“သုခဘုံ နဲ့ ဒုက္ခဘုံ”

ဒီခေတ်ကြီးထဲမှာ… မိုင်ရာထောင်ချီခရီးကို လေယာဉ်ပျံစီးနင်း နာရီပိုင်းအတွင်း လက်ငင်းရောက်နိုင်ပေမယ့် ရွှေနိုင်ငံမှာတော့ ၇ မိုင်ခရီးကို လှည်းစီးပြီး သွားနေကြရတာလည်း ရှိလေရဲ့။

ဒီခေတ်ကြီးထဲမှာ…. အထပ်တရာ တိမ်လွှာဝေ့၀ိုက် မိုးပျံတိုက်ကို ရှိုးဂိုက်မပျက်
ဓါတ်လှေကားနဲ့ ကြော့ကြော့လေးတက်နိုင်ပေမယ့် ရွှေနိုင်ငံမှာတော့ ရှစ်လွှာကိုရောက်ဘို့အရေး ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ လျှာထွက်မတတ် လေ့ကျင့်ခန်းအမှတ်နဲ့ နေ့စဉ်တက်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ…. ပပ၀တီ၊ စိတ်မကြည်အောင်၊ ခုနစ်ဆောင်တိုက်ခန်း မြင်သူကန်းမတတ် လျှပ်စစ်မီးတွေ ထိန်ထိန်ညီးလှပေမယ့် ရွှေပြည်ကြီးမှာတော့ မှောင်နဲ့မဲမဲ၊ ကိုယ့်မယားကိုယ်တောင် လူလုံးမသဲကွဲတဲ့ အလင်းရောင်မွဲမွဲ တိုက်ခန်းထဲမှာ ပူလည်းပူအိုက် ချွေးတပြိုက်ပြိုက်နဲ့ ဖယောင်းတိုင်စိုက်ပြီး ဓါတ်လိုက်သေမှာ ပူစရာအကြောင်းမရှိတဲ့ ဂူအောင်းလူသားလိုဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ…..စူဇကာပုဏ္ဏားတောင်၊ ယူကာအကုန်မစားနိုင်လောက်အောင် ကြောက်ခမန်းလိလိ စားဖွယ်သောက်ခင်း အလျှံပယ်ပေါများဘိသနဲ့… ဗိုက်မပြည့်မချင်း အသားကုန်နင်းပြီး ယူလွေးနိုင်တဲ့ ဘူဖေးဆိုင်တွေမှာ ကြက်ပျံမကျ အားပေးနိုင်ကြသလို မြန်မာဆိုတဲ့ ရွှေပြည်တော်မှာတော့ မနက်စာနဲ့ညစာကိုပေါင်း အချိန်တော်တော်များများမှာ ဗိုက်ဟောင်းလောင်းနဲ့ နေကြရတဲ့ ဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ…..ကလေးတွေ ဘာကိုသိချင်လဲ၊ လိုအပ်တဲ့ အချက်အလက်ကို ကလစ်တချက်ခေါက်ရုံနဲ့ လျှပ်တပြက်အတွင်း ချက်ချင်းသိနိုင်ကြပေမယ့် ရွှေပြည်ကြီးမှာတော့ ကျောင်းသုံးစာအုပ်ဆိုတာ ရွှေထက်ရှားလွန်းလို့ များပြားလှတဲ့ ကျောင်းသားတသိုက်အလယ် မဲနှိုက်ပြီး ၀ယ်ယူနေကြရတဲ့ ဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ….တွေးမိရာတွေး၊ လွတ်လပ်စွာရေး လွတ်လပ်စွာဆွေးနွေးနိုင်ကြပေမယ့် အီးမေးလ်တစောင်လက်ဝယ်တွေ့မှုနဲ့ ထောင်အနှစ် ၂၀ ကျခံရတဲ့ တိုင်းပြည်မျိုးလည်းရှိရဲ့။

ခေတ်တခုထဲမှာ စည်းခွဲခြားထားသလို ပြတ်ပြတ်သားသား ကွဲပြားနေတဲ့ ဘုံဘ၀နှစ်ခု။ တဖက်မှာတော့ သုခဘုံသားတွေ…. ဆင်းရဲအကြောင်း ကောင်းကောင်းမသိ…ပျော်ဘွယ်အတိ။ နောက်တဖက်မှာတော့ ဒုက္ခဘုံသားတွေ…ချမ်းသာအကြောင်း ကောင်းကောင်းမသိ…. ဒုက္ခအတိ။

ဘုံနှစ်ခုအကြား…
ကားယားခွနေမိတဲ့ငါ….
ဟိုမရောက်…ဒီမရောက်နဲ့
မျောက်သစ်ကိုင်းလွတ်သလို….။
Read more

“သူဘယ်သူလဲ”

လူပြက်တဦး ပြက်လုံးထုတ်တာကို အမှတ်ရမိတယ်။

“ကဲ..ကဲ...။ စကားထာ ၀ှက်မယ်ဟေ့၊ မင်းတို့ ဖြေကြ။...သွားတော့ခွေခွေ နေတော့စင်းစင်း၊ ခေါင်းမုမင်း။.... အဲဒါဘာလဲ... ပြောကြစမ်း” တဲ့။

ပရိသတ် ပွဲကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့စကားထာထဲမှာ (ခေါင်းမု...ဆိုတဲ့) အဖြေပါသွားတာကိုး။ အဲဒီ လူရွှင်တော်ရဲ့ ပြက်လုံးကို အားကျလို့ ကျနော်လည်း မဖြစ်ညစ်ကျယ်နဲ့ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ပဟေဠိလေးတခုကို စာဖတ်သူကို ဉာဏ်စမ်း မေးချင်လာတယ်။

လွယ်လွယ်လေးပါ။ ဗိုလ်ချုပ်ကျော်ဆန်းတို့၊ ၀န်ကြီးဦးသောင်းတို့လို နာလပိန်းတုံးတွေကို သွားမေးရင်တောင် အသာလေး ဖြေနိုင်မှာပါ။

အရင်ဖြေကြည့်ပါ။ စိတ်ထဲမှာ အရင်ဖြေကြည့်ပြီးမှ အောက်ဆုံးမှာပေးထားတဲ့ ကျနော့်အဖြေနဲ့ တူရဲ့လား တိုက်ကြည့်ပေါ့။ ကဲ....စပြီနော်။ ပဟေဠိခေါင်းစဉ်က “သူဘယ်သူလဲ” တဲ့။

“သူဘယ်သူလဲ”

ကျောက်ဆည်ဇာတိ
တပြည်လုံးသိ။

တိရိစ္ဆာန်ပမာ
ကျင့်ကြံလာ။

အောက်မှာလူများ
အလုပ်များ။

အတုအယောင်
အရေခြုံကောင်။

ဗလအားကိုး
တဇွတ်တိုး။

ဦးနှောက်မပါ
သူ့ခေါင်းမှာ။

ယနေ့ထက်တိုင်
မသေနိုင်။


ကဲ.....သူဘယ်သူလဲ။ ပြော။

“....................”

ဗျာ။ မကြားရဘူး။ ကျယ်ကျယ်လေး ပြောစမ်းပါ။

“.....................”

ဟာဗျာ။ ကြံကြံဖန်ဖန်၊ ပေါက်ပေါက်ရှာရှာ။ ခင်ဗျားတို့တော့ နိုင်ငံတော်အကြီးအကဲကို အရိုအသေတန်အောင် ပြုလုပ်မှုနဲ့ ထောင်ဒဏ် အနှစ်တထောင် ကျတော့မှာဘဲ။

ကျုပ်ပြောချင်တာက နှစ်စဉ် ကပြနေကျ “ကျောက်ဆည်ဆင်”။
မယုံရင် ဟောဒီပုံကို သွားကြည့်ပေါ့။



ကွန်မင့်ကဏ္ဍထဲမှာ ၀င်ရေးသွားတဲ့ ကိုမောင်ရင်ရဲ့ ကဗျာလေးကို အရမ်းကြိုက်လို့ ဒီမှာ ထပ်တင်ပေးလိုက်ပါတယ်။
အမှန်စင်စစ်..
ထိုဆင်ကြီးမှာ
အခွံသာရှိ အနှစ်နတ္ထိ
ဗလာကိုယ်တွင်း၊ တပါးခြေနင်း
လက်ထိုးသွင်းမှ၊ ခြေလက်ခေါင်းခါး
လှုပ်ရှားသက်ဝင် ၊ သဘင်သည်အလား
လူထုကြားမှာ ၊ အရေခြုံကာ သူ “က” စား၏။
ထိုအကနှင့် နာဠာဂီရိ
ကျောက်ဆည်ဆင်ကို
ကြောက်တယ်မထင်က
ပုဒ်ထီး ပုဒ်မ ပုဒ်လဒနှင့်
သင့်၏ဇာတာ မှေးမှိန်ရာတည့်
အသက်တစ်ရာမရှည်ရာလဲ
အနှစ် ရာထောင်မဲဇာမြိုင်တောနှင်စေသော(၀်)..
(ဤကဗျာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားသည့်ကျောက်ဆည်ဆင်အက ကို ဂုဏ်ပြုပါသည်)
Read more

"last minute Ko Paw"

(ကိုအောင်သာငယ်နဲ့ မလင်းလက်က ပထမဆုံးများ ကို ရေးဘို့ တက်ဂ်လုပ်တယ်။ ကိုအောင်သာငယ်က ရေးချင်ရေး၊ မရေးချင်နေဆိုတော့ ကျနော်ကလည်း ရေးဘို့လက်တွန့်နေတဲ့လူဆိုတော့ ရူးချင်ယောင်ဆောင်နေခဲ့တယ်။ မလင်းလက်က တခါထပ် တိုက်တွန်းလာတယ်။ ရူးချင်ယောင် ထပ်ဆောင်လို့ မရတော့ဘူး။ အဲဒါနဲ့ ပထမဆုံးများအစား “Last Minute Ko Paw" ဆိုပြီး ကိုယ့်မကောင်းကွက်ကလေးကို ဖော်ထုတ် ရေးပေးလိုက်ပါတယ်။ ကျေနပ်ကြပါဗျိုး။)

ကျနော့်ရဲ့ မကောင်းတဲ့အကျင့်က တစုံတခုလုပ်စရာရှိရင် နေ့ရွှေ့ညရွှေ့နဲ့ နောက်ကို ရွှေ့ရွှေ့နေပြီး နောက်ဆုံးမဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ အချိန်ကျမှ ကပ်ပြီး လုပ်တတ်တဲ့အကျင့်ပါ။

ငယ်ငယ်ကဆိုရင် အမေက ဆူပါတယ်။ “နင်ဟာလေ ချေးယိုကာနီးမှ ချေးတွင်းရှာတတ်တယ်”တဲ့။

အဲသည်အတွက် မဒမ်ပေါက ကျနော့်အပေါ် အင်မတန် စိတ်ကုန်ရှာပါတယ်။ ဥပမာ အပြင်ကို သွားစရာ ကိစ္စတခုရှိတယ်ဆိုပါစို့။ ကျနော်ဟာ ဘယ်တော့မှ ကြိုကြိုတင်တင် ပြင်ဆင်မထားဘူး။ အင်တာနက်မှာ သတင်းတွေဖတ်မယ်၊ ဘလော့ဂ်ရေးမယ်၊ ကွန်မင့်လုပ်မယ်။ အင်တာနက်မရှိခင်ကဆိုရင် စာဖတ်မယ်၊ တီဗီသတင်းကြည့်မယ်။ မဒမ်ပေါက ရေမိုးချိုး၊ အ၀တ်အစားလဲ၊ ပြင်ဆင်ပြီးနေပြီ။ ကျနော်က ကွန်ပြူတာရှေ့မှာဘဲ ရှိနေသေးတယ်။ ဟော...သွားကာနီး နာရီဝက်လောက်အလိုမှ ကွန်ပြူတာရှေ့က ထပြီး ရေချိုးခန်းကို ၀င်တယ်။ ပါးစပ်ကလည်း အော်ပြောလိုက်သေးတယ်...“ချစ်လေးရေ...ကိုကို အိမ်သာအရင်တက်လိုက်ဦးမယ်” ဆိုပြီး ရေမချိုးခင်မှာဘဲ နှစ်ဆယ့်ငါးမိနစ်လောက် အချိန်ထပ်ကုန်သွားတယ်။

သည်လိုနဲ့ တကယ်အိမ်ကထွက်တဲ့အချိန်မှာ မှန်းထားတဲ့အချိန်ထက် နောက်ကျနေပြီဖြစ်လို့ ချိန်းထားတာမျိုးဆိုရင် နောက်ကျမှာစိုးလို့ တက္ကစီငှားပြီး လစ်ရတယ်။ ချိန်းထားတဲ့အချိန်ကို အတိအကျမရောက်မှာတော့ ပူတတ်တယ်လေ။

စာမေးပွဲတွေဆိုရင်လည်း ထိုနည်းနှင်နှင်ပါပဲ။ နောက်ဆုံးမိနစ်မှ အပူတပြင်း ကပ်ပြီး စာတွေကို ဖတ်ရမှတ်ရနဲ့ အင်မတန် ဗျာများတာပဲ။ ပိုဆိုးတာက အနီးကပ်မှလည်း ကပ်လုပ်သေးတယ်။ ဘာမဆို အကောင်းဆုံးကလည်း ဖြစ်ချင်သေးတာဆိုတော့ ဂွကျနေတော့တာပေါ့ဗျာ။ အဲသည်အခါမျိုးမှာဆိုရင် မဒမ်ပေါက ကျနော့်ကို စိတ်ပျက်ပျက်နဲ့ နာမည်ပေးပုံက “လပ်စ်မိနစ် မောင်ပေါ” တဲ့လေ။

မှတ်မိသေးတယ်။ ကျနော်လူပျိုဘ၀က စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ တအိမ်ထဲ စုနေတယ်။ တအိမ်တည်းနေ သူငယ်ချင်းတယောက်က သူ့ရဲ့ အီလက်ထရောနစ် စက်ပစ္စည်းတခု ပျက်လို့ ကျနော့်ကို ပြင်ခိုင်းတယ်။ ကျနော်ကလည်း ပြင်ပေးမယ် ပြောပြီး ထုံးစံအတိုင်း နေ့ရွှေ့ညရွှေ့ လုပ်နေမိတာပေါ့။ အဲသည်အချိန်က အဲသည်သူငယ်ချင်းက ရေကူးသင်စအချိန်။

နောက်တော့ သူ ဖားကူး စကူးတတ်လာတယ်။ ကျနော့်ကို ပြောတယ်။

“မောင်ပေါ....ငါ အခု ဖားကူးတောင် ကူးတတ်သွားပြီ။ မင်းငါ့စက်မပြင်ရသေးဘူးလား” တဲ့။

ကျနော် တုပ်တုပ်မျှ မလှုပ်။ နောက်ထပ် ၁ လ လောက် ကြာပြန်တော့.....

“မောင်ပေါ.....ငါ အခု လက်ပစ်ကူးနေပြီးနော်၊ မင်း ငါ့စက်ကို ခုထိ မပြင်ရသေးဘူးလား” တဲ့။

ကျနော်မလှုပ်သေး။ နောက်...၁ လ လောက် အကြာမှာ.....

“ဟေ့ကောင် မောင်ပေါ.....ငါ အခု ပက်လက်ကူးနေပြီနော်။ နောက်ဆို ဘတ်တာဖလိုင်း တွေဘာတွေ လာတော့မယ်။ မင်းအခုထိ မပြင်ရသေးဘူးလား”

ကျနော် မလှုပ်ချင်သေး။ ဒါပေမယ့် အဲသည်အချိန်မှာ ဂျေဘီက ကင်းဝုဒ် အီလက်ထရောနစ်ကုမ္ပဏီမှာ လုပ်နေတဲ့ သူငယ်ချင်းတယောက် စင်္ကာပူကို အလုပ်ရှာရင်း လာလည်တော့မယ် ကြားတယ်။ ပစ္စည်းပိုင်ရှင်သူငယ်ချင်းက ကျနော့်ကို စိတ်မရှည်တော့ဘူး။

“မင်းမပြင်ဘူးဆိုရင်...ဟို ကင်းဝုဒ်က ကောင်လာရင် ငါ သူ့ကိုဘဲ ပြင်ခိုင်းတော့မယ်။ မင်း မပြင်တတ်လို့ အချိန်ဆွဲနေတာလို့ ငါယူဆလိုက်မယ်” လို့ ပြောလာတယ်။

ဒါကတော့ ကျနော့် သိက္ခာနဲ့ ဆိုင်လာပြီမို့ သူ့စက်ကို ကုတင်အောက်က ထုတ်ပြီး စက်နောက်က အဖုံးကိုဖွင့်၊ မီတာနဲ့ ဟိုထောက်ဒီထောက်လုပ်ပြီး စစ်ဆေးကြည့်ရတယ်။ ဆားကစ် ဘယ်နေရာမှာ ပျက်သလဲ မီတာနဲ့ တတ်သရွေ့မှတ်သရွေ့ ရှာကြည့်တယ်။ ဖြစ်ချင်တော့ ပျက်တဲ့ နေရာကို ဘယ်လိုမှ ရှာလို့ မတွေ့ဘူးဗျာ။ ကျနော် ချွေးပြန်သွားတယ်။ ဟိုကောင်ကလည်း လာတော့မှာ မဟုတ်လား။ နောက်ဆုံးတော့....သူငယ်ချင်းကို လေသံပျော့ပျော့လေးနဲ့ ပြောရတယ်။

“ဟေ့ကောင်၊ ငါရှာကြည့်တာဘဲကွာ။ ဘယ်နေရာမှာ ပျက်သလဲ၊ ရှာလို့မရဘူး”

“အေး.... ဒါဆိုလဲ ပြီးရော။ ဟိုကောင်လာမှ ငါပြင်ခိုင်းတော့မယ်”

အဲဒါနဲ့ ဟိုကောင်အိမ်ရောက်ရောက်ချင်း သူ့ကို ပြင်ခိုင်းတော့ ဟိုကောင်က ကျနော့်လို အချိန်ဆွဲမနေဘူး။ ချက်ချင်းဆိုသလိုဘဲ စက်ကို ပျက်မပျက်သိရအောင် နံရံက ပလပ်မှာ ထိုးပြီး ဖွင့်ကြည့်လိုက်တာ စက်က အကောင်းပကတိကြီးဗျာ။ အလုပ်လုပ်နေတယ်။ စက်ပိုင်ရှင်သူငယ်ချင်းက....

“မောင်ပေါ..ကွာ။ မပျက်တဲ့ စက်ကို ပြင်ဘို့တောင် လေးလလောက် အချိန်ယူရတယ်” လို့ ရယ်ပြီး ပြောတယ်။ ကျနော်ကလည်း ဘယ်ခံလိမ့်မလဲ။

“အေးလေ။ ဒါကြောင့်...ငါပြောတယ်မဟုတ်လား။ ပျက်တဲ့နေရာ ရှာမတွေ့ပါဘူးလို့၊ မင်းက မပျက်ဘဲနဲ့ ငါ့ကို လာပြင်ခိုင်းတာကိုး” လို့ (အရှက်ပြေ) ပြန်ပြောလိုက်ရတယ်။

ကျနော် နေ့ရွှေ့ညရွှေ့လုပ်တတ်ပုံကို ပြောပြတာပါ။ အဲသည် အကျင့်ဟာ တော်တော်မကောင်းမှန်းသိပေမယ့် အရိုးစွဲနေတဲ့အကျင့်ကို ပြင်ရတာ တော်တော်မလွယ်ဘူးဆိုတာ တွေ့ရတယ်။

ဘလော့ဂ်ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
နေ့ရွှေ့ညရွှေ့ နှစ်ချီရွှေ့ ရွှေ့တတ်ခြင်းကို ရှောင်ကြဉ်လေ။
Read more

“တခုခုတော့ လွဲနေတယ်”

ဆင်းတုတော်တဆူ…
ရွှေခွာယူမှာ စိုးလို့လား။

လူခိုးမှာဘဲ စိုးလို့လား။

သံတိုင်တွေ ဟို...နောက်မှာ
သော့ပိတ်ကာထား။
Read more

“ဘောလုံးပွဲ”

ပွဲကြည့်စင်ပေါ်က
အော်ဆဲဖို့လွယ်သလောက်
ကွင်းထဲရောက်တော့
ထင်သလောက်မလွယ်။
Read more

“ဘွန်းမာရန်း”



ဖြစ်ပျက်ခဲ့စဉ် အချိန်တုန်းက ကျနော့်အပြစ်ကြောင့်ရယ်လို့ တပ်အပ်သေချာ မပြောနိုင်ပေမယ့်လည်း အခုနေပြန်စဉ်းစားကြည့်လိုက်ရင် စိတ်ထဲမှာ စနိုးစနောင့်နဲ့ မအီမလည် ဖြစ်ရတဲ့ အဖြစ်အပျက်တွေ ကျနော့်ဘ၀မှာ အများကြီး ကြုံခဲ့ရဘူးတယ်။

အခု ကျနော်ပြောပြမယ့် ကိစ္စကလည်း အဲသည်အဖြစ်အပျက်တွေထဲက တခုပါပဲ။

ပြန်တွေးကြည့်ရင် ရှက်လည်းရှက်တယ်။ အားလည်းနာတယ်။ စိတ်လည်း မကောင်းဘူး။

အရင်ကတော့ သာမန်ဘဲ စဉ်းစားခဲ့တယ်။ စိတ်ထဲမှာလည်း ဘယ်လိုမှ စနိုးစနောင့်မဖြစ်ခဲ့ဘူး။ နှစ်တွေအတန်ကြာတဲ့အထိလည်း သာမန်ဖြစ်ရိုးဖြစ်စဉ်တခုလိုပဲ သဘောထားပြီး ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ခဲ့တာပါ။ အခုတလောကျမှ လူက တောင်တောင်အီအီတွေးပြီး စနိုးစနောင့် ခံစားနေရမိပုံလေးကို ပြောပြချင်လို့ပါ။

ဒီလိုပါ.....။

လွန်ခဲ့တဲ့ရှစ်နှစ်ကျော်က......ဒီကိစ္စကို စတင် အဆိုပြုလာခဲ့သူက အခုမဒမ်ပေါဖြစ်လာတော့မယ့် ထိုစဉ်က ကျနော့်ဇနီးလောင်းပေါ့။

မင်္ဂလာဆောင်ကာနီးမှာ သူမက ကျနော့်ကို ပူဆာတယ်။ ဟိုတယ်မှာ မင်္ဂလာဆောင်တဲ့အခါကျရင် တီးဝိုင်းထည့်ချင်သတဲ့။ ကျနော်ကလည်း အဲသည်တုန်းက ခေါင်းခါတတ်တဲ့ အလေ့အကျင့်ကို မေ့လျော့နေသလား ထင်မှတ်ရလောက်အောင်ကို မဒမ်ပေါကို ခေါင်းတညိတ်ညိတ်နဲ့ အလိုလိုက်နေမိတဲ့အချိန်ပေါ့။ (အခုမှ ကိုယ်က တလှည့်တပြန် အတိုးချပြီး ဆိုးရတာပေါ့ဗျာ)။

ဒီတော့ “ငှားချင်တဲ့ တီးဝိုင်းကို ငှားလေ..” လို့ လွယ်လွယ်ပဲ ပြောလိုက်မိတယ်။ အဲသည်လိုနဲ့ “စပက်ထရမ်” လို့ အင်္ဂလိပ်လို အမည်ရတဲ့ တီးဝိုင်းကို ငှားဖြစ်သွားတယ်ဆိုပါတော့။ ဗမာလိုတော့ “ရောင်စဉ်လှိုင်းတေးဂီတအဖွဲ့” ပေါ့လေ...။

မင်္ဂလာဆောင်နေ့မှာ အဲသည်တီးဝိုင်းက တီးခတ်ပေးတယ်။ နာမည်ကျော် အဆိုတော်တွေလည်း တယောက်ပြီး တယောက် မင်္ဂလာဆောင်မှာ ဆိုလိုက်ကြတာ မနည်းဘူး။ အဲ...အဲဒီလို ဆိုတာကို မှတ်တမ်းဗီဒီယိုအခွေမှာ ပြန်ကြည့်တော့မှ သတိထားမိတာပါ။ မင်္ဂလာဆောင်နေတုန်းကတော့ ကိုယ့်မှာ ဧည့်သည်တွေကို နှုတ်ဆက်နေရတာနဲ့၊ ဓါတ်ပုံဆရာကို ပြုံးပြ အိုက်တင်တွေ ပေးရတာနဲ့ အလုပ်တွေ ရှုပ်နေတော့ ကိုယ့်မင်္ဂလာဆောင်မှာ ဘယ်သူတွေ လာဆိုသွားသလဲဆိုတာတောင် သတိမထားလိုက်မိဘူး။

ဟော ဗီဒီယိုမှာ ပြန်ကြည့်တော့မှ... ကျနော်အင်မတန်နှစ်သက်တဲ့ နိုင်ငံကျော်အဆိုတော်တွေ တသီတတန်းကြီး တွေ့လိုက်ရတယ်။ ပထမတော့..... “ဟယ်၊ ငါ့မင်္ဂလာဆောင်မှာ နာမည်ကြီးတွေ လာဆိုတယ်” ဆိုပြီး သဘောကျနေတာပေါ့။ အိမ်ကို လာလည်သမျှလူကိုတောင် အခွေထိုးပြပြီး ကြွားလိုက်သေးတယ်။ ကျနော့်သူငယ်ချင်းအရင်းတွေဆိုတာ အိမ်လာလည်ရင် အလကားတော့ မကြည့်နိုင်ဘူး။ အပြင်မှာ ထမင်းလိုက်ကျွေးမှ ကြည့်မယ် ဘာမယ် စသဖြင့် ဈေးကိုင်တဲ့အထိ ဖြစ်လာတယ်။ သည်လိုဘဲ နောက်တော့လည်း ထုံးစံအတိုင်း ရိုးသွားပါလေရော။

ဒါပါဘဲ။ အဖြစ်အပျက်က။

အခုထိ မအီမလည် ဖြစ်စရာအကြောင်း မရှိသေးပါလားလို့ စာဖတ်သူတို့ တွေးနေကြပြီ ထင်ပါရဲ့။ လာမှာပေါ့ဗျာ။ ဖြည်းဖြည်းပေါ့။

ကျနော့်စိတ်ကို ဒုက္ခပေးနေတာက ဘာလဲဆိုတော့...... ကျနော့် မင်္ဂလာဆောင်မှာ လာဆိုကြတဲ့ အဆိုတော်အားလုံးနီးပါးက ကျနော်အင်မတန်နှစ်ခြိုက်တဲ့ အဆိုတော်တွေဖြစ်နေလို့ပါပဲ။

ဟဲ့....အဲဒါ မကောင်းဘူးလား။ နင့်ဟာကလဲ” လို့ အပြစ်တင် မစောကြပါနဲ့ဦး။

ကျနော်ငယ်ငယ်က စာအုပ်တအုပ်ထဲမှာ အဆိုတော်တယောက်နဲ့ အင်တာဗျူးကို ဖတ်ဘူးတယ်။ မေဆွိလား၊ တင့်တင့်ထွန်းလား... ဘယ်သူလဲ အသေအချာ မမှတ်မိတော့။ အဲဒီ အဆိုတော်က ပြောတယ်။ သူတို့ သီချင်းဆိုရတဲ့အထဲမှာ ဧည့်ခံပွဲတွေမှာ ဆိုရတာလောက် ဖီလင် မလာတာ မရှိဘူးတဲ့။ အားလုံးက စားသောက်နေကြပြီး အစားအသောက်မှာ အာရုံရောက်နေကြတာ....ဘယ်သူကမှ ကိုယ့်သီချင်းကို အာရုံမထားကြဘူး....တဲ့။

ကဲ.... ကျနော် ဘာဖြစ်နေတာလည်း နည်းနည်းတော့ သဘောပေါက်စ ပြုလာပြီ ထင်ပါရဲ့။

ဟုတ်တယ်ဗျ။ ကျနော်ချစ်တဲ့ အနုပညာရှင်တွေကို ကျနော့်မင်္ဂလာဆောင်မှာ ပေါပေါပဲပဲနဲ့ ဆိုခိုင်းလိုက်ရတဲ့ အဖြစ်ကို မအီမလည် ဖြစ်နေတာ။

မင်းကလည်း ကျေနပ်လို့၊ သူတို့ကလည်း ကျေနပ်လို့ သမာအာဇီဝ ရိုးရိုးသားသား စီးပွားရှာတာဘဲကွာ။ ဘာမအီမလည် ဖြစ်စရာရှိလဲ လို့ မေးစရာ ရှိပါတယ်။

တကယ်တော့ အနုပညာရှင်တွေမှာ အနုပညာမာနရှိတယ်ဗျ။ ပွဲလမ်းသဘင်တွေ၊ စတိတ်ရှိုးတွေမှာ ပရိသတ်ကို ဖျော်ဖြေတာက တကဏ္ဍ။ စတိတ်ရှိုးမှာ လာတာက သူ့ကို သက်သက်လာအားပေးတဲ့ ပရိတ်သတ်။ မင်္ဂလာဆောင်လာတက်တဲ့ ဧည့်ပရိတ်သတ်ကို ဖျော်ဖြေရတာနဲ့ လားလားမှ တူမယ်မထင်ဘူး။

မင်္ဂလာဆောင်ဆိုတာမျိုးက ဖိတ်စာနဲ့ လိုက်ဖိတ်ထားလို့ သတို့သား၊ သတို့သမီး မျက်နှာ၊ နှစ်ဖက်မိဘ မျက်နှာနဲ့ လာကြတဲ့လူတွေ။ သီချင်းကို အဓိက ဖီလင်အပြည့်နဲ့ လာနားထောင်ကြတာမဟုတ်မှန်း သူတို့လည်း ခံစားသိရှိမှာပေါ့။ ဘယ်အဆိုတော် ပါပါ၊ မပါပါ မင်္ဂလာဆောင် လာမယ့် ပရိတ်သတ်ဆိုတာ ဖိတ်ကြားသူက ဖိတ်ထားရင် လူမှုရေးအရ လာကြမှာပဲ။ ဒီတော့ စတိတ်ရှိုးနဲ့ မင်္ဂလာဆောင် နှစ်ပွဲမှာ တက်ရောက်တဲ့ ပရိတ်သတ် အမျိုးအစားချင်းမတူဘူးနော် ပရိတ်သတ်ကြီး...... (ကြာနီကန်လေသံ နည်းနည်းပါသွားတယ်)

တခုတော့ရှိတယ်။...ကျနော်က နိုင်ငံကျော် လူသိများတဲ့ လူတယောက်ဖြစ်နေလို့ ကျနော့် မွေးနေ့ပွဲ (သို့) မင်္ဂလာပွဲမှာ အဆိုတော်တွေက မေတ္တာနဲ့ လာအားပေးတာဆိုရင်တော့ တမျိုးပေါ့လေ။ သို့ပေမယ့် အခုကိစ္စက ငွေကြေးအတွက် ဖြစ်နေမှန်း နှစ်ဦးနှစ်ဖက်က သိနေကြတော့ ခုနင်ကပြောတဲ့ မအီမလည် ဖီလင်က နှစ်ဦးနှစ်ဖက်စလုံးမှာ ဖြစ်ဖို့ အကြောင်းဖန်လာတော့တာပေါ့။

နေဦး.....ကျနော်မင်္ဂလာဆောင်ခဲ့တာက ရှစ်နှစ်ပြည့်သွားပြီ။ အခုကျမှ ဘာကိစ္စ ဒီလို ခံစားရသလဲ မေးရင် အကြောင်းရှိတယ်။

အခုတလော.... ကျနော့်မှာ အဲသည်လိုဘဲ အကြောင်းတရားတွေကို ဆက်စပ်စဉ်းစားရင်းနဲ့ မီးခိုးကြွက်လျှောက် စဉ်းစားလိုက်တာ “ဘွန်းမာရန်း(Boomerang)” အကြောင်းကို ရောက်သွားလို့ပါ။ “ဘွန်းမာရန်း” ကို နားလည်ရင် ဘာကြောင့် ရှစ်နှစ်တိတိ ကြာပြီးတဲ့နောက်မှ ကိုပေါတယောက် ကောက်ကာငင်ကာ သည်ဖီလင် ၀င်ရသလဲဆိုတာ နားလည်ပါလိမ့်မယ်။

အခု “ဘွန်မာရန်း” အကြောင်းကို ပြောပြတော့မယ်နော်။ သြော်ဇီမှာ ရောက်နေတဲ့ ကိုအင်ဒီတို့ဆိုရင် ကောင်းကောင်းသိမှာဘဲ။ သြစတေးလျမှာရှိတဲ့ အဘာရီဂျင်း လူမျိုးစုတွေ ကိုင်တဲ့ ခပ်ကွေးကွေး လက်နက်တမျိုးပေါ့။ လေထဲမှာ စနစ်တကျ ပစ်လွှတ်လိုက်ရင် ကိုယ့်ဆီကို ပျံဝဲပြီး ပြန်ရောက်လာတဲ့ လက်နက်လေ။ တော်တော်များများ မြင်ဘူးကြမှာပေါ့။

မင်္ဂလာဆောင်တီးဝိုင်းအကြောင်းပြောနေရာကနေ ဘွန်းမာရန်းအကြောင်း ပြောလို့ တောင်ရောက်မြောက်ရောက်လို့ မထင်မိဘူးလား။ ဆက်စပ်မှုရှိပါတယ်။ လာပါပြီ...လာပါပြီ။

နအဖ အစိုးရတက်လာတော့....ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေ၊ နအဖရဲ့ လှေပွဲသဘင် စတဲ့ ပွဲတွေမှာ အဆိုတော်တချို့က (ခုနက ကျနော့်မင်္ဂလာဆောင်မှာ လာဆိုကြတဲ့သူတွေလည်း ပါတယ်) နအဖရဲ့ ပေါ်လစီ သီချင်းတွေကို အားကြိုးမာန်တက် ဆိုပေးခဲ့တာတွေကို မြင်ခဲ့ကြားခဲ့ကြရတယ်မဟုတ်လား။ တချို့လည်း မလွှဲသာမရှောင်သာ ဆိုရတာမျိုးလည်း ပါမှာပါ။ ဒါပေမယ့် တချို့ကတော့ တကယ့်ကို လိုလိုချင်ချင်ကြီး ဆိုပေးနေတာမျိုးတွေ ရှိတယ်။

အဲသည် ပေါ်လစီတွေကို ပြည်သူ့အချစ်တော် နအဖ က နှစ်ပေါင်းများစွာ အကောင်အထည်လည်း ဖော်လိုက်ရော ပြည်သူတွေရဲ့ စီးပွားရေးက ကုန်းကောက်စရာမရှိလောက်အောင် ချွတ်ခြုံကျပြီး မူရင်းသီချင်းခွေတွေ၊ စီဒီတွေကို ၀ယ်ယူအားပေးခြင်း မပြုနိုင်တော့တဲ့ ဘ၀ကို ရောက်သွားကြလေသတည်းပေါ့။ အဲဒီမှာ (၀ယ်အားကျသွားတော့)အဆိုတော်တွေခမျာ စီးရီးအသစ်တွေ၊ အခွေသစ်တွေ မထုတ်နိုင်တော့ဘဲ မင်္ဂလာဆောင်တွေ၊ ရှိုးတွေကို အားကိုးရတဲ့ ဘ၀ရောက်သွားတယ်။ စဉ်းစားကြည့်ပါ။ ဘယ်နိုင်ငံကျော်အဆိုတော်က တတ်နိုင်ရင် မင်္ဂလာဆောင်မှာ လိုက်ဆိုချင်ပါ့မလဲဗျာ။ စင်္ကာပူမှာ အဲသည်လိုမျိုး အဆိုတော်တယောက် ကိုယ့်မင်္ဂလာဆောင်လာဆိုဖို့ ငှားကြည့်ပါလား။ ဘယ်လောက်ကုန်ကျမလဲဆိုတာ သိရအောင်။

အဲသည်လို အခွေအသစ်တွေ၊ စီးရီးအသစ်တွေ မထုတ်နိုင်ကြတော့တဲ့ နောက်ထပ် လက်သည်တရားခံ အကြောင်းအချက်တခုကတော့ မူပိုင်ခွင့်ကို မလေးစားဘဲ ခိုးကူးကြတာတွေ ခေတ်စားလာတာပါဘဲ။ သည်လောက် စည်းမဲ့ကမ်းမဲ့ ခိုးကူးနေမှတော့ ဘယ်သူက အရှုံးခံပြီး အခွေအသစ် ထုတ်ရဲပါတော့မလဲဗျာ။

အဲဒီလို အနေအထားရောက်လာတော့ နောက်ဆုံးနစ်နာတာ ဘယ်သူတွေလဲ ပြန်စဉ်းစားကြည့်ရင် နှစ်ဦးဘဲရှိတယ်။ ပထမတဦးက နားထောင်အားပေးတဲ့ ပြည်သူတွေ၊ နောက်တဦးက ပြည်သူချစ်တဲ့ အနုပညာရှင်တွေ။ နှစ်ဦးနှစ်ဖက် နစ်နာကြပါတယ်။

အဆိုတော်တွေ အသစ်တီထွင်ပြီး သီချင်းကောင်းတွေကို မထုတ်လုပ်နိုင်တော့တဲ့အတွက် နားထောင်ရသူ ပရိတ်သတ်မှာလည်း ကြာတော့ သီချင်းခပ်ညံ့ညံ့တွေ၊ ရိုးအီနေတဲ့ ပြန်ဆိုတေးအဟောင်းတွေနဲ့ဘဲ အာသာဖြေရတော့တာပေါ့။

အဆိုတော်တွေဘက်ကကြည့်ရင်လည်း နိုင်ငံကျော်အဆိုတော်တွေပီသစွာ စတိုင်အထွားသားနဲ့ နေရမယ့်ဘ၀ကနေ တွေ့ကရာ မင်္ဂလာဆောင်မှာ လိုက်ဆိုရတဲ့ ဘ၀ကို ကျဆင်းသွားတယ်။

သည်တော့ ဘွန်မားရန်းကိစ္စ ပြန်ကောက်မယ်။ ဘွန်မာရန်းကို ပစ်လွှတ်လိုက်ရင် နောက်ဆုံးမှာ ကိုယ့်ဆီကိုဘဲ တန်းတန်းမတ်မတ် ပြန်ရောက်လာသလို.....

အဆိုတော်တွေအနေနဲ့လည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးထင်ပြီး နအဖရဲ့ ပေါ်လစီသီချင်းတွေကို အားရပါးရ သွားဆိုခဲ့တာတွေဟာ အခုဆိုရင် အဲသည်ဆိုးကျိုးတွေက သူတို့ထံကို ပြန်ရောက်ပြီး သူတို့ကို အကျိုးပေးနေပြီ။

တခါ ပြည်သူတွေကလည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးထင်ပြီး အခွေတွေကို စည်းမဲ့ကမ်းမဲ့ ခိုးကူးကြတော့ အဆိုတော်တွေဆီက သီချင်းကောင်းတွေ၊ သီချင်းသစ်တွေ အရင်ကလို ထွက်မလာတော့ဘဲ သီချင်းဟောင်း သီချင်းဆွေးတွေနဲ့ အဟောင်းသံသရာထဲမှာ လည်နေကြရတော့တာပေါ့။

အဲသည်ကြားထဲမှာ ကျနော် ကိုပေါအကောင်းစားလေးခမြာပါ “စပ်ကြားက မထွားခါးနာ” ဆိုသလို အချောင် မအီမလည် ၀င်ပြီး ခံစားလိုက်ရသေးတယ်။

အဲဒါကြောင့်ပြောတာ..... ကျနော့်အပြစ်လုံးလုံးလျားလျား မဟုတ်ဘဲနဲ့ ကျနော့်မှာ မအီမလည် ခံစားနေရပါတယ်လို့။

ကဲ...ဘာပဲဖြစ်ဖြစ်။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးပြီ။ ပျက်အစဉ် ပြင်ခဏဆိုတဲ့ စကားလည်း ရှိတယ်မို့လား။ အခြေအနေတခုဟာ မှားယွင်းနေပြီဆိုရင် ပြုပြင်ဘို့ ကြိုးစားကြရမှာပေါ့။ နှမ်းတလုံးနဲ့ ဆီမဖြစ်ပါဘူးကွာလို့တော့ မပြောပါနဲ့။ ဆီဆိုတာကလည်း အဲသည်လို နှမ်းလုံးလေးတွေ အများကြီးပေါင်းပြီးမှ ဖြစ်လာတာမဟုတ်လား။ ဒီတော့ တဦးတယောက်ကနေ စပြီး အရာအထောင်အသောင်းအသိန်းအထိ တဖြည်းဖြည်း အရေအတွက်တွေ ဆပွားနိုင်ဘို့ ဒီနေ့ကစပြီး မိမိကိုယ်တိုင် သီချင်းခိုးကူးခြင်းတွေ၊ ခိုးကူးခွေတွေ ၀ယ်ယူနားထောင်ခြင်းတွေကို တတ်နိုင်သမျှ ကြိုးစားရှောင်ကြဉ်ကြပါစို့။ မူပိုင်ခွင့်ကို အလေးထားကြပါစို့။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
အဆိပ်ပင်ရင်း ရေလောင်းခြင်း ကင်းရှင်းကြပါစေ။
မူပိုင်ခွင့်အရ ထုတ်သမျှ ခိုးချခြင်းကို ရှောင်ကြဉ်လေ။
Read more

“မိုးတွေလေတွေ လာပါပေါ့”

“မိုးတွေလေတွေ လာပါပေါ့၊ ကဆုန်လပြည့်ကျော်...
အပျိုလေးတွေ လာပါပေါ့.....ခုံဖိနပ်နဲ့ဆော်”


မည်သို့မည်ပုံ သက်ဆိုင်သလဲတော့မသိ။ ငယ်ငယ်တုန်းက မိုးတွေလေတွေလာရင် အားရပါးရ အော်ဆိုခဲ့တာကို သတိရမိလို့ပါ။ ငယ်ငယ်တုန်းကများ ပျော်ဘဲ ပျော်နိုင်လွန်း။ မိုးရွာရင်လည်းပျော်၊ လေတိုက်ရင်လည်း ပျော်၊ နေပူရင်လည်းပျော်....။

မိုးရွာရင် မိုးရေထဲ ရေထွက်ချိုး၊ လေတိုက်ရင် ရွာလယ်ကျောင်း (ရွာလယ်ဘုန်းတော်ကြီးကျောင်း) သရက်ပင်အောက်မှာ သရက်သီးတွေ တဖြုတ်ဖြုတ်ကြွေတာကို ဘုန်းကြီးကျောင်းသားတွေနဲ့အပြိုင် လုကောက်ကြ။ ဟော...နေပူတော့ရော...ဘယ်လိုပျော်သလဲမသိချင်ဘူးလား။

ရွာထိပ်က ရေခန်းစ ရေအိုင်ကနေ ရွှံမြေတွေ တလုံးတခဲကြီးအိမ်ကို သယ်လာပြီး အိမ်မှာ လောက်စာလုံးလုံးပြီး နေပူလှမ်းတယ်။ မပိုင်လား။ လောက်စာလုံးတွေ ခြောက်သွားရင် လွယ်အိပ်နဲ့ အပြည့်ထည့်၊ တခါတလေ နှီးပုံးအဟောင်းတလုံးနဲ့ ထည့်ပြီး သူငယ်ချင်းတွေရှိရာ ဘုန်းကြီးကျောင်းက ကွင်းပြောင်ပြောင်ကိုသွား၊ လေးလုံးတပုံ ပိရစ်မစ်လို အပုံငယ်လေးတွေ တန်းစီပုံ၊ ပြီးရင် အဝေးကနေ လေးခွနဲ့ ဖြစ်စေ၊ ရာဘာကြိုးတပ် သံဒိုးကွင်းနဲ့ဖြစ်စေ ပစ်ကစားရတယ်။ ခေါင်အပုံ (ကိုယ်နဲ့ဝေးရာ ရှေ့ဆုံးကအပုံကို) ကို မှန်ရင် လောက်စာလုံး သူဋ္ဌေးကြီး ဖြစ်ပေရော့။ အဲ...တခါတလေတော့လည်း ကိုယ်ကြိုးစားပမ်းစား လုံးထားခဲ့သမျှလေးတွေ နှီးပုံးထဲမှာ တလုံးမကျန်အောင် ခွက်ခွက်လန်ပြီး ပြန်လာရတာလဲ ရှိသပေါ့။ ဒါပေမယ့် နိုင်လည်းပျော်၊ ရှုံးလည်းပျော်ပါ။ ငယ်ငယ်တုန်းကပေါ့။

အခုရော.....

အခုလည်း လေတွေမိုးတွေတော့လာပါချေပေါ့။ ရိုးရိုး လေတွေမိုးတွေ မဟုတ်။

အမေရိကန်ပြည်ထောင်စုကနေ ဗဟိုပြုပြီး အာရှနိုင်ငံတွေကိုပါ ရိုက်ခတ်လာတဲ့ စီးပွားပျက်ကပ်ကြီးရဲ့ မိုးဒဏ်လေဒဏ်တွေပေါ့။ ဒီမိုးဒီလေတွေကို ကိုယ်က တတ်နိုင်ရင် ငယ်ငယ်တုန်းကလိုဘဲ ခုံဖိနပ်နဲ့ ဆီးပြီးဆော်လိုက်ချင်ပါရဲ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ကိုယ်ကဆော်နိုင်ဘို့ နေနေသာသာ အခုတောင်မှ ဒီမုန်တိုင်းဒဏ်က ကိုယ့်အိပ်ကပ်ကို ရိုက်ခတ်စပြုနေပြီ။

စင်္ကာပူမှာ အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း နှစ်စဉ်တိုးမြှင့်ပေးနေကျ (လစာ)နှစ်တိုးကို ပထမဦးဆုံးအကြိမ်အဖြစ် တရုံးလုံး ဆိုင်းငံ့ထားခြင်းခံလိုက်ရတယ်။ အဟင့်...ရွှတ်။ ဒီပုံအတိုင်းဆို နှစ်ကုန်ရင် ရနေကျ ၁၃လစာ ခေါ်တဲ့ အပိုလစာ တလစာတောင် ရပါတော့မလားမသိ။ ဒါ့အပြင် ခါတိုင်းနှစ်တွေမှာ ရနေကျ ဘောနပ်စ်တွေလည်း အိပ်မက်တောင်မက်လို့ ရတော့မယ်မထင်ဘူး။

ဒီကြားထဲ လွတ်တဲ့ငါးကြီးတယ်ဆိုသလို ဟိုတလောက အမေရိကန်ဒေါ်လာတွေ (တဒေါ်လာကို စင်္ကာပူဒေါ်လာ ၁.၃၇ တုန်းက) ၀ယ်လိုက်မယ် စိတ်ကူးပြီးမှ ပျင်းရိခြင်းခြောက်ပါးနဲ့ နေ့ရွှေ့ညရွှေ့လုပ်နေလိုက်တာ အခု ၂လလောက်အတွင်း ဒေါ်လာဈေးတွေတက်သွားတော့ ကြေကွဲရပါလား မောင်ပေါရယ်။

ဒါပေမယ့် တဖက်မှာ ကံကောင်းတာကလည်း ရှိသေး။ ကိုယ့်လက်ထဲမှာ လောလောဆယ် ကိုင်ထားတဲ့ စတော့ရှယ်ရာတွေ မရှိ။ ဘယ်ရှိမတုန်း...လွန်ခဲ့တဲ့ သုံးနှစ်လောက်က ခွက်ခွက်လန်ပြီးကတည်းက ရှယ်ယာဆိုရင် အသံတောင် မကြားချင်တော့တာ။ တချို့တွေ စီပီအက်ငွေနဲ့ ၀ယ်ထားတဲ့ပုဂ္ဂိုလ်တွေ အခုဆိုရင် သူတို့ ၀ယ်ထားတဲ့ ရှယ်ယာတန်ဘိုးက ၇၅% လောက် ထိုးကျသွားတာ။ ကျနော့်မိတ်ဆွေ စလုံးတယောက်ဆိုရင် ဒီလို ငြီးတွားတယ်။ “သွားပရော့ဟဲ့.....ငါ့ အိုစာမင်းစာလေး”.....တဲ့။

၁၉၉၇-၁၉၉၉ ခုနှစ်များဆီကလည်း အာရှစီးပွားပျက်ကပ်ကြီးကို ကြုံဘူးပါရဲ့။ အဲသည်တုန်းကတော့ ကိုယ်လုပ်နေတဲ့ မလေးရှားက ကုမ္ပဏီလေး ပြိုလုပြိုခင်ဖြစ်လာတော့ ကိုယ်က အသာဖုတ်ဖက်ခါထပြီး စင်္ကာပူမှာ လာအလုပ်ရှာလိုက်တာ အခုလုပ်နေတဲ့ အလုပ်ကို ရလေသတည်းပေါ့။ သူများတွေ မျက်ကလဲဆန်ပြာ ဒုက္ခရောက်နေတုန်းမှာ ကိုယ်က စုတ်ကော၊ လာဘ်ကောဝင်ပြီး အိမ်ထောင်တွေကျ၊ ကလေးလည်းရ၊ ကျောင်းတက်၊ ပီအာရ်ကျ၊ အိမ်ဝယ်။ ဟော...ယောက္ခမကလည်း တဦးတည်းသောသမီးနောက်ကို လိုက်နေတဲ့အတွက် ကလေးကို ပြုစုစောင့်ရှောက်ပေးဖော်လည်းရ။ အံမယ် လောကကြီးက အင်မတန်သာယာလှပါလား....ပေါ့လေ။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး နေ့လည်စာ စားဖော်စားဖက်၊ ရုံးမှာ တချိန်တည်းပြိုင်တူအလုပ်ဝင်ခဲ့သူလည်းဖြစ်တဲ့ မလေးရှားနိုင်ငံသား တရုတ်အင်ဂျင်နီယာက ပါးစပ်ပုပ်ကြီးနဲ့ “အောင်၊ စီးပွားပျက်ကပ်ဆိုတာ သူ့ cycle ပြည့်ရင် တပတ်ပြန်လည်လာတတ်တယ်။ ၁၉၈၇ လောက်မှာ စီးပွားပျက်ကပ်တခါ၊ ၁၉၉၇ မှာ နောက်တခါဆိုတော့ တကြိမ်နဲ့ တကြိမ်အကြား ဆယ်နှစ်ကွာခြားတတ်တယ်။ အခုလာချိန်တန်ပါပေါ့” ဆိုပြီး နှစ်ယောက်သား မမျှော်ကောင်းတဲ့ စီးပွားပျက်ကပ်ကြီးကို ကြောက်ကြောက်နဲ့ဘဲ လာတော့မလား လာတော့မလားဆိုပြီး လည်တဆန့်ဆန့်နဲ့ မျှော်ခဲ့ကြတယ်။

အခုတော့......တရွေ့ရွေ့.....လာချေပြီလေ....ပင်လယ်တွေဖြတ်သန်း....ရိုးမအပေါ်...လွှားကျော်ကာလေ..

အင်း........မုဒ်ဝင်သွားလို့ စန္ဒယားလှထွတ်ရဲ့ တိမ်တမန်လေးကိုတောင် ဟစ်လိုက်မိရဲ့။

လာပါပြီဗျာ စီးပွားပျက်ကပ်ကြီး။ အမေရိကန်မှာ အဲသည်စီးပွားပျက်ကပ်ရဲ့ အတိမ်အနက်ကို အကဲဖြတ်ဘို့ ဖွဲ့စည်းပေးလိုက်တဲ့ Panel ကလည်း ဟောကိန်းထုတ်လိုက်တာ အားရှိစရာပါဘဲ။ အခုစီးပွားပျက်ကပ်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက သမိုင်းမှာ အဆိုးဆုံးဖြစ်လိမ့်မယ်တဲ့။ အမေရိကန်မှာ ၁၄ လ လောက်ကြာလိမ့်မယ်တဲ့။

အင်း....သူတို့တွက်ကိန်းမှန်ရင် ကမ္ဘာတလွှားမှာလည်း ၂ နှစ်လောက်တော့ ကြာဦးမယ်ထင်ရဲ့။ ကုမ္ပဏီတွေ၊ အလုပ်တွေလည်း ရပ်ဆိုင်းကုန်ကြပါလိမ့်ဦးမယ်။ လူတွေလည်း အလုပ်တွေ ပြုတ်ကြပါလိမ့်ဦးမယ်။

စုပြီးဆောင်းပြီး အသင့်အတင့်ရှိတဲ့လူကတော့ အလုပ်မရှိခင်စပ်ကြားမှာ ဟန်မပျက်ထိုင်စားနိုင်ကြမယ်။ မြန်မာပြည်က ရောက်လာကစ အလုပ်စလုပ်ကာစ လူမျိုးတွေအတွက်တော့ ဒုက္ခပွေကိန်းမြင်တယ်။ အဲ.... ပိုက်ဆံစုဆောင်းမိပြီးသား လူတွေတောင်မှ သိပ်တော့ စိတ်မချရဘူး။ ဘဏ်တွေဘာတွေ ပြိုသွားရင် ကုန်းကောက်စရာ ကျန်မှာမဟုတ်။ စင်္ကာပူအစိုးရကတော့ လုံးဝ တရာရာခိုင်နှုန်း ပြန်ပေးမယ်လို့တော့ အာမခံထားတာဘဲလေ။ သို့သော်....မိုးမပြိုဘူး၊ ပြိုခဲ့သည်ရှိသော်......

အဆိုးထဲက အကောင်းကို နည်းနည်း ရှာကြံကြည့်လိုက်ဦးမှ။ မြန်မာပြည်ကတော့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတာဆိုတော့ မြန်မာပြည်သူများ စီးပွားပျက်ကပ်ဒဏ်ကို ထူးပြီးခံစရာအကြောင်းမရှိ။ ဒီလို စီးပွားပျက်ကပ်တွေ ကျရောက်ခြင်းကြောင့် တခါတရံမှာ ဖြုတ်ချရန်ခက်ခဲတဲ့ အာဏာရှင်အစိုးရတွေပါ ပြုတ်ကျသွားတတ်သတဲ့။ ပလိစ်လား....ဒုန့်ဆေး အစ်တစ် ၀ှစ်ရှ်ဖူး သင့်ကင်း...လား။

ဟီ...ဟိ.....ကံကောင်းရင်၊ စင်္ကာပူတို့၊ မြန်မာနိုင်ငံတို့နဲ့အတူ အာရှက အာဏာရှင်အစိုးရတွေ ပြုတ်ကျသွားနိုင်တယ်။ ငါ့စုငွေလေးနဲ့ စီပီအက်ဖ်ငွေလေးပါရင်...ပါသွားပါစေ....အာဏာရှင်တွေ ပြုတ်ကျသွားရင်တော့ ကြိုက်တယ်...ဟိဟိ။ အဲသည်အခါကျရင်....ရှန်ပိန်ပုလင်းအရင် ဖောက်လိုက်ဦးမယ်။ ပြီးတော့မှ ပြည်တော်ပြန်ပြီး လှေပို့စားမယ်။ (လူဆိုတာ အဲသည်လို မြင့်မြင့်မားမား ရည်မှန်းချက်ထားရတယ်။)

အဲ...အဲ....ပေါက်ကရရှစ်ဆယ်လည်း ပြောပြီးပြီ။ အခုတော့ ညဥ့်လည်းနက်ပြီ။ အိပ်မှ။ အိပ်မှ။ ဝေါ်ယောက်စွေ့ကျောက်။ ၀ါး.....

ဘလော့ဂ်ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
Crisis ဘေး....ကင်းစင်ဝေး...ငြိမ်းအေးကြပါစေ။
Read more

“သူကလေးနဲ့ တွေ့ကြရာတွင်”

ဒီကနေ့မနက် ရုံးအသွားမှာ မိုးက တစိမ့်စိမ့် စွေရွာနေပြန်တယ်။ ညို့မှိုင်းနေတဲ့ ကောင်းကင်နောက်ခံမှာ ရံဖန်ရံခါ ယှက်ဖြာသွားတတ်တဲ့ လျှပ်နွယ်လျှပ်ပန်းတွေကလည်း တလက်လက်။ နောက်ဆက်တွဲ မိုးချုန်းသံကလည်း ဂျိုးတဂျိမ့်ဂျိမ့်။

မြန်မာပြည်မှာတော့ မိုးလေကင်းလွတ်တဲ့ လတန်ဆောင်တိုင်အခါသမယပေါ့။ စင်္ကာပူမှာသာ မိုးက စွေလို့ကောင်းဆဲ။ တခါတလေ….ခရစ်စမတ်လိုရာသီမျိုးမှာ တီဗီက လာနေတဲ့သီချင်းက “Let it snow, let it snow”။ အပြင်မှာတော့ မိုးကတဝေါဝေါနဲ့ ရွာချင်ရင် ရွာနေတတ်တာမျိုး။

မတတ်နိုင်ပါဘူး။ စင်္ကာပူမှာက မိုးရာသီဖြစ်နေပြန်တော့ ရာသီအချိန်ကွာခြားပေမယ့် ဗမာပြည်က မိုးရာသီကိုဘဲ ပိုပြီးသတိရမိတော့တယ်။

ပြာမယောင်ခိုးမင်အသွေးရယ်နဲ့
ဝဠာဘောင်မိုးဆင်လို့ပေးပြန်တော့
ပျိုးပင်လေးတွေက စိမ်းလဲ့ကြည်….
တဲ့။

(သော်တာဆွေရဲ့ ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှာ ရေးပြတဲ့ ဒဂုန်နတ်သျှင်ရဲ့ ကဗျာအချိုးလေးလေ။ နည်းနည်းလွဲရင် ခွင့်လွှတ်ပါ။)

ကျနော်အလယ်တန်းကျောင်းသားဘ၀က သည်လိုမိုးရာသီမှာ တခြားရွာက အလယ်တန်းကျောင်းကို တကူးတက သွားတက်ရတာကို အမှတ်ရမိတယ်။ ကိုယ့်ရွာမှာက မူလတန်းကျောင်းဘဲ ရှိတာကိုး။ ရွာတရွာကျော်အထိ သွားတက်ရတယ်။

လမ်းမှာ ရိုးကိုလည်း ဖြတ်ရတယ်။ ရေဖွေးဖွေးနဲ့ လယ်ကွင်းတွေကိုလည်း ဖြတ်ကျော်ရတယ်။ ကန်သင်းဘောင်တလျှောက်မှာ ဖိနပ်ကို လက်ကတဖက်ချွတ်ပြီးတော့ကိုင်၊ ထီးနဲ့ ထမင်းဘူးနဲ့ကို ကျန်တဖက်မှာကိုင်၊ မိုးထဲလေထဲမှာ ခြေချော်မလဲအောင် သတိထားပြီး လျှောက်ခဲ့ကြရတာပ။

ပျိုးမနှုတ်ရသေးတဲ့အချိန်ဆိုရင် စောစောက ဒဂုန်နတ်သျှင်ကဗျာထဲကလိုဘဲ လယ်ကွင်းတွေထဲမှာ ပျိုးပင်လေးတွေက တကယ့်ကို စိမ်းလဲ့ကြည်နေတော့တာပေါ့။ လေအနော့မှာ ပျိုးပင်ထိပ်ဖျားချွန်ချွန်လေးတွေက မြကမ္ဗလာမှာ ၀ဲဂယက်ပုံသဏ္ဍာန် ယိမ်းတနွဲ့နွဲ့။ လယ်ကွင်းထဲက ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးထဲမှာ ရေမှော်နဲ့လိုလို၊ တမန်းနံ့လိုလို ရနံ့တမျိုးကလေးကလည်း ပါသေးတယ်။

ရှစ်တန်းကျောင်းသားဘ၀ရောက်တော့ လူကလည်း ကြီးကောင်နည်းနည်းဝင်စအရွယ်။ ဟိုသည် စိတ်လှုပ်ရှားတဲ့အရွယ်။ သစ်ရွက်ကလေးတွေ လှုပ်တာနဲ့တော့ မရယ်ခဲ့မိပါဘူး။ ဒါပေမယ့် တော်တော်လေးတော့ အရယ်သန်တဲ့ အရွယ်ပေါ့။

အဲသည်အချိန်မှာ သူကလေးကို စ သတိထားမိတာပါဘဲ။ သူကလေးက ကျနော်တို့ ရွာရဲ့တောင်ပိုင်းမှာ ရှိတယ်။ ကျနော်ကျောင်းသွားချိန်ဆို သူ့အိမ်ခြံစည်းရိုး ကျိုးတိုးကျဲတဲ ကြားက ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေတတ်တာကို ကြုံရလေ့ရှိတယ်။

သူကလေးက အရွယ်နဲ့မလိုက်အောင် ဖွံ့ထွားလွန်းတယ်ပြောရမယ်။ ရွာထဲမှာ သူ့ကို မျက်စိကျနေသူ သုံးယောက်လောက်ရှိတယ်လို့ ပြောသံကြားရတယ်။

တညနေ ကျောင်းမှာ အချိန်ပိုသင်ပေးနေလို့ အိမ်ပြန်နောက်ကျတယ်။ ကျနော်က အတူပြန်နေကျ သူငယ်ချင်းတွေထက်တောင် နောက်ကျလို့ နောက်မှာ တယောက်တည်းလျှောက်လာခဲ့တယ်။ ဟော သူကလေးတို့ အိမ်နားရောက်တော့ ထုံးစံအတိုင်း ကျနော်ကလည်း ဘာရယ်မဟုတ် လှည့်ကြည့်မိပြန်တယ်။ မန်ကျည်းပင်အောက် ခြံစည်းရိုးကလေးနားမှာ သူကလေးရပ်လို့။

အဲသည်နေရာလေးက သူကလေးအမြဲရပ်နေကျ နေရာ။ သူ့အိမ်က လူတွေကလည်း သူကလေးကို အိမ်အပြင်ကိုမှ လွတ်လွတ်လပ်လပ် ပေးထွက်ပါလေစ။

သည်တခါမှာလည်း ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေပြန်တယ်။ ဘယ်လိုစိတ်ဆန္ဒက စေ့ဆော်တယ်မသိ။ ကျနော်ဟာ ရွာလမ်းမက ရွှံ့ဗွက်တွေထဲမှာ တစွပ်စွပ် နင်းပြီးလျှောက်နေရာက အဲသည်ခြံစည်းရိုးနားကို အသာချဉ်းကပ်ခဲ့တယ်။ သူကလေးကို မျက်နှာချင်းဆိုင် အနီးကပ် ကြည့်မိတယ်။

သူကလေးရဲ့ မျက်ဝန်းတွေက ရွှန်းရွှန်းစားစား နိုင်လွန်းလှတယ်။ ကျနော်ဟာ ၀ါးခြမ်းပြား ကျိုးတိုးကျဲတဲ ခြံစည်းရိုး ၀င်းထရံကြားကနေ လက်ကို အသာလျှိုပြီး သူကလေးရဲ့ နဖူးလေးကို လက်ချောင်းထိပ်ဖျားလေးတွေနဲ့ အသာအယာတို့ထိမိတယ်။ သူမရဲ့ နဖူးက ချောချောမွေ့မွေ့လေး။ နောက်တော့ နည်းနည်းတဆင့်တက်ပြီး ပါးကလေးကို ကိုင်ကြည့်မိပြန်တယ်။ အဲသည်အခါမှာတော့ သူကလေးက အသံမထွက်ဘဲ တဖက်ကို လှည့်သွားတော့တယ်။ ဒါပါဘဲ။ သည့်ထက်မပိုပါဘူး။ ကျနော်လည်း ခြံစည်းရိုးအပြင်ဘက်မှာ ရပ်နေရာက ခဏနေတော့ အသာလှည့်ထွက်ပြီး အိမ်ပြန်ခဲ့တော့တယ်။

သည်အဖြစ်အပျက်က ကြာတော့ ကြာခဲ့ပါပြီ။ နောက်ပိုင်း ကိုးတန်းဆယ်တန်း ၂ နှစ်ကိုတော့ ကျနော် ရန်ကုန်မှာ ကျောင်းသွားတက်ဖြစ်တယ်။ သူကလေးကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ ဆယ်တန်းဖြေပြီးတဲ့နောက် ရွာကိုပြန်လာတော့ အဲသည်အိမ်နားက စက်ဘီးဖြတ်နင်းသွားရင် တွေ့နေကျနေရာလေးမှာ သူကလေးရှိလေမလားရယ်လို့ လှည့်ကြည့်ဖြစ်သေးတယ်။ ဒါပေမယ့် သူကလေးကို မတွေ့ရတော့ဘူး။

ဘယ်ရောက်သွားသလဲ၊ ဘာဖြစ်သွားသလဲ ဘယ်သူ့ကိုမှ ကျနော်မမေးဖြစ်ခဲ့မိပါဘူး။ သည်အဖြစ်အပျက်ကလေးဟာ သူကလေးနဲ့ ကျနော်အကြားမှာ ဘယ်သူမှမသိဘဲ ဖြစ်ခဲ့တဲ့ အဖြစ်ကလေး။ ကျနော့်ရင်ထဲမှာ ကာလရှည်ကြာစွာ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောဘဲ တိတ်တဆိတ် သိမ်းဆည်းထားခဲ့တဲ့ အဖြစ်အပျက်ကလေး။

သြော်…..အခုဆိုရင် သူကလေးတောင် လောကကြီးမှာ ရှိချင်မှ ရှိတော့မှာပါ။ သို့သော် ကျနော့်မှာတော့ အခုလို မိုးကလေးညို့တဲ့အခါမျိုးမှာ ငယ်ငယ်က အဲသည်အဖြစ်အပျက်ကလေးနဲ့တကွ သူကလေးကို တခါတရံ အောက်မေ့သတိရမိပါတယ်။

ငယ်ငယ်က ကျောင်းသွားလမ်းဘေးရှိ အိမ်တအိမ်က မန်ကျည်းပင်အောက် ချည်တိုင်တွင် တွေ့ရလေ့ရှိသော၊ ၀ယ်ယူချင်လွန်း၍ ရွာထဲကလူတွေ မျက်စိကျနေခဲ့ကြသော နွားနီမ ဖွံ့ဖွံ့ထွားထွား ချောချောလှလှလေးသို့ အမှတ်တရ…
Read more

“ပီအေပီမှ ရွေးကောက်ပွဲ စောစီးစွာ ခေါ်တော့မည်လော”



ပီအေပီ (စင်္ကာပူမှ လက်ရှိအာဏာရပါတီ)အနေဖြင့် ရွေးကောက်ပွဲများကို စောစီးစွာ ခေါ်ကောင်းခေါ်လိမ့်မည်ဟူသော ကောလဟာလများ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။ SDP မိတ်ဆွေအချို့ ပြောပြချက်များအရ ၄င်းတို့၏ အသိ အစိုးရအမှုထမ်းအချို့သည် အစိုးရထံမှ ရွေးကောက်ပွဲတာဝန်ရှိသူများအဖြစ် သင်တန်းတက်ရန် ခေါ်စာများ ရရှိထားပြီးဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်ရုံးတွင်လည်း လှုပ်ရှားမှုများ မြင့်တက်လာသည်ကို တွေ့မြင်ရကြောင်း တီးတိုးစကားများ ထွက်ပေါ်လာသည်။ ထိုမျှမကသေး၊ ကျောင်းအချို့ကို အမတ်လောင်းစာရင်းပေးရန်ဌာန၊ မဲရုံစသဖြင့် သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။

ထိုသတင်းများအားလုံးသည် အတည်မပြုရသေးသော သတင်းများဖြစ်သည်။ ၄င်းသတင်းများ၏ မှန်ကန်တိကျမှုကို ကျွန်ုပ်တို့အနေဖြင့် အတည်ပြုရန် မဖြစ်နိုင်ပါ။

သို့သော်...ပီအေပီအနေဖြင့် ၄င်းတို့ လက်ဝယ်ရရှိထားသော ငါးနှစ်သက်တမ်းကို စွန့်ပစ်ပြီး ရွေးကောက်ပွဲကို စောစောကျင်းပမည်ဆိုပါကလည်း ကျွန်ုပ်တို့အနေဖြင့် အံ့သြစရာမရှိပါ။ လာမည့်နှစ်အနည်းငယ်အတွင်း စီးပွားရေးအခြေအနေသည် အလွန့်အလွန် အင်မတီးအင်မတန် ဆိုးရွားတော့မည့် အခြေအနေများကို ထောက်သော် ပီအေပီအနေဖြင့် နောက်ကျမှ ရွေးကောက်ပွဲကျင်းပခြင်းထက် စောစီးစွာ ကျင်းပရန်ကို ပို၍ အာသီသ ရှိပေလိမ့်မည်။

ထို့ပြင် မစ္စတာလီကွမ်းယူ၏ အသက်အရွယ်သည်လည်း အရေးပါသည့် အကြောင်းတချက်တခု မဟုတ်ပါလား။ သူမရှိပါက ပီအေပီအနေဖြင့် ၀ိတ်မရှိတော့။ ပီအေပီကို တည်ထောင်ခဲ့သော အသက်ရှစ်ဆယ်ကျော် အိုကြီးအိုမသည် ယခုအချိန်အထိ အစိုးရပြုဘွယ်ဆောင်တာကိစ္စအ၀၀၏ ရှေ့တန်း၊ နောက်တန်းနှင့် အလယ်တန်း နေရာအနှံ့တွင် ပါဝင်စွက်ဖက်ချုပ်ကိုင်လျက်ရှိဆဲပင်ဖြစ်သည်။ တခါတရံ သားဖြစ်သူ ၀န်ကြီးချုပ်ထက်ပင် ခြေပြင်းလျက် ရှိချေသည်။


(စင်္ကာပူဒီမိုကရက်များ၏ ပို့စ်ကို ဘာသာပြန်သည်။)

မူရင်းကို ဖတ်ရှုရန်။
PAP calling snap elections?

ပူးတွဲ ဖတ်ရှုရန်
Read more

“ဘွတ်ရှ်မေကမ်းမ် အင်န် ဘွတ်ရှ်မေဂိုး”



ယနေ့မှစ၍ နောက်ပြန်ရေတွက်သော် လွန်ခဲ့သော ရှစ်နှစ်တိတိကာလ အခါသမယက ကျနော် မောင်ကိုပေါနှင့် မဒမ်ပေါတို့ စုလျားရစ်ပတ် လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။ အဲသည်တုန်းကတော့ ကိုပေါတို့ဆိုတာ နှုတ်ခမ်းနီ ပါးနီလေးတွေအသည်းစွဲ အင်မတန်ကြည့်ကောင်းတဲ့ လူတယောက်ဆိုဘဲ။ (ဟင့်အင်း...ဘယ်သူမှ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောကြည့်တာ...ဟီး)

အမှတ်တရဖြစ်စရာကတော့ ကျနော်တို့ဟာ မစ္စတာ ဘွတ်ရှ် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတဲ့ နှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် သက်တမ်း ရှစ်နှစ်ပြည့်လို့ မစ္စတာ ဘွတ်ရှ်ခမြာသာ အိမ်ဖြူတော်က ထွက်ခွာရတော့မယ်။ ကျနော်တို့ရဲ့ အိမ်ထောင်ရေးခရီးကတော့ အချိန်တွေ ကုန်မှန်းမသိ အကုန်မြန်လွန်လွန်းလို့ အခုအချိန်အထိ ချစ်စခင်စကြင်နာစလို့ဘဲ ထင်မိပါသေးတယ်။ (ယူလိုက်ဦးမယ် တမှတ်...ဟိ။ နောက်မှာ မဒမ်ပေါ ယောင်းမ ကိုင်စောင့်နေတယ်။ မှားရင်...ဂေါက်ခံရမယ်။ ဟုတ်တယ်လေဂျာ....လျှာနဲ့သွား ဇာတ်လမ်းတွေကိုတော့ ဒီအချိန်မှာ ထည့်ရေးလို့ ဘယ်ဖြစ်ပါ့မလဲ။)

ဆယ်တန်းတုန်းက အင်္ဂလိပ်ကဗျာလေးကိုတောင် အခုလို ဖျက်ပြီး ဆိုလိုက်ချင်သေးရဲ့။

"Bush may come and Bush may go,
But we go on forever."


Read more

“ချစ်ပိုင်ခွင့်၊ ယူပိုင်ခွင့်၊ မွေးပိုင်ခွင့်”




မီဒီယာတွင်ဖော်ပြသော သတင်းများကို ကိုးကားပါသည်။ စင်္ကာပူနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားများကို လက်ထပ်ယူဘို့ရန် ခွင့်ပြုမိန့်မကျသည့် အကြောင်းပင်ဖြစ်သည်။ ဤသည်မှာ သက်ဆိုင်ရာအာဏာပိုင်များနှင့် လွှတ်တော်အမတ်များထံ အကြိမ်ကြိမ် အသနားခံစာ တင်သွင်းသည့်ကြားက သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ကို မရကြခြင်းဖြစ်သည်။

ဝင်ငွေနည်းပါးသော၊ ပညာအရည်အချင်းနိမ့်ပါးသော (သို့မဟုတ်) အဆင့်နိမ့်ပါးသည့်အလုပ်များကိုသာ လုပ်ကိုင်နေသော စင်္ကာပူနိုင်ငံသားတို့အနေဖြင့် နိုင်ငံခြားသားနှင့် လက်ထပ်ရန်အလို့ငှာ အစိုးရထံမှ ခွင့်ပြုမိန့်ရဘို့မှာ တနေ့တခြား ပိုမိုခက်ခဲ၍လာပေသည်။

ဥပမာပြရပါက အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်တခုတွင် အရောင်းမန်နေဂျာလုပ်နေသော အသက်၄၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတဦးသည် လစာဝင်ငွေ စင်္ကာပူဒေါ်လာ ၁၇၀၀ မျှသာရသဖြင့် ခွင့်ပြုမိန့်ချမပေးချေ။ မိသားစုကို ထောက်ပံ့ကျွေးထားနိုင်ရန်အတွက် ထိုသူ၏ ၀င်ငွေမှာ နည်းပါးလွန်းသောကြောင့်ဟု အကြောင်းပြ၏။ ယခုအခါ ထိုသူ၏လစာသည် ၂၅၀၀ ဒေါ်လာအထိ တိုးမြှင့်ရထားပြီဖြစ်သည့်တိုင် ပြီးခဲ့သောလေးနှစ်ကျော်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာန (MOM)ထံ အကြိမ်ပေါင်း နှစ်ဆယ်ထက်မနည်း အသနားခံစာတင်ပြီးသော်လည်း အငြင်းပယ်ခံနေရဆဲဖြစ်သည်။

ဤအဖြစ်အပျက်သည် အင်မတန်မှ အမြီးအမောက်မတည့်သော ဖြစ်ရပ်ဟု ကျွန်ုပ်ထင်မြင်ယူဆသည်။ အဘယ်ကြောင့်ဆိုသော် စင်္ကာပူနိုင်ငံသားတယောက်သည် ဗီယက်နမ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ သွားရောက်၍ ဒေါ်လာထောင်ဂဏန်းအနည်းငယ်မျှ အကုန်အကျခံလိုက်ရုံမျှဖြင့် သူ့အနေနှင့် ရက်အနည်းငယ်သာ တွေ့ဘူးမြင်ဘူးသော သူတို့သမီးကို အလွယ်တကူ လက်ထပ်ယူနိုင်သောကြောင့်ဖြစ်သည်။

သို့သော် အဆိုပါ စင်္ကာပူနိုင်ငံသားသည် စင်္ကာပူတွင် ၀ါ့ခ်ပါမစ် သို့မဟုတ် အက်စ်ပါတ်စ်နှင့် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသူတယောက်ကို လက်ထပ်လိုပါက ခွင့်ပြုမိန့်ကို လျှောက်ထားရန် လိုအပ်လာလေတော့သည်။

သေချာသည်မှာ စင်္ကာပူနိုင်ငံအတွင်းတွင် နိုင်ငံခြားသူတယောက်နှင့် နှစ်ရှည်လများ ရစ်နှောင်ခဲ့သည့် ဆက်ဆံရေးသည် ရက်အနည်းငယ်အတွင်းတွင် သူတို့သမီးဝယ်ယူခဲ့ရသည့်အဖြစ်ထက် ပိုမိုခိုင်မြဲမှုရှိပြီး ပိုမိုချစ်ခင်စုံမက်ဘွယ်ရာလည်း ဖြစ်ပေလိမ့်မည်။

ယခု အစိုးရကျင့်သုံးနေသော ပေါ်လစီသည် အဖုအထုံးများသော အိမ်ထောင်ရေးများ ပိုမိုဖြစ်ပေါ်နေစေရန်၊ ကွာရှင်းပြတ်စဲမှုနှုန်းထားများ မြင့်တက်လာနေစေရန် တွန်းပို့နေရာ မရောက်သလော။ နောက်ဆုံးတွင်မတော့ အဆိုပါ မအောင်မြင်သော အိမ်ထောင်ရေးများကြောင့် ဆိုးရွားသော အကျိုးဆက်ကို ခါးစည်းခံစားကြရမည်မှာ လူမမယ်ကလေးငယ်များပင် ဖြစ်နေပေမည်။

ယခုအခါ လက်ထပ်ယူဘို့ ခွင့်ပြုမိန့်မကျသဖြင့် နိုင်ငံခြားသူ အိမ်ထောင်ဖက်နှင့်သားသမီးများကို ပြည်ပနိုင်ငံများသို့ ပုံမှန်သွားရောက်တွေ့ဆုံကြရရှာသော စင်္ကာပူနိုင်ငံသားများတို့၏ ဖြစ်ရပ်များလည်း ရှိလာကြသည်။

၎င်းတို့အနက် အချို့မှာ ပြည်ပသို့အပြီးတိုင် ပြောင်းရွှေ့အခြေစိုက်ရန် အနှေးနှင့်အမြန်ဆိုသလို ဆုံးဖြတ်ကြပေတော့မည်။

ယခုအချိန်သည် အစိုးရက စင်္ကာပူနိုင်ငံသားများအား ကလေးယူကြဘို့ တိုက်တွန်းအားပေးနေချိန်ဖြစ်သည်။ စင်္ကာပူနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားများကို လက်ထပ်နှုန်းမှာလည်း မည်သည့်အခါကနှင့်မတူအောင် မြင့်တက်နေချိန်ဖြစ်သည်။ ကျွန်ုပ်နားလည်သလောက်ဆိုလျှင် လက်ထပ်ထိမ်းမြားမှု ၁၀ ခုအနက် ၄ ခုမှာ နိုင်ငံခြားသားနှင့် လက်ထပ်မှုဖြစ်သည်။ သို့စင်လျက် တကယ့်အစစ်အမှန် လက်ထပ်လိုသူများကို လက်ထပ်ခွင့်ပြုမိန့်ချပေးရန် ငြင်းဆန်နေမှုကြောင့် အစိုးရ၏ လုပ်ရပ်တွင် ရှေ့နောက်မညီဖြစ်နေခြင်းကို မြင်တွေ့နေရသည်။

ကျွန်ုပ်တို့၏ အခြေခံဥပဒေနှင့် အမျိုးသားသစ္စာအဓိဋ္ဌာန်တွင် နိုင်ငံသားအားလုံးအတွက် တန်းတူညီတူအခွင့်အရေးများ ပေးရမည်ဟု ပါရှိသည်။ သို့စင်လျက် အဘယ်ကြောင့် အချို့သောနိုင်ငံသားများအပေါ် သူတို့၏ ၀င်ငွေ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အဆင့်အတန်းပေါ်တွင် မူတည်ကာ ခွဲခြား ချိုးနှိမ် ဆက်ဆံရသနည်း။

လူတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် ပတ်ဝန်းကျင်ပေါ်ထက် မျိုးရိုးဗီဇပေါ်တွင် ပို၍ မှီတည်သည်ဟူသော သီအိုရီသာ မှန်ခဲ့ပါက ကျွန်ုပ်တို့အစိုးရသည် မျိုးရိုးဗီဇအလျောက်အားနည်းသူများအပေါ်တွင် သူတို့၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာ မေတ္တာသက်ဝင်ပိုင်ခွင့်၊ လွတ်လပ်စွာလက်ထပ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ကလေးယူပိုင်ခွင့်တို့ကို ပိတ်ပင်တားမြစ်နေခြင်းအားဖြင့် ဘူးလေးရာဖရုံဆင့်သလို ပိုမို၍ ကြပ်တည်းခက်ခဲအောင် ဖန်တီးနေရာ မရောက်သလော။

စင်္ကာပူတွင် အလုပ်လုပ်နေသူများအနေဖြင့် လက်ထပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာန (MOM) တွင် လျှောက်ထားရန်လိုအပ်ပြီး အခြားသူများအဖို့ Immigration and Checkpoints Authority (ICA) ခေါ် လူဝင်မှုကြီးကြပ်ရေးတွင် လျှောက်ထားရန်လိုအပ်သည်ဟု ကျွန်ုပ်နားလည်သဘောပေါက်သည်။

လက်ထပ်ရန်ခွင့်ပြုမပြု စဉ်းစားချိန်ထိုးသည့်အခါ ပြည့်မီရန်သတ်မှတ်ထားသည့် စံနှုန်းစံထား (criteria for assessment) တစုံတရာရှိသလော။ လုပ်ထုံးလုပ်နည်းနှင့် စံနှုန်းစံထား တသမတ်တည်းရှိစေရန် အဘယ်ကြောင့် အာဏာပိုင်အဖွဲ့အစည်းတခုကိုသာလျှင် မထားရှိသနည်း။

အကယ်၍ ပြည့်မီရန်သတ်မှတ်ထားသည့် စံနှုန်းစံထားရှိက အများပြည်သူသိသာစေရန် ထုတ်ပြန်ကြေငြာဘို့ ကျွန်ုပ်အကြံပြုလိုသည်။ သို့မှသာ စင်္ကာပူနိုင်ငံသားတွေအနေဖြင့် စံချိန်စံညွှန်းမပြည့်သူနှင့် မှားယွင်းပြီး ချစ်ကြိုက်မိခြင်းမှ လွတ်ကင်းပေလိမ့်မည်။

ယခုအခါ နိုင်ငံခြားသားဦးရေတိုးနှုန်းမှာ ဂဏန်းနှစ်လုံးအထိရှိပြီး အရေအတွက်အားဖြင့် တသန်းကျော်လာပြီဖြစ်သည်။ ထို့ကြောင့် ဤ (လက်ထပ်ခွင့်ပြုမိန့်မကျခြင်း) ပြဿနာ မှာလည်း ဆက်လက်ကြီးထွားလာဖို့သာရှိသည်။

အကယ်၍ အတုအယောင် ဟန်ပြလက်ထပ်မှုများကိုအသုံးပြု၍ စင်္ကာပူတွင်နေထိုင်ခွင့် ရရှိရန်ကြိုးပမ်းမှုများကို စိုးရိမ်သည်ဆိုပါကလည်း ကျွန်ုပ်တို့သည် ယူနိုက်တက်စတိတ်စ်ကဲ့သို့သော အခြားတိုင်းပြည်များမှ လေ့လာအတုယူနိုင်ပါသေးသည်။ အမေရိကန်ပြည်ထောင်စုသည် ထိုကဲ့သို့သော ဟန်ပြလက်ထပ်မှုများကို အပြစ်ဒဏ်ကြီးလေးစွာ ချမှတ်ခြင်းအားဖြင့် တဖက်တွင်လည်း ၄င်းနိုင်ငံသားများ၏ အခွင့်အရေးဖြစ်သော မိမိအမှန်တကယ်စုံမက်သူကို လက်ထပ်ပိုင်ခွင့်အား ထိန်းသိမ်းထားပေသည်။

ကျွန်ုပ်နားလည်သလောက် စင်္ကာပူနိုင်ငံသားအမျိုးသမီးများအနေဖြင့် နိုင်ငံခြားသားကို လက်ထပ်ရန် ခွင့်ပြုမိန့်ကျဖို့ဆိုသည်မှာ အမျိုးသားများထက်ပင် ပိုမိုခက်ခဲကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ပိုမိုမြင့်မားသော ၀င်ငွေအဆင့်အတန်း၊ ပညာရေးအဆင့်အတန်းနှင့် အလုပ်အကိုင်တို့ကို ပြသနိုင်ဘို့ လိုသောကြောင့်ပင်ဖြစ်သည်။

ဤသည်မှာ စင်္ကာပူနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း နည်းလမ်းမျိုးစုံပပျောက်ရေး ပဋိညာဉ် (Convention on the Elimination of All Forms of Discriminations Against Women, CEDAW) ကို ချိုးဖောက်နေခြင်းပင် မဟုတ်ပါလော။

(The Online Citizen အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော Leong Sze Hian ၏ ဆောင်းပါးကို ဘာသာပြန်သည်။)

မူရင်းကို ဖတ်ရှုရန်။

Read more

“ကျွန်းပိစိမှာဆိုရင် အိုဘားမား အရွေးချယ်မခံရနိုင်”


(မှတ်ချက်။ မားလိုင်းယင်း-ပုံနှင့် အိုဘားမား-ပုံ နှစ်ပုံကို အင်တင်နက်မှ ကူးယူကာ ဖိုတိုရှော့ပ်ဖြင့် ဖြတ်ညှပ်ကပ်ထားသည်)

(ပြီးခဲ့တဲ့ ပို့စ်မှာ စင်္ကာပူနိုင်ငံက ပီအေပီခေါင်းဆောင်များနှင့် အမေရိကန်သမ္မတအဖြစ် တင်မြှောက်ခံရသူ အိုဘားမားတို့အကြား ကွာဟချက်တွေကို နှိုင်းယှဉ်ရေးသားထားတဲ့ ဆောင်းပါးကို ဘာသာပြန်တင်လိုက်တော့ စာဖတ်သူတွေ စိတ်ဝင်စားကြတာကို တွေ့ရတယ်။

အခုတခါ.... အိုဘားမားဟာ တကယ်လို့သာ စင်္ကာပူနိုင်ငံမှာ ကြီးပြင်းခဲ့ရင်၊ ဒီကရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ရင် အနိုင်ရနိုင်ပါ့မလား ဆိုတာကို စင်္ကာပူက နိုင်ငံရေးအင်တာနက်စာမျက်နှာတခုမှာ ဖတ်မိတဲ့အတွက် ဘာသာပြန်ပေးလိုက်ပါတယ်။ မူရင်းရေးသူနဲ့ ကျနော် အလုံးစုံတော့ သဘောမတူပါဘူး။ ဒါပေမယ့် သူ့ရေးဟန်ဟာ ပြုံးချင်စရာကောင်းသလို ဒီကျွန်းနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်ယောင်စေပါတယ်။ )

သူရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ အမေရိကန်သမ္မတအဖြစ်ရွေးချယ်ခံရသူ အိုဘားမားက ဒီလိုပြောခဲ့ပါတယ်။

“အမေရိကားဟာ ဘယ်အရာမဆို ဖြစ်မြောက်နိုင်တဲ့ နေရာတခုဆိုတာကို သံသယ ဖြစ်နေသူများ ရှိနေသေးရင်......။ ကျနော်တို့ တိုင်းပြည်ကို ထူထောင်ခဲ့တဲ့ အဘိုးအဘွားတို့လက်ထက်က အိပ်မက်တွေဟာ ကျနော်တို့လက်ထက်မှာ ဆက်လက်ရှင်သန်နေပါသေးရဲ့လားလို့ ဒွိဟစိတ်နဲ့ တွေးတောနေသူများ ရှိနေသေးရင်....။ ကျနော်တို့ ဒီမိုကရေစီစနစ်ရဲ့ စွမ်းအားကို မေးခွန်းထုတ်လိုသူများ ရှိနေသေးရင်....။
ဒီညဟာ ခင်ဗျားတို့အတွက် အဖြေဘဲ။”

အိုဘားမားရဲ့ အောင်မြင်မှုဇာတ်လမ်းမျိုးကို စင်္ကာပူမှာ ထပ်မံမြင်တွေ့ရလိမ့်မယ်လို့ စိတ်ကူးယဉ် မျှော်လင့်နေသူများ ရှိနေခဲ့ရင်..... အဲဒီဆရာသမားများ အမှားကြီး မှားပါလိမ့်မယ်။

အကယ်၍ အိုဘားမားဟာ ကျနော်တို့အကြားမှာ ရှိခဲ့ရင်... (နည်းနည်းနောနော “အကယ်၍” တော့ မဟုတ်) အဲသည်ပုဂ္ဂိုလ်ဟာ အစကတည်းက သူ့လက်တွေမှာ နိုင်ငံရေး စွန်းထင်းစေမယ့်အစား ရှေ့နေတယောက်အနေနဲ့ ရိုးရိုးသားသား အသက်မွေးဝမ်းကြောင်းနေဘို့ အလားအလာ ပိုများတယ်။

ရှည်ရှည်ဝေးဝေး သွားမကြည့်ပါနဲ့။ မစ္စတာ ဖိလစ် ဂျာယားရက်တ်နမ်ကိုသာ ကြည့်လိုက်ပါ။ သူဟာ စင်္ကာပူရဲ့ သက်တမ်းအရှည်ကြာဆုံး ဒုက္ခခံခဲ့ရတဲ့ အတိုက်အခံနိုင်ငံရေးသမားဖြစ်သူ မစ္စတာ ဂျေဘီ ဂျာယားရက်တ်နမ်ရဲ့ သားအငယ်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အထက်တန်းရှေ့နေကြီးတဦးဖြစ်ပါတယ်။

အကယ်၍ သူဟာ အိုဘားမားငယ်ငယ်တုန်းကလိုဘဲ ရှီကာဂိုမြို့က မြို့ထဲလမ်းတွေမှာ လျှောက်သွားပြီး သူ့အသိုင်းအ၀ိုင်းရဲ့ အကျိုးကို သယ်ပိုးရာမှာ တက်တက်ကြွကြွပါဝင်ပတ်သက်ရင်းနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ထားရှိတဲ့ လက္ခဏာအရိပ်အယောင်တွေ ပြသမိခဲ့ရင် အာဏာရ ပီအေပီ ပါတီကနေ ချက်ချင်းဘဲ “လက်ဘက်ရည်ဝိုင်း” ကိုဖိတ်ကြားပြီး နောက်ရွေးကောက်ပွဲအတွက် အမတ်လောင်းအဖြစ် ပြောင်းလဲခံရမှာ သေချာပါတယ်။ (ဘာသာပြန်သူမှတ်ချက်။ ။လက်ဘက်ရည်ဝိုင်းဆိုတာက ပီအေပီ ပါတီရဲ့ အမတ်လောင်းသစ်တွေကို ရွေးချယ်ရာမှာ အသုံးပြုတဲ့ နည်းလမ်းပါ။ လူမှုလုပ်ငန်းတွေမှာ တက်ကြွသူများ၊ ထူးချွန်သူများကို ပီအေပီပါတီခေါင်းဆောင်ပိုင်းက သမ္မတအိမ်တော်မှာ လက်ဘက်ရည်သောက်ဘို့ ဖိတ်ခေါ်ရင်း စကားပြော တီးခေါက်ကြည့်တတ်ပါတယ်။ သူတို့ သဘောကျတဲ့လူမျိုးဆိုရင် အမတ်လောင်းဝင်အရွေးခံဘို့ ဆွယ်တတ်ပါတယ်။)

ဒါကြောင့်မို့ စင်္ကာပူရဲ့ မစ္စတာအိုဘားမားအနေနဲ့ အတိုက်အခံကို လာရောက်ပူးပေါင်းနိုင်ဘို့ အခွင့်အလမ်းဟာ အင်မတီး အင်မတန်မှ သေးငယ်ကျဉ်းမြောင်းလှပါတယ်။ တကယ်လို့ မတော်တဆ မျက်စေ့လည် လမ်းမှားပြီး အတိုက်အခံဘ၀ကို ရောက်လာတယ်ထားဦး၊ သူ့အနေနဲ့ ကျော်လွှားရမယ့် အခက်အခဲတွေက ဒုနဲ့ဒေးပါ။

ပထမဦးဆုံးအနေနဲ့ သူ့ကို တကယ့်အထင်ကရ မီဒီယာတွေမှာ လူသိများအောင် လျှမ်းလျှမ်းတောက်အောင် ဖော်ပြပေးခြင်း ခံရလိမ့်မယ်မဟုတ်ပါဘူး။ တကယ်တမ်းမှာ သူ့အနေနဲ့ မီဒီယာတွေ သူ့ကို သတိမထားမိအောင်တောင် ဘုရားတ နေရမယ့်အနေအထားပါ။ ဘာကြောင့်လည်းဆိုတော့ မီဒီယာတွေက သူ့ဓါတ်ပုံကို သတင်းစာပေါ်မှာ ဖော်ပြပြီဆိုတာနဲ့ အဲဒါဟာ သူ့ကို နာမည်သေအောင် အညွန့်ချိုးဘို့ (character assasinate) သက်သက်အတွက်ဘဲ ဖြစ်နေလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ မှားခဲ့ဘူးတဲ့ ရိုးရိုးသားသား အမှားကလေးများ၊ သူ ငယ်စဉ်ဘ၀က မှားခဲ့ဘူးတဲ့ လက်မထပ်မီ လိင်ဆက်ဆံခဲ့ခြင်း၊ ကျောင်းပြေးခြင်း၊ ကျောင်းသားကြေးတွေကို စာတိုက်တံဆိပ်ခေါင်းအတွက် သုံးစွဲခဲ့ဘူးခြင်းနဲ့ သူ့ကုမ္ပဏီရဲ့ ငွေစာရင်းမှာ ပုဒ်မချရန် မေ့ကျန်ခဲ့ခြင်း စတဲ့အကြောင်းအရာအားလုံးဟာ ဗြုန်းစားကြီးဆိုသလိုဘဲ အများပြည်သူ သိသာစေရန် ခရေစေ့တွင်းကျ ဖော်ထုတ်ခြင်း ခံရပါလိမ့်မယ်။

အဲ....ပြည်တွင်းလုံခြုံရေးဌာန (ISD) ကလည်း သူ့နောက်ကြောင်းရာဇ၀င်ကို ဘီးစိတ်တိုက် စစ်ဆေးပါလိမ့်မယ်။ သူ့နာမည်မှာ အလယ်စာလုံးက “ဟူစိန်” ဖြစ်တဲ့အတွက် တကယ့်အကြမ်းဖက်သမားတွေနဲ့ဖြစ်စေ၊ လုပ်ကြံဖန်တီးထားတဲ့ အကြမ်းဖက်သမားတွေနဲ့ဖြစ်စေ အဆက်အသွယ်ရှိတယ်ဆိုပြီး အတင်းကြီး စွတ်စွဲခံရကောင်း ခံရနိုင်ပါတယ်။ သူရဲ့ ဆိုရှယ်လစ်ဘက် နည်းနည်းယိမ်းယိုင်တဲ့ ရပ်တည်ချက်ကြောင့် ကွန်မြူနစ်လို့လည်း စွတ်စွဲခံရနိုင်ပါတယ်။ အဲသည်လို ကြီးလေးတဲ့ စွတ်စွဲချက်တွေနဲ့ ယိုးစွပ်ခံရပြီဆိုရင် တရားရုံးမထုတ်ဘဲ အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ISA (Internal Security Act) ကိုသုံးပြီး အကန့်အသတ်မရှိ အကျဉ်းချတာ ခံရနိုင်ပါသေးတယ်။ အဲဒီအခါမျိုးမှာ ဘယ် စင်္ကာပူနိုင်ငံသားကမှ အရေးလုပ်ပြီး မျက်လွှာပင့်ကြည့်ဖော်တောင် ရမှာမဟုတ်ပါဘူး။

အကယ်၍ သူ့ရဲ့ အကျင့်စရိုက်၊ ကိုယ်ကျင့်သိက္ခာ၊ သူ့တန်ဘိုးတွေအပေါ်မှာ တိုက်ခိုက်ချေမှုန်းခံရတာကို နာမည်မသေဘဲ တနည်းနည်းနဲ့ လွတ်မြောက်လာသေးတယ်ဆိုရင်လည်း မပြီးသေးပါဘူး။ ရွေးကောက်ပွဲကာလမှာ သူ့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေဆီကို သူ့အယူအဆတွေကို တင်ပြနိုင်ဘို့ဆိုတာက မယုံနိုင်စရာကောင်းလောက်အောင် တိုတောင်းလှတဲ့ ရက်အနည်းငယ်ကလေးအတွင်းမှာ အရောက်ပို့နိုင်ဘို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

တခြားအချိန်တွေမှာ အဲသလို ပြည်သူနဲ့ထိတွေ့ဘို့ ကြိုးစားခဲ့ရင် အကြိမ်တိုင်းမှာ ရဲဆီမှာ ပါမစ်လျှောက်ထားဘို့လိုအပ်ပြီး အမြဲလိုလို လျှောက်ထားချက်ကို ပယ်ချတာလည်း ကြုံရပါမယ်။ သူ့အနေနဲ့ ဟုန်လင်း ပန်းခြံမှာ လုပ်ချင်ရင်တော့ လုပ်လို့ရပါပြီ။ ဒါပေမယ့် အဲသည်ပန်းခြံမှာ သူ့ကို အဖော်ပြုပေးဘို့ကတော့ ပန်းခြံထဲက ကြောင်လေကြောင်လွင့်အနည်းငယ်မျှသာ ရှိပါလိမ့်မယ်။

နောက်ဆုံးနည်းလမ်းတလမ်းကတော့ ဒေါက်တာချီး နည်းအတိုင်းလုပ်၊ အဖမ်းခံ၊ တရားအစွဲခံ၊ ထောင်အကျခံ။ တခြားရွေးချယ်စရာလမ်းမရှိတဲ့အတွက် ကျနော်တို့ရဲ့ အိုဘားမားဟာ တီဗီပေါ်မှာ လွှင့်ခွင့်ရတဲ့ မိနစ်အနည်းငယ်စာ မိန့်ခွန်းလောက်နဲ့ ရွေးကောက်ပွဲကာလ လူထုရှေ့မှောက် ခဏတဖြုတ်ပြောခွင့်ရတဲ့ မိနစ်အနည်းငယ်နဲ့သာ ကျေနပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ သူ့အိပ်မက်ဆိုးရဲ့ အစဘဲ ရှိသေးတယ်။

သူစကားပြောတဲ့အခါမှာလည်း သူပြောသမျှ စကားတိုင်းကို တခွန်းချင်း အသေအချာ ဂရုထားပြီး ပြောဘို့လိုပါတယ်။ တကယ်လို့ သူပြောတဲ့စကားထဲက တလုံးတပါဒဟာ ကျနော်တို့ရဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်မီ ခေါင်းဆောင်ကြီးများကို မရိုမသေမလေးမခန့်ပြုရာ ရောက်သွားခဲ့ရင် သူဟာ ကြိမ်ဖန်များစွာ ထပ်တလဲလဲ တရားစွဲခံရပြီး နောက်ပိုင်းမှာ ကုန်းကောက်စရာမကျန်တော့တဲ့ဘ၀ ရောက်သွားနိုင်ပါတယ်။

အထက်က ပြောခဲ့သမျှ ကျော်လွှားဘို့ရန် မဖြစ်နိုင်လှတဲ့ အတားအဆီးမှန်သမျှကို တနည်းနည်းနဲ့ ခလုပ်မထိ ဆူးမငြိဘဲ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ရင်တောင်မှ သူဟာ စင်္ကာပူအတိုက်အခံရဲ့ အကြီးမားဆုံး ပြဿနာကြီးကို စတင်ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကဘာလဲဆိုရင် “အပြောင်းအလဲ”ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားမလည်ရှာတဲ့ ကြောက်ရွံ့တတ်သော၊ လက်တွေ့ကျသော၊ ရုပ်ဝတ္ထုဆန်သော မဲဆန္ဒရှင်ပြည်သူများဘဲ ဖြစ်ပါတော့တယ်။

ရွေးကောက်ပွဲအကြိုနေ့မှာ အာဏာရပါတီဟာ မဲဆန္ဒရှင်ပြည်သူတွေကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ပါလိမ့်မယ်။ တကယ်လို့သာ အိုဘားမား အရွေးခံရပြီဆိုရင် သူတို့ရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ နယ်မြေအဆောက်အဦး ပြုပြင်ထိန်းသိမ်းရန်၊ မွမ်းမံရန် လျာထားတဲ့ ရန်ပုံငွေတွေကို ပြန်လည် ရုတ်သိမ်းပစ်မယ်လို့ ပေါ်တင် ခြိမ်းခြောက်ပါလိမ့်မယ်။ အဲဒီအခါမှာ ပြည်သူတွေဆီ ပစ်ပေးနိုင်လောက်တဲ့ ငွေပိုငွေလျှံ ငွေသန်းပေါင်းများစွာ အိုဘားမားဆီမှာ ရှိပါ့မလား။ တကယ်လို့ရှိခဲ့ရင်တောင်မှ သူပစ်ပေးလို့မရ။ ဘာကြောင့်လဲဆိုတော့ ဥပဒေအရ တရားမ၀င်လို့ပါ။

အိုး......တကယ်လို့ တကယ့်ကို ကံမျက်စေ့လည်ပြီး အိုဘားမားဟာ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်ဆိုရင်တောင့် သူ့ကို ဆုံးမပေးဘို့ အသင့်စောင့်နေတဲ့ စစ်တပ်ရှိသေးတယ်။ (ဘာသာပြန်သူမှတ်ချက်။ ။ "Without the elected president and if there is a freak result, within two or three years, the army would have to come in and stop it" -- MM Lee Kuan Yew on what would happen if a profligate opposition government touched Singapore's vast monetary reserves.)

ဒါဆို အိုဘားမားအနေနဲ့ စင်္ကာပူ ပါလီမန်မှာ အမတ်တနေရာနိုင်ဘို့ အခွင့်အလမ်းဟာ ဘယ်လောက်များရှိပါသလဲ။ အမေရိကန်ပြည်ထောင်စုမှာ အိုဘားမားတယောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းကြယ်တခုရဲ့ အခွင့်အလမ်းထက်တော့ မုချကို နည်းပါးပါလိမ့်မယ်။

မူရင်းကို ဖတ်ရှုရန်။

Read more

“စင်္ကာပူက ပြောင်းလဲမည့် အခိုက်အတန့်ကို စောင့်မျှော်ခြင်း”

(Ngee Ann ပိုလီတက္ကနစ်၊ mass communication ဘာသာရပ် ပထမနှစ်တွင် တက်ရောက်သင်ယူနေသော စင်္ကာပူနိုင်ငံသား အသက် ၁၇ နှစ်အရွယ် Dhevarajan Devadas ရေးသားသော ဆောင်းပါးအား ဘာသာပြန်ဆိုပါသည်။ မူရင်းကို ဘလော့ဂ်၏ ဘယ်ဘက်ကော်လံ ထိပ်စည်းတွင် တင်ထားပေးပါသည်။)



နိုဝင်ဘာလ ၄ ရက်နေ့က သမိုင်းတခု ထူထောင်ခဲ့သည်ကို ကျွန်ုပ်တို့အားလုံး မြင်တွေ့ခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုက ၄င်း၏ ပထမဦးဆုံး လူမဲသမ္မတကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ တချိန်က လူမဲနိုင်ငံသားများကို ကျွန်အဖြစ်သာ သတ်မှတ်ဆက်ဆံခဲ့သော တိုင်းပြည်တပြည်အနေဖြင့် ယခုအခါတွင် အာဖရိကန်သွေးစပ်သော အမေရိကန်တဦးအား တိုင်းပြည်၏ အမြင့်မားဆုံး ရာထူးသို့ တင်မြှောက်ခဲ့သည်။ သာမန်အားဖြင့် နိုင်ငံရေးတွင် စိတ်မပါသော လူငယ်မဲဆန္ဒရှင်များစွာအား သူတို့၏ ဆန္ဒမဲပေးပိုင်ခွင့်တည်းဟူသော ဒီမိုကရေစီအခွင့်အရေးကို အသုံးချစိမ့်သောငှာ အသစ်တဖန် ဆွဲဆောင် စည်းရုံးနိုင်ခဲ့သော မစ္စတာ အိုဘားမား၏ လူတိုင်းစိတ်နှလုံးကို သိမ်းကြုံးနိုင်သော စည်းရုံးမဲဆွယ်ပွဲများအတွက် ၄င်းအား ကျွန်ုပ်ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။

ရှီကာဂိုမြို့ ဂရန့်ပန်းခြံတွင် ပြောကြားခဲ့သော သူ၏ အောင်ပွဲခံမိန့်ခွန်းမှာ လူတိုင်းကို ဆွဲဆောင်နိုင်ပြီး ပါတီ၂ရပ်ကို သွေးစည်းညီညွတ်စေခဲ့ပုံမှာ ကျွန်ုပ်ရင်တွင်းသို့ ရိုက်ခတ်စေခဲ့သည်။ စင်္ကာပူတွင်ကား ထိုအချက် ချို့တဲ့ပျောက်ကွယ်နေသည်ကို တွေ့ရသည်။ ပီအေပီ ခေါင်းဆောင်များသည် မဲဆွယ်စည်းရုံးမှုကိုလည်းကောင်း၊ ဆန္ဒမဲအတွက် အကျိတ်အနယ်ကြိုးစားဘို့ကိုလည်းကောင်း အထူးတလည် အလေးမထား။ မဲဆွယ်ပွဲကာလတွင် စင်္ကာပူနိုင်ငံသားများအား ၄င်းတို့ကို ထောက်ခံကြရန် တောင်းဆိုသော်လည်း ရွေးကောက်ပွဲပြီးသည့်နောက် ငါးနှစ်လုံးလုံးတွင်မူ ကျွန်ုပ်တို့အားလုံးအပေါ်တွင် အထက်စီးဖြင့် ထင်သလိုပြုမူဆက်ဆံလေတော့သည်။ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်ရာတွင် ပြည်သူလူထုအား အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ညှိနှိုင်းမှုမျိုး မလုပ် (ကာစီနိုကိစ္စကို သတိရကြပါ)။ ထို့အပြင် စီးပွားပျက်ကပ်ကာလအတွင်း ပြည်သူလူထုအနေဖြင့် အစိုးရအကူအညီကို မျှော်ကိုးရကောင်းသလောဟု ကျွန်ုပ်တို့အား ဆူပူကြိမ်းမောင်းမှုပင် ပြုလိုက်သေး၏။ (Minibonds နှင့် High notes ကိစ္စများကို သတိရပါလေ။)

မစ္စတာအိုဘားမားက ၄င်း၏ မိန့်ခွန်းတွင် “ခင်ဗျားတို့ထောက်ခံမှုကိုရဘို့ ကျနော့်အနေနှင့် ဆက်လက်ကြိုးစားရဦးမည်ဖြစ်သော (ကျနော့်ကို မဲမထည့်ခဲ့သော) အမေရိကန် ပြည်သူများ.. ခင်ဗျား....။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို မရခဲ့သေးပေမယ့် ခင်ဗျားတို့ရဲ့ အသံတွေကိုလည်း ကျနော် ကြားပါတယ်။ ခင်ဗျားတို့ရဲ့ အကူအညီကိုလည်း ကျနော် လိုပါတယ်။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ သမ္မတလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်ကတော့ အတိုက်အခံကို ထောက်ခံမဲထည့်မိသည့် မဲဆန္ဒနယ်များအား ၄င်းတို့၏ အိပ်ခ်ျဒီဘီ အိမ်ယာရပ်ကွက်များသည် မဖွံ့ဖြိုးသည့် လူဆင်းရဲရပ်ကွက်ဘ၀ ရောက်သွားမည်ဟု ပေါ်ပေါ်ထင်ထင်ပင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ သူ့စကားအတိအကျကို ဖော်ပြရလျှင် “ခင်ဗျားတို့ရဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဟာ ခင်ဗျားတို့ ရွေးချယ်မှုကြောင့်ဘဲ နောက်ကျ ကျန်ရစ်ခဲ့လိမ့်မယ်။ လူဆင်းရဲ ရပ်ကွက်ဘ၀ ရောက်သွားမယ်။ အဲဒါ ကျုပ်ပါးချင်တဲ့ သတင်းစကားဘဲ”

ဤစကားများကို ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲကိုယ်စားလှယ် အမည်စာရင်း တင်သွင်းသည့်နေ့တွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။ စင်္ကာပူနိုင်ငံသားများကို သူ့ပါးစပ်မှ ဤကဲ့သို့ လက်လွတ်စပယ် ခြိမ်းခြောက်ပြောဆိုရဲသည်မှာ အကြောင်းရှိသည်။ ထိုသို့ ထင်သလို ပေါ်ပေါ်ထင်ထင် နှိပ်ကွပ်ပြောကြားလျှင်လည်း စင်္ကာပူနိုင်ငံသားများသည် မကျေနပ်ကြောင်း ကန့်ကွက်ပြောဆိုကြလိမ့်မည်မဟုတ်။ အချိန်တန်လျှင် ပီအေပီကိုသာ မဲထည့်မည်ဖြစ်ကြောင်း သူ့အနေဖြင့် ယုံကြည်မှုအားကြီးသောကြောင့်သာ ဖြစ်ပေမည်။

အိုဘားမားသည် သူ၏ ပြိုင်ဘက်ဖြစ်သော ဂျွန်မက်ကိန်းက ဂုဏ်ပြုစကားဆိုလာသောအခါ လူကြီးလူကောင်းပီသစွာပင် ကျေးဇူးတင်ကြောင်းပြောပြကာ နောင်အနာဂတ်တွင် ၄င်းနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ကတိက၀တ်ပင် ပြုလိုက်သေးသည်။

ဝန်ကြီးချုပ်လီရှန်လွန်းအနေနှင့် အတိုက်အခံများအား ထိုကဲ့သို့ အပြိုင်အဆိုင် အကျိတ်အနယ် မဲဆွယ်ပွဲအတွက် ကျေးဇူးတင်စကားပြောကြားဖို့ ဆိုသည်မှာ ကျွန်ုပ်အနေနှင့် အိပ်မက်ထဲတွင် မြင်မက်မှသာ ဖြစ်နိုင်ပါလိမ့်မည်။ သူ့အနေနှင့် လူစုလူဝေးရှေ့တွင် ရပ်ပြီး “အတိုက်အခံဘက်မှ ထိုက်ထိုက်တန်တန် ယှဉ်ပြိုင်ခဲ့တဲ့ (ဒီနေရာမှာ စာဖတ်သူကြိုက်တဲ့ အတိုက်အခံပါတီတခု နာမည်ထည့်ဖတ်လိုက်ပါ၊)ပါတီမှ အတိုက်အခံများကို ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်၊ ကျနော်တို့အားလုံးရဲ့ အိမ်လို့ ခေါ်ဆိုစရာဖြစ်တဲ့ တိုင်းပြည် အနာဂတ်မှာ တိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးအတွက် အတိုက်အခံများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်” လို့တော့ ပြောထွက်မည်မထင်။ ပီအေပီခေါင်းဆောင်များတွင် ထိုသို့သော ခန့်ညားမှုမျိုး၊ ကြီးမြတ်မှုမျိုး ဘယ်တော့မရှိ။

ပီအေပီသည် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲအတွက် ၄င်း၏ ရွေးကောက်ပွဲကြေညာစာတမ်း (menifesto)ကို အမည်တပ်ပုံမှာ “အတူယှဉ်တွဲနေထိုင်ပြီး ရှေ့သို့ ချီလျက်”။ သို့သော် သူတို့၏ ကတိကို သူတို့တည်ရန် ပျက်ကွက်ခဲ့သည်။

၁။ ပီအေပီ အစိုးရသည် ကျွန်ုပ်တို့နိုင်ငံရှိ ဂေး (gay) အသိုင်းအ၀ိုင်းအား တူညီသော အခွင့်အရေးကို ပေးရန် ငြင်းဆိုခဲ့သည်။

၂။ ပီအေပီအစိုးရသည် စင်္ကာပူနိုင်ငံသားအားလုံး၏ အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် နှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့်တို့ကို ကာကွယ်ရန် ပျက်ကွက်ခဲ့သည်။

၃။ ပီအေပီအစိုးရသည် ပြည်သူလူထုအား ဂျီအိုင်စီ နှင့် တင်းမားဆက် ဟိုးလ်ဒင်း တို့၏ ဘဏ္ဍာရေးမှတ်တမ်းအပြည့်အစုံကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့သည်။ ကျွန်ုပ်တို့ ငွေကြေးများကို ရင်းနှီးမြှုတ်နှံထားသော မြို့နယ်ကောင်စီများမှ ဘဏ္ဍာရေးထုတ်ပြန်ကြေညာချက်များနှင့် အိုးအိမ်ဆောက်လုပ်ရာတွင် ကုန်ကျငွေများကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည်။

၎။ ပီအေပီမဲဆန္ဒနယ်များတွင် နေထိုင်သူများ ခံစားခွင့်ရှိသော အိုးအိမ်မွမ်းမံမှုဆိုင်ရာ အခွင့်အရေးများကို ပတုံပါစား နှင့် ဟောင်းဂန့် နယ်နိမိတ်အတွင်း နေထိုင်သူများ မရစေရန် ငြင်းပယ်ခဲ့သည်။ ယင်းမှာ ထိုနိုင်ငံသားများ၏ တူညီစွာ ရပိုင်ခွင့်ကို ချိုးဖောက်ခဲ့ခြင်းပင် ဖြစ်လေသည်။

၅။ စင်္ကာပူ၏ နိုင်ငံရေးနယ်ပယ်တွင် တဖက်သတ်လွှမ်းမိုးရေးဖန်တီးကျင့်သုံးကာ ပီအေပီပါတီဝင်မဟုတ်သော နိုင်ငံရေးသမားများမှ အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းမှုကို မပါဝင်နိုင်စေရန် ပိတ်ပင်ဟန့်တားထားသည်။ ဤအချက်ကြောင့်ပင် စင်္ကာပူနိုင်ငံသားများအပေါ်တွင် အများပြည်သူနှင့်ဆိုင်သော ကိစ္စရပ်များ၌ ပါဝင်ပတ်သက်ခွင့်မပေးဘဲ ငြင်းပယ်ထားသကဲ့သို့ရှိပြီး နိုင်ငံရေးရပ်ဝန်းနှင့် နိုင်ငံရေးဖြစ်စဉ်တို့မှ ကျွန်ုပ်တို့အား ကင်းကွာနေအောင် ဖန်တီးထားသကဲ့သို့ ရှိသည်။

ပီအေပီခေါင်းဆောင်များ၊ အထူးသဖြင့် သက်တော်ရှည်ဘိုးဘိုးကြီး လီကွမ်းယူ အမြဲပြောလေ့ရှိသည်။ အနောက်နိုင်ငံများ၏ ပုံစံ ဒီမိုကရေစီစနစ်သည် စင်္ကာပူအတွက် မကောင်း။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်သည် လူတဦးချင်းအကျိုးအတွက် ရှေးရှုလွန်းသည်။ စင်္ကာပူ ပုံစံ နိုင်ငံရေးအသွင်သဏ္ဍာန်သည်ကား လူတဦးချင်းအကျိုးထက် လူ့အဖွဲ့အစည်းအကျိုးကို ပိုမို ရှေ့တန်းတင်သည် ဟူသတည်း။

ယခုအခါ ဘားရက်အိုဘားမားသည် လီကွမ်းယူ၏ ညာလုံး၊ဖြီးလုံး၊ ဖြန်းလုံးကို ချေဖျက်လိုက်ပြီ ဖြစ်သည်။ အခြေအနေက လိုအပ်လာခဲ့လျှင် အမေရိကန်ပြည်ထောင်စုသည် အများအကျိုးကို ရှေ့တန်းတင်သော၊ တချိန်တည်းမှာပင် လူတဦးချင်း၏ အခြေခံလွတ်လပ်မှုများကို ကာကွယ်ပေးသော သမ္မတတဦးကို တင်မြှောက်နိုင်စွမ်းရှိကြောင်း၊ တင်မြှောက်လိမ့်မည်ဖြစ်ကြောင်း ကို အိုဘားမားက ပြသခဲ့ပြီးဖြစ်သည်။

စင်္ကာပူတွင် ပီအေပီက လုပ်ဆောင်ပေးရန်ပျက်ကွက်ခဲ့သော၊ လုပ်ဆောင်ပေးရန်ငြင်းဆိုခဲ့သော အရာမှန်သမျှအား အိုဘားမားသည် အမေရိကားတွင် လုပ်ဆောင်ရန် ကတိပေးနေသည်။ နောင်လာမည့် လေးနှစ်အတွင်း မဲထည့်ခွင့်ရမည့် စင်္ကာပူနိုင်ငံသား လူငယ်တဦးအနေဖြင့်မူ နိုင်ငံရေးအရ တင်းကြပ်မှု၊ တမင်သက်သက် ဖိနှိပ်မှု နှင့် ခြိမ်းခြောက်မှုများထက် မျှော်လင့်ချက်ကိုပေးစွမ်းနိုင်မှု၊ အများပြည်သူပါဝင်နိုင်မှု၊ အပြောင်းအလဲများကသာ ပိုမို ဆွဲဆောင်နိုင်သည်ဟု ထင်မြင်ယူဆမိသည်။

ကျွန်ုပ်သည် စင်္ကာပူ၏ အိုဘားမားနှင့် ကျွန်ုပ်တို့အတွက် အပြောင်းအလဲကို စောင့်မျှော်လျက်ရှိပါသည်။
မူရင်းကို ဖတ်ရှုရန်။ Awaiting Singapore’s moment of change
Read more

“ခေါ်သံ”

ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ…..ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။

ကိုယ့်ရှေ့မှာ…
ကိုယ့်နောက်မှာ…
ကိုယ့်ဘေးပတ်လည်မှာ….
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ..
ခေါ်သံကိုသာ နားစွင့်နေကြတယ်။

တယောက်ပြီးတယောက်
အလှည့်ရောက်ရင်မနွဲ့စတမ်း..
တလှမ်းချင်းလျှောက်
သူ့ရှေ့မှောက်ကို
ရွံ့ကြောက်မှုတွေ ကိုယ်စီနဲ့လေ။

ဟော…
ငါ့နာမည်ကို ခေါ်သံပါလား….
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့လာတယ်။

နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။

ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။

အဆုံးမတော့

ငါဟာ…တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ရှေ့မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။


ကမ္ဘာလောကကြီးက

အသံဗလံတွေအားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။

ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။

“အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား”…….တဲ့။
Read more

“ပြည်သူ့အတွက် မြန်မာ့အသံ”



“ပြန်ကြားပေးရန် မြန်မာ့အသံ
ပညာပေးရန် မြန်မာ့အသံ
ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ…မြန်မာ့အသံ

ပြည်သူ့အတွက် မြန်မာ့အသံ… မြန်မာ့အသံ………….”

အဲဒါကတော့ ကျနော်တို့ ငယ်ငယ်က ရေဒီယိုနားထောင်ရင် ကဏ္ဍတခုကနေ နောက်တခုကို ကူးပြောင်းတဲ့အခါ ကြားရလေ့ရှိတဲ့ သံပြိုင်တေးတဖြစ်လဲ မြန်မာ့အသံရဲ့ လက်စွဲဆောင်ပုဒ်ပါ။

မြန်မာ့အသံရဲ့ လက်စွဲဆောင်ပုဒ်ကတော့ ကောင်းပါရဲ့။ ၀မ်းနည်းစရာကောင်းတာက ကျနော်လူမှန်းသိတတ်ကတည်း အချိန်ကစလို့ ယခုထက်တိုင် မြန်မာ့အသံဟာ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့ပြီး “ပြည်သူ့အတွက် မြန်မာ့အသံ” ဘ၀ကို လုံးလုံးလျားလျား မရောက်ခဲ့ခြင်းပါ။

ဒါပေမယ့် ဖျော်ဖြေမှုကိုတော့ အောင်အောင်မြင်မြင် ပေးစွမ်းခဲ့တယ်လို့ ဆိုရပါမယ်။

သီချင်းကြီးကဏ္ဍ၊ ခေတ်ဟောင်းတေးကဏ္ဍ၊ အနှစ် နှစ်ဆယ်တေး ကဏ္ဍ၊ ခေတ်ပေါ်တေးကဏ္ဍ၊ ရုပ်ရှင်သီချင်းကဏ္ဍ၊ သူ့လက်သံကဏ္ဍ စသဖြင့် ခေတ်အဆက်ဆက်က တေးဂီတမျိုးစုံကို တိုင်းပြည်နဲ့ အ၀ှမ်းလူထုထဲကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်ပေးနိုင်ခဲ့တယ်။

မေရှင်၊ ပြည်လှဖေ၊ ဥသြဘသောင်တို့ကစလို့ ၀င်းဦး၊မာမာအေး၊ တင်တင်မြ၊ ကိုသန်းလှိုင်၊ ကိုတင်လှိုင်တို့အလယ် မီမိဝင်းဖေတို့ ဟေမာနေ၀င်းတို့ခေတ်အထိ အဆိုတော်ပေါင်းမြောက်များစွာရဲ့ သီချင်းတွေကို ကျေးလက်တောရွာကလူတွေပါ နားထောင်နိုင်ဘို့အထိ စွမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့အသံမှာ ထုတ်လွှင့်တဲ့ ဇာတ်လမ်းပမာတွေထဲက တချို့တလေကတော့ အစိုးရရဲ့ ၀ါဒဖြန့် ပေါ်လစီတွေကနေ ကင်းလွတ်နေပြီး လူထုရဲ့ နှလုံးသားထဲမှာ စွဲမြဲကျန်ရစ်နေခဲ့တာလေးတွေ ရှိပါတယ်။ ဥပမာဆိုရင် ဆရာသော်တာဆွေ ဒန့်သလွန်သီးရောင်းတဲ့ ၀တ္ထုလေးကို အသံသွင်းဇာတ်လမ်းအဖြစ် ပြောင်းလဲတင်ဆက်ထားတဲ့ “လူ့မနော” ဆိုတဲ့ ဇာတ်လမ်းမျိုးလေးပေါ့၊ အများစုကတော့ ၀ါဒဖြန့်စကားလုံးတွေ ညှပ်ထည့်ထားတတ်လွန်းလို့ တခါတလေ ကျနော်တို့ မိတ်ဆွေတွေအချင်းချင်း စကားပြောရာမှာတောင် တစုံတယောက်က မယုံကြည်နိုင်လောက်အောင် မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေကို စကားဝိုင်းမှာ လာပြောနေရင် ကျန်သူတွေက “ဇာတ်လမ်းပမာတွေ လာလုပ်မနေစမ်းပါနဲ့ကွာ….” လို့ ပြောယူခဲ့ရပါတယ်။

ကျနော့်တသက်မှာ ရေဒီယိုနားထောင်ခဲ့ရသမျှ ကျနော်နှစ်သက်ခဲ့တဲ့ ကဏ္ဍတွေက နံနက်ချိန်ခါတေးသံသာ ကဏ္ဍ၊ သူ့လက်သံကဏ္ဍ၊ ခေတ်ဟောင်းတေးကဏ္ဍ၊ အနှစ်နှစ်ဆယ်တေးကဏ္ဍ၊ သောတရှင်လိုရာကဏ္ဍ၊ ရုပ်ရှင်တေးကဏ္ဍတွေကို သဘောကျခဲ့ပါတယ်။

အဲ…. အမုန်းဆုံးကဏ္ဍကတော့ နအဖ လက်ထက်မှာ တင်ဆက်လေ့ရှိတဲ့ တပ်မတော်ကဏ္ဍဆွေးနွေးခန်းအစီအစဉ်က သာဓုနဲ့ အာယု ဆွေးနွေးခန်းအစီအစဉ်ဘဲဖြစ်ပါတယ်။ ဦးနှောက်မရှိတဲ့ ဖားနှစ်ကောင် တလှည့်စီအော်နေတာကို နားထောင်ရသလိုပါဘဲ။ နှစ်ယောက်သား ဘယ်သူက ဘာဘဲပြောလိုက်ပြောလိုက်၊ ကျန်တယောက်က “ဟုတ်တာပေါ့ ကိုသာဓုရာ”၊ “မှန်ပါပေတယ်၊ ကိုအာယုရယ်” စသဖြင့် အပြန်အလှန်ထောက်ခံနေကြတဲ့ ဆွေးနွေးခန်းပေါ့။ တပ်မတော်ကောင်းကြောင်း၊ ကျန်တဲ့ ဒီမိုကရေစီနိုင်ငံရေးသမားတွေမကောင်းကြောင်း လှိုင်လှိုင်ကြီးပြောရတဲ့ ကဏ္ဍပေါ့။

မြန်မာ့အသံကို ကျနော် ၇ တန်းနှစ်က လူရည်ချွန်လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်လေ့လာခဲ့ရဘူးပါတယ်။ ဓါတ်ပြားတွေကို ဘယ်လိုသိမ်းဆည်းပုံ၊ ဓါတ်ပြားခုတ်တဲ့အခန်း၊ အသံဖမ်းတဲ့ စတူဒီယို စတာတွေအပြင် ရုပ်မြင်သံကြားရိုက်ကူးတဲ့ စတူဒီယို စတာတွေကို လေ့လာခဲ့ရပါတယ်။

မြန်မာ့အသံဟာ တချိန်က လူထုအသဲစွဲ အနုပညာရှင်တွေကို ပြည်သူနဲ့ ထိစပ်ပေးရာ တခုတည်းသော မီဒီယာအဖြစ် တည်ရှိခဲ့ပါတယ်။

ဒီနေ့မနက် ကိုမိုးသီးဘလော့ဂ်မှာ ပြည်လမ်းပေါ်က မြန်မာ့အသံအဆောက်အဦးကြီးကို လေလံပစ်ရောင်းချဘို့ စာကပ်ထားတဲ့ သတင်းကို ဖတ်လိုက်ရတယ်။

သင်္ချိုင်းကအစ၊ စာကြည့်တိုက်အလယ်၊ အမျိုးသားအသံလွှင့်ရုံအဆုံး ဘာမှမကျန်အောင် ရောင်းစားပစ်တဲ့ မြန်မာစစ်အစိုးရရဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းတတ်ပုံကိုတော့ အံ့သြလို့ မကုန်နိုင်အောင် ဖြစ်ရပါတော့တယ်။
Read more

“မင်းကိုနိုင်”

(ရွှေဝါရောင်တော်လှန်ရေးမတိုင်မီလများဆီက ကျနော့်မိတ်ဆွေ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းနဲ့ ကျနော်တို့ ရက်အနည်းငယ်ကြာ ညအိပ်ညနေ အတူနေဖြစ်ခဲ့ကြတယ်။ ကိုစိုးထွန်းက ကိုမင်းကိုနိုင် ပထမအကြိမ်ထောင်က ထွက်လာပြီးချိန်ကစလို့ ကိုမင်းကိုနိုင်နဲ့ တောက်လျှောက် နီးနီးကပ်ကပ် အတူလက်တွဲလုပ်ခဲ့သူတဦးဆိုတော့ သူ့ကို ကျနော်က တိုက်တွန်းရတယ်။ “သူငယ်ချင်း။ ကိုမင်းကိုနိုင်အကြောင်းကို မင်း…ရေးပေးပါကွာ” ဆိုတော့ ကျနော်တို့နဲ့ မခွဲခွာခင်မှာ ကျနော့်ကို သူရေးပြီးသား စာမူတချို့ပေးခဲ့တယ်။ အဆုံးသတ်ကိုတော့ အချိန်မရတော့တဲ့အတွက် ကျနော့်ကွန်ပြူတာထဲမှာဘဲ သူ့ဘာသာ အသံသွင်းထားခဲ့တယ်။

ဒီနောက်ပိုင်းမှာ ကျနော်ကလည်း တောက်လျှောက်အလုပ်ရှုပ်နေတဲ့အတွက် သူ့လက်ရေးမူကို ကွန်ပြူတာစာလုံးဘ၀ကို မပြောင်းလဲဖြစ်ခဲ့ဘူး။ အခု တနှစ်ခွဲလောက်ကြာမှ သူ့စာမူကို ပြန်ထုတ်ပြီး ကျနော့်ဘလော့ဂ်မှာ အမှတ်တရ တင်ပေးလိုက်ပါတယ်။ ကွန်ပြူတာထဲမှာ သူသွင်းပေးတဲ့ အသံဖိုင်ကတော့ ကျနော့်ကွန်ပြူတာထဲမှာ ပြန်ရှာလို့ မတွေ့တော့တဲ့အတွက် အဆုံးသတ်အပိုဒ်ကလေးမှာ မပြည့်မစုံဖြစ်နေတာကို သည်းခံကြပါ။)


မင်းကိုနိုင်….

သူ့ကို ကျနော်တို့ ခေါ်ကြတာကတော့ ကိုပေါ်ဦး။ နာမည်အပြည့်အစုံကတော့ ပေါ်ဦးထွန်း။

သူ့ကို ကျနော် စတင်ပြီး သိကျွမ်းရင်းနှီးခဲ့တာက ထောင်ကနေ လွတ်လာတဲ့ ကျနော်တို့ရဲဘော်တယောက်ရဲ့ ရဟန်းခံအလှူတခုမှာပါ။ အဲဒီတုန်းက ကျနော်တို့ ကျောင်းသားတော်တော်များများ ထောင်က လွတ်ကာစပေါ့။ အထဲက လွတ်လာသူအချင်းချင်း ပြန်လည်တွေ့ဆုံကြ၊ အပြင်မှာ ရှိနေတဲ့ လူဟောင်းများနဲ့လည်း ပြန်လည်ဆုံဆည်းကြရတဲ့ ၀မ်းမြောက်စရာ ပေါင်းစည်းမှုလေးတခု…….မှတ်မှတ်ရရဖြစ်ရတာကတော့ ဖက်ဆစ်အာဏာရှင်တွေကို တတိုင်းပြည်လုံးတော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးနေ့မှာဖြစ်နေတယ်။

ကျနော်လည်း သိကျွမ်းခင်မင်ခဲ့ရတဲ့ ခရီးဖော်အချင်းချင်း အပြန်အလှန်မိတ်ဆက်လို့အပြီးမှာ ခဏထိုင်နေမိတယ်။ ခဏအကြာမှာ ကျနော်တို့နဲ့ ဘ၀တက္ကသိုလ်တခုမှာ အတူနေခဲ့ဘူးတဲ့ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဇေယျ(လူ့ဘောင်သစ်) တို့ ရောက်လာတာတွေ့လိုက်ရတယ်။ အဲဒီ အုပ်စုထဲမှာ မင်းကိုနိုင်ဆိုတဲ့လူ ပါတယ်ဆိုတာလည်း ကျနော်ကြားလိုက်ရတယ်။ သူ့ကို ၀ိုင်းပြီးနှုတ်ဆက်နေကြတာကိုလည်း မြင်နေရတယ်။ ခဏကြာတော့ ကိုပြုံးချိုနဲ့ ကျနော် နှုတ်ဆက်ဖြစ်ကြတယ်။ သူက ၀မ်းသာအားရနဲ့ “လာ..လာ။ ခင်ဗျားကို ကျနော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမယ်”လို့ ပြောပြီး ကိုပေါ်ဦးဆီ ခေါ်သွားတယ်။

ကိုပေါ်ဦးကို ကျနော့်အကြောင်းပြောပြီး မိတ်ဆက်ပေးတော့ ကျနော်က ပုံမှန်အတိုင်းဘဲ လက်ဆွဲနှုတ်ဆက်လိုက်မိတယ်။ အဲဒီမှာသူက…“ဟာ…ခင်ဗျား အဲဒီလိုတော့ သူစိမ်းမဆန်ပါနဲ့ဗျာ” လို့ ပြောရင်း ကျနော့်ကို အားရပါးရဖက်ပြီး နှုတ်ဆက်တယ်။

ကျနော်လည်း အံ့သြသွားတယ်။ သူ့ရဲ့ မာန်မာနကင်းစင်မှု၊ နှိမ့်ချမှု၊ ရိုးသားဖြူစင်မှုတွေ တွေ့လိုက်ရတယ်။ ကျနော့်ရင်ထဲမှာ အတော်ကြာ ခွဲနေရတဲ့ ငယ်ပေါင်းသူငယ်ချင်းတယောက်နဲ့ ပြန်ဆုံရသလို ချစ်ခင်ရင်းနှီးမှုတွေ ခံစားလိုက်ရတယ်။ သူက “ကျနော် စစ်တွေရောက်တော့ ခင်ဗျားတို့အကြောင်းတွေ ကြားရတယ်။ အဲဒီကတည်းက ခင်ဗျားကို လေးစားမိတယ်။ ကျနော်တို့က အဲဒီသတင်းတွေကြားရရင် အားပိုရှိတယ်”…..
ရိုးသားပွင့်လင်းပြီး သူတပါးအပေါ်မှာ တန်ဘိုးထားလေးစားတဲ့ စိတ်ကိုလည်း သူ့မှာ တွေ့လိုက်ရတယ်။

သူနဲ့ ကျနော် တနေရာမှာ ထိုင်ပြီး အတူစကားပြောဖြစ်ခဲ့ကြတယ်။ အဲဒီမှာ သူက “ကျနော်တော့ နိုင်ငံရေးသမား မလုပ်ချင်ဘူးဗျာ။ တိုင်းပြည်အနေအထား လမ်းကြောင်းတခုပေါ် မှန်မှန်ကန်ကန် ရောက်သွားပြီဆိုရင် စာလေးရေးလိုက်၊ ပန်းချီဆွဲလိုက်နဲ့ အေးအေးဆေးဆေး နေချင်တယ်။ အခုတော့ အခြေအနေနဲ့ အချိန်အခါက တောင်းဆိုနေတော့ မလုပ်မဖြစ် လုပ်ကြရဦးမယ်”..။

သူ့ရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ကို လေးစားမိပြီး ကျနော်က “အေးဗျ၊ ကျနော်လဲ ခင်ဗျားလိုဘဲ….။ တိုင်းပြည်နဲ့လူထုက လိုအပ်နေတဲ့အချိန်မှာတော့ ရှောင်နေလို့ မဖြစ်ဘူး။ တိုင်းပြည်အေးချမ်းသွားရင်တော့ ကိုယ်ဝါသနာပါရာ လုပ်ကြတာပေါ့ဗျာ။ ဒါပေမယ့်ကျနော်တို့ တိုင်းပြည်မှာ ရိုးသားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာထားတဲ့၊ ကိုယ်ကျိုးစွန့်တဲ့ ခေါင်းဆောင်တွေ အရမ်းလိုအပ်နေတယ်ဗျ။ လူတယောက်မှာ အရေးအကြီးဆုံး လိုအပ်ချက်က ရိုးသားမှုဗျ။ မရိုးသားရင် ပညာတွေ ဘယ်လောက်ဘဲ တတ်တတ် အလကားဘဲ” လို့ ကျနော်ပြောလိုက်တယ်။

သူနဲ့အတူတွဲလုပ်ရင်းကျနော်တွေ့ရတာက စာပေသမားတွေနဲ့ တွေ့ရင် စကားကောင်းနေတာ၊ တော်တော်နဲ့ မထဖြစ်ဘူး။ တခါတလေ အရေးကြီးတဲ့ ကိစ္စမရှိရင် သူချန်နေခဲ့ပြီး စကားလက်ဆုံကျနေတတ်တယ်။ သူ့အိမ်ကို ကျနော်ရောက်တဲ့အခါတွေမှာ တခါတလေ နားနားနေနေ စကားပြောကြရင်း ကျနော့်ကို အထဲမှာ သူရေးဖြစ်ခဲ့တဲ့ ကဗျာနဲ့ ၀တ္ထုတိုတွေ ပေးတော့၊ တချို့ဝတ္ထုတိုတွေမှာ အတွေးအခေါ်ပိုင်းနဲ့ဆိုင်တာလေးတွေကို သွားတွေ့တယ်။

သူ့နေရာကနေ ကျနော်ဝင်ပြီး စဉ်းစားကြည့်မိတယ်။

သူဟာ ၁၅ နှစ်ကျော်ကြတဲ့ ကာလရှည်ကြီးတခုကို တယောက်တည်းလိုလို နေခဲ့ရတယ်။ အထဲမှာ ကျနော်တို့ ကြားရတာက ကျန်းမာရေးတောင် သိပ်မကောင်းဘူးလို့ ကြားလိုက်ရသေးတယ်။ စစ်တွေထောင်ရောက်မှ နည်းနည်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်လို့ ကြားလိုက်ရတော့ ၀မ်းသာရတယ်။ သူ့မှာက တယောက်တည်းလိုလို နေရတာများတော့ လူငတ်တဲ့ ပြဿနာရှိတယ်။ လူဆိုတဲ့ သတ္တ၀ါမှာ အများစုက စကားပြောဖော်လေးရှိမှ နေတတ်ကြတာကိုးဗျ။

အထဲမှာ နေထိုင်မကောင်းရင် ပိုသိသာတယ်။ တခါတလေ အားငယ်စိတ်ဝင်လာတဲ့အခါမျိုးမှာ အချင်းချင်း မတွေ့ရပေမယ့် မနက်မိုးလင်းရင် ကျနော်တို့က “မောနင်းဗျိုး” ဆိုတဲ့အသံ၊ “မောနင်းဗျာ” ဆိုတဲ့အသံတွေနဲ့ နှုတ်ခွန်းဆက်ကြ၊ စိတ်ဓါတ်တွေ ခိုင်မာအောင် စုစည်းနိုင်ခဲ့ကြတယ်။ ကဗျာဆရာတယောက်ကတော့ ကျနော်တို့ နေခဲ့ရတဲ့ အင်းစိန်ထောင်ကြီးကို “မဟာကာလငရဲ”လို့ ခိုင်းနှိုင်းဖွဲ့ဆိုခဲ့တယ်။ ပိဋကတ်လာ ငရဲကြီးရှစ်ထပ်ထဲက တခုပေါ့ဗျာ။

သူ့အဖြစ်က ငရဲထဲကို ရောက်နေရတာချင်းအတူတူ သူက နည်းနည်း ပိုပြီးပူတဲ့ နေရာမှာ ရောက်သွားတာလို့ ဆိုရမှာပေါ့။ အဲဒီအချိန်မှာ သူ့မှာ စာပေ၀ါသနာလေးရှိခဲ့တာရယ်၊ အဖေက ပန်းချီဆရာကြီးဆိုတော့ ပန်းချီနဲ့ ပတ်သက်တဲ့ အနုပညာစိတ်ကူးလေးတွေရယ်၊ ကဗျာစိတ်ကူးလေးတွေရယ်ကို အဖော်လုပ်ပြီး အတူနေထိုင်နိုင်ဘို့ ကြိုးစားခဲ့ရမယ်လို့ ကျနော်မြင်မိတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်နဲ့ ဒီလောက်ရှည်လျားတဲ့ ကာလကြီးကို ဒီလို ငရဲမျိုးမှာ နေထိုင်ဖြတ်သန်းဘို့ သိပ်မလွယ်ဘူးလို့ ကျနော်မြင်မိတယ်။

အထဲမှာ အချိန်က ကိုယ့်ကို ၀ါးမြိုသွားတာ မခံရအောင် ကျနော်တို့ အချင်းချင်း အပြန်အလှန် သင်ယူဖလှယ်ကြ၊ အပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်တွေဖလှယ်ပြီး စိတ်ဓါတ်တွေ ခိုင်မာအောင် တည်ဆောက်ကြရတယ်။ စစ်တွေထောင်ကို ရောက်ပြီးတဲ့နောက်ပိုင်း အိမ်နဲ့တွေ့ခွင့်ရလို့ သူက “ထမင်းငတ်တာထက် သတင်းငတ်တာက ပိုဆိုးတယ်” လို့ ပြောတဲ့အကြောင်းကြားရတော့၊ သူ့မိသားစုနဲ့ တွေ့ခွင့်ရပြီး သူ့အသံကို ကြားရလို့ ၀မ်းသာရတယ်။ ကျနော်တို့တွေ မလွတ်မြောက်ကြသေးပေမယ့်၊ လွတ်လပ်မှု၊ တရားမျှတမှုကို တည်ဆောက်ကြမယ့် စိတ်ဓါတ်တွေ ရောယှက်ပြီး အခိုင်အမာ စုစည်းမိသလို ခံစားရတယ်။

အထဲမှာ စကားတွေ စုဖွဲ့ပြောကြတဲ့အခါ “မင်းကိုနိုင်” ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး အတည်လိုလို နောက်သလိုလို ပြောကြတာတွေ ကြားခဲ့ရသေးတယ်။ မင်းကိုနိုင်ဆိုတဲ့သူဟာ အစက မရှိဘူး။ ကြေငြာချက် (statement) ထုတ်တဲ့အခါမှာ သုံးဘို့ နာမည်ပေးခဲ့တာ၊ နောက်ပိုင်းမှ ပေါ်ဦးထွန်းဆိုတဲ့ ကျောင်းသားတယောက်ကို “မင်းကိုနိုင်” နာမည်ပေးပြီး ခေါင်းဆောင်လုပ်ဘို့ျေကာင်းသားတွေက ဆုံးဖြတ်ခဲ့တာလို့ ကြားခဲ့ရတယ်။

အပြင်မှာ သူနဲ့ဆုံမှ သူဟာ မွန်သွေးနှောနေတာရယ်၊ မင်းဆိုတာ မောင်၊ နိုင် ဆိုတာ ဦး…. မင်းကိုနိုင်ဆိုတော့ မောင်ကိုဦးလို့ သိရတယ်။ သူ့နာမည်အရင်းကတော့ ပေါ်ဦးထွန်း… သူ့ကို ကျနော်တို့ လုပ်ဖော်ကိုင်ဖက်အများစုကတော့ ပေါ်ဦး(သို့မဟုတ်) ကိုပေါ်ဦးလို့ ခေါ်ကြတယ်။ မွန်သွေးနှောပေမယ့် မွန်စကားမပြောတတ်ဘူး။ ဒါပေမယ့် ရခိုင်(စစ်တွေတက္ကသိုလ်) မှာ နေလိုက်ရတော့ ရခိုင်လူမျိုးတွေနဲ့တွေ့ရင်တော့ ရခိုင်လို အတည်ပေါက်ပြောတော့တာဘဲ။ ရခိုင်လို့တောင် ထင်သွားနိုင်တယ်။

ရေးသူ....စိုးထွန်း

(ဒါကတော့ ကျနော့်မိတ်ဆွေ ရေးပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အကြောင်းပါ။ နိဂုံးချုပ်အသံဖိုင် ပျောက်ဆုံးနေတဲ့အတွက် ဤမျှနဲ့ ကျေနပ်ကြပါ။ နောက်မှ အခြေအနေတွေပေးမှ သူ့ကို နိဂုံးအပိုင်းကို ဆက်လက်ရေးသားဘို့ တိုက်တွန်းပါဦးမယ်။)
Read more

“သံမဏိလိပ်ပြာငယ်တို့၏ တောင်ပံရိုက်ခတ်သံများ”

ဖိနှိပ်တတ်တဲ့ အစိုးရတရပ် (သို့မဟုတ်) အခိုင်အခန့်တည်ရှိတဲ့ အာဏာရှင်စနစ် ကြီးတခုလုံးကို ဖြိုဖျက်ဘို့ ခက်ခဲလှတဲ့ အုတ်နံရံကြီးနဲ့ တင်စားတတ်ကြပါတယ်။ အဲသည်လို အာဏာရှင်အစိုးရ (သို့မဟုတ်) အာဏာရှင်စနစ်တရပ်ကို ပြုပြင်ပြောင်းလဲဘို့၊ လွတ်လပ်ရေးကို အရယူဘို့ ကြိုးစားသူတွေကိုတော့ အုတ်နံရံကို ခေါင်းနဲ့ တိုက်သူတွေဘဲရယ်လို့ တင်စားပြောလေ့ရှိကြပါတယ်။

ကျနော်ကတော့ သူတို့တွေကို လှပတဲ့ လိပ်ပြာလေးတွေနဲ့ တင်စားလိုပါတယ်။ သည်လိပ်ပြာလေးတွေဟာ အာဏာရှင်အစိုးရယန္တရားကြီးတခုနဲ့ ယှဉ်ပြိုင်အံတုရတဲ့အခါ နူးညံ့တဲ့ လိပ်ပြာလေးတွေပီပီ အလွယ်တကူ အနာတရဖြစ်လွယ်၊ ပျက်ပြုန်းလွယ်တာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သံမဏိစိတ်ဓါတ်ခွန်အားနဲ့ အလှတရားကတော့ ဖျက်ဆီးလို့ မရနိုင်ပါဘူး။

ကမ္ဘာတဖက်က လိပ်ပြာငယ်တကောင်ရဲ့ တောင်ပံခတ်လိုက်တဲ့ တုန်ခါလှိုင်းတွေဟာ ဟောသည်ကမ္ဘာဘက်ခြမ်းမှာ မုန်တိုင်းကြီးတခု အစပြုသွားစေဘို့အတွက် လုံလောက်တဲ့ အကြောင်းတရားတခုလည်း ဖြစ်နေနိုင်ပါသတဲ့။

အခုဆိုရင် ကမ္ဘာတလွှားမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ သံမဏိလိပ်ပြာငယ်လေးတွေရဲ့ တောင်ပံခတ်သံက တစထက်တစ ပိုမိုဝေစည်လို့ လာပါပြီ။ ဒီလိပ်ပြာငယ်တွေရဲ့ တောင်ပံရိုက်ခတ်တဲ့လှိုင်းတွေကြောင့် မကြာခင်မှာ မုန်တိုင်းကြီးတရပ် တိုက်ခတ်လို့ ဟောင်းနွမ်းတဲ့လူ့အဆောက်အဦးတွေ၊ ဖောက်ပြန်တဲ့ လူတန်းစားတွေကို မုန်တိုင်းက တိုက်စားသွားပါလိမ့်မယ်။

ဟောသည်မှာ ကျနော့်မိတ်ဆွေ စင်္ကာပူနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ ဆီလန် နဲ့ အခြားလှုပ်ရှားသူတဦးဖြစ်တဲ့ ဂျက်စလင်းဂို တို့ရဲ့ အမြင်တွေကို ကျနော့်ဘလော့ဂ်မှာ ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာ အတိုင်းဘဲ ဖော်ပြလိုက်ပါတယ်။

"What we must reclaim: Seelan Palay "



Since I began to read actively in my teens, I have been keeping myself aware of civil disobedience and how it is effectively used by people all over the world. In relation, I could always see the merit, reason and rationale in the actions of Dr Chee Soon Juan. Meeting and befriending him a few years ago helped assure my opinions.

I found that we shared a vision to see a freer, fairer, more compassionate Singapore. But there was a burden to carry for that, which Dr Chee definitely carried more than me. And so I decided that I must help him as much as I can, because I could not just stand by and watch the Singapore government try to ruin this honest man.

We mostly worked together from then on and then came March the 15th – a day I knew was going to be different. On that day, we were going to send a strong and clear message to the authorities that we've had enough.

Almost everyone was arrested, myself being dragged on the road by police officers who refused to tell me what I was being arrested for. This Thursday all 18 of us will be tried in court, and after that, probably jailed.

But I will continue participating in protests and demonstrations. My experiences in Malaysia and Indonesia have taught me that protests are important because they give people a sense of belonging, community and hope. And through my participation in protests here I want to prove these values to be true.

In the years to come, I hope for you and I in Singapore to reclaim the term "nation building" from the government, its institutions and its media. And in doing so, open the way for Singaporeans to participate more actively in all facets of life so that we may together build a future that we can call our own.

Note: Mr Seelan held a 5-day protest (watch video here) outside the Malaysian High Commission in 2007, calling on the Malaysian government to release the five Hindu Rights Action Force (HINDRAF) leaders who were detained without trial. He also initiated the 400 frowns campaign in response to the Singapore government's 4 million smiles program during the World Bank-IMF meeting held here in 2006. For that project, he was detained and investigated by the police, and had his computer seized. He was not charged.



"For those who still have yet to see / understand / resonate what we are doing.."



Let me share with you a small part of the lyrics from Amazing Grace..
"Amazing grace how sweet the sound..
that save a wretch like me..
I once was lost, but now am found..
was blind but now I see"
I know the road to democracy is long..
I know it will not take days / months for democracy to happen in SG..
I know we all have a price to pay in pursuing our beliefs..
I know some of you out there might not agree with what we are doing..
but all I ask, is for you to see the things that is happening around us..
Are our government listening to our VOICES??
DO they hear us?
DO they respect the basic rights of their citizens to speak up against unjust and unfair laws / policies?
Are our elders enjoying their retirement?
In our pursuit for a democratic SG, we have wounded ourselves but not others..
While the government has wounded the very people that have given them mandate to run the country with;
1) GST increase
2) Transport increase
3) PUB tariff increase
4) Ministers pay increase
5) ERP increase (rates and gantries)
6) many more.....
I know it will take time to convince people of what we are doing, but at the very least, don't dismiss us..
Read more

“မပြီးသေးသော”

နှစ်ရှည်လများ
လုံးပါး ပါးခဲ့တဲ့ လူမမာမို့
တချို့လည်း
ဆေးမသိတဲ့အဆုံး
လုံးလုံးလက်လျှော့
သဗ္ဗေသတ္တာ
ကမ္မသကာပေါ့….တဲ့။

“ဘယ်သူသေသေ
ငတေမာရင် ပြီးရော”
တောကျီးကန်းတစု
ဆင်သေပေါ်နေရာလုရင်း
ရာစုထက်ဝက်မက
မျှောပါပြီးလိုက်နေကြ၊
“ငါမဆိုင်” မိုးခါးရေတွေသောက်သုံးမိလို့
ဆင်ခြင်တုံတရားတွေလည်း ပျောက်ဆုံး
လှိုင်းလေ တ၀ုန်းဝုန်း
ပျက်သုဉ်းခြင်း ပင်လယ်ဆီကို
ချီလေတဲ့ ချီလေ….။

“ခပ်ကင်းကင်းနေပါရစေ”တဲ့
နင်းပြားလေးတွေရဲ့ အော်သံ
တွင်းထဲက လျှံတက်
ကယ်သူ့လက်က ထွက်ပြေး
အေးလေ…စောလူးမင်းနဲ့ နို့စို့ဘက်ဇာတ်လမ်း
တခေတ်ဆန်းချိန် ထင်ပါရဲ့။

ဟောသည်မှာ တမျိုး….
“ရန်သူကို ၀င်ပေါင်းပြီး
အတွင်းက ပြောင်းဦးမတဲ့”
အလဲ့…. တယ်ဆိုတဲ့စာပါလား
ထရိုဂျန်မြင်းရုပ်
အလုပ်မဖြစ်တာ ကြာပြီအကို။
ခေတ်ပျက်မိုးကြီးကျပြီဆို
ဒီလိုအသံတွေ သောသောညံပေါ့။
ကိစ္စမရှိ…..
(ဆရာဂျမ်းနဲ့ဆရာစွမ်းရေ)
“မီးအုပ်နဲ့တုတ်”သာ
မစပါ ဆရာ။
လူမမာအတွက် အာဟာရ
ခေတ္တတော့ ဖူလုံစေ့မယ်။

အားပြတ်နေတဲ့လူကောင်းနဲ့
ဗိုက်ဖောင်းနေတဲ့လူဆိုး
ကြိုးဝိုင်းအပြင်ဘက်
တဖက်သတ်ထိုးပွဲမှာ
ဒိုင်လူကြီးပါ….တဲ့။
သမာဓိအပြည့်နဲ့
ကြားနေရဲတဲ့ သတ္တိ
လေးစားမိတော့သကွာ။

“အစွယ်လိုသူ မိဖုရား
အသွားစေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူ ဘုရားကျွန်တော်
ဤကြံဖော်ကြံဖက် သုံးယောက်သားအနက်တွင်မှ” ဆိုပြီး
ပုဝါနှစ်စ
ဘယ်ညာချလို့
မျက်ရည်စတွေနဲ့ တနေ့
သောနုတ္ထိုရ် ကြုံရပါစေ့မယ်။

မေ့လို့ မရဘူး….
ချစ်လေသူတယောက်ကတော့
ပြူတင်းပေါက်ကနေ အဝေး
ငေးမောရင်း ပင့်သက်ရှိုက်နေလေမလား။
သူ့မျက်ရည်တစ
ပါးပြင်ပေါ် စီးကျခဲ့လျှင်တော့
အားလုံးရင်ထဲ
နာကျင်ကြေကွဲ….

ရောင်စုံပန်းချီကားတချပ်
အပြီးမသတ်သေးခင်
ဆေးစက်ကျရာ အရုပ်ထင်ဘို့
ကြိုးစားချင်ဆဲ။


ကိုပေါ (၂၀၀၆)

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိုးဝေ(စင်္ကာပူ) အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ ကျနော့်ကဗျာလေးကို နည်းနည်း မွမ်းမံပြီး ပိတောက်ရိပ်မှာ ပြန်တင်လိုက်ပါတယ်။
Read more

“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ.....(၃) (နိဂုံး)”

ဒီလိုနဲ့ အီလက်ထရောနစ်အင်ဂျင်နီယာအသင်းနဲ့ စက်မှုအင်ဂျင်နီယာအသင်းနှစ်သင်းရဲ့ ဘောလုံးဗိုလ်လုပွဲနေ့ကို ရောက်လာခဲ့တယ်။

ကျောင်းကနေ ကားကြီးကားငယ်အသွယ်သွယ်နဲ့ မေဂျာနှစ်ခုက ကျောင်းသားတွေရော တခြားမေဂျာက မကင်းရာမကင်းကြောင်းတွေပါ သထုံကွင်းအထိ လာရောက်အားပေးလိုက်ကြတာ ပွဲကြည့်စင်နှစ်ခုလုံး ပြည့်လျှံသွားရော။ ဆရာဆရာမတွေက ရန်ပွဲတွေကို ကာကွယ်နိုင်ဘို့ Mechanical ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ်၊ အီလက်ထရောနစ်က ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ် ခွဲခြားထိုင်ခိုင်းတယ်။

ပွဲမစခင် နှစ်ဖက်အသင်းက ကျောင်းသူအလှပဂေးတွေက ဘောလုံးသမားတွေကို တယောက်ချင်းဆီ အအေးဘူးနဲ့ မျက်နှာသုတ်ပုဝါလေးတွေ ကမ်းရတယ်။ (တချို့ မာနကြီးတဲ့ ကျောင်းသူတွေကို အဲသည်လိုလုပ်ပေးဘို့ မနည်းတိုက်တွန်းလိုက်ရတာပါ။) အဲ… အီလက်ထရောနစ်ကျောင်းသူတွေ ကမ်းရတဲ့အထဲမှာ ဂျီဟောသူတွေက ဗေဒင်၊ ယတြာ၊ မန္တာန် တွေနဲ့ စီရင်လာတဲ့ အပ်ချည်ကြိုးနဲ့ပြုလုပ်ထားတဲ့ အဆောင်လက်ဖွဲ့လေးတွေလည်း ပါတယ်။ အဲဒါလေးတွေကို ဘောလုံးသမားတွေ လက်မှာ ပတ်ရတယ်။ ကျနော်မှတ်မိသေးတယ်။ အဲသည်ကိစ္စမျိုးတွေမှာ ဂျီဟောသူတွေဖြစ်တဲ့ ဆွေမာတို့ လဲ့နှင်းဇင်တို့ အရမ်းအားကိုးရတယ်။

စက်မှုတက္ကသိုလ်ဘောလုံးပွဲမှာ ဗေဒင်ယတြာတွေပါတယ်ဆိုလို့ မအံ့သြကြပါနဲ့ဦး။ အဲဒါက ထုံးတမ်းစဉ်လာလိုဖြစ်နေတာ။ ကိုယ့်ကျောင်းကွင်းမှာ ကန်ကြတုန်းကဆိုရင် ဘောလုံးပွဲမစခင်မှာ တရက်ကြိုတင်ပြီး ဂျီဟောသူတွေ ဂိုးတိုင်နောက်မှာ သွားပြီး သူတို့ စီမံအပ်တဲ့ အင်းအိုင်ခလှဲ့ လက်ဖွဲ့တွေကို မြေမြှုတ်တန်သင့်တာမြှုတ်၊ မီးရှို့တန်သင့်တာရှို့၊ ပြာချတန်သင့်တာ ပြာချ။ အင်မတန် ကိစ္စများမြောင်ကြတာကလား။ ဘယ်လိုစီရင်ကြသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဂျီဟောသူတွေမှဘဲ သိလိမ့်မယ်။

သထုံကွင်းမှာတော့ ကွင်းကို သံတိုင်တွေ ပတ်ပတ်လည်ကာထားတော့ အဲသည်လို လုပ်လို့မရတော့ဘူး။ ဒါတောင်မှ ယတြာကိစ္စကြောင့် အကြိုဗိုလ်လုပွဲနေ့က စက်မှုအသင်းနဲ့ မြို့ပြအင်ဂျင်နီယာအသင်း ကွင်းထဲမှာ ချတော့မလိုဖြစ်သေးတယ်။ ဖြစ်ပုံက ဒီလို။ မြို့ပြအသင်းက ကျောင်းသူတွေ စီမံပေးလိုက်တဲ့ ယတြာပန်းစည်းလေးကို ဘောလုံးသမားတယောက်က သူတို့ဘက်ခြမ်းက ထောင့်ကန်ဘောအလံတိုင်ကလေးထိပ်မှာ သွားချိတ်ထားရတယ်။ ဘောလုံးပွဲစလို့ မကြာခင်မှာ စက်မှုအင်ဂျင်နီယာအသင်း အရံဘောလုံးသမားတယောက်က အဲသည်ဂိုးတိုင်ဘက်ဆီကို တယောက်တည်း ဘေးစည်းအပြင်ကနေ ပြေးလာတယ်။ ပရိတ်သတ်ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ပြေးလာတာလို့ ထင်ကြတာပေါ့။ ဘယ်ဟုတ်လို့လဲ….ပုဂ္ဂိုလ်က ထောင့်ကန်ဘောအလံတိုင်နားရောက်တော့ အဲသည်မှာ ချိတ်ထားတဲ့ ပန်းစည်းကို ဆွဲဖြုတ်၊ မြေကြီးပေါ်ကို ပစ်ချ၊ ပြီးတော့မှ ပန်းစည်းပေါ်မှာ အားရပါးရ တက်ခုန်တော့တာကိုး။

ပရိတ်သတ်က ၀ိုင်းအော်တော့ Civil အသင်းက ဘောလုံးသမားတွေပါ သိသွားပြီး ကန်နေတာရပ်ပြီး အဲသည်အကောင်နောက်ကို ထိုးဘို့ ဘောလုံးကွင်းထဲမှာ ၀ိုင်းလိုက်တာ။ ဟိုကောင်က ကွင်းစပ်မှာ ဘောလုံးကွင်းကို ပတ်ပြေးရတယ်။ ဆရာတွေ ဖျန်ဖြေတာမြန်လို့ ရန်ပွဲအဆင့်အထိ မရောက်လိုက်ဘူး။

အဲ….. အီလက်ထရောနစ်အသင်းကို အဲသည်အချိန်က လေ့ကျင့်ပေးတာက မြန်မာ့လက်ရွေးစင်အသင်းမှာ တောင်ပံကနေ ကစားတဲ့ကျော်မင်း။ စက်မှုအင်ဂျင်နီယာအသင်းကို လေ့ကျင့်ပေးတာတော့ နာမည်ကျော် သန်းတိုးအောင်။ အီလက်ထရောနစ်အသင်းက ဂိုးသမားက အဲသည်နှစ် ဘောလီဘောပြိုင်ပွဲမှာလည်း ဒိုင်းရအောင် ယူပေးနိုင်ခဲ့တဲ့ ရခိုင်သား စောမင်းနိုင်။ သူ့အရပ်က အရှည်ကြီးဘဲ။ အခု ဒီကောင်လည်း စင်္ကာပူမှာ။ အိမ်ချင်းလည်း မဝေးဘူး။ သူ့သားနဲ့ ကျနော့်သမီးနဲ့ မူလတန်း တကျောင်းတည်းတက်တယ်။ ဒီကောင်က ဘောလီဘောရော ဂိုးဖမ်းပါ တော်တယ်။

ကစားကြတော့..... အီလက်ထရောနစ်က ဂိုးတဂိုးစရတယ်။ အငယ်တန်းက တရုတ်ဆိုတဲ့ ကောင်လေးသွင်းလိုက်တာ။ တရုတ်က ပွဲတိုင်းမှာ ကောင်းတယ်။ ဒါပေမယ့် အဲသည်ဗိုလ်လုပွဲမှာ ခြေမပေါ်ဘူး။ အဲဒါနဲ့ တရုတ်ကို လူလဲမယ်ဆိုပြီး ဒိုင်ကို ပြောထားပြီးသွားပြီ။ ဒိုင်က ခေါ်ထုတ်ဘို့ စောင့်နေတုန်းမှာ တရုတ်က ဂိုးသွင်းလိုက်တာ။ သူ့ခမြာ ၀မ်းသာအားရ အင်္ကျီလေး လှန်ပြီး ပွဲကြည့်စင်ဘက်ကို ပြေးလာရုံရှိသေး စည်းကြပ်ဒိုင်နဲ့ကွင်းဘေးဒိုင်က သူ့နံပါတ်ကို မြှောက်ပြပြီး လူလဲလိုက်တော့ အူကြောင်ကြောင်နဲ့ ဘုမသိဘမသိ ထွက်ပေးလိုက်ရတယ်။ ဟတ်ကော့ ကြီးဖြစ်သွားတော့တာပေါ့။

ဂိုးလည်း ဂိုးရော ကျနော်နဲ့ ဟန်သက်အောင် နဲ့ နှစ်ယောက်သား အီးစီအသင်းဘန်နာကြီးကို ရှေ့တယောက် နောက်တယောက် ကိုင်၊ ခုန်ပေါက်ပြီး စက်မှုအင်ဂျင်နီယာအသင်းပွဲကြည့်စင်ရှေ့ကို ပြေးအော်ကြတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ကိုယ့်စင်ဘက်ကို ပြန်ပြေးလာရတယ်။ စင်ပေါ်ကနေ ရေသန့်ဗူးအလွတ်တွေနဲ့ ၀ိုင်းပေါက်ကြလို့။

နောက်ခဏအကြာမှာဘဲ Mechanical က ဂိုးပြန်သွင်းတယ်။ အဲသည်မှာ သူတို့အသင်းဘက်ကလည်း ကြွကြအော်ကြတော့တာပေါ့။ အဲသည်အချိန်မှာ ကျနော်တို့ဘက်က ဘယ်ကောင့်လက်ချက်လဲတော့ မသိဘူး။ ရေအပြည့်နဲ့ ရေသန့်ဘူးတဘူး လေထဲကို ပျံဝဲသွားပြီး စက်မှုအသင်းရဲ့ ပွဲကြည့်စင်ဘက်သွားကျတယ်။ ဘာပြောကောင်းမလဲ၊ ရာဇ၀တ်အိုးကို တုတ်နဲ့ သွားထိုးမိတယ်ဆိုတဲ့ အတိုင်းပါဘဲ။ Mechanical ကကောင်တွေ တအုပ်ကြီး ကျနော်တို့စင်ဘက်ကို ထိုးဘို့ ကြိတ်ဘို့ ပြေးလာကြတယ်။ ရှေ့ဆုံးမှာ ဦးဆောင်လာတာက ကျနော်တို့နဲ့ အင်မတန်ခင်တဲ့ ကိုသက်ထွန်းတို့အုပ်စုပေါ့။ အဲသည်အချိန်မှာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ဆရာမတွေက ကျောင်းသူတွေအားလုံးကို ထရပ်ခိုင်းလိုက်တယ်။ ရှေ့ဆုံးတန်းမှာ ကျောင်းသူတွေတန်းစီနေတို့ တက်လို့မရတာနဲ့ သူတို့ ပြန်လှည့်သွားရတယ်။ ဒါတောင်မှ စင်ဘေးကနေ ရေသန့်ဘူးတွေနဲ့ အပြန်အလှန် ပစ်လိုက်ကြသေးတယ်။

အဲသည်လိုနဲ့ တဖက်တဂိုးစီနဲ့ ကန်လိုက်ကြတာ ဒုတိယပိုင်း ပြီးကာနီးလေးမှာ အလယ်တန်းလူ မုံရွာသား မိုးဟိန်းက ကွင်းတ၀က်မကျတကျကနေ လှမ်းပြီး ကန်သွင်းလိုက်တာ၊ ကန်ချက်က တော်တော်လည်း ပြင်းတယ်၊ ဂိုးထောင့်ထဲကို တန်းနေတာဘဲ။ အဲသည်လိုနဲ့ အီးစီအသင်းက ဗိုလ်စွဲသွားတော့တယ်။ အဲသည်တုန်းက အားကစားသတင်းဂျာနယ်တွေမှာတောင် ကျော်မင်းသင်ပြပေးတဲ့အသင်းက သန်းတိုးအောင် သင်ပြပေးတဲ့အသင်းကို နိုင်သွားပြီဆိုတာ ပါလိုက်သေးတယ်။

မိုးဟိန်းလည်း ပွဲပြီးတာနဲ့ ရင်ဘတ်ကလေးကော့ပြီး ကွင်းပြင်ကိုထွက်လာတုန်း ကျနော်တို့ အီလက်ထရွန်းနစ်က ဆရာဦးမောင်မောင်လတ်က ၀မ်းသာအားရ ဆီးကြိုပြီးမေးလိုက်တယ်။

“ဟေ့ကောင်…မိုးဟိန်း၊ မင်း…ရမ်းသန်းကန်ထည့်လိုက်တာ မဟုတ်လား” တဲ့။

အဲ...အဲ.... ရေးရင်းမေ့တော့မလို့။ ပွဲပြီးလို့ အပြင်ထွက်လာကြတော့ အီးပီက ဘုရားဒကာ ဇော်မျိုးလှိုင် (ဗုဒ္ဓဘာသာမိသာစုမှာ အတွင်းရေးမှူးဖြစ်ခဲ့ဘူးသူ) က အာချောင်တယ်။ အီးစီက ပထမ ဂိုးက လူကျွံဘောကြီးပါကွာတဲ့။ အဲဒါကို တရုတ်က ကြားသွားတယ်။ အစကတည်းက ဂိုးသွင်းပြီးစမှာ ဘုမသိ၊ ဘမသိ ထွက်လိုက်ရလို့ စိတ်တိုနေတဲ့ တရုတ်ဟာ ရေရေလည်လည် ဒေါသထွက်သွားတယ်။ “အကိုက စည်းကြပ်ဒိုင်မို့လား” လို့ ပြန်ဘုတောတယ်။ အဲဒါကို ဘုရားဒကာက “ငါကတော့ ဒိုင်မဟုတ်ဘူး၊ ဒိုင်က မင်းအဖေ” လို့ ပြန်ပြောလို့ တရုတ်က ထိုးမယ်ကြိတ်မယ် လုပ်တော့တာဘဲ။ ကျနော်တို့ ကြားကနေ မနည်းဆွဲရတယ်။

အဲဒါနဲ့ ကျနော်တို့ ဒိုင်းကြီးကို တီအီး ၂၀၀၀ ကားပေါ်မှာ တင်ပြီး ရှေ့ခန်းမှာက ဆရာ ဦးမောင်မောင်လတ်ရယ်၊ ကိုမင်းလွင် ရယ်ထိုင်ကြတယ်။ ကိုမင်းလွင်က အီလက်ထရောနစ်နဲ့ ဘွဲ့ရပြီးသား ကျောင်းသားဟောင်းတယောက်။ သူ့ကျောင်းသားဘ၀က အီးစီအသင်း ကက်ပတိန်ပေါ့။ အသင်းသံယောဇဉ်နဲ့ အလုပ်ကနေ ခွင့်ယူပြီး တကူးတကပြန်လာအားပေးရှာတာ။ ကိုမင်းလွင်တို့ (အခုစင်္ကာပူမှာရောက်နေတဲ့)ကိုလှမင်းတို့လည်း ဘောလုံးကန်အရမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ခေတ်က အီးစီအသင်းက ကံမလိုက်ဘူးပြောရမယ်။ တခါမှတော့ ဒိုင်းမရခဲ့ဘူး။

အဲသည်ကားတန်းကြီးနဲ့ ကျနော်တို့ ပထမ အင်းလေးဆောင်တွေဘက်ကို လှည့်ပတ်မောင်းကြတယ်။ သီချင်းတွေဆို သံချပ်တွေ ဆိုကြပေါ့ဗျာ။ သံချပ်တခုထဲမှာ….

“မိုးဟိန်းသွင်းတဲ့ ဘောလုံးဟာ……..ပိုက်ကောင်းလို့သာ တော်ပါပေရဲ့…” တဲ့။

ပထမဦးဆုံးအကြိမ် ဒိုင်းရတာဆိုတော့ အပျော်ကြီးပျော်ကြတာပေါ့။ ကြွားကလည်း ကြွားချင်ကြသေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲသည်နောက်နေ့ကစပြီး ပိတ်ရက်တွေဖြစ်နေလို့ အင်းလေးဆောင်တွေမှာ ကျောင်းသားတွေ မကျန်ကြတော့ဘူး။ အိမ်ပြန်ကုန်ကြပြီ။ ကျနော်တို့ သိပ်မကြွားလိုက်ရတော့ဘူး။

အဲဒါနဲ့ ဂျီဟောကိုဘဲ မောင်းရတော့တယ်။ ဂျီဟောရောက်တော့ ဆွေမာတို့က အဆောင်ပေါ်က က။ ကျနော်တို့က ကားပေါ်က က။

ဂျီဟောမှာ အီလက်ထရောနစ်နဲ့ စက်မှုဘာသာရပ် တခန်းတည်းတွဲလျက်ကျတဲ့အခန်းဖော်ကျောင်းသူတွေ တချို့ဆိုရင် နောက်ထပ်တပတ်လောက်အထိ အချင်းချင်းစကားမပြောကြတော့ဘူးတဲ့။

နောက်တော့ အဲသည် ဒိုင်းကြီးကို ကြို့ကုန်းဆောင်က ဖိုးမောင်တို့ အခန်းထဲမှာ ခဏ ၀င်ထားခဲ့ရတယ်။ ကျနော်တို့အကြံက ကျောင်းပြန်ဖွင့်လို့ လူစုံကာမှ အဆောင်က ဒိုင်းကို လူတွေကြားမှာ အခမ်းအနားနဲ့ သိုက်သိုက်မြိုက်မြိုက်ကြီး အသင်းခန်းကို သယ်ယူမယ်ပေါ့။ (ကြွားချင်တာ၊ ကြွားချင်တာ)။

ဒါပေမယ့် ကျောင်းပြန်ဖွင့်တော့ တက္ကသိုလ်စိန်ရတုပွဲဈေးရောင်းပွဲမှာ ဆိုင်ခန်းကိစ္စနဲ့ပတ်သက်ပြီး အသင်းတွေ တခုနဲ့တခုအကြား အပြိုင်အဆိုင်တွေရှိ၊ တင်းမာမှုတွေ ရှိလာလို့ ကျနော်တို့ရဲ့ မူလအကြံအစီဖြစ်တဲ့ လူအမြင်ကတ်အောင် လူစုလူဝေးနဲ့ ဒိုင်းသယ်ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတော့တယ်။

အဲသည် တက္ကသိုလ်စိန်ရတုဈေးရောင်းပွဲမှာ ပင်နီအင်္ကျီနဲ့ ယောပုဆိုး၊ ယောထမီ တူညီဝတ်စုံကို ၀တ်ဆင်ရောင်းချမိလို့ တီဗီသတင်းမှာ ရိုက်ပြခြင်းမခံခဲ့ရတဲ့ စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုရဲ့ ဘူးသီးကြော်ဆိုင်အကြောင်းကို နောက်မှ သတ်သတ်ရေးပြရဦးမယ်။ အဲသည်တုန်းက ဗုဒ္ဓဘာသာမိသားစု အတွင်းရေးမှူးကတော့ အခုအချိန်မှာ နအဖရဲ့လက်က ရှောင်တိမ်းရင်း ပုန်အောင်းလှုပ်ရှားနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းပေါ့။

(ပြင်ဆင်ချက်။ ။နောက်ဆုံးအပိုဒ်မှာ ကျနော်လွဲသွားပါတယ်။ အဲသည်နှစ်က ဗုဒ္ဓဘာသာမိသာစုအတွင်းရေးမှူးက အီးပီက ဘုရားဒကာ ကိုဇော်မျိုးလှိုင်ပါ။ နောက်တနှစ်မှာ (ကျနော်တို့ ကျောင်းပြီးသွားချိန်မှာမှ) အတွင်းရေးမှူးက ကိုသူရိန်ထွန်းဖြစ်လာပြီး ကိုစိုးထွန်းက ပြန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကွန်မင့်မှာ ထောက်ပြလာတဲ့ “Once upon a time” ကို ကျေးဇူးတင်ပါတယ်။)
Read more

“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ………(၂)”

ကျနော်တို့အီလက်ထရောနစ်မေဂျာက ဗိုလ်စွဲခဲ့တဲ့ နောက်ဆုံးနှစ် ဗိုလ်လုပွဲအကြောင်းမရေးခင် တက္ကသိုလ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲအကြောင်းကို ရေးပြချင်သေးတယ်။

သထုံလမ်းက အားကစားရုံမှာလုပ်တဲ့ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကို ကျနော်သွားအားပေးတယ်။ အဲသည်အချိန်က (အခု နာမည်ကျော်ဘလော့ဂါ)တန်ခူးတို့က ကဗျာစာအုပ်ကလေးတွေ ထုတ်ပြီးရောင်းကြတဲ့အချိန်။ ကျနော်က သူတို့ ကဗျာစာအုပ်တွေ သယ်သွားပြီး တခြားမေဂျာကလူတွေရော၊ တခြားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေကြားမှာပါ ကူညီရောင်းချပေးချိန်ပေါ့။

ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းတော်သားများက အိုးစည်၊ ဒိုးပတ်တွေနဲ့ လာအားပေးတာခင်ဗျ။ သံချပ်တွေ ပြိုင်တူဆိုကြတယ်။ တခြားကျောင်းက ကောင်မလေးတွေကို မခံချင်အောင် စပ်ဆိုထားတဲ့ သံချပ်တွေပေါ့။ ကျနော်မှတ်မိသလောက်တော့….

“ကတော်ဆယ်ပါး တပါးအ၀င်
အင်ဂျင်နီယာကို ရအောင်ပိုးကြ…… အင်ဂျင်နီယာကို ရအောင်ပိုးကြ”

ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူတွေကိုတော့….

“လက်နှိပ်စက်နဲ့ တီဗီဟာ
ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ……..ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ”

စတဲ့ ခပ်နှိမ်နှိမ်လေး ရေးစပ်ထားတဲ့ သံချပ်မျိုးတွေပေါ့။ အဲသည်သံချပ်တွေကို အိုးစည်ဒိုးပတ်တွေနဲ့ မြိုင်နေအောင် သံပြိုင်အော်လိုက်ကြတော့ တခြားကျောင်းက ကောင်မလေးတွေဆိုတာ ၀ိုင်အိုင်တီကျောင်းသားတွေကို စိစိညက်ညက်ကြေတဲ့အထိ အမှုန့်ချေပစ်ချင်လောက်အောင် ဒေါသတွေ အလိပ်လိုက်ထွက်နေတာပေါ့။

အဲဒါကို ကျနော်က အမှတ်မရှိဘဲ အီကို က ကောင်မလေးတွေကို ကဗျာစာအုပ်သွားရောင်းတယ်။ ကျနော်က ၀ိုင်အိုင်တီကမှန်းသိတော့ “မ၀ယ်ချင်ပါဘူး၊ သူတို့ ၀ိုင်အိုင်တီက ယောက်ျားလေးတွေက ယောက်ျားမဆန်ဘူး။ အရမ်းမိန်းမဆန်တယ်” လို့ ပြောလွှတ်တယ်။ ကျနော်ကလည်း မျက်နှာပြောင်စွာဖြင့် “အို….ဒီလိုတော့ မပြောပါနဲ့လားဗျာ။ ကျနော်ကတော့လေ…တကယ်ဘဲ….ဟို...ဟိုလေ…ကိုယ်က...ယောက်….ယောက်ျား…ဆန်ပါတယ်ဗျာ…အန်…အန်…အန်” လို့ ၀င်ဦးလေသံကို တုပြောတော့ သူတို့ မရယ်ဘဲ မနေနိုင်ဘူး။

အဲသည်တုန်းက ကျနော်တို့ကျောင်းက ကောင်တွေကလည်း ပြောရရင် တော်တော့်ကို လွန်တယ်။

အမျိုးသမီးကြက်တောင် တယောက်ချင်းပြိုင်ပွဲတခုမှာ ကျနော်တို့ကျောင်းဘက်က မိန်းကလေးက အရေးနိမ့်နေတယ်။ တဖက်က ရေရေလည်လည်ကောင်းတယ်။ ဖြစ်ချင်တော့ အဲသည်တဖက်ကျောင်းက ကောင်မလေးက ရိုက်နေရင်းတန်းလန်းနဲ့ တိုင်းမ်အောက်တ် လုပ်ပြီး အိမ်သာခဏ၀င်တယ်။ ဟာ…အဲသည်မှာ ကမ္ဘာပျက်တော့တာဘဲ။

“ကြောက်သေး…ကြောက်သေး.ကြောက်သေး” နဲ့ မနားတမ်း အော်ကြရော။ ကျနော်တို့ကျောင်းက ရူပဗေဒဆရာ ဆရာဦးဇော်ဝေက “ဟေ့ကောင်တွေ၊ မင်းတို့မှာ မအေ၊နှမ မရှိဘူးလား” လို့ လာမန်မဲတာလည်း ခဏဘဲ ငြိမ်တယ်။ ဆရာဟိုဘက်လှည့်သွားတာနဲ့ အော်ကြပြန်ရော။

ပိုဆိုးသွားတာက…. မယ်မင်းကြီးမက အိမ်သာက ပြန်ထွက်လာတော့ အားကစား ဘောင်းဘီတိုကို ရှေ့နောက် ပြောင်းပြန်မှားဝတ်လာတယ်။ ဟာ…ဘာပြောကောင်းမလဲ။

“ဘောင်းဘီ ပြောင်းပြန်ကြီးဟေ့….. ဘောင်းဘီ ပြောင်းပြန်ကြီး” နဲ့ သံပြိုင် ကုန်းအော်ကြတာ သူမခမြာ လက်ရည်သာပါလျက်နဲ့ အကွက်တွေမှားကုန်ပြီး နောက်ဆုံး ရှုံးပါရှုံးတော့တာဘဲ။ ပြန်စဉ်းစားကြည့်တော့ ကျနော်တို့တွေ တော်တော်အကျင့်မကောင်းတာဘဲ။ ပြိုင်ပွဲဆိုပေမယ့် တကယ်ဆို မိန်းကလေးတယောက်ကို ကာယိနြေ္ဒပျက်အောင် သည်လောက်ထိတော့ မအော်သင့်ဘူးပေါ့။

နောက်ပို့စ်ထဲကျမှ ကျနော်တို့ အီလက်ထရောနစ်တွေ ဗိုလ်စွဲခဲ့တဲ့ သထုံကွင်းကဘောလုံးပွဲအကြောင်းကို ဆက်ပါဦးမယ်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs