ပိတ်ရက်မှာ တောင်တွေးမြောက်တွေးနဲ့ စိတ်ထဲဝင်လာတဲ့ ဗလောင်းဗလဲ ဖြစ်ရပ် ခြောက်ခုကို နံပါတ်စဉ်အလိုက် ရေးပြချင်ပါတယ်။ တချို့သော ဗလောင်းဗလဲဖြစ်ရပ်များဟာ လူအများရဲ့ ဘဝကို ထိခိုက်စေပြီး တချို့ဗလောင်းဗလဲကတော့ ကျနော့်တယောက်တည်းရဲ့ စိတ်ကို ထိခိုက်စေရုံမျှသာ တတ်နိုင်ပါတယ်။
(၁) နအဖရဲ့ အာဏာလွှဲပေးမယ်ဆိုတဲ့ ကတိ
ကျနော့်ဘဝမှာ ဘယ်တော့မှ မေ့ပျောက်လို့ ရမှာမဟုတ်တဲ့ ကြုံဖူးသမျှ အကြီးမားဆုံးသော ဗလောင်းဗလဲကြီး တခုပါ။ (၈ ရက် ၈ လ ၁၉၈၈) ရှစ်လေးလုံး အရေးတော်ပုံကြီးကို လက်နက်အင်အားသုံး သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းပြီး အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ခေါ်ပေးမယ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးတာနဲ့ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားကို ချက်ချင်းပြန်သွားမှာဖြစ်ကြောင်း ကတိကဝတ်တွေ ပေးခဲ့ပါတယ်။ နောက်တော့ တတိုင်းပြည်လုံးထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတဲ့အခါ စစ်ဗိုလ်ချုပ်ကြီးများဟာ သူရဲဘောကြောင်စွာ ကိုယ့်တံတွေးကိုယ်ပြန်မျိုပြီး အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒီဗလောင်းဗလဲကြောင့် လူပေါင်းများစွာရဲ့ ဘဝတွေကို ဆိုးဝါးတဲ့ အကျိုးသက်ရောက်ခဲ့တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။
(၂) ကိုပေါ ကန့်ကွက်မဲပေးခြင်း
နံပါတ်နှစ်ကတော့ ကျနော်ကိုယ်တိုင်ရဲ့ ဗလောင်းဗလဲပါ။
အဲဒီဗလောင်းဗလဲအတွက် အခုထက်ထိ စိတ်ထဲမှာ တွေးမိတိုင်း မခံချိမခံသာဖြစ်ရပါတယ်။ ဘာလဲဆိုတော့ နအဖ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုရေးအတွက် လူထုဆန္ဒခံယူပွဲလုပ်တဲ့အခါ ကျနော့်ရဲ့ မူလဆန္ဒက အဲဒီဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ ဆန္ဒပါ။ ကိုယ်တိုင်လည်း မဲသွားမပေးဘူး။ သူများတွေကိုလည်း မဲမပေးကြဖို့ တိုက်တွန်းမယ်ပေါ့။ သပိတ်မှောက်ဖို့ ဆန္ဒဖြစ်ရခြင်းရဲ့ အကြောင်းတွေထဲမှာ မဲသွားပေးခြင်းအားဖြင့် နအဖအစိုးရရဲ့ လမ်းပြမြေပုံကို တရားဝင်အောင် လုပ်ပေးရာ ကျသွားမှာကို စိုးရိမ်မိတာကတကြောင်း၊ သူတို့ ရဲ့ ဖွဲ့စည်းပုံကို လုံးဝမထောက်ခံနိုင်တာကတကြောင်း၊ နောက်ဆုံးအနေနဲ့ ဒီဆန္ဒခံယူပွဲဟာ ပွင့်လင်းမြင်သာရှိမှုနဲ့ တရားမျှတမှု လုံးဝရှိမှာ မဟုတ်တာကို သိနေတာကတကြောင်း စတဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဆန္ဒခံယူပွဲ နီးလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သွားရောက် ကန့်ကွက်မဲ ထည့်ကြဖို့ တိုက်တွန်းလာတဲ့အခါ အဖွဲ့ချုပ်ရဲ့ မူဝါဒကို ဝန်းရံရမယ်ဆိုတဲ့အသိနဲ့ ကိုယ့်ရဲ့ မူလဆန္ဒနဲ့ကြားမှာ မပြတ်မသား လွန်ဆွဲနေခဲ့ပါတယ်။ နောက်ဆုံးတော့ ကန့်ကွက်မဲသွားထည့်မိပါတယ်။ အဲဒီအတွက် နောင်တရမိပြီး စိတ်ထဲမှာ အင်မတန်လည်း မခံချိမခံသာဖြစ်ရပါတယ်။ မိမိရဲ့ မပြတ်သားမှုအတွက် အဖွဲ့ချုပ်ကို လက်ညှိုးထိုးတာမဟုတ်ပါ။ လူတွင်ပါလို့ နွားကျားကိုက်ဆိုသလို မိမိဘာသာ ဆုံးဖြတ်ချက် မပြတ်သားခဲ့ဘဲ ဗလောင်းဗလဲလုပ်ခဲ့မိတာကို ဆိုလိုခြင်းမျှသာပါ။ နောင်ဆိုရင် ဘယ်သူတွေ ဘာပြောပြော ကိုယ့်ဆန္ဒအတိုင်းပဲ ကိုယ်လုပ်ဖို့ အားခဲထားပါတယ်။ ကျနော့်ရဲ့ ဗလောင်းဗလဲလုပ်ရပ်ရဲ့ အကျိုးဆက်အတွက် တခြားသူတွေကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေမှာတော့ ကျနော့်စိတ်ကို ပြန်လည်ထိခိုက်စေခြင်းက ပိုပါတယ်။
(၃) ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးစိန်လှဦးနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း
ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းက အင်တာဗျူးမှာ ဒေါက်တာသန်းငြိမ်းက ပြောတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းဆိုတာ တကယ်တော့ သူရယ်၊ ဦးခင်မောင်ဆွေရယ်၊ နောက်ပြီးတော့ ဦးစိန်လှဦးရယ် အဓိက ရေးဆွဲခဲ့တာပါတဲ့။ အဲဒီအဆို ဟုတ်မဟုတ်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေကပဲ အတည်ပြုနိုင်မှာပါ။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နအဖအနေနဲ့ အသိအမှတ်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ဒီမိုကရေစီနဲ့မညီတဲ့ အချက်တွေကို ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ပြင်ဆင်ပေးဖို့၊ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းမှာ ပြည်တွင်းပြည်ပက လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုဖို့ စတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပါမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လို့ ဆိုထားပါတယ်။ အခုအဲဒီအချက်တွေအားလုံးကို နအဖက ဘာတခုမျှ မလိုက်လျောတဲ့အပြင် ရွေးကောက်ပွဲဥပဒေတွေထုတ်ပြီး ထပ်မံဖိနှိပ်လာတဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့၊ တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ရွှေဂုံတိုင်ကြေညာစာတမ်းကို သူတို့ရေးခဲ့တာပါလို့ ကြွေးကြော်နေတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးစိန်လှဦးတို့က “ခုတမျိုး တော်ကြာတမျိုး” ဗလောင်းဗလဲလုပ်ပြီး မျက်နှာပြောင်စွာနဲ့ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲ ဝင်ဖို့ စိုင်းပြင်းနေပါပြီ။ စကားမစပ်ကြုံလို့ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်မဲပေးခဲ့တဲ့ အင်းစိန်မဲဆန္ဒနယ် အမှတ်(၂)က ဒီချုပ် ကိုယ်စားလှယ်က ဦးစိန်လှဦးပါခင်ဗျား။ အဲဒီတုန်းက အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ သူ့ကိုမဲပေးခဲ့ရတာ ကျနော့်ထောက်ခံမဲ “သန” တယ်လို့ အခုတော့ ခံစားနေရပါတယ်။
ဒေါက်တာသန်းငြိမ်းကလည်း ဧရာဝတီအင်တာဗျူးထဲမှာ ဘယ်လောက်ထိ ဗလောင်းဗလဲ ပြောသလဲဆိုတော့… ရွှေဂုံတိုင်ကြေညာစာတမ်းက ဒီအချက် ဒီအချက်တွေကို လိုက်လျောရင် ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားမယ်လို့ပဲပြောခဲ့တာ…တဲ့။ ဒီအချက်တွေကို မလိုက်လျောရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ မပြောထားဘူး….တဲ့။ မှားပါတယ် ဒေါက်တာရယ်...ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို့သာ ပြောရမလားမသိ။ မြန်မာ့နိုင်ငံရေးမှာ ယုံကြည်စရာမကောင်းတဲ့၊ မရိုးသားတဲ့၊ ခုတမျိုး တော်ကြာတမျိုးပြောတတ်တဲ့ အတိုက်အခံနိုင်ငံရေးသမားဆိုတာရှိရင် ဒီလိုလူမျိုးပါလားလို့တောင် မှတ်သားနိုင်ဖွယ်ပါ။ သူတို့ရဲ့ ဗလောင်းဗလဲလုပ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးမှာ ဆိုးကျိုးတွေ အမြောက်အမြား ဖြစ်ပေါ်စေဦးမှာတော့ အသေအချာပါ။
(၄) စင်္ကာပူအစိုးရရဲ့ ပီအာရ် ပေါ်လစီ
လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကျော် အချိန်ကအထိ စင်္ကာပူမှာ ပီအာရ် (အမြဲတမ်းနေထိုင်ခွင့်) ကျဖို့ဆိုတာ အတော်အတန် ခက်ခဲပါတယ်။ ပီအာရ်ကျဖို့ အရည်အချင်းသတ်မှတ်ချက်တွေကို တရားဝင်ထုတ်ပြန်ကြေညာထားတာမျိုးမရှိပေမယ့် စင်္ကာပူမှာ နေထိုင်တဲ့ လုပ်သက်ကလည်း အတန်အသင့်ရှိရမယ်။ ဝင်ငွေအဆင့်အတန်းကလည်း မဆိုးရဘူး။ စင်္ကာပူက ဘွဲ့၊ ဒီပလိုမာ လက်မှတ်တခုခုကို ပိုင်ဆိုင်ရမယ်။ ရှေးတုန်းက အဲသလို ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်လောက်အတွင်းမှာ စင်္ကာပူအစိုးရက ပီအာရ်တွေကို ဖောချင်းသောချင်း ချပေးခဲ့ပါတယ်။ မြန်မာလူမျိုးတွေအကြားမှာ ဟာသ တခုတောင်ပေါ်လာတယ်။ “အိုင်စီအေ(လူဝင်မှုကြီးကြပ်ရေး၊ လဝက)အဆောက်အဦးရှေ့က လမ်းတောင် ဖြတ်မလျှောက်ရဲဘူး။ လက်ကို ဖမ်းဆွဲပြီး ပီအာရ်ချပေးလိုက်မှာ စိုးလို့” ဆိုတာမျိုးပေါ့။ အကျိုးဆက်အနေနဲ့ စင်္ကာပူမှာ လူဦးရေ အဆမတန် တိုးတက်လာပြီး ဘတ်စ်ကား၊ မီးရထား၊ စားသောက်ဆိုင်၊ အိုးအိမ် စတာတွေအားလုံးမှာ လူတွေ ကြပ်ညပ်ကုန်ပါတော့တယ်။ ဒီကြားထဲ စီးပွားပျက်ကပ်ကလည်း ဆိုက်လိုက်သေးတော့ အလုပ်လက်မဲ့နှုန်းထားမြင့်တက်လာတဲ့အခါ ဒေသခံ စင်္ကာပူနိုင်ငံသားတွေအတွက် သူတို့အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားငှားရမ်းမှု မူဝါဒကို ဝေဖန်စရာ၊ ကန့်ကွက်စရာ ဖြစ်လာတော့တာပေါ့။ အဲသည်မှာတင်ပဲ စင်္ကာပူအစိုးရရဲ့ လဝက ပေါ်လစီဟာ ချက်ချင်း ဂ ငယ်ကွေ့ကွေ့ပြီး ပီအာရ်ချထားမှုကို တင်းကြပ်လာတော့တာပါပဲ။ ဒီအထိကတော့ သူ့နိုင်ငံ၊ သူ့လိုအပ်မှုအရ ပေါ်လစီပြောင်းရတာဆိုတော့ ကိုယ်က နိုင်ငံခြားသားလည်း ဖြစ်တဲ့အလျောက် ဝေဖန်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ၊ အသိတွေထဲမှာ ပီအာရ်မိဘနှစ်ပါးကနေ (စင်္ကာပူမှာ)မွေးလာတဲ့ ကလေးကို ပီအာရ်ချမပေးတဲ့အတွက် မကြာခဏဆိုသလို အိုင်စီအေကို သွားပြီး ကလေးအတွက် Social Visit pass သက်တမ်းတိုးနေရတဲ့ လူတွေရဲ့ ဒုက္ခကို မြင်ရတဲ့အခါမှာတော့ စင်္ကာပူအစိုးရရဲ့ လဝက ပေါ်လစီ ဗလောင်းဗလဲကို မေးခွန်းထုတ်စရာ ပေါ်လာပါတယ်။ ပီအာရ်ချတာပဲဖြစ်ဖြစ်၊ တင်းကြပ်တာပဲဖြစ်ဖြစ်….လုပ်ချင်သလို လုပ်ကြပါ။ ဒါပေမယ့် ပီအာရ်မိဘနှစ်ပါးက (စင်္ကာပူမှာ)မွေးလာတဲ့ ကလေးကို ပီအာရ်ချမပေးတာကတော့ လူတွေကို အလုပ်မရှုပ်ရှုပ်အောင် သက်သက် ညစ်ရာကျနေပါတယ်လို့သာ ပြောချင်ပါတော့တယ်။
(၅) သီးလေးသီးနဲ့ ဗလောင်းဗလဲ
နံပါတ် ၅ အနေနဲ့ နာမည်ကျော် သီးလေးသီးရဲ့ ဗလောင်းဗလဲကို ပြောချင်ပါတယ်။ သိကြတဲ့အတိုင်း သီးလေးသီး မြန်မာပြည်ကထွက်လာတော့ စင်္ကာပူမှာ အရင်ဆုံးလာ ကပြ တာမို့လား။ သူတို့ရဲ့ ပတ်စ်ပို့၊ လေယာဉ်လက်မှတ် စတာတွေအားလုံးအတွက် စင်္ကာပူက စီစဉ်သူတွေ အိပ်ကပ်ထဲက အရင်းစိုက်ထုတ်ပြီး ခေါ်ကြတာပါ။ ဒီရောက်တော့ ခေါ်တဲ့လူတွေမှာ တာဝန်ရှိတဲ့အလျောက် သူတို့ သဘောထားကို အတိအလင်း ဆွေးနွေးရပါတယ်။ မြန်မာနိုင်ငံထဲကို ပြန်ဝင်ဖို့ ဆန္ဒရှိမရှိ၊ ဒုက္ခသည်ခံဖို့၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ဖို့ ရည်ရွယ်ချက်ရှိမရှိ ပေါ့။ ဒီမေးခွန်းတွေကို မေးရတာက အကြောင်းရှိပါတယ်။ တကယ်လို့ မြန်မာပြည်ထဲကို ပြန်ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ပြက်လုံးပြက်တဲ့နေရာမှာ သတိထားပြက်ဖို့အတွက်ရယ်၊ မီဒီယာတွေနဲ့ အင်တာဗျူးတဲ့နေရာမှာ စကားအပြောအဆို သတိထားဖို့ရယ်အတွက်ပါ။ ဘာကြောင့်လဲဆိုတာ့ သူတို့ ပြန်သွားဖို့ရည်ရွယ်ထားတယ်ဆိုရင် ပြည်ပက စီစဉ်သူတွေကတော့ ပြည်ပမှာ လွတ်လွတ်ကျွတ်ကျွတ် ကျန်ရစ်မယ်။ သူတို့ကတော့ ပရိသတ်အကြိုက် လိုက်ပြက်ပြီး ထောင်ထဲဝင်သွားရတယ်ဆိုတာမျိုး မဖြစ်စေလိုတဲ့အတွက် ကြိုတင်ပြီး ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးရခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူတို့ကိုယ်တိုင်က ပြန်မယ့်ရည်ရွယ်ချက်ရှိတယ်လို့ ပြောတဲ့အလျောက် စီစဉ်သူတွေကလည်း အဲဒီအချက်ကို ထည့်စဉ်းစားပြီး ပွဲဖြစ်မြောက်ရေးနဲ့ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာပါ ဂရုတစိုက် စီစဉ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း ပြည်ပပွဲစဉ်ခရီးတွေအတွင်း သီးလေးသီးဟာ မီဒီယာအင်တာဗျူးတွေအတော်များများမှာ “သူတို့ဟာ အများထင်သလို ပြည်ပမှာ ခိုလှုံခွင့် တောင်းပြီး နေမယ့်လူတွေမဟုတ်ကြောင်း၊ မြန်မာပြည်ကို ပြန်ပြီး မြန်မာပြည်သူတွေကို ဖျော်ဖြေမှာဖြစ်ကြောင်း” တလျှောက်လုံး ပြောခဲ့ပါတယ်။ ဒီစကားကို ကြားကာစကတော့ သီးလေးသီးရဲ့ သတ္တိကို လေးစားမိပါတယ်။ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေအနေနဲ့ သီးလေးသီးရဲ့ သတ္တိကို အတုယူသင့်တယ်ပေါ့လေ။ ဒါပေမယ့် ၂၀၀၈ နှစ်ဦးပိုင်းကတည်းက ထွက်လာလိုက်တဲ့ သီးလေးသီးဟာ အခုအချိန်အထိ ပြည်ပမှာပဲ ရှိနေပါသေးတယ်။ မြန်မာပြည်ကို ပြန်ပြီး မြန်မာပြည်သူလူထုကို ဖျော်ဖြေမယ်ဆိုတဲ့ သူတို့စကားဟာလည်း လေလှိုင်းထဲကလာပြီး လေလှိုင်းထဲမှာပဲ ပျောက်ပျက်သွားပုံရပါတယ်။ အမှန်ကတော့ ဘာမှ မပြောခဲ့ဘဲ ပြည်ပမှာ ဆက်လက်နေထိုင်တယ်ဆိုရင်လည်း သူတို့ကို ဘယ်သူကမှ ဘာမှ ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ပြန်ဖို့ ဆန္ဒလည်း မရှိဘဲ ဘာကြောင့် အဲသည်လို ပါးစပ်ကနေ ဗလွတ်ရွှတ်တွ ပြောထွက်ခဲ့သလဲဆိုတာ သီးလေးသီးကိုယ်တိုင်မှအပ အခြားသူကတော့ သေသေချာချာ သိနိုင်မှာ မဟုတ်ပါဘူး။
(၆) မေငြိမ်းရဲ့ ဗလောင်းဗလဲ
မေငြိမ်းဆိုတာက စာရေးဆရာမ၊ တက္ကသိုလ်ဆရာမဟောင်း၊ ဘလော့ဂါ ဒေါ်မေငြိမ်းပါ။ ဆရာမမေငြိမ်း ဘလော့ဂ်ရေးခဲ့တဲ့ တလျှောက်လုံးမှာရော၊ ပြည်ပက အင်တာနက်မဂ္ဂဇင်းတွေမှာ ရေးတဲ့ စာတွေကို ဖတ်မိသမျှလိုလိုကို အခုအချိန်အထိ ကျနော်နှစ်ခြိုက်ခဲ့တာတွေချည်းပါ။ (သူကိုယ်တိုင်က သူ့ကိုယ့်သူနိုင်ငံရေးသမားလို့ မခံယူပေမယ့်) သူ့ဘလော့ဂ်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ သူ့ခံစားချက်၊ သူ့အယူအဆ၊ သူ့အမြင်တွေကို ရေးတဲ့အခါတိုင်း ကျနော်နဲ့ ထပ်တူကျလွန်းလို့၊ နှစ်သက်လွန်းလို့ ကွန်မင့်ကဏ္ဍမှာ မကြာခဏဆိုသလို သွားရောက်ထောက်ခံရေးသားလေ့ရှိပါတယ်။ အဲသည်လို ထောက်ခံလွန်းလို့ နအဖ ဘက်တော်သားဖြစ်ဟန်တူတဲ့ သူများနဲ့ မေငြိမ်းကိုလည်း မုန်းတီးဟန်တူတဲ့ သူများက “ကိုပေါ… ခင်ဗျား သူ့ကို ဘလိုင်းကြီး ပင့်မနေနဲ့” ဆိုတဲ့ ကွန်မင့်မျိုး အရေးခံရတဲ့အထိပါပဲ။
ဒါပေမယ့် ဆရာမမေငြိမ်း ဘလော့ဂ်မှာ ကျနော့်စိတ်ကို ထိခိုက်စေတဲ့ ဗလောင်းဗလဲတခု ဖြစ်ခဲ့တယ်။ အဲသည် ဗလောင်းဗလဲက တခြားသူတွေကိုတော့ ထိခိုက်ချင်မှ ထိခိုက်မှာပါ။ အသေးအမွှားကိစ္စလေးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ကျနော့်စိတ်ကိုတော့ ကြီးကြီးမားမား ထိခိုက်စေပါတယ်။
ဘာလဲဆိုတော့….. အဲသည်တလောက ညီလင်းဆက်နဲ့ မေငြိမ်းတို့ “သောင်းသောင်းဖြဖြ” ဆိုတဲ့ အသုံးအနှုန်းက အစပြုလို့ ငြိကြတယ်ဆိုပါတော့။ ကျနော်က ဖေ့စ်ဘုတ်တွေ ဘာတွေအထိ တက်မဖတ်လို့ အကြောင်းစုံ မသိရပေမယ့်… အဲဒီအချိန်က ဖေ့စ်ဘုတ်သုံးသူ မဒမ်ပေါအပြောနဲ့ ကိုယ်ဖတ်မိတာတွေ ဆက်စပ်တွေးကြည့်မိတဲ့အခါ အဲသည်ကိစ္စမှာ ကျနော်က မေငြိမ်းမှန်တယ်ယူဆတဲ့အလျောက် မေငြိမ်းဖက်မှာ ရပ်ပါတယ်။ ညီလင်းဆက်ကို ကျနော်ကြိုက်တာမှန်ပေမယ့် အရာတိုင်းမှာတော့ ညီလင်းဆက်နဲ့ ကျနော်ကလည်း ထပ်တူကျတာတော့ မဟုတ်ပါဘူး။
အဲသည်လို ညီလင်းဆက်ကိစ္စက အစပြုလို့ မေငြိမ်းရေးတဲ့ ပို့စ်တွေတိုင်းမှာ မေငြိမ်းကို မလိုလားသူများက ကွန်မင့်တွေနဲ့ အကြီးအကျယ် လာရောက်တိုက်ခိုက်တာကိုလည်း ကျနော်သတိထားမိပါတယ်။ အရင်ကလည်း နအဖ ဘက်တော်သားတွေ ဒီလိုပဲ လာရောက်တိုက်ခိုက်နေကြမို့ ဆရာမမေငြိမ်းက လုံးဝ ဖြုံမှာမဟုတ်ဘူးလို့လည်း ကျနော်တွက်ဆထားပြီးသားပါ။ ဒီကြားထဲမှာ မေငြိမ်းက “ပေးသူယူသူ နောက်ဆက်တွဲ” ဆိုတဲ့ ပို့စ်မှာ ကွန်မင့်တွေနဲ့ ပတ်သက်လို့ သူမရဲ့ သဘောထားကို ပြောရာမှာ...
“နောက်တခုက လောက်လောက်လားလား ဝေဖန်တာမျိုးလည်း မဟုတ်ကြလေတော့ မှတ်သားစရာလည်း မရှိ...။ ဒီတော့ Blog စည်တယ်လို့ပဲ သဘောထားလိုက်တော့တယ်..။ ..................................................................... ....................................................................................... .......................................................... ကဲ... Comment ချင်ကြသေးသူများ... ကြိုဆိုပါတယ်ဗျားးးး” လို့ ရေးထားတာတွေ့ရတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အလေးထားသူတယောက်အနေနဲ့ ဆရာမရဲ့ သဘောထားကိုရော၊ အဝေဖန်ခံနိုင်တဲ့ စိတ်ဓါတ်ကိုပါ ပိုပြီး သဘောကျမိပါတယ်။
ဒါပေမယ့် မကြာလိုက်ပါဘူး။ ဝမ်းနည်းစရာကောင်းတာက ဆရာမဘလော့ဂ်မှာ ကွန်မင့်တွေကို ပိတ်ထားတာ တွေ့ရတော့တာပါပဲ။ ကျနော်သုံးတဲ့ ကွန်ပြူတာတွေမှာ ကွန်မင့်ဖတ်မရတာကြောင့်တော့ မဖြစ်နိုင်လောက်ဘူးလို့ တွက်ဆရတာပဲ။
ဒီကိစ္စကလည်း ပြောရရင် သီးလေးသီး အဖြစ်တုန်းကလိုပဲ။ ဘလော့ဂါ တယောက်အနေနဲ့ သူ့ဘလော့ဂ်မှာ ကွန်မင့်တွေကို ပိတ်ခြင်း၊ မပိတ်ခြင်းက သူ့လွတ်လပ်ခွင့်ပဲ။ ဆရာမမေငြိမ်းမှာလည်း သူ့ပို့စ်ထဲမှာ ရေးခဲ့ဖူးတဲ့အတိုင်း သူ့ဘလော့ဂ်ကို နည်းပညာအရ ကူညီပေးနေတဲ့ တပည့်သားချင်း၊ မိတ်ဆွေတွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ ကွန်မင့်တွေကို ပိတ်လိုက်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုတွေးရင်လည်း ရပါတယ်။ ဒါပေမယ့် ဒီဗလောင်းဗလဲက ကျနော့်စိတ်ကို ဘာကြောင့်ထိခိုက်စေသလဲဆိုတော့…. ဆရာမမေငြိမ်းဟာ မြန်မာပြည်မှာ နာမည်ကြီး စာရေးဆရာတယောက်ဖြစ်တဲ့အလျောက် စာပေစိစစ်ရေးရဲ့ ဆိုးရွားမှုကို သာမန်ဘလော့ဂါတွေထက် ပိုသိသူဖြစ်တာက တချက်၊ နောက်လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အလေးထားသူဖြစ်တယ်ဆိုတာကို ကျနော်ယုံကြည်တာက တချက်၊ နောက်ပြီး ဝေဖန်မှုကို မကြောက်ရွံ့သူ၊ စိတ်ထဲရှိတဲ့အတိုင်း အမှန်ကို မကြောက်မရွံ့ပြောရဲသူဖြစ်တယ်ဆိုတာ အတိတ်က သူမရဲ့ အပြုအမူအပြောအဆို လုပ်ရပ်တွေကတဆင့် သိနိုင်တယ်ဆိုတဲ့အချက်… စတဲ့အချက်တွေကို ကျနော်သိထားတော့ ဒီကိစ္စမှာ သာမန်ဘလော့ဂါတယောက်က ကွန်မင့်တွေကို ပိတ်လိုက်ရင် ကျနော့်စိတ်ထဲမှာ ဘယ်လိုမှ နေမှာမဟုတ်ပေမယ့် ဆရာမမေငြိမ်းက ပိတ်လိုက်တဲ့အခါ ကျနော့်အရှိုက်ကို လက်သီးနဲ့ထိုးလိုက်သလို၊ စစ်မြေပြင်မှာ ကိုယ့်ရဲ့ ရှားရှားပါးပါး တိုက်ဖော်ရဲဘော်တယောက် ကျဆုံးသွားသလို ရင်ထဲမှာ အတော်လေး အောင့်ပြီး နှမြောသတလည်း ဖြစ်မိပါတယ်။
ဒါတွေဟာ ရုံးပိတ်ရက်မှာ တောင်တွေးမြောက်တွေး လျှောက်စဉ်းစားရင်း ရင်ကိုလာမှန်တဲ့ အပြောင်းအလဲ ဗလောင်းဗလဲ ခြောက်ခု အကြောင်း ရေးပြလိုက်တာပါ။