“ကော်လာပေါ်က နှုတ်ခမ်းနီ”

ကာတွန်းငွေကြည်ရဲ့ ဟာသတခုကို သတိရမိတယ်။

တခါက လူတယောက်ဟာ စတိတ်ရှိုးပွဲ သွားကြည့်သတဲ့။ စတိတ်ရှိုးမှာ အဆိုတော်မေခလာကလည်း သူ့ရဲ့ နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ “ကော်လာပေါ်က နှုတ်ခမ်းနီ” သီချင်းနဲ့ ဖျော်ဖြေပါသတဲ့။ မေခလာသီချင်းဆိုနေတုန်းမှာ အဲဒီလူဟာ စင်အောက်ပရိသတ်တွေအကြား မိုးတိုးမတ်တတ် ရပ်ကြည့်ရင်းက တိတ်တဆိတ် ကျိတ်ပြီး လေလည်လိုက်ရောတဲ့။ (ကျနော့်လို လူစားဖြစ်မယ်။ လူကြားထဲမှာ အင်မတန် ဒုက္ခပေးချင်တဲ့လူ။)

သူလေလည် ပြီးပြီးချင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေခလာက သူရှိရာဖက်ဆီကို လက်ညိုးထိုးတဲ့ပြီး….

ကော်လာပေါ်မှာ နှုတ်ခမ်းနီ…… နင်လေ လည်တာ မိပြီ” လို့ သီဆိုလိုက်ချိန်နဲ့ တိုးသတဲ့။

အဲဒီလူ့စိတ်ထဲမှာ…. “အင်း…. ငါလေလည်တာ တိုးတိုးလေးပါ။ မေခလာက ဘယ်လိုလုပ်ပြီး သိသွားပါလိမ့်”….လို့ တွေးသတဲ့ဗျ။

လောကကြီးမှာ အဲသည်လိုပဲ… အိုးမလုံ အုံပွင့်တဲ့ ဇာတ်လမ်းလေးတွေက တခါတလေကျတော့ တော်တော်ရယ်ရပါတယ်။

ကျနော်လည်း ရမ်ဘို(၅) တို့၊ သူပုန်သုံးမျိုးတို့၊ အုတ်နီခဲများတို့၊ ပွဲသိမ်းငိုချင်း စတဲ့ ကဗျာလေးတွေကို သည်လိုပဲ အမှတ်မထင် ရေးချလိုက်ပါတယ်။ အမှန်တော့ ဒီကဗျာလေးတွေ ရင်ထဲမှာ ကိန်းအောင်းနေတာက ကြာပါပြီ။ ဘလော့ဂ်ပေါ်မှာ ချရေးဖြစ်အောင် စေ့ဆော်တဲ့အကြောင်းတရားတွေ ရှိပါတယ်။ တချို့သော လူတွေကို ရည်ရွယ်ပြီး ရေးမိတာလည်း အမှန်ပါ။

ဒါပေမယ့် ကျနော်ရည်ရွယ်သူတွေက သိတောင်မှ သိပါလေစမသိ။ (သိဖို့ မလွယ်ပါဘူး။ ကျနော့်ဘလော့ဂ်ကို သူတို့ တခါမှ လာဖတ်ပုံမရ။) သို့သော်လည်း မြန်မာ ဘလော့ဂါတယောက်ကတော့ သူ့ကို ရည်ရွယ်ရေးတယ်လို့ ထင်ရှာဟန်တူပါရဲ့။ ဆတ်ဆတ်ခါ ဆုန်ဆုန်ခွေ့ ဆွေ့ဆွေ့ခုန် နာကျည်းနေတာကို တွေ့ရတော့ ကျနော့်မှာ ငွေကြည်ဟာသကို ဖတ်ရတုန်းကလိုပဲ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့တယ်။ ယုန်ထောင်ကြောင်မိ ဆိုတဲ့အတိုင်းပါပဲ။

သူ့ခမြာ…. အတော်ထိသွားပုံရတယ်။ အခုတလော သူများဘလော့ဂ်တွေက ကွန်မင့်ကဏ္ဍမှာ သူ့ခမြာ ဘာရေးရေး အဲသည်အကြောင်းက မထွက်နိုင်ဘူးဖြစ်နေရှာတယ်။

ဆောရီးပါဗျိုး။ ခင်ဗျားကို ရည်ရွယ်တာမဟုတ်ပါဘူး။ (သက်ဆိုင်သူရေ…. မေ့အသံအား မှတ်မိပါရဲ့လားလေ။ ဟဲ…ဟဲ။)

အမှန်က ယုန်ထောင်တာပါဗျာ။ ယုန်သားက တယ်ချိုဆိုပဲ။ ကြောင်သားကတော့ ပူသတဲ့။ စားဖူးသေးဘူး။

အကျွန်..ကျွန်ုပ်၊ ယုန်တထုပ်ကို၊ ခွာဆုတ်ရေလှန်၊ ကြတ်ခိုးခံ၍၊ ပရံန၀ါ၊ ရွက်နုညှာကို၊ ၀ါးပြာထည့်ကျို၊ အိုးနားတိုနှင့်..” ဆိုတဲ့ ရှေးကဗျာလေးကိုလည်း သတိရမိပါရဲ့။ ရှလွတ်....။
Read more

“အကြံပြုသူများ”



စာပေဟောပြောပွဲတခုမှာ ဆရာဦးအောင်သင်း ပြောခဲ့ဖူးတာကို သတိရမိတယ်။

“တို့ဗမာသာကီမျိုးတဲ့….. ကြံကြံဖန်ဖန် ဘယ်လိုကနေ ဘယ်လို သာကီမျိုးဆိုပြီး အမျိုးဖမ်းတော်လိုက်သလဲမသိဘူး” ဆိုတာကို ဆရာက ရယ်စရာအဖြစ် ပြောခဲ့တာပါ။

ကျနော်သိသလောက်ဆိုရင်တော့ သာကီဝင်တွေဟာ သူတို့ ဆွေတော်မျိုးတော် အချင်းချင်းထဲမှာပဲ လှည့်ပတ် အိမ်ထောင်ပြုကြတယ်လို့ဆိုပါတယ်။ မြန်မာပြည်က ဗုဒ္ဓပွင့်ရာ နီပေါ နဲ့ နည်းနည်းလည်း ဝေးတော့ (နယ်နိမိတ်ချင်း ထိစပ်မနေတော့) တို့ဗမာသာကီမျိုး ဆိုတဲ့စကားကို နည်းနည်းတော့ ဆန်းစစ်ကြည့်ဖို့ လိုမယ်ထင်တယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုတလောတော့ တို့ဗမာသာကီမျိုး ဆိုတာကို ယုံရမလိုဖြစ်နေပြန်ပြီ။

ဒီလိုပါ….

ဒေ၀ဒတ်က သက်သတ်လွတ်စားခြင်းအပါအ၀င် အကြံပြုချက် ငါးချက်ကို ဗုဒ္ဓထံ တင်သွင်းတာကို ဖတ်လိုက်ရလို့ပါ။ (ဒီမှာဖတ်ပါ။) ဗုဒ္ဓကလည်း အဲဒီ အကြံပြုချက် ငါးချက်စလုံးကို ပယ်ချလိုက်ပါသတဲ့။

အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓနဲ့ ဒေ၀ဒတ်ဟာ သမီးယောက်ဖ တော်ကြတာမဟုတ်လား။
ဗုဒ္ဓသာသနာမှာ ကိုယ့်ယောက်ဖ နံပါတ်တစ်ဖြစ်နေတုန်း ၀မ်းသာအားရ အကြံပြုချက်တွေ၊ အခုခေတ်စကားနဲ့ပြောရရင် Populist idea တွေကို အကြံပြုတင်ပြလိုက်ပေမယ့် ဗုဒ္ဓကလည်း ကိုယ့်ယောက်ဖမို့ မျက်နှာလိုက်ပြီး လက်ခံလိုက်တာမျိုးမရှိဘဲ ပယ်ချလိုက်တာကို ဖတ်ရတယ်။ ဒေ၀ဒတ်က ဒါကို အငြိုးအတေးများ ထားလေသလားတော့မသိ။ နောက်ပိုင်းမှာ ဗုဒ္ဓကို မကောင်းကြံတာတွေတော့ အများစု သိပြီးသား ဖြစ်ရပ်တွေမို့ ဒီမှာ အသေးစိတ်ရေးမပြတော့ပါဘူး။

အဲဒီအဖြစ်အပျက်ကနေ ဘာကို သတိပြုမိသလဲဆိုတော့ အကြံပြုချက်တခုကို ပေးရင် စိတ်ပြတ်ဖို့လိုတယ် ဆိုတဲ့အချက်ကို သတိထားမိတယ်။ ဘယ်လို စိတ်ပြတ်ရမလဲဆိုတော့ မိမိအကြံပြုချက်ကို တဖက်သားက လက်မခံဘဲ ပယ်ချနိုင်တယ်ဆိုတဲ့ အချက်ကို စိတ်ထဲမှာ ရှေးဦးစွာ စွဲမြဲထားရမယ်။ ပြီးတော့ တဖက်က ပယ်ချလိုက်တဲ့အခါမှာလည်း စိတ်သဘောထားကြီးရပါမယ်။ အဲသည်လို မဟုတ်ဘဲ စေတနာနဲ့ပဲဖြစ်ဖြစ်၊ ဆတ်ဆော့ပြီးတော့ပဲဖြစ်ဖြစ်၊ ဆရာကြီးလုပ်ချင်လို့ပဲဖြစ်ဖြစ် အကြံပေးတုန်းက ပေးပြီး တဖက်က လက်မခံတဲ့အခါ မိမိအကြံပေးခဲ့တဲ့လူအပေါ်မှာ တဖက်သတ်ရန်ငြိုးဖွဲ့တာဟာ ဒေ၀ဒတ်ရဲ့ လုပ်ရပ်နဲ့ အဖြစ်ချင်းတော်တော်ဆင်ပါတယ်။

ဒီအကြောင်းကို ရေးရတာကတော့ အခု မြန်မာဘလော့ဂ်လောကမှာ၊ မြန်မာ့နိုင်ငံရေးလောကမှာ၊ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ဒေ၀ဒတ်လို လူတွေ တနေ့တခြားများလာတာကို တွေ့ရလို့ ရေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့်လဲ အပေါ်မှာတုန်းက တို့ဗမာသာကီမျိုး ဆိုတဲ့ စကားကို သဘောတူရမလို ဖြစ်နေပြီလို့ ပြောခဲ့တာပါ။

ကျနော့်ဘလော့ဂ်မှာလည်း အကြံပြုကြတဲ့ ကွန်မင့်တွေကို တွေ့ရပါတယ်။ ကျနော့်အနေနဲ့ လက်ခံနိုင်ဖွယ်ရှိတဲ့ အကြံပြုချက်တွေ ပါသလို လက်မခံနိုင်ဖွယ် အကြံပြုချက်တွေလည်း ပါပါတယ်။ အကြံပြုချက်တွေထဲက တချို့ကို လက်ခံချင်တဲ့အခါ လက်ခံတယ်။ လက်မခံချင်လျှင်လည်း ပယ်လိုက်ပါတယ်။ ဟုတ်တယ်လေ။ အကြံပြုချက်တိုင်းကို လက်ခံပါမယ်လို့ ကျနော့်ဘလော့ဂ်မှာ ကတိက၀တ်ပေးထားခဲ့တာမျိုးမှ မရှိတာဘဲ။ (ပယ်တယ်ဆိုတဲ့နေရာမှာ အယူအဆကို လက်မခံလို့ ပယ်တာပါ။ ကွန်မင့်ကို ဖျက်ပစ်ခြင်းမဟုတ်ပါ။ ကျနော့်ဘလော့ဂ်မှာ Virus link ကွန်မင့်ကလွဲလို့ ဘယ်ကွန်မင့်ကိုမှ မဖျက်ပါဘူး။)

ဒါတောင်မှ တချို့အတွေးအခေါ်ပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုဆိုလျှင် လက်မခံတဲ့အခါမျိုးဆိုရင် ကွန်မင့်ကဏ္ဍမှာ ဘာကြောင့်လက်မခံကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားပြီးမှ ပယ်ချလေ့ရှိပါတယ်။ အဲသည်မှာ ဒေ၀ဒတ်ဇာတ်လမ်းက စတော့တာပါပဲ။

အချို့သော အကြံပြုသူတွေဟာ သူတို့အကြံပြုချက်ကို လက်မခံတဲ့အခါ အနည်းနဲ့ အများတော့ အငြိုးအတေး ထားသွားကြတယ်ဆိုတာကို တွေ့ရပါတယ်။ အငြိုးအတေးထားတဲ့အကြောင်းကို ဘယ်လိုသိရသလဲဆိုတော့ ကျနော်သွားလေ့သွားထမရှိတဲ့ ဘလော့ဂ်တွေက ကွန်မင့်ကဏ္ဍတွေမှာ တခါတရံ အမှတ်မထင် သွားဖတ်ရင်းနဲ့မှ မမျှော်လင့်ဘဲ ရုတ်တရက် တွေ့ရတာမျိုးပါ။ ကျနော့်အကြောင်းကို ကွယ်ရာမှာ အတင်းတုပ်သလို ရေးထားတာမျိုးပေါ့။ တခါတလေတော့လည်း အခွင့်သာရင် ပို့စ်နဲ့ မဆီမဆိုင် အားပါးတရ ၀င်တွယ်တာမျိုးပေါ့။

အံ့သြစရာကောင်းတာက အဲဒီလူတွေဟာ ရင့်ကျက်တဲ့ အသက်အရွယ်ကို ရောက်နေပြီဖြစ်ပါလျက် ဘာကြောင့် စိတ်သဘောထား နုနေရသေးသလဲဆိုတဲ့ အချက်ကိုပါ။

အဲသည်လူတွေဟာ အခုသာ နအဖကို မကြိုက်ဘူးလို့ အော်နေတာ။ နအဖ နေရာကို ရောက်သွားရင် နအဖ အတိုင်း တသွေမတိမ်းကျင့်ကြံလိမ့်မယ်ဆိုတာ ကျနော့်စိတ်ထဲမှာ ခံစားမိနေတယ်။ အခုအခါမှာ အကြံပြုချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ သူတို့ဖြစ်ချင်တာတွေကို အဲဒီအခါကျရင် နအဖလိုပဲ “ဦးတည်ချက်တွေ၊ အခြေခံမူတွေ ” စတဲ့ ခေါင်းစဉ်တွေချမှတ်ပြီး သူတပါးကို အတင်းအကြပ် လိုက်နာစေလိမ့်မယ်။

နောက်တချက်က နအဖ နဲ့ အဲသည်လူတွေနဲ့ တူညီနေတဲ့ အချက်တခုရှိသေးတယ်။ အဲဒါက ပိတ်ပင်ရတာကို ၀ါသနာပါတာ။ သဘောထားကွဲလွဲမှု၊ အမြင်မတူမှုကို လက်မခံနိုင်တာ။ သူတို့စိတ်ထဲမှာ လူတိုင်းဟာ အမြဲတမ်း သဘောထားတိုက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကိုသာ ရှာဖွေ ရေးသားပြောဆိုနေရမယ်လို့ မှတ်ထင်လေသလားတော့မသိ။ နအဖရဲ့ စာပေစိစစ်ရေးကိုသာ အပြစ်ပြောနေကြတာ။ အဲဒီလူတွေဟာ သူတို့ ဘလော့ဂ်တွေမှာ ဆန့်ကျင်ဖက်အမြင်၊ ကွဲလွဲတဲ့အမြင်ကို ဖော်ပြမိရင် “ဖျက်သာ ဖျက်ချလိုက်” ဆိုတဲ့ စကားကို ရဲရဲကြီး ပြောထွက်တတ်တာကို တွေ့ရတယ်။

သြော်….. နောက်ဆုံးတော့လည်း “ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့”…. နအဖပြုတ်ကျသွားလည်း ဒီ… ဒေ၀ဒတ်လိုလူ၊ နအဖလိုလူတွေသာ အာဏာရသွားရင်တော့…….ဆိုတဲ့အတွေးနဲ့ မြန်မာ့ရှေ့ရေးကို ရင်လေးမိပါသေးတယ်။
Read more

“ပွဲသိမ်းငိုချင်း”



ပွဲသိမ်းတိုက်ပွဲ….
ပွဲသိမ်းတိုက်ပွဲ….
ပွဲသိမ်းတိုက်ပွဲ….
အာတွေလည်း ပြဲခဲ့ပေါ့
အသေနွှဲမယ့် သဏ္ဍာန်လို
လေထဲက ရမ်ဘိုတွေကြောင့်
အံမယ်လေး….. အရပ်ကတို့ရဲ့
ပွဲမစခင်က ဇာတ်သိမ်းရပါပေါ့လား…..
Read more

“Celebrity ကိုပေါ”

Jurong East ဘူတာကနေ IMM ကုန်တိုက်ကို လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက် လျှောက်ရတယ်။

တရက် ရုံးဆင်းချိန်မှာ မဒမ်ပေါနဲ့ ချိန်းပြီး သွားကြတယ်။ မဒမ်ပေါက ကျနော့်လက်မောင်းတဖက်ကို သူ့လက်ချိတ်ပြီး သတို့သား၊ သတို့သမီး လျှောက်သလို ဘေးချင်းယှဉ်လျက် စိမ်ပြေနပြေ လျှောက်သွားကြတာပေါ့။ နှစ်ယောက်တည်းနဲ့ ပလက်ဖောင်းပြည့်တယ်။ နောက်လူ ကျော်တက်ဖို့ မစဉ်းစားနဲ့။

ဟိုးရှေ့ခပ်လှမ်းလှမ်းက မီးပွိုင့်မရောက်မီ လမ်းချိုးအကွေ့ လူကူးမျဉ်းကျားမှာ မိန်းကလေးတယောက် လမ်းကူးနေတယ်။ အသက် ၁၈ နှစ်နဲ့ ၂၀ ကြားလောက်လို့ ခန့်မှန်းမိတယ်။

ကောင်မလေးက ကျနော်တို့ဖက်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပြုံးရင်း လက်လှမ်းပြတယ်။

သူမ ဘယ်သူလဲ ???!!!

ကျနော့်ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားတယ်။ အဖြေမထွက်ဘူး။ မဒမ်ပေါကို အသာ အကဲခတ်လိုက်တော့လည်း သူ့ကို လက်ပြတာ မဟုတ်သလိုပဲ။ ခပ်တည်တည်ပဲ။ ကောင်မလေးခမြာမှာတော့ အသေအချာ ပြုံးကြည့်ပြီးတော့ အားပါးတရ လက်ပြ နှုတ်ဆက်နေဆဲ။

ဒါနဲ့ ကျနော့်စိတ်ထဲမှာ…. “သြော်…ငါက သူ့ကို မသိပေမယ့် သူကတော့ ငါ့ကို သိလို့ ဖြစ်မှာပေါ့လေ။ ငါက ဘလော့ဂ်ပေါ်မှာလည်း ဓါတ်ပုံတင်ထားဖူးတယ် မဟုတ်လား။ ဒီတော့ ငါ့ဘလော့ဂ်ကို လာဖတ်နေကျသူတွေထဲက တယောက်ဖြစ်မယ်ထင်တယ်။”….. လို့တွေးရင်း မဒမ်ပေါ လက်ချိတ်ထားတဲ့ကြားက ညာလက်ကို အသာမြှောက်ပြီး ပြန်လက်ပြလိုက်တယ်။

ကျနော်လည်း လက်ပြလိုက်ရော… စောစောက အားပါးတရ လက်ပြနေတဲ့ ကောင်မလေးဟာ ချာကနဲ မျက်နှာကို ရှေ့ပြန်လှည့်၊ ခေါင်းကလေးငုံ့ပြီး သုတ်သုတ် သုတ်သုတ်နဲ့ မီးပွိုင့်ကို ဖြတ်ကူးသွားတော့တယ်။ ကပျာကယာလျှောက်သွားလိုက်ပုံများ နောက်ကိုလည်း တချက်မှ လှည့်ကြည့်ဖော်တောင်မရတော့ဘူး။ လူမှားပြီး လက်ပြမိတာနဲ့တူတယ်။

ချက်ချင်းပဲ။ ဘေးနားက မဒမ်ပေါဆီက ခွက်ထိုးခွက်လန် ရယ်သံတွေ ထွက်လာတယ်။ ကျနော့်မှာတော့ မျက်နှာတွေရော၊ နားရွက်တွေရော၊ နှာခေါင်းတွေရော နီမြန်း ထူအမ်းလို့ပေါ့။ ပထမတော့ ကျနော်လည်း ရောယောင်ပြီး ရှက်ရယ် ရယ်မိတယ်။ ပါးစပ်ကလည်း ယောင်ပြီး လွှတ်ကနဲ တချက် ထွက်သွားသေးတယ်။

“ကိုကို့ ဘလော့ဂ်ကို လာဖတ်တဲ့ စာဖတ်သူ အောက်မေ့လို့”

အဲဒီမှာ ပိုဆိုးသွားတယ်။ မဒမ်ပေါက…

“ဟား…ဟား….ဟား…ဟား… ကိုယ့်ကိုယ်ကို ဆယ်လစ်ဘရစ်တီ ( Celebrity ) ထင်နေသပေါ့လေ…ဟိ..ဟိ…ဟိ..ဟိ”…………တဲ့။

ပြောရင်းနဲ့ တအိအိ ရယ်လိုက်တာဗျာ… သူ့မှာ ရယ်ရလွန်းပြီး မျက်ရည်တွေထွက်၊ ဒူးတွေဘာတွေ ညွတ်လို့။ တော်တော်ဆိုးတဲ့ မိန်းမ။ ကိုယ့်ယောက်ျားကို နည်းနည်းလေးမှ ထောက်ထားညှာတာဖော်မရဘူး။ မသကာ နည်းနည်းပါးပါး မသိချင်ယောင်ဆောင်ပါတော့လား။

အဲဒီနေ့ကစပြီး…. အပြင်မှာ မသိတဲ့လူတယောက်ယောက်က ပြုံးပြနှုတ်ဆက်နေတာတွေ့ရင် ကျနော့်မှာ ပြန်ပြုံးပြဖို့ နှစ်ခါပြန် စဉ်းစားရတယ်။
Read more

“သစ်ခွပန်းကဗျာ”

မကြာသေးခင်က နအဖ ၀န်ကြီးချုပ်သိန်းစိန် စင်္ကာပူနိုင်ငံကို အလည်အပတ်လာခဲ့တယ်။ အဲသည်မှာ စင်္ကာပူအစိုးရက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုက္ခဗေဒဥယျာဉ်အတွင်းက သစ်ခွပန်းတမျိုးကို “ဒင်းဒရိုဘီယမ်သိန်းစိန်” လို့ အမည်ပေးကင်ပွန်းတပ်ခဲ့တယ်။

အဲသည်ကိစ္စနဲ့ပတ်သက်လို့ စင်္ကာပူ ဒီမိုကရက် ပါတီ (SDP)ရဲ့ အင်တာနက်စာမျက်နှာက သတင်းတပုဒ်မှာ ကျနော်ကဗျာလေးတခုရေးပြီး ကွန်မင့်ပေးခဲ့တယ်။ အဲဒါကို စင်္ကာပူက လူ့အခွင့်အရေးလှုပ်ရှားသူ Ng E-Jay က နှစ်ခြိုက်သွားပုံရတယ်။ သူ့ရဲ့ ၀က်ဆိုက်မှာ Satire and Humour အမျိုးအမည်နဲ့ ပြန်လည်ဖော်ပြထားတာကို တွေ့ရတယ်။ သူထည့်ထားတဲ့ ပုံကလေးနဲ့အတူ အောက်မှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။ ကျနော့်ကဗျာလေးကို “Orchid poetry” လို့လည်း သူက နာမည်ပေးထားလိုက်သေးတယ်။



No less than a belle as a metaphor,
Innocent in nature
Pity that unfortunate orchid in Singapore,
Named after a killer.

But the killer has no name
In heaven’s short-list
And there is no shame
In those who named the orchid.
Read more

“ရယ်ချင်ကြသူများ”

စင်္ကာပူမှာ မြန်မာဦးရေဟာ အရင်ကထက် သိသိသာသာ တိုးတက်များပြားလာတယ်။ သွားလေရာမှာ မြန်မာလို ပြောသံဆိုသံတွေ ကြားရတယ်။

သွားရင်းလာရင်း ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မြန်မာစကားပြောသံတွေ ကြားရတဲ့အခါ အထူးတလည် ဂရုစိုက်နားထောင်တာ မဟုတ်ပေမယ့်လည်း ကိုယ့်ဘာသာစကားနဲ့ ပြောနေကြတာဆိုတော့ သူ့အလိုအလျောက် ကိုယ့်နားထဲကို တိုးဝင်လာတော့တာပေါ့။

အဲဒီမှာ သတိထားမိတာ တခုရှိတယ်။

မြန်မာတွေ စကားပြောတာနဲ့ ကြုံတဲ့အခါ ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက်က အရေမရ အဖတ်မရတွေ ပြောနေကြတာပဲတွေ့ရတယ်။ တကယ်ပါ။ သွားရင်းလာရင်း မိုဘိုင်းလ်ဖုန်းပြောနေသံများကြားရင် ကိစ္စတခုကို အလေးအနက် ပြောနေတာမျိုး ကြားရခဲတယ်။ ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ မြန်မာအုပ်စုနဲ့ တိုးမိရင် ဘာမဟုတ်တဲ့အကြောင်းတွေကိုပြောပြီး တသောသော ရယ်နေကြတာကိုပဲ အမြဲလိုလို တွေ့ရတယ်။ (ကျနော်တို့ကိုယ်တိုင်လည်း လုပ်တတ်ပါတယ်။)

တချို့ကလည်း တကယ်ကို ပျော်ရွှင်နေလို့ လှိုက်လှိုက်လှဲလှဲ ရယ်မောကြတာပါ။ တချို့ကျတော့ ဘာရယ်စရာမှမပါဘဲနဲ့လည်း ပေါ့ပျက်ပျက်တွေ တောင်စဉ်ရေမရ လျှောက်ပြောပြီး အကြောင်းမရှိ တဟဲဟဲ ရယ်နေတာမျိုးတွေပေါ့။ တခါတလေကျတော့ အဲသည်တောင်စဉ်ရေမရတွေဟာ သည်းမခံနိုင်လောက်အောင် နားဆင်းရဲရတာမျိုးတွေ ရှိပါတယ်။ လူမျိုးခြားထဲမှာရော ဒါမျိုးမရှိဘူးလားဆိုတော့ ရှိတော့ရှိတယ်။ ရှားတယ်ပေါ့လေ။

နောက်တမျိုးကတော့ တချို့မြန်မာတွေ တချိန်လုံးရယ်နေတာ။ ကျနော့်အသိထဲမှာ မြန်မာမိန်းကလေးတယောက်ရှိတယ်။ လူမြင်တာနဲ့ သွားအဖွေးသားနဲ့ ရယ်ပြတော့တာပါ၊ ပြုံးပြတာမဟုတ်ဘူးနော်။ ရယ်တာ။ သူက စကားပြောရင်လည်း ရယ်ပြီး ပြောတယ်။ နားထောင်ရင်လည်း ရယ်ပြီး နားထောင်တယ်။ ရယ်တာမှ နည်းနည်းနောနော ရယ်တာမျိုးမဟုတ်။ မျက်စိပေါက်တွေ ပိတ်တဲ့အထိ ရယ်နေတတ်တာမျိုး။ မြို့ပတ်ရထားပေါ်မှာ သူနဲ့ဆုံလို့ စကားပြောကြရင် ကျနော့်မှာ စိတ်မသက်မသာဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက တချိန်လုံး ရယ်နေလို့ပေါ့။ ကြည့်ရတာ… သူငယ်ငယ်က “လူချစ်လူခင်များချင်ရင် ရယ်ပြပါ” ဆိုတဲ့ ဆုံးမစကားကို နားဝင်ခဲ့ဟန်တူတယ်။

နောက်တခါ… မြန်မာဘလော့ဂ်တွေ ပေါ်လာပြန်တော့ ဘလော့ဂါအများစုက ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ အားသန်ကြပုံရတယ်။ တချို့က ဟာသကို ဇောက်ချ ရေးသလို၊ တချို့ကလည်း ကျိုးကြားကျိုးကြား ရေးကြတယ်။

ဘလော့ဂ်ဖတ်သူအများစုကလည်း ရယ်ဖို့ မောင်းတင်ပြီး လာဖတ်ကြပုံရတယ်။

ကွန်မင့်ကဏ္ဍတွေမှာ တချက်လောက် လိုက်ဖတ်ကြည့်ပါ။

“ရယ်ရလွန်းလို့ ပါးစပ်ကြီး ဟပြီး ပြန်သွားပါတယ်”
“ပါးစပ်ကြီး ဖွင့်ပြီး ရယ်နေမိတယ်”
“ပါးစပ်ကြီး မစေ့နိုင်ဘဲ ဖတ်သွားတယ်”
“မျက်ရည်များထွက်အောင် ရယ်သွားပါတယ်”
“ဖတ်ရင်း အူနှိပ်နေရတယ်” စတဲ့ ကွန်မင့်မျိုးတွေ တွေ့ရမယ်။

မဲလ်ဘုန်းမှာ ကျောင်းတက်တဲ့ စိုးထက်ဆိုတဲ့ ဘလော့ဂါဆိုရင် လူတကာသတိထားမိလောက်အောင် ဘလော့ဂ်တိုင်းလိုလိုမှာ ရယ်နေတဲ့ သင်္ကေတလေးသက်သက် ၀င်ကွန်မင့်တတ်သေးတယ်။

ခေတ်အဆက်ဆက် မြန်မာစာပေမှာ ရယ်စရာဟာသစာပေက ရှေ့တန်းကပြေးနေတာတွေ၊ ဗီဒီယိုတွေမှာ ဟာသဇာတ်လမ်းက များနေတာတွေမှာ နအဖစိစစ်ရေးရဲ့ ပယောဂမကင်းသလို ကျနော်တို့ လူမျိုးရဲ့ ဟာသအပေါ် အလွန်အမင်း စွဲလန်းမက်မောမှုကလည်း အဓိက အကြောင်းတခုဖြစ်နိုင်ပါတယ်။

နောက်ဆုံးတော့ ကောက်ချက်ချမိလိုက်ပါတယ်။ သြော်… ငါတို့ မြန်မာလူမျိုးဟာ တယ်လဲ ရယ်မောချင်တဲ့ လူမျိုးပါလားလို့လေ။ ဒါဆို.... ရယ်တာပဲဗျာ၊ ငိုတာထက်တော့ မကောင်းပေဘူးလားလို့ မေးစရာရှိလာတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဒီလောက်ရယ်ချင်တဲ့ လူမျိုးမှာမှ ငိုချင်စရာဒုက္ခတွေ တလှေကြီး တွေ့ကြုံနေရတာကိုလည်း သတိမပြုဘဲ မနေနိုင်အောင်ပါပဲ။ ဆရာအောင်သင်းပြောတဲ့ “ရယ်စရာ မောစရာ” ဆိုတဲ့ စကားသွားသတိရမိတယ်။ ဆရာက “ရယ်စရာနောက်မှာ မောစရာ” အမြဲလိုက်လေ့ရှိသတဲ့။

အခုလည်းဖြစ်နေပုံက မြန်မာတွေဟာ လက်တွေ့ဘ၀မှာ ရင်မောစရာအဖြစ်အပျက်တွေနဲ့ ကြုံလွန်းလို့များ ရယ်မောစရာတွေကို ထွက်ပေါက်အနေနဲ့ သဘောထားပြီး တမင်သက်သက် ရှာဖွေရယ်မောချင်နေကြတာလား။ ဒါမှမဟုတ် ရယ်စရာတွေချည်းပဲ တွေးရင်းတောရင်း၊ ရယ်ရင်းမောရင်းနဲ့ လေးနက်တဲ့အကြောင်းအရာတွေကို တွေးကြံ၊ပြောဆို၊ပြုမူဖို့ မေ့လျော့သွားလေတာများလား။

“ထောင်တန်သောစကား ရယ်ပေါ့ ” ဆိုတဲ့ စကားလို အလေးအနက်ထားရမယ့် ကိစ္စတွေမှာလည်း ရယ်မောလိုက်ရုံနဲ့ ကျေနပ်သွားကြတဲ့ ကိုယ့်လူမျိုးကိုပဲ ဂရုဏာဒေါသောနဲ့ အပြစ်ဖို့ရမလား။

ဒါမှမဟုတ် “ရယ်သောသူအသက်ရှည်၏” ဆိုတဲ့အတိုင်း ဘ၀ကို ရယ်ရယ်မောမော ကျော်ဖြတ်နေနိုင်ကြတာကိုပဲ မုဒိတာ ပွားရမလား။

အေးလေ…. ရယ်တော့လည်း ရယ်ကြတာပေါ့။ လောကကြီးရဲ့ ကမောက်ကမ အဆီအငေါ်မတည့်မှုတွေကို ပင်ကိုယ်ဟာသဓါတ်ခံနဲ့ မြင်နိုင်၊ ရယ်မောနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။

ဒီလိုမဟုတ်ဘဲ မွန်းကြပ်မှုတွေ၊ မပြေလည်မှုတွေကနေ ခဏတဖြုတ်ထွက်ပြေးလွတ်မြောက်ချင်လို့ ဟာသကို မှီဝဲတာဆိုရင် အဲဒီ ရယ်ခြင်းမျိုးက ကျန်းမာရေးနဲ့ မညီဘဲ ကြာရင် ဆေးစွဲသလို စွဲလာနိုင်တယ်။ ရယ်စရာတွေ ရုတ်တရက်ပြတ်လပ်သွားပြီး လက်တွေ့လောကက အဆင်မပြေမှုတွေနဲ့သာ ကြုံတွေ့ရတဲ့အခါ ကိုယ်ခံအား နည်းလာနိုင်တယ်။

သင်ဟာ နေ့နေ့ညည ရယ်စရာတွေကို ဘလော့ဂ်တကာမှာ လိုက်ရှာဖတ်ရမှ စိတ်အဆာပြေတယ်၊ ဘလော့ဂ်ပို့စ်တွေထဲမှာ ရယ်စရာမပါရင် ကွန်မင့်တွေထဲက ရယ်စရာကို လိုက်ရှာဖတ်မယ်။ ကွန်မင့်တွေထဲမှာမတွေ့ရင် စီဘောက်စ်တွေထဲက ရယ်စရာကို လိုက်ရှာဖတ်မယ်။ ရယ်စရာမတွေ့ရင် ကတုန်ကယင်ကြီး ခံစားရမယ်။

မနက်မိုးလင်းရင် ဘလော့ဂ်တွေထဲဝင်ပြီး ရယ်စရာလေး တပက်လောက် ချလိုက်မှ နေသာထိုင်သာရှိသွားတယ်ဆိုရင် သင် ရယ်စရာရဲ့ သားကောင်ဖြစ်နေပြီ။

“Laughter is the best medicine” ဆိုပေမယ့်လည်း နေရာတကာ အလွန်အကျွံတော့ မကောင်းဘူးလို့ ယူဆမိပါတယ်။

ကာတွန်းဆရာတယောက်ရေးသလို…… အပြစ်ကင်းစွာ ရယ်မောနိုင်ကြပါစေ…. လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။
Read more

“ကိုယ့်အထုတ်ကိုယ်ထမ်း”

”ည္မမ့္လိပေးာစးုိကၾ္နုကး္မြမအ ိုကးရေ္ကတးုိတ ၊းရောကေ္မိတမာညပး္ငာစေ ္က်လးာစးဳိကႀ င္ာအေး္မက္ကဖတ င်ွတ်တတအင်ာယစ်ေညသူသ်ညလင်ျက င်ွတ်တတအ်းငာစေ“
-Wap Ok-

တိုင်းရင်းသားဘာသာစကားနဲ့ ရေးထားတာမဟုတ်ပါ။ မော်ဒန်ဖြစ်သွားအောင် အစီအစဉ် ဖျက်ရေးထားတာ။

နားမလည်တဲ့လူတွေ၊ မခံစားတတ်တဲ့သူတွေကို တာရာမင်းဝေရဲ့ “ပြိုင်မြင်းတို့ရဲ့ ခွာသံ” ကို ရှာဖတ်ပါလို့ တိုက်တွန်းလိုက်တယ်။ အဲဒါနဲ့မှ နားမလည်သေးရင် (သို့မဟုတ်) မခံစားတတ်သေးရင် ကျေးဇူးပြု၍ ကျနော့်ဘလော့ဂ်ကို နောင်ဘယ်တော့မှ မလာပါနဲ့။ ကျနော့်ဘလော့ဂ်က သာလာယံဇရပ်မဟုတ်ဘူးဗျ….ဟွန့်။

အဲ…..နှုတ်ခမ်းကောင်းလျှာပါး စာဖတ်သူကို ဘလိုင်းကြီး ရန်တွေ့နေလို့ မဖြစ်သေးပါဘူးလေ။ အမှန်အတိုင်း ရှင်းပြဦးမှ။ နို့မဟုတ်ရင် ကိုယ်ရေးချင်တာကို ရှေ့ဆက်ရေးလို့ ရမှာ မဟုတ်တော့ဘူး။

အပေါ်ကစာကို အမှန်အတိုင်း အစီအစဉ်တကျ ရေးလိုက်မယ်ဆိုရင် သည်လို တွေ့ရပါမယ်။

“စောင်းအတတ်ကို မြတ်နိုး၊ကျင်လည်သူသည် သူကျင်လည်ရာ စောင်းအတတ်တွင် တဖက်ကမ်းခတ်အောင် ကြိုးစားလျက် စောင်းပညာမတိမ်ကောရေး၊ တိုးတက်ရေးကို အစွမ်းကုန်ကြိုးစားပေလိမ့်မည်”
-Ko Paw-


အထက်ပါ ပညာရှိကြီးပြောခဲ့သည်မှာ မှန်၏။ အင်း…ကိုယ်ပြောတာပဲ….ကိုယ်မထောက်ခံလို့ ဖြစ်မလား။ ခင်ဗျားတို့ကလဲ။ ဒါနဲ့... သိပ်ပေါလို့ မဖြစ်ချေဘူး…. တော်ကြာ ကိုအင်ဒီတို့လို နောင်လာနောက်သားလေးတွေ အတုယူမှားကုန်မှာ စိုးရတယ်။

ဒါပေမယ့် စောစောက စောင်းပညာရှင်က… “မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်လို့ စောင်းအတတ်မတိမ်ကောရေးကို အစွမ်းကုန်ကြိုးစားနေပါတယ်”လို့ အသံကောင်းဟစ်လာရင် ကျနော်က အမြင်သိပ်ကတ်တယ်ခင်ဗျ။

ဘယ့်နှယ့်လဲ။ နားရှုပ်သွားလားမသိဘူး။

ကျနော်တို့ဟာ ပုဂံက ဘုရားပုထိုးတွေ၊ မြို့ရိုးတွေကို ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ထိန်းသိမ်းစောင့်လျှောက်နေကြတာမှန်ပေမယ့် တကယ့်အပြင်မှာတော့ ပုဂံခေတ်ယဉ်ကျေးမှုအတိုင်း ၀တ်စားဆင်ယင်၊ ပြောဆို၊ ပြုမူနေထိုင်ကြတာမဟုတ်ဘူးလေဗျာ။ ခေတ်အလျောက်ပဲ ၀တ်စားဆင်ယင်ကြတယ်၊ ပြုမူပြောဆိုကြတယ် မဟုတ်လား။

ဆိုလိုချင်တာက ယဉ်ကျေးမှုဆိုတာမျိုးဟာ တရားသေ ဆုပ်ကိုင်ဖက်တွယ်ထားသင့်တဲ့ အရာကြီးမဟုတ်ဘူး။ ယဉ်ကျေးမှုဆိုတာ အမြဲတစေ စီးဆင်းနေရမယ်။ တခြားယဉ်ကျေးမှုတွေနဲ့ ကူးလူးစပ်ယှက်နေရမယ်။ ရှင်သန်နေရမယ်။

မြန်မာ့ယဉ်ကျေးမှုဆိုတာ ဒီလိုကြီးပဲလို့ တရားသေ ဆုပ်ကိုင်ပြီး ယဉ်ကျေးမှုအပြောင်းအလဲကို လက်မခံရင် အဲသည် မြန်မာ့ယဉ်ကျေးမှုဟာ နောက်ကျ ကျန်ရစ်ခဲ့မယ်။ ယဉ်ကျေးမှုအသေကြီး ဖြစ်သွားမယ်။ ဆက်လက် မရှင်သန်နိုင်တော့ဘူး။

နောက်တခုက နေရာတကာကို မြန်မာ့ယဉ်ကျေးမှုဆိုပြီး နာမည်လျှောက်တပ်နေတာကိုလည်း ကြည့်မရဘူး။ ကြည့်မရရင် မျက်စိပိတ်ထားပေါ့ ဆိုရအောင်ကလည်း ကိုယ်နဲ့ပါ လာလာငြိနေတော့ မျက်စိပိတ်ထားလည်း သိနေတော့တာပေါ့။

ကျနော်တို့ ငယ်ငယ်က ဘောင်းဘီတို၊ ရှည် ၀တ်သူမရှိသလောက် ရှားတယ်။ မိန်းကလေးဆိုလည်း စကပ်ဝတ်သူရှားတယ်။ ပုဆိုး၊ ထမီပဲ ၀တ်ကြတယ်။ အဲဒီတုန်းက ဘောင်းဘီရှည်ဝတ်သူဆိုရင် လမ်းသရဲလိုလို၊ စာရိတ္တမကောင်းသူလိုလို ရောထွေးပြောကြတယ်။ ကာတွန်းတွေ၊ ကလေးဖတ်စာပေတွေမှာ ဆိုးသွမ်းလူငယ်ကို သရုပ်ဖော်ရင် ဘောင်းဘီဖင်ကြပ်နဲ့ ဂစ်တာနဲ့ တွဲပြီး သရုပ်ဖော်တတ်ကြတယ်။ တကယ်တော့ ဘောင်းဘီဝတ်ခြင်း၊ ပုဆိုးဝတ်ခြင်းဟာ လူတယောက် အကျင့်စာရိတ္တနဲ့ ဘာမှမဆိုင်။ ပုဆိုးတိုက်ပုံဝတ်ပြီး ဘိုကေလေးအကျအနဖီးပြီး ယုတ်မာနေတဲ့လူတွေ တပုံကြီး။ လူကြီးသူမရှေ့မှာ ခါးကလေးကိုင်းပြီး သွားတတ်ပေမယ့် စိတ်ဓါတ်က ယုတ်မာနေသူတွေ တလှေကြီး။ နောက်ပြီး အဲသည်လူယုတ်မာတွေကပဲ တခုခုဆိုရင် မြန်မာ့ယဉ်ကျေးမှုခေါင်းစဉ်တပ်ပြီး အသံကျယ်ကျယ်လောင်လောင် အော်ချင်ကြသေးတယ်။

ထပ်ပြောရရင်… ယဉ်ကျေးမှုဆိုတာ စီးဆင်းနေဖို့ပါ။ တိုးတက်နေဖို့ပါ။ တရားသေ ဖက်တွယ်နေဖို့မဟုတ်။ ပိတ်ပင်ဖို့မဟုတ်။ အဟောင်းတိုင်းကိုလည်း ပစ်ပယ်ဖို့မဟုတ်။

စောင်းအတတ်ကို မြတ်နိုးသူဟာ သူ့ဝါသနာအလျောက် စောင်းအတတ်ကို စိတ်တိုင်းကျ လေ့လာဆည်းပူးနိုင်တယ်။ ရွှေဘိုက ကောက်စိုက်သမ ဗုံကြီးသံတွေကို အားသန်သူက ဗုံကြီးသံတွေကို လေ့လာဖော်ထုတ်နိုင်တယ်။ ကျေးလက်တေးတွေကို ထိန်းသိမ်းချင်သူတွေကလည်း ရှာဖွေ ထိန်းသိမ်းနိုင်တယ်။

တဖက်မှာလည်း နိုင်ငံတကာက ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားသူတွေက သူတို့စိတ်ဝင်စားရာကို လွတ်လွတ်လပ်လပ် လေ့လာ အသုံချခွင့်ရှိရမယ်။ အဲ…. ဟစ်ဟော့ တေးဆိုနေတဲ့သူတွေကို သီချင်းကြီးသီချင်းခန့်သမားက သရုပ်ပျက် လို့ ခေါ်တာမျိုး၊ ဟစ်ဟော့သမားက သီချင်းကြီးသမားကို ဒိတ်အောက်နေတဲ့ ဘဲကြီးတွေ လို့ ကင်ပွန်းတပ်တာမျိုးတွေကတော့ မဖြစ်သင့်ပါဘူး။

ဝတ်စားဆင်ယဉ်မှုမှာလည်း ဒီသဘောပဲ။ စကပ်ဝတ်တာကို ကြိုက်တဲ့သူ၊ ဘောင်းဘီဝတ်တာကို ကြိုက်တဲ့လူ၊ ပုဆိုးထမီဝတ်တာကို ကြိုက်တဲ့သူ အမျိုးမျိုး ကွဲပြားနိုင်တာပဲ။ ကိုယ်ကြိုက်တာ ကိုယ်ဝတ်ကြတာကို မြန်မာ့ယဉ်ကျေးမှုပေတံနဲ့ လိုက်တိုင်းတာတော့ မသင့်လျော်ဘူးလို့ ထင်တယ်။

ဒီကနေ့လို သွားလာဆက်သွယ်ရေးလွယ်ကူချောမွေ့နေတဲ့ ခေတ်ကြီးထဲမှာ ကမ္ဘာတလွှားက ယဉ်ကျေးမှုတွေဟာ အရင်ကထက်ပိုပြီး အလျှင်အမြန် ကူးလူးရောယှက်လာကြတယ်။ သေချာတာတခုကတော့ အားနည်းတဲ့ ယဉ်ကျေးမှုဟာ အားကောင်းတဲ့ ယဉ်ကျေးမှုတရပ်ရဲ့ အနှေးနဲ့အမြန် ၀ါးမျိုခြင်းကိုတော့ ခံရမှာပါပဲ။

ငယ်ငယ်တုန်းကတော့ ကပွဲတခုမှာ အစီအစဉ်ကြေညာသူက ကြေညာသံကို အခုလို ကြားလိုက်ရဖူးတယ်။

“ခေတ်ရေစီးကြောင်းကို သောင်ပြင်ထက်ကနေ စောင်ဖျဉ်တဘက်နဲ့ တားလို့ မရနိုင်ပါဘူး” တဲ့။

ဒီတော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ကြပါ။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့ စကားကြီး စကားကျယ်ကြီးကို တတ်နိုင်သရွေ့ မသုံးကြတော့ရင်ကောင်းမယ်ဗျာ။ နားကလောလို့ပါ။
Read more

“အုတ်နီခဲများ”



အတိတ်အကြောင်းပြောတဲ့အခါ
ရွှေထီးဆောင်းခဲ့တာ မပါကြေး။

အနာဂတ်အကြောင်းပြောတဲ့အခါ
ငါးကြင်းခေါင်းဆိုတာ အသာထားကြေး။

ပစ္စုပ္ပာန်အကြောင်းပြောတဲ့အခါ
ကော်ဇောခင်းဖို့ကိစ္စ ခဏမေ့ထားကြေး။

စိန်ဖူးတော်က စ
တည်ခဲ့ရတဲ့ ဘုရားမရှိ။

ဘုရားဖြစ်မယ့် အုတ်နီခဲတွေလို့ပဲပြောပြော
အုတ်တချပ် သဲတပွင့်ရဲ့တန်ဘိုးဆိုတာ
ပန်းရံဆရာတွေကတော့ ကောင်းကောင်းနားလည်တယ်။

ရေးသူ- ကိုပေါ
Read more

“သူပုန်သုံးမျိုး”

ပြည်တွင်းမှာနေ…
ပြည်သူတွေနဲ့ တသားတည်း
ဒုက္ခကို ခါးစည်းခံရင်း
ထောင်နှုတ်ခမ်းကိုလည်း ရဲရဲနင်းမတဲ့
ဥစ္စာချို့တဲ့ပေမယ့်
သတ္တိမချို့ငဲ့
လက်နက်မဲ့ သူပုန်။

နယ်စပ်မှာနေ…
တိုင်းရင်းသားတွေနဲ့ တသားတည်း
ငှက်ဖျားနဲ့ ငတ်ပြတ်မှုဒဏ်
တတိယနိုင်ငံရဲ့ ဖြားယောင်းမှုဒဏ်အပေါင်းကို
ကောင်းကောင်းကြီး ကြံ့ကြံခံလျက်
ယုံကြည်ချက်ကို မြဲမြံကိုင်စွဲ
တော်လှန်ဆဲဖြစ်တဲ့
တောထဲက သူပုန်။

တတိယနိုင်ငံမှာနေ…
ပြည်သူတွေနဲ့ ကင်းကွာ
ယုံကြည်ချက်ဆိုတာကို
အမှိုက်ပစ်သလို တော်ရာချထားခဲ့ပြီး
ဒေါ်လာရကြောင်းကိုသာ နှလုံးသွင်း
ပြည်တွင်းကလူကို ရေကင်းပြ
ပြည်ပကလူကို ဆရာလုပ်ရင်း
အပျင်းပြေ အာလူးလည်းဖုတ်ရင်း

ဘလော့ဂ်လုပ်တတ်တဲ့
လေသေနတ် သူပုန်။


မှတ်ချက်။...............။ တတိယနိုင်ငံဟူသည်မှာ Third country ခေါ် နိုင်ငံရေးခိုလှုံခွင့်ဖြင့်ဖြစ်စေ၊ ဒုက္ခသည်အဖြစ်ဖြင့်ဖြစ်စေ သွားရောက်ရသော နိုင်ငံများကို ဆိုလိုပါကြောင်း။
Read more

“သိန်းစိန်သစ်ခွ”


မောင်ညီမလေးတို့ရေ.....

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တယောက် ရှေ့လာမယ့် သီတင်းပတ်ထဲမှာ စင်္ကာပူနဲ့ အင်ဒိုနီးရှားကို အလည်အပတ် လာမလို့တဲ့ကွယ်။

ချင်ကျားပူ ဆိုတဲ့ နိုင်ငံကြီးကလည်း အိမ်နီးချင်းကောင်းပီသစွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှာ ဖြစ်တဲ့အပြင် ခရီးစဉ်ရဲ့ တစိတ်တဒေသအဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့ ရုက္ခဗေဒဥယျာဉ် (Botanic Gardens)အတွင်းမှာ ဦးဦးသိန်းစိန်အတွက် “သစ်ခွအမည်ပေးအခမ်းအနား” တရပ်နဲ့ ကြိုဆိုဂုဏ်ပြုသွားမှာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ရိုက်တာသတင်းဌာနကို ပြောကြားသွားသေးသတဲ့။

ဘန်ကောက် အခြေစိုက် “Forum for Democracy in Myanmar” အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးအောင်ကတော့ “သစ်ခွပန်းကို သိန်းစိန်ရဲ့နာမည် ပေးတာကတော့ အဆိပ်ပင်ကို ရေလောင်းတာထက်တောင် ဆိုးရွားပါသေးတယ်” တဲ့ကွယ်။

အင်း....... ဒီပုံအတိုင်းဆိုရင် မောင်ညီမလေးတို့လို ချင်ကျားပူရောက် မြန်မာမလေးတွေအနေနဲ့ နောင်အခါမှာ “သိန်းစိန်” အမည်ရှိ သစ်ခွလှလှလေးတွေကို ရင်ခုန်မက်မောစွာ ပန်ဆင်နိုင်ကြမယ်ဆိုတဲ့အကြောင်း.......ဒီတပတ်အဖို့ သတင်းကောင်းပါးရင်း တင်ဆက်လိုက်ရပါတယ်ကွယ်။


မူရင်းသတင်း အသေးစိတ်ကို ဖတ်ရှုချင်ရင်တော့....
Read more

“ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်..”

(photo- The Mirror)

သြော်....သာဓုဗျာ… သာဓု…. သာဓု။ သူတော်ကောင်းကြီး ဘုန်းကြီးပါစေ... သက်ရှည်ပါစေ။ အမျိုး၊ဘာသာ၊သာသနာအတွက် ယခုထက်ပိုပြီး ဆထက်တံပိုး ထမ်းရွက်နိုင်ပါစေ။

(တကယ်မထင်နဲ့.... သောက်မြင်ကပ်လို့ အရွဲ့တိုက်ပြီး ပြောတာ)

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အောက်ပါအတိုင်း ဆုတောင်းပေးလိုက်ပါတယ်။(အောက်ဆုံးတကြောင်းကတော့ ကိုယ်လိုရာအတိုင်း ကာရန်ညီအောင် ဖြည့်စွက်ဆုတောင်းကြပေါ့း-)

“စမ်းရေပမာ အေးမြကြပါစေ…..။
ပန်းတွေပမာ မွှေးပျကြပါစေ…...။
သန်းရွှေ .............................။”
Read more

“သင် ဘယ်လိုထင်သလဲ”


ပုံ (a) တွင်ပြထားသော စက်ဝိုင်း ဧရိယာသည် မြန်မာပြည်၏ လူဦးရေ အရေအတွက်ကို ကိုယ်စားပြုသည်ဆိုလျှင် (b), (c), (d), (e) ပုံ အသီးသီးရှိ ဧရိယာများသည် မည်သူတို့ကို ကိုယ်စားပြုသည်ဟု သင်ထင်ပါသနည်း။

(မှတ်ချက်။…….။ စကေးကိုက်ဆွဲထားခြင်းမဟုတ်ပါ။ အကြမ်းဖျင်း ခန့်မှန်းနိုင်ရန်သာဖြစ်ပါသည်။ ပုံကို အသေးစိတ်မြင်နိုင်ရန် ပုံပေါ်တွင် ကလစ်ခေါက်ပါ။)
Read more

“လူ့အဖွဲ့အစည်း နှစ်မျိုး”

နေတန်ရှာရန်စကီး(Natan Sharansky)က သူ့စာအုပ် ("The case for democracy")ထဲတွင် လူ့အဖွဲ့အစည်းနှစ်မျိုးအကြောင်းကို ဤသို့ ရှင်းပြထားသည်။

လွတ်လပ်သော လူ့အဖွဲ့အစည်းဟု ဆိုလိုက်လျှင် အခြေခံလွတ်လပ်ခွင့်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ယှဉ်တွဲမြင်တတ်ကြသည်။ သို့သော် မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို ထိုလွတ်လပ်ခွင့်များသည် အကြွင်းမဲ့ လွတ်လပ်ခွင့်များမဖြစ်နိုင်ချေ။

ဥပမာ... အမေရိကားတွင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို မည်သူမျှ မထိပါးမချိုးဖောက်သင့်သောအရာများအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း လူပြည့်ကျပ်နေသော ကဇာတ်ရုံတခုအတွင်းတွင် မည်သူတဦးတယောက်ကမျှ “မီး...မီး”ဟု လွတ်လပ်စွာ အော်ချင်တိုင်း အော်ခွင့်ရှိသည်မဟုတ်။ အလားတူ ဘာသာရေး လွတ်လပ်ခွင့် အမည်သုံးကာ အိမ်ထောင်နှစ်ခု တပြိုင်နက် ထူထောင်ခြင်းကိုလည်း ခွင့်ပြုသည်မဟုတ်။

အမျိုးမျိုးအပြားပြားသော လွတ်လပ်ခွင့်များအတွက် သင့်လျော်သော နယ်နိမိတ်စည်းမျဉ်း(ဘောင်)များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများသည် ပေါ်လစီပိုင်းဆိုင်ရာ စိတ်ဝင်စားဖွယ် ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်နိုင်စေသော်လည်း “လွတ်လပ်မှုကို အခြေခံသော လူ့အဖွဲ့အစည်း (free society)” နှင့် “အကြောက်တရားကို အခြေခံသော လူ့အဖွဲ့အစည်းနှစ်ခု (fear society)” အကြား အဓိက ခြားနားချက်ကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိချေ။”

အဆိုပါခြားနားချက်ကို ယခင်ဆိုဗီယက်ပြည်ထောင်စု အကျဉ်းထောင်များတွင် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ကောင်းကောင်းနားလည်ကြသည်ဟု နေတန်က ဆို၏။ ထိုသံတိုင်နောက်က အကျဉ်းသားများတွင် နိုင်ငံရေးအယူအဆအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုး မတူညီကွဲပြားကြသော်လည်း ယုံကြည်ချက်တခုတွင်မူကား အားလုံးတူညီကြသည် ဟူ၏။ ထိုယုံကြည်ချက်မှာ “ကျွန်ုပ်တို့အားလုံးသည် လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်လိုကြသည်” ဆိုသော အချက်ဖြစ်သည်။ ထို့ပြင် အနာဂတ် ဆိုဗီယက်ပြည်ထောင်စုနှင့် ပတ်သက်၍ ဆန့်ကျင်ကွဲလွဲသောအမြင်များရှိပင်ရှိနေသော်ငြား “လွတ်လပ်မှု”ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အားလုံး သဘောတူညီကြသည်။

“လူ့အဖွဲ့အစည်းတခုအတွင်း မတူညီသောအတွေးအမြင်များကို ဖော်ထုတ်ပြသရာ၌ အဖမ်းဆီးခံရခြင်း၊ ထောင်ချခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းစသည့် ဘေးအန္တရာယ်တို့ကျရောက်မည်ကို မစိုးရိမ်ရဘဲ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိပါက ထိုလူ့အဖွဲ့အစည်းသည် လွတ်လပ်သောလူ့အဖွဲ့အစည်းပင်ဖြစ်သည်”

နေတန်က ဆက်ပြောသည်မှာ...

“ဆိုဗီယက် နိုင်ငံရေးအကျဉ်းသား အတိုက်အခံတွေဟာ အနာဂတ်နိုင်ငံတော်နဲ့ ပတ်သက်လို့ အယူအဆတွေ ဘယ်လိုပဲကွဲပြားနေပစေ၊ အားလုံးနားလည်တဲ့ အချက်တခုကတော့...

လူ့အဖွဲ့အစည်းတခုဟာ (အမြင်မတူသူ)အတိုက်အခံတွေရဲ့ အခွင့်အရေးကို မကာကွယ် မစောင့်ရှောက်ဘူးဆိုရင် လတ်တလောမှာ ကိုယ့်အမြင်ကိုယ့်တန်ဘိုးတွေနဲ့ မည်မျှပင် ကိုက်ညီနေပါစေ...အဲဒီလူ့အဖွဲ့အစည်းဟာ အကြောက်တရားလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီး တချိန်ကျရင် လူတိုင်းကိုအန္တရာယ်ပေးလိမ့်မယ်...........ဆိုတဲ့အချက်ပါဘဲ။

ကျနော်တို့ အတိုက်အခံတွေဟာ ဘယ်လို လွတ်လပ်သောလူ့အဖွဲ့အစည်းမျိုးကို မျှော်မှန်းသလဲဆိုတဲ့ အချက်အပေါ်မှာ ကွဲလွဲကြပေမယ့် အတိုက်အခံအမြင်တွေကို ခွင့်ပြုထားတဲ့လူ့အဖွဲ့အစည်းဖြစ်နေသမျှကာလပတ်လုံး ကျနော်တို့ အသီးသီးရဲ့ အယူအဆတွေအတွက် လွတ်လပ်စွာ၊ လုံခြုံစွာ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်ဆိုတဲ့အချက်ကို အားလုံးက အသိအမှတ်ပြုကြတယ်။”

လူ့အဖွဲ့အစည်းတခုတွင် အတိုက်အခံအမြင်ကို ခွင့်ပြုခြင်းရှိမရှိ စမ်းသပ်ရန် အကောင်းဆုံးနည်းလမ်းတခုမှာ “town square test” ခေါ် မြို့ရင်ပြင် စမ်းသပ်ချက်ပင်ဖြစ်သည်။ အဆိုပါစမ်းသပ်တွင်...

“လူတယောက်သည် မြို့လယ်ခေါင် ရင်ပြင်ကွက်လပ်သို့သွားရောက်၍ သူ၏အမြင်ကို ထုတ်ဖော်ရာ၌ အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်း မရှိဘဲ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်မကျရောက်ဘဲ လွတ်လပ်စွာ ထုတ်ဖော်နိုင်ပါသလား”

အကယ်၍ ထုတ်ဖော်နိုင်ပါက ထိုလူ့အဖွဲ့အစည်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းဖြစ်ပါသည်။

လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်ကြသူများက ဤစမ်းသပ်ချက်သည် ယေဘူယျ ကျလွန်းသည်ဟု ဆိုကောင်းဆိုကြပေမည်။ အဘယ့်ကြောင့်ဆိုသော် မလွတ်လပ်ဟု သတ်မှတ်ခံထားသော နိုင်ငံအချို့သည်လည်း ဤစမ်းသပ်ချက်အရဆိုလျှင် လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသတ်မှတ်ခံရတော့မည် ဖြစ်သောကြောင့်ဟု ဆိုသည်။

မြို့ရင်ပြင် စမ်းသပ်ချက်အရဆိုလျှင် အမျိုးသမီးများ မဲပေးခွင့် မရှိသော၊ အသားအရောင်ခွဲခြားနှိပ်ကွပ်မှုများရှိနေသော၊ စီးပွားရေးကို နိုင်ငံတော်က ချုပ်ကိုင်သော နိုင်ငံအများအပြားကို လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ရတော့မည် ဖြစ်သောကြောင့်ပင်တည်း။

ဤခိုင်လုံသော ဝေဖန်မှုမှ ထောက်ပြနေသည့်အချက်တခုမှာ “လွတ်လပ်သည်(free)”ဟူသော အဓိပ္ပါယ်ဖြင့် ကိုက်ညီပြည့်စုံသည့် လူ့အဖွဲ့အစည်းတိုင်းသည် “တရားမျှတသည်(just) ”ဟူသော အဓိပ္ပါယ်မသက်ရောက်။

သို့သော် မြို့ရင်ပြင် စမ်းသပ်ချက်သည် လွတ်လပ်သောလူ့အဖွဲ့အစည်းတခုဖြစ်ရန် အနိမ့်ဆုံးလိုအပ်သည့်အဆင့် ( the threshold of freedom)ကို ပြသသည်။

အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းများတွင်ကား ဤ အနိမ့်ဆုံးလိုအပ်သည့်အဆင့်ကို မကျော်ဖြတ်နိုင်သေးရုံမျှမက တရားမျှတမှုလည်း အမြဲလိုလို ခေါင်းပါးလျက်ရှိချေသည်။

(Natan Sharansky's The case for democracy စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)
Read more

“ပုစဉ်း”


လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က Sungei Buloh nature park ကို သွားလည်တုန်း ပုစဉ်းတကောင် ကိုင်းဖျားမှာ နားနေတာတွေ့လို့ ဓါတ်ပုံ ရိုက်ယူခဲ့တယ်။

ငယ်ငယ်က အခုလို ပုစဉ်းနားနေတာတွေ့ရင် နောက်ကနေ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ပုစဉ်းအမြီးကို လက်ညှိုးနဲ့ လက်မ ကြားမှာ ဖိပြီး ဖမ်းတတ်တယ်။ အကြိမ်တော်တော်များများမှာ မိအောင်ဖမ်းနိုင်တယ်။ ပုစဉ်းတွေကလည်း အကောင်အကြီးအသေး အရွယ်အစားအစုံစုံ။ တောင်ပံပေါ်က အရောင်တွေကလည်း တကောင်နဲ့တကောင် မတူညီဘဲ အရမ်းလှတယ်။

တခါတလေကျတော့ ပုစဉ်းအမြီးမှာ ကောက်ရိုးတမျှင် ချည်ပေးလိုက်ပြီး ပုစဉ်းမြန်မြန်မြင့်မြင့် မပျံနိုင်ဖြစ်နေတာကို နောက်ကနေ အရသာခံပြီး လိုက်ကြည့်တတ်သေးတယ်။

အခုတော့ ၀ဋ်လည်တာ ထင်ပါရဲ့။ တခုခုကို လုပ်ဖို့ဆိုရင် အင်မတန် ဖင့်နွှဲလေးလံတဲ့ အကျင့် ဖြစ်လာတယ်။

ပူးတွဲဖတ်ရှုရန်........ "last minute Ko Paw"
Read more

“တို့ဓလေ့”

“တို့ဓလေ့”

ကိုယ့်အကျိုး ကိုယ်ဖြည့်
ကိုယ့်အမျိုး ကိုယ်မေ့
ကိုယ့်ပုဆိုး ကိုယ်ဝှေ့
ကိုယ့်ဂိုး ကိုယ်ရွှေ့
အဲဒါ..တို့ဓလေ့။


ကောင်းကင်ကိုရဲ့ ဘလော့ဂ်က ကဗျာလေးတွေကို နှစ်သက်တဲ့အလျောက် သွားဖတ်ရင်း မှတ်ချက်ကဏ္ဍမှာ သူ့ကဗျာအသွား အတိုင်း မှတ်ချက်ကလေးတွေ ရံဖန်ရံခါ ကြိုးစားပြီး ရေးထားခဲ့တတ်ပါတယ်။ (သူ့ဦးနှောက်ကိုရော...ခံစားချက်ရော...စကားလုံးကိုပါ ဖောက်စားပြီး လူလည်လုပ်တာပေါ့ခင်ဗျာ)။ ကဗျာဆရာရေ... အဲဒီအတွက် ခွင့်လွှတ်ပါဗျိုး။ ၀န်ခံပါတယ်။း-)

အခုလည်း ကောင်းကင်ကိုရဲ့ “အရည်အချင်း" ဆိုတဲ့ ကဗျာလေးမှာ အထက်ပါအတိုင်း မှတ်ချက်ရေးခဲ့ပါတယ်။ သူ့ဆီမှာ ရေးခဲ့စဉ်ကနဲ့ မတူဘဲ အောက်ဆုံးအကြောင်းမှာ နည်းနည်းလေး ပြောင်းထားပါတယ်။

Read more

“အလောသုံးဆယ် ကိုပေါ”

“အလောသုံးဆယ်”….ဆိုတာ “အလယ်သုံးဇော” ကို ပြောတာတဲ့။

ဗုဒ္ဓဘာသာအလိုအရ ဘ၀ကူးပြောင်းကာနီး ဇောခုနစ်တန်ပြန်တဲ့အခါ ရှေ့ဆုံးနှစ်ဇောနဲ့ နောက်ဆုံးနှစ်ဇောကို ဖယ်လိုက်ရင် အလယ်သုံးဇောက လားရာဘ၀နဲ့ ပတ်သက်ပြီး မြင်တဲ့၊ ကပ်တဲ့ ဇောသုံးတန်တဲ့။ သေကာနီး ကပ်တဲ့ ဇောသုံးတန်ပေါ့။

အဲဒါကြောင့် တစုံတယောက်ကို “အလောသုံးဆယ် လုပ်မနေနဲ့”လို့ ပြောတာဟာ “သေတော့မှာမို့ ဒီလောက် အလျင်လိုနေရတာလား/လောနေတာလား” လို့ ဆိုလိုတာဖြစ်ကြောင်း ဦးအောင်သင်းရဲ့ စာပေစကားဝိုင်း တခုမှာ မှတ်သားဖူးပါတယ်။

ကျနော်လည်း ပြီးခဲ့တဲ့အပတ်က ပို့စ်တွေ တနေ့တပုဒ် အလောတကြီး တင်နေခဲ့မိတယ်။ အလောသုံးဆယ်ကိုပေါ…ပေါ့။

စာတပုဒ်ရေးပြီးသွားတဲ့အခါတိုင်းမှာ အချိန်ယူပြီး အထပ်ထပ်အဖန်ဖန် ပြန်စစ်ကြည့်ဖို့ထက် ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ်ကို တင်လိုက်ချင်စိတ်က အားကြီးနေတာဆိုရင် ပိုမှန်မယ်။ နည်းနည်းပါးပါး ထပ်ပြီး အချိန်ယူ စောင့်ဆိုင်းလိုက်ဖို့ကို လုံးဝ စိတ်မရှည်တာမျိုးပေါ့။

အကျိုးဆက်အနေနဲ့ကတော့…… အခုပြန်ဖတ်တဲ့အခါ မိမိကိုယ်တိုင် မနှစ်သက်နိုင်တဲ့ အမှားတွေကို တပြုံတခေါင်း တွေ့ရပါတယ်။ ဥပမာ တခုလောက် ထုတ်နှုတ်ပြရရင် ရှေ့ကပ်လျက်ပို့စ်ထဲမှာ….

“ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။
ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။”………….လို့ ကျနော်ရေးထားတာကို တွေ့ရတယ်။

အဲဒီမှာ “ရုံးဆင်းတော့”၊“မြို့ထဲရောက်တော့”၊“ကိုင်လိုက်တော့”၊“ဖုန်းကိုင်လိုက်တော့”…စသဖြင့် “တော့” တွေကို ဆက်တိုက် ထပ်ဖန်တလဲလဲ သုံးထားတာကို တွေ့ရတယ်။ ပိုဆိုးတာက “ကိုင်လိုက်တော့” နဲ့ “ဖုန်းကိုင်လိုက်တော့” ဟာ ကပ်လျက်ဝါကျနှစ်ခုရဲ့ အစမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို နှစ်ကြိမ်ထပ်ပြီး ပါသွားတယ်။

အဲဒီလိုမဟုတ်ဘဲ “ရုံးဆင်းတော့”၊ “မြို့ထဲရောက်ရုံရှိသေး”၊ “ဘယ်သူခေါ်သလဲ ကြည့်လိုက်တဲ့အခါ”၊ “ဖုန်းပေါ်မှာ” စသဖြင့် မတူညီတဲ့ အသုံးအနှုန်းလေးတွေကိုသာ တလှည့်စီ သုံးစွဲခဲ့ရင် ဖတ်ရတဲ့သူအဖို့ “တော့” တွေ တခုပြီးတခု ဆက်တိုက် ဖတ်ရတာမျိုးလို ငြီးစီစီ ဖြစ်စရာအကြောင်းမရှိဘူးပေါ့။

ဒါက ဥပမာ တခုပဲရှိပါသေးတယ်။ သုံးလိုက်တဲ့ စကားလုံးတွေရဲ့ ထိရောက်မှု၊ ပြောင်မြောက်မှု၊ အံဝင်ဂွင်ကျရှိမှုနဲ့ ၀ါကျ ကျစ်လစ်မှု၊ ချောမွေ့မှု စတာတွေပါ ထည့်တွက်လိုက်ရင် အမှားတွေ တပုံတပင်ကြီး တွေ့ရပါတယ်။ ဒါကြောင့် ဆယ်တန်းတုန်းက မြန်မာစာ ဂုဏ်ထူး မထွက်ခဲ့တာဖြစ်မယ်။ (ကြုံတုန်း ကြွားတာပါ။)

အဲဒီကနေ သင်ခန်းစာ တခုရလိုက်ပါတယ်။ စာတော့ များများရေးချင်ရေးပါ။ ဒါပေမယ့် ကိုယ်ရေးသမျှကို အချိန်ယူပြီး အထပ်ထပ်အခါခါ ပြန်စစ်ဖို့ လိုတယ် ဆိုတဲ့ သင်ခန်းစာပါ။ ဒါဟာ အင်မတန်ပျင်းရိသော မောင်ပေါတယောက်အတွက် ကြီးမားသော စိန်ခေါ်မှုတရပ်ပါဘဲ။

အရေးအသား ကျွမ်းကျင်ပြီး အမှားနည်းတဲ့လူမျိုးတွေအတွက် ဒီလောက် စစ်ဖို့ လိုချင်မှ လိုမှာ ဖြစ်ပေမယ့် ကျနော့်အနေနဲ့တော့ ပြန်စစ်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။ ဘလော့ဂ်ဆိုတာမျိုးက မဂ္ဂဇင်းတွေလို တည်းဖြတ်ပြုပြင်ပေးမယ့် အယ်ဒီတာမင်းတွေ မရှိတဲ့အတွက် ကိုယ့်ရေးတဲ့စာကို ကိုယ့်ဘာသာ ပြန်စစ်ရုံမှတပါး အခြားမရှိပြီပေါ့လေ။

ဒါကြောင့် ဒီနေ့ကစပြီး တပတ်ကို ပို့စ် ၃ ပုဒ်လောက်ပဲ တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တင်သမျှပို့စ်တွေကိုလည်း မတင်ခင်မှာ တတ်နိုင်သရွေ့ အထပ်ထပ် အခါခါ ပြန်စစ်ဖို့ ခဲနိဋ္ဌာန်၊ သဲနိဋ္ဌာန်၊ ရေနိဋ္ဌာန် ချလိုက်ပါတယ်။ မောင်ပေါထုံးစံက သံန္နိဋ္ဌာန်ချပြီးရင် မကြာခင်မှာပဲ ပြန်ပျက်တတ်လွန်လွန်းလို့။
Read more

“စိုးရိမ်လိုက်ပုံက...”

အင်း... ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ ဆယ်နှစ်ပြည့်တော့မယ်။

ပီအာရ်မကျခင် အီးပီဘ၀က အတူနေခွင့်ရဘို့အတွက် မဒမ်ပေါက ကျောင်းတက်ရတယ်။ မဒမ်ပေါ ကျောင်းမပြီးခင်မှာတင် အလုပ်တဖက်နဲ့ ကျနော်ကလည်း NTU မှာ အချိန်ပိုင်းကျောင်းတက်တယ်။

အဲဒီတုန်းကဆိုရင် ကျနော်တို့အိမ်ဟာ စာအိမ်ကြီးပေါ့။ သူငယ်ချင်းတွေကလည်း အိမ်မှာအတူ စာလာလုပ်ကြ၊ တွက်ကြ၊ အဆိုင်းမင့် လုပ်ကြပေါ့လေ။ စာမေးပွဲနီးပြီဆိုရင် စာမေးပွဲပူ ပူနေကြတဲ့ အပူအိမ်ကြီးပေါ့။

အဲသည်ထဲမှာမှ ကျနော်က အလုပ်တဖက်၊ ကျောင်းတဖက် ဆိုတော့ ပိုပူရတယ်။ ဒါကို မဒမ်ပေါက မကြည့်ရက်လို့ ပြောရှာပါတယ်။

“ကိုကို...ချစ်လေးကျောင်းပြီးလို့ အလုပ်ရပြီ၊ ပီအာရ်လည်း ကျပြီဆိုရင် ကိုကို တလှည့်နားဦး၊ ချစ်အလုပ်လုပ်မယ်”....တဲ့။

အဲသလိုနဲ့ မဒမ်ပေါကျောင်းပြီးသွားတော့ အဲဒီ စကားလေး ထပ်ကြားရဦးမလားဆိုပြီး နားစွင့်နေတာ မဒမ်ပေါကလည်း အလုပ်ရပြီး၊ ပီအာရ်ကျပြီးကတည်းက ကျနော်တင်ခဲ့တဲ့ ပို့စ်တွေထဲကလို Double Thinker ဖြစ်သွားတယ်။ တခြားပြောချင်တာ မဟုတ်ပါဘူး... ရူးချင်ယောင်ဆောင်တာကို ပြောတာပါ။ ကျောင်းမပြီးခင်က ပြောခဲ့တဲ့ စကားကို ယောင်လို့မှ ထပ်မဟတော့ဘူးခင်ဗျ။ ရူးချင်ယောင်ဆောင်သွားရှာလေတယ်။

ကျနော်ကလည်း ဒီလိုတော့ ဘယ်အမေ့ခံနိုင်ပါ့မလဲ။ ကျနော့်အနေနဲ့ အလုပ်လုပ်လာတာ (မလေးရှားက ၂ နှစ်ခွဲပါ ထည့်တွက်ရင်) ၁၂ နှစ်လောက် ကြာလာပြီဆိုတော့ ခဏလောက် အလုပ်ကထွက်ပြီး နားချင်လာတယ်။ ဒါနဲ့ မဒမ်ပေါ နှုတ်ဆော့ခဲ့တာလေးကို အခွင့်ကြုံတိုင်း ရေနှူးပြီး မကြာခဏ ပြောပါများတော့ သူမခမြာလည်း မနေသာတော့ဘဲ “အင်း... ဒါဆိုလည်း သုံးလေးငါးလလောက် ခဏထွက်ပြီးတော့ နား။ ပြီးမှ... နောက်တလုပ်ပြန်ရှာတဲ့”။

သူ့ဆီက အဲသည်စကားရတာနဲ့ ကျနော့်မှာ ပျော်မယ်မှ မကြံရသေးဘူး... စီးပွားပျက်ကပ်ဆိုက်တာနဲ့ တိုးတော့တာပါဘဲ။ သိတယ်မို့လား.... အခုအချိန်မှာ အလုပ်ထွက်ပြီး နားတယ်ဆိုရင် နောက်တလုပ်ပြန်ရှာတဲ့အခါ အလုပ်ရဖို့ မသေချာတော့ဘူးလေ။ ခဏနားရုံမက နှစ်နဲ့ ချီပြီး နားရကိန်းရှိတယ်။ ဒါကို သိလျက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး အလုပ်က ထွက်လိုက်တယ်ဆိုရင်လည်း သားကျွေးမှု၊ မယားကျွေးမှုကို တာဝန်မသိတဲ့လူလို့ အထင်ခံရမှာကို စိုးရိမ်ရသေးတယ်လေ။

ဒီတော့..... မောင်ပေါတယောက် ကြံရာမရဖြစ်ပြီး တမျိုးလှည့်တွေးတယ်။

အင်း.... အခု စီးပွားပျက်တဲ့ ခေတ်ကာလကြီးမှာ ကုမ္ပဏီတွေက လူလျှော့နေကြတယ်။ ငါတို့ကုမ္ပဏီလည်း တနေ့ကျရင် လူလျှော့ရကိန်းရှိတယ်။ လူလျှော့တဲ့အထဲ ငါပါရင် ကောင်းမယ်လို့ မကြံကောင်းမစည်ကောင်း မျှော်လင့်မိပြန်တယ်။ (လူလျှော့လို့ ဖြုတ်တဲ့အထဲပါရင် ကိုယ့်ဆန္ဒနဲ့ကိုယ် အလုပ်ထွက်လိုက်တာမျိုးလို တာဝန်မသိရာ မရောက်ဘူး၊ ၀ိနည်းလွတ်တယ်လို့ ကျနော့်ဘာသာ လိုရာဆွဲ တွေးထားတယ်။း-)

နောက်ပြီးတော့ အဲသည်လို လူလျှော့တယ်ဆိုရင် လုပ်သက်တနှစ်ကို တလစာနှုန်း၊ သို့မဟုတ် လ၀က်စာနှုန်းနဲ့တွက်ပြီး အဲဒီအပေါ်မှာမှ အပိုတလစာ ဆောင်းပေးတာမျိုး ထုံးစံရှိတော့ ကျနော်က လုပ်သက်ဆယ်နှစ်ဆိုတော့ ဆယ့်တလ စာလောက် မြိုးမြိုးမြက်မြက်ကလေးရပြီး နားရမယ်ပေါ့။ ကိုယ့်ဘာသာစိတ်ထဲမှာ တွက်ရေးနဲ့ စက်သူဌေးလုပ်နေတာပေါ့။

အဲ...ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ မန်နေဂျာက တဌာနလုံးကို စာပို့တယ်။ စာထဲမှာ သောကြာနေ့ကျရင် အားလုံးရုံးတက်ကြဖို့နဲ့ အရေးတကြီး ထုတ်ပြန်ကြေညာစရာရှိတယ်လို့ ပြောထားတယ်။ အားလုံးကလည်း သတင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လစာလျှော့တာသော်လည်းကောင်း လူလျှော့တာသော်လည်းကောင်း ဖြစ်မှာပဲ လို့ မျှော်လင့်ထားကြတယ်။

ကျနော်ကလည်း အဲသည်အကြောင်း မဒမ့်ကို အိမ်မှာ မျက်နှာသေလေးနဲ့ ပြောထားတယ်။ (စိတ်ထဲမှာတော့ ကျိတ်ဝမ်းသာနေတာပေါ့.....ဟိ။) မဒမ့်ကို ကျနော် ပြောပြနေတုန်း အနားမှာ သမီးလည်း ရှိနေတယ်။ သမီးရှိနေတဲ့ကိစ္စကိုတော့ သိပ်ပြီး အထူးတလည် အာရုံမထားမိပါဘူး။

ဟော...နောက်တနေ့မနက် ရုံးရောက်တော့ Network ထဲ ၀င်လို့မရတော့ဘူး။ ကျွန်တော့် Account ကို Disabled လုပ်ထားတာတွေ့ရတော့ သေချာပြီ။ ငါတော့ ပါပြီပေါ့လေ။ စိတ်ထဲမှာ ပီတိတွေ ဖြာနေတယ်။ ဒါပေမယ့် ဌာနထဲက အဖြုတ်ခံရတဲ့ နှစ်ယောက်ကို အောက်ထပ်က လာခေါ်သွားတော့ ကျနော်မပါဘူး။ ဟိုက်...တခုခုတော့ လွဲမှားနေပြီ။

အဲဒါနဲ့ ကွန်ပြူတာဌာနကို အကျိုးအကြောင်း ဖုန်းဆက်ကြည့်တော့မှ အဖြစ်အပျက်ကို ရေလည်တော့တယ်။ အဖြုတ်ခံရတဲ့သူတွေရဲ့ အကောင့်တွေကို ပိတ်ရာမှာ တခြားဌာနက ကျနော်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်နီယာရဲ့ Account နဲ့ မှားပြီး ပိတ်မိတာပါ ဆိုတဲ့ ရှင်းပြချက်နဲ့အတူ တောင်းပန်စာ ရောက်လာတယ်။ အဲဒါနဲ့ ကျနော်လည်း ဒီတသုတ်မှာ ကံထူးသူ မောင်ရှင် မဖြစ်လိုက်ရတော့ဘူး။

ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။

ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။

ကျနော်ကလည်း စိတ်ထဲမှာ ....ဒီလိုတော့လည်း သမီးက ဘယ်ဆိုးလို့တုန်း၊ အရွယ်နဲ့မလိုက်အောင် ငါ့အတွက်တော့ ပူပန်ဖော်ရရှာသားပဲ... လို့ တွေးပြီး..... “ဖေဖေ အလုပ်မပြုတ်သေးပါဘူး သမီးရယ်” လို့ နှစ်သိမ့်တဲ့ အသံလေးနဲ့ ဖြေလိုက်တယ်။

အဲသည်မှာ သမီး ဆက်ပြောတာက....

“ဖေဖေ... အလုပ်မပြုတ်သေးဘူးဆိုရင် မီးကို ဂျူရောင်းပွိုင့် အောက်ထပ် Bee Cheng Hiang ဆိုင်က ၀က်သားကင် အချိုဝယ်လာ ပေးပါ”....တဲ့။

လက်စသတ်တော့..... ဒင်း စိုးရိမ်ပုံက ဒီလိုကိုး။
Read more

“ကျနော့်အတွင်းရေးမှူးမလေးကို အလုပ်ဖြုတ်ပစ်ရသည့်အကြောင်း”

ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော့်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ အဲဒီနေ့ မနက်က စိတ်ထဲမှာ သိပ်တော့ မကြည်သာဘူး။ နံနက်စာစားဖို့ ထမင်းစားခန်းထဲ ၀င်သွားတော့ ကျနော့်စိတ်ထဲမှာ ကျနော့်ဇနီးက ကြည်ကြည်နူးနူးနဲ့ “ဟက်ပီး ဘာ့သ်ဒေး” လို့ ဆီးပြောလိမ့်မယ်၊ ပြီးတော့ ကျနော့်အတွက် လက်ဆောင်တခုလည်းပေးလိမ့်မယ်...လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် “ဟက်ပီးဘာ့သ်ဒေး” နေနေသာသာ “ဂွဒ်မောနင်း” လို့တောင် နှုတ်ဆက်ဖော်မရဘူး။

ကျနော့်စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။ ဘယ်လို ဇနီးမျိုးလဲ သိရတာပေါ့။ အနည်းဆုံးတော့ ကျနော့်ကလေးတွေကတော့ မှတ်မိမှာပဲလို့ ဖြေတွေးတွေးမိတယ်။ ဒါနဲ့ ကလေးတွေ နံနက်စာစားဖို့ ၀င်လာကြတယ်။ ကလေးတွေကလည်း တခွန်းမှတောင် ဟ ဖော်မရဘူး။ ကျနော်လည်း နံနက်စာကို ခပ်သုတ်သုတ်စားပြီး ရုံးကို ထွက်လာခဲ့လိုက်တယ်။ ကျနော့်မှာ စိတ်အားလည်းငယ်၊ ၀မ်းကလည်းနည်းပေါ့။

ရုံးထဲ ၀င်လိုက်တော့ ကျနော့်အတွင်းရေးမှူးမလေး ဂျက်နက်က “ဂွတ်မောနင်း...ဘော့စ်။ ဟက်ပီးဘာ့သ်ဒေး” လို့ ဆီးနှုတ်ဆက်တယ်။ ဒီတော့မှ ကျနော်လည်း နည်းနည်း စိတ်သက်သာရာရသွားတယ်။ အနည်းဆုံး တယောက်ကတော့ ကျနော့်မွေးနေ့ကို မှတ်မိဖော်ရသေးတဲ့အတွက် မဆိုးလှသေးဘူးလို့ တွေးမိတယ်။ နေမွန်းတည့်ချိန်အထိ ကျနော် အလုပ်တွေကို ဖိလုပ်နေလိုက်တယ်။ မွန်းတည့်ကာနီးမှာ ဂျက်နက်က အခန်းတံခါးလာခေါက်တယ်။

သူမက... “ ဒီနေ့ အပြင်မှာ တော်တော် သာယာတယ်။ ဒီနေ့က ရှင့်မွေးနေ့လည်းဖြစ်တယ်။ ဒီတော့ ရှင်နဲ့ကျမ နှစ်ယောက်တည်း နေ့လည်စာ သွားစားရအောင်”...လို့ ပြောလာတယ်။

“အေး....ဒီနေ့ ကြားရသမျှထဲမှာတော့ အကောင်းဆုံးဘဲ၊ လာသွားကြစို့”.....လို့ ကျနော်က ပြန်ပြောလိုက်တယ်။

ကျနော်တို့ နေ့လည်စာအတူ သွားစားကြတယ်။ ခါတိုင်းသွားနေကျ နေရာတွေကို မသွားဘူး။ မြို့ပြင်က တိတ်ဆိတ်ပြီး သီးသန့်ကျတဲ့ နေရာလေးတနေရာမှာ သွားစားဖြစ်တယ်။ မာတီနီ နှစ်ခွက်စီသောက်ဖြစ်ကြပြီး အစားအသောက်ကိုလည်း တော်တော်လေး ခံတွင်းတွေ့တယ်။

ရုံးကို အပြန်လမ်းမှာ သူမက ပြောလာတယ်။

“ဘော့စ်....ရှင်သိတဲ့အတိုင်း ဒီနေ့က အင်မတန် လှပတဲ့ နေ့တနေ့။ ကျမတို့ ရုံးကို ပြန်သွားဖို့ရော လိုသေးလို့လား”

ကျနော့် ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး... “ဟာ....မလိုပါဘူး။ ဘာဖြစ်လို့လဲ” လို့ လှိုက်မောစွာ ပြန်မေးတဲ့အခါ သူမက....

“ဒါဖြင့် ကျမ အခန်းကို သွားကြရအောင်လေ။ အဲသည်ရောက်ရင် ရှင့်ကို ကျမ မာတီနီ တခွက် ထပ်ပြီး စပ်ပေးမှာပေါ့”

ဒီလိုနဲ့ ကျနော်တို့ သူမအခန်းကို သွားကြတယ်။ မာတီနီ တခွက်စီ ထပ်သောက်ကြပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာနေတုန်းမှာ သူမက...

“ ဘော့စ်.... ရှင် ဘယ်လိုမှ မအောက်မေ့ဘူးဆိုရင် ကျမလေ.. အိပ်ခန်းထဲခဏ၀င်ပြီး သက်တောင့်သက်သာရှိမယ့် ပေါ့ပေါ့ပါးပါးအ၀တ်အစားလေးတစုံလောက် လဲလိုက်ချင်တယ်၊ ဖြစ်တယ်မို့လား”

(ကျနော်....တိုး၍ တိုး၍ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်)...... “အိုကေ”

ဒါနဲ့ သူမလည်း အိပ်ခန်းထဲကို လှစ်ကနဲ ၀င်သွားတယ်။ ခြောက်မိနစ်လောက် ကြာတော့ အခန်းထဲက သူမ ပြန်ထွက်လာတယ်။ မွေးနေ့ကိတ်ကြီးတလုံးကို လက်နှစ်ဖက်နဲ့ မ ပြီးတော့ သယ်လာတယ်။ သူမ နောက်မှာက ကျနော့်မိန်းမနဲ့ ကလေးတွေ...။ အားလုံးဟာ ဟက်ပီးဘာ့သ်ဒေး သီချင်းကို သံပြိုင်အော်ပြီး သီဆိုလာကြတယ်။

အဲသည်အချိန်မှာ ကျနော်က ဆိုဖာပေါ်မှာ ထိုင်လို့......။ ကျနော့်ကိုယ်ပေါ်မှာ အ၀တ်အစားဆိုလို့ ဗလာ။ ခြေအိတ်ကလွဲပြီး ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။

( အင်တာနက်ပေါ်က “Why I fired my secretary” ဆိုတဲ့ ဟာသ တခုကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတာပါ။ အချို့လည်း ဖတ်ဘူးပြီးသား ဖြစ်မှာပါ။ )
Read more

“သူလိုလူ…..”


photo-Reuters

ခွင့်လွှတ်ပါဂျူလီ….” ပို့စ်ကို ရေးသောအခါ စာဖတ်သူအချို့က ဂျူလီကို ခွင့်လွှတ်ဖို့ အမြင်တူကြသလို အချို့ကလည်း ခွင့်မလွှတ်သင့်ဟု မြင်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့က သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယင်းသတင်းကို ဖတ်ရတော့ ခွင့်လွှတ်ပါဂျူလီ….ပို့စ်ကို ပြန်သတိရမိသည်။

သတင်းအကျဉ်းက ဒီလို။ စင်္ကာပူတွင် အိမ်ထောင်သည် ကျောင်းဆရာမ တယောက်သည် အသက်မပြည့်သေးသည့် ကျောင်းသားနှင့် လိင်ဆက်ဆံမိသည်။ အသက်မပြည့်သူနှင့် လိင်ဆက်ဆံမိသည့်အတွက် ဥပဒေအရ ထောင်ဒဏ် ဆယ်လ ကျသည်။ ဤသတင်းမျှလောက်သည် စိတ်ဝင်စားဘွယ်မဟုတ်သေး။

ကျနော်စိတ်ဝင်စားသောသတင်းက…… “ခင်ပွန်းဖြစ်သူက သူ့ဇနီးကို ခွင့်လွှတ်သည်….ဆိုသော သတင်း”။

အဆိုပါ သတင်းထဲတွင် ထိုသူ၏ မိခင်ဖြစ်သူက ပြောပြသည်မှာ….“ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့… သားက သူ့ဇနီးကို မကွာရှင်းပါဘူးတဲ့။ အခု ဒီအမှုတလျှောက်လုံးမှာလည်း သူ့ဇနီးဘေးက အမြဲ ဖေးမရပ်တည်ခဲ့ပါတယ်”…..တဲ့။

သူမက ဆက်ပြောသည်မှာ….“ ဇနီးက သစ္စာဖောက်တဲ့အတွက် သားအနေနဲ့ ရင်ကွဲပက်လက် ဖြစ်ရမယ်ဆိုတာ အမေတယောက်အနေနဲ့ ကျမခံစားသိရှိပါတယ်။ ဒါပေမယ့် ကျမရှေ့မှာတော့ ၀မ်းနည်းတာတို့ ငိုတာတို့တော့ သားက မလုပ်ပါဘူး။ သူက စိတ်ဓါတ်ကြံ့ခိုင်ပါတယ်”။

သတင်းထဲတွင် ကျနော်အကြိုက်ဆုံးနေရာကလေးမှာ…..

“She said that her daughter-in-law, whom she described as a quiet person, apologised to her after confessing to her son about the affair. 'My son had already forgiven her, so we did too,' she told the TNP. ”

အဘွားကြီးက သူ့ချွေးမဖြစ်သူဟာ ခပ်အေးအေး နေတတ်သူလို့ ဖော်ညွှန်းပြီး ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့အခါ ခင်ပွန်းဖြစ်သူထံ သူမအမှားကို ၀န်ခံပြီး ၀န်ချတောင်းပန်တယ်လို့ ပြောပြပါတယ်။ ……“သားက သူမကို ခွင့်လွှတ်ပါတယ်။ ကျမတို့လည်း သူမကို ခွင့်လွှတ်ပါတယ်”….တဲ့။

ဒီသတင်းကို ကြားရရင် တချို့ကလည်း ဒီလူကို နွားကျတယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။

ကျနော့်အမြင်ကတော့ ဒီလူရော၊ သူ့အမေရောဟာ အင်မတန် ခွင့်လွှတ်နိုင်စွမ်းရှိသူတွေပါလားလို့ မြင်မိပါတယ်။

ဒီလူရဲ့ လုပ်ရပ်အပေါ် စာဖတ်သူရော ဘယ်လို ထင်ပါသလဲ။

မူရင်းသတင်း.............. Hubby forgives wife
Read more

“ရူးချင်ယောင်ဆောင်သူများ......အပိုင်း(၂)”

(Natan Sharanski ရေးသားသော "The case for democracy" စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)


အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း (fear society)ရှိ အတွေးအခေါ်အမှားများကို ဖော်ထုတ်ပေးနိုင်သည့် နိုင်ငံရေးနှင့်ဆိုင်သော ရယ်စရာအဖြစ်အပျက်များ၊ ဟာသများသည် ရူးချင်ယောင်ဆောင်သူများ (double thinkers) ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသော ကိုယ်တွင်းလွန်ဆွဲမှု(တင်းမာမှု)များကို အတန်အသင့် လျှော့ချပေးနိုင်သည်။

ထိုရယ်စရာအဖြစ်အပျက်များ၊ ဟာသများ လူထုအကြားသို့ ဆောင်ကြဉ်းပျံ့နှံ့ပုံနည်းလမ်းမှာမူ အဆိုပါလူ့အဖွဲ့အစည်းအတွင်းရှိ အကြောက်တရားလွှမ်းမိုးမှု အနည်းအများစံချိန်ပေါ်တွင် မူတည်သည်။ တခါတရံ အသိုင်းအ၀ိုင်းငယ်များကြားတွင် ပျံ့နှံ့သလို၊ ရံဖန်ရံခါတွင် ကျယ်ဝန်းသော လူ့အဖွဲ့အစည်းကြားထဲအထိ ပျံ့နှံ့တတ်သည်။ တခါတရံ တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့လေ့ရှိပြီး ရံဖန်ရံခါတွင်မူကား ရေးသားချက်အသွင်မျိုးဖြင့် ပျံ့နှံ့တတ်သည်။

ယင်းနိုင်ငံရေးဟာသများ ပျံ့နှံ့သည့် အတိုင်းအတာပမာဏသည် အဆိုပါ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် ရူးချင်ယောင်ဆောင်သူများ အရေအတွက် ပမာဏကို တိုင်းတာနိုင်သော အရာတခုဆိုလည်း မမှားနိုင်ပေ။

စာအုပ်များ၊ ကဗျာများ၊ ပြဇာတ်များ၊ အနုပညာများ နှင့် ဂီတများတွင် ထိပ်တန်းပညာရှင်အသီးသီးသည် ရူးချင်ယောင်ဆောင်သူများနှင့် အတိုက်အခံ (dissident) များအကြားတွင် တည်ရှိသော နယ်နိမိတ် စည်းမျဉ်းကို အချိန်ပြည့် စမ်းသပ်လျက်ရှိသည်။ အစိုးရ၏ ပေါ်လစီအပြောင်းအလဲတခုကြုံသည်နှင့် အဆိုပါ နယ်နိမိတ်စည်းမျဉ်းကို ချဲ့ထွင်ရန် ပညာရှင်အသီးသီးသည် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားတတ်ကြလေသည်။

ထိုသို့ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း တိတ်တဆိတ် အတွင်းကျိတ်ပြောင်းလဲနေသော လက္ခဏာများနှင့် ဖြစ်စဉ်များကို အထူးကျွမ်းကျင်သူပညာရှင်အချို့အနေဖြင့် နားလည်သိမြင်နိုင်သော်လည်း အဆိုပါလူ့အဖွဲ့အစည်း၏ပြင်ပမှ လေ့လာသူများအဖို့မူကား ရူးချင်ယောင်ဆောင်သူများနှင့် အမှန်တကယ်ယုံကြည်သူများ(True believer) ကို ခွဲခြားသိမြင်ရန် ခဲယဉ်းပေသည်။ ပြင်ပမှ လေ့လာသူအနေဖြင့် ထိုအုပ်စု နှစ်ခုလုံးသည် အာဏာရအစိုးရ၏ မူဝါဒကို လက်ခံကျင့်သုံးနေသယောင်သာ မြင်တွေ့ရသည်။ အမှန်တကယ်တွင်မူကား အုပ်စုတခုကသာလျှင် အမှန်တကယ် လက်ခံကျင့်သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပလေ့လာသူတဦး၏ အမြင်၌ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် လူနှစ်မျိုးနှစ်စားသာ ပါဝင်သည်။ တမျိုးမှာ အစိုးရကို ထောက်ခံသူများနှင့် နောက်တမျိုးမှာ အတိုက်အခံများဖြစ်သည်။ အကယ်၍ အတိုက်အခံများအပေါ် ပေးသော အပြစ်ဒဏ်မှာ အင်မတန်ကြီးလေးပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် အတိုက်အခံဟူ၍ လုံးဝ ရှိတော့မည် မဟုတ်ချေ။

၁၉၃၀ ခုနှစ်များဆီက ဆိုဗီယက်ပြည်ထောင်စုတွင် အတိုက်အခံလုံးဝမရှိချေ။ အနည်းဆုံး အနောက်တိုင်းနိုင်ငံများမှ သတိထားမိသော အတိုက်အခံဟူ၍ မရှိချေ။ သို့ဖြစ်လျှင် စတာလင်၏ စစ်ဖိနပ်အောက်တွင် နေထိုင်ကြရသော လူသန်းပေါင်း ၁၅၀ လုံးသည် အမှန်တကယ် ယုံကြည်သူများချည်းသာ ဖြစ်နေသောကြောင့်ပေလောဟု တွေးတောစရာ ဖြစ်လာပေသည်။

သို့တည်းမဟုတ် (ပို၍ ဖြစ်နိုင်ချေရှိသည်မှာ) အတိုက်အခံများ ပျောက်ကွယ်နေခြင်းသည် စတာလင်လက်ထက်က အတိုက်အခံနိုင်ငံရေးသမားများကို အကျဉ်းချုံး အပြစ်ဒဏ်စီရင်မှုများ ပြုလုပ်ခဲ့သောကြောင့်ဆိုင်လျှင် သာ၍ မဖြစ်နိုင်သလော။

အကြောက်တရားလွှမ်းမိုးသောလူအဖွဲ့အစည်းတွင် ရှိသော အတိုက်အခံ အရေအတွက်သည် ယင်းလူ့အဖွဲ့အစည်းတွင် အတိုက်အခံများကြုံတွေ့ရသော အန္တရာယ်ပမာဏကို ညွှန်းဆိုနေသည့် အချက်အလက်တခုဖြစ်သည်ဆိုလျှင် ပို၍ ယုတ္တိမရှိပြီလော။

ဥပမာပြဆိုရလျှင်....၁၉၇၀ ခုနှစ်များဆီ ရောက်လာသောအခါ ဆိုဗီယက်ပြည်ထောင်စုတွင် ရှိသည့် လူ့အဖွဲ့အစည်းသည် ၁၉၃၀ ခုနှစ်များဆီနှင့် နှိုင်းစာလျှင် အတန်ငယ် ဖိနှိပ်မှု လျော့နည်းသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ ထိုအခါ အတိုက်အခံ ရာဂဏန်းမျှ စတင်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍သာ မဟတ္တမဂန္ဓီသည် စတာလင် (သို့မဟုတ်) ဟစ်တာလာ အစိုးရကို ဆန့်ကျင်ခဲ့ရပါက သူ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မစခင်ကတည်းက အဆုံးသတ်ခဲ့မည်သာဖြစ်သည်။ သူ့အတွက်ကံကောင်းသည်မှာ သူဆန့်ကျင်ရသည့် ဗြိတိသျှလူ့အဖွဲ့အစည်းသည် အရင်းရှင်ပင်ဖြစ်သော်ငြား ပိုမို လစ်ဘရယ်ကျသော၊ ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်း ဖြစ်နေခြင်းပင်။

ကြောက်ရွံ့သော လူ့အဖွဲ့အစည်းတွင် နှိပ်ကွပ်မှုများ ပြင်းထန်လှပါက ပြင်ပမှ လှမ်းကြည့်အကဲခတ်သူအဖို့ အမှန်တကယ်ယုံကြည်သူများချည်းသာ ထိုလူ့အဖွဲ့အစည်းတွင်ရှိမည်ဟု မြင်ရပေမည်။ အမှန်တကယ်တွင်မူကား ထောင်ပေါင်းများစွာသော၊ သောင်းပေါင်းများစွာသော၊ သန်းပေါင်းများစွာသော ရူးချင်ယောင်ဆောင်သူများသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်လျက် ရှိကြပေသည်။ ထိုလူ့အဖွဲ့အစည်းတွင် ရူးချင်ယောင်ဆောင်သူ အရေအတွက်ပမာဏကို အတိအကျသိရန် မလွယ်ကူသော်လည်း သေချာသည့် အချက်တခုတော့ရှိသည်။ ယင်းမှာ ရူးချင်ယောင်ဆောင်သူများ အရေအတွက်သည် နေ့စဉ်နှင့်အမျှ ဒီရေအလား တိုးပွားလျက် ရှိခြင်းပင်။

ဤသို့ဖြစ်ရသည်မှာ ကြောက်ရွံ့သောလူ့အဖွဲ့အစည်းတွင် ထားရှိသော ကန့်သတ်ပိတ်ပင်မှုများသည် အမှန်တကယ်ယုံကြည်သူများကို အာဏာရအစိုးရနှင့် တဖြည်းဖြည်းဝေးကွာသွားစေပြီး ရူးချင်ယောင်ဆောင်သူများအဖြစ်သို့ ကူးပြောင်းလာစေရန် စေ့ဆော်သော အကြောင်းခြင်းရာများစွာကို ဖြစ်ပေါ်စေကြောင့်ပင်တည်း။

ထိုကဲ့သို့ အစိုးရနှင့် တကြိမ်တခါ ကွဲထွက်သွားပြီးပါက အသစ်စက်စက်ဖြစ်ပေါ်လာသော ရူးချင်ယောင်ဆောင်သူများသည် အစိုးရအပေါ်တွင် ယခင်က ကဲ့သို့ တဖန်ပြန်လည် သစ္စာစောင့်သိရန် အင်မတန်ခဲယဉ်းသွားပေသည်။ ဤသည်မှာ အစိုးရအနေဖြင့် ၄င်းတို့ကို အချိန်ပြည့် စည်းရုံးနေသည့်ကြားကပင် ဖြစ်သည်။ ဤအကြောင်းကို နောက်ပိုင်းတွင် ဖတ်ရှုရပါမည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs