ဆရာအောင်သင်းအမည်ကို စတင်ကြားဘူးသည်မှာ ကျနော် ၇ တန်းကျောင်းသားဘ၀က ဖြစ်သည်။ မကွေးတိုင်းကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ ကျနော်တို့ မြို့နယ်ကိုယ်စား ခြင်းလုံးအဖွဲ့နှင့် မကွေးမြို့သို့ လာပြိုင်ရသည်။ ညဘက်လျှောက်လည်သောအခါ မြို့လယ်ပန်းခြံတွင် စာပေဟောပြောပွဲ ကြော်ငြာ ဆိုင်းပုဒ်ကြီး ဟီးနေအောင်ချိတ်ထားတာ တွေ့ရသည်။ စာရေးဆရာ တယောက် အမည်က အောင်သင်း(တောင်တွင်း) တဲ့။ ကျနော့်မှာ ထိုအရွယ်တွင် ၀တ္ထုတိုရှည်များ၊ ဆောင်းပါးများကို တော်တော်ဖတ်နေပြီဖြစ်သော်လည်း ဆရာ့နာမည်ကို မရင်းနှီး။ ချိုတကူးနှင့် ဂုဏ်ရည်မတူကို အမတွေ၏ ကျောင်းသုံးလက်ရွေးစင် စကားပြေစာအုပ်မှာ ဖတ်ဘူးသော်လည်း ဆရာရေးမှန်းသတိမပြုမိ။
နောက်ပိုင်း စာစီစာကုံးနှင့် ပတ်သက်သော ဆရာ့စာအုပ်တွေ မြင်တွေ့လာတော့လည်း မှတ်မှတ်ထင်ထင် မရှိလှသေး။ စာစီစာကုံးရေးနည်းညွှန်ပြသည့် မြန်မာစာဆရာ တဦးမျှသာ ထင်မိခဲ့သည်။
သို့သော် ဆရာက လစဉ်ထုတ် မဂ္ဂဇင်းတခုတွင် “ကျနော့်အကြိုက်ဆုံးဝတ္ထုတို” များကို ဖတ်ညွှန်းပုံစံ စရေးလာသောအခါ ဆရာနှင့် စတင်ရင်းနှီးလာသည်။ ဆရာညွှန်းသည့် ၀တ္ထုတိုတွေကို ဖတ်ရင်း နှစ်သက်ရင်း ဘာကြောင့်နှစ်သက်ရသလဲဆိုတာပါ ခွဲခြားသိရှိလာသည်။ သည့်နောက်မှာတော့ “မအိုသေးတဲ့သူ” က စလို့ ဆရာရေးသည့် ရသ စာတမ်းငယ်များကို မဂ္ဂဇင်းများတွင် စောင့်ဖတ်ရင်း ဆရာ့ပရိတ်သတ်လုံးလုံးဖြစ်လာသည်။
သို့သော် ထိုအချိန်အထိ ဆရာ၏ ခွဲခြားစိတ်ဖြာတတ်ခြင်း၊ ဆိုလိုချက် ပေါ်လွင်အောင် ထိထိမိမိရေးတတ်ခြင်း နှင့် ဆရာ၏ အနုပညာ တို့ကို နှစ်သက်ခြင်းသက်သက်ထက် မပိုသေးချေ။
နောက်ပိုင်းဆရာ့စာပေဟောပြောပွဲအခွေများ ခေတ်စားလာသည့်အချိန်တွင် ဆရာ၏ အယူအဆ၊ သဘောထားတို့ကို နှစ်ခြိုက်လှ၍ မိမိကိုယ်ကို ဆရာ့တပည့် အဖြစ်ပါ အလိုအလျောက် ခံယူမိပါသည်။ မကွေးဟောပြောပွဲတွင် ကာယသတ္တိနှင့် စာရိတ္တသတ္တိတို့ကို ဆရာက ဥပမာ ဥပမေးယျတို့ဖြင့် နှိုင်းယှဉ်ဖော်ပြသွားသည်မှာ အင်မတန် မှတ်သားစဖွယ်ဖြစ်သည်။ ကာယသတ္တိမှာ လေ့ကျင့်မွေးမြူပေးရန် အင်မတန်လွယ်သော်လည်း စာရိတ္တသတ္တိမှာမူ အင်မတန်ခက်ခဲကြောင်းကို ပရိသတ် နားလည်လွယ်သော ဥပမာများဖြင့် ဟောသွားသည်။ ထို့နောက် ပညာ အရေးကြီးပုံကိုလည်း ဆရာသည် အလေးအနက် ဇောင်းပေး ဟောပြောသည်။ ဆရာပြောသော အကြောင်းအရာများသည် အင်မတန် လေးနက်သော အကြောင်းအရာများဖြစ်သော်လည်း နားထောင်ရသည်မှာ ငြီးသည်မရှိ။ ဆရာဟာသဉာဏ်အလွန်ရွှင်ရာ ဆရာ့ဟောပြောပွဲများတွင် ပရိတ်သတ်မှာ တဝေါဝေါ တသောသောရှိလေသည်။ လူက တိရိစ္ဆာန်ထက်သာသောအချက်ကို ငါး၊ ပျား စသည့် ဥပမာများဖြင့် ပြောပြသောအခါ ပရိသတ်မှာ တ၀ါးဝါး တဟားဟားနှင့် ပွဲကျမဆုံးအောင် ရှိသည်။
သည့်နောက်ပိုင်းမှာတော့ ဆရာသည် လူငယ်မျိုးဆက်သစ်အတွက် ပညာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးအတွက် ဆောင်းပါးများစွာ ရေးသားခဲ့သည်။
ဆရာသည် ခေတ်ကို ပြုပြင်လိုစိတ်ရှိသူ၊ လူငယ်တို့၏ ကမောက်ကမ ဖြစ်နေသော ဘ၀တွေကို တည့်မတ်ပေးလိုသော ဆန္ဒရှိသူတဦး၊ တနည်းအားဖြင့်ဆိုရလျှင် လောကကို အလှဆင်လိုသူ၊ လောကကို ကောင်းကျိုးပြုလိုသူ တဦးဟု ကောက်ချက်ချမိပါသည်။ ကျနော်တို့သည် ကျနော်တို့ ဖတ်ဘူးသော စာများ၊ တွေ့ဘူးသော လူများက ကျနော်တို့၏ ဘ၀အား တမျိုးတဖုံ ပြောင်းလဲစေသည်၊ အကျိုးသက်ရောက်မှု ရှိစေသည်ဆိုလျှင် ဆရာအောင်သင်းသည်လည်း ကျနော့်ဘ၀အပေါ် ကောင်းသော အကျိုးသက်ရောက်မှုရှိစေသူဟု ယူဆပါသည်။ ကျနော် ဆယ်တန်းအောင်ပြီး ကျောင်းတွေ အကြာကြီးပိတ်ထားသည့်တိုင် ကျောင်းပြန်ဖွင့်သောအခါ တက္ကသိုလ်သို့ ဆက်လက်တက်ယူချင်သေးသော အာသီသရှိသေးသည်မှာ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာအောင်သင်းတို့၏ အတွေးအခေါ်များ၊ အယူအဆများ မိမိ၏ သဏ္ဍာန်အတွင်းသို့ မသိမသာ စိမ့်ဝင်နေခဲ့၍လည်း ဖြစ်နိုင်ပေမည်။
ဆရာ့ကို အပြင်တွင် လူကိုယ်တိုင် တခါသာတွေ့ဘူးသည်။ အဲသည်တုန်းက ရှစ်လေးလုံး အရေးအခင်းဖြစ်ပြီး ကျောင်းတွေ အကြာကြီးပိတ်ထားတုန်း ထင်ပါရဲ့။ အညာကို ခဏပြန်သွားတော့ လမ်းခရီးမှာ အဝေးပြေးကား ခေတ္တရပ်တုန်း (ပြလို့မှာထင်သည်) အိမ်သာသို့ အပေါ့အပါးသွားရန်ဆင်းသည်။ ကျနော်က အိမ်သာအသွား ဆရာက ကားဆီသို့ ပြန်အလာ လမ်းမှာ ဆရာနှင့် မျက်နှာချင်းဆိုင် ပက်ပင်းတွေ့မိသည်။ မဂ္ဂဇင်းဓါတ်ပုံတွေထဲမှာ ဆရာဝတ်နေကျ ဂျာကင်လေးနဲ့ပါဘဲ။ ကျနော်က ၀မ်းသာသွားပြီး “ ဆရာ၊ ဆရာအောင်သင်းမဟုတ်လား” ဟု မေးလိုက်ရာ ဆရာက ရပ်တန့်၍ “ဟုတ်ပါတယ်။ ကျနော်အောင်သင်းပါ” ပြီးတော့ ဆရာက ကျနော့်စကားကို ငံ့လင့်နေသည်။ ဆရာသည် လူငယ်တွေကို စိတ်ဝင်စားသူပီပီ ကျနော့်ကို အကဲခတ်နေလေသည်။ ကျနော်လည်း ရုတ်တရက်တော့ ဘာပြောရမှန်းမသိ၍ “ဆရာ့ကို ကျနော် မဂ္ဂဇင်းထဲမှာ မြင်ဘူးလို့ပါ” ဟုပြောလိုက်ရာ စကားဝိုင်းမှာ ဂွကျကျနှင့် ပြီးသွားပြီး အသီးသီး ကိုယ့်လမ်းကိုယ် ဆက်သွားခဲ့ကြသည်။ နောက်ပိုင်း ကျနော့်မှာ ဆရာနှင့် မျက်နှာချင်းဆိုင် တွေ့ခွင့်ရပါလျက်နဲ့ သည်လောက် စကားပါးရှားရသလားဟု ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးအောင် ဖြစ်မိပါတော့ သည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဆရာအောင်သင်းအား စင်္ကာပူသို့ ဖိတ်ခေါ်ကာ စာပေဟောပြောပွဲပြုလုပ်ဘို့ ကျနော်တို့ စီစဉ်ကြသေးသော်လည်း စင်္ကာပူအစိုးရမှ ဟောပြောပွဲအတွက် ပါမစ်ချမပေးသဖြင့် နောက်ဆုံးအချိန်မှ ကပ်၍ အစီအစဉ် ပျက်သွားပါသည်။ (စင်္ကာပူအစိုးရမှ ပါမစ်ချမပေးရခြင်းမှာ ပါမစ်လျှောက်ထားသူက ဆရာအောင်သင်းအား ဝေဖန်ရေးဆရာ ဟု ဖော်ပြရာ ဝေဖန်ရေးဆို အင်မတန် ဖင်တုန်သော စင်္ကာပူအစိုးရက ပါမစ်အားချမပေးတော့ခြင်းဖြစ်သည်။)
တနေ့က စင်ကာပူ ပင်နင်ဆူးလား ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်ရောက်တော့ စာအုပ်စင်တွင် ဆရာအောင်သင်း၏ စာအုပ်များကို သီးသန့်နေရာပြုလုပ်ကာ ထားပေးသည်ကို တွေ့ခဲ့ရသည်။ ကျနော်လည်း မဖတ်ရသေးသော ရသစာတမ်းငယ်များ တအုပ်ကို ငှားခဲ့လေသည်။ အိမ်ရောက်တော့ ဖတ်ကြည့်တော့ ဆရာ့လက်ရာတွေကို နှစ်ခြိုက်မြဲပင်။ ဆရာ့အနုပညာက ကျနော့်အား ဖမ်းစားနိုင်ဆဲ။ ဆရာ့အတွေးအခေါ်က ကျနော့်အပေါ် လွှမ်းမိုးနိုင်ဆဲ။ ဆရာ အသက်ကြီးလာပြီဖြစ်သော်လည်း ဆရာ့လက်ရာတွေက အိုသည်မရှိ။ ဆရာရေးတဲ့ ရသစာတမ်းငယ် “မအိုသေးတဲ့သူ” လိုပင် ဖြစ်နေသည်။
ဆရာအောင်သင်းတယောက် ကျန်းမာစွာဖြင့် စာတွေ အများကြီးဆက်လက်ရေးနိုင်ပါစေဟု မေတ္တာပို့သလိုက်ပါသည်။