Showing posts with label memory. Show all posts
Showing posts with label memory. Show all posts

လူတော်တယောက် ဆုံးရှုံးခြင်း

မခင်ဦးမေ ဘလော့ဂ်မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့ သူငယ်ချင်းတစ်ယောက် အကြောင်းကို ရေးထားတာ ဖတ်ရတယ်။

ဒီညကလည်း အိပ်မပျော်သော ညတညရဲ့ ညဥ့်လယ်သံသရာမို့ အတွေးတွေထဲမှာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ သူငယ်ချင်းတယောက်ကို သတိရမိတယ်။

သူက ရန်ကုန်စက်မှုတက္ကသိုလ် အီလက်ထရောနစ် မေဂျာမှာ တနှစ်တည်း အတူတူတက်ခဲ့ကြတဲ့ ကျောင်းသားတွေထဲက စာအတော်ဆုံး ကျောင်းသားတယောက်ပေါ့။ နှစ်တိုင်းလိုလို ပထမစွဲတယ်။ အဲသည်တုန်းက Roll 1 လို့ ခေါ်ကြတာပေါ့။ ပဉ္စမနှစ် စာမေးပွဲနီးကာမှ ဆေးရုံတက်ရလို့ နောက်ဆုံးနှစ်မှာ Roll 11 ဖြစ်သွားတယ်။ နောက်ဆုံးနှစ်အောင်တော့ Roll 1 ပြန်ဖြစ်သွားတယ်။

ကျနော့် Yearbook ထဲက သူ့ဓါတ်ပုံ၊ သူ့နာမည်နဲ့ စာမျက်နှာမှာ

VI Ec.E 11 (YIT)
အမှတ် ၁၁၊ ၁၁၁ လမ်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

…….ဆိုပြီး နံပါတ်ဝမ်းတွေ ရောပြွန်းနေတဲ့ သူ့လိပ်စာကို ဖော်ပြထားလို့ ဘေးနားမှာ တစုံတယောက်က “ဝမ်းများကို လက်ကိုင်ထားသူ၊ သိပ်ညစ်ပတ်တာပဲနော်” လို့ နောက်ရွှတ်ရွှတ် ခဲတံနဲ့ ရေးသား နောက်ပြောင်ထားတာ တွေ့ရတယ်။

သူ့ကို အားကျလို့ ထင်ပါရဲ့။ မြန်မာပြည်ကွန်ပြူတာလုပ်ငန်းရှင်များအသင်းမှာ လူကြီးတွေဘာတွေ ဖြစ်သွားခဲ့ဘူးတဲ့ ကျနော်တို့ အတန်းထဲက သူငယ်ချင်းတယောက်ဟာ စာကြည့်စားပွဲဘေးမှာ “စာသည် ပထမ၊ စာသည် ဒုတိယ၊ စာသည် တတိယ” လို့ ကြွေးကြော်သံဆောင်ပုဒ်ကို ကပ်ထားပြီး သူ့လို Roll-1 ဖြစ်ဖို့ ကြိုးစားလိုက်တာ အောင်စာရင်းထွက်လာတော့ Roll-111 ဖြစ်သွားလို့ အဲသည်တုန်းက ကျနော်တို့ကြားမှာ ဟားစရာ ဖြစ်သွားသေးတယ်။

သူက စာတော်ရုံတင်မက။ စိတ်ထားကလည်း ပြည့်တယ်။ ကူညီတတ်တယ်။ သူ့ဆီမှာ စာတွေဘာတွေ မေးရင်လည်း စိတ်ရှည်လက်ရှည် ကူညီရှင်းပြပေးတတ်တယ်။ အသင်းအပင်းကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတတ်တယ်။ သူ့ကို လူချစ်လူခင် တော်တော်များတယ်။

သူက အဆင့်တစ်ဆိုပြီး ရုပ်တည်ကြီးနဲ့ နေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်တယ်။ ဟာသဉာဏ်ကလည်း ရှိတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ထုတ်ဝေတဲ့ Yearbook မှာ လေကြောင်းစက်မှုဘာသာရပ်က ကိုကြည်သွင်အတွက် သူ ရေးထားတာလေးကို အခုထိတောင် သတိရမိလို့ ပြုံးမိသေးတယ်။

“ကိုကြည်သွင်….. ကောင်းကင်တမွတ် ကြယ်ကို ဆွတ်နိုင်ပါစေ”….တဲ့။ အောက်မှာကျတော့ သူဆွဲထားတဲ့ ကာတွန်းပုံကလေးတပုံ။ ဟိုးအမြင့်မှာ ကြယ်ကလေးတပွင့်။ ကြယ်ပွင့်အောက်နားဆီမှာ လေယာဉ်ပျံတစင်းဟာ မီးခိုးတွေအူပြီး အောက်ကို ထိုးစိုက်ဆင်းသွားတဲ့ ပုံကလေးနဲ့။

ကျောင်းပြီးတော့ သူက သိမ်ဖြူလမ်းမှာ ရှိတဲ့ ကွန်ပြူတာ ကုမ္ပဏီတခုမှာ အီလက်ထရောနစ် အင်ဂျင်နီယာ ဝင်လုပ်တယ်။ တနှစ်လောက်ကြာတော့ ထိုင်းနိုင်ငံ Asian Institute of Technology (A.I.T) တက္ကသိုလ်က သူ့ကို စကောလားရှစ် ပေးတဲ့အတွက် မာစတာဘွဲ့အတွက် အဲသည်မှာ ကျောင်းသွားတက်တယ်။ သူ့အလုပ်နေရာမှာ ကျနော့်ကို ထည့်ထားပေးခဲ့တယ်။ ကျနော်ကလည်း မလေးရှားက အလုပ်တခုက ခန့်တဲ့အတွက် အဲသည်အလုပ်မှာ ကြာကြာမနေလိုက်ရဘူး။ သူကျောင်းတက်တဲ့အချိန်နဲ့ ကျနော် မလေးရှားမှာ အလုပ်လုပ်နေချိန်နဲ့ တချိန်တည်းဆိုတော့ အီးမေးလ် အဆက်အသွယ် မပြတ်ဘူး။ သူ့အကြောင်းတွေ အမြဲလိုလို ကြားနေရတယ်။ အဲဒီတက္ကသိုလ်က မြန်မာကျောင်းသား အသင်းအဖွဲ့မှာလည်း သူက ပါဝင်လှုပ်ရှားလိုက်သေးတယ်။ ကျနော်တို့ နှစ်က အီလက်ထရောနစ်ကျောင်းသားတွေ အချင်းချင်း ဆက်သွယ်ကြဖို့ egroup တွေ ဘာတွေ သူက လုပ်ပေးလိုက်သေးတယ်။

ကျောင်းပြီးကာစ နိုင်ငံခြားကို မထွက်ခင် မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြစဉ်က သူ့ရဲ့ ပတ်စ်ပို့တ် ဓါတ်ပုံတပုံ ကျနော့်ကို ပေးထားဘူးတယ်။ ကျနော်က သူငယ်ချင်းတွေရဲ့ ရုပ်ပြောင်ပုံတူလေးတွေ ဆွဲပေးတတ်တော့ သူ့ရဲ့ ယီးယားဘွတ်ခ်မှာ သူ့ပုံတူ အမှတ်တရ ဆွဲပေးဖို့ ကျနော့်ကို ပူဆာတာပါ။ ကျနော်ကလည်း လူရင်းဆိုတော့ ဆွဲပေးမယ် ဆွဲပေးမယ်နဲ့ လူချင်းသာ ကွဲကွာသွားရော…. ဆွဲမပေးလိုက်ရဘူး။

ဒီလိုနဲ့ ကျနော်စင်္ကာပူကို ရောက်လာတဲ့အချိန်မှာ သူကလည်း အေအိုင်တီမှာ ကျောင်းပြီးကာ နီးနေပြီ။ လူကလည်း ကျနော်နဲ့အပြိုင် ဝလာတယ်။

တရက်မှာ ကျနော်ရုံးမှာ အိမ်သာတက်ရင်း ပိုက်ဆံအိတ်ဖွင့်ပြီး ဘာရယ်မဟုတ် လှန်လှောနေတုန်းမှာ သူ့ဓါတ်ပုံကလေးကို ပိုက်ဆံအိတ်ထဲမှာ တွေ့ရတယ်။ ဒါနဲ့ ကျနော်လည်း သူ့ဓါတ်ပုံကို ခဏထုတ်ကြည့်ပြီး အိတ်ထဲပြန်ထည့်မယ် အလုပ်မှာ ဓါတ်ပုံက မတော်တဆ ပြုတ်ကျပြီး အိမ်သာအိုးထဲအထိ ကျသွားတယ်။ ပြန်ကောက်လို့လည်း မဖြစ်နိုင်တော့တာမို့ စိတ်ညစ်ညစ်နဲ့ ရေဆွဲချလိုက်ရတယ်။ အဲသည်ကိစ္စ သူ့ကိုတော့ ပြန်မပြောဖြစ်တော့ပါဘူး။

နောက် တနှစ်လောက်ကြာတော့ ကျနော် မဒမ်ပေါနဲ့ လက်ထပ်တယ်။ သူကလည်း စကောလားရှစ် ထပ်ရလို့ ကနေဒါနိုင်ငံမှာ ပီအိတ်ခ်ျဒီ သွားတက်တယ်။ ကျနော်တို့တွေ အဆက်အသွယ် မပြတ်ဘူး။ သူက ကျနော်တို့လင်မယားကို ကနေဒါ ပြောင်းခဲ့ဖို့ အမြဲ တိုက်တွန်းတယ်။ ကျနော်တို့ကလည်း သမီးကိုမွေးတာ၊ မဒမ်ပေါကျောင်းဆက်တက်တာ၊ ကျနော် အချိန်ပိုင်းကျောင်းတက်တာ စတာတွေနဲ့ အလုပ်ရှုပ်နေတဲ့အလျောက် သူ့တိုက်တွန်းချက်ကို သဘောကျရုံကလွဲလို့ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။

ဒီလိုနဲ့ တရက်မှာ သူ့ဆီက စိတ်မကောင်းစရာ သတင်းကို ကြားရတာပဲ။ သူ့မှာ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတဲ့အကြောင်း။ ဒါပေမယ့် ရိုးတွင်းချဉ်ဆီ လှူဒါန်းသူရှိလို့ အစားထိုးကုသတာ အောင်မြင်တယ်လို့ ဝမ်းသာစရာ ကြားရတယ်။

အဲဒီအတောအတွင်းမှာ သူနဲ့ ဖုန်း မကြာမကြာ ပြောဖြစ်တယ်။ ကျနော်တို့ လင်မယားနှစ်ယောက်စလုံးနဲ့ ခင်မင်သူဖြစ်တဲ့အလျောက် သူက ကျနော်တို့နဲ့ ဖုန်းပြောရတာကို ဝမ်းသာပုံရတယ်။ ကျနော်တို့လင်မယားလည်း အမြဲလိုလို ရွှတ်နောက်နောက် ပြောတတ်တော့ သူကလည်း ဟီးဟီးဟားဟားနဲ့ပေါ့။ ဒါပေမယ့် နောက်မကြာခင်မှာ မထင်မှတ်တဲ့ အခြားရောဂါတခုနဲ့ သူဆုံးသွားတယ်။ စားသောက်ဆိုင်တခုမှာ ညစာစားပြီး Wash room ကို အသွားမှာ stroke နဲ့ လဲကျပြီး ကွယ်လွန်သွားတယ်တဲ့။

အဲဒီသတင်းကြားကာစက ကျနော် သူ့ဓါတ်ပုံကလေး ပြုတ်ကျသွားတာကို ပြန်သတိရပြီး စိတ်ထဲမှာ မသိုးမသန့်နဲ့ အပြစ်ရှိသလိုလိုတောင် ခံစားမိသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ လူတော်လူကောင်းတယောက်၊ မိတ်ဆွေကောင်းတယောက်ကို နှမြောတသ သတိရမိပါတယ်။
Read more

“နာရီသံကြောင့်ပါ ဆိုနေမှ”



လွန်ခဲ့တဲ့ ၁၃ နှစ်။

ကျောင်းပြီးကာစ အချိန်တုန်းက ကျနော်တို့သူငယ်ချင်းတစု အင်္ဂလိပ် စကားပြောသင်တန်းတက်ကြပါတယ်။ ခြောက်မိုင်ခွဲမှာနေထိုင်တဲ့ Dorothy လို့ အမည်ရတဲ့ အမျိုးသမီးကြီးထံမှာ သွားရောက် သင်ယူကြတာပါ။ ဆရာမကြီးဟာ ငယ်စဉ်က သူနာပြုဆရာမဖြစ်ခဲ့ပြီး အင်္ဂလိပ်စကားကို အတော်ပြောနိုင်ပါတယ်။

သင်တန်းသားက ကျနော်တို့ သူငယ်ချင်း ခြောက်ယောက်ခန့်ပဲဆိုတော့ ဆရာမနဲ့ စားပွဲတ၀ိုင်းထဲ အတူထိုင်ရင်း သင်ယူရတာပေါ့။ ဆရာမက ကျနော်တို့ကို အင်္ဂလိပ်နာမည်တခုစီ ရွေးခိုင်းပြီး အဲသည်နာမည်တွေနဲ့ပဲ အချင်းချင်း အင်္ဂလိပ်လို ပြောကြရတယ်။ ကျနော့်နာမည်ကတော့ ကိုပေါနဲ့ ခပ်ဆင်ဆင် Paul လို့ပဲ အလွယ်မှည့်လိုက်တယ်။ ကျနော်သူငယ်ချင်းတွေကလည်း ဂျိမ်းစ်ဘွန်းကားထဲကနာမည်တွေကို အသီးသီး ယူကြတယ်။ ဂျိမ်းစ်၊ အော့ဂျော့ဘ် စသဖြင့်ပေါ့။

တရက်မှာ ဆရာမက ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကို တယောက်ချင်း တလှည့်စီ ပြောခိုင်းတယ်။

ကျနော့်အလှည့်မှာ ပြောဖြစ်တာကတော့ ရန်ကုန်တက္ကသိုလ်စိန်ရတုမတိုင်မီ တာမွေက သူငယ်ချင်းတယောက်ရဲ့အိမ်ကို လိုက်အိပ်ပြီး ဗုဒ္ဓဘာသာမိသားစု ဘူးသီးကြော်ဆိုင်အတွက် ကြော်ငြာပိုစတာတွေ ရေးခဲ့စဉ်က အကြောင်းကို ပြောပြဖြစ်ပါတယ်။

အဲဒီတုန်းက သူငယ်ချင်းတစု ညနေပိုင်းလောက်ကစပြီး ဆွဲလိုက်၊ရေးလိုက်တဲ့ ပိုစတာတွေဟာ ည ၁၁ နာရီလောက်မှာမှ ပြီးသွားတာမို့ အားလုံး အဲဒီအိမ်မှာပဲ ညအိပ်ကြရတယ်။ လူနှစ်ယောက်ကို ခြင်ထောင်တခုနှုန်းနဲ့ အိမ်ရှေ့ခန်း ကြမ်းပြင်ပေါ်မှာ တန်းစီအိပ်ကြတယ်။ ကျနော်က အိမ်ရှင်သူငယ်ချင်းနဲ့ ခြင်ထောင်တခုထဲမှာ အိပ်ရတယ်။ အိမ်ရှေ့လမ်းမီးတိုင်က မီးရောင်ဟာ တရုပ်ကပ်ကတဆင့် အိမ်ရှေ့ခန်းထဲကို ဖြာကျနေတယ်။

ကျနော်ဟာ အရွယ်ရောက်ကတည်းက အိပ်ယာတခုထဲမှာ အဲသည်လို နှစ်ယောက်အတူ မအိပ်ဘူးတာကတကြောင်း၊ သူများအိမ်မှာ ဖြစ်နေတဲ့အတွက်ကြောင့်တကြောင်း ကောင်းကောင်း အိပ်မပျော်ပါဘူး။ ပိုဆိုးတာက အဲသည်အိမ်မှာရှိတဲ့ အီလက်ထရောနစ် တိုင်ကပ်နာရီက တနာရီပြည့်တိုင်း ဒေါင် ကနဲ ထထ မြည်ပါသေးတယ်။ ဒီတော့ ကျနော့်မှာလည်း တနာရီတခါဆိုသလို အိပ်ယာက နိုး နိုးလာတော့တာပေါ့။ နိုးလို့ ကြည့်လိုက်တိုင်းလည်း ဘေးက ပုဂ္ဂိုလ်ဟာ တရှူးရှူးနဲ့ အိပ်မောကျလျက်ပါ။ ပုဆိုးကလည်း သူ့လည်ပင်းမှာ အကွင်းလိုက် ပတ်နေပြီး သူ့ရဲ့ အောက်ပိုင်းသဘာဝ အလှကို ဖောဖောသီသီ ရက်ရက်ရောရောကြီး ခင်းကျင်းပြသထားပါတယ်။

ကျနော်ဟာ အဲသည်အကြောင်းကို အင်္ဂလိပ်လို မတောက်တခေါက်နဲ့ စီကာပတ်ကုံး ကြိုးစားပြီး ပြောပြပါတယ်။ ကျနော့်စကားဆုံးတော့ ဆရာမ မေးလိုက်တဲ့ မေးခွန်းကြောင့် အားလုံး ရယ်မောမိကြပါတယ်။

ဆရာမက…..

“မင်း တနာရီတခါနိုးတာဟာ တိုင်ကပ်နာရီသံကြောင့်လား၊ ဒါမှမဟုတ် မင်းသူငယ်ချင်း ပုဆိုးလည်ပင်းပတ်နေတာကို ထကြည့်တာလား”…. တဲ့။

(တီတီအယ်လ် သို့ အမှတ်တရ)
Read more

“၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့သမျှ”

ဒီနေ့က သက္ကရာဇ် ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးနေ့။

၂၀၀၈ ခုနှစ်မှာ သတိရအောက်မေ့ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတယ်။ အဲသည်အဖြစ်အပျက်တွေထဲကမှ ကျနော့်စိတ်ထဲကို ထိခိုက်စေတဲ့၊ အမှတ်ထင်ထင်လည်း ကျန်ရစ်နေခဲ့တဲ့ အဖြစ်အပျက်အချို့ကို ဒီပို့စ်မှာ အကျဉ်းချုံးပြီး ပြန်ပြောပြချင်ပါတယ်။

၂၀၀၈ ခုနှစ်… ဇန်န၀ါရီလမှာ နာမည်ကျော် သီးလေးသီးအငြိမ့်အဖွဲ့ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြည်ပကို ကျွန်တော်တို့ ခေါ်ယူကပြဖို့ စီစဉ်နိုင်ခဲ့တယ်။ စင်္ကာပူမှာ ပထမအကြိမ် ကပြတဲ့ပွဲမှာ လက်မှတ်တွေ အကုန်ရောင်းရတဲ့အပြင် ထိုင်ခုံတွေပါ တိုးချဲ့ စီစဉ်ပေးခဲ့ရတယ်။ ရတဲ့အမြတ်ငွေတွေထဲက ၆၀ ရာခိုင်နှုန်းနဲ့ ပရိသတ်က ဆုချတဲ့ ဆုကြေးတွေကို သီးလေးသီးအငြိမ့်အဖွဲ့သားတွေကို ချီးမြှင့်ဂုဏ်ပြုနိုင်ခဲ့သလို ကျန် ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းက ဒီမိုကရေစီ အင်အားစုများထံ ပေးပို့နိုင်ခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ ဘလော့ဂါ ကိုနေဘုန်းလတ်တယောက် စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ မတရားတဲ့ စွဲချက်တွေနဲ့ ရုံးတင်ခံရပြီး ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ မြန်မာ ဘလော့ဂါ လောကမှာ ပထမဦးဆုံးအနေနဲ့ ဖမ်းဆီးထောင်ချခြင်း ခံရသူဖြစ်ပါတယ်။

သိပ်မကြာပါဘူး။ ရမ်ဘိုအပိုင်းလေး ဇာတ်ကားထွက်လာပြီး မြန်မာစစ်တပ်ကို နှိပ်ကွပ်ထားတဲ့ အဲဒီရုပ်ရှင်ဇာတ်ကားဟာ မြန်မာပရိသတ်အကြားမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ စင်္ကာပူမှာလည်း ပြည်ပရောက်မျိုးချစ်မြန်မာများက ဦးစီးလို့ ရုပ်ရှင်ရုံကြီးတရုံလုံးကို ဘွတ်ကင်လုပ်ပြီး မြန်မာတွေ အတူတကွ ကြည့်ရှုခဲ့ကြပါတယ်။

မေလဆန်းပိုင်းကို ရောက်တဲ့အခါမှာတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်အမည်ရှိတဲ့ အင်အားကြီး ဆိုင်ကလုံးမုန်တိုင်း ၀င်မွှေသွားတဲ့အတွက် လူအများအပြား သေကြေပျက်စီးရပြီး အိုးအိမ်မြို့ရွာပေါင်းမြောက်များစွာနဲ့အတူ လယ်ယာမြေဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ပြည်တွင်းနေရာအနှံ့အပြားနဲ့ ကမ္ဘာအရပ်ရပ်က ပေးပို့လာတဲ့ အကူအညီတွေကို နအဖ စစ်အစိုးရက ပိတ်ပင်ရုံမျှမက အချို့သော ပစ္စည်းရိက္ခာတွေကို ကြားကဖြတ်ပြီး အလွဲသုံးစားလုပ်တဲ့အတွက် ကြားရသူအပေါင်းအတွက် အော့နှလုံးနာစရာ၊ မသတီစရာကိစ္စကြီး ဖြစ်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းပြီးတာနဲ့ လူမှုအကူအညီများအတွက် တက်ကြွစွာ လှုပ်ရှားသူ ကိုဇာဂနာအပါအ၀င် နိုင်ငံရေးသမား လူငယ်အများအပြားကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်ခံရသူတွေ ထိထိရောက်ရောက် အကူအညီပေးဖော်မရတဲ့ နအဖစစ်အစိုးရဟာ သူ့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကိုတော့ မေလအကုန်မှာ လူထုဆန္ဒခံယူပွဲအတုအယောင်ကျင်းပပေးပြီး ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော် (၉၂.၄% လားမသိ) နဲ့ အတည်ပြုကြောင်း ကြေညာခဲ့တယ်။ စင်္ကာပူက မြန်မာသံရုံးရှေ့မှာ မြန်မာပေါင်း ၂၀၀၀ ကျော်ဟာ “နိုး” လို့ ရေးထားတဲ့ အင်္ကျီအနီနဲ့ ဦးထုတ်အနီတွေ ၀တ်ဆင်ပြီး မဲသွားပေးခဲ့တဲ့အဖြစ်အပျက်ကိုကြည့်ရင် ဒီအခြေခံဥပဒေကို ပြည်သူတွေ ဘယ်လောက် ရွံမုန်းသလဲ၊ ဘယ်လောက်အထိ လက်သင့်မခံနိုင်သလဲ ဆိုတဲ့အချက်ကို ဖော်ကျူးကာ မှတ်တမ်းတင်ခဲ့သလိုပါပဲ။

ဂန်ဖလားလို့ ခေါ်တဲ့ ဂန်ဘာရီကတော့ ၂၀၀၇ နဲ့ ၂၀၀၈ အတွင်းမှာ မြန်မာပြည်ကို ပြန်ချည်သွားချည် ကူးသန်းနေတယ်။ ပန်းရည်ဘဏ်တိုက်သီချင်းအတိုင်းပါပဲ။ “အပြန်..အပြန်..အပြန်လားဟေ့….အသွား အသွား အသွား ပါဗျိုး….ခေါက်တုန့်လူးလာ…ကူးကာသယ်ဖို့ကြုံ…..”

နောက်တော့ စင်္ကာပူက မြန်မာ့အရေးလှုပ်ရှားသူတွေ တယောက်ပြီးတယောက် စင်္ကာပူကနေ ထွက်ခွာသွားရတယ်။ သူတို့ရဲ့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်တွေ သက်တမ်းကုန်သွားတဲ့အခါမှာ စင်္ကာပူအစိုးရက သက်တမ်းတိုးမပေးတော့တဲ့အတွက်ပါ။ သည်နှစ်ထဲမှာ ကျနော်အင်မတန် ရင်းနှီးပြီး လေးစားတဲ့ လူငယ်တယောက် မြန်မာပြည်တွင်းကို ပြန်သွားတယ်။ သူနဲ့ ထိတွေ့ခဲ့ရတဲ့ နှစ်နှစ်ခွဲလောက် ကာလအတွင်းမှာ သူက ကျွန်တော့် ယုံကြည်မှုတွေကို အရောင်တင်ပေးနိုင်ခဲ့ပြီး မှန်မှန်ကန်ကန်တွေးခေါ်တတ်အောင် လမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း စင်္ကာပူမှာ ဆေးရုံလာတက်ရင်း စင်္ကာပူမှာပဲ ကွယ်လွန်သွားခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့အတူရော မြန်မာပြည်သားတဦးအနေနဲ့ပါ ဆုံးရှုံးမှုအတွက် ၀မ်းနည်းခဲ့ရပါသေးတယ်။

နောက်တော့ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို တခါမှ မကြားဘူးတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ (၆၅ နှစ်စီ) ချမှတ်ပြီး နယ်စွန်နယ်ဖျား ထောင်တွေကို ပို့လိုက်တယ်။ နအဖ စစ်အစိုးရအနေနဲ့ ဘယ်လောက်သွေးရူးသွေးတမ်းဖြစ်နေသလဲဆိုတာ သိသာထင်ရှားစေတဲ့ လုပ်ရပ်ပါပဲ။

တဖက်ကကြည့်ရင် အားတက်စရာအနေနဲ့ကတော့ အဖွဲ့ချုပ်က အန်ကယ်လ်ဦးဝင်းတင်၊ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ နှစ်ရှည်လများ ထောင်ကျနေရာက ပြန်လွတ်လာကြတယ်။ အပြင်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုမို အရှိန်မြင့်တက်လာပါတယ်။

ကျနော့်ဘလော့ဂ်နဲ့ ပတ်သက်လို့ ပြောရရင် ကျနော့်ဘလော့ဂ်မှာ ၂၀၀၈ ခုနှစ် တနှစ်အတွင်း (ဒီပို့စ်အပါအ၀င်) ပို့စ်ပေါင်း ၁၄၉ ခု တင်ဖြစ်ခဲ့တယ်။ အများစုက ကျနော်ရေးတာဖြစ်ပေမယ့် တချို့ပို့စ်တွေက အခြားစာရေးသူတွေရဲ့ စာကို တိုက်ရိုက်တင်ပေးတာ၊ ဘာသာပြန်ပေးတာတွေ ပါပါတယ်။

ဘလော့ဂ်ဆိုတာဟာ အတုအယောင်ကမ္ဘာ (Virtual World) ဆိုပေမယ့်လည်း ကျနော့်ဘလော့ဂ်မှာတော့ တတ်နိုင်သမျှ ကျနော့်ခံစားမှု၊ အတွေးအမြင်နဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို အမှန်အတိုင်း တင်ပြဖို့ အားထုတ်ခဲ့ပါတယ်။ အားထုတ်တယ်ဆိုတဲ့ စကားထက် အမှန်အတိုင်း ပွင့်အန်ကျခဲ့တယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါရဲ့။

တခြားဘလော့ဂ်တွေမှာလည်း ကွန်မင့်တွေ ရှည်ရှည်လျားလျား သွားရေးဖြစ်ခဲ့ပါတယ်။ ကျနော့် ဒဏ်ကို အခံရဆုံး ဘလော့ဂါတွေကတော့ ပန်ဒိုရာ၊ တန်ခူး၊ ကလိုစေးထူး၊ ဂျစ်တူး၊ တီဇက်အေ၊ မေငြိမ်း နဲ့ ခင်မင်းဇော် တို့ ဖြစ်ပါတယ်။ ကျနော် ဘာတွေပဲ ကွန်မင့်ကွန်မင့် လွတ်လပ်စွာ ဝေဖန်ခွင့်ပေးထားကြတဲ့သူတွေမို့ (တားရင် မကောင်းလို့လည်း ဖြစ်နိုင်တယ်) ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောလိုက်ပါတယ်။

နောက်တချက်က အွန်လိုင်းပေါ်မှာပဲ တွေ့ဆုံရင်းနှီးခဲ့ရတဲ့ ဘလော့ဂါ ကိုဖိုးဇေတယောက် ကွယ်လွန်သွားခြင်းပါပဲ။ လူချင်းမတွေ့ဘူးလိုက်ပေမယ့် မြန်မာပြည်လွတ်မြောက်ဘို့အရေး ဆန္ဒတူသူတဦးမို့၊ စာရေးသားဖို့ ၀ါသနာထုံကြသူချင်းမို့ စိတ်ထဲမှာ ထိခိုက်ရပါတယ်။

ကျနော်အခု လက်ရှိနေထိုင်ရာ စင်္ကာပူနိုင်ငံအရေးနဲ့ ပတ်သက်လို့လည်း အမှတ်တရ အဖြစ်အပျက်တွေ အများကြီးရှိခဲ့ပါတယ်။ ဟိုးလေးတကျော် အဖြစ်ဆုံးကတော့ မက်စ်ဆီလာမက် ဆိုတဲ့ အကြမ်းဖက်သမားအဖြစ် စွတ်စွဲခံရသူ အကျဉ်းသားတယောက် လုံခြုံရေးအထူးတင်းကြပ်တဲ့ အကျဉ်းစခန်းကနေ (အစိုးရအဆိုအရ) ထွက်ပြေးလွတ်မြောက်သွားခြင်းပါ။ အခုထိ ဖမ်းမမိသေးပါဘူး။ ဒုတိယအနေနဲ့ကတော့ အမြော်အမြင်ကြီးတယ်လို့ နာမည်ကြီးတဲ့ စင်္ကာပူခေါင်းဆောင် လီကွမ်းယူက “ငါတို့ရဲ့ ရွှေရောင်ဝင်းတဲ့ ခေတ်ကို စ ရောက်လာပြီ” လို့ ပြောပြီး တလ နှစ်လလောက်အတွင်းမှာ စီးပွားပျက်ကပ်ဆိုက်တော့တာပါပဲ။ တတိယအနေနဲ့ကတော့ ထင်ရှားပြီး အများလေးစားတဲ့ အတိုက်အခံခေါင်းဆောင် ဂျေဘီဂျေ ကွယ်လွန်သွားတာပါပဲ။ အများစိတ်ဝင်တစားနဲ့ စောင့်ကြည့်ခံရတဲ့ကိစ္စတွေထဲမှာ အနောက်နိုင်ငံတွေမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ဘဏ်လုပ်ငန်းတွေမှာ စင်္ကာပူအစိုးရအနေနဲ့ အများကန့်ကွက်နေတဲ့ကြားက ငွေတွေ ဘီလီယံနဲ့ ချီကာ ရင်းနှီးမြှုတ်နှံခဲ့ပြီး နေ့ချင်းညချင်းအတွင်းမှာ ရှယ်ယာတန်ဘိုးတွေ ထိုးကျကာ ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေပါဝင်ပါတယ်။ (ဥပမာ စီးတီးဂရုပ်၊ မာရေးလင့်ခ်ျ၊ ယူဘီအက်စ်၊ အေဘီစီ လန်းနင်းစင်တာ စသဖြင့်)။ ဒီမတိုင်မီကလည်း တပ်ဆင်ရှီနာဝပ်ပိုင်ခဲ့တဲ့ ထိုင်းက ရှင်ကော့ပ်ကို တင်းမားဆက်က ၀ယ်ခဲ့မိလို့ ဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့ပါသေးတယ်။ အခုလောလောဆယ် စင်္ကာပူအစိုးရအနေနဲ့ အသဲအသန် ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်နေတာကတော့ ဆောက်လက်စ ကာစီနို (အိုင်အာရ်) နှစ်ခု ပြီးမြောက်ရေးကိုပါ။ အဲဒီပရော့ဂျက်တွေဟာ သူ့နိုင်ငံသားတွေ ဆန့်ကျင်တဲ့ကြားက တဇွတ်ထိုး ရှေ့တိုးဆောက်ခဲ့တာဆိုတော့ ဆောက်လုပ်ပေးနေတဲ့ ဗဲဂတ်စ်လင်းဒ်စ် ဆိုတဲ့ ကုမ္ပဏီအနေနဲ့ အခုစီးပွားပျက်ကပ်အတွင်းမှာ ဒေ၀ါလီခံရပြီး လုပ်ငန်းရပ်ဆိုင်းလုမတတ်ဖြစ်တာတောင် ပီအေပီအစိုးရက အရပ်ဆိုင်းမခံဘဲ ဆက်သွားနေစေတဲ့ ပရော့ဂျက်တွေပါ။ ၂၀၀၉ နဲ့ ၂၀၁၀ မှာ သတ်မှတ်ထားတဲ့အတိုင်း အဲသည်ပရော့ဂျက်တွေ ပြီးအောင်မဆောက်နိုင်ခဲ့ရင် မြို့လည်ခေါင်မှာ ထိုးထိုးထောင်ထောင်နဲ့ ပီအေပီအစိုးရရဲ့ မအောင်မြင်မှု ပြယုဂ်အဖြစ်တည်ရှိနေမှာကို အစိုးရက လိုလားဟန် မရှိပါဘူး။ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပရော့ဂျက်တွေပါ။

မလေးရှားမှာတော့ ဒါတွတ်အန်န၀ါအီဗရာဟင် ဦးဆောင်တဲ့ ပါတီကယ်ဒီလန်၊ လင်ကစ်ရှန်းဦးဆောင်တဲ့ ဒီအေပီနဲ့ အစ္စလမ္မစ်ပါတီ ပါ့စ် တို့က ရွေးကောက်ပွဲမှာ အမတ်နေရာ အများအပြားကို တိုးချဲ့ အနိုင်ရလိုက်ပြီး အာဏာရပါတီ (UMNO)ရဲ့ နှစ်ပေါင်းများစွာ ပါလီမန်အတွင်းမှာ အပြတ်အသတ် အသာစီးရမှုကို ပထမဦးအကြိမ် ချိုးဖျက်နိုင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ၀န်ကြီးချုပ် အဗ္ဗဒူလာဘာဒါဝီအနေနဲ့ နောက်နှစ်ထဲမှာ ဒုဝန်ကြီးချုပ်ဖြစ်သူ နာဂျစ်ကို အာဏာလွှဲပြောင်းပေးရင်း နိုင်ငံရေးက အနားယူဘို့ ဖြစ်လာပါတယ်။ မလေးရှားဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဘို့ တစထက်တစ ပိုနီးလာသလိုပါပဲ။ နောက်ပိုင်းမှာ အကျင့်ပျက်လာဘ်စားမှုတွေကို လျှော့ချသွားနိုင်ပြီဆိုရင် မလေးရှားရဲ့ စီးပွားရေးအခြေအနေ မြင့်တက်လာဘို့ အကြောင်းရှိပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ပြီး ၂ ပတ်လောက်အကြာမှာ တရုပ်ပြည်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပြီး လူအများအပြားသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကလည်း ကမ္ဘာသတင်းခေါင်းစီးများမှာ နေရာယူခဲ့ပါတယ်။ ငလျင်ကယ်ဆယ်ရေးမှာ တရုပ်အစိုးရရဲ့ လျင်မြန်ပြီး ပွင့်လင်းမှုရှိတဲ့ ကယ်ဆယ်ရေးကို ကမ္ဘာက ချီးမွန်းခဲ့ကြပါတယ်။ ဒါပေမယ့် ဘေဂျင်း အိုလံပစ်ပွဲမတိုင်မီ တိဘက်မှာ ဘုန်းတော်ကြီးတွေနဲ့ ဆန္ဒပြသူတွေကို တရုတ်အစိုးရရဲ့ ကိုင်တွယ်ပုံကြမ်းတမ်းခဲ့တာမို့ အိုလံပစ် မီးရှူးတိုင်သယ်ယူတဲ့ ခရီးစဉ်အတွင်း ကမ္ဘာ့အနှံ့အပြားမှာ လူအများအပြားက ဆန္ဒပြခဲ့ကြပြီး အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို နာမည်ကြီး အနုပညာရှင်များနဲ့ ဧည့်သည်တော်များက သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်တော့ အိုလံပစ်ဖွင့်ပွဲအခမ်းအနား ထုတ်လွှင့်ချက် ဗီဒီယိုမှာတောင် အထူးပြုလုပ်ချက်တွေနဲ့ အင်ထုမိလို့ တကမ္ဘာလုံး အုတ်အော်သောင်းတင်းဖြစ်ခဲ့ရပါတယ်။ တရုတ်ပြည်နဲ့ ပတ်သက်လို့ ဟိုးလေးတကျော်အဖြစ်ဆုံး ဖြစ်ရပ်ကတော့ တရုပ်ပြည်က ထုတ်လုပ်တဲ့ နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေမှာ မယ်လမင်းဓါတ်တွေ မြင့်မားစွာ ပါဝင်ပြီး ကလေးသူငယ်တွေကို ဥပါဒ်ဖြစ်စေခဲ့တဲ့ ကိစ္စပါပဲ။ တရုတ်ပြည်အမှတ်တံဆိပ်အနေနဲ့ နာမည်အပျက်ဆုံးနှစ်လို့ ဆိုရင်လည်း မမှားပါဘူး။

ကမ္ဘာ့အရေးနဲ့ ပတ်သက်လို့ အထူးခြားဆုံး အဖြစ်အပျက်ကတော့….. အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံးအနေနဲ့ လူမဲတဦးဖြစ်သူ အိုဘားမား ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းပါ။ သူဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ သမ္မတရာထူးကို လွှဲပြောင်းရယူပါတော့မယ်။ သူ့လက်ထက်မှာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ပြောင်းလဲစေနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပါ။
နောက်တချက်က မကြာခင်ကမှ ဘုံဘေမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်နောက်ပိုင်း ကမ္ဘာ့ထိပ်သီးနိုင်ငံများအနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို အရင်ကထက်ပိုပြီး အရေးစိုက်ဘို့ လိုလာပါပြီ။ ဘာကြောင့် အကြမ်းဖက်သူတွေ ပေါ်ပေါက်လာရသလဲဆိုတဲ့ အကြောင်းရင်းမြစ်ကိုပါ ရှာဖွေပြီး ဖြေရှင်းရတော့မယ့်အချိန်ကို ရောက်လာပါပြီ။ ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွက် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်လာသော်ငြား စစ်မက်ဖြစ်ပွားတဲ့အထိတော့ ရောက်မယ်လို့ ကျနော်မထင်ပါဘူး။

လောလောဆယ် အသည်းအသန်ဖြစ်နေတာကတော့ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ခြောက်လကြာ အပစ်အခပ်ရပ်စဲရေးရပ်ဆိုင်းသွားပြီး ပါလက်စတိုင်းက ဟာမာ့စ်တွေက အစ္စရေးကို ဒုံးပျံအသေးစားလေးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အစ္စရေးက လက်တုန့်ပြန်တဲ့အနေနဲ့ လေကြောင်းက ဗုံးကြံတိုက်ခိုက်ခဲ့တာမှာ ဟာမာ့စ် လုံခြုံရေးအစောင့်တွေ အပါအ၀င် လူသုံးရာကျော် သေဆုံးခဲ့ရပါတယ်။ အရှေ့အလယ်ပိုင်းကတော့ ထုံးစံအတိုင်း ပေါက်ကွဲတော့မယ့် ဗုံးတလုံးလို အနေအထားမှာ အမြဲရှိနေပါတယ်။ ဇင်ဘာဘွေအပါအ၀င် ကမ္ဘာတခြားဒေသတွေမှာလည်း မတည်မငြိမ်မှုတွေ ဖြစ်နေပေမယ့် ကျနော်သိပ်စိတ်မ၀င်စားတဲ့အတွက် ဒီမှာ ထည့်မရေးတော့ပါဘူး။ ထိုင်းနိုင်ငံအကြောင်းကလည်း နောက်ပိုင်းမှ သတ်သတ်ရေးချင်တဲ့အတွက် ဒီပို့စ်မှာ မထည့်ဘဲ ချန်ခဲ့ပါဦးမယ်။

အားလုံးကို ထိခိုက်တဲ့ ပြဿနာကတော့ အားလုံးသိကြတဲ့ ကမ္ဘာစီးပွားပျက်ကပ်ပါဘဲ။ အမေရိကန်ပြည်ထောင်စုက စလာလိုက်တဲ့ စီးပွားကျဆင်းမှု ပြဿနာဟာ ယနေ့ ကမ္ဘာ့အနှံ့အပြားကို ရိုက်ခတ်လာပြီး ရှေ့လာမယ့်နှစ်မှာ အလုပ်အကိုင်ရှားပါးမှုပြဿနာကို လူအတော်များများ ကြုံတွေ့ကြရကိန်း ရှိပါတယ်။ တရုတ်ပြည်မှာဆိုရင် မြို့ပေါ်တက် အလုပ်လုပ်နေကြသူတွေဟာ အလုပ်လက်မဲ့ပြဿနာကြောင့် မိမိဇာတိ တောဖက်ကို ပြန်ဆင်းနေကြပါပြီ။ အခုစီးပွားပျက်ကပ်ကြောင့် တချို့သောနိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေဟာလည်း တမျိုးတဖုံဖြစ်သွားစရာ အကြောင်းရှိပါတယ်။

ဒါတွေဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်မှတ်မိသလောက် အကျဉ်းချုံးရေးပြတာပါ။ သုံးသပ်ချက်အသေးစိတ် မပါပေမယ့် ကျနော့်အမြင်နဲ့ မှန်းဆချက်ကလေးတွေတော့ တချက်တချက် ပါသွားပါတယ်။

ကျနော့်ဘလော့ဂ်ကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အားလုံး… လာမယ့် ၂၀၀၉ နှစ်ကစလို့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသားအားလုံးနဲ့အတူ ကျန်းမာခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Read more

“မဟူရာနောက်ခံဝယ်......(၂)”

တိုတောင်းလှသော ကာလလေးအတွင်း ကြုံကြိုက်လိုက်ရသော်လည်း တသက်လုံး အမှတ်ထင်ထင် သတိရနေမိတတ်သော လူပုဂ္ဂိုလ်များ၊ မိတ်ဆွေများ ရှိတတ်ပေသည်။

ကိုကျော်စိုးသည် ထိုသို့သော လူမျိုးများမှ တယောက်ဖြစ်လေသည်။ သူနှင့်ကျနော် အပြန်အလှန်သိကျွမ်းလိုက်ရသည့်ကာလမှာ တနှစ်မျှပင် မကြာလိုက်။ သေချာသည်ကတော့ ကျနော့်ဘ၀ တလျှောက်လုံး သူ့အား အမှတ်ထင်ထင် ရှိနေဦးမည်သာဖြစ်သည်။



အနုပညာကို ၀ါသနာပါသူမို့....

အပြင်မှာ သိကျွမ်းခဲ့သည်က တနှစ်ဆိုသော်လည်း တကယ်တမ်းတွင်မူ သူ့ကို ကျနော်စပြီး သတိထားမိသည်ကတော့ လွန်ခဲ့သည့် သုံးနှစ်လောက်ကတည်းကဖြစ်သည်။ ထိုစဉ်က သူပါဝင် သရုပ်ဆောင်သော “Who wants to be millionaire” ဆန်ဆန် “ကံထူးရှင်ရွေးချယ်ပွဲ” နှင့် တီပီမြန်မာ သင်္ကြန်ဗီဒီယိုအခွေမှာ စင်္ကာပူရောက် မြန်မာလူမျိုးများအကြားတွင်သာမက မြန်မာပြည်တွင်းသို့တိုင် အင်မတန် လူကြိုက်များလှသည်။

ထိုဗီဒီယိုအခွေတွင် ကိုကျော်စိုး၏ အနုပညာဗီဇနှင့် ဟာသဉာဏ်ရွှင်ပုံကို အတိုင်းသား တွေ့မြင်နိုင်ပေသည်။ ကံထူးရှင်ရွေးချယ်အပြီးတွင် အနောက်တိုင်းဝတ်စုံကို အကျအန၀တ်ဆင်ထားသည့် ကိုကျော်စိုးက မြန်မာသံရုံးတွင် မိတ္တူကူးစက်မရှိ၍ အပြင်တွင် အပြေးအလွှား သွားကာ မိတ္တူကူးရပုံ၊ ချွေးတရွှဲရွှဲဖြင့် သံရုံးကို ပြန်ရောက်လာသည့်အခါတွင်ကား အမောပြေ ရေသောက်စရာ ရေအေးစက်မရှိပုံ၊ လေအေးစက်ဖွင့်ထားမပေးပုံတို့ကို ပြောပြကာ ကံထူးရှင်၏ ဆုငွေထဲမှာ တတိတတိ ပြန်နှုတ်ယူနေသည့်အခါ ပွဲကြည့်ပရိသတ်က လက်ခုပ်တဖြောင်းဖြောင်း။

အကျိုးဆက်အဖြစ်..... ထိုသင်္ကြန် ကပွဲနောက်ပိုင်း မြန်မာသံရုံးတွင် မိတ္တူကူးစက်နှင့် ရေအေးစက်များကို ထားပေးပြီး လေအေးစက်ကိုလည်း ဖွင့်ထားပေးခြင်းဖြစ်သည်။ ကျနော်ကိုယ်တိုင်လည်း ထိုအဖြစ်အပျက်မှ သင်ခန်းစာ ယူပါသည်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ယူမှ ရသည် ဆိုသော သင်ခန်းစာ။


(တီပီမြန်မာ သင်္ကြန်သံချပ်ကဏ္ဍတွင် ကိုကျော်စိုး သံချပ်ထိုးနေပုံ -ဤဓါတ်ပုံကို ယူကျုဗီဒီယိုမှ ရယူပါသည်)


အိပ်ပျက်ညများစွာ.....

ဟော....သူ့ကို လူကိုယ်တိုင် စမြင်ဖူးတော့ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း တိုပါးရိုးဘုန်းတော်ကြီးကျောင်း၌ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည့် ၀တ်ပြုဆုတောင်းပွဲတွေမှာ။ သို့သော် ရင်းရင်းနှီးနှီး စကားမဆိုဖြစ်။

သည့်နောက်ပိုင်း အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်သော အစည်းအဝေးများမှာ စတင်စကားပြောဖြစ်လာသည်။ သူသည် ဗီဒီယိုထဲတွင်သာမက အပြင်မှာလည်း ပွဲကျအောင် ပြောနိုင်သူ၊ ဟာသဉာဏ်ရှိသူတဦးအဖြစ် ကျနော့် စိတ်ထဲတွင် အသိအမှတ်ပြုမိပါသည်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အောချာ့ဒ်လမ်းမပေါ်မှာ ဆန္ဒပြကြတော့ စီတန်းကာ ရပ်နေကြသော ဆန္ဒပြသူတွေ၏ ဘေးမှ ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ စနစ်တကျဖြစ်စေရန် စီစဉ်ပေးနေခဲ့သည့် သူ့ပုံရိပ်ကို သတိရမိသည်။

စင်္ကာပူမှာ ရမ်ဘိုအပိုင်း(၄)ကို ရုံတင်သောအခါ ကိုကျော်စိုးနဲ့ အိုဘီပီအဖွဲ့ ရုပ်ရှင်ရုံကြီးတရုံလုံး ဘွတ်ကင်လုပ်ကာ မြန်မာတွေ အတူတကွ ကြည့်လို့ရအောင် စီစဉ်ပေးခဲ့တာကိုလည်း မေ့လို့မရ။ နောက် ရုပ်ရှင်အပြီးမှာ အားလုံးမတ်တပ်ရပ်ပြီး အားပေးခဲ့တာ၊ အားလုံးကမ္ဘာမကြေဆိုပြီး သူက ရှေ့ကနေ ကြွေးကြော်သံတွေ တိုင်ပေးတာတွေလည်း ချန်ထားလို့မရ။ အဲဒီနေ့က သူပြောတဲ့ စကားတွေထဲမှာ ကျနော်မှတ်မိသေးတာက “ရုပ်ရှင်ထဲမှာ ရမ်ဘိုပစ်သတ်တာက လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေကို မဟုတ် ဆိုတဲ့အကြောင်း။

သည့်နောက်ပိုင်းမှာတော့ လှုပ်ရှားမှုပေါင်းများစွာ၊ အစည်းအဝေးပေါင်းများစွာမှာ ကိုကျော်စိုးနှင့် အတူလက်တွဲလှုပ်ရှားရင်း လျှင်မြန်စွာရင်းနှီးလာခဲ့သည်။ ကျနော်တို့အတူတွဲ လုပ်ခဲ့ကြသော လှုပ်ရှားမှုများအနက် အော့ချာ့ဒ်ဆန္ဒပြပွဲနှင့် မြန်မာသံရုံးရှေ့ပြုလုပ်သည့် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုမှာ လူသိအများဆုံးနှင့် အအောင်မြင်ဆုံးဖြစ်သည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုအတွက် ကိုကျော်စိုးနှင့် အိုဘီပီအဖွဲ့ဝင်များသည် မြန်မာအလုပ်သမားများ နေထိုင်ရာ အလုပ်သမားအိမ်ယာများ၊ အလုပ်ခွင်များသို့ ညကြီးမင်းကြီး စည်းရုံးရေးခရီး ဆင်းခဲ့ကြသည်။ ထိုစည်းရုံးရေးခရီးစဉ်များ၏ အကျိုးဆက်အဖြစ် မဲပေးမည့်နေ့က မြန်မာလူမျိုး ၂၀၀၀ ကျော် အင်္ကျီအနီ၊ ဦးထုပ်အနီများ ၀တ်ဆင်ကာ ကန့်ကွက်ဆန္ဒမဲလာပေးခဲ့ရာ မြန်မာသံရုံးတည်ရှိရာ စိန့်မာတင်ဒရိုက်လမ်းသာမက တန်လင်လမ်းမပေါ်အထိပါ အနီရောင်လူတန်းကြီး လျှံကျသွားခဲ့ပါသည်။

(မြန်မာလုပ်သားများအကြား ကွင်းဆင်းစည်းရုံးနေပုံ- ဤဓါတ်ပုံများကို လင်းလက်ကြယ်စင် ဘလော့ဂ်မှ ယူပါသည်။)


ပရိတ်သတ်ကို ထိန်းနိုင်သူ....

သူအခမ်းအနားမှူးလုပ်သော ပွဲများကိုလည်း ကျနော်တက်ရောက်ဖူးပါသေးသည်။ ပထမဦးဆုံး အိပ်ဆဲစီးယား ဟိုတယ်တွင် ကျင်းပသော ပရိတ်သတ် ၇၀၀ ခန့် တက်ရောက်သော အခမ်းအနားတွင် ကိုကျော်စိုးတယောက် အရွှန်းအသောများဖြင့် ပရိတ်သတ်ကို ထိန်းသွားသည်ကို တွေ့ရသည်။

သည့်နောက် ဘုန်းကြီးကျောင်းမှာ ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ အခမ်းအနားမှူးလုပ်သည်။ ပို၍ အမှတ်တရဖြစ်စေသည်ကတော့ မြန်မာ့လူ့အခွင့်အရေးနေ့ (ဖုန်းမော်နေ့)အခမ်းအနားတွင် ကိုကျော်စိုး ကဗျာတပုဒ်ကို ရွတ်ဆိုခြင်းဖြစ်သည်။ ကဗျာကလည်း ကောင်း၊ ကိုကျော်စိုး ရွတ်ဆိုသည့် အသံနေအသံထား မှင်မောင်းကလည်း ကောင်းသဖြင့် ပရိသတ်မှာ ကိုကျော်စိုး၏ ဖမ်းစားမှုတွင် တိတ်ဆိတ်ငြိမ်သက်စွာ မျောပါနေခဲ့သည်။


(ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် ကိုကျော်စိုး အခမ်းအနားမှူးပြုလုပ်နေပုံ)


သတို့သားလောင်းကြီးလေလား....

ယခင်နှစ်က တီပီမြန်မာ ဆယ်နှစ်ပြည့်အထိမ်းအမှတ် သင်္ကြန်ပွဲတွင် ကျနော်တို့အားလုံး လက်မှတ်ဝယ်ကာ သွားရောက်အားပေးကြသည်။ အဲဒီပွဲမှာ စီစဉ်သူတွေထဲက ညီငယ်ညီမငယ်အချို့ကို ကျနော်တို့သိကျွမ်းခင်မင်နေသဖြင့် အားပေးလိုခြင်းဖြစ်သည်။ နောက်ပြီး ကျနော်တို့ရဲ့ မင်းသားကြီး ကိုကျော်စိုးလည်း ပါဝင်ကပြမည် မဟုတ်ပါလား။

ပွဲမစခင် ပရိသတ်များ နေရာယူနေကြစဉ် နံသာရောင်တိုက်ပုံ၊ ပိုးသားပုဆိုးတို့ဖြင့် ခန့်ငြားတောက်ပြောင်နေသော ကိုကျော်စိုးသည် ပွဲကြည့်စင်ခုံတန်းများအကြား လူသွားလမ်းမှ အမျိုးသမီးတဦးနှင့် တွဲကာ လျှောက်သွားနေသည်ကို ကျနော်တို့ မြင်ကြရလေသည်။ အမျိုးသမီးသည် ပွဲလမ်းသဘင်တိုင်းတွင် တက်ပြီး က တတ်သူ ပွဲတိုင်းကျော်ဖြစ်သည်။ ကိုကျော်စိုးက ရှေ့ဆုံးတန်းရှိ သူမ၏ ထိုင်ခုံနေရာကို လိုက်ပြခြင်းဖြစ်သည်။ သို့သော် ကိုကျော်စိုး၏ အ၀တ်အစားနှင့် လျှောက်သွားပုံမှာ မင်္ဂလာအခမ်းအနားတွင် သတို့သားနှင့် သတို့သမီးသည် ပရိတ်သတ်အလယ် ကော်ဇော်ပေါ်က လျှောက်သွားသည်နှင့် တူရကား ကျနော်တို့မှာ အချင်းချင်း လက်တို့ပြရင်း ရယ်မောခဲ့ကြရပါသည်။

ထိုနေ့က တင်ဆက်သည့် ပြဇာတ်တခုတွင် ကိုကျော်စိုးသည် အင်မတန် မြင်ပြင်းကပ်ဖွယ် လက်နက်အားကိုးဖြင့် အဓမ္မ အနိုင်ယူလိုသော စစ်သူကြီးနေရာတွင် ပြောင်မြောက်စွာ သရုပ်ဆောင်သွားလေသည်။



လေအေးစက်ခန်းမမှ မြက်ခင်းပြင်ထက်သို့....


နောက်ပိုင်းတွင် ငွေကို ချွေတာလိုသည်ကတကြောင်း၊ စင်္ကာပူအစိုးရ၏ ထောက်လှမ်းရေးကို မျက်ခြေဖြတ်လိုသည်ကတကြောင်းတို့ကြောင့် ယခင်က လေအေးစက်တပ် လိုင်ဘရီရှိအစည်းအဝေးခန်းမများတွင် စမတ်ကျကျ ဆွေးနွေးသည့်အဆင့်မှ တဖြည်းဖြည်းဖြင့် လိုင်ဘရီအောက်က အုတ်ခုံတွင်လည်းကောင်း၊ လမ်းဘေးတွင်လည်းကောင်း၊ နောက်ဆုံး ဘောလုံးကွင်းမြက်ခင်းပေါ်တွင်လည်းကောင်း ဆွေးနွေးပွဲများကို လုပ်ရသည့် အခြေအနေသို့ဆိုက်သွားလေတော့သည်။

မြန်မာ့အရေးလှုပ်ရှားသူများအပေါ်တွင် စင်္ကာပူအစိုးရ၏ ဖိနှိပ်အရေးယူမှုအချို့ကြောင့် တက်တက်ကြွကြွ လှုပ်ရှားသူများအရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း ကျန်ရစ်သူများမှာ ပိုမိုစည်းလုံးလာပြီး ယုံကြည်ချက်မှာလည်း ပို၍ ခိုင်မာလာသည်ကို တွေ့ရသည်။ ထိုအမာခံလူစုထဲတွင် ကိုကျော်စိုးသည် တယောက်အပါအ၀င်ဖြစ်လေသည်။


(အမျိုးသားစာကြည့်တိုက်အောက် အုတ်ခုံပေါ်က ညဦးပိုင်းအစည်းအဝေးတခု)
(ကိုကျော်စိုးနှင့်ကျနော်)


မျက်နှာဖုံးတပ် စင်္ကာပူအစိုးရ....

စင်္ကာပူအစိုးရသည် ရွှေဝါရောင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်နေစဉ်ကာလတွင် ပြည်ပရောက်မျိုးချစ်မြန်မာများ၏ လှုပ်ရှားမှုများကို အစွမ်းကုန် ပစားပေးထားခဲ့သည်။ အိတ်ဆဲစီးယားဟိုတယ်တွင်ပြုလုပ်သော အခမ်းအနားများအတွက် ကုန်ကျစားရိတ်ကို ကူညီ ကျခံပေးခဲ့ပြီး ဘုန်ကြီးကျောင်းနှင့် မြို့ထဲ အသွားအပြန်ခရီးများအတွကလည်း ဘတ်စ်ကားကြီးများကို စီစဉ်ပေးခဲ့သည်။

ထိုအချိန်က အတိုက်အခံ စင်္ကာပူဒီမိုကရက်ပါတီမှ ဒေါက်တာချီဆွန်းဂျွမ်သည် မြန်မာသံရုံးရှေ့တွင် မီးထွန်းဆုတောင်းပွဲလုပ်ခြင်း၊ မြန်မာအစိုးရ၏ လုပ်ရပ်အပေါ် ကန့်ကွက်သည့်စာအပေါ် လက်မှတ်ကောက်ယူခြင်း၊ စင်္ကာပူအစိုးရမှ မြန်မာအစိုးရသို့ လက်နက်များရောင်းချနေခြင်းကို ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်နေချိန်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော စင်္ကာပူအစိုးရ၏ ပံ့ပိုးမှုများမှာ ဒေါက်တာချီး၏ လုပ်ရပ်ကို မှိန်သွားစေရန် ကြိုးပမ်းမှုတစိတ်တဒေသဟု ယူဆမိပါသည်။

သို့သော် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် စင်္ကာပူတွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်မြင့်တက်လာသည်။ ရွှေဝါရောင်တော်လှန်ရေးနှင့် စင်္ကာပူရောက် မြန်မာတို့၏ တက်ကြွမှုများကို အားကျကာ စင်္ကာပူနိုင်ငံသား တက်ကြွသူများမှလည်း နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ကလေးမှာ ဖွဲ့လာကြသည်။ Sghuman Rights အဖွဲ့ ပေါ်လာသည်။ လူ့အခွင့်အရေးအတွက် စတင်လှုပ်ရှားလာကြသည်။

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကို နအဖ စစ်အစိုးရမှ ရက်ရက်စက်စက် နှိမ်နင်းပြီးသွားသောအခါ စင်္ကာပူအစိုးရ၏ ဟန်ဆောင်မျက်နှာဖုံး ပြုတ်ကျလေတော့သည်။ ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ အဖွဲ့ဝင်များကို ရဲစခန်းသို့ မကြာခဏ ခေါ်ယူစစ်မေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာခဲ့သည်။


မဆိုလောက်ဖွယ် အပြစ်ငယ်ကို.....

“ငါ၏ ကိုယ်၌၊ မဆိုလောက်ဖွယ် အပြစ်ငယ်ကို၊ ကြီးကျယ်ဝတ္ထု ရန်ငြှိုးပြု၍” ဟူသော ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုမှ စာတကြောင်းကို သတိရမိသည်။

စင်္ကာပူအစိုးရသည် အိုဘီပီ အင်အားကြီးထွားလာခြင်းကို သူတို့အာဏာတည်မြဲရေးအတွက် သွယ်ဝိုက်သော နိုင်ငံရေးခြိမ်းခြောက်မှုအန္တရာယ်ဟု မြင်လာသည်။ မည်သည့်ပြဿနာမဆို အညွန့်အဖူး ဘ၀ကတည်းက အပြတ် ဖြတ်တတ်သည့် စင်္ကာပူအစိုးရ၏ လုပ်ထုံးလုပ်နည်းအတိုင်း အိုဘီပီ လှုပ်ရှားမှုမှန်သမျှအား မျက်စိ ဒေါက်ထောက်၍ ကြည့်လာသည်။

စင်္ကာပူအစိုးရအနေဖြင့် ကိုကျော်စိုးသည် အိုဘီပီ၏ မောင်းနှင်အားဟု ထင်မြင်ယူဆသည်။ စင်္ကာပူတွင် ပိုလီကျောင်းဆင်း၍ အလုပ်လုပ်ကာ ပီအာရ်ကျနေပြီးသော ကိုကျော်စိုး၏ နောက်ကြောင်းကို မြေလှန်ရှာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတိတ်က ငြိစွန်းဖူးသည့် (အိုဗာစတေး) အပြစ်တခုကို ယခုအခါတွင်မှ အလောသုံးဆယ် ပြန်ဖော်ကာ တရားစွဲကာ ပြစ်ဒဏ်ချမှတ်သည်။

ထုံးစံမှာ စင်္ကာပူပီအာရ်တယောက်သည် အသေးစားဥပဒေ ငြိစွန်းမှုတခုကြောင့် အပြစ်ဒဏ်ကိုကျခံရပါက ပီအာရ်ကို ပယ်ဖျက်ခံရခြင်း မရှိချေ။ စင်္ကာပူအစိုးရသည် ကိုကျော်စိုးအား သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စင်္ကာပူမှ မောင်းထုတ်လိုသည်။ သို့သော် သူ၏ အမြဲတမ်းနေထိုင်ခွင့်(ပီအာရ်)ကို တရားဝင် ပေါ်ပေါ်ထင်ထင် ရုပ်သိမ်းခြင်းအား မပြုရဲချေ။ အဘယ့်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် နိုင်ငံတကာမျက်နှာစာတွင် အစိုးရအား အင်မတန် အကျည်းတန်၊ အရုပ်ဆိုးစေမည်ဖြစ်သည်။

ထို့ကြောင့် စင်္ကာပူအစိုးရသည် ကိုကျော်စိုးအား စင်္ကာပူမှ သူ့အလိုအလျောက် ထွက်ခွာသွားစေရန် နည်းမျိုးစုံဖြင့် ဖိအားပေးသည်။ နောက်ဆုံးတွင် စင်္ကာပူတွင် ဆက်လက်နေထိုင် ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့် ကိုကျော်စိုးသည် သူ၏ ပီအာရ်ကို ပယ်ဖျက်ကာ ပြည်ပသို့ ထွက်ခွာသွားရပေသည်။

(သတင်းစာရှင်းလင်းပွဲအပြီး အဖွဲ့သားအချို့နှင့်အတူ။)


To sin by silence.....

လူတယောက်သည် သူ့သမိုင်းကို အနာဂတ်မှ ရေးလိုက်မည်ဟု အားခဲနေ၍ မရ။ သူ့သမိုင်းကို သူယခု လက်ရှိလုပ်ဆောင်နေသော လုပ်ရပ်များကသာ ဖန်တီးသည်။

ကိုကျော်စိုး စင်္ကာပူတွင် ရှိစဉ်က လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများသည် ယနေ့အခါ သူ့သမိုင်းဖြစ်လာသလို စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားမှုများသမိုင်း၏ တစိတ်တဒေသလည်း ဖြစ်လာပြန်သည်။

ကိုကျော်စိုးနှင့်ကျနော်နှင့်အကြားတွင် အခါခပ်သိမ်း အယူအဆ တူညီသည်တော့ မဟုတ်။ တူသည့်အခါတူသလို ကွဲလွဲသည့်အခါလည်း ကွဲလွဲသည်။ သို့သော် ကျနော်တို့အတူတကွ လက်တွဲအလုပ်လုပ်နိုင်ခဲ့သည်။

To sin by silence when we should protest makes cowards out of men."
-Ella Wheeler Wilcox

ကိုကျော်စိုးသည် ဆန္ဒပြဖို့ လိုအပ်လာသည့်အချိန်တွင် နောက်ချန်ကာ ရေငုံနှုတ်ပိတ်နေတတ်သူမျိုး မဟုတ်ခဲ့တာကတော့ သေချာသည်။

(ကိုကျော်စိုးနှင့် စကားလက်ဆုံ...)

ပူးတွဲ ဖတ်ရှုရန်များ။

ဒီပို့စ်မှာ မှတ်ချက်ပေးသွားကြတဲ့အထဲက “တီပီ ချစ်သူများ” ရဲ့ မှတ်ချက်ကို ပို့စ်အတွင်းမှာ ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။ အဲဒီမှတ်ချက်ဟာ ကိုကျော်စိုးရဲ့ အကြောင်းကို ပိုမိုပြည့်စုံသွားစေပါတယ်။ ကျေးဇူးတင်ပါတယ်။

Ko Ko yay..

We miss you dearly.

We knew how you love your people and motherland.

Throughout your TP days, we knew that and appreciate how you Lead, contribute and work hard together with your TP Myanmar brothers and sisters to achieve what TP Myanmar today.

We passionately call you Ko Ko (Big Brother) not only just as name it come with respect, love and admiration.

We will never ever forget your protection, your care and help whenever we need you and always ready for your brothers and sisters you try your best and find time even you are busy with handling many things. That’s why everybody comes to you for advice and listens to you for their affairs.

I still vividly remember that how you bravely protect your student brother in Singapore and Myanmar football match (if I am not wrong in 2005 right). A group of Singapore fans punch the TP student and you jump to his protection and fight back to many and let him escape. Lucky that SG police and TP Myanmar students saw and come to rescue. After the event your face look like over ripen prune with blue and black and we made joke about it. You still laugh off and said

Hey..One can win many only in movie lah..that was close man!…

And you control crowd and negotiate with authority to get us safety from unreasonable mob of Singapore fan. Thank you Ko Ko yay…I am crying now.

Without you we are feeling that same kind of feeling like elder missing in family. Although we are feel down we will carry on with your determination. When you said in one of motivational speeches in our gathering...

As long as Temasek Polytechnic exist, as long as Myanmar students exist in TP, TP Myanmar must exist and carry on.. Once you are TP Myanmar, forever you are…

When we listening to you we feel the bliss and togetherness with goose pump and hit to our heart with sense of belonging…..yes Ko Ko we will carry on with your direction with shoulder to shoulder ,generation by generation to carry out unity and fly our TP Myanmar flag high.

You believe in and hold onto our motto and truly committed to that.

We are family, discrimination; prejudice and rivalry are alien to us. We TP Myanmar Students are symbol of unity.

(You explained to us this is derived from your senior brother Leo and others senior right.)

You established TP Myanmar tradition and shown case to us how to build the unity. You leading us by example showing how you respect and value to your seniors and as well as how you concern and treasure to your juniors. You are a true symbol of unity Ko Ko, a proud son of TP Myanmar.

We don’t know about detail of all OBP movements although we participate and help in the movements and events that you lead, we knew that one thing for sure is you truly committed and you have lost everything for the OBP movement.

We even heard that you refuse to give in to SG authority when they force you to reveal about OBP and not accept offer of exchange status and personal gain with your believe.

People use to say that OBP and you, you and OBP are inseparable. Not only that Ko Ko you and TP Myanmar, TP Myanmar and you are inseparable too.

You made us proud and take pride as TP Myanmar Students as well as Burmese in Singapore.

We all wish to for the best and strongly believe and confidence that you will rise up again for your beloved people and country.

We will definitely meet again someday, some when and somewhere Ko Ko.

Wish you all the success our big brother!!!

Thank you very much to Ko Paw for the Blog and your post open flood gate of our emotion.
TP Chittu myar

Read more

“ကိုပေါ အလိမ်ခံရခြင်း”

“အလိမ်ခံရခြင်း” ဆိုလို့ မဒမ်ပေါက ဗိုက်ခေါက်လိမ်ဆွဲတတ်သလားလို့ ပေါက်ကရ လျှောက်မမေးနဲ့နော်။ မဒမ်က ကျနော့်ကို ဘယ်တော့မှ ဗိုက်ခေါက်မလိမ်ဘူး။ ဘယ်လိမ်ပါ့မလဲ..... ကျနော့်ဗိုက်ခေါက်က လိမ်လို့ရတဲ့အဆင့်ကို ကျော်သွားပြီ။

လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က လူလိမ်ခံခဲ့ရပုံကို ရေးပြမလို့ပါ။

မောင်ကျော်သာ...
ပေါ်မလာ ဆရာပျောက်လို့
စိတ်ကောက်နေလား။

ကျောင်းအပိတ်
မြောင်းထိပ်မှာ ကိုယ်ထိုင်လို့
တဆိုင်စာ ဖရဲအပေါင်းကို
ရောင်းဝယ်လို့စား။


သူငယ်ချင်းတယောက်ဆီကို ထိုစဉ်တုန်းက ကျနော်ရေးပို့ခဲ့ဖူးတဲ့ ကဗျာအတိုင်းပါဘဲ။

ကျနော်တို့ ပထမနှစ် တက်နေတုန်းမှာဘဲ ကျေးဇူးရှင် နအဖ အစိုးရက ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်လိုက်ပြန်တဲ့အတွက်..... ဆယ်တန်းတုန်းက ကျူရှင်အတူတက်ဖော် သူငယ်ချင်းများက ဖရဲသီးဆိုင်ဖွင့်လှစ်ရောင်းဖို့ လာခေါ်တဲ့အခါ တောင်ဥက္ကလာ မြင်သာဘုရားနားက ဈေးကလေးနဲ့ မလှမ်းမကမ်းမှာ လမ်းဘေး ကနဖျင်းလေးဆောက်ပြီး ခရမ်းသုံးခွ ဖက်က ဖရဲသီးတွေကို ရောင်းချခဲ့ပါတယ်။

ရပ်ကွက်ထဲမှာ ဗန်းကလေးနဲ့ လှည့်ရောင်းတဲ့ ကောင်မလေးတွေကို ဗန်းစိတ်ကလေးတွေ စိတ်ပေးပြီး လှည့်ရောင်းခိုင်း။ သူတို့ ပြန်လာတော့ သူတို့အတွက် အမြတ်ချန်ပြီး ကျနော်တို့က အရင်းကို ပြန်ယူရတာပေါ့။ ဖရဲသီးတလုံး ၁၅ ကျပ်လောက်ဆိုရင် တစ်ကျပ်တန် အစိတ်ကလေးတွေ အစိတ် ၂၀၊ ၂၅ စိတ် စိတ်လို့ရတာမျိုးဆိုတော့ သူတို့လည်း တခေါက်လည်ရောင်းလိုက်ရင် ငါးကျပ် တဆယ် အမြတ်ကျန်တာပေါ့ဗျာ။

ဆိုင်စဖွင့်တဲ့နေ့ကဆိုရင်...၀ယ်သူကလည်း မလာ၊ အဲသည် ဗန်းစိတ်နဲ့ လက်လီရောင်းတဲ့ကောင်မလေးတွေနဲ့ကလည်း မချိတ်ဆက်မိသေးဆိုတော့ ကျနော့်ဘာသာ လင်ပန်းထဲမှာ ဖရဲသီးစိတ်တွေ စိတ်ထည့်ပြီး တောင်ဥက္ကလာ ရပ်ကွက်တွေက လမ်းတွေထဲမှာ လျှောက်ပြီး ဖရဲသီးစိတ်အော်ရောင်းဘူးတယ်။

မဆိုးဘူးဗျ။ သိပ်ကြာကြာမလျှောက်လိုက်ရဘူး။ ခဏလေးနဲ့ တဗန်းကုန်တာဘဲ။ မှတ်မှတ်ရရ အပျိုကြီးတွေ (အပျိုကြီးတွေလို့ ထင်ရတာဘဲ)၊ ကောင်မလေးတွေ ဆယ်ယောက်လောက် စကားစုပြောနေတဲ့ အိမ်တအိမ်မှာ တ၀က်လောက် ရောင်းလိုက်ရတာကို သတိရမိတယ်။ အပျိုကြီးတွေကလည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ဖရဲသီးသည်လေးဟာ တက္ကသိုလ်ကျောင်းသားအရွယ်၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့် (ကိုယ့်ဟာကိုယ်ထင်တာပါ) ကောင်လေးတယောက် လာရောင်းတယ်ဆိုတော့ စိတ်ဝင်တစား၊ အနှောင့်အသွားမလွတ် စကားလေးတွေနဲ့ စပြီးနောက်ပြီး အားပေးတာပေါ့ဗျာ။

နောက်ပိုင်းတော့ လက်လီရောင်းပေးမယ့် ကောင်မလေးတွေ ပေါ်လာတော့ ကျနော် ခြေညောင်းသက်သာသွားပါတယ်။ ၂ ရက် ၃ ရက်လောက်နေတော့ ဆိုင်မှာ ဖရဲသီး အလုံးလိုက် ၀ယ်ယူအားပေးတဲ့ လူအရေအတွက် တစတစ များလာပါတယ်။ ဆိုင်မှာ ကျနော်နဲ့အတူ အခြားသူငယ်ချင်းတယောက် အမြဲလိုလိုရှိတတ်ပါတယ်။ ကျနော်တို့က အင်းစိန်ဈေးရှေ့မှာလည်း ဆိုင်ခွဲတခု ဖွင့်ထားသေးတော့ သူငယ်ချင်းတွေ နှစ်ဆိုင်မျှပြီး ထိုင်ကြရတယ်။

အဲသလိုနဲ့ ဖရဲသီးတွေ ရောင်းချလာလိုက်တာ တရက်မှာ ကျနော့်သူငယ်ချင်းအပြင်ကို ခဏသွားတဲ့အတွက် ကျနော်တယောက်တည်းဆိုင်မှာ ကျန်ရစ်ခဲ့ပါတယ်။

ခဏနေတော့ ဖရဲသီးဝယ်သူတွေ ရောက်လာပါတယ်။ အမျိုးသမီး ၆ ယောက်လောက် ရှိမယ်။ တယောက်က ဖရဲသီးတလုံးကို ရွေးခိုင်းပြီး သူစိတ်ကြိုက်တွေ့တော့ တလုံး ၀ယ်တယ်။ ဖရဲသီးတန်ဘိုး ၂၀ လောက်ပဲ ကျတာမှာ ပိုက်ဆံ နှစ်ရာတန် အရွက်ကြီး ထုတ်ပေးတယ်။ ကျန်တဲ့ မိန်းမ ၅ ယောက်က ရွေးနေကြတုန်း။ ကျနော်လည်း နှစ်ရာတန်ကို ယူပြီး ပိုတဲ့ငွေကို ပြန်အမ်းပေးလိုက်တယ်။

ဖရဲသီးရွေးနေတဲ့ မိန်းမတွေကလည်း တယောက်တပေါက်နဲ့.... “အကိုကြီး၊ ဒီဖရဲသီးဆိုရင် ဘယ်ဈေးလဲ” “မောင်လေး၊ ဒီဘက်က အလုံးတွေကရော ဘယ်လောက်လဲ” စသဖြင့် အော်မေးနေကြတယ်။

အဲသည်အချိန်မှာ ခုနက ဖရဲသီးဝယ်တဲ့မိန်းမက ကျနော်အမ်းတဲ့ ငွေစက္ကူတွေထဲက တရွက်ကို နည်းနည်း စုတ်နေတယ်ဆိုပြီး ပြန်လဲခိုင်းတယ်။ ကျနော် လဲပေးမလို့ ပိုက်ဆံကို ရှာနေတုန်းမှာ....
နေတော့ နေတော့။ ကျမကို နှစ်ရာတန်ပြန်ပေး။ ကျမမှာ ပိုက်ဆံပြည့်လောက်မယ်ထင်တာပဲ။ အရွက်အသေးပဲ ပေးတော့မယ်” လို့ဆိုလာတယ်။

အဲဒါနဲ့ ကျနော်လည်း သူ့ပိုက်ဆံ ၂၀၀ တန်ကို ပြန်ပေးပြီး သူ့ဆီက ဖရဲသီးဖိုးကို စောင့်တယ်။ အဲသည်အချိန်မှာ ဟို ဖရဲသီးရွေးတဲ့ မိန်းမတွေကလည်း ရွေးလို့ မေးလို့ မပြီးနိုင်ဘူး။ သူတို့ကို လှမ်းလှမ်းဖြေရသေးတယ်။

ခဏနေတော့ ပိုက်ဆံရှာနေတဲ့မိန်းမက “ဟာ...ကျမမှာ ပိုက်ဆံမပြည့်ဘူး၊ ၂၀၀ တန်ပဲ ယူတော့။ ပြန်အမ်းပါဦး” ဆိုတော့ ကျနော့်မှာ အမ်းရပြန်ရော။ ဟော...အမ်းပြီးရုံပဲ ရှိသေးတယ်။ ကျနော်အမ်းပေးတဲ့ ငွေစက္ကူတွေထဲမှာ တရွက်က စုတ်နေပြန်သတဲ့။ ထပ်လဲခိုင်းပြန်တယ်။ ကျနော်လည်း ပိုက်ဆံကို ကြည့်လိုက်တော့ ဟုတ်တယ်၊ အနားသတ်မှာ အတော်လေး စုတ်နေတယ်။ အဲဒါနဲ့ ပိုက်ဆံလဲဘို့ လုပ်ရပြန်တယ်။ အဲသည်အချိန်မှာ ဟို ၀ယ်သူ မိန်းမ ငါးယောက်က တယောက်တပေါက် ဈေးဆစ်နေတာကိုလည်း လှမ်းဖြေရသေးတယ်။

အဲသည်လို ပိုက်ဆံအလဲအလှယ် သုံးကြိမ်လောက် ရှုံ့ချီနှပ်ချီ လုပ်ပြီးတော့မှ မယ်မင်းကြီးမက စိတ်တိုင်းကျပြီး ထွက်သွားတော့တယ်။

ဒီတော့မှ ကျနော်လည်း ဟို ဖရဲသီးရွေးနေတဲ့ မိန်းမငါးယောက်ဆီကို အပြည့်အ၀ အာရုံစိုက်နိုင်တော့တယ်။ သူတို့လည်း ဟိုမေးဒီမေးနဲ့ တကယ်တမ်းကျတော့ မ၀ယ်ဖြစ်ပါဘူး။ သုံးမိနစ်လောက်နေတော့ ဆိုင်ထဲက ထွက်သွားတယ်။

သူတို့ထွက်သွားတာနဲ့ တပြိုင်နက် ကျနော့်စိတ်ထဲမှာ တခုခုမှားယွင်းနေသလို ခံစားရပြီး ကျနော့်အိတ်ထဲက ပိုက်ဆံကို အမြန် ပြန်ရေတွက်ကြည့်လိုက်တော့ လား...လား.....ငွေလေးရာလောက် လျော့နေပြီ။

ကျနော် နားလည်သွားပြီ။ ဟို....ဖရဲသီးဝယ်တဲ့ မိန်းမက ကျနော် ငွေပြန်အမ်းလိုက်တိုင်း ပိုက်ဆံတွေထဲက တရွက်ကို အသာဆုတ်ဖြဲပြီး ပြန်လဲခိုင်းတာကိုး။ ဒါကြောင့် ကျနော့်မှာ အမ်းမလောက်ဖြစ်နေတာ။ ပြီးတော့ ငွေစက္ကူအရွက်အသေးပဲ ပေးတော့မယ်ဆိုပြီး ၂၀၀ တန်ကို ပြန်တောင်းတယ်။ နှစ်ရာတန်ကို ပြန်ပေးလိုက်ပေမယ့် အဲသည်အချိန်မှာ ကျနော်အမ်းထားတဲ့အထဲက (သူဆုတ်ဖြဲထားတဲ့ ငွေစက္ကူကလွဲလို့) ကျန်တဲ့ ပိုက်ဆံတွေကို ကျနော့်ကို ပြန်မပေးဘူး။ ကျနော်ကလည်း ဟိုဖရဲသီးရွေးနေတဲ့ မိန်းမတွေကို လှမ်းဖြေရင်းနဲ့ စိတ်မအားတော့ အဲသည်အချက်ကို သတိမထားလိုက်မိဘူး။

အဲသည်နည်းနဲ့ သုံးကြိမ်လောက် ကစားပြလိုက်တော့ နောက်ဆုံး ကျနော့်အိတ်ထဲက ငွေ ၄၀၀ လောက် ထွက်သွားလေသတည်းပေါ့လေ။

ကျနော့်ဆီက ငွေလိမ်သွားတာကို သိလိုက်တာနဲ့ ချက်ချင်းဆိုသလို ဘေးက ခင်နေတဲ့ ဆိုင်နီးချင်းဆီမှာ ဆိုင်ကို ခဏအပ်ပြီး အဲသည် ငွေလိမ်တဲ့ မိန်းမနောက်ကို အပြေးလိုက်သွားခဲ့တယ်။ ဈေးထိပ်လမ်းဆုံနားရောက်ကာနီးတော့ ဟိုမိန်းမ ငါးယောက်ကို မီလာတယ်။ (ဟိုမိန်းမနဲ့ သူတို့ငါးယောက်ဟာ တကျိတ်တည်း တဉာဏ်တည်းမှန်း အဲဒီ အချိန်ထိ လူအ ကြီး ကျနော်က သဘောမပေါက်သေးဘူး)။ သူတို့ကို ကျနော်က မေးတယ်။ “အစ်မတို့.....ကျနော့်ဆီမှာ ခုနက ဖရဲသီးဝယ်တဲ့ မိန်းမကို မြင်လိုက်မိသလား” ပေါ့။

သူတို့က...“မြင်တယ်။ မြင်တယ်။ အခုဘဲ အဲဒီ မြင်သာဈေးထဲ ၀င်သွားတာတွေ့လိုက်တယ်” ဆိုတော့ ကျနော်လည်း မြင်သာဈေးထဲ အပြေးလိုက်တာပေါ့ဗျာ။ အရိပ်အယောင်တောင် မတွေ့ရတော့ဘူးခင်ဗျ။

ဘယ်တွေ့မလဲ.... ငနဲမတွေက တမင် လမ်းလွှဲပြီးပြောလိုက်တာကိုး။ ဟိုမိန်းမက တကယ်တော့ မြင်သာဈေးဖက်မသွားဘဲ တဖက်က နံပါတ် ၃၇ ကားဂိတ်မှာသွားပြီး ကားစီးပြီးလစ်တာ ဖြစ်မယ်ခင်ဗျ။ ကျနော် ကိုပေါ အကောင်းစားကလေးမှာသာ “ယုန်တောင်ပြေး သူဌေးမြောက်လိုက်” ဆိုတာလို ဖြစ်နေတော့တာပေါ့ခင်ဗျာ။

အင်း....အဲသည်မိန်းမတွေကတော့ ကျနော့်ဖြစ်ပုံကို အူနှိပ်ပြီး ရယ်နေကြမှာ သေချာတယ်။ အံမယ်လေး....အခုမှ ပြန်တွေးပြီးတော့ ရှက်လိုက်တာနော်။

အဲ..အဲ....အဲသည် မိန်းမပဲဖြစ်မယ်။ ကျနော်တို့ နောက်ဆုံးနှစ် ရန်ကုန်တက္ကသိုလ်စိန်ရတုပွဲမှာ စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ရန်ပုံငွေ ဘူးသီးကြော်ရောင်းတော့ ဆိုင်မှာ ပိုက်ဆံသိမ်းတဲ့ ကျောင်းသူတယောက်ဆီမှာ အဲဒီနည်းအတိုင်းပဲ လာလိမ်သွားတယ်။ အဲဒီအကြောင်းကို ညဘက်ဆိုင်အသိမ်းမှာ ကျနော်သိရတော့ ကျနော်ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အားလုံးကို ပြောပြပြီး နောက်တနေ့ ကောင်တာထိုင်မယ့် သူတွေအားလုံးကို ကြိုတင်သတိပေးထားရတယ်။

နောက်တရက်မှာ အဲဒီ မယ်မင်းကြီးမပေါ်လာပြီး ပိုက်ဆံသိမ်းတဲ့ နောက်ထပ်ကျောင်းသူတယောက်ဆီမှာ အဲဒီအချိုးချိုးဖို့ ကြံသေးတယ်။ ဒါပေမယ့် အရင်နေ့က အလိမ်ခံလိုက်ရတဲ့ ကျောင်းသူက ဆိုင်ထဲမှာ အလုပ်လုပ်နေရင်း သူ့ကို လှမ်းမြင်လိုက်တဲ့အတွက် ကျနော်တို့ကို အကြောင်းကြားလို့ အဲသည်မိန်းမလည်း အခြေအနေမဟန်ဘဲ လစ်ပြေးဖို့ ကြံတယ်။ ကျနော်တို့မှာလည်း လက်ဆုပ်လက်ကိုင် သက်သေပြစရာမရှိတဲ့အတွက် “နောက်တခါ ဒီလိုလုပ်ဖို့ ကြိုးစားရင် ဖမ်းပြီး ရဲလက်အပ်ရမယ်ဆိုတဲ့အကြောင်း” ပြောပြီး လွှတ်ပေးလိုက်ရပါတယ်။

အဲဒါကတော့ ကျနော်တက္ကသိုလ်ကျောင်းသားဘ၀က မအူမလည်နဲ့ လူလိမ်ခံခဲ့ရပုံပါဗျိုး။
Read more

“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ.....(၃) (နိဂုံး)”

ဒီလိုနဲ့ အီလက်ထရောနစ်အင်ဂျင်နီယာအသင်းနဲ့ စက်မှုအင်ဂျင်နီယာအသင်းနှစ်သင်းရဲ့ ဘောလုံးဗိုလ်လုပွဲနေ့ကို ရောက်လာခဲ့တယ်။

ကျောင်းကနေ ကားကြီးကားငယ်အသွယ်သွယ်နဲ့ မေဂျာနှစ်ခုက ကျောင်းသားတွေရော တခြားမေဂျာက မကင်းရာမကင်းကြောင်းတွေပါ သထုံကွင်းအထိ လာရောက်အားပေးလိုက်ကြတာ ပွဲကြည့်စင်နှစ်ခုလုံး ပြည့်လျှံသွားရော။ ဆရာဆရာမတွေက ရန်ပွဲတွေကို ကာကွယ်နိုင်ဘို့ Mechanical ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ်၊ အီလက်ထရောနစ်က ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ် ခွဲခြားထိုင်ခိုင်းတယ်။

ပွဲမစခင် နှစ်ဖက်အသင်းက ကျောင်းသူအလှပဂေးတွေက ဘောလုံးသမားတွေကို တယောက်ချင်းဆီ အအေးဘူးနဲ့ မျက်နှာသုတ်ပုဝါလေးတွေ ကမ်းရတယ်။ (တချို့ မာနကြီးတဲ့ ကျောင်းသူတွေကို အဲသည်လိုလုပ်ပေးဘို့ မနည်းတိုက်တွန်းလိုက်ရတာပါ။) အဲ… အီလက်ထရောနစ်ကျောင်းသူတွေ ကမ်းရတဲ့အထဲမှာ ဂျီဟောသူတွေက ဗေဒင်၊ ယတြာ၊ မန္တာန် တွေနဲ့ စီရင်လာတဲ့ အပ်ချည်ကြိုးနဲ့ပြုလုပ်ထားတဲ့ အဆောင်လက်ဖွဲ့လေးတွေလည်း ပါတယ်။ အဲဒါလေးတွေကို ဘောလုံးသမားတွေ လက်မှာ ပတ်ရတယ်။ ကျနော်မှတ်မိသေးတယ်။ အဲသည်ကိစ္စမျိုးတွေမှာ ဂျီဟောသူတွေဖြစ်တဲ့ ဆွေမာတို့ လဲ့နှင်းဇင်တို့ အရမ်းအားကိုးရတယ်။

စက်မှုတက္ကသိုလ်ဘောလုံးပွဲမှာ ဗေဒင်ယတြာတွေပါတယ်ဆိုလို့ မအံ့သြကြပါနဲ့ဦး။ အဲဒါက ထုံးတမ်းစဉ်လာလိုဖြစ်နေတာ။ ကိုယ့်ကျောင်းကွင်းမှာ ကန်ကြတုန်းကဆိုရင် ဘောလုံးပွဲမစခင်မှာ တရက်ကြိုတင်ပြီး ဂျီဟောသူတွေ ဂိုးတိုင်နောက်မှာ သွားပြီး သူတို့ စီမံအပ်တဲ့ အင်းအိုင်ခလှဲ့ လက်ဖွဲ့တွေကို မြေမြှုတ်တန်သင့်တာမြှုတ်၊ မီးရှို့တန်သင့်တာရှို့၊ ပြာချတန်သင့်တာ ပြာချ။ အင်မတန် ကိစ္စများမြောင်ကြတာကလား။ ဘယ်လိုစီရင်ကြသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဂျီဟောသူတွေမှဘဲ သိလိမ့်မယ်။

သထုံကွင်းမှာတော့ ကွင်းကို သံတိုင်တွေ ပတ်ပတ်လည်ကာထားတော့ အဲသည်လို လုပ်လို့မရတော့ဘူး။ ဒါတောင်မှ ယတြာကိစ္စကြောင့် အကြိုဗိုလ်လုပွဲနေ့က စက်မှုအသင်းနဲ့ မြို့ပြအင်ဂျင်နီယာအသင်း ကွင်းထဲမှာ ချတော့မလိုဖြစ်သေးတယ်။ ဖြစ်ပုံက ဒီလို။ မြို့ပြအသင်းက ကျောင်းသူတွေ စီမံပေးလိုက်တဲ့ ယတြာပန်းစည်းလေးကို ဘောလုံးသမားတယောက်က သူတို့ဘက်ခြမ်းက ထောင့်ကန်ဘောအလံတိုင်ကလေးထိပ်မှာ သွားချိတ်ထားရတယ်။ ဘောလုံးပွဲစလို့ မကြာခင်မှာ စက်မှုအင်ဂျင်နီယာအသင်း အရံဘောလုံးသမားတယောက်က အဲသည်ဂိုးတိုင်ဘက်ဆီကို တယောက်တည်း ဘေးစည်းအပြင်ကနေ ပြေးလာတယ်။ ပရိတ်သတ်ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ပြေးလာတာလို့ ထင်ကြတာပေါ့။ ဘယ်ဟုတ်လို့လဲ….ပုဂ္ဂိုလ်က ထောင့်ကန်ဘောအလံတိုင်နားရောက်တော့ အဲသည်မှာ ချိတ်ထားတဲ့ ပန်းစည်းကို ဆွဲဖြုတ်၊ မြေကြီးပေါ်ကို ပစ်ချ၊ ပြီးတော့မှ ပန်းစည်းပေါ်မှာ အားရပါးရ တက်ခုန်တော့တာကိုး။

ပရိတ်သတ်က ၀ိုင်းအော်တော့ Civil အသင်းက ဘောလုံးသမားတွေပါ သိသွားပြီး ကန်နေတာရပ်ပြီး အဲသည်အကောင်နောက်ကို ထိုးဘို့ ဘောလုံးကွင်းထဲမှာ ၀ိုင်းလိုက်တာ။ ဟိုကောင်က ကွင်းစပ်မှာ ဘောလုံးကွင်းကို ပတ်ပြေးရတယ်။ ဆရာတွေ ဖျန်ဖြေတာမြန်လို့ ရန်ပွဲအဆင့်အထိ မရောက်လိုက်ဘူး။

အဲ….. အီလက်ထရောနစ်အသင်းကို အဲသည်အချိန်က လေ့ကျင့်ပေးတာက မြန်မာ့လက်ရွေးစင်အသင်းမှာ တောင်ပံကနေ ကစားတဲ့ကျော်မင်း။ စက်မှုအင်ဂျင်နီယာအသင်းကို လေ့ကျင့်ပေးတာတော့ နာမည်ကျော် သန်းတိုးအောင်။ အီလက်ထရောနစ်အသင်းက ဂိုးသမားက အဲသည်နှစ် ဘောလီဘောပြိုင်ပွဲမှာလည်း ဒိုင်းရအောင် ယူပေးနိုင်ခဲ့တဲ့ ရခိုင်သား စောမင်းနိုင်။ သူ့အရပ်က အရှည်ကြီးဘဲ။ အခု ဒီကောင်လည်း စင်္ကာပူမှာ။ အိမ်ချင်းလည်း မဝေးဘူး။ သူ့သားနဲ့ ကျနော့်သမီးနဲ့ မူလတန်း တကျောင်းတည်းတက်တယ်။ ဒီကောင်က ဘောလီဘောရော ဂိုးဖမ်းပါ တော်တယ်။

ကစားကြတော့..... အီလက်ထရောနစ်က ဂိုးတဂိုးစရတယ်။ အငယ်တန်းက တရုတ်ဆိုတဲ့ ကောင်လေးသွင်းလိုက်တာ။ တရုတ်က ပွဲတိုင်းမှာ ကောင်းတယ်။ ဒါပေမယ့် အဲသည်ဗိုလ်လုပွဲမှာ ခြေမပေါ်ဘူး။ အဲဒါနဲ့ တရုတ်ကို လူလဲမယ်ဆိုပြီး ဒိုင်ကို ပြောထားပြီးသွားပြီ။ ဒိုင်က ခေါ်ထုတ်ဘို့ စောင့်နေတုန်းမှာ တရုတ်က ဂိုးသွင်းလိုက်တာ။ သူ့ခမြာ ၀မ်းသာအားရ အင်္ကျီလေး လှန်ပြီး ပွဲကြည့်စင်ဘက်ကို ပြေးလာရုံရှိသေး စည်းကြပ်ဒိုင်နဲ့ကွင်းဘေးဒိုင်က သူ့နံပါတ်ကို မြှောက်ပြပြီး လူလဲလိုက်တော့ အူကြောင်ကြောင်နဲ့ ဘုမသိဘမသိ ထွက်ပေးလိုက်ရတယ်။ ဟတ်ကော့ ကြီးဖြစ်သွားတော့တာပေါ့။

ဂိုးလည်း ဂိုးရော ကျနော်နဲ့ ဟန်သက်အောင် နဲ့ နှစ်ယောက်သား အီးစီအသင်းဘန်နာကြီးကို ရှေ့တယောက် နောက်တယောက် ကိုင်၊ ခုန်ပေါက်ပြီး စက်မှုအင်ဂျင်နီယာအသင်းပွဲကြည့်စင်ရှေ့ကို ပြေးအော်ကြတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ကိုယ့်စင်ဘက်ကို ပြန်ပြေးလာရတယ်။ စင်ပေါ်ကနေ ရေသန့်ဗူးအလွတ်တွေနဲ့ ၀ိုင်းပေါက်ကြလို့။

နောက်ခဏအကြာမှာဘဲ Mechanical က ဂိုးပြန်သွင်းတယ်။ အဲသည်မှာ သူတို့အသင်းဘက်ကလည်း ကြွကြအော်ကြတော့တာပေါ့။ အဲသည်အချိန်မှာ ကျနော်တို့ဘက်က ဘယ်ကောင့်လက်ချက်လဲတော့ မသိဘူး။ ရေအပြည့်နဲ့ ရေသန့်ဘူးတဘူး လေထဲကို ပျံဝဲသွားပြီး စက်မှုအသင်းရဲ့ ပွဲကြည့်စင်ဘက်သွားကျတယ်။ ဘာပြောကောင်းမလဲ၊ ရာဇ၀တ်အိုးကို တုတ်နဲ့ သွားထိုးမိတယ်ဆိုတဲ့ အတိုင်းပါဘဲ။ Mechanical ကကောင်တွေ တအုပ်ကြီး ကျနော်တို့စင်ဘက်ကို ထိုးဘို့ ကြိတ်ဘို့ ပြေးလာကြတယ်။ ရှေ့ဆုံးမှာ ဦးဆောင်လာတာက ကျနော်တို့နဲ့ အင်မတန်ခင်တဲ့ ကိုသက်ထွန်းတို့အုပ်စုပေါ့။ အဲသည်အချိန်မှာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ဆရာမတွေက ကျောင်းသူတွေအားလုံးကို ထရပ်ခိုင်းလိုက်တယ်။ ရှေ့ဆုံးတန်းမှာ ကျောင်းသူတွေတန်းစီနေတို့ တက်လို့မရတာနဲ့ သူတို့ ပြန်လှည့်သွားရတယ်။ ဒါတောင်မှ စင်ဘေးကနေ ရေသန့်ဘူးတွေနဲ့ အပြန်အလှန် ပစ်လိုက်ကြသေးတယ်။

အဲသည်လိုနဲ့ တဖက်တဂိုးစီနဲ့ ကန်လိုက်ကြတာ ဒုတိယပိုင်း ပြီးကာနီးလေးမှာ အလယ်တန်းလူ မုံရွာသား မိုးဟိန်းက ကွင်းတ၀က်မကျတကျကနေ လှမ်းပြီး ကန်သွင်းလိုက်တာ၊ ကန်ချက်က တော်တော်လည်း ပြင်းတယ်၊ ဂိုးထောင့်ထဲကို တန်းနေတာဘဲ။ အဲသည်လိုနဲ့ အီးစီအသင်းက ဗိုလ်စွဲသွားတော့တယ်။ အဲသည်တုန်းက အားကစားသတင်းဂျာနယ်တွေမှာတောင် ကျော်မင်းသင်ပြပေးတဲ့အသင်းက သန်းတိုးအောင် သင်ပြပေးတဲ့အသင်းကို နိုင်သွားပြီဆိုတာ ပါလိုက်သေးတယ်။

မိုးဟိန်းလည်း ပွဲပြီးတာနဲ့ ရင်ဘတ်ကလေးကော့ပြီး ကွင်းပြင်ကိုထွက်လာတုန်း ကျနော်တို့ အီလက်ထရွန်းနစ်က ဆရာဦးမောင်မောင်လတ်က ၀မ်းသာအားရ ဆီးကြိုပြီးမေးလိုက်တယ်။

“ဟေ့ကောင်…မိုးဟိန်း၊ မင်း…ရမ်းသန်းကန်ထည့်လိုက်တာ မဟုတ်လား” တဲ့။

အဲ...အဲ.... ရေးရင်းမေ့တော့မလို့။ ပွဲပြီးလို့ အပြင်ထွက်လာကြတော့ အီးပီက ဘုရားဒကာ ဇော်မျိုးလှိုင် (ဗုဒ္ဓဘာသာမိသာစုမှာ အတွင်းရေးမှူးဖြစ်ခဲ့ဘူးသူ) က အာချောင်တယ်။ အီးစီက ပထမ ဂိုးက လူကျွံဘောကြီးပါကွာတဲ့။ အဲဒါကို တရုတ်က ကြားသွားတယ်။ အစကတည်းက ဂိုးသွင်းပြီးစမှာ ဘုမသိ၊ ဘမသိ ထွက်လိုက်ရလို့ စိတ်တိုနေတဲ့ တရုတ်ဟာ ရေရေလည်လည် ဒေါသထွက်သွားတယ်။ “အကိုက စည်းကြပ်ဒိုင်မို့လား” လို့ ပြန်ဘုတောတယ်။ အဲဒါကို ဘုရားဒကာက “ငါကတော့ ဒိုင်မဟုတ်ဘူး၊ ဒိုင်က မင်းအဖေ” လို့ ပြန်ပြောလို့ တရုတ်က ထိုးမယ်ကြိတ်မယ် လုပ်တော့တာဘဲ။ ကျနော်တို့ ကြားကနေ မနည်းဆွဲရတယ်။

အဲဒါနဲ့ ကျနော်တို့ ဒိုင်းကြီးကို တီအီး ၂၀၀၀ ကားပေါ်မှာ တင်ပြီး ရှေ့ခန်းမှာက ဆရာ ဦးမောင်မောင်လတ်ရယ်၊ ကိုမင်းလွင် ရယ်ထိုင်ကြတယ်။ ကိုမင်းလွင်က အီလက်ထရောနစ်နဲ့ ဘွဲ့ရပြီးသား ကျောင်းသားဟောင်းတယောက်။ သူ့ကျောင်းသားဘ၀က အီးစီအသင်း ကက်ပတိန်ပေါ့။ အသင်းသံယောဇဉ်နဲ့ အလုပ်ကနေ ခွင့်ယူပြီး တကူးတကပြန်လာအားပေးရှာတာ။ ကိုမင်းလွင်တို့ (အခုစင်္ကာပူမှာရောက်နေတဲ့)ကိုလှမင်းတို့လည်း ဘောလုံးကန်အရမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ခေတ်က အီးစီအသင်းက ကံမလိုက်ဘူးပြောရမယ်။ တခါမှတော့ ဒိုင်းမရခဲ့ဘူး။

အဲသည်ကားတန်းကြီးနဲ့ ကျနော်တို့ ပထမ အင်းလေးဆောင်တွေဘက်ကို လှည့်ပတ်မောင်းကြတယ်။ သီချင်းတွေဆို သံချပ်တွေ ဆိုကြပေါ့ဗျာ။ သံချပ်တခုထဲမှာ….

“မိုးဟိန်းသွင်းတဲ့ ဘောလုံးဟာ……..ပိုက်ကောင်းလို့သာ တော်ပါပေရဲ့…” တဲ့။

ပထမဦးဆုံးအကြိမ် ဒိုင်းရတာဆိုတော့ အပျော်ကြီးပျော်ကြတာပေါ့။ ကြွားကလည်း ကြွားချင်ကြသေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲသည်နောက်နေ့ကစပြီး ပိတ်ရက်တွေဖြစ်နေလို့ အင်းလေးဆောင်တွေမှာ ကျောင်းသားတွေ မကျန်ကြတော့ဘူး။ အိမ်ပြန်ကုန်ကြပြီ။ ကျနော်တို့ သိပ်မကြွားလိုက်ရတော့ဘူး။

အဲဒါနဲ့ ဂျီဟောကိုဘဲ မောင်းရတော့တယ်။ ဂျီဟောရောက်တော့ ဆွေမာတို့က အဆောင်ပေါ်က က။ ကျနော်တို့က ကားပေါ်က က။

ဂျီဟောမှာ အီလက်ထရောနစ်နဲ့ စက်မှုဘာသာရပ် တခန်းတည်းတွဲလျက်ကျတဲ့အခန်းဖော်ကျောင်းသူတွေ တချို့ဆိုရင် နောက်ထပ်တပတ်လောက်အထိ အချင်းချင်းစကားမပြောကြတော့ဘူးတဲ့။

နောက်တော့ အဲသည် ဒိုင်းကြီးကို ကြို့ကုန်းဆောင်က ဖိုးမောင်တို့ အခန်းထဲမှာ ခဏ ၀င်ထားခဲ့ရတယ်။ ကျနော်တို့အကြံက ကျောင်းပြန်ဖွင့်လို့ လူစုံကာမှ အဆောင်က ဒိုင်းကို လူတွေကြားမှာ အခမ်းအနားနဲ့ သိုက်သိုက်မြိုက်မြိုက်ကြီး အသင်းခန်းကို သယ်ယူမယ်ပေါ့။ (ကြွားချင်တာ၊ ကြွားချင်တာ)။

ဒါပေမယ့် ကျောင်းပြန်ဖွင့်တော့ တက္ကသိုလ်စိန်ရတုပွဲဈေးရောင်းပွဲမှာ ဆိုင်ခန်းကိစ္စနဲ့ပတ်သက်ပြီး အသင်းတွေ တခုနဲ့တခုအကြား အပြိုင်အဆိုင်တွေရှိ၊ တင်းမာမှုတွေ ရှိလာလို့ ကျနော်တို့ရဲ့ မူလအကြံအစီဖြစ်တဲ့ လူအမြင်ကတ်အောင် လူစုလူဝေးနဲ့ ဒိုင်းသယ်ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတော့တယ်။

အဲသည် တက္ကသိုလ်စိန်ရတုဈေးရောင်းပွဲမှာ ပင်နီအင်္ကျီနဲ့ ယောပုဆိုး၊ ယောထမီ တူညီဝတ်စုံကို ၀တ်ဆင်ရောင်းချမိလို့ တီဗီသတင်းမှာ ရိုက်ပြခြင်းမခံခဲ့ရတဲ့ စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုရဲ့ ဘူးသီးကြော်ဆိုင်အကြောင်းကို နောက်မှ သတ်သတ်ရေးပြရဦးမယ်။ အဲသည်တုန်းက ဗုဒ္ဓဘာသာမိသားစု အတွင်းရေးမှူးကတော့ အခုအချိန်မှာ နအဖရဲ့လက်က ရှောင်တိမ်းရင်း ပုန်အောင်းလှုပ်ရှားနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းပေါ့။

(ပြင်ဆင်ချက်။ ။နောက်ဆုံးအပိုဒ်မှာ ကျနော်လွဲသွားပါတယ်။ အဲသည်နှစ်က ဗုဒ္ဓဘာသာမိသာစုအတွင်းရေးမှူးက အီးပီက ဘုရားဒကာ ကိုဇော်မျိုးလှိုင်ပါ။ နောက်တနှစ်မှာ (ကျနော်တို့ ကျောင်းပြီးသွားချိန်မှာမှ) အတွင်းရေးမှူးက ကိုသူရိန်ထွန်းဖြစ်လာပြီး ကိုစိုးထွန်းက ပြန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကွန်မင့်မှာ ထောက်ပြလာတဲ့ “Once upon a time” ကို ကျေးဇူးတင်ပါတယ်။)
Read more

“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ………(၂)”

ကျနော်တို့အီလက်ထရောနစ်မေဂျာက ဗိုလ်စွဲခဲ့တဲ့ နောက်ဆုံးနှစ် ဗိုလ်လုပွဲအကြောင်းမရေးခင် တက္ကသိုလ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲအကြောင်းကို ရေးပြချင်သေးတယ်။

သထုံလမ်းက အားကစားရုံမှာလုပ်တဲ့ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကို ကျနော်သွားအားပေးတယ်။ အဲသည်အချိန်က (အခု နာမည်ကျော်ဘလော့ဂါ)တန်ခူးတို့က ကဗျာစာအုပ်ကလေးတွေ ထုတ်ပြီးရောင်းကြတဲ့အချိန်။ ကျနော်က သူတို့ ကဗျာစာအုပ်တွေ သယ်သွားပြီး တခြားမေဂျာကလူတွေရော၊ တခြားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေကြားမှာပါ ကူညီရောင်းချပေးချိန်ပေါ့။

ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းတော်သားများက အိုးစည်၊ ဒိုးပတ်တွေနဲ့ လာအားပေးတာခင်ဗျ။ သံချပ်တွေ ပြိုင်တူဆိုကြတယ်။ တခြားကျောင်းက ကောင်မလေးတွေကို မခံချင်အောင် စပ်ဆိုထားတဲ့ သံချပ်တွေပေါ့။ ကျနော်မှတ်မိသလောက်တော့….

“ကတော်ဆယ်ပါး တပါးအ၀င်
အင်ဂျင်နီယာကို ရအောင်ပိုးကြ…… အင်ဂျင်နီယာကို ရအောင်ပိုးကြ”

ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူတွေကိုတော့….

“လက်နှိပ်စက်နဲ့ တီဗီဟာ
ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ……..ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ”

စတဲ့ ခပ်နှိမ်နှိမ်လေး ရေးစပ်ထားတဲ့ သံချပ်မျိုးတွေပေါ့။ အဲသည်သံချပ်တွေကို အိုးစည်ဒိုးပတ်တွေနဲ့ မြိုင်နေအောင် သံပြိုင်အော်လိုက်ကြတော့ တခြားကျောင်းက ကောင်မလေးတွေဆိုတာ ၀ိုင်အိုင်တီကျောင်းသားတွေကို စိစိညက်ညက်ကြေတဲ့အထိ အမှုန့်ချေပစ်ချင်လောက်အောင် ဒေါသတွေ အလိပ်လိုက်ထွက်နေတာပေါ့။

အဲဒါကို ကျနော်က အမှတ်မရှိဘဲ အီကို က ကောင်မလေးတွေကို ကဗျာစာအုပ်သွားရောင်းတယ်။ ကျနော်က ၀ိုင်အိုင်တီကမှန်းသိတော့ “မ၀ယ်ချင်ပါဘူး၊ သူတို့ ၀ိုင်အိုင်တီက ယောက်ျားလေးတွေက ယောက်ျားမဆန်ဘူး။ အရမ်းမိန်းမဆန်တယ်” လို့ ပြောလွှတ်တယ်။ ကျနော်ကလည်း မျက်နှာပြောင်စွာဖြင့် “အို….ဒီလိုတော့ မပြောပါနဲ့လားဗျာ။ ကျနော်ကတော့လေ…တကယ်ဘဲ….ဟို...ဟိုလေ…ကိုယ်က...ယောက်….ယောက်ျား…ဆန်ပါတယ်ဗျာ…အန်…အန်…အန်” လို့ ၀င်ဦးလေသံကို တုပြောတော့ သူတို့ မရယ်ဘဲ မနေနိုင်ဘူး။

အဲသည်တုန်းက ကျနော်တို့ကျောင်းက ကောင်တွေကလည်း ပြောရရင် တော်တော့်ကို လွန်တယ်။

အမျိုးသမီးကြက်တောင် တယောက်ချင်းပြိုင်ပွဲတခုမှာ ကျနော်တို့ကျောင်းဘက်က မိန်းကလေးက အရေးနိမ့်နေတယ်။ တဖက်က ရေရေလည်လည်ကောင်းတယ်။ ဖြစ်ချင်တော့ အဲသည်တဖက်ကျောင်းက ကောင်မလေးက ရိုက်နေရင်းတန်းလန်းနဲ့ တိုင်းမ်အောက်တ် လုပ်ပြီး အိမ်သာခဏ၀င်တယ်။ ဟာ…အဲသည်မှာ ကမ္ဘာပျက်တော့တာဘဲ။

“ကြောက်သေး…ကြောက်သေး.ကြောက်သေး” နဲ့ မနားတမ်း အော်ကြရော။ ကျနော်တို့ကျောင်းက ရူပဗေဒဆရာ ဆရာဦးဇော်ဝေက “ဟေ့ကောင်တွေ၊ မင်းတို့မှာ မအေ၊နှမ မရှိဘူးလား” လို့ လာမန်မဲတာလည်း ခဏဘဲ ငြိမ်တယ်။ ဆရာဟိုဘက်လှည့်သွားတာနဲ့ အော်ကြပြန်ရော။

ပိုဆိုးသွားတာက…. မယ်မင်းကြီးမက အိမ်သာက ပြန်ထွက်လာတော့ အားကစား ဘောင်းဘီတိုကို ရှေ့နောက် ပြောင်းပြန်မှားဝတ်လာတယ်။ ဟာ…ဘာပြောကောင်းမလဲ။

“ဘောင်းဘီ ပြောင်းပြန်ကြီးဟေ့….. ဘောင်းဘီ ပြောင်းပြန်ကြီး” နဲ့ သံပြိုင် ကုန်းအော်ကြတာ သူမခမြာ လက်ရည်သာပါလျက်နဲ့ အကွက်တွေမှားကုန်ပြီး နောက်ဆုံး ရှုံးပါရှုံးတော့တာဘဲ။ ပြန်စဉ်းစားကြည့်တော့ ကျနော်တို့တွေ တော်တော်အကျင့်မကောင်းတာဘဲ။ ပြိုင်ပွဲဆိုပေမယ့် တကယ်ဆို မိန်းကလေးတယောက်ကို ကာယိနြေ္ဒပျက်အောင် သည်လောက်ထိတော့ မအော်သင့်ဘူးပေါ့။

နောက်ပို့စ်ထဲကျမှ ကျနော်တို့ အီလက်ထရောနစ်တွေ ဗိုလ်စွဲခဲ့တဲ့ သထုံကွင်းကဘောလုံးပွဲအကြောင်းကို ဆက်ပါဦးမယ်။
Read more

စက်မှုတက္ကသိုလ်ဘောလုံးပွဲများ……(၁)

အခုတလော နဗန ရဲ့ ဘလော့ဂ်ကိုဘဲ အချိန်ရှိသရွေ့ သွားဖတ်နေမိတော့တယ်။ ပုဂ္ဂိုလ်က စာရေးကောင်းပြီး ဘ၀ကလည်း စုံသလားမမေးနဲ့။ ဆရာသော်တာဆွေနဲ့ နင်လားငါလားဘဲ။

နဗန ဆိုတာ ကျနော်နဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စတုတ္ထနှစ်ကနေ နောက်ဆုံးနှစ်အထိ တတန်းထဲ အတူတက်ခဲ့ရတဲ့ မန္တလေးစက်မှုတက္ကသိုလ်ကျောင်းသားတယောက်။ နောက်ဆုံးနှစ်ရောက်တော့ အီလက်ထရောနစ် အင်ဂျင်နီယာ ဘောလုံးအသင်းရဲ့ ကက်ပတိန်ပေါ့။ ကျောင်းတုန်းကတော့ ကျနော်က နဗန နဲ့ သိပ်မခင်ဘူး။ ဟန်သက်အောင်၊ မုံရွာသား မိုးဟိန်းစတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပိုရင်းနှီးတယ်။

မန္တလေးစက်မှုတက္ကသိုလ်က ပြောင်းလာကြတဲ့အထဲမှာ နဗနတို့ မိုးဟိန်းတို့လို ဘောလုံးကန်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါလာတဲ့အတွက် (အငယ်တန်းက တရုတ်တို့လို ၀ိုင်အိုင်တီကျောင်းသားတွေ ကောင်းတာလည်း ပါတယ်။)ကျနော်တို့နောက်ဆုံး နှစ်လည်းရောက်ရော စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံဘောလုံးပွဲမှာ ပါမောက္ခချုပ်ဒိုင်းကြီးကို ကျနော်တို့ အီလက်ထရောနစ်က ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်။ ခါတိုင်းဆိုရင်တော့ ယောက်ျားအင်အားတောင့်တဲ့ စက်မှုတို့၊ မြို့ပြတို့ကဘဲ ဗိုလ်စွဲလေ့ရှိတယ်။ အီလက်ထရောနစ်မှာရှိတဲ့ ယောက်ျားလေးအတော်များများကလည်း စာဂျပိုးလိုလို ဘာလိုလိုက များတာကိုး။

မှတ်မှတ်ရရ အဲသည် ဗိုလ်စွဲတဲ့နှစ်က ဗိုလ်လုပွဲကို သထုံကွင်းမှာ သွားကန်ရတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ ဘောလုံးကွင်းရှိပါလျက်နဲ့ ဘာကြောင့် ဝေးဝေးလံလံ သထုံကွင်းမှာ ဗိုလ်လုပွဲသွားလုပ်ရသလဲလို့ မေးစရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကျောင်းက ဘောလုံးပွဲတွေမှာ အမြဲရန်ဖြစ်လေ့ရှိကြတယ်။ ရန်ဖြစ်ပြီဆိုရင် ကွင်းအပြင်ကကောင်တွေ ကွင်းထဲဝင်ပြေးလာပြီး ထိုးဟယ်ကြိတ်ဟယ်နဲ့ ဘောလုံးပွဲကို ခဏခဏ နားရတယ်။ အဲသည်ထိုးကြကြိတ်ကြတဲ့ကောင်တွေကလည်း တခြားကောင်တွေမဟုတ်ဘူး။ အဆောင်မှာတော့ အချင်းချင်းလည်ပင်းဖက်နေကြတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဘဲ။ အဲသည်ရန်ဖြစ်တဲ့အချိန်မှာတော့ သူငယ်ချင်းသော ဘာသော နားမလည်ဘူး။ မေဂျာမတူရင် တွယ်ထည့်လိုက်တာဘဲ။ ဒါပေမယ့် ဘောပွဲပြီးသွားတာနဲ့ လည်ပင်းပြန်ဖက်ကြရော။ သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာဘဲ။

အဲသည် ရန်ဖြစ်ကြတဲ့ ဘောလုံးပွဲတွေထဲမှာ ကျနော်တို့ ပဉ္စမနှစ် ဗိုလ်လုပွဲမှာ ဖြစ်တဲ့ ရန်ပွဲက အကြီးကျယ်ဆုံးဘဲ။ စက်မှုအသင်းနဲ့ မြို့ပြအသင်း ရဲ့ ဗိုလ်လုပွဲပေါ့။ အီလက်ထရောနစ်ကျောင်းသားကျနော်က ငိုစားရယ်စား မဆီမဆိုင် သွားအားပေးတယ်။

ပထမပိုင်းမှာကတည်းက ချလိုက်၊ ငြိလိုက်၊ ကွင်းပြင်ကကျောင်းသားတွေ ကွင်းထဲဝင်ပြေးလိုက်နဲ့ ဖြစ်နေလိုက်တဲ့ ရန်ပွဲ။ တချီမှာ တော်တော့်ကို အကြီးအကျယ်ဖြစ်လို့ ပါမောက္ခချုပ် ဦးကြင်စိုး၊ ဒု-ပါချုပ် ဦးညီလှငယ်နဲ့ ဆရာတွေ လာဖြေရှင်းရတယ်။ တချို့ဆရာတွေကလည်း ရန်ဖြစ်ကြလွန်းလို့ ပွဲရပ်စေချင်ပြီ။ ဒါပေမယ့် ဦးကြင်စိုးကပြောတယ်။ သူ့လက်ထက်မှာ ရန်ဖြစ်လို့ ပွဲရပ်ရတယ်ဆိုတာ မဖြစ်စေရဘူး။ ပြီးအောင်ဆက်ကစားဆိုပြီး သူတို့ကိုယ်တိုင် ဘောလုံးပွဲမှာ စောင့်ကြပ်ရတယ်။

ဖြစ်ချင်တော့ ဒုတိယပိုင်း အချိန်သာစေ့သွားရော သရေဖြစ်နေတုန်းဘဲ။ အဲဒါနဲ့ အချိန်ပို ဆက်ကစားရတယ်။ ကြားထဲမှာ ရန်ကလည်း မကြာခဏဖြစ်တော့ ဆရာတွေ ထထ တားရတယ်။ အချိန်ပို ကစားပြီးတော့လည်း သရေကျနေတုန်းဘဲ။ အဲဒါနဲ့ ထုံးစံအတိုင်း ပင်နယ်တီ ငါးလုံးစီ ကန်ဘို့လုပ်ရတယ်။ ရန်ဖြစ်ထားတဲ့အရှိန်တွေ၊ ကိုယ့်မေဂျာအနိုင်ရချင်ဇောတွေနဲ့ အားပေးသူတွေဟာ ပင်နယ်တီကန်မယ့် ဂိုးတိုင်တ၀ိုက်မှာ လူတွေ စုပြုံတိုးနေကြတော့တယ်။ လူတွေက ပင်နယ်တီ ကန်မယ့်နေရာကနေ ဂိုးတိုင်နှစ်တိုင်စီအထိ ကတော့ပုံ တန်းစီပြီး အုံရပ်နေကြတာ။ နောက်ကို ထပ်ဆုပ်ခိုင်းလို့လည်း မရတော့ဘူး။

ပင်နယ်တီကန်ရမယ့် ကောင်တွေခမြာလည်း အင်မတန် ပရက်ရှာ များနေတော့ပေါ့။ အနိုင်အရှုံးက သူတို့ ပုခုံးပေါ် လုံးလုံးကျလာပြီကိုး။ အမှန်တော့ လူတန်းကြီးက ဒီလောက် အမှတ်အသားပေးထားတာ။ လူတန်းနှစ်တန်းကြားထဲက အသာလှိမ့်ကန်ရင်တောင် အသာလေးဂိုးဝင်နိုင်တယ်။ ဒါပေမယ့် လူတွေက စိတ် အရမ်းလှုပ်ရှားနေကြတော့ ကန်လိုက်ကြတာ တောင်တလုံး၊ မြောက်တလုံး။ ဘေးမှာ တန်းစီရပ်ကြည့်နေတဲ့ လူအုပ်ပေါ်ကတောင် ကျော်ပြီးထွက်သွားတယ်။ ဘေးကန်မိတဲ့ကောင်တွေလည်း ကန်ပြီးတာနဲ့ စိတ်လှုပ်ရှားလွန်းပြီး မူးမေ့လဲကျသွားတာဘဲ။ လူအုပ်ထဲကနေ တယောက်ပြီး တယောက်ထမ်းထုတ်ရတယ်။

အရမ်းစိတ်လှုပ်ရှားဘို့ကောင်းတာက ငါးလုံးစီကန်ပြီးတော့လည်း သရေကျနေတုန်းဘဲ။ နောက် တလုံးစီ ထပ်ကန်ရပြန်တယ်။ သရေဘဲကျသဗျိုး။ နောက်ထပ် တလုံးစီထပ်ကန်ခိုင်းတယ်။ ပရိတ်သတ်ကလည်း ဆူလှပြီ။ မှောင်စကလည်း ပျိုးလာပြီ။ ဘောသမားတွေလည်း တငိုငို တရယ်ရယ်ဖြစ်ကုန်ပြီ။ သရေထပ်ကျပြန်တယ်။

၇ လုံးစီကန်ပြီးတာတောင် တဖက်နဲ့တဖက် သရေကျနေတော့ ပါချုပ်က ဌာနမှူးတွေနဲ့ တိုးတိုးကျိတ်ကျိတ် လှည့်တိုင်ပင်ပြီး နောက်ဆုံး ကြေညာလိုက်တယ်။ စက်မှုနဲ့မြို့ပြ အင်ဂျင်နီယာအသင်းနှစ်သင်းဟာ ပူးတွဲဗိုလ်စွဲသွားပါပြီ၊ ဒိုင်းကို စာသင်နှစ်တ၀က်စီ တလှည့်စီ လက်ဝယ်ထားခွင့်ရမယ် ဆိုတဲ့အကြောင်းကိုပေါ့။ ကျောင်းသားတွေ အားလုံး ဟာကနဲ ဖြစ်သွားတယ်။ ဘယ့်နှယ်… ဒီလောက်အကန်ကြီး ကန်လာပြီးမှ အနိုင်အရှုံးမရှိဘဲ ပူးတွဲဗိုလ် ပေးရသလားပေါ့။ အဲဒီနေ့ညက ဘောကွင်းကနေပြန်လာတော့ ကျနော်တို့တွေ သံချပ်တိုင်ပြီး ပြန်လာကြတယ်။

“ပင်နယ်တီကန်ပြီး သရေကျတာ
ဝိုင်အိုင်တီဟာ ပထမဆုံးပါဘဲ… ၀ိုင်အိုင်တီဟာ ပထမဆုံးပါဘဲ”

အဲသည်လိုနဲ့ဘဲ ကျနော်တို့ နောက်ဆုံးနှစ်လည်းရောက်ရော ဆီမီးဖိုင်နယ်ကစလို့ ဘောပွဲတွေကို ကျောင်းကွင်းမှာ မကျင်းပရဲတော့ဘဲ ပွဲကြည့်စင်နဲ့ ဘောလုံးကွင်းအကြား သံတိုင်တွေခြားထားတဲ့ သထုံကွင်းမှာ သွားကန်ကြရတယ်။

နောက်ပို့စ်ထဲမှာကျမှ သထုံကွင်းမှာ ကန်ခဲ့တဲ့ ဘောလုံးပွဲနဲ့ ပွဲကြည့်စင်က ရန်ပွဲတွေအကြောင်း ရေးပြရဦးမယ်။


နဗန ဘလော့ဂ်ကို ဖတ်ရှုလိုလျှင် ဒီမှာ သွားဖတ်ပါ။

Read more

“မဟူရာနောက်ခံဝယ်…….(၁)”



There is not enough darkness in all the world to put out the light of even one small candle.
--Robert Alden.

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက အလုပ်ပိတ်ရက်တွေမှာ လမ်းပြကြယ်စာကြည့်တိုက်ကို ရောက်သွားတိုင်း မသိစိတ်က စေစားတဲ့အလျောက် ကျနော်မျက်လုံးများက တစုံတယောက်ကို အမှုမဲ့အမှတ်မဲ့ လိုက်ရှာနေမိခဲ့တယ်။ ဒါပေမယ့် ကျနော်ရှာနေသူကို တွေ့ရမှာမဟုတ်ဘူးဆိုတာကို သိစိတ်ဝင်သွားတဲ့အချိန်တိုင်းမှာ နင့်ကနဲ လွမ်းမောစိတ်နဲ့ ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့တယ်။

ဟုတ်ပါရဲ့။ လမ်းပြကြယ်ကိုရောက်တိုင်း “နေနေ”တယောက်ကို ကျနော့်မသိစိတ်က လိုက်ရှာနေမိတာပါလား။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး လမ်းပြကြယ်ကို ရောက်တိုင်း အဲသည်က စာအုပ်ငှားတဲ့ ကောင်တာမှာ၊ ဒါမှမဟုတ် လမ်းပြကြယ်ရှေ့မှာ နေနေ့ ကို အမြဲလိုလို တွေ့ရလေ့ရှိတာကိုး။ နေနေနဲ့အတူ သူမရဲ့အမေ “အန်တီ”ကိုလည်း အမြဲလိုလို တွေ့ရတယ်လေ။ သူမရဲ့ ရယ်သံ၊ စကားပြောသံတွေနဲ့ အမြဲလိုလို အသက်ဝင်လှုပ်ရှားနေခဲ့တဲ့ စာကြည့်တိုက်ကလေး။ အခုတော့…

…….ဒီအချိန်ဆိုရင် နေနေဟာ ကျနော်တို့နဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ ကမ္ဘာတဖက်ခြမ်းမှာ။ လမ်းပြကြယ်နဲ့အတူ စင်္ကာပူမှာ နောက်ချန်ထားရစ်ခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လွမ်းဆွတ် သတိရနေပေလိမ့်မယ်။



လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူမကို ကျနော်တို့ စသိတော့ ကျနော်တို့က အိုးဝေ(စင်္ကာပူ)ဆိုပြီး စင်္ကာပူမှာ နိုင်ငံရေးအသိစိတ်မြှင့်တင်ရေးလှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ၊ ပြည်တွင်းအင်အားစုထောက်ကူရေးတွေကို အားသွန်ခွန်စိုက် စတင်လုပ်ဆောင်စဉ်ကာလ။ သူမက တခြားမိန်းကလေးသူငယ်ချင်းတယောက်နဲ့အတူ ဘားမားအက်ရှင်(စင်္ကာပူ)ဆိုပြီး အဖွဲ့ငယ်လေးတခုဖွဲ့ပြီး မြန်မာ့အရေးကို တက်တက်ကြွကြွ လှုပ်ရှားနေချိန်ပေါ့။

ဟော…ကျနော်တို့တွေ အချင်းချင်းတွေ့ပြီး သိပ်မကြာပါဘူး….ဘယ်လှုပ်ရှားမှုမှာမဆို အတူတူဘဲ စုစုစည်းစည်းနဲ့ လှုပ်ရှားဖြစ်ကြတော့တယ်။

အထိမ်းအမှတ်ပွဲတွေအတွက် ပိုစတာထုတ်တာတွေ၊ ဈေးနှုန်းမေးမြန်းစုံစမ်းတာတွေ၊ အခန်းငှားတာတွေ၊ လက်ကမ်းစာစောင်ထုတ်တာတွေမှာ ဘားမားအက်ရှင်(စင်္ကာပူ)က အင်မတန် အားကိုးရတယ်။ လက်သွက်ခြေသွက်ရှိတယ်။ အသေးစိတ်ကအစ အကွက်စေ့ပြီး အပင်ပန်းလည်း ခံနိုင်တယ်။ အစစ သူတို့ချည်း ဒိုင်ခံလုပ်လွန်းလို့ သူတို့ပင်ပန်းတာကို မြင်ရတော့ ကျနော်က သူတို့ကိုပြောရတယ်။ ဘားမားအက်ရှင်ဆိုတဲ့ အမည်ကြောင့် ပညတ်သွားရာ ဓါတ်သက်ပါပြီး မနားတမ်းလုပ်နေရတယ်ဆိုတဲ့အကြောင်းကိုလေ။

နောက်မကြာခင်မှာဘဲ စေတနာရှင် မြန်မာလူကြီးအချို့ရဲ့ သဒ္ဒါတရားနဲ့ လူငယ်တွေရဲ့ တက်ကြွမှု၊ ထက်သန်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ စင်္ကာပူမှာ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာတွေအချင်းချင်းအကြား ဗဟုသုတတွေ၊ နားလည်မှုတွေ၊ ထက်သန်မှုတွေ၊ အပြန်အလှန် စီးကူးပျံ့နှံ့ကာ အယူအဆတွေ၊ အိပ်မက်တွေကို ပေါင်းကူးပေးနိုင်မယ့် “လမ်းပြကြယ်” ဆိုတဲ့ မြန်မာစာကြည့်တိုက်ကလေးတခု ပေါ်ပေါက်လာခဲ့တယ်။

နေနေအပါအ၀င် လမ်းပြကြယ်အဖွဲ့ဝင် လူငယ်တွေရဲ့ ဖန်တီးတတ်တဲ့ စိတ်ကူးစိတ်သန်းလေးတွေအောက်မှာ လမ်းပြကြယ်စာကြည့်တိုက်ဟာ မြန်မာစာပေ၊ မြန်မာ့လူမှုအဖွဲ့အစည်းနဲ့ မြန်မာ့အရေးကိစ္စတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ဘူမိနက်သန်လေးတခုအဖြစ် ရုပ်လုံးပေါ်လာခဲ့တယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ၊ နာဂစ်မုန်တိုင်းအတွင်းမှာ လမ်းပြကြယ်စာကြည့်တိုက်ဟာ စင်္ကာပူရောက်မြန်မာလူမျိုးတွေရဲ့ အရေးကြီးလို့ သွေးနီးစရာ အချက်အချာ နေရာတခုအဖြစ် သမိုင်းတာဝန်ကျေပွန်ခဲ့တယ်။

အဲသည်အချိန်တွေတုန်းက တနှစ်လောက်သာ သက်တမ်းနုနုလေးဘဲ ရှိသေးတဲ့ လမ်းပြကြယ်စာကြည့်တိုက်အနေနဲ့ ဒီလောက် ကြီးမားရင့်ကျက်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တာဟာ နေနေတို့လို နိုင်ငံရေးအသိစိတ်ရှိတဲ့၊ သမိုင်းပေးတာဝန်ကို ၀ံ့ဝံ့စားစား ထမ်းဆောင်ရဲတဲ့၊ တာဝန်သိတဲ့ လူငယ်တွေကြောင့်ပါ။

ဒီလိုပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးအတွင်းပြုလုပ်ခဲ့တဲ့ မြန်မာသံရုံးရှေ့က မီးထွန်းဆုတောင်းပွဲ၊ အာဆီယံထိပ်သီးညီလာခံအတွင်း အောချာ့ဒ်လမ်းမက ဆန္ဒပြပွဲ၊ ပြီးခဲ့တဲ့ မေလက မြန်မာသံရုံးရှေ့ပြုလုပ်တဲ့ ကန့်ကွက်မဲပေးပွဲ စတဲ့လှုပ်ရှားမှုတွေမှာလည်း နေနေ တို့ မိန်းကလေးဆိုပြီး နောက်ချန်မနေခဲ့ပါဘူး။



လက်တွဲလုပ်ခဲ့သမျှပွဲတွေအနက် အမှတ်တရ အရှိဆုံးကတော့ “သီးလေးသီးဆေးရောင်စုံအငြိမ့်”ကို ပြည်ပမှာ ပထမဦးဆုံးအကြိမ် ပွဲထုတ်တဲ့ စင်္ကာပူက ရံပုံငွေပွဲပါဘဲ။ အဲသည်ပွဲက ရလာတဲ့ အမြတ်အစွန်းတွေအနက်က ၆၀ ရာခိုင်နှုန်းကို အငြိမ့်အဖွဲ့သားများအတွက် ထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်ခဲ့သလို ကျန် ၄၀ ရာခိုင်နှုန်းကိုလည်း မြန်မာပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေအတွက်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးရှိရှိ ပေးပို့နိုင်ခဲ့ပါတယ်။

အဲသည်ပွဲ ဖြစ်မြောက်ဘို့အတွက် နေနေ တို့ အပင်ပန်းခံနိုင်ပုံကို ကျနော်တို့မှာ လက်ဖျားခါယူရပြီး တချို့နေရာတွေမှာ “တော်ပြီ၊ မလုပ်နဲ့တော့” လို့တောင် တားယူရပါတယ်။ စဉ်းစားကြည့်လေ…. ခန်းမငှားရမ်းတာ၊ လက်မှတ်တွေ ရိုက်နှိပ်ရာမှာ၊ လက်မှတ်တွေ ရောင်းချရာမှာ၊ ထိုင်ခုံနေရာချထားတဲ့နေရာမှာ တာဝန်ယူမှုတွေကအစ၊ နောက်ခံစာလုံးတာဝန်တွေအပြင် သီးလေးသီးအဖွဲ့သားတွေကို သူ့အိမ်မှာ တင်ထားပြီး စားရေးသောက်ရေးအတွက် ချက်ပြုတ်တဲ့တာဝန်ကိုပါ ယူရတာကိုး။ ပွဲလည်းပြီးရော နေနေ တို့ ဖလက်ပြသွားတော့တာပါဘဲ။ ပွဲကအပြီးနောက်တနေ့မှာ သီးလေးသီးအဖွဲ့သားတွေ စားဘို့ ဘဲကင်တွေ ၀ယ်ပြီး သူမအိမ်ကို သွားပို့တော့ နေနေတို့ အိပ်နေလိုက်တာ၊ ကျနော်တို့ လင်မယား လာလည်သွားတာကိုတောင် မသိလိုက်တော့ဘူး။



နေနေ နဲ့ ပတ်သက်လို့ ကျနော်တို့မှာ မမေ့နိုင်စရာ အမှတ်တရတွေက အများကြီးပါ။ သူက ကလေးဆန်တယ်။ တခါတလေ ကလေးလိုဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြီး ရုတ်တရက်ကြီး ငိုချရင် ငိုချလိုက်တာမျိုး။ စိတ်ကလည်း ကောက်တတ်သေးတယ်။ ဒါပေမယ့် ခဏဘဲ။ ကြာကြာ စိတ်မဆိုးတတ်ဘူး။ ခဏနေရင် သူ့အသံ စာစာ စာစာ နဲ့ ပြန်ကြားရပြီ။

အဲသည်လို ကလေးဆန်တဲ့ ကျနော့် ညီမလေးအရွယ်လောက်သာရှိတဲ့မိန်းကလေးဟာ မိုးထဲရေထဲ လိုအပ်လာတဲ့အချိန်မှာတော့ သူမရဲ့စိတ်ဓါတ်ဟာ သံမဏိလိုခိုင်မာတာကို လေးစားစဖွယ်တွေ့ရပါတယ်။

ဒီလိုပါ၊ စင်္ကာပူအစိုးရဟာ လမ်းပြကြယ်စာကြည့်တိုက်ရဲ့ လုပ်ငန်းတွေ၊ အတွင်းရေးတွေကို အသေးစိတ် သိချင်ပါတယ်။ အဲသည်အတွက် နေနေရဲ့ ပီအာရ် ရီအင်ထရီပါမစ် သက်တမ်းတိုးတဲ့အခါမှာ ချက်ချင်းတိုးမပေးဘဲ အချိန်ဆွဲပြီး နေနေကို အင်တာဗျူးသီးသန့်ခေါ်ပါတယ်။ အင်တာဗျူးမှာ မေးမြန်းတာက ရီအင်ထရီပါမစ်သက်တမ်းတိုးခြင်းနဲ့ ဘယ်လိုမှ မဆက်စပ်တဲ့ လမ်းပြကြယ်အကြောင်းကို အသေးစိတ်မေးမြန်းပါတယ်။ သူတို့မေးတိုင်း နေနေက မဖြေတော့ သူတို့ အကြပ်တွေ့ပါတယ်။ သူတို့သိလိုတဲ့ အချက်အလက်တွေကိုမပေးရင် နေနေရဲ့ ရီအင်ထရီသက်တမ်းတိုးမပေးဘူးဆိုတဲ့အကြောင်း၊ သူမအနေနဲ့ သူတို့ရဲ့ သတင်းပေးလုပ်ရင် သူမရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာ ကြည့်ပြီး သက်ညှာစွာ ဆုံးဖြတ်မယ်ဆိုတဲ့အကြောင်းပြောပြကာ ဆက်သွယ်ရန် ဖုန်းနံပါတ်တခုပေးလိုက်ပါတယ်။ စင်္ကာပူအာဏာပိုင်တွေရဲ့ လုပ်ပုံကိုင်ပုံကို သုံးသပ်ရတာ မိန်းကလေးတယောက်ကို သည်လို အခက်အခဲတွေနဲ့ အကြပ်ကိုင်ခြိမ်းခြောက်လိုက်ရင် အလွယ်တကူ သူတို့ခိုင်းတဲ့အတိုင်း လုပ်လာလိမ့်မယ်လို့ လျှော့တွက်ထားပုံရပါတယ်။

ဒါပေမယ့် နေနေ ဟာ သူ့ရဲ့ သက်တောင့်သက်သာရှိမှုအတွက်၊ ဘ၀လုံခြုံမှုအတွက် ရဲဘော်ရဲဘက်တွေအပေါ်မှာ သစ္စာဖောက်တဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ၊ သူမရဲ့ သိက္ခာနဲ့ သစ္စာစောင့်သိမှုကို ရောင်းစားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာကို စင်္ကာပူက အာဏာပိုင်တွေ သိထားခဲ့ဟန် မတူပါဘူး။

သူမရဲ့ ရီအင်ထရီသက်တမ်းကို တိုးမပေးတဲ့အတွက် သြစတေးလျမှာ ကျောင်းပရော့ဂျက်သွားလုပ်ရမယ့် အခွင့်အရေးတခုလုံးကို စွန့်လွှတ်လိုက်ရတယ်။ စင်္ကာပူအာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်မှုကြောင့် သူမအနေနဲ့ နှစ်ပေါင်းများစွာ တက်လာတဲ့ ဒီဂရီ တခုကို ပြီးကာနီးမှ လက်လွှတ်လိုက်ရတယ်။ ဒါပေမယ့် နေနေ တို့ ဒူးမထောက်ခဲ့ဘူး။ ယုံကြည်မှုကို ဆုပ်ကိုင်ထားနိုင်ဘို့ နေနေ့ဘက်က ပေးဆပ်လိုက်ရတာတွေ အများကြီးပါ။


တချို့တွေတောင်မှ ယောင်္ကျားရင့်မကြီးတွေတန်မယ့် စင်္ကာပူအစိုးရက ပီအာရ် ချပေးမယ်၊ စီတီဇင်ဖြစ်ဘို့အခွင့်အရေးပေးမယ်ဆိုတဲ့ မက်လုံးတွေအတွက် တမျိုးသားလုံးအရေးကို ဈေးပေါပေါနဲ့ လဲလှယ်ရောင်းစားခဲ့တဲ့လူတွေလည်း ရှိခဲ့ပါတယ်။ တချို့လည်း ရီအင်ထရီပါမစ်သက်တမ်းကလေး တနှစ်လောက်တိုးဘို့အတွက် စင်္ကာပူအစိုးရဆီမှာ အပြေးဒူးထောက်ကာ ခြေသလုံးကို ဖက်လိုက်တဲ့လူတွေလည်း ရှိပါတယ်။

အဲသည်လို လူစားမျိုးတွေထဲမှာ နေနေ မပါဝင်ခဲ့ဘူး။ တကယ့် ရေထဲမိုးထဲကျမှ ဘယ်သူဟာ သတ္တိရှိသလဲ၊ ဘယ်သူဟာ သတ္တိကြောင်သလဲ၊ ဘယ်သူဟာ သစ္စာရှိသူလဲ၊ ဘယ်သူဟာ သစ္စာဖောက်လဲဆိုတာ အလွယ်တကူ ခွဲခြားလို့ ရနိုင်တာကလား။



နေနေရေ…. တို့တတွေ တယောက်နဲ့ တယောက် သိကျွမ်းခဲ့ရတဲ့ကာလဟာ အလွန်ဆုံးရှိလှရင် သုံးနှစ်ပေါ့။ ဒါပေမယ့် ယုံကြည်ရာ စိတ်ထားချင်း ဖလှယ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေမို့ တသက်တာလုံး သိကျွမ်းခဲ့ရတဲ့သူတွေထက်တောင် တို့တတွေ ပိုနီးခဲ့ကြပါတယ်။ တို့တတွေ ပိုရင်းခဲ့ကြပါတယ်။

မိုင်ထောင်ပေါင်းများစွာဆိုတဲ့ ခရီးတာအကွာအဝေးက တို့တတွေရဲ့ စိတ်နှလုံးသားအချင်းချင်း သွေးစည်းနေမှု၊ သွေးနီးနေမှုကို မတားဆီးနိုင်ပါဘူး။ တို့တွေဟာ တူညီတဲ့ ယုံကြည်ချက်တခုနဲ့ လမ်းကြောင်းတခုတည်းပေါ်မှာ လျှောက်နေကြသူတွေပေါ့၊ တိုက်ပွဲဝင်ဖော် ရဲမက်တွေပေါ့။

ကမ္ဘာရဲ့ ဘယ်ထောင့် ဘယ်နေရာကိုဘဲရောက်ရောက် တို့တတွေ ယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်လို့ လွတ်လပ်ခြင်းဆိုတဲ့ တို့ရဲ့ ဘုံအိပ်မက်ကို အကောင်အထည်ဖော်သွားကြမယ်။

စနစ်တခုကို ပြောင်းလဲဘို့ ကြိုးစားရာမှာ ပါဝင်တဲ့သူတွေအဘို့ ပေးဆပ်စွန့်လွှတ်ရမှုတွေ အသီးသီးရှိကြတာ အသေအချာပါဘဲ။ ကိုယ့်ယုံကြည်ချက်အတွက် ဘာမဆို ပေးဆပ်စွန့်လွှတ်ဘို့ အသင့်ရှိတဲ့လူတွေ တစထက်တစ များပြားတဲ့အချိန်ဟာ အဲသည်စနစ်ကို တို့တတွေ အောင်မြင်စွာ ထူထောင်နိုင်တဲ့အချိန်ပေါ့။

မဟူရာည နောက်ခံမှာ ပြိုးပြက်လက်နေတဲ့ ငွေကြယ်ပွင့်လေးများရဲ့ လင်းလက်မှုကို ဘယ်လိုအမှောင်ထုမျိုးကမှ ချိုးဖျက်လို့ မရနိုင်သလို တကမ္ဘာလုံးကို လွှမ်းမိုးရစ်ခြုံထားတဲ့ အမှောင်ထုကြီးတောင်မှ သေးငယ်တဲ့ ဖယောင်းတိုင်လေးရဲ့ အလင်းရောင်ကို လုံးဝပျောက်ပြယ်သွားအောင် မတတ်စွမ်းနိုင်ပါဘူး။

ပတ်ဝန်းကျင်မှာ ကြောက်ရွံ့စိုးထိတ်ခြင်းဆိုတဲ့ ပိန်းပိတ်တဲ့ အမှောင်ထုကြီး ဘယ်လိုပင်ကြီးစိုးနေပါစေ ရင်ထဲက နှလုံးအိမ်မှာ လွတ်လပ်ခြင်း ဆိုတဲ့ ဖန်မီးအိမ်ကို အခုလိုဘဲ ထိန်နေအောင် အစဉ်အမြဲဆက်လက်ထွန်းညှိထားနိုင်ဘို့ ဆန္ဒပြုရင်း………………

Read more

“ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်”

အဆိုတော်ကြီး ဒေါ်မေရှင် ဆုံးပြီဆိုသော သတင်းကို ဧရာဝတီ သတင်းစာမျက်နှာမှာ (၀ီရှီမီ ဘလော့ဂ်က တဆင့်) ဖတ်လိုက်ရသည်။

ငယ်ငယ်က အိမ်မှာ ရေဒီယိုမရှိသဖြင့် ခေတ်ဟောင်းသီချင်းကဏ္ဍတွင် မေရှင်သီချင်းလာတိုင်း သူများအိမ်ခြံစည်းရိုးနားမှာ တမေ့တမောကပ် နားထောင်ခဲ့ရသည်ကို သတိရမိသည်။ ပြည်လှဖေနဲ့ မေရှင်တို့ စုံတွဲသီဆိုသော “ရှေးရေစက်” သီချင်းက နာမည်ကြီးလှသည်။ ဟေမာနေ၀င်းတို့လိုဘဲ အဲဒီသီချင်းမှာ သီဆိုသူ ဒေါ်မေရှင့်နာမည်ကလေးက သီချင်းစာသားထဲမှာ ပါသေးသည်။ ဟေမာကတော့ “သဘောကောင်းလွန်းတဲ့ကိုကိုမို့လေ….ဟေမာဆိုးမိတာပါ” ပေါ့။

ပထမဦးဆုံးကြိုက်တဲ့ သီချင်းတွေက ချစ်ရေစင်၊ ကျေးစေတမန်၊ အောင်ခြင်းရှစ်ပါး၊ ရွှေပြောင်ပြောင်…. စသဖြင့်။ နောက်ပိုင်းမြို့ပေါ်ကျောင်းလာတက်တော့ မေရှင်လက်ရွေးစင်သီချင်းအခွေတွေကို လက်လှမ်းမီလာသည်။

“မွှေးတုန်းတော့ကွယ်…ပန်ဆင်ပြန်တယ်…နံရင်ပစ်ပယ်….ချစ်လက်စမဆုံးခင်….ရှောင်ကြဉ်မုန်းရက်တယ်”………..တဲ့။ ချစ်ရေစင်သီချင်းဟာ ဒေါ်မေရှင့်အသံကလေးနဲ့ နားထောင်ရရင် ဂရုဏာသက်စရာသီချင်းလေးပေါ့။

အလားတူပါဘဲ….“မြသွေးဖြာတဲ့….ကျေးတမာ…..ပေါက်လဲဝါ..ခိုင်ရွှေညှာက…..မယ်စက်ရာ….ရွှေသဉ္ဇာသို့….ယူငင်လာ…...။ မယ်မှာစမ်းမယ်ပ….လွမ်းသူရဲ့…..သ၀ဏ်ကိုယူကာ…. စစ်မြေတလင်းလေ…..ချစ်နေရင်းသူကလေးသို့သာ…..ပေးပါတော့…..မြသွေး…ငှက်ကျေး….စေတမန်…..။” ကျေးစေတမန်ထဲက အဆုံးသတ်ကလေးလေ။ ကျနော်ငယ်ငယ်က စစ်ဗိုလ်ရောဂါထရတဲ့အကြောင်းရင်းထဲမှာ ဒေါ်မေရှင်ရဲ့ ကျေးစေတမန် သီချင်းရဲ့ ပယောဂလည်း ပါပါလိမ့်မယ်။ ခေတ်ဟောင်းတေးကဏ္ဍမှာသာမက စစ်သည်အတွက် တေးလက်ဆောင်အခန်းမှာပါ ဒီသီချင်းလေးကို ကြားရတတ်တယ်လေ။

မဲဇာမြိုင်၊ ကိုယ်ပိုင်မေတ္တာ၊ မြကေခိုင်…စသဖြင့် အခွေထဲမှာ ပါသမျှသီချင်းတွေကို ကြိုက်မိတော့သည်။ တဖြည်းဖြည်းနဲ့ လူပျိုပေါက် အရွယ်ရောက်လာတော့ အချစ်သီချင်းတွေထဲမှာ “ဖူးစာပိုင်” သီချင်းလိုမျိုးကို ကြိုက်နှစ်သက်လာသည်။ တီးလုံးတီးကွက်ကလည်း ခပ်ဆန်းဆန်း။ ဖူးစာပိုင်သီချင်းကို နားမထောင်ဖူးသူများကို နားထောင်စေချင်စမ်းသည်။

“တူပြိုင်…မြတ်ဘုရားရှင်ရှေ့ဂူလှိုဏ်…လှစ်ကျူးမြွက်ရှက်မနေနိုင်….မှန်သရွေ့…ဖန်စေ့ရေလည်….ပိုင်ပိုင်နိုင်နိုင် သစ္စာထူးတိုင်……..မြဲခိုင်ခိုင်…ဖူးရွှေစာပိုင်…. တူမသွေနိုင်ပါစေမယ်နှင့်သာ…လျှောက်ထားခဲ့ချက်ပိုင်….အချစ်ကိုမြင့်မိုရ်လုံးမြေစိုင်….လေးဒီပါသီတာရေမြေ…ဆုံးတိုင်မမုန်းနိုင်…ပျို့ဖူးစာပိုင်”

ကြည့်စမ်း…..ဖူးစာပိုင်သီချင်းထဲက စာသားလေးတွေ။ တချိန်တုန်းက အနောက်နန်းမတော်မမြကလေးကို သူ့လင်တော်မောင် သာယာဝတီမင်း အထင်လွဲပြီး ကွပ်မျက်ဘို့ ချုပ်နှောင်ထားခဲ့တယ်။ အဲဒီအချိန်မှာ မိဖုရားမမြကလေးက သာယာဝတီမင်းဟာ မမြကလေးကို ဘယ်တော့မှ သွေမပျက်ပါဘူးဆိုပြီး တချိန်တုန်းက ဘုရားရှေ့မှာ သစ္စာဆိုခဲ့ပုံ၊ အခုတော့ သစ္စာမတည်ပုံ၊ ဒါပေမယ့် သူမဘက်ကတော့ အချစ်တွေကို ကျွန်းကြီးလေးကျွန်းရော၊ မြင့်မိုရ်တောင်ရော၊ သီတာရေမြေအကုန်ပေါင်းတောင် သူ့အချစ်ကသာဦးမယ့်အကြောင်းကို “ချစ်သမျှကို” ပတ်ပျိုးမှာ သည်လိုဘဲ ဖွဲ့နွဲ့ခဲ့တာ။ဟော….ဒေါ်မေရှင်တို့ခေတ်ရောက်တော့ အဲဒီအကြောင်းအရာကိုဘဲ မြူးမြူးကြွကြွ ခေတ်မီမီ သံစဉ်တွေနဲ့ ပြန်လည်ဖွဲ့ဆိုခဲ့တာ သီချင်းရေးဆရာကိုလည်း ချီးမွမ်းစရာပါဘဲ။

ဧရာဝတီမှာ ရေးသလိုပါဘဲ၊ ဒေါ်မေရှင်အသံကလေးက ၀င်ချည်ထွက်ချည်နဲ့ တိမ်တိမ်လေးပါဘဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ အဲသည်အသံလေးကိုက စွဲမက်ချင်စရာဖြစ်နေသည်။ ဒေါ်မေရှင်သီချင်းတွေကို အသံမှီတဲ့ နောက်ပိုင်းနာမည်ကြီးအဆိုတော်တွေ ပြန်ဆိုတော့ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြပေမင့် ဒေါ်မေရှင်ရဲ့ မူရင်းကို မမှီဘူးရယ်လို့ဘဲ ကျနော့်စိတ်က စွဲထင်နေသည်။ ကျနော်ကဘဲ ပုဂ္ဂိုလ်စွဲ ကြီးလေရော့သလား။ ဥပမာ ၀င်းဦးဆိုခဲ့တဲ့ သီချင်းတွေကို သုမောင်တို့ ပြန်ဆိုတော့ မကြိုက်နှစ်သက်သလိုဘဲ ဖြစ်နေသည်။

သြော်…မေရှင်ကို ရုပ်ရှင်ထဲမှာ မြင်ဘူးတာကတော့ ဇာတ်ကားနံမည်က “ချစ်ရေစင်” ထင်ပါရဲ့။ မြန်မာ့ရုပ်မြင်သံကြားက ပြန်လွှင့်ပေးတာကို ကြည့်ရတော့ ရုပ်ရည်ကလည်း မေတ္တာရှိချင်စရာ။ သရုပ်ဆောင်ပုံကလည်း နှစ်သက်စဖွယ်။ ကြည့်ရတာ မေတ္တာမျက်စိနှင့်ကြည့်တော့ ဘာဘဲလုပ်လုပ် အပြစ်မမြင်၊ အချစ်ဝင်နေပုံရသည်။

အဆိုတော်တွေထဲမှာ ကျနော် ဒီလို သီချင်းတိုင်းလိုလိုကို နှစ်သက်မိတာ “ဒေါ်မေရှင်” “၀င်းဦး” နဲ့ နိုင်ငံခြားအဆိုတော်တွေထဲက “ကာပင်တားစ်” ဘဲ ရှိသည်။ ကျနော့်အစ်မတယောက်ဟာ ဒေါ်မေရှင်ကို ဘယ်လောက်ကြိုက်သလဲဆိုလျှင် မန္တလေးရောက်ခိုက် ဒေါ်မေရှင်အိမ်သို့ သူငယ်ချင်းများနှင့်အတူ လက်ဆောင်များဝယ်ယူကာ သွားရောက်တွေ့ဆုံတတ်သည်။

ဒေါ်မေရှင်ဆိုတဲ့အထဲမှာ “……..မြစ်ဧရာ…တဖက်ကမ်း…လှမ်းလို့မြင်ရသည်…ပျိုလွမ်းသည်…။ စစ်ကိုင်းချောင်..တောင်ထိပ်ဆီ….မြင့်မြင့်မောက်မောက်…အံ့လောက်စရာအတည်…ပုညရှင်က စေတီစေတီ..ကြည်နူးဘွယ်တလီ”……..ဆိုတဲ့ “ရွှေအင်းဝ” သီချင်းကလည်း တမျိုးကြည်နူးစရာလေးပါ။ ကျနော့်လို အညာသားဖြစ်ပြီး မန္တလေး၊စစ်ကိုင်း၊ အင်းဝ တွေဘက် တခါမှ မရောက်ဘူးတဲ့ သနားစရာလူတောင် အဲဒီဘက်က ရှုခင်းတွေကို မြင်ယောင်မိတဲ့၊ အဲဒီမြို့တွေဆီကို သွားလည်ချင်စိတ်ပေါက်စေတဲ့ သီချင်းပါဘဲ။

တကယ်တော့ ဒေါ်မေရှင်ဆိုတာ ကျနော့်အဖွားလောက်ရှိမှာပေါ့။ ဒါပေမယ့် သူ့အနုပညာက နုပျိုပြီး ကျန်ရစ်တယ်။ သူ့မြေးလောက်အရွယ်ကျနော်က သူ့သီချင်းတွေကို နားထောင်တိုင်း ရင်ခုန်ရတုန်း။ ကျနော့်ကို ဖမ်းစားနိုင်တုန်း။ လူသေပေမယ့် အနုပညာကတော့ မသေဘူးဆိုတာ ဒါမျိုးဘဲနေမှာ။

ဒေါ်မေရှင်ကောင်းရာသုဂတိလားပါစေ။
Read more

“ဆရာ”

“ကိုပေါ၊ နိုးပြီးလား။ လာကွ၊ မီးလှုံရင်း ရေနွေးကြမ်းသောက်လှည့်ဦး။”

ကျနော်အိပ်ယာမှ နိုးထလာသည်နှင့် လှမ်းခေါ်လိုက်သော ဆရာ့အသံ။ အချိန်က မနက် ၄ လေးနာရီ။ အစောကြီးရှိသေးသည်။

အသံလာရာကို လှမ်းကြည့်လိုက်တော့ အိမ်နောက်ဖေး မန်ကျည်းပင်အောက်က အုတ်ခဲသုံးလုံး ဖိုခနောက်ဆိုင်မီးဖိုမှာ ထမင်းအိုးတည်ရင်း မီးလှုံကာ မီးဖိုမှ မီးအလင်းရောင်ဖြင့် စာဖတ်လျက်ရှိသော ဆရာ့ကို တွေ့ရသည်။ ဆရာကိုယ်ပေါ်မှာ စောင်တထည်ပတ်လျက်။ ခေါင်းမှာကလည်း သိုးမွှေးဦးထုတ်ကို နားရွက်ပါဖုံးအောင် စွပ်လျက်။

ကျနော်လည်း အိပ်ယာမှ ကပျာကယာ လူးလဲထ။ သွားတိုက် မျက်နှာသစ်ပြီး မီးဖိုအနီးမှာ သွားထိုင်သည်။ ကျနော်လက်ထဲမှာလည်း စာအုပ်တအုပ်သယ်သွားရသည်။ ဆရာက စာဖတ်ရင်း ရေနွေးကြမ်းသောက်လိုက်၊ မီးဖိုထဲ ထင်းထည့်လိုက်။ ကျနော်ကလည်း အသာငြိမ်ပြီး စာအုပ်ဖတ်ရသည်။

ကျနော့်ဆရာမှာ အဲသည်အချိန်က သားသမီး ဘုစုခရု သုံးယောက်ရှိသည်။ ဆရာ့ဇနီးမှာ အလွန်ချော၏။ ဆရာက သူ့ဇနီးနှင့် သားသမီးတွေကို အရမ်းချစ်သည်။ ကျနော်သူ့အိမ်မှာ သွားနေစဉ်အတွင်း ဆရာသည် မနက်တိုင်းအစောကြီးထကာ ရေနွေးအိုးတည်၊ ထမင်းချက်ထားနှင့်ရင်း စာဖတ်နေတတ်သည်။ ဇနီးနှင့်ကလေးတွေ နိုးလာရင် ထမင်းပူပူနွေးနွေးကို ရွာထိပ်အကြော်ဖိုက မိုးလင်းကာနီး ဆရာသွားဝယ်လာသော အကြော်မျိုးစုံနှင့် နံနက်စာ အဆင်သင့်စားရုံပါဘဲ။ အဲသည်ကတည်းက ကျနော်က ဆရာ့ကို အားကျ၍ တနေ့ငါမိန်းမယူလျှင် ဆရာထက်မနည်း မိန်းမကို ချစ်မည်၊ ပြုစုမည်ဟု စိတ်ကူးခဲ့ဘူးသည်။ သို့သော် လက်တွေ့တွင်တော့ ဆရာ့ခြေဖျားကိုတောင် မမှီခဲ့ပါ။

အဲသည်တုန်းက ကျနော်က ခုနစ်တန်းကျောင်းသားအရွယ်။ လူရည်ချွန်ဖြေရန်အတွက် ဆရာ့အိမ်မှာ သွားအိပ်ရင်း ဗဟုသုတအတွက် စာအုပ်များ၊ သတင်းစာများကို ဖတ်ရှုလေ့လာရသည်။ အားကစားအတွက် လေ့ကျင့်ရသည်။ လေ့လာရသည်။ ဆရာက ကျောင်းမှာ ဘာသာရပ်ဆရာအဖြစ်သာမက အားကစားအတွက်ပါ တာဝန်တွဲဖက်ယူရပေသကိုး။

ကျနော့်ဘ၀ကို ထုဆစ်သောလူများထဲတွင် ဆရာသည်လည်း တယောက်အပါအ၀င်။

ကျနော်ခြောက်တန်းမှာ တစ်နှစ် ကျပြီးသည့်အခါ နောက်တနှစ်တွင် အတန်းထဲမှာ သူများထက် အစစ တပန်းသာနေသည်။ ကိုယ်က စာတွေကို သူများအရင် တနှစ်စောပြီး သင်ခဲ့ဘူးပြီးသားကိုး။

ဒါပေမယ့် ဆရာက ကျနော့်ကိုယ်ကျနော် ယုံကြည်မှုတွေ တိုးတက်လာအောင် အများကြီး စွမ်းဆောင်နိုင်သည်။ ကျနော်သည် နှစ်ကျတယောက်ဖြစ်သည့်အတွက်ကြောင့်မဟုတ်ဘဲ တကယ်အရည်အချင်းရှိသည့်အတွက်သာ အတန်းထဲတွင် ထိပ်ဆုံးက ရောက်နေသည်ဟု ကျနော့်ဘာသာ ယုံကြည်လာအောင် ပြုပြင်ပေးနိုင်စွမ်းရှိသည်။ သူလုပ်ပုံလုပ်နည်းမှာ ကျနော်အစမ်းစာမေးပွဲများတွင် အမှတ်အများဆုံးရနေပါက အတန်းထဲတွင် နှုတ်က ထုတ်ဖော်ချီးမွမ်းယုံမက ကျောင်းဝန်းအတွင်း သူနှင့် အခြားဆရာများ စကားပြောနေကြသည့်နေရာအနီးမှ ကျနော်ဖြတ်သွားလျှင်လည်း ကျနော့်ကို သူတို့အနီးသို့ ခေါ်၍....“ဒါ ကျနော့်အတန်းက ကိုပေါလေ။ ဒီကောင်တော်တယ်။ အရည်အချင်းရှိတယ်” စသဖြင့် တခြားဆရာတွေကို ပြောပြတတ်သည်။ ထိုအဖြစ်အပျက်သည် အသေးအဖွဲဟု ထင်ရသော်လည်း သချာင်္မဖြေနိုင်သဖြင့် ၆ တန်းတွင် တနှစ်ကျရှုံးဘူးသော ကျနော့်အား စိတ်ဓါတ်ကို ကျဆင်းမသွားစေဘဲ အမြင့်ဆုံးကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ရလာဒ်မှာ ကျနော်သည် ထိုအလယ်တန်းကျောင်းတွင် နေစဉ်တလျှောက်လုံး အမြဲတစေ နံပါတ် တစ် နေရာမှ တပြားသားမျှ မဆင်းတော့ချင်းဖြစ်သည်။

ဆရာက ကျောင်းစာကိုသာ ကျနော့်ကို လေ့ကျင့်ပေးသည်မဟုတ်။ အကျင့်စာရိတ္တကိုလည်း ပြုပြင်ပေးသည်။ တခါက မကွေးမြို့တွင်ပြုလုပ်သော မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ ကျနော်တို့ မြို့နယ်ကလည်း သွားပြိုင်ကြသည်။ မင်းဘူးမှ မကွေးဘက်သို့ မြစ်အကူးတွင် လက်ထောက်မြို့နယ်ပညာရေးမှူး (ကျနော့်ယောက်ဖ) ၏ စက်ဘီးကို ကျနော်က မျက်နှာလိုအားရဖြင့် စက်လှေပေါ်မှ ထမ်း၍ ချပေးလိုက်သည်။

ဆရာက အသာကြည့်နေကာ...ညဘက် ထမင်းစားချိန် ရောက်တော့မှ....“ဟေ့၊ ကိုပေါ။ လက်ထောက်ပညာရေးမှူးစက်ဘီးကို ထမ်းချပေးတဲ့ လုပ်ရပ်က တကယ်တော့ မလိုအပ်ပါဘူးကွ။ မင်းက သူ့အခိုင်းအစေလည်း မဟုတ်ဘူး။ သူက မင်းထက် လူကောင်ကြီးပြီး သန်လည်း သန်မာပါတယ်။ မစွမ်းမသန်တဲ့ လူကို ကူညီတာဆိုရင်တော့ ကောင်းတာပေါ့ကွာ။ ဒီကိစ္စမှာတော့ မင်းက မလိုအပ်ဘဲ အောက်ကျို့လွန်းတယ်လို့ ဆရာ ထင်တယ်။ မင်းကျို့တာက ကိစ္စမရှိဘူး။ ဟိုပုဂ္ဂိုလ်က မင်းအောက်ကျို့ဆက်ဆံတာကို အရသာတွေ့ပြီး နောက်လူတွေဆီက အဲသည်လို ဆက်ဆံမှုမျိုးကို မျှော်လင့်လာရင် တခြားလူတွေအတွက် ကိစ္စရှိတယ်ကွ။ ” ....။

ကျနော့်ဆရာက အဲသည်လို။

ကျနော်တွေ့ဘူးသမျှတွင် ဆရာသည် ကျောင်းသားတွေကို ကျောင်းစာနှင့် မသက်ဆိုင်သော ပုံပြင်တွေ၊ သမိုင်းတွေ အကြောင်းကို အပြောဆုံးဆရာတဦးဖြစ်သည်။

အာဇာနည်နေ့ ဟောပြောပွဲလိုမျိုးမှာ ဗိုလ်ချုပ်တို့ အလုပ်ကြံခံရပုံကို တဆင့်ချင်း၊ တကွက်ချင်း လေယူလေသိမ်းဖြင့် ဆရာမို့ ဟောပြောပြီဆိုလျှင် ကျောင်းသားတွေရော၊ ဆရာတွေပါ ငြိမ်သက်ပြီး နားထောင်ရလောက်အောင် ဆရာက အပြောလည်းကောင်းသည်။

အမျိုးသားနေ့ အကြိုဟောပြောပွဲမျိုးဆိုရင် လက်ရွေးစင်ကျောင်းသားအချို့ကို ရွေးထုတ်ကာ “တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာ...မညှိုးဂုဏ်တေဇာ” အစချီတဲ့ သခင်ဘသောင်းရေးတဲ့ ဒို့ဗမာ သီချင်းကို အကျအန သင်ပေးကာ “မီးဒုတ် မီးဒုတ် ရှို့ရှို့....သခင်မျိုးဟေ့ ဒို့ဗမာ” စတဲ့ သီချင်းတွေ ကြွေးကြော်သံတွေကို ကြက်သီးမွေးညှင်းထလောက်အောင် လက်သီးလက်မောင်းတန်း ရွတ်ဆိုစေခဲ့သော၊ မာန်ပါပါနဲ့ ဟောပြောနိုင်ခဲ့သော ဆရာ။

သူ့အိမ်မှာ အင်္ဂလိပ်လိုနဲ့ မြန်မာလို ပူးတွဲပါသော ဂါးဒီယန်းစာအုပ်တွေ တထပ်ကြီးချပေးကာ အင်္ဂလိပ်စာ ဖတ်အားကောင်းအောင် လေ့ကျင့်ပေးပုံတွေ၊ ကျနော် အားကစားအတွက် ဘောလုံးကွင်းကို ပတ်ပြေးနေတော့ နာရီတလုံးနဲ့ စံချိန်မှတ်ပေးနေပုံတွေ၊ ကျနော် လူရည်ချွန်ရလို့ နွေရာသီအပန်းဖြေစခန်းကအပြန် အမှတ်တရ လက်ဆောင်တွေ ဆရာ့ဘို့ ၀ယ်သွားပေးတော့ သူ့တပည့်အတွက် ကျေနပ်ဂုဏ်ယူတဲ့ အကြည့်နဲ့ ပီတိဖြစ်နေပုံတွေ၊ ကျနော်တို့ ကျောင်းသားငယ်တွေနဲ့အတူ ခြင်းတ၀ိုင်းထဲ ခတ်ကာ “မဟာဒူး၊ ဖ၀ါး၊ ဖနောင့်၊ စလွယ်” စတဲ့ ခတ်ပုံခတ်နည်းတွေကို လှလှပပ ခတ်ပြခဲ့တာတွေ မျက်စိထဲမှာ မြင်ယောင်နေမိသည်။

ကျနော် ဘွဲ့ရအပြီး မလေးရှားက အလုပ်တခုမှ အရွေးချယ်ခံရ၍ နိုင်ငံခြားသို့ မထွက်မီ မိဘတွေရှိတဲ့ မွေးရပ်မြေကို ခဏပြန်တော့ လမ်းခုလပ် မြို့ကလေးတခုက ထမင်းဆိုင်မှာ ဆရာနဲ့ ဆရာကတော်ကို ဗြုန်းကနဲ သွားတွေ့သည်။ ဆရာက အဲသည်မြို့ကလေးမှာ အထက်တန်းကျောင်းအုပ်ဖြစ်နေသည်။ ဒါပေမယ့် ဆရာပုံက နွမ်းနွမ်းပါးပါး။ ကျနော်ကလည်း ထိုစဉ်တုန်းက ဘိုင်ကောင်ပီပီ ဆရာကို လက်အုပ်ချီကာ (လက်ချည်းသက်သက်) ထိုင်ကန်တော့ခဲ့ရသည်။ ဆရာ၏ ဆုပေးသံမှာ တုန်ခါနေပြီး တချိန်တည်းမှာ သူ့တပည့်နိုင်ငံခြားထွက်တော့မှာ၊ ကြီးပွားတော့မှာကို ၀မ်းသာအားရဖြစ်နေပုံရသည်။ ပြီးတော့ တခုမှာလိုက်သေးသည်။ “ငါတပည့်၊ မင်း နိုင်ငံခြားသူနဲ့တော့ အိမ်ထောင်မပြုပါနဲ့ကွာ။ မြန်မာလူမျိုးနဲ့ဘဲ အိမ်ထောင်ပြုပါ” တဲ့။ ဆရာ ဘာရည်ရွက်ချက်နဲ့ ပြောသလဲတော့ ကျနော် မေးမကြည့်ခဲ့တော့ပါ။

တနေ့က အစ်မနဲ့ ဖုန်းပြောရင်း ဆရာ့ကို အထူးသတိရ၍ ကျနော် ပို့ပေးထားသည့်ငွေဖြင့် ကျနော့်ကိုယ်စား ဆရာ့ကို သွားကန်တော့ပေးပါဟုပြောတော့....အစ်မက “ဆရာ လေဖြတ်ထား၍ အိပ်ယာထဲ လဲနေကြောင်း၊ တခါတရံ တချို့လူတွေကို သတိမရတော့ကြောင်း၊ ကျနော်တို့ မောင်နှမတတွေကိုတော့ မှတ်မိနေသေးကြောင်း၊ ဆက်ဆက် သွားကန်တော့ပေးမည်ဖြစ်ကြောင်း”တွေ ပြောပြသည်။ သည်အကြောင်းသိရတော့ ကျနော့်ရင်ထဲမကောင်း။ ဒါပေမယ့် ဆရာ့သားသမီးတွေ လိမ္မာပြီး မိဘအပေါ်သိတတ်ကြောင်း ကြားရတော့ ဆရာ့အတွက် ၀မ်းသာမိသည်။

ဆရာသည် ကျနော့်ဘ၀ကို မြှင့်တင်ပေးခဲ့သူ၊ ကျနော့်စာရိတ္တကို ပြုပြင်ပေးခဲ့သူ၊ ကျနော့်ကိုယ်ကျနော် ယုံကြည်မှု ရှိလာအောင် မြေတောင်မြှောက်ပေးခဲ့သူ။

ကျနော့်ဘ၀၀ယ် အကောင်းဘက်သို့ရောက်အောင် တွန်းပို့ပေးသူများအကြောင်းကို စဉ်းစားလိုက်တိုင်း ကျနော့်၏ အလယ်တန်းပြဆရာကို သတိရမိတော့သည်။
Read more

"ကျွန်းပေါ်မှာရေးတဲ့မှတ်တမ်း"

ကိုလှိုင်မိုး။

“ASEAN summit မှာဆန္ဒပြကြတုန်းက လူတွေကို စီတန်းလိုက်ပြီး လက်ချင်းယှက်လိုက်တော့ ကျနော်က အကို့ နံဘေးမှာလေ”

လွန်ခဲ့တဲ့ တစ်ပတ်လောက်က တညချမ်းမှာ ကွင်းပြင်ကြီးထဲ ၀ိုင်းဖွဲ့ထိုင်ရင်း စကားပြောဖြစ်ကြတော့ ကိုလှိုင်မိုးက ကျနော့်ကို ပြောလိုက်ခြင်းဖြစ်သည်။ ကျနော်က မှတ်ဉာဏ်မကောင်းလှတော့ လူနဲ့ နာမည်နဲ့ တွဲမသိခဲ့သဖြင့် ဇဝေဇ၀ါ။ သေချာတာကတော့ အော့ချာ့ဒ်ဆန္ဒပြပွဲ နောက်ပိုင်းမှာ သူနဲ့ ကျနော်နဲ့ လှုပ်ရှားမှုပေါင်းများစွာမှာ အတူတွဲလုပ်လာ၍ မျက်နှာကျက်မိနေတာ ကြာခဲ့ပြီ။

ဒီနေ့တော့ SDP ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ ဓါတ်ပုံကိုကြည့်တော့မှ ဟုတ်ပါရဲ့....အဲဒီတုန်းက သူနဲ့ ကျနော်က ဘေးချင်းကပ်လျက် လက်တွဲထားတာမို့လား။

အခုတော့ ကိုလှိုင်မိုးဟာ သူ့ရဲ့ S-pass ကို သက်တမ်းတိုးမရတော့ပြီ ဖြစ်လို့ စင်္ကာပူက ထွက်ခွာသွားခဲ့လေပြီ။ အထွက်မှာ သူ့ကို အဖွဲ့သားများက လိုက်လံပို့ဆောင်ကြတော့ ဘလော့ဂါ အမျိုးသမီးငယ်က ရုတ်တရက် ၀မ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။ အားလုံးရင်ထဲမှာ ရဲဘော်တယောက်နဲ့ ဝေးကွာရခြင်းအတွက် ကြေကွဲမှုကိုယ်စီနှင့်။

------------------------------

ကိုမျိုးထွန်း။

ကိုမျိုးထွန်းကိုကျတော့ နာမည်နဲ့ လူပါ တွဲမှတ်မိနေသည်။

စင်္ကာပူမြန်မာသံရုံးရှေ့က Vote No campaign မှာ ရေဘူးတွေ၊ အအေးဘူးတွေ၊ သစ်သီးတွေ မ ယူသယ်ဆောင်လာပုံ၊ အင်္ကျီအနီတွေ ဝေငှပေးနေပုံ၊ ရေဘူး၊ အအေးဘူးတွေ လိုက်ဝေနေပုံ၊ သောက်ပြီး ဗူးခွံများကို ပလပ်စတစ်အိတ်အမဲကြီးနဲ့ လိုက်လံ သိမ်းဆည်းပေးနေပုံ။ “နိုး” အဖွဲ့ အဆိုတော်မလေးများပုံပါသော နိုး စတစ်ကာလေးတွေကို လက်သိပ်ထိုး ဝေငှပေးနေပုံ။

ဟော...မြန်မာပြည်မှာ နာဂစ်ဆိုင်ကလုံး တိုက်ခတ်သွားပြန်တော့ မျိုးချစ်မြန်မာများအဖွဲ့ အလှူငွေ ကောက်ခံနေတဲ့နေရာမှာ သူ့ကို အစဉ်လိုလို တွေ့နေရပုံ၊ ဧရာဝတီတိုင်း လပွတ္တာဘက်မှာ သွားရောက်ကူညီကယ်ဆယ်ရာက ပြန်ရောက်လာတော့ သူ့အတွေ့အကြုံတွေကို စင်္ကာပူနိုင်ငံ အမျိုးသား စာကြည့်တိုက်အောက်က အုတ်ခုံမှာ ၀ိုင်းထိုင်ရင်း စိတ်ဝင်စားဘွယ် ပြောပြနေပုံ။

အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပင် ကျနော့်အတွေးထဲတွင် ပြက်ပြက်ထင်ထင် ရှိနေသေးသည်။ ယခုတော့ ကိုမျိုးထွန်းသည်လည်း သူ့ WP ကို အလုပ်က သက်တမ်းတိုးပေးသော်ငြား စင်္ကာပူအစိုးရက သက်တမ်းတိုးမပေးတော့၍ စင်္ကာပူက ထွက်ခွာသွားခဲ့လေပြီ။


-------------------------------------------

စိုးသီဟ။

ကျနော့်ကို မျိုးမြင့်မောင်နဲ့ မိတ်ဆက်ပေးတော့ မျိုးမြင့်မောင်ဘေးမှာ စိုးသီဟလည်း ပါသည်။ သူတို့ နှစ်ဦးက အီကြာကွေးလို တပူးပူးတတွဲတွဲ။ မျိုးမြင့်မောင်က နှုတ်သွက်သလောက် စိုးသီဟက စကားနည်းသည်။ လူပုံက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး။ အမြဲလိုလို ကတုံးဆံပင်လို ဆံပင်တိုတို နှင့်။

ဘုန်းကြီးကျောင်းလမ်းထိပ်က ကော်ဖီဆိုင်မှာ၊ ကလင်မင်းတီးက ကော်ဖီဆိုင်မှာ ည ၂ နာရီ၊ ၃ နာရီ ထိုးတဲ့အထိ စကားဝိုင်းတွေ ဖွဲ့ခဲ့တာတွေကို သတိရမိသည်။ သူနဲ့နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက သူ စင်္ကာပူကနေ သည်လောက်မြန်မြန်ဆန်ဆန် ထွက်ခွာသွားရမည်ဆိုတာကို မရိပ်မိခဲ့ကြသေး။ SMU အောက်က ခုံတန်းရှည်တွေမှာ သူကထိုင်လျက် ကျနော်က မိုးတိုးမတ်တတ် စကားပြောခဲ့ပုံကို သတိရမိသည်။ အဲသည်ညက ညဥ့်က အတော်နက်နေပြီ။ သူတို့အဖွဲ့မှာ နာဂစ်အလှူငွေခံရာက ရလာသည့် ငွေအကြွေဘူးတွေကို သွန်ချပြီး ရေတွက်နေခဲ့ကြသည်။ ကျနော်က “အချိန်ကုန်ပင်ပန်းလိုက်တာကွာ၊ အကြွေရေတွက်တဲ့ စက်မှာ သွားရေတွက်ပါတော့လား” ဟုပြောတော့ “အဲဒါက ပိုက်ဆံပေးရတယ် အကိုရ၊ ကျနော်တို့က အပိုမကုန်စေချင်လို့ လူအားနဲ့ ရေတွက်လိုက်တာပါ” လို့ ပြန်ပြောသည်။

တကယ်က သူသည် နိုင်ငံရေးထက် လူမှုရေးကိစ္စများကို အားသန်သူ။ နာဂစ်မုန်တိုင်းအတွင်းမှာ စင်္ကာပူရှိ တက္ကသိုလ်မှ မြန်မာကျောင်းသားပေါင်းစုံကို စုစည်း၍ “ပရော့ဂျက် နာဂစ်” ကို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့သူထဲက တဦး ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်... ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်မွေးနေ့မှာ တီရှပ်တွေ (ပင်နင်ဆူးလား ဆိုင်တဆိုင်မှ တဆင့်) အလကားဝေသည်မှာ သူတို့သူငယ်ချင်းတစု၏ အားထုတ်မှုဖြစ်သည်။ စက်တင်ဘာတော်လှန်ရေးအပြီး မြန်မာတွေ စင်္ကာပူမှာ အ၀တ်များလာတဲ့ တီရှပ်မှာ လက်ချင်းဆက်ထားသော ပုံတွေကလည်း သူ့တို့သူငယ်ချင်းတစုရဲ့ စိတ်ကူးစိတ်သန်းနဲ့ ရေးဆွဲခဲ့သော ဒီဇိုင်းဖြစ်ကြောင်းသိရသည်။

ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ပထမဦးဆုံးအကြိမ် ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကိုလည်း တက္ကသိုလ်ဝင်းအတွင်း ကျင်းပခွင့်ရအောင် အာဏာပိုင်တွေ တားဆီးသည့်ကြားက ဖြစ်မြောက်အောင် သူဘဲ ကြိုးစားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်က အင်ဂျင်နီယာ ဘွဲ့ရပြီး အလုပ်ရှာတော့ ပရော့ဂျက်မန်နေဂျာ ရာထူးကို လစာကောင်းကောင်းဖြင့် ရသည်။ ဒါပေမယ့် သူ့အတွက် အီးပီ လျှောက်တော့ Pending ဖြစ်နေသည်။ သူ့အတွက် နေထိုင်ခွင့်ကို တိုးမပေး၍ စင်္ကာပူကနေ ကမ္ဘောဒီးယားကို ထွက်ခွာဘို့လုပ်ရသည်။

သူ့ဗီဇာ သက်တမ်းကုန်ဆုံးသည့်နေ့တွင် လေဆိပ်ကို သွားတော့ စင်္ကာပူလူဝင်မှုကြီးကြပ်ရေးမှာ သူ့ပတ်စ်ပို့တ်ကို စစ်ဆေးပြီး ဘေးဘက်ရှိ အထူးနေရာကို ခေါ်သွားကာ အရာရှိက တနေရာကို ဖုန်းဆက်သည်။ တဖက်မှ ပြောသည့်အတိုင်း လိုက်နာဆောင်ရွက်နေရဟန်ရှိသည်။ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေသည်ကိုလည်း ရှင်းမပြ။ တမင်သက်သက် အချိန်ဆွဲကာ နှောက်ယှက်သည်ဟုသာ ယူဆစရာရှိသည်။ သည်လိုနှင့် မိနစ်များစွာ ကြာလာပြီး လေယာဉ်ထွက်ချိန်နီးလာ၍ လေကြောင်းလိုင်းက လေယာဉ်ပေါ်တက်ဘို့ နောက်ဆုံးအကြိမ် ကြေညာလာသည်။ စိုးသီဟက လူဝင်မှု အရာရှိကို ပြောပြတော့ ထိုသူက တာဝန်ခံကို ဖုန်းဆက်ပေးမည်ဆိုကာ တနေရာသို့ ဖုန်းဆက်သည်။

သို့နှင့် နောက်ဆုံး ပတ်စ်ပို့တ်ကို ပြန်ပေးလိုက်သည့်အချိန်မှာတော့ လေယာဉ်ပျံက ထွက်ခွာသွားချေပြီ။ စိုးသီဟသည် လေယာဉ်လက်မှတ်ခ ပြန်အအမ်းယူရာတွင် ထောက်ခံချက်လိုသည့်အတွက် လူဝင်မှုအရာရှိကို ထောက်ခံစာပေးဘို့ ပြောတော့ ဘယ်သူမှ တာဝန်မခံ။ စိုးသီဟ၏ နိုင်ငံကူးလက်မှတ်မှာ မည်သည့်ပြဿနာမျှ မရှိပါဘဲ အင်မီဂရေးရှင်းမှ သက်သက် အချိန်ဆွဲသည့်အတွက် လေယာဉ်လွတ်သွားရခြင်းဖြစ်ကြောင်း စိုးသီဟက ပြင်းပြင်းထန်ထန်ပြောပါမှာ မတတ်သာ၍ အထူးနေထိုင်ခွင့်ဖြင့် နောက်ထပ်နေထိုင်ခွင့် တရက်သက်တမ်းထပ်တိုးပေးသည်။ သို့သော်လေယာဉ်လက်မှတ်တစောင်ဖိုးတော့ အကြောင်းမဲ့ ဆုံးရှုံးသွားရချေပြီဖြစ်သည်။ နောက်တရက်တွင် လေယာဉ်လက်မှတ်တစောင် အသစ်ဝယ်၍ သွားရသည်။

ရာဇ၀တ်မှု ကျူးလွန်ထားဘူးခြင်းမရှိသော ကျောင်းသားလူငယ်တယောက်အား နေထိုင်ခွင့်သက်တမ်းတိုးမပေးခြင်းမှာ ထူးဆန်းသည့်ကိစ္စဖြစ်သော်လည်း အင်မီဂရေးရှင်းတွင် ထိုသို့ ဆုံးဖြတ်နိုင်သော အခွင့်အာဏာရှိ၍ တိုးမပေးခြင်းကား ရှိစေတော့။ သို့သော် ထိုဆုံးဖြတ်ချက်ကို မဖီဆန်ဘဲ နိုင်ငံမှ ထွက်ခွာသွားသည့် အပြစ်မဲ့ လူငယ်တယောက်အား တမင်သက်သက် ဒုက္ခပိုစေရန် လေယာဉ်လွတ်သွားသည်အထိ အကြောင်းပြချက်မယ်မယ်ရရ မပေးဘဲ ဟန့်တားခြင်းကို ကြားသိရသည့်အခါ ပထမတန်းစားနိုင်ငံတခုဟု ကြွေးကြော်ထားသော စင်္ကာပူအာဏာပိုင်တို့၏ လုပ်ရပ်မှာ မြန်မာစစ်အစိုးရ၏ လုပ်ရပ်နှင့် ထပ်တူထပ်မျှ တူညီနေပုံကို အံ့သြမကုန်အောင် ဖြစ်ရပါသည်။

---------------------------------

ကျနော်နှင့် သူတို့တတွေ သိကျွမ်းခဲ့ရသည့် ကာလမှာ တနှစ်ပင် မကြာလိုက်။ သူတို့ဘ၀၊ သူတို့ အလုပ်အကိုင်အကြောင်းတွေလည်း ကျနော် ထဲထဲဝင်ဝင်မသိလှ။ တချို့ဆိုလျှင် လူနှင့် နာမည်နှင့် တွဲ၍ မှတ်မိသည်မှာလည်း မကြာသေး။

သို့သော် သူတို့ကို ကျနော့် နှလုံးသားက မေ့နိုင်မည်မထင်။ အဘယ့်ကြောင့်ဆိုသော်....သူတို့သည် မိမိအကျိုးစီးပွားကို ထိခိုက်လာမည်ကို သိသိနှင့်ပင် မိမိတိုင်းပြည် ကောင်းစားစေလိုသော စိတ်ဓါတ်ဖြင့် မိမိယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲလျက် မည်သူမျှ မတိုက်တွန်းရဘဲ မှန်ကန်သည်ထင်သောအမှုကို ရဲဝံ့စွာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

သူတို့သည် မြန်မာ့ဒီမိုကရေစီအရေးတွင် လူသိများခြင်းမရှိ၊ ထင်ပေါ်ကျော်ကြားခြင်းမရှိသည့်တိုင် ကျနော်၏ အသည်းနှလုံးတွင်တော့ မေ့ပျောက်၍ မရနိုင်တော့သော သူရဲကောင်းများအဖြစ် ရာသက်ပန် စွဲထင်ကျန်ရစ်တော့မည်ဖြစ်ပါသည်။

(အောက်တွင် သူတို့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျနော့်ဇနီးရေးဖွဲ့ထားသော ကဗျာလေးကို တင်ပေးလိုက်ပါသည်။)


"ကျွန်းပေါ်မှာရေးတဲ့မှတ်တမ်း"



ဘယ်သူရယ် ဘယ်ဝါရယ်လို့
နာမည်တွေတောင်တွဲမသိ၊
သူဘယ်သူလဲ..ဘာလုပ်သလဲလို့
စကားတွေလဲမစပ်မိ..၊
ဒါပေမယ့်....
သူ..ဘာယုံကြည်သလဲ..
ငါ..ဘာယုံကြည်သလဲတော့
ဖွင့်ပြောစရာမလိုဘဲသိခဲ့ကြတယ်..။

ရေစက်လို့ဘဲဆိုဆို
ကာလတိုတိုအတွင်း
သွေးသားအရင်းတွေလိုနီးခဲ့ကြ၊
မတူတဲ့အမြင်တွေကြား
လက်ချင်း ဆက်တွဲထားချင်လို့
အဖြေရှာခဲ့ရတဲ့ညများ၊
တချိန်မှာတော့...
ကလေးတွေကိုပြန်ပြောဖို့
အိပ်ရာဝင်ပုံပြင်ဖြစ်လေမလား...၊
ဘာတွေဘဲဖြစ်ဖြစ်
စိတ်တူကိုယ်တူ
ဒီလမ်းကို ယုံကြည်စွာရွေးခဲ့သူတွေချင်းမို့...
အခြေအနေမပေး
တနေရာစီဝေးလည်း
ဆုံမှတ်ရောက်တဲ့အထိ..တို့ဆက်လျှောက်ကြမယ်..။

-ထနောင်း
ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs