Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts

“လှေကလေးကို လှော်မည်”




ပြဿနာက ကျနော့်မှာ လှေလှော်ချင်တဲ့ ဆန္ဒ သိပ်ပြင်းပြနေတဲ့ကိစ္စ။

လှေလှော်ချင်တာဘဲ ဘာပြဿနာရှိလို့လဲ မေးချင်ကြမယ်။ Water sports တွေ ရှိတဲ့ နေရာတွေမှာ သွားပြီး ပိုက်ဆံအတန်အသင့်အကုန်အကျခံလိုက်ရင် လှေငှား၊ လှေလှော်လို့ရတာဘဲဟာ။ ဒီတော့ အသေးအဖွဲကို လာပြီး ဇာချဲ့မနေစမ်းပါနဲ့လို့ ဆိုကြမယ်။

ဒါပေမယ့် ကျနော်လှေလှော်ချင်တာက ရေကန်ထဲမှာ အပျင်းပြေ ခဏတဖြုတ်လှော်ချင်တာမဟုတ်။ ဧရာဝတီမြစ်ထဲက တံတားမရှိတဲ့နေရာ (ဥပမာ ရေနံချောင်း၊ ညောင်လှနဲ့ တဖက်ကမ်းက ငါးခြောက်ကျွန်း၊ နန်းတော်ကျွန်း၊ လေးအိမ် စတဲ့ မြို့ရွာတွေ)မှာ တဖက်နဲ့တဖက် လှေပို့စားတာမျိုးကို လုပ်ချင်နေတာ။

အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးခဲ့ပြီး စင်္ကာပူမှာ အလုပ်အကိုင်နဲ့ မိသားစုနဲ့ အခြေတကျ ဖြစ်နေသူတဦးက အသက် ၄၀ ပြည့်ဖို့ ၃ နှစ်လောက် လိုတဲ့အခါကျမှ လှေ့ပို့စားချင်တယ် ဖြစ်လာတော့ ကြားရသူအပေါင်းက “ဟာ....ဒီကောင်၊ ဒီအရွယ်ကြီးရောက်ကာမှ ဘာကြောင်တာလဲ” လို့ ပြောပြီး ဟားမှာသေချာတယ်။ ဒါပေမယ့် ကျနော်က ဒီအကြောင်းကို အဲသည်ဟားမယ့်လူတွေရှေ့မှာတော့ ဘယ်ပြောပါ့မလဲ။ ကိုယ့်ခံစားမှုကို နားလည်ပေးနိုင်မယ့် လူအနည်းငယ်လောက်ရှေ့မှာသာ ရင်ဖွင့်ဖြစ်တာပေါ့။ အဲဒီလို နားလည်ပေးနိုင်တဲ့ လူကလည်း တကယ်တမ်း ရေတွက်ကြည့်ရင် လက်ငါးချောင်းမပြည့်ပါဘူး။

အဲဒီလှေလှော်ချင်တဲ့ ရောဂါ ကျနော့်စိတ်ထဲမှာ ပေါ်လာတာ မကြာသေးဘူး။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကမှ စပြီး ပေါ်လာတဲ့ရောဂါ။ ဒီ့အရင်က ဒါမျိုးစိတ်ထဲမှာ ဘယ်တောင့်တခဲ့မလဲ။ သူသူငါငါ တောင့်တသလိုဘဲ စင်္ကာပူမှာ ဖွင့်တဲ့ “တိုတို” သန်းဆုကြီးပေါက်ပြီး အလုပ်မလုပ်ဘဲ ကမ္ဘာတပတ် လျှောက်သွားဘို့ဘဲ စိတ်ကူးယဉ်ခဲ့တာပေါ့။ ဒါပေမယ့် ၉ နှစ်လုံးလုံး မလျှော့သော ဇွဲလုံ့လနဲ့ ထီမပြတ်ထိုးခဲ့ပေမယ့် သိန်းထီဝေးလို့ ရာဂဏန်းဆုတောင် တခါမှ မချိတ်ခဲ့ဘူးလေ။

အခုတော့....အဲဒီလှေလှော်ချင်တဲ့ ရောဂါက နည်းနည်း ပိုသည်းလာပြီ။ ရံဖန်ရံခါ အားလပ်ချိန်လောက်မှာသာ လှေပို့ဖို့ကိစ္စကို စိတ်ကူးမိတာမဟုတ်။ အလုပ်လုပ်ရင်းလည်း အဲဒီအကြောင်းက ခေါင်းထဲရောက်ရောက်လာတယ်။ အိပ်မက်တွေထဲမှာလည်း လှေလှော်တဲ့ အိပ်မက်တွေချည်းဘဲ မက်နေတော့တာကိုး။

ဒီရောဂါ ပေါ်လာတာ ကျနော့် ကလေးဘ၀တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့လည်း နည်းနည်းတော့ ပတ်သက်မယ်ထင်တယ်။

ကျနော် မူလတန်းစမတက်မီ ၄နှစ် ၅နှစ် အရွယ်လောက်အထိ ကျနော့်ဘာသာ အိမ်မှာ တယောက်တည်းဆော့ကစားတဲ့ ကစားနည်းက နှစ်မျိုးဘဲ ရှိတယ်။

ပထမတမျိုးက အစ်မတွေရဲ့ သနပ်ခါးခဲထည့်တဲ့ လေးထောင့် သစ်သားသေတ္တာငယ်လေးကို သနပ်ခါးခဲတွေထုတ်၊ လှေလိုဖြစ်အောင် တုတ်တိုင်၊ အထည်ညှပ်စတွေနဲ့ ပြုလုပ်ထားတဲ့ ရွက်ကိုဖွင့်။ ပြီးတော့ လှေစီးခရီးသည်တွေနေရာမှာ ကျနော့်မိဘတွေဝယ်ပေးထားတဲ့ သေနတ်နဲ့ ပစ်ကစားစရာ ပလစ်စတစ်ဘူးအဖြူကလေးတွေ (အခု စင်္ကာပူမှာ ဘိုးလင်းပစ်တဲ့အခါ ထောင်တဲ့ တိုင်ဖြူဖြူမျိုးလေးတွေပေါ့) ကို သေတ္တာထဲမှာ အစီအရီအကျအနတင်၊ ကျနော်က နောက်ကပဲ့ကိုင်သဘောမျိုးနဲ့ သေတ္တာလေးကို ဖျာပေါ်မှာ ဟိုသည် တွန်းရွှေ့ရင်း ကစားတတ်တာဘဲကလား။ ကျနော်ကစားတာကို လာကြည့်ရင် ကြည့်တဲ့လူတောင်ပျင်းမလားဘဲ။ ဒါပေမယ့် နေ့ရှိသ၍ အဲဒီ ကစားနည်းကိုဘဲ တယောက်တည်း မပျင်းမရိ ကစားတယ်။

ဒုတိယ ကစားနည်းကလည်း လှေနဲ့ဘဲ ပတ်သက်တာဘဲ။ ကျနော့်အကြိုက်ကို အဖေက ရိပ်မိလို့လားမသိဘူး။ ကျနော့်ကို ပေါ့ပါးတဲ့ ကုက္ကိုသား၊ လက်ပံသား တွေနဲ့ ကစားစရာ လှေကလေးတွေ နှစ်စဉ်ထွင်းပေးတယ်။ အဖေ့လှေကလေးတွေက တကယ်ကို အနုပညာလက်ရာမြောက်တာ။ ကျနော်တို့ အညာဒေသမှာ ရှိတဲ့ လှေဦးပိုင်းက ခေါင်းမုလို လိပ်နေတဲ့ ဦးတုံးတုံးလှေပုံစံတွေနဲ့ မတူဘူး။ ရွှေစိုးဟန်ရဲ့ ပန်းချီတွေထဲမှာ တွေ့ရတတ်တဲ့ လှေပုံစံလေးတွေနဲ့တူတယ်။ ဦးက ရှည်ရှည်မျောမျောနဲ့။ ဧရာကလည်း ကျနော်ကြီးလာတော့ ကြည့်ရတဲ့ ရောမဒဏ္ဍာရီထဲက လှေရဲ့ ဧရာလိုဘဲ။ လှေကလေးက ပြားပြားလေးတွေ။ ရွက်တိုင်စိုက်ဘို့ အပေါက်ကလေးလဲ လွန်နဲ့ ဖောက်ပေးထားတယ်။ လှေနောက်မြီးမှာ ပဲ့တက် စိုက်ဘို့ စူးနဲ့အပေါက်ကလေးဖောက်ထားပြီး အဲဒီအပေါက်မှာ ၀ါးကို စိတ်ရှည်လက်ရှည် တက်မပုံစံရအောင် အချောသတ်ပုံကိုင်ပြီး တက်မကလေး တပ်ပေးတယ်။ အဲဒီတက်မ စောင်းနေရင် လှေက ဖြောင့်ဖြောင့်မသွားဘူး။

ရာသီဥတုသာယာပြီး လှေညှင်းလေးတွေ တိုက်ခတ်နေတဲ့ ညနေခင်းတွေမှာ ကျနော်တို့အိမ်နဲ့ မနီးမဝေး ရွာထိပ်မှာရှိတဲ့ ရေကန်ထဲမှာ လှေကလေးကို ရွက်ဖွင့်လို့ ကန်တဖက်ကမ်းကနေ ရေထဲကို လွှတ်လိုက်။ ပြီးရင် ကန်ဘောင်ကနေ ပတ်ပြေးပြီး နောက်တဖက်ကနေ ဆီးကြိုဖမ်း။ အင်မတန် ပျော်စရာကောင်းတယ်။

ကျနော် ကျောင်းနေတဲ့အရွယ်။ နည်းနည်းကြီးလာတော့ မုန်းချောင်းထဲမှာ ပထမဦးဆုံးအကြိမ်လှေလှော်ခွင့်ရတယ်။ အဲဒီနေ့က မုန်းချောင်းထဲမှာ လှေပို့တဲ့ ဦးမောင်က လှေဆိပ်မှာ ရှိမနေဘူး။ လှေကို ၀ါးတိုင်မှာ ကြိုးချည်ထားတယ်။ ကျနော်က ၀ါးဖောင်စွန်းမှာ ရေချိုးနေတုန်း တဖက်ကမ်းကနေ ကျနော်တို့ အိမ်နီးချင်း မတင်တင်ဝင်းက လှမ်းအော်တယ်။ လှေလာကြိုဘို့။ ကျနော်က လှေမလှော်တတ်ဘူးလို့ ပြန်အော်တော့ သူက ...“ဘာမှမခက်ဘူး၊ ငါသင်ပေးမယ်။ လှေပေါ်သာတက်”...တဲ့။

အဲဒါနဲ့ လှေကို ကြိုးဖြုတ်လိုက်တော့ ရေစီးမှာ မျောပြီး ကမ်းက ကွာလာတယ်။ မတင်တင်ဝင်းက လှော်လှော် လို့ အော်တော့ ကျနော်က တက်နဲ့ ညာဘက်မှာ အားစိုက်ပြီးခပ်တယ်။ လှေက မျောရာက ရပ်ပြီး ရှေ့ကို ရွေ့လာတယ်။ ဒါပေမယ့် ဘယ်ဘက်ကို ကွေ့သွားတယ်။ မတင်တင်ဝင်းက ဘယ်ဘက်ကို ပြောင်းလှော်ဘို့ အော်ပြန်တယ်။ ဘယ်ဘက်မှာ ပြောင်းလှော်တော့ လှေက မတ်သွားတယ်။ ဒါပေမယ့် မကြာခင်မှာဘဲ ညာဘက်ကို ဦးလှည့်သွားပြန်တယ်။ ဒီလိုနဲ့ ဘယ်ဘက်နဲ့ ညာဘက် တဖက်ချင်းပြောင်းလှော်လိုက်တာ နောက်ဆုံးတော့ တဖက်ကမ်းကို ရောက်သွားတော့တယ်။ နောက်တော့ သိပ်မကြာပါဘူး။ ဘက်ပြောင်းစရာမလိုဘဲ တဖက်တည်းကနေ တည့်တည့်သွားအောင် လှော်တတ်သွားတယ်။

ဦးမောင်ရဲ့သား အောင်စိုးကျော်နဲ့ ကျနော်က ကျောင်းနေဖက်ဆိုတော့ မုန်းချောင်းကမ်းနဖူး တဲထဲက သူ့အဖေဆီ သူလာနေတဲ့အခါမျိုး၊ ကျနော်ကလည်း မုန်းချောင်းမှာ ရေလာချိုးတဲ့အခါမျိုးဆို နှစ်ယောက်သား တက်တယောက်တချောင်းနဲ့ မုန်းချောင်းကို အစုန်အဆန်လှော်ခဲ့ကြဘူးတယ်။ အင်မတန်ပျော်စရာကောင်းတဲ့ဘ၀။

မုန်းချောင်းရေဟာ နွေရာသီမှာဆိုရင် ကြည်လင်အေးမြပြီး ရေတိမ်တဲ့နေရာတွေမှာ အောက်ကသဲပြင်တွေ ကျောက်စရစ်ခဲတွေကို မြင်ရတယ်။ မုန်းချောင်းတဖက် မြေနုကျွန်းကိုင်းပြင်တွေပေါ်က ဖြတ်ပြီး မုန်းချောင်းရဲ့ ရေပြင်ကို ဖြတ်တိုက်လာတဲ့လေဟာ လတ်ဆတ်ပြီး အေးမြလှတယ်။ ကမ်းပါးယံမှာ တွင်းကလေးတွေတူးပြီး အသိုက်ဆောက်နေတတ်တဲ့ ပျံလွှားငှက်တွေဟာ ကောင်းကင်မှာ ပျံဝဲလို့။ တခါတခါ ရေပြင်ကို ရှပ်ပျံလိုက်သေးတယ်။

ဧရာဝတီမြစ်ကတော့ ခရီးသွားတဲ့အခါ၊ မြစ်ရိုးတလျှောက်မြို့တွေမှာနေတဲ့ အစ်မတွေဆီ သွားလည်တဲ့အခါတွေမှာဘဲ ထိတွေ့ရတာပေါ့။

ဒီလိုနဲ့ ၉ တန်း၊ ဆယ်တန်း နဲ့ တက္ကသိုလ်တလျှောက်လုံးရော၊ ဘွဲ့ရပြီးတော့ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်တဲ့အချိန်တွေမှာရော ကျနော်ဟာ မုန်းချောင်းနဲ့ရော ဧရာဝတီမြစ်နဲ့ပါ ဝေးကွာခဲ့ရတော့တယ်။ (မှတ်မှတ်ရရ လွန်ခဲ့တဲ့ ရှစ်နှစ် လက်ထပ်ပြီးကာစအချိန်ကတော့ မုန်းချောင်းကို အမှတ်တရ ဇနီးနဲ့အတူ သွားလည်ဖြစ်တယ်။ မုန်းချောင်းဟာ အရင်အတိုင်း လှပဆဲဘဲ။)

ဘယ်လိုဘဲ နှစ်ရှည်လများ ဝေးကွာခဲ့တယ်ဆိုပေမယ့် မုန်းချောင်းနဲ့ ဧရာဝတီမြစ်ထဲက ရေစီးသံ၊ လှိုင်းပုတ်သံ၊ ရေပွက်သံ၊ လှိုင်းကြက်ခွပ်သံ သဲ့သဲ့ကို ကျနော့်ရဲ့ နားထဲမှာ အခုတိုင် ကြားယောင်နေဆဲ။ မြစ်ပြင်ချောင်းပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးဟာ ကျနော့် အိပ်မက်တွေထဲအထိ လတ်ဆတ်နေဆဲ။

ဘလော့ဂ်လာလည်တဲ့ စာဖတ်သူတဦးရဲ့ ကူညီမှုကြောင့် အခုဆိုရင် ကျနော်ဟာ ယမုံနာ သီချင်းကို ဧရာဝတီ အလွမ်းပြေ နားထောင်ခွင့်ရပါတယ်။ အလွမ်းပြေနားထောင်ရင်း ပိုလွမ်းရတယ်။

Gone With The Wind ဇာတ်ကားကိုကြည့်စဉ်က အဓိကဇာတ်ကောင်ဖြစ်တဲ့ Scarlett O'Hara ဟာ သူမချစ်တဲ့ အိမ်နဲ့ လယ်တော (Tara) ကို ဘာကြောင့်ဒီလောက်တောင် ပြန်သွားချင်ရသလဲဆိုတဲ့ အကြောင်းကို အခုတော့ ကျနော်လည်း ကောင်းကောင်းနားလည်ခဲ့ပြီ။
အခုနေ ပြန်သွားပြီး လှေတစီးထောင်ပြီး အေးအေးဆေးဆေး နေနိုင်မယ်ဆိုရင် လှေသမားဘ၀မှာ နေလိုက်ချင်ရဲ့။ ဒါပေမယ့် လက်ရှိအနေအထားက လှေသမားတောင် အေးအေးလူလူ မနေနိုင်တဲ့ဘ၀။ မနှစ်က ပွင့်ဖြူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညိုတို့ ရေနံချောင်းကို အစည်းအဝေးသွားမယ်လုပ်တော့ လှေသမားတွေအားလုံးကို သူတို့အဖွဲ့အတွက် လှေငှားမလိုက်ရဘူးလို့ အာဏာပိုင်တွေက အမိန့်ထုတ်တယ်။ သံကိုင်းအနီး ရွာတရွာမှာနေတဲ့ မိန်းမသားသုံးယောက်ဘဲရှိတဲ့ အိမ်က မသိလို့ လှေပို့လိုက်မိတာကို အရေးယူခံလိုက်ရတယ်ဆိုတဲ့သတင်း ကြားလိုက်ကြမယ်ထင်ပါရဲ့။ ဒီတော့ လောလောဆယ်အခြေအနေက ကိုယ့်တိုင်းပြည်ထဲမှာကိုယ် လှေတောင် လွတ်လွတ်လပ်လပ် မလှော်ရတဲ့ အနေအထား။
တကယ်တော့ ကျနော်ဟာ ဧရာဝတီရဲ့ သားတယောက်။ အကြောင်းကြောင်းကြောင့် ဧရာဝတီနဲ့ ဝေးကွာခဲ့ရလည်း တချိန်မှာ ကျနော်ချစ်တဲ့ ဧရာဝတီရဲ့ ရင်ခွင်မှာ ပြန်လည်ခိုလှုံခွင့်ရပေဦးမပေါ့။ ဟိုးအနောက်ဖက် ရိုးမတောင်တန်းပေါ် ၀င်လုဆဲဆဲ နေမင်းက ရွှေရည်တွေဖျန်းပက်ထားတဲ့ မြစ်ပြင်ပေါ်မှာ လှေကလေးကို လွတ်လွတ်လပ်လပ် လှော်ရင်း ဘိလပ်ပြန်သန်းရဲ့ လှေကလေးသီချင်းကိုလည်း ဟောဒီလို တိုးတိုးသက်သာ သီဆိုရဦးမယ်။

“လှေကလေးကို လှော်မည်။ ဘေးမသန်းဘဲ အေးချမ်းတော့သည်။ မြစ်ကမ်းခြေရေနဒီ...စိမ်းလဲ့လဲ့ကြည်”
Read more

“နမော်နမဲ့”


ကျွန်ုပ်တို့ရဲ့ အကောင်းစားလေး လီယိုနာဒိုဒါကိုပေါ ဟာ ငယ်ငယ်ကတည်းက အင်မတန် နမော်နမဲ့ နိုင်သော လူသားတယောက်ဖြစ်ပါတယ်။ “ကျွန်ုပ်တို့ရဲ့ အကောင်းစားလေး” ဆိုသော ဝေါဟာရကို မျက်စိ စပါးမွှေးစူးနေသူများရှိရင် အဲဒီ စကားလုံးဟာ ကျနော် ငယ်ငယ်က အင်မတန် နှစ်သက်တဲ့ ကာတွန်းမောင်လွင်ရဲ့ ငထက်ဖြား ကာတွန်းထဲမှာ သုံးလေ့ရှိတဲ့ အသုံးအနှုန်းတခုမျှသာ ဖြစ်ကြောင်း ဒီနေရာမှာ ရှင်းလင်းပြောကြား လိုက်ပါရစေ။

နမော်နမဲ့ နိုင်တဲ့အကြောင်းပြောပြရရင်...... ရုံးမှာ ကော်ဖီဖျော်သောက်ရင် ကော်ဖီမှုန့်၊ ကော်ဖီမိတ်၊ သကြား စတာတွေကို ခွက်ထဲထည့်ပြီးသကာလ နောက်ဆုံးရေနွေးထည့်တဲ့အဆင့်မှာကျမှ ရေနွေးအစား ရေအေး (Cold water tap)ကို မှားယွင်း နှိပ်မိလို့ ကော်ဖီပျက်ရတဲ့ အကြိမ်ပေါင်းလည်း မနည်းလှတော့ပါဘူးကွယ်။ ဒါပေမယ့် ဒါကအသေးအဖွဲလို့ ပြောလို့ရတယ်။ သိပ် ကသိကအောက်မနိုင်လှသေးပါဘူး။

တနေ့က ရုံးမှာ တနေရာကို ထသွားပြီး စားပွဲကို ပြန်ရောက်လာတော့ ပလပ်စတစ်အိပ်ကလေးထဲမှာ သပ်သပ်ရပ်ရပ် ထည့်ထားတဲ့ အမှတ်တရ ကဒ်လှလှကလေး တခု တင်ထားတာတွေ့ရတယ်။ ရှေ့အဖုံးမှာ... ခွေးဘီလူးမျက်နှာ အရုပ်ကလေးနဲ့။ အောက်မှာ စာတကြောင်းလဲပါတယ်။ အဖုံးပေါ်က စာကို ဖြန်းသန်း ဖတ်လိုက်ပြီးတော့ အတွင်းကို ဖွင့်လိုက်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်သုံးယောက်လောက် အမှတ်တရ စာရေးပြီး လက်မှတ်ထိုးထားတာကို တွေ့ရတယ်။ သူတို့ ရေးထားတာကိုလည်း အဖြစ်လောက်ဘဲ မျက်စိဝေ့ကြည့်လိုက်တယ်။ သိပ်စိတ်မ၀င်စားလှဘူး။

ရုံးမှာက ဒီလိုဘဲလေ။ လုပ်ဖော်ကိုင်ဖက်တွေ ကလေးမွေးတဲ့အခါမျိုး၊ အလုပ်ထွက်တဲ့ အခါမျိုးတွေမှာ အခုလို အမှတ်တရကဒ်ကလေးဝယ်။ အမှတ်တရစကား စုရေး၊ လက်မှတ်ထိုးပြီး ပေးကြတာ ထုံးစံဘဲ မဟုတ်လား။ ဒီတခါကတော့ အလုပ်ထဲက “နိုမဲလ်”ဆိုတဲ့ ဖိလစ်ပီနို အင်ဂျင်နီယာတယောက် အလုပ်ထွက်တော့မယ့်အချိန်။ နိုမဲလ် အတွက် အမှတ်တရ ရေးကြမယ်ပေါ့။

အဲဒီပုဂ္ဂိုလ်နဲ့ တဌာနတည်း တွဲလုပ်လာတာကလည်း ကြာပြီ။ အိမ်ချင်းကလည်း နီးတော့ ပြောမနာ၊ ဆိုမနာ တော်တော်ရင်းနှီးသပေါ့ဗျာ။ အဲဒါနဲ့ ကဒ်ပေါ်မှာ ရေးမလို့ ဘော့ပင်ရှာတော့ အနီရောင်ဘော့ပင်ကလွဲလို့ တခြားဘော့ပင်က ရုတ်တရက်ရှာမတွေ့။ အပျင်းဓါတ်ခံလေး ကလည်း ရှိတာမို့ ကြိုးစားပမ်းစား လိုက်ရှာမနေတော့ဘဲ နောက်ဆုံးတော့ အနီရောင်နဲ့ဘဲ နှိပ်ထည့်လိုက်သပေါ့ဗျာ။ ပြီးတော့....ဟောသလိုလည်း ရေးလိုက်သေးတယ်။

“...........အခုလို ခွဲခွာဘို့ အချိန်ရောက်လာတော့လည်း ၀မ်းနည်းစရာပေါ့ကွာ။ ဒါပေမယ့် မင်းလို လူတယောက်ကို ငါ့စိတ်ထဲမှာ အမြဲသတိရနေမှာပါ။ မင်းအတွက် လာဘ်ကောင်းမယ့် မင်အရောင်လေး ရွေးချယ်ပြီး အမှတ်တရ ရေးလိုက်ပါတယ်ကွာ”။

ကြည့်ဦး။ ကြည့်ဦး။ ...လုပ်ပုံက။ ကိုယ့်ဘာသာ ရှိတဲ့မင်နဲ့ ရေးလိုက်တဲ့ဟာကို ပလီစိချောက်ချက် လျှောက်ရေးပုံများ။

အဲ..ပြီးတာနဲ့ နောက်တယောက်ဆီကို လက်ဆင့်ကမ်းလိုက်တယ်။ ငါ့လက်ကလွတ်.....ဗြွတ်။

အဲဒီ နောက်တယောက်က ကျနော်ရေးတာဖတ်ပြီး မျက်လုံးပြူးသွားတယ်။ ပါးစပ်ကလည်း...

“ဟေ့လူ၊ ဒီကဒ်က နိုမဲလ်အတွက်မဟုတ်ဘူး။ ဘော့စ်ရဲ့ အနှစ်ငါးဆယ်ပြည့်မွေးနေ့အတွက် အမှတ်တရ ပေးမယ့်ကဒ်။ သူများရေးထားတာတွေလည်း သေသေချာချာ ဖတ်ကြည့်ဦး” တဲ့။ ဂိန်....။

ဟုတ်ပါ့ဗျား။ သေသေချာချာ ပြန်ကြည့်တော့မှ ဘော့စ်အတွက် မွေးနေ့ကဒ်ကြီး ဖြစ်နေတယ်။ သွားပြီ....အကျိုးတော့နည်းကုန်ပြီ။

ကဒ်ဝယ်လာတဲ့ အမျိုးသမီးက ကျနော့်ကို ပူညံပူညံလုပ်တော့တာပေါ့။ ဘာကြောင့် ဒီလောက်တောင် နမော်နမဲ့ နိုင်ရသလဲပေါ့လေ။ ၁၅ ဒေါ်လာတောင်ပေးရတဲ့ ကဒ်ဆိုဘဲ။ နောက်ပြီး အဲဒီ ဒီဇိုင်းက တခုတည်း ကျန်တော့တာတဲ့။ အဲဒါနဲ့ ကျနော်လည်း စင်္ကာပူအစိုးရရဲ့ လက်သုံးစကားကို ယူပြီး တောင်းပန်ရပေသပေါ့။ “ ရိုးရိုးသားသားမှားတာပါခင်ညာ (honest mistake)” ပေါ့လေ။

ဘုရား...ဘုရား...ကံသီပေလို့။ ကျနော်ရေးထားတာကို ဟိုပုဂ္ဂိုလ် မြင်ခဲ့လို့သာပေါ့နော်။ မဟုတ်ရင် ဘော့စ်က “ဒီကောင်၊ ငါ့မွေးနေ့မှာ သက်သက် နိမိတ်မရှိ၊ နမာမရှိ ငါ့ကို သေခိုင်းနေတာလားမသိဘူး” လို့ တွေးချင် တွေးနေဦးမှာ။ သူက ရှေးရိုးစွဲ တရုတ်လူမျိုး။ အယူကသီးတတ်ပါဘိသနဲ့။ အလုပ်ကနေ ခေါင်းနဲ့ ဆင်းရမယ့်ကိန်းဘဲ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလည်း အဲသလိုဘဲ နမော်နမဲ့ နိုင်မှုကြောင့် အတော်ကြီးကို စိတ်ကသိကအောက် ဖြစ်လိုက်ရသေးတယ်။

အဲဒီတုန်းက မဒမ်ပေါက NUS မှာ ကျောင်းတက်နေဆဲ။ စာမေးပွဲဖြေကာနီးတညမှာ ညစာစားရင်း မဒမ်ပေါတယောက် လည်ချောင်း ငါးရိုးစူးပါလေရော။ အဲဒါနဲ့ ဆေးခန်းကိုပြေးတော့ ဆေးခန်းကလည်း မတတ်နိုင်။ ဆေးရုံကို ထပ်ဆင့် ညွှန်းတာကြောင့် NUH အရေးပေါ်ဌာနကို ညကြီးမင်းကြီးပြေးရတယ်။

ဖြစ်ချင်တော့ အဲဒီတုန်းက SARS လို့ခေါ်တဲ့ ကူးစက်ရောဂါတမျိုး အာရှမှာ စတင်ဖြစ်ပွားနေချိန်။ စင်္ကာပူဆေးရုံတွေမှာ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကို အဲသည်ညကမှ အပူတပြင်း စတင်ပြင်ဆင် ချမှတ်နေတဲ့အချိန်ပေါ့ဗျာ။

အရေးပေါ်ဌာနရောက်တော့ အထဲဝင်မယ့် လူတိုင်း အမည်တို့၊ အိုင်စီနံပါတ်၊ ဖုန်းနံပါတ် စတာတွေ ဖြည့်။ ပြီးတော့ ကိုယ်အပူချိန်တိုင်းဘို့ ဒစ်ဂျစ်တယ် သာမိုမီတာ တချောင်းစီ ထုတ်ပေးတယ်။ အခုနောက်ပိုင်းမှာလို နားထဲထိုးထည့်ပြီး တစက္ကန့်လောက်အတွင်း တွီကနဲ တိုင်းလို့ရတဲ့ အနီအောက်ရောင်ခြည် သာမိုမီတာကို အဲဒီညက မသုံးကြသေးဘူးခင်ဗျ။

အဲ...ကျနော့်လက်ထဲရောက်လာတဲ့ သာမိုမီတာပေါ်မှာ အသစ်စက်စက် ပလပ်စတစ်အိပ် အကြည်သားလေး စွပ်လို့ဗျ။ အဲဒါကို ကြည့်ရင်း ကျနော့်စိတ်ထဲမယ် “သြော်...စင်္ကာပူနိုင်ငံများ ချမ်းသာလိုက်တာ။ ဒစ်ဂျစ်တယ်သာမိုမီတာတောင် တခါသုံး အသစ်စက်စက် တယောက်တချောင်း ပေးနိုင်ပေတယ်...”လို့ ရွှေဥာဏ်တော် စူးရောက်ပြီး တွေးတယ်။ အဲဒါနဲ့ဘဲ အပေါ်က ပလပ်စတပ်အကြည်သားအိတ်ကလေးကို အသာချွတ်။ ဘေးက အမှိုက်ပုံးထဲကို ဖတ်ကနဲ ပစ်ထည့်။ ပြီးတော့ သာမိုမီတာကို ပါးစပ်ထဲမှာ ထည့်ငုံရင်း ခုံတန်းကုလားထိုင်မှာ မိန့်မိန့်ကြီး လက်ပိုက်ထိုင်ကာ စင်္ကာပူဆေးရုံရဲ့ ၀န်ဆောင်မှုကို အကျေနပ်ကြီး ကျေနပ်နေတယ်။

အဲဒီလို ငုံထားစဉ်အခိုက်မှာ မျက်စိက ဘာကိုသွားမြင်သလဲဆိုတော့ ဘေးဘီက တခြားလူတိုင်းဟာ ဘယ်သူမှ ကျနော့်လို ပလပ်စတစ်အိတ်အစွပ်ကို မချွတ်ဘူးခင်ဗျ။ နံဘေးမှာထိုင်နေတဲ့ မဒမ်ပေါ ကအစ လူတိုင်းအသီးသီး ပလပ်စတစ်အိတ်နဲ့တကွသော သာမိုမီတာ ကိုယ်စီငုံထားတာကို မြင်ရတော့တာကိုး။ အမယ်မင်း....ကိုယ်ကျိုးတော့ နည်းပါပေါ့လား။ သာမိုမီတာက ကျနော်ထင်သလို အသစ်စက်စက်မဟုတ်။ အပေါ်က ပလပ်စတစ်အိတ်အစွပ်ကသာ တခါသုံး။ အဲသည်အစွပ်ကိုသာ အသစ်လဲလှယ်တပ်ဆင်ပေးတာကိုးဗျ။ အဲဒီတော့ကျမှ ကိုယ့်အတွေးခေါင်ပုံ၊ နမော်နမဲ့ နိုင်ပုံကို ကိုယ့်ဘာသာ သတိထားမိတော့တယ်။ စိတ်ထဲမှာလည်း “ဟယ်.....အ လိုက် ထူ လိုက်တဲ့ ငါပါလား”ပေါ့လေ။

ပြီးတော့ လူတကာ ပါးစပ်ထဲ ထည့်ထားတဲ့၊ လူတကာ လက်နဲ့ ကိုင်ထားတဲ့ ဆေးရုံက သာမိုမီတာကြီးကို ပလပ်စတစ်အစွပ်မပါ၊ ဘာမပါ ငါ့ပါးစပ်ထဲ ငုံထားမိချေပေါ့...ဆိုပြီး ချက်ခြင်း ကိုယ်ပူတက်ချင်လာသလိုလို၊ ဖျားချင်လာသလိုလို၊ ခန္ဓာကိုယ်နေရာအနှံ့အပြားက ဟိုနားကယားသလိုလို၊ ဒီနားက ယံသလိုလို ဖြစ်လာတော့တာကိုး။ အဲသည်တုန်းက စိတ်ဒုက္ခရောက်လိုက်တာများ မပြောပါနဲ့တော့။ တလလောက်ကြာတဲ့အထိ စိုးရိမ် ပူပန်စိတ်တွေ နှိပ်စက်တာကို လိမ့်နေအောင် ခံလိုက်ရသပေါ့ဗျာ။

ကံကောင်းထောက်မလို့ အဲသည်တုန်းက ရောဂါကူးတာမခံလိုက်ရပါဘူး။ နို့မဟုတ်ရင် သတင်းစာမျက်နှာဖုံးမှာ ကိုယ့်ဓါတ်ပုံကြီးနဲ့ ခေါင်းကြီးသတင်းပါချင်ပါလာဦးမှာ။ “သာမိုမီတာကို တခါသုံးမှတ်ထင်၍ ပလပ်စတစ်အစွပ်ချွတ်ကာ ငုံမိသဖြင့် ရောဂါကူးစက်ခံရသော အူတူတူ လူနာ” ဆိုပြီးတော့လေ။ အောင်မယ်လေး.... နာမည်ပျက်လိုက်မယ့်ဖြစ်ခြင်း။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ နမော်နမဲ့နိုင်ခြင်း၊ ပျံ့လွင့်ခြင်း ကင်းရှင်းကြပါစေ.......။
Read more

“သမီး”




“သမီး ဒီမှာကြည့်စမ်း။ ဒါဖေဖေ့ ဘလော့ဂ်လေး။ ဒီမှာ ပိတောက်ပန်းလေးတွေ တွေ့လား။ မလှဘူးလား”

အခန်းထဲသို့ သူ့အမေအား စာမေးရန် ၀င်လာသော သမီးအား ကျနော်က ကွန်ပြူတာရှေ့ထိုင်ရင်းမှ ကျနော့်ဘလော့ ဘန်နာအား ညွှန်ပြရင်း လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သမီးသည် ယခုမှ ခြောက်နှစ်သာသာ။ သည်နှစ်မှ စင်္ကာပူမှာ မူလတန်း စတက်နေသူ။

“အင်း... လှတယ်။ ဒါမဲ့ (= ဒါပေမယ့်) တခုတော့ မေးစရာ ရှိတယ်”

ဘုရားရေ။ ပြောပုံက ကြီးကျယ်လှချည်လား။ ကျနော် နည်းနည်းမျက်လုံးပြူးသွားသည်။ ဘာများမေးတော့မှာပါလိမ့်။ ဟိုတနေ့ကလည်း ကျနော် အိမ်ရှေ့မှာ ထိုင်နေတုန်း အိပ်ခန်းထဲ ၀င်သွားပြီး ဖွင့်ထားသော ကွန်ပြူတာ စခရင်ပေါ်က စာကို အော်ဖတ်ပြီး ထွက်လာသည်။

“Ko Paw said... တဲ့”

ဘလော့ဂ်တွေမှာ ကျနော် ကွန်မင့် ပေးထားတာကို သူဖတ်တတ်သလောက် ခဏရပ် ဖတ်ပြီး ထွက်လာခြင်း ဖြစ်သည်။ သမီးသည် မြန်မာစာကိုတော့ မဖတ်တတ်သေး။ သို့သော် မြန်မာစကားကို မွှတ်နေအောင်တတ်သည်။

သို့နှင့် ယခုလည်း သူက မေးခွန်းမေးစရာ ရှိသည်ဆို၍ “ မေးလေ။ ဘာမေးမလဲ”

“သစ်ကိုင်းက ဘယ်နားပျောက်နေလဲ”

ကျနော်နဲ့ ဇနီး နှစ်ဦးစလုံး ပွဲကျသွားသည်။ သူအစချီလာတုန်းကတော့ ကြီးကြီးကျယ်ကျယ် “တခုတော့ မေးစရာ ရှိတယ်” ဆိုပြီး စလာသည် မဟုတ်ပါလား။ ဘာဘဲဖြစ်ဖြစ် ကျနော့် ဘန်နာမှာ မြင်ရသလောက် ပိတောက်ကိုင်းကလေးကို ခေါ်ပြလိုက်ရသည်။

ကျနော်တို့သည် အိမ်တွင် အားလုံး မြန်မာလို ပြောဆိုကြသဖြင့် သမီးသည် အရွယ်နှင့် မလိုက်အောင် မြန်မာဝေါဟာရ ကြွယ်ဝသည်။ သမီး သုံးနှစ်အရွယ်က စင်္ကာပူသို့ စရောက်ပြီး မကြာခင် တနေ့တွင် ကျနော်သည် သမီး၏ ဗဟုသုတကို စမ်းသပ်လိုသဖြင့် ကွန်ပြူတာရှေ့ သို့ခေါ်ကာ ဂီတ သင်္ကေတ ကလေးများကို သမီးအားပြ၍......

“သမီး၊ ဒါ ဘာလေးတွေလဲ သိလား”

သမီးက ပြန်ဖြေသည်မှာ “သိတယ်လေ။ အဲဒါ တီးလုံး လေ၊ တီးလုံး”

ကျနော်တို့မှာ သမီးအဖြေကို နှစ်သက်၍ မဆုံး။ ကြည့်စမ်း။ ဘယ်လောက် ဗမာဆန်လိုက်သ လဲ။ အဲဒီ အဖြေကို ကျနော်ပင် မစဉ်းစားမိ။

သမီးက သူ့အဖွားနှင့် အတူ တခန်းထဲ အိပ်ပြီး သူ့အဖွားနဲ့ အနေများသဖြင့် သူ့အဖွား လေသံတွေလည်း သူ့ထံမှာ ရှိသေးသည်။

ကျနော်တို့မှာ ရုံးပိတ်ရက်များ၌ စင်္ကာပူက လူများထုံးစံ ညဥ့်နက်အောင်နေပြီး မနက်နေမြင့် အောင်အိပ်ကြရာ တရက်တွင် သမီးက...

“ဖေဖေနဲ့ မေမေက ဇီးကွက်တွေ။ ညဘက်ဆို မအိပ်ဘူး၊ မိုးလင်းရင် အိပ်ပြီ”

ထိုအခါ ကျနော်က “ဟုတ်ပါပြီ။ ဖေဖေတို့က ဇီးကွက်ဆိုရင် သမီးကရော”

“မီးနဲ့ ဖွားနဲ့ကတော့ ရိုးရိုးညှက်တွေပေါ့”
(ညှက် = ငှက်။ ဖွား = အဖွား)

ကဲ....ကလေးတွေများ ဘယ်လောက်ချစ်ဘို့ကောင်းသလဲ။

သမီး အင်္ဂလိပ်စာတွေ စလေ့လာတော့ ရယ်စရာဖြစ်ရပ်တခုကိုလည်း ကျနော်မှတ်မိသေး သည်။ ကျနော်သည် အစသန်သူဖြစ်ရာ သမီးနဲ့ အမြဲတစေ “အီး..ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော၊ အီးဖိုးတရားဟော၊ ဟောလို့မကြေ၊ သင်္ဘောရေ၊ ထန်းရေသောက်တဲ့ ကိုကြာဝိုင်း....ဒိုင်း...ရွှတ်...ဘွှတ်” လုပ်ကာ သမီးအား စလေ့ရှိသဖြင့် သမီးကလည်း ဤပေါက်ကရ ရှစ်ဆယ် လင်္ကာကို အလွတ်ရနေခဲ့သည်။ သို့နှင့် သူအင်္ဂလိပ်စကားလုံးတွေ တတ်ပြီး သိပ်မကြာခင် ထုံးစံအတိုင်း “အီး....ဘယ်သူပေါက်” လုပ်ကြပြန်သည်။ သမီးက သူဆိုမည်ဆိုကာ စဆိုသည်က “အီး...ဒဗလျူပေါက်” တဲ့။ ပြီးတော့ သူ့ဟာသူ မှားမှန်းသိကာ ခိုးခိုးခစ်ခစ် ရယ်လေတော့သည်။

သမီးသည် တဦးတည်းသမီးဖြစ်၍လောမသိ။ သည်အရွယ်ထိ ကလေးလုပ်ကာ လူကြီးကို ချွဲနွဲ့ချင်သည်။ အခုအရွယ်အထိ စကားကို မပီကလာ ပီကလာ ပြောလေသည်။ ကျနော်က စချင် နောက်ချင် ၍ မပီကလာ ပီကလာ ပြန်ပြောလျှင်တော့ ချက်ချင်းပီအောင် ပြင်ပြော တတ်သည်။

တနေ့က သမီးတို့ ကျောင်းက လိုင်ဘရီကဒ်ထုတ်ပေးလိုက်သည်။ ကဒ်ရပြီးနောက်တနေ့ ရုံးပိတ်ရက်ဖြစ်ရာ လိုင်ဘရီကို လိုက်ပို့ဘို့ ပူဆာလေတော့သည်။ လိုင်ဘရီသို့ သွားကာနီး ကဒ်ပေါ်တွင် ရေးထားသော သူ့အမည်ကို သူဘာသာဖတ်ပြီး သမီး၏ အလန့်တကြား ရေရွတ်လိုက်သံကြောင့် ကျနော်၊ ဇနီးနှင့် အဖွား အားလုံး ပွဲကျသွားသည်။

သမီး၏ ရေရွတ်သံမှာ....

“ဟင်.....။ မီးနာမည်ကရှေ့မှာ ဘာလို့ Ms ဖြစ်နေရတာလဲ။ မီးက မင်လာမှ အဆောင်ရ သေးတာ” ဟူသတည်း။

(မှတ်ချက်။ ။ မင်လာ = မင်္ဂလာ။ အဆောင်ရသေး= မဆောင်ရသေး)

မှတ်ချက်။ ။ သမီးအား Ms သည် Miss ရဲ့ အတိုကောက် ဖြစ်ပြီး Mrs နှင့် မတူကြောင်းကို သူ့အမေက ရှင်းပြလိုက်ပါသည်။
Read more

Close to you

ယနေ့သည် နှစ်ပတ်လည်နေ့ဖြစ်သည်။

ကျနော့်အချစ်ကို သူမက စတင်လက်ခံလိုက်ခြင်း၏ နှစ်ပတ်လည်နေ့ဖြစ်သည်။


လွန်ခဲ့သည့် ရှစ်နှစ်က ကျနော်သည် သူငယ်ချင်းများနှင့် အတူ West Coast Rise တွင် အိမ်တလုံးငှား၍ စုနေဖြစ်သည်။ သူမက ဗမာပြည်မှာ။ ကျောင်းမှာဘဲ ဆရာမ ၀င်လုပ်နေဆဲ။ အဆောင်ဖုန်းကို လူခြေတိတ်မှ ခေါ်ပါဟု မှာထားသဖြင့် တနာရီခွဲစောသော စင်္ကာပူမှ ကျနော်က တော်တော်လေးညဥ့်နက် တဲ့အထိ စောင့်ရသည်။ ကျနော့်တို့အိမ်တွင် လူရှုပ်လှသည်ဖြစ်၍ အိမ်ဘေးနားရှိ ရေကူးကန်လေးမှာ သွားပြောရသည်။ (ဖုန်းပြောလျှင် အငြိမ်မနေ၊ လမ်းလျှောက်ပြော တတ်သော ကျနော့်ထုံးစံအတိုင်း) ရေကူးကန်ကို ပတ်ချာလှည့် လမ်းလျှောက်ရင်း ဖုန်းပြောရသည်။ မှတ်မှတ်ရရ ထိုနေ့က လကလည်း တော်တော်သာနေသည်။

“ကိုကို၊ ၀မ်းသာတော့နော်” တဲ့။

သည်လိုနှင့် ကျနော်တို့နှစ်ယောက် ချစ်သူတွေဖြစ်လာခဲ့သည်။

ကျနော့်ချစ်သူသည် သဘာဝ ပတ်ဝန်းကျင်နှင့် ငှက်ကလေးများကို ချစ်တတ်သူဖြစ်သည်။ သွားရင်းလာရင်း ငှက်ကလေးများကိုတွေ့လျှင် စိတ်ဝင်တစား လိုက်လံကြည့်ရှုတတ်သည်။ ကင်မရာပါလျှင် စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်ယူတတ်သည်။ တယ်လီဗီးရှင်းတွင် လိုင်းများ တခုကနေ တခု ပြောင်းရင်း လိုင်းတခုခုမှာ ငှက်ကလေးများအကြောင်း လာနေသည်ကိုတွေ့လျှင် ထိုလိုင်းကိုဘဲ ဆက်ကြည့်ဘို့ ပူဆာတတ်သည်။

တခါတခါကျတော့ ကောင်းကင်တွင် အပူအပင်ကင်းစွာ၊ လွတ်လပ်စွာ ပျံသန်းသွားသော ငှက်ကလေးများကို ကြည့်ပြီး၊ “ ချစ်လေးတော့ နောက်ဘ၀ကျရင် ငှက်ကလေးဘဲ ဖြစ် ချင်တယ်။ ကိုကိုရောဟင်” သည်လိုမေးတတ်သည်။

ထိုအခါ ကျနော်မည်သို့ ပြန်ဖြေသည် ထင်သနည်း။

“ချစ်လေး ငှက်ကလေးဖြစ်ရင် ကိုကိုက နွားကျောင်းသားလေး ဖြစ်ချင်တယ်။”

(ကျနော့်တွင် ရှိသော မကောင်းသော ဉာဉ်တမျိုးမှာ အကျီစားသန်ခြင်းဖြစ်သည်။)
ကျနော်က ဒါလောက်နဲ့ မပြီးသေး။

“နွားကျောင်းသားငယ်၊ ကျော့ကွင်းကိုတည်၊ ဘယ်...ဘယ်ကိုရယ်နှက်၊ လည်ပင်းအထက် ခေါင်းကိုနှက်လို့၊ ဘယ်...ဘယ်ကိုရယ်ခွဲ၊ ရင်ကိုခွဲလို့၊ ရှားမီးခဲတွင် ရဲရဲကင်” ဆိုတဲ့ ကဗျာလေးကို ဆက်ဆိုတတ်တာမျိုးဆိုတော့ ကျနော်ဟာ ဘယ်လောက်ထိ မကောင်းတဲ့သူလည်း စဉ်းစားသာကြည့်ကြပေတော့။

ဘာဘဲဖြစ်ဖြစ် သူမက ကျနော့်ကို ဘယ်ကိစ္စနှင့် ပတ်သက်၍မှ စိတ်မဆိုးတတ်ပါ။ ရယ်မောခွင့်လွှတ်တတ်သည်။ ကျနော်ကသာ မကြာခဏ ဒေါသထွက်တတ်၊ စိတ်ဆိုး တတ်၊ စိတ်ကောက်တတ်လေသည်။ (တနင်္ဂနွေသားလေ။ ဆံပင်ရော၊တင်ရော၊ စိတ်ရော အားလုံးကောက်တယ်။) ဒါပေမယ့် ကျနော့် ဒေါသကလည်း တခဏပါ။ ခဏ နေရင် ပြန်ကောင်းသွားရော။

သြော်... အခုတော့ နှစ်တွေလည်း ရှည်ကြာလာခဲ့ပြီ။ ယခုဆိုလျှင် ကျနော်တို့နှစ်ယောက် အကြား သံယောဇဉ်ကို ပိုမိုခိုင်မာစေမည့် ခြောက်နှစ်အရွယ် သမီးလေးတဦးလည်းရှိပြီ။ မိသားစုအသေးစားလေးတခု ဖြစ်လာပြီ။ ကျနော်ငယ်ရွယ်စဉ် ကတည်းက စိတ်ကူး ယဉ်ဘူးသော မိသားစုလေးမျိုး။ နှစ်ဦးသား အမှတ်တရများအပြင် မိသားစု အမှတ်တရ များကိုလည်း ပိုင်ဆိုင်ခဲ့ရပြီ။

ကျနော် တက္ကသိုလ်ကျောင်းသားဘ၀က အတန်းထဲတွင် သူမအား သီချင်းလေးတပုဒ် ပေးမည်ပြောကာ ထိုစဉ်က မပေးဖြစ်ခဲ့။ Carpenters အဖွဲ့ရဲ့ Close to you သီချင်း လေးမှ အဖွင့်စာသားလေးအား နှစ်ပတ်လည် အမှတ်တရအဖြစ် ပို့စ်အဆုံးသတ်တွင် ဖော်ပြလိုက်ပါသည်။

“Why do birds suddenly appear
Every time you are near?
Just like me, they long to be
Close to you……………………….”
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs