လူနဲ့ခွေး ၊ ခွေးနဲ့လူ လူသည် ခွေးကို မကိုက် ခွေးသာ လူကို ကိုက်သည်။ လူမှန်လျှင် ခွေးနှင့် ဖက်မကိုက်ရာ။ လူဖြစ်လျက် ခွေးနှင့် ဖက်ကိုက်သည်ဆိုအံ့…။ သဘာဝမကျသောအမှုကို ပြုရသည်ဖြစ်သဖြင့် အခန့်မသင့်လျှင် လူသာ ဒဏ်ရာရပေလိမ့်မည်။ ပုံ… ဆားတုံးဘလော့ဂါအရှော်…ကိုပေါ။ |
"Those who do not remember their past are condemned to repeat their mistakes."
“အတိတ်ကနေ သင်ခန်းစာ မယူတတ်သူတွေဟာ အမှားတွေကို ထပ်ဖန်တလဲလဲ လုပ်မိဖို့ ကျိန်စာသင့်နေကြသူတွေသာ ဖြစ်တယ်”
ရာစုနှစ်တခု၊ နှစ်ပေါင်း ၁၀၀ ဆိုတာ သမိုင်းအမြင်နဲ့ကြည့်ရင် တကယ်တော့ ဝေးလံလှတဲ့ အတိတ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့တတွေ အမှတ်သညာ မနည်းဘူးဆိုရင်၊ အမှုမဲ့ အမှတ်မဲ့ မနေခဲ့ဘူးဆိုရင်၊ သမိုင်းကို လေ့လာတီးခေါက်ကြည့်ခဲ့မယ်ဆိုရင် သတိရသင့်တဲ့ အတိတ်က အဖြစ်အပျက်တွေ ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တရာခန့်က မြန်မာတွေ အင်္ဂလိပ်လက်အောက်မှာ ကျရောက်နေစဉ် ကာလအပိုင်းအခြားကို ပြန်လည် စဉ်းစားကြည့်ပါ။
အဲဒီအချိန်က မြန်မာပြည်မှာ နိုင်ငံပေါင်းစုံက ကုမ္ပဏီကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ဘဏ်လုပ်ငန်းတွေ စသဖြင့်လာရောက် ရင်းနှီးမြှုတ်နှံကြတာကို တွေ့ကြရပါလိမ့်မယ်။ ထင်ရှားပြီး လူသိများတဲ့ ကုမ္ပဏီအချို့ကို ထုတ်နှုတ်ပြရရင် ဘုံဘေဘားမား၊ စတီးလ်ဘရားသား စတဲ့ သစ်ကုမ္ပဏီတွေ၊ ဘီအိုစီ ရေနံကုမ္ပဏီ၊ ဧရာဝတီဖလော်တီလာ သင်္ဘောကုမ္ပဏီ၊ ရိုးလ်ကုမ္ပဏီစတဲ့ ကုန်တိုက်ကြီးတွေ အစရှိသဖြင့်။ နိုင်ငံစီးပွားရေးတိုးတက်မှုအခြေအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်းသစ်၊ ရေနံ၊ ဆန်စပါးတွေ ထွက်ရှိပြီး အရှေ့တောင်အာရှက အင်္ဂလိပ်လက်အောက်ခံနိုင်ငံတွေထဲမှာ အဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံတနိုင်ငံလို့လည်း လေ့လာသိရှိခဲ့ရပါတယ်။
ဒါပေမယ့် တဖက်မှာ ကြည့်လိုက်ပြန်တော့ တိုင်းပြည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်နေပေမယ့် ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းက မြင့်တက်မနေခဲ့ပါဘူး။ ဘီအိုစီ ရေနံကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဆိုရင် ရေနံဆီမီးခွက်တောင် မထွန်းနိုင်လောက်အောင် ဆင်းရဲကြလို့ ဖောင်စီးရင်းရေငတ် ဆိုတဲ့ စကားနဲ့ ခိုင်းနှိုင်းကြပါတယ်။ တဖက်မှာလည်း လယ်သမားတွေဟာ ငွေရှင်ကြေးရှင်တွေဖြစ်တဲ့ ချစ်တီးတွေရဲ့ ခေါင်းပုံဖြတ်မှုအောက်မှာ နလန်မထူနိုင်အောင် ခံကြရပါတယ်။ ဒီလို ဖိနှိပ်မှု ကြပ်တည်းမှုတွေကို မခံနိုင်လို့ ရေနံမြေသပိတ်၊ ၁၃၀၀ ရာပြည့်အရေးတော်ပုံ စတဲ့ အရေးတော်ပုံကြီးတွေ ပေါ်ပေါက်လာခဲ့ကြတာပါ။
ဒီတော့.... နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုရှိပေမယ့် တိုင်းသူပြည်သား အများစုအနေနဲ့ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့အခါ၊ လွတ်လပ်မှုမရှိတဲ့အခါ၊ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဥပဒေပြဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုကို မရတဲ့အခါ ဓနရှင်လူတန်းစားတွေ၊ အုပ်ချုပ်သူလူတန်းစားတွေရဲ့ ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်မှုကို ပြည်သူတွေ ကျောကော့အောင် ခံစားတတ်ကြရတယ်ဆိုတဲ့ သာဓက အထင်အရှားရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီခေတ်က မြန်မာတမျိုးသားလုံးဟာ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်အောင်၊ ကိုယ့်အကျိုးစီးပွားကို ကိုယ်ကာကွယ်နိုင်အောင် လွတ်လပ်ရေးကို အရယူခဲ့ကြရတာ မဟုတ်ပါလား။
ဒါတောင်မှ အင်္ဂလိပ်ခေတ်ကို သိမီတဲ့ လူပုဂ္ဂိုလ်တွေ ရေးသားတဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ၊ သမိုင်းမှတ်တမ်း၊ ဝတ္ထုရုပ်ရှင်တွေကို ပြန်ကြည့်ရင် အင်္ဂလိပ်အစိုးရဟာ နယ်ချဲ့အစိုးရဆိုပေမယ့်လည်း တရားလက်လွတ် စိတ်ထင်တိုင်း ရမ်းကားအုပ်ချုပ်တာမျိုးမဟုတ်။ သူ့ခေတ်ကာလအလျောက် တရားဥပဒေ စိုးမိုးမှုရှိတယ်။ သတင်းလွတ်လပ်ခွင့် အတန်အသင့်ရှိတယ်။ အလုပ်သမားသမဂ္ဂ၊ သတင်းသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ခွင့်ရှိတယ်။ လမ်းပန်းပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေအောင် ဖန်တီးပေးထားတယ်။ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အထိုက်အလျောက် ဘဏ္ဍာငွေကြေးတွေ ချထားသုံးစွဲပေးတယ်။ ယုတ်စွအဆုံး ပုဂ္ဂလိက သစ်ကုမ္ပဏီတွေအတွက် သစ်ခုတ်လှဲတဲ့အခါ ကုမ္ပဏီစိတ်တိုင်းကျ အရည်အသွေးကောင်း သစ်တွေကိုချည်း မခုတ်လှဲအောင်၊ သစ်တောမပြုန်းတီးအောင် အင်္ဂလိပ်အစိုးရက သစ်တောအရာရှိတွေ ခန့်ထားပြီး သစ်တောဥပဒေတွေ၊ စည်းကမ်းတွေနဲ့ စနစ်တကျ ခုတ်လှဲစေခဲ့တာကို သတိပြုမိပါတယ်။
ဒီကနေ့ လက်ရှိမြန်မာနိုင်ငံအနေအထားကတော့ အင်္ဂလိပ်လက်အောက် ကျရောက်စဉ်အချိန်ကထက်ကို အဆမတန် ဆိုးရွားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူလူထုတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှုလည်း မရှိဘူး။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အရံအတားတွေ မရှိဘူး။ သတင်းလွတ်လပ်ခွင့်မရှိဘူး။ လူ့အခွင့်အရေးတွေကို အာဏာပိုင်တွေက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။
နောက်ပြီး အင်္ဂလိပ်ခေတ်ကလို စည်းကမ်းဥပဒေတွေနဲ့ စနစ်တကျ အုပ်ချုပ်တာမျိုးမဟုတ်တော့ဘူး။ ဥပမာ...သစ်ကုမ္ပဏီတွေဆိုရင် ရှိသမျှ သစ်မာတွေကို မဆင်မခြင် ခုတ်လှဲပြီး ပြည်ပကို တင်ပို့ကြလို့ တောပြုန်းသလောက် ဖြစ်နေပါပြီ။ အလားတူ ရေနံနဲ့ ကျောက်မျက်သယံဇာတတွေကိုလည်း နိုင်ငံခြားကုမ္ပဏီတွေက တံခါးမရှိဓါးမရှိ ထုတ်ယူကြလို့ ကုန်သလောက် နီးတော့မယ်။ ဒီလို သယံဇာတ ရင်းမြစ်တွေကို ထုတ်လုပ်ရောင်းချလို့ ပြည်သူတွေမှာ အကျိုးရှိသလားဆိုတော့ လုံးဝ အကျိုးခံစားရခြင်း မရှိပါဘူး။ ရောင်းရငွေတွေဟာ စစ်အစိုးရ အိပ်ကပ်ထဲကိုသာ ဝင်ပြီး ပြည်သူတို့အတွက် သုံးစွဲရမယ့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် ဘတ်ဂျက်မှာ အင်မတန်မှ နည်းပါးလှတဲ့ ရာခိုင်နှုန်းအချိုးအစားကိုသာ မသဒ္ဓါရေစာလို ချပေးပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေဟာ ပြီးခဲ့တဲ့ ၂၂ နှစ်အတွင်းမှာ လုံးဝဥဿုံ ချွတ်ခြုံကျခဲ့ရတာကို အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီကာလအတောအတွင်း အိမ်နီးချင်းတိုင်းပြည်တွေမှာ ပြည်ပရင်းနှီးမြုတ်နှံမှုတွေကြောင့် အပြိုင်အဆိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာကြတာကို မြင်တွေ့ကြရတဲ့အခါ အချို့သော မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေသာရှိရင် သူများနိုင်ငံတွေနည်းတူ တိုးတက်လာနိုင်ကောင်းရဲ့လို့ စိတ်ကူးယဉ်အိပ်မက်တွေ စတင် မက်လာကြပုံရပါတယ်။။ အဲဒီမှာ စစ်အစိုးရဖက်ကနေ ပင်းပြီး ဆွယ်ပေးရတဲ့ ပညာရှင်ဆိုသူတွေကလည်း စီးပွားရေးပိတ်ဆို့မှုကြောင့် အလုပ်မဖြစ်နိုင်ကြောင်းကို ကျယ်ကျယ်လောင်လောင် အော်လာကြတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး နိုင်ငံရေးစနစ်ကိုပါ ပြောင်းလဲနိုင်ခဲ့တဲ့ ရှားရှားပါးပါး ဥပမာတခုဖြစ်တဲ့ ပိုလန်နိုင်ငံ ဥပမာကို တွင်တွင်ကြီး ပေးလာကြပါတယ်။ သူတို့အဆိုအရ စီးပွားရေး ရင်းနှီးမြှုတ်နှံမှုတွေ ရှိလာရင်ပဲ တိုင်းပြည်ဟာ နေ့ချင်းညချင်း ကြီးပွားပြီး လူလတ်တန်းစားဆိုတာ ပေါ်ပေါက်လာမယ်။ အခြေခံ စားဝတ်နေရေး ခိုင်မာလာမယ်ဆိုရင် နိုင်ငံရေးအရ လွတ်လပ်မှုကိုလည်း လူတွေဟာ တောင့်တလာကြမယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ နေရာတိုင်းအတွက် မှန်ပါ့မလားဆိုတာကို အထက်မှာ ဆိုခဲ့တဲ့ အင်္ဂလိပ်လက်အောက် မြန်မာပြည်အခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားမိပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ နိုင်ငံခြားသားတယောက်နဲ့ ဒီအကြောင်း ပြောဖြစ်တော့ သူက..... “ဘယ်နိုင်ငံခြားကုမ္ပဏီကမှ စွန့်စားပြီး မမြှုတ်နှံချင်ဘူး။ မင်းတို့ ဗိုလ်ချုပ်တွေက ခုတမျိုး၊ တော်ကြာတမျိုး။ ခဏနေ လုပ်ငန်းလိုင်စင် ပိတ်မပစ်ဘူးလို့ ဘယ်သူက အာမခံနိုင်သလဲ။ သူတို့အကျိုးစီးပွားနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြေရှင်းခွင့်ရမယ်လို့ ဘယ်သူအာမခံရဲသလဲ။ မင်းတို့နိုင်ငံမှာ သွားရောက် မြှုတ်နှံမယ့် ကုမ္ပဏီတွေက မင်းတို့ ဒေသခံတွေ အလုပ်ရရှိရေးတွေ၊ အလုပ်လက်မဲ့ပပျောက်ရေးတွေကို ဘာတခုမှ စိတ်မဝင်စားဘူး။ အဓိက က အမြတ်အစွန်းရဖို့ပဲ။ အေး... ရေနံတို့၊ ကျောက်စိမ်းတို့လို သေချာပေါက် အမြတ်အစွန်းရမယ့် လုပ်ငန်းတွေဆိုရင်တော့ မြှုတ်နှံမှာ အသေအချာပဲ”.........တဲ့။ သူပြောတာကလည်း မငြင်းနိုင်လောက်အောင် မှန်နေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိ။ အာဏာပိုင်တွေကိုယ်၌က အကျင့်ပျက်ခြစားနေတဲ့ အနေအထားမှာ ရင်းနှီးမြှုတ်နှံမှုလုပ်ဖို့ဆိုတာ မလွယ်လှပါဘူး။ နအဖ ဈေးကွက်စီးပွားရေး စလုပ်ကာစက စင်္ကာပူကနေ သွားပြီး သန်းနဲ့ချီ မြှုတ်နှံခဲ့သူတွေ အကွဲကြီး ကွဲခဲ့ဘူးတဲ့ သာဓက ရှိပါတယ်။
နောက်တချက်က ကိုယ့်တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိသေးခင်၊ တိုင်းသူပြည်သား အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေ အသင့်မဖြစ်သေးခင်၊ တိုင်းသူပြည်သားတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသေးခင်မှာ ပိတ်ဆို့မှုကို ဖွင့်ပေးရင်လည်း လူတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ခံရတာနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို လာရောက် အဆီအနှစ်စုတ်ယူခံရတာပဲ အဖတ်တင်လိမ့်မယ်လို့ တွေးမိပါတယ်။ ဈေးကွက်စီးပွားရေးဆိုတာ ကိုယ့်တိုင်းပြည်မှာ ရှိသမျှကို တတိတိနဲ့ ထုခွဲရောင်းချတဲ့နည်းဆိုရင်တော့ ပညာမတတ်တဲ့ ကုဋေကြွယ်သူဌေးသားရဲ့ လုပ်ပုံလုပ်ပေါက်နဲ့ အတူတူပါပဲ။ နောက်ဆုံးတော့ ခွက်လက်ဆွဲကာ တောင်းစားရမယ့်ကိန်းပဲလို့ မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။
ကျနော့်တဦးတည်းသဘောအရကတော့ Targeted Sanctions လို့ ခေါ်တဲ့ သတ်သတ်မှတ်မှတ် ဦးတည်ပိတ်ဆို့တဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးတွေကို အထူး သဘောကျပါတယ်။ ဥပမာ.... နအဖ လက်ဝေခံ စီးပွားရေးသမားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ နအဖ အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ စီးပွာရေးလုပ်ငန်းတွေအပေါ် တားမြစ်ပိတ်ဆို့မှုမျိုးတွေ၊ စစ်အစိုးရနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ မြန်မာပြည်တွင်းမှာ မသမာတဲ့ နည်းလမ်းတွေနဲ့ ရယူထားတဲ့ ငွေမဲတွေကို တခြား အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အပ်နှံတဲ့အခါ လက်ခံထားတဲ့ ဘဏ်လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ နအဖ အဖွဲ့ဝင်တွေနဲ့လက်ဝေခံတွေကို ဗီဇာပိတ်ပင်မှုမျိုးတွေ၊ သယံဇာတတွေကို ထုတ်ယူမယ့် လုပ်ငန်းကြီးတွေကို ဟန့်တားပိတ်ဆို့မှုမျိုးတွေကို အထူး သဘောကျပါတယ်။
ဒီနေရာမှာ တချို့ပြောကြတာရှိတယ်။ ဒီစီးပွားရေးပိတ်ဆို့မှုက နအဖ ရဲ့ ထောက်ကွက်ကြီးတခု ဖြစ်နေတယ်ဆိုတာမျိုး။ ကျနော်စဉ်းစားလို့မရတာက နအဖ ထောက်ပြတာကို ဘာကြောင့် အရေးတယူလုပ်ပြီး ဂရုစိုက်နေကြသလဲ။ နအဖက ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ တက်လာတဲ့ အစိုးရမှ မဟုတ်တာဘဲ။ နအဖ ထောက်ကွက်ကြီး ဖြစ်လည်း ဂရုစိုက်နေစရာ အကြောင်းမရှိပါဘူး။ ဂရုစိုက်ချင်ရင် ပြည်သူလူထုရဲ့ အာဏာလွှဲအပ်ခြင်းခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကိုပဲ ဂရုစိုက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အသံကသာ ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ်။ နအဖက ပြည်သူလူထု အသံကို ကိုယ်စားမပြုပါဘူး။ ပြည်သူလူထုရဲ့အသံကို နားထောင်တဲ့၊ ပြည်သူလူထုက အာဏာနှင်းအပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကိုသာ ကျနော်တို့ အလေးမူသင့်တယ်လို့ တွေးမိပါတယ်။
နောက်တချက်က တိုင်းပြည်စီးပွားရေးချွတ်ခြုံကျရတာဟာ နအဖရဲ့ စီးပွားရေး စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်၊ နအဖရဲ့ အလွဲသုံးစားလုပ်မှု၊ နအဖရဲ့ အကျင့်ပျက်ခြစားတွေကြောင့်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ဒီလောက် ရှင်းလင်းနေပါလျက်နဲ့ “စီးပွားရေးပိတ်ဆို့မှုကြောင့် ချွတ်ခြုံကျရတာပါ”ဆိုတဲ့ နအဖရဲ့ ဝါဒဖြန့်စကားကို ယုံစားမယ်ဆိုရင် ကျနော်တို့ ဦးနှောက်မသုံးရာကျပြီး နအဖ နောက်လိုက် ဖြစ်မှန်းမသိလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ကျနော်တို့နိုင်ငံကို စီးပွာရေးပိတ်ဆို့တယ်ဆိုတာက မြောက်ကိုရီးယားကို တကမ္ဘာလုံးက ပိတ်ဆို့သလို ဝိုင်းဝန်းပိတ်ဆို့အရေးယူမှုမျိုး မဟုတ်ပါဘူး။ အမေရိကန်နဲ့ အီးယူက စီးပွားရေးပိတ်ဆို့တယ်ဆိုသော်ငြားလည်း အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယတို့ တရုတ်တို့က ဘယ်တုန်းကမှ စီးပွားရေးပိတ်ဆို့ခဲ့တာ မဟုတ်ပါဘူး။ ဒါနဲ့လည်း မတိုးတက်ဘူးဆိုတော့ စီးပွားရေးပိတ်ဆို့မှုကြောင့် မတိုးတက်တာ မဟုတ်၊ နအဖ အသုံးမကျလို့သာ မတိုးတက်တာဖြစ်ကြောင်း ဦးပုညစကားနဲ့ပြောရရင် “ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းလို” ရှင်းရှင်းကြီး မြင်နေရတာပါပဲ။ ဒီကြားထဲမှာ ကျနော်တို့အချစ်တော် နအဖ စစ်အစိုးရက စိတ်မထင်ရင် မထင်သလို နယ်ခြားဂိတ်ကို ပိတ်လိုက်ဖွင့်လိုက်နဲ့ စီးပွားရေးပိတ်ဆို့မှု တန်ပြန်လုပ်လိုက်ချင်ပါသေးသဗျား။
ဒါတွေကတော့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ကျနော်တွေးမိသမျှ ကျနော့်အမြင်ပါ။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ကွန်မင့်ကဏ္ဍမှာ လွတ်လပ်စွာ ရေးသွားနိုင်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။
(ခေါင်းစဉ်ကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စုံထောက်ဝတ္ထုတပုဒ်ရဲ့ ခေါင်းစဉ်ကို ယူသုံးထားပါတယ်။)
ရေးသူ - ကိုပေါ။
(၁၆ နိုဝင်ဘာ ၂၀၁၀)
Posted by
ကိုပေါ
on Tuesday, November 16, 2010
Labels:
political post
Comments: (38)
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အသံကို နားထောင်ချင်တယ်ဆိုတော့... ကျနော်လည်း ပြည်သူတယောက်အနေနဲ့ ကျနော့်ဉာဏ်လေးရှိသလောက် ခြစ်ခြုတ်စဉ်းစားတွေးခေါ်ပြီးသကာလ ကျနော့်အသံလေးကို အခုလို ထုတ်လိုက်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြားပါစေသတည်း....း-)
(၁) ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလုပ်တဲ့အခါ အားလုံး ကြားနိုင်ဖို့အတွက် အသံချဲ့စက်ကောင်းကောင်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကို အသံဖမ်းတဲ့အခါ ကြည်ကြည်လင်လင် ကြားရအောင် မိုက်ကရိုဖုန်းက အသံကို တိုက်ရိုက် ဖမ်းယူထားတာမျိုး လည်း (ပါတီဝင်တွေကိုယ်တိုင်က တာဝန်ယူပြီး) လုပ်သင့်ပါတယ်။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အသိပေးချက်တွေကို ပြည်တွင်းပြည်ပကို အလျှင်အမြန် ဖြန့်ဖြူးပေးနိုင်မယ့် တရားဝင်အင်တာနက်စာမျက်နှာ (official webpage) တခု လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကိုလည်း အဆိုပါ အင်တာနက်စာမျက်နှာပေါ်မှာ အများပြည်သူ အလွယ်တကူ နားထောင် ကိုးကားနိုင်အောင် စီစဉ်ပေးထားသင့်ပါတယ်။
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီပိုင် ဓါတ်ပုံဆရာ ကောင်းကောင်းတွေ လိုအပ်နေပါတယ်။ (ကိုကျော်သူ ပန်းချီကား လှူနေတဲ့ပုံတွေကို ကြည့်ရတုန်းက မှုန်ဝါးနေတဲ့အတွက် ကျနော်များ မျက်မှန်မတပ်မိလို့လေလား သေချာအောင် ပြန်စမ်းကြည့်ရပါသေးတယ်။)
(၄) ထုတ်ပြန်ကြေညာချက်တွေကို လက်နှိပ်စက်ရိုက်ပြီး ထုတ်ပြန်တာထက် ကွန်ပြူတာများကို သုံးစွဲပြီး စာစီစာရိုက်လုပ်ကာ ထုတ်ပြန်ဖို့လည်း အကြံပြုပါတယ်။
(၅) ဒေါ်အောင်ဆန်းစုကြည် Facebook သုံးရင် မိတ်ဆွေအများဆုံး ဖေ့စ်ဘွတ်ခ် ဖြစ်သွားနိုင်ပါတယ်။ သုံးဖို့လည်း တိုက်တွန်းပါတယ်။
(၆) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီမိုကရေစီကွန်ယက် ဆိုတာကို အင်မတန် စိတ်ဝင်စားပါတယ်။ စင်္ကာပူ၊ ထိုင်း၊ မလေးရှားက စလို့ သြစတေးလျ၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ကမ္ဘာ့တိုင်းပြည်အရပ်ရပ်ကို ရောက်နေတဲ့ ကျနော်တို့လို မြန်မာပြည်သူတွေအားလုံး တစုတစည်းတည်း တက်ညီလက်ညီ ပါဝင် လှုပ်ရှားနိုင်တဲ့ ကွန်ယက်ကြီးတခု ဖွဲ့စည်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။
(၇) ပြည်ပမှာ မြန်မာလူမျိုးတွေ အများအပြားရှိတဲ့အတွက် One Dollar Campaign လို့ခေါ်တဲ့ တစ်လကို မြန်မာတဦးလျှင် တစ်ဒေါ်လာ ထည့်ဝင်ပြီး ပြည်တွင်းက ဒီမိုကရေစီ ကွန်ယက်ကို ထောက်ပံ့တဲ့ အစီအစဉ်မျိုး ပေါ်လာရင် ပြည်တွင်းက လှုပ်ရှားမှုတွေကို တော်တော်လေး ထိထိရောက်ရောက် ကူညီနိုင်မယ်လို့ တွေးမိပါတယ်။

(Photo taken from Irrawaddy website)
ဒီကနေ့ စင်္ကာပူဒီမိုကရက်တစ်ပါတီက လုပ်တဲ့ ရွေးကောက်ပွဲအကြို ဟောပြောပွဲနဲ့ ရံပုံငွေဈေးရောင်းပွဲကို စင်္ကာပူနိုင်ငံ စပီကာကော်နာမှာ ပြုလုပ်ပါတယ်။ ကျနော်နဲ့ မဒမ်ပေါက စင်္ကာပူဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒကို သဘောကျ ထောက်ခံတဲ့အလျောက် သူတို့ပါတီပွဲတွေမှာ ဗော်လံတီယာအနေနဲ့ သွားရောက် လုပ်အားပေးလေ့ရှိပါတယ်။ (ကျနော်တို့က ပီအာရ်အနေနဲ့ ဗော်လံတီယာ လုပ်ခွင့်ရှိတယ်။) ဒီကနေ့လည်း မနက် ၉ နာရီကနေ ည ၈ နာရီခန့်အထိ သွားရောက် ကူညီရင်း ပွဲကို တက်ရောက် နားထောင်ခဲ့ပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုသတင်းကို နားစွင့်နေရင်းပေါ့။
ဒီလိုနဲ့ တမျှော်မျှော်လုပ်နေရာက (ကျနော့်အထင်) ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီဆိုတဲ့ သတင်း စဝင်လာပါတယ်။ ဒီသတင်းကို ကြားတဲ့အခါ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါက်တာချီး မိန့်ခွန်းပြောတဲ့အလှည့်မှာ “ပထမဦးဆုံး ဝမ်းသာစရာသတင်းကို ပြောပြစရာ ရှိပါတယ်” လို့ ကြေညာပါတယ်။ ဒီနောက် တဆက်တည်း “ကျနော်တို့ရဲ့ နိုင်ငံနဲ့ သိပ်မဝေးလှတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂ အတွင်း နှစ်ပေါင်းများစွာ အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီ သူရဲကောင်း၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပါပြီ” လို့ ကြေညာလိုက်တဲ့အခါ လာရောက်နားထောင်ကြတဲ့ စင်္ကာပူနိုင်ငံသား ပရိတ်သတ်အားလုံးက ဝမ်းသာအားရနဲ့ အားပါးတရ ကျယ်လောင်စွာ အော်ဟစ်လက်ခုပ်တီး အားပေးကြတာကို မြင်တွေ့ခဲ့ရပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ မြန်မာနိုင်ငံသားတွေသာမက သာမန်အားဖြင့် နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေလေ့ရှိကြတဲ့ စင်္ကာပူနိုင်ငံသားတွေကတောင် လေးစားချစ်မြတ်နိုးကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့ နေ့တနေ့ပါ။။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နအဖ စစ်အစိုးရ ပြုလုပ်ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကြီး အပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းအထွေထွေကို လိုက်ဖတ်ရင်း ရွေးကောက်ပွဲမတိုင်မီကာလက မိုးမခ ကာတွန်းဆရာ ပီကာဆို မောင်ရစ် ရေးဆွဲတဲ့ ကာတွန်းတကွက်ကို ပြန်မြင်ယောင်မိလို့ အင်တာနက်ပေါ်က ပြန်ရှာပြီး မျှဝေလိုက်ပါတယ်။
ကာတွန်းမောင်ရစ် - “ချေး” ဆိုသည်မှာ စမ်းပြီးတောင် စားကြည့်သင့်သည့်အရာ မဟုတ်ပါ
(စက်တင်ဘာ ၄၊ ၂၀၁၀)

အတန်တန် တားနေတဲ့ ကြားထဲက ကရဝိတ်ရေခဲမုန့်အမှတ်နဲ့ အားပါးတရကြီး ဟဲလိုက်ကြသူတွေ အခုတော့လည်း မြိုလို့မကျနိုင်တော့ဘူး ထင်ပါ့....း-)
ပူးတွဲဖတ်ရှုရန်။...........။
(၁) မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ
(၂) ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲကြောင့် တစည ဝက်ဝက်ကွဲရှုံးဟု ဆို
(၃) “NLD မှန်ပါတယ်” ဟု ဦးနေမျိုးဝေပြော
(၄) မဲမသမာမှုရှိနေသည့်အတွက် အန်ဒီအက်ဖ် ကန့်ကွက်ရန် ပြင်ဆင်
မြန်မာပြည်တွင်းက ခေါင်းပေါင်းစ တလူလူ လုပ်နေကြသမျှ အဖွဲ့တွေထဲမှာ ဒီဆိုင်းအဖွဲ့တွေပဲ ကျက်သရေအရှိဆုံး။ နားဝင်ပီယံ အဖြစ်ဆုံး။ သူ့အလုပ် သူလုပ်ပြီး တာဝန်အကျေဆုံး။ အညီညွှတ်ဆုံး။
“ရေကင်းနဲ့ဗျောတီးလုံး”
မြန်မာပြည်သူပြည်သားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ချမ်းမြေ့ကြပါစေ။ အမြန်ဆုံး စစ်ကျွန်ဘဝက လွတ်မြောက်ကြပါစေ။
(စစ်အစိုးရရဲ့ တရားမျှတမှုမရှိသော၊ မလွတ်လပ်သော အထွေထွေရွေးကောက်ပွဲနေ့ အမှတ်တရ မှတ်တမ်းတင် ပို့စ်။)
Read more

ဒီကနေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံ ဟုမ်လင်းပါ့ခ် စပီကာစ်ကော်နာမှာ ပြုလုပ်တဲ့ “၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲ” က ဓါတ်ပုံပါ။ မြန်မာနိုင်ငံသားတွေနဲ့အတူ စင်္ကာပူနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေပါ မိုးထဲလေထဲမှာ အရောက်လာပြီး ပူးပေါင်းဆန္ဒပြကြတာကို တွေ့ရပါတယ်။
ခွပ်ဒေါင်းအလံက ကျနော်တို့ပွဲမှာ လိုအပ်တယ်ဆိုလို့ အင်န်အယ်လ်ဒီလွတ်မြောက်နယ်မြေ (မလေးရှား)က FedEx နဲ့ ပေးပို့ကူညီတာပါ။ ပိုစတာတွေကတော့ ထိုင်းအခြေစိုက် မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီက (အခမဲ့) ရပါတယ်။ "No to Burma's sham Election” ဆိုတဲ့ ဘန်နာက “ဖရီးဘားမားကမ်ပိန်းစင်္ကာပူ”က စီစဉ်ပေးတာပါ။ စစ်အစိုးရအလံသစ်နောက်ခံ ဆန့်ကျင်တဲ့ ဘန်နာတွေကတော့ အမေရိကားမှာ ဆန့်ကျင်ဆန္ဒပြကြသူတွေဆီကနေ ဖေ့စ်ဘွတ်ခ်ကတဆင့် တောင်းယူရရှိတယ်လို့ သိရပါတယ်။ ကျနော်တို့ မြန်မာတွေဝတ်ထားတဲ့ "NO" တီရှပ်နဲ့ ဦးထုပ်အနီတွေက ၂၀၀၈ မေလက မြန်မာသံရုံး(စင်္ကာပူ)ရှေ့မှာ အခြေခံဥပဒေဆန့်ကျင်ဆန္ဒပြပွဲအတွင်း သုံးတဲ့ တီရှပ်နဲ့ ဦးထုပ်တွေပါ။
ဒီကန့်ကွက်ဆန္ဒပြပွဲကို ဖရီးဘားမားကမ်ပိန်းစင်္ကာပူ အဖွဲ့က ကမကထ ပြုပါတယ်။ အဲသည်အဖွဲ့က ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ မြန်မာတွေရဲ့ နိုင်ငံရေးတက်ကြွမှုကို အတုယူအားကျစိတ်နဲ့ဖွဲ့စည်းခဲ့တဲ့ “Sg human rights" အဖွဲ့ (အခုတော့ ဖျက်သိမ်းလိုက်ပါပြီ)က အဖွဲ့ဝင် တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတာပါ။
ကျနော့်အနေနဲ့ ဒီရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြရခြင်း အကြောင်းတွေကတော့....
(၁) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နအဖ စစ်အစိုးရက ယခုအချိန်အထိ လေးစားအသိအမှတ်မပြုခြင်း
(၂) ဒီမိုကရေစီနည်းလမ်းမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော့်အနေနဲ့ ကန့်ကွက်လိုခြင်း
(၃) မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ခြင်း
(၄) အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ခြင်း၊ (နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးခြင်း)
(၅) အရေးအကြီးဆုံးအနေနဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ဘဲ စစ်အစိုးရရဲ့ မတရားအုပ်ချုပ်မှုသက်တမ်းကို တာရှည်စေမှာသာဖြစ်ခြင်း....
စတဲ့ အကြောင်းအချက်တွေကြောင့် ကန့်ကွက်ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ဒီလို ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဒီရွေးကောက်ပွဲကြီးဟာ တုန့်ကနဲ ရပ်တန့်သွားချင်မှ ရပ်တန့်သွားပါလိမ့်မယ်။ ဒါပေမယ့် ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ... ကိုယ့်ဖက်က ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်သင့်တယ်။ ကြိုးစားသင့်တယ်လို့ ယူဆတဲ့အလျောက် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်ပါတယ်။ တချိန်မှာ လူအများရဲ့ ရင်ခုန်သံတွေ ထပ်တူကျတဲ့အချိန်၊ လူအများစုရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အချိတ်အဆက်မိသွားတဲ့အချိန်မှာ ကျနော်တို့ လိုချင်တဲ့ အခြေအနေတရပ်ကို ဖန်တီးထူထောင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ကျနော့်ကင်မရာထဲမှာ မှတ်တမ်းတင်ခဲ့တဲ့ အဲဒီ ဆန္ဒပြပွဲနဲ့ ပါတ်သက်တဲ့ ဓါတ်ပုံတွေကို ဒီလင့် မှာ သွားကြည့်နိုင်ပါတယ်။

Image Credit - Link -
အိပ်ယာထ၊ မျက်နှာသစ်၊ သွားတိုက်
အင်တာနက်နဲ့ မနက်စာစား
အင်တာနက်နဲ့ ကော်ဖီသောက်
အင်တာနက်နဲ့ စီဘောက်စ်ဝင်
အင်တာနက်နဲ့ ချက်တင်လုပ်
အင်တာနက်နဲ့ ဖေ့စ်ဘွတ်မွေ့
အင်တာနက်နဲ့ နေ့လည်စာသွင်း
အင်တာနက်နဲ့ သီချင်းနားထောင်
အင်တာနက်နဲ့ ယောင်စိန်လုပ်
အင်တာနက်နဲ့ ရုပ်ရှင်ကြည့်
အင်တာနက်နဲ့ အသိရှာ
အင်တာနက်နဲ့ ဘီယာသောက်
အင်တာနက်နဲ့ ဘလောက်ရေး
အင်တာနက်နဲ့ အီးမေးလ်စစ်
အင်တာနက်နဲ့ အမျိုးချစ်ပြ
အင်တာနက်နဲ့ ညစာစား
အင်တာနက်နဲ့ တရားနာ (နိုင်ငံရေးတရားပြောပါတယ်)
အင်တာနက်နဲ့ အိပ်ယာဝင်
အင်တာနက်ပင် အိပ်မက်မက်
သြော်... တစက္ကန့်ကလေးမှ မအားရသူပါ။
လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်း စင်္ကာပူနိုင်ငံ စပီကာကော်နာမှာ ဖရီးဘားမားကမ်ပိန်း(စင်္ကာပူ)ကနေ ဦးဆောင်ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ရှုတ်ချပွဲကို လာရောက် ပူးပေါင်းကြဖို့အတွက် ဖိတ်ကြားစာ ဖြစ်ပါတယ်။ အချိန်နဲ့နေရာ အသေးစိတ်ကို ဘန်နာ အောက်မှာ ဖော်ပြထားပါတယ်။
S’poreans to speak up against Burma’s sham elections
As Burma prepares itself for its General Elections, which have been criticized worldwide for being neither free nor fair, the Free Burma Campaign (Singapore) is lending its voice to the criticism with an event at Speakers’ Corner on 30 October.
From the Free Burma Campaign:

Join us at Speakers’ Corner on Saturday, 30 October 2010 from 4pm to 4.45pm to say “NO TO BURMA’S SHAM ELECTIONS” .
Come for a photo session and get your voice heard with a large placard that reads “No to Burma’s Sham Elections”. As a gesture of solidarity, do wear a red shirt for the event.
The Burmese Junta is determined to push through with elections on 7 November 2010. This is being done despite electoral laws that clearly do not allow a free and fair election.
Long-time dissident and Nobel Peace Prize laureate Daw Aung San Suu Kyi remains under house arrest while many political prisoners are still held in prison. Meanwhile, the Burmese people are living in constant fear of torture and harassment under the military regime.
Join us as we stand in unity with the people of Burma. Let us come together to say “No” to the planned election – a sham election that does not represent the true voice of the people.
No to Burma’s Sham Election!
Our Facebook event page - http://www.facebook.com/event.php?eid=155688537800050
အညွှန်းလင့်ခ်။...........။ S’poreans to speak up against Burma’s sham elections
ဒီကနေ့ဟာ...
အလံဟောင်းကို
အလောင်းဟန်နဲ့
မြှုတ်နှံလိုက်တဲ့နေ့။
ဒီကနေ့ဟာ...
အလံသစ်ကို
အလစ်သန်သူတွေက
ထုတ်ပြန်လိုက်တဲ့နေ့။
အလံသစ်ဒီဇိုင်းကို
စောင်းငဲ့ ကြည့်လိုက်တော့မှ
လားလား....
စစ်အစိုးရဟာ သူခိုးပါလား။
ကုလားအလံကိုလည်း ခိုးတယ်။
တရုတ်အလံကိုလည်း ခိုးတယ်။
ရုရှားအလံကိုလည်း ခိုးတယ်။
အလံသုံးမျိုး တပြိုင်တည်း ခိုးတယ်။
...အိုး..မိုင်ဂေါ့ဒ်...။
အလံခိုး...အဲလေ...အလံပြောင်းတဲ့အတွက်
အလောင်းပြန်ရရင် ကံကောင်းတယ်မှတ်ပါ။
အဟောင်းနဲ့အသစ်
ဖြစ်မြဲဓမ္မတာ
ဘယ်အရာမှ တာရှည်မမြဲ
အပြောင်းအလဲဆိုတဲ့အတိုင်း
ပြောင်းပြီးရင် လဲရမည်သာ။
(မှတ်ချက်။............။ စာကြောင်းတိုင်းမှာ စကားလိမ်ဖြင့် ဖတ်ရန်မလိုပါ။)
=

Photo credit - Link -
အိုင်ဖုန်း အိုင်မက် (iphone, imac)
အိုင်ပက်၊ အိုင်ပေါ့ဒ် (ipad, ipod)
အရမ်းဟော့တ် အရောင်းလည်းသွက်
စတိဗ်ဂျော့ဗ်ရဲ့ လက်ရာတွေအကြား
ဆင်တူယိုးမှား စတိုင်ထုတ်လိုသလားမသိ
အိုင်ဗုတ်ဆိုတာကြီး
ကျွန်ုပ်တို့ တိုင်းပြည်မှာ ထွက်ချလာ။
အိုင်ဗုတ်ဆိုတဲ့နောက်တော့
ပုပ်အဲ့နေတဲ့ ရေအိုင်ကြီးပေါ့။
အိုင်ပုပ်ထဲမှာ
စတိုင်ထုတ်နေသမျှ အမောင်တွေကလည်း
(ပြည်သူ့ငွေကို) ထိုင်အုပ်မယ့်ကောင်တွေချည်းသာ။
အမှိုက်သရိုက်တို့ ပြည့်မောက်
ပိုးလောက်တို့ ပျော်ရွှင်
မစင်စွန့်ရာ၊ ကျင်စွန့်ရာ...
အိုင်နာ အိုင်ဆိုး
အိုင်ကျိုး အိုင်ပဲ့
အိုင်ပျက် အိုင်စုတ်
အိုင်ပုပ် အိုင်ညစ်...
(ရပ်ကွက်ထဲ ရန်ဖြစ်ရင်တောင်)
ထစ်ကနဲဆို ပြောင်းဝက ကျည်ထွက်
ခေတ်အပျက်မှာ အမတ်ဖြစ်မယ်အကြံနဲ့
မနှစ်သက်စရာ သေနတ်ပစ် တကယ်သန်တဲ့
သြော်... စစ်ထွက်ငနာတွေ အရပ်ဝတ် ဖလှယ်ပြန်။
စနစ်ကယ် မမှန်
ဒလဝမ် မင်းအတုလုပ်လေတော့
ပြည်သူ့ဥစ္စာကို သူ့ဥစ္စာမှတ်
ပြည်သူ့လုပ်စာ သူ့လုပ်စာမှတ်တဲ့ပြင်
အချုပ်အချာအာဏာကိုပင်
သူ့အမေလင် ပစ္စည်းလို အပိုင်ကုပ်ပြီး
အနိုင်ဆုပ်လိုပါတဲ့ ဖြတ်လမ်းအကြံ
အိုင်ဗုတ်ဆိုတာရဲ့ ဇာတ်လမ်းအမှန်။

Photo credit - Link -
နှင်း...မှ ဟုတ်ရဲ့လား....။
နှင်းကလေးတွေမှ ဟုတ်ရဲ့လား...အာ။
သံသယတောအလယ် မောတယ်...အချစ်ရယ်။
ပန်းချီကဗျာထက်လှတဲ့
စင်္ကာ...တက္ကရဲ့ ကျွန်းညိုမြဝယ်... (ထိုးထိုးထောင်ထောင် ကရိန်းလေးတွေကို စိတ်ကူးနဲ့ ဖျောက်ကြည့်ပါ။ တကယ်လှပါတယ်။)
မိုးမြေနိမ့်ယောင် မာယာဆောင်လို့...
မြူနှင်းတို့ ဝေတဲ့ကာလ
ချမ်းမြမြ ချိန်ခါဝယ်
လှပုံလေးလည်း တမျိုးရယ်....
တစိမ့်စိမ့်လေးလည်း အေးတယ် (အဲယားကွန်းဖွင့်ထားလို့)
တသိမ့်သိမ့်တွေးစရာလေးတွေ ရှိနေပြီမို့
စင့်ကာပူမှာ ဝေတဲ့နှင်းရယ်...
နှင်းကလေးတွေမှ ဟုတ်ရဲ့လား...အား...
နှင်းကလေးတွေမှ ဟုတ်ပါရဲ့လား...ကွယ်။
ဘုရားစူး... နှင်းမဟုတ်ရပါဘူးခင်ဗျာ။ အင်ဒိုနီးရှား တောင်ယာမီးရှို့ရာက နှစ်စဉ်လိုလို စင်္ကာပူဖက်ကို လွင့်လာတဲ့ မီးခိုးငွေ့တွေပါ။ ဒီလိုပဲ.. စင်္ကာပူမှာ ဆောင်းရာသီမကြုံရလို့ ကြံဖန်ပြီး သီချင်းလေးနဲ့ ဆောင်းဖီလင် သွင်းယူကြည့်လိုက်တာပါ။ စင်္ကာပူမှာနေထိုင်သူတွေအဖို့ ဒီအတိုင်းနေလည်း အသက်ရှူလေပြွန်လမ်းကြောင်းမှာ ရောဂါရမယ့်အတူတူ နေရတာ တန်အောင် မဖြစ်မနေ ဆေးလိပ်သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အကြောင်းစုံသိလိုချင်ရင် ဓါတ်ပုံအောက်က လင့်ခ်မှာသာ သွားဖတ်ကြည့်ပါတော့။
Posted by
ကိုပေါ
on Wednesday, October 20, 2010
Labels:
in the news
Comments: (12)

(ရာဇဝင်များရဲ့ သတို့သမီး)
ဒီကာတွန်းကတော့ ၂၀၀၈ ခုနှစ်က ဆွဲခဲ့တဲ့ ကျနော့်ရဲ့ ကာတွန်းလက်ရာလေးပါ။ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအလှူရှင်များဆီက ဒေါ်လာ ၁၁ ဘီလီယံ အကူအညီပေးမယ် အသံထွက်လာတုန်းက ဗိုလ်သန်းရွှေတယောက် အူယားဖားယားနဲ့ ဘန်ကီမွန်းကို လက်ခံတွေ့ဆုံတာကို သရော်ချင်လို့ ဆွဲခဲ့တာပါ။ ဘန်ကီမွန်းနဲ့ နအဖအကြားက ဆက်ဆံရေးကို “The marriage of convenience” လို့ ဆိုလိုခဲ့ချင်တာပါ။ ဗိုလ်သန်းရွှေကို သတို့သမီးနေရာကထားပြီး လက်ထပ်ကတိတွေ ပေးနေတဲ့ပုံ ဆွဲခဲ့ပါတယ်။ ကာတွန်းနာမည်ကိုတော့ “ရာဇဝင်များရဲ့ သတို့သမီး” လို့ ပေးခဲ့ပါတယ်။
ဒီနောက်မှာတော့ ကုလသမဂ္ဂက စေလွှတ်လိုက်တဲ့ စစ်သည်တော်သုံးသိန်းဖြစ်တဲ့ ရာဇာလီ၊ ဂမ်ဘာရီနဲ့ ဘန်ကီမွန်းတို့ မစွံပုံကို အကြောင်းပြုပြီး “RGB နဲ့ ကျွဲမေတ္တာစာ” ဆိုပြီး ကဗျာပြောင်လေးတပုဒ် ရေးဖြစ်ခဲ့ပါတယ်။
သိကြတဲ့အတိုင်း နအဖ စစ်အစိုးရက တဖက်မှာ လုပ်ချင်ရာလုပ်။ ဘန်ကီမွန်းခမြာမှာလည်း “အထူးစိုးရိမ်မိကြောင်း” ထုတ်ပြန်ချက်တွေကလွဲပြီး တကယ်တမ်း ဘာမှ ထိထိရောက်ရောက် တုန့်ပြန်နိုင်တာမျိုးမဟုတ်တဲ့အတွက် NLD ဦးဝင်းတင်ကတောင် ဘန်ကီမွန်း ဒီလောက်စိုးရိမ်နေရတဲ့အတွက် နှလုံးရောဂါဖြစ်မှာ စိုးရပါတယ် ဆိုတဲ့အကြောင်း ဟာသစွက်ပြီး ဝေဖန်ခဲ့ပါတယ်။
အခုနောက်ဆုံးအနေနဲ့ကတော့ ဘန်ကီမွန်းနဲ့ လိုက်ဖက်မယ့် ဘွဲ့အမည်တခုပေးရန် ဆန္ဒဖြစ်ပေါ်မိတဲ့အလျောက် ကိုမိုးတိမ်ညိုရဲ့ဘလော့ဂ်ပို့စ်တခုမှာ ဝင်ရေးဖြစ်ခဲ့တဲ့ ကျနော့် ကွန်မင့်ကို နည်းနည်း မွန်းမံပြီး တင်လိုက်ပါတယ်။
“ဘန်ကီမွန်းနဲ့ လိုက်ဖက်တဲ့ ဘွဲ့အမည်”
ကျနော် တခါတလေ လျှောက်စဉ်းစားတယ်။ ဂေါက်ကြည့်တာပေါ့ဗျာ။
လူဖြူ ယောက်ျား၊မိန်းမ၊ကလေးတွေကို ကြည့်ရင် ဆံပင်တွေကလည်း ရွှေရောင်နဲ့၊ အသားအရောင်ကလည်း ဖြူဖွေးတယ်။ အရပ်အမောင်းကလည်း ထောင်ထောင်မောင်းမောင်း။ ရုပ်ရည်ကလည်း ကြည့်ကောင်းတဲ့လူတွေ တော်တော်ကြည့်ကောင်းတယ်။ ငေးကြည့်ရတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကလည်း တိုးတက်ပြီး လိုတရဆိုသလို ဖြစ်နေတော့ ဗုဒ္ဓစာပေထဲမှာ တွေ့ရတတ်တဲ့ နတ်ပြည်ဆိုတာ ဒါမျိုးလားလို့ တခါတခါ တွေးမိတယ်။ ဒီလိုတွေးလို့ ကျနော့်အဆိုးမဆိုပါနဲ့ဦး။
သိပ္ပံပညာမှာ အနာဂတ်ကို ခရီးသွားခြင်း travel to the future ဆိုတာ သီအိုရီအရ ဖြစ်နိုင်သတဲ့။ ဒီတော့ ကျနော်စဉ်းစားတာ ဗုဒ္ဓက အတုမရှိတဲ့ ဉာဏ်တော်၊ တန်ခိုးတော်တို့ကို ပိုင်ဆိုင်လေတော့ အနာဂတ်ကာလကို ဒေသစာရီ (ပါဠိမကျွမ်းတော့ ကာလစာရီ လို့ ပြောရင် ပိုမှန်ရမလားမသိ) ကြွချီရင်းနဲ့များ ယနေ့ခေတ် တိုးတက်တဲ့ လူဖြူနိုင်ငံတခုခုဆီ ရောက်သွားခဲ့လေသလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိတယ်။ ဘာကြောင့်ဒီလိုတွေးရသလဲဆိုတော့ တိုက်ဆိုင်တာတွေ ရှိနေတယ်ခင်ဗျ။
ဥပမာ သိကြားမင်းစီးတဲ့ နတ်မြင်းတထောင်ကတဲ့ ရထားဝေဇယန္တာ ဆိုတာမျိုးဗျာ။ ဒီခေတ်ကြီးထဲမှာ မြင်းကောင်ရေတထောင်၊ တသောင်းအားရှိတဲ့ လေယာဉ်ပျံလို၊ ရဟတ်ယာဉ်လိုဟာမျိုး၊ Air Force One လိုဟာကြီးတွေကို ပြောတာလားလို့ တွေးမိတယ်။ ဝရဇိန်လက်နက်ဆိုရင် “မြင့်မိုရ်ကိုပင် သူခွင်းရင် ထွင်းလို့ဖောက်နိုင်တာ” ဆိုတော့..... တာလီဘန်တွေကို အမေရိကန်ဗုံးကြဲတုန်းက Banker Buster လိုဟာမျိုး၊ အနုမြူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်လိုဟာမျိုးတွေကို ပြောချင်တာလားလို့ တွေးမိတယ်။ သိကြားမင်းဆိုတာကတော့ အဲဒီလက်နက်ကို ပိုင်တဲ့ အင်အားကြီးနိုင်ငံတခုခုက သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် ဖြစ်ရမယ်။ ဘန်ကီမွန်းတော့ မဖြစ်နိုင်ဘူး။ ငရဲသနင်း ယမမင်းဆိုတာကတော့ နေပြည်တော်က အဘကို ပြောတာဖြစ်မယ်လို့ တွေးမိတယ်ခင်ဗျ။
နောက်ပြီးတော့ဗျာ.... နတ်သက် တရက်က လူ့ပြည်မှာ အသက်တထောင် ဆိုတာတွေ။ ဒါကလည်း ပိုပြီး မြန်မြန် ခရီးသွားသူအတွက် အချိန်ဟာ ပိုနှေးကွေးသွားတယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ ရီလစ်တီဗတီသီအိုရီက သဘောတွေနဲ့ စဉ်းစားကြည့်တော့လည်း ကိုက်နေပြန်ရောဗျ။
ဘန်ကီမွန်းကတော့ သိကြားမင်းမဖြစ်နိုင်ဘူးဆိုရင် လေနတ်သားများ ဖြစ်လေမလားဆိုပြီး ရောက်တတ်ရာရာ စဉ်းစားမိပါကြောင်း.....။
အနီရောင်ပတ်စ်ပို့တ်သက်တမ်းနဲ့ ဝင်ငွေခွန်ပြေစာဟာ
အညမညပစ္စယောဟောတု ဆိုလို့
နှမြောမြောနဲ့ စုထားသမျှ ပိုက်ဆံလေးကို
ဘဏ်ထဲကနေ ထုတ်ယူပေးလိုက်ရတဲ့အကြောင်း
ကြေညာမောင်းခတ်မနေချင်တော့ပါဘူး။
ငါ့ဝဋ်ကြွေးနဲ့ငါ
ရှိပါစေတော့ ရှိစေတော့။
ချစ်ခြင်းမေတ္တာတွေကို လျှပ်စစ်လှိုင်းပေါ်ကတဆင့်
ပို့သခွင့်တောင်းတဲ့အခါ
ဂွစ်ကနဲ တချက်သာမြည်ပြီး
တချီတည်း ပြုတ်ကျသွားပေမယ့်
မသက်ကလေးရယ်တဲ့မှ သြော်မသာ
တဒေါ်လာစီ ကောင်တာတက်လွန်းလို့
ဖုန်းဘီလ်လာမှ မျက်ဖြူဆိုက်ရတဲ့အကြောင်း
ပြန်ပြောင်းပြီး မလှစ်ဟချင်တော့ပါ။
ငါ့အပြစ်နဲ့ငါသာ
ရှိပါစေတော့ ရှိစေတော့။
ပြည်တွင်းက သတင်းတွေ ကြားကြားသမျှ
အားရစရာ တကွက်မပါ။
ကမ္ဘာမှာ နေရာမှားပြီး လူဖြစ်လာခဲ့လေသလားလို့
စိတ်ညစ်ညစ်နဲ့ ညည်းတွားလိုက်ပြန်ရင်လည်း
နမီးဘီးယားက AIDS ရောဂါသည် မိဘမဲ့ကလေးက
မျက်စောင်းထ ထိုးချင်ထိုးနေဦးမှာမို့
မညည်းဝံ့တော့ပါဘူး။
ငါ့ဘဝနဲ့ငါသာ
ရှိပါစေတော့ ရှိစေတော့။
သစ်တပင်ကောင်း ငှက်တသောင်းနားရတယ်ဆိုပေမယ့်
သစ်ပင်က လက်မောင်းလောက်
ငှက်ပေါင်းက တကုဋေ
သေပြီဆရာ။
မညှာမတာ ချီးပါချတဲ့ အကောင်တွေကလည်း တင်းကြမ်းပြည့်။
ပင်စည်ကို တေ့ပြီး သေးပန်းတတ်တဲ့ကောင်တွေလည်း
သောက်ကျိုးနည်း များမှများဆိုတာ
ဝေဒနာပြပွဲ ခင်းမနေတော့ပါဘူး။
ငါ့အဖြစ်နဲ့ငါသာ
ရှိပါစေတော့ ရှိစေတော့။
ပြီးခဲ့တဲ့ “သမီးရဲ့ အဖြေများ” ပို့စ်မှာတုန်းက ကျနော်အီးပေါက်တာနဲ့ ပတ်သက်လို့ သမီးက ဟာသ လုပ်သွားပုံကို ရေးခဲ့ပါတယ်။ သမီးလိုပဲ မဒမ်ပေါကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဟာသ လုပ်ဖူးပါတယ်။
ဒီလိုပါ.... သိကြတဲ့အတိုင်း စင်္ကာပူမှာက မိုးရွာတာနဲ့ နေပူတာက လွဲလို့ ရင်ခုန်စရာ ရာသီစက်မောင်း အပြောင်းအလဲမရှိလေတော့ ဆောင်းရာသီလိုမျိုးဆိုရင် မြန်မာပြည်က ဆောင်းတွင်းကို အဝေးကနေ သတိရ လွမ်းဆွတ်ကြရတာမျိုး မဟုတ်ပါလား။ ကျနော်တို့လည်း ဆောင်းရာသီရောက်လာပြီဆိုရင် ဟေမာန်ဆောင်းနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေကို အလွမ်းပြေဖွင့်ပြီး နားထောင်တတ်တယ်။
တခါက ဟေမာနေဝင်း ပြန်ဆိုထားတဲ့ ဆောင်းကတ္တီပါ (ပဲကတ္တီပါ မဟုတ်) သီချင်းကို နားထောင်နေတုန်း မဒမ်ပေါက ပြောလာတယ်။
“ကိုကို... ဒီသီချင်းထဲမှာ မင်းအကြောင်း ပါတယ်၊ သိလား” တဲ့။
ကျနော်လည်း ဘယ်လိုက ဘယ်လို ဆောင်းကတ္တီပါ သီချင်းထဲမှာ ကျနော့်အကြောင်း ပါရတာလဲဆိုတာ အပြေးအလွှား စဉ်းစားကြည့်ရတာပေါ့။ စဉ်းစားလို့ မရပေါင်။ ဒါနဲ့ “ဘယ်မှာ ပါလို့လဲ” လို့ မေးလိုက်တော့ မဒမ်ပေါက ရယ်ကျဲကျဲနဲ့....
“မြောက်လေ သွေးပြီ သွေးပြီ.... အေးလည်း အေးတော့သည်.... ဆိုတဲ့ အပိုဒ်က မင်းကို ပြောတာပေါ့” ဆိုတော့မှ “သြော်... ငါ ခံလိုက်ရတာပါကလား” ဆိုတာ ကောင်းကောင်း သဘောပေါက်တော့တယ်။ ကဲ... ကြည့်ဦး...။ ကျနော့်ဘာသာ အီးပေါက်တာကို “မျောက်လေသွေး”တယ်လို့ သူပြောစရာလား။
ဒီတပို့စ်မှာတော့ ကျနော့်လိုပဲ လေလည်တတ်လို့ ဒုက္ခရောက်ရသူတဦးအကြောင်း ဟာသလေးတပုဒ်ကို မြန်မာလို (တိုက်ရိုက်မဟုတ်)ဘာသာပြန်ပြီး တင်ဆက်လိုက်ပါတယ်။
“ပဲလှော်ကြိုက်သူ”
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။ ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး” လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက် အကြောင်းကြားထားလိုက်တယ်။
အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့ ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။
အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင် အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ ဝယ်စားမိရောတဲ့။
ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။ အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။
အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန် စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။
“အချစ်ရေ.... ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”
အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့ ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ တယ်လီဖုန်းကို သွားကိုင်တယ်။
တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။ ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင် ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက် အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး ဖြတ်မောင်းသွားသလိုပဲတဲ့။
ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင် လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့ နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက် ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး ဖြတ်မောင်းသွားသလိုပါပဲတဲ့။
ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည် တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊ လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့ ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။
ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့ ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင် အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။
အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။
ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို “ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
ပူးတွဲဖတ်ရှုရန်။............။ Baked Beans
(ဟိုတနေ့က မိတ်ဆွေတယောက် ပြန်လည်ဖောက်သည်ချတဲ့ ပုံပြင်လေးပါ။)
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။
ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိ တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမှာ၊ ကျမ တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။
အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။
အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ)ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။

on Saturday, October 16, 2010
Labels:
political post
Comments: (18)
(ရှေ့က ပို့စ်နဲ့ ဆက်စပ်တဲ့အတွက် အရင်က ရေးခဲ့ဖူးတဲ့ ပို့စ်နှစ်ခုကို ပြန်လည် ဆန်းသစ်လိုက်ပါတယ်။ ပထမ အပုဒ်က အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် ဆန်ပြီးတော့ ဒုတိယ တပုဒ်ဖြစ်တဲ့ “သရုပ်ပျက်လို့ ပြောသင့်သလား” ဆိုတဲ့ ပို့စ်ဟာ ရှေ့မှာ တင်ခဲ့တဲ့ “နှုတ်ဆက်စကား ပြောကြားရာဝယ်” ပို့စ်နဲ့ အထူး ဆက်စပ်မှု ရှိပါတယ်။)
“သံတူကြောင်းကွဲ”
မြန်မာဘာသာစကားမှာ အနက်အဓိပ္ပါယ်တခုထက်ပိုတဲ့ ဝေါဟာရတွေရှိပြီး သုံးစွဲတဲ့အခါ နားထောင်သူအဖို့ အဓိပ္ပါယ်ကောက်မလွဲအောင် သတိထားသုံးစွဲရတာတွေ ရှိပါတယ်။
ဥပမာ......... “ယုံကြည်မှု”။
ယုံကြည်မှုလို့ ဆိုလိုက်ရင် တစုံတခုအပေါ် သက်ဝင်ယုံကြည်မှု (Belief) ဆိုလိုတာ ဖြစ်နိုင်သလို တဦးနဲ့ တဦး အပြန်အလှန် ယုံကြည်စိတ်ချမှု (Trust)ကို ဆိုလိုတာလည်း ဖြစ်နေနိုင်ပါတယ်။ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုဟာ သက်ဝင်ယုံကြည်မှုဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြားက ယုံကြည်မှုဟာ ယုံကြည်စိတ်ချမှု ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံရေးစကားဝိုင်းတွေမှာ အဲဒီ ယုံကြည်မှု အကြောင်းကို ကွဲကွဲပြားပြားဖြစ်အောင် ဂရုတစိုက်နဲ့ ပြောဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပြောချင်တာဟာ အရေးတော်ပုံတခုအပေါ် ယုံကြည်မှုကို ပြောချင်တာလား၊ ဒါမှမဟုတ် အရေးတော်ပုံအတွင်းမှာ အတူတကွပါဝင်ကြမယ့် ရဲဘော်ရဲဖက် အချင်းချင်းအကြားက ယုံကြည်မှုကို ပြောချင်တာလား။ နားထွေးသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။
နောက်ထပ် ဝေါဟာရ တခုက..... “ယဉ်ကျေးမှု”။
ယဉ်ကျေးမှုဆိုတာမှာလည်း လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှု ( Culture ) နဲ့ အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု ( Politeness )ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။
အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု (Politeness )မှာတောင်မှ နှစ်မျိုးနှစ်စား ထပ်ခွဲရမယ်လို့ ယူဆမိပါတယ်။
ပထမ တမျိုးက လူအဖွဲ့အစည်းအတွင်းမှာ ယဉ်ကျေးတယ်လို့ အစဉ်အလာအရသတ်မှတ်ထားတဲ့ သင်္ကေတတွေ( etiquette )ပါ။ အဲဒါတွေက ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ဦး၊ ဒေါ် တပ်ပြီး ခေါ်ဝေါ်တာမျိုး၊ ဘုန်းကြီးနဲ့ ဆက်ဆံတဲ့အခါ ခေါ်ဝေါ်သုံးစွဲ ပြုမူတာမျိုးတွေ၊ သံခင်းတမန်ခင်းတွေနဲ့ ထိတွေ့ပြောဆိုတဲ့အခါ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေ၊ ဧည့်ခံပွဲတွေတက်ရောက်တဲ့အခါ နေရာဒေသအလိုက် လိုက်လျောညီထွေ ပြုမူပြောဆိုသင့်တယ်လို့ အများလက်ခံသတ်မှတ်ထားချက်တွေပါ။
ဒုတိယတမျိုးကတော့ ပိုပြီးအဆင့်မြင့်တဲ့ ယဉ်ကျေးမှုမျိုးပါ။ အဲဒါက တဖက်သားအပေါ်မှာ လေးစားမှု၊ ကိုယ်ချင်းစာမှု တို့ကို ပြတဲ့ ယဉ်ကျေးမှုမျိုးပါ။ ဥပမာ ကိုယ့်ဝေစု ရိက္ခာထုပ်ကို ကိုယ်မစားပဲ ကိုယ့်ထက် ငတ်ပြတ်နေသူကို ကျွေးလိုက်တာမျိုး၊ အတူတကွ ခရီးထွက်လာသူချင်းအပေါ်မှာ ကူညီစောင့်ရှောက်မှုမျိုး၊ သူတပါးအပေါ်မှာ မတရားလူလည်ကျခေါင်းပုံဖြတ်ဖို့ကို စက်ဆုတ်မှုမျိုး၊ သူတပါးလွတ်လပ်ခွင့်ကို မထိပါးတာမျိုး စတဲ့ အပြုအမူမျိုးတွေဟာ အယဉ်ကျေးဆုံး အပြုအမူတွေပါ။ အတိုချုပ်ပြောရရင်တော့ အယဉ်ကျေးဆုံး အပြုအမူတွေဟာ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ရှိမှုအပေါ်မှာ အရင်းခံပါတယ်။
လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အဆင့်မြင့်ပညာတွေတတ်ကောင်း တတ်နေနိုင်ပါတယ်။ ငွေကြေးအရလည်း ကျိကျိတက် ချမ်းသာနေနိုင်ပါတယ်။ ဒါမှမဟုတ် တဖက်ဖက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေနိုင်ပါတယ်။ ဒါမှမဟုတ် အာဏာကို လက်ကိုင်ရထားတာလည်း ဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့် အဲဒီ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အခြားလူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ်ခေါင်းပါးပြီး မျှမျှတတ ရှိဖို့ မကြိုးစားဘူးဆိုရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးဌာနန္တရ ကြီးကြီး မယဉ်ကျေးသူလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
အဲဒီနေရာမှာ စောစောကပြောတဲ့ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု ( Culture ) အစိတ်အပိုင်းတခုဖြစ်တဲ့ တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေ ခေါင်းပေါင်း စတဲ့ အဆင်တန်ဆာသက်သက်ကို ၀တ်ဆင်ပြရုံနဲ့ ယဉ်ကျေးသူလို့ သတ်မှတ်လို့မရပါဘူး။ အလားတူပဲ လူကြီးရှေ့မှာ ခါးကုန်းသွားတတ်ပြီး၊ နှုတ်ကနေ ချိုသာယဉ်ကျေး ပြောဆိုတတ်ရုံမျှနဲ့လည်း ယဉ်ကျေးသူလို့ ပြောလို့ မရပြန်ပါဘူး။
တကယ့်အယဉ်ကျေးဆုံးလူသားဆိုတာက လူသားအချင်းချင်းအပေါ် ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ဆက်ဆံတတ်သူသည်သာလျှင် အယဉ်ကျေးဆုံးလူသားလို့ ကျနော်ယူဆချင်ပါတယ်။
အလားတူ နောက်ထပ် ဝေါဟာရတခုကတော့...... “ရိုးတယ်” ဆိုတဲ့ စကားပါ။
ရိုးတယ်ဆိုတာ ရိုးသားတာ (Sincere) ကို ပြောတာဖြစ်နိုင်သလို၊ အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း ( Simple ) ကို ဆိုလိုတာဖြစ်နိုင်တဲ့အပြင်၊ ရိုးအခြင်း၊ ထူခြင်း (Naive) ကို ပြောလိုခြင်းလည်း ဖြစ်နိုင်ပါတယ်။
အဲဒီသုံးမျိုးမှာ ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးသားတယ်ဆိုတာ တဖက်သားကို လှည့်ဖြားလိုတဲ့သဘော ကင်းစင်လို့ဖြစ်ပါတယ်။ လက်တွေ့လောကမှာ ဘယ်သူမှ လှည့်ဖြားခံရခြင်းကို နှစ်သက်မယ်မထင်ပါဘူး။ “လက်တွေ့လောကမှာ” ဆိုတဲ့ စကားကို ရှေ့မှာ ခံထားရခြင်းကတော့ “အနုပညာအရ” လှည့်ဖြားခြင်းလည်း ရှိနိုင်သေးလို့ပါပဲ။
အနုပညာမှာတော့ လှည့်ဖြားဆိုတာထက် တကယ်မရှိတာကို ရှိသယောင် ဖန်တီးယူခြင်းတွေ ပါဝင်လို့ပါပဲ။ အဲသည်လို လှည့်ဖြားခြင်းကိုတော့ အနုပညာကို ခံစားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝအရ တကယ်မဟုတ်မှန်းသိသိကြီးနဲ့ နှစ်သက်နိုင်ပါတယ်။
လက်တွေ့လောကမှာ လှည့်ဖြားခြင်းကတော့ အထက်မှာပြောခဲ့တဲ့ လူအချင်းချင်းအပေါ်မှာ ရှိသင့်တဲ့ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတရှိမှုကို မလေးစားရာ၊ ဖောက်ဖျက်ရာရောက်တဲ့အတွက် မယဉ်ကျေးတဲ့ အပြုအမူလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လှည့်ဖြားခြင်းသဘော ကင်းစင်တဲ့အတွက် ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။
အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း (Simple) ဖြစ်ခြင်းကတော့ လူတဦးတယောက်ချင်းရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်သွားပါပြီ။ ကောင်းတယ်ဆိုးတယ် ပြောစရာ မရှိတော့ပါဘူး။ တိုက်ပုံနဲ့ ပုဆိုးကို နှစ်သက်သူက တိုက်ပုံပုဆိုးကို ၀တ်နိုင်သလို၊ ဂျင်းဘောင်းဘီနဲ့ နားသံသီးဝတ်ချင်သူကလည်း သူ့ဘာသာ လွတ်လပ်စွာ ၀တ်ဆင်နိုင်ပါတယ်။ အဲဒီနေရာမှာ ငါက တိုက်ပုံ၊ ပုဆိုးဝတ်လို့၊ ငါက ရင်ဖုံးနဲ့ ချိတ်ထမီဝတ်လို့ ဂျင်းဘောင်းဘီ၊ စကပ်ဝတ်တဲ့လူတွေထက် ပိုပြီး လူကောင်းဖြစ်တယ်၊ ပိုပြီး လူယဉ်ကျေးဖြစ်တယ်လို့ သတ်မှတ်ရင် မှားယွင်းတယ်လို့ ယူဆပါတယ်။
နောက်ဆုံးတခုဖြစ်တဲ့ ရိုးအခြင်း ( Naive )ကတော့ မကောင်းတဲ့ အဓိပ္ပါယ်လို့ သဘောရပါတယ်။ အတယ်ဆိုမှတော့ ဘယ်ကောင်းပါတော့မလဲ။ သူတပါးက ကိုယ့်အပေါ်မှာ မမျှမတလာလုပ်ရင်လည်း ခံရတော့မှာကိုး။
ကျနော်ငယ်ငယ်က အ ပုံကို အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။
ကျနော် သုံးလေးနှစ်သား အရွယ်က ကျနော့်အိမ်ကို လာလည်တဲ့ အကိုဝမ်းကွဲတယောက်ဟာ အိမ်ကို ရောက်တိုင်း ကျနော်ကို အနင်းခိုင်းတတ်ပါတယ်။ ကျနော်ကလည်း နင်းပေးတာပေါ့။ နင်းလို့ မိနစ် ၂၀ လောက် ကြာပြီဆိုရင် အကိုက အောက်က အနင်းခံရင်းက ကျနော့်ကို နင်းခ တောင်းပါတော့တယ်။ ကျနော်ကလည်း အကို့ကို နင်းခ ပေးဖို့အတွက် အမေ့ဆီပြေးပြီး ပိုက်ဆံတောင်းပါတယ်။
အမေကတော့ ပြောရှာပါတယ်။ “ငါ့သားနှယ်.... အလိုက်တာဟယ်။ နင်က နင်းခ ပေးရမယ့်လူမဟုတ်ဘူး။ တကယ်တော့ နင်က ရ ရမယ့်လူ။” ။ ဒါနဲ့ ကျနော်က အကို့ဆီကို ပြန်ပြေးပြီး ကျနော်က နင်းခ ရ ရမယ့်လူ ဖြစ်တဲ့အကြောင်း ပြန်ပြောပြတယ်။ အကိုက တခါ ရှင်းပြပြန်တယ်။ “ဒီမှာ.... မင်းက ငါ့အပေါ် တက်နင်းတဲ့သူ။ ငါက အနင်းခံရတဲ့လူ။ ငါ့မှာ အနင်းလည်းခံရသေးတယ်၊ မင်းကိုလည်း နင်းခ ပြန်ပေးရဦးမယ်ဆိုတော့ မင်းတရားသလား” လို့ ပြန်မေးတယ်။
အဲဒီတော့ ကျနော်လည်း အမေ့ဆီကို ပြန်ပြေးပြီး ကျနော်သာလျှင် နင်းခကို ပေးရမယ့်သူ ဖြစ်တဲ့အကြောင်း အမေ့ကို နောက်တခေါက် ရှင်းပြရ ပြန်တာပေါ့။ ကဲ.... ကျနော့်မွေးသမိခင်အဖို့တော့ သူ့သားတော်မောင်ရွှေသွေးဟာ ဒီလောက် အူအနေပုံကို ဘယ်လောက်များ အားမလိုအားမရ ဖြစ်လိုက်လေမလဲ။
အဲဒါ ကျနော်ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အခုကြီးတော့လည်း အဲဒီလို ရိုးအပုံကို မကောင်းမှန်းသိလို့ ပြုပြင်ပေမယ့် တချို့နေရာတွေမှာတော့ ခံရဆဲပါ။
ကဲ......ရှေ့တပို့စ်တုန်းကလိုပဲ။ ကျနော့်ပို့စ်ကို မေးခွန်းလေးတခုနဲ့ အဆုံးသတ် လိုက်ပါတယ်။
မိတ်ဆွေအနေနဲ့ မယဉ်ကျေးဆုံးလို့ ယူဆသတ်မှတ်တဲ့ အပြုအမူလုပ်ရပ်ဟာ ဘယ်လိုအပြုအမူလုပ်ရပ်မျိုး ဖြစ်ပါသလဲ။
-------------------------------------------------------
“သရုပ်ပျက်လို့ ပြောသင့်ရဲ့လား”
ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း။
ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။
ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။
တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။
နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။
ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။
လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုးတန်ဘိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။
သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီးလူငယ် လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။
လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစားအဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတကိုယ်အကြိုက်တမျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။
လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။
ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန်လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture)နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။
ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။
ပူးတွဲဖတ်ရှုရန်။..........။

on Friday, October 15, 2010
Labels:
republished
Comments: (15)
တနေ့က အင်တာနက်ထဲမှာ လျှောက်ဖတ်ရင်း လူထုဒေါ်အမာရေးသားခဲ့တဲ့ “ဘုန်းဘုန်း တာ့တာ” ဆိုတဲ့ ဆောင်းပါးကို ဘလော့ဂ်တခုမှာ တင်ထားတာ ဖတ်ရတယ်။ ဆောင်းပါးထဲမှာ လူထုဒေါ်အမာက ဒီလို ရေးသားထားပါတယ်။
“ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။ ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။
"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။”
အဲသည်လို အစချီလိုက်ပြီးတဲ့နောက် လူထုဒေါ်အမာက သူမငယ်ငယ်ကနေ ကြီးပြင်းလာတဲ့အထိ အရွယ်အမျိုးမျိုးမှာ ပြန်ကာနီးသုံးစွဲတဲ့ နှုတ်ဆက်စကား အမျိုးမျိုးအကြောင်း၊ မြန်မာစကားရဲ့ ဝေါဟာရ ကြွယ်ဝပုံအကြောင်းတွေကို ဆက်လက်ရေးသားထားပါတယ်။ အဲဒီကမှတဆင့် မိုးကုပ်ဖက်က လူတွေ ပြန်ခါနီးနှုတ်ဆက်တတ်တဲ့ “ဖြည်းဖြည်းပြန်ပါရှင်” ဆိုတဲ့ နှုတ်ဆက်စကားကို ရှင်းလင်းရေးပြထားပြီး ...
“ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။ မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။”........လို့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။ (ဆောင်းပါးအပြည့်အစုံကို အဆုံးမှာ ပြထားတဲ့ လင့်ခ်ကတဆင့် သွားဖတ်နိုင်ပါတယ်။)
ပို့စ်အောက်ခြေက ကွန်မင့်တွေကို ဆက်ဖတ်ကြည့်လိုက်တဲ့အခါ မိုးရင်သွေး ဆိုသူရဲ့ ကွန်မင့်ကို တွေ့လိုက်ရတော့ တော်တော်လေး သဘောကျ နှစ်ခြိုက်သွားမိတယ်။ သူက ဒီလိုရေးထားတယ်ခင်ဗျ။
“ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ကိစ္စမရှိပါဘူး တာ့တာပဲပြောပြော ပြန်ပါဦးမယ်လို့ပဲပြောပြော အဓိက ကတော့ မိမိစိတ်ထဲမှာ စိတ်ကောင်းလေးနဲ့ ပြောမိဖို့ပါပဲသယ်ချင်းတို့ရယ်”....တဲ့။
ကျနော့်အမြင်ကလည်း မိုးရင်သွေးရဲ့ အမြင်နဲ့ ထပ်တူကျပါတယ်။ အထူးသဖြင့် “ဘုန်းဘုန်း တာ့တာ” ကိစ္စမှာ စကားမပြောတတ်သေးတဲ့ ကလေးတွေ နားလည်လွယ်တဲ့ ဝေါဟာရစကားလုံးနဲ့ သင်ပေးတာဖြစ်တဲ့အတွက် လူထုဒေါ်အမာအနေနဲ့ ဒီကိစ္စကို ခေါင်းစဉ်တပ်ပြီး ဝေဖန်တာ လောကြီးသွားတယ်လို့ ပြောချင်ပါတယ်။ နားကလောတယ်ဆိုတာလည်း သူမအနေနဲ့ မနှစ်သက်တဲ့စိတ်ရင်းအခံနဲ့ နားထောင်လို့သာ နားကလောတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ “တာ့ တာ” ဆိုတဲ့စကားလေးဟာ ကလေးသူငယ်တွေက နှုတ်ဆက်တဲ့အခါ တီတီတာတာနဲ့ အင်မတန် ချစ်ခင်ဖွယ်ကောင်းတဲ့ စကားသံလေး ဖြစ်ပါတယ်။
အဲသည်ကွန်မင့်ကဏ္ဍမှာပဲ အောက်ဆုံးက ငပျော့ဆိုသူရဲ့ ကွန်မင့်ကို ဖတ်လိုက်ရတော့ အသံထွက်အောင်တောင် ရယ်မိပြန်ပါတယ်။ ငပျော့က ဟောဒီလို မှတ်ချက်ပေးထားတယ်ခင်ဗျ။
“ခက်ပါကော ဒေါ်အမာရယ်...
ဒါဆိုဘယ်လိုပြောရမှာတုန်း "ပြန်တော်မူပါဘုရား "(ဒီလိုဆို ဘုန်းကြီး သေပါစေ ဆုတောင်းတာနဲကမတူလား )
ဒါမှမဟုတ် " ဘုန်းကြိး တာ့တာပါဘုရား " ပြောရမှာလား ဂျ
ငပျော့အမြင်တော့ တာ့တာ ဆိုတဲ့စကား ရိုင်းတယ်လို့မမြင်ပါဘုရား (အဲ့ယောင်လို့) ခင်ဗျ ”
ကျနော့်သဘောအရကတော့ ဘယ်လိုပဲ နှုတ်ဆက် နှုတ်ဆက်၊ စိတ်စေတနာသည်သာ အဓိက။ နှုတ်ဆက်သူနဲ့ နှုတ်ဆက်ခံရသူအကြားမှာ အပြန်အလှန်နားလည်မှုရှိတယ်ဆိုရင် “ဘုန်းဘုန်း တာ့တာ” မကလို့ “ဘုန်းဘုန်း ဆီးယူ” လို့ပဲ ပြောပြော အကြောင်းမဟုတ်ဘူးလို့ မြင်မိပါတယ်။ “ဟေ့..ဘုန်းကြီး ငါ့မျက်စိအောက်က မြန်မြန် ထွက်သွားစမ်းကွာ” လို့ ပြောမိတယ်ဆိုရင်တော့ နှုတ်ဆက်ပုံနှုတ်ဆက်နည်း နေရာမကျဘူးလို့ ပြောနိုင်ပါတယ်။
နှုတ်ဆက်စကားအကြောင်း ရေးရင်းနဲ့ ဟိုးတလောလေးဆီက (ယူကျု ဗီဒီယို တခုမှာ ထင်တယ်။) မြန်မာအမျိုးသမီးတယောက် ပြောထားတာကို သွားသတိရမိတယ်။ (လင့်ခ်ကို အတိအကျ မမှတ်မိတဲ့အတွက် စကားလုံးအတိအကျမဟုတ်ဘဲ သဘောလောက်ကိုပဲ ပြန်ရေးပြနိုင်တာ စိတ်မရှိပါနဲ့။)
“အရှေ့တောင်အာရှက နိုင်ငံအသီးသီးမှာ လူမျိုးအလိုက် နှုတ်ဆက်စကားတွေရှိကြပေမယ့် မြန်မာတွေရဲ့ နှုတ်ဆက်ပုံကတော့ တော်တော်လေးကို ထူးခြား (Unique) တယ်ပေါ့နော်။ သူများ နှုတ်ဆက်စကားတွေဆိုရင် မနက်ခင်းဆိုရင် နှုတ်ဆက်ပုံတမျိုး၊ နေ့လည်ဆို နှုတ်ဆက်ပုံတမျိုး၊ ညပိုင်းဆိုရင် နှုတ်ဆက်ပုံတမျိုး အမျိုးမျိုးပြောင်းသွားပေမယ့် မြန်မာနှုတ်ဆက်စကားကတော့ ဘယ်အချိန်ဘယ်ခါမဆို “မင်္ဂလာပါ”လို့ တမျိုးတည်း နှုတ်ဆက်လို့ရတာ ထူးခြားပါတယ်”.......... ဆိုတဲ့သဘောမျိုး ကြံကြံဖန်ဖန် အမွှန်းတင် ပြောသွားတာကို နားထောင်လိုက်ရပါတယ်။
တကယ်တော့ ကျနော်တို့ မြန်မာတွေ အချင်းချင်းတွေ့ကြရင် “နေကောင်းလား”၊ “မတွေ့တာကြာပြီနော်”၊ “စားပြီးပြီလား”၊ “ဘယ်သွားမလို့လဲ” စသဖြင့် ဒီလိုစကားတွေနဲ့ပဲ နှုတ်ဆက်တတ်ကြတာ မဟုတ်ဘူးလား။ ကျောင်းစာသင်ခန်းထဲကို ဆရာဝင်လာတဲ့အချိန် နှုတ်ဆက်တတ်ကြတာကလွဲလို့ အပြင်မှာ အချင်းချင်း တွေ့ကြတဲ့အခါ “မင်္ဂလာပါ” လို့ နှုတ်ဆက်ခဲပါတယ်။ (အဲ.... ချွင်းချက်အနေနဲ့ စင်္ကာပူက ဓါတ်ပုံဆရာ၊ ဘလော့ဂါ ဂျစ်တူး(မုံရွာ)ကတော့ အပြင်မှာ တွေ့ရင်လည်း “မင်္ဂလာပါခင်ဗျာ” ဆိုပြီး နှုတ်ဆက်တတ်တာကို သတိပြုမိပါတယ်။)
သည်တော့ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ယူကျုဗီဒီယိုထဲက အမျိုးသမီးပြောသွားတာ သိပ်ပြီး ယုတ္တိမတန်ဘူးဖြစ်နေတယ်။ နောက်ပြီး “မင်္ဂလာပါ”ဆိုတဲ့ နှုတ်ဆက်စကားဟာ ကျနော်တို့မြန်မာစကားမှာ နှုတ်ခွန်းဆက်စကား သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် (ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်လေသလားမသိ) ကောက်ခါငင်ခါ တီထွင်လိုက်ပြီးမှ လူသုံးသိပ်မများလှတဲ့ ဝေါဟာရတခုလို ဖြစ်နေသလားလို့တောင် တွေးမိပါတယ်။
ဆက်တွေးမယ်ဆိုရင် “မင်္ဂလာပါ” ဆိုတဲ့ စကားကိုယ်၌က ပါဠိဘာသာကနေ ဆင်းသက်လာတဲ့စကားလုံး ဖြစ်နေပြန်တယ်။ မြန်မာစကားမှာ မော်တော်ကား၊ ဒါရိုက်တာ စသဖြင့် အခြားဘာသာစကားကနေ တိုက်ရိုက်ယူထားတဲ့ ဝေါဟာရ၊ မွေးစားထားတဲ့ ဝေါဟာရတွေ အများကြီးရှိပါတယ်။
မြန်မာဘာသာစကားတွင် မဟုတ်ဘူး။ အခြားဘာသာစကားတွေမှာလည်း ဒီလို မွေးစားဝေါဟာရတွေ ရှိပါတယ်။ ဒီတော့ “တာ့တာ” ဆိုတဲ့စကားကိုလည်း မူလဇစ်မြစ်က မြန်မာဘာသာစကားမဟုတ်ပေမယ့် မြန်မာတွေကြားမှာ အသုံးတွင်ကျယ်လာတဲ့အခါ မြန်မာဝေါဟာရအနေနဲ့ပဲ မသတ်မှတ်သင့်ဘူးလား၊ လက်မခံသင့်ဘူးလား ဆိုတာ တွေးတောစရာဖြစ်လာပါတယ်။
ဘာသာစကားဟာလည်း ယဉ်ကျေးမှုတွေလိုပဲ ခေတ်အလိုက် အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ပုဂံခေတ်က ဝေါဟာရတွေ ဒီခေတ်မှာ မတွင်ကျယ်တော့သလို၊ ကျနော်တို့ခေတ်က ဝေါဟာရတွေကလည်း နောက်ပိုင်းကျရင် ကွယ်ပျောက်သွားနိုင်တာပဲ။ ခေတ်တခေတ်ရဲ့ တွင်ကျယ်နေတဲ့ အသုံးအနှုန်းတွေကို ခေတ်မစားတော့တဲ့ ခေတ်ဟောင်းက အသုံးအနှုန်းတွေနဲ့ လိုက်လံနှိုင်းယှဉ်ပြီး အစားထိုး သုံးစွဲစေချင်လို့ ဖြစ်လာနိုင်မယ်မထင်ဘူး။ ရှိသမျှ မြန်မာဝေါဟာရကို ထိန်းသိမ်းနေမယ့်အစား အသစ်ပေါ်ပေါက်လာတဲ့ ဝေါဟာရတွေကို ကျေကျေနပ်နပ် လက်ခံလိုက်ရင် ဝေါဟာရ ပိုမိုကြွယ်ဝတဲ့ ဘာသာစကားတခုတောင်မှ ဖြစ်လာနိုင်သေးတယ်လို့ တွေးတောမိပါတယ်။
ပူးတွဲဖတ်ရှုရန်။............။ ဘုန်းဘုန်း တာ့တာ ။ ရေးသူ- လူထုဒေါ်အမာ (မှတ်ချက်။ လူထုဒေါ်အမာရဲ့ ဆောင်းပါးကို ဒီအညွှန်းလင့်ခ်မှာ ပါတဲ့အတိုင်း တသွေမတိမ်း ကူးယူဖော်ပြထားတာပါ။)

စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
| Websites | Blogs |