Showing posts with label political post. Show all posts
Showing posts with label political post. Show all posts

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၃)

ပြီးခဲ့သော အပိုင်း(၁) နှင့် အပိုင်း(၂) တွင် မြန်မာ့နိုင်ငံရေးအား လက်ရှိအခြေအနေသို့ တွန်းပို့ခဲ့သော လူထုအုံကြွမှုကြီးနှစ်ခုအကြောင်းကို ရေးခဲ့ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးတွင် မြန်မာစစ်အစိုးရသည် ပြည်သူလူထု၏ ဒီမိုကရေစီအပေါ်လိုလားသည့်ဆန္ဒနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုတို့ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ပြသရမည့် အခြေအနေသို့ နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့သည်။

ပြည်သူလူထု လိုလားသည့် ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ လွတ်လပ်၍ တရားမျှတမှုရှိသော၊ ပြည်သူလူထု၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသော၊ တရားဥပဒေ စိုးမိုးမှုရှိသော၊ ငြိမ်းချမ်းသော၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စအဝဝတွင် ပြည်သူ့အကျိုးအတွက် အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်သော၊ အစိုးရရုံးဌာနအသီးသီး နှင့် ရာထူးအဆင့်ဆင့်တွင် အကျင့်ပျက်လာဘ်စားခြင်းကင်းသော နိုင်ငံရေးစနစ်တရပ်ကို လိုလားကြခြင်းဖြစ်ပါသည်။ လူအများစုဆန္ဒနှင့် အုပ်ချုပ်ရသော ဒီမိုကရေစီစနစ်ကို လိုလားတောင့်တကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများသည် ပြည်သူလူထုလိုလားသော နိုင်ငံရေးစနစ်သို့ ကူးပြောင်းရန်အခြေအနေသို့ ဆိုက်ရောက်နေခြင်း ရှိမရှိ ဆိုသည်ကို ဆန်းစစ်ရန် လိုပါသည်။ ရှေးဦးစွာ လက်ရှိနိုင်ငံရေးစနစ်နှင့် လက်ရှိအာဏာရအစိုးရ အပေါ်ကျနော့်အမြင်ကို တင်ပြလိုပါသည်။

လူထုအုံကြွမှုများနှင့် အထွေထွေ ကြပ်တည်းမှုများ၏ ဖိအားပေးမှုကြောင့် စစ်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ရမည့်အခြေသို့ ဆိုက်ရောက်လာရသော်လည်း အာဏာရှင်တို့မည်သည် အာဏာကို အလွယ်တကူ လက်လွှတ်ပေးရိုးထုံးစံမရှိ၊ နောက်ဆုံးအချိန်အထိ ကျားကုတ်ကျားခဲ ဖက်တွယ်ထားတတ်သည့် သဘောသဘာဝရှိသည့်အတိုင်း စစ်အစိုးရသည်လည်း အာဏာကို ဆက်လက်ဖက်တွယ်ထားရန် ကြိုးပမ်းမှုကြီးတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးတွင် (နှစ်ပေါင်းများစွာ မပြီးနိုင် မစီးနိုင်၊ ရပ်ချည်နားချည် ကျင်းပပြုလုပ်နေသော အမျိုးသားညီလာခံ) ညောင်နှစ်ပင်ညီလာခံအား ကတိုက်ကရိုက် ပြန်လည် ခေါ်ယူကျင်းပကာ စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့အလိုကျ အပြီးသတ် ရေးဆွဲစေခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ်၊ မေလ တွင် ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ထိုအခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုခဲ့ပါသည်။ အတင်းအကြပ်ဟု သုံးနှုန်းရသည်မှာ ထိုဆန္ဒခံယူပွဲ၏ လွတ်လပ်မှုမရှိပုံ၊ ပွင့်လင်းမြင်သာမှုမရှိပုံ၊ တရားမျှတမှုမရှိပုံကို မြန်မာသိ၊ ကမ္ဘာသိ ဖြစ်သောကြောင့်ပင်တည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ လိုလားတောင့်တချက်များကို ဖြည့်ဆီးပေးနိုင်ခြင်း အလျှဉ်းမရှိသည့် အခြေခံဥပဒေဖြစ်ပါသည်။ နိုင်ငံတော်အာဏာသည် ပြည်သူလူထုထံက မဆင်းသက်ဘဲ စစ်ကောင်စီနှင့် စစ်ဦးစီးချုပ်ထံတွင်သာ တည်နေသဖြင့် ဒီမိုကရေစီစနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတခု ဖြစ်နေလေသည်။ လူထုဆန္ဒခံယူပွဲမတိုင်မီကဆိုလျှင် ထိုအခြေခံဥပဒေကို ဆန့်ကျင်ကြသည့်အနေဖြင့် “စစ်ကျွန်အဖြစ် နွံနစ်မခံ”ဟူသော ကြွေးကြော်သံများနှင့်ပင် ဆန့်ကျင်ခဲ့ကြပါသည်။

စစ်အစိုးရသည် ၄င်းတို့အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံမျှနှင့် မတင်းတိမ် မပြည့်စုံနိုင်သေး။ ထိုဖွဲ့စည်းပုံကို အသက်သွင်းပေးမည့် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကို ကျောထောက်နောက်ခံပြုသည့် ကြံဖွံ့ပါတီ အနိုင်ရရှိရေးသည်လည်း ၄င်းတို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလေသည်။ ထို့ကြောင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း အလျဉ်းကင်းသော ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကို ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်ကြေညာလိုက်ခြင်းအားဖြင့် ပြိုင်ဖက်များကို အပိုင် ချည်ပြီးတုပ်ပြီး စီမံလိုက်ပြန်သည်။ ထိုဥပဒေများတရားမျှတခြင်း အလျဉ်းကင်းသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုစဉ်က ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းများကို မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဦးဉာဏ်ဝင်းမှတဆင့် ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုစဉ်က ထိုသဘောအတိုင်းပင် ရှိခဲ့ကြောင်း သိရပါသည်။

တဖန် ၂၀၁၀ ရွေးကောက်ပွဲကိုယ်၌သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ခေါ်ဆိုရန် အင်မတန် ခဲယဉ်းလှကြောင်း တွေ့ရသည်။ မိုးပေါ်က ကျလာသော ကြိုတင်မဲများ၊ မဲသမာမှုများ၊ ဖိအားပေး မဲထည့်ခိုင်းမှုများ စသဖြင့် မသမာမှုများနှင့် ပြည့်နှက်နေသော ရွေးကောက်ပွဲကြီးမျှသာ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွံ့စည်းပုံအခြေခံဥပဒေတည်းဟူသော ကျားသေကို စတင်အသက်သွင်း မန်းမှုတ်ပေးသည့် ဂါထာမန္တန်တခုဆိုလျှင် မှားမည်မထင်။

အချုပ်အားဖြင့်ဆိုရသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုဆန္ဒအတိုင်း ရွေးဆွဲထားသည့် ဖွဲ့စည်းပုံမဟုတ်၊ နိုင်ငံတော်အာဏာသည်လည်း ပြည်သူ့ထံမှ မဆင်းသက်၊ ဒီမိုကရေစီစနစ်နှင့်လည်း မညီညွတ် စသင့် အင်္ဂါဆိုးများနှင့်သာ ပြည့်နှက်နေသည့် အခြေခံဥပဒေဆိုးကြီးတရပ်သာဖြစ်ပါသည်။ တဖန် ယခုလက်ရှိအာဏာရအစိုးရသည်လည်း မတရားသည့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေ၊ မတရားသည့်ရွေးကောက်ပွဲဥပဒေ၊ တရားမျှတမှုမရှိသည့်ရွေးကောက်ပွဲ တို့အားကိုးဖြင့် အာဏာရလာသည့် အစိုးရဖြစ်နေပြန်ပါသည်။ ထိုတဖက်သတ်ရေးဆွဲထားသည့်ဖွဲ့စည်းပုံနှင့် ထိုမတရားသဖြင့် အာဏာရလာသည့် အစိုးရတို့ အကြောင်းဆက် ပေါင်းဖက်ပြီး အဖက်ဖက်က ယိုယွင်းနေသာ တိုင်းပြည်ကို အုပ်ချုပ်နေသည်မှာ ယနေ့လက်ရှိ မြန်မာ့နိုင်ငံရေး၏ အခြေအနေမှန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် လက်ရှိအခြေအနေသည် နိုင်ငံရေးစနစ်အရလည်းကောင်း၊ အုပ်ချုပ်သောအစိုးရ အနေဖြင့်လည်းကောင်း၊ ပြည်သူလူထု လိုလားတောင့်တနေသော အခြေအနေတရပ်သို့ ရောက်ရှိနေခြင်း အလျှဉ်းမရှိသေးဟုသာ သုံးသပ်ရပေတော့မည်။

ဤကား လက်ရှိမြန်မာ့နိုင်ငံရေးစနစ်နှင့် လက်ရှိအာဏာရအစိုးရအပေါ် ကျနော်၏ အမြင်ဖြစ်ပါသည်။ ရှေ့လာမည့် အပိုင်း(၄)တွင် လက်ရှိမြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲသို့ ဦးတည်နေပြီလောဟူသော မေးခွန်းအပေါ် ကျနော်၏ အမြင်ကိုလည်းကောင်း၊ အပိုင်း(၅)တွင် အနာဂတ်တွင် ဖြစ်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ကျနော်၏ မှန်းဆချက်များကို ဆက်လက်ရေးသားပါဦးမည်။

(မှတ်ချက်။ ။ ယခု သီတင်းပတ်များအတွင်း ရုံးချိန်ပြင်ပ အလုပ်အင်မတန်များနေသဖြင့် ကွန်ပြူတာရှေ့တွင် စာထိုင်ရေးချိန် တနာရီပြည့်အောင်ပင် မရနိုင်အောင် ဖြစ်နေပါသည်။ သွားရင်းလာရင်း လက်ကိုင်ဖုန်းပေါ်တွင် ဖေ့စ်ဘွတ်ဝင်၊ သတင်းဖတ် လုပ်ရပါသည်။ ထို့ကြောင့် အပိုင်းများခွဲပြီး နည်းနည်းချင်းရေး၊ ဖြည်းဖြည်းချင်းတင် ခြင်းမျှသာ ပြုနိုင်ပါကြောင်း ဘလော့ဂ်ဖတ်သူများအား ကြိုတင်အသိပေးအပ်ပါသည်။)

(ဆက်ရန်)
Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၂)


မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၁) တွင် လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားသော ဖြစ်ရပ်နှစ်ခုကို ထောက်ပြခဲ့ပါသည်။ ရှစ်လေးလုံးလူထုအုံကြွမှုကြီးသည် မြန်မာ့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းဆီသို့ သွားရောက်ရန် စတင်ဦးတည်ပေးလိုက်နိုင်သည်ဆိုသည်မှာ ပထမဖြစ်ရပ် ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးကြီးသည် ဒီမိုကရေစီစနစ်သို့ သွားရန် အချိန်ဆွဲဈေးဆစ်နေသော စစ်အာဏာရှင်အစိုးရအား ထပ်မံအချိန်မဆွဲဝံ့တော့စေရန် သံချွန်ဖြင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးဖြစ်သည်ဆိုသည်မှာ ဒုတိယဖြစ်ရပ် ဖြစ်ပါသည်။

ထို့ပြင် အမေရိကန်နှင့် ဥရောပသမဂ္ဂ(EU)တို့မှ တဖက်သတ်ချမှတ်ထားခဲ့သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် စစ်အစိုးရအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်ကို ယနေ့အခါတွင် ထင်ရှားခဲ့ပြီ ဖြစ်သည်။ မကြာမီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အနေနှင့် ကုလသမဂ္ဂတွင် စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းပေးရေးအတွက် လူသိရှင်ကြား တောင်းပန် တိုက်တွန်းနေရသည်ကို သတိပြုမိစေလိုပါသည်။ စစ်တပိုင်းအစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည် ရုတ်သိမ်းပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်နွှဲနေခြင်းများကို ရှေးဦးစွာ မဖြစ်မနေ ဖော်ဆောင် ပြုလုပ်ပြခြင်းမှ လွဲ၍ အခြားရွးချယ်စရာ နည်းလမ်းမကျန်တော့ပါ။ မကြာမီ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်းများကို ပြုလုပ်ရဖွယ် ရှိပါသည်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် အရာမရောက်ဟူသော အဆိုသည် မှန်ကန်မှုမရှိဆိုသည့်အချက်ကို ဆင်ခြင်သတိပြုရန်ဖြစ်ပါသည်။

ယခုဆက်လက်၍ လက်ရှိနိုင်ငံရေးအခြေအနေကို မဖော်ပြမီ ယင်းအခြေအနေသို့ရောက်အောင် တွန်းပို့သော ဖိအားအချို့အနက် လူထုအုံကြွမှုများအကြောင်းကို အနည်းငယ် ထပ်မံ တင်ပြလိုပါသည်။

လူထုအုံကြွမှုများ

လူထုအုံကြွမှုများသည် ပြည်သူလူထုခံစားနေရသော အထွေထွေအကြပ်အတည်း ဒုက္ခအဝဝနှင့် ပြည်သူလူထု၏ မွန်းကြပ်မှုကို ရောင်ပြန်ဟပ်သည့် ဖြစ်ရပ်ကြီးများပင် ဖြစ်သည်။ ပြည်သူလူထု၏ အကြပ်အတည်းများကို အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခါ နှင့် ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို အနှစ်နှစ်အလလ ဖိနှိပ်ချုပ်ခြယ်တားမြစ်ထားသည့်အခါ နောက်ဆုံးတွင် မီးတောင်သဖွယ် ပွင့်အံပေါက်ကွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကျေနပ်မှု၊ မွန်းကြပ်မှု လောင်စာ များဖြင့် ပြည့်နှက်နေသော လူ့အဖွဲ့အစည်းတရပ်တွင် ထိုသို့ ပေါက်ကွဲထွက်လာရန်မှာ ပြဿနာမီးပွားကလေးတစသာ လိုအပ်ပေသည်။ တူနီရှားတွင်ဖြစ်ပေါ်ခဲ့သော လမ်းဘေးမှ သစ်သီးရောင်းသူတယောက် မိမိကိုယ်ကို သတ်သေရန်ကြိုးစားမှု ဖြစ်ရပ်၊ ၁၉၈၈ ခုနှစ်တွင် ငွေစက္ကူများကို တရားမဝင်ကြေညာခဲ့သည့် ဖြစ်ရပ်၊ ၂၀၀၇ ခုနှစ်တွင် အစိုးရက လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ခဲ့သည့်ကိစ္စ များသည် ပေါက်ကွဲမှုကို အစပြုခဲ့စေသော မီးပွားဥပမာများဖြစ်သည်။

အလားတူပင် ပြည်ပတွင်ဖြစ်ပွားသော တော်လှန်ရေးလှိုင်းများရိုက်ခတ်သဖြင့်လည်း ပြည်တွင်းသို့ကူးစက်ကာ လူထုအုံကြွမှုများ ဖြစ်နိုင်ပါသေးသည်။ ၁၉၈၈-၉၀ များဆီက ဖြစ်ခဲ့သော တရုတ်တီယန်နာမင်ရင်ပြင်တော်လှန်ရေးမှသည် ရိုမေးနီးယားအလယ်၊ အရှေ့ဂျာမဏီအဆုံး ကမ္ဘာတလွှားမှ တော်လှန်ရေးများသည်လည်းကောင်း၊ ယခုအခါ အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော တော်လှန်ရေးလှိုင်းများသည်လည်းကောင်း ပြည်တွင်းအခြေအနေ တင်းမာ ပေါက်ကွဲလုဖြစ်နေသည့်အပေါ်တွင် ပြည်ပလှုပ်ရှားမှုများမှ ပြည်တွင်းသို့ ကူးစက်ဖြစ်ပေါ်သော အုံကြွမှုများဖြစ်ပါသည်။

လူထုအုံကြွမှုကို ဖော်ဆောင်ခြင်း၊ အရှိန်မြှင့်ခြင်း

မည်သည့်လူထုအုံကြွမှုမဆို စတင်လှုံ့ဆော်မည့်သူများ၊ အားကောင်းလာစေရန် အရှိန်မြှင့်တွန်းအားပေးမည့်လူများ မဖြစ်မနေလိုအပ်ပါသည်။ ရှစ်လေးလုံးအရေးအခင်းတွင် ကျောင်းသားဆန္ဒပြမှုများသည် ရှေ့ပြေးလှုပ်ရှားမှုများဖြစ်သလို၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ၏ အဖြူရောင်လှုပ်ရှားမှု၊ လမ်းလျှောက်ပွဲများ၊ မစုစုနွေး၊ ကိုထင်ကျော်၊ ကိုအောင်ဖေ စသည့် တက်ကြွဆန္ဒပြသူများ၏ ဆန္ဒပြလှုံ့ဆော်မှုများ၊ ရဟန်းပျိုများသမဂ္ဂတို့၏ လှုပ်ရှားမှုများသည် ရှေ့ပြေးလှုပ်ရှားမှုများဖြစ်ပါသည်။

ပြည်ပမှ လွတ်လပ်သော သတင်းမီဒီယာများ၊ ပြည်တွင်းမှ စီတီဇင်ဂျာနယ်လစ် များနှင့် ပြည်သူ့ဖက်က ရပ်တည်လိုသည့် လူသိများထင်ရှားသော အနုပညာရှင်များ၊ စာရေးဆရာများ၊ သတင်းစာဆရာများကြောင့်လည်း လူထုအုံကြွမှုများကို အရှိန်မြင့်တက်စေခဲ့ပါသည်။

ယနေ့နိုင်ငံရေးအကျိုးဆက်များသည် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတို့၏ အကျိုးဆက်ဖြစ်သည့်အလျောက် ထိုစဉ်က တက်ကြွစွာ ဦးဆောင်ခဲ့ကြသော ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသော ရဟန်ရှင်လူအပေါင်းသည် လွတ်လပ်သော အနာဂတ် မြန်မာ့သမိုင်းတွင် သူရဲကောင်းများအဖြစ် မော်ကွန်းတင် ကျန်ရစ်ပေလိမ့်မည်။

လူထုအုံကြွမှုများအပေါ် အာဏာရှင်များ၏ တုန့်ပြန်မှု

လူထုအုံကြွမှုများအပေါ် အာဏာရှင်တို့၏ ကနဦး တုန့်ပြန်မှုများမှာ အမြဲတစေဆိုသလို တူညီလေ့ရှိကြသည်။

ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွဲခြင်း၊ ဆန္ဒပြသူများကို အကြမ်းဖက် ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်း၊ တန်ပြန်ဆန္ဒပြသည့်အဖွဲ့များစေလွှတ်ကာ ရုန်းရင်းဆန်ခတ်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားအောင် ဖန်တီးခြင်း၊ ဆန္ဒပြပွဲအတွင်း အတိုက်အခံဖက်မှ ဦးဆောင်သူများကို ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်း စသည့် တုန့်ပြန်မှုများဖြင့် တုန့်ပြန်ကြသည်ချည်း ဖြစ်ပါသည်။

သို့သော် ထိုတုန့်ပြန်မှုများမှာ လူထုအုံကြွမှု၏ အကြောင်းရင်းဖြစ်သော အထွေထွေကြပ်တည်းမှုပြဿနာများကို နည်းလမ်းမှန်စွာ ဖြေရှင်းခြင်းမဟုတ်၍ လူထု၏ မကျေနပ်မှုသည် ပိုမိုကြီးထွား၍သာ လာပါသည်။ ထိုအခါမျိုးတွင် အာဏာရှင်အစိုးရများအနေဖြင့် လူထုအားနှစ်သိမ့်ရန် ဟန်ပြအပြောင်းအလဲများကို ပြုလုပ်လာတတ်ပါသည်။

လက်ရှိအာဏာရှင်အစိုးရသည် အရပ်သားအစိုးရပုံစံဖြင့် တည်ရှိနေပါက အစိုးရအဖွဲ့ခေါင်းဆောင်သည် နှုတ်ထွက်ပေးပြီး ၄င်းယုံကြည်စိတ်ချရသောသူကို အစားထိုးခန့်အပ်ခြင်း၊ သို့တည်းမဟုတ် ရွေးကောက်ပွဲကျင်းပပေးမည်ဆိုကာ မိမိအားထောက်ခံသူများသာပြည့်နှက်နေသည့် ပါတီကို အနိုင်ရစေရန် စီမံပေးခြင်း၊ အခြေခံဥပဒေကို ဟန်ပြပြောင်းလဲပေးခြင်း စသည့် ဟန်ပြအပြောင်းအလဲများကို ပြုလုပ်တတ်ပါသည်။ လက်ရှိအာဏာရှင်အစိုးရသည် စစ်အစိုးရပုံစံဖြင့် တည်ရှိပါက အရပ်ဝတ်သို့လဲကာ ပါတီတရပ်ထူထောင်လျက် အရပ်သားအစိုးရအသွင်ဖြင့် ပြောင်းလဲအုပ်ချုပ်ခြင်းတို့ကို တွေ့ရပါသည်။

သို့သော် ထိုဟန်ပြအပြောင်းအလဲများနောက်ကွယ်တွင်မူ အာဏာရှင်အစိုးရက အာဏာကို ရေရှည်သဖြင့် ဆက်လက်စွဲကိုင်နိုင်စေရန် အစီအမံများကိုထည့်သွင်း၍ ပြုလုပ်တတ်ကြောင်း တွေ့ရလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သော ၂၀၀၈ ခုနှစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင်ဥပဒေတို့သည် စစ်တပ်မှ အာဏာကို အရှည်သဖြင့် ဆက်လက်စွဲကိုင်နိုင်ရန် စီမံရေးဆွဲခဲ့သော ဥပဒေများအဖြစ် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

(ဆက်ရန်)
Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၁)

ကျနော်သည် စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (ပီအာ)ကို ကိုင်ဆောင်လျက် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော မြန်မာနိုင်ငံသားတဦးဖြစ်ပါသည်။ ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်၏ အခြေအနေကို ပြည်လည်သုံးသပ်ကြည့်သောအခါ မြန်မာနိုင်ငံ၏ အတိတ်နှင့် လက်ရှိပစ္စုပ္ပာန်အခြေအနေတို့မှာ နိုင်ငံသားတယောက်အနေနှင့် ကျေနပ်လက်ခံနိုင်သည့် အနေအထားများတွင်မရှိခဲ့/မရှိနေဟု ထင်မြင်ယူဆပါသည်။

အဓိက ကျေနပ်လက်ခံနိုင်ခြင်းမရှိသည့် အခြေအနေများမှာ…

(၁) မြန်မာနိုင်ငံသားတယောက်အနေနှင့် လွတ်လပ်မှုအဝဝ ဆုံးရှုံးနေခြင်း
(၂) အာဏာပိုင်လူတန်းစား၏ ဖိနှိပ်မှုကို အစဉ်သဖြင့် ကြောက်ရွံ့နေရခြင်း
(၃) နိုင်ငံသားတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူနေမှုအဝဝမှာ နိမ့်ပါးဆုတ်ယုတ်နေခြင်း

တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်တခု အမြစ်တွယ်ကာ ရှင်သန်နေခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပေါ်ပေါက်လာရသော ဆိုးကျိုးများဟု ယူဆပါသည်။

ပြည်တွင်းတွင်နေထိုင်သည်ဖြစ်စေ၊ ပြည်ပတွင်နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားတဦးဖြစ်နေသရွေ့ ဤအချက်များကြောင့်ဖြစ်ပေါ်လာသော မကောင်းသောအကျိုးဆက်များ၏ ရိုက်ခတ်မှုကို အစဉ်သဖြင့် ခံစားနေရမည်သာဖြစ်သည်။ ကျနော့်တို့အနေဖြင့် ဤ မနှစ်မြို့ဖွယ် အခြေအနေကို မတွန်းမလှန် အားမာန်လျှော့၍ ခေါင်းငုံ့လည်စင်းခံမည်လား။ သို့တည်းမဟုတ် အခြေအနေကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမည်လား ဟူသော ရွေးချယ်စရာ လမ်းနှစ်သွယ်ကို ကြုံတွေ့ကြရပါသည်။ ကျနော်အနေဖြင့် ပြုပြင်ပြောင်းလဲပစ်ရန် ကြိုးစားသင့်သည်ဟူသော အမြင်ကို လက်ခံသူဖြစ်ပါသည်။ လက်ရှိအကြပ်အတည်းအပေါ်တွင် မှီခို၍ အကျိုးစီးပွားဖြစ်နေသူ လူအနည်းငယ်မှလွဲလျှင် ကျန်သော နိုင်ငံသားအများစုမှာ ကျနော်ကဲ့သို့ပင် ပြုပြင်ပြောင်းလဲရန်ကို အလိုရှိသူများသာ ဖြစ်ကြလိမ့်မည်ဟု ယူဆပါသည်။

အပြောင်းအလဲနှင့် ပတ်သက်သော ကျနော့်သဘောထား

အာဏာရှင်စနစ်ဟူသည် စတင်သန္ဓေတည်မွေးဖွားလာသည့်အချိန်ကပင် ယင်းစနစ်ကို ပြန်လည်ဖျက်ဆီးမည့် မျိုးစေ့ဗီဇ တပါတည်း ပါလာသည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ မည်သည့်အာဏာရှင်စနစ်မဆို တနေ့တချိန်တွင် ပြိုလဲပျက်စီးရမည်သာဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း မည်သည့်အာဏာရှင်စနစ်မျှ ထာဝရ မတည်ရှိနိုင်ကြောင်းကို အထင်အရှားပင် တွေ့မြင်ကြရမည်သာဖြစ်သည်။ “ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူးကွာ” ဟု အားလျှော့စကားကိုဆိုသူများသည် ဤသဘောဓမ္မကို နားလည်သဘောမပေါက်သူများ၊ သမိုင်းကို မျက်ကွယ်ပြုသူများ ဖြစ်သောကြောင့်သော်လည်းကောင်း(သို့တည်းမဟုတ်) ဤသဘောဓမ္မကို လက်ခံလိုက်ပါက အကျိုးဆက်အနေဖြင့် ကျရောက်လာသော တာဝန်ကို ရှောင်လွှဲလိုသောကြောင့် သော်လည်းကောင်း ဖြစ်မည်ဟု မှန်းဆမိပါသည်။

သို့သော် အာဏာရှင်စနစ်တခု သူ့အလိုအလျောက် ပျက်စီးသည့်အချိန်အထိကိုမူကား ထိုင်စောင့်မနေသင့်ပဲ မိမိတို့ အသက်ရှင်စဉ် အနာဂတ်အကျိုးစီးပွားအတွက်၊ မိမိတို့ သားသမီးများအကျိုးစီးပွားအတွက်တို့ကို ထည့်သွင်းစဉ်းစားကာ အာဏာရှင်စနစ်အလျှင်အမြန် ပြိုကျပျက်စီးစေရန် အပြောင်းအလဲအတွက် လက်ရှိအချိန်တွင်ပင် အားထုတ်လုပ်ကိုင်သင့်ကြောင်း ခံယူမိပါသည်။

ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်လဲ

ပြောင်းလဲရန် လိုအပ်ကြောင်းလက်ခံသည့်အခါ ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်နည်းဟူသော မေးခွန်းပေါ်လာပါသည်။ သမိုင်းကြောင်းကို ဆန်းစစ်လျှင်ဖြစ်စေ၊ ယခုမျက်မှောက်ကာလ ကမ္ဘာတလွှားတွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို ဆန်းစစ်လျှင်ဖြစ်စေ အပြောင်းအလဲ ဖြစ်စေနိုင်သော နည်းလမ်း အများအပြားရှိသည်ကို တွေ့ရပါသည်။

ယင်းတို့အနက်….
(၁) လူထုအုံကြွမှုနှင့် (လူထုညီညွတ်စွာ အင်အားပြမှုများ)ဖြစ်ပြီး အာဏာရှင်အစိုးရများ ပြုတ်ကျသွားခြင်း
(၂) လက်နက်ကိုင်တော်လှန်ရေးဖြင့် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခြင်း
(၃) အာဏာရှင်သေဆုံးသည့်အခါ ၄င်း၏ အရိုက်အရာကို ဆက်ခံသူများတွင် အပြောင်းအလဲကို လိုလားသော ခေါင်းဆောင်များ အစားထိုးဝင်ရောက်လာခြင်း
(၄) အင်အားကြီးနိုင်ငံများနှင့် ပတ်ဝန်းကျင်နိုင်ငံများ၊ နိုင်ငံစုံအဖွဲ့အစည်းများမှ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးစီးပွားရေး အခင်းအကျင်းရသော်လည်းကောင်း အာဏာရှင်နိုင်ငံငယ်များအပေါ် လွှမ်းမိုးကာ အပြောင်းအလဲသို့ရောက်အောင် တွန်းပို့နိုင်ခြင်း

စသည့် အကြမ်းဖျင်း ခွဲခြားသတ်မှတ်နိုင်သော နည်းလမ်းများကို တွေ့ရှိရပါသည်။ အထက်ပါ နည်းလမ်းတခုချင်းကြောင့်သော်လည်းကောင်း၊ တခုထက်ပိုသောနည်းလမ်းများကို သုံး၍လည်းကောင်း အပြောင်းအလဲကို စတင်ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်ကြောင်း သုံးသပ်မိပါသည်။

မြန်မာနိုင်ငံ၏ အတိတ်က သမိုင်းကြောင်း

အတိတ်က သမိုင်းကြောင်းဆိုရာတွင်… သက်ဦးဆံပိုင်ဘုရင်စနစ်အထိ နောက်ပြန်လှန်၍ ရေးသားရန်ဆန္ဒမရှိပါ။ ကိုလိုနီလက်အောက် ကျရောက်စဉ်က တော်လှန်ရေးများနှင့် လွတ်လပ်ရေးရပြီးသည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးများအကြောင်း အကျဉ်းချုပ်ပြောလိုပါသည်။

ပထမကြိမ် အင်္ဂလိပ်ကို မောင်းထုတ်ခြင်းနှင့် ဂျပန်ကို ပြန်လည်တော်လှန်ရာတွင် အသုံးပြုသော နည်းလမ်းများမှာ နည်းလမ်း အမှတ် (၂ - လက်နက်ကိုင်) နှင့် (၄ - အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများဖြစ်သည်ကို သတိပြုမိပါသည်။ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရေးဆိုရာတွင် နည်းလမ်းအမှတ် (၁ - လူထုအုံကြွမှု) နှင့် (၄- အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများ ဖြစ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ အင်္ဂလိပ်ကို ပထမအကြိမ် တိုက်ထုတ်ရာတွင်လည်းကောင်း၊ ဂျပန်ကို တော်လှန်ရာတွင်လည်းကောင်း၊ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရယူရာတွင်လည်းကောင်း ရည်မှန်းသည့် ပန်းတိုင်များကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့သည်ဖြစ်၍ ထိုစဉ်က အသုံးပြုခဲ့သော နည်းလမ်းများ အောင်မြင်ခဲ့သည်ကို လက်ခံရချေမည်။

တဖန်လွတ်လပ်ရေးရပြီးသည့်အချိန်ကစ၍ (လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီ ခေတ်ကို ချန်လှပ်ကာ)ဆန်းစစ်ပြန်သော်…. မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုအုံကြွမှုများဖြင့် တော်လှန်ပြောင်းလဲရန် ကြိုးစားခဲ့ကြကို တွေ့ရသည်။ လက်နက်ကိုင်တော်လှန်ရေးကို အဓိကဆင်နွှဲသူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အမျိုးမျိုးတို့ ဖြစ်သည်။ ကြီးမားသော အထင်ကရ လူထုအုံကြွမှုကြီး နှစ်ခုမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ရှစ်လေးလုံး လူထုအုံကြွမှုကြီးနှင့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး တို့ပင်ဖြစ်သည်။


လက်နက်ကိုင်တော်လှန်ရေးမှာ အနှစ် ၆၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအခါ အားပျော့သွားသည်ဟု သုံးသပ်မိပါသည်။ လက်နက်ကိုင်အင်အားစုများတွင် အကြီးမားဆုံးအဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် (လက်နက်ကိုင်တော်လှန်ရေးတွင်) လုံးလုံးအမြစ်ပြတ်ချေမှုန်းခံရပြီး၊ ဒုတိယ အကြီးမားဆုံးဖြစ်သော ကရင်လွတ်မြောက်ရေးတပ်ပေါင်းစုမှာလည်း အဓိကခြေကုပ်စခန်းများ လက်လွှတ်ရပြီးနောက် အင်အားလျော့နည်းလာသည်ကို တွေ့ရသည်။

ဤသို့ လက်နက်ကိုင်တော်လှန်ရေး အရေးနိမ့်လာရသည့် အကြောင်းရင်းများတွင် မြန်မာစစ်အစိုးရအနေဖြင့် လိုအပ်သော စစ်အသုံးစားရိတ်ကို နိုင်ငံတော်ဘဏ္ဍာနှင့် အရင်းအမြစ်များမှ အပြည့်အဝ ရရှိနေသည်ကတကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား သောင်းကျန်းသူအဖြစ် ရှုမြင်လာအောင် (လူထုထောက်ခံမှုမရအောင်) စစ်အစိုးရထိန်းချုပ်သော နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို၊ တီဗီ၊ မဂ္ဂဇင်းတို့မှ ပြည်သူလူထုအား ထိထိရောက်ရောက် ဝါဒမှိုင်းတိုက်နှိုင်ခဲ့သည်ကတကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အချိတ်အဆက်မိမိဖြင့် စစ်အစိုးရကို တော်လှန်နိုင်ခြင်း မရှိသည်ကတကြောင်း… စသည် တို့သည် လက်နက်ကိုင်တော်လှန်ရေး အားပျော့လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟု ယူဆပါသည်။

သို့သော် မည်မျှပင် အားပျော့သွားသည်ဖြစ်စေ…. လက်နက်ကိုင်တော်လှန်ရေးကို မှားယွင်းသည်ဟု ပြောရန် ခက်လှပါသည်။ လူသည် မိမိအား မတရား ဖိနှိပ်ချုပ်ချယ်လာလျှင် တုန့်ပြန်ခုခံရန် အခွင့်အရေးရှိပါသည်။ အခွင့်အရေးဆိုသည်ထက် တုန့်ပြန်တော်လှန်ရမည့် တာဝန်ဟုဆိုလျှင်ပင် ပိုမှန်ပါမည်။ ထိုသို့တော်လှန်ရာတွင် လက်နက်ကိုင်နည်းလမ်းကိုဖြစ်စေ၊ အကြမ်းမဖက်နည်းလမ်းကိုဖြစ်စေ သင့်လျော်ရာ နည်းလမ်းကို စွဲကိုင်နိုင်ပါသည်။ ဤသည်ကို မှားသည်ဟု မခေါ်နိုင်ပါ။ တရားသည်ဟုသာ ဆိုရပါမည်။ လက်ရှိအချိန်တွင် အားပျော့နေသော်လည်း တချိန်တွင် ပြန်လည်အားကောင်းလာတတ်သည်ကိုလည်း လက်ရှိအခြေအနေတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေများအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း သတိချပ်သင့်ပါသည်။

ဖြစ်ပွားခဲ့ပြီးသော လူထုအုံကြွမှု နှစ်ရပ် ( ရှစ်လေးလုံးနှင့် ရွှေဝါရောင်) ပတ်သက်ပြီး အချို့က လူထုအုံကြွမှုများသည် အချည်းနှီးသာဖြစ်သည်ဟု သုံးသပ်ယူဆကြသည်ကို တွေ့ရသည်။ ကျနော့်အမြင်အရတွင်မူ ဤလူထုအုံကြွမှုကြီး နှစ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲကြီးများ ဖြစ်ခဲ့ပြီး ယနေ့နိုင်ငံရေးအခြေအနေသို့ရောက်ရန် တွန်းပို့ခဲ့သည့် အကျိုးရလာဒ်ကောင်းများ ဖြစ်ထွန်းခဲ့သည်ဟု ယူဆပါသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာပြည်တွင် အရပ်သားမျက်နှာဖုံး တပါတီစစ်အာဏာရှင်စနစ်ကို တရားဝင် ပယ်ဖျက်လိုက်ကာ လူထုအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင် တင်ပေးလိုက်သည့် အရေးတော်ပုံကြီးဖြစ်ပါသည်။ ဒဂုန်တာရာ၏ စကား (အတိအကျတော့မဟုတ်)ကို အငှားသုံးရမည်ဆိုလျှင် “၁၃၀၀ ပြည့်အရေးတော်ပုံကြီးကြောင့် လွတ်လပ်ရေးကို ချက်ချင်းမရခဲ့သော်ငြား လွတ်လပ်ရေးကို အရယူပေးမည့် တော်လှန်ရေးအင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်။ အလားတူ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မြန်မာပြည်သည် ဒီမိုကရေစီချက်ချင်းဖြစ်မသွားသော်လည်း ဒီမိုကရေစီစနစ်ကို အရယူပေးမည့် အင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်” ဆိုသည့်အတိုင်းပင်ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် မြန်မာပြည်သူထုတရပ်လုံးက ဒီမိုကရေစီစနစ်ကို လိုလားတောင့်တသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်သည်။ ထိုအချိန်မှ စ၍ ပြည်သူလူထု၏ ဒီမိုကရေစီစနစ်အပေါ် လိုချင်တောင့်တမှုများ၊ လွတ်လပ်မှုကိုတောင်းဆိုမှုများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်မှုများမှာ ဘယ်တုန်းကနှင့်မတူ အရှိန်အဟုန်မြင့်တက်ခဲ့ပါသည်။ ဂတိအတိုင်း အာဏာလွှဲမပေးသည့်တိုင်အောင် စစ်အစိုးရအနေဖြင့် “ပြည်သူများအနေဖြင့် ဒီမိုကရေစီစနစ်ကိုသာ လိုလားတောင့်တသည်” ဆိုသည့်အချက်ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ “မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ကြိုးစားနေပါသည်” ဆိုသည့် ကတိစကားများကို ထုတ်ဖော်ပြောကြားလာရသည်အထိဖြစ်သည်။

သို့သော် စစ်အာဏာရှင်များမှာ စိတ်ရင်းမမှန်သည့်အလျောက် တဖက်တွင်လည်း အမျိုးသားညီလာခံကို မပြီးနိုင်မစီးနိုင်ခေါ်ယူကာ အချိန်ဆွဲရန်ကြိုးစားနေခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ၏ အကျင့်ပျက်ခြစားမှုများ၊ ကိုယ်ကျိုးရှာ မသမာမှုများ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးမှာ တနေ့တခြား ပိုမိုကြပ်တည်းလာပြီး ၂၀၀၇ ခုတွင် ကမ္ဘာ့သတင်းမီဒီယာများကို ကိုင်လှုပ်ကာ အချိန်ပြည့်လွှမ်းမိုးထားနိုင်သော ရွှေဝါရောင်တော်လှန်ရေးကြီးတရပ် ပေါ်ပေါက်လာခဲ့ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် အချိန်ဆွဲ၊ ဈေးဆစ်နေသော စစ်အစိုးရအား အချိန်မဆွဲဝံ့တော့စေရန်၊ တက်သုတ်ရိုက်ဆောင်ရွက်ရန် နောက်မှ သံချွန်နှင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးပင် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် အမျိုးသားညီလာခံကို နှစ်ပေါင်းများစွာ အချိန်ဆွဲ၍ ကျင်းပနေသော စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် ညောင်နှစ်ပင်ဖွဲ့စည်းပုံကို တက်သုတ်ရိုက်၍ အပြီးသတ်ရေးဆွဲ၊ မသမာသည့်နည်းဖြင့် ပြည်သူ့ဆန္ဒကို ကတိုက်ကရိုက်ခံယူအတည်ပြုကာ၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး (အရပ်သားအရေခြုံထားသည့်) ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာရပေသည်။

(ဆက်ရန်)
Read more

အပြောင်းအလဲ

မကြာခင် ၂၀၁၀ ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ရောက်တော့မယ်။ နှစ်ကုန်ကာနီးလည်း ဖြစ်တဲ့အတွက် ရောက်တတ်ရာရာလေးတွေ တွေးမိတာကို တွေးမိသလို ရေးလိုက်ပါတယ်။

နည်းပညာ အပြောင်းအလဲ

လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်၊ ကျနော် စင်္ကာပူကို ရောက်လာကာစက လက်ကိုင်ဖုန်းတွေကို အခုလို လူတိုင်းမကိုင်နိုင်ကြသေးဘူး။ အဲသည်တုန်းက လက်ကိုင်ဖုန်းကလည်း အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင် တော်တော့်ကို ကြီးမားလေးလံတဲ့ ပစ္စည်းတခုပါပဲ။ Incoming call တွေ အတွက်ပါ ပိုက်ဆံပေးရတဲ့ခေတ်ဆိုတော့ လက်ကိုင်ဖုန်းသုံးစွဲသူတွေထံ ဖုန်းခေါ်လိုက်တယ်ဆိုရင် တဖက်က “ကျနော်ပြန်ခေါ်လိုက်မယ်နော်” ဆိုပြီး ရိုးရိုးတယ်လီဖုန်းလိုင်းကနေ ပြန်လည် ခေါ်ဆိုကြတဲ့ခေတ်ပေါ့။ အခုတော့ လက်ကိုင်ဖုန်းကလေးတွေက သေးသေးငယ်ငယ်။ အရောင်စုံ၊ အသွေးစုံ။ Incoming call က အခမဲ့ဖြစ်သွားပြီ။ ဒီကြားထဲမယ် wifi တို့ 3G တို့နဲ့ဆိုရင် အင်တာနက်ကိုသုံးစွဲပြီး Outgoing call တွေကိုပါ အခမဲ့ ခေါ်ဆိုနိုင်သေးတယ်။

ဆယ်စုနှစ်တခုအတွင်းမှာ နည်းပညာတွေ ပေါက်ကွဲသလို အလျှင်အမြန် တိုးတက်လာတယ်။ အင်တာနက်ကို ကွန်ပြူတာတွေမှာသာမက အများသုံး အသုံးအဆောင်တွေဖြစ်တဲ့ လက်ကိုင်ဖုန်းတွေ၊ ရုပ်မြင်သံကြားတွေမှာပါ တိုက်ရိုက် သုံးစွဲလို့ ရလာတယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စတဲ့ မီဒီယာတွေနဲ့ အင်တာနက်ဟာ နယ်နိမိတ်တွေ ရောယှက်ဝေဝါးလာပြီး ဆုံမှတ်တခုကို ရှေးရှုနေသလိုပါပဲ။ ၂၀၁၀ ခုနှစ်အတွင်းမှာ အဖိုးနှုန်း ချိုသာတဲ့ tablet pc တွေ ပေါ်လာတာဟာလည်း လူကြီးလူငယ် အသက်အရွယ်မရွေး ကွန်ပြူတာနဲ့ အင်တာနက်ကို လွယ်လင့်တကူ သုံးစွဲနိုင်တဲ့အနေအထားကို ရောက်လာစေပါတယ်။

ဒီတော့ လာမယ့်နှစ်ထဲမှာ ကမ္ဘာတလွှား အင်တာနက်ကို သုံးစွဲသူ လူဦးရေဟာ အခုထက် အဆမတန် ပိုမိုများပြားလာဖို့ အကြောင်းရှိပါတယ်။

အင်တာနက်ကတဆင့် ပရိသတ် (သို့မဟုတ်) လူထုထံက သဘောထားစစ်တမ်း၊ တုန့်ပြန် ဝေဖန်အကြံပြုလွှာတွေကို အချိန်နဲ့တပြေးညီတည်း လျှင်လျှင်မြန်မြန် ရယူနိုင်တယ်။ အထင်ကရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ “Donation Button” ကလေးပါ ထည့်ထားလိုက်မယ်ဆိုရင် ကမ္ဘာတလွှားမှာရှိတဲ့ ထောက်ခံသူတွေထံက အလှူငွေတွေ၊ ရန်ပုံငွေတွေကို လွယ်လွယ်ကူကူ ကောက်ယူနိုင်ပါလိမ့်မယ်။

အင်တာနက်ဟာ သူ့သဘောသဘာဝအရ အခြားမီဒီယာတွေနဲ့မတူဘဲ အတော်အတန် လွတ်လပ်တဲ့ သဘာဝရှိတယ်။ အလွန်အမင်းဖိနှိပ်လွန်းတဲ့ အာဏာရှင်နိုင်ငံတွေမှာတောင် အတိုင်းအတာတခုအထိ လွတ်လပ်မှုရှိတယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူတွေအဖို့ မိမိရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ဖို့အတွက် ထိထိရောက်ရောက် သုံးစွဲနိုင်တဲ့ လက်နက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုနည်းပညာမျိုးကို ရှေးရိုးစွဲ လူကြီးတွေက သုံးစွဲဖို့ တွန့်ဆုတ်နေရင်တောင် လူငယ်တွေက ဦးဆောင်ပြီး သုံးစွဲလာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နည်းပညာနဲ့ ပတ်သက်ပြီး နောင်လာမယ့် နှစ်တွေအတွင်းမှာ ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့...

(၁) တာရှည်ခံမယ့် ဘက်ထရီ တွေ၊
(၂) စက္ကူလိုပါးလွှာပြီး ကွေးညွှတ်လို့ရတဲ့၊ ပါဝါသိပ်မစားတဲ့ Display တွေ ( နမူနာ ပုံစံ တခုနှစ်ခု ထုတ်တာမျိုးမဟုတ်ဘဲ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်တာမျိုး)
(၃) Fusion Power (နည်းနည်း လောဘကြီးသွားသလားတော့မသိ)
(၄) နေရာအနှံ့ အလကားသုံးစွဲလို့ရတဲ့ အင်တာနက် (ဟိုတနေ့က သတင်းတပုဒ်ထဲမှာတော့ ဖြစ်လာတော့မယ်လို့ ဟောကိန်းထုတ်နေကြတာ တွေ့ရတာပဲ)
(၅) အလိုအလျောက် မီးပူတိုက်စက်

ဒါက နည်းပညာ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ တွေးမိ၊ မျှော်မှန်းမိတာတွေပါ။

မြန်မာပြည်က အပြောင်းအလဲ

ဒီနှစ်ထဲမှာ မြန်မာပြည်က တိုးတက်ပြောင်းလဲမှုကရော။

၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလို့ ပြီးသွားပါပြီ။ ရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် ပါလီမန်ထဲကနေ နိုင်ငံရေးအဝန်းအဝိုင်းကို ချဲ့ထွင်မယ်ဆိုတဲ့ အယူဝါဒကို ပြည်တွင်းပြည်ပ ဗန်းနဲ့လှည့်ရောင်းခဲ့သူတွေလည်း သူတို့ရဲ့ မှန်းဆထင်မြင်ချက်တွေဟာ ပါစင်အောင် လွဲမှားခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးသိက္ခာတွေလည်း ကုန်းကောက်စရာမကျန်အောင် ကျဆင်းခဲ့ကြတာကို အားရစဖွယ် တွေ့မြင်နေရပါတယ်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။ အခု တိုင်းပြည်ထဲမှာ အကျယ်လောင်ဆုံးအသံကတော့ ၂၁ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကိစ္စပါပဲ။ နယ်စပ်မှာတော့ အရင်က အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နအဖ စစ်တပ်အကြားမှာ တင်းမာမှုတွေ၊ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်စည်း၊ တိုင်းစည်း အောက်ခြေကစလို့ အဖွဲ့ချုပ်ကို ပြန်လည် ခိုင်ခန့်အောင် ထူထောင်မယ်။ လူထုကို နိုင်ငံရေးအရ ပါဝင်လာအောင် စည်းရုံးမယ်ဆိုရင် နအဖကို စေ့စပ်ဆွေးနွေးရေး စားပွဲကို ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေဒီယိုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ ကဏ္ဍ တချို့ကို နားထောင်ဖြစ်ပါတယ်။ မေးခွန်းမေးသူအများဟာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကိစ္စကို ထပ်ဖန်တလဲလဲ ပြောကြပြီး ရေဒီယိုပေါ်က တန်ဘိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေကြတာ တွေ့ရပါတယ်။ တေးသံရှင် ဒေါ်မာမာအေးကဆိုရင် “ညီမလေး အရဲမကိုးပါနဲ့နော်” ဆိုပြီး တိုက်တွန်းသတိပေးထားတာကိုတောင် ကြားလိုက်ရပါသေးတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပေမယ့် တဖက်မှာ လူထုခေါင်းဆောင်တယောက်အနေနဲ့ သွားသင့်တဲ့ကိစ္စ၊ လုပ်သင့်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့လုပ်ရမယ့် တာဝန်ဝတ္တရား ရှိနေတာကိုလည်း သတိထားမိပါတယ်။ ဦးသန်းရွှေတို့လို အရဲမကိုးဘဲ လှိုဏ်ခေါင်းထဲမှာ ပုန်းနေပြီး တကယ်လုပ်သင့်လုပ်ထိုက်တာတွေကို မျက်ကွယ်ပြုတဲ့ ခေါင်းဆောင်မျိုးကိုတော့ လုံးဝ လိုချင်ကြမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့လို ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို မဆုတ်မနစ်လုပ်နေတဲ့ ခေါင်းဆောင်တယောက်အဖြစ်မျိုးကိုသာ ပိုပြီး မြင်လိုကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တလျှောက်လုံး မိမိအသက်ကိုတောင် ပဓာနမထားဘဲ ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့အတွက်သာ ဒီလို ပြည်သူအများက ယုံကြည်ကိုးစားရတဲ့ အနေအထား ရောက်ရှိလာခဲ့တာ မဟုတ်ပါလား။ အရဲမကိုးတဲ့ လူလိမ္မာ၊ လူနပ်တွေချည်းသာ များလာရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြမယ့် လူတွေ နည်းပါးသွားနိုင်ပါတယ်။

ဒီနှစ်အတွင်းမှာပဲ ပြည်တွင်းက အချို့သော စာနယ်ဇင်းတွေ၊ သတင်းထောက်တွေအနေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ရသမျှ အခွင့်အရေးကို ဆုပ်ကိုင်ပြီး စွန့်စွန့်စားစား ကြိုးပမ်းကြတဲ့ အနေအထားကို သတိပြုမိပါတယ်။ အချို့သော အနုပညာရှင်တွေအနေနဲ့လည်း စစ်အစိုးရဲ့ မျက်မာန်ရှမှု၊ ငြိုငြင်မှုကို ခံယူပြီး မိမိတို့ရဲ့ ရပ်တည်ချက်ကို တမျိုးတဖုံ ထုတ်ဖော်လာတာကို တွေ့ရပါတယ်။

မကြာမီအနာဂတ်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ဖြစ်ပေါ်မှုတွေကတော့....

(၁) နည်းပညာတိုးတက်မှုကို ဆုပ်ကိုင်ပြီး သတင်းလွတ်လပ်မှုကို ချဲ့ထွင်နိုင်ပါစေ။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များ ညီညွတ်စွာ ပေါင်းစည်းနိုင်ကြစေ။
(၃) ကိုမင်းကိုနိုင်တို့အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ကြစေ။
(၄) လူထုတရပ်လုံးပါဝင်မှုနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်လာအောင် ဖိအားပေးနိုင်ကြစေ။

ဒါကတော့ လတ်တလော တွေးဖြစ်တဲ့အတွေးတွေ၊ ဆန္ဒတွေပါ။

ဘလော့ဂ်ကို လာလည်သူအပေါင်း ကျန်းမာကြပါစေ။ ပျော်ရွှင်သော ခရစ်စမတ်ပိတ်ရက်နဲ့ ကောင်းသောနှစ်သစ် ဖြစ်ပါစေဗျား။
Read more

စားဖားကြီးများ သတိထား

ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်တဦးအနေနဲ့ ပြည်သူလူထုကို အမှန်တကယ် စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်တယ်၊ စုစည်းညီညွတ်မှုတွေကို ဖြစ်ပေါ်စေတယ် ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်။ သူမလွတ်မြောက်လာပြီးတဲ့နောက် သူမရဲ့ခေါင်းဆောင်မှုကို ယုံကြည်ကိုးစားတဲ့အလျောက် အမှန်တကယ် စိတ်ကောင်းစေတနာနဲ့ ကူညီလိုသူများ၊ ထောက်ပံ့လိုသူများလည်း ပြည်တွင်းရောပြည်ပမှာပါ တဖွဲဖွဲပေါ်ပေါက်လာပါတယ်။

တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အင်အားစုအားလုံးနဲ့ ညီညွတ်ရေးလုပ်မယ်ပြောတဲ့အတွက် “ညီညွတ်ရေး”ဆိုတဲ့ စကားကို အကြောင်းပြုပြီး တချို့သောသူတွေ တစခန်း ထလာတာကို တွေ့ရပြန်ပါတယ်။။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကလေးအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးလုံးပစ်ပယ်ပြီး (ရွေးကောက်ပွဲကို သပိတ်မှောက်မှုဟာ လက်တွေ့မဆန်ဘူးလို့ ပြစ်တင်ရှုတ်ချပြီး) ရွေးကောက်ပွဲကို အားတက်သရော ထောက်ခံခဲ့သူတွေဟာ အခုကျတော့မှ ဒေါ်အောင်ဆန်းစုကြည်ထံ စာတွေ ရေးသူကရေး၊ အနှစ် ၂၀ လုံးလုံး အဖွဲ့ချုပ်အနားကို ယောင်လို့တောင် အနားမသီခဲ့တဲ့လူတွေကလည်း အခုကျမှ အဖွဲ့ချုပ်လူငယ်တွေကို သင်တန်းပေးလိုသူနဲ့၊ အင်တာနက်ဆိုင်ရာ အကူအညီပေးလိုသူနဲ့၊ လုံခြုံရေးအကြံပေးလိုသူနဲ့ စသဖြင့် စသဖြင့် အကူအညီပေးလိုသူတွေ အလျှိုလျှိုပေါ်ထွက်ပေါ်လာပြီး အင်မတီးအင်မတန် အလုပ်များနေကြတာကို တွေ့နေရပါတယ်။ ဒီအကူအညီမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ် အချိန်တွေကတည်းက အဖွဲ့ချုပ်ကို ပေးလိုက ပေးနိုင်ခဲ့ပါလျက် ဘာကြောင့် မပေးခဲ့ကြသလဲဆိုတာ စဉ်းစားစရာပါပဲ။ "A friend in need is a friend indeed" - လိုအပ်နေတုန်းမှာ ကူညီတာကမှ တကယ့်မိတ်ဆွေစစ် - ဆိုတဲ့ စကားပုံကိုသာ ပြေးမြင်မိပါတော့တယ်။။ အခုကျမှ ပေါ်ပြူလာဖြစ်မယ့်အရာတွေကို ထလုပ်တာဟာ “အခွင့်အရေးလိုချင်လို့လား၊ နာမည်ကောင်းလိုချင်လို့လား၊ အမှန်တကယ် စိတ်စေတနာရှိလို့လား” စသဖြင့် သို့လော သို့လော တွေးတောမိပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်ပါးနပ်သူ၊ လူကဲခတ်ကောင်းသူတဦးဖြစ်တဲ့အလျောက် အနားကို ကပ်ဖို့ကြိုးစားနေတဲ့လူတွေထဲကမှ အစစ်အမှန်နဲ့ အတုအယောင် အပေါ်ယံသမားတွေကို မှန်မှန်ကန်ကန် ခွဲခြားစိစစ် ရွေးထုတ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်နေပြီးသားမို့ စိတ်ပူစရာတော့ သိပ်မရှိလှပါဘူး။ ညီညွတ်ရေးနဲ့ပတ်သက်လို့ဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ပိတ်ဆို့မှုများနဲ့ပတ်သက်လို့ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က တခုခုကို ပြောတဲ့အခါတိုင်းမှာ “စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင်၊ ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုရင်” ဆိုတဲ့ လိုအပ်ချက်၊ ကန့်သတ်ချက်(Condition)လေးတွေကို မမေ့မလျော့ ထည့်ထည့်ပြောတာကို သတိထားမိပါတယ်။ အဲဒီအတွက် အင်မတန် စိတ်ချမ်းသာမိပါတယ်။

ဘာပဲဖြစ်ဖြစ် အခုတလောမှာတော့ ဗိုလ်ချုပ်အောင်ဆန်း တခါက ပြောခဲ့ဖူးတဲ့ “ညီညွတ်ရေးဆိုတဲ့နေရာမှာ စားဖားကြီးတွေ ညီညွတ်ရေးမျိုးကို မလိုချင်ဘူး” ဆိုတဲ့ စကားလေးကို သတိရနေမိပါတော့တယ်။
Read more

မေ့တတ်သူများ သတိထား


"Those who do not remember their past are condemned to repeat their mistakes."
“အတိတ်ကနေ သင်ခန်းစာ မယူတတ်သူတွေဟာ အမှားတွေကို ထပ်ဖန်တလဲလဲ လုပ်မိဖို့ ကျိန်စာသင့်နေကြသူတွေသာ ဖြစ်တယ်”

ရာစုနှစ်တခု၊ နှစ်ပေါင်း ၁၀၀ ဆိုတာ သမိုင်းအမြင်နဲ့ကြည့်ရင် တကယ်တော့ ဝေးလံလှတဲ့ အတိတ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့တတွေ အမှတ်သညာ မနည်းဘူးဆိုရင်၊ အမှုမဲ့ အမှတ်မဲ့ မနေခဲ့ဘူးဆိုရင်၊ သမိုင်းကို လေ့လာတီးခေါက်ကြည့်ခဲ့မယ်ဆိုရင် သတိရသင့်တဲ့ အတိတ်က အဖြစ်အပျက်တွေ ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တရာခန့်က မြန်မာတွေ အင်္ဂလိပ်လက်အောက်မှာ ကျရောက်နေစဉ် ကာလအပိုင်းအခြားကို ပြန်လည် စဉ်းစားကြည့်ပါ။

အဲဒီအချိန်က မြန်မာပြည်မှာ နိုင်ငံပေါင်းစုံက ကုမ္ပဏီကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ဘဏ်လုပ်ငန်းတွေ စသဖြင့်လာရောက် ရင်းနှီးမြှုတ်နှံကြတာကို တွေ့ကြရပါလိမ့်မယ်။ ထင်ရှားပြီး လူသိများတဲ့ ကုမ္ပဏီအချို့ကို ထုတ်နှုတ်ပြရရင် ဘုံဘေဘားမား၊ စတီးလ်ဘရားသား စတဲ့ သစ်ကုမ္ပဏီတွေ၊ ဘီအိုစီ ရေနံကုမ္ပဏီ၊ ဧရာဝတီဖလော်တီလာ သင်္ဘောကုမ္ပဏီ၊ ရိုးလ်ကုမ္ပဏီစတဲ့ ကုန်တိုက်ကြီးတွေ အစရှိသဖြင့်။ နိုင်ငံစီးပွားရေးတိုးတက်မှုအခြေအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်းသစ်၊ ရေနံ၊ ဆန်စပါးတွေ ထွက်ရှိပြီး အရှေ့တောင်အာရှက အင်္ဂလိပ်လက်အောက်ခံနိုင်ငံတွေထဲမှာ အဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံတနိုင်ငံလို့လည်း လေ့လာသိရှိခဲ့ရပါတယ်။

ဒါပေမယ့် တဖက်မှာ ကြည့်လိုက်ပြန်တော့ တိုင်းပြည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်နေပေမယ့် ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းက မြင့်တက်မနေခဲ့ပါဘူး။ ဘီအိုစီ ရေနံကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဆိုရင် ရေနံဆီမီးခွက်တောင် မထွန်းနိုင်လောက်အောင် ဆင်းရဲကြလို့ ဖောင်စီးရင်းရေငတ် ဆိုတဲ့ စကားနဲ့ ခိုင်းနှိုင်းကြပါတယ်။ တဖက်မှာလည်း လယ်သမားတွေဟာ ငွေရှင်ကြေးရှင်တွေဖြစ်တဲ့ ချစ်တီးတွေရဲ့ ခေါင်းပုံဖြတ်မှုအောက်မှာ နလန်မထူနိုင်အောင် ခံကြရပါတယ်။ ဒီလို ဖိနှိပ်မှု ကြပ်တည်းမှုတွေကို မခံနိုင်လို့ ရေနံမြေသပိတ်၊ ၁၃၀၀ ရာပြည့်အရေးတော်ပုံ စတဲ့ အရေးတော်ပုံကြီးတွေ ပေါ်ပေါက်လာခဲ့ကြတာပါ။

ဒီတော့.... နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုရှိပေမယ့် တိုင်းသူပြည်သား အများစုအနေနဲ့ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့အခါ၊ လွတ်လပ်မှုမရှိတဲ့အခါ၊ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဥပဒေပြဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုကို မရတဲ့အခါ ဓနရှင်လူတန်းစားတွေ၊ အုပ်ချုပ်သူလူတန်းစားတွေရဲ့ ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်မှုကို ပြည်သူတွေ ကျောကော့အောင် ခံစားတတ်ကြရတယ်ဆိုတဲ့ သာဓက အထင်အရှားရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီခေတ်က မြန်မာတမျိုးသားလုံးဟာ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်အောင်၊ ကိုယ့်အကျိုးစီးပွားကို ကိုယ်ကာကွယ်နိုင်အောင် လွတ်လပ်ရေးကို အရယူခဲ့ကြရတာ မဟုတ်ပါလား။

ဒါတောင်မှ အင်္ဂလိပ်ခေတ်ကို သိမီတဲ့ လူပုဂ္ဂိုလ်တွေ ရေးသားတဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ၊ သမိုင်းမှတ်တမ်း၊ ဝတ္ထုရုပ်ရှင်တွေကို ပြန်ကြည့်ရင် အင်္ဂလိပ်အစိုးရဟာ နယ်ချဲ့အစိုးရဆိုပေမယ့်လည်း တရားလက်လွတ် စိတ်ထင်တိုင်း ရမ်းကားအုပ်ချုပ်တာမျိုးမဟုတ်။ သူ့ခေတ်ကာလအလျောက် တရားဥပဒေ စိုးမိုးမှုရှိတယ်။ သတင်းလွတ်လပ်ခွင့် အတန်အသင့်ရှိတယ်။ အလုပ်သမားသမဂ္ဂ၊ သတင်းသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ခွင့်ရှိတယ်။ လမ်းပန်းပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေအောင် ဖန်တီးပေးထားတယ်။ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အထိုက်အလျောက် ဘဏ္ဍာငွေကြေးတွေ ချထားသုံးစွဲပေးတယ်။ ယုတ်စွအဆုံး ပုဂ္ဂလိက သစ်ကုမ္ပဏီတွေအတွက် သစ်ခုတ်လှဲတဲ့အခါ ကုမ္ပဏီစိတ်တိုင်းကျ အရည်အသွေးကောင်း သစ်တွေကိုချည်း မခုတ်လှဲအောင်၊ သစ်တောမပြုန်းတီးအောင် အင်္ဂလိပ်အစိုးရက သစ်တောအရာရှိတွေ ခန့်ထားပြီး သစ်တောဥပဒေတွေ၊ စည်းကမ်းတွေနဲ့ စနစ်တကျ ခုတ်လှဲစေခဲ့တာကို သတိပြုမိပါတယ်။

ဒီကနေ့ လက်ရှိမြန်မာနိုင်ငံအနေအထားကတော့ အင်္ဂလိပ်လက်အောက် ကျရောက်စဉ်အချိန်ကထက်ကို အဆမတန် ဆိုးရွားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူလူထုတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှုလည်း မရှိဘူး။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အရံအတားတွေ မရှိဘူး။ သတင်းလွတ်လပ်ခွင့်မရှိဘူး။ လူ့အခွင့်အရေးတွေကို အာဏာပိုင်တွေက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။

နောက်ပြီး အင်္ဂလိပ်ခေတ်ကလို စည်းကမ်းဥပဒေတွေနဲ့ စနစ်တကျ အုပ်ချုပ်တာမျိုးမဟုတ်တော့ဘူး။ ဥပမာ...သစ်ကုမ္ပဏီတွေဆိုရင် ရှိသမျှ သစ်မာတွေကို မဆင်မခြင် ခုတ်လှဲပြီး ပြည်ပကို တင်ပို့ကြလို့ တောပြုန်းသလောက် ဖြစ်နေပါပြီ။ အလားတူ ရေနံနဲ့ ကျောက်မျက်သယံဇာတတွေကိုလည်း နိုင်ငံခြားကုမ္ပဏီတွေက တံခါးမရှိဓါးမရှိ ထုတ်ယူကြလို့ ကုန်သလောက် နီးတော့မယ်။ ဒီလို သယံဇာတ ရင်းမြစ်တွေကို ထုတ်လုပ်ရောင်းချလို့ ပြည်သူတွေမှာ အကျိုးရှိသလားဆိုတော့ လုံးဝ အကျိုးခံစားရခြင်း မရှိပါဘူး။ ရောင်းရငွေတွေဟာ စစ်အစိုးရ အိပ်ကပ်ထဲကိုသာ ဝင်ပြီး ပြည်သူတို့အတွက် သုံးစွဲရမယ့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် ဘတ်ဂျက်မှာ အင်မတန်မှ နည်းပါးလှတဲ့ ရာခိုင်နှုန်းအချိုးအစားကိုသာ မသဒ္ဓါရေစာလို ချပေးပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေဟာ ပြီးခဲ့တဲ့ ၂၂ နှစ်အတွင်းမှာ လုံးဝဥဿုံ ချွတ်ခြုံကျခဲ့ရတာကို အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကာလအတောအတွင်း အိမ်နီးချင်းတိုင်းပြည်တွေမှာ ပြည်ပရင်းနှီးမြုတ်နှံမှုတွေကြောင့် အပြိုင်အဆိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာကြတာကို မြင်တွေ့ကြရတဲ့အခါ အချို့သော မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေသာရှိရင် သူများနိုင်ငံတွေနည်းတူ တိုးတက်လာနိုင်ကောင်းရဲ့လို့ စိတ်ကူးယဉ်အိပ်မက်တွေ စတင် မက်လာကြပုံရပါတယ်။။ အဲဒီမှာ စစ်အစိုးရဖက်ကနေ ပင်းပြီး ဆွယ်ပေးရတဲ့ ပညာရှင်ဆိုသူတွေကလည်း စီးပွားရေးပိတ်ဆို့မှုကြောင့် အလုပ်မဖြစ်နိုင်ကြောင်းကို ကျယ်ကျယ်လောင်လောင် အော်လာကြတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး နိုင်ငံရေးစနစ်ကိုပါ ပြောင်းလဲနိုင်ခဲ့တဲ့ ရှားရှားပါးပါး ဥပမာတခုဖြစ်တဲ့ ပိုလန်နိုင်ငံ ဥပမာကို တွင်တွင်ကြီး ပေးလာကြပါတယ်။ သူတို့အဆိုအရ စီးပွားရေး ရင်းနှီးမြှုတ်နှံမှုတွေ ရှိလာရင်ပဲ တိုင်းပြည်ဟာ နေ့ချင်းညချင်း ကြီးပွားပြီး လူလတ်တန်းစားဆိုတာ ပေါ်ပေါက်လာမယ်။ အခြေခံ စားဝတ်နေရေး ခိုင်မာလာမယ်ဆိုရင် နိုင်ငံရေးအရ လွတ်လပ်မှုကိုလည်း လူတွေဟာ တောင့်တလာကြမယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ နေရာတိုင်းအတွက် မှန်ပါ့မလားဆိုတာကို အထက်မှာ ဆိုခဲ့တဲ့ အင်္ဂလိပ်လက်အောက် မြန်မာပြည်အခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားမိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ နိုင်ငံခြားသားတယောက်နဲ့ ဒီအကြောင်း ပြောဖြစ်တော့ သူက..... “ဘယ်နိုင်ငံခြားကုမ္ပဏီကမှ စွန့်စားပြီး မမြှုတ်နှံချင်ဘူး။ မင်းတို့ ဗိုလ်ချုပ်တွေက ခုတမျိုး၊ တော်ကြာတမျိုး။ ခဏနေ လုပ်ငန်းလိုင်စင် ပိတ်မပစ်ဘူးလို့ ဘယ်သူက အာမခံနိုင်သလဲ။ သူတို့အကျိုးစီးပွားနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြေရှင်းခွင့်ရမယ်လို့ ဘယ်သူအာမခံရဲသလဲ။ မင်းတို့နိုင်ငံမှာ သွားရောက် မြှုတ်နှံမယ့် ကုမ္ပဏီတွေက မင်းတို့ ဒေသခံတွေ အလုပ်ရရှိရေးတွေ၊ အလုပ်လက်မဲ့ပပျောက်ရေးတွေကို ဘာတခုမှ စိတ်မဝင်စားဘူး။ အဓိက က အမြတ်အစွန်းရဖို့ပဲ။ အေး... ရေနံတို့၊ ကျောက်စိမ်းတို့လို သေချာပေါက် အမြတ်အစွန်းရမယ့် လုပ်ငန်းတွေဆိုရင်တော့ မြှုတ်နှံမှာ အသေအချာပဲ”.........တဲ့။ သူပြောတာကလည်း မငြင်းနိုင်လောက်အောင် မှန်နေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိ။ အာဏာပိုင်တွေကိုယ်၌က အကျင့်ပျက်ခြစားနေတဲ့ အနေအထားမှာ ရင်းနှီးမြှုတ်နှံမှုလုပ်ဖို့ဆိုတာ မလွယ်လှပါဘူး။ နအဖ ဈေးကွက်စီးပွားရေး စလုပ်ကာစက စင်္ကာပူကနေ သွားပြီး သန်းနဲ့ချီ မြှုတ်နှံခဲ့သူတွေ အကွဲကြီး ကွဲခဲ့ဘူးတဲ့ သာဓက ရှိပါတယ်။

နောက်တချက်က ကိုယ့်တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိသေးခင်၊ တိုင်းသူပြည်သား အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေ အသင့်မဖြစ်သေးခင်၊ တိုင်းသူပြည်သားတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသေးခင်မှာ ပိတ်ဆို့မှုကို ဖွင့်ပေးရင်လည်း လူတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ခံရတာနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို လာရောက် အဆီအနှစ်စုတ်ယူခံရတာပဲ အဖတ်တင်လိမ့်မယ်လို့ တွေးမိပါတယ်။ ဈေးကွက်စီးပွားရေးဆိုတာ ကိုယ့်တိုင်းပြည်မှာ ရှိသမျှကို တတိတိနဲ့ ထုခွဲရောင်းချတဲ့နည်းဆိုရင်တော့ ပညာမတတ်တဲ့ ကုဋေကြွယ်သူဌေးသားရဲ့ လုပ်ပုံလုပ်ပေါက်နဲ့ အတူတူပါပဲ။ နောက်ဆုံးတော့ ခွက်လက်ဆွဲကာ တောင်းစားရမယ့်ကိန်းပဲလို့ မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

ကျနော့်တဦးတည်းသဘောအရကတော့ Targeted Sanctions လို့ ခေါ်တဲ့ သတ်သတ်မှတ်မှတ် ဦးတည်ပိတ်ဆို့တဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးတွေကို အထူး သဘောကျပါတယ်။ ဥပမာ.... နအဖ လက်ဝေခံ စီးပွားရေးသမားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ နအဖ အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ စီးပွာရေးလုပ်ငန်းတွေအပေါ် တားမြစ်ပိတ်ဆို့မှုမျိုးတွေ၊ စစ်အစိုးရနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ မြန်မာပြည်တွင်းမှာ မသမာတဲ့ နည်းလမ်းတွေနဲ့ ရယူထားတဲ့ ငွေမဲတွေကို တခြား အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အပ်နှံတဲ့အခါ လက်ခံထားတဲ့ ဘဏ်လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ နအဖ အဖွဲ့ဝင်တွေနဲ့လက်ဝေခံတွေကို ဗီဇာပိတ်ပင်မှုမျိုးတွေ၊ သယံဇာတတွေကို ထုတ်ယူမယ့် လုပ်ငန်းကြီးတွေကို ဟန့်တားပိတ်ဆို့မှုမျိုးတွေကို အထူး သဘောကျပါတယ်။

ဒီနေရာမှာ တချို့ပြောကြတာရှိတယ်။ ဒီစီးပွားရေးပိတ်ဆို့မှုက နအဖ ရဲ့ ထောက်ကွက်ကြီးတခု ဖြစ်နေတယ်ဆိုတာမျိုး။ ကျနော်စဉ်းစားလို့မရတာက နအဖ ထောက်ပြတာကို ဘာကြောင့် အရေးတယူလုပ်ပြီး ဂရုစိုက်နေကြသလဲ။ နအဖက ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ တက်လာတဲ့ အစိုးရမှ မဟုတ်တာဘဲ။ နအဖ ထောက်ကွက်ကြီး ဖြစ်လည်း ဂရုစိုက်နေစရာ အကြောင်းမရှိပါဘူး။ ဂရုစိုက်ချင်ရင် ပြည်သူလူထုရဲ့ အာဏာလွှဲအပ်ခြင်းခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကိုပဲ ဂရုစိုက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အသံကသာ ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ်။ နအဖက ပြည်သူလူထု အသံကို ကိုယ်စားမပြုပါဘူး။ ပြည်သူလူထုရဲ့အသံကို နားထောင်တဲ့၊ ပြည်သူလူထုက အာဏာနှင်းအပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကိုသာ ကျနော်တို့ အလေးမူသင့်တယ်လို့ တွေးမိပါတယ်။

နောက်တချက်က တိုင်းပြည်စီးပွားရေးချွတ်ခြုံကျရတာဟာ နအဖရဲ့ စီးပွားရေး စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်၊ နအဖရဲ့ အလွဲသုံးစားလုပ်မှု၊ နအဖရဲ့ အကျင့်ပျက်ခြစားတွေကြောင့်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ဒီလောက် ရှင်းလင်းနေပါလျက်နဲ့ “စီးပွားရေးပိတ်ဆို့မှုကြောင့် ချွတ်ခြုံကျရတာပါ”ဆိုတဲ့ နအဖရဲ့ ဝါဒဖြန့်စကားကို ယုံစားမယ်ဆိုရင် ကျနော်တို့ ဦးနှောက်မသုံးရာကျပြီး နအဖ နောက်လိုက် ဖြစ်မှန်းမသိလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ကျနော်တို့နိုင်ငံကို စီးပွာရေးပိတ်ဆို့တယ်ဆိုတာက မြောက်ကိုရီးယားကို တကမ္ဘာလုံးက ပိတ်ဆို့သလို ဝိုင်းဝန်းပိတ်ဆို့အရေးယူမှုမျိုး မဟုတ်ပါဘူး။ အမေရိကန်နဲ့ အီးယူက စီးပွားရေးပိတ်ဆို့တယ်ဆိုသော်ငြားလည်း အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယတို့ တရုတ်တို့က ဘယ်တုန်းကမှ စီးပွားရေးပိတ်ဆို့ခဲ့တာ မဟုတ်ပါဘူး။ ဒါနဲ့လည်း မတိုးတက်ဘူးဆိုတော့ စီးပွားရေးပိတ်ဆို့မှုကြောင့် မတိုးတက်တာ မဟုတ်၊ နအဖ အသုံးမကျလို့သာ မတိုးတက်တာဖြစ်ကြောင်း ဦးပုညစကားနဲ့ပြောရရင် “ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းလို” ရှင်းရှင်းကြီး မြင်နေရတာပါပဲ။ ဒီကြားထဲမှာ ကျနော်တို့အချစ်တော် နအဖ စစ်အစိုးရက စိတ်မထင်ရင် မထင်သလို နယ်ခြားဂိတ်ကို ပိတ်လိုက်ဖွင့်လိုက်နဲ့ စီးပွားရေးပိတ်ဆို့မှု တန်ပြန်လုပ်လိုက်ချင်ပါသေးသဗျား။

ဒါတွေကတော့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ကျနော်တွေးမိသမျှ ကျနော့်အမြင်ပါ။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ကွန်မင့်ကဏ္ဍမှာ လွတ်လပ်စွာ ရေးသွားနိုင်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။

(ခေါင်းစဉ်ကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စုံထောက်ဝတ္ထုတပုဒ်ရဲ့ ခေါင်းစဉ်ကို ယူသုံးထားပါတယ်။)

ရေးသူ - ကိုပေါ။
(၁၆ နိုဝင်ဘာ ၂၀၁၀)
Read more

ဟောစိလို ဟောစိလို

(ဟိုတနေ့က မိတ်ဆွေတယောက် ပြန်လည်ဖောက်သည်ချတဲ့ ပုံပြင်လေးပါ။)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။

ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိ တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမှာ၊ ကျမ တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။

အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။

အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ)ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။
Read more

“မျိုးစေ့ ပါလာသော”

အာဏာရှင်စနစ်ဟာ Self-destructive တဲ့။ စကတည်းက သူ့ကိုယ်သူ ပြန်ဖျက်ဆီးမယ့် မျိုးစေ့ပါလာသတဲ့။

ဘယ်လောက်ခိုင်ခံ့တဲ့ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ တချိန်မှာတော့ ကျဆုံးရတာကို သမိုင်းတွေထဲမှာ တွေ့နေမြင်နေရတယ်။

မြန်မာပြည်က အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ်က စပြီး ရေတွက်ရင် ရာစုနှစ်ဝက်လောက် ကြာခဲ့ပြီဆိုတော့ ဘယ်တော့မှ မပျက်နိုင်တော့ဘူးလို့ ထင်တဲ့လူတွေလည်း ထင်ကြမယ်။ စနစ်ကသာ မပျက်သေးတာ။ အာဏာရှင်တွေတော့ တယောက်ပြီး တယောက် သေမင်းခေါ်ရာနောက်ကို လိုက်သွားကြကုန်ပြီ။ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာရှင် ဦးသန်းရွှေလည်း အသက်အရွယ်အရ နေရလွန်းလှ နောက်ထပ် ဆယ်နှစ်ပေါ့။

စနစ်ဆိုတာမျိုးကလည်း တချိန်လုံးတော့ တည်တံ့နေနိုင်တာမဟုတ်။ လူထုက ကြည်ဖြူတဲ့စနစ်၊ လက်ခံတဲ့စနစ်ဆိုရင်တော့ ကြာရှည်ခံ ကောင်းခံမယ်။ ဒါပေမယ့် အခုလက်ရှိစနစ်ကို လူအနည်းစုကလွဲလို့ ဘယ်သူမှ မနှစ်သက်ကြဘူး။ လူတွေ မလှန်ရဲဘူးဆိုတာ အကြောက်တရားနဲ့ မလှန်ရဲအောင် ဖိနှိပ်အုပ်ချုပ်ထားလို့သာဖြစ်တယ်။ အခွင့်သာတာနဲ့ လှန်ကြဖို့ ကြိုးစားကြဦးမှာပဲ။

နောက်တချက်က ဒီအာဏာရှင်စနစ်က ခေတ်နဲ့ တကယ်အံမဝင်ဘူး။ အရင် မြန်မာရှင်ဘုရင်တွေခေတ်ကလို ကုန်းတွင်းပိုင်းမှာ မင်းနေပြည်တော် တည်ထောင်ပြီး အပြင်လောက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတယ်ဆိုရင်တော့ ပြည်သူပြည်သားတွေလည်း ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုနည်းတဲ့အလျောက် တသီးတခြား မတိုးတက်ဘဲ ကျန်ရစ်နေနိုင်ကောင်းရဲ့။ ဒါတောင်မှ ဘာသာရေး၊ ယဉ်ကျေးမှုဆိုတာမျိုးတွေ သမိုင်းတလျှောက်မှာ စိမ့်ဝင်ထိုးဖောက်တာကိုတော့ ခံရသေးတာပါပဲ။

အခုခေတ်မှာတော့ ကမ္ဘာတဖက်ခြမ်းက အဖြစ်အပျက်တွေကို တခြားတဖက်က ချက်ချင်းဆိုသလို သိနိုင်ကြားနိုင်မြင်နိုင်ကြတဲ့ခေတ်။ နိုင်ငံအချင်းချင်း ကူးသန်းသွားလာမှုကလည်း ဘယ်တုန်းကနဲ့မှ မတူညီအောင် လွယ်ကူမြန်ဆန်တဲ့ခေတ်။

ဒီခေတ်ကြီးထဲမှာ ရှင်ဘုရင်ခေတ်တုန်းကလို လူတွေဟာ မျက်စိပိတ်၊ နားပိတ်မဟုတ်ကြတော့ဘူး။ လူတွေကို ဝါဒဖြန့်မှိုင်းတွေ အရင်ကလို တိုက်လို့ မရတော့ဘူး။ လူတွေက မြန်မာ့အလင်းနဲ့ မြန်မာ့အသံလောက်ပဲ ဖတ်ကြ၊ နားထောင်ကြတာ မဟုတ်ဘူး။ လှိုင်းတိုရေဒီယိုတွေကတဆင့် ပြည်ပက လွတ်လပ်တဲ့ အသံလွှင့်ချက်တွေကို ဖမ်းယူနားထောင်ကြတယ်။ ဂြိုဟ်တုစလောင်းတွေ ကြည့်လာကြတယ်။ နိုင်ငံခြားနဲ့ ဥဒဟို သွားလာနေကြတယ်။

ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင် စတာတွေကတဆင့်လည်း ကမ္ဘာတလွှားက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေကို သိမြင်လာကြတယ်။ ခေတ်ရေစီးကြောင်းအလိုက် အနည်းနဲ့အများ ပြောင်းလဲ လက်ခံလာကြတယ်။ ဝတ်စားဆင်ယင်မှုကအစ ပြောင်းလာတယ်။ ရန်ကုန်ဓါတ်ပုံတွေထဲမှာ ဘောင်းဘီဝတ်တဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ တော်တော်များလာတာကို တွေ့ရလို့ သဘောကျမိတယ်။ အဝတ်အစားတွင်မက တွေးခေါ်ပုံတွေပါ ပြောင်းလဲလာတယ်။ နောက်ပိုင်း လူငယ်တွေဆိုရင် တွေးခေါ်ပုံတွေမှာ ကျနော်တို့နဲ့ မတူတော့ဘူး။ ကျနော်တို့ခေတ်က လူကြီးပြောတာဆိုရင် မျက်စိမှိတ် ယုံလိုက်တာပဲ။ ဒီခေတ်လူငယ်တွေက ပိုပြီး လွတ်လပ်စွာ တွေးခေါ်တတ်လာကြတယ်လို့ ထင်ပါတယ်။

စစ်အစိုးရကိုယ်တိုင်ကလည်း သူတို့ရဲ့ စနစ်ကြီးဟာ အလုပ်မဖြစ်ဘူး၊ မမှန်ကန်ဘူးဆိုတာ သိတယ်။ ဒါကြောင့်လဲ ဒီမိုကရေစီစနစ်ကို သွားဖို့လုပ်နေပါတယ်လို့ (လူကြားကောင်းရုံဖြစ်စေ) အော်ပြနေရတယ်။ ဟန်ဆောင်ပန်ဆောင်ဖြစ်စေ အပေါ်ယံတွေ လုပ်ပြနေတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက်၊ အာဏာတည်မြဲရေးအတွက် အချိန်ဆွဲတဲ့နည်း၊ မျက်လှည့်ပြတဲ့နည်းတွေကို အချိန်နဲ့အမျှ ကြံဆ သုံးစွဲနေကြရတယ်။ သူတို့မှာလည်း စိုးရိမ်ကြောင့်ကြစိတ်က မသေးဘူး။ ဒါပေမယ့် ဘယ်လောက် အချိန်ဆွဲဆွဲ၊ ဘယ်လောက်ပဲ လှည့်ဖျားဖို့ ကြိုးစားကြိုးစား တချိန်မှာတော့ ဗုန်းဗုန်းလဲရမှာပဲ။

ဒါပေမယ့် သူ့ဘာသူ လဲကျပျက်သုဉ်းတဲ့အချိန်အထိ ထိုင်စောင့်နေကြမယ်ဆိုရင်တော့ ကြာနိုင်သေးတယ်။ ကိုယ်တိုင်အတွက်၊ ကိုယ့်မျိုးဆက်တွေအတွက် လွတ်လပ်တဲ့ ပစ္စုပ္ပာန်နဲ့ အနာဂတ်ကို တမ်းတသူ၊ ဆန္ဒပြင်းပြသူများကတော့ ထိုင်မစောင့်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးကို အစဉ်သဖြင့် ကြိုးပမ်းနေကြတယ်။ ဒီလို ကြိုးစားသူများလာလေလေ တိုင်းပြည်လွတ်လပ်ဖို့ မြန်လေလေပါပဲ။ မကြိုးစားဘဲ ဘေးထိုင်နေတဲ့လူ များရင်လည်း ဘေးထိုင်နေတဲ့လူတွေအပါအဝင် မြန်မာပြည်သူပြည်သားတွေဟာ အာဏာရှင်စနစ်ရဲ့ ဒုက္ခတွေကို ပိုပြီးကြာကြာ ခံကြရဦးမှာပဲ။ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်ထူကိုယ်ထပဲ ကြိုးစားကြရမှာပါ။ သူများကယ်တာ ထိုင်စောင့်နေလို့ဖြင့် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အနည်းဆုံး… လွတ်လပ်စွာ တွေးခေါ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခြင်းတွေကို မိသားစုအတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းအသိုင်းအဝိုင်းမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ စတင်ကျင့်သုံးလာကြရင် တိုင်းပြည်လွတ်လပ်ရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်မယ်လို့ ယူဆမိပါတယ်။
Read more

“သွေးဆာနေသူများသို့...”

မြန်မာပြည်တွင် ကျောင်းဆရာအလုပ်ကို ဝင်လုပ်နေကြသူ အမျိုးမျိုးရှိသည်။ တချို့က ဝါသနာအလျောက် ကျောင်းဆရာလုပ်နေကြသူများ ဖြစ်သည်။ တချို့ကလည်း သူ့ခေတ်သူ့အခါက ဆယ်တန်းအောင်ပြီးသောအခါ၊ ဘွဲ့ရပြီးသောအခါ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လျှောက်ထားရန် လွယ်ကူသဖြင့် ကျောင်းဆရာ ဝင်လုပ်သူများလည်း ရှိသည်။ ထို့အပြင် မိဘချမ်းသာသဖြင့် ဝမ်းရေးအတွက် ပူစရာမလိုသော်လည်း ကျောင်းဆရာ၊ ဆရာမဟူသည် ဂုဏ်ရှိသည့် အလုပ်ကလေးတခုဖြစ်သည်ဆိုကာ ဝင်လုပ်ကြသည်လည်း ရှိသေးသည်။ ထိုသို့ အကြောင်းအမျိုးမျိုးနှင့် ဝင်ရောက်လုပ်ကိုင်ကြသော ကျောင်းဆရာပေါင်း မြောက်မြားစွာထဲတွင် အတော်စားကျောင်းဆရာများပါသလို၊ အရှော်စား ကျောင်းဆရာများလည်း တပုံတပင် ပါဝင်သည်။ စိတ်ကောင်းရှိသည့် ဆရာများရှိသလို၊ စိတ်ဆိုးရှိသည့် ဆရာများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ ထိုကျောင်းဆရာ၊ ကျောင်းဆရာမ များသည် မြန်မာပြည်တွင်းရှိ လူငယ်ကျောင်းသားအများစု၏ ဘဝကို ပုံသွင်းနေကြသည်။ မြန်မာပြည်၏ ပစ္စုပ္ပာန်နှင့် အနာဂတ်ကို ဖန်တီးပုံသွင်းနေကြသည်။ မြန်မာပြည်၏ အနာဂတ်အပေါ် ထိုသူတို့၏ လွှမ်းမိုးနိုင်မှု စွမ်းပကားကို အသိအမှတ်ပြုရမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ထိုကျောင်းဆရာ၊ ကျောင်းဆရာမ အများစုသည် နအဖ ပညာရေးကော်မတီ စိတ်ကြိုက် ရေးဆွဲထားသော သင်ရိုးအတိုင်း သင်နေကြရသူများဖြစ်သည်။ နအဖ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာ ပြုမူနေရသူများဖြစ်သည်။ ထိုသို့ လိုက်နာနေရသဖြင့် ထိုသူအားလုံးကို နအဖ ဒေါက်တိုင်များဟု အမည်ပေး၍ ရပါမည်လော။ ထိုသူများကို နအဖ လက်အောက်တွင် ဝန်ထမ်းလုပ်မနေပါနှင့်တော့၊ ကျောင်းဆရာအလုပ်မှထွက်၍ ကောင်းရောင်းကောင်းဝယ်သာ လုပ်စားပါတော့ဟု တိုက်တွန်းလျှင် လက်ခံကြမည်ဟု ထင်ပါသလား။

အလားတူပင် မြန်မာ့တပ်မတော်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်ခဲ့သူများရှိသည်။ အချို့မှာ စစ်သားဘဝကို သဘောကျသဖြင့် ဝင်ရောက်သည်။ အမှန်တကယ် တိုင်းပြည်ကို ကျူးကျော်သူများရန်မှ ကာကွယ်ပေးလိုသဖြင့် ဝင်ရောက်သူများလည်း ရှိသည်။ တချို့မှာ အိမ်က ထွက်ပြေးလာရင်း သုံးစရာပိုက်ဆံကုန်အခါ ကြံရာမရဖြစ်ပြီး တပ်ထဲဝင်သွားသူများလည်းရှိသည်။ တချို့ကတော့ ညဖက် လမ်းမပေါ်တွင် သွားရင်းလာရင်း ဘုမသိ ဘမသိ နားရင်းဆွဲအတီးခံရကာ တပ်သားစုဆောင်းရေးကားပေါ်သို့ ဆွဲတင်သွားခြင်းကို ခံသူများဖြစ်သည်။ တပ်သားများထဲတွင် မိဘမဲ့ ကလေးများလည်း အများအပြားရှိသည်။ အခွင့်အာဏာကို မက်မော၍ တပ်ထဲသို့ ဝင်သူများလည်း ရှိသည်။ တပ်ထဲတွင် အတော်စား စစ်သည်များပါသလို အလျှော်စား စစ်သည်များလည်း ပါသည်။ စိတ်ကောင်းရှိသည့် တပ်မတော်သားများ ပါဝင်သလို၊ စိတ်ကောင်းမရှိသည့် တပ်မတော်သားများလည်း ပါဝင်သည်။ မည်သို့ပင် ဖြစ်စေ ထိုတပ်မတော်သား အားလုံးသည် မြန်မာပြည်၏ လက်ရှိအခြေအနေနှင့်အနာဂတ်ကို ဖန်တီးနေကြသည်။ မြန်မာပြည်၏ အနာဂတ်အပေါ် ထိုသူတို့၏ လွှမ်းမိုးနိုင်မှု စွမ်းပကားကို အသိအမှတ်ပြုရပေမည်။

သို့သော် ထိုတပ်မတော်သားအများစုသည် နအဖ အစိုးရ၏ ကွပ်ကဲမှုအောက်တွင် အမိန့်ကို နာခံနေရသူများဖြစ်သည်။ နအဖ ညွှန်ကြားသည့်အတိုင်း လိုက်နာနေရသူများ ဖြစ်သည်။ ထိုသူအားလုံးကို နအဖ ဒေါက်တိုင်များဟု အမည်ပေး၍ သင့်တော်ပါမည်လော။ ထိုသူများကို တပ်ထဲတွင် မနေပါနှင့်တော့။ တပ်ကထွက်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားပါတော့ဟု တိုက်တွန်းလျှင် လက်ခံမည်ထင်ပါသလား။ လက်ခံစေဦးတော့ လွယ်လွယ်နှင့် တပ်ထဲက ထွက်ခွင့်ရမည်ဟု ထင်ပါသလား။

ထိုသို့လျှင် ရဲတပ်ဖွဲ့၊ မီးသတ် နှင့် အစိုးရဌာနအသီးသီး၌ ဝန်ထမ်းဘဝနှင့် ယူနီဖောင်း၏ ပိတ်လှောင်မှုကို ခံနေရသူ ပြည်သူအများအပြားရှိသည်။ အားလုံးသည် စနစ်၏ သားကောင်များသာဖြစ်သည်။ ထိုသူများကို “နအဖ လက်ကိုင်တုတ်”များဟု ခေါ်ဝေါ်သမုတ်ကာ အကြမ်းဖက်နည်းဖြင့် ဗုံးခွဲသတ်ဖြတ်ကာ ဒေါက်တိုင်ဖြိုလိုသည်ဆိုသော ဒီမိုကရေစီဘက်တော်သားအမည်ခံ အတိုက်အခံအချို့၏ လွဲချော်လှသော အတွေးအခေါ်နှင့် အကြမ်းဖက်ချင်သော သဘာဝကို အံ့သြမဆုံးအောင် ဖြစ်ရပါသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ထားသူများ ဖြစ်နေပြန်သည်။ ထိုသူများအနေနှင့် မိမိတို့ခေါင်းဆောင်၏ လမ်းစဉ်သည် မည်သည့်လမ်းစဉ်ဖြစ်ကြောင်းကို ခေတ္တခဏမျှ ရပ်တန့်စဉ်းစားသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်သည် အကြမ်းမဖက်လမ်းစဉ်ဖြစ်သည်။ နောက်လိုက်ကောင်း ပီသအောင်ပင် မကျင့်ကြံနိုင်သူများအနေဖြင့် စနစ်တခုပြောင်းလဲရာတွင် တော်လှန်ရေးကို ဘယ်ပုံဘယ်နည်း ခေါင်းဆောင်နိုင်မည်လဲဟု စဉ်းစား၍ မရအောင်ပင် ရှိတော့သည်။

လက်ကိုင်တုတ်ဆိုသော ဝေါဟာရနှင့် ပတ်သက်၍ ယခင်နှစ် ဇူလိုင်လအတွင်းကလည်း ပို့စ်တခု ရေးခဲ့ဖူးရာ ယခု လက်ရှိ အခြေအနေများနှင့် တိုက်ဆိုင်လှသဖြင့် “လက်ကိုင်တုတ်နှင့် တောင်ဝှေး” ပို့စ်ကို ပြန်လည် ညွှန်းဆိုလိုက်ပါသည်။
Read more

“ကံဆိုးသူမောင်ရှင်”

“ကံဆိုးသူမောင်ရှင်” ဟူသည့် ဝေါဟာရကို မြန်မာစကားတွင် မကြာခဏ သုံးစွဲကြသည်ကို တွေ့ရသည်။ ဤဝေါဟာရသည် ရေငန်ပိုင်ရှင် ဦးရှင်ကြီး(မောင်ရှင်)၏ ဘဝဇာတ်လမ်းက ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ ဇာတ်လမ်းကို လိုသလောက်သာ အတိုချုံးပြောရသော် မိန်းမလှကျွန်းတွင် သွားရောက်ကာ ထင်းခုတ်ကြသော မောင်ရှင်တို့၏ လှေကို ထိုကျွန်းတွင်ရှိသော နတ်သမီးကလေးများက မောင်ရှင်၏ စောင်းသံ၌ သာယာငြိတွယ်သွားမိသည့်အလျောက် အပြန်ခရီးတွင် လှေမထွက်နိုင်အောင် ဆွဲထားကြသည်ဆို၏။ ထိုအခါ လှေသူကြီးက မည်သူ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် လှေမထွက်နိုင်ရသနည်းဟု မဲချရှာဖွေလိုက်သောအခါ ကံဆိုးသူမှာ မောင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် လှေသားများသည် မောင်ရှင်ကို ရေတွင် ချရစ်ကာ လှေထွက်သွားကြသည်။ ဇာတ်လမ်းအဆုံးတွင် နတ်သမီးလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည့်အတွက် မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိသည်။ (ဤ အတ္ထုပ္ပတ္တိ အကျဉ်းအတွက် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မောင်သန်းဆွေ(ထားဝယ်)၏ “ပြည်လှဖေနှင့်စောင်းတော်ရှင်” ဆောင်းပါးကို ကိုးကားပါသည်။)

ကံဆိုးသူမောင်ရှင်ဆိုသော စကားအတိုင်း ကံဆိုးသဖြင့် ရေတွင် အချခံရဖို့ (ရေထဲပစ်ချခံရဖို့) မဲကျသည်။ သို့သော် အရှင်လတ်လတ် နတ်ဖြစ်သွားခြင်း၊ နတ်သမီးတွေအကြားတွင် “မချောတသိုက်နှင့်ကိုယ်တယောက်” ဖြစ်ခွင့်ရခြင်းတို့ကို ထောက်သော် အမှန်တကယ် ကံဆိုးသည်လော၊ ကံထူးသည်လော ပြောရတော့ခက်သည်။

ရှိစေတော့။ ဤဆောင်းပါးတွင် ဆွေးနွေးလိုသောအချက်မှာ လူအများအကျိုးအတွက် တစုံတယောက်၏ အသက်အား စတေးသည့် (ယဇ်ပူဇော်သည့်) အချက်ကို ဖြစ်သည်။ မောင်ရှင်၏ အဖြစ်မှာ ကံဆိုးမိုးမှောင်ကျကာ မဲပေါက်သဖြင့် ရေချခံရသည်။ ထို့အတွက် သူ့သဘောနှင့်သူ လိုလိုလားလား ဗော်လံတီယာ(volunteer)လုပ်ကာ ရေချခံသည်ဟု မဆိုနိုင်။ အများအကျိုးအတွက် မောင်ရှင်၏ အသက်အား သူ့ဆန္ဒ မပါဘဲ အတင်းစွန့်ခိုင်းသည်ဆိုလျှင် ထိုလုပ်ရပ်သည် တရားမျှတသောလုပ်ရပ် မဖြစ်နိုင် ။ အဘယ်ကြောင့်ဆိုသော် ကျန်သူများကဲ့သို့ တန်းတူညီမျှ အသက်ရှင်ပိုင်ခွင့်ကို မောင်ရှင်တယောက် မခံစားရတော့သောကြောင့်ဖြစ်သည်။ ဤနေရာတွင် မဲမနှိုက်ဘဲ လှေသူကြီးက အာဏာသုံးကာ မောင်ရှင်အား ရွေးချယ်လိုက်လျှင် ဤလုပ်ရပ်သည် ပိုဆိုးပေသည်။

အလားတူပင် မောင်ရှင်၏ ဇာတ်လမ်းနှင့် ဆင်ဆင်တူသော ဖြစ်ရပ်မျိုးများလည်း လူ့သမိုင်းတွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးလေသည်။ ရှေးအခါက ကြီးမားသော ရောဂါ ကပ်ဆိုးကြီးများ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုကြီးများ ကျရောက်လာသောအခါ (သို့မဟုတ်) ငလျှင်၊ မီးတောင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့လာသောအခါ ထိုဘေးအန္တရာယ်တို့ ဖြစ်ပွားရသည့် အကြောင်းရင်းကို လူသားတို့ ကောင်းမွန်စွာ သဘောမပေါက်နိုင်ကြသေးသည့်အလျောက် နတ်ဘုရားတို့၏ အမျက်ဒေါသကြောင့်ဖြစ်ရသည်ဟုသာ ကောက်ချက်ဆွဲကြသည်။ ထိုအခါမျိုးတွင် နတ်ဘုရားတို့၏ အမျက်ဒေါသ ပြေရာပြေကြောင်းအတွက် လူအချို့၏ အသက်အား သတ်ဖြတ်ကာ ယဇ်ပူဇော်ပသသည့် လုပ်ရပ်များကိုပြုလုပ်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

ယနေ့ အသိပညာနှင့် သိပ္ပံပညာထွန်းကားလာသော ခေတ်တွင် ထိုဘေးအန္တရာယ်အသွယ်သွယ်တို့ ဖြစ်ပွားရသော အကြောင်းရင်းခံကို သေချာကျနစွာ သိလာကြပြီးသည့်နောက်ကား ထိုသို့ အဓိပ္ပါယ်မရှိသော ယဇ်ပူဇော်ပသမှုမျိုးမှာ ကမ္ဘာ့နေရာတော်တော်များများ၌ တိမ်ကောသွားလေသည်။

သို့သော် ထိုသို့ ယဇ်ပူဇော်သည့် အယူအဆသည် လုံးဝ ပပျောက်သွားသည်ကား မဟုတ်ချေ။ အချို့နေရာများတွင်ကျင့်သုံးဆဲဖြစ်ပြီး အချို့နေရာများတွင်မူ အခြားအသွင်တမျိုးအနေဖြင့် ပြန်လည် ပေါ်ပေါက်လာသည်။

“လူ့အဖွဲ့အစည်းအကျိုးအတွက်၊ လူအများအကျိုးအတွက် လူတယောက်၏ ရပိုင်ခွင့် အခွင့်အရေးကို စတေးရမည်” ဆိုသည့် မှားယွင်းသော အယူအဆတရပ်သည်လည်း အရှေ့တောင်အာရှနိုင်ငံအချို့တွင် အမြစ်တွယ်လာသည်ကို တွေ့ရသည်။

ဤနေရာတွင် စတေးခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း အကြောင်းကို ရှေးဦးစွာ ရှင်းလင်းရန်လိုအပ်သည်။ လူတယောက်သည် အများအကျိုးအတွက် မိမိအကျိုးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ စတေးခြင်းဖြစ်ပါက ထိုလုပ်ရပ်သည် အင်မတန် မွန်မြတ်သည့်အလုပ်ဖြစ်သည်။ သူတော်စင်၊ သူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးကို ချီးကျူးထိုက်သည်။ ကျေးဇူးတင်ထိုက်သည်။

သို့သော် အများအကျိုးအတွက်ခေါင်းစဉ်တပ်ကာ တစုံတယောက်ကို ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ အခြားသူများက ဖိအားပေး၍ စွန့်လွှတ်ခိုင်းခြင်းဖြစ်ပါက ထိုအပြုအမူသည် တရားမျှတမှုမရှိသော၊ အကျည်းတန်သော၊ ချုပ်ခြယ်ကန့်သတ်သော၊ အင်အားသုံးအနိုင်ကျင့်သည့် အဓမ္မလုပ်ရပ်သာလျှင် ဖြစ်သည်။ ယဇ်ပူဇော်သော လုပ်ရပ်နှင့် ဘာမျှမခြားတော့ချေ။ ထိုလုပ်ရပ်မျိုးကို ရှုတ်ချထိုက်သည်။ ဆန့်ကျင်ကန့်ကွက်ထိုက်သည်။

ဖြစ်သင့်သည်မှာ အများအကျိုးအတွက် အများစုဆန္ဒနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ကြရမည်မှန်သော်လည်း တဖက်တွင် လူတဦးတယောက်ချင်း၏ အခြေခံ အခွင့်အရေးများ၊ လူနည်းစု၏ တူညီသော အခြေခံရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ရမည်။ လူတယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံနေရသည်ကို မြင်လျှင် မိမိနှင့် မဆိုင်သလို မနေသင့်။ လူအများစုက ဝင်ရောက် ခုခံ ကာကွယ်ပေးရမည်ဖြစ်သည်။ မိမိနှင့် မဆိုင်သလို ငြိမ်နေလိုက်ပါက တချိန်တွင် မိမိသည်လည်း ကံဆိုးသူမောင်ရှင် ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။

ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲတွင် တနေရာ၌ သူတို့၏ ထောင်တွင်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုဗလကြီးအား သံခြေကျဉ်းခတ်သဖြင့် သူတို့ တတိုက်လုံး (တိုက်-၃)က အစာငတ်ခံ ဆန္ဒပြကြသည်။ ဦးဝင်းတင်ကို ခေါင်းစွပ်(မျက်နှာဖုံးသော ခေါင်းစွပ်)ကို စွပ်ပြီး ထောင်စစ်ကြောရေးအခန်းကို ခေါ်သွားသည်။ ထိုအခန်းတွင် ဦးဝင်းတင်ကို တွဲဖက်ထောင်ပိုင် ဦးလူလှက စစ်မေးသည်။ ဦးဝင်းတင် အရေးအသားမူရင်းအတိုင်း ကောက်နှုတ်ဖော်ပြရလျှင်...

...ဦးလူလှက ကရင်လူမျိုး။ စကားပြောငြင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံးချော့လုံးတွေ အများကြီးပြောတယ်။

“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”

ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။.....

ဦးဝင်းတင်၏ အယူအဆမှာ အင်မတန် မှန်ကန်လှပေသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခြင်းသည် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍သာ မဆိုင်သလိုငြိမ်နေလိုက်ကြပါက တချိန်တွင် ထိုသံခြေကျဉ်းသည် မည်သည့်နိုင်ငံရေးအကျဉ်းသား၏ ခြေထောက်ကိုမဆို လာစွပ်နိုင်ပေသည်။

ထိုသို့ ကိုယ်နှင့်မဆိုင်သလို မနေသင့်ပုံနှင့် ပတ်သက်၍ ဂျာမန်သင်းအုပ်ဘုန်းတော်ကြီး Martin Niemöller ရေးသားခဲ့သော ကဗျာတပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Martin Niemöller သည် နာဇီတို့၏ ဖမ်းဆီးမှုကို ခံရပြီး အကျဉ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ အထိ အဖမ်းဆီးခံခဲ့ရသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီများအာဏာရလာပြီးနောက် သူတို့နှင့် အမြင်မတူသူများကို တဖွဲ့ပြီးတဖွဲ့ စတင် ပစ်မှတ်ထားကာ ချေမှုန်းလာသောအခါ ဂျာမဏီရှိ ပညာတတ်အများစုက ထိုကိစ္စအပေါ် လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဆောင်ကြပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့သည့် ကဗျာဟု အဆိုရှိပါသည်။

"THEY CAME FIRST for the Communists,
and I didn't speak up because I wasn't a Communist.

THEN THEY CAME for the Jews,
and I didn't speak up because I wasn't a Jew.

THEN THEY CAME for the trade unionists,
and I didn't speak up because I wasn't a trade unionist.

THEN THEY CAME for me
and by that time no one was left to speak up."

လူတိုင်း တချိန်မဟုတ် တချိန်တွင် ကံဆိုးသူမောင်ရှင်၏ အဖြစ်မျိုး မကြုံတွေ့ကြဖို့ ဆိုရန်မှာ လူတဦးတယောက်ချင်း၏ အခွင့်အရေးကို လေးစားကာကွယ်စောင့်ရှောက်ရန်နှင့် သူတပါးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို မြင်တွေ့ရပါက ကိုယ့်အခွင့်အရေးချိုးဖောက်ခံနေရသလိုပင် ကူညီခုခံကာကွယ်ပေးရန်ဖြစ်ပါသည်။
Read more

“သင်္ကြန်ဗုံးနှင့် သူခိုးတသိုက်”

“The Kite Runner” ဇာတ်ကားထဲမှ ဇာတ်ပို့ဇာတ်ကောင်တဦးဖြစ်သူ ဘာဘာ(BABA)က မကောင်းမှုဒုစရိုက်နှင့်ဆိုင်သော သူ့အယူအဆကို အောက်ပါအတိုင်း ရှင်းပြသည်။

“လောကကြီးမှာ ဒုစရိုက်မှု (မကောင်းမှု)က တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုရင် ခိုးမှုပဲ။ ကျန်တာတွေအားလုံးက ခိုးမှုကနေ အသွင်နည်းနည်း ပြောင်းလဲသွားတာပဲ ရှိတယ်။ လူတယောက်ကို သတ်လိုက်တယ်ဆိုရင် သူ့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ ဒါ့အပြင် ဇနီးဖြစ်သူထံက သူ့ယောက်ျားအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ အလားတူပဲ… ကလေးတွေထံက သူ့တို့အဖေအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ မုသားပြောတယ်ဆိုရင် နားထောင်သူထံက အမှန်အတိုင်း ကြားသိခွင့်ကို ခိုးယူလိုက်တာပဲ။”

ပြီးခဲ့သော ရန်ကုန်သင်္ကြန်ဗုံးပေါက်၍ လူအများ သေဆုံးကြသည့် သတင်းကို ကြားသိရသောအခါ ဘာဘာ၏ အထက်ပါ ပြောစကားများကို ပြန်လည် သတိရလာမိသည်။ ဗုံးဖောက်ခွဲလိုက်သူများသည် သေဆုံးသူတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူ၊ လုယူလိုက်ကြပါပြီကော။ ရလဒ်အဖြစ် ပူဆွေးဝမ်းနည်းလျက် ကျန်ရစ်သော မုဆိုးမများ၊ မိဘမဲ့ကလေးများ၊ ရင်သွေးဆုံးရှုံးသွား၍ ပူဗျာပွေနေမည်ဖြစ်သော မိဘများ၊ မောင်နှမသားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ။

အဆိုပါ ဗုံးများကို မည်သူဖောက်ခွဲသည်ဖြစ်စေ ထိုလုပ်ရပ်အား လူသားဆန်သူအားလုံးက ရှုတ်ချရမည်သာဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများက ပို၍ပင် ရှုတ်ချရမည်ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်းများစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။

သို့သော် အတိုက်အခံတချို့၏ ပယောဂဖြင့် ပေါက်ကွဲသည့် ဗုံးများဖြစ်ပါက အတော်ပင် အံ့သြစရာလည်းကောင်းသည်။ ထိတ်လန့်စရာလည်း ကောင်းသည်။ စိတ်ပျက်စရာလည်း ကောင်းလှပေသည်။ ထိုသို့သော ထင်မြင်စွတ်စွဲခြင်းမျိုးကို မပြုလိုသော်လည်း ယခုအခါ ဘလော့ဂ်စာမျက်နှာများပေါ်တွင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော အင်အားစုတချို့ထံမှ အဆိုပါ ဗုံးဖောက်ခွဲခြင်းသည်ပင် တရားသဖြင့် လမ်းစဉ်ဖြစ်လေသယောင် ယောင်ဝါးဝါး ရေးသားလာခြင်းများကို တွေ့ရသောအခါ ဤကိစ္စသည် အတိုက်အခံ အင်အားစုအချို့၏ လက်ချက်လည်း ဖြစ်နိုင်ပေသည်ဟု တွေးတောလာရပေသည်။ ဤအတိုင်းသာ မှန်ပါက ထိုသူတို့သည် ကိုယ့်ဘာသာ ဘာလိုချင်မှန်း မသိသူများ၊ ကိုယ်စီးနေသောမြင်းကို အထီးမှန်းအမမှန်း မသိသူများသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။

စစ်အစိုးရကို ထိုသူတို့ တော်လှန်ဆန့်ကျင်နေသည်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဟုတ်ပါလား။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုရာ၌ အခြေခံအကျဆုံးဖြစ်သော လူသားတို့၏ အသက်ရှင်သန်ပိုင်ခွင့် (Right to life) ကိုမျှပင် အလေးမထားပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမှန်တကယ်လိုလားသည်ဟု ဆိုနိုင်ပါဦးမည်လော။

ထောင်တန်းကျလောက်သော ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတို့အဖို့ပင် အများပြည်သူရှေ့မှောက် တရားခွင်တွင် ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်ရှိသည်။ တရားစွဲဆိုသူဖက်က သံသယဟူ၍ မြူတမှုန်မျှပင် မဖြစ်လောက်အောင် စွဲဆိုချက် အခိုင်အမာ၊ သက်သေအခိုင်အမာ ရှိရမည်။ စွဲဆိုချက်သည် မခိုင်မာ၊ သက်သေအထောက်အထားလည်း မခိုင်လုံပါက ပြစ်မှုကျူးလွန်ခဲ့သည် မှန်သော်လည်း သံသယအကျိုးကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးရသည့်အမှုများ၊ ဥပဒေအရ စွဲဆို၍ မဖြစ်နိုင်သောကြောင့် ကွင်းလုံးကျွတ်လွှတ်ပေးရသည့် သာဓကများလည်းရှိသည်။ ဤသည်မှာ အပြစ်မရှိသူအပေါ် မှားယွင်းအပြစ်မပေးမိအောင် ကာကွယ်ထားသည့် အကြောင်းကြောင့်လည်းဖြစ်သည်။

ယခုဗုံးခွဲလိုက်သည့်ကိစ္စတွင်မူကား ဗုံးခွဲသူများက သူ့တို့ပင်လျှင် ဆွဲချရှေ့နေနေရာမှ စွဲချက်တင်၊ သူတို့ပင်လျှင် တရားသူကြီးနေရာမှ စီရင်ချက်ချကာ၊ သူတို့ပင်လျှင် အာဏာပါးကွက်သားနေရာမှ လူတဖက်သား၏ အသက်တချောင်းကို သူတို့သဘောကျ လက်လွတ်စပယ် စီရင်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ အဆိုပါ ဗုံးကွဲမှုတွင် သေဆုံးသွားသူအားလုံးတွင် သေဒဏ်ချလောက်သော အပြစ် တစုံတရာ ရှိခဲ့ပါ၏လော။

ထို့အပြင် အဆိုပါ ဖြစ်စဉ်ကြီး တခုလုံးတွင် မည်သည့်နေရာတွင် ဥပဒေနှင့် ညီသနည်း။ မည်သည့်နေရာတွင် တရားမျှတမှုရှိသနည်း။ မည်သည့်နေရာတွင် လူ့အခွင့်အရေး စံနှုန်းစံထားများနှင့် ကိုက်ညီပါသနည်း။ ထိုသူများကို လုပ်ပိုင်ခွင့်အာဏာ မည်သူက အပ်နှင်းထား၍ မည်သည့်ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ပါသနည်း။ တကယ်တွင်ကား ဤလုပ်ရပ်သည် ကြိုတင်ကြံရွယ်ထားသော၊ ယုတ်မာပက်စက်သော၊ သွေးအေးအေးနှင့် ကျူးလွန်သော လူသတ်မှု သက်သက်မျှသာ ဖြစ်ချေသည်။

ဤသို့သော လူသတ်မှုမျိုးကို နအဖကျူးလွန်ပါက ရှုတ်ချ တားဆီးရမည်ဖြစ်သလို၊ အတိုက်အခံ အမည်ခံ အကြမ်းဖက်ဝါဒီများက ကျူးလွန်လာပြီဆိုပါကလည်း တန်းတူပင် ရှုတ်ချရမည်ဖြစ်သည်။

“လူတကာ ဒုက္ခရောက်နေချိန်တွင် သင်္ကြန်တွင် သွားရောက်ပျော်ပါးကြသူများ…. အခုတော့ ဘယ်နှယ့်ရှိစ” ဆိုသည့် သဘောမျိုး ရေးသားကြသည်ကိုလည်း ဖတ်ရသေးသည်။ ဒီမိုကရေစီစနစ်တွင် လူတဖက်သားကို မိမိဖြစ်စေချင်သည့်အတိုင်း အတင်းအဓမ္မ လိုက်နာစေချင်၍ မရကြောင်းကို ထိုသူများ သဘောပေါက်သင့်သည်။ အသက်ရှင်သန်ခွင့်အပြင် လွတ်လပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ရှိသေးသည်ကို သတိမူသင့်သည်။ သင်္ကြန်ပွဲ (သို့မဟုတ်) ပျော်ပွဲရွှင်ပွဲကို မသွားသင့်ဟု ထင်မြင်ယူဆပါက မိမိဘာသာ မသွားဘဲနေရန်သာရှိသည်။ သွားသည့်သူများကို မသွားနှင့်ဟု အဓမ္မပိတ်ပင်တားဆီး၍ မဖြစ်နိုင်။

နအဖသည် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းဖြင့် အင်အားသုံးဖြေရှင်းသည်ဆိုလျှင် ယခု ဗုံးပေါက်ကွဲခြင်းကို ကာကွယ်ပြောဆိုနေသော အတိုက်အခံများသည်လည်း နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည့်သူများဟု ယူဆ၍ ရနိုင်ပါဦးမည်လော။ နအဖအစိုးရ တနည်းနည်းနှင့် ပြုတ်ကျသွားပြီး ဤသို့သော အတိုက်အခံများ မတော်တဆ အာဏာရလာပါက မိမိနှင့် သဘောထားမတိုက်ဆိုင်သူများ၊ အမြင်မတူသူများ၊ မိမိအလိုကျ လိုက်မလုပ်သူများကို ဤသို့ပင် အကြမ်းဖက်လမ်းစဉ်ဖြင့် ကိစ္စတုံးစေရန် ကြိုးစားကြပေလိမ့်ဦးမည်။ ထိုသူများသည် အာဏာမရမီကပင် အာဏာရှင်ကဲ့သို့ ပြုမူနေကြသည်ဖြစ်၍ အာဏာရသည့်အခါ နအဖထက်ပင် ဆယ်ပြန်ဆိုးမည့်သူများ ဖြစ်လာမည်မှာ မုချပင်ဖြစ်သည်။ ထိုသူများကို တိုင်းပြည်လွတ်လပ်သောအခါတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၍ တရားရုံးတော်တွင် ဥပဒေကြောင်းအရ စီရင်ကာ ထိုက်သင့်သည့် အပြစ်ဒဏ်ကို ပေးမှသာလျှင် အပြစ်မဲ့ သေဆုံးရသူများ၏ ကျန်ရစ်သောမိသားစုများအတွက် တရားမျှတမှုရှိရာ ရောက်ပေလိမ့်မည်။

တဖက်တွင်လည်း နအဖ စစ်အစိုးရသည် အစိုးရတရပ်အနေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် တာဝန်၌ လစ်ဟင်းလျက်ရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော အမည်နှင့် ဆန့်ကျင်စွာပင် ယင်းတို့အုပ်ချုပ်စဉ်ကာလတလျှောက်လုံး နိုင်ငံမှာ အေးချမ်းမှုလည်းမရှိ၊ သာလည်း မသာယာ၊ ဖွံ့ဖြိုးတိုးတက်ရမည့်အစား ဆုတ်ယုတ်လျက်ပင် ရှိသည်။

အဆိုးထဲမှ အကောင်းဟု ဆိုနိုင်သည့်အချက်ကား ယခင်က “နအဖကို ဘယ်နည်းနဲ့ တိုက်တိုက်၊ တရားတယ်” ဟု ယူဆသူအချို့ပင် ယခုလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်လာသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။

အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားကြသည်ဆိုပါက လူထုအားကို ယုံကြည်ရမည်။ လူထုပါဝင်လာစေရန် ကြိုးပမ်းရမည်။ လူထုအားကို မယုံကြည်သူသည် ဒီမိုကရေစီစနစ်ကို အမှန်တကယ် မယုံကြည်သူသာ ဖြစ်ချေမည်။ လူ့အခွင့်အရေးများကို ပါးစပ်က အော်နေရုံမျှမက လက်တွေ့ကျင့်သုံးရမည်။ ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ မစုစုနွေး၊ ကိုထင်ကျော်တို့၏ လမ်းစဉ်ကို လိုက်ရမည်။

သို့မဟုတ်ဘဲ အကြမ်းဖက်လမ်းစဉ်ကို လိုက်မည်ဆိုပါက မြန်မာပြည်တွင် ဗုံးတလုံးကွဲတိုင်း ဒီမိုကရေစီရဖို့ ခရီးတာသည် တိုး၍သာပင် ရှည်လျားကြမ်းတမ်းသွားမည်သာဖြစ်သည်။
Read more

“ရာဇဝင်ထဲမှာ အောင့်ကို ထားရစ်ခဲ့”

ဆန့်ကျင်ဖက် အုပ်စုနှစ်ရပ်အကြား နိုင်ငံရေးအားစမ်းနေကြပြီဆိုရင် ဘယ်သူ့ဖက်က စပြီး သွေးကြောင်မလဲဆိုတာကို စောင့်ကြည့်လိုတဲ့အခါ “ဘယ်သူ စပြီး မျက်တောင်ခတ်မလဲ” (Who will blink first) ဆိုပြီး ပြောကြလေ့ရှိတယ်။

ဟော…. မြန်မာပြည်မှာလည်း နအဖ စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား နိုင်ငံရေးအားပြိုင်မှုကြီးတခု ဖြစ်နေပြီ။ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်လိုက်အပြီးမှာ အဖွဲ့ချုပ်နဲ့ နအဖ ဘယ်သူက အရင် မျက်တောင် စ ခတ်မလဲ။ အနှစ် ၂၀ လုံးလုံး စောင့်စားခဲ့ရတာ ဒီတချီမှာတော့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီပေါ့။ ပွဲကြီးပွဲကောင်းပဲ ဆိုပြီး အများပြည်သူက ရင်တမမနဲ့ စောင့်စားကြည့်ရှုနေကြတယ်။ ပြည်သူတွေဟာ နအဖကို ရွံ့ရှာမုန်းတီးနေကြတဲ့အတွက် အဖွဲ့ချုပ်ဖက်မှာ ဝန်းရံဖို့ ထောက်ခံဖို့ ဟန်ပြင်နေကြတယ်။

အဲဒီအချိန်မှာပဲ ဗြုန်းဆို အဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကိုယူထားတဲ့ ဦးအောင်ရွှေနဲ့ စီအီးစီအဖွဲ့ဝင် ဦးခင်မောင်ဆွေတို့ဟာ မျက်တောင်ခတ်ရုံမက နအဖ အစိုးရကို အရွယ်လွန် ပြည့်တန်ဆာမက ဖောက်သည်မြှူဆွယ်သလို ညုတုတုနဲ့ ကြာပစ် ပြလိုက်ကြတယ်။ ပါးစပ်ကလည်း ပီယဝါစာ ချစ်ဖွယ်သော စကားလေးကို ပြောလိုက်သေးတယ်။

“ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်ကြွလှုပ်ရှားသူနိုင်ငံရေးအကျဉ်းသားတွေကို ပါတီက ထုတ်ရင် ထုတ်ရပစေ။ သားသားတို့ ပါတီ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် တင်ချင်ပါတယ် ခင်ညာ။ ပါလီမန်ထဲကို သားသားတို့ ဝင်ပြီး အခြေခံဥပဒေကို ပြုပြင်နိုင်ရေးအတွက် ရွေးကောက်ပွဲလည်း ဝင်ချင်ပါတယ် ခင်ညာ”…………တဲ့။

အင်း….ကြားရ၊ ကြားရ နားဝမှာ မချမ်းသာပါ့ကလား အရပ်ကတို့ရေ။ စစ်အစိုးရရဲ့ လမ်းပြမြေပုံကို အခုတော့လည်း အားတက်သရော ထောက်ခံနေကြပါပြီကောလား။ ဦးခင်မောင်ဆွေက ပြောသေးတယ်။ ဒါဟာ အာဏာရှင်ဆီမှာ ဒူးထောက်အညံ့ခံတာမဟုတ်ပါဘူးတဲ့။ မှန်ပါတယ်။ ဝမ်းလျားမှောက်ပြီး နအဖ ခြေဖမိုးကို လျှာနဲ့ လျက်ပေးရုံမျှသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးမှာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ လူထုကို တက်ကြွသော ဦးဆောင်မှု (Active leadership) မပေးနိုင်ခဲ့ပေမယ့် မူဝါဒပိုင်းမှာ (ဥက္ကဋ္ဌ ဦးအောင်ရွှေ တချီတချီ ထဖောက်တာက လွဲလို့) ကြီးကြီးမားမား ဖောက်ပြန်မှုမရှိခဲ့ဘူး။ ဒါကြောင့် နောက်ဆုံး ရွှေဂုံတိုင်ကြေညာစာတမ်းအထိ လူထုနဲ့ နိုင်ငံရေးအင်အားစုများဟာ အဖွဲ့ချုပ်ကို ဆက်လက်ဝန်းရံပေးခဲ့ကြတယ်။ ဆိုလိုတာက ညံ့တာကို သိပေမယ့် မှန်တဲ့ဖက်မှာ ရပ်ဖော်ရလို့ အားပေးနေကြသေးတယ်။

အခုတော့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက်တွေထဲက တချက်ကလေးကိုမှ နအဖစစ်အစိုးရက မလိုက်လျောဘဲနဲ့ ကိုယ့်တံတွေးကိုယ်ပြန်မျိုပြီး နအဖ ချပေးတဲ့လမ်းအတိုင်း လျှောက်လှမ်းဘို့ ဟန်ပြင်နေပါပြီကော။ ဘယ်မှာလဲ နိုင်ငံရေးသိက္ခာ။ ဘယ်မှာလဲ ဆုပ်ကိုင်ထားတဲ့ မူဝါဒ။

အဲဒီလို မှောက်ချီလှန်ချီ၊ ခုတမျိုး တော်ကြာတမျိုးလုပ်တတ်တာမျိုးကို ကျနော့်အမေရဲ့ စကားယူသုံးရရင်…“ဟဲ့…. ဗလောင်းဗလဲ ကိုလှော် နွားလဲ”။ ကိုလှော်က နွားပွဲစားပါ။ နွားပွဲစားမို့ နွားအမျိုးမျိုးလဲတာ ပြဿနာမရှိပေမယ့် ဒီမိုကရေစီဖော်ဆောင်ပါ့မယ်လို့ သန္နိဋ္ဌာန်ချထားသူတွေက ဒီမိုကရေစီပန်းတိုင်ကို အာဏာရှင်စနစ်၊ အာဏာရှင်လမ်းကြောင်းပေါ်က လျှောက်လှမ်းဖို့ ပြင်နေရင်တော့ ပြဿနာက တော်တော်ကြီးတယ်။

မမျှော်လင့်တဲ့ဖြစ်ရပ်တွေ၊ မတော်တဆ ဖြစ်ရပ်တွေ၊ အနာရောဂါကျရောက်မှုတွေ၊ သေခြင်းတရား စတဲ့ဖြစ်ရပ်တွေလို မဟုတ်ဘဲ လောကကြီးမှာ သိစိတ်နဲ့ ယှဉ်ပြီး ဆုံးဖြတ်ရတဲ့ အရာမှန်သမျှမှာ ရွေးချယ်စရာတွေ ရှိနေပါတယ်။ “တခြားရွေးချယ်စရာလမ်းမရှိတော့ဘူး” (No choice) ဆိုတဲ့စကားဟာ လူတွေအနေနဲ့ မရွေးချယ်သင့်တဲ့အရာကို သူရဲဘောကြောင်စွာ ရွေးချယ်လိုက်တဲ့အခါမျိုးမှာ ကိုယ့်ဘာသာ လိပ်ပြာမသန့်မှုကို ပြေရာပြေကြောင်း ထန်းလက်နဲ့ကာတဲ့ စကားဖြစ်ပါတယ်။ လောကကြီးမှာ သိစိတ်နဲ့ ယှဉ်ပြီး ဆုံးဖြတ်ရတဲ့အရာမှန်သမျှ ရွေးချယ်စရာ လမ်းတွေရှိပါတယ်။ ကိုယ်က လမ်းမှန်ကို ရွေးရဲသလား၊ မရွေးရဲဘူးလားဆိုတဲ့ ကိုယ့်ရဲ့ စာရိတ္တသတ္တိအပေါ်မှာပဲ မူတည်တယ်။ ကိုယ်တိုင်ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို စောင့်ထိန်းရဲသလား၊ မစောင့်ထိန်းရဲဘူးလားဆိုတဲ့ သတ္တိအပေါ်မှာ မူတည်တယ်။

ကောင်းပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးဆိုရင် အဖျက်ခံရမယ်။ အဲဒီလမ်းကို ရွေးရဲသလား။ အဲဒီလမ်းကို ရွေးရင် ဘာဖြစ်လဲ။ ဘာဆက်လုပ်ရမလဲ။

ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံးမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်လွတ်လာတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုကို စည်းရုံးတာလည်းမလုပ်။ အဖွဲ့ဝင်သစ်တွေကို ချဲ့ထွင် စည်းရုံးတာလည်းမလုပ်။ အဖွဲ့ချုပ်ရုံးခွဲအသစ်တွေ ထပ်မံဖွင့်လှစ်တာလည်းမလုပ်။ (မလုပ်ရုံမက နအဖက အဖွဲ့ချုပ်မြို့နယ်ရုံးခွဲတွေ ပိတ်ပစ်တာကိုတောင် ခေါင်းငုံ့ခံနေလိုက်သေးတယ်။) အဲဒီလို ဘာဆိုဘာမှ မလုပ်ဘဲ ပါတီတရားဝင်ရပ်တည်နိုင်ရေးအတွက်ဆိုပြီး နအဖ ကန့်သတ်မှုအမျိုးမျိုးအောက်မှာ နလပိန်းတုံးကြီးလို နေလာခဲ့တယ်။ ဦးဝင်းတင်စကားနဲ့ပြောရရင် ပါတီရှိနေပေမယ့် နိုင်ငံရေး ရှိမနေဘူး။ နိုင်ငံရေး သေနေတယ်။

နောက်တခုက ပါတီမရှိရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့လညိး ဆရာလူထုစိန်ဝင်း ရှင်းပြထားတဲ့အတိုင်းပါဘဲ။ ၁၉၈၈ (ရှစ်လေးလုံး) လူထုဆန္ဒပြပွဲကြီး ဖြစ်လာတဲ့အချိန်အထိ အင်အယ်လ်ဒီ(အဖွဲ့ချုပ်) ဆိုတာ ရှိတောင်မရှိသေးဘူး။ ဒီတော့ ပါတီမရှိလည်း နိုင်ငံရေးရှိရင် အလုပ်ဖြစ်တယ်ဆိုတဲ့ သာဓက အထင်အရှားရှိတယ်။

ဒါက တရားဝင် ပါတီအဖြစ် ရပ်တည်ခြင်း မရပ်တည်ခြင်းဟာ ပဓာန မကျပုံ၊ နိုင်ငံရေးအပြောင်းအလဲတွေလုပ်ဖို့ နိုင်ငံရေးကတော့ မရှိမဖြစ် ရှင်သန်နေဖို့ လိုပုံတို့ကို အကျဉ်းချုဉ်း ပြောပြတာပါ။

ပါတီမရှိတော့ရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ မေးခွန်းရှိရင် အဖြေရှိရမယ်။ အဲဒီမေးခွန်းတွေကို ဖြေဖို့ ပထမဦးဆုံး မေးခွန်းတခု ပြန်မေးရမယ်။ ကျနော်တို့ လိုချင်တာဘာလဲဆိုတဲ့ မေးခွန်း။ ကျနော်တို့ဟာ အာဏာရှင်စနစ်နဲ့ ကျွန်ဘဝကို လိုချင်တာဆိုလို့ရှိရင် ဘာဆက်လုပ်မလဲဆိုတာ ရှင်းသွားပြီ။ ဘာမှ လုပ်မနေနဲ့တော့။ နအဖ ချပေးတဲ့လမ်းကြောင်းအတိုင်းသာ အသာတကြည် လိုက်သွားပေတော့။ ကျွန်ဘဝရောက်ဖို့ အထူးတလည် အားထုတ်စရာ မလိုတော့ဘူး။ ငါတနေ့ ကျွန်ဖြစ်ကို ဖြစ်ရမယ် ဆိုပြီး သန္နိဋ္ဌာန်တွေ ဘာတွေချပြီး လုပ်နေစရာမလိုလောက်အောင် နအဖ စစ်အစိုးရရဲ့ လမ်းပြမြေပုံက ကူညီပါလိမ့်မယ်။

အဲ…. တကယ်လို့ ကျနော်တို့ လိုချင်တာက လွတ်လပ်မှုနဲ့ ဒီမိုကရေစီစနစ် ဆိုရင်တော့ လုပ်ရမယ့် အလုပ်တွေ ရှိနေတယ်။ လွတ်လပ်မှုတို့ ဒီမိုကရေစီစနစ်တို့ဆိုတာ စစ်အာဏာရှင်စနစ်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်တဲ့အတွက် လွတ်လပ်မှုကိုလိုချင်တယ်ဆိုရင်၊ ဒီမိုကရေစီကိုလိုချင်တယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်၊ ဖြိုဖျက်ရမယ်။ စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ဘဲ၊ မဖြိုဖျက်ဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ရယူချင်လို့ မဖြစ်နိုင်ဘူး။

ဒီမိုကရေစီစနစ်ဆိုတာ လူအများကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးစနစ်။ လူအများကို ကိုယ်စားပြုတဲ့စနစ်ပေါ်ပေါက်လာဖို့၊ အခြေတည်ခိုင်မြဲဖို့ဆိုတာ လူအများက အဲဒီစနစ်ကို လက်ခံသဘောပေါက်ဖို့လိုတယ်။ နားလည်ကျင့်သုံးဖို့လိုတယ်။ ဒီတော့ ပြည်သူလူထုကို ဒီမိုကရေစီအကြောင်းနဲ့ သူတို့ကို ဒီစနစ်ကသာ ဘယ်လို အကျိုးရှိစေမယ့်အကြောင်းတွေကို သဘောပေါက်အောင် ပညာပေးစည်းရုံးဖို့လိုတယ်။

တဖက်က ကြည့်ပြန်တော့ အာဏာရှင်စနစ်အောက်မှာ အခုလို ပညာပေးစည်းရုံးမှုတွေ၊ လှုံ့ဆော်မှုတွေ လုပ်ဖို့ဆိုတာ အချိန်တိုတိုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီဘက်တော်သားတွေဖက်မှာ အားသာချက် တခုရှိတယ်။ လူထုက စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီးဖြစ်နေတယ်။ အထွေထွေ စားဝတ်နေရေး ကြပ်တည်းမှု၊ အခက်အခဲတွေနဲ့ မွန်းကြပ်နေတဲ့အလျောက် လူထုအုံကြွမှုဟာလည်း အချိန်မရွေး ထပ်မံဖြစ်ပွားလာဦးမှာ မုချပဲ။ တနည်းပြောရရင် လူထုဟာ စစ်အာဏာရှင်တွေဖက်မှာ မရှိဘူး။ ဒီမိုကရေစီဘက်တော်သားတွေဖက်မှာသာ ရှိတယ်။ ဒီအချက်ကို ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုက ထင်ထင်ရှားရှား ပြသပြီးခဲ့ပြီ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကိုယ့်ဖက်က ပြင်ဆင်မှု အားနည်းခဲ့တယ်။ ဒီနေ့ဒီအချိန်မှာ နိုင်ငံနဲ့အဝှမ်း မြို့တိုင်း ရွာတိုင်းမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ ကွန်ယက်တွေ လျှို့ဝှက်တည်ဆောက်ရမယ်။ ပြင်ဆင်ရမယ်။ လူထုအုံကြွမှုကို သူ့အလိုအလျောက် ပေါ်ပေါက်လာတဲ့အထိ ထိုင်စောင့်နေမယ့်အစား လူထုကို နှိုးဆော်ရမယ်။ လှုံ့ဆော်ရမယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ အတုယူရမယ်။ လူထုအုံကြွမှုဖြစ်လာရင် အရှိန်မြှင့်နိုင်အောင်၊ စနစ်တကျ စုစည်းဆောင်ရွက်နိုင်အောင် ကွန်ယက်တွေကို အခုကတည်းက အသင့်ပြင်တည်ဆောက်ထားသင့်ပါတယ်။ အခုလည်း လုပ်တဲ့လူတွေ လုပ်နေကြပါတယ်။

နောက်တခုက အာဏာရှင်တွေကြိုက်နှစ်သက်တဲ့ တုန့်ပြန်မှု ၂ မျိုးနှစ်စားရှိတယ်။ ပထမတခုက မတရားတဲ့ အမိန့်တွေ ဖိနှိပ်မှုတွေကို ဘာမှ ပြန်မပြောဘဲ ငြိမ်ခံတာမျိုး။ နောက်တခုက အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုန့်ပြန်တာမျိုး။ အဲဒီတုန့်ပြန်မှု နှစ်မျိုးနှစ်စားလုံးကို အာဏာရှင်တွေက လိုလားကြတယ်။

ဒါပေမယ့် အာဏာရှင်တွေ ကြောက်ရွံ့တဲ့ တုန့်ပြန်မှု တမျိုးရှိနေသေးတယ်။ အဲဒါက မတရားတဲ့ အမိန့်အာဏာမှန်သမျှကို မကြောက်မရွံ့ ဖီဆန်ခြင်းပဲ။ အဲဒီလို မကြောက်တရားလက်နက်ကို ကိုင်ဆွဲလာကြပြီဆိုရင် အာဏာရှင်တွေအနေနဲ့ သူတို့ရဲ့ အာဏာယန္တရားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ခဲယဉ်းတယ်။ ဦးဝင်းတင်ပြောတဲ့ မကြောက်တရားလက်နက်ကို ကိုင်ဆွဲကြဖို့ အချိန်ရောက်လာပြီ။

လောလောဆယ်မှာတော့ အဖွဲ့ချုပ်စီအီးစီက ဦးအောင်ရွှေနဲ့ ဦးခင်မောင်ဆွေတို့တတွေ နအဖရဲ့ လမ်းကြောင်းအတိုင်း သူတို့ဘာသာ လျှောက်ရင်လည်း လျှောက်စေတော့။ ဒီလိုဆိုရင်တော့ ကျနော်တို့အနေနဲ့ “ရာဇဝင်ဆိုးထဲမှာ အောင်နဲ့မောင် ကို ထားရစ်ခဲ့” ရုံပါပဲ။

ပူးတွဲဖတ်ရှုရန်။

(၁) စိတ်ကူးမယဉ်ကြဖို့ (အောင်ဒင်)

(၂) နိုင်ငံရေးအရ (မေငြိမ်း)

(၃) ဒေါ်မြင့်မြင့်အေး- ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်မယ်

(၄) လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ
Read more

“ရွှေရည်စိမ်”

မြန်မာစကားမှာ ရွှေရည်စိမ် ဆိုတဲ့စကားရှိတယ်။ အတုအယောင် ဆိုတဲ့ အနက်အဓိပ္ပါယ်ထွက်တယ်။ ဥပမာ…. ရွှေရည်စိမ်လက်ကောက် ဆိုပါတော့။ တကယ်ရွှေသားအတိနဲ့ လုပ်ထားတာမဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်အောင် အပေါ်ယံမှာ ရွှေရောင်ထည့်ထားတဲ့သဘော။ ရွှေလက်ကောက်အစစ်လိုတော့ အဖိုးမထိုက်တန်ဘူး။

ရွှေလက်ကောက်အစစ် မဝယ်နိုင်ခင်စပ်ကြား လူမြင်ကောင်းရုံ ရှိုးထုတ်ချင်လို့ဖြစ်စေ၊ ခိုးသားဓားပြ လုယက်မှာ ပူပန်လို့ဖြစ်စေ၊ အလှသက်သက် ဝတ်ချင်လို့ဖြစ်စေ အဲဒီ ရွှေရည်စိမ် လက်ကောက်အတုကို အတုမှန်းသိသိနဲ့ ဝယ်ယူ ဝတ်ဆင်ကြရင်ဖြင့် ဝတ်ဆင်သူရဲ့ အလိုဆန္ဒအတိုင်းသာဖြစ်ပါတယ်။ အထူးပြောစရာမရှိပါ။

သို့သော်…. အဲဒီ ရွှေရည်စိမ်လက်ကောက်ကို တကယ့်ရွှေလက်ကောက်ကြီးပါလို့ ညာရောင်းမယ်ဆိုရင်တော့ ညာရောင်းတဲ့လူမှာ အပြစ်ရှိတယ်။ အတုကြီးမှန်းသိသိနဲ့ အရောင်းအဝယ်ဖြစ်အောင် ကူညီပေးတဲ့ ပွဲစားမှာလည်း အပြစ်ရှိတယ်။ အတုကြီးမှန်းသိသိနဲ့ အစစ်ကြီးပါလို့ ဝိုင်းဝန်းကြော်ငြာပေးတဲ့သူတွေ၊ လေလံပွဲမှာ ဈေးပြိုင်ခေါ်ပြီး တန်ဘိုးမရှိတာကို တန်ဘိုးတက်လာအောင် လုပ်ပေးကြသူတွေ အားလုံးမှာလည်း အပြစ်ရှိတယ်။ အပြစ်ကတော့ လိမ်ညာလှည့်ဖြားမှုပေါ့။

ရွှေရည်စိမ်လက်ကောက်တခုကို မှားယွင်းဝယ်ယူမိလို့ အလွန်ဆုံး နစ်နာလှရင် ဝယ်သူကိုယ်တိုင်ရယ်၊ သူနဲ့ အကျိုးစီးပွားထိစပ်နေတဲ့ သူ့မိသားစု၊ ဆွေမျိုး၊ မိတ်သင်္ဂဟတွေလောက်သာ ထိခိုက်နစ်နာနိုင်မယ်။

ဒါပေမယ့် တမျိုးသားလုံး ၊တနိုင်ငံလုံး အတိုင်းအတာနဲ့ ချီပြီး ထိခိုက်နစ်နာစေနိုင်တဲ့ ရွှေရည်စိမ်တွေကိုလည်း ကြုံရတတ်တယ်။ မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၃ ခုနှစ်မှာ ဖက်ဆစ်ဂျပန်တွေက မြန်မာပြည်ကို လွတ်လပ်ရေး ပေးတယ်။ အစိုးရအဖွဲ့ထဲမှာလည်း ဝန်ကြီးချုပ် ဒေါက်တာဘမော်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း အစရှိသဖြင့် မြန်မာ့ခေါင်းဆောင်တွေ ပါတဲ့ အစိုးရအဖွဲ့ကို ဖွဲ့ပေးခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်သူပြည်သားတွေအနေနဲ့ တကယ့်လွတ်လပ်မှုအရသာကို မခံစားရတဲ့အပြင် ဖက်ဆစ်ရဲ့ ချုပ်ချယ်အနိုင်ကျင့် နှိပ်ကွပ်မှုအောက်မှာ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။ ဒါကြောင့် အဲဒီ ဖက်ဆစ်ဂျပန်ပေးတဲ့ လွတ်လပ်ရေးကို ရွှေရည်စိမ်လွတ်လပ်ရေးလို့ ခေါ်ဆိုခဲ့ကြတယ်။ အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာမျိုးချစ်တွေဟာ ဒီရွှေရည်စိမ်လွတ်လပ်ရေးကို မလိုလားတဲ့အလျောက် မဟာမိတ်တွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်က အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ကြတယ်။

ဒါပေမယ့် မြန်မာပြည်သူပြည်သားတွေအနေနဲ့ ကံမကောင်း အကြောင်းမလှချင်တော့ အခု ဖက်ဆစ်တော်လှန်ရေးကြီးပြီးလို့ နှစ်ပေါင်း ၆၅ လောက်ကြာတဲ့အခါ မြန်မာပြည်မှာ နအဖ ဆိုတဲ့ ဖက်ဆစ်လက်သစ်တမျိုး အုပ်ချုပ်မင်းမူတာကို ခံနေရပြန်တယ်။ ဒီဖက်ဆစ်ကတော့ တိုင်းတပါးကမဟုတ်ဘဲ ကိုယ့်နိုင်ငံသားကပဲ ကိုယ့်လူမျိုးအချင်းချင်းအပေါ်မှာ စစ်အာဏာရှင်စနစ်နဲ့ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

သမိုင်းဘီးဟာ တပတ်ပြန်လည်လာပြန်ချေပေါ့။

ဖက်ဆစ်ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေးကြေညာခဲ့သလိုပဲ အခုလည်း နအဖ စစ်အစိုးရက ရွှေရည်စိမ်ဒီမိုကရေစီကို ညာရောင်းဖို့ ကြိုးစားနေပြန်ပြီလေ။ အတုအယောင်လမ်းပြမြေပုံအရ အတုအယောင် အမျိုးသားညီလာခံကြီး ခေါ်ယူကျင်းပကာ သူတို့စိတ်တိုင်းကျ ရေးဆွဲထားခဲ့တဲ့ အတုအယောင် အခြေခံဥပဒေကြီး အတည်ဖြစ်လာစေဖို့ အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မယ်တဲ့။ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အတုအယောင်လွှတ်တော်ကြီးနဲ့ “စည်းကမ်းရှိသော ဒီမိုကရေစီ” ခေါ် အတုအယောင်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တော့မယ် ဆိုပဲ။

ဒုစရိုက်မှုပေါင်းများစွာ၊ ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ နအဖဆိုတဲ့ ဒုစရိုက်ကောင်ဟာ သန်းခေါင်ထက်တော့ ညဥ့်မနက်ဆိုသလို သူ့ကိုယ်ကျိုးစီးပွားအတွက် ရွှေရည်စိမ်လက်ကောက်နဲ့တူတဲ့ အတုအယောင်ဒီမိုကရေစီ
ကို ရွှေအစစ်ပါလို့ ညာရောင်းဖို့ ပြင်နေပြီ။

ဒီအရောင်းအဝယ်မှာ အကျိုးဆောင်ပွဲစားတွေရဲ့ ကဏ္ဍဟာ အရေးပါလာပြီ။ ပွဲစားဟာ ဒုစရိုက်သမားနဲ့ အလိုတူအလိုပါ ပူးပေါင်းပြီး ဒီလက်ကောက်ကို ရောင်းမထွက် ထွက်အောင် ကူညီလှည့်ဖြားမှာလား။ ဒါမှမဟုတ် ဝယ်သူဖက်ကနေ သမာသမတ်ရှိရှိ ရပ်တည်ပြီး ရွှေရည်စိမ်လက်ကောက်ပါလို့ အတိအလင်းကြေညာကာ အရောင်းအဝယ်ကို မပျက်ပျက်အောင် ဖျက်မှာလား။

ဒီလိမ်လည်မှုကြီးမှာ တနပ်စားဉာဏ်နဲ့ အလိုတူအလိုပါ ပူးပေါင်းပါဝင်ကြသူများကတော့ နောင်မြန်မာ့သမိုင်းမှာ “အမျိုးသားသစ္စာဖောက် လူလိမ်လူကောက်”တွေအနေနဲ့ မှတ်တမ်းဝင်လိမ့်မယ်။

အဲဒီ ရွှေရည်စိမ်လက်ကောက်ကို ရွှေအစစ် ထင်လို့ တန်ဖိုးကြီးပေးပြီး ရိုးရိုးသားသား မှားယွင်းဝယ်မိကြရင်လည်း အဲဒီ ဝယ်ကြသူတွေရဲ့ မသိနားမလည်မှုအတွက်၊ အမြင်မကျယ်မှုအတွက် အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးနစ်နာမှုကို မြန်မာတမျိုးသားလုံးက နှစ်ရှည်လများ ပေးဆပ်ကြရပေတော့မယ်။

ပူးတွဲဖတ်ရှုရန်။ ။ Divisions over Party Registration Surfacing in NLD
Read more

“တော်လှန်ရေးသမားနှင့် ဝေဖန်ရေး”

ယခင်ပို့စ်တွင် မှတ်ချက်ရေးသူတယောက်က “ ကိုပေါအနေနဲ့ စစ်အစိုးရကို အပြစ်တင်တာကို ခဏလောက်လျှော့ပြီး ကျနော်တို့ရဲ့ ကယ်တင်ရှင် အတိုက်အခံတွေကို နည်းနည်း ဝေဖန်ထောက်ပြပါဦး။ တကယ်တော့ တာဝန်ရှိတဲ့အထဲမှာ အတိုက်အခံတွေလည်း ပါတယ်” ဟု ရေးသားသွားသည်။

သည်မှတ်ချက်နှင့် ပတ်သက်၍ ကျနော့်မှာ ပြောစရာများ ရှိနေပါသည်။

ပထမအချက်မှာ “အတိုက်အခံ” ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်၍ အခြားသူများလည်း ဖန်တရာတေအောင် ရေးခဲ့ကြပြီးဖြစ်သည်။ ကျနော့်တို့မှာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို လက်ရှိအာဏာရစစ်အစိုးရနှင့် ဆန့်ကျင်ဖက်ဖြစ်နေ၍သာ အတိုက်အခံဟု နှုတ်ကျိုးနေကြသည်။ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံများတွင် အတိုက်အခံဆိုမှာ တရားဝင် ရွေးချယ်တင်မြှောက်ခံရသည့် အာဏာရပါတီ၏ ပြိုင်ဖက် နိုင်ငံရေးပါတီများကို ခေါ်ဆိုခြင်းဖြစ်သည်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အရဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသတ် အနိုင်ရထားသည့် အဖွဲ့အစည်းဖြစ်သည်။ အတိုက်အခံဟု ခေါ်ဆိုခြင်းငှာ မသင့်။ ထို့ကြောင့် မြန်မာ့မြေပေါ်တွင် အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်သွားစေရန် ကြိုးပမ်းနေကြသူအားလုံးကို “အတိုက်အခံ”ဟု ခေါ်ဆိုမည့်အစား “တော်လှန်ရေးသမား”ဟူသော အမည်နာမကိုသာ ကျနော်ရွေးချယ်လိုပါသည်။

ဒုတိယအချက်မှာ “တကယ်တော့ တာဝန်ရှိတဲ့အထဲမှာ အတိုက်အခံတွေလည်း ပါတယ်” ဆိုတာနဲ့ ပတ်သက်၍ ဖြစ်သည်။ ကျနော့်တွေးမိသည်ကတော့ တာဝန်ရှိသည်မှာ ကျနော်တို့အားလုံးပင် ဖြစ်သည်။ ယနေ့ဖြစ်ပျက်နေသမျှ အများနှင့်ဆိုင်သော ကိစ္စအဝဝ၊ တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်အတွက် ကျနော်တို့ အားလုံးတွင် တာဝန်ရှိသည်။ သူများကိုချည်း လက်ညိုးထိုးနေရန် မသင့်။

နောက်ဆုံးအချက်ဖြစ်သည့် “စစ်အစိုးရကို ဝေဖန်တာ နည်းနည်းလျှော့ပြီး ကယ်တင်ရှင် အတိုက်အခံတွေကို ဝေဖန်ထောက်ပြပါဦး” အချက်နှင့် ပတ်သက်၍ကား ပြောစရာတွေ အများအပြားပင် ရှိနေပါသည်။

လွန်ခဲ့သည့် ၂၁ နှစ်လုံးလုံး နအဖ စစ်အစိုးရ၏ ဆိုးသွမ်းယုတ်မာ ညံ့ဖျင်းပုံများကို တောက်လျှောက် မရပ်မနား တွေ့မြင်ခဲ့ကြရသည်ဖြစ်ရာ နအဖ မကောင်းကြောင်းကို အထူးတလည် ရေးပြနေရန် လိုအပ်လှသည်ဟု ကျနော်မထင်ပါ။ ပြည်သူအများစုအနေဖြင့် နအဖ မကောင်းသည်ကို မျက်ဝါးထင်ထင် မြင်ကြ၊ ကြားကြ၊ သိကြပြီးဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နအဖ ဘာလဲဆိုသည်ကို နောကျေနေကြပြီး ဖြစ်သည်။ နအဖ မကောင်းကြောင်း ထပ်မံ သက်သေပြနေစရာ မလိုတော့ပါ။ ကျနော်ရေးခဲ့သည့် ပို့စ်များတွင် နအဖကို ဝေဖန်သည့်ပို့စ်မှာ အရေအတွက်အားဖြင့် အင်မတန် နည်းပါးလှပါသည်။

မှတ်ချက်ရေးသူက “ကယ်တင်ရှင် အတိုက်အခံတွေကို ဝေဖန်ထောက်ပြပါဦး” ဟုရေးသွားပါသေးသည်။ ရှေးဦးစွာ ကယ်တင်ရှင်ဆိုသော အသုံးအနှုန်းနှင့်ပတ်သက်၍လည်း ကျနော့်အမြင်ကို ပြောပြလိုပါသည်။

လက်ရှိအနေအထားတွင် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နယ်ပယ်အားလုံးကို နိုင်ငံရေးစနစ်ကသာ အပေါ်စီးမှနေ၍ အခေါင်အချုပ်သဖွယ် တုပ်တုပ်မျှ မလှုပ်နိုင်အောင် တင်းကြပ်စွာ ထိန်းချုပ်ထားသည်ဖြစ်ရာ လက်ရှိနိုင်ငံရေးစနစ်ကို မပြောင်းလဲဘဲ ကျန်သည့် နယ်ပယ်များကို အောင်မြင်စွာ ပြောင်းလဲယူဖို့ မဖြစ်နိုင်ပါ။ စစ်အာဏာရှင် တည်းဟူသော နိုင်ငံရေးစနစ်ကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နယ်ပယ်အားလုံးတွင် အဖက်ဖက်က ချွတ်ခြုံကျကာ ပြည်သူတရပ်လုံး ဆင်းရဲဒုက္ခ အတိရောက်လျက်ရှိသည်မှာလည်း အားလုံးအသိပင်ဖြစ်သည်။

“တော်လှန်ရေးသမားအများစု”မှာ ယင်းသို့သော လက်ရှိအခြေအနေကို မနှစ်သက်နိုင်၍၊ လက်မခံနိုင်၍၊ မရှုစိမ့်နိုင်၍ အဆိုပါနိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန်၊ တော်လှန်ဖောက်ထွက်နိုင်ရန် ကြိုးပမ်းနေကြသူများဖြစ်သည်။ တနည်းဆိုရလျှင် ထိုသူတို့သည် ပြည်သူတို့ကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်ရန် ကြိုးပမ်းနေကြသူများဖြစ်သည်။ ထိုသို့ ကြိုးပမ်းသည့်အတွက် စစ်အာဏာရှင်၏ ရန်ရှာခြင်း၊ ဒုက္ခပေးခြင်းများကို သာမန်ပြည်သူများထက် ပိုမို ခံကြရသူများဖြစ်သည်။ သူတို့ကြိုးပမ်းနေသော ကယ်တင်သည့် လုပ်ရပ်မှာ မအောင်မြင်သေးသဖြင့် ကယ်တင်ရှင်ဟု မခေါ်ဆိုနိုင်သေးသော်လည်း ကယ်တင်ရန် လက်တွေ့ကြိုးပမ်းနေကြသူများအဖြစ်ဖြင့်ကား အသိအမှတ်ပြုသင့်ပေသည်။ သို့သော် ကျနော်တို့အားလုံးသည် မိမိတို့လွတ်မြောက်ရေးအတွက် သူတပါးကယ်တင်မှုကိုသာ ထိုင်စောင့်မနေဘဲ မိမိတို့ကိုယ်တိုင်လည်း ပါဝင်ကြိုးပမ်းအားထုတ်သင့်ပေသည်။

တော်လှန်ရေးသမားများတွင် အကြမ်းဖျင်း အစုအဖွဲ့ ၃ ခု ခွဲချင်ပါသည်။

(၁) ပြည်တွင်းမှ အင်အားစုများ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် နိုင်ငံရေးပါတီများ၊ ကျောင်းသား၊ သံဃာ နှင့် အခြား တက်ကြွ လှုပ်ရှားသူများ)
(၂) လက်နက်ကိုင် အင်အားစုများ (ကျောင်းသားတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ)
(၃) ပြည်ပရောက် အင်အားစုများ (ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော နိုင်ငံရေးသမားများ၊ တက်ကြွစွာလှုပ်ရှားခဲ့သူ ကျောင်းသားများ၊ လက်နက်ကိုင်ဟောင်းများ နှင့် အခြား တက်ကြွ လှုပ်ရှားသူများ)

ဟူ၍ ဖြစ်ပါသည်။

ထိုအစုအဖွဲ့ သုံးခုစလုံးတွင် ကိုယ်စီကိုယ်ငှ အားနည်းချက်များ၊ ညံ့ဖျင်းချက်များ၊ အမှားအယွင်းများ အသီးသီး ရှိကြသည်လည်း မှန်၏။ သို့သော် ထိုအားနည်းချက်များ၊ ညံ့ဖျင်းချက်များ၊ အမှားအယွင်းများမှလွဲ၍ အများစုမှာ သူတို့၏ အမှန်တရားဖက်မှ ရပ်တည်ချက်၊ ဒီမိုကရေစီစနစ်နှင့်လွတ်လပ်ရေး တိုက်ပွဲအပေါ် ယုံကြည်ချက်၊ တိုင်းပြည်အပေါ်ထားသော အရင်းခံစိတ်စေတနာ စသည်တို့မှာ မပျက်ယွင်း၊ မသွေဖီသေး။ တနည်းပြောရလျှင် သူတို့သည် ပြည်သူလူထုနှင့် တရားမျှတမှုဖက်က ရပ်တည်မြဲ ရပ်တည်နေဆဲဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးအတွက် နအဖ နှင့် သွားရောက်ပူးပေါင်းခဲ့သူအချို့မှ လွဲ၍ ကျန်သူများကို သူတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက် နှင့် အရင်းခံစိတ်ထားအပေါ် ရှုတ်ချပြောဆိုရန် အကြောင်းမရှိ။ ထိုသူတို့အား တတ်နိုင်သမျှ ကူညီဝိုင်းဝန်းရန်၊ အားပေးရန်၊ ထောက်ပံ့ရန်ပင် သင့်ပါသေးသည်။

(ယခု ရေးခဲ့ပြီးသမျှအထိတွင် ကျနော်သည် “တော်လှန်ရေးသမား အများစု”၊ “ထိုသူ အများစု” ဟူ၍ ဂရုတစိုက် ရေးသားခဲ့ပါသည်။ “အများစု” ဟူသည့် စကားလုံးကို သုံးရသည်မှာ “အနည်းစု” ဆိုသော အမျိုးအစားလည်း ရှိသေးသည့်အတွက် ဖြစ်သည်။ ပို့စ်ရှည်လျားမည် စိုးသဖြင့် အော့နှလုံးနာဖွယ်ကောင်းသော ထို “အနည်းစု” အကြောင်းကို နောင်မှ ပို့စ် သီးသန့် ရေးပါဦးမည်။)

တဖက်တွင်လည်း ထိုအဖွဲ့သုံးခုစလုံး၏ လုပ်ရပ်၊ အတွေးအခေါ်၊ မူဝါဒ စသည်တို့ အပေါ်တွင်ကား ပွင့်လင်းစွာ ဝေဖန်ထောက်ပြသင့်ပေသည်။ မိမိအမြင်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြသင့်သည်။ အချို့သူများသည် ဤသို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခြင်းကို ညီညွတ်ရေးကို ပျက်ပြားအောင်လုပ်သည်ဟု မှားယွင်းစွာ စွတ်စွဲတတ်ကြသည်။ အမှန်တကယ်မှာမူ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တတ်သော အလေ့အထ၊ အဝေဖန်ခံနိုင်သော အလေ့အထများကို ကျင့်သားရမှသာလျှင် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းကို အောင်မြင်စွာ ထူထောင်နိုင်ပေမည်။ မတူညီသော အမြင်ရှိပါလျက် ကျိတ်မျိုချနေရသော လူ့အဖွဲ့အစည်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်း (Free Society) မဟုတ်။ အကြောက်တရားကြီးစိုးသော လူ့အဖွဲ့အစည်း (Fear Society) သာ ဖြစ်သည်။ အာဏာရှင်စနစ်ကဲ့သို့ အကြောက်တရားကြီးစိုးသော လူ့အဖွဲ့အစည်းတွင် မိမိအမြင်ကို ပွင့်လင်းစွာ မထုတ်ဖော်ဝံ့ခြင်း၊ ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲခြင်း၊ အဝေဖန်မခံနိုင်ခြင်း စသည်တို့မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။

သို့သော် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းကို ထူထောင်ရန် ကြိုးပမ်းနေကြသော တော်လှန်ရေးသမားများ၊ တော်လှန်ရေးအစုအဖွဲ့များအတွင်းတွင်မူ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သောအလေ့အထ၊ အဝေဖန်ခံနိုင်သော အလေ့အထကို ပြုစုပျိုးထောင်ရန် လိုအပ်သည်ဟု ယူဆပါသည်။

နောင်လာမည့်ပို့စ်များတွင် အထက်ပါ အင်အားစု သုံးခုအပေါ်တွင် ကျနော်၏ အမြင်များကို အလျဉ်းသင့်သလို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
Read more

“ကြံရာပါ နှင့် ရှေ့ခရီးစဉ်”

သူတပါးဥစ္စာကို ခိုးယူခြင်းသည် မကောင်းမှုဖြစ်သည်။ ကိုယ်မပိုင်သောပစ္စည်း (သို့မဟုတ်) သူမပေးသောပစ္စည်းကို မတော်မတရားသည့်နည်းဖြင့် ရယူခြင်းဖြစ်သောကြောင့်ပင်တည်း။

သူတပါးပစ္စည်းကို ခိုးယူခြင်းသည် မကောင်းဟု ဆိုလျှင် သူတပါးပစ္စည်းကို ဓါးပြတိုက်လုယက်ယူခြင်းသည် သာ၍ပင် ဆိုးရွားသည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် သူခိုးသည် ပိုင်ရှင်မသိအောင် တိတ်တဆိတ် ခိုးယူခြင်းဖြစ်သည်။ ပိုင်ရှင်ကို အနာတရဖြစ်အောင်မလုပ်။ ဓါးပြသည်ကား ပိုင်ရှင်ကို အနိုင်အထက် ပြုကျင့်ကာ သူတပါးပစ္စည်းကို အဓမ္မရယူခြင်းဖြစ်သည်။ ပစ္စည်းကို ယူရုံမက လူကိုပါ ရန်ရှာတတ်လေရာ ဓါးပြသည် သူခိုးထက်ပိုဆိုးသည်ဟု ယေဘုယျ သတ်မှတ်ရပေမည်။ ဓါးပြသည် ထိုသို့ အနိုင်အထက်ပြုရာတွင် တုတ်၊ဓါး၊လှံ၊သေနတ် စသည့် လက်နက်များကို အားကိုးတတ်ပေသည်။

လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုမူကာ သူတပါးပစ္စည်းကို အတင်းအကြပ် ယူတတ်ကြသူတွေထဲတွင် လုယက်သူများ၊ ဓါးပြများ၊ အချို့သော လက်နက်ကိုင်သူပုန်များ (သူပုန်အားလုံးကို မဆိုလို) နှင့် စစ်အာဏာရှင် အစိုးရများ ပါဝင်ကြသည်။ ထို့ကြောင့်ပင် မြန်မာစကားတွင် “သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ အစိုးရ” ဟူသော စကားပေါ်ပေါက်လာခြင်း ဖြစ်မည်။

ဤစကားပုံသည် မှန်၏။ ပြည်သူတို့၏ အချုပ်အခြာအာဏာ၊ စည်းစိမ်၊ ဘဏ္ဍာ၊ အခွန်အတုတ်၊ ပြည်သူပိုင် သယံဇာတ မှန်သမျှတို့ကို လက်နက်အားကိုးဖြင့် အဓမ္မရယူတတ်သော အစိုးရတရပ်သည် ဓါးပြတကာတို့တွင် အကြီးမားဆုံး ဓါးပြအမျိုးအစားပင် ဖြစ်လေသည်။

ကျွန်ုပ်တို့ မြန်မာပြည်တွင်လည်း နအဖ တည်းဟူသော လက်နက်ကိုင်ဓါးပြကြီးသည် ပြည်သူအပေါ် အနိုင်အထက်ပြုကာ သောင်းကျန်းမင်းမူလာခဲ့သည်မှာ အနှစ် ၂၀ ကျော် ကြာခဲ့လေပြီ။

မြန်မာစကားတွင် “ကျောချမှ ဓါးပြမှန်းသိသည်” ဟူသော ဆိုရိုးစကားရှိ၏။ နအဖသည် ၁၉၈၈ တွင် အာဏာရယူခဲ့စဉ်ကတည်းက ၄င်းတို့အား ဓါးပြမှန်း မသိလိုက်မည်ကို စိုးရိမ်ဘိသည့်အလား ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် ပြည်သူတွေကို ကျောချ ပြခဲ့သည်။ တဖန် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် မဲအနိုင်ရသောအခါ ပေးထားသော ကတိကို ချိုးဖောက်ခြင်းပြခြင်းဖြင့် နောက်တကြိမ် ကျောချ ပြန်လေသည်။ ထို့နောက် ဒီပဲယင်းအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ လူထုဆန္ဒခံယူပွဲ၊ နာဂစ် အစရှိသဖြင့် ပြည်သူတို့ ကျောကို အရှိုးရာချင်း ထပ်အောင် အကြိမ်ကြိမ်အထပ်ထပ် ကျောချခဲ့လေသည်။

ထူးဆန်းသည်ကား တတိယအုပ်စုဆိုသူများနှင့် အချို့သော နိုင်ငံရေးသမားများသည်ကား ဤမျှလောက် ကျောချပြနေပါလျက်နှင့် နအဖကို ဓါးပြမှန်းသိပုံမပေါ်။ ဖွတ်များ ဥဒဟို ၀င်ချည်ထွက်ချည် ပြုလျက်ရှိသော တောင်ပို့ကိုပင် ဘုရားအမှတ်ဖြင့် ဆက်လက် ကိုးကွယ်လျက်ရှိချေသေးသည်။

ယခု ၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာလည်း အမှန်စင်စစ်တွင်မူ နအဖတည်းဟူသော ဓါးပြအစိုးရအား တရားဝင် ဓါးပြတိုက်ခွင့် လိုင်စင်ပေးမည့် ပွဲကြီးဖြစ်သည်။

တရားဥပဒေတွင် ရာဇ၀တ်မှုကျူးလွန်သူများအား အားပေးအားမြှောက်ပြုသည်/ တနည်းတဖုံ ကူညီသည်ဆိုလျှင် ထိုသူအား ကြံရာပါ (Accomplice) အဖြစ် သတ်မှတ်သည်။ ကြံရာပါသည်လည်း အတိုင်းအတာတခုအထိ ရာဇ၀တ်မှုကို ကျူးလွန်သည်ဟု သတ်မှတ်ကာ ထိုက်တန်သော အပြစ်ဒဏ်ကို သတ်မှတ်လေ့ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းတွင် ပြည်သူလူထုအပေါ် ကျူးလွန်တော့မည့် အကြီးမားဆုံး ရာဇ၀တ်မှုကြီး တခုလည်း ဖြစ်သည်။ ပြည်သူလူထုကို တရားဝင် စစ်ကျွန်ဘ၀သို့ သွတ်သွင်းမည့် ပွဲဟုလည်း ဆိုနိုင်သည်။ ပြည်သူလူထုအပေါ် အဓမ္မကျောချပိုင်ခွင့် (တနည်း) ပြည်သူလူထုပိုင်ဆိုင်သော အချုပ်အခြာအာဏာ၊ စည်းစိမ်၊ အခွန်ဘဏ္ဍာနှင့် သယံဇာတများကို စိတ်ကြိုက် တရားဝင်လုယက်ပိုင်ခွင့်ကြီးအား နအဖတည်းဟူသော ဓါးပြအစိုးရကို အပ်နှင်းတော့မည့် ရာဇ၀တ်မှုကြီးသာ ဖြစ်သည်။

အဆိုပါ ရာဇ၀တ်မှုကြီး အထမြောက်စေရန် ဆော်သြနေသူများ၊ ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည့်သူများကား ကြံရာပါများဖြစ်သည်။ သမိုင်းတွင် နအဖ၏ အပေါင်းပါများ၊ ကြံရာပါများအဖြစ် သတ်မှတ်စာရင်းသွင်းခံရမည့်သူများ ဖြစ်သည်။

ကြံရာပါ မဖြစ်လိုကြသော မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး အင်အားစုများ အနေဖြင့်မူ…

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊
(၂) ၂၀၀၈ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့်
(၃) အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး…

စသည့် ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားသင့်သည်ဟု သဘောရပါသည်။ ထိုတောင်းဆိုချက်များကို မလိုက်လျောပါက ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ပေသည်။

အဖွဲ့ချုပ်နှင့် အခြား နိုင်ငံရေးအင်အားစုများ မပါဝင်ဘဲ ရွေးကောက်ပွဲကို နအဖ က မဖြစ်ဖြစ်သည့်နည်းဖြင့် ကျင်းပကောင်း ကျင်းပပေလိမ့်မည်။ သို့သော်လည်း ဤနည်းဖြင့် မြန်မာပြည်တွင် ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်။ စစ်အာဏာရှင်စနစ်သည်လည်း မြန်မာ့မြေပေါ်မှ ကွယ်ပျောက်သွားသည်မဟုတ်။ နိုင်ငံရေးပြဿနာမပြေလည်သေးသရွေ့၊ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ မကွယ်ပျောက်သေးသရွေ့ လွတ်လပ်ရေးကို တောင့်တကုန်သော၊ ငြိမ်းချမ်းရေးကို မြတ်နိုးကုန်သော၊ တရားမျှတမှုကို လိုလားကြကုန်သော ပြည်သူမှန်သမျှအနေဖြင့် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားကြရမည်သာ ဖြစ်ပေသည်။
Read more

“ယမုံနာငါး ဂင်္ဂါငါး အစာဟပ် ပြိုင်ကြရာဝယ်”

“လူက တိရိစ္ဆာန်ထက် သာလွန်တယ်ဆိုပေမယ့် နေရာတိုင်းမှာ သာလွန်တာမဟုတ်ဘူး။ မင်းတို့… ဘယ်ကောင် ငါးနဲ့ရေကူးပြိုင်ရဲသလဲ”

အောက်က နားထောင်နေသော ပရိသတ် ဝေါကနဲ ပွဲကျသွားသည်။ စာပေဟောပြောပွဲတခုတွင် စာရေးဆရာတယောက် ဟောပြောနေခြင်းဖြစ်သည်။

“မင်းတို့ သမင်လောက်လည်း အပြေးမသန်နိုင်ဘူး။ ဆင်လောက်လည်း ခွန်အားမကြီးနိုင်ဘူး။ လူဆိုတာ ရယကနဲ့၊ မယကနဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စည်းစည်းလုံးလုံးနေကြတယ်ဆိုပေမယ့်လည်း….. ဟေ့၊ လေမထွားနဲ့၊ ပျားကို မမီဘူးကွ”

ပရိသတ် ပွဲကျသွားပြန်သည်။

“အေး…. ဒါပေမယ့် အဲဒီ ခွန်အားကြီးလှပါတယ်ဆိုတဲ့ ဆင်ကို လူက ခိုင်းစားလိုက်တာပဲ။ ရေကူးသန်လှပါတယ်ဆိုတဲ့ ငါးကိုလည်း မျှားစားပစ်လိုက်တာပဲ။ ညီညွတ်လှပါတယ်ဆိုတဲ့ ပျားဆိုလည်း ဖွပ်ပြီး စားပစ်လိုက်တာပဲ။”

(ရယ်သံများ)

“လူက တိရိစ္ဆာန်ထက် သာလွန်တဲ့အချက်တွေထဲမှာ နံပါတ်တစ်… ကျိုးကြောင်းဆင်ခြင်ဉာဏ်ကြီးခြင်း၊ နံပါတ်နှစ်…. ကိုယ်ကျင့်တရားရှိခြင်း၊ နံပါတ်သုံး…. အနုပညာ၌ ခံစားတတ်ခြင်း……..”

ဆယ်စုနှစ်တွေ ချီပြီး ကြာခဲ့ပြီ။ ဆရာအောင်သင်းပြောခဲ့တဲ့ စကားသံတွေက ကျနော့်နားထဲမှာ ပဲ့တင်ထပ်ဆဲ။

မှန်လိုက်လေဆရာရယ်…လို့ စိတ်ထဲမှာလည်း တသသ ရေရွတ်မိပါတယ်။ ဟောဒီလောကကြီးမှာ ကျိုးကြောင်းဆင်ခြင်ဉာဏ်(ဆင်ခြင်တုံတရား)ပျောက်ကွယ်သွားလို့ တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရသူတွေ၊ ကိုယ့်ကျင့်တရား ပျောက်ဆုံးသွားလို့ တိရိစ္ဆာန်ပမာ ဖြစ်သွားရသူတွေ ဒုနဲ့ဒေး မဟုတ်ပါလား။

ဆရာပြောခဲ့တဲ့ ဥပမာထဲက ငါးမျှားတဲ့အဖြစ်အပျက်ကလေးကိုပဲ ကျနော့်ဘာသာ တဆင့်တက်ပြီး အတွေးနယ်ချဲ့မိပါတယ်။

ငါးနဲ့လူ။
လူနဲ့ငါး။

ကျိုးကြောင်းဆင်ခြင်ဉာဏ်ပမာဏ အဆမတန် ကွာခြားနေတယ်။ လူတွေက ငါးတွေ ကြိုက်တတ်တဲ့ တီကောင်တို့ ပိုးကောင်တို့ကို ငါးမျှားချိတ်အဖျားမှာ အသာချိတ်ပြီး ငါးတွေကြားထဲ ပစ်ချပြီး မြှူဆွယ်တယ်။ ရေထဲက ခမြာများကတော့ လူတွေရဲ့ ပရိယာယ်ကို ဘယ်သိရှာပါ့မလဲ။ ကိုယ်ကြိုက်တတ်တဲ့အစာလေးတွေ ကိုယ့်ရှေ့မှာ ဘွားကနဲတွေ့လိုက်ရတော့ ဝမ်းသာအားရ ဟပ်ပြီပေါ့။ အဲဒီမှာတင် ငါးမျှားချိတ်မှာတန်းလန်း တဖျတ်ဖျတ်လူးပြီး ပါသွားတော့တာပဲ။

ဒါပေမယ့် ငါးတွေပဲ ဒီလိုခံရတာလား။ မဟုတ်ရေးချမဟုတ်။ လူတွေမှာလည်း လူသားစင်စစ် ဧကန်ဖြစ်ပါလျက် သတိမမူမိတဲ့အခါ၊ ဒါမှမဟုတ် လောဘ၊ ဒေါသ၊ မောဟ စိတ်တွေက ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားတဲ့အခါ ငါးနဲ့မခြားတော့ဘဲ အစာကိုသာ မြင်တတ်ကြတော့တယ်။ နောက်က ငါးမျှားချိတ်ကို မမြင်တော့ဘဲ လောဘတကြီး ဟပ်လိုက်မိလို့ ငါးမျှားချိတ်မှာ တန်းလန်းပါသွားတဲ့ လူတွေလည်း ဟောဒီလောကကြီးမှာ ရှိတယ်။ ဒါကြောင့် “ငါးစာကိုသာမြင်တယ်၊ ချိတ်ကိုတော့ မမြင်ဘူး” ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတာပေါ့။ ဒါက ကျိုးကြောင်းဆင်ခြင်ဉာဏ် ကွယ်ပျောက်သွားလို့ လူစင်စစ်က တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရတဲ့ ဥပမာ တခုကို ပေးတာပါ။

အလားတူပဲ။ ကိုယ်ကျင့်တရား ပျောက်ဆုံးသွားလို့ တိရိစ္ဆာန်ကဲ့သို့ ပြုမူတတ်သူတွေကိုလည်း ဒီလောကကြီးမှာ မမြင်ချင်အဆုံး မဟုတ်ပါလား။ ဆရာအောင်သင်းကတော့ ပြောတယ်။ တိရိစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားတို့ ကိုယ်ချင်းစာစိတ်တို့ဆိုတာ မရှိဘူးတဲ့။ ခြင်္သေ့တကောင်အဖို့ အစာစားကာနီးမှာ “ဒီသမင်မဟာ အရွယ်မရောက်သေးတဲ့ သားငယ်လေးတွေနဲ့လား။ ငါစားလို့ မဖြစ်ပါဘူးလေ” ဆိုတာမျိုး မတွေးဘူးတဲ့။ စားလိုက်တာပဲတဲ့။ ဒါပေမယ့် လူ့လောကမှာလည်း အဲဒီလို တိရစ္ဆာန်သာသာ လူစားမျိုးတွေ ဒုနဲ့ဒေးရှိနေတယ်။ ကျောင်းသားမှန်းမသိ၊ သံဃာမှန်းမသိ၊ အမျိုးသမီးမှန်းမသိ၊ ပြည်သူမှန်းမသိ….. ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး မတရားသတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက် နေသူတွေ ရှိတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီးကို နအဖ စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းပုံကို ပြန်ပြောင်းသတိရမိတော့တယ်။ ဒါကတော့ ကိုယ်ကျင့်တရား ပျောက်ဆုံးသွားလို့ လူစင်စစ်က တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရတဲ့ ဥပမာ တခုကို ပေးတာပါ။

အဲဒီလို ကိုယ့်ကျင့်တရားပျောက်ဆုံးသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်ပျောက်ဆုံးသူတွေ အချင်းချင်းတွေ့တဲ့အခါမှာလည်း စိတ်ဝင်စားစရာ ငါးမျှားပွဲတွေ ဖြစ်လာတတ်တယ်ခင်ဗျ။

ကိုယ်ကျင့်တရားပျောက်ဆုံးသူတွေက မိမိကိုယ်ကျိုးအတွက် ငါးစာကို ဗန်းပြပြီး ကျိုးကြေင်းဆင်ခြင်ဉာဏ်ပျောက်ဆုံးသူတွေကို မျှားတတ်တယ်ခင်ဗျ။ မျှားတဲ့လူကမျှား… ဟပ်တဲ့လူက ဟပ်။ မြင်ရတာ အတော်စိတ်မချမ်းသာစရာ၊ စက်ဆုပ်စရာကောင်းတဲ့ မြင်ကွင်းပေါ့။

အခုလည်း ကိုယ်ကျင့်တရားပျောက်ဆုံးနေတဲ့ နအဖ စစ်အစိုးရက မြန်မာ့နိုင်ငံရေးလောကဆိုတဲ့ ရေအိုင်ကြီးထဲကို “အရပ်သားအစိုးရ”၊ “ပါလီမန်ဒီမိုကရေစီ” ဆိုတဲ့ ငါးစာကလေးတွေကို ပစ်ချလိုက်ပြီ။ ဒီအတိုင်း ရက်ရက်ရောရော လွတ်လွတ်ကျွတ်ကျွတ် ပစ်ချလိုက်တာတော့ မဟုတ်ဘူး။ ငါးမျှားသူတို့ ထုံးစံအတိုင်း ငါးမျှားချိတ်မှာ တပ်ပြီးမှ ပစ်ချလိုက်တာ။ သူတို့ရဲ့ ငါးမျှားချိတ်ကတော့ တခြားဟုတ်ရိုးလား။ “တတိုင်းပြည်လုံးကို ထာဝရ စစ်ကျွန်ပြုရေး” ဆိုတဲ့ (၂ဝဝ၈ ခုနှစ် မှာ မတရားအတည်ပြုခဲ့တဲ့ ညောင်နှစ်ပင်ဖွဲ့စည်းပုံ) ထက်သန်မြမြ ကြောက်မက်ဖွယ် ဧရာမ ငါးမျှားချိတ်ကြီးပေါ့။

အဲ…. နိုင်ငံရေးနယ်ပယ်က တချို့ငါးတွေကလည်း အစာကိုမြင်တာနဲ့ ဟပ်ချင်ဇောနဲ့ ထွန့်ထွန့်လူးနေပြီ။ ပုထုဇဉ် လူသားတွေရဲ့ အသွင်သဏ္ဍာန်မှာ သာမန်အားဖြင့် အောက်ခြေမှာ ငုပ်လျှိုးနေတဲ့ လောဘစိတ်ကလေးတွေဟာ သူတို့ ကြိုက်တတ်တဲ့ ငါးစာကို မြင်ရတဲ့အချိန်မှာ လောဘနဲ့ မောဟအဖြစ် ပလုံစီပြီး အပေါ်ကို တိုးထွက်လာတယ်။ အဲဒီ မောဟပလုံစီကလေးတွေကပဲ လူတွေရဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်မျက်စိကို ပိတ်ဖုံးသွားပြီး ငါးမျှားချိတ်ကို မမြင်အောင် လှည့်စားပစ်လိုက်တယ်။ အခုဆိုရင် တချို့ငါးကလေးတွေဟာ နအဖ ပစ်ချထားတဲ့ အစာကို ဟပ်ချင်လွန်းလို့ ဣနြေ္ဒမရ တဖျပ်ဖျပ်လူးနေရှာပြီ။ ခပ်ဝေးဝေးက ငါးတွေကလည်း သူတို့အနားကို အစာပစ်ချလာဖို့အရေး “ဗွမ်းကနဲ” “ဗွမ်းကနဲ” ပွက်ပြီး အသံပေးနေရရှာတယ်။ တချို့လည်း ရေမျက်နှာပြင်ထက်ကို ခုန်တက်ပြီး ကိုယ်ယောင်ပြရရှာတာပေါ့။ အတင့်ရဲလွန်းတဲ့ ငါးအချို့ကတော့ တံငါသည် ထိုင်နေတဲ့နေရာနားကို တန်းသွားပြီးတော့ ပါးစပ်ကြီးတွေ ဟပြီး စောင့်ဆိုင်းနေလေရဲ့။ သဘောကတော့... ကျုပ်ပါးစပ်ကြီးထဲကိုသာ တိုက်ရိုက် ပစ်ထည့်လိုက်ပါတော့... ပေါ့လေ။

ကိုယ်ကျင့်တရားမဲ့တဲ့ နအဖဆိုတဲ့ တံငါသည်ကတော့ ၂ဝ၁ဝ ကျရင် သူချထားတဲ့ ငါးမျှားတံတွေကို အားကုန်သုတ်ပြီး ဆွဲတင်တော့မယ်။ အဲဒီကျရင် ကြိုးမှာတန်းလန်း တဖျတ်ဖျတ်လူးလွန့်ပြီး ပါသွားတဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးတွေကို ရှုစားကြရပါဦးမယ်။

အင်းလေ…… သဗ္ဗေသတ္တာ ကမ္မသကာ လို့ပဲ နှလုံးသွင်းရဦးမယ်ထင်ပါရဲ့။

“Two things are infinite: the universe and human stupidity; and I'm not sure about the the universe.”
- Albert Einstein -


(၂ဝ၁ဝ နဲ့ ပတ်သက်လို့ ကျနော့်အမြင်ကို နောက်ပိုင်းမှာ ပို့စ်သပ်သပ် ရေးပါဦးမယ်။)

ပူးတွဲဖတ်ရှုရန်။.........။ သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ
Read more

“ညောင်သီးကိုသာ စားရပါလိမ့်”

လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာ့ဒီမိုကရေစီအရေးထက်သန်သူ တပ်မတော်အရာရှိဟောင်းတယောက်နဲ့ ခင်မင်မိတဲ့အလျောက် ကျနော်က တခုခုဆိုရင် သူတို့တပ်ထဲက လက်သုံးစကားနဲ့ နောက်ပြောင်တတ်တယ်။

“ဒီမယ်၊ ဟေ့လူ… ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်”

အံမယ်… သူကလည်း ခေသူမဟုတ်။ ဟာသဉာဏ် တော်တော်ရွှင်တဲ့လူဆိုတော့….

“ဟုတ်ကဲ့….ကိုပေါ။ ကျနော် ရေကို ဗိုက်ထဲမှာ ထည့်သယ်လာပါတယ်။ ကိုပေါ လိုချင်ရင် ခွက်ခံလိုက်ပါ”

ဆိုတာမျိုး ပြန်ခွပ်တတ်တယ်။ ဘေးက လူတွေကလည်း သူ့ဟာသကို သဘောကျပြီး တဟားဟားပေါ့။

အခု သူ့ဟာသကို ပြန်ပြောင်းသတိရမိရင်း စဉ်းစားမိတာ တခုရှိတယ်။

“ဘယ်နည်းနဲ့ဖြစ်ဖြစ် ရေပါတာ အဓိက” ဆိုပေမယ့်လည်း သယ်လာပုံ သယ်လာနည်းကလည်း အရေးကြီးတယ်ဆိုတာကို တွေးမိတယ်။ သောက်ရေခပ်ခိုင်းတာကို သုံးပြီးသား မိလ္လာအိုးနဲ့ ခပ်လာခဲ့တယ်ဆိုပါစို့။ သောက်ရမယ့်လူက ဘယ်သတီနိုင်ပါဦးတော့မလဲ။ ခပ်လာတဲ့ ရေလည်း မသန့်ရှင်းတော့ဘူးပေါ့။ သယ်ယူပုံ သယ်ယူနည်းကြောင့် သောက်ရေရဲ့ အရည်အသွေး ပျက်စီးသွားတယ်လို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ ကျနော်ပြောချင်တဲ့အကြောင်းအရာနဲ့ မဆိုင်လှပေမယ့် ကျနော့်အသိ တိရိစ္ဆာန်ဆေးကုဆရာဝန်တချို့ ကျောင်းသားဘဝ ကွင်းဆင်းစဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတခုကို ဖောက်သည်ချပါရစေဦး။

တခါက တိ၊ကု ကျောင်းသားတစုဟာ မြို့ပြနဲ့ ဝေးလံသီခေါင်လှတဲ့ ကျေးလက်တောရွာတွေမှာ သွားရောက် ကွင်းဆင်းပြီး ကျွဲနွား၊ တိရိစ္ဆာန်တွေနဲ့ ပတ်သက်လို့ စစ်တမ်းကောက်တာတွေ၊ ကျွဲနွားကျန်းမာရေးကွင်းဆင်းကုသတာတွေ၊ ပညာပေးတာတွေ လုပ်ရသတဲ့။ အဲဒီခေတ်က တောရွာဓလေ့ ဖော်ရွေတတ်ကြတော့ ကျောင်းသားကျောင်းသူတွေ မပြန်ခင် ညနေဖက်မှာ ရွာထဲက အိမ်တအိမ်က ထမင်းဖိတ်ကျွေးသတဲ့။ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာ၊ ချက်ထားတာကလည်း ဖောဖောသီသီ၊ အိမ်ရှင်တွေကလည်း သဘောကောင်းဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေလည်း စားကြတာ ခေါင်းမဖော်ဘူးပေါ့။

“အားမနာနဲ့၊ စားသာစားပါ ဆရာမလေးတို့။ ထမင်းကုန်ရင်လည်း ထပ်ယူပါနော်”

“အို….စိတ်သာချ။ ယူမှာ အစ်မကြီး။ ပန်းကန်ထဲမှာ ကုန်တာနဲ့ ယူပြီပဲ”

အဲ…. တကယ်တမ်း ထမင်းကုန်လို့ ထပ်ယူမယ် လုပ်တဲ့အခါ အင်မတန် စိတ်ကသိကအောက် ဖြစ်စရာ အဖြစ်အပျက်နဲ့ ကြုံရတော့တာပါပဲ။ ဘာလဲဆိုတော့ ထမင်းလိုက်ပွဲထည့်လာတဲ့ ထမင်းအုပ်က လူမမာတွေ သုံးတတ်တဲ့ မိလ္လာအိုးကြီးဖြစ်နေပါသတဲ့။ ထမင်းထပ်ယူမယ့် ကျောင်းသားတွေလည်း လက်တွန့်သွားတာပေါ့။ အိမ်ရှင်က…

“အသစ်ကြီးပါ ဆရာမတို့ရယ်။ ဝယ်လာပြီး တခါမှ မသုံးရသေးပါဘူး။ ဘုရားစူးရပါစေရဲ့။ အိမ်မှာ ထမင်းလိုက်တဲ့ ကြွေအုပ် မရှိလို့ပါ”……. လို့ ပျာပျာသလဲ ပြောရှာပါသတဲ့။

ကျောင်းသားတွေကလည်း အိမ်ရှင်ပြောတာကိုတော့ ယုံပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ အသစ်ကြီးပါ ဆိုပေမယ့်လည်း ဘာကြီးမှန်းသိနေတော့ စားရမှာ မသတီဘူးပေါ့။ အဲဒီမှာ စောစောက “ထပ်ယူမှာ၊ စိတ်သာချ” ပြောထားတဲ့ ကျောင်းသားကျောင်းသူတွေလည်း အိမ်ရှင်ကို အားနာတော့ အီလည်လည်နဲ့ပဲ ထမင်းထပ်ယူကြရသတဲ့။ ဒါပေမယ့် အဲဒီအဖြစ်အပျက်က သူတို့ သူငယ်ချင်းတွေအကြားမှာ နောက်ကြုံတိုင်း ပြန်ပြောပြီး ရယ်မောစရာ အဖြစ်အပျက်ကြီးတခု ဖြစ်သွားတော့တာပေါ့။

ဒါတောင်မှ တကယ်မသုံးရသေးတဲ့ မိလ္လာအိုးနော်။ ကျနော့်ဘ၀မှာ အဲသည်လို သူ့နေရာနဲ့ သူမဟုတ်ဘဲ ထော်လော်ကန့်လန့် လုပ်တဲ့ အဖြစ်မျိုးကြုံရရင် နားထဲမှာ “အသစ်ကြီးပါ ဆရာမတို့ရယ်။ တခါမှ မသုံးရသေးပါဘူး” ဆိုတဲ့ စကားကို ပြန်လည်ကြားယောင်ပြီး ရယ်ချင်စိတ်နဲ့ အူထဲမှာ ကျလိကျလိ ဖြစ်ရပါတယ်။ (ဒီထမင်းအုပ်ကိစ္စက အချပ်ပိုပါ။)

စောစောက ပြောခဲ့တဲ့ ရေသယ်တဲ့ ကိစ္စကနေ နောက်တဆင့်တက်စဉ်းစားပြန်ရင် လူ့လောကမှာ လူတွေကို အကျိုးရလဒ်ပဓာန၀ါဒီတွေနဲ့၊ လုပ်ရပ်ပဓာန၀ါဒီတွေလို့ အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားရမယ်ထင်ပါရဲ့။

ပထမတမျိုးက ဘယ်နည်းပဲသုံးသုံး အကျိုးရလဒ်ကောင်းဖို့သာ ပဓာန ဆိုတဲ့လူမျိုးတွေပဲ။ ဒီလူမျိုးတွေဟာ လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ ဘယ်လမ်းကသွားရသွားရ သင့်တော်တယ်၊ တရားတယ်၊ မှန်ကန်တယ်လို့ ယူဆတတ်ကြတယ်။

ဒုတိယတမျိုးကတော့ ပန်းတိုင်ကို သွားရာလမ်းတလျှောက်မှာ လုပ်ရပ်တခုချင်းဟာ ကောင်းမွန်တဲ့လုပ်ရပ်လား၊ မှန်ကန်တဲ့လုပ်ရပ်လား၊ သင့်တော်တဲ့ လုပ်ရပ်လား၊ တရားတဲ့ လုပ်ရပ်လား စတဲ့အချက်တွေကို ဦးစားပေးတယ်။ လုပ်ရပ်တခုချင်းကောင်းခဲ့ရင် အဆုံးသတ်ရလဒ်လည်း မုချကောင်းမယ်လို့ သူတို့ ယုံကြည်ကြတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် အဆုံးရလဒ်ဟာ မျှော်လင့်သလို ဖြစ်မလာခဲ့ရင်တောင် လုပ်ခဲ့သမျှတွေဟာ မှန်ကန်ခဲ့တဲ့အတွက်၊ တရားမျှတမှုရှိခဲ့တဲ့အတွက် ဖြေသာတယ်လို့ ယူဆကြပါတယ်။

အဲဒီနှစ်မျိုးနှစ်စားမှာ ပထမအမျိုးအစား (အကျိုးရလဒ်ပဓာနဝါဒ)ဟာ အစွန်းရောက်စွာ ကျင့်သုံးလာရင် လူ့လောကအတွက် အန္တရာယ်ကြီးမားတယ်လို့ ကျနော်ယူဆပါတယ်။

အချို့သော အမှုကိစ္စတွေမှာ နည်းလမ်းတမျိုးထက် ပိုသုံးနိုင်ပြီး နည်းလမ်းတွေအနေနဲ့လည်း ကောင်းခြင်းဆိုးခြင်း ခွဲခြားစရာမလိုတဲ့ နည်းလမ်းမျိုးတွေ ရှိပါတယ်။ ဥပမာ…. ပန်းကန်ထဲက ကျောက်ကျောတုံးလေးကို ဇွန်းနဲ့ပဲ ကော်စားစား၊ ခက်ရင်းနဲ့ပဲ ထိုးစိုက်ပြီးစားစား၊ ဒါမှမဟုတ် သွားကြားထိုးတံလို တုတ်တံလေးနဲ့ ထိုးပြီးစားစား၊ လက်နဲ့ပဲ ကောက်စားစား ဘယ်နည်းနဲ့ စားစား သိပ်အရေးမကြီးလှပါဘူး။ ဘယ်နည်းက ပိုသင့်လျော်တယ်လို့ အထူးတလည် ဝိဝါဒ ကွဲပြားနေစရာမလိုပါဘူး။ ဒါတောင်မှ ကိုယ်ရောက်နေရာ လူမှုပတ်ဝန်းကျင်ကို သတိပြုသင့်ပါသေးတယ်။ ကိုယ်တယောက်တည်း စားနေတာ ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။

ဒါပေမယ့် တချို့ကိစ္စရပ်တွေမှာတော့ နည်းလမ်း (သို့မဟုတ်) လုပ်ရပ်ဟာ ရလဒ်ထက် ပိုမို အရေးကြီးနေတတ်ပါတယ်။ ဥပမာ…. စာမေးပွဲဖြေတဲ့ ကိစ္စ ဆိုပါစို့။ စာမေးပွဲဆိုတာ လူတယောက်ရဲ့ အရည်အချင်းကို စစ်ဆေးတဲ့ ဖြစ်စဉ်တခုပဲ။ အဲဒီ စာမေးပွဲဖြေဆိုခြင်းဖြစ်စဉ်မှာ စာမေးပွဲအောင်ခြင်းဆိုတာဟာ အကျိုးရလဒ်ကောင်းတခု ဆိုပါစို့။

အဲဒီရလဒ်ကို ရအောင် ကြိုးစားရာမှာ နည်းလမ်းအမျိုးမျိုးရှိမယ်။ တနည်းက ကိုယ်ဖြေဆိုရမယ့် ဘာသာရပ်ကို ကျေကျေညက်ညက် နားလည်အောင် စေ့စေ့ငုငု ကြိုးစားလေ့လာထားမယ်။ နောက်တနည်းက သိပ်နားမလည်ပေမယ့် ဘာမေးမေး ဖြေနိုင်အောင် ကြက်တူရွေးကျက် ကျက်ပြီး အာဂုံဆောင်ထားမယ်။ နောက်တနည်းက စပေါ့တ်ရိုက်ပြီး ရွေးကျက်မယ်။ နောက်တနည်းက စာမေးပွဲခန်းထဲမှာ ခိုးချမယ်။ နောက်တနည်းက ဆရာဆရာမကို လာဘ်ထိုးပြီး မေးခွန်းကို ကြိုသိအောင် လုပ်ထားမယ်။

အဲဒီအထဲမှာ စပေါ့ရိုက်တဲ့နည်း (ရွေးကျက်တဲ့နည်း)က လွဲလို့ ကျန်တဲ့နည်းအားလုံးဟာ စာမေးပွဲအောင်မြင်ခြင်းဆိုတဲ့ တူညီတဲ့ ရလဒ်ကို ရနိုင်ကြတယ်။ ဒါပေမယ့် ပထမဆုံးနည်းက လွဲရင် ကျန်တဲ့နည်းအားလုံးမှာ အနှစ်သာရ ကင်းမဲ့နေတယ်။ ဘာကြောင့်လဲ။ စာမေးပွဲဟာ လူတယောက်ရဲ့ နားလည်မှု (သို့မဟုတ်) ကျွမ်းကျင်မှု (သို့မဟုတ်) အရည်အချင်းကို စစ်တာဖြစ်လို့ ကျန်တဲ့နည်းလမ်းတွေကို သုံးခဲ့တဲ့လူဟာ စာမေးပွဲတော့ အောင်ချင်အောင်မှာ ဖြစ်ပေမယ့် သက်ဆိုင်ရာ ဘာသာရပ်မှာ အရည်အချင်းရှိသူတယောက်တော့ ဖြစ်မလာနိုင်ပါဘူး။ တနည်းပြောရရင် အဲဒီလူရဲ့ အောင်မြင်ခြင်းမှာ တန်ဘိုး ကင်းမဲ့နေတယ်။ အနှစ်သာရ ကင်းမဲ့နေတယ်။ အဲဒီလို မကောင်းတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ မိဘကိုယ်တိုင်က အားပေးအားမြှောက်ပြုခဲ့တယ်ဆိုရင် အဲဒီမိဘဟာ ကိုယ့်သားသမီးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တယ်။ မိမိရင်သွေးကို လူညံ့ကလေးဖြစ်အောင် ပြုစုပျိုးထောင်ပေးလိုက်တာနဲ့ အတူတူပဲ။

ဒါက ဥပမာ တခုပဲ ရှိသေးတယ်။ အဲဒီလို ရလဒ်ပဓာန၀ါဒီတွေကြောင့် အလားတူ ဖြစ်ပေါ်လာနိုင်တဲ့ အခြားဥပမာတွေပေးရရင်….

ကစားပွဲမှာ နိုင်ရင်ပြီးရော…. လူချပြီး ကစားရ၊ ကစားရ။ ညစ်ပြီး ကစားရ ကစားရ… ဆိုတဲ့ အားကစားစိတ်မရှိတဲ့ အားကစားသမားတွေ ပေါ်ပေါက်လာနိုင်တယ်။

စီးပွားရှာရာမှာလည်း ချမ်းသာရင်ပြီးရော… ဘယ်နည်းသုံးရ သုံးရ…. ဆိုတဲ့ ဝိသမလောဘသားတွေ ပေါ်ပေါက်လာတယ်။

နိုင်ငံကို အုပ်ချုပ်ရာမှာလည်း…..အာဏာရရင်ပြီးရော။ ဘယ်နည်းလမ်းသုံးရ…သုံးရ ဆိုတဲ့ အာဏာရှင်တွေ ပေါ်ပေါက်လာပါတယ်။ နအဖကို သတိရကြပါ။

ဒီလောက်ဆိုရင် အကျိုးရလဒ်ပဓာန၀ါဒီတွေကြောင့် လောကကြီး ဘယ်လောက် ကမောက်ကမ ဖြစ်နေရတယ်ဆိုတာကို ရှင်းလင်းလောက်ပြီလို့ ထင်ပါတယ်။

အလားတူပဲ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီရရင်ပြီးရော…. ဘယ်နည်းကို သုံးရသုံးရ ဆိုတဲ့လူမျိုးတွေပေါ်လာပြန်ပါတယ်။

ဒီမိုကရေစီရဖို့ ဘယ်နည်းပဲသုံးရသုံးရဆိုတဲ့ အယူအဆကို ကျနော့်အနေနဲ့ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ ပန်းတိုင်ရလဒ်ဆိုတာထက် နည်းလမ်းလို့ ပြောရင်ပိုမှန်မယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ လူအများစုက ဒီမိုကရေစီနည်းကျတဲ့ အပြုအမူတွေကို မကျင့်သုံးသရွေ့ အဲဒီ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီမထွန်းကားနိုင်ပါဘူး။ တခုတော့ ရှိတယ်။ ဘာစနစ်ဖြစ်ဖြစ် အရေးမကြီးဘူး။ နအဖ ပြုတ်ကျရင်တော်ပြီ ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် မကဲဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နေတဲ့လူတွေဟာ ဒီမိုကရေစီစနစ်ကို ယုံလည်းယုံကြည်ရမယ်။ ကိုယ်တိုင်လည်း လက်တွေ့ ပြုမူကျင့်ကြံ နေထိုင်ပြောဆို ပြကြရမယ်။ ဒီလိုမှ မဟုတ်ရင် ပါးစပ်က ဘုရားဘုရား။ လက်က ကားယား ကားယား ဆိုတာလို အဲဒီနိုင်ငံရေးခေါင်းဆောင်ဆိုသူတွေအပေါ်မှာ ယုံကြည်မှု တစထက်တစ လျော့ပါးသွားပါလိမ့်မယ်။

ဒီအကြောင်းတွေကို ပြောကြရင် ဗိုလ်ချုပ်အောင်ဆန်းတုန်းကလည်း လွတ်လပ်ရေးရဖို့ ဖက်ဆစ်နဲ့တောင် ပေါင်းခဲ့ရတာမဟုတ်ပါလားလို့ တချို့က မေးကြတယ်။ ဒီမေးခွန်းဟာ မတူညီတဲ့အရာတွေကို ရောထွေးစဉ်းစားရာက ပေါက်ဖွားလာတဲ့ မေးခွန်းလို့ မြင်ပါတယ်။

နယ်ချဲ့လက်အောက်က တိုင်းပြည်လွတ်လပ်ရေးရဖို့အတွက် ကွန်မြူနစ်နဲ့ပေါင်းပေါင်း၊ အရင်းရှင်နဲ့ပေါင်းပေါင်း စနစ်က အရေးမကြီးလှဘူး။ ဥပမာ… အခုနေ မြန်မာပြည်ကို ယိုးဒယားကနေ ကျူးကျော်ရန်စ တိုက်ခိုက်လာတယ်ဆိုပါတော့။ ကျနော်တို့အနေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် ယိုးဒယားကို ခံတိုက်ရမှာပဲ။ အဲဒီအချိန်မှာ ကွန်မြူနစ်တရုတ်ကပဲ ကူညီကူညီ၊ ဒီမိုကရေစီ အိန္ဒိယက ကူညီကူညီ၊ ရတဲ့ အကူအညီကို ယူရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲဟာ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲ။ စနစ်တခုပြောင်းလဲဖို့ တိုက်ပွဲမဟုတ်ဘူး။

ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဖက်ဆစ်တွေကို ပေါင်းမိတာ မှားပြီဆိုတာ သူအစောကြီးကတည်းက ချက်ချင်းသိတယ်။ မြန်မာပြည်ထဲ ပြန်ဝင်လာကတည်းက ပြန်ချဖို့ တပါတည်း စီစဉ်တော့တာပဲ။ ဗိုလ်ချုပ်ရဲ့ဘ၀ဖြစ်စဉ်ကို လေ့လာကြည့်ရင် နောက်ပိုင်းမှာ ဒီမိုကရေစီနည်းနာတွေကို အားပေးတယ်၊ ကျင့်ကြံတယ်၊ ပြုမူတယ်ဆိုတာတွေကို အထင်အရှား တွေ့နိုင်ပါတယ်။ ပြန်ချုပ်ရရင် တိုင်းပြည်ကို တိုင်းတပါးလက်အောက်က လွတ်လပ်အောင် တိုက်ခိုက်ရာမှာ စနစ်က ပဓာနမကျခဲ့ဘူး။ ကွန်မြူနစ်ဆီက အကူအညီယူသည်ဖြစ်စေ၊ အရင်းရှင်ဆီက အကူအညီယူသည်ဖြစ်စေ လွတ်လပ်ဖို့သာ ပဓာနဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုလို တိုင်းပြည်ကို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာတော့ သုံးချင်တဲ့ နည်းကို သုံးလို့ မဖြစ်ဘူး။ ဖြစ်စဉ်နှစ်ခုဟာ သဘောသဘာဝ လုံးဝမတူခြားနားနေတယ်။

ကျနော့်မိတ်ဆွေတယောက် ပြောဖူးတဲ့ စကားကို ကိုးကားရမယ်ဆိုရင်…. “အိမ်တအိမ်မီးလောင်နေရင် ရေသန့်နဲ့ပက်ပက်၊ သဲနဲ့ ပက်ပက်၊ ဗွက်နဲ့ပက်ပက်၊ မြောင်းပုပ်ထဲက ရွှံ့ပုပ်နဲ့ ပက်ပက် ကိစ္စမရှိဘူး။ မီးလောင်တဲ့ အိမ်ကို မီးငြှိမ်းသတ်တဲ့ ကိစ္စမှာ တရားမျှတဖို့မလိုဘူး၊ တန်ဘိုးတွေ စောင့်ထိန်းနေဖို့မလိုဘူး။ (ဒါတောင် အိမ်ထဲမှာ ပီကာဆိုပန်းချီကားလို အဖိုးတန်ပန်းချီကားတွေ ရှိနေလို့ အဲဒီလို တန်ဘိုးရှိတာတွေကို မပျက်စီးစေချင်ရင် ရွှံ့ပုပ်နဲ့ ပက်မယ့်ကိစ္စကို နှစ်ကြိမ်ပြန်ပြီး စဉ်းစားသင့်သေးတယ်။) ဒါပေမယ့် မြန်မာ့ဒီမိုကရေစီအရေးကို မီးလောင်နေတဲ့ အိမ်နဲ့ နှိုင်းတာကတော့ အင်မတန် ရိုးစင်းလွန်းတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းမှာ တိကျတဲ့ နည်းလမ်းတော့မရှိဘူး။ ဒါပေမယ့် တိကျတဲ့ ဝိသေသလက္ခဏာတွေတော့ ရှိတယ်ဗျာ”….တဲ့။

ကျနော် သူ့စကားကို အရမ်းကြိုက်တယ်။ ဒီမိုကရေစီစနစ်ကို ဘယ်နည်းနဲ့သွားရ သွားရ အရေးမကြီးဘူး၊ ရောက်မယ်လို့ တွေးထင်တဲ့လူတွေဟာ နအဖရဲ့ တွေးခေါ်ပုံနဲ့ ဘာမှ မခြားနားဘူးဆိုတာကို သွားတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ နအဖ စစ်အစိုးရကလည်း သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း စည်းကမ်းရှိသော ဒီမိုကရေစီတို့၊ မြန်မာ့အမျိုးသားယဉ်ကျေးမှုနှင့် ကိုက်ညီသော ဒီမိုကရေစီတို့ စသဖြင့် အဲဒီလမ်းကြောင်းတွေအတိုင်း သွားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ “အဲဒီနည်းနဲ့ ရောက်မယ်ထင်ရင် အသာမှိန်းပြီး လိုက်သွားကြပေါ့။”…လို့ တိုက်တွန်းရမလို ဖြစ်နေပါတယ်။

“ဟာ….နအဖဆိုတာက ယုတ်မာတဲ့အကောင်တွေကွ၊ ဒီကောင်တွေက ဒီမိုကရေစီကို တကယ်သွားချင်တာမဟုတ်ဘူး။ ဒီအကောင်တွေမို့ မယုံကြည်နိုင်တာ။ ကျန်တဲ့လူတွေက ဒီလောက်မဆိုးဘူး”…လို့လည်း လာမပြောပါနဲ့။ နအဖကလည်း သူ့ပါးစပ်ကတော့ ကျနော်တို့လိုပဲ ဒီမိုကရေစီကို သွားချင်ပါတယ်လို့ တချိန်လုံးပြောနေပါတယ်။ ဦးသန်းရွှေ တနှစ်တခါပြောတဲ့ မိန့်ခွန်းတွေထဲမှာလည်း ပါတယ်။ ဒါပေမယ့် နအဖကို ဘာလို့မယုံကြည်ရသလဲ။ နအဖ အတိတ်ကလုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ အခု ပစ္စုပ္ပာန်မှာ လုပ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ပြီး၊ သူတို့လုပ်ရပ်တွေရဲ့ ဝိသေသလက္ခဏာတွေကြည့်ပြီး ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့အတွက် မယုံကြည်နိုင်တာပေါ့။

လူတွေဆိုတာ ကိုယ်တွေးကြံသမျှ အတွေးတွေ၊ ကိုယ်ပြုသမျှ လုပ်ရပ်တွေ၊ ကိုယ်ပြောသမျှ အပြောအဆိုတွေကနေ ကိုယ့်သဘာဝကို အမြဲ ပြန်လည် ထုဆစ်နေတယ်ဆိုတာ သတိပြုမိပါတယ်။။ ဒီကနေ့ ဒီမိုကရေစီနည်းလမ်းတွေ၊ အကျင့်အကြံတွေကို ကိုယ်တိုင်မလိုက်နာနိုင်တဲ့သူ၊ လူ့အခွင့်အရေးကို ကိုယ်တိုင် လေးစားရကောင်းမှန်းမသိသူတွေဆိုရင် ဒီမိုကရေစီဘက်တော်သားပါလို့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ၊ ဘယ်လောက်ပဲ မျိုးချစ်စိတ်ရှိတယ်လို့ ပြောနေပါစေ၊ ဒီလူတွေကို ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။ အခု အာဏာမရသေးခင်မှာတောင် ဒီလောက် စည်းကမ်းမဲ့တာ။ ဒီလောက် ကိုယ့်အလိုဆန္ဒကိုယ် မချုပ်တည်းနိုင်တာ။ ဒီလောက် အကြမ်းဖက်ဝါဒကို နှစ်ခြိုက်တာ။ အာဏာရပြီးရင် နအဖထက် ဆယ်ပြန်လောက် ဆိုးနိုင်တယ်ဆိုတာ တွေးကြည့်ယုံမျှနဲ့ သိနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ကို လေးစားကြတယ်ဆိုတာ သူတို့ဟာ သူတို့ ယုံကြည်သက်ဝင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ Principle ကို ဘယ်လိုအကြောင်းပြချက်နဲ့မှ မချိုးဖောက်ခဲ့ဘူး။ သူတို့ ယုံကြည်သက်ဝင်တဲ့ တန်ဘိုးတွေကို ဘယ်တော့မှ ပစ်မချခဲ့ဘူး။ အခုထိလည်း မြဲမြဲမြံမြံ စွဲကိုင်ဆဲပဲ။ ဒါကြောင့်မို့ သူတို့ကို အခုအချိန်အထိ ကျနော်တို့ ယုံကြည်တယ်။ လေးစားတယ်။

ဗုဒ္ဓဘာသာမှာလည်း လေနာထနေတဲ့ ရဟန်းကြီးတပါးကို လေနာသက်သာအောင် မွန်းလွဲအစာစားဖို့ တိုက်တွန်းတဲ့အခါ “ငါ့ကိုယ်ထဲကအူတွေ အစာဆာလို့ ငါ့ကိုယ်အပြင်ဖက်ကို ထွက်ပြီး အစာရှာချေဦးတော့၊ ငါကတော့ စည်းကမ်းကို မဖောက်ဖျက်နိုင်ပါ” ဆိုတာမျိုးပြောပြီး အစာမစားပဲ နေခဲ့တာရှိတယ်။ အဲဒီလို အသက်နဲ့လဲပြီး သံမဏိစည်းကမ်းရှိသူတွေကို ကျနော်လေးစားတယ်။ ပျော့ချည်ပျောင်းချည် ဖယောင်းစည်းကမ်းသမားတွေကိုတော့ မယုံစားဝံ့ဘူး။ အိုင်းစတိုင်းကလည်း ပြောခဲ့ဘူးတယ်လေ။ အသေးအဖွဲမှာတောင် မယုံကြည်ရတဲ့လူတွေကို ကြီးကြီးမားမားကိစ္စတွေမှာ သာပြီးတော့တောင် မယုံကြည်သင့်ဘူးဆိုတာကိုပေါ့။

ဒီတော့ ကိုယ်လုပ်သမျှအလုပ်(ကံ)ဟာ ကိုယ့်ပုံရိပ်၊ ကိုယ့်သဘာဝနဲ့ ကိုယ့်လားရာကို ထုဆစ်နေတာ လူတိုင်း သတိပြုသင့်ပါတယ်။ ညောင်ပင်စိုက်ပြီး ပန်းသီးစားချင်လို့တော့ မဖြစ်ချေဘူး။ ညောင်ပင်စိုက်ရင် ညောင်သီးပဲ စားရမှာပေါ့။ ညောင်ပင်စိုက်ပြီး ပန်းသီးစားရလိမ့်မယ်လို့ ထင်မှတ်နေတယ်ဆိုရင် သေသာ သေသွားမယ်။ ပန်းသီးကိုတော့ စားလိုက်ရမှာမဟုတ်။ ကံမကောင်းရင် “ညောင်ပင်တစ္ဆေ ဝေလေလေ၊ နင်ဘာသီးစား ညောင်သီးစား” ဘဝရောက်သွားနိုင်ပါကြောင်း။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs