Showing posts with label myself. Show all posts
Showing posts with label myself. Show all posts

အအားမနေတတ်သူပါ


Image Credit - Link -

အိပ်ယာထ၊ မျက်နှာသစ်၊ သွားတိုက်
အင်တာနက်နဲ့ မနက်စာစား
အင်တာနက်နဲ့ ကော်ဖီသောက်
အင်တာနက်နဲ့ စီဘောက်စ်ဝင်
အင်တာနက်နဲ့ ချက်တင်လုပ်
အင်တာနက်နဲ့ ဖေ့စ်ဘွတ်မွေ့
အင်တာနက်နဲ့ နေ့လည်စာသွင်း
အင်တာနက်နဲ့ သီချင်းနားထောင်
အင်တာနက်နဲ့ ယောင်စိန်လုပ်
အင်တာနက်နဲ့ ရုပ်ရှင်ကြည့်
အင်တာနက်နဲ့ အသိရှာ
အင်တာနက်နဲ့ ဘီယာသောက်
အင်တာနက်နဲ့ ဘလောက်ရေး
အင်တာနက်နဲ့ အီးမေးလ်စစ်
အင်တာနက်နဲ့ အမျိုးချစ်ပြ
အင်တာနက်နဲ့ ညစာစား
အင်တာနက်နဲ့ တရားနာ (နိုင်ငံရေးတရားပြောပါတယ်)
အင်တာနက်နဲ့ အိပ်ယာဝင်
အင်တာနက်ပင် အိပ်မက်မက်
သြော်... တစက္ကန့်ကလေးမှ မအားရသူပါ။
Read more

“သမီး ငယ်ငယ်က”

ရုံးပိတ်ရက်မှာ ဖလင်ခေတ်က ရိုက်ကူးထားတဲ့ မဒမ်ပေါရဲ့ လက်ရာဓါတ်ပုံတချို့နဲ့ မိန်းထဲက ဓါတ်ပုံဆရာရဲ့ ဓါတ်ပုံလက်ရာတခုကို ဒစ်ဂျစ်တယ်ပုံရိပ်လွှာအဖြစ် ကူးပြောင်းပြီး အမှတ်တရ တင်လိုက်ပါတယ်။

At SAKURA hospital
ကိုးလလွယ် ဆယ်လဖွား..... သမီးမွေးစဉ်အခါက။ ဆာကူရာ ဆေးရုံမှာ။ ကျနော်လွယ်ရတာမဟုတ်ပါဘူး....အဟီး။ မဒမ်ပေါလွယ်ရတာပါ။


At Shwedagon 1
ရွှေတိဂုံဘုရားရင်ပြင်မှာ သမီးကျောပိုးအိတ်နဲ့ လျှောက်သွားနေတုန်း....


At Shwedagon 3
ပိုက်ဆံအိတ်ကို ချိုင်းကြားကလည်း ညှပ်ချင်သေးတယ်။ တခုခုဆိုရင် “ဟဲ့..ဒုက္ခ” လို့ လူကြီးလူကျယ် ပြောတတ်တယ်။


At Shwedagon 4
ဘယ်လိုပဲ လူကြီးဂိုက်ဖမ်းဖမ်း၊ နောက်ဆုံးတော့လည်း နို့ဘူးနဲ့ပဲ နှစ်ပါးသွားရတာပဲ မဟုတ်လား။ (ဘေးကထိုင်နေတာ သူ့ အဖွားပါ)


Near the convocation
ဒါက မိန်းထဲက ဓါတ်ပုံဆရာရဲ့ လက်ရာ။
Read more

“အဖေတူသား”

ကျနော့်အဖေဆုံးတော့ အသက်ရှစ်ဆယ်။ အဖေ့အသက် ၆၀ လောက်စပြီး လူကြီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း နားနည်းနည်း လေး စပြုတယ်။ သူ့ကို ပုံမှန်အသံနဲ့ စကားလှမ်းပြောရင် မကြားဘူး။ နည်းနည်း အော်ပြောမှ ကြားတော့တယ်။ နောက်တော့ အဖေ့ကျေးဇူးနဲ့ ကျနော်တို့ တအိမ်သားလုံး စကားကို အော်ပြောတဲ့ အကျင့်ရလာကြတယ်။

ကျနော် မြန်မာပြည်ကို ပထမဦးဆုံးအခေါက်ပြန်တော့ အဖေ့အတွက် နားကြားကိရိယာလေးကို စင်္ကာပူက ဝယ်သွားပေးတယ်။ အဖေ အရမ်းသဘောကျတယ်။ သူဘောလုံးပွဲတွေကြည့်တဲ့အခါ၊ ရေဒီယိုနားထောင်တဲ့အခါ အင်မတန်အသုံးတည့်သတဲ့။

ဒါပေမယ့် အဲဒီ နားကြပ်ကြောင့် အဖေ့အနားမှာ နေတဲ့ အစ်မတွေ၊ ယောက်ဖတွေ ဒုက္ခရောက်ကြတော့တယ်။ သူတို့က အကျင့်ပါနေတဲ့အတိုင်း အဖေ့ကို အော်ပြောမြဲ အော်ပြောကြတော့…. “တိုးတိုးသက်သာပြောလည်း ငါကြားရပါတယ်ဟ။ စွတ်အော်မနေကြပါနဲ့” လို့ အဖေဟောက်တာကို ခံရသတဲ့။

အခုတော့ အဖေဆုံးသွားတာတောင် လေးနှစ်လောက်ရှိပြီ။ အဖေ့ရဲ့ တဦးတည်းသော သားယောက်ျားလေးဖြစ်တဲ့ ကျနော်ဟာ အခုအသက် ၃၈ နှစ်မှာပဲ နားနည်းနည်း လေးစပြုလာတာကို ကိုယ့်ဘာသာ သတိထားမိတယ်။

အရင်ကတော့ ကိုယ့်ဘာသာ နားလေးတယ်လို့ မထင်ဘူး။ တချို့လူတွေ စကားပြောတာ အရမ်းတိုးညှင်းလွန်းလို့သာ မကြားရတာလို့ပဲထင်တယ်။ အထူးသဖြင့် စင်္ကာပူနိုင်ငံသားတွေ စကားပြောတဲ့အခါ တိုးလွန်းလို့ မနည်း အာရုံစိုက်နားထောင်ယူရတယ်။ မြန်မာတွေကတော့ အချင်းချင်း အားပါးတရ အော်ကြီးဟစ်ကျယ် ပြောကြတာဆိုတော့ ကျနော့်အတွက် သိပ်ပြဿနာမရှိလှဘူး။

တချို့လူတွေကလည်း စကားပြောတဲ့အခါ လေကို အင်မတန် ချွေတာချင်ကြပုံ ရတယ်။ လည်ချောင်းထဲကလေ အပြင်ကို ထွက်လာတဲ့ အသံနဲ့ ပြောတာမျိုးမဟုတ်။ အပြင်ကလေ လည်ချောင်းထဲကို ပြန်ဝင်သလို စုပ်သံနဲ့ စကားပြောတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူမျိုးတွေနဲ့ တွေ့ရင် ကျနော် ဒုက္ခလှလှကြီးတွေ့တော့တာပဲ။

ရုံးက ကျနော့်မျက်စောင်းထိုးစားပွဲမှာ ကျနော်နဲ့ ပရော့ဂျက် အတူလုပ်ရတဲ့ တရုတ်လူမျိုး အင်ဂျင်နီယာမကလေးရှိတယ်။ ကိုယ့်စားပွဲကနေ သူနဲ့ အပြန်အလှန် စကားလှမ်းပြောရင် မကြားရလို့ ပြောစရာတခုခုရှိတိုင်း တယ်လီဖုန်းနဲ့ လှမ်းပြောရတယ်။ သူကလည်း ကျနော်မကြားမှန်းသိလို့ သူပြောစရာရှိရင် တယ်လီဖုန်းကနေတဆင့်ပဲ လှမ်းပြောတယ်။ နှစ်ယောက်အကြားမှာ ငါးပေလောက်ပဲကွာမယ်ဆိုတော့ ရုပ်မြင်သံကြားကြီးပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီအတွက် အလက်ဇန်ဒါး ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်မိပါတယ်။

ကျနော့်ရှေ့တည့်တည့်မှာ ထိုင်တဲ့ စင်္ကာပူနိုင်ငံသားကတော့ ကျနော် နားသိပ်မကောင်းတာကို ရိပ်မိပုံ မရဘူး။ သူက ကျနော့်လိုပဲ နိုင်ငံရေးကို စိတ်ဝင်စားတော့ မနက်တိုင်း သတင်းတွေဖတ်ပြီး ကျနော့်ကို လှမ်းပြောပြရတာအမော။ ကျနော့်မှာတော့ မကြားတချက် ကြားတချက်။ သူပြောတဲ့ အထဲမှာ ရယ်စရာတွေလည်း ပါပုံရတယ်။ သူ့ကို အားနာတဲ့အတွက် တခါတလေ သူဘာပြောလိုက်မှန်း မသိလိုက်ပေမယ့် စကားဆုံးသွားလို့ သူရယ်တဲ့အခါ ကျနော်လည်း ဘုမသိ ဘမသိ ရောယောင်ပြီး သွားဖြဲလေးနဲ့ လိုက်ရယ်မိတဲ့အခါမျိုးလည်း ရှိသေးတယ်။ ဒါပေမယ့် လုပ်ရယ်ကြီးဆိုတော့ ဘယ်အသက်ပါပါ့မလဲ။ သဘာဝအတိုင်းမဟုတ်ဘဲ ညှစ်ပြီး ရယ်ရတာဆိုတော့ ကျနော့်မှာလည်း နည်းနည်းတော့ ပင်ပန်းတာပေါ့။

ကျနော့်အဖြစ်က ငယ်ငယ်က ကြားဖူးတဲ့ နားထိုင်းတဲ့ လူတယောက်အကြောင်းလို ဖြစ်နေတယ်။ အဲဒီလူက သူငယ်ချင်းတယောက်နဲ့အတူ ပွဲသွားကြည့်တဲ့အခါ သူ့ခမြာ နားမကောင်းရှာတော့ သူ့သူငယ်ချင်းကို ပွဲမစမီကတည်းက အခုလို ကြိုတင် မှာထားရှာသတဲ့။

“သူငယ်ချင်းရာ။ ငါက နားမကောင်းတော့ လူရွှင်တော်တွေ ပြက်တာကို ကြားရမှာ မဟုတ်ဘူး။ ဒီတော့ လူရွှင်တော်တွေ ပြက်တဲ့အထဲမှာ ရယ်စရာပါရင် ငါ့ကို လက်ကုပ်လိုက်ပါ။ ငါလည်း ရယ်ချင်လို့ပါ”…တဲ့။

ဒါပေမယ့် ပွဲစတော့ နားကောင်းတဲ့သူငယ်ချင်းက ရယ်စရာတွေ့ရင် သူချည်းပဲ လှိမ့်ရယ်နေတယ်။ မှာထားတဲ့အတိုင်း လက်ကုပ်ဖို့ကိုတော့ သတိမေ့နေသတဲ့။ ပွဲပြီးကာနီးလို့ အိမ်ပြန်ဖို့ လက်ကုပ်လိုက်တဲ့အခါကျမှ ဟိုနားထိုင်းတဲ့ လူခမြာမှာ ရယ်စရာရောက်ပြီအထင်နဲ့ တယောက်တည်း တဟားဟား ထပြီး ရယ်ရရှာသတဲ့။ ကျနော့်အဖြစ်နဲ့ တူမနေဘူးလား။

တော်သေးတယ်။ ကျနော်ကံကောင်းတာတချက်က ရုံးမှာ ကျနော့်ဘော့စ်တွေအားလုံး စကားကို ကျယ်ကျယ်ပြောတတ်တဲ့သူတွေ ဖြစ်နေသေးလို့။

အခု လက်ရှိ အနေအထားက အဆောက်အဦးအတွင်းမှာလို၊ အစည်းအဝေးခန်းတွေထဲမှာလို ဆိတ်ငြိမ်တဲ့နေရာတွေမှာဆိုရင် သာမန်ပြောရင် ကြားရပါသေးတယ်။ ကိုယ့်ကို ရှေ့မှာထားပြီး ကိုယ့်အတင်းအုပ်နေတာမျိုးဆိုရင်လည်း ကြားရတတ်သေးတယ်။ စားသောက်ဆိုင်တို့၊ food-court တို့လို ဆူညံနေတဲ့ နေရာမျိုးမှာဆိုရင်တော့ စင်္ကာပူနိုင်ငံသားတွေ ပြောတဲ့စကားကို စားပွဲတဝိုင်းတည်း ထိုင်နေပေမယ့်လည်း သဲသဲကွဲကွဲ မကြားရတော့ဘူး။

အိမ်မှာဆိုရင်လည်း တီဗီကို အသံအကျယ်ကြီးဖွင့်ပြီး ကြည့်ရမှ အားရတယ်။ တိုးတိုးဖွင့်ရင် အားမရဘူး။ ဒါပေမယ့် ကျနော့် နားက မဟုတ်တဲ့နေရာမှာတော့ ပါးနေပြန်ရော။ နေ့လည် နေ့ခင်း တရေးတမော အိပ်တဲ့အခါ ချွတ်ကနဲမြည်တဲ့ အသံကလေးကအစ ကြားတတ်ပြီး အိပ်ယာက လန့်နိုးသွားလို့ ဇိမ်ပျက်ရပေါင်းလည်း များလှပြီ။

ကိုယ်နားမကောင်းတဲ့အကြောင်းပြောရင်း နာမည်ကျော် The Aviator ရုပ်ရှင်ကားကြီးထဲက ဇာတ်ကောင်ဖြစ်တဲ့ (လေသူရဲ၊ တီထွင်စွန့်စားသူ၊ TWA လေကြောင်းကုမ္ပဏီပိုင်ရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ) Howard Hughes ကို သတိရမိတယ်။ အဲဒီ ဇာတ်ကားမှာ Howard Hughes အဖြစ် သရုပ်ဆောင်တဲ့ Leonardo DiCaprio (တိုင်တန်းနစ်မင်းသား) တောင် အကယ်ဒမီရသွားသေးတယ်လေ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုအတွက် တစ်ပေးခြင်း (nominated) ခံရသေးတယ်လေ။ ဟောင်းဝါ့ဒ်ဟျု ကလည်း ကျနော်လိုပဲ နားနည်းနည်း လေးတယ်ဗျ။ အဲ… ဘာဆိုင်သလဲဆိုတော့ ဘာမှ မဆိုင်ပါဘူး။ ဒီလိုပဲ လျှောက်ပြောကြည့်တာပါ။ “တန်ရာတန်ရာ ပြောတာမဟုတ်ဘူး။ ချေးစိမ်းပန်းတော့မှာပဲ”….လို့ ကျနော့်ကို မကြာခဏ ဝေဖန်တတ်တဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်းတယောက်ကိုတောင် သတိရမိသေးတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် နှစ်သစ်မှာ လောကကြီးရဲ့ အသံဗလံတွေကို ကောင်းကောင်းအာရုံခံစားနိုင်ဖို့ ဆရာဝန်နဲ့ပြပြီး နားကြားကိရိယာလေးတခုလောက် ဝယ်တပ်မလား စိတ်ကူးနေတယ်။
Read more

“ဟိုအဝေးမှာ ငါးရက်တာ….”

ဘလော့ဂ်ဖတ် ပရိသတ်တို့ နေကောင်းရဲ့နော့။

ကျနော် တပတ်ကျော်ကျော်လောက် ပျောက်နေရခြင်းအကြောင်းကတော့ NUHမှာ ဆေးရုံတက်နေရလို့ပါ။ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က ညနေပိုင်း အဖျားတက်နေရာက ဆေးခန်းသွားပြတယ်။ ဆေးခန်းက ပေးလိုက်တဲ့ဆေးမှာ ကျနော်နဲ့ မတည့်တဲ့ ဆေးတမျိုးပါတဲ့အတွက် အဖျားမပျောက်ရုံမက ယားဖုတွေပါ ခြေထောက်မှာ ပေါက်လာလို့ ဆေးရုံကို ပြေးရတယ်။ ဆေးရုံမှာ ငါးရက်လောက်နေပြီး အခုတော့ အဖျားပျောက်လို့ ဆင်းလာပြီ။ ဆေးအရှိန်မပြယ်သေးလို့ အယားကတော့ နည်းနည်းကျန်သေးတယ်။

ငယ်ငယ်က ကျနော်တို့ ပြောနေကျ “မိဘုယားရင်ကုပ်ကုပ်ရင်မယားဘူး” ဆိုတဲ့ စကားလေးတောင် သတိရမိတယ်။ ဒီလို ဖတ်ရတာပါ။ “မိဘု….ယားရင်ကုပ်… ကုပ်ရင်… မယားဘူး” လို့။ အဲဒါကို မသိတဲ့လူတွေက “မိဘုယားရင် ကုပ်ကုပ်ရင်” စသဖြင့် ဖတ်တဲ့အခါ အတော် ရယ်ရပါတယ်။

အဲ… အခု ကိုယ်တိုင် ကုပ်နေရတော့ မရယ်ရတော့ဘူးပေါ့။ နည်းနည်းတော့ ဇိမ်ရှိပါတယ်။ ကာတွန်းရွှေမင်းသားရဲ့ ဆင်းရဲသား ဆုတောင်းလိုပေါ့။

“ဒီ ဝဲကြော်တွေ မပျောက်ပါစေနဲ့ ဘုရား။ တပည့်တော်မှာ ဇိမ်ခံစရာဆိုလို့ ဒီဝဲကြော်တွေလေးတွေပဲ ရှိတာပါ” ဆိုတာလေ။

ငါးရက်လောက် ဆေးရုံပေါ်မှာရောက်နေတုန်း ဒစ္စကာဗာရီကလာတဲ့ အစီအစဉ်တွေ ကြည့်လိုက်၊ စာအုပ်ကလေးလှန်လိုက်လှောလိုက်၊ ဟဲဖုန်းပေါ်မှာ အင်တာနက်ကလေး ကိုင်လိုက် လုပ်ရင် အချိန်ကုန်သွားတယ်။ ကိုယ့်ဘလော့ဂ်အပါအ၀င် မြန်မာဘလော့ဂ်တွေတော့ ဖတ်လို့မရခဲ့ဘူး။ ကိုယ့်ဘလော့ဂ်မှာ ကွန်မင့်တွေ ကောင်းနေတယ် သတင်းကြားပေမယ့် မဖတ်ခဲ့ရဘူး။ အခု ပြန်လာမှ အတိုးချပြီး ဖတ်ရတယ်။ လာရောက်ဖတ်ရှုကာ ကွန်မင့်ရေးသားကြသူများ၊ အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။

ဆေးရုံက ဆေးခွင့်ကို ဒီလ ၂၈ ရက်နေ့အထိတောင် ပေးလိုက်တယ်။ ဒါပေမယ့် လူလည်း နေကောင်းနေပြီဆိုတော့ ဒီတပတ် အိမ်မှာ နားပြီးရင် နောက်တပတ်တော့ အလုပ်ပြန်စဖို့ စိတ်ကူးတယ်။ အလုပ်ကနေ နှစ်ပတ်တိတိ ကင်းကွာသွားတဲ့ သဘောပေါ့။

ဘလော့ဂ်ကတော့ ထုံးစံအတိုင်း ပြန်ရေးသွားမှာပါ။ တွေ့ကြဦးမယ်လေ…. ပျော်ပျော်ပါးပါးပေါ့။


Read more

“ဟိုတုန်းကတော့…”

ကျနော်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ အဲဒီနောက် စစ်အစိုးရ က တက္ကသိုလ်၊ ကောလိပ်တွေကို ၃ နှစ်တိတိ ပိတ်ပစ်လိုက်တဲ့အတွက် ကျနော်လည်း အလကားထိုင်မနေလိုတဲ့အတွက် အဲဒီအချိန်က အလုပ် လုပ်ဖြစ်ပါတယ်။ အလုပ်ကြမ်းလုပ်ရတာပါ။

အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ခြံစည်းရိုးကာတဲ့ ၀ါးကပ်တွေ ရက်ရတယ်။ ပထမဦးဆုံး ၀ါးပုံထဲကနေ ၀ါးလုံးကောင်းကောင်း ဖြောင့်ဖြောင့်တွေကို ရွေးထုတ်တယ်။ ပြီးတော့ သံဖြတ်လွှနဲ့ ၀ါးကပ်အမြင့်လောက်ရှိတဲ့ အပိုင်းတွေအဖြစ် ဖြတ်တောက်ရတယ်။ အဲသည်နောက် မတ်တတ်ရပ်ပြီး ၀ါးလုံးကို လက်တဖက်ကိုင်၊ အခြားလက်တဖက်က ဓါးထက်ထက်နဲ့ ခွဲချရင်း ကလန့်လိုက်တဲ့အခါ ၀ါးကပ်ရက်ဖို့ ၀ါးခြမ်းတွေ ရပါတယ်။

ပြီးရင် ရက်ပေတော့။ တချပ်ကို ငါးကျပ်နှုန်းရပါတယ်။ ကျနော်က အလုပ်လုပ်တာ နည်းနည်းနှေးတဲ့အတွက် တရက်ကို ငါးချပ်လောက်ပဲ ပြီးအောင် ရက်နိုင်တော့ တရက်ကို နှစ်ဆယ့်ငါးကျပ်။ တလဆိုရင် ၇၅၀ ကျပ်။ အဲဒီခေတ်က အောက်တန်းစာရေးလစာနဲ့ ညီမျှပါတယ်။

တခါတလေတော့ ကြားဖောက်အလုပ်တွေ ပေါ်လာတတ်တယ်။ အိမ်ဆောက်ပစ္စည်းလာဝယ်သူတွေက ထုံးအိတ်၊ သဲအိတ်၊ ဘိလပ်မြေ စတာတွေကို လက်တွန်းလှည်းနဲ့တင်ပြီး အိမ်တိုင်ယာရောက် လိုက်ပို့ပေးပါဆိုရင် အဲသည်လို လှည်းတွန်းခက ၄၀ ကျပ်၊ ၅၀ ကျပ်လောက် ဆိုတော့ အဲဒီလို နေ့မျိုးဆိုရင် မြိုးမြိုးမြက်မြက်ကလေး ရတာပေါ့။ ဒီတော့ ကျနော့်မှာ တနေ့တနေ့ အဲသည်လို ကြားဖောက်အလုပ်ကလေးတွေကိုလည်း လည်ပင်းရှည်အောင် မျှော်ရပါတယ်။

တခါတလေကျတော့ အုတ်ကားလိုက်ရတယ်။ အုတ်ခဲတွေ သယ်တဲ့ကားနဲ့ လိုက်ပြီး အုတ်ခဲတွေကို အတင်အချ လုပ်ရတာပါ။ အင်မတန် အီစလန်ဝေသော အလုပ်ပါ။ အလုပ်ကြမ်း လုပ်နေကျသူတွေကတော့ အေးဆေးပါပဲ။ အုတ်ပုံထဲကနေ အုတ်ခဲလေးလုံးလောက်ကို အပူးလိုက်ဆွဲထုတ်လိုက်ပြီး ကား အပေါ်နဲ့အောက် အပူးလိုက် တင်ပေးတာ၊ မယူတာ အင်မတန် ကျွမ်းကျင်ကြပါတယ်။ ကျနော်က တကြိမ်ကို အုတ်ခဲ နှစ်လုံးစာပဲ ဆွဲနိုင်တာ။ ကျနော်ပါရင် အလုပ်မတွင်လှပါဘူး။ ဒါပေမယ့် အဲဒီအလုပ်သမားကြီးတွေက မတွက်ကပ်ကြရှာပါဘူး။

အုတ်ခဲရဲ့ မျက်နှာပြင်ဟာ အင်မတန်ကြမ်းရှတဲ့အတွက် ဆယ်တန်းရောက်တဲ့အထိ မိဘလုပ်စာကို အမြိုင့်သား ထိုင်စားခဲ့တဲ့ ကျနော့်အတွက်တော့ အုတ်ပုံထဲမှာ စီထားတဲ့ အုတ်ခဲတွေကို လက်ဖျားလေးတွေနဲ့ ဆွဲထုတ်ရတဲ့အခါ လက်တွေပေါက်ပြဲဖူးယောင်ကုန်တဲ့အထိ ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်ကြီးပေါ့။ ကားဆရာက အသိမိတ်ဆွေဆိုတော့ ကျနော်တို့ ပင်ပန်းမှန်းသိတဲ့အတွက် နေ့လည်စာတွေ ဘာတွေ ထမင်းဆိုင်မှာ လိုက်ပြီး ကျွေးဖော်ရပါတယ်။

ကျနော့်ဘော်ဒါတယောက်လည်း ဆိုက်ကားနင်းပြီး ငွေရှာရတယ်။ သူလည်း ကျနော့်လိုပဲ။ ပုံမှန်ဆိုက်ကားနင်းရာက ရတဲ့ငွေက နည်းတယ်။ အုံနာကြေးနဲ့ဘာနဲ့ သိပ်မကျန်ဘူး။ ဒီတော့ ကြားဖောက်ကလေးတွေ မျှော်တတ်တယ်။ သူ့ကြားဖောက်က ဘယ်လိုမျိုးလည်းဆိုတော့ ရပ်ကွက်ထဲက ပြည့်တန်ဆာအိမ်တွေကို လမ်းမသိလို့ လိုက်ပို့ပေးပါဆိုတဲ့ ဖောက်သည်တွေ ပေါ်လာရင် လိုက်ပို့ပေးရတာမျိုး။ အဲဒါမျိုးဆိုရင် ဆိုက်ကားခအပြင် သက်ဆိုင်ရာအိမ်က ကော်မရှင်လည်း ရတယ်ဆိုပဲ။ သူက ပြောရှာပါတယ်။ “သူငယ်ချင်းရာ… ငါ့မှာလည်း ခေါင်းတပိုင်း ဖြစ်နေပါပြီ”…တဲ့။ (ဒီစာကိုရေးရင်း ဘလော့ဂါ ကိုနဗန ကိုတောင် သတိရမိတယ်)။ အခုတော့ အဲဒီမိတ်ဆွေလည်း သင်္ဘောအင်ဂျင်နီယာဖြစ်ပြီး စင်္ကာပူကို မကြာမကြာ ရောက်လာတတ်ရဲ့။

အဲသည်တုန်းက အလုပ်လုပ်ရတာ ပင်ပန်းတာတော့ ပင်ပန်းပါရဲ့။ ၀င်ငွေကလည်း နည်းပါးလှပါရဲ့။ ဒါပေမယ့် ငယ်သေးလို့လားမသိ။ အဲဒီ ပင်ပန်းမှုဒဏ်ကိုလည်း ခံနိုင်တယ်။ နောက်ပြီးတော့ အမြဲတစေ စိတ်ပျော်ရွှင်နေတယ်။ တက်ကြွနေတယ်။ သောကဆိုတာလည်း မရှိသလောက်ပဲ။

အခုတော့ ၀င်ငွေလည်း ဟိုတုန်းကထက်စာရင် များလာပါပေရဲ့။ အဲယားကွန်းခန်းထဲမှာ ထိုင်ပြီး ကွန်ပြူတာရှေ့မှာ သက်တောင့်သက်သာ အလုပ်လုပ်နေရတာလည်း မှန်ပါရဲ့။ ဒါပေမယ့် ငယ်တုန်းက ပျော်ရွှင်တက်ကြွမှုမျိုးတော့ မရှိတော့ဘူး။

ငယ်ငယ်က ဘ၀ကိုတော့ လွမ်းဆွတ် တမ်းတမိတာ အမှန်ပဲ။ ဒါပေမယ့် ပြန်မရနိုင်တော့ဘူးလေ။
Read more

“ကိုယ့်ရှူးကိုယ့်ပတ်”



သမီးငယ်ငယ်က စူပါမားကက်တွေဘာတွေ ခေါ်သွားရင် အရုပ် ပူဆာတတ်တယ်။ အဲသည်လို ပူဆာတဲ့အခါမျိုးမှာ ကျနော်က တဟီးဟီး ငိုချလိုက်ပြီး “သွားပါပြီ၊ ဒီလို ပူဆာပုံနဲ့ဆိုရင်တော့ ငါ့ငွေတွေတော့ ကုန်ပါပြီ၊ မွဲပါပြီ” လို့ ပြောလိုက်ရင် သူ အင်မတန်သဘောကျတယ်။ သူက မိန်းကလေးမို့လားမသိ။ ဇွတ်တော့ မပူဆာဘူး။ ခဏ အရုပ်ကို ဖက်ကြည့်လိုက်ရတယ်၊ ကိုင်ကြည့်လိုက်ရတယ် ဆိုရင် ကျေနပ်သွားရော။ အခုအချိန်အထိ သူ့အဖွားက သူ့ကို ကွယ်ရာမှာ အရုပ်ဝယ်ပေးတယ်ဆိုရင် ကျနော့်ဆီကို ၀မ်းသာအားရ ယူလာပြပြီး “ဒီမှာတွေ့လား။ ဖေ့ဖေ့ငွေတွေ မီး ဖြုန်းပစ်လိုက်ပြီ” လို့ ပြောတတ်သေးတယ်။

အိမ်မှာကျတော့လည်း သားအဖ နှစ်ယောက်ဟာ တယောက်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို တယောက် List အပြိုင်အဆိုင် ပြုစုတတ်ပါသေးတယ်။

ဥပမာ… ကျနော်က “သမီးရဲ့ မကောင်းတဲ့ အမူအကျင့်က ဗိုက်ဆာပြီဆိုရင် ဆာတယ်လို့ မပြောဘဲ တခြားကိစ္စတခုခုမှာ ဂျီးကျတတ်တဲ့ အကျင့်ရှိတယ်” ဆိုရင် သမီးကလည်း ချက်ချင်းဆိုသလို “ဖေဖေ့ရဲ့ မကောင်းတဲ့အမူအကျင့်ကလည်း မေမေက ခေါက်ဆွဲကြော် ကြော်ပေးတယ်ဆို ခေါက်ဆွဲကြော်မစားချင်ဘူး။ ထမင်းကြော်ပဲ စားချင်တယ်လို့ ဂျီကျတတ်တယ်” လို့ ပြန်ပြောတတ်တယ်။

တခါကျနော်က “သမီးရဲ့ မကောင်းတဲ့ အမူအကျင့်က သူများ ကွန်ပြူတာကိုင်နေပြီဆိုရင် ဂိမ်းကစားချင်လို့ လာပူဆာတတ်တယ်”…။

အဲဒီမှာ သမီးကလည်း “ဖေဖေရဲ့ မကောင်းတဲ့ အမူအကျင့်က သူများ တီဗီကြည့်နေပြီဆိုရင် ဘီဘီစီ သတင်းကြည့်မယ်၊ ဒစ္စကာဗာရီ ကြည့်မယ်နဲ့ လာလုတတ်တယ်”….။

အဲသည်လို အပြန်အလှန်ပြောကြရင်းနဲ့ ကျနော့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ထွက်လာလိုက်တာဆိုတာ အများကြီးပဲ။ သမီးကလည်း စေ့စေ့စပ်စပ် မြင်တတ်သလား မမေးနဲ့။ မဒမ်ပေါတောင် ကျနော့်ရဲ့ မကောင်းတဲ့ အမူအကျင့်ကို သမီးလောက် လုံးစေ့ပတ်စေ့ ပြန်မပြောပြနိုင်ဘူး။

ရှိသေးတယ်။ တရက်မှာ သမီးက… “ဖေဖေတို့ မီး ကို ဘလော့ဂ်စပေါ့လေး တခုလောက် လုပ်ပေးပါ” တဲ့။ ကျနော်တို့က “ဘလော့ဂ် ဘာလုပ်ဖို့လဲ” လို့ ပြန်မေးတော့…. “ဖေဖေ့ရဲ့ မကောင်းတဲ့ အကျင့်လေးတွေကို ဖေဖေ့သူငယ်ချင်းတွေသိအောင် ဘလော့ဂ်ပေါ်မှာ ရေးပြချင်လို့” တဲ့။ ဟူး…. မလွယ်ပါလား။

ကျနော်က သမီးကို အခွင့်သာတိုင်း စတတ်နောက်တတ်သေးတယ်။ ဥပမာ သမီးတို့ ကျောင်းကို မိဘအနေနဲ့ အတူလိုက်ရတော့မယ့် အခါမျိုးဆိုရင် “သမီး… ဘာမှ မပူနဲ့သိလား။ သမီးသူငယ်ချင်းတွေကိုတွေ့ရင် ဖေဖေ အင်ဒီးယန်းအက ကပြမယ်” လို့ ကြိုပြောထားနှင့် တတ်သေးတယ်။ အဲဒီတော့ သမီးက ကျောင်းရောက်တဲ့အခါ ကျနော်တကယ် ထဖောက်လေမလားဆိုပြီး သူ့မှာ စိုးတထင့်ထင့်နဲ့။ ကျောင်းမှာ သူက တနေရာသတ်သတ်။ ကျနော်တို့က တနေရာသတ်သတ် ထိုင်ရတာမျိုးဆိုရင် သမီးနဲ့ အကြည့်ချင်းဆုံတဲ့အခါ ဘယ်သူမှ မသိအောင် မသိမသာ အင်ဒီယန်းအက ကသလို တွန့်ပြတာမျိုး ကျနော် လုပ်ပြလေ့ရှိပါတယ်။ သမီးက အဲဒီအခါကျရင် မမြင်ချင်ယောင် ဆောင်နေတတ်တယ်။

သမီး စပြီး ရှက်တတ်တာကို သတိထားမိတာကတော့ တညနေမှာ သမီးရယ်… ကျနော်ရယ်… မဒမ်ပေါရယ်… မှောင်ရီပျိုးပျမှာ လမ်းလျှောက်ပြီး ပြန်လာတယ်။ အိမ်နားက ဘတ်စကက်ဘောကွင်းကိုရောက်တော့ ကျနော်က လက်ထဲမှာ ဘာဘောလုံးမှ မပါဘဲနဲ့ ဘောလုံးရှိသယောင် ဟန်ရေးအမျိုးမျိုးနဲ့ ဘတ်စကက်ဘော ကစားပြတယ်။ ဘောလုံးကို ခုန်ပြီး ခြင်းထဲ သွင်းတဲ့ ပုံစံမျိုး လုပ်ပြတယ်။

အဲဒီအချိန်မှာ သမီးဆီကနေ…. “ဖေဖေ… သူများတွေ ကြည့်နေတယ်” ဆိုတဲ့ အသံထွက်လာတော့ မဒမ်ပေါနဲ့ ကျနော့်မှာ ရယ်လိုက်ရတာလေ။ ကျနော်ပေါက်ကရလုပ်ရင် သူရှက်တတ်လာပြီ ဆိုတဲ့သဘော။ သမီးရဲ့ ပျော့ကွက်ကို ကျနော်သိလိုက်တာမို့ သူ့ကို နောက်စရာ တကွက်တိုးလာတဲ့သဘော။

ဒါတွင်ပဲလား။ ဘယ်ဟုတ်ဦးမလဲ။ ကျောင်းမှာ စာမေးပွဲအမှတ်တွေသိရတဲ့အခါ သမီးလာပြောတယ်ဆို ချက်ချင်းဆိုသလိုတော့ အတည်ပေါက် ချီးမွမ်းလိုက်ပါတယ်။ ဒါပေမယ့် တော်တော်လေးနေမှ “ဖေဖေ ငယ်ငယ်ကဆိုရင် ၁၀၀ ပေးရင် တရာအပြည့်ရတာ သိလား” လို့ သမီးမခံချင်အောင် ပြောတတ်တယ်။ သမီးကလည်း ကျနော်ပြောတာကို ယုံမယ်ထင်လို့လား။ ဝေးသေးတယ်။ သူ့အမေ (သို့မဟုတ်) သူ့အဖွားကို “အဲဒါ ဟုတ်သလားဟင်” လို့ သေချာအောင် လှမ်းမေးတတ်တယ်။ ဟိုက မျက်နှာကို ရှုံ့မဲ့ပြပြီး လက်ခါပြလိုက်ပြီဆိုရင် သူအရမ်းသဘောကျတယ်။

မနေ့ကလည်း ညဖက်မှာ အခန်းထဲကို ၀င်လာပြီး “မီးလေ… တရုတ်စာ(ဘာသာ)မှာ အမှတ် ၅၀ ပေးတာ ဖော်တီနိုင်းအင်ဟတ်လ်ဖ် (49.5) ရတယ်” လို့ လာပြောတယ်။

ကျနော်လည်း ထုံးစံအတိုင်း “ဖေဖေ ငယ်ငယ်ကဆိုရင် ၅၀ ပေးရင် ၅၀ အပြည့်ရတယ်” လို့ သမီးကို နောက်ပြောမလို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် သမီးမျက်နှာလေးက တည်တည်လေးဆိုတော့ ငါနောက်လိုက်ရင် ငါ့သမီး ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့သွားပါလိမ့်မယ်လေ ဆိုပြီး စိတ်ကောင်းလေး ၀င်လာတာနဲ့…..

“ဟား… သမီးတော်တာပေါ့။ ၅၀ ပေးတာ 49 and half ရတယ်ဆိုတော့…” လို့ အတည်ပေါက် ချီးကျူးစကားဆိုလိုက်တယ်။

အဲဒီမှာ သမီးက ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်မောရင်းက “နောက်ပြောတာ။ တရုတ်စာအမှတ်က မသိရသေးဘူး”……..တဲ့။

ကြည့်စမ်း။ ကိုယ့်ရှူးကိုယ့်ပတ်ဆိုတာ ဒါပဲ။ ဟင်း… ဒင်းကို ချီးကျူးတာ နည်းနည်း စောသွားတယ်။

Read more

“အချစ်ပုံပြင်”

ဆရာက ရှေ့မှာ စာသင်နေတယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ အကြည့်တွေက သင်ပုန်းပေါ်မှာ ရှိမနေကြဘူး။

နင်က ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ စာရွက်ကလေးတခုပေါ်မှာ ၀က်ပုံ ကာတွန်းရုပ်ကလေး ဆွဲပြီး ဘေးမှာ ထိုင်နေတဲ့ ငါ့ဖက်ကို အသာ တွန်းပို့လိုက်တယ်။ ၀က်ပုံပေါ်မှာ မြှားထိုးပြီး “ကိုပေါပုံ” လို့ ရေးထားလိုက်သေးတယ်။ ပုံထဲမှာ ၀က်ကလေးရဲ့ မျက်လုံးတွေက ငိုနေသလိုပေါ့။

ငါတို့နှစ်ယောက်သား ခုံပေါ်မှာ ရှိတဲ့ ၀က်ပုံလေးကို ခဏလောက် အသံတိတ် စိုက်ကြည့်နေကြတယ်။ နောက်တော့ နှစ်ယောက်စလုံး ရယ်ပြီး တပြိုင်တည်း ခုံပေါ်က ၀က်ပုံလေးကို ဆတ်ကနဲ လုယူလိုက်ကြတယ်။ စာရွက်ကလေး နှစ်ပိုင်းပြတ်ပြီး ပါသွားတယ်။

အဲသည်အချိန်ကစပြီး နင့်ကို ငါချစ်ခဲ့မိတာလို့ ငါထင်တယ်လေ။ “ချစ်ခြင်းအစ ၀က် ပုံက” လို့ ငါပြောရင် နင်ရယ်မှာလား။ ငါက ပုံတူတွေ၊ ရုပ်ပြောင်တွေ နည်းနည်းပါးပါး ဆွဲတတ်တော့ နင့်ပုံတူတွေ၊ ရုပ်ပြောင်တွေကို ငါဆွဲပေးတယ်။ နင့်ကို ရည်ညွှန်းတဲ့ ကဗျာတွေရေးတယ်။ ပထမတော့ ရိုးရိုးသားသားထင်လို့ နင်ကလည်း ရယ်နေတာပေါ့။ ဒါပေမယ့် ငါ့ရောဂါသည်းလာတဲ့အချိန်မှာ နင်က ပြန်ဟန့်ပြီး ပါမောက္ခချုပ်နဲ့ တိုင်ပြောမယ်လို့ ပြောတယ်။ အဲသည်နောက် နင် ငါကို စကားမပြောတော့ဘူး။

နင်စိတ်ဆိုးတာ ကျေပါစေတော့လို့ ဆိုပြီး စာမေးပွဲနောက်ဆုံးနေ့မှာ လက်ဆောင်ပေးဖို့ ငါပိတောက်ပန်းလေးတခက်ကို သယ်လာခဲ့တယ်။ ဖြစ်ချင်တော့ သူငယ်ချင်းအိမ်မှာ ထိုင်စောင့်နေတုန်း သူငယ်ချင်းညီမလေးက ငါ့အိတ်ထဲကနေ လုယူသွားတဲ့အတွက် ငါနင့်ကို မပေးလိုက်နိုင်ခဲ့ဘူး။ အဲဒါဟာ အတိတ်နိမိတ်လားတော့မသိ။ (ဒါပေမယ့် အဲသည်နေ့က စပြီး မှတ်မှတ်ရရ နင်ငါ့ကို စကားပြန်ပြောတဲ့နေ့။)

အဲသည်နောက်တော့ နင် ချစ်သူရသွားတယ်။ ငါကတော့ တက္ကသိုလ်တလျှောက်လုံးမှာ ယောင်လည်လည်ပေါ့။ နင်ကတော့ ငါ့ကို သူငယ်ချင်းတယောက်အနေနဲ့ရော ငါ့ခံစားချက်ကို ဂရုဏာသက်တဲ့အနေနဲ့ပါ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒီကြားထဲမှာ ငါကလည်း တခြားကောင်မလေးတွေနဲ့ အီစကလီလုပ်တာ၊ ရည်းစားထားတာတွေလည်း ရှိလိုက်သေးတယ်။ ဒါပေမယ့် ခက်တာက တလျှောက်လုံး နင့်ကို ငါမမေ့နိုင်ခဲ့ဘူး။

ဒါပေမယ့် ကံတရားက ဆန်းကြယ်တယ်ဆိုရမယ်။ ငါတို့နှစ်ယောက်မှာ ဖူးစာပါလို့ ထင်ပါရဲ့။ မထင်မှတ်တဲ့အချိန်မှာ ပြန်ဆုံခွင့်ရတယ်။ ဒီတခါတော့ နင်ကလည်း ငါ့ကို တုန့်ပြန်မေတ္တာမျှနိုင်တဲ့ အချိန်။

အသွင်မတူဘူးလို့ အများယူဆထားတဲ့ ငါတို့နှစ်ယောက်မှာ အံ့သြစရာကောင်းလောက်အောင် တူညီတာတွေ ရှိခဲ့တယ်နော်။ လူတွေအပေါ် အကဲခတ်တဲ့အခါ အမြင်တူတာ၊ မရိုးသားတာကို မနှစ်သက်တာ၊ ရုပ်ရှင်ကားတွေကို အကြိုက်ချင်းတူတာ၊ ခေတ်ဟောင်းနဲ့ အနှစ်နှစ်ဆယ် သီချင်းတွေကိုလည်း နှစ်သက်တတ်တာ၊ ဟင်္သာတထွန်းရင်တို့ တွံတေးစိုးအောင်တို့ ကိုမကြိုက်တာ၊ “အလွမ်းမမ၊ ပန်းမမ…. စိမ်းသဖူစိမ်း” စတဲ့သီချင်းတွေကို နားကလောတာ တူပုံကအစ… နောက်ဆုံးမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အယူအဆ တူညီတာတွေ။ တချို့ကိစ္စတွေမှာ မတူညီပေမယ့် နင်က နားလည်မှုအပြည့်နဲ့ လိုက်လျောခဲ့တာလည်း ပါတာပေါ့။ ငါက ဒေါသကြီးပေမယ့် ခဏလေးနဲ့ ပြေပျောက်တတ်သူ။ နင်က သည်းခံ နားလည်ပေးတတ်သူ။

တချို့သော ယုံကြည်ချက်တွေနဲ့ ပတ်သက်လို့ မယုံနိုင်လောက်အောင်ဘဲ နင်က ပိုမိုခိုင်ကျည်သေးတယ်။ အဲသည်အတွက် ငါ အင်မတန် ဂုဏ်ယူပါတယ်ဟာ။ အင်္ကျီအသစ်တထည်ဝယ်ဖို့အတွက်၊ ဖိနပ်တရံဝယ်ဖို့အတွက် လက်တွန့်နေတတ်တဲ့နင်ဟာ နိုင်ငံရေးနယ်ပယ်ကလူတွေကို ကူညီဖို့နဲ့ နိုင်ငံရေးလှုပ်ရှားမှုများအတွက် ငွေစိုက်ထုတ်ရမယ်ဆို ဘယ်တော့မှ လက်မနှေးဘူး။ အဲသည်အတွက် နင့်ကို ငါကျေးဇူးတင်တယ်။ လှုပ်ရှားမှုတိုင်းမှာ ငါနဲ့အတူ အရိပ်လိုပါတယ်။ ငါစိတ်ဓါတ်အင်အားကျဆင်းနေချိန်မှာ နင်က အမြဲတမ်း ငါ့စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးနိုင်တယ်။

နေဦး။ ငါ့အတွက် အဆန်းကြယ်ဆုံးက နင်က ငါတယောက်တည်း ဖတ်ဖို့အတွက် ကဗျာလေးတွေ စာလေးတွေ “ကိုကို့လမင်းလေး” ဆိုပြီး ဘလော့ဂ်သီးသန့်တခု ထောင်လို့ ရေးပေးသေးတယ်။ နင့်ပုံကို ကဗျာဆန်တယ်လို့ အရင်က ငါတခါမှ မထင်ဘူးတော့ ငါ့အတွက် အဆန်းတကြယ်ဖြစ်ရတယ်။ ဒါပေမယ့် နင်က တကယ်တော့ အရမ်းကဗျာဆန်တဲ့လူ၊ အရမ်းခံစားတတ်တဲ့လူဆိုတာ ငါက အတူနေတာ အနေကြာမှ သိရတာကိုး။ နင်က ငှက်ကလေးတွေကို ချစ်တတ်သလို တောတောင်ရေမြေရဲ့အလှ၊ မြေမှာကြွေနေတဲ့ ပန်းကလေးတွေရဲ့ အလှတွေကိုလည်း ခံစားတတ်သေးတယ်နော်။

ငါတို့သမီးလေးဟာ ငယ်ငယ်လေးကတည်းက အစအနောက်သန်တာကလည်း မအံ့သြနဲ့လေ။ နင်သိတဲ့အတိုင်း ငါကလည်း အစအနောက်၊ အပြောင်အပြက် တချိန်လုံး ပြောနေတတ်တဲ့လူ။ အစပိုင်းတုန်းက ညဖက် အိပ်တဲ့အခါ “ချစ်လေး၊ ကိုကို့ကို သီချင်းဆိုသိပ်ပါ” ဆိုတော့ နင်က အဟုတ်မှတ်ပြီး တပုဒ်ပြီး တပုဒ် သီချင်းတွေဆို သိပ်ရှာတယ်။ နင်မောလောက်တဲ့ အခါကျမှ ငါက မျက်လုံးအသာဖွင့်ကြည့်ပြီး “ချစ်လေးသီချင်းဆိုတာကလည်း ၀တ်ရွတ် သလိုပါပဲလား” လို့ မှတ်ချက်ချတော့ “တော်ပြီ…. နောက်ဘယ်တော့မှ ဆိုမပြတော့ဘူး” ဆိုပြီး နင်စိတ်ကောက်သေးတယ်လေ။

ဒါပေမယ့် ငါက အမှတ်မရှိပါဘူး။ နောက်မြဲ စမြဲပါ။ ဟိုတနေ့ ညကတောင် နင်က ဆံပင်တွေတိုကပ်နေတဲ့ ငါ့ခေါင်းလုံးလုံးလေးကို ချစ်တယ် လို့ စကားမစပ်ဘဲ ပြောလာတော့၊ “အေးပါကွာ၊ မင်း ဘယ်လောက်ပဲ ချစ်တယ်ပြောပြော၊ ငါသေရင်တော့ ဒီအခန်းထဲမှာ မင်းတယောက်တည်း အိပ်ဝံ့မှာမဟုတ်ဘူး။ ကြောက်လို့ အမေတို့အခန်းမှာ အတူသွားအိပ်မှာမို့လား၊ ငါသိပါတယ်” လို့ ငါက ပြန်ပြောတဲ့အခါ နင်ကလည်း ၀န်ခံတဲ့အနေနဲ့ တဟားဟား ရယ်နေခဲ့တယ်လေ။ “ချစ်ပေမယ့်လည်း သရဲဖြစ်သွားရင်တော့ ချစ်လေးက ကြောက်တာပေါ့” လို့ ပြန်ဖြေတယ်။ နင့်ကို ငါချစ်တဲ့အထဲမှာ အဲသည်လို ရိုးသားပွင့်လင်းတာလည်း ထိပ်ဆုံးက ပါတာပေါ့။

ရုံးသွားချိန်ကလွဲလို့ ဘယ်သွားသွား၊ ဘာလုပ်လုပ် ငါတို့နှစ်ယောက်ဟာ အမြဲတတွဲတွဲနေတတ်ကြတော့ တယောက်မရှိတော့ရင် ကျန်တဲ့တယောက်က အချိန်ပြည့် သတိရပြီး ကျန်ရစ်နေတော့မှာ။

နင်ကတော့ပြောပါရဲ့။ “ကိုကိုတို့ မျိုးရိုးက အသက်ရှည်တယ်။ ချစ်လေးတို့ မျိုးရိုးက အသက်တိုတယ်။ ချစ်လေး အရင်သွားရမယ်ထင်ပါရဲ့”…တဲ့။ နင်က ဆွေးမြေ့တဲ့ မျက်နှာလေးနဲ့ အတည်ပေါက်ပြောတတ်တယ်။

ဟုတ်မဟုတ်တော့မသိဘူး။ လူ့ဘ၀ဆိုတာ ဘယ်အရာမှသေချာတာ မဟုတ်ဘူးမို့လား။ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ သေခြင်းတရားဆိုတာ ရောက်လာနိုင်တာပဲ။ ဒါပေမယ့် သေချာတာတခုကတော့ အခုလောလောဆယ်မှာ နင့်ကို ငါသတိရနေပါတယ်။ ဂျူးဝတ္ထုထဲကလိုပေါ့။ “ဝေးနေကြရမှ လွမ်းရစတမ်းလား။ မျက်နှာချင်းဆိုင် မြင်လွှာအောက်မှာ ရှိနေသူကိုလည်း လွမ်းတယ်ပြောလို့ မရဘူးလား၊ ပြောလို့ရလျှင်တော့ ပြောချင်သည်”…ဆိုတာလေ။

ငါ့အလွမ်းတွေကို ဖြေဖို့အတွက် ဒီပို့စ်ကို ငါချရေးလိုက်တယ်။
Read more

“စိုးရိမ်လိုက်ပုံက...”

အင်း... ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ ဆယ်နှစ်ပြည့်တော့မယ်။

ပီအာရ်မကျခင် အီးပီဘ၀က အတူနေခွင့်ရဘို့အတွက် မဒမ်ပေါက ကျောင်းတက်ရတယ်။ မဒမ်ပေါ ကျောင်းမပြီးခင်မှာတင် အလုပ်တဖက်နဲ့ ကျနော်ကလည်း NTU မှာ အချိန်ပိုင်းကျောင်းတက်တယ်။

အဲဒီတုန်းကဆိုရင် ကျနော်တို့အိမ်ဟာ စာအိမ်ကြီးပေါ့။ သူငယ်ချင်းတွေကလည်း အိမ်မှာအတူ စာလာလုပ်ကြ၊ တွက်ကြ၊ အဆိုင်းမင့် လုပ်ကြပေါ့လေ။ စာမေးပွဲနီးပြီဆိုရင် စာမေးပွဲပူ ပူနေကြတဲ့ အပူအိမ်ကြီးပေါ့။

အဲသည်ထဲမှာမှ ကျနော်က အလုပ်တဖက်၊ ကျောင်းတဖက် ဆိုတော့ ပိုပူရတယ်။ ဒါကို မဒမ်ပေါက မကြည့်ရက်လို့ ပြောရှာပါတယ်။

“ကိုကို...ချစ်လေးကျောင်းပြီးလို့ အလုပ်ရပြီ၊ ပီအာရ်လည်း ကျပြီဆိုရင် ကိုကို တလှည့်နားဦး၊ ချစ်အလုပ်လုပ်မယ်”....တဲ့။

အဲသလိုနဲ့ မဒမ်ပေါကျောင်းပြီးသွားတော့ အဲဒီ စကားလေး ထပ်ကြားရဦးမလားဆိုပြီး နားစွင့်နေတာ မဒမ်ပေါကလည်း အလုပ်ရပြီး၊ ပီအာရ်ကျပြီးကတည်းက ကျနော်တင်ခဲ့တဲ့ ပို့စ်တွေထဲကလို Double Thinker ဖြစ်သွားတယ်။ တခြားပြောချင်တာ မဟုတ်ပါဘူး... ရူးချင်ယောင်ဆောင်တာကို ပြောတာပါ။ ကျောင်းမပြီးခင်က ပြောခဲ့တဲ့ စကားကို ယောင်လို့မှ ထပ်မဟတော့ဘူးခင်ဗျ။ ရူးချင်ယောင်ဆောင်သွားရှာလေတယ်။

ကျနော်ကလည်း ဒီလိုတော့ ဘယ်အမေ့ခံနိုင်ပါ့မလဲ။ ကျနော့်အနေနဲ့ အလုပ်လုပ်လာတာ (မလေးရှားက ၂ နှစ်ခွဲပါ ထည့်တွက်ရင်) ၁၂ နှစ်လောက် ကြာလာပြီဆိုတော့ ခဏလောက် အလုပ်ကထွက်ပြီး နားချင်လာတယ်။ ဒါနဲ့ မဒမ်ပေါ နှုတ်ဆော့ခဲ့တာလေးကို အခွင့်ကြုံတိုင်း ရေနှူးပြီး မကြာခဏ ပြောပါများတော့ သူမခမြာလည်း မနေသာတော့ဘဲ “အင်း... ဒါဆိုလည်း သုံးလေးငါးလလောက် ခဏထွက်ပြီးတော့ နား။ ပြီးမှ... နောက်တလုပ်ပြန်ရှာတဲ့”။

သူ့ဆီက အဲသည်စကားရတာနဲ့ ကျနော့်မှာ ပျော်မယ်မှ မကြံရသေးဘူး... စီးပွားပျက်ကပ်ဆိုက်တာနဲ့ တိုးတော့တာပါဘဲ။ သိတယ်မို့လား.... အခုအချိန်မှာ အလုပ်ထွက်ပြီး နားတယ်ဆိုရင် နောက်တလုပ်ပြန်ရှာတဲ့အခါ အလုပ်ရဖို့ မသေချာတော့ဘူးလေ။ ခဏနားရုံမက နှစ်နဲ့ ချီပြီး နားရကိန်းရှိတယ်။ ဒါကို သိလျက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး အလုပ်က ထွက်လိုက်တယ်ဆိုရင်လည်း သားကျွေးမှု၊ မယားကျွေးမှုကို တာဝန်မသိတဲ့လူလို့ အထင်ခံရမှာကို စိုးရိမ်ရသေးတယ်လေ။

ဒီတော့..... မောင်ပေါတယောက် ကြံရာမရဖြစ်ပြီး တမျိုးလှည့်တွေးတယ်။

အင်း.... အခု စီးပွားပျက်တဲ့ ခေတ်ကာလကြီးမှာ ကုမ္ပဏီတွေက လူလျှော့နေကြတယ်။ ငါတို့ကုမ္ပဏီလည်း တနေ့ကျရင် လူလျှော့ရကိန်းရှိတယ်။ လူလျှော့တဲ့အထဲ ငါပါရင် ကောင်းမယ်လို့ မကြံကောင်းမစည်ကောင်း မျှော်လင့်မိပြန်တယ်။ (လူလျှော့လို့ ဖြုတ်တဲ့အထဲပါရင် ကိုယ့်ဆန္ဒနဲ့ကိုယ် အလုပ်ထွက်လိုက်တာမျိုးလို တာဝန်မသိရာ မရောက်ဘူး၊ ၀ိနည်းလွတ်တယ်လို့ ကျနော့်ဘာသာ လိုရာဆွဲ တွေးထားတယ်။း-)

နောက်ပြီးတော့ အဲသည်လို လူလျှော့တယ်ဆိုရင် လုပ်သက်တနှစ်ကို တလစာနှုန်း၊ သို့မဟုတ် လ၀က်စာနှုန်းနဲ့တွက်ပြီး အဲဒီအပေါ်မှာမှ အပိုတလစာ ဆောင်းပေးတာမျိုး ထုံးစံရှိတော့ ကျနော်က လုပ်သက်ဆယ်နှစ်ဆိုတော့ ဆယ့်တလ စာလောက် မြိုးမြိုးမြက်မြက်ကလေးရပြီး နားရမယ်ပေါ့။ ကိုယ့်ဘာသာစိတ်ထဲမှာ တွက်ရေးနဲ့ စက်သူဌေးလုပ်နေတာပေါ့။

အဲ...ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ မန်နေဂျာက တဌာနလုံးကို စာပို့တယ်။ စာထဲမှာ သောကြာနေ့ကျရင် အားလုံးရုံးတက်ကြဖို့နဲ့ အရေးတကြီး ထုတ်ပြန်ကြေညာစရာရှိတယ်လို့ ပြောထားတယ်။ အားလုံးကလည်း သတင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လစာလျှော့တာသော်လည်းကောင်း လူလျှော့တာသော်လည်းကောင်း ဖြစ်မှာပဲ လို့ မျှော်လင့်ထားကြတယ်။

ကျနော်ကလည်း အဲသည်အကြောင်း မဒမ့်ကို အိမ်မှာ မျက်နှာသေလေးနဲ့ ပြောထားတယ်။ (စိတ်ထဲမှာတော့ ကျိတ်ဝမ်းသာနေတာပေါ့.....ဟိ။) မဒမ့်ကို ကျနော် ပြောပြနေတုန်း အနားမှာ သမီးလည်း ရှိနေတယ်။ သမီးရှိနေတဲ့ကိစ္စကိုတော့ သိပ်ပြီး အထူးတလည် အာရုံမထားမိပါဘူး။

ဟော...နောက်တနေ့မနက် ရုံးရောက်တော့ Network ထဲ ၀င်လို့မရတော့ဘူး။ ကျွန်တော့် Account ကို Disabled လုပ်ထားတာတွေ့ရတော့ သေချာပြီ။ ငါတော့ ပါပြီပေါ့လေ။ စိတ်ထဲမှာ ပီတိတွေ ဖြာနေတယ်။ ဒါပေမယ့် ဌာနထဲက အဖြုတ်ခံရတဲ့ နှစ်ယောက်ကို အောက်ထပ်က လာခေါ်သွားတော့ ကျနော်မပါဘူး။ ဟိုက်...တခုခုတော့ လွဲမှားနေပြီ။

အဲဒါနဲ့ ကွန်ပြူတာဌာနကို အကျိုးအကြောင်း ဖုန်းဆက်ကြည့်တော့မှ အဖြစ်အပျက်ကို ရေလည်တော့တယ်။ အဖြုတ်ခံရတဲ့သူတွေရဲ့ အကောင့်တွေကို ပိတ်ရာမှာ တခြားဌာနက ကျနော်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်နီယာရဲ့ Account နဲ့ မှားပြီး ပိတ်မိတာပါ ဆိုတဲ့ ရှင်းပြချက်နဲ့အတူ တောင်းပန်စာ ရောက်လာတယ်။ အဲဒါနဲ့ ကျနော်လည်း ဒီတသုတ်မှာ ကံထူးသူ မောင်ရှင် မဖြစ်လိုက်ရတော့ဘူး။

ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။

ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။

ကျနော်ကလည်း စိတ်ထဲမှာ ....ဒီလိုတော့လည်း သမီးက ဘယ်ဆိုးလို့တုန်း၊ အရွယ်နဲ့မလိုက်အောင် ငါ့အတွက်တော့ ပူပန်ဖော်ရရှာသားပဲ... လို့ တွေးပြီး..... “ဖေဖေ အလုပ်မပြုတ်သေးပါဘူး သမီးရယ်” လို့ နှစ်သိမ့်တဲ့ အသံလေးနဲ့ ဖြေလိုက်တယ်။

အဲသည်မှာ သမီး ဆက်ပြောတာက....

“ဖေဖေ... အလုပ်မပြုတ်သေးဘူးဆိုရင် မီးကို ဂျူရောင်းပွိုင့် အောက်ထပ် Bee Cheng Hiang ဆိုင်က ၀က်သားကင် အချိုဝယ်လာ ပေးပါ”....တဲ့။

လက်စသတ်တော့..... ဒင်း စိုးရိမ်ပုံက ဒီလိုကိုး။
Read more

“ကြုံရာဆုံရာ တမိနစ်တာ”

ရေးရတာ ကြောင်တောင်တောင်တော့ နိုင်တယ်။ တချိန်က မြန်မာမဂ္ဂဇင်းတွေမှာ “တနေ့တာ”တို့ ၊ “ကြုံရာဆုံရာ တမိနစ်တာ” တို့ စတဲ့ ကဏ္ဍတွေဆိုရင် စာမျက်နှာဖြုန်းတယ်လို့ ကိုယ်တိုင် ဝေဖန်မိခဲ့တာကို သတိရတယ်။ အခု ဒေါ်တန်ခူးက Tag တယ်ဆိုတော့လည်း ကိုယ့်အကြောင်းကိုယ် ဖော်ရတာပေါ့လေ။ ပြောချင်တာလေးတွေ တပါတည်း ပြောခွင့်သာတော့မှာမို့ ကျေးဇူးပါ တန်ခူးရေ။ ခေါင်းစဉ်တော့ ကျနော်မုန်းတဲ့ နာမည်ကိုဘဲ ပြောင်းပြီးတတ်ပေးလိုက်ပါတယ်။ အဟိ....ကိုယ့်ကိုယ်ကို Celebrity လိုလို Super Star လိုလို ခံစားရတယ်။
ကိုယ့်ရဲ့နာမည် - အမေကတော့ စိတ်ကြည်သာတဲ့အချိန်ဆိုရင် “မိုးကို” တဲ့။ စိတ်မကြည်တဲ့အချိန်ဆိုရင်တော့ “ဟဲ့...ကောင်လေး” ဆိုပြီး အသံကုန်ဟစ်လိုက်တာပါဘဲ။
မဒမ်ပေါကတော့ ပုံမှန်အတိုင်းဆို “ကိုကို” တဲ့။ ကျနော်ပေါက်ကရလုပ်ပြီဆိုရင် ရယ်ကျဲကျဲနဲ့ ခေါ်ပုံက “လဒ” တဲ့။
သမီးက ကျနော့်ကို တိုက်ရိုက် First person အနေနဲ့ ခေါ်တာဆိုရင်တော့ “ဖေဖေ” တဲ့။ အဲ.....သူများနဲ့ စကားပြောရင်း ကျနော့်ကို ရည်ညွှန်းချင်တာဆိုရင် (Third person) “သူက၊ ဖေဖေက” လို့ ပြောမယ့်အစား “နင့်အဖေလေးက”တဲ့။ သုံးနှစ်အရွယ်ရောက်တဲ့အထိ သူ့အဖွားနဲ့အတူ မြန်မာပြည်မှာ ခွဲနေခဲ့ရတာဆိုတော့ အဖွားသုံးတဲ့ အသုံးအနှုန်းအတိုင်း လိုက်သုံးရှာတာပေါ့။ အခုတော့ အဲဒါလေးကိုဘဲ ချစ်နေလို့ ပြင်မပေးရက်ဘူး။
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - မရင်းနှီးသူတွေက နာမည်အရင်းမှာ ရှေ့က “ကို” တတ်ပြီးခေါ်ကြတယ်။ လေးစားတယ်ဆိုတာထက် သူတို့ထက် အသက်ကြီးတယ်ထင်လို့ ခေါ်တာနဲ့တူတယ်။ ရင်းနှီးသူတွေက “ကိုပေါ” လို့ခေါ်တယ်။
ကျနော့်အသက်ထက်ဝက်လောက် ရှိတဲ့ ကောင်မလေးက ကျနော့်ထက်ကြီးတဲ့ သူ့ချစ်သူကို “ကိုကို” လို့ ခေါ်ပြီး ကျနော့်ကိုကျတော့ “ဦးလေး” လို့ ခေါ်လိုက်တုန်းက စိတ်ထဲမှာ အီတွန့်ပွမ်သွားတယ်...ဟီးဟီး.....။
ဖိုရမ်တွေမှာ သမိန်ပေါသွပ် နာမည်ယူချင်တာ၊ သူများဦးသွားလို့ ညောင်ရမ်းဂွတိုနဲ့ဘဲ ကျေနပ်လိုက်ရတယ်။
ကိုယ်ဒီမှာနေတယ် - အခွင့်သာတာနဲ့ တစက္ကန့်မဆိုင်းဘဲ ထွက်ပြေးချင်နေပြီဖြစ်တဲ့ လွတ်လပ်မှုအပေါင်းတို့ ချုပ်ငြိမ်းရာ စင်္ကာပူဆိုတဲ့ ကျွန်းငယ်မှာ ခြေချုပ်မိနေတယ်။…။
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - များရဲ့ ဖုန်းနံပါတ် ပေးထားတဲ့ မိတ်ဆွေတွေအနေနဲ့ ည ၁၂ နာရီအလောက်အထိတော့ ခေါ်လို့ ရပါတယ်။ များက မာနမကြီးတတ်ပါဘူး။
အရောင်ဆိုရင် - များတို့က အရောင်စွဲတော့ မရှိပါဘူး။ ဒါပေမယ့် သင်္ကေတအရကတော့ အနီရောင်ကို အကြိုက်ဆုံးဘဲ။
အ၀တ်အစားဆိုရင် - အ၀တ်အစားမှာ ကိုယ်နဲ့တော်တဲ့ ဆိုက်ဇ်က ရှာရခက်သမို့ တော်တာလေးများတွေ့ရင် ချေးမများနိုင်ဘဲ ၀မ်းသာအားရ ၀ယ်ယူရတဲ့ အခြေကို ဆိုက်နေပါပြီကွယ်။
အစားအစာဆိုရင် - ဘီယာနဲ့ဆို ဘာမဆိုကောင်းတယ်။ ဘီယာတီထွင်ခဲ့တဲ့လူကို ကျေးဇူးတင်တယ်။
ပစ္စည်းဆိုရင် - အီလက်ထရောနစ် ပစ္စည်းလေးတွေကို အသစ်အဆန်း မြင်တိုင်းဝယ်ချင်မိတယ်။ ဒါပေမယ့် အခုတော့ လိုချင်ဆန္ဒတွေကို ဦးစားမပေးတော့ပါဘူး။
သီချင်းဆိုရင် - ခေတ်ဟောင်းသီချင်းတွေ၊ အနှစ်နှစ်ဆယ်တေးတွေ၊ တချို့သော စတီရီယိုတေးတွေ ကြိုက်တယ်။ အကြိုက်ဆုံးအဆိုတော်တွေကတော့ မေရှင်၊ ၀င်းဦး၊ ကာပင်တာစ် တို့ပါဘဲ။ မာမာအေး၊ ကိုအံ့ကြီး၊ ဟေမာနေ၀င်း၊ အယ်လ်ခွန်းရီ၊ ကော်နီ၊ ဇော်ဝမ်း၊ ခင်မောင်ထူးတို့ကို ကြိုက်တယ်။ အများကြီးကျန်ပါသေးတယ်။ ချမရေးနိုင်တော့လို့။
မကြိုက်တဲ့ အဆိုတော်တွေလည်း ရှိသေးတယ်။ ဟင်္သာတထွန်းရင်၊ တွံတေးစိုးအောင်။ ခင်မောင်တိုးနဲ့ ထူးအိမ်သင်ကိုလည်း မကြိုက်ဘူးဆိုရင် ၀ိုင်းဆဲကြမလားမသိဘူး။ ခင်မောင်တိုးက ဘာသီချင်းဆိုဆို အဲဒီအသံဘဲ။ ထူးအိမ်သင်က “ညှောင့်ညှောင့်ညှောင့်ညှောင့်”
နဲ့ ဆိုလို့ မကြိုက်ဘူးဗျ။ (ထူးအိမ်သင် သူငယ်ချင်းတွေနဲ့ ပရိသတ်ကတော့ ဆဲတော့မယ်။) မလေးရှားမှာတုန်းက ထူးအိမ်သင်ညီနဲ့ တအိမ်တည်းနေခဲ့လို့ ထူးအိမ်သင် သီချင်းတွေ နားထောင်ခဲ့ရတာတောင်မကြိုက်ဘူး။
စာရေးဆရာ - အလွှမ်းမိုးဆုံးက ရွှေဥဒေါင်း။ မြန်မာဝတ္ထုတိုမှာ အကြိုက်ဆုံးက ဂျာနယ်ကျော်မမလေး၊ ပြီးတော့ ခင်ဆွေဦး။ ပြီးတော့ ဂျူး။
စာအုပ် - ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ။
Life style - တကယ်တမ်းက တယောက်တည်း လွတ်လွတ်လပ်လပ် ဘဲ နေချင်တယ်။ အခုတော့ သူငယ်ချင်း နှစ်ယောက် သုံးယောက်နဲ့ ဘီယာသောက်ရင်း စကားပြောရတာကို နှစ်ခြိုက်တယ်။ မဒမ်နဲ့ နှစ်ယောက်ထဲ စိတ်ကူးပေါက်ရာသွားပြီး ဓါတ်ပုံရိုက်မယ်၊ စကားပြောမယ်။ ရုပ်ရှင်ကြည့်မယ်။ သမီးကို ရံဖန်ရံခါ သူသွားချင်တဲ့နေရာ လိုက်ပို့ပေးတယ်။
ကိုယ့်ရဲ့ဝါသနာ - ကိုယ်ဝါသနာပါတာကို အကြောင်းကြောင်းကြောင့် ဘေးချိတ်ရင်းချိတ်ရင်းနဲ့ အခု ကိုယ်ဘာဝါသနာပါသလဲတောင် မသဲကွဲတော့ဘူး။
အလိုချင်ဆုံးလက်ဆောင် - စကားပြောကောင်းခြင်း။ စာရေးကောင်းခြင်း။ တွေးခေါ်စဉ်းစားတတ်ခြင်း။
ကိုယ့်ရဲ့အချစ်ဆုံးသူက - မဒမ်ပေါ။
ကိုယ့်ရဲ့အလေးစားဆုံးသူက - သက်ရှိထင်ရှားမှာ ဒေါ်အောင်ဆန်းစုကြည်။
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - မဒမ်ပေါ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အမေနဲ့ မဒမ်ပေါ။
ကိုယ့်ရဲ့အမုန်းဆုံးသူက - မရိုးမဖြောင့် လုပ်တတ်သူ။
ရင်အခုန်ဆုံးအချိန် - စာမေးပွဲခန်းထဲ ၀င်ကာနီးအချိန်.....နဲ့..... ရုံးနောက်ကျပြီး ရုံးပေါက်ဝမှာ ဘော့စ်နဲ့ တည့်တည့်တိုးတဲ့အချိန်။
အကြောက်ဆုံးအချိန် - တနင်္ဂနွေနေ့လေး ကုန်ဆုံးသွားပြီး နောက်တနေ့ ရုံးပြန်တက်ရတော့မှာပါလားလို့ စဉ်းစားမိတတ်တဲ့အချိန်။
အမှတ်တရနေ့  - မဒမ့်ကို စချစ်သွားမိတဲ့နေ့။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - သူရဲဘောကြောင်သူတွေနဲ့ ဘ၀ဆက်တိုင်း မဆုံရလို။
အချစ်ဆိုတာ - ရယူချင်တာတွေ များနေဆဲ။ ပေးနိုင်အောင် ကြိုးစားဆဲ။
အမုန်းဆိုတာ - တာရှည်မခံ။
အလွမ်းဆိုတာ - လွတ်လပ်မှုကိုဘဲ လွမ်းတယ်။
သံယောဇဉ်ဆိုတာ - ချစ်ခြင်းမေတ္တာကို အရင်းခံပြီး သစ္စာတည်တံ့တဲ့ တာဝန်သိမှုတခု။
ဘ၀ဆိုတာ - ဘ၀ဆိုတာ လဒပျံသလိုဘဲ။ အရှိန်မရခင်တော့ ခုန်ဆွခုန်ဆွနဲ့ပေါ့ဗျာ....။ အဟီး နောက်တာပါ။
ကိုယ့်ဆန္ဒ စိုးစဉ်းမှမပါဘဲ၊ ရွေးချယ်ခွင့်မရှိဘဲ လူဖြစ်တာကိုက ခံရဘို့ဖြစ်လာတာပါ။ ဒီကြားထဲမှာ ကိုယ်လုပ်ချင်တာလေးမှ မလုပ်ရရင် ဘာအဓိပ္ပါယ်ရှိတော့မတုန်း။ လူလူချင်း ကန့်သတ်ချုပ်ချယ်ချင်သူတွေကို နေရသခိုက် နိုင်နိုင်မနိုင်နိုင် တဖက်တလမ်းကနေ တွန်းလှန်တိုက်ဖျက်သွားမယ်။
သူငယ်ချင်းဆိုတာ - ကိုယ်နိမ့်ပါးတဲ့အချိန်မှာ ဖိမထောင်းတတ်သူ။
ချစ်သူဆိုတာ - ဘီယာသောက်ဖော်သောက်ဖက်လည်း ဟုတ်တယ်။ အတင်းတုပ်ဖော် တုပ်ဖက်လည်း ဟုတ်တယ်။ နိုင်ငံရေးလုပ်တော့လည်း အတူတူ။ ဘ၀ဖော်လည်း ဟုတ်တယ်။
ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - ဘယ်သူဘာထင်ထင် ဂရုမစိုက်ဘူး။
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က - ကိုယ်ယုံကြည်ရာကို ဘယ်သူဘာထင်ထင် မတွန့်မဆုတ်လုပ်။
အပြောချင်ဆုံးစကားတခွန်း - ကိုယ့်အခွင့်အရေးကို ရဘို့ဆိုရင် ကိုယ်တိုင်တိုက်ယူဘို့ လိုလိမ့်မယ်။ သူများနှာခေါင်းနဲ့ အသက်မရှူကြပါနဲ့။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs