Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

“ငြင်းခုံခြင်း နှင့် လွတ်လပ်သော အမူအကျင့်”

ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းတို့သည် မတူညီသော အယူအဆများ၊ အမြင်များ ထိပ်တိုက်တွေ့သောအခါ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်အချီအချ ပြောဆိုကြခြင်း၊ ရေးသားကြခြင်း၊ ထုတ်ဖော်ကြခြင်း ဖြစ်သည်။

လောကတွင် အကျိုးမများသည့် ငြင်းခုံမှုများရှိသလို၊ အကျိုးရှိသည့် ငြင်းခုံမှုများလည်း ရှိနေသည်။ အချို့နေရာများတွင်မူ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းကို မဖြစ်မနေ လုပ်ကြရသည်။

လွတ်လပ်ပွင့်လင်းသော လူမှုပတ်ဝန်းကျင်တွင် စကားစစ်ထိုးခြင်း၊ ငြင်းခုံခြင်းမှာ နေ့စဉ်နှင့် အမျှ ကြုံတွေ့နေရသော ကိစ္စတရပ်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံများ၏ နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ကြီးချုပ်များ၊ သမ္မတများသည် စကားစစ်ထိုးကောင်းသူများလည်း ဖြစ်နေတတ်သည်။ ဗြိတိသျှပါလီမန်ထဲရှိ အစိုးရနှင့် အတိုက်အခံတို့ အချင်းချင်း မျက်နှာချင်းဆိုင် မျက်နှာကို စေ့စေ့ကြည့်လျက် ငြင်းခုံ စကားစစ်ထိုးကြသည်မှာ အင်မတန် အားကျအတုယူဖွယ်ကောင်းသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းတို့ အချင်းချင်း အပြန်အလှန်စကားစစ်ထိုးကြသည်ကို ကြည့်လျက် ပြည်သူများက ၄င်းတို့၏ မူဝါဒနှင့် အရည်အချင်းများအပေါ် အကဲဖြတ်ကြသည်။

နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ ကျောင်းဆရာများ၊ သိပ္ပံပညာရှင်များ၊ တွေးခေါ်ပညာရှင်များ စသူတို့မှာ အသက်မွေးဝမ်းကြောင်းအရ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းကို ရှောင်ရှား၍မရ။ သိပ္ပံပညာတွင်လည်း သီအိုရီတရပ်သည် ၄င်းအား မှားယွင်းသည်ဟု ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးခင်အထိသာ ရှင်သန်ရပ်တည်နိုင်သည်။ သီအိုရီအသစ်တရပ်ပေါ်လာပြီး လက်ရှိ ရှိပြီးသားသီအိုရီနှင့် ကွဲလွဲခဲ့သည်ရှိသော် သီအိုရီအသစ်ကို မည်သည့်သိပ္ပံပညာရှင်ကမှ မျက်စိစုံမှိတ်လျက် ဆိတ်ငြိမ်စွာ လက်ခံလိုက်ကြသည်မဟုတ်။ သီအိုရီတဖက်စီမှနေ၍ သိပ္ပံပညာရှင်များ အသီးသီးရပ်တည်ကာ ငြင်းချက်ထုတ်ကြသည်။ ငြင်းခုံကြသည်။ အပြန်အလှန် အယူအဆ စစ်ထိုးပွဲများ ကျင်းပကြသည်။ အနည်းနည်းအဖုံဖုံ ဆန်းစစ်ဝေဖန် မှတ်ကျောက်တင်ကြသည်။ ဤသို့သော မှတ်ကျောက်များ၊ ဝေဖန်မှုများကို လွန်မြောက်ကျော်လွန်နိုင်မှသာ သီအိုရီအသစ်ကို လက်ခံကြခြင်းဖြစ်သည်။ ဤနည်းဖြင့် သိပ္ပံပညာသည် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ လူ့အဖွဲ့အစည်းသည်လည်း တိုးတက်ခဲ့သည်။

ဟုတ်မှန်ပြီး၊ အကျိုးရှိသောစကားကို ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အခါအားလျော်စွာ ပြောအပ်သည်ဟု ဗုဒ္ဓက ဆိုခဲ့သည်။ ဗုဒ္ဓပင်လျှင် သူနှင့် အယူအဆ မတူညီသော ပုဂ္ဂိုလ်ပေါင်းများစွာနှင့် စကားစစ်ထိုးခဲ့ရသည် မဟုတ်ပါလော။

လူ့လောကအတွင်းတွင် လူမှုပတ်ဝန်းကျင်နှင့် ရောထွေးဆက်ဆံကာ နေထိုင်သမျှကာလပတ်လုံး ငြင်းခုံခြင်းကို မလွှဲမသွေ ကြုံတွေ့ရမည်၊ ပြုလုပ်ကြရမည်သာဖြစ်သည်။ အကျေအလည် အသည်းအသန် ငြင်းခုံခြင်းသည် လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်းထက်သော်လည်းကောင်း၊ မရိုးမသားနည်းဖြင့် မလှိမ့်တပတ်ဖြေရှင်းခြင်းထက်သော်လည်းကောင်း များစွာ ယဉ်ကျေးသည်။ များစွာ သာလွန် ကောင်းမွန်သည်။ ငြင်းခုံခြင်းကို ဝါသနာမပါ၍ဖြစ်စေ၊ မကျွမ်းကျင်၍ဖြစ်စေ၊ အကျိုးမရှိဟု ယူဆ၍ဖြစ်စေ…. အကြောင်းကြောင်းကြောင့် နေရာတိုင်းတွင် ငြင်းခုံရန်ဝန်လေးကာ နှုတ်ဆိတ်နေခဲ့ပါလျှင် သူတပါးတို့၏ အစီအမံများ၊ အယူအဆ အတွေးအခေါ်များနှင့် မတရားသဖြင့် အနိုင်အထက် ပြဋ္ဌာန်းသမျှတို့သာ လွှမ်းမိုးသွားပြီး မိမိ၏ လွတ်လပ်မှုနှင့် အခွင့်အရေးများလည်း တစထက်တစ လျော့ပါး ဆုံးရှုံးသွားမည်ဖြစ်သည်။
Read more

“မပြောမပြီး မတီးမမြည်...”

လူဆိုတာ မွေးလာကတည်းက အူဝဲလို့ အော်ငိုပြီး မွေးလာတတ်ကြတာပါ။ စကားမပြောတတ်ခင် နို့ဆာတဲ့အခါ၊ အနှီးသေးစိုလို့ နေမထိထိုင်မသာရှိတဲ့အခါ အူဝဲ ရယ်လို့ အော်ငိုတတ်ကြတယ်။ အဲဒီအခါမှာ ကလေးရဲ့ လိုအပ်ချက်ကို မိခင်က သိရှိသွားပြီး သူ့အလိုကို ဖြည့်ဆီးပေးရတာပေါ့။ နို့ဆာနေပါလျက်နဲ့ အော်မငိုတတ်တဲ့ ကောင်တော့ ငတ်ပြီပဲ။ မြန်မာစကားမှာ “အငိုသန်တဲ့ကလေးဟာ နို့ပိုစို့ရတယ်” ဆိုတဲ့ ဆိုရိုးစကားလည်း အရှိသားမဟုတ်လား။

လူမှန်ရင် မွေးကတည်းက မိမိဆန္ဒ၊ မိမိလိုအပ်ချက်တွေကို အသံနဲ့ ထုတ်ဖော်ပြသတတ်လာကြတာ သဘာဝပဲ။ မျက်နှာပေါ်မှာ ပါးစပ်ပေါက်ကြီး တပေါက် ပါလာတာဟာ အစာစားဖို့သက်သက်၊ တံတွေးမြိုချဖို့သက်သက်၊ ပလုပ်ကျင်းဖို့သက်သက်၊ သွားကြားထိုးဖို့သက်သက်လောက် မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။

လူ့သမိုင်းကို ပြန်ကြည့်ရင်လည်း တစထက် တစ လူ့အဖွဲ့အစည်း တိုးတက်ယဉ်ကျေးလာတာနဲ့အမျှ မိမိရဲ့ ဆန္ဒတွေကို၊ အတွေးအမြင်တွေကို ထုတ်ဖော်ဖို့အတွက်၊ ဖလှယ်ဖို့အတွက် ဘာသာစကားတွေကို တီထွင်သုံးစွဲလာကြတယ်။ တဦးနဲ့တဦး ဆက်သွယ် အချက်ပြဖို့အတွက် ဘာသာစကားတွေကို တိုးတက်ကြံဆောင်လာကြတယ်။

လူသတ္တ၀ါတွေအတွက် စကားပြောခြင်းဆိုတာ မရှိမဖြစ်လောက်နီးနီး လိုအပ်လာတဲ့ အစွမ်းအစတခု ဖြစ်လာတယ်။ ကံမကောင်း အကြောင်းမလှလို့ မွေးကတည်း အကြားအာရုံချွတ်ယွင်းခဲ့ရင်တော့ ပါးစပ်ကလည်း အလိုလို ဆွံ့အသွားတယ်။ အဲသည်လို ဆွံ့အနားမကြားတဲ့လူတွေတောင်မှ ဆက်သွယ်အချက်ပြနိုင်ဖို့ လက်ဟန်ခြေဟန်နဲ့ အချက်ပြ ပြောဆိုနည်းတွေကို သင်ယူ သုံးစွဲရတယ်။ ဒါပေမယ့် သူပြောတာကို နားလည်ဖို့ဆိုတာ သူ့ကို တချိန်လုံး ကြည့်နေရမှာ ဖြစ်တဲ့အတွက် ပါးစပ်ကနေ ပြောဆိုနိုင်သူကတော့ ဆက်သွယ်တဲ့နေရာမှာ တပန်းသာတာကို တွေ့ရမယ်။

ဇာတ်ကြီးဆယ်ဖွဲ့မှာ လောကရဲ့ အရှုပ်ဇာတ်တွေနဲ့ ကင်းကင်းနေချင်လို့ မွေးကတည်းက စကားမပြောပဲ နေလာခဲ့တဲ့ အလောင်းတော် တေမိယမင်းသားတောင် အချိန်ကျလာတော့ စကားပြောရသေးတယ် မဟုတ်လား။ ဒီလောက်ဆိုရင် စကားပြောခြင်းဟာ လူ့ဘ၀မှာ ဘယ်လောက်အရေးပါတယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းမိကြမယ်ထင်ပါတယ်။

လူ့သမိုင်းတိုတိုလေးအတွင်းမှာ လူတွေရဲ့ အသိဉာဏ်နဲ့ ယဉ်ကျေးမှု တိုးတက်မြင့်မားလာနှုန်းဟာ အံ့မခန်းဆိုတော့ လူတွေဟာ ပါးစပ်နဲ့ ပြောရတာတင် အားမရလို့ လူအများကို ထိထိရောက်ရောက် ဆက်သွယ်နိုင်တဲ့ အက္ခရာစာပေတွေကိုလည်း တီထွင်သုံးစွဲလာကြတယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ်ပြောင်းလဲစေတဲ့ တီထွင်မှုကြီးတွေထဲမှာ စက္ကူတီထွင်မှုနဲ့ ပုံနှိပ်စက် တီထွင်မှုတွေဟာ ရှေ့တန်းက ပါဝင်ပါသတဲ့။

ငယ်ရွယ်စဉ် စကားမပြောတတ်ခင်အရွယ်ကသာ “အူဝဲ”လို့ အော်ငိုပြီး မိမိဆန္ဒကို ပြသခဲ့ရတာမှန်ပေမယ့် လူလားမြောက်လာတဲ့အခါ မိမိတောင့်တရာရာကို ရယူနိုင်ဖို့အတွက် ဘာသာစကားတွေကို ထိထိရောက်ရောက် အသုံးချဖို့လိုအပ်လာတယ်။

တချို့သော လူတွေအတွက်ဆိုရင် စကားပြောဆိုခြင်းဟာ အသက်မွေးဝမ်းကြောင်း အလုပ်ဆိုရင်လည်း ဟုတ်တယ်။ ဥပမာ… ရှေ့နေ၊ ကျောင်းဆရာ၊ ကွက်စိပ်ဆရာ၊ ဗေဒင်ဆရာ၊ ပွဲစား၊ တရားဟော ဓမ္မကထိက၊ ဘတ်စ်ကားစပယ်ယာ စသဖြင့်ပေါ့လေ။ သူတို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ်သဘောအရ စကားတွေ အများကြီးပြောနေရတယ်။ စကားပြောနေခြင်းသည်ပင်လျှင် အလုပ် လုပ်နေခြင်း။ အဲဒီလူတွေကို “အလကား လေချည်း စွတ်ကန်မနေပါနဲ့ဗျာ။ လက်တွေ့အလုပ်ကလေးလည်း လုပ်လိုက်ပါဦး” လို့ သွားပြောသူဟာ ဦးနှောက်ကျပ်မပြည့်သူသော်လည်းကောင်း၊ ရူးနှမ်းနေသူသော်လည်းကောင်း ဖြစ်ရမယ်။

အလားတူပဲ။ ဒီလူတွေလောက်နီးနီး စကားပြောခြင်းအမှုကို မလုပ်မဖြစ် လုပ်ကြရတဲ့ လူတန်းစား တမျိုး ရှိသေးတယ်။ အဲဒါကတော့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးအယူအဆတွေ၊ ပေါ်လစီတွေ၊ စီမံကိန်းတွေ၊ ဦးတည်ချက်တွေကို တချိန်လုံး လူအများကို ပြောပြနေဖို့ လိုအပ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံအနှံ့ လှည့်ပတ်သွားလာပြီး တောက်လျှောက် စကားပြောခြင်းအမှုကို ပြုနေကြရတာပါ။ ရွေးချယ်တင်မြှောက်ခံရလို့ အုပ်ချုပ်ရေးအာဏာကို လက်ခံရယူပြီးတဲ့အခါကျမှသာ မိမိပြောဆိုခဲ့တဲ့ အရာတွေကို စတင် အကောင်အထည် ဖော်ရပါတယ်။ ဒါက ရွေးချယ်တင်မြှောက်ခြင်း ခံရတဲ့ အာဏာရနိုင်ငံရေးသမားတွေကို ပြောတာပါ။

အတိုက်အခံနိုင်ငံရေးသမားတွေအနေနဲ့တော့ အုပ်ချုပ်ရေးအာဏာကို မပိုင်ဆိုင်တဲ့အတွက် သူ့တို့မှာ သူတို့ရဲ့ ပေါ်လစီကို အကောင်အထည်ဖော်ဖို့ အခွင့်မသာဘူး။ ဒါပေမယ့် အာဏာရအစိုးရရဲ့ ပေါ်လစီတွေကို တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်ပြီး အစဉ်သဖြင့် ဝေဖန်ထောက်ပြနေဖို့တော့ လိုပါတယ်။ အဲဒါကို လွတ်လပ်တဲ့ နိုင်ငံရေးစနစ်တွေမှာ Check and Balance လို့ ခေါ်ဆိုကြပြန်တယ်။ ဒီတော့ နိုင်ငံရေးသမားတွေအတွက် စကားပြောနေခြင်းသည်ပင်လျှင် သူတို့ရဲ့ အလုပ်ကို သူတို့လုပ်နေခြင်းလို့ ဆိုနိုင်ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားဖြစ်ပါလျက် အစိုးရရဲ့ ပေါ်လစီတွေကို စောင့်ကြည့် ဝေဖန်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် အဲဒီအတိုက်အခံဟာ သူ့အလုပ်ကိုသူ ပီပီပြင်ပြင်မလုပ်ဘူးလို့ ဆိုနိုင်တယ်။ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးသမားတွေကို လေကန်နေသူတွေ၊ လက်တွေ့မကျသူတွေလို့ ပြောသူဟာ စောစောက ပြောခဲ့တဲ့ ဦးနှောက်ကျပ်မပြည့်သူ (သို့မဟုတ်) ရူးနှမ်းနေသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ပြောတဲ့လူကိုယ်တိုင်က နိုင်ငံရေးသမားဆိုရင် ပိုဆိုးသေးတယ်။ အဲဒီလူဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်း မသိသူသာ ဖြစ်ရမယ်။

နိုင်ငံရေးသမားတွေတင် မကသေးဘူး။ မလွတ်လပ်တဲ့ အာဏာရှင်စနစ်အောက်မှာ ကျရောက်နေတယ်ဆိုရင် အဲဒီ တိုင်းပြည်က တော်လှန်ရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အတွေးအမြင်တွေ၊ ဆန္ဒသဘောထားတွေကို မိမိတို့ အချင်းချင်းကြားမှာ တချိန်လုံး ဆွေးနွေးပြောဆိုနေဖို့ လိုအပ်တယ်။ ဒါမှသာ မိမိနဲ့ ဆန္ဒတူရာ၊ ရည်မှန်းချက်တူရာ၊ သဘောထားတူရာ လူတွေအချင်းချင်း စုစည်းမိမယ်၊ စည်းရုံးမိမယ်။ တူညီသော ဘုံရည်ရွယ်ချက်တခုအတွက် ပူးပေါင်းနိုင်ကြမယ်။ အင်မတန်ရှင်းပါတယ်။ ဒါကြောင့် တော်လှန်ရေးသမားတွေအဖို့ရော၊ တက်ကြွလှုပ်ရှားသူတွေအဖို့ပါ စကားပြောဆိုခြင်းဟာ တခြား မလုပ်မဖြစ်လုပ်ရမယ့် လုပ်ငန်းတွေနည်းတူ ရှောင်လွှဲလို့မရတဲ့ (တနည်း) မလွှဲမသွေ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတရပ်ဖြစ်တယ်။ ဒီလူတွေအနေနဲ့ မိမိအမြင်ကို ပြောဆိုနေမယ်။ ရေးသားနေမယ်။ ဆွေးနွေးကြမယ်။ ငြင်းခုန်ကြမယ်။ ဒါတွေဟာ အခုစစ်အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာသာ အထောက်အကူပြုတာမဟုတ်။ နောင်တချိန် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတဲ့အခါ ဒီမိုကရေစီစနစ်နဲ့ အလျှင်အမြန် နေသားတကျ ဖြစ်သွားစေမယ့် ပတ်ဝန်းကျင်တခုကို အခုကတည်းက စတင်ဖန်တီးပေးနေရာလည်း ရောက်ပါတယ်။

နောက်ပြီး သတိပြုစရာတချက်ကတော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ စကားဖြင့် တွေ့ဆုံပြောဆုံ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းဟာ အင်မတန် အဆင့်မြင့်တဲ့ ဖြေရှင်းနည်းမျိုးပါ။ အဲဒီ တွေ့ဆုံဆွေးနွေးနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန် ငြိမ်းချမ်းမှုလည်းရှိတယ်။ အကျိုးလည်း ရှိတယ်။

ဒါပေမယ့် တွေ့ဆုံဆွေးနွေးနည်းနဲ့ မဖြေရှင်းပဲ လက်နက် စွဲကိုင်ပြီး စစ်မက်နဲ့ ဖြေရှင်းရပြီးဆိုရင် အဲဒီအခြေအနေဟာ အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေအဖို့ အင်မတန်ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေတရပ်ဖြစ်လာပါတော့တယ်။

ဒါကြောင့် စကားပြောဆိုခြင်းဖြင့် လွတ်လွတ်လပ်လပ် မိမိတို့ လိုအပ်ချက်တွေကို တောင်းဆိုနိုင်မယ်။ မိမိတို့ ဆန္ဒသဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်မယ်။ မိမိတို့ ထင်မြင်ချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်မယ်ဆိုရင် အဲသည်လူ့အဖွဲ့အစည်းဟာ လွတ်လပ်သော လူ့အဖွဲ့အစည်း၊ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ အခြေခံလိုအပ်ချက်နဲ့ ပြည့်စုံပြီလို့ ပြောနိုင်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်မယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမဟုတ်သလို ယဉ်ကျေးတိုးတက်သော လူ့အဖွဲ့အစည်းလို့လည်း မခေါ်နိုင်ပါဘူး။ အဲဒီ လူ့အဖွဲ့အစည်းမျိုးကို ဆွံ့အသော လူ့အဖွဲ့အစည်း (Retarded Society)လို့ ခေါ်ဆိုနိုင်ပါတယ်။ အဲသည်လူ့အဖွဲ့အစည်းမျိုးမှာ အကြောက်တရား လွှမ်းမိုးနေတတ်တယ်။

ဒါကြောင့် အနှစ်ချုပ်ရရင် စကားပြောဆိုခြင်းဟာ လူ့ဘ၀အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုဖြစ်တယ်။ လူတယောက်ဟာ စကားပြောဆိုခြင်း ပညာကို ကောင်းစွာ မလေ့လာထားခဲ့ရင်၊ ဒါမှမဟုတ် မိမိသုံးစွဲရာ ဘာသာစကားကို အတန်အသင့် လေ့လာထားခြင်းမရှိရင် “သဘင်မပြဲ့ ခံတွင်းမဲ့” ဆိုတာလို မိမိပြောလိုရာကို ထိထိရောက်ရောက် ပြောဆိုနိုင်စွမ်းမရှိဘူး။ စကားပြောတဲ့နေရာမှာ အရေမရ အဖတ်မရတွေချည်း တချိန်လုံး တောက်လျှောက်ပြောနေရင်တော့ အကျိုးမရှိဘူးပေါ့။ ဟုတ်မှန်မယ်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောရပါတယ်။ နောက်ပြီး တချို့ကိစ္စမျိုးတွေမှာ နှုတ်ဆိတ်မနေအပ်တဲ့ အချိန်မျိုးတွေရှိတယ်။“ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတဲ့ စကားတွေ၊ “မပြောမပြီး မတီးမမြည်” စတဲ့ စကားတွေလည်း ရှိတယ်မဟုတ်ပါလား။

ဒါကတော့ စကားပြောခြင်းနဲ့ ပတ်သက်လို့ လတ်တလော ကျနော်တွေးဖြစ်တဲ့ အကြောင်းတွေပါ။

ပူးတွဲဖတ်ရှုရန်။..........။ ပ၀ါရဏာပြုခြင်း (sonata-cantata ဘလော့ဂ်မှ)
Read more

“သူကလေးနဲ့ တွေ့ကြရာတွင်”

ဒီကနေ့မနက် ရုံးအသွားမှာ မိုးက တစိမ့်စိမ့် စွေရွာနေပြန်တယ်။ ညို့မှိုင်းနေတဲ့ ကောင်းကင်နောက်ခံမှာ ရံဖန်ရံခါ ယှက်ဖြာသွားတတ်တဲ့ လျှပ်နွယ်လျှပ်ပန်းတွေကလည်း တလက်လက်။ နောက်ဆက်တွဲ မိုးချုန်းသံကလည်း ဂျိုးတဂျိမ့်ဂျိမ့်။

မြန်မာပြည်မှာတော့ မိုးလေကင်းလွတ်တဲ့ လတန်ဆောင်တိုင်အခါသမယပေါ့။ စင်္ကာပူမှာသာ မိုးက စွေလို့ကောင်းဆဲ။ တခါတလေ….ခရစ်စမတ်လိုရာသီမျိုးမှာ တီဗီက လာနေတဲ့သီချင်းက “Let it snow, let it snow”။ အပြင်မှာတော့ မိုးကတဝေါဝေါနဲ့ ရွာချင်ရင် ရွာနေတတ်တာမျိုး။

မတတ်နိုင်ပါဘူး။ စင်္ကာပူမှာက မိုးရာသီဖြစ်နေပြန်တော့ ရာသီအချိန်ကွာခြားပေမယ့် ဗမာပြည်က မိုးရာသီကိုဘဲ ပိုပြီးသတိရမိတော့တယ်။

ပြာမယောင်ခိုးမင်အသွေးရယ်နဲ့
ဝဠာဘောင်မိုးဆင်လို့ပေးပြန်တော့
ပျိုးပင်လေးတွေက စိမ်းလဲ့ကြည်….
တဲ့။

(သော်တာဆွေရဲ့ ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှာ ရေးပြတဲ့ ဒဂုန်နတ်သျှင်ရဲ့ ကဗျာအချိုးလေးလေ။ နည်းနည်းလွဲရင် ခွင့်လွှတ်ပါ။)

ကျနော်အလယ်တန်းကျောင်းသားဘ၀က သည်လိုမိုးရာသီမှာ တခြားရွာက အလယ်တန်းကျောင်းကို တကူးတက သွားတက်ရတာကို အမှတ်ရမိတယ်။ ကိုယ့်ရွာမှာက မူလတန်းကျောင်းဘဲ ရှိတာကိုး။ ရွာတရွာကျော်အထိ သွားတက်ရတယ်။

လမ်းမှာ ရိုးကိုလည်း ဖြတ်ရတယ်။ ရေဖွေးဖွေးနဲ့ လယ်ကွင်းတွေကိုလည်း ဖြတ်ကျော်ရတယ်။ ကန်သင်းဘောင်တလျှောက်မှာ ဖိနပ်ကို လက်ကတဖက်ချွတ်ပြီးတော့ကိုင်၊ ထီးနဲ့ ထမင်းဘူးနဲ့ကို ကျန်တဖက်မှာကိုင်၊ မိုးထဲလေထဲမှာ ခြေချော်မလဲအောင် သတိထားပြီး လျှောက်ခဲ့ကြရတာပ။

ပျိုးမနှုတ်ရသေးတဲ့အချိန်ဆိုရင် စောစောက ဒဂုန်နတ်သျှင်ကဗျာထဲကလိုဘဲ လယ်ကွင်းတွေထဲမှာ ပျိုးပင်လေးတွေက တကယ့်ကို စိမ်းလဲ့ကြည်နေတော့တာပေါ့။ လေအနော့မှာ ပျိုးပင်ထိပ်ဖျားချွန်ချွန်လေးတွေက မြကမ္ဗလာမှာ ၀ဲဂယက်ပုံသဏ္ဍာန် ယိမ်းတနွဲ့နွဲ့။ လယ်ကွင်းထဲက ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးထဲမှာ ရေမှော်နဲ့လိုလို၊ တမန်းနံ့လိုလို ရနံ့တမျိုးကလေးကလည်း ပါသေးတယ်။

ရှစ်တန်းကျောင်းသားဘ၀ရောက်တော့ လူကလည်း ကြီးကောင်နည်းနည်းဝင်စအရွယ်။ ဟိုသည် စိတ်လှုပ်ရှားတဲ့အရွယ်။ သစ်ရွက်ကလေးတွေ လှုပ်တာနဲ့တော့ မရယ်ခဲ့မိပါဘူး။ ဒါပေမယ့် တော်တော်လေးတော့ အရယ်သန်တဲ့ အရွယ်ပေါ့။

အဲသည်အချိန်မှာ သူကလေးကို စ သတိထားမိတာပါဘဲ။ သူကလေးက ကျနော်တို့ ရွာရဲ့တောင်ပိုင်းမှာ ရှိတယ်။ ကျနော်ကျောင်းသွားချိန်ဆို သူ့အိမ်ခြံစည်းရိုး ကျိုးတိုးကျဲတဲ ကြားက ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေတတ်တာကို ကြုံရလေ့ရှိတယ်။

သူကလေးက အရွယ်နဲ့မလိုက်အောင် ဖွံ့ထွားလွန်းတယ်ပြောရမယ်။ ရွာထဲမှာ သူ့ကို မျက်စိကျနေသူ သုံးယောက်လောက်ရှိတယ်လို့ ပြောသံကြားရတယ်။

တညနေ ကျောင်းမှာ အချိန်ပိုသင်ပေးနေလို့ အိမ်ပြန်နောက်ကျတယ်။ ကျနော်က အတူပြန်နေကျ သူငယ်ချင်းတွေထက်တောင် နောက်ကျလို့ နောက်မှာ တယောက်တည်းလျှောက်လာခဲ့တယ်။ ဟော သူကလေးတို့ အိမ်နားရောက်တော့ ထုံးစံအတိုင်း ကျနော်ကလည်း ဘာရယ်မဟုတ် လှည့်ကြည့်မိပြန်တယ်။ မန်ကျည်းပင်အောက် ခြံစည်းရိုးကလေးနားမှာ သူကလေးရပ်လို့။

အဲသည်နေရာလေးက သူကလေးအမြဲရပ်နေကျ နေရာ။ သူ့အိမ်က လူတွေကလည်း သူကလေးကို အိမ်အပြင်ကိုမှ လွတ်လွတ်လပ်လပ် ပေးထွက်ပါလေစ။

သည်တခါမှာလည်း ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေပြန်တယ်။ ဘယ်လိုစိတ်ဆန္ဒက စေ့ဆော်တယ်မသိ။ ကျနော်ဟာ ရွာလမ်းမက ရွှံ့ဗွက်တွေထဲမှာ တစွပ်စွပ် နင်းပြီးလျှောက်နေရာက အဲသည်ခြံစည်းရိုးနားကို အသာချဉ်းကပ်ခဲ့တယ်။ သူကလေးကို မျက်နှာချင်းဆိုင် အနီးကပ် ကြည့်မိတယ်။

သူကလေးရဲ့ မျက်ဝန်းတွေက ရွှန်းရွှန်းစားစား နိုင်လွန်းလှတယ်။ ကျနော်ဟာ ၀ါးခြမ်းပြား ကျိုးတိုးကျဲတဲ ခြံစည်းရိုး ၀င်းထရံကြားကနေ လက်ကို အသာလျှိုပြီး သူကလေးရဲ့ နဖူးလေးကို လက်ချောင်းထိပ်ဖျားလေးတွေနဲ့ အသာအယာတို့ထိမိတယ်။ သူမရဲ့ နဖူးက ချောချောမွေ့မွေ့လေး။ နောက်တော့ နည်းနည်းတဆင့်တက်ပြီး ပါးကလေးကို ကိုင်ကြည့်မိပြန်တယ်။ အဲသည်အခါမှာတော့ သူကလေးက အသံမထွက်ဘဲ တဖက်ကို လှည့်သွားတော့တယ်။ ဒါပါဘဲ။ သည့်ထက်မပိုပါဘူး။ ကျနော်လည်း ခြံစည်းရိုးအပြင်ဘက်မှာ ရပ်နေရာက ခဏနေတော့ အသာလှည့်ထွက်ပြီး အိမ်ပြန်ခဲ့တော့တယ်။

သည်အဖြစ်အပျက်က ကြာတော့ ကြာခဲ့ပါပြီ။ နောက်ပိုင်း ကိုးတန်းဆယ်တန်း ၂ နှစ်ကိုတော့ ကျနော် ရန်ကုန်မှာ ကျောင်းသွားတက်ဖြစ်တယ်။ သူကလေးကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ ဆယ်တန်းဖြေပြီးတဲ့နောက် ရွာကိုပြန်လာတော့ အဲသည်အိမ်နားက စက်ဘီးဖြတ်နင်းသွားရင် တွေ့နေကျနေရာလေးမှာ သူကလေးရှိလေမလားရယ်လို့ လှည့်ကြည့်ဖြစ်သေးတယ်။ ဒါပေမယ့် သူကလေးကို မတွေ့ရတော့ဘူး။

ဘယ်ရောက်သွားသလဲ၊ ဘာဖြစ်သွားသလဲ ဘယ်သူ့ကိုမှ ကျနော်မမေးဖြစ်ခဲ့မိပါဘူး။ သည်အဖြစ်အပျက်ကလေးဟာ သူကလေးနဲ့ ကျနော်အကြားမှာ ဘယ်သူမှမသိဘဲ ဖြစ်ခဲ့တဲ့ အဖြစ်ကလေး။ ကျနော့်ရင်ထဲမှာ ကာလရှည်ကြာစွာ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောဘဲ တိတ်တဆိတ် သိမ်းဆည်းထားခဲ့တဲ့ အဖြစ်အပျက်ကလေး။

သြော်…..အခုဆိုရင် သူကလေးတောင် လောကကြီးမှာ ရှိချင်မှ ရှိတော့မှာပါ။ သို့သော် ကျနော့်မှာတော့ အခုလို မိုးကလေးညို့တဲ့အခါမျိုးမှာ ငယ်ငယ်က အဲသည်အဖြစ်အပျက်ကလေးနဲ့တကွ သူကလေးကို တခါတရံ အောက်မေ့သတိရမိပါတယ်။

ငယ်ငယ်က ကျောင်းသွားလမ်းဘေးရှိ အိမ်တအိမ်က မန်ကျည်းပင်အောက် ချည်တိုင်တွင် တွေ့ရလေ့ရှိသော၊ ၀ယ်ယူချင်လွန်း၍ ရွာထဲကလူတွေ မျက်စိကျနေခဲ့ကြသော နွားနီမ ဖွံ့ဖွံ့ထွားထွား ချောချောလှလှလေးသို့ အမှတ်တရ…
Read more

“နေ၀န်းနှင့်အတူ”




ပူလာအူဘင်ကျွန်းကအပြန် ချန်ဂီကမ်းခြေကို ရောက်တော့ တိမ်တိုက်တွေနောက်က ဖြတ်သန်းပြီး ၀င်လုဆဲဆဲ နေလုံးကြီးကို အခုလို မြင်တွေ့ရတယ်။

နေမင်းကြီးကတော့ ညရောက်လို့ ကမ္ဘာ့ဟိုဘက်ခြမ်းကို ပုန်းရှောင်သွားလည်း နောက်တနေ့ အရုဏ်တက်ပြီဆိုတာနဲ့ အရှေ့ဆီကနေ ကမ္ဘာမြေသည်ဘက်ခြမ်းကို ရွှေရည်တွေလွှမ်းလို့ အလင်းတန်းတွေ ပြန်လည် ဖြန့်ကျက်ပေးဦးတော့မှာပေါ့။

ဟောဒီကမ္ဘာကြီးမှာ သစ်ပင်တွေ၊ သက်ရှိတွေ ရှင်သန်နေနိုင်တာ နေမင်းကြီးရဲ့ ကျေးဇူးလည်း မကင်းဘူးတဲ့။ နေရဲ့ အလင်းရောင်ကနေတဆင့် ရှင်သန်ခြင်းတွေကို ရတယ်ဆိုရင် မမှားဘူးပေါ့။ နောင်လာမယ့် ကျနော်တို့ရဲ့ လူသားမျိုးဆက် ပေါင်းများစွာအထိတော့ ဒီအတိုင်းဘဲ မပြောင်းမလဲ ဆက်လက် ဖြစ်တည်သွားမယ်ထင်ရဲ့။

ဒါပေမယ့် ဒီနေမင်းကြီးဟာ ဘယ်တော့မှ မပျောက်ကွယ်ဘဲ ထာဝရ တည်ရှိသွားမှာတော့ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုကြတယ်။ နောင် နှစ်သန်းပေါင်း ထောင်ပေါင်းများစွာ ကြာလို့ သူ့ဆီက လောင်ကျွမ်းစရာ လောင်စာတွေ ကုန်ခန်းသွားတဲ့တနေ့မှာ သူ့ရဲ့ ဆွဲငင်အား တစတစ လျော့ပါးသွားတဲ့အချိန် သူ့အလုံးအ၀န်းက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး ဟောဒီကမ္ဘာအပါအ၀င် သူ့ကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တွေကို လောင်ကျွမ်းရစ်ခြုံသွားလိမ့်မတဲ့။ အဲဒီအချိန်ကျရင်တော့ သက်ရှိတွေ၊ သစ်ပင်တွေဆိုတာ လည်း မရှင်သန်နိုင်ကြတော့ဘူးပေါ့။

အခုတော့.... မကြာခင် နေ၀င်တော့မယ်။

ညရောက်တဲ့အခါ မဟူရာကောင်းကင်မှာ နေမင်းရဲ့ အလင်းရောင်ကို ရောင်ပြန်ဟပ်ပေး မယ့် လမင်းကြီးရယ်၊ အရောင်တောက်ပတဲ့ ဂြိုလ်တွေရယ်၊ ဟိုးအဝေးမှာ ပေါက်ကွဲနေတဲ့ ကြယ်တွေရယ်ကို တိမ်တိုက်တွေကြားက မြင်တွေ့ရဦးမယ်။

အသက်ရှင်သန်နေသရွေ့တော့ ဆည်းဆာကိုလည်း ငေးမောနိုင်မယ်။ လရောင်ကိုလည်း တိမ်းမူးနိုင်မယ်။ အရုဏ်ကိုလည်း မျှော်လင့်နိုင်ဦးမယ်။

နေမင်းကြီးနဲ့အတူ နေ့နဲ့ ညဟာ လိုက်တမ်းပြေးတမ်း ကစားရင်း ကမ္ဘာပေါ်က ရှင်သန်နေတဲ့ ဘ၀တွေကို နရီစည်းကျ ပိုင်းခြား ပေးနေတော့တယ်။
Read more

“တောင်လေလာပါ”

မနေ့က အမှတ်တမဲ့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းတရပ်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ခံစားချက်သည် ယခုအချိန်ထိ ကျနော့် နှလုံးသားအား ပီတိနှင့်အတူ နာကျင်စေလျက်ရှိသည်။

ကျနော်တို့သည် ပီတိဖြစ်သည့်အခါ “ဖရဏာပီတိ ဂွမ်းဆီထိ” ဆိုသကဲ့သို့လည်းကောင်း၊ “နှလုံးကို ဆီစိမ်ထား သည်” ဆိုသကဲ့သို့လည်းကောင်း နူးညံ့နွေးထွေးသော ခံစားမှုနှင့်သာ ၀မ်းမြောက်ကြည်နူးကြတတ်ကြခြင်း ဖြစ်ပါသည်။

ယခုကား ထိုသို့မဟုတ်။ ကျနော့်နှလုံးသားသည် ပီတိနှင့်အတူ တစစ်စစ် နာကျင်လျက် ရှိပါသည်။

အဖြစ်အပျက်က သည်လို။

မနေ့က “စင်ကာပူ လူ့အခွင့်အရေး” အဖွဲ့မှ ပြုလုပ်သော “အာဆီယံ ပြည်သူများသည် လူ့အခွင့်အရေးကို ယခုချက်ချင်း လိုချင်ကြသည်” ခေါင်းစဉ်ပေးထားသည့် ဖိုရမ်တခုသို့ တက်ရောက်ဖြစ်သည်။ စင်ကာပူရောက် မြန်မာအများအပြားလည်း ကျနော့်နည်းတူပင် တက်ရောက်လာကြ၏။ တက်ရောက်လာသမျှ နိုင်ငံခြားသားရော၊ မြန်မာများပါ စုစုပေါင်း ပရိသတ် ၁၃၀ ခန့်။ အများစုက အနီရောင်တီရှပ်များ ၀တ်ဆင်ထားကြသည်။ မြန်မာ့ဒီမို ကရေစီအရေးကို ထောက်ခံအားပေးသည့် သဘော။

အစီအစဉ်အရ မိုးပျံပူပေါင်းများလွှတ်တင်မည့် အစီအစဉ်ပါသည်။ မိုးပျံပူပေါင်း စုစုပေါင်း ဆယ်လုံး။ အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံကို ကိုယ်စားပြုသည်။ ပူပေါင်းတလုံးချင်း၏ အောက်ဖက်တွင် “ဖရီးဘားမား” စာတန်းပါ ဒေါ်အောင်ဆန်းစုကြည်ပုံ (အေဖိုး ဆိုက်)တပုံစီ ချိတ်ဆွဲထားကာ ဓါတ်ပုံ ကျောဘက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတခုချင်း၏ အမည်ကို ရေးထိုးထားသည်။ ဖိုရမ်ပြုလုပ်နေစဉ် တလျှောက်လုံး အဆိုပါ ပူပေါင်းများသည် ခန်းမ မျက်နှာကျက်ကို ထိကပ်လျက်။ အောက်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ မျက်စေ့နှင့် တတန်းတည်းရှိနေပုံမှာ အင်မတန်ပသာဒ ရှိလှပါသည်။

ဖိုရမ်အပြီးတွင်တော့ အားလုံးအောက်သို့ဆင်းကာ ဟိုတယ်အ၀င်ပေါက် ဆင်ဝင်အောက်တွင် စုရုံးကာ ပူပေါင်းများကို လွှတ်တင်ဘို့ ပြင်ဆင်ကြသည်။ ကျနော်တို့သည် မိုးပျံပူပေါင်း ဆယ်လုံးကို တစုတစည်းတည်း စုချည်လိုက်သည်။ အာဆီယံ၏ စုစည်းညီညွတ်သည့် သဘောကို ပြလိုသည့် သင်္ကေတ။

အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေသည်။ တော်တော်နှင့်လည်း တိတ်မည့်ပုံ မပေါ်။ သည်တော့ မိုးရွာထဲတွင်ပင် ပူပေါင်းလွှတ်ဖို့ ပြင်ကြသည်။

ဆင်ဝင်ဘေးဘက်နားဆီမှ ပူပေါင်းများကို လေထဲသို့ လွှတ်တင်လိုက်ချိန်၊ အားလုံးက “ဖရီးဘားမား”ဟု သုံးကြိမ်။ “ဖရီးစင်္ကာပူ”ဟု သုံးကြိမ် အင်္ဂလိပ်လို လက်သီးလက်မောင်းတန်း ကြွေးကြော်ကြသည်။

သည်အချိန်မှာပင် မထင်မှတ်ထားတာတခု ရုတ်တရက် ထဖြစ်သည်။ မိုးကရွာနေသဖြင့် ပူပေါင်းတွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ရေစိုကာ အလေးချိန်များ လာသဖြင့် မိုးပျံပူပေါင်းများသည် အောက်သို့ တဖြည်းဖြည်းချင်း ပြန်နိမ့်ဆင်းလာခြင်းဖြစ် သည်။

ချက်ချင်းဆိုသလို ဆင်ဝင်အောက်တွင်ရှိနေသော လူငယ်အုပ်စုမှ ကျောင်းသားလူငယ် များသည် ခေါင်းပေါ်တွင် လက်ကလေးများ ယှက်မိုးလျက် မိုးရွာထဲသို့ ပြေးထွက်ကာ ပူပေါင်းများနောက်သို့ ပြေးလိုက်ကြလေတော့သည်။ သူတို့သည် ပူပေါင်းများတွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ မြေပေါ်သို့ ပြန်ကျလာမည်ကို မလိုလားကြ။ မိုးရေအစိုခံ၍ လိုက်ဖမ်းကြသည်။ ထို့နောက် ပူပေါင်းတွေနဲ့အတူ ဆင်ဝင်အောက်ကို ပြန်ရောက်လာကြတော့ သူတို့ကိုယ်မှာ ရွှဲရွှဲစိုလျက်။ နောက်တော့ ပုံအရေအတွက် ကိုလျှော့ကာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ကျနော့်ရင်ကို ပီတိဖြစ်စေသည်မှာ အခြားမဟုတ်။
စင်္ကာပူတွင် ကျောင်းတက်လျက်ရှိသော ခေတ်ပညာတတ်ကျောင်းသားလူငယ်များအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ပုံပါ ပူပေါင်းများကို မြေမကျအောင် မိုးထဲရေထဲတွင် ပြေးဖမ်းသည်မှာ အယူသည်း၍ မဖြစ်နိုင်။ ကျနော်တို့အားလုံး၏ အခွင့်အရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသော လူထုခေါင်းဆောင် တယောက် အပေါ်တွင် ထားရှိသော သူတို့၏ မေတ္တာ၊ စေတနာနှင့် လေးစားမှုကြောင့်သာ ဖြစ်ကြောင်း ကျနော့်အနေနှင့် ကောင်းကောင်းနားလည် သဘော ပေါက်သောကြောင့်ဖြစ်သည်။

ကျနော့်နှလုံးသားတွင် နာကျင်ရသည်မှာကား အခြားမဟုတ်။
ကျနော်၏ ညီငယ်အရွယ်မျှသာ ရှိမည်ဖြစ်သော အဆိုပါကျောင်းသားကလေးများသည် အကယ်၍ ကျနော်တို့နိုင်ငံသာ လွတ်လပ်နေမည်ဆိုပါက လူငယ်တို့ဘာသာဘာဝ ပျော်ရွှင် ဘွယ်ကျောင်းသားဘ၀ကို အပူအပန်မရှိ ကျော်ဖြတ်နေကြမည်သာဖြစ်သည်။ ယခုမူကား သမိုင်း၏တောင်းဆိုမှုအရ သူတို့၏ ရှားရှားပါးပါး ကိုယ်ပိုင်အချိန်များကို လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီအရေးအတွက် နေ့နေ့ညည လာရောက် ပေးဆပ်နေကြရသည်။ သည်အတွက် ဂုဏ်ယူစိတ်နှင့်အတူ သူတို့လေးတွေ၏ ပေးဆပ်မှုအတွက် ရင်နင့်အောင် ခံစားမိခြင်း ဖြစ်ပါသည်။

တဆက်တည်း သတိရမိသည်မှာ မြန်မာပြည်တွင်း၌ တိုင်းပြည်လွတ်မြောက်ရေးနှင့် ဒီမိုက ရေစီအရေးအတွက် တဘ၀လုံးကို ပုံအပ်နှင်းကာ ပေးဆပ်နေကြသော ကျောင်းသား ခေါင်း ဆောင်များ။ ကျောင်းသားလူငယ် မျိုးဆက်သစ်များ။ နောက် ရဟန်းရှင်လူ ပြည်သူလူထုများ။

“ဘ၀မှာ အလှပဆုံး ဂုဏ်ပုဒ်တစ်ခုက
ဘာလဲ လို့မေးခဲ့ရင်
အရုပ်ဆိုးဆိုး နံရံလေးဘက်ကြားက
တွားသွားခဲ့ရတဲ့ နုပျိုမှုတွေပဲရှိတယ်.. တဲ့။ ”

(နှင်းခါးမိုး ဘလော့ဂ်တွင် ဖော်ပြထားသော ကဗျာတပုဒ်မှ)

သြော်…သူတို့တွေ အားလုံးအတွက် လေးစားစိတ်၊ ဂုဏ်ယူစိတ်နှင့်အတူ တိုင်းပြည်၏ အနာဂတ်အတွက် ဖြစ်ပေါ်လာသောပီတိ၊ သူတို့၏ ကိုယ်ကျိုးစွန့်ပေးဆပ်မှုများအတွက် ကျနော့်ရင်တွင် ဖြစ်ပေါ်ရသော နာကျင်ရမှုများ။

တခါက ဖတ်ခဲ့ဘူးသော မဂ္ဂဇင်းဝတ္ထုတပုဒ်မှ ခေါင်းစဉ်စာကြောင်းတိုလေးတခုသည် ရင်ထဲသို့ တိုးဝင် လာသည်။

“တောင်လေလာပါ”…တဲ့။

တောင်လေလာပါ။
အမိမြန်မာပြည်၏ နာကျင်ရမှုများကို
မုတ်သုံမိုးနဲ့ ဆေးကြောပေးပါ။
တောက်ပသော အနာဂတ်ကို
ကျနော်တို့ အားလုံးထံ သယ်ယူဆောင်ကြဉ်း ပေးလှည့်ပါ။

ကိုပေါ။
(၁၉ ရက်။ နိုဝင်ဘာ။ ၂၀၀၇)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs