေါ်နေကြတဲ့ နေရာတခုသာ … …။

(ရေးသူ-မဒမ်ပေါ)

ပူးတွဲဖတ်ရှုရန်။...............။ Burmese women speak up for peace to mark Suu Kyi's 65th birthday (The Nation)
Read more

Symphony No. 5

ဇွန်လ ၁၉ ရက်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဘာပို့စ်တင်ရမလဲ စဉ်းစားလိုက်တဲ့အခါ Walt Disney က ထုတ်လုပ်တဲ့ Fantasia 2000 ထဲက Beethoven's Symphony No.5 တေးသွားနဲ့ သရုပ်ဖော် Animation လေးကို ထူးထူးခြားခြား သွားသတိရမိတယ်။ ဒါနဲ့ ယူကျု မှာ ရှာဖွေပြီး မွေးနေ့အမှတ်တရအဖြစ် တင်လိုက်ပါတယ်။



ဒီလင့်ခ်မှာ သွားကြည့်လို့လည်း ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တယောက် မွေးနေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ လွတ်လပ်တဲ့ မြန်မာပြည်မှာ သားငယ်နှစ်ဦးနဲ့တကွ မြေးငယ်လေးတွေနဲ့ပါ အမြန်ဆုံး ပြန်လည် ဆုံးဆည်းနိုင်ပါစေကြောင်း ထပ်ဆင့်ဆုမွန်တောင်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမြတ်မှု၊ ဖြူစင်မှု၊ သတ္တိပြောင်မြောက်မှု၊ မေတ္တာ၊ ဂရုဏာကြီးမှုတို့ကို အစဉ် လေးစားဦးညွှတ်လျက်....

ကိုပေါ။
(၁၉ ရက်၊ ဇွန်လ၊ ၂၀၁၀ ခုနှစ်)
Read more

ခို


ရေးသူ/ဓါတ်ပုံ- မဒမ်ပေါဇူးဇင်။
စာစီစာရိုက်- ကိုပေါဇူးဇင်။

ငှက်ကလေးတွေကို ချစ်တယ်။

ဘာကြောင့်ချစ်တာလဲ ဆိုရင်တော့ တိတိကျကျ မဖြေတတ်ဘူး။ “ချစ်လို့ ချစ်တာ” လို့ဘဲပြောရမယ်ထင်တယ်။ ငယ်ငယ်လေးထဲက ပုံဆွဲရင် ငှက်ပုံလေးတွေ အမြဲဆွဲနေမိတယ်။

ငှက်ကလေးတွေ သစ်ကိုင်းပေါ်မှာ နားနေတာ.. ဒါမှမဟုတ်…လွတ်လွတ်လပ်လပ် ပျံနေတာကို ငေးကြည့်ရတာ နှစ်သက်တယ်။ သူတို့လေးတွေကို ဓါတ်ပုံလိုက်ရိုက်ရတာမျိုးဆို တခါမှ ပင်ပန်းတယ်လို့ မခံစားရဘူး။ စင်ကာပူက Bird Park ရောက်တိုင်း ငှက်ပုံလေးတွေ ချွေးတလုံးလုံးနဲ့ လိုက်ရိုက်ရတာ ပျော်တယ်။

*************

လွန်ခဲ့တဲ့ နှစ်လလောက်က ညနေစောင်းတွေမှာ အမှိုက်သွားပစ်တိုင်း အံဖုံးရှိတဲ့နေရာ နဲ့ မလှမ်းမကမ်းက ဝရန်တာလက်ရန်းမှာ ခိုတကောင် နားနေတတ်တာကို သတိထားမိတယ်။

Photo by Mdm Paw

ဘာရယ်တော့မဟုတ်ပါဘူး၊ ငှက်မြင်ရင် မကြည့်ဘဲမနေနိုင်တာကြောင့်ပါ။ အဲဒီနေရာလေးကလည်း အမှိုက်ပစ်တဲ့နေရာဆိုပေမယ့် အိမ်နီးချင်း တရုတ်ကြီးရဲ့ကောင်းမှုကြောင့် သစ်ပင်ပန်းပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ပန်းခြံအငယ်စားလေးလိုပါပဲ။ ဒါကြောင့် ဒီခိုဟာ နေရာလေးကို သဘောကျလို့ အိပ်တန်းလာတက်တယ်လို့ဘဲထင်လိုက်မိတယ်။ ဒါပေမယ့် တရက် အမှိုက်သွားပစ်ရင်းနဲ့ ဝရန်တာလက်ရမ်းမှာ ချိတ်ထားတဲ့ ပန်းအိုးထဲက ခိုဥလေး နှစ်လုံးကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ဒီခိုလာပြီး ရစ်သီရစ်သီလုပ်နေရတဲ့ အကြောင်းရင်းကို သဘောပေါက်သွားပါတော့တယ်။

Photo by Mdm Paw

ငှက်တွေဟာ သူတို့ရဲ့ အသိုက်တွေကို လူတွေ အလွယ်တကူနဲ့ လက်လှမ်းမမှီတဲ့နေရာတွေမှာ ဆောက်တတ်ကြတယ်။ စင်ကာပူမှာဆိုရင်တော့ MRT ရထားလမ်းနဲ့ ရထားလမ်းဒေါက်တိုင်တွေကြားက ကပ်သီးကပ်သပ် နေရာလေးတွေမှာ များသောအားဖြင့် တွေ့ရတတ်တယ်။

ဒီ ခိုမ ကျမှ ပန်းအိုးထဲမှာ ကြံကြံဖန်ဖန် အသိုက်လာလုပ်လေတယ်။ အိမ်တိုင်းက တနေ့ အနည်းဆုံး တခေါက်၊ နှစ်ခေါက် အမှိုက်သွားပစ်ကြတဲ့နေရာမှာဆိုတော့ ဒီခိုနှယ်.. လူမကြောက်တတ်လိုက်တာ....လို့ တွေးမိတယ်။ အင်းလေ……ဒီမှာကလည်း ငှက်တွေ့ရင် “ ဒါ...ကြော်စားလို့ရတယ်” လို့ တွေးမယ့်လူ ရှားပေတာကိုး။ စင်ကာပူမှာ ငှက်တွေအားလုံး လွတ်လပ်ခွင့်ရှိကြပါတယ်။ ကျီးကန်းတွေကတော့ ချွင်းချက်ပေါ့။ သူတို့ကို သက်ဆိုင်ရာက လေသေနတ်နဲ့ မကြာမကြာ လိုက်ပစ်တာကြုံဖူးတယ်။

*************

အသိုက်ကို လူသူကင်းဝေးပြီး လုံခြုံတဲ့နေရာမှာ လုပ်ရမယ့်အစား ပန်းအိုးကို အသိုက်လာလုပ်တာကိုက လွန်လှပြီ။ ဒီကြားထဲ အသိုက်အတွက် သစ်ကိုင်းခြောက်ကလေးတစ၊ တံမြက်စည်းစလေးတမျှင်တောင် ချီသယ်မလာဘဲ… ပန်းအိုးထဲက မြေကြီးပေါ်မှာ ဥနှစ်လုံးကို ဒီအတိုင်းကြီး ဥ ချ သွားတာ တွေ့ရတော့ ဒီခိုမ ပျင်းပုံကို သြချမိပါတယ်။

တိုက်တထပ်တည်းမှာ နေကြသူတွေအားလုံးလိုလိုကတော့ ဒီခိုမနဲ့ ခိုဥနှစ်လုံးကိစ္စကို စိတ်ဝင်စားကြတာ တွေ့ရတယ်။ နဂိုက ဓါတ်လှေကားထဲ ဆုံကြရင်တောင် ပြုံးပြဖော်မရဘဲ ဘာသိဘာသာနေတတ်သူတွေဟာ ဒီခိုတွေကို အကြောင်းပြုလို့ နှုတ်ဆက်ပြီး စကားစမြည် ပြောစရာ အကြောင်းဖန်လာပါတော့တယ်။

ပန်းအိုးပိုင်ရှင် တရုတ်ကြီးကတော့ မျက်နှာအပွင့်ဆုံးပေါ့။ သူ့ပန်းအိုးကို ရွေးပြီး ခိုမက ဥသွားတာကို သူက ဂုဏ်ယူဝမ်းသာနေပုံရတယ်။ သွားရင်းလာရင်း လှမ်းကြည့်လိုက်ရင် သူ့ကို ပန်းအိုးနားမှာ အခြားတယောက်ယောက်နဲ့ ဟောင်ဖွာ ဟောင်ဖွာ စကားပြောနေတာ တွေ့ရတတ်တယ်။ မျက်နှာကလည်း သကာရည်လိမ်းထားတဲ့ မျက်နှာကြီးနဲ့ပေါ့။ မျက်နှာချင်းဆိုင်အိမ်က လူဆိုလည်း မနက်တိုင်း ရုံးမသွားခင် ဓါတ်လှေကားစောင့်ရင်း ခိုဥကို အရင် အပြေးအလွှား သွားကြည့်ရတာ အမော။ ကျမ ညနေရုံးက ပြန်လာလို့ ခိုဥ သွားကြည့်ဖြစ်တဲ့နေ့တွေဆို ပန်းအိုးနားမှာ ပိုင်ရှင် အဖိုးကြီးနဲ့လည်း စကားပြောဖြစ်တယ်။ အဲဒီအခါမျိုးမှာ… “ဥက ပေါက်ကာနီးပြီး ထင်တယ်” အစချီပြီး ဘာညာသာရကာ ပြောကြတာပေါ့လေ…။

ဥ ကမြေကြီးပေါ်မှာဆိုတော့ အကောင်လေးတွေပေါက်လာရင် အေးနေလိမ့်မလား တွေးမိတာနဲ့ မနေသာလို့ ရုံးနားက သစ်ကိုင်းခြောက်သေးသေးတွေ၊ သစ်ရွက်ခြောက်တွေ ကောက်လာပြီး အသိုက်ကို ကူဆောက်ပေးလိုက်သေးတယ်။ နောက်တနေ့ အိမ်က အထွက် မျက်နှာချင်းဆိုင်အိမ်ကလူရဲ့ အမေ နဲ့ ပက်ပင်းတိုးလို့ ပြုံးပြနှုတ်ဆက်လိုက်တော့ အဖွားကြီးကလည်း ပြန်နှုတ်ဆက်ရင်း စကားစလာပါတယ်။ သူ့သားက သူ့ကို “အမေရေ…ခိုမတော့ အသိုက်လုပ်ဖို့ သစ်ရွက်တွေ သယ်လာပြီ”…လို့ လာပြောသတဲ့။ အဲဒါနဲ့ သူက “ဒီခိုမ သယ်လာတာတော့ မဖြစ်နိုင်ဘူး။ ပန်းအိုးအဖိုးကြီး ဒါမှမဟုတ် အိမ်ရှေ့အိမ်က တယောက်ယောက် လုပ်ပေးတာနေမှာပေါ့”..လို့ ပြန်ပြောလိုက်ရသေးတယ်ဆိုပဲ။ ဒီခိုမပျင်းပုံအကြောင်း တထပ်လုံး သတိထားမိနေတာကို သိလိုက်ရတဲ့အတွက် ပြုံးမိသေးတယ်။

*************

ဘယ်လိုပဲ ပျင်းတယ်ဆိုပေမယ့် ဥတွေကိုတော့ ခိုဖိုတလှည့် ခိုမတလှည့် တစိုက်မတ်မတ် ဝပ်ဖော်ရလို့ တော်သေးတယ်ပြောရမယ်။

Photo by Mdm Paw

ဒီလိုနဲ့ ခိုကလေးနှစ်ကောင် ပေါက်လာပါတယ်။ ဥက ပေါက်ကာစ အသည်းယားစရာ အရုပ်ဆိုးဆိုး ငှက်ပေါက်စလေးတွေပေါ့။

Photo by Mdm Paw

ပေါက်ပြီး မကြာလိုက်ပါဘူး။ တရက်နှစ်ရက်လောက်လည်း နေရော.. ခိုထီးရောခိုမပါ ပျောက်သွားလိုက်ကြတာ၊ တော်တော်နဲ့ ပြန်ပေါ်မလာတော့ပါဘူး။

အဲဒီမှာတင် ဟိုပန်းအိုးအဖိုးကြီးခမြာ အလုပ်တွေ ပိုတော့တာပေါ့။ လေတိုက်တဲ့ဒဏ်က ကာကွယ်ဖို့ရယ်၊ ခိုလေးတွေ အောက်ပြုတ်မကျအောင်ရယ် စက္ကူကတ္ထူပြားတွေ သုံးပြီး အသိုက်ကို ပြုပြင်ပေးရ၊ ခိုလေးတွေကို စောင့်ရှောက်ရနဲ့။ အမှိုက်သွားပစ်ရင်းနဲ့ဆုံရင်လည်း သူ့ပါးစပ်က “ဒီ ခိုမ၊ ကလေးတွေကို ပစ်ထားပြီး ဘယ်သွားနေပါလိမ့်” ဆိုတာမျိုး တဖျစ်တောက်တောက်နဲ့ ပြောနေတတ်သေးတယ်။

နောက်ထပ် နှစ်ရက်လောက်နေတော့ ခိုလေးတကောင် သေသွားတယ်။ အမေရဲ့ ကိုယ်ငွေ့မရတာလဲ ပါမှာပေါ့လေ။

Photo by Mdm Paw

အဖိုးကြီးလည်း ကျန်တဲ့တကောင်ကို တအားဂရုစိုက်တော့တာ။ ရေခွက် နဲ့ ပေါင်မုန့်စလေး တွေကိုလည်း အသိုက်နားမှာ အဆင့်သင့် ထားပေးတယ်။ ခိုကလေးကတော့ သိပ်စားတာကို မတွေ့ရဘူး။ တချိန်လုံး အိပ်ချည်းနေတာပဲ။

Photo by Mdm Paw

အသက်ပြင်းတယ်ပဲ ပြောရမလား။ ကျန်တဲ့တကောင်ကတော့ တနေ့တခြား အကောင်ထွားလာတယ်။ သီတင်းနှစ်ပတ်လောက်ကြာတော့ ခိုလေးမှာ အမွှေးအတောင်လေးတွေ တော်တော်စုံလာပြီး ပေါက်ကာစကလောက် အကြည့်ရမဆိုးတော့ဘူး။

Photo by Mdm Paw

တနေ့ ရုံးက ပြန်လာတော့ သမီးက ဆီးပြောတယ်။ “မေမေရေ ဒီနေ့ ခိုမ သူ့ကလေးကို ပြန်လာကြည့်တယ်” တဲ့။ သြော်....ကောင်းပါလေ့။ ဒီလိုဆိုတော့လည်း ခိုမက ထင်သလောက်တော့ မဆိုးသေးဘူးပေါ့။ အစက ခိုကလေးကို ဘယ်သူအပျံသင်ပေးမလဲလို့ စိုးရိမ်နေခဲ့တာ။ သူ့မှာ မိခင်မေတ္တာတော့ ကျန်သေးပုံရတယ်။

*************

ပြီးခဲ့တဲ့ စနေနေ့ရုံးပိတ်ရက်၊ မနက်စောစော ကွန်ပြူတာရှေ့ထိုင်နေတုန်း ပြူတင်းပေါက်နားမှာ ငှက်တောင်ပံ ခတ်သံတွေ တဖျတ်ဖျတ် ကြားနေလို့ အပြင်ကို လှမ်းကြည့်လိုက်တော့ သူ့ကို အပျံစသင်တဲ့နေ့ဖြစ်နေပါရောလား။ ခိုအဖေနဲ့ ခိုအမေမှာ သူ့ကို ပျံဖို့ နားချရင်း တော်တော် အလုပ်ရှုပ်နေပုံရတယ်။ သူကတော့ လက်ရန်းပေါ်မှာ နားနေတာ၊ တုပ်တုပ်မှ မလှုပ်ဘူး။

Photo by Mdm Paw

ဒီခိုကလေး စပျံတဲ့ အချိန်လေးကို အမိအရ မှတ်တမ်းတင်ချင်လို့ ကင်မရာကို အမြန်ပြေးယူလိုက်တယ်။

အပျံသင်တာကို ချောင်းရိုက်တဲ့နေရာကတော့ ဒစ္စကာဗာရီတို့ ဘီဘီစီတို့ထဲကလို တောထဲ တောင်ထဲမှာ မဟုတ်ဘဲ ရေချိုးခန်းပြူတင်းပေါက် သေးသေးလေးက တဆင့်ပါ။ လူတရပ်ထက် မြင့်တဲ့ ပြူတင်းပေါက်မို့ ခွေးခြေခုံအပုလေးပေါ်မှာ မတ်တတ်ရပ်၊ တရုတ်ကပ် မှန်ပြားပေါ် ကင်မရာကို မေးတင်ပြီး ငြိမ်ငြိမ်လေး စောင့်ခဲ့ရတယ်။

တနာရီ နီးပါးလောက် ကြာလာတဲ့အထိ ဒင်းကလေးက မပျံသေးတော့ လူကလည်း ညောင်း၊ ကင်မရာပေါက်ထဲ ချောင်းရလွန်းလို့ မျက်စိတွေကလည်းပြာ၊ ချွေးတွေကလည်း တပြိုက်ပြိုက်နဲ့ပေါ့။

ခိုနှစ်ကောင် ခမြာလည်း သူတို့ ကလေးရှေ့က ဟန်ရေးပြပြီး ပျံပြနေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။

Photo by Mdm Paw

နောက်ဆုံးတော့ သူ စ ပျံပါတော့တယ်။

Photo by Mdm Paw

ခဏနေတော့ ရုတ်တရက် ရေချိုးခန်းပြူတင်းပေါက်နဲ့ အနီးဆုံး လက်ရန်းဘောင်ပေါ်မှာ လာနားပါတယ်။

Photo by Mdm Paw

သူ့အဖေနဲ့အမေကတော့ အသိုက်နေရာကနေ သူ့ကို ပြန်စောင့်နေကြပါပြီ။

Photo by Mdm Paw

နောက်ဆုံးမှာ သူလည်း သူ့အသိုက်ဆီကို ပျံသွားပါတော့တယ်။

နောက်တရက် နှစ်ရက်လောက်နေရင် ပန်းအိုးအသိုက်ကိုစွန့်ပြီး သူဟာ အရွယ်ရောက်တဲ့ ခိုကလေးတကောင်အဖြစ် အဝေးကို ပြန်ထွက်သွားတော့မှာပါ။ သွားရင်းလာရင်း တိုက်ခေါင်မိုးပေါ်မှာ၊ MRT လမ်း လက်ရန်းဘောင်တွေပေါ်မှာ ခိုကလေးတွေကို မြင်မိရင် ပန်းအိုးထဲက ခိုကလေးများလားလို့ သတိတရ တွေးဖြစ်နေဦးမယ် ထင်ပါရဲ့။

Photo by Mdm Paw
Read more

ဘွန်ဆိုင်း သဘာဝ



ဘွန်ဆိုင်းပင်တဲ့။
သစ်ပင်တော့ သစ်ပင်ပါဘဲ။
ဒါပေမယ့် သစ်ပင် အငယ်စား၊ အပုစားလေးပေါ့။
ဧည့်ခန်းမတွေ၊ ဥယျာဉ်တွေထဲမှာ ပသာဒအတွက် တကူးတက ပြုပြင်မွေးမြူထားတဲ့ သစ်ပင်ကလေးတွေပေါ့။

ဘွန်ဆိုင်းပင်လေးတွေ အခုလို ပုနေ ညှက်နေတာဟာ မျိုးရိုးဗီဇကြောင့် မဟုတ်ရပါဘူးတဲ့။ အကိုင်း၊ အခက်၊ အရွက် နဲ့ အမြစ်တွေကို လွတ်လွတ်လပ်လပ် မကြီးထွားနိုင်အောင် ကာလ ရှည်ကြာ ပြုပြင်ပုံသွင်းခံထားရလို့သာပါတဲ့။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘွန်ဆိုင်းပင်ရဲ့အစဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့် တရုတ်ပြည်မှာ ဟန်မင်းဆက် လက်ထက်ကတည်းက စခဲ့တယ် လို့ ယူဆကြပါသတဲ့။ နောက်ပိုင်းမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့မှာ ဘွန်ဆိုင်းပင်ကို အသွင် အမျိုးမျိုးနဲ့ တွေ့လာကြရတယ်။

သစ်ပင်တွေသာ ချုပ်ချယ်ပုံသွင်းခံရတာလား.......။

အချို့သော လူမှုအသိုင်းအ၀ိုင်း၊ အချို့သော နေရာဒေသမှာ ရှင်သန်ကြီးပြင်းရတာဟာလည်း လူဖြစ်ပေမယ့် ဘွန်ဆိုင်းပင်နဲ့ မခြားပါကလားလို့ တွေးမိတယ်။

လွတ်လပ်စွာ ရှင်သန်ဖွံ့ထွားခွင့်မရအောင် မိမိကြီးပြင်းရာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းက နှစ်ရှည်လများဆိုသလို ပြုပြင်ပုသွင်းတာကို လှလှကြီး ခံလိုက်ရပြီးတဲ့နောက်.... ကိုယ်တိုင် ဘွန်ဆိုင်းပင်ကလေးလို ပုညှက်ကြုံလှီသွားသလားလို့တောင် ခံစားမိပါရဲ့။

ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေလား။

တချို့ကတော့ လူလိမ္မာလေးတွေ၊ လူယဉ်ကျေးလေးတွေ။
တချို့ကတော့ ရိုးရာအစွဲအလမ်းကြီးသူလေးတွေ၊ လူကြောက်ကလေးတွေ။
တချို့ကတော့ လူရိုးလူအ ကလေးတွေ.....။
တချို့ကတော့ ကိုယ့်ယဉ်ကျေးမှုသာ အကောင်းဆုံးလို့ ထင်မှတ်နေသူတွေ။
တချို့ကတော့ ငယ်ငယ်ကတည်းက သင်ပေးလိုက်တဲ့ ဓလေ့ထုံးစံတွေဟာ ထာဝရ မှန်ကန် ကောင်းမွန်နေမယ်လို့ တရားသေ မှတ်ယူနေကြသူတွေ။


တချို့ကျတော့ ကိုယ့်ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေ၊ ကျင့်ဝတ်သိက္ခာတွေ၊ တာဝန်ဝတ္တရားတွေ ကြားမှာ ကိုယ့်ဘာသာ ပိတ်မိပြီး မွန်းကြပ်နေတဲ့ ရှားရှားပါးပါး လူ့ဘွန်ဆိုင်းလေးတွေ....။

ဒါပေမယ့် သစ်ပင်တွေမှာ ဘွန်ဆိုင်းပင်ကို အလှအပ ပသာဒအဖြစ် ရှုမြင်တတ်သူတွေရှိသလို လူ့အဖွဲ့အစည်းမှာလည်း ကြုံလှီနေတဲ့ လူ့အဖွဲ့အစည်း (Retarded Society)ကိုမှ ပသာဒ ဖြစ်နေသူတွေလည်း ရှိလေရဲ့။

ဧည့်ခန်းထဲက ဘွန်ဆိုင်းပင်ကလေးသာ စကားပြောတတ်ခဲ့မယ် ဆိုရင်....

“ဥယျာဉ်မှူးကြီးခင်ဗျား၊ ကျနော့်ကို သဘာဝအတိုင်းသာ လွတ် လွတ်လပ်လပ် ရှင်သန်ကြီးထွားခွင့်ပေးပါ။ ကျနော်ဟာ တောင်ကုန်းထက်မှာ အရိုးပြိုင်းပြိုင်း အထီးကျန်ကျန် အရုပ် ဆိုးဆိုး ပသာဒမရှိတဲ့ သစ်ပင်ကြီးဘ၀နဲ့ နိဂုံးချုပ်ရလည်း ချုပ်ရပါစေတော့။ ဒါပေမယ့် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်။ အကိုင်း အခက် အလက်တွေ ဝေေ၀စည်စည်နဲ့ လေပြည်ထဲမှာ၊ မုန် တိုင်းထဲမှာ၊ မိုးသည်းထဲမှာ၊ နေပူကျဲထဲမှာ လောကဓံကို ကြံ့ ကြံ့ခံရင်း သူလိုငါလို သာမန် သစ်ပင်တပင်ဘ၀နဲ့ဘဲ ရှင်သန် ပါရစေခင်ဗျား” .....လို့များ ပြောရှာလေမလားမသိ။

တကယ့်တကယ်မှာတော့ သစ်ပင်တွေက စကားမပြောတတ်ရှာလို့ ဒီလို ဖွင့်မပြောကြပါဘူး။ လူတွေမှာတော့ စကားပြောတတ်ပေမယ့် လူ့ဘွန်ဆိုင်းပင်ဘ၀မှာပဲ ပျော်မွေ့နေကြသူတွေလည်း ဒုနဲ့ဒေး ပါ။

(၂၀၀၈ ခု ဧပြီလတုန်းက ရေးတင်ခဲ့တဲ့ “ဘွန်ဆိုင်း”ဆိုတဲ့ ပို့စ်ကို နည်းနည်းပြုပြင်ပြီး ပြန်တင်လိုက်ပါတယ်။)

Read more

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ် စကား

ရှေ့ပို့စ်ထဲက ကွန်မင့်ကဏ္ဍမှာ အမည်မသိတယောက်က လာရောက် ညွှန်းဆိုသွားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကို ရှာဖွေကြည့်ရှုမိပါတယ်။ လက်တလော ကျနော်တို့တွေ ရေးသားနေကြတဲ့ အကြောင်းအရာနဲ့ ထပ်တူထပ်မျှကျပြီး ကျနော်ကိုယ်တိုင်လည်း နှစ်ခြိုက်မိတဲ့အလျောက် ပို့စ်အတိုလေး အဖြစ် သီးသန့်တင်လိုက်ပါတယ်။

"It is not a sacrifice, it's a choice. If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
- Aung San Suu Kyi-

မြန်မာလို ဘာသာပြန်ဆိုကြည့်ရမယ်ဆိုရင်.....

“ဒါဟာ စွန့်လွှတ်အနစ်နာခံတာ မဟုတ်ပါဘူး။ ဒါဟာ ရွေးချယ်မှုပါပဲ။ သင်ဟာ တစုံတခုကို ပြုလုပ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင် ဒါကို အနစ်နာခံတာပါလို့ သင့်အနေနဲ့ မပြောသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ သင့်ကို ဒါလုပ်ရမယ်လို့ အတင်းဖိအားမပေးခဲ့တဲ့ အတွက်ဖြစ်ပါတယ်။”

ဒီ စကားကို ခေါင်းဆောင်တွေရဲ့ မှတ်သားဖွယ်ရာ စကားကောက်နှုတ်ချက်တွေမှာ ဖော်ပြထားခြင်း ခံရတာကို တွေ့ရပါတယ်။

ပူးတွဲဖတ်ရှုရန်။

(၁) “နှစ်သက်မိသော သူ့အမြင်”
(၂) ကျေးဇူးရှင် မှိုလိုပေါတဲ့ လောကကြီးအလယ်မှာ
Read more

“နှစ်သက်မိသော သူ့အမြင်”

ကျေးဇူးတရားအကြောင်း နောက်ထပ် ကိုယ်တိုင်ရေး ပို့စ်တပုဒ်မရေးခင်စပ်ကြား ရီတာကို ဘလော့ဂ်က သူမရဲ့ ကွန်မင့်တွေကို ပို့စ်အနေနဲ့ တင်ချင်ပါတယ်။

ဂါရဝေါစ.... ရိုသေထိုက်သောသူကို ရိုသေခြင်းဆိုတာမှာ အသက်ကြီးသူတွေကိုချည်း ရိုသေရမယ်လို့ ကျနော် မယူဆချင်ပါဘူး။ ကျနော့်တသက်တာမှာ တွေ့ကြုံဖူးသလောက် လူကြီးဖြစ်နေပြီး သုံးစားမရတဲ့လူတွေ တပုံကြီးရှိသလို ငယ်ရွယ်သူတွေဖြစ်ပေမယ့်လည်း လေးစားအပ်တဲ့လူတွေ ရှိနေတာ မကြာခဏ ကြုံဖူးပါတယ်။

ညီလင်းဆက်နဲ့ ရီတာကို တို့ရဲ့ အမြင်တွေနဲ့ပတ်သက်လို့ အကြိမ်တိုင်းမှာ ကျနော်နဲ့ အမြင်တူတာမျိုး မဟုတ်ပေမယ့်လည်း တချို့သော ကိစ္စတွေမှာ သူတို့ရဲ့ အမြင်တွေကို နှစ်သက်လေးစားမိပါတယ်။

အခု “ကျေးဇူးတရား”နဲ့ ပတ်သက်လို့ ရီတာရဲ့ ပို့စ် ကွန်မင့်ကဏ္ဍမှာ ကိုအင်ဒီမြင့်ရဲ့ ကွန်မင့်အပေါ် ရီတာ ပြန်ဖြေထားပုံက မှတ်သားစရာလည်းကောင်း၊ ကျွန်တော့်အနေနဲ့လည်း အင်မတန် နှစ်သက်မိတဲ့အလျောက် ရီတာ့ဆီမှာ ခွင့်တောင်းပြီး (ခွင့်ပြုချက်မရခင်မှာဘဲ) ကျနော့်ဘလော့ဂ်မှာ ပို့စ်တခုအနေနဲ့ သပ်သပ် တင်လိုက်ပါတယ်။ ကျနော်နှစ်ခြိုက်လက်ခံသော်လည်း စာဖတ်သူ မနှစ်ခြိုက်လိုက မနှစ်ခြိုက်ဘဲ နေနိုင်ခွင့် အပြည့်ရှိပါတယ်။

ကိုအင်ဒီရဲ့ ကွန်မင့်ကနေစလို့ ရီတာဖြေထားတဲ့ကွန်မင့်တွေကို အဆုံးထိ တောက်လျှောက် ပြန်လည် ဖော်ပြလိုက်ပါတယ်။

Andy Myint said...

စာတစ်ပုဒ်တည်းက အကြောင်းအရောတွေ အများကြီးထဲက ကျေးဇူးတင်တာနဲ့ ပက်သတ်ပြီး နည်းနည်း ၀င်ရှည်လိုက်ဦးမည်။ ဒီနေရာမှာ ဘိုတွေနဲ့ “ဗမာ”တွေ ကွာသွားတာက ဘိုတွေက သေးသေးကြီးကြီး လုပ်ပေး Thank You လိုက်တာပဲ။ ပြောပြီးလည်း ခဏပဲ ခံတယ်။ နောက်နေ့မှာ မင်းကိုငါ မနေ့က ကူညီထားတာလေ သွားပြောရင်တောင် မမှတ်မိဘဲ ဘာတွေ လာကြောင်နေတာလဲ ပြောထည့်လိုက်ဦးမည်။
တို့ဗမာများကတော့ ပါးစပ်က မသွက်ပေမယ့် စိတ်ထဲမှာ တစ်သက်လုံး စွဲစွဲမြဲမြဲ မှတ်နေရော။ ညီလင်းဆက်ပေးတဲ့ ဆရာဝန်တွေ ကျောင်းဆရာတွေ ဥပမာက ကောင်းတယ်။ ဆရာဝန်၊ ကျောင်းဆရာ အတန်းအစားထဲကဆို ကိုယ့်ကို ကုသပေး၊ သင်ကြားပေးတဲ့သူ မဟုတ်တာတောင် အဲဒီ အတန်းအစားဆို လေးစားပြီး ကျေးဇူးတွေ တင်နေလိုက်ကြတာထဲမှာ ကိုယ်ကိုယ်တိုင်တောင် ပါချင်တယ်။
စာဖတ်နာတဲ့သူကတော့ အတွေးအခေါ် (မှန်ချင်လည်း မှန်မည်။ မှားချင်လည်း မှားမယ်) တမူထူးပေမယ့် လောကမှာ လူသာမန်တွေက အများသားလား။ တကယ်ပြောချင်တာက “ကိုယ် လုပ်စရာရှိ လုပ်လိုက် လူတွေ ကျေးဇူးတင်အောင် အထင်ကြီးအောင် မလုပ်နဲ့”လို့ ပြောချင်တာကို “(ဥပမာ) လုပ်အားပေးတဲ့သူတွေ ဘလော့ရေးတဲ့သူတွေက အားယားနေလို့ လုပ်တာ စိတ်အပန်းဖြေလုပ်နေကြတာ နိုင်ငံရေးလုပ်နေသူတွေက သူ့ခံယူချက်နဲ့မို့ သူလုပ်နေတာ ကျေးဇူးတင်စရာ မလိုဘူး” လို့ ယူသွားမည့်လူတွေ ရှိနိုင်တာ ကိုယ်တွေ့ပဲလေ။
ကိုယ်ကိုယ်တိုင်က ကလေးအဖေမို့လားမသိ့ လူသာမန်တွေကို (ကိုယ်ကိုယ်တိုင်လည်း လူသာမန်ပါပဲ) ပြောတဲ့ အခါ ကလေးတွေကို ပြောပြသလို ရှင်းရှင်းရိုးရိုးနဲ့ တည့်မတ်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုပဲ လျှောက်စေချင်တယ်။ ခပ်မြင့်မြင့် အတွေးအခေါ်တွေနဲ့ လူသာမန်တွေကို ရှုပ်ထွေးလမ်းမှားစေတာနဲ့ စာရင် ဒီလိုပဲ ကောင်းတယ်လို့ Personally ထင်တယ်လေ။ ဒီ ကျေးဇူးခံ ကျေးဇူးစား အကြောင်းအရာ တစ်ခုထဲမှ မဟုတ်ပါဘူး တခြားဟာတွေကိုလည်း ဒီလိုပဲ ပြောလေ့ရှိတာတွေ့မိမှာပါ။
ဒါနဲ့ စာမပေါက်တဲ့ ဗမာတွေထဲမှာ ကျွန်တော်လည်း ပါမယ်။ ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး။ (ဒါကိုကလည်း စာရေးနည်း တစ်ခုပဲကိုး…)


June 8, 2010 10:17 AM
Rita said...

တကယ်တော့ ဒီ post အတွက် comment တွေ လာရင် ဘာမှ မပြန်ဘဲနေမယ်လို့ စဉ်းစားထားခဲ့တာပါ။ ခါတိုင်းပြန်နေကျ comment မျိုး (ဇွန် မေးထားတာမျိုး) ကိုတောင် မပြန်ဘဲ နေလိုက်တယ်။ နောက် မွန် ဆိုတဲ့ တစ်ယောက် ပို့တဲ့ comment ကိုလည်း သူ့ကို သေချာပြောပြပြီး မတင်ဘဲ ထားလိုက်တယ်။ မွန်က အကောင်းတွေ ရေးထားလို့ပါ။

ဒါပေမဲ့ ကိုအင်ဒီ comment ကိုတော့ ပြန်ချင်စိတ်ပေါက်မိလို့ရော၊ ပြန်သင့်တဲ့ comment ဖြစ်လို့ရော ပြန်ပါမယ်။

(တကယ်ပြောချင်တာက “ကိုယ် လုပ်စရာရှိ လုပ်လိုက် လူတွေ ကျေးဇူးတင်အောင် အထင်ကြီးအောင် မလုပ်နဲ့”လို့ ပြောချင်တာ)

အဲလို ပြောချင်တာလည်း မဟုတ်ဘူး ကိုအင်ဒီ။ ပြောလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကျွန်မ ဆိုလိုရင်းက "လုပ်စရာရှိတာ လုပ်နေတာပဲဖြစ်ဖြစ်၊ လုပ်ချင်တာကို လုပ်နေတာပဲ ဖြစ်ဖြစ် ကျေးဇူးခံ ကျေးဇူးစား ကျေးဇူးတရား ဆိုတာတွေ၊ အနစ်နာခံတယ်ဆိုတာတွေ မဆိုင်တာတွေ ထည့်ပြောနေရင် ပြောနေတဲ့ သူတွေဟာ စိတ်ကုန်စရာကြီး၊ ကျွန်မကတော့ အဲလိုလူမျိုးကို ရိုးသားတယ် မထင်တော့ဘူး။ မယုံကြည်ဘူး" လို့ ဆိုလိုချင်တာပါပဲ။ ကျေးဇူးတင်အောင် အထင်ကြီးအောင် လုပ်ချင်လုပ်၊ မလုပ်ချင် မလုပ်နဲ့။ သူ့သဘောအတိုင်းပါ။ အထင်ကြီးတာ မကြီးတာ၊ ယုံကြည်တာ မကြည်တာလဲ ကိုယ့်သဘောပဲပေါ့။ ဒါ ရှင်းပါတယ်။

ညီလင်းဆက် ဆီမှာ အဲဒီ စကားလုံးက ဘယ်ကနေ အရင်းခံလာသလဲ ကျွန်မ ထင်တာ ပြောကြည့်မယ်။ မီဒီယာနဲ့ အနုပညာသမား အပြန်အလှန် ကျေးဇူးရှိကြတယ် ဘာညာ ဘာညာကနေ စလာတယ် လို့ ထင်ပါတယ်။ ဘာဆိုင်လဲ။ မီဒီယာဘက်က မအောင်မြင်ခင်ပဲ တင်ပေးပေး၊ အောင်မြင်မှ တင်ပေးပေး မဂ္ဂဇင်း ဂျာနယ် ရောင်းရဖို့၊ သတင်းရဖို့ သူ့အလုပ် သူလုပ်တာပဲ။ ဒီလိုပဲ အနုပညာသမား ဆိုတာတွေဘက်ကလည်း ပေါင်းကူးတံတားခေါ်ခေါ်၊ အငှားပါးစပ်နဲ့ ပရိသတ်ကို စကားဆိုတယ်ပြောပြော သူ့အလုပ်သူ လုပ်တာပဲ။ အပြန်အလှန် အကျိုးပြုနိုင်တယ်ဆိုရင် အပြန်အလှန် အလေးထားကြပေါ့။ ဒါပါပဲ။ ပြီးတော့ ဖြစ်သွားတဲ့ကိစ္စက နှစ်ယောက်တည်းရဲ့ အရေးကိစ္စပဲ။ ဘယ်သူက ဘယ်ဘက်ကမို့လို့ ဘယ်လိုလူမျိုးတွေက ဘယ်လိုရပ်တည်တယ် ဆိုတာတွေ ဖတ်ရ သိရတာ အတော် လေ စရာပါပဲ။ ထားပါတော့။

June 8, 2010 11:46 AM
Rita said...

(ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး)

ကျွန်မအနေနဲ့ တင်သင့်၊ မတင်သင့် ဆိုတဲ့ဘက်က ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ခံယူတဲ့သူနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့ပါ။ ဒီနေရာမှာ ကျွန်မ ခံယူတာကို post ထဲမှာ ထည့်ပြောပြီးပါပြီ။ ဒါပေမဲ့ တိကျအောင် ထပ်ဖြည့်ချင်သေးတယ်။ ထပ်ပြောရင်တော့ အဲဒါ ကိုယ့်ကိုယ်ကိုယ် 'တင်' တာနဲ့ တူသွားမှာကိုလည်း သေချာပေါက် သိတယ်။ ဒါပေမဲ့ တမင်ကို ထပ်ဖြည့်ပြောပါမယ်။ မနေ့က နေ့လည် ရုံးအောက်က fab လုပ်တဲ့နေရာကို ဆင်းတော့ ကျွန်မလျှောက်လာမယ့်လမ်းမှာ ရှိနေတဲ့ စတီးလ် ပိုက်လုံးတွေကို ကျွန်မ လာနေတာမြင်လို့ ဘေးကို သေချာကပ်ပြီး ရှင်းပေးတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတယောက်ကိုလည်း ကျေးဇူးတင်တယ်။

(သူရှင်းမပေးလည်း ကျွန်မ ကျော်သွားလို့ ရတယ်။ ဘေးက ကွေ့ပြီး လျှောက်လို့ရတယ်။ ဒါ့ပြင် ကိုယ်တိုင်ကလည်း ကျော်သွားရလို့ အိနြေ္ဒပျက်မှာတွေ ဘာတွေလည်း ပူနေမယ့် အစားကို မဟုတ်ဘူး) အဲဒီ အလုပ်သမားကလည်း ကျွန်မဆီက မျက်နှာသာရနိုင်လို့၊ အခွင့်အရေးတခုခု ရနိုင်လို့ လုပ်ပေးတာ မဟုတ်ဘူး။ သူ့ ပင်ကိုဗီဇအရ စိတ်စေတနာကောင်းနဲ့ လုပ်ပေးတာလဲ ဖြစ်နိုင်တယ်။ ရုံးမှာက S'porean MD က စလို့ မိန်းမတွေကို ဦးစားပေးတာ ရုံးပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးအောက်က အလုပ်သမားတွေရှေ့မှာပဲ ဖြစ်ဖြစ် သိသိမှတ်မှတ်ကို လုပ်ပြထားလို့ သူတို့မှာပါ အဲဒီ အကျင့် ကူးနေတာလဲ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မဆိုင်သလိုနေလည်း ဖြစ်တာကို မနေကြဘဲ လုပ်ပေးလိုက်တဲ့ အဲဒီ သေးသေးမွှားမွှားကိစ္စအတွက် ကျွန်မ ကျေးဇူးတင်တယ်။

ကိုအင်ဒီရဲ့ စကားလုံးကို ထပ်ပြန်ကောက်ပြီး ပြောရရင်၊ လုပ်ချင်လို့ပဲ လုပ်လုပ်၊ လုပ်သင့်လို့ပဲ လုပ်လုပ်၊ အနစ်နာခံတယ်ပဲ ပြောပြော၊ မခံဘူးပဲ ပြောပြော အဲဒီလို လုပ်နေတဲ့ (ပေးနေတဲ့) လူတွေကို ခံယူတဲ့ လူတွေဘက်က ကျေးဇူးတင်သင့် မတင်သင့် ကျွန်မ ဘယ်တော့မှ မဆွေးနွေးပါဘူး။ ဒါ ခံယူတဲ့ လူတွေရဲ့ စိတ်သဘောအတိုင်းပါပဲ။ လုပ်ပေးနေကြတဲ့ လူတွေနဲ့ ပတ်သတ်လို့ ကျွန်မ ဘယ်လိုခံယူလဲ ဆိုတာကိုပဲ ပြောတာပါ။

ခု လုပ်နေတဲ့ (ပေးနေတဲ့) လူဘက်က ပြောကြည့်ပါမယ်။ ဒါလဲ post မှာ ထည့်ရေးပြီးသားပါ။ ကိုယ်တိုင် ဘလော့ရေးနေတော့ ဘလော့ရေးတဲ့သူတွေ နေရာကပဲ ပြောထားပါတယ်။ ကျွန်မ ရေးချင်လို့ ရေးနေတဲ့ အချိန်မှာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့် စိတ်ကျေနပ်မှုအတွက်ပဲ ရေးတယ်။ အင်္ကျီတစ်ထည် ဝတ်တာနဲ့ ဘာမှ မထူးဘူး။ ကြိုက်တဲ့လူက ကြည့်ပြီး နှစ်သက်ကြည်နူးနေမှာပေါ့။ မကြိုက်တဲ့လူက မျက်စေ့စပါးမွှေးစူးနေမှာပေါ့။ ကျွန်မကတော့ ကျွန်မ စိတ်ကျေနပ်မှုကို ဦးစားပေးလို့ လုပ်တာပါပဲ။

June 8, 2010 11:47 AM
Rita said...

ကျွန်မ တကူးတက စာရိုက်တင်ဖြစ်နေတဲ့ မောင်သစ်ဆင်း စာတွေရော... ဘယ်သူ့အတွက်မှ အနစ်နာခံလို့ အချိန်ပေးလို့ လုပ်ပေးနေတဲ့ ဂုဏ်ကျေးဇူးကြီး မဟုတ်ဘူး။ ကျွန်မ လုပ်ချင်လို့ လုပ်တာပါ။ ကိုယ့်ဘလော့မှာ ဒီစာတွေ ရှိစေချင်လို့ပါပဲ။ အဲဒါ ကျွန်မရဲ့ သူတို့အပေါ် နှစ်ခြိုက်တာ၊ သူတို့ အလုပ်ကို ဂုဏ်ပြုချင်တာတွေပါတဲ့အပြင် ကျွန်မနဲ့ ကျွန်မရဲ့ blog ID ကို ထူထောင်ချင်တဲ့စိတ်လဲ ကျိန်းသေ ငြင်းမရအောင်ပါတယ်။ (ဒီနေရာမှာ post တခုဖြစ်မယ့် စာမျိုး ရိုက်တင်တာ မပြောနဲ့။ side bar မှာ ချိတ်ထားတဲ့ ကိုယ်ဖတ်တဲ့ blog roll စာရင်းကစလို့ blogger နဲ့ blog ရဲ့ ID ကို ပြဖို့ဆိုတဲ့ ရည်ရွယ်ချက် ကျွန်မအတွက် အတိအကျပါတယ်)

ဒါပေမဲ့ ဂျူး ဝင်းငြိမ်း အင်တာဗျူး တင်တုန်းက hit သိသိသာသာ တက်ပေမယ့် မောင်သစ်ဆင်းစာတွေ တင်တော့ လျော့တောင် လျော့ပါတယ်။ သို့သော် တစ်အုပ်လုံး ရိုက်တင်ဦးမှာ။ hit ဘာလုပ်ဖို့လဲ။ ထက်ဝက်လျော့ချင် လျော့ပစေ။ ရိုက်တင်မှာ။ ဘာလို့ဆို ကျွန်မက ကြိုက်တယ်လေ။ ကိုယ်လိုပဲ ကြိုက်တဲ့လူတွေ များရင်တော့ ဝမ်းမြောက်စရာပေါ့။ မကြိုက်လို့ အများစုက လှည့်မကြည့်ဘူးဆိုတော့ ဝမ်းမမြောက်ဘူးပေါ့။ ဒါ့ထက်ပိုလို့ ဘာလုပ်ရမလဲ။ ကြိုက်စေချင်တဲ့၊ ကိုယ့်လို စိတ်ဝင်စားမှုတူတဲ့ လူတွေရှိရင် ဖတ်မိစေချင်တဲ့ စိတ်ရှိပေမယ့် ကိုယ် လုပ်ချင်တာကို လုပ်နေတာပါပဲ။ အချိန်ကုန်ခံလို့ အနစ်နာခံ ဖြန့်ဝေနေတာ မဟုတ်ရပါ။ အန္တရာယ်ကြီးပေမဲ့ တခု ပြောရဦးမယ်။ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ စာအုပ် ပြန်ရိုက်ပါလား ပြောလာရင် လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။ ဘာလို့ဆို လုံးဝ မကြိုက်လို့။ (ဒီနေရာမှာ ဒီစာလေးပဲ ဖြတ်ဖတ်လိုက်ပြီး၊ ဒါ ဂျာနယ်ကျော်စုံတွဲကို စော်ကားမော်ကားပြောနေတာလို့ လာရင်လည်း လာနိုင်တယ်။ ဒါပေမဲ့ အဲဒါနဲ့ ပတ်သတ်တဲ့ သဘောထားကို post တစ်ခုမှာ အတိအလင်းရေးပြီးသားမို့ ဒါလေးပဲ ဖြတ်ဖတ်ပြီး ဘာပြောပြော ဂရုစိုက်နေမှာ မဟုတ်ဘူး)

လုပ်နေတဲ့သူအတွက်မှာ ကိုယ်လုပ်လိုက်တာက သက်ရောက်မှု တခုခု ရှိသွားပြီ၊ လူသိသွားပြီ ဆိုတာနဲ့ ကျေးဇူးတင်တာတွေရော၊ မတင်တာတွေရော၊ ဆဲတာတွေရော၊ ဆိုတာတွေရော လာမှာပဲ။ ကိုယ်လုပ်ချင်လို့ကို လုပ်တဲ့ အလုပ်နဲ့ ပတ်သတ်လို့ အသိအမှတ်ပြုလာတာ၊ ကျေးဇူးစကားဆိုလာတာနဲ့ ကြုံရင် ဝမ်းမြောက်မိတာသာ မကဘဲ အဲဒီလူကို ကျေးဇူးတောင် ပြန်တင်မိဦးမယ်။ ကျွန်မကြိုက်လို့ ရိုက်တင်တဲ့ မောင်သစ်ဆင်းစာတွေ ဖတ်ပြီး သဘောကျတယ် ပြောရင် လာဖတ်တဲ့လူကို ကျွန်မ ကျေးဇူးတင်တယ်။

မနေ့က မမကွမ် စီဘောက်မှာပဲ ဒီ post ကို ဖတ်ပြီး zyt ဆိုတဲ့ nick နဲ့ တယောက်က လာပြောတယ်။ သူပြောတဲ့ စကားလုံးအတိုင်း ပြန်ပြောရရင်... ကျွန်မပြောတာ မှန်ပါတယ်တဲ့။ post ထဲမှာပါတဲ့ ဂျာနယ်ကျော်မမလေးအကြောင်း ရိုက်တင်နေတဲ့ မရွှေမိက လာဖတ်တဲ့လူတွေကို သူကတောင် ပြန်ကျေးဇူးတင်နေသေးတာ တဲ့။ ဒီသဘောတရားက ဘာမှ အကျယ်ပြောစရာမလိုဘဲ နားလည်နိုင်ပါတယ်။

လုပ်တဲ့သူတွေဘက်က ကိုယ့်ဘာသာ လုပ်ချင်လို့ လုပ်ချင်တာကို ရွေးလုပ်နေပြီး၊ မလုပ်ချင်တော့တာနဲ့ ရပ်လိုက်လို့ရတာကို ဘယ်သူ့ ကျေးဇူးတင်ခံနေချင်ရမလဲ။ ဘယ်သူ့ခေါင်းထဲမှာမှ အဲဒါမရှိဘူးလို့ ယုံကြည်တယ်။ ကျေးဇူးတင်ခံချင်လို့ပဲ ဖြစ်ဖြစ်၊ ကျေးဇူးခံ ကျေးဇူးစားသဘောနဲ့ လုပ်နေတာပဲဖြစ်ဖြစ် အဲဒါ သူ့လမ်းကြောင်းပဲ။ သူ့ခံယူချက်နဲ့ အဆင့်အတန်းပါပဲ။

June 8, 2010 11:48 AM
Rita said...

ခံယူသူဘက်မှာ ကိုအင်ဒီပြောတဲ့...
( “(ဥပမာ) လုပ်အားပေးတဲ့သူတွေ ဘလော့ရေးတဲ့သူတွေက အားယားနေလို့ လုပ်တာ စိတ်အပန်းဖြေလုပ်နေကြတာ နိုင်ငံရေးလုပ်နေသူတွေက သူ့ခံယူချက်နဲ့မို့ သူလုပ်နေတာ ကျေးဇူးတင်စရာ မလိုဘူး” လို့ ယူသွားမည့်လူတွေ ရှိနိုင်တာ ကိုယ်တွေ့ပဲလေ)
အဲလို ခံယူသွားအောင်လို့ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ရင်တောင် ဘယ်သူက နားယောင်ပါလိမ့်မလဲ လို့ ဆက်တွေးနေမိတယ်။ ထားပါတော့။ ဘယ်သူမှတော့ နားမယောင်ပါဘူး ဆိုတာ ကိုအင်ဒီလည်း သိပါတယ်။ ဆိုလိုရင်းကို တလွဲကောက်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို ကောက်ယူတဲ့လူတွေရှိတာကို ဘာမှ မတတ်နိုင်ပါဘူး။ သူတို့ အတွေးအမြင်အတွက် ဘာလုပ်ပေးလို့မှ မရဘူးလို့ပဲ ယူဆမိတယ်။ မင်းကိုနိုင် ကိုတောင် ယောအတွင်းဝန်လို ပြောလိမ့်မယ်လို့ ကြည်ညိုစိတ်နဲ့ ထင်နေကြတဲ့လူတွေ ရှိနေသေးတာပဲ။ (ယောအတွင်းဝန် မြင်းထိန်းငတာနဲ့ ပတ်သတ်လို့ လုပ်လိုက်တဲ့ အကွက်ဟာ ကလေးကလားပါလားဆိုတဲ့ အတွေးမရှိဘူး။ ကျောင်းပြဋ္ဌာန်းစာမှာတောင် ပါလာသေးတာ ဒါထည့်ပြောလိုက်ရင် ဟုတ်လှပြီလို့ပဲ တွေးတယ်)

နောက်တခုက ကျေးဇူးတရားနဲ့ ပတ်သတ်တဲ့ ကိစ္စမှာ ဘာလို့ အဲဒီလို တလွဲကောက်ကြသလဲ။ ကျွန်မစဉ်းစားမိသလောက်က ဆိုလိုရင်းကို သေချာမစဉ်းစားနိုင်တာထက်၊ မစဉ်းစားချင်တာ နဲ့ သူများကို နှိပ်ကွပ်ချင်စိတ် များနေလို့ ဖြစ်နိုင်တယ်။ ဥပမာ- ဗမာဝတ်စုံ ဝတ်ခြင်း၊ မဝတ်ခြင်း။ ဝတ်တဲ့လူတွေ၊ ဝတ်သင့်တယ်လို့ ထင်တဲ့လူတွေဟာ သူတို့ဘာသာ ဝတ်ချင်လို့၊ ယဉ်ကျေးမှုကို ချစ်လွန်းလို့ ဆိုတာထက် ဒါကို နင်းပြီး မဝတ်တဲ့လူတွေကို ဆော်ချင်တဲ့ စိတ်က ဦးဆောင်တယ်။ ဒီလိုပဲ ခုကိစ္စမှာ သူများကို ကျေးဇူးတင်တတ်တာထက် လိုရာဆွဲပြီး ဆော်ချင်တဲ့ စိတ်က ဦးဆောင်နေတယ်လို့ မြင်မိတယ်။

သေချာစဉ်းစားကြည့်ရင် ကျေးဇူးတင်တဲ့စိတ် ဖြစ်ပေါ်ဖို့ (ကျေးဇူးစကားဆိုဖို့ မဟုတ်) ဆိုတာ ဘာခက်သလဲ။ အထူးသဖြင့် ကိုအင်ဒီပြောသလို အရိုးစွဲနေတတ်တဲ့ ဗမာတွေမှာ ဘာခက်သလဲ။ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အနေအထားအရ၊ ဓလေ့ထုံးစံတွေအရ အလိုလို ကျင့်သားရနေကြတာပဲ။ နောက်တခု စေ့စေ့စပ်စပ် ထပ်ကြည့်လိုက်ပါ။ ကျေးဇူးတင်စိတ်ဟာ ဘယ်ကနေ ဖြစ်လာသလဲလို့။ ပုထုဇဉ်မှန်သမျှအတွက် ကိုယ်ကျိုးအတ္တကို ပြည့်စုံစေတဲ့အတွက် ကျေနပ်မိတဲ့စိတ်က ဖြစ်တယ်လို့ ထင်တယ်။ ပြီးတော့ ကိုယ့် စိတ်သဘောနဲ့ တွေ့တဲ့ အရေးကိစ္စတွေ လုပ်ဆောင်ပြတာ တွေ့ရတဲ့အခါ ဖြစ်မယ်ပေါ့။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို ကျေးဇူးတင်ကြ လေးစားကြတာ အဲဒီသဘောတရားရဲ့ အပြင်ကို ထွက်သွားတာ ဘာရှိလို့လဲ။ ဆိုတော့ ကျေးဇူးတင်မိဖို့ တင်တတ်ဖို့ဆိုတာ အတ္တရှိတဲ့ လူတစ်ယောက်အတွက် ဘာများခက်လို့လဲ။ မတင်မိဖို့သာ ခက်တာပါ။

June 8, 2010 11:48 AM
Rita said...

ညီလင်းဆက်ပဲ ဖြစ်ဖြစ်၊ ညီလင်းဆက်လောက်မှ မဟုတ်တဲ့ဟာပဲ ဖြစ်ဖြစ်၊ ညီလင်းဆက်ထက် မကတဲ့ဟာပဲ ဖြစ်ဖြစ် (ဒီနေရာမှာ နာမည်အစား နောက်ပိုင်းမှာ နာမ်စားပြောင်းသုံးလို့ရတယ်။ တမင်ကို အဲဒီနာမည်ကို 3 ခါတိတိ ထည့်ချင်လို့ ထည့်ရေးတာ) သူတို့ ကျေးဇူးတင်စရာရှိတာ တင်ဖို့ ဘယ်သူကမှ ဝေဖန်စောကြော၊ တွန်းအားပေးထောက်ပြနေဖို့မလိုပါဘူး ထင်မိတယ်။

ကျေးဇူးတင်ရတာထက် ခက်ခဲတာ၊ လေးနက်တာ၊ လုပ်ဖြစ်အောင် လုပ်သင့်တာက ကျေးဇူးတင်စရာကောင်းတဲ့ ကောင်းမြတ်တဲ့ အမှုကိစ္စတစ်ခုကို ကိုယ့်အပေါ် ပြုဖူးသူအပေါ် သူလိုအပ်ရင် တတ်နိုင်တဲ့ဘက်က ပြန်ဆပ်နိုင်ဖို့ရယ်၊ ကိုယ့်ကို ကျေးဇူးပြုဖူးသူအပေါ်မှာ တိုက်ရိုက်တုန့်ပြန်ဖို့ မလိုရင်တောင် အဲဒီ အမှုကိစ္စကို ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကနေ လက်ဆင့်ပြန်ကမ်းနိုင်ဖို့ရယ်သာ ခက်တာပါ။

ညီလင်းဆက် စလိုက်တဲ့ ကိစ္စကနေ ကျေးဇူး ကျေးဇူး ကျေးဇူး တင်တတ်ရမယ်လို့ မိုးမွှန်အောင်ပြောနေတဲ့လူတွေ ကိုယ့်ဘာသာ လွယ်တာပဲ လုပ်နေသလား၊ မလွယ်တာပဲ လုပ်နေသလားဆိုတာ ပြောနေမယ့်အစား စဉ်းစားကြည့်တာ ပိုကောင်းမယ် ထင်မိတယ်။

ကိုအင်ဒီ comment ကို ပြန်ရင်းနဲ့ ကိုယ့်ဘာသာလဲ ပြန်စဉ်းစားမိသွားတဲ့ အတွက် ပတ်သတ်ရာ ပတ်သတ်ကြောင်းများကို ကျေးဇူးဥပကာရ အထူးတင်ပါကြောင်း ပြောလိုပါတယ်။ :)

comment ရေးခဲတဲ့ ကိုအင်ဒီဆီ တကူးတက ရေးသွားတဲ့ comment ရလို့လည်း တကယ်ဝမ်းမြောက်မိတာ ပြောချင်ပါတယ်။

(စာ ရေးပုံရေးနည်းနဲ့ ပတ်သတ်လို့ကတော့ ကလေးကို ပြောသလိုပဲ ရေးရေး၊ ဓမ္မာစရိယကို ပြောသလိုပဲ ရေးရေး နားမလည်တဲ့လူက လည်ကို မလည်ဘူး၊ အရိုးစွဲနေတဲ့လူက စွဲကိုစွဲနေမှာပဲ ဖြစ်လို့ သိပ်မထူးဘူး ထင်မိပါတယ်။ အတိုက်အခိုက်က ဘယ်လိုရေးရေး ဘယ်လိုလုပ်လုပ် လွတ်မှာမဟုတ်တဲ့ တူတူတော့ ကိုယ် အာရုံလာသလိုပဲ ဆက်ရေးမယ်။ အဲဒီ အတွက် စာဖတ်သူကို မလေးစားတာတွေ၊ ထည့်မတွက်တာတွေ ပြောလာခဲ့ရင်လည်း ခံပါတယ်။ ဟုတ်တယ်လေ။ ဘလော့ရေးတာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်လုပ်ချင်လို့ လုပ်နေတဲ့ အလုပ်ပါပဲ။

ဒါဖြင့် ရေးပြီး ဘယ်သူ့မှ ပြမနေနဲ့။ ကိုယ့်ဘာသာ သိမ်းထားလို့ ပြောလို့လည်း မရဘူး။ ဘာဖြစ်လို့ဆိုတော့ ကိုယ်ရေးတာကို သူများ ဖတ်စေချင်တာ၊ ပြချင်တာကိုက ရေးသူရဲ့ အတ္တနဲ့ ယှဉ်တဲ့ ဆန္ဒပဲ။ သူရဲ့ စိတ်ကျေနပ်မှု အတွက်ပဲ။ ဒါကိုမှ မကျေနပ်လို့ လာမဖတ်ကြလည်း ဘာမှ မတတ်ပါ။ မရေးဘဲ မတင်ဘဲတော့ နေမှာမဟုတ်လို့ ပြောလိုပါတယ်)

ကိုအင်ဒီရဲ့ comment ကို ပြန်တာ ဖြစ်ပေမယ့် တချို့ အကြောင်းအရာနဲ့ စကားလုံးတွေက ကိုအင်ဒီကို မရည်ရွယ်ဘူးဆိုတာ နားလည်မယ်လို့ ယုံကြည်မိပါတယ်။

Read more

ကျေးဇူးရှင် မှိုလိုပေါတဲ့ လောကကြီးအလယ်မှာ

အခုတလော “ကျေးဇူးရှင်၊ ကျေးဇူးခံ၊ ကျေးဇူးစား၊ ကျေးဇူးစကား” ဆိုတာတွေ ကြားနေ တွေ့နေ ဖတ်နေရတယ်။ “ကျေးဇူး”ဆိုတာနဲ့ ပတ်သက်လာရင် ဝင်းဖေ ရေးသားတဲ့ “မျက်မှန်” ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ်ကို အရင်ဆုံး ပြေးသတိရမိပါတယ်။ ကိစ္စရပ်ကလေးတခုအတွက် ကျေးဇူးရှိခဲ့ဖူးတာအပေါ် မပြီးနိုင်မစီးနိုင် အသားယူရင်း လိုတာထက်ပိုပြီး အခွင့်အရေးတွေယူနေတဲ့ လူတယောက်အကြောင်းနဲ့ အဲဒီဒဏ်ကို သည်းမခံနိုင်တော့လို့ ပေါက်ကွဲထွက်ရသူတယောက်အကြောင်း ကလောင်သွက်သွက်နဲ့ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတပုဒ်ပေါ့။

မှန်ပါတယ်။ တချို့လူတွေဟာ သူ့ကျေးဇူးလေး နည်းနည်းလောက် ရှိခဲ့ဖူးရင်ပဲ တဖက်လူက တသက်လုံး အသက်ပေးပြီး ဆပ်ရတော့မယ့် အပေါက်မျိုး ချိုးတတ်တာ တွေ့ရဖူးတယ်။

တချို့လူတွေကျပြန်တော့ သူ့သဘောနဲ့သူ ဇွတ်အတင်းအဓမ္မ ဝင်ကူညီပြီး တဖက်လူရဲ့ ကျေးဇူးတင်တာကို အချောင် ခံချင်ကြတာမျိုးလည်း ရှိသေးတယ်။

ကြားဖူးကြမယ်ထင်ပါတယ်။။ “တိုင်းပြည်ကြီး ချောက်ထဲကျတော့ဖို့ လက်တလုံးအလိုမှာ အချိန်မီ ဝင်ပြီး ကယ်တင်လိုက်ရတယ်”….ဆိုတာမျိုးလေ။ အသားလွတ်ကြီး ကယ်တင်ရှင်အပေါက်မျိုး ဝင်ချိုးနေတာ။ ဒါမျိုးက နအဖ သာလျှင် မဟုတ်။ တော်လှန်ရေးသမားဆိုသူတွေထဲမှာလည်း ဒီအချိုးမျိုးနဲ့ လူတွေ တပုံကြီးရှိနေပြန်တယ်။ “မင်းတို့ ထောင်ကျခံခဲ့ဘူးလို့လား။ ငါတို့လောက် ပေးဆပ်ခဲ့ရဘူးလို့လား”…စသဖြင့်ပေါ့လေ။

ဒီလိုလူမျိုးတွေ ဘာကြောင့် ပေါ်ပေါက်လာရသလဲလို့ အကြောင်းရင်းကို စဉ်းစားကြည့်မိတယ်။

ကျနော့်အထင်မမှားဘူးဆိုရင်တော့ “ကျေးဇူးသိတတ်တာဟာ ကောင်းတယ်” ဆိုတဲ့ အယူအဆကနေ အစပြုတယ်လို့ တွေးမိပါတယ်။ ဒီအယူအဆကို လူမျိုးဘာသာမရွေး လက်ခံကျင့်သုံးကြတာပါ။ ဗုဒ္ဓဘာသာမှာဆိုရင် ကျနော်တို့တွေဟာ မိဘနဲ့ ဆရာသမားကို အနန္တောအနန္တငါးပါး ဂိုဏ်းဝင် ကျေးဇူးရှင်တွေဆိုပြီးတော့ ပူဇော်ကန်တော့ကြတယ်။ ပူဇော်ထိုက်သောသူကို ပူဇော်ခြင်း၊ သူ့ကျေးဇူးကို သိတတ်ခြင်း ဆိုတဲ့အတိုင်းဆိုတော့ အဲဒီအထိကတော့ ဟုတ်နေပါသေးတယ်။

ဒါပေမယ့် ကျနော်တို့မှာ ဘယ်အချိန်ကစပြီး ရလာခဲ့တဲ့ အလေ့အထ မှန်းတော့ မသိဘူး။ ကိုယ့်ကို ပညာသင်ပေးတဲ့ ဆရာတွေကိုသာမက တခြားအသက်မွေးဝမ်းကြောင်းနဲ့ လူတွေကိုပါ တွေ့ကရာ“ဆရာ” တပ်ပြီး ခေါ်နေကြတာကို တွေ့ရတယ်။ ဥပမာ ဆရာဝန်ကိုလည်း ဆရာလို့ပဲ ခေါ်တယ်။ စာရေးဆရာကိုလည်း ဆရာပဲ။ သတင်းသမားတွေကိုလည်း သတင်းစာဆရာပဲ။ ကားမောင်းတဲ့လူကိုလည်း ကားဆရာ၊ အသံချဲ့စက်ဖွင့်တဲ့လူကိုလည်း စက်ဆရာ၊ ပန်းပဲထုတဲ့လူကို ပန်းပဲဆရာ၊ ကုန်ကုန်ပြောရရင် ဆိုက်ကားနင်းတဲ့ လူကိုတောင် ဆိုက်ကားဆရာလို့ ခေါ်တတ်ကြပါတယ်။ (ဒီအကြောင်းနဲ့ ပတ်သက်လို့ လူထုစိန်ဝင်းက ဆောင်းပါးတပုဒ်ရေးဖူးပါတယ်။)

အဲဒီမှာတင် ဇာတ်လမ်းက နည်းနည်းရှုပ်လာပြီး ရောထွေးမှုတွေ စဖြစ်လာတယ်လို့ ယူဆရပါတယ်။ ဆရာဝန်က ဆေးကုပေးရင် ကုသခကို “ဉာဏ်ပူဇော်ခ” လို့ ခေါ်လာကြတယ်။ အစိုးရဆေးရုံက ဆရာဝန်မို့ ဆေးကုသခ ပေးစရာမလိုရင်တောင် ကျေးဇူးတင်လို့ဆိုပြီး လက်ဆောင် ပေးချင်ကြတယ်။ အဲဒီလက်ဆောင်ကိုလည်း “ကန်တော့လက်ဆောင်” လို့ ခေါ်ကြပြန်တယ်။ (နောက်ပိုင်း ကန်တော့လက်ဆောင် တွေ အဖြစ်ကနေ မူလသဘာဝ ပျောက်ပျက်ပြီး အဆုံးသတ်မတော့ အစိုးရဌာနဆိုင်ရာတွေအတွင်းမှာ အဓိက လာဘ်ပေးလာဘ်ယူ နည်းလမ်းကြီးတခုအဖြစ် ဆက်လက် အသုံးတော်ခံနေပါတော့တယ်။)

အလားတူပဲ…. “စာရေးဆရာ” တွေကိုလည်း စာမူခပေးတယ်ဆိုရမယ့်နေရာမှာ ဉာဏ်ပူဇော်ခဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲကြတယ်။ သတင်းစာဆရာတွေနဲ့ ပတ်သက်လို့လည်း ထို့အတူပဲ။ ဒါတွေဟာ ဝေါဟာရ သက်သက်ပဲ။ သိပ်အရေးမကြီးပါဘူးလို့ ထင်မယ်ဆိုရင်လည်း ထင်လို့ရပါတယ်။

ဒါပေမယ့် အဲဒီအလေ့အထကြီးဟာ ကျနော်တို့ လူမှုအသိုင်းအဝိုင်းကြားထဲမှာ ကြာရှည်မြင့်စွာ အမြစ်တွယ်လာတဲ့အခါ ကျောင်းဆရာ၊ ဆရာဝန်၊ စာရေးဆရာ၊ သတင်းစာဆရာ စတဲ့ လူတွေကို ကျေးဇူးရှင်ကြီးတွေလို့ ကျနော်တို့တွေက အမြင်မှာပါ မသိလိုက်မသိဘာသာ စွဲထင်မှတ်ယူလာတယ်။ တကယ်တော့ အဲဒီလူတန်းစားအသီးသီးမှာ လူကောင်းသူကောင်းတွေပါသလို အကျင့်မကောင်းတဲ့လူတွေလည်း တပုံကြီးရှိနေတယ်။ အကျင့်မကောင်းပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီနယ်ပယ်ထဲမှာ ရောက်နေတဲ့လူတွေကို သူ့အသက်မွေးဝမ်းကြောင်းကို ထောက်ပြီး ကျေးဇူးရှင်ကြီးတွေသဖွယ် ဆက်ဆံနေရမှာတော့ သဘာဝ မကျဘူးပေါ့နော်။

နအဖ အစိုးရ တက်မလာမီခေတ်ကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဝါဒဖြန့်ချီရေး ကောင်းမှုကြောင့် တောင်သူလယ်သမားတွေဟာ နေရင်းထိုင်ရင်း ကျနော်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်တောင်သူဦးကြီးတွေ ဖြစ်လာကြတယ်။ ကုန်ကုန်ပြောရရင် လယ်သမားတွေနဲ့အတူ ရွှံ့ထဲမှာ ဒိုးတူပေါင်ဖက် ရုန်းနေကြတဲ့ နွားသတ္တဝါတွေကိုတောင် ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင်လိုလို ပြောလာကြတော့ လမ်းမှာ နွားတွေ့ရင်ပဲ ထိုင်ကန်တော့ရမလို ဘာလိုလို ဖြစ်လာတယ်။

ထားပါတော့။ ကျေးဇူးခံ၊ ကျေးဇူးစားလူတွေဖက်က မင်္ဂလာတရားနဲ့အညီ ကျေးဇူးတင်တယ်ပဲ ထား။ အဲ….. ကျေးဇူးရှင်တွေဖက်ကလည်း ကြာလာတာနဲ့အမျှ အကျင့်ပျက်ပြီး နည်းနည်းပါးပါး စိတ်ကြီးတော့ ဝင်လာကြတယ်လို့ ထင်မိတယ်။ ကိုယ့်ဆန္ဒအလျောက် ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်းကို ဝတ္တရားအရ လုပ်ကိုင်တဲ့နေရာမှာတောင် နေရင်းထိုင်ရင်း ကျေးဇူးတင်ခံချင်တာမျိုးတွေ ရှိလာကြတယ်။ ပြည်သူ့အတွက်တို့၊ စာဖတ်ပရိသတ်အတွက်တို့၊ လူအများအတွက်တို့ စတဲ့ စကားတွေနဲ့ အသံကောင်းဟစ်လာကြတယ်။

သူ့ဘာသာသူ သေနတ်ကိုင်ချင်လို့ လက်ယားပြီးတော့ တပ်ထဲဝင်သွားတဲ့သူတွေကလည်း “အသက်သွေးချွေး စဉ်မနှေး၊ ပေးဆက်သည်မှာ တပ်မတော်ပါ” ဆိုတာမျိုး အော်လာကြတယ်။

တကယ်ကတော့ လူတယောက်ဟာ သူ့အလုပ်ကိုသူ မှန်မှန်ကန်ကန် လုပ်ဆောင်နေသရွေ့ သူ့အကျိုးအတွက်ရော၊ အများအကျိုးတွက်ရော သယ်ပိုးပြီးသား ဖြစ်ပါတယ်။ စစ်သားကလည်း စစ်သားအလျောက်၊ ဈေးသည်ကလည်း ဈေးသည်အလျောက်၊ အင်ဂျင်နီယာကလည်း အင်ဂျင်နီယာအလျောက်၊ အိမ်ရှင်မကလည်း အိမ်ရှင်မအလျောက်၊ လှေသမားကလည်း လှေသမားအလျောက်၊ ဆရာဝန်ကလည်း ဆရာဝန်အလျောက်၊ ကျောင်းဆရာကလည်း ကျောင်းဆရာအလျောက် သူ့နည်းနဲ့သူ လူ့အဖွဲ့အစည်းကို ညီတူညီမျှ ကျေးဇူးပြုနေကြသူတွေချည်းပါ။ မယုံလို့ရှိရင် ဈေးသည်တွေ၊ အိမ်ရှင်မတွေ မပါဘဲ စစ်သားတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ချည်း လူ့အဖွဲ့အစည်းကို တည်ဆောက်ကြည့်ပါ။ (ချွင်းချက်အနေနဲ့ လက်နက်ကိုင်တွေ မပါဘဲ လူ့အဖွဲ့အစည်း တည်ဆောက်မယ်ဆိုရင်တော့ ပိုပြီး အေးချမ်းသာယာမှုတဲ့ လူ့အဖွဲ့အစည်းကို ရမယ်လို့ ယုံကြည်မိပါတယ်။)

ဒီတော့ တခုခုကို လုပ်တယ်ဆိုရင် ကျေးဇူးတင်ခံချင်လို့ လုပ်တာထက် ကိုယ့်ရွေးချယ်မှုအလျောက်၊ ကိုယ့်ဝါသနာအလျောက်၊ ကိုယ့်ယုံကြည်မှုအလျောက်၊ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့အလျောက်၊ လုပ်တာမျိုးပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ညီလင်းဆက်တို့ ရီတာတို့ရဲ့ အယူအဆကို သဘောကျ နှစ်ခြိုက်မိပါတယ်။

ကျေးဇူးခံ၊ ကျေးဇူးစားတွေဖက်က ကြည့်ရင် ကျေးဇူးတင်တာဟာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ကျေးဇူးမသိတတ်သူ၊ ကျေးဇူးကန်းသူအဖြစ်ထက်စာရင် ကျေးဇူးသိတတ်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် ကျေးဇူးကို ဘယ်လို ပြန်ဆပ်မလဲ။ ဆပ်ပုံဆပ်နည်း နည်းလမ်းကျဖို့တော့ လိုမယ်ထင်ပါတယ်။ နောက်တပို့စ်မှာကျမှ ကျေးဇူးဆပ်ပုံဆပ်နည်းတွေအကြောင်း ကျနော်တွေးမိသမျှ ထပ်ရေးပါဦးမယ်။

ပူးတွဲဖတ်ရှုရန်.....
(၁) မျက်မှန် (ဝင်းဖေ)
(၂) ထက်ထက်မိုးဦး တကယ်ပဲ မလွန်ဘူးလား (ညီလင်းဆက်)
(၃) One Minute Interview (Ritako)
(၄) ကျေးဇူးတင်လိုက်ပါ (ဝီရှီမီ)
(၅) ကျေးဇူးတရား self-ownership and all that (ဝတုတ် -zizawa)
Read more

ရေမီးအစုံ မြို့ရန်ကုန်

နအဖ အစိုးရက ရန်ကုန်မြို့ကြီးကို ရေမီးအစုံအလင်နဲ့ လိုလေသေးမရှိ ထားပေးပုံ..လေ။

ရန်ကုန်မြို့ လမ်းရေလျှံ (ဓါတ်ပုံမူရင်း Link).............................မင်္ဂလာဈေးမီးလောင် (ဓါတ်ပုံမူရင်း Link)....

ဓါတ်ပုံတွေကြည့်ရုံနဲ့ ရန်ကုန်မြို့သူမြို့သားတွေရဲ့ ဒုက္ခကို ခံစားကြည့်လို့ရတယ်။

နအဖ အစိုးရ တက်လာကာစတုန်းက နာမည်ကျော် စာရေးဆရာတယောက်က ရေးတယ်။ “နအဖ အစိုးရလက်ထက်မှာ ရေမီးအစုံနဲ့ ထားပေးတယ်။ နွေဆိုရင် မီးလောင်တယ်။ မိုးတွင်းဆို ရေကြီးသတဲ့။” အဝေဖန်မခံနိုင်တဲ့ နအဖက မျက်မာန်တော်ရှလို့ အဲဒီစာရေးဆရာကို ဖမ်းဆီး ထောင်ချထားခဲ့သေးတယ်။ အခု အနှစ် နှစ်ဆယ်ကျော်ကြာလည်း ဒုံရင်းက ဒုံရင်းပါပဲ။ အခြေအနေတွေက တနေ့တခြား ပိုတောင် ဆုတ်ယုတ်လာသေးတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ နအဖရဲ့ ဝါဒမှိုင်းတိုက်တဲ့ ကြွေးကြော်သံကို ကြားရတာ နားကလော လှပါတယ်။

“ရန်သူမျိုး ငါးပါးမဟုတ်တော့ဘူး။ သုံးပါးပဲ ရှိတော့တယ်။ နောက်ဆုံးသုံးပါးက အတူတူဖြစ်သွားလို့ ” ဆိုတဲ့ စကားလေးကိုသာ သတိရမိပါရဲ့။
Read more

ပျိုပျိုမေရဲ့...

ပေးထားတဲ့ စကားလုံးတွေကို အသုံးပြုပြီး ဝါကျတည်ဆောက်ခိုင်းတာမျိုး ငယ်ငယ်က ကျောင်းသားဘဝမှာ လုပ်ခဲ့ကြဖူးမှာပေါ့။ ကျနော်ကြုံခဲ့ဖူးတဲ့ တချို့သော ပြုံးချင်စရာ ဝါကျတည်ဆောက်ပုံလေးတွေကို ဝေမျှချင်ပါတယ်။

သာယာ။........။ ကျမသည် သာယာပါသည်။ (ဗုဒ္ဓေါ)

တခစ်ခစ်။.........။ ကျနော်သည် ညက သတင်းနားမထောင်လိုက်ရသဖြင့် တခစ်ခစ်နောက်ကျ သွားသည်။ (တခေတ် ခေတ်နောက်ကျသွားသည် လို့ နားလည်ပါရန်။)

နောက်တမျိုးက သတ်ပုံမှားကြတာ။ တယောက်ဆိုရင် အမျိုးသားနေ့ဘယ်နေ့လဲ ဆိုတဲ့ မေးခွန်းကို ဖြေထားပုံက “တဆောင်မိုလပြိုကျို ဆယ်ရက်” ဆိုတာမျိုး။ ဘယ်ပုံဘယ်နည်း စာလုံးပေါင်းထည့်လိုက်သည်မသိ။

ကျနော်တို့ဇာတိ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ကုန်းဇောင်းဖက်မှာ လေယူလေသိမ်းနဲ့ အသံထွက်တွေက တခြားအရပ်တွေနဲ့မတူဘူး။ ဆရာဝန် ဆိုရင် ဆရာဝင်၊ ဝန်ကြီးဆိုရင် ဝင်ကြီး အဲသည်လို အသံထွက်တယ်။ အခုထိလည်း အဲသည်လိုပဲ ထွက်နေလို့ မဒမ်ပေါက မကြာခဏ ဟားတာကို ခံရတယ်။ ယပ်တောင် ဆိုရင်လည်း ယက်တောင် လို့ အသံထွက်ကြတာပါ။

အသံထွက်မှားတော့ တချို့တွေလည်း စာလုံးပေါင်းတဲ့နေရာမှာပါ လိုက်မှားကြတယ်။ ဟင်္သာတ ဖက်က ကျနော့်အသိတယောက်ဆိုရင် “ပတ်ဝန်းကျင်” ကို ပြောတဲ့အခါ “ပဝန်းကျင်” ဆိုတဲ့ အသံမျိုးနဲ့ ပြောရုံမက ရေးတဲ့အခါမှာပါ ပဝန်းကျင်လို့ မှားရေးတာကို ကြုံဖူးတယ်။

ကျနော်တို့မူလတန်းတက်နေတုန်း အတန်းဖော် ကောင်မလေးတယောက် ဆရာ့ဆီမှာ သတ်ပုံစစ်ဖို့ (ကျောက်သင်ပုန်း) သွားထပ်တဲ့အခါ ယပ်တောင်ကို ယက်တောင်လို့ မှားရေးထားတာကို ဆရာက တွေ့သွားတယ်။ အဲဒီအခါမှာ ဆရာက ချက်ချင်း သူ့စားပွဲမှာတင် အဲဒီကျောင်းသူကို အသံထွက် ပြင်ပေးဖို့ ကြိုးစားတယ်။

ဆရာ။........။ လိုက်ဆိုစမ်း….“ယပ်တောင်”
ကျောင်းသူ။........။ ယက်တောင်
ဆရာ။.........။ ယက်တောင် မဟုတ်ဘူး။ ပြန်ဆို ယပ်တောင်။
ကျောင်းသူ။..........။ ယက်တောင်
ဆရာ။..........။ ဆိုစမ်း….. ယပ်။
ကျောင်းသူ (အသံတုန်ရီစွာဖြင့်)။.........။ ယက်
ဆရာ (စိတ်မရှည်စွာဖြင့်)။.............။ကဲ… နင်အခု ငါ့ရှေ့မှာ ထိုင်နေတာလား။ ရပ်နေတာလား။
ကျောင်းသူ။...........။ ရက်နေတာပါရှင့်....

ကျနော်တို့မှာ ရယ်ချင်လွန်းပေမယ့် မရယ်ရဲဘူး။ ဆရာက အရိုက်ကြမ်းလို့။ အသာ မျက်နှာသေလေးတွေနဲ့ အပိုးသတ်ပြီး ငြိမ်နေရတယ်။

တခါ ဆယ်တန်းအောင်ပြီး ကျောင်းတွေ အကြာကြီး ပိတ်ထားလို့ ရွာမှာ ပြန်နေတုန်း အမျိုးတွေ အဆွေတွေ တိုက်တွန်းတာနဲ့ ကလေးတွေကို အိမ်မှာ စာသင်ပေးဖူးတယ်။ ပထမတော့ ဝမ်းကွဲတွေရဲ့ သားသမီး သုံးလေးယောက်ကို သင်ပေးရာကနေ နောက်တော့ တဆင့်စကား တဆင့်နားနဲ့ ရွာထဲက ကလေးတွေ အယောက် ၂၀ လောက်ကို စာသင်ပေးရပါတယ်။ ကလေးတွေကလည်း နှပ်ချေးတွဲလောင်းအရွယ်ကနေ သုံးတန်း လေးတန်း အရွယ်အထိ အရွယ်စုံ အမျိုးစုံပါတယ်။ တချို့လည်း ကလေးထိန်းရသက်သာပြီးရော သဘောနဲ့ ပို့တာဖြစ်နိုင်ပါတယ်။ စာသင်ဖို့ အလာလမ်းမှာတော့ သူတို့ မိဘ တွေက ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပေးလိုက်လို့ ချစ်စရာလေးတွေ။ ကျနော့်ဆီက ပြန်သွားရင်တော့ ကြောင်ဂျီးရုပ်နဲ့ပဲ။

နှစ်ထပ်အိမ် အပေါ်ထပ်မှာ စာသင်တာ ဘယ်လိုလုပ် ကြောင်ဂျီးရုပ်ပေါက်သွားသလဲလို့ မေးစရာရှိတယ်။ အကြောင်းကတော့ ကျေးဇူးရှင်လေးတွေက ဆယ်မိနစ် တခါလောက် ကျနော့်ရှေ့မှာ လက်ညိုး လာထောင်ကြတယ်။ “ကိုကြီးနိုင်မိုး….သေးပေါက်ချင်လို့” “ကိုကြီးနိုင်မိုး အိမ်သာသွားချင်လို့”။ အဲသည်လို ခဏခဏ ဆင်းကြတယ်။ ကျနော် အိမ်ပေါ်ပြတင်းပေါက်က မသိမသာ ချောင်းကြည့်လိုက်ရင် ဒီကောင်တွေ ခြံထဲက မန်ကျည်းပင်အောက် မြေပြင်မှာ ဆော့ကစားနေမယ်။ လမ်းက ဖြတ်သွားဖြတ်လာတွေကို ငေးမောကြည့်ကြမယ်။ လှိုင်မြင့်ဦးဆိုတဲ့ သုံးနှစ်သာသာ တူကလေးတစ်ယောက်ကို အခုထိ မှတ်မိသေးတယ်။ ကျနော့်ရှေ့မှာလာပြီး မကြာခဏ လာပြီး လက်ညိုးထောင်တဲ့ ပုဂ္ဂိုလ်လေးပေါ့။ ရုပ်ကလေးကလည်း မျက်လုံးမှေးမှေးနဲ့ ညစ်ကျယ်ကျယ်လေး။ တခါတလေကျတော့လည်း ကျနော်က စိတ်မရှည်တဲ့အလျောက် “ဟိတ်ကောင်၊ မသွားနဲ့ကွာ။ မသွားရဘူးကွာ” လို့ ဟောက်လွှတ်လိုက်တယ်။ အဲဒါကို ကျေးဇူးရှင်က အိမ်ပြန်ရောက်တဲ့အခါ သူ့အမေအဖေတွေကို ကျနော့်လေသံအတိုင်း ပြန်သရုပ်ဆောင်ပြသတဲ့။ သူ့မိဘတွေ ပြန်ပြောပြလို့ သိရတာပါ။

ထူးထူးခြားခြား အင်မတန် ဉာဏ်ကောင်းတဲ့ကလေး နှစ်ယောက်လောက်ကိုလည်း သတိထားမိသေးတယ်။ အဲ…. ကျနော် ကျောင်းဆရာ လုပ်ချင်စိတ်ကုန်သွားလောက်အောင် တတ်နိုင်တဲ့ တပည့်မ တယောက်လည်း ပါလာတယ် ခင်ဗျ။ သူနဲ့ကျမှ ကျနော်ဟာ ကျောင်းဆရာ ပါရမီ မပါ ပါကလားလို့ ကိုယ့်ဘာသာ သဘောပေါက်သွားတဲ့အလျောက် စာသင်ခြင်းအမှုကို အသက်မွေးဝမ်းကြောင်းစာရင်းထဲကနေ အပြီးတိုင် ထုတ်ပယ်လိုက်ရပါတော့တယ်။

ဒီလိုပါ…. မူလတန်း မြန်မာစာဖတ်စာထဲမှာပါတဲ့ “ပျိုမေတသင်း လယ်ထဲဆင်းမည်။ ပျိုးပင်များလည်း သယ်လာကြ၏” ဆိုတဲ့ စာကို သင်တဲ့အခါ အဲဒီတပည့်မက ပျိုမေ နဲ့ ပျိုးပင်ကို ဘယ်လိုကနေ ဘယ်လို ရောထွေးသွားတယ်မသိ။ “ပျိုမေ”ကို “ပျိုးမေ” လို့ချည်း ဖတ်နေတယ်။ ကျနော် ရှေ့ကနေ ဘယ်လိုပြင်ပေးပေး ပြင်လို့မရဘူး။

“လိုက်ဆို…. ပစောက်ယပင့် လုံးကြီးတင် တချောင်းငင် ပျို။”
“ပစောက်ယပင့် လုံးကြီးတင် တချောင်ငင် ပျို။”
“သဝေထိုး မရေ မေ။”
“သဝေထိုး မရေ မေ။”
“ပျို….မေ”
“ပျိုး…မေ”

ဘယ်လိုမှကို ပြင်လို့မရပါဘူး။ ပျိုးမေချည်း ဖတ်တယ်။ ကျနော့်အဖို့ အကြံအိုက်ပြီး စိတ်အရမ်းညစ်ရတဲ့ ကာလတွေပေါ့။ သူ့ကို စာသင်ရတာ ငိုတောင်ငိုချင်တယ်။ စောစောက “ယက်တောင်” ပြင်တဲ့ဆရာကိုလည်း ကိုယ်ချင်းစာမိပါရဲ့။

နောက်ဆုံးတော့ ကျနော် ကိုပေါ လက်မြှောက်လိုက်ပါတယ်။ သူ့ကို ပျိုးမေလို့ပဲ လွတ်လပ်စွာ ပေးဖတ်လိုက်ရပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျနော်လည်း ကလေးတွေကို စာမသင်ဖြစ်တော့ပါဘူး။

ဗဒင်သီချင်းတွေ ခေတ်စားလာတော့ ကျနော့်တပည့်မ သီချင်းကို ဘယ်လို လိုက်ဆိုမလဲဆိုတာသာ စိတ်ဝင်စားမိပါတော့တယ်။

“…..နှလုံးသားငယ်လေး….မျောလွင့်သွားပြီ….ပျိုးပျိုးမေရဲ့…..”း-)
Read more

“လွဲချက်က နာ”


ဓါတ်ပုံကို ဒီက ယူပါတယ်။

ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းမှာ တင်ထားတဲ့ ထက်ထက်မိုးဦး အင်တာဗျူးအောက်က ကွန်မင့်တွေကို လျှောက်ဖတ်ရင်း ကွန်မင့်တခုကိုတွေ့တော့ အသံထွက်အောင် ရယ်မိပါတယ်။ ထွန်းလှ ဆိုသူရဲ့ ကွန်မင့်မှာ…..

“များလိုက်တဲ့ ကွန်မင့်တွေ၊ ဒေါက်တာဇာနည်ကို ထက်ထက်တို့က ပျင်းတောင်ပျင်းသေးတယ်”…. တဲ့။

သူပြောလည်း ပြောစရာပါပဲ။ ကျနော် ညွှန်းထားတဲ့ ဒေါက်တာဇာနည်ရဲ့ ပို့စ်တွေမှာ သွားကြည့်ရင်တောင် ကွန်မင့်က ဆယ်ဂဏန်းပဲ ရှိတယ်။ မြန်မာတွေပဲ အင်္ဂလိပ်ဆောင်းပါးတွေကို သိပ်မဖတ်ဖြစ်လို့လား၊ ဒါမှမဟုတ် နိုင်ငံရေးကိုပဲ စိတ်မစားကြလို့လား။

ကျနော့်ဘလော့ဂ်မှာ ဆိုရင်လည်း “ထက်ထက်မိုးဦးနဲ့ သူတို့တတွေ” ပို့စ်ကို တင်လိုက်တဲ့အခါ လာရောက်ဖတ်ရှုသူအရေအတွက်ဟာ မကြုံစဖူး ထိုးတက်သွားပါတယ်။ ထက်ထက်အရောင်နဲ့ ပါးပြောင်သွားတဲ့ သဘောပေါ့။ နာမည်ကြီးမင်းသား၊ မင်းသမီးတွေနောက် မီဒီယာတွေ ဘာကြောင့် ကောက်ကောက်ပါအောင် လိုက်နေရသလဲဆိုတဲ့ အချက်ကိုလည်း ပိုပြီး နားလည်သဘောပေါက် သွားပါတော့တယ်။

အဲဒီပို့စ်မှာ စာဖတ်သူတွေရဲ့ မှတ်ချက်တွေကိုလည်း အတော်များများ ရလိုက်ပါတယ်။ အများစုကတော့ ထက်ထက်မိုးဦး လွန်တယ်၊ မလွန်ဘူး ဆိုတဲ့အချက်ကို အသားပေး ရေးကြတာကို တွေ့ရပါတယ်။ ဒါနဲ့ ကျနော်က မဒမ်ပေါကို ညည်းပြမိတယ်။ ဘလော့ဂ် လာဖတ်တဲ့လူတွေ ကျနော်ပေးချင်တဲ့ မက်ဆေ့ခ်ျကို မရဘူးထင်တယ်လို့။ ဒါပေမယ့် အဲဒီအပေါ်မှာ ပို့စ်တပုဒ် သီးသန့် ရေးချင်လောက်တဲ့အထိတော့ တွန်းအားဖြစ်မလာပါဘူး။

ဒီနေ့မနက်တော့ ညီလင်းဆက်ဘလော့ဂ်က “ထက်ထက်မိုးဦး တကယ်ပဲ မလွန်ဘူးလား” ပို့စ်ကို သွားဖတ်ဖြစ်တယ်။ ထုံးစံအတိုင်း သူရေးထားတာလေးတွေကို ဖတ်ရင်းနဲ့ သဘောကျနေတုန်း ပို့စ်တဝက်လောက်ရောက်တော့… “ကိုပေါတို့လို အမာခံ ပရိသတ်တွေကလည်း ဒါကို အပြည့်အဝ ထောက်ခံကြပြန်တယ်”…. ဆိုတာတွေ့လိုက်ရတဲ့အခါ ညက အိပ်ရေးမဝလို့ မှေးစင်းနေတဲ့ မျက်လုံးနှစ်လုံးဟာ လင်းကွင်းလောက် ပြူးထွက်လာပါတယ်။ ပါးစပ်ကလည်း “ဟဲ့၊ ပလုပ်တုတ်” လို့ အာမေဋိတ်သံ ထွက်သွားပါတော့တယ်။

ကျနော်ရေးတဲ့ပို့စ်ကို အသေအချာ ဖတ်ကြည့်မယ်ဆိုရင် ထက်ထက်မိုးဦးရဲ့ ပါးရိုက်တဲ့လုပ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာထက် အဲဒီဖြစ်ရပ်ကြောင့် ထက်ထက်မိုးဦး နာမည်ကျသွားနိုင်တယ်လို့ ပြောနေကြသူတွေရဲ့ ထင်မြင်ချက်ဟာ မဖြစ်နိုင်ဘူးဆိုတာကို ဥပမာအချို့နဲ့ ပထမဦးဆုံး သက်သေပြတယ်။ ဒုတိယအနေနဲ့ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပေမယ့် သူတို့နဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှု၊ ကျင်လည်ရာ ပညာရပ်နယ်ပယ်တွေမှာ အကောင်းဆုံးလူတွေအဖြစ်၊ ကျော်ကြားတဲ့လူတွေအဖြစ် ဆက်လက်ရပ်တည်နေနိုင်တယ် ဆိုတဲ့ အချက်ကို ဦးတည် ရေးထားခြင်း ဖြစ်ပါတယ်။ ဒီအချက်တွေ မှန်ကန်ကြောင်းကိုလည်း ထက်ထက်မိုးဦးကို ဆက်လက် အားပေးနေတဲ့ ပရိသတ်ရဲ့ မှတ်ချက်တွေနဲ့ ညီလင်းဆက်ရဲ့ စစ်တမ်းအရ ကြည့်ရင်ပဲ ထင်ထင်ရှားရှား သိသာနိုင်ပါတယ်။

အရင်ပို့စ်ထဲမှာ အဲဒီလို ကိုယ်ထိလက်ရောက် (စိတ်လိုက်မာန်ပါ) လုပ်ရပ်ကို ကျူးလွန်ခဲ့ဖူးသော်လည်း ဆက်လက်ကျော်ကြား အောင်မြင်နေခဲ့သူတွေထဲက ဥပမာအနေနဲ့ မာရာဒိုနာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဥပမာပေးထားပါတယ်။ ဒါပေမယ့် ဒီလို ဥပမာပေးတဲ့အတွက် သူတို့ရဲ့ လုပ်ရပ်ကို ကျနော်က ထောက်ခံရေးသားရာရောက်တယ်လို့ မမြင်စေချင်တဲ့အလျောက်….. “ ဒီလိုရေးပြလို့ ထက်ထက်မိုးဦးတို့ မာရာဒိုနာတို့၊ ကိုအောင်ဆန်းတို့ရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်ပုံကို မှန်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး” လို့ ကျနော့်သဘောထားကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရေးသားထားပါသေးတယ်။ ဒီကြားထဲကမှ ဒီပို့စ်ဟာ ထက်ထက်မိုးဦးမလွန်ပါ ဆိုတဲ့အဆိုကို အပြည့်အဝထောက်ခံတယ်လို့ အဓိပ္ပါယ်ကောက်လွဲတာဟာ စာဖတ်သျှမ်းတာကြောင့်လား၊ ဒါမှမဟုတ် ကျနော်ကပဲ ရှင်းလင်းအောင်မရေးနိုင်တာလား ဝေခွဲမရအောင် ဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် လွဲချက်က နာတာကြောင့် “မေ... ဘယ်သူ့ကိုမှ အပြစ်လဲ မတင်ချင်ပေ...အေ့...အေ” လို့သာ ငြီးတွားချင်ပါတော့တယ်။

တကယ်တော့ ကျနော်ဟာ ကျနော်တို့ မနှစ်မြို့သူ စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်ကို မိုးသီးဇွန်တို့ ဖိနပ်နဲ့ ပစ်တဲ့လုပ်ရပ်ကိုတောင် ရှုတ်ချခဲ့သူဖြစ်ပါတယ်။ အလားတူပဲ လူထုအကြားမှာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်မှုတွေကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်မှုမှာလည်း မှန်ကန်တယ်လို့ မမြင်ပါဘူး။ အဲဒီအပြုအမူကို ထောက်ခံစရာ အကြောင်းမရှိပါဘူး။ ကုန်ကုန်ပြောရရင် အဲဒီလို ကိုယ်ထိလက်ရောက် တုန့်ပြန်တာမျိုးဆို ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးက (ကျောင်းသားကို ဆွဲထိုးဖို့ ) ကြိုးစားခဲ့တာတောင် မထောက်ခံသူပါ။ ဒါကြောင့် အဲဒီပို့စ်မှာ ဗိုလ်ချုပ်အောင်ဆန်းဥပမာကို တမင်ထည့်သွင်းရေးသားခဲ့တာပါ။

ဒါပေမယ့် အဲဒီလုပ်ရပ်ကို မထောက်ခံတာဘဲရှိပါတယ်။ ကျနော့်ပို့စ်မှာ ရေးခဲ့သလိုပဲ အဲဒီလုပ်ရပ်တခုတည်းက ထက်ထက်မိုးဦးအနုပညာကို အရိပ်မထိုးပါဘူး။ ထက်ထက်မိုးဦးရဲ့ ပရိသတ်အဖြစ် ဆက်လက်အားပေးနေဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ထက်ထက်မိုးဦးရဲ့ အနုပညာနဲ့ ကိုယ်ပိုင်ဘဝကို ကျနော်က စည်းခြားထားလို့ပါပဲ။

အောက်ဆုံးမှာ စာကြွင်းအဖြစ် ထည့်လိုက်တဲ့ လစာနဲ့ပတ်သက်တဲ့ မှတ်ချက်ကတော့ အရေးသိပ်မပါလှတဲ့ ကိစ္စမှာ သည်းသည်းလှုပ် နာနေကြတဲ့ မီဒီယာသမားတွေကို ကလိချင်တဲ့အတွက် သက်သက် အချပ်ပို ထည့်လိုက်တာပါ။

ပြဿနာတခုမှာ လူတွေရဲ့ တုန့်ပြန်တတ်ပုံ အမျိုးမျိုးနဲ့ ကျနော့်အမြင်ကို နောက်ပိုင်းမှာ သီးသန့်ပို့စ်တခုအနေနဲ့ ရေးရန် စိတ်ကူးမိပါတယ်။
Read more

"ထက်ထက်မိုးဦးနဲ့ သူတို့တတွေ”


(ဓါတ်ပုံကို ဒီက ယူပါတယ်။)

တီဗီမှာ ကြော်ငြာတွေ ခေတ်စားကာစ ခေတ်က ထက်ထက်မိုးဦး ကြော်ငြာတခုလာတယ်။ ရေကူးကန်ဘေးမှာ ရေကူးဝတ်စုံကလေးနဲ့။ အဲဒီကြော်ငြာကို တောသူ အစ်မတယောက်က ကြည့်ပြီး ကျိတ်မနိုင်ခဲမရ ဟောသလို မှတ်ချက်ချတယ်။

“ကောင်မ၊ အရှက်ကို မရှိဘူး။ ဝတ်ထားလိုက်တာ ပေါ်တော့မယ်။ ကြည့်နေ၊ သူ ကြာကြာခံမှာ မဟုတ်ဘူး။ ခဏလေးနဲ့ကို ကျမှာ..”

သူပြောတဲ့အထဲက “ခဏလေးနဲ့ကို ကျမှာ…” ဆိုတာ မကြာခင် စန်းကျသွားမှာ၊ မှေးမှိန်သွားမှာ လို့ ဆိုလိုချင်တာပါ။ အဲဒါကြားလိုက်တော့ “ဟ… ဘာဆိုင်လို့လဲ” လို့ ကျနော့်စိတ်ထဲမှာ တွေးမိတယ်။ နှုတ်ကတော့ ထုတ်မပြောဖြစ်ပါဘူး။ ထုတ်မပြောဖြစ်လိုက်တဲ့အတွက် အခု နောင်တရမိတယ်။ သူ့အထင်မှားသလား၊ မှန်သလားကတော့ အခုအချိန်အထိ ရွှေမင်းသမီး ထက်ထက်မိုးဦးတယောက် နာမည်ကြီးနေသေးတာကိုသာ ကြည့်ပါတော့။

အခုတလော ထက်ထက်မိုးဦးက သတင်းထောက်တယောက်ကို ပါးဆွဲရိုက်ဖို့ ကြိုးစားတာနဲ့ ပတ်သက်လို့ ရေးကြသားကြတဲ့နေရာမှာ “ဒီလို သတင်းသမားတွေအပေါ် ကိုယ်ချင်းမစာ စော်ကားရင် ရေရှည်မှာ ပရိသတ်က လက်ခံလိမ့်မယ် မထင်နဲ့” ဆိုတဲ့ မှတ်ချက်မျိုးတွေ တွေ့နေရတယ်။ အဲဒီအခါ “ဟ… ဘာဆိုင်လို့လဲဟ” လို့ ထပ်ပြီး တွေးမိပြန်ပါတယ်။

စကားစပ်မိလို့ပြောရရင် အနုပညာသမားမဟုတ်တဲ့ နာမည်ကျော်ကြားသူတွေထဲက ဘောလုံးသမားအကျော်အမော် မာရာဒိုနာဆိုရင် ဓါတ်ပုံချောင်းရိုက်တဲ့ သတင်းထောက်ကို လေသေနတ်နဲ့တောင် လိုက်ပစ်သေးတာဆိုပဲ။ ဒါပေမယ့် မာရာဒိုနာ ယနေ့အထိ နာမည်ကြီးဆဲပါ။ မနေ့ကတောင် သူ့သတင်းကို ဖတ်လိုက်ရသေးတယ်။ (မာရာဒိုနာ ပါတော်မူဖို့ အတွက် အဘိုးတန်အိမ်သာအိုး တပ်ဆင်ပေးလိုက်တယ် ဆိုတဲ့ သတင်း။) ကုန်ကုန်ပြောရရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတောင် ကျောင်းသားဘဝက စော်ကားမော်ကားပြောလာတဲ့ ကျောင်းသားတယောက်ကို ဆွဲထိုးဖို့ ကြိုးစားသေးတယ်လို့ ဖတ်ဖူးပါတယ်။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းကို ကျနော်တို့ အခုထိ ကြည်ညိုလွန်းလို့ အလေးတောင် ပြုနေရသေးတယ် မဟုတ်ပါလား။

ဒီလိုရေးပြလို့ ထက်ထက်မိုးဦးတို့ မာရာဒိုနာတို့၊ ကိုအောင်ဆန်းတို့ရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်ပုံကို မှန်တယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ အနုပညာသမားဖြစ်စေ၊ အားကစားသမားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ သူတို့ရဲ့ အနုပညာအပေါ်မှာ၊ အားကစား စွမ်းဆောင်ရည်အပေါ်မှာ၊ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာ ကြည့်ပြီး ပရိသတ်က၊ လူထုက အားပေးကြခြင်းသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချို့ယွင်းချက်ကလေးတွေဖြစ်တဲ့ ဒေါသကြီးခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း၊ အဆဲသန်ခြင်း၊ ခပ်ကြမ်းကြမ်းပြောတတ်ခြင်း၊ မာနကြီးခြင်း စတာလေးတွေကြောင့်ဖြင့် ကျရှုံးသွားတဲ့လူ အင်မတန်ရှားပါတယ်။ မနိုင်ရင် ပြိုင်ဖက်ရဲ့ နားရွက်ကို ဖမ်းကိုက်တတ်တဲ့ မိုက်တိုင်ဆင်ကတော့ ချွင်းချက်ပေါ့လေ။

ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းပါစေ၊ စိတ်နေစိတ်ထား ဘယ်လောက်ပင် နူးညံ့ပါစေ…. စန်းမရှိတဲ့အနုပညာသမားတွေ၊ အရည်အချင်းမရှိတဲ့ အားကစားသမားတွေ၊ ညံ့ဖျင်းတဲ့ နိုင်ငံရေးသမားတွေ တပုံတပင်ကြီးပါ။ တဖက်မှာလည်း ဆိုးသွမ်းနေပေမယ့်၊ ခက်ထန်ကြမ်းတမ်းပေမယ့် အနုပညာမှာ၊ စွမ်းဆောင်မှုမှာ သူမတူအောင် ကောင်းမွန်တဲ့ အနုပညာသမားတွေ၊ အားကစားသမား အကျော်အမော်တွေ ရှိနေပြန်ရော။

ကျောင်းဆရာတယောက်ဟာ သူကြိုက်တတ်လို့ အားလပ်ချိန် ညနေတိုင်းမှာ အရက်သောက်ချင်သောက်မယ်။ ဒါပေမယ့် သူ့ဘာသာရပ်မှာ အကောင်းဆုံး သင်ပြနိုင်သူတဦးဖြစ်ခဲ့ရင် အဲဒီလူကို ကျောင်းဆရာကောင်းတယောက်အနေနဲ့ ကျနော်သတ်မှတ်တယ်။ ဆရာဝန်တယောက် ဝါသနာပါလို့ ကိုယ်ပိုင်အချိန်မှာ ချိန်းဝိုင်းတွေလှည့်ပြီး ဖဲရိုက်တတ်သူဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူ့လူနာတွေအပေါ်မှာ စောင့်ရှောက်တယ်၊ ဂရုတစိုက် ကျွမ်းကျင်စွာ ကုသပေးနိုင်တယ်ဆိုရင် ဆရာဝန်ကောင်းတယောက်လို့ ကျနော်မြင်တယ်။ ဝသီအရ အဆဲသန်တဲ့ တရားသူကြီးတယောက်ဟာ တရားခွင်မှာ ဥပဒေနဲ့အညီ တရားသဖြင့် ဆုံးဖြတ်ပေးတယ်ဆိုရင် တရားသူကြီးကောင်း တယောက်ပဲ။ အိမ်မှာ လင်မယားတကျက်ကျက်ရန်ဖြစ်နေပေမယ့် အချစ်ဝတ္ထုတွေ အရေးကောင်းတဲ့ စာရေးဆရာ ဖြစ်နေနိုင်ပါသေးတယ်။ အလားတူပဲ… မင်းသမီးတယောက်ဟာ ပရိတ်သတ်ကို ဖျော်ဖြေမှုပေးနိုင်တယ်ဆိုရင်၊ အနုပညာပြည့်ဝသူတယောက်ဖြစ်တယ်ဆိုရင် သူ့ဟာသူ ဘယ်လောက် အိမ်ထောင်ဆက်တွေများများ အနုပညာသည်ကောင်းတယောက်ပါပဲ။ သူ့ရဲ့ နာမည်အတက်အကျ ဇာတာစန်းလဂ်ဟာ သူ့ကိုယ်ရေးကိုယ်တာဘဝနဲ့ သိပ်မသက်ဆိုင်လှပါဘူး။

လူတယောက်ဟာ သူ့ကိုယ်ပိုင်အားလပ်ချိန်မှာ သူဘာလုပ်သလဲ၊ သူ့ဝါသနာက ဘာလဲ။ ဒါတွေ ကျနော်နဲ့ မဆိုင်ဘူး။ စိတ်လည်း မဝင်စားဘူး။

တရားရိပ်သာ မှန်မှန်ဝင်တယ်၊ စနေနေ့တိုင်း ဝတ်တက်တယ် ဆိုပြီး တရားခွင်မှာကျတော့ မတရားဆုံးဖြတ်တတ်တဲ့၊ ဘက်လိုက်ဆုံးဖြတ်တတ်တဲ့ တရားသူကြီးမျိုးဆိုရင် အကျင့်စာရိတ္တအရ အင်မတန် အောက်တန်းကျတဲ့ အတန်းအစားထဲကလို့ ကျနော်သတ်မှတ်ချင်ပါတယ်။ သူ့မိသားစုအပေါ်မှာတော့ အင်မတန်တာဝန်ကျေတဲ့ အိမ်ထောင်သည်ကောင်းတယောက်၊ ဒါပေမယ့် ကျောင်းမှာ လျှော့သင်ပြီး ဝိုင်းကျူရှင်တွေကျမှ အသားကုန် အစွမ်းပြတတ်တဲ့ ဆရာမျိုးတွေကိုလည်း ကိုယ့်ကျင့်တရားအရ အောက်တန်းကျတဲ့ အတန်းအစားထဲကလို့ မှတ်ယူပါတယ်။

အနုပညာအရည်အသွေး၊ အားကစားအရည်အချင်း၊ နိုင်ငံရေးအရဦးဆောင်နိုင်မှု၊ အလုပ်တခုကို စွမ်းဆောင်ရည်အား စတာတွေကို ပုဂ္ဂိုလ်ရေးရာကိစ္စတွေနဲ့ ဒွေးရောယှက်တင် ရောထွေးစဉ်းစားတာ သဘာဝ မကျလှပါဘူး။ အဲဒါကြောင့်……… အခုအဖြစ်အပျက်ကြောင့် ထက်ထက်မိုးဦး နာမည်ကျလိမ့်မယ်လို့ ကျိတ်မနိုင်ခဲမရ ဒေါမနဿပွားနေကြသူများ……….. နည်းနည်းလောက်တော့ လျှော့ဦးနော်…လို့ ပြောလိုက်ရပါတယ်ဗျိုး။

ပုံ…. ကိုပေါ။
ထက်ထက်မိုးဦး ပရိသတ်။း-)

(စာကြွင်း။………။ ထက်ထက်မိုးဦး ပြောတဲ့စကားထဲမှာ မီဒီယာသမား လစာ တပဲခြောက်ပြား ကို သနားလို့ ဆိုတာလေးကို ကြိုက်တယ်။ မှန်သောစကားပဲ။ သတင်းသမားများအနေနဲ့ နာစရာ မလိုပါဘူး။ Positive thinking နဲ့ တွေးကြည့်မယ်ဆိုရင် ဒါဟာ Wake-up call ပဲ... ကိုယ့်လူတို့။ လစာတိုးတောင်းဖို့ အချိန်တန်ပြီ။ သတင်းသမားသက်သက်နဲ့ ဝင်ငွေကောင်းတာဆိုလို့ (နိုင်ငံတကာက ကွန်ဖရင့်တွေကို လှည့်တက်နေတဲ့) ဟိုအချောင်သမား အုပ်စုပဲ ရှိမယ်။)
Read more

“မြက်ဈေးကောင်းတဲ့ခေတ်”

"တိုင်းပြည်အတွက်
မြက်ကလေးတပင်
သင် နှုတ်ပေးခဲ့ဖူးပါသလား"…တဲ့။

ကိုယ်ကျိုးအတွက်
မြက်ထုံးပေါင်း မြောက်မြားစွာ
ဝါးစားနေသူတွေက
ပလုပ်ပလောင်းသံနဲ့
တညံညံ မေးလာကြတဲ့အခါ…..။
Read more

“သွေးဆာနေသူများသို့...”

မြန်မာပြည်တွင် ကျောင်းဆရာအလုပ်ကို ဝင်လုပ်နေကြသူ အမျိုးမျိုးရှိသည်။ တချို့က ဝါသနာအလျောက် ကျောင်းဆရာလုပ်နေကြသူများ ဖြစ်သည်။ တချို့ကလည်း သူ့ခေတ်သူ့အခါက ဆယ်တန်းအောင်ပြီးသောအခါ၊ ဘွဲ့ရပြီးသောအခါ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လျှောက်ထားရန် လွယ်ကူသဖြင့် ကျောင်းဆရာ ဝင်လုပ်သူများလည်း ရှိသည်။ ထို့အပြင် မိဘချမ်းသာသဖြင့် ဝမ်းရေးအတွက် ပူစရာမလိုသော်လည်း ကျောင်းဆရာ၊ ဆရာမဟူသည် ဂုဏ်ရှိသည့် အလုပ်ကလေးတခုဖြစ်သည်ဆိုကာ ဝင်လုပ်ကြသည်လည်း ရှိသေးသည်။ ထိုသို့ အကြောင်းအမျိုးမျိုးနှင့် ဝင်ရောက်လုပ်ကိုင်ကြသော ကျောင်းဆရာပေါင်း မြောက်မြားစွာထဲတွင် အတော်စားကျောင်းဆရာများပါသလို၊ အရှော်စား ကျောင်းဆရာများလည်း တပုံတပင် ပါဝင်သည်။ စိတ်ကောင်းရှိသည့် ဆရာများရှိသလို၊ စိတ်ဆိုးရှိသည့် ဆရာများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ ထိုကျောင်းဆရာ၊ ကျောင်းဆရာမ များသည် မြန်မာပြည်တွင်းရှိ လူငယ်ကျောင်းသားအများစု၏ ဘဝကို ပုံသွင်းနေကြသည်။ မြန်မာပြည်၏ ပစ္စုပ္ပာန်နှင့် အနာဂတ်ကို ဖန်တီးပုံသွင်းနေကြသည်။ မြန်မာပြည်၏ အနာဂတ်အပေါ် ထိုသူတို့၏ လွှမ်းမိုးနိုင်မှု စွမ်းပကားကို အသိအမှတ်ပြုရမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ထိုကျောင်းဆရာ၊ ကျောင်းဆရာမ အများစုသည် နအဖ ပညာရေးကော်မတီ စိတ်ကြိုက် ရေးဆွဲထားသော သင်ရိုးအတိုင်း သင်နေကြရသူများဖြစ်သည်။ နအဖ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာ ပြုမူနေရသူများဖြစ်သည်။ ထိုသို့ လိုက်နာနေရသဖြင့် ထိုသူအားလုံးကို နအဖ ဒေါက်တိုင်များဟု အမည်ပေး၍ ရပါမည်လော။ ထိုသူများကို နအဖ လက်အောက်တွင် ဝန်ထမ်းလုပ်မနေပါနှင့်တော့၊ ကျောင်းဆရာအလုပ်မှထွက်၍ ကောင်းရောင်းကောင်းဝယ်သာ လုပ်စားပါတော့ဟု တိုက်တွန်းလျှင် လက်ခံကြမည်ဟု ထင်ပါသလား။

အလားတူပင် မြန်မာ့တပ်မတော်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်ခဲ့သူများရှိသည်။ အချို့မှာ စစ်သားဘဝကို သဘောကျသဖြင့် ဝင်ရောက်သည်။ အမှန်တကယ် တိုင်းပြည်ကို ကျူးကျော်သူများရန်မှ ကာကွယ်ပေးလိုသဖြင့် ဝင်ရောက်သူများလည်း ရှိသည်။ တချို့မှာ အိမ်က ထွက်ပြေးလာရင်း သုံးစရာပိုက်ဆံကုန်အခါ ကြံရာမရဖြစ်ပြီး တပ်ထဲဝင်သွားသူများလည်းရှိသည်။ တချို့ကတော့ ညဖက် လမ်းမပေါ်တွင် သွားရင်းလာရင်း ဘုမသိ ဘမသိ နားရင်းဆွဲအတီးခံရကာ တပ်သားစုဆောင်းရေးကားပေါ်သို့ ဆွဲတင်သွားခြင်းကို ခံသူများဖြစ်သည်။ တပ်သားများထဲတွင် မိဘမဲ့ ကလေးများလည်း အများအပြားရှိသည်။ အခွင့်အာဏာကို မက်မော၍ တပ်ထဲသို့ ဝင်သူများလည်း ရှိသည်။ တပ်ထဲတွင် အတော်စား စစ်သည်များပါသလို အလျှော်စား စစ်သည်များလည်း ပါသည်။ စိတ်ကောင်းရှိသည့် တပ်မတော်သားများ ပါဝင်သလို၊ စိတ်ကောင်းမရှိသည့် တပ်မတော်သားများလည်း ပါဝင်သည်။ မည်သို့ပင် ဖြစ်စေ ထိုတပ်မတော်သား အားလုံးသည် မြန်မာပြည်၏ လက်ရှိအခြေအနေနှင့်အနာဂတ်ကို ဖန်တီးနေကြသည်။ မြန်မာပြည်၏ အနာဂတ်အပေါ် ထိုသူတို့၏ လွှမ်းမိုးနိုင်မှု စွမ်းပကားကို အသိအမှတ်ပြုရပေမည်။

သို့သော် ထိုတပ်မတော်သားအများစုသည် နအဖ အစိုးရ၏ ကွပ်ကဲမှုအောက်တွင် အမိန့်ကို နာခံနေရသူများဖြစ်သည်။ နအဖ ညွှန်ကြားသည့်အတိုင်း လိုက်နာနေရသူများ ဖြစ်သည်။ ထိုသူအားလုံးကို နအဖ ဒေါက်တိုင်များဟု အမည်ပေး၍ သင့်တော်ပါမည်လော။ ထိုသူများကို တပ်ထဲတွင် မနေပါနှင့်တော့။ တပ်ကထွက်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားပါတော့ဟု တိုက်တွန်းလျှင် လက်ခံမည်ထင်ပါသလား။ လက်ခံစေဦးတော့ လွယ်လွယ်နှင့် တပ်ထဲက ထွက်ခွင့်ရမည်ဟု ထင်ပါသလား။

ထိုသို့လျှင် ရဲတပ်ဖွဲ့၊ မီးသတ် နှင့် အစိုးရဌာနအသီးသီး၌ ဝန်ထမ်းဘဝနှင့် ယူနီဖောင်း၏ ပိတ်လှောင်မှုကို ခံနေရသူ ပြည်သူအများအပြားရှိသည်။ အားလုံးသည် စနစ်၏ သားကောင်များသာဖြစ်သည်။ ထိုသူများကို “နအဖ လက်ကိုင်တုတ်”များဟု ခေါ်ဝေါ်သမုတ်ကာ အကြမ်းဖက်နည်းဖြင့် ဗုံးခွဲသတ်ဖြတ်ကာ ဒေါက်တိုင်ဖြိုလိုသည်ဆိုသော ဒီမိုကရေစီဘက်တော်သားအမည်ခံ အတိုက်အခံအချို့၏ လွဲချော်လှသော အတွေးအခေါ်နှင့် အကြမ်းဖက်ချင်သော သဘာဝကို အံ့သြမဆုံးအောင် ဖြစ်ရပါသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ထားသူများ ဖြစ်နေပြန်သည်။ ထိုသူများအနေနှင့် မိမိတို့ခေါင်းဆောင်၏ လမ်းစဉ်သည် မည်သည့်လမ်းစဉ်ဖြစ်ကြောင်းကို ခေတ္တခဏမျှ ရပ်တန့်စဉ်းစားသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်သည် အကြမ်းမဖက်လမ်းစဉ်ဖြစ်သည်။ နောက်လိုက်ကောင်း ပီသအောင်ပင် မကျင့်ကြံနိုင်သူများအနေဖြင့် စနစ်တခုပြောင်းလဲရာတွင် တော်လှန်ရေးကို ဘယ်ပုံဘယ်နည်း ခေါင်းဆောင်နိုင်မည်လဲဟု စဉ်းစား၍ မရအောင်ပင် ရှိတော့သည်။

လက်ကိုင်တုတ်ဆိုသော ဝေါဟာရနှင့် ပတ်သက်၍ ယခင်နှစ် ဇူလိုင်လအတွင်းကလည်း ပို့စ်တခု ရေးခဲ့ဖူးရာ ယခု လက်ရှိ အခြေအနေများနှင့် တိုက်ဆိုင်လှသဖြင့် “လက်ကိုင်တုတ်နှင့် တောင်ဝှေး” ပို့စ်ကို ပြန်လည် ညွှန်းဆိုလိုက်ပါသည်။
Read more

“ကံဆိုးသူမောင်ရှင်”

“ကံဆိုးသူမောင်ရှင်” ဟူသည့် ဝေါဟာရကို မြန်မာစကားတွင် မကြာခဏ သုံးစွဲကြသည်ကို တွေ့ရသည်။ ဤဝေါဟာရသည် ရေငန်ပိုင်ရှင် ဦးရှင်ကြီး(မောင်ရှင်)၏ ဘဝဇာတ်လမ်းက ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ ဇာတ်လမ်းကို လိုသလောက်သာ အတိုချုံးပြောရသော် မိန်းမလှကျွန်းတွင် သွားရောက်ကာ ထင်းခုတ်ကြသော မောင်ရှင်တို့၏ လှေကို ထိုကျွန်းတွင်ရှိသော နတ်သမီးကလေးများက မောင်ရှင်၏ စောင်းသံ၌ သာယာငြိတွယ်သွားမိသည့်အလျောက် အပြန်ခရီးတွင် လှေမထွက်နိုင်အောင် ဆွဲထားကြသည်ဆို၏။ ထိုအခါ လှေသူကြီးက မည်သူ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် လှေမထွက်နိုင်ရသနည်းဟု မဲချရှာဖွေလိုက်သောအခါ ကံဆိုးသူမှာ မောင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် လှေသားများသည် မောင်ရှင်ကို ရေတွင် ချရစ်ကာ လှေထွက်သွားကြသည်။ ဇာတ်လမ်းအဆုံးတွင် နတ်သမီးလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည့်အတွက် မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိသည်။ (ဤ အတ္ထုပ္ပတ္တိ အကျဉ်းအတွက် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မောင်သန်းဆွေ(ထားဝယ်)၏ “ပြည်လှဖေနှင့်စောင်းတော်ရှင်” ဆောင်းပါးကို ကိုးကားပါသည်။)

ကံဆိုးသူမောင်ရှင်ဆိုသော စကားအတိုင်း ကံဆိုးသဖြင့် ရေတွင် အချခံရဖို့ (ရေထဲပစ်ချခံရဖို့) မဲကျသည်။ သို့သော် အရှင်လတ်လတ် နတ်ဖြစ်သွားခြင်း၊ နတ်သမီးတွေအကြားတွင် “မချောတသိုက်နှင့်ကိုယ်တယောက်” ဖြစ်ခွင့်ရခြင်းတို့ကို ထောက်သော် အမှန်တကယ် ကံဆိုးသည်လော၊ ကံထူးသည်လော ပြောရတော့ခက်သည်။

ရှိစေတော့။ ဤဆောင်းပါးတွင် ဆွေးနွေးလိုသောအချက်မှာ လူအများအကျိုးအတွက် တစုံတယောက်၏ အသက်အား စတေးသည့် (ယဇ်ပူဇော်သည့်) အချက်ကို ဖြစ်သည်။ မောင်ရှင်၏ အဖြစ်မှာ ကံဆိုးမိုးမှောင်ကျကာ မဲပေါက်သဖြင့် ရေချခံရသည်။ ထို့အတွက် သူ့သဘောနှင့်သူ လိုလိုလားလား ဗော်လံတီယာ(volunteer)လုပ်ကာ ရေချခံသည်ဟု မဆိုနိုင်။ အများအကျိုးအတွက် မောင်ရှင်၏ အသက်အား သူ့ဆန္ဒ မပါဘဲ အတင်းစွန့်ခိုင်းသည်ဆိုလျှင် ထိုလုပ်ရပ်သည် တရားမျှတသောလုပ်ရပ် မဖြစ်နိုင် ။ အဘယ်ကြောင့်ဆိုသော် ကျန်သူများကဲ့သို့ တန်းတူညီမျှ အသက်ရှင်ပိုင်ခွင့်ကို မောင်ရှင်တယောက် မခံစားရတော့သောကြောင့်ဖြစ်သည်။ ဤနေရာတွင် မဲမနှိုက်ဘဲ လှေသူကြီးက အာဏာသုံးကာ မောင်ရှင်အား ရွေးချယ်လိုက်လျှင် ဤလုပ်ရပ်သည် ပိုဆိုးပေသည်။

အလားတူပင် မောင်ရှင်၏ ဇာတ်လမ်းနှင့် ဆင်ဆင်တူသော ဖြစ်ရပ်မျိုးများလည်း လူ့သမိုင်းတွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးလေသည်။ ရှေးအခါက ကြီးမားသော ရောဂါ ကပ်ဆိုးကြီးများ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုကြီးများ ကျရောက်လာသောအခါ (သို့မဟုတ်) ငလျှင်၊ မီးတောင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့လာသောအခါ ထိုဘေးအန္တရာယ်တို့ ဖြစ်ပွားရသည့် အကြောင်းရင်းကို လူသားတို့ ကောင်းမွန်စွာ သဘောမပေါက်နိုင်ကြသေးသည့်အလျောက် နတ်ဘုရားတို့၏ အမျက်ဒေါသကြောင့်ဖြစ်ရသည်ဟုသာ ကောက်ချက်ဆွဲကြသည်။ ထိုအခါမျိုးတွင် နတ်ဘုရားတို့၏ အမျက်ဒေါသ ပြေရာပြေကြောင်းအတွက် လူအချို့၏ အသက်အား သတ်ဖြတ်ကာ ယဇ်ပူဇော်ပသသည့် လုပ်ရပ်များကိုပြုလုပ်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

ယနေ့ အသိပညာနှင့် သိပ္ပံပညာထွန်းကားလာသော ခေတ်တွင် ထိုဘေးအန္တရာယ်အသွယ်သွယ်တို့ ဖြစ်ပွားရသော အကြောင်းရင်းခံကို သေချာကျနစွာ သိလာကြပြီးသည့်နောက်ကား ထိုသို့ အဓိပ္ပါယ်မရှိသော ယဇ်ပူဇော်ပသမှုမျိုးမှာ ကမ္ဘာ့နေရာတော်တော်များများ၌ တိမ်ကောသွားလေသည်။

သို့သော် ထိုသို့ ယဇ်ပူဇော်သည့် အယူအဆသည် လုံးဝ ပပျောက်သွားသည်ကား မဟုတ်ချေ။ အချို့နေရာများတွင်ကျင့်သုံးဆဲဖြစ်ပြီး အချို့နေရာများတွင်မူ အခြားအသွင်တမျိုးအနေဖြင့် ပြန်လည် ပေါ်ပေါက်လာသည်။

“လူ့အဖွဲ့အစည်းအကျိုးအတွက်၊ လူအများအကျိုးအတွက် လူတယောက်၏ ရပိုင်ခွင့် အခွင့်အရေးကို စတေးရမည်” ဆိုသည့် မှားယွင်းသော အယူအဆတရပ်သည်လည်း အရှေ့တောင်အာရှနိုင်ငံအချို့တွင် အမြစ်တွယ်လာသည်ကို တွေ့ရသည်။

ဤနေရာတွင် စတေးခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း အကြောင်းကို ရှေးဦးစွာ ရှင်းလင်းရန်လိုအပ်သည်။ လူတယောက်သည် အများအကျိုးအတွက် မိမိအကျိုးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ စတေးခြင်းဖြစ်ပါက ထိုလုပ်ရပ်သည် အင်မတန် မွန်မြတ်သည့်အလုပ်ဖြစ်သည်။ သူတော်စင်၊ သူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးကို ချီးကျူးထိုက်သည်။ ကျေးဇူးတင်ထိုက်သည်။

သို့သော် အများအကျိုးအတွက်ခေါင်းစဉ်တပ်ကာ တစုံတယောက်ကို ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ အခြားသူများက ဖိအားပေး၍ စွန့်လွှတ်ခိုင်းခြင်းဖြစ်ပါက ထိုအပြုအမူသည် တရားမျှတမှုမရှိသော၊ အကျည်းတန်သော၊ ချုပ်ခြယ်ကန့်သတ်သော၊ အင်အားသုံးအနိုင်ကျင့်သည့် အဓမ္မလုပ်ရပ်သာလျှင် ဖြစ်သည်။ ယဇ်ပူဇော်သော လုပ်ရပ်နှင့် ဘာမျှမခြားတော့ချေ။ ထိုလုပ်ရပ်မျိုးကို ရှုတ်ချထိုက်သည်။ ဆန့်ကျင်ကန့်ကွက်ထိုက်သည်။

ဖြစ်သင့်သည်မှာ အများအကျိုးအတွက် အများစုဆန္ဒနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ကြရမည်မှန်သော်လည်း တဖက်တွင် လူတဦးတယောက်ချင်း၏ အခြေခံ အခွင့်အရေးများ၊ လူနည်းစု၏ တူညီသော အခြေခံရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ရမည်။ လူတယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံနေရသည်ကို မြင်လျှင် မိမိနှင့် မဆိုင်သလို မနေသင့်။ လူအများစုက ဝင်ရောက် ခုခံ ကာကွယ်ပေးရမည်ဖြစ်သည်။ မိမိနှင့် မဆိုင်သလို ငြိမ်နေလိုက်ပါက တချိန်တွင် မိမိသည်လည်း ကံဆိုးသူမောင်ရှင် ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။

ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲတွင် တနေရာ၌ သူတို့၏ ထောင်တွင်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုဗလကြီးအား သံခြေကျဉ်းခတ်သဖြင့် သူတို့ တတိုက်လုံး (တိုက်-၃)က အစာငတ်ခံ ဆန္ဒပြကြသည်။ ဦးဝင်းတင်ကို ခေါင်းစွပ်(မျက်နှာဖုံးသော ခေါင်းစွပ်)ကို စွပ်ပြီး ထောင်စစ်ကြောရေးအခန်းကို ခေါ်သွားသည်။ ထိုအခန်းတွင် ဦးဝင်းတင်ကို တွဲဖက်ထောင်ပိုင် ဦးလူလှက စစ်မေးသည်။ ဦးဝင်းတင် အရေးအသားမူရင်းအတိုင်း ကောက်နှုတ်ဖော်ပြရလျှင်...

...ဦးလူလှက ကရင်လူမျိုး။ စကားပြောငြင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံးချော့လုံးတွေ အများကြီးပြောတယ်။

“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”

ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။.....

ဦးဝင်းတင်၏ အယူအဆမှာ အင်မတန် မှန်ကန်လှပေသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခြင်းသည် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍သာ မဆိုင်သလိုငြိမ်နေလိုက်ကြပါက တချိန်တွင် ထိုသံခြေကျဉ်းသည် မည်သည့်နိုင်ငံရေးအကျဉ်းသား၏ ခြေထောက်ကိုမဆို လာစွပ်နိုင်ပေသည်။

ထိုသို့ ကိုယ်နှင့်မဆိုင်သလို မနေသင့်ပုံနှင့် ပတ်သက်၍ ဂျာမန်သင်းအုပ်ဘုန်းတော်ကြီး Martin Niemöller ရေးသားခဲ့သော ကဗျာတပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Martin Niemöller သည် နာဇီတို့၏ ဖမ်းဆီးမှုကို ခံရပြီး အကျဉ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ အထိ အဖမ်းဆီးခံခဲ့ရသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီများအာဏာရလာပြီးနောက် သူတို့နှင့် အမြင်မတူသူများကို တဖွဲ့ပြီးတဖွဲ့ စတင် ပစ်မှတ်ထားကာ ချေမှုန်းလာသောအခါ ဂျာမဏီရှိ ပညာတတ်အများစုက ထိုကိစ္စအပေါ် လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဆောင်ကြပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့သည့် ကဗျာဟု အဆိုရှိပါသည်။

"THEY CAME FIRST for the Communists,
and I didn't speak up because I wasn't a Communist.

THEN THEY CAME for the Jews,
and I didn't speak up because I wasn't a Jew.

THEN THEY CAME for the trade unionists,
and I didn't speak up because I wasn't a trade unionist.

THEN THEY CAME for me
and by that time no one was left to speak up."

လူတိုင်း တချိန်မဟုတ် တချိန်တွင် ကံဆိုးသူမောင်ရှင်၏ အဖြစ်မျိုး မကြုံတွေ့ကြဖို့ ဆိုရန်မှာ လူတဦးတယောက်ချင်း၏ အခွင့်အရေးကို လေးစားကာကွယ်စောင့်ရှောက်ရန်နှင့် သူတပါးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို မြင်တွေ့ရပါက ကိုယ့်အခွင့်အရေးချိုးဖောက်ခံနေရသလိုပင် ကူညီခုခံကာကွယ်ပေးရန်ဖြစ်ပါသည်။
Read more

“သင်္ကြန်ဗုံးနှင့် သူခိုးတသိုက်”

“The Kite Runner” ဇာတ်ကားထဲမှ ဇာတ်ပို့ဇာတ်ကောင်တဦးဖြစ်သူ ဘာဘာ(BABA)က မကောင်းမှုဒုစရိုက်နှင့်ဆိုင်သော သူ့အယူအဆကို အောက်ပါအတိုင်း ရှင်းပြသည်။

“လောကကြီးမှာ ဒုစရိုက်မှု (မကောင်းမှု)က တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုရင် ခိုးမှုပဲ။ ကျန်တာတွေအားလုံးက ခိုးမှုကနေ အသွင်နည်းနည်း ပြောင်းလဲသွားတာပဲ ရှိတယ်။ လူတယောက်ကို သတ်လိုက်တယ်ဆိုရင် သူ့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ ဒါ့အပြင် ဇနီးဖြစ်သူထံက သူ့ယောက်ျားအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ အလားတူပဲ… ကလေးတွေထံက သူ့တို့အဖေအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ မုသားပြောတယ်ဆိုရင် နားထောင်သူထံက အမှန်အတိုင်း ကြားသိခွင့်ကို ခိုးယူလိုက်တာပဲ။”

ပြီးခဲ့သော ရန်ကုန်သင်္ကြန်ဗုံးပေါက်၍ လူအများ သေဆုံးကြသည့် သတင်းကို ကြားသိရသောအခါ ဘာဘာ၏ အထက်ပါ ပြောစကားများကို ပြန်လည် သတိရလာမိသည်။ ဗုံးဖောက်ခွဲလိုက်သူများသည် သေဆုံးသူတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူ၊ လုယူလိုက်ကြပါပြီကော။ ရလဒ်အဖြစ် ပူဆွေးဝမ်းနည်းလျက် ကျန်ရစ်သော မုဆိုးမများ၊ မိဘမဲ့ကလေးများ၊ ရင်သွေးဆုံးရှုံးသွား၍ ပူဗျာပွေနေမည်ဖြစ်သော မိဘများ၊ မောင်နှမသားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ။

အဆိုပါ ဗုံးများကို မည်သူဖောက်ခွဲသည်ဖြစ်စေ ထိုလုပ်ရပ်အား လူသားဆန်သူအားလုံးက ရှုတ်ချရမည်သာဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများက ပို၍ပင် ရှုတ်ချရမည်ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်းများစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။

သို့သော် အတိုက်အခံတချို့၏ ပယောဂဖြင့် ပေါက်ကွဲသည့် ဗုံးများဖြစ်ပါက အတော်ပင် အံ့သြစရာလည်းကောင်းသည်။ ထိတ်လန့်စရာလည်း ကောင်းသည်။ စိတ်ပျက်စရာလည်း ကောင်းလှပေသည်။ ထိုသို့သော ထင်မြင်စွတ်စွဲခြင်းမျိုးကို မပြုလိုသော်လည်း ယခုအခါ ဘလော့ဂ်စာမျက်နှာများပေါ်တွင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော အင်အားစုတချို့ထံမှ အဆိုပါ ဗုံးဖောက်ခွဲခြင်းသည်ပင် တရားသဖြင့် လမ်းစဉ်ဖြစ်လေသယောင် ယောင်ဝါးဝါး ရေးသားလာခြင်းများကို တွေ့ရသောအခါ ဤကိစ္စသည် အတိုက်အခံ အင်အားစုအချို့၏ လက်ချက်လည်း ဖြစ်နိုင်ပေသည်ဟု တွေးတောလာရပေသည်။ ဤအတိုင်းသာ မှန်ပါက ထိုသူတို့သည် ကိုယ့်ဘာသာ ဘာလိုချင်မှန်း မသိသူများ၊ ကိုယ်စီးနေသောမြင်းကို အထီးမှန်းအမမှန်း မသိသူများသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။

စစ်အစိုးရကို ထိုသူတို့ တော်လှန်ဆန့်ကျင်နေသည်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဟုတ်ပါလား။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုရာ၌ အခြေခံအကျဆုံးဖြစ်သော လူသားတို့၏ အသက်ရှင်သန်ပိုင်ခွင့် (Right to life) ကိုမျှပင် အလေးမထားပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမှန်တကယ်လိုလားသည်ဟု ဆိုနိုင်ပါဦးမည်လော။

ထောင်တန်းကျလောက်သော ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတို့အဖို့ပင် အများပြည်သူရှေ့မှောက် တရားခွင်တွင် ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်ရှိသည်။ တရားစွဲဆိုသူဖက်က သံသယဟူ၍ မြူတမှုန်မျှပင် မဖြစ်လောက်အောင် စွဲဆိုချက် အခိုင်အမာ၊ သက်သေအခိုင်အမာ ရှိရမည်။ စွဲဆိုချက်သည် မခိုင်မာ၊ သက်သေအထောက်အထားလည်း မခိုင်လုံပါက ပြစ်မှုကျူးလွန်ခဲ့သည် မှန်သော်လည်း သံသယအကျိုးကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးရသည့်အမှုများ၊ ဥပဒေအရ စွဲဆို၍ မဖြစ်နိုင်သောကြောင့် ကွင်းလုံးကျွတ်လွှတ်ပေးရသည့် သာဓကများလည်းရှိသည်။ ဤသည်မှာ အပြစ်မရှိသူအပေါ် မှားယွင်းအပြစ်မပေးမိအောင် ကာကွယ်ထားသည့် အကြောင်းကြောင့်လည်းဖြစ်သည်။

ယခုဗုံးခွဲလိုက်သည့်ကိစ္စတွင်မူကား ဗုံးခွဲသူများက သူ့တို့ပင်လျှင် ဆွဲချရှေ့နေနေရာမှ စွဲချက်တင်၊ သူတို့ပင်လျှင် တရားသူကြီးနေရာမှ စီရင်ချက်ချကာ၊ သူတို့ပင်လျှင် အာဏာပါးကွက်သားနေရာမှ လူတဖက်သား၏ အသက်တချောင်းကို သူတို့သဘောကျ လက်လွတ်စပယ် စီရင်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ အဆိုပါ ဗုံးကွဲမှုတွင် သေဆုံးသွားသူအားလုံးတွင် သေဒဏ်ချလောက်သော အပြစ် တစုံတရာ ရှိခဲ့ပါ၏လော။

ထို့အပြင် အဆိုပါ ဖြစ်စဉ်ကြီး တခုလုံးတွင် မည်သည့်နေရာတွင် ဥပဒေနှင့် ညီသနည်း။ မည်သည့်နေရာတွင် တရားမျှတမှုရှိသနည်း။ မည်သည့်နေရာတွင် လူ့အခွင့်အရေး စံနှုန်းစံထားများနှင့် ကိုက်ညီပါသနည်း။ ထိုသူများကို လုပ်ပိုင်ခွင့်အာဏာ မည်သူက အပ်နှင်းထား၍ မည်သည့်ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ပါသနည်း။ တကယ်တွင်ကား ဤလုပ်ရပ်သည် ကြိုတင်ကြံရွယ်ထားသော၊ ယုတ်မာပက်စက်သော၊ သွေးအေးအေးနှင့် ကျူးလွန်သော လူသတ်မှု သက်သက်မျှသာ ဖြစ်ချေသည်။

ဤသို့သော လူသတ်မှုမျိုးကို နအဖကျူးလွန်ပါက ရှုတ်ချ တားဆီးရမည်ဖြစ်သလို၊ အတိုက်အခံ အမည်ခံ အကြမ်းဖက်ဝါဒီများက ကျူးလွန်လာပြီဆိုပါကလည်း တန်းတူပင် ရှုတ်ချရမည်ဖြစ်သည်။

“လူတကာ ဒုက္ခရောက်နေချိန်တွင် သင်္ကြန်တွင် သွားရောက်ပျော်ပါးကြသူများ…. အခုတော့ ဘယ်နှယ့်ရှိစ” ဆိုသည့် သဘောမျိုး ရေးသားကြသည်ကိုလည်း ဖတ်ရသေးသည်။ ဒီမိုကရေစီစနစ်တွင် လူတဖက်သားကို မိမိဖြစ်စေချင်သည့်အတိုင်း အတင်းအဓမ္မ လိုက်နာစေချင်၍ မရကြောင်းကို ထိုသူများ သဘောပေါက်သင့်သည်။ အသက်ရှင်သန်ခွင့်အပြင် လွတ်လပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ရှိသေးသည်ကို သတိမူသင့်သည်။ သင်္ကြန်ပွဲ (သို့မဟုတ်) ပျော်ပွဲရွှင်ပွဲကို မသွားသင့်ဟု ထင်မြင်ယူဆပါက မိမိဘာသာ မသွားဘဲနေရန်သာရှိသည်။ သွားသည့်သူများကို မသွားနှင့်ဟု အဓမ္မပိတ်ပင်တားဆီး၍ မဖြစ်နိုင်။

နအဖသည် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းဖြင့် အင်အားသုံးဖြေရှင်းသည်ဆိုလျှင် ယခု ဗုံးပေါက်ကွဲခြင်းကို ကာကွယ်ပြောဆိုနေသော အတိုက်အခံများသည်လည်း နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည့်သူများဟု ယူဆ၍ ရနိုင်ပါဦးမည်လော။ နအဖအစိုးရ တနည်းနည်းနှင့် ပြုတ်ကျသွားပြီး ဤသို့သော အတိုက်အခံများ မတော်တဆ အာဏာရလာပါက မိမိနှင့် သဘောထားမတိုက်ဆိုင်သူများ၊ အမြင်မတူသူများ၊ မိမိအလိုကျ လိုက်မလုပ်သူများကို ဤသို့ပင် အကြမ်းဖက်လမ်းစဉ်ဖြင့် ကိစ္စတုံးစေရန် ကြိုးစားကြပေလိမ့်ဦးမည်။ ထိုသူများသည် အာဏာမရမီကပင် အာဏာရှင်ကဲ့သို့ ပြုမူနေကြသည်ဖြစ်၍ အာဏာရသည့်အခါ နအဖထက်ပင် ဆယ်ပြန်ဆိုးမည့်သူများ ဖြစ်လာမည်မှာ မုချပင်ဖြစ်သည်။ ထိုသူများကို တိုင်းပြည်လွတ်လပ်သောအခါတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၍ တရားရုံးတော်တွင် ဥပဒေကြောင်းအရ စီရင်ကာ ထိုက်သင့်သည့် အပြစ်ဒဏ်ကို ပေးမှသာလျှင် အပြစ်မဲ့ သေဆုံးရသူများ၏ ကျန်ရစ်သောမိသားစုများအတွက် တရားမျှတမှုရှိရာ ရောက်ပေလိမ့်မည်။

တဖက်တွင်လည်း နအဖ စစ်အစိုးရသည် အစိုးရတရပ်အနေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် တာဝန်၌ လစ်ဟင်းလျက်ရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော အမည်နှင့် ဆန့်ကျင်စွာပင် ယင်းတို့အုပ်ချုပ်စဉ်ကာလတလျှောက်လုံး နိုင်ငံမှာ အေးချမ်းမှုလည်းမရှိ၊ သာလည်း မသာယာ၊ ဖွံ့ဖြိုးတိုးတက်ရမည့်အစား ဆုတ်ယုတ်လျက်ပင် ရှိသည်။

အဆိုးထဲမှ အကောင်းဟု ဆိုနိုင်သည့်အချက်ကား ယခင်က “နအဖကို ဘယ်နည်းနဲ့ တိုက်တိုက်၊ တရားတယ်” ဟု ယူဆသူအချို့ပင် ယခုလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်လာသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။

အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားကြသည်ဆိုပါက လူထုအားကို ယုံကြည်ရမည်။ လူထုပါဝင်လာစေရန် ကြိုးပမ်းရမည်။ လူထုအားကို မယုံကြည်သူသည် ဒီမိုကရေစီစနစ်ကို အမှန်တကယ် မယုံကြည်သူသာ ဖြစ်ချေမည်။ လူ့အခွင့်အရေးများကို ပါးစပ်က အော်နေရုံမျှမက လက်တွေ့ကျင့်သုံးရမည်။ ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ မစုစုနွေး၊ ကိုထင်ကျော်တို့၏ လမ်းစဉ်ကို လိုက်ရမည်။

သို့မဟုတ်ဘဲ အကြမ်းဖက်လမ်းစဉ်ကို လိုက်မည်ဆိုပါက မြန်မာပြည်တွင် ဗုံးတလုံးကွဲတိုင်း ဒီမိုကရေစီရဖို့ ခရီးတာသည် တိုး၍သာပင် ရှည်လျားကြမ်းတမ်းသွားမည်သာဖြစ်သည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs