ကိုယ်ဝန်မဆောင်ဘဲ မီးဖွားလိုသော မိခင်များအတွက်

လွတ်လပ်မှုကို လိုလားသည်ဆိုလျက် လူထုလှုပ်ရှားမှုများကို သေးသိမ်အောင် ပြောကြားသူများသည်...
မထွန်ယက်မစိုက်ပျိုးဘဲ ရိတ်သိမ်းလိုသူများ၊ မိုးချုန်းသံနှင့် လျှပ်လက်ခြင်းများမပါဘဲ မိုးရွာခြင်းကိုတောင့်တသူများ၊ လှိုင်းပုတ်သံများ မပါသည့် သမုဒ္ဒရာကို အလိုရှိသူများသာ ဖြစ်ကြကုန်၏။ စိတ်ဓါတ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ နှစ်မျိုးလုံးအရဖြစ်စေ လှုပ်ရှားမှု တိုက်ပွဲကတော့ ရှိကိုရှိရမည်။ ပြင်းပြင်းထန်ထန် တောင်းဆိုမှုမရှိက အာဏာရှင်တို့မည်သည် စိုးစဉ်းမျှ လိုက်လျောလေ့မရှိ။ ယခင်ကလည်း မရှိခဲ့။ နောင်လည်း ရှိလိမ့်မည် မဟုတ်။
-Frederick Douglasd-

"Those who profess to favor freedom and yet depreciate agitation…want crops without plowing up the ground, they want rain without thunder and lightening. They want the ocean without the awful roar of its many waters…. This struggle may be a moral one, or it may be a physical one, and it may be both moral and physical, but it must be a struggle. Power concedes nothing without a demand. It never did and it never will."

Frederick Douglass, 1857
Read more

ဆောင်းအိပ်မက်

ဆောင်းအိပ်မက်

ညာသံပေးပြီး တက်လာတဲ့ ရန်သူတွေအကြား
ဘုရင်မကို ဘွားကနဲတွေ့လိုက်ရချိန်
အိပ်မက်က လန့်နိုးခဲ့တယ်။

ကိုပေါ။
စက်တင်ဘာ ၁၉။ ၂၀၁၁
Read more

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများကို သုံးသပ်ခြင်း (၂)

ဒီတပို့စ်အတွက်တော့ အာရ်အက်ဖ်အေ အသံလွှင့်ဌာနက ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်လွှင့်သွားခဲ့တဲ့ “လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေကဏ္ဍတ က အမေးအဖြေ တခုကို ရွေးထုတ် တင်ပြချင်ပါတယ်။

မေးသူ ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူနိုင်ငံ)
မေးခွန်း ။ ။ ဒေါ်စု ခင်ဗျာ့။ ကျနော်ကတော့ တင်မောင်ဝင်းပါ။ ကျနော် အခုတွေ့နေရတာက ဒီဦးသိန်းစိန်ရဲ့ အစိုးရကို အခုရက်ပေါင်း ၁၀၀ ရှိတဲ့အခါမှာ မကျေမနပ်နဲ့ ပြောဆိုဝေဖန်မှုတွေကို တွေ့နေရပါတယ်။ သူတို့ကို နည်းနည်းလေးများ အချိန်ပေးပြီးတော့စောင့်ကြည့်ပြီးတော့မှ ဝေဖန်မှုတွေပြုလုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ သင့်တော်မလားလို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ်လိုများထင်ပါသလဲခင်ဗျာ့။ နောက်တခု ကတော့ ကျနော်တို့ ဒီပြည်ထဲရေးဝန်ကြီးဌာန ကနေပြီးတော့လည်း ဒီ NLD ရဲ့ ပါတီရပ်တည်မှုနဲ့ပတ်သက်ပြီး တော့ အမိန့်ကြော်ငြာစာတွေဘာတွေ ထုတ်နေတာကို တွေ့နေရပါ တယ်။ နောက်တခါ ဒေါ်စုအနေနဲ့ကလည်း လွတ်မြောက်လာပြီးတဲ့အခါမှာဆိုလို့ရှိရင် NLD ရဲ့ စည်းရုံးရေးအင်အား၊ နောက် နိုင်ငံတကာကနေပြီးတော့ NLD အပေါ်မှာထားရှိတဲ့သဘောထားတွေက အင်မတန်မှကို တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုအနေနဲ့ ခရီးထွက်ခဲ့တယ်ဆိုလို့ရှိရင် အစိုးရနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးတော့ အခုလို တိုးတက်မှုတွေ ရရှိနေတဲ့အခြေအနေတွေများ ဆုံးရှုံးနေမလားလို့ ကျနော်တို့ယူဆမိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ် လိုများ သဘောထားပါသလဲခင်ဗျာ့။

အဖြေ ။ ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့်အဝေဖန်ခံဖို့ အဆင် သင့် ဖြစ်ရမှာပါ။ ရက် ၁၀၀ ပဲဖြစ်ဖြစ်၊ ၁၀ ရက်ပဲဖြစ်ဖြစ်၊ ရက် ၁၀၀၀ ပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ ဝေဖန်ချက် တွေကို ရင်ဆိုင်ရမှာ ဒီမိုကရေစီရဲ့သဘောတရားပါပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အများရဲ့ဝေဖန်သုံးသပ် ပိုင်ခွင့်ကို လက်ခံရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း မိမိကိုယ်ကို ခုခံပြောဆိုပိုင်ခွင့်တွေက ရှိပြီးသားမဟုတ် လား။ ကျမအနေနဲ့ နိုင်ငံရေးအလုပ်သဘောတရားအရ သင့်တင့် သလို ခရီးထွက်တာဟာ တာဝန်တခုဖြစ်သလို၊ လုပ်ပိုင်ခွင့်တခုလည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘယ်သူနဲ့မှ ထိပ်တိုက်ရင်ဆိုင်ချင်လို့လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကိုကိုကို တွေ့ဆုံးပြီး ညှိနှိုင်းဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

-------------------------------

ဒီမေးခွန်းမှာ ဖြေကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကိုတော့ ကျနော့်အနေနဲ့ သဘောတူညီမှုရှိပါတယ်။ ကျနော့်အမြင်အရ နည်းနည်းတောင် ထပ်မံဖြည့်စွက်လိုပါသေးတယ်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့် အဝေဖန်ခံဖို့ အဆင့်သင့်ဖြစ်ဖို့ လိုသလို နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တယောက်အနေနဲ့လည်း လက်ရှိအစိုးရရဲ့ မူဝါဒတွေနှင့် လုပ်ရပ်များကိုလည်း ပြည်သူအများသိသာစေရန် ဖော်ထုတ်ဝေဖန်ပြောကြားရမယ့် တာဝန်ဝတ္တရားရှိပါတယ်။

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်တယောက် ဒီတခါနေအိမ်အကျယ်ချုပ်က ထွက်လာတဲ့အချိန်မှာ စစ်အစိုးရရဲ့ လုပ်ရပ်များကို ဝေဖန်တယ်ဆိုတာ မကြားရသလောက် နည်းပါးသွားပါပြီ။ (မေးခွန်းမေးသူ ဦးတင်မောင်ဝင်းရဲ့ အကြံပြုချက်ကို လက်ခံသွားလေသလားတော့မသိ။) သူမအနေနဲ့ လူသိရှင်ကြားထုတ်ပြန်သမျှဟာလည်း အိတ်ဖွင့်ပေးစာ၊ ပန်ကြားလွှာ၊ တိုက်တွန်းချက် အဆင့်မျှသာ ကျန်တော့တာကို သတိပြုမိပါတယ်။ ဒါဟာ လက်ရှိအစိုးရလုပ်သမျှမှာ ဝေဖန်စရာမရှိတော့လောက်အောင် အဖက်ဖက်က ကောင်းမွန်တိုးတက်နေတာကြောင့် မဝေဖန်တော့တာလို့ ထင်နိုင်စရာအကြောင်းတော့ လုံးဝမရှိပါဘူး။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာအရပ်ရပ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်မှာ၊ ဂျာနယ်များပေါ်မှာ နာမည်ရင်းနဲ့ ရေးသားနေတဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ ပြည်တွင်းက (ဆရာဝန်၊ သတင်းသမား၊ ဇာတ်ညွှန်းရေးသူ၊ ကဗျာရေးသူ၊ စာရေးဆရာ) စတဲ့ကလောင်ရှင်များရဲ့ ဝေဖန်ချက်များကတောင် အတော်လေးပိုမိုပြင်းထန်ပြီး ချက်ကျလက်ကျရှိလှတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအစိုးရအပေါ် ဝေဖန်မှုတွေကို မတွေ့ရတာ ကြာခဲ့ပါပြီ။ ဘယ်လိုနှောင်ကြိုးမျိုးက သူမကို တုပ်နှောင်ထားတဲ့အတွက် ယခုလို ပွင်ပွင့်လင်းလင်း ဝေဖန်ရန် ဝန်လေးနေသလဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် သိနိုင်မှာပါ။ ကျနော်တို့အနေနဲ့ကတော့ မှန်းဆစိတ်ကူးကြည့်ရုံသာ တတ်နိုင်ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရတို့ရဲ့ “မတူတာတွေဖယ်ထား၊ တူတာတွေ ပေါင်းလုပ်ကြမယ်” ဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ အတိုက်အခံနိုင်ငံရေးပါတီနဲ့ အာဏာရအစိုးရတစ်ရပ်အကြား တိုးတက်မှုတစုံတရာရရှိရေးအတွက် တူတာတွေ ပေါင်းလုပ်ကြမယ်ဆိုတာကတော့ ယေဘုယျ လက်ခံနိုင်ဖွယ်ရှိပါတယ်။ သို့သော် မတူတာတွေ ဘေးဖယ်ထားဆိုတဲ့ မူအရ ပြည်သူလူထုအကျိုးစီးပွားအတွက် ပြောသင့်ပြောထိုက်တာတွေ၊ ဝေဖန်သင့်ဝေဖန်ထိုက်တာတွေကိုတောင် ဘာမှ ထုတ်ဖော်မပြောတော့ဘဲ ရေငုံနှုတ်ပိတ်ပြီး မျိုချနေရမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီစနစ်ကို သွားနေတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်အတိတ်က ရေးခဲ့တဲ့၊ ပြောခဲ့တဲ့ သဘောတရားတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် (ကမ္ဘာဒီမိုကရေစီနေ့ အခမ်းအနားမှာ) ပြောကြားသွားတဲ့ “မြန်မာနိုင်ငံဟာ ပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီ” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ပါ။ ဒီစကားဟာ ဒီအချိန်မှာ ပြောဖို့ အင်မတန်စောလွန်းသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရဟာ (အရင်က စစ်အစိုးရ၊ ယခု အရပ်ဝတ်အစိုးရ)ဟာ သူတို့ရဲ့ ကတိစကားတွေကို အကြိမ်ကြိမ် မျက်နှာပြောင်ပြောင်နဲ့ ချိုးဖောက်လေ့ရှိတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

ပြန်စဉ်းစားကြည့်ရင် ၂၀၀၂ခုနှစ်၊ မေလက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာခဲ့တဲ့နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ဆဲကာလတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ဝီကီပီဒီယားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာမျက်နှာမှာ Aung San Suu Kyi proclaimed "a new dawn for the country". “တိုင်းပြည်အတွက် အရုဏ်သစ်ကျင်းပါပြီ” ဆိုတဲ့ စကားကို အဲဒီ ၂၀၀၂ ကာလများဆီက လည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲသည်ဆွေးနွေးပွဲပျက်ပြီးတဲ့နောက် ဒီပဲယင်းအရေးအခင်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သာ ပြန်ကျခံခဲ့ပေမယ့် အဲဒီတုန်းက ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ပြည်သူများအနေနဲ့ ယခုအချိန်အထိ ရေရေရာရာ သိရှိခွင့်မရခဲ့ပါဘူး။

တဖက်မှာလည်း မြန်မာစစ်အစိုးရအနေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ အရိပ်အယောင်တွေကို အကောင်အထည်အဖြစ် သိသာထင်ရှားစွာ ဖော်ဆောင်ပြခြင်း မရှိသေးတာကို တွေ့ရပါတယ်။ အီလက်ထရွန်းနစ်ဥပဒေဆိုတာနဲ့ ထောင်ဒဏ်နှစ်ရှည်တွေ ချဆဲ။ လယ်သမားတွေရဲ့ လယ်တွေ၊ ရာဘာခြံတွေကို မတရားသိမ်းယူနေဆဲ။ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နွှဲဆဲ။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထောင်ချထားဆဲ။ စာပေစိစစ်ရေးနဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားဆဲ။

ဒီလိုအခြေအနေတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ပြောင်းလဲနိုင်တဲ့အခြေအနေကို ရောက်နေပြီ” ဆိုတဲ့အပေါ် ကျနော့်အနေနဲ့တော့ ယုံကြည်ရန် အင်မတန်ခဲယဉ်းနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီအီးစီ အဖွဲ့ဝင် ဦးဝင်းတင်ကတောင် “မယုံကြည်နိုင်တဲ့သူတွေထဲမှာ ကျနော်တို့တောင်ပါမလားမသိဘူး” ဆိုတဲ့သဘောမျိုး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ခြေစုံပစ်ပြီး ယုံလိုက်သူ လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ၂၃ နှစ်လုံးလုံး ဒုက္ခအဝဝကို ခါးစည်းခံခဲ့ကြရပြီး မျှော်လင့်ချက်တွေဆိုတာမျိုးကို အိပ်မက်ထဲမှာတောင် မထားဝံ့ကြသူတွေအဖို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တဲ့ “ပြောင်းလဲနိုင်တဲ့ အခြေအနေ”ဆိုတာ ရေနစ်နေသူတွေအတွက် လှမ်းဆွဲလိုက်စရာ ကောက်ရိုးလေးတမျှင်လို၊ ပိန်းပိတ်အောင်မှောင်နေတဲ့ ဒုက္ခအမှောင်ထုကြီးထဲကို လက်ကနဲ ကျရောက်လာတဲ့ အလင်းရောင်တန်းကလေးလို အင်မတန်မှ စုံမှိတ်ပြီး အားပြုလိုက်ချင်အောင် ဆွဲဆောင်မှုရှိလှတာကို ကျနော့်အနေနဲ့ နားလည်ခံစားကြည့်လို့ ရပါတယ်။

ကျနော့်အနေနဲ့ကတော့ ယုံချင်ပေမယ့်လည်း မယုံရဲဘူးလို့ဘဲ ပြောချင်ပါတယ်။ “Those who do not remember the past are condemned to repeat it” ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ မြန်မာလိုတော့ “အတိတ်ကို မမှတ်မိတော့တဲ့သူတွေဟာ အတိတ်က အမှားတွေကို ထပ်လုပ်မိဖို့ ကျိန်စာသင့်ခံနေရသူများသာဖြစ်တယ်” ဆိုတဲ့သဘော။ အခုလည်း အဖြစ်အပျက်တွေက လွန်ခဲ့တဲ့ ကိုးနှစ်လောက်ကလိုပဲ ဆင်ဆင်တူနေတာမို့ သမိုင်းဘီးတပတ်လည်ပြန်လည်လာတယ်လို့များ ဆိုရမလားမသိ။ ဘာပဲဖြစ်ဖြစ် သမိုင်းဘီးတပတ်လည်တယ်ဆိုလို့ ကျနော်နှစ်သက်တဲ့ ABBA အဖွဲ့ရဲ့ Waterloo ဆိုတဲ့ သီချင်းလက်ဆောင်လေးနဲ့ပဲ ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။



"Waterloo"

My my, at waterloo napoleon did surrender
Oh yeah, and I have met my destiny in quite a similar way
The history book on the shelf
Is always repeating itself

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you
Waterloo - finally facing my waterloo

My my, I tried to hold you back but you were stronger
Oh yeah, and now it seems my only chance is giving up the fight
And how could I ever refuse
I feel like I win when I lose

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you

And how could I ever refuse
I feel like I win when I lose

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you
Waterloo - finally facing my waterloo

Read more

မြက်နှုတ်သူများနှင့် တဘဝတာ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်လောက်က အသက် ၄၂ အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် မြန်မာပြည်ကို ပြန်လာခိုက် ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ကြုံကြိုက်ပြီး မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်လာပါတယ်။

အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဆိုတဲ့ စစ်အစိုးရမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ (ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပါးရိပ်ခြည် ပြောတတ်တဲ့) လက်သုံးစကားက “နိုင်ငံအတွက် မြက်ကလေး တပင်တောင် နှုတ်မပေးခဲ့ဘူးတဲ့သူက နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်လို့ ရမလား” ဆိုတဲ့ စကားမျိုးတွေ ပါပဲ။ ဒီစကားမျိုးကို ဗိုလ်ချုပ်ကြီးတွေ သုံးစွဲတာ အံ့သြစရာတော့ မရှိလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြီးတွေအပါအဝင် အရာရှိအရာခံ အကြပ်စစ်သည် အချို့ဟာ နိုင်ငံကို သူတို့သာ အချစ်ဆုံး။ သူတို့သာ အပေးဆပ်ဆုံးလူတွေလို့ ယူဆထားကြသူတွေ ဖြစ်နေလို့ပါ။ လမ်းဘေးက ကြွေးကြော်သံဆိုင်းပုဒ်ကြီးတွေကို ကြည့်လိုက်ပါ။ ရေဒီယို၊ တီဗီတွေမှာ နားထောင်ကြည့်လိုက်ပါ။ “အသက်သွေးချွေး၊ စဉ်မနှေး၊ ပေးဆက်သည်မှာ တပ်မတော်ပါ” ဆိုတဲ့ ဆောင်ပုဒ်က သူတို့ရဲ့ ခံယူချက်ကို အထင်းသားဖော်ပြနေပါတယ်။


မြန်မာ့အသံ စစ်သည်တို့လိုရာ ကဏ္ဍမှာ မကြာခဏထုတ်လွှင့်တတ်တဲ့ ရီရီခင်ရဲ့ သီချင်းတပုဒ်ရှိပါတယ်။ သီချင်းအဓိပ္ပါယ်က… ဟိုးပင်ယံအမြင့်မှာ ငွားငွားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ပွင့်နေပြီး လေယူရာ မွှေးရနဲ့တွေဆင်နေတဲ့ လျှမ်းတင့်တဲ့ ပန်းပွင့်ငွေသဇင်တခက် ရှိတယ်ပေါ့။ အဲဒီ ငွေသဇင်ကို…. တံချူရှင် တဦးဦးက ဓနဂုဏ်၊ အလှဂုဏ်၊ ပညာဂုဏ်ကြွယ်တယ်ဆိုပြီး လာချူခဲ့ရင် ကိုယ့်လူတို့ရေ…. ရလိမ့်မယ်လို့ မထင်နဲ့…. လွမ်းလျက်သာစော မောတာသာ အဖတ်တင်သွားမယ်ဆိုတဲ့သဘော ရေးစပ်ထားတယ်။ ဒါပေမယ့် သီချင်းအဆုံးမှာတော့ အဲဒီငွေသဇင်က…

"ဗမာ့သားကောင်းသာဖြစ်ပစေ….ဗမာ့သားကောင်းသာ ဖြစ်ပစေ…..တံချူတွေတောင် ဆောင်ဖို့မလိုပါရှင်…. ဆီးကြိုလှည့်…. ဆင့်ကာ ဝင့်ကာ… ကြွေကျလာမယ်ရှင်"….တဲ့။ ဗမာ့သားကောင်းဇာနည် စစ်သားကြီးသာဖြစ်လို့ကတော့ ငွေသဇင်က ပင်မြင့်ထက်ကနေ အော်တိုမက်တစ် ကြွေကျလာပေးမယ် ဆိုတဲ့ သဘောပေါ့။

ဒီသီချင်းကို စစ်ဗိုလ်စစ်သားတွေ အတော်ကြိုက်ပုံရတယ်။ ဗမာ့သားကောင်းတို့၊ သားကောင်းဇာနည်ဆိုတဲ့ ဝေါဟာရတွေကို သူတို့ မောင်ပိုင်စီးထားတာကိုး။ ဒီတော့လည်း ဒီသီချင်းကို စစ်အစိုးရ တက်လာကာစ အချိန်က ရေဒီယိုနဲ့ တီဗီမှာ မကြားချင် မမြင်ချင်အဆုံး။

အေးလေ…. သူတို့မပြောနဲ့။ ငယ်ငယ်က စစ်ဗိုလ်စစ်သားတွေကိုမှ သူရဲကောင်းထင်မိတဲ့ ကျနော်တောင် တိုင်းပြည်အတွက် ပေးဆပ်ချင်လွန်းလို့ ဆယ်တန်းအောင်ရင် စစ်တက္ကသိုလ်တက်မယ်လို့ ရည်ရွယ်ချက်ကြီး ထားခဲ့ဘူးပါတယ်။ ငယ်ငယ်ကဆိုရင် ရွာမှာ အလှူခံ အသံချဲ့စက်က ဖွင့်တဲ့ “စစ်သားကြီးလုပ်မယ်၊ တိုင်းပြည်အန္တရာယ် ရန်စွယ်များကို၊ တွန်းလှန်ဖြိုဖျက် တွန်းလှန်ဖြိုဖျက်မယ်” ဆိုတဲ့ သီချင်းများလာရင် လိုက်ဆိုရတာ အမောပါပဲ။

ဒါတွေဟာ ဒီကနေ့ အတွေးအမြင်၊ အယူအဆနဲ့ ကြည့်လိုက်ရင် ရယ်စရာကြီးပါ။ စစ်တပ်ထဲဝင်မှ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်ဆိုတဲ့ အတွေးအခေါ်ဟာလည်း အင်မတန် တိမ်တဲ့အတွေးအခေါ် အယူအဆ ဆိုတာကို အရွယ်ရောက်သူလူတိုင်းက နားလည်သဘောပေါက်နေကြပါပြီ။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် ဗိုလ်ချုပ်ကြီးတွေ နဲ့ သူတို့ရဲ့ အပေါင်းပါတွေ အကျင့်ပျက်ပြီး တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစား ဖျက်ဆီးနေတာ မြင်ရတဲ့အခါ သူတို့ရဲ့ လုပ်ရပ်ကို ပိုလို့တောင် အော့နှလုံးနာနေကြပါသေးတယ်။

ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးဆုံးလို့ နှစ်ပေါင်း ၂၃ လောက်ကြာလာခဲ့တဲ့အချိန်မှာ စောစောက ဗိုလ်ချုပ်ကြီးတွေရဲ့ လက်သုံးစကားဖြစ်တဲ့ “တိုင်းပြည်အတွက် မြက်ကလေး တပင်တောင် နှုတ်ပေးဘူးလို့လား” ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်တဲ့ စကားတွေကို မထင်မှတ်တဲ့ နေရာက ကြားလာရပြန်ပါတယ်။

ဒီတခါ မေးကြတာက စစ်အစိုးရကို ဆန့်ကျင်သူ အတိုက်အခံတော်လှန်ရေးသမားလို့ အမည်ခံထားကြသူ လူတွေထဲက မနူးမနပ်တွေက မေးကြတာပါဗျား။ (မနူးမနပ်လို့ ရေးရတာက ရင့်ကျက်တဲ့သူတွေကတော့ ဘယ်တုန်းကမှ အဲသည်လို မပြောကြလို့ပါ။) အတိုက်အခံတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဝေဖန်မိရင်၊ သူတို့လေးစားတဲ့ ခေါင်းဆောင်တယောက်ရဲ့ လုပ်ရပ်ကို ဝေဖန်မိရင်၊ သူတို့နဲ့ သဘောအမြင်မတူညီတာကို ထုတ်ဖော်ပြောဆိုမိရင် “မင်းက နိုင်ငံအတွက် ဘယ်လောက်ပေးဆပ်ခဲ့လို့လဲ၊ မင်းဘယ်လောက် ပေးဆပ်ခဲ့လို့ ဝင်ပြောရတာလဲ” ဆိုတဲ့ စကားမျိုးတွေ၊ ဘလော့ဂ်ကွန်မင့်တွေ မကြာခဏ ကြားရ ဖတ်ရတတ်ပါတယ်။

အဓိပ္ပါယ်က တိုင်းပြည်အတွက် တစုံတရာ မပေးဆပ်ခဲ့ရင် ဝင်ပြောပိုင်ခွင့်မရှိဘူး၊ အသာ ပါးစပ်ပိတ်ထား။ ပေးဆပ်ခဲ့သူကသာ ပိုမိုပြောဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောလေလားတော့ မသိဘူး။ ဒီလိုသဘောနဲ့ ပြောတာသာ မှန်ခဲ့ရင် အဲဒီ အယူအဆဟာ အင်မတန် ချွတ်ချော်မှားယွင်း တိမ်းစောင်းနေတဲ့ အယူအဆလို့ မြင်မိပါတယ်။

လူတစ်ယောက်ဟာ အနှစ်လေးဆယ်လောက် ခေါင်းမြီးခြုံအိပ်ပျော်နေခဲ့စေဦးတော့…. (ဒေါ်အောင်ဆန်းစုကြည်တောင် ၄၂ နှစ် အရွယ်ရောက်မှ နိုင်ငံရေးထဲ စပြီး ပါဝင်ပတ်သက်ခဲ့တာကို သတိပြုပါ။) သူတရေးလန့်နိုးလာတဲ့အချိန်မှာ သူတိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို သူမြင်တဲ့အလျောက် သူ့အယူအဆကို နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါဝင်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်ပါပဲ။

သူပြောတာ မှားချင်မှားမယ်။ မှန်ချင်မှန်မယ်။ သူပြောတာမှားရင် သူ့ကို ပြန်ပြီး ဝေဖန်လို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်လို့ မရသလို သူ့မှာ မပေးဆပ်ခဲ့လို့ ပြောဆိုပိုင်ခွင့်မရှိဘူးဆိုတာ လုံးလုံး မဟုတ်ပါဘူး။ လူတိုင်းမှာ တန်းတူရည်တူ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ ဒါကို လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေက ပိုလို့တောင် သဘောပေါက်သင့်ပါသေးတယ်။

လွတ်လပ်တဲ့နိုင်ငံတွေ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အသားကျနေတဲ့ နိုင်ငံတွေမှာ ဒီလိုမေးခွန်းမျိုးကို ဘယ်သူမှ မမေးကြတော့ပါဘူး။ လူထုက တင်မြှောက်တဲ့ ခေါင်းဆောင်ကိုလည်း သာမန်လူကစလို့ Talk Show Host တွေအဆုံး လွတ်လွတ်လပ်လပ် ဝေဖန်နေကြတာဟာ အဆန်းတကြယ်ကိစ္စမဟုတ်တော့ပါဘူး။

နောက်ပြီး “ပေးဆပ်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ ပြောစရာတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ “ပေးဆပ်နေရတယ်၊ စွန့်လွှတ်အနစ်နာခံနေရတယ်လို့ မပြောချင်ပါဘူး။ ဒီလမ်းကို သူလျှောက်တာဟာ သူ့ရွေးချယ်မှု” လို့ ဆိုပါတယ်။ သူ့စကားကို ကျနော် လုံးဝသဘောတူပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တခါက ပို့စ်တင်ဖူးပါတယ်။ အခု ဒီအကြောင်းနဲ့ ပတ်သက်လို့ပဲ ကျနော့်အယူအဆကို နည်းနည်း ထပ်ပြောချင်ပါသေးတယ်။

စစ်အစိုးရလက်ထက်မှာ အင်မတန် တင်းကြပ်ဖိနှိပ်တဲ့အလျောက် စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်ရင်း ထောင်တန်း နှစ်ရှည်လများ ကျသွားကြတဲ့သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ မတရားအကျဉ်းကျခံနေရမှုကို ကျနော်စာနာပါတယ်။ စစ်အစိုးရရဲ့ မတရားမှုကိုလည်း ကျနော် ကန့်ကွက်ရှုတ်ချပါတယ်။ ဒါပေမယ့် အဲဒီလို အကျဉ်းကျခံနေရတဲ့သူတယောက် ပြန်လည်လွတ်မြောက်လာတဲ့အခါ အဲဒီလို အကျဉ်းကျခံခဲ့ရတာကို သူ့ရဲ့ ပေးဆပ်မှု တခုသဖွယ် ကျနော့်ကို လာပြောခဲ့ရင် ကျနော် အသိအမှတ် ပြုချင်မှပြုမယ်။ အကျဉ်းကျခံခဲ့ရတာသက်သက်နဲ့တော့ ကျနော့်ရဲ့ ထောက်ခံမှု၊ လေးစားမှုကို အလိုအလျောက် ရမှာမဟုတ်။ သူ့ရဲ့ အယူအဆ၊ ရပ်တည်ချက်၊ ကိုယ်ကျင့်တရား စတာတွေအပေါ်မှာ ကျနော့်စံနှုန်းနဲ့ ကိုက်ညီပါမှ ကျနော့်ရဲ့ လေးစားမှုနဲ့ ထောက်ခံမှုကို ရမှာ ဖြစ်ပါတယ်။

ဒါတွေကို ဘာကြောင့်ရေးရသလဲဆိုရင် အချုပ်ထောင်က ထွက်လာဖူးတဲ့ အချို့သောနိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ ထောင်ထွက်လက်မှတ်ကြီးတွေကို သူတို့ ပေးဆပ်မှုရဲ့ သက်သေသက္ကာယကြီးတခုလို လူတွေ့တာနဲ့ ထုတ် ထုတ် ပြတတ်ကြပါတယ်။ သူများတွေတော့မသိ။ ကျနော့်အနေနဲ့ကတော့ အဲသည်လို ထုတ်ပြလိုက်တာနဲ့တပြိုင်နက် အဲဒီလူအပေါ်မှာ အထင်ကြီးစိတ်ဟာ တဝက်လောက် လျော့ကျသွားပါတယ်။ ပိုဆိုးတာက ကျနော်ကြုံခဲ့ဖူးတဲ့ အဲသည်လို လူမျိုးတွေဟာ ခဏစောင့်ကြည့်လိုက်တာနဲ့ နိုင်ငံရေးသိက္ခာမရှိတဲ့ လုပ်ရပ်တွေ လျှောက်လုပ်တာကို တွေ့မြင်ရတော့တာပါပဲ။ (စင်္ကာပူမှာ နေထိုင်စဉ်အတွင်း သုံးယောက်လောက် လူကိုယ်တိုင်တွေ့ဖူးတယ်။) ဒီလူမျိုးတွေကိုတော့ ထောင်ထဲမှာ အနှစ် ၂၀ နေခဲ့လည်း သူမတရား ထောင်အချခံခဲ့ရတာအတွက် စာနာ၊ ဂရုဏာသက်မိတာ၊ စစ်အစိုးရရဲ့ မတရားမှုကို ရှုတ်ချတာမိကလွဲလို့ ကျနော့်အနေနဲ့ သူ့ကို လေးစားအသိအမှတ်ပြုဖို့၊ ခေါင်းဆောင်တင်မိဖို့ရန် အင်မတန် ခဲယဉ်းပါတယ်။

ဘယ်လိုလူမျိုးကိုမဆို လက်ရှိ အချိန်အတွက်တော့ သူ့ရဲ့ လက်ရှိလုပ်ရပ်ကို ကြည့်ပြီး ကိုယ့်စံနှုန်းနဲ့ ချိန်ထိုးဆုံးဖြတ်ပါတယ်။ ကောင်းတာလုပ်ရင် အဲဒီကောင်းတဲ့လုပ်ရပ်အတွက် ထောက်ခံမယ်။ ကျနော့်စံနဲ့ မကိုက်ညီတာကို တွေ့ရင် မထောက်ခံဘူး။ ဝေဖန်သင့်တယ်ထင်ရင် ဝေဖန်မယ်။

လူတယောက်ကို တခါ ထောက်ခံဘူးတာနဲ့ ရာသက်ပန် ဘာလုပ်လုပ် ထောက်ခံသွားမှာ မဟုတ်သလို၊ တခါ ဆန့်ကျင်ဖူးတာနဲ့ တသက်လုံး ဘာလုပ်လုပ် ဆန့်ကျင်သွားမှာ မဟုတ်ပါဘူး။ ဥပမာ… မိုးသီးဇွန်ကိုဆိုရင် ကျနော်မထောက်ခံတဲ့ အပိုင်းတွေရှိတယ်။ ဒါပေမယ့် သူလုပ်သမျှကို လိုက် ဆန့်ကျင်နေတာမဟုတ်ဘူး။ မိုးသီးဇွန်ရေးထားတဲ့ “နာခံမှုကို ဆန်းစစ်ခြင်း” ဆိုတဲ့ စာအုပ်ကို ကျနော်အင်မတန်နှစ်ခြိုက်တဲ့အတွက် ဘလော့ဂ်ဘေးမှာတောင် လင့်ခ်တင်ထားပေးပါသေးတယ်။ အလားတူ ထွန်းအောင်ကျော်ရဲ့ ဆောင်းပါးကို ကြိုက်နှစ်သက်လို့ ဘလော့ဂ်မှာ ဖော်ပြပေးလိုက်ပေမယ့် ထွန်းအောင်ကျော် လုပ်သမျှကို အကုန်လိုက်ထောက်ခံနေမှာ မဟုတ်ပါဘူး။

သတိရလို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဘူးတာလေးရှိတယ်။ “အန်တီတို့က ထာဝရလူဆိုး၊ ထာဝရလူကောင်းဆိုတာကို မယုံကြည်ဘူး။ ပြုပြင်လို့ မရသေးတာပဲ ရှိတယ်” (စကားလုံး အတိအကျတော့ မဟုတ်)။ ဒီစကားကို ကျနော် နှစ်သက်လက်ခံတယ်။

တချို့ လူကောင်းဆိုတဲ့လူတွေတောင် တဒင်္ဂ အခိုက်အတန့်လေးမှာ စိတ်မထိန်းနိုင်တဲ့အတွက် လူသတ်မှုလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်မိတတ်တဲ့ ဥပမာတွေ ရှိနေပါတယ်။ အလားတူ တသက်လုံးဆိုးလာတဲ့ လူဆိုးပေမယ့် တခါတလေမှ အင်မတန်ကောင်းတဲ့လုပ်ရပ်ကို လုပ်သွားတဲ့ ဥပမာတွေလည်း ရှိနေပြန်တယ်။

ဒီတော့ လူတယောက်ဟာ လူဆိုးဖြစ်တဲ့အတွက် သူဘာလုပ်လုပ် ဆိုးမှာပဲ၊ အမြဲလူဆိုးလို့ သတ်မှတ်ထားရင် နည်းလမ်းကျမယ်မထင်ဘူး။ ဖြစ်သင့်တာက လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ သူရဲ့ လက်ရှိလုပ်နေတဲ့ လုပ်ရပ်ကို ချီးမွန်းစရာရှိရင် ချီးမွန်းမယ်။ ဝေဖန်စရာရှိရင် ဝေဖန်မယ်။ ရှုတ်ချစရာရှိရင် ရှုတ်ချမယ်။ ဒါဟာ ပုဂ္ဂိုလ်ကိုမကြည့်ဘဲ တရားကို ကြည့်တဲ့သဘော။ ပုဂ္ဂိုလ်ကို မခင်ဘဲ တရားကို မင်တဲ့သဘော။ ဒီလိုမှ မဟုတ်ရင် ပုဂ္ဂိုလ်စွဲနဲ့ ဆုံးဖြတ်တာကြောင့် အဂတိတရားမကင်းဘဲ မှားမှားယွင်းယွင်း ဆုံးဖြတ်မိဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်…. ဒီဘဝမှာတော့ “တိုင်းပြည်အတွက် မြက်တပင်နှုတ်ပေးဖူးရဲ့လား”လို့ မေးမြန်းတတ်တဲ့ မြက်နှုတ်သမားများကို ရှောင်လွှဲချင်လို့မရ လူဖြစ်တုန်းအခိုက် ကြုံကြိုက်ရဦးမှာပါပဲ။

ကိုပေါ။
စက်တင်ဘာ ၁၃၊ ၂၀၁၁။
Read more

လမ်းပြကြယ်၏ နှိုးဆော်စာ

(လမ်းပြကြယ်စာကြည့်တိုက်(စင်္ကာပူ)၏ နှိုးဆော်စာကို မူရင်းအတိုင်း တင်ပြပါသည်။)

စင်္ကာပူရောက် ဧရာဝတီချစ်သူအပေါင်းတို့ခင်ဗျား

ကျနော်တို့ မြန်မာနိုင်ငံတွင်အစပြု၍ မြန်မာနိုင်ငံတွင်အဆုံးသတ်ပြီး မြန်မာနိုင်ငံသားတို့တို့သာပိုင်ဆိုင်သော ကျွန်ုပ်တို့မိခင် ဧရာဝတီမြစ်ကြီးသည် သေလောက်အောင်လည်မြိုညှစ်ခြင်းကို စတင်ခံနေရပြီ ဖြစ်ပါသည်။

မေခ၊ မလိခ နှင့် ဧရာဝတီကိုဖြတ်ပတ်၍ ဆည် ၇ခု ဆောက်လုပ်နေပြီးဖြစ်သည်။ (ရရှိလာသောလျှပ်စစ်ဓါတ်အား၏ ၉၉% ကို တရုတ်ပြည်သို့တင်ပို့မည်ဖြစ်သည်) ထိုဆည်များပြီးသွားပါက ဧရာဝတီ၏ ဗေဒင်မေးစရာ၊ လေ့လာရေးပြုလုပ်နေရန်ပင်မလိုတော့ပါ၊ အနှေးနဲ့ အမြန်သေဆုံးခြင်းသို့ ရောက်ရတော့မည်သာဖြစ်သည်။ တရုတ်ပြည်က မြစ်ဝါမြစ်ဟာ ကျနော်တို့အတွက် အကြောင်းဆုံး ဥပမာဖြစ်မယ်လို့ထင်ပါတယ်။ မြစ်ဝါမြစ်သာမက ယခု ဗီယက်နမ်၏ အဖြစ်ကိုလည်း လေ့လာစေလိုပါသည်။ မဲခေါင်မြစ်ဝကျွန်ပေါ်ဒေသကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ဆန်အတွက်ဆုံးနိုင်ငံတခု- ယခု မဲခေါ်မြစ်ရေနည်းလာမှုကြောင့် ရေချို ရေငံမျှခြေပျက်ပြီး ရေငံပိုမိုဝင်ရောက်လာမှုကြောင့် စပါးစိုက် ဧကများစွာ ထာဝရပျက်စီးသွားခဲ့ပါပြီ။

မြစ်ဆုံဆည်စီမံကိန်းပြီးလျှင် မြစ်ဆုံဒေသနှင့် မြစ်လည်ဒေသကို ထည့်မပြောနဲ့အုံး၊ ဆည်စီမံကိန်းနဲ့ အဝေးဆုံး မြစ်ဝကျွန်းပေါ်ဒေသပါ အတိဒုက္ခရောက်ကြတော့မည်ဖြစ်သည်။
ဧရာဝတီမြစ်ရေ ပင်လယ်ထိရောက်အောင် မစီးဆင်းနိုင်ခဲ့သော်.................................
မြန်မာပြည်၏ စပါးကျီပျက်ခဲ့သော်..............................................

မြန်မာပြည်တွင် ဘဘဦးဝင်းတင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသာမက၊ နာမည်ကျော်သတင်းစာ ဆရာကြီးများ၊ ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဆရာမဒေါ်သန်းမြင့်အောင်တို့ ကဲ့သို့ လူမှုရေးလုပ်ဆောင်နေသူများပါမကျန် အမျိုးသားရေးတရပ်အနေနှင့် ဝိုင်းဝန်းလက်မှတ်ရေထိုး ကန့်ကွက်နေကြပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့ စင်္ကာပူရောက်မြန်မာများအနေနှင့်လည်း ယခုလိုအမျိုးသားရေးကိစ္စကို အဘယ့်ကြောင့် လက်ရှောင်နေကြမည်နည်း။

ကျွနု်ပ်တို့၏ အမျိုးစားရေးအားမာန်နှင့် သတ္တိကို ပြသရန် အချိန်ကြရောက်နေပြီဖြစ်သည်။
ကျွန်ုပ်တို့ ကြောက်၍လက်ရှောင်ခဲ့လျှင် ကျွန်ုပ်တို့၏ အနာဂါတ်မျိုးဆက်အတွက် ဧရာဝတီကို ဒဏ္ဍာရီမြစ်တစင်းအဖြစ်သာ လက်ဆောင်ပေးနိုင်ကြတော့မည် ဖြစ်ပါသည်။

လက်မှတ်ရေးထိုးလိုသူများ - လမ်းပြကြယ်စာကြည့်တိုက်
Peninsula Plaza (04-09)
စာကြည့်တိုက်ဖွင့်ချိန်များ - - ဗုဒ္ဓဟူးနေ့ - ညနေ ၆-၃ဝ မှ ည ၉ နာရီ
စနေနေ့ - နေ့လည် ၂ နာရီ မှ ည ၉ နာရီ
တနင်္ဂနွေနေ့ - နေ့လည် ၁၂ နာရီ မှ ည ၉ နာရီ

အမျိုးသားရေးအတွက် စိတ်အားထက်သန်သူများလာရောက် လက်မှတ်ရေးထိုးကြရန်ဖိတ်ခေါ်ပါသည်။ တဦးချင်းမလာနိုင်သူများ ဤ PDF file ကို Print ထုတ်၍ စုပေါင်းလက်မှတ်ထိုးပြီး လမ်းပြကြယ်သို့ လာရောက်ပေးပို့နိုင်ပါသည်။

ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ



Read more

သူ့မှာတမ်း


သူ့မှာတမ်း

အမောင်ဖွတ်ကြား
တိုင်းပြည်အားကို
ဘာများမှာလိုခဲ့သနည်း။

တောမှာမီးခွက်
မြို့မီးစက်နှင့်
မဂ္ဂါဝပ်များစွာ
ပိုလျှံပါ၍
ရောင်းစားခဲ့ကြောင်း ပြောပါလေ။

ကိုပေါ။
စက်တင်ဘာ ၁၂။ ၂၀၁၁
Read more

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများကို သုံးသပ်ခြင်း (၁)

လွတ်လပ်သော အာရှအသံ ရေဒီယို (RFA) တွင် သောကြာနေ့တိုင်း လွှင့်ထုတ်နေကျ ဖြစ်သော လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍတွင် ပါဝင်သော အမေးအဖြေများမှ နည်းနည်းချင်း ထုတ်နှုတ်သုံးသပ်ပြသွားပါမည်။

ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်မှ စိုင်းအောင်ဘ (မေးခွန်း)။…………….။ အန်တီစုကို ကျနော်မေးခွန်းတခု မေးချင်ပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့တဲ့ကိစ္စမှာ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ကြားတာလား။ NLD က ဗဟို အလုပ်အမှုဆောင်တွေရဲ့ သဘောတူညီချက်ကော ရရဲ့လား။ အဲဒါလေးလည်း သိချင်ပါတယ်။ နောက်တခုက နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ သုံးရက် ကျင်းပတဲ့အထဲက ဒုတိယနေ့ တရက်ပဲတက်ပြီး နှစ်နာရီပဲ နေခဲ့တဲ့ အနေအထားက ဘယ်လိုကြောင့်ပါလဲ။ အဲဒါလေး သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (အဖြေ)။………..။ နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ဘဲနဲ့ လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီးဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ခဏပဲ တက်တာက ပြန်လာစရာ ကိစ္စ ရှိနေလို့ပါ။

ဤမေးခွန်းကို မေးသူ ဦးစိုင်းအောင်ဘ၏ မေးခွန်းမှာ အပိုင်း သုံးပိုင်း ပါဝင်ပြီး သုံးပိုင်းစလုံး အလွန်တရာ ဆီလျော်၍ မေးမြန်းသင့်သော မေးခွန်းဖြစ်ကြောင်း အောက်ပါအချက်များအရ သုံးသပ်မိပါသည်။

သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက် တွင် ကျင်းပမည်ဖြစ်သော စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် ကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်ကို ၁၈ ရက်နေ့ကမှ အဖွဲ့ချုပ်က ရရှိကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို မဇ္ဇျိမ သတင်းတွင် ဖော်ပြထားသည်။ ထိုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်လော၊ မတက်ရောက်မည်လောကို ဦးဉာဏ်ဝင်းမသိသေးကြောင်း ပြောပြထားပါသည်။

တဖန် ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ သွားသည့်အခါ ဆဲဗင်းဒေး သတင်းဂျာနယ်အား ပြောကြားချက်မှာ “အလုပ်ရုံဆွေးနွေးပွဲကို ဦးမြင့်က ဖိတ်လို့ လာပါတယ်” ဟူ၍ ဖြစ်သည်။ သတင်းအပြည့်အစုံကို အောက်တွင် ဖတ်ကြည့်ပါရန်။

-------------------------------------------------------------------------

စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန် ဦးမြင့် ဖိတ်ကြားခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၂၀၊ ၂၀၁၁


နေပြည်တော်တွင် တွေ့ရသည့် ဦးမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)

ဦးသိန်းစိန်အစိုးရက ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရခြင်းမှာ စီးပွားရေးပညာရှင် ဦးမြင့်က ဖိတ်ကြားသောကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်ဟု 7Day သတင်းဂျာနယ်၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သိကျွမ်းသူတဦး ဖြစ်သည့်အပြင် သမတဦးသိန်းစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိလည်း ဖြစ်သည်။

နေပြည်တော်တွင် ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်ပိုင်းကလည်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ခေတ္တ တက်ရောက်ခဲ့သည်။

"ဦးသိန်းစိန်နဲ့တွေ့ရတာ ၀မ်းသာပါတယ်။ ကျေနပ်ပါတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲကလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်ဟု 7Day ဂျာနယ်သတင်းတွင် တွေ့ရသည်။

-------------------------------------------------------------

အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းသည် သမ္မတနှင့် သီးခြားတွေ့ဆုံရန် ဖိတ်ကြားခြင်းမဟုတ်ဟု နားလည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကလည်း သမ္မတနှင့် တွေ့ဆုံရန်ဖိတ်ကြားသည်ဟု ထုတ်ဖော်ပြောခဲ့ခြင်း မရှိခဲ့ပါ။ ထိုမှတပါးလည်း ဝန်ကြီးဦးကျော်ဆန်း၏ သတင်းထုတ်ပြန်ချက်တရပ်တွင် တွေ့ဆုံဆွေးနွေးမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ စီစဉ်ပေးခဲ့ရကြောင်းဟု ဆိုခဲ့ရာ…..


ကိုစိုင်းအောင်ဘ မေးခွန်းပထမပိုင်းမှာ အလွန်တရာ မေးမြန်းသင့်လှသော မေးခွန်းတခုပင်ဖြစ်သည်။ ထိုမေးခွန်းအတွက် ပါတီခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ထံမှ ကျနော်တို့ မျှော်လင့်ထားသော အဖြေမှာ “သမ္မတက ဖိတ်ကြားခြင်း ဟုတ်ပါသည်၊ သို့မဟုတ် မဟုတ်ပါ” ဆိုသည့် ရိုးရှင်းသော အဖြေမျိုးကိုသာ မျှော်လင့်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် “နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ဘဲနဲ့ လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။” ဟု ဖြေကြားသွားပါသည်။ သူမ၏ အဖြေမှာ ပါတီခေါင်းဆောင်တဦး၏ အဖြေနှင့်မတူဘဲ ရပ်ကွက်ထဲမှ သာမန်လူတဦးက အငေါ်တူးဖြေကြားသည့်သဖွယ် ဖြစ်နေပါသည်။

အဓိကအနေဖြင့် သူမ၏အဖြေမှာ လုံးဝမှန်ကန် ပြီးပြည့်စုံသည့်အဖြေလည်း မဟုတ်ပါ။ သမ္မတ ဖိတ်ကြားခြင်းမရှိသော်လည်း အရေးကြီးသောလူပုဂ္ဂိုလ်တဦးအနေဖြင့် တွေ့ခွင့်တောင်းပြီး တွေ့နိုင်ပါသေးသည်။ ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲတွင် စကားစမြည်နှုတ်ဆက်ပြောကြားရင်းမှ (လေပေးဖြောင့်၍) ရုံးခန်းတွင် သွားရောက် စကားပြောကြခြင်းမျိုးလည်း ဖြစ်နိုင်သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပထမပိုင်းအား ဒေါ်စုဖြေကြားပုံသည် ပါတီခေါင်းဆောင်တဦးအနေနှင့် ဖြေကြားသင့်သည့် ပုံစံမဟုတ်ဟု သုံးသပ်မိပါသည်။ သတိပြုရန်အချက်မှာ ဤမေးခွန်းများကို ဒေါ်စုသည် လေလှိုင်းပေါ်တွင် အချိန်နှင့် တပြေးတည်း (Live) ဖြေဆိုရသည်မဟုတ်ဘဲ ကြိုတင်ပြင်ဆင်ကာ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။


မေးခွန်း ဒုတိယအပိုင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်သည် မဖြေကြားဘဲ ရှောင်ထွက်သွားသည်ကို တွေ့ရပါသည်။ မေးခွန်းမှာ “NLD က ဗဟို အလုပ်အမှုဆောင်တွေရဲ့ သဘောတူညီချက်ကော ရရဲ့လား။” ဖြစ်သည်။ ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံဖို့အရေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောတူမတူ မေးမြန်းခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီးဖြစ်ပါတယ်။” ဟူ၍ပင် ဖြစ်ပါသည်။

ဤအချက်နှင့်ပတ်သက်၍ မိုးမခတွင် ဖော်ပြခဲ့သော တူမောင်ညို၏ သုံးသပ်ချက်ကို သဘောကျသည့်အလျောက် အောက်တွင် ဖော်ပြအပ်ပါသည်။

---------------------------------------------------
သြဂုတ်လ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ကြေညာချက်(၁၅/၀၈/၁၁)ကို ဖတ်ရပါ တယ်။ သြဂုတ်လ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)၏ ကြေညာချက်(၁၄/၀၈/၁၁) ကဲ့သို့ပင် ဖြစ်ပါတယ်။

“ကြေညာချက်”က ထုတ်ဖေါ်လိုသည့် ပထမဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ခဲ့သည်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က“သဘောတူကြိုဆိုထောက်ခံပါကြောင်း” ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိဆောင်ရွက်ချက်များသည် စိုးရိမ်နေကြသလိုတစ်ကိုယ်တော်ဆောင်ရွက်ချက် မဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သိရှိပြီး/ တိုင်ပင်ဆောင်ရွက်နေခြင်းဖြစ်တယ် ဟူသော အချက်ကို ပေါ်လွင်စေလိုသည့်ဆန္ဒလည်းရှိပုံရပါတယ်။

တွေ့ဆုံခဲ့သည့်ဖြစ်ရပ်များအပေါ် “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု” ရှိတယ်လို့ ကြေညာချက်က ဖေါ်ပြပါတယ်။

“အဘယ့်ကြောင့်” ယင်းသို့ “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု”များဖြစ်ရတာကို ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူ များထံသို့လည်း မျှဝေသင့်သည်မဟုတ်ပါလော။ အသိပေးသင့်သည်မဟုတ်လော။ အစီရင်ခံသင့်သည်မဟုတ်ပါလော။

သို့မှသာ ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများရှင်းလင်းစွာနားလည်သိရှိပြီး တက်တက်ကြွကြွဝန်းရံနိုင်မှာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ရွှေဂုံတိုင်ကြေညာစာတမ်း”တွင် ဖေါ်ပြထားတဲ့ “အဖွဲ့ချုပ်၏ ရပ်တည်ချက်များ” မှ အချက် ၃ ခုကိုသာ ကွက်ပြီး အမှတ်တရ ပြန်လည်ဖေါ်ပြရပါလျှင် -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေး၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊
တို့ဖြစ်ပါတယ်။
သို့သော်လည်း NLDပြောခွင့်ရပုဂ္ဂိုလ်များ၏ လက်သုံးစကားမှာ“ အသေးစိတ်အချက်အလက်များ ယခုအချိန်မှာ မပြောနိုင် သေးပါ” တဲ့။ ။
-----------------------------------------------------


ကိုပေါ။
(စက်တင်ဘာ ၁၂၊ ၂၀၁၁ )
Read more

“ပြဿနာအပေါင်းတို့ မြစ်ဖျားခံရာ”


မြစ်ဆုံမှာ ဆည်ဆောက်ရုံမျှနဲ့ ဧရာဝတီမြစ်ကြီး တိမ်ကောနိုင်ပါ့မလား။

ဒီမေးခွန်းက ကျနော့်ခေါင်းထဲမှာ ရောက်နေတဲ့ မေးခွန်းများထဲက တစ်ခုဖြစ်သည်။

လျှပ်စစ်ဓါတ်အားထုတ်ယူရေးအတွက် သတ်မှတ်ထားသော ရေတွန်းအားရရှိစေရန်၊ ရေပမာဏများလာစေရန် ဆည်ဆောက်ပြီး ရေကို ခေတ္တ တန့်သည့် သဘောမျှဖြစ်သည်။ ပြီးလျှင် ထိုရေသည် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တာဘိုင်ဒလက်များကို ဖြတ်သန်းပြီးသည့်အခါ ဧရာဝတီ မြစ်ထဲသို့ပင် ပြန်လည် စီးဝင်မည်။ ထိုမြစ်ရေကို လုံးဝရပ်တန့်သွားအောင် တားရန်မူကား မဖြစ်နိုင်။

နောက်စဉ်းစားရန်တချက်မှာ ဧရာဝတီမြစ်သည် မေခ နှင့် မလိခ မြစ်နှစ်သွယ်တွင် မြစ်ဖျားခံလာခဲ့သည် မှန်သော်လည်း ချင်းတွင်းမြစ်အပါအဝင် မြစ်လက်တက်၊ ချောင်းလက်တက်များစွာ စုဆုံ စီးဝင်လာသည့် မြစ်ကြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ဓါတ်အားပေးစက်ရုံအတွက် ဆည်ဆောက်ရုံမျှဖြင့် မြစ်ကောသွားနိုင်ပါမည်လော။ လောပိတ ရေအားလျှပ်စစ်စက်ရုံကြောင့် ဘီလူးချောင်း တိမ်ကောသွားသည်ဟုတော့ မကြားမိ။

ဆည်များတည်ဆောက်ပြီးသည့်အခါ မိုးများပြီး ဆည်ရေမြင့်တက်လာသည့်အချိန်မျိုးတွင်မူ ရေကို ဖောက်ချရသည့် ကိစ္စများရှိနေသည်။ ရေကာတာ အနီးပတ်ဝန်းကျင် အနိမ့်ပိုင်းတွင် တည်ရှိသော လူနေမြို့ရွာများကို ရေလွှမ်းခံရမည့် အန္တရာယ်ကတော့ အမှန်တကယ်ပင်ရှိသည်။

ဤကား မြစ်ဆုံရေကာတာနှင့် ပတ်သက်၍ ကျနော့်ခေါင်းထဲ ပထမဦးဆုံး ဝင်ရောက်လာသော အတွေးများ ဖြစ်ပါသည်။ နောက်ဆက်တွဲ အတွေးများ ရှိပါသေးသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတရပ် ပြည်တွင်းပြည်ပတွင် ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။ ကျနော်ဖတ်ရှုတွေ့မြင်ရသလောက် ဆန့်ကျင်ကန့်ကွက်ကြသူများသည် (၁) သဘာဝ ဘေးပတ်ဝန်းကျင် ကာကွယ်ရေး ရှုထောင့်မှလည်းကောင်း (၂) ဘိုးဘွားအစဉ်အဆက် အမျိုးသားအမွေအနှစ် မပပျောက်ရေး ရှုထောင့်မှသော်လည်းကောင်း (၃) ရေကာတာ ပတ်ဝန်းကျင် မြို့ရွာများ ရေလွှမ်းခံရမည့် အန္တရာယ်ကို ကာကွယ်ရေး ရှုထောင့်မှသော်လည်းကောင်း ဆန့်ကျင်ကန့်ကွက်ကြသည်ကို တွေ့ရပါသည်။

ကျနော်သည်လည်း ယခု ရေကာတာ ဆောက်လုပ်မည့်အရေးကို ဆန့်ကျင်ကန့်ကွက်လိုသူ တဦးပင် ဖြစ်ပါသည်။ သို့သော် ကျနော်ကန့်ကွက်လိုခြင်းမှာ အထက်ပါ အကြောင်းများကြောင့်တော့ မဟုတ်ပါ။ ရှင်းပါဦးမည်။

ပထမဦးဆုံး အချက်မှာ ဤရေကာတာစီမံကိန်းကို စတင်ခဲ့သည့်အစိုးရမှာ လူထုက ရွေးချယ်တင်မြောက်ခဲ့သည့် လူထုအစိုးရမဟုတ်ဘဲ ၁၉၈၈ ခုနှစ်က တရားမဝင် အာဏာသိမ်းပြီး တက်လာသည့် စစ်အစိုးရဖြစ်နေခြင်းပင်ဖြစ်သည်။ လူထုအစိုးရမဟုတ်သဖြင့် ဤသို့သော စီမံကိန်းများကို ပြုလုပ်ရန် ထိုအစိုးရတွင် အခွင့်အာဏာမရှိပါ။

ဒုတိယအချက်အနေဖြင့် ထိုအစိုးရသည် စစ်အစိုးရပီပီ လူထုအား ချပြတိုင်ပင်ခြင်းမရှိဘဲ၊ လူထုသဘောထား စစ်တမ်းကောက်ယူခြင်းမရှိဘဲ ထိုစီမံကိန်းကို ၄င်းတို့သဘောသက်သက်ဖြင့် တရုတ်အစိုးရနှင့် စာချုပ်ချုပ်ဆိုကာ စတင်ခဲ့ခြင်းဖြစ်ပါသည်။

တတိယအချက်အနေဖြင့် ထိုရေကာတာစီမံကိန်း လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ရရှိမည့် ဓါတ်အားအများစုကို အမှန်တကယ်လိုအပ်နေသည့် မြန်မာပြည်သူများက ခံစားခွင့်မရှိဘဲ တရုတ်ပြည်သို့ ရောင်းစားသည့်အချက်မှာလည်း အတော်ပင် နည်းလမ်းမကျသည့် လုပ်ရပ်ဖြစ်သည်။

ဤအချက်သုံးချက်သည် ယခုလောလောဆယ် တည်ဆောက်ဆဲဖြစ်သော မြစ်ဆုံရေကာတာ စီမံကိန်းကို ကျနော့်အနေနှင့် ဆန့်ကျင်ကန့်ကွက်ရခြင်း၏ အကြောင်းရင်းများဖြစ်ပါသည်။

အမှန်တကယ် ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးချယ်တင်မြှောက်ထားသော လူထုအစိုးရတရပ် (ယခု ကြံ့ဖွံ့အစိုးရမျိုးမဟုတ်) တက်ရောက်လာသည့်အချိန်တွင်လည်း ကျနော်တို့တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်များအရ မြစ်ဆုံဒေသအပါအဝင် မြန်မာပြည်တဝှမ်းရှိ မြစ်ချောင်းများတွင် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောက်လုပ်ဖို့ လိုအပ်လာပါလိမ့်မည်။ သို့သော် ထိုသို့သော စီမံကိန်းများကို စတင်ခြင်းမပြုမီ သက်ဆိုင်ရာ အစိုးရအနေနှင့် လူထုသဘောထားစစ်တမ်းများကောက်ယူခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပညာရှင်များ၏ အစီရင်ခံစာများကို အလေးဂရုပြုခြင်း၊ လွှတ်တော်အတွင်း အတည်ပြုချက်အတွက် ဆွေးနွေးခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းများကို ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။

ဤရေကာတာစီမံကိန်းသည် မြန်မာပြည်အတွင်းတွင် ယနေ့ဖြစ်ပေါ်နေသော အခြား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြဿနာအများစုနည်းတူပင် အဓိကသော့ချက်ဖြစ်သည့် နိုင်ငံရေးစနစ် (နိုင်ငံရေးအရလွတ်လပ်ပွင့်လင်းမှု)ကို ပြုပြင်ပြောင်းလဲဖန်တီးယူခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဆိုသည့် အချက်ကို မီးမောင်းထိုးပြလိုက်သည့် ဥပမာကောင်းတခုပင် ဖြစ်တော့သည်။

ကိုပေါ။
(စက်တင်ဘာ ၁၁၊ ၂၀၁၁)


Read more

ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ဂငယ်ကွေ့

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့ အာရှအသံမှာ ပြောသွားတယ်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည် အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး၊ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”

အာရ်အက်ဖ်အေက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေးအဖြေတွေကို နားထောင်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ ထင်ထားခဲ့သလောက် မရိုးသားဘူးဆိုတာကို တွေ့နိုင်ပါတယ်။ မေးတဲ့လူတွေကလည်း “တိုင်းပြည်အတွက် အသုံးချခံရတာ” မျိုးကိုတော့ ဘယ် စိုးရိမ်ပူပန်ပါ့မလဲ။ စစ်အစိုးရအကျိုးအတွက် အသုံးချခံဖြစ်သွားမှာကို ပူပန်လို့ မေးမှန်းသိသိနဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် အရွဲ့တိုက်ဖြေကြားတယ်လို့ ကျနော်တော့ ယူဆပါတယ်။

အလားတူပဲ။“ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါသတဲ့လား”လို့ မေးတဲ့အခါ တိုက်ရိုက်မဖြေဘဲ ဝေ့လည်ကြောင်ပတ် ဖြေဆိုထားတာကို တွေ့ရပါတယ်။ တချို့ မေးခွန်းများကို ဖြေကြားရန် အခြေအနေမရှိသေးလို့ မဖြေကြားနိုင်တာကို နားလည်နိုင်ပေမယ့် ဝေ့လည်ကြောင်ပတ်ဖြေတာမျိုးကို ကျနော့်အနေနဲ့ နည်းနည်းလေးမှ သဘောမတွေ့ပါဘူး။

တခါ ပဲခူးခရီးစဉ်အတွင်းမှာလည်း “ ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု”တွေအကြောင်း လူထုသိချင်ကြမှာကို သိပေမယ့် ထုတ်ပြောရန်အချိန်မကျသေးဘူး။ ဘာမှ မသေချာသေးတဲ့အချိန်မှာ လူထုကို မျှော်လင့်ချက်အမှားတွေ မပေးချင်တဲ့အတွက် ထုတ်မပြောသေးတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ တဖက်မှာလည်း ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကျေနပ်ဝမ်းမြောက်မိတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာ ပြည်သူကို လျို့ဝှက်ထားပြီး တဖက်မှာလည်း အပြုသဘောဆောင်တယ်၊ ဝမ်းမြောက်မိတယ် စသဖြင့် ပြောနေတာကရော ပြည်သူလူထုကို မျှော်လင့်ချက်တလွဲတွေ ပေးရာမရောက်ဘူးလားလို့ တွေးစရာ ရှိပါတယ်။ ဘာဆွေးနွေးတယ်ဆိုတာကို ထုတ်မပြောဘဲ လူထုကို ထောက်ခံဖို့ အဆင်သင့် ပြင်ထားခိုင်းတာကလည်း သိပ်ပြီး နည်းလမ်းမကျလှဘူးလို့ ထင်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတုန်းက ပြည်သူကို ဘာမှ လျို့ဝှက်မထားဘူး။ အကုန်ချပြပြီး လူထုထောက်ခံမှုကို ယူခဲ့တာပဲ။ ကျနော့်အမြင်တော့ ဒေါ်စုဟာ မလိုအပ်ဘဲ တကိုယ်တော်လူစွမ်းကောင်းဝါဒကို ကျင့်သုံးနေတယ်လို့ မြင်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီတခေါက် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့အချိန်မှာ သူမရဲ့ တချို့သော လုပ်ရပ်တွေကြောင့် ဒီမိုကရေစီအရေး ထောက်ခံသူတွေအကြား၊ ပြည်သူတွေအကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

(၁) နေအိမ်အကျယ်ချုပ်ကျစဉ်က ရွှေဂုံတိုင်ကြေညာစာတမ်းကို ထောက်ခံခဲ့ပြီး အကျယ်ချုပ်က ထွက်လာပြီးနောက် အချိန်ကာလ အတန်ကြာလာသည့်အခါ ရွှေဂုံတိုင်ကြေညာစာတမ်းကို လေသံမျှ မဟတော့ခြင်း။

(၂) စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ ခုတမျိုး၊ တော်ကြာတမျိုး အမျိုးမျိုးပြောနေသဖြင့် အဖွဲ့ချုပ်က ကြေညာချက်များထုတ်ကာ လိုက်လံဖြေရှင်းနေရခြင်း။

(၃) သူမ မလွတ်မြောက်မီက အရှိန်အဟုန်ရစပြုလာသော “ဒုတိယအကြိမ် ပင်လုံညီလာခံ” ကို အရှိန်တန့်သွားစေရန် “ ၂၁ ရာစုနှင့် ကိုက်ညီသော ပင်လုံညီလာခံ” ဟု လျှောချလိုက်ကာ နောက်ပိုင်းတွင် လေသံမျှ မဟတော့ခြင်း။

(၄) အဓိကသော့ချက်ဖြစ်သော နိုင်ငံရေးပြဿနာများ ဖြေရှင်းရေးထက် လူမှုကယ်ဆယ်ရေးကိစ္စများတွင် အချိန်ဖြုန်းနေခြင်း။

ဝမ်းနည်းစရာအကောင်းဆုံးအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါင်ဒေါင်မြည်ဟု ဆိုအပ်သော ဦးဝင်းတင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးသည့်နောက်ပိုင်း သိသိသာသာ အသံပြောင်းသွားခြင်းဖြစ်သည်။

ဟံသာဝတီဦးဝင်းတင်က “ပါတီရှိခြင်း၊ မရှိခြင်းထက် နိုင်ငံရေးမသေဖို့က ပိုအရေးကြီးကြောင်း။ ၁၉၈၈ ခုနှစ်က နိုင်ငံရေးပါတီများ တခုမှ မရှိသော်လည်း နိုင်ငံရေးရှိနေသည့်အတွက် ရှစ်လေးလုံး အရေးတော်ကြီးပေါ်ပေါက်လာခဲ့သည့် သာဓက ရှိကြောင်း” စသဖြင့် အစဉ်တစိုက် ပြောခဲ့သူဖြစ်သည်။ သို့သော် ယခုအခါ မိုးမခနှင့် အင်တာဗျူးတွင် ဦးဝင်းတင်ခမြာ “ပါတီရှင်သန်ရေးအတွက်” ဆိုသည့်အချက်ကို တွင်တွင်ကြီး ပြောနေရသည်ကို တွေ့ရပါသည်။ “ဘာလဲဟဲ့ လူ့ငရဲ” ဆိုပြီး စစ်အစိုးရရဲ့ နှိပ်စက်မှုဒဏ်ကို အနှစ် ၂၀ ကျော် ကြံ့ကြံ့ခံခဲ့သည့် ကျနော်တို့၏ သူရဲကောင်းကြီး ဘဘ ဦးဝင်းတင်တယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခံယူမိကာမှ ဗလောင်းဗလဲ ပြောရတဲ့ ဘဝကို ရောက်ရှာပြီဟု ရင်ထုမနာ တွေးမိပါသည်။

ဘဘရေ…. ပါတီရှင်သန်ရေးအတွက်ဆိုရင် ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ လုပ်သလို ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ခေါင်းလျှိုပြီး တရားဝင်သာ ပါတီဖွဲ့လိုက်ပါတော့…. ဟု ရင်နာနာနဲ့ အကြံပေးရမယ့်ပုံ ဖြစ်နေသည်။

ဒါကတော့….. လတ်တလော ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ကျနော်လက်လှမ်းမီသလောက် ထောက်ပြခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ရဲ့ နည်းလမ်းမကျတဲ့လုပ်ရပ်တွေ၊ ပြည်သူ့အသံကို နားထောင်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ပြည်သူလူထုအသံကို တကယ်နားထောင်မထောင်ဆိုတဲ့ အချက်တွေကို နောင်အလျဉ်းသင့်တဲ့အခါ ထပ်မံရေးပြသွားပါဦးမယ်။
Read more

ဒရိုင်ဘာ၊ ခရီးသည်များ နှင့် ကျနော်


တနင်္ဂနွေနေ့မှာ လစ်တဲလ်အိန္ဒိယ (Little India) ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖြစ်ပါတယ်။ ကားပေါ်ကို ကျနော်တက်လိုက်တဲ့အချိန်မှာ တကားလုံး လူပြည့်သလောက်ရှိနေပါပြီ။ လူဖြူမိန်းမတယောက်ရယ်၊ ကျနော်ရယ်၊ ကျန်တဲ့ အယောက် ၈၀ လောက်က အိန္ဒိယလူမျိုးတွေနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားတွေ။ နောက်မှတ်တိုင်တခုရောက်တော့ လူတွေ ထပ်တက်လာကြပြန်တယ်။ ကားရှေ့ပိုင်းမှာ လူတွေ ကြပ်ညှပ်တိုးဝှေ့နေတာကို မခံလိုတဲ့အတွက် ဘတ်စ်ကားရဲ့ အလယ်ဘက်ဆီကို ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး နေရာရွှေ့ပါတယ်။ တတိတိနဲ့ ရွှေ့လာလိုက်တာ သုံးလေးမှတ်တိုင်လောက်အရောက်မှာ ကားအလယ်ပိုင်းကို ကျနော် အောင်မြင်စွာရောက်ရှိသွားပါတော့တယ်။

အဲဒီအချိန်မှာတော့ နောက်ထပ် ပါစင်ဂျာတွေ ထပ်တက်လို့မရအောင် ကားတစင်းလုံး ပြည့်သိပ်နေပါပြီ။ မှတ်တိုင်မှာ ဆင်းတဲ့လူလည်း မရှိတော့ဘူး။ အားလုံးက လစ်တဲလ်အိန္ဒိယကိုပဲ သွားမယ့်လူတွေချည်း။ ဒရိုင်ဘာက မြောက်ပိုင်းသံဝဲတဲ့ တရုတ်ဘာသာနဲ့ “ကျေးဇူးပြုပြီး အထဲကို တိုးပေးကြပါ” လို့ ခဏခဏ လှမ်းအော်ရှာတယ်။ အားဟား.... ဒီပုဂ္ဂိုလ်ဟာ တရုတ်ပြည်မကြီးကနေ မကြာခင်ကမှ အသစ်ခေါ်ခန့်ထားခံရတဲ့ လူသစ်ပဲဖြစ်ရမယ် လို့ ကျနော့်ဘာသာ တီးတိုးရေရွတ်မိပါတယ်။ သူ့ရဲ့ တောင်းပန်တိုးလျှိုးမှု အရာမထင်တာဟာလည်း ဘာမှ အံ့သြစရာတော့ မရှိပါဘူး။ ဒီကားပေါ်မှာ သူပြောတဲ့ တရုတ်စကားကို ကျနော်ကလွဲလို့ တခြား ဘယ်ခရီးသည်က နားလည်နိုင်မှာ မို့လို့လဲ။

ဒါပေမယ့် အတွင်းဘက်ကို ရွှေ့မပေးလိုခြင်းရဲ့ တခြားအကြောင်းရင်းတခုကလည်း ရှိသေးတယ်။ နိုင်ငံခြားသားအလုပ်သမားတွေပါတဲ့ ဘတ်စကားတစင်းမှာ မရှိဘူးဆိုရင် အနည်းဆုံး ၁၀-၂၀ ရာခိုင်နှုန်းလောက်က စင်္ကာပူကို မကြာခင်ကမှ ရောက်လာကြတဲ့ လူသစ်တွေ ဖြစ်နေတတ်တယ်။ ကျနော်တောင် သူတို့ကို ခွဲခြားပြနိုင်တယ်။ သူတို့ဟာ ဘတ်စ်ကားရှေ့ပိုင်းမှာ ကျောက်ချရပ်နေကြပြီး ကားဘယ်ကို ဦးတည်မောင်းနေသလဲဆိုတာကို မျက်ခြေမပြတ် ကြည့်နေကြတယ်။ သူတို့အနေနဲ့ လမ်းကြောင်း မှတ်မိဖို့ လိုတယ်လေ။ ဒရိုင်ဘာပြောတဲ့ ဘာသာစကားကို သူတို့နားလည်ရင်တောင် အထဲကို ရွှေ့ပေးမယ့်ပုံ လုံးလုံးမပေါ်ဘူး။

နယူတန် အဝိုင်းနားကို ရောက်လာတော့ ကားမှတ်တိုင်မှာ ခရီးသည်တချို့က ကားကို တားတယ်။ လူပြည့်နေတဲ့အတွက် ရှေ့ဝင်ပေါက်ကို ဒရိုင်ဘာက ခဲရာခဲဆစ် ဖွင့်ပေးရတယ်။ ဒါပေမယ့်လည်း ကားပေါ်ကို လူထပ်တက်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ဘူး။ နောက်ဖက် ထွက်ပေါက်အနီး ကျနော်ရပ်နေတဲ့နေရာကနေ လှမ်းကြည့်ရင် လူတွေ ဘယ်လောက်များများ ကားပေါ်ကို တက်ဖို့ ကြိုးစားနေကြသလဲဆိုတာ မမြင်ရဘူး။ ကျနော့်ရဲ့မြင်ကွင်းကလည်း ဘေးပတ်ပတ်လည် တတောင်လောက်အထိပဲ ဘောင်ခတ်ခံထားရသလို ဖြစ်နေရတယ်။

ခဏနေတော့ ဒရိုင်ဘာက နောက်ပေါက်တံခါးကို ဖွင့်ပေးလိုက်ပြီး ကားအောက်က ခရီးသည်တွေကို နောက်ပေါက်က တက်ကြဖို့ အော်ပြောလိုက်တယ်။

လူနှစ်ယောက်တက်လာပြီး ကျနော့်ရှေ့မှာ တိုးဝှေ့နေရာယူလိုက်ကြတယ်။ နှစ်ယောက်စလုံး တရုတ်ပြည်မကြီးကလာတဲ့လူတွေ။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်တွေ။ မန်ချူးရီးယားပြည်နယ်ဖက်က လာပုံပဲ။ သူတို့ရဲ့ ဘတ်စ်ကားစီးကဒ်တွေကို ကဒ်ရီဒါ (reader) မှာ အသာ ကပ်လိုက်တယ်။ ဒါပေမယ့် ကဒ်ရီဒါက “ဒိ...ဒိ..ဒိ...ဒိ” လို့ ကျယ်လောင်စူးရှတဲ့ ပြတ်တောင်းတောင်း
မြည်သံတွေနဲ့အတူ မီးနီတွေ တဖြတ်ဖြတ်လင်းပြီး အင်္ဂလိပ်လို စာတန်းတခု ထိုးပြလာတယ်။ “Error... ရှေ့ပေါက်က တက်ပါ” ဆိုတဲ့ မှားယွင်းကြောင်းပြတဲ့ မက်ဆေ့ခ်ျမျိုးပေါ့။ ဒါပေမယ့် ကဒ်ရီဒါမှာ ဖြစ်ပျက်နေတာကို ဘယ်လိုမှ မတုန့်ပြန်တာကို ကြည့်ခြင်းအားဖြင့် ဒီလူနှစ်ယောက်ဟာ ကားခပေးတဲ့နေရာမှာ အမှားအယွင်းဖြစ်နေတာကို သတိမပြုမိကြောင်း လုံးဝသိသာထင်ရှားနေတယ်။ ပိုပြီး သေချာတာကတော့ သူတို့ဟာ အင်္ဂလိပ်လို တလုံးတပါဒမျှ နားမလည်ဘူး။ အဲဒီအတွက် ကဒ်ရီဒါမှာ ပြနေတဲ့ error မက်ဆေ့ခ်ျကိုလည်း နားမလည်နိုင်ကြဘူး။

ကြိုဆိုပါတယ်ခင်ဗျား။ စင်္ကာပူဆိုတဲ့ ဘာသာစကားဆိုင်ရာ လွဲချော်မှုတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းဌာနီကြီးက ကြိုဆိုပါတယ်။

ဒါနဲ့လည်း ဘတ်စ်ကားက နေရာက မရွေ့သေးဘူးခင်ဗျ။ အပြင်ဖက်မှာ တက်ချင်တဲ့လူတွေ ကျန်နေသေးပုံပဲ။ ဒရိုင်ဘာက အဲသည်လူတွေကို လှမ်းပြီးစကားပြောနေတယ်။ ဒါပေမယ့် ဆူညံသံတွေကြောင့် သူဘာပြောသလဲဆိုတာတော့ သဲသဲကွဲကွဲ မကြားရဘူး။ နောက်ဆုံးမတော့ အဲဒီ ကျန်နေသေးတဲ့သူတွေလည်း နောက်ပေါက်တံခါးဆီကို ရောက်လာကြတယ်။ သိပ်များများတော့မဟုတ်ပါဘူး။ စလုံးလင်မယား နှစ်ယောက်ပါပဲ။ အင်္ဂလိပ်စကားပြောတဲ့ တရုတ်မျိုးနွယ် စလုံးလင်မယား။ သူတို့ ကားပေါ်ကို တက်တယ်။ သူတို့ရဲ့ ကားစီးကဒ်တွေကို ကဒ်ရီဒါမှာ ဖြတ်ကနဲ ကပ်တယ်။ ကဒ်ရီဒါကလည်း သူတို့ကို စောစောကအတိုင်း အော်သံနဲ့ နှောက်ယှက်ပြန်တယ်။ အမျိုးသမီးဟာ လန့်သွားပြီး ဟန်ချက်ပျက်မလိုဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကားပေါ်ကိုတော့ သူတို့ ရောက်လာပြီ။ ကားတံခါးတွေလည်း ပိတ်ပြီးပြီ။ ဘတ်စ်ကားဟာ မှတ်တိုင်က ထွက်ခွာလာခဲ့ပြန်ပါတယ်။

“ဒါဆို ငါတို့ ကားခကို ဘယ်လိုပေးမလဲ” အမျိုးသမီးက သူ့ယောက်ျားကို မေးတယ်။ တကယ်တော့ အဖြစ်သဘော စကားမရှိ စကားရှာ မေးခြင်းမျှသာပါ။ “ကျမတို့ ဆင်းမယ့်မှတ်တိုင်ရောက်ရင် ရှေ့ပေါက်ကိုသွားပြီး ကျမတို့ ကားစီးကဒ်တွေကို သွားပြီး စကန်(scan)လုပ်ရမယ်လို့ ကျမထင်တယ်”

“အေးကွာ မီးစင်ကြည့်ကတာပေါ့” လို့ ယောက်ျားက ပြန်ဖြေတယ်။

“တကယ်တော့ ကျမတို့ဟာ နောက်ပေါက်က တက်ရဖို့မဟုတ်ဘူး”.... သူမဟာ ဆက်ပြောနေပြန်တယ်။.... “ကားဒရိုင်ဘာကလဲ၊ ဘာကြောင့်များ ကျမတို့ကို နောက်ပေါက်က တက်ခိုင်းရသလဲမသိဘူးနော်”

အဲဒီအချိန်မှာတော့ ကျနော်ဟာ စင်္ကာပူနိုင်ငံသားဖြစ်တဲ့အတွက် ဂုဏ်ယူရမလား၊ စိတ်အနှောင့်အယှက်ဖြစ်ရမလား မဝေခွဲနိုင် ဖြစ်သွားပါတော့တယ်။

-----------

ပြည်မကြီးတရုတ် ကားဒရိုင်ဘာဟာ “မဖြစ်ဖြစ်အောင်လုပ်မယ်” (can do attitude) ဆိုတဲ့ စိတ်ဓါတ်မျိုးကို ခံယူထားသူဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဘတ်စ်ကားမှာ လူအရမ်းပြည့်နေလို့ ပါစင်ဂျာတွေ အတွင်းကို မရွှေ့နိုင်တော့ရင် သူမှာ ရွေးချယ်စရာ နည်းလမ်းတွေရှိပါတယ်။ တနည်းက မှတ်တိုင်တွေမှာ လူတင်ဖို့ ထပ်မရပ်တော့တာမျိုး။ နောက်တနည်းက(ကားခပေးဖို့မဖြစ်နိုင်ရင်တောင်မှ) ခရီးသည်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကားပေါ်အပါတင်ခေါ်တဲ့နည်းမျိုး။ ကျနော့်အမြင်မှာတော့ သူက နည်းလမ်းအမှန်ကို ရွေးချယ်ခဲ့တယ်လို့ မြင်ပါတယ်။ လူတွေကို သူတို့သွားချင်တဲ့နေရာပို့ဆောင်ပေးဖို့က ဘတ်စ်ကားကုမ္ပဏီအတွက် ဒေါ်လာအနည်းငယ်ထပ်ရအောင်ကြံဆောင်ခြင်းထက် ပိုမိုအရေးကြီးတယ် မဟုတ်ပါလား။

ဒါပေမယ့်...အဲဒီ “မဖြစ်ဖြစ်အောင်လုပ်မယ်”ဆိုတဲ့ နည်းလမ်းဟာ တခါတလေတော့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရတာမျိုးနဲ့လည်း ကြုံရတတ်တယ်။ ပြည်ပကနေလာရောက်အခြေချသူတွေအဖို့ စင်္ကာပူနိုင်ငံသားတွေကို သင်ပြပေးနိုင်တဲ့အရာ တခုရှိတယ်ဆိုရင် အဲဒါဟာ “ပြဿနာတရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုရင် တခါတလေမှာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချိုးဖောက်ဖို့ လိုတယ်” ဆိုတဲ့ သင်ခန်းစာပါပဲ။

စင်္ကာပူနိုင်ငံသားတွေဆိုတာ ကားနောက်ပေါက်ကတက်ဖို့အရေး ကားရှေ့ပေါက်မှာ တော်တော်ကြာအောင် ဖြောင်းဖျနားချယူရပါတယ်။ တခါ နောက်ပေါက်ကတက်ပြီးသည့်တိုင်အောင် အဲသည်လို စည်းကမ်းကို ချိုးဖောက်လိုက်ရတဲ့အတွက် အလွယ်တကူ ပြန်လည် တည့်မတ်ဖို့ နည်းလမ်းမရှိတဲ့အခါ စိတ်မသက်မသာ ဖြစ်နေကြသေးတာကို တွေ့ရတယ်။ ဒီအဖြစ်အပျက်ဟာ ရိုသားမှုရဲ့ ဂုဏ်ပုဒ်ကို မှတ်ကျောက်အတင်ခံတဲ့ အချက်ဖြစ်လို့ နှာခေါင်းရှုံ့ဖို့ မသင့်ပေမယ့် တဖက်မှာလည်း ကျနော်တို့တတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို တရားသေဆုပ်ကိုင်လိုက်နာတတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြန်ပါတယ်။ ကျနော်တို့ဟာ ကိုယ်တိုင်တီထွင်ကြံဆနိုင်ဖို့ ဝေးလို့... တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းချက်နည်းလမ်းတွေကို အသားမကျတော့သလိုတောင် ဖြစ်နေပါတယ်။

-------------------

လစ်တဲလ်အိန္ဒိယကို ရောက်လုရောက်ခင်မှာ စောစောက ပြည်မကြီးတရုတ်နှစ်ယောက်ဟာ သူတို့ရဲ့ ကားစီးကဒ်တွေကို ထုတ်ကြပြန်ပါတယ်။ ကားပေါ်ကဆင်းတဲ့အခါ ကဒ်ရီဒါမှာ ကပ်ဖို့အတွက် အသင့်ပြင်တဲ့သဘောပေါ့။

ကျနော်က သူတို့ကို ဒုက္ခမရှာဖို့ ပြောလိုက်တယ်။ “မင်းတို့တက်တုန်းက ကဒ်ရီဒါက မင်းတို့ ကဒ်တွေကို ဖတ်မသွားဘူး။ ဒါကြောင့် ဆင်းတဲ့အခါ မင်းတို့ ထပ်ပြီး ကပ်ဖို့ မလိုတော့ဘူး”

“ဘာကြောင့် မဖတ်တာလဲ”.... တယောက်က ပြန်မေးတယ်။

ရှေ့ပေါက်မှာရှိတဲ့ ကဒ်ရီဒါကသာလျှင် ခရီးစဉ်အတွက် ကားစီးကဒ်ကို ဖတ်ကြောင်း ရှင်းပြရင်း....“ မင်းတို့တက်လာတုန်းက စက်က ဒိ..ဒိ...ဒိ..ဒိ ဆိုပြီး မြည်တာကို မှတ်မိလား”

“အင်း...မှတ်မိတယ်”... သူကပြန်ဖြေတယ်။

“မီးအနီလည်း လင်းတယ်”.... သူ့အဖော်က ဝင်ပြောတယ်။

“ဟုတ်တယ်။ အဲဒါဟာ မင်းတို့ကဒ်ကို လက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”

“ဒါဆို အခု ကျနော်တို့ကဒ်ထဲက ပိုက်ဆံမနှုတ်တော့ဘူးပေါ့”

“အေး၊ မနှုတ်တော့ဘူး။ မင်းတို့အတွက် ဒီခရီးဟာ အလကား စီးရတဲ့ခရီးပဲ” လို့ ကျနော်က ပြုံးပြီးပြောလိုက်တယ်။

“အိုး... ကောင်းလိုက်တာ” သူတို့နှစ်ယောက်စလုံးဆီက ပြိုင်တူအသံထွက်လာတယ်။ ဒီနေ့အဖို့ ကံကောင်းတဲ့ အချိန်ပိုင်းကလေးကို ပြက်ပြက်ထင်ထင် မှတ်သားမိတဲ့သဘော။

............................

အဲ... စလုံးလင်မယားကလည်း လစ်တဲလ်အိန္ဒိယမှာပဲ ဆင်းကြတယ်ခင်ဗျ။

“အားယိုး.... ကားကလည်း အရမ်းကြပ်တုန်းပဲ။ ဘယ်လိုလုပ် ရှေု့ကိုသွားပြီး စကန်(scan)လုပ်မလဲ” သူတို့ လင်မယားနှစ်ယောက်ကို နောက်က ဆင်းမယ့် ခရီးသည်တွေက တွန်းတိုက်တဲ့အတွက် နောက်ပေါက်ဆီကို ရွေ့ပါသွားရင်း အမျိုးသမီးက ပြောလိုက်တယ်။ ဘယ်သူဘယ်ဝါရယ်လို့ ဦးတည်ပြီး သတ်သတ်မှတ်မှတ် ပြောတာမျိုးတော့ မဟုတ်ပါဘူး။

“အရင် ဆင်းလိုက်ကြတာပေါ့ကွာ” လို့ သူ့ယောက်ျားက ပြန်ပြောတယ်။ “ပြီးတော့မှ ရှေ့ပေါက်က ပြန်တက်ပြီး စကန်လုပ်လို့ရမလားဆိုတာ ကြည့်တာပေါ့”

“ဒါပေမယ့် ရှေ့ပေါက်မှာလည်း လူတွေအများကြီး တိုးဆင်းနေကြတဲ့ဟာကို....” လို့ သူမက ပြောလိုက်တယ်။

အရာတိုင်းဟာ အားလုံးမှားယွင်းနေပါပြီ။ ဘယ်လောက်များ စလုံး မဆန်လိုက်သလဲလို့။

(စင်္ကာပူနိုင်ငံသား အက်တိဗစ် ဘလော့ဂါ Alex Au ရေးသားသော The driver, the passengers, and me ပို့စ်ကို ဘာသာပြန်ပါသည်။)
Read more

မိုးပေါ်ထောင်ပစ်သူများနှင့် ဆယ့်ရှစ်ရက်ကြာ

မနေ့ညကတော့ အီဂျစ်ပြည်သူတွေရဲ့အောင်ပွဲပေါ့။

သမ္မတမူဘာရက်တယောက် အီဂျစ်ကို အနှစ်၃၀လောက် အရေးပေါ်ဥပဒေနဲ့ တောက်လျှောက် အုပ်ချုပ်လာခဲ့ပြီးတဲ့နောက် ပြည်သူတွေရဲ့ အုံကြွဆန္ဒပြမှုကို မလွန်ဆန်နိုင်တော့ဘဲ နောက်ဆုံးမှာ ရာထူးက နှုတ်ထွက်ပေးလိုက်ရပြီ ဖြစ်ပါတယ်။ ရက်ပေါင်း ၁၈ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲတွေကို ကမ္ဘာတလွှားက ပြည်သူတွေနည်းတူ ကျနော်လည်း တီဗီပေါ်မှာရော အင်တာနက်စာမျက်နှာတွေပေါ်မှာပါ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့မိပါတယ်။

ပထမပိုင်းမှာ မူဘာရက်က စက်တင်ဘာရောက်မှ နှုတ်ထွက်ပေးမယ်ဆိုပြီး တင်းခံနေတဲ့အတွက် အီဂျစ်ပြည်သူတွေရဲ့ တော်လှန်ရေးဟာ ငါတို့ မြန်မာပြည်မှာလို နှစ်ပေါင်းများစွာ ရှည်ကြာသွားတော့မှာလားလို့လည်း ရင်တမမနဲ့ စိုးရိမ်နေခဲ့မိပါတယ်။ အခုတော့ ၁၈ ရက်လောက်အတွင်းမှာပဲ အီဂျစ်ပြည်သူတွေရဲ့ အဓိကတောင်းဆိုချက်တခု ပြည့်သွားပြီ ဖြစ်တဲ့အတွက် အီဂျစ်ပြည်ဟာ ဒီမိုကရေစီ လမ်းဆီကို တဆစ်ချိုးလာပြီလို့ ယူဆရပါတယ်။

ဆန္ဒပြပွဲတွေအတွင်းမှာ သတိထားမိတဲ့ မြန်မာပြည်နဲ့ အီဂျစ်အကြား ကွာခြားချက်တခုကတော့ အီဂျစ်စစ်တပ်ဟာ အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်မခံဘဲ ဆန္ဒပြပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံအစပိုင်းမှာ အာဏာရှင် ဦးနေဝင်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူး။ မှန်အောင် တည့်တည့်ပဲ ပစ်တယ်”လို့ လူထုကို ခြိမ်းခြောက် ကြိမ်းဝါးသွားခဲ့တဲ့အတိုင်းပဲ စစ်တပ်ဟာ လက်နက်မဲ့ ပြည်သူလူထုကို ဆန္ဒပြပွဲအတွင်းမှာ ရက်ရက်စက်စက် ပစ်သတ်ခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းကလည်း အလားတူ ပစ်သတ်ခဲ့ပြန်ပါတယ်။

အီဂျစ်ပြည်မှာတော့ ဆန္ဒပြပွဲတလျှောက်လုံး စစ်တပ်ဟာ သေနတ်ကို မိုးပေါ် ထောင်ပစ်တာလောက်ပဲ တွေ့ခဲ့ရပါတယ်။ မူဘာရက်ကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ထောက်ခံသူ( အီဂျစ်စွမ်းအားရှင်)တွေအကြား ပဋိပက္ခကို တားဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ မိုးပေါ်ထောင်ပစ်ပြီး ဟန့်တားခဲ့ခြင်းမျှသာဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်က စစ်တပ်နဲ့ အီဂျစ်စစ်တပ် နှစ်ခုအကြားက သိသာထင်ရှားတဲ့ ကွာဟမှုပါ။

နောက်တချက် သတိပြုမိတာကတော့ အီဂျစ်ဟာ အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ တောက်လျှောက် မဟာမိတ်ဖြစ်ခဲ့တဲ့အလျောက် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေရှိခဲ့ပေမယ့် တဖက်မှာ နိုင်ငံရေးစနစ်အရ မလွတ်လပ်တဲ့အတွက် ပြည်သူတွေ ဖိနှိပ်ခံရတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုမြင့်တက်လာတယ်။ အလုပ်လက်မဲ့နှုန်းထားမြင့်တက်လာတယ်။ အကျင့်ပျက်ခြစားမှုတွေ နေရာတကာမှာ ဖြစ်လာတယ်။ နောက်ဆုံးမှာ စားသောက်ကုန်ဈေးနှုန်းတွေနဲ့ လူနေမှုစားရိတ် မြင့်တက်လာတဲ့အတွက် ဒီလို အုံကြွမှုကြီးဖြစ်လာရတယ်လို့ ဆိုပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာပြည်မှာ ပြည်သူလူထု ထိခိုက်နစ်နာနေရပါတယ်ဆိုတဲ့ ပိတ်ဆို့မှု ဆန့်ကျင်ရေးသမားတွေရဲ့ အဆိုကို ပိုလို့တောင် သံသယ ပွားစဖွယ် ဖြစ်လာရပါတယ်။

အီဂျစ်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်မိတာကတော့ အမေရိကန်နဲ့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒ ပါပဲ။ ဒီနိုင်ငံတွေအတွက် တခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ဆိုတာတွေဟာ သူတို့နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားလောက် ရှေ့တန်းမတင်ဘူးဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မလွတ်လပ်တဲ့နိုင်ငံတွေမှာလည်း သက်ဆိုင်ရာ ပြည်သူလူထုတွေရဲ့ လွတ်မြောက်လိုတဲ့ဆန္ဒ ကြီးထွား ပြင်းပြလာတဲ့အခါ အဆုံးမှာ ပြည်သူလူထုကပဲ အောင်ပွဲခံသွားကြရတာ ဓမ္မတာပါပဲ။

တူနီးရှားက စလိုက်တဲ့ ဂယက်ဟာ အခုတော့ ယီမင်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီရီးယား စတဲ့ နိုင်ငံတွေကို ပျံ့နှံ့ရိုက်ခတ်လာသလို အခုဖြစ်ပွားခဲ့တဲ့ အီဂျစ်ရဲ့တော်လှန်ရေးဟာ ကျန်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်တွေကို ဆက်လက် လှုပ်ခတ်စေဦးမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆန္ဒပြပွဲတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို ဖုတ်ပူမီးတိုက် ကြေညာ လုပ်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနည်းနဲ့ အာဏာရှင်တွေဟာ တယောက်ပြီး တယောက် ကျဆုံးခန်းဆီ ဦးတည်ကြနေတာကို တွေ့ရပါတယ်။

ကဲ.... ကျနော်တို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အပြောင်းအလဲကရော ဘယ်တော့ လာမှာလဲ။ ဘယ်လောက်ကြာဦးမလဲ။
Read more

အပြောင်းအလဲ

မကြာခင် ၂၀၁၀ ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ရောက်တော့မယ်။ နှစ်ကုန်ကာနီးလည်း ဖြစ်တဲ့အတွက် ရောက်တတ်ရာရာလေးတွေ တွေးမိတာကို တွေးမိသလို ရေးလိုက်ပါတယ်။

နည်းပညာ အပြောင်းအလဲ

လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်၊ ကျနော် စင်္ကာပူကို ရောက်လာကာစက လက်ကိုင်ဖုန်းတွေကို အခုလို လူတိုင်းမကိုင်နိုင်ကြသေးဘူး။ အဲသည်တုန်းက လက်ကိုင်ဖုန်းကလည်း အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင် တော်တော့်ကို ကြီးမားလေးလံတဲ့ ပစ္စည်းတခုပါပဲ။ Incoming call တွေ အတွက်ပါ ပိုက်ဆံပေးရတဲ့ခေတ်ဆိုတော့ လက်ကိုင်ဖုန်းသုံးစွဲသူတွေထံ ဖုန်းခေါ်လိုက်တယ်ဆိုရင် တဖက်က “ကျနော်ပြန်ခေါ်လိုက်မယ်နော်” ဆိုပြီး ရိုးရိုးတယ်လီဖုန်းလိုင်းကနေ ပြန်လည် ခေါ်ဆိုကြတဲ့ခေတ်ပေါ့။ အခုတော့ လက်ကိုင်ဖုန်းကလေးတွေက သေးသေးငယ်ငယ်။ အရောင်စုံ၊ အသွေးစုံ။ Incoming call က အခမဲ့ဖြစ်သွားပြီ။ ဒီကြားထဲမယ် wifi တို့ 3G တို့နဲ့ဆိုရင် အင်တာနက်ကိုသုံးစွဲပြီး Outgoing call တွေကိုပါ အခမဲ့ ခေါ်ဆိုနိုင်သေးတယ်။

ဆယ်စုနှစ်တခုအတွင်းမှာ နည်းပညာတွေ ပေါက်ကွဲသလို အလျှင်အမြန် တိုးတက်လာတယ်။ အင်တာနက်ကို ကွန်ပြူတာတွေမှာသာမက အများသုံး အသုံးအဆောင်တွေဖြစ်တဲ့ လက်ကိုင်ဖုန်းတွေ၊ ရုပ်မြင်သံကြားတွေမှာပါ တိုက်ရိုက် သုံးစွဲလို့ ရလာတယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စတဲ့ မီဒီယာတွေနဲ့ အင်တာနက်ဟာ နယ်နိမိတ်တွေ ရောယှက်ဝေဝါးလာပြီး ဆုံမှတ်တခုကို ရှေးရှုနေသလိုပါပဲ။ ၂၀၁၀ ခုနှစ်အတွင်းမှာ အဖိုးနှုန်း ချိုသာတဲ့ tablet pc တွေ ပေါ်လာတာဟာလည်း လူကြီးလူငယ် အသက်အရွယ်မရွေး ကွန်ပြူတာနဲ့ အင်တာနက်ကို လွယ်လင့်တကူ သုံးစွဲနိုင်တဲ့အနေအထားကို ရောက်လာစေပါတယ်။

ဒီတော့ လာမယ့်နှစ်ထဲမှာ ကမ္ဘာတလွှား အင်တာနက်ကို သုံးစွဲသူ လူဦးရေဟာ အခုထက် အဆမတန် ပိုမိုများပြားလာဖို့ အကြောင်းရှိပါတယ်။

အင်တာနက်ကတဆင့် ပရိသတ် (သို့မဟုတ်) လူထုထံက သဘောထားစစ်တမ်း၊ တုန့်ပြန် ဝေဖန်အကြံပြုလွှာတွေကို အချိန်နဲ့တပြေးညီတည်း လျှင်လျှင်မြန်မြန် ရယူနိုင်တယ်။ အထင်ကရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ “Donation Button” ကလေးပါ ထည့်ထားလိုက်မယ်ဆိုရင် ကမ္ဘာတလွှားမှာရှိတဲ့ ထောက်ခံသူတွေထံက အလှူငွေတွေ၊ ရန်ပုံငွေတွေကို လွယ်လွယ်ကူကူ ကောက်ယူနိုင်ပါလိမ့်မယ်။

အင်တာနက်ဟာ သူ့သဘောသဘာဝအရ အခြားမီဒီယာတွေနဲ့မတူဘဲ အတော်အတန် လွတ်လပ်တဲ့ သဘာဝရှိတယ်။ အလွန်အမင်းဖိနှိပ်လွန်းတဲ့ အာဏာရှင်နိုင်ငံတွေမှာတောင် အတိုင်းအတာတခုအထိ လွတ်လပ်မှုရှိတယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူတွေအဖို့ မိမိရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ဖို့အတွက် ထိထိရောက်ရောက် သုံးစွဲနိုင်တဲ့ လက်နက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုနည်းပညာမျိုးကို ရှေးရိုးစွဲ လူကြီးတွေက သုံးစွဲဖို့ တွန့်ဆုတ်နေရင်တောင် လူငယ်တွေက ဦးဆောင်ပြီး သုံးစွဲလာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နည်းပညာနဲ့ ပတ်သက်ပြီး နောင်လာမယ့် နှစ်တွေအတွင်းမှာ ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့...

(၁) တာရှည်ခံမယ့် ဘက်ထရီ တွေ၊
(၂) စက္ကူလိုပါးလွှာပြီး ကွေးညွှတ်လို့ရတဲ့၊ ပါဝါသိပ်မစားတဲ့ Display တွေ ( နမူနာ ပုံစံ တခုနှစ်ခု ထုတ်တာမျိုးမဟုတ်ဘဲ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်တာမျိုး)
(၃) Fusion Power (နည်းနည်း လောဘကြီးသွားသလားတော့မသိ)
(၄) နေရာအနှံ့ အလကားသုံးစွဲလို့ရတဲ့ အင်တာနက် (ဟိုတနေ့က သတင်းတပုဒ်ထဲမှာတော့ ဖြစ်လာတော့မယ်လို့ ဟောကိန်းထုတ်နေကြတာ တွေ့ရတာပဲ)
(၅) အလိုအလျောက် မီးပူတိုက်စက်

ဒါက နည်းပညာ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ တွေးမိ၊ မျှော်မှန်းမိတာတွေပါ။

မြန်မာပြည်က အပြောင်းအလဲ

ဒီနှစ်ထဲမှာ မြန်မာပြည်က တိုးတက်ပြောင်းလဲမှုကရော။

၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလို့ ပြီးသွားပါပြီ။ ရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် ပါလီမန်ထဲကနေ နိုင်ငံရေးအဝန်းအဝိုင်းကို ချဲ့ထွင်မယ်ဆိုတဲ့ အယူဝါဒကို ပြည်တွင်းပြည်ပ ဗန်းနဲ့လှည့်ရောင်းခဲ့သူတွေလည်း သူတို့ရဲ့ မှန်းဆထင်မြင်ချက်တွေဟာ ပါစင်အောင် လွဲမှားခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးသိက္ခာတွေလည်း ကုန်းကောက်စရာမကျန်အောင် ကျဆင်းခဲ့ကြတာကို အားရစဖွယ် တွေ့မြင်နေရပါတယ်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။ အခု တိုင်းပြည်ထဲမှာ အကျယ်လောင်ဆုံးအသံကတော့ ၂၁ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကိစ္စပါပဲ။ နယ်စပ်မှာတော့ အရင်က အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နအဖ စစ်တပ်အကြားမှာ တင်းမာမှုတွေ၊ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်စည်း၊ တိုင်းစည်း အောက်ခြေကစလို့ အဖွဲ့ချုပ်ကို ပြန်လည် ခိုင်ခန့်အောင် ထူထောင်မယ်။ လူထုကို နိုင်ငံရေးအရ ပါဝင်လာအောင် စည်းရုံးမယ်ဆိုရင် နအဖကို စေ့စပ်ဆွေးနွေးရေး စားပွဲကို ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေဒီယိုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ ကဏ္ဍ တချို့ကို နားထောင်ဖြစ်ပါတယ်။ မေးခွန်းမေးသူအများဟာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကိစ္စကို ထပ်ဖန်တလဲလဲ ပြောကြပြီး ရေဒီယိုပေါ်က တန်ဘိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေကြတာ တွေ့ရပါတယ်။ တေးသံရှင် ဒေါ်မာမာအေးကဆိုရင် “ညီမလေး အရဲမကိုးပါနဲ့နော်” ဆိုပြီး တိုက်တွန်းသတိပေးထားတာကိုတောင် ကြားလိုက်ရပါသေးတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပေမယ့် တဖက်မှာ လူထုခေါင်းဆောင်တယောက်အနေနဲ့ သွားသင့်တဲ့ကိစ္စ၊ လုပ်သင့်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့လုပ်ရမယ့် တာဝန်ဝတ္တရား ရှိနေတာကိုလည်း သတိထားမိပါတယ်။ ဦးသန်းရွှေတို့လို အရဲမကိုးဘဲ လှိုဏ်ခေါင်းထဲမှာ ပုန်းနေပြီး တကယ်လုပ်သင့်လုပ်ထိုက်တာတွေကို မျက်ကွယ်ပြုတဲ့ ခေါင်းဆောင်မျိုးကိုတော့ လုံးဝ လိုချင်ကြမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့လို ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို မဆုတ်မနစ်လုပ်နေတဲ့ ခေါင်းဆောင်တယောက်အဖြစ်မျိုးကိုသာ ပိုပြီး မြင်လိုကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တလျှောက်လုံး မိမိအသက်ကိုတောင် ပဓာနမထားဘဲ ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့အတွက်သာ ဒီလို ပြည်သူအများက ယုံကြည်ကိုးစားရတဲ့ အနေအထား ရောက်ရှိလာခဲ့တာ မဟုတ်ပါလား။ အရဲမကိုးတဲ့ လူလိမ္မာ၊ လူနပ်တွေချည်းသာ များလာရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြမယ့် လူတွေ နည်းပါးသွားနိုင်ပါတယ်။

ဒီနှစ်အတွင်းမှာပဲ ပြည်တွင်းက အချို့သော စာနယ်ဇင်းတွေ၊ သတင်းထောက်တွေအနေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ရသမျှ အခွင့်အရေးကို ဆုပ်ကိုင်ပြီး စွန့်စွန့်စားစား ကြိုးပမ်းကြတဲ့ အနေအထားကို သတိပြုမိပါတယ်။ အချို့သော အနုပညာရှင်တွေအနေနဲ့လည်း စစ်အစိုးရဲ့ မျက်မာန်ရှမှု၊ ငြိုငြင်မှုကို ခံယူပြီး မိမိတို့ရဲ့ ရပ်တည်ချက်ကို တမျိုးတဖုံ ထုတ်ဖော်လာတာကို တွေ့ရပါတယ်။

မကြာမီအနာဂတ်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ဖြစ်ပေါ်မှုတွေကတော့....

(၁) နည်းပညာတိုးတက်မှုကို ဆုပ်ကိုင်ပြီး သတင်းလွတ်လပ်မှုကို ချဲ့ထွင်နိုင်ပါစေ။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များ ညီညွတ်စွာ ပေါင်းစည်းနိုင်ကြစေ။
(၃) ကိုမင်းကိုနိုင်တို့အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ကြစေ။
(၄) လူထုတရပ်လုံးပါဝင်မှုနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်လာအောင် ဖိအားပေးနိုင်ကြစေ။

ဒါကတော့ လတ်တလော တွေးဖြစ်တဲ့အတွေးတွေ၊ ဆန္ဒတွေပါ။

ဘလော့ဂ်ကို လာလည်သူအပေါင်း ကျန်းမာကြပါစေ။ ပျော်ရွှင်သော ခရစ်စမတ်ပိတ်ရက်နဲ့ ကောင်းသောနှစ်သစ် ဖြစ်ပါစေဗျား။
Read more

ကျေးဇူးတင်သူများ၊ Ballroom Protest နဲ့ သစ်ခွပန်းကဗျာ

(၁) “ကျေးဇူးတင်တယ်” ဆိုတဲ့စကားဟာ ရိုးသားတဲ့ စိတ်ကောင်းစေတနာနဲ့ မတွဲဖက်ရင်၊ အထူးသဖြင့် မရိုးသားတဲ့ လုပ်ရပ်နဲ့ တွဲဖက်နေရင် ကြည်နူးစရာ ဖြစ်မလာနိုင်တဲ့အပြင် အလွန်တရာ အော့နှလုံးနာစရာ၊ စက်ဆုပ်စရာကောင်းပုံကို ကြံ့ဖွံ့ပါတီက အခုလို သက်သေပြလိုက်ပါတယ်။



ကြံ့ဖွံ့ပါတီဟာ ရွေးကောက်ပွဲမတိုင်မီကတည်းက ပြည်သူတွေကို အတင်းအဓမ္မ ဖိအားပေးပြီး မဲထည့်ခိုင်းတယ်။ ငွေနဲ့ပေါက်ပြီး၊ အခွင့်အရေးဗန်းပြပြီး မဲဝယ်တယ်။ ပေါ်ပေါ်ထင်ထင် မဲခိုးတယ်။ မိုးပေါ်ကကျလာတဲ့ ကြိုတင်မဲဆိုတာတွေ ပေါင်းထည့်ပြီး မဲလိမ်တယ်။ မဲရလဒ်တွေ ကြေညာတဲ့အချိန်မှာလည်း ညစ်တယ်။ ဘယ်လောက်ထိတောင် ညစ်သလဲဆိုတော့ “ရာခိုင်နှုန်း ၁၀၂.၉ ရာခိုင်နှုန်းက ထောက်ခံတယ်လို့ ကြေညာမိတာမျိုး၊ ရွေးကောက်ပွဲ မကျင်းပတဲ့ ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်တွေမှာပါ ကြံဖွံ့အမတ်လောင်းတွေနိုင်တယ်လို့ ကြေညာမိတာမျိုး”.... စသဖြင့် ရာဇဝင်မှာ တခါမှ မကြုံဖူးလောက်အောင် အရှက်နည်းစွာ နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့ကြတာပါ။ ဟော... အခုကျတော့ တခဲနက်ထောက်ခံ ဆန္ဒပြုရွေးချယ် တာဝန်ပေးအပ်ခဲ့တဲ့အတွက် ပြည်သူလူထုကြီးကို အထူးကျေးဇူးဥပကာယတင်ရှိပါသတဲ့။ ဖွမ်...ရွံစရာကောင်းလိုက်တာ။ ကြံ့ဖွံ့ရဲ့ လုပ်ရပ်ကို ထင်ရှားအောင် ဥပမာပေးရရင်... လက်ဝတ်လက်စားတွေကို ဓားနဲ့ ထောက် လုယက်ပြီးတော့မှ အခုလို လက်ဝတ်ရတနာတွေ ထောက်ပံ့လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့ ဓားပြရဲ့ လုပ်ရပ်နဲ့ တထေရာတည်း တူနေပါတယ်။

(၂) ဒီကာတွန်းကတော့ စင်္ကာပူက လောလောလတ်လတ် ဟာသ တခုပေါ့။ ဒီဟာသကို ရယ်နိုင်ဖို့ဆိုရင် ကာတွန်းအောက်မှာ ဖော်ပြထားတဲ့ လင့်ခ်တွေကို အရင်သွားဖတ်ဖို့လိုလိမ့်မယ်။


Cartoon Link

Stage protests in ballrooms? Really? , “Court reserves judgement on appeal by 3 SDP members”

(၃) ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာကို တကမ္ဘာလုံးက ခေါင်းဆောင်တွေ ဝိုင်းဝန်းကြိုဆိုကြပေမယ့် စင်္ကာပူက ခေါင်းဆောင်များကတော့ ငြိမ်ချက်သားကောင်းနေခဲ့ကြတာ အံ့သြစရာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စထရိတ်တိုင်းမ်စ်သတင်းစာက လာရောက်မေးမြန်းတဲ့အခါ မြန်မာအတိုက်အခံအဖွဲ့တွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ စင်္ကာပူအစိုးရကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတာတွေ့ရပါတယ်။ စင်္ကာပူအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာတဝှမ်းက လေးစားခြင်းခံရသူကိုသာ မဆက်ဆံဘဲ နေချင်နေမယ်။ ဗိုလ်ချုပ်သိန်းစိန်လို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ခေါင်းဆောင်ကိုတော့ သူတို့ရဲ့ နာမည်ကျော် သစ်ခွပန်းဥယျာဉ်ထဲက သစ်ခွပန်းတမျိုးကိုတောင် သိန်းစိန်နာမည်နဲ့ တခုတ်တရ ဂုဏ်ပြုမှည့်ခေါ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီတုန်းက ကျနော်တောင် အောက်ပါအတိုင်း ကဗျာလေးတပုဒ် စပ်ခဲ့ပါသေးတယ်။

“Orchid poetry”

No less than a belle as a metaphor,
Innocent in nature
Pity that unfortunate orchid in Singapore,
Named after a killer.

But the killer has no name
In heaven’s short-list
And there is no shame
In those who named the orchid.

-Ko Paw-
Read more

သြော်.... ဂလိုကိုး

ခင်ညွန့် (လက်ဟန်ခြေဟန်ဖြင့်)။.............။ “ကျနော့်မှာ အခု ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေရတာ..”

အသံတိတ်ဗီဒီယိုမှာတုန်းက အဲဒီလို ပြောနေတယ်လို့ ထင်ခဲ့မိတာ.... မှားတဲ့အခါလည်း မှားပေမပေါ့။



အသံထွက် လင့်ခ်ကို ကြည့်ရှုရန်။
Read more

ငါပျောက်နေတယ်ဆိုရင်...



ဒါကတော့ The Online Citizen က ရိုက်ပြီး ရောင်းနေတဲ့ တီရှပ်တွေပါ။ (ရံပုံငွေတခုခုအတွက် ရိုက်ရောင်းတယ်လို့ ယူဆရတာပဲ။) ဆောင်းပါးကိုတော့ ဒီမှာ သွားဖတ်နိုင်ပါတယ်။

ဆောင်းပါးရဲ့ အောက်ခြေမှာ ကွန်မန့်လုပ်သူတယောက်က တီရှပ်ဒီဇိုင်းကို အခြားစာသားတခုနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အတွက် အကြံပေးထားတာ တွေ့ရလို့ ရယ်ရပါသေးတယ်။ သူအကြံပြုတဲ့ စာသားက….

“တကယ်လို့ ငါပျောက်နေတယ်ဆိုရင် ငါ့အစ်ကိုရဲ့ အိမ်မှာ ငါရှိနေမယ်”…..တဲ့။

ဒီစာသားကတော့ စင်္ကာပူမှာ အခုတလော လူပြောများနေတဲ့ အကြောင်းအရာတွေထဲက တခုပေါ့။

လွန်ခဲ့တဲ့ ၂နှစ်လောက်က မက်စ်ဆီလာမက် အမည်ရ အကြမ်းဖက်သမားလို့ သံသယအဖြစ်ခံရသူတယောက်ဟာ စင်္ကာပူရဲ့ အဆင့်မြင့်လုံခြုံရေးအကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီတုန်းက စင်္ကာပူက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျွန်းအနှံ့၊ တောအနှံ့တောင်အနှံ့၊ ဘီးစိတ်တိုက် မြေလှန်ရှာဖွေခဲ့ကြပါတယ်။ မလေးရှားဖက်ကို ထွက်တဲ့ နယ်ခြားဂိတ်တွေမှာဆိုရင် ဖြတ်သမျှ ကားတိုင်းကို ရပ်တန့်စစ်ဆေးရတဲ့အတွက် သီတင်းပတ်ပေါင်းများစွာ ကားတွေ တန်းစီ ပိတ်ဆို့ကုန်ပြီး ဆုံးရှုံးနစ်နာမှုတွေလည်း ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါပေမယ့် စင်္ကာပူအာဏာပိုင်တွေ တိုက်တဲ့ ဘီးစိတ်က ဘီးဆံတချောင်း ကျိုးနေပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လိုဘီးစိတ်တိုက်ရှာဖွေနေကြချိန်မှာ ဆီလာမက်ဟာ စင်္ကာပူက သူ့အစ်ကိုရဲ့ အိမ်မှာ ညအိပ်ညနေ ပုန်းအောင်းနေခဲ့ပါသတဲ့။ စင်္ကာပူအစိုးရက သူတို့ရဲ့ (အဲဒီအချိန်က) အရေးယူဆောင်ရွက်မှုတွေကို အသေးစိတ် မထုတ်ပြန်တဲ့အတွက် မည်သို့မည်ပုံ မျက်စိမှောက်သွားကြသလဲဆိုတာကို ကျနော့်အနေနဲ့တော့ အတိအကျ မသိနိုင်သေးပါဘူး။ စင်္ကာပူနိုင်ငံသားတွေကတော့ အာဏာပိုင်တွေအနေနဲ့ ဒီလောက် ငွေအားလူအား အကုန်အကျခံ ရှာဖွေခဲ့ပြီး တကယ်စောင့်ကြည့်ရမယ့် နေရာကိုကျမှ သေသေချာချာ မရှာဖွေ၊ မစစ်ဆေးရကောင်းလားလို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အပြစ်တင်နေကြပါတယ်။ စောစောက တီရှပ်စာသားကို အကြံပေးသူလိုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အစိုးရကို သရော်ချင်တဲ့သူတွေလည်း တပုံတပင်ပေါ့။

ဒါမျိုးကျတော့ မြန်မာပြည်က ရဲချုပ်ခင်ရီတို့က တော်သွားပြန်ပါလေရော။ ဟုတ်တယ်လေ၊ ရဲချုပ်ခင်ရီတို့ တော်ပုံက ဒီကနေ့ ရန်ကုန်မှာ ဗုံးတလုံးပေါက်တယ်ဆိုရင် နောက်တနေ့ သတင်းစာရှင်းလင်းပွဲမှာ ဘယ်သူ၊ ဘယ်အဖွဲ့လက်ချက်ဆိုတာ (မှန်တာ၊ မမှန်တာ နောက်ထားလို့) တခါတည်း ရမ်းသန်း လက်ညိုးထိုးလိုက်တာပါပဲ။ အကြားအမြင်ရနေသလားတောင် ထင်ရတယ်။ တော်ရှာပါတယ် တော်ရေ့...တော်ရှာပါတယ်အေ့...လို့ပဲ ပြောရမယ်ထင်တယ်။

ဆီလာမက်ကို လက်ခံထားပြီး လွတ်မြောက်အောင် ကူညီတဲ့ သူ့ဆွေမျိုးတွေကို စင်္ကာပူအစိုးရက (တံခါးပိတ်) တရားရုံးတင်ပြီး ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူဒီမိုကရက်တစ်ပါတီက ထောက်ပြထားတဲ့အချက်ကလည်း စိတ်ဝင်စားစရာပါ။

ဆီလာမက်ကို ထိန်းသိမ်းထားတဲ့ အိုင်အက်စ်အေလို့ခေါ်တဲ့ အက်ဥပဒေက မြန်မာလို ဆီလျော်အောင် ပြန်ဆိုရရင်တော့ “နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သော ဥပဒေ” လို့ ခေါ်ပါတယ်။ အင်္ဂလိပ်ခေတ်လက်ကျန် အက်ဥပဒေ တခုပေါ့။ မြန်မာပြည်မှာလည်း ရှိပါတယ်။ ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးမှာ အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းဖို့ နအဖ စစ်အစိုးရ လက်ကိုင်ကျင့်သုံးခဲ့တဲ့ အက်ဥပဒေပေါ့။

ဒီဥပဒေရဲ့ မကောင်းတဲ့အချက်က သံသယအဖြစ်ခံရသူ၊ အစွပ်စွဲခံရသူကို ခိုင်လုံတဲ့ သက်သေအထောက်အထား ဘာတခုမှ တင်ပြစရာမလိုဘဲ၊ တရားခွင်မှာ ရုံးတင်စစ်ဆေးခြင်းလည်း မလိုအပ်ဘဲ “အစိုးရအဖွဲ့ဝင်(ပြည်ထဲရေး)ဝန်ကြီး” ရဲ့ အခွင့်အာဏာနဲ့တင် နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့ အချက်ပါပဲ။

အခုလည်း ဆီလာမက်ကို အကြမ်းဖက်သမားလို့ သင်္ကာမကင်းခံရသူ ဆိုတာ စင်္ကာပူအာဏာပိုင်များရဲ့ အပြောကို ကျနော်တို့က တဖက်သတ် ယုံကြည်လိုက်ရတာသာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မှန်ချင်မှလည်း မှန်ပါမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ယုံကြည်လောက်စရာ သက်သေသက္ကာယနဲ့ တရားရုံးမှာ လူသိရှင်ကြား တရားစွဲဆိုပြီး ပြစ်မှုထင်ရှားတယ်လို့ စီရင်ချက်ချထားတာမျိုးမှ မရှိသေးဘဲကိုး။

တကယ်လို့ ဆီလာမက်မှာသာ တကယ်အပြစ်မရှိဘဲ သက်သက် မှားယွင်းအဖမ်းခံထားရတာဆိုရင် လူတယောက်ရဲ့ ဘဝဟာ မနစ်နာပေဘူးလား။ သူ့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမနေဘူးလား။ (စင်္ကာပူအစိုးရဟာ အရင်ကလည်း အပြစ်မရှိတဲ့ လူတွေကို ကွန်မြူနစ်တွေဆိုပြီး အထောက်အထားမဲ့ နှစ်ပေါင်းများစွာ အိုင်အက်စ်အေကို အသုံးပြုပြီး အကျဉ်းချ ထားခဲ့ဖူးပါတယ်။)

နောက်တချက်က ဆီလာမက်ကို လက်ခံထားတဲ့ ဆွေမျိုးတွေဖက်က ကြည့်ပြန်ရင်လည်း ဆီလာမက်ဟာ တရားရုံးတော်ကနေ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချမှတ်ခံထားရတဲ့ တရားခံတစ်ယောက်မဟုတ်။ ဒါကြောင့် သူ့ကို ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ ကူညီကြတဲ့ကိစ္စမှာ သူတို့ကို ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့် ရှိမရှိ စဉ်းစားသုံးသပ်စရာပါ။

အင်ဒိုနီးရှားမှာဆိုရင် အကြမ်းဖက်သမားလို့ အစွပ်စွဲခံရသူတွေကို တရားရုံးထုတ်ပြီး လူသိရှင်ကြား စစ်ဆေးတာကို တွေ့ရပါတယ်။ အစွပ်စွဲခံရသူတွေအနေနဲ့ ရှေ့နေရှေ့ရပ်ငှားပြီး ဥပဒေကြောင်းလမ်းအရ ခုခံကာကွယ်ခွင့်ရှိတာကို သတိပြုမိပါတယ်။

ဒါကတော့ စင်္ကာပူမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာ တခုနဲ့ ပတ်သက်ပြီး ကျနော်ဖတ်မိသမျှကို ခြုံငုံပြီး မြန်မာဘာသာနဲ့ မျှဝေလိုက်တာပါ။ မူရင်းကို ဖတ်လိုခဲ့ရင် အောက်ပါ လင့်ခ်မှာ သွားဖတ်ပါရန်။

ပူးတွဲ ဖတ်ရှုရန်။.............။ A case crying out for transparency and justice
Read more

စားဖားကြီးများ သတိထား

ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်တဦးအနေနဲ့ ပြည်သူလူထုကို အမှန်တကယ် စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်တယ်၊ စုစည်းညီညွတ်မှုတွေကို ဖြစ်ပေါ်စေတယ် ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်။ သူမလွတ်မြောက်လာပြီးတဲ့နောက် သူမရဲ့ခေါင်းဆောင်မှုကို ယုံကြည်ကိုးစားတဲ့အလျောက် အမှန်တကယ် စိတ်ကောင်းစေတနာနဲ့ ကူညီလိုသူများ၊ ထောက်ပံ့လိုသူများလည်း ပြည်တွင်းရောပြည်ပမှာပါ တဖွဲဖွဲပေါ်ပေါက်လာပါတယ်။

တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အင်အားစုအားလုံးနဲ့ ညီညွတ်ရေးလုပ်မယ်ပြောတဲ့အတွက် “ညီညွတ်ရေး”ဆိုတဲ့ စကားကို အကြောင်းပြုပြီး တချို့သောသူတွေ တစခန်း ထလာတာကို တွေ့ရပြန်ပါတယ်။။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကလေးအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးလုံးပစ်ပယ်ပြီး (ရွေးကောက်ပွဲကို သပိတ်မှောက်မှုဟာ လက်တွေ့မဆန်ဘူးလို့ ပြစ်တင်ရှုတ်ချပြီး) ရွေးကောက်ပွဲကို အားတက်သရော ထောက်ခံခဲ့သူတွေဟာ အခုကျတော့မှ ဒေါ်အောင်ဆန်းစုကြည်ထံ စာတွေ ရေးသူကရေး၊ အနှစ် ၂၀ လုံးလုံး အဖွဲ့ချုပ်အနားကို ယောင်လို့တောင် အနားမသီခဲ့တဲ့လူတွေကလည်း အခုကျမှ အဖွဲ့ချုပ်လူငယ်တွေကို သင်တန်းပေးလိုသူနဲ့၊ အင်တာနက်ဆိုင်ရာ အကူအညီပေးလိုသူနဲ့၊ လုံခြုံရေးအကြံပေးလိုသူနဲ့ စသဖြင့် စသဖြင့် အကူအညီပေးလိုသူတွေ အလျှိုလျှိုပေါ်ထွက်ပေါ်လာပြီး အင်မတီးအင်မတန် အလုပ်များနေကြတာကို တွေ့နေရပါတယ်။ ဒီအကူအညီမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ် အချိန်တွေကတည်းက အဖွဲ့ချုပ်ကို ပေးလိုက ပေးနိုင်ခဲ့ပါလျက် ဘာကြောင့် မပေးခဲ့ကြသလဲဆိုတာ စဉ်းစားစရာပါပဲ။ "A friend in need is a friend indeed" - လိုအပ်နေတုန်းမှာ ကူညီတာကမှ တကယ့်မိတ်ဆွေစစ် - ဆိုတဲ့ စကားပုံကိုသာ ပြေးမြင်မိပါတော့တယ်။။ အခုကျမှ ပေါ်ပြူလာဖြစ်မယ့်အရာတွေကို ထလုပ်တာဟာ “အခွင့်အရေးလိုချင်လို့လား၊ နာမည်ကောင်းလိုချင်လို့လား၊ အမှန်တကယ် စိတ်စေတနာရှိလို့လား” စသဖြင့် သို့လော သို့လော တွေးတောမိပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်ပါးနပ်သူ၊ လူကဲခတ်ကောင်းသူတဦးဖြစ်တဲ့အလျောက် အနားကို ကပ်ဖို့ကြိုးစားနေတဲ့လူတွေထဲကမှ အစစ်အမှန်နဲ့ အတုအယောင် အပေါ်ယံသမားတွေကို မှန်မှန်ကန်ကန် ခွဲခြားစိစစ် ရွေးထုတ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်နေပြီးသားမို့ စိတ်ပူစရာတော့ သိပ်မရှိလှပါဘူး။ ညီညွတ်ရေးနဲ့ပတ်သက်လို့ဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ပိတ်ဆို့မှုများနဲ့ပတ်သက်လို့ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က တခုခုကို ပြောတဲ့အခါတိုင်းမှာ “စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင်၊ ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုရင်” ဆိုတဲ့ လိုအပ်ချက်၊ ကန့်သတ်ချက်(Condition)လေးတွေကို မမေ့မလျော့ ထည့်ထည့်ပြောတာကို သတိထားမိပါတယ်။ အဲဒီအတွက် အင်မတန် စိတ်ချမ်းသာမိပါတယ်။

ဘာပဲဖြစ်ဖြစ် အခုတလောမှာတော့ ဗိုလ်ချုပ်အောင်ဆန်း တခါက ပြောခဲ့ဖူးတဲ့ “ညီညွတ်ရေးဆိုတဲ့နေရာမှာ စားဖားကြီးတွေ ညီညွတ်ရေးမျိုးကို မလိုချင်ဘူး” ဆိုတဲ့ စကားလေးကို သတိရနေမိပါတော့တယ်။
Read more

“ထူးဆန်းသော ဝန်ချတောင်းပန်စာ”


သို့.... စာဖတ်သူ မိဘပြည်သူများခင်ဗျား။

မကြာမီက မိမိတို့ “သဘောက်”ဂျာနယ်မှ ပြုလုပ်ခဲ့သော ခန့်မှန်းဟောကိန်းထုတ်မှုများသည် ယခုအခါ မမှန်ကန်ကြောင်း ထင်ရှားလာသောကြောင့် မိမိတို့ အနေဖြင့် စာဖတ်သူ ပြည်သူများအား မျက်နှာအောက်ချ၍ ရိုကျိုးစွာ တောင်းပန်ရန် တာဝန်ရှိသည်ဟု ခံစားရပါသည်။ မိမိတို့၏ ခန့်မှန်း ရေးသားခဲ့မှုများ မှားယွင်း သွားသည့်တိုင် မိမိတို့ အနေဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်းကိုမူ ကျိန်ဆို၍ ပြောကြားလိုပါသည်။ ဘုရားစူး၊ မိုးကြိုးပွတ်၊ ကာလနာတိုက်၊ ချီးကားတိုက်။

မိမိတို့၏ ဟောကိန်းထုတ်မှုများသည် ၁၀၂.၀၉ ရာနှုန်းပြည့် ရိုးသား ဖြောင့်မတ်မှု ရှိပြီး နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ မှန်ကန်မှုရှိကြောင်း မှတ်ကျောက်တင်ခံနိုင်ပါသည်။ ထို့အပြင် မည်သည့် Stakeholder တစ်ဖက်ဖက်ကိုမျှ နိမ့်ပါးစေလိုသော ဆန္ဒမရှိဘဲ ဘက်ပေါင်းစုံ Win-Win-Win-Win..............Win-Win အလို့ငှာသာ ရည်ရွယ်ခဲ့ကြောင်းကိုလည်း မှတ်ကျောက်တင်ခံနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့၏ ခန့်မှန်းသုံးသပ်ချက်များ မှားယွင်းခဲ့ကြောင်းကိုမူ စာဖတ်သူများသို့ ရိုးသားစွာ ၀န်ခံလိုပါသည်။ မိမိတို့ ၏ စေတနာအမှားသာလျှင်ဖြစ်၍ စာဖတ်သူများအား မျှော်လင့်ချက်အမှား ပေးရာ ရောက်ခဲ့လျှင်လည်း မိမိတို့၏ အနူးအညွတ် တောင်းပန်မှုကို လက်ခံ၍ စာဖတ်သူများက ခွင့်လွှတ် ပေးကြမည်ဟု ယုံကြည်ပါသည်။ ထိုသို့ သနားခွင့်လွှတ်ပြီးသကာလ မိမိတို့ “သဘောက်”ဂျာနယ်ကို ဝယ်ဖတ်မြဲ ဝယ်ဖတ်မည်ဟု မိမိတို့ မျှော်လင့်လျက်ရှိပါသည်။ ဆက်လက် အားပေးကြပါဦးနော်။

မိမိတို့ အနေဖြင့်မူ မိမိတို့ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း နိုင်ငံနှင့် လူမျိုး အတွက် မလျှော့သော ဇွဲလုံ့လဖြင့် ရိုးသားသောအမှားများကို ထပ်ကာ ထပ်ကာ အဖန်တလဲလဲ ကျူးလွန်နေဦးမည်သာ ဖြစ်ကြောင်းကိုလည်း အောက်ပါ သီချင်းလေးအတိုင်း စာဖတ်သူများသို့ တပါတည်း အသိပေး လိုက်ပါသည်။

“အရင်လို ဘဝအစမှာ.... ပြန်ပြီးနေခွင့်ရတောင်....
အပြန်တရာ မိုက်ဦးမှာ၊ အဖန်တရာ မှားဦးမှာ.....
နောက်ဆုံးတော့လေ...စဉ်းစားမိတာ....
သဘောက်မှာ မျက်စိမရှိပါ”


ပုံ...
ရိုးသားမှုပေါင်းမြောက်မြားစွာဖြင့်၊
အလွန်တရာ ရိုးသားဖြောင့်မတ်သော သဘောက်ဂျာနယ် အယ်ဒီတာ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs