Showing posts with label People. Show all posts
Showing posts with label People. Show all posts

“နေဘုန်းလတ်သို့ ….“


နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။

မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။

မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိ ချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့ မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူတစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ် ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင် မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စီညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလော့ဂါရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

(ကိုပေါ၏ ဖြည့်စွက်ချက်။ ။ နေဘုန်းလတ်ကို လူကိုယ်တိုင် မမြင်ဘူးပါ။ မြင်ဘူးလျှင်လည်း လူနှင့် နာမည်တွဲမသိခဲ့။ ကိုယ်က ဘလော့လောကထဲ ရောက်လာသည်မှာ မကြာသေးတာလည်း ပါသည်။ နာမည်ကတော့ ဘလော့ဂါမိတ်ဆွေများ နှုတ်ဖျားမှာ မကြာခဏ ကြားရတတ်သည်။ သည်လိုနှင့် သူ့နာမည်ကို ကြားရသည့် အကြိမ် အရေအတွက် တဖြည်းဖြည်း ပိုစိတ်လာသည်။ ဇင်ကိုလတ်နဲ့ နေဘုန်းလတ် ဆိုပြီး လတ် ၂ လတ်ရှိပုံကိုလည်း သိခဲ့ရသည်။ ခင်မင်သူ၊ ချစ်ခင်သူများပြားသူ အနုပညာသမားတယောက် ဖြစ်ကြောင်းရိပ်စားမိလာသည်။ ယခု သူအထိန်းသိမ်းခံရတော့ ကျနော်စိတ်မကောင်း။

လူငယ်တယောက်၊ အနုပညာသမားတယောက်ကို ဘာအပြစ်မှ မယ်မယ်ရရမရှိဘဲ ဥပဒေမဲ့ ထိန်းသိမ်းခြင်းကို ကျနော် အပြင်းအထန် ကန့်ကွက်ပါသည်။ လူတယောက်၏လွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းဖြင့် ဘယ်သို့ဘယ်ပုံ ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မည်လဲဟု ထိန်းသိမ်းထားသော အာဏာပိုင်များကို မေးချင်ပါသည်။ လူငယ်တွေ၏ အနာဂတ်ကို အိပ်မက်များကို ဖျက်ဆီးပစ်နေခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်ကို ဘယ်လိုတည်ထောင်မလဲဟု မေးချင်ပါသည်။ အို......နိုင်ငံအတွက်တွေ ဒီမိုကရေစီအတွက်တွေ အသာထားလို့ ကိုယ်ချင်းစာ တရားနဲ့ဘဲ စဉ်းစားကြည့်ပါဦးတော့။ သင်တို့တူ၊ သင်တို့သား၊ သင်တို့ညီကို အခုလို မတရားသက်သက်ဖမ်းချုပ်လျှင် သင်တို့ စိတ်ကောင်းနိုင်ပါမည်လား။ ဘယ်လိုနှလုံးသားနဲ့များ လူငယ်များစွာရဲ့ အိပ်မက်တွေကို နင်းခြေဖျက်ဆီးရက်သလဲ။

နေဘုန်းလတ်ရဲ့ မိတ်ဆွေ၊ ဘလော့ဂ်ရေးဖော် မြန်မာလူငယ်များအတွက် နေဘုန်းလတ် ဘလော့ဂ်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သူတို့ ခင်တဲ့ “မြို့စားကြီး” ဓါတ်ပုံလေးကို ကြည့်ပြီး ပုံကလေးတပုံ ဆွဲပေးလိုက်ပါတယ်။)

Read more

“မအိုသေးတဲ့သူ”

ဆရာအောင်သင်းအမည်ကို စတင်ကြားဘူးသည်မှာ ကျနော် ၇ တန်းကျောင်းသားဘ၀က ဖြစ်သည်။ မကွေးတိုင်းကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ ကျနော်တို့ မြို့နယ်ကိုယ်စား ခြင်းလုံးအဖွဲ့နှင့် မကွေးမြို့သို့ လာပြိုင်ရသည်။ ညဘက်လျှောက်လည်သောအခါ မြို့လယ်ပန်းခြံတွင် စာပေဟောပြောပွဲ ကြော်ငြာ ဆိုင်းပုဒ်ကြီး ဟီးနေအောင်ချိတ်ထားတာ တွေ့ရသည်။ စာရေးဆရာ တယောက် အမည်က အောင်သင်း(တောင်တွင်း) တဲ့။ ကျနော့်မှာ ထိုအရွယ်တွင် ၀တ္ထုတိုရှည်များ၊ ဆောင်းပါးများကို တော်တော်ဖတ်နေပြီဖြစ်သော်လည်း ဆရာ့နာမည်ကို မရင်းနှီး။ ချိုတကူးနှင့် ဂုဏ်ရည်မတူကို အမတွေ၏ ကျောင်းသုံးလက်ရွေးစင် စကားပြေစာအုပ်မှာ ဖတ်ဘူးသော်လည်း ဆရာရေးမှန်းသတိမပြုမိ။

နောက်ပိုင်း စာစီစာကုံးနှင့် ပတ်သက်သော ဆရာ့စာအုပ်တွေ မြင်တွေ့လာတော့လည်း မှတ်မှတ်ထင်ထင် မရှိလှသေး။ စာစီစာကုံးရေးနည်းညွှန်ပြသည့် မြန်မာစာဆရာ တဦးမျှသာ ထင်မိခဲ့သည်။

သို့သော် ဆရာက လစဉ်ထုတ် မဂ္ဂဇင်းတခုတွင် “ကျနော့်အကြိုက်ဆုံးဝတ္ထုတို” များကို ဖတ်ညွှန်းပုံစံ စရေးလာသောအခါ ဆရာနှင့် စတင်ရင်းနှီးလာသည်။ ဆရာညွှန်းသည့် ၀တ္ထုတိုတွေကို ဖတ်ရင်း နှစ်သက်ရင်း ဘာကြောင့်နှစ်သက်ရသလဲဆိုတာပါ ခွဲခြားသိရှိလာသည်။ သည့်နောက်မှာတော့ “မအိုသေးတဲ့သူ” က စလို့ ဆရာရေးသည့် ရသ စာတမ်းငယ်များကို မဂ္ဂဇင်းများတွင် စောင့်ဖတ်ရင်း ဆရာ့ပရိတ်သတ်လုံးလုံးဖြစ်လာသည်။

သို့သော် ထိုအချိန်အထိ ဆရာ၏ ခွဲခြားစိတ်ဖြာတတ်ခြင်း၊ ဆိုလိုချက် ပေါ်လွင်အောင် ထိထိမိမိရေးတတ်ခြင်း နှင့် ဆရာ၏ အနုပညာ တို့ကို နှစ်သက်ခြင်းသက်သက်ထက် မပိုသေးချေ။

နောက်ပိုင်းဆရာ့စာပေဟောပြောပွဲအခွေများ ခေတ်စားလာသည့်အချိန်တွင် ဆရာ၏ အယူအဆ၊ သဘောထားတို့ကို နှစ်ခြိုက်လှ၍ မိမိကိုယ်ကို ဆရာ့တပည့် အဖြစ်ပါ အလိုအလျောက် ခံယူမိပါသည်။ မကွေးဟောပြောပွဲတွင် ကာယသတ္တိနှင့် စာရိတ္တသတ္တိတို့ကို ဆရာက ဥပမာ ဥပမေးယျတို့ဖြင့် နှိုင်းယှဉ်ဖော်ပြသွားသည်မှာ အင်မတန် မှတ်သားစဖွယ်ဖြစ်သည်။ ကာယသတ္တိမှာ လေ့ကျင့်မွေးမြူပေးရန် အင်မတန်လွယ်သော်လည်း စာရိတ္တသတ္တိမှာမူ အင်မတန်ခက်ခဲကြောင်းကို ပရိသတ် နားလည်လွယ်သော ဥပမာများဖြင့် ဟောသွားသည်။ ထို့နောက် ပညာ အရေးကြီးပုံကိုလည်း ဆရာသည် အလေးအနက် ဇောင်းပေး ဟောပြောသည်။ ဆရာပြောသော အကြောင်းအရာများသည် အင်မတန် လေးနက်သော အကြောင်းအရာများဖြစ်သော်လည်း နားထောင်ရသည်မှာ ငြီးသည်မရှိ။ ဆရာဟာသဉာဏ်အလွန်ရွှင်ရာ ဆရာ့ဟောပြောပွဲများတွင် ပရိတ်သတ်မှာ တဝေါဝေါ တသောသောရှိလေသည်။ လူက တိရိစ္ဆာန်ထက်သာသောအချက်ကို ငါး၊ ပျား စသည့် ဥပမာများဖြင့် ပြောပြသောအခါ ပရိသတ်မှာ တ၀ါးဝါး တဟားဟားနှင့် ပွဲကျမဆုံးအောင် ရှိသည်။

သည့်နောက်ပိုင်းမှာတော့ ဆရာသည် လူငယ်မျိုးဆက်သစ်အတွက် ပညာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးအတွက် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

ဆရာသည် ခေတ်ကို ပြုပြင်လိုစိတ်ရှိသူ၊ လူငယ်တို့၏ ကမောက်ကမ ဖြစ်နေသော ဘ၀တွေကို တည့်မတ်ပေးလိုသော ဆန္ဒရှိသူတဦး၊ တနည်းအားဖြင့်ဆိုရလျှင် လောကကို အလှဆင်လိုသူ၊ လောကကို ကောင်းကျိုးပြုလိုသူ တဦးဟု ကောက်ချက်ချမိပါသည်။ ကျနော်တို့သည် ကျနော်တို့ ဖတ်ဘူးသော စာများ၊ တွေ့ဘူးသော လူများက ကျနော်တို့၏ ဘ၀အား တမျိုးတဖုံ ပြောင်းလဲစေသည်၊ အကျိုးသက်ရောက်မှု ရှိစေသည်ဆိုလျှင် ဆရာအောင်သင်းသည်လည်း ကျနော့်ဘ၀အပေါ် ကောင်းသော အကျိုးသက်ရောက်မှုရှိစေသူဟု ယူဆပါသည်။ ကျနော် ဆယ်တန်းအောင်ပြီး ကျောင်းတွေ အကြာကြီးပိတ်ထားသည့်တိုင် ကျောင်းပြန်ဖွင့်သောအခါ တက္ကသိုလ်သို့ ဆက်လက်တက်ယူချင်သေးသော အာသီသရှိသေးသည်မှာ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာအောင်သင်းတို့၏ အတွေးအခေါ်များ၊ အယူအဆများ မိမိ၏ သဏ္ဍာန်အတွင်းသို့ မသိမသာ စိမ့်ဝင်နေခဲ့၍လည်း ဖြစ်နိုင်ပေမည်။

ဆရာ့ကို အပြင်တွင် လူကိုယ်တိုင် တခါသာတွေ့ဘူးသည်။ အဲသည်တုန်းက ရှစ်လေးလုံး အရေးအခင်းဖြစ်ပြီး ကျောင်းတွေ အကြာကြီးပိတ်ထားတုန်း ထင်ပါရဲ့။ အညာကို ခဏပြန်သွားတော့ လမ်းခရီးမှာ အဝေးပြေးကား ခေတ္တရပ်တုန်း (ပြလို့မှာထင်သည်) အိမ်သာသို့ အပေါ့အပါးသွားရန်ဆင်းသည်။ ကျနော်က အိမ်သာအသွား ဆရာက ကားဆီသို့ ပြန်အလာ လမ်းမှာ ဆရာနှင့် မျက်နှာချင်းဆိုင် ပက်ပင်းတွေ့မိသည်။ မဂ္ဂဇင်းဓါတ်ပုံတွေထဲမှာ ဆရာဝတ်နေကျ ဂျာကင်လေးနဲ့ပါဘဲ။ ကျနော်က ၀မ်းသာသွားပြီး “ ဆရာ၊ ဆရာအောင်သင်းမဟုတ်လား” ဟု မေးလိုက်ရာ ဆရာက ရပ်တန့်၍ “ဟုတ်ပါတယ်။ ကျနော်အောင်သင်းပါ” ပြီးတော့ ဆရာက ကျနော့်စကားကို ငံ့လင့်နေသည်။ ဆရာသည် လူငယ်တွေကို စိတ်ဝင်စားသူပီပီ ကျနော့်ကို အကဲခတ်နေလေသည်။ ကျနော်လည်း ရုတ်တရက်တော့ ဘာပြောရမှန်းမသိ၍ “ဆရာ့ကို ကျနော် မဂ္ဂဇင်းထဲမှာ မြင်ဘူးလို့ပါ” ဟုပြောလိုက်ရာ စကားဝိုင်းမှာ ဂွကျကျနှင့် ပြီးသွားပြီး အသီးသီး ကိုယ့်လမ်းကိုယ် ဆက်သွားခဲ့ကြသည်။ နောက်ပိုင်း ကျနော့်မှာ ဆရာနှင့် မျက်နှာချင်းဆိုင် တွေ့ခွင့်ရပါလျက်နဲ့ သည်လောက် စကားပါးရှားရသလားဟု ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးအောင် ဖြစ်မိပါတော့ သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဆရာအောင်သင်းအား စင်္ကာပူသို့ ဖိတ်ခေါ်ကာ စာပေဟောပြောပွဲပြုလုပ်ဘို့ ကျနော်တို့ စီစဉ်ကြသေးသော်လည်း စင်္ကာပူအစိုးရမှ ဟောပြောပွဲအတွက် ပါမစ်ချမပေးသဖြင့် နောက်ဆုံးအချိန်မှ ကပ်၍ အစီအစဉ် ပျက်သွားပါသည်။ (စင်္ကာပူအစိုးရမှ ပါမစ်ချမပေးရခြင်းမှာ ပါမစ်လျှောက်ထားသူက ဆရာအောင်သင်းအား ဝေဖန်ရေးဆရာ ဟု ဖော်ပြရာ ဝေဖန်ရေးဆို အင်မတန် ဖင်တုန်သော စင်္ကာပူအစိုးရက ပါမစ်အားချမပေးတော့ခြင်းဖြစ်သည်။)

တနေ့က စင်ကာပူ ပင်နင်ဆူးလား ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်ရောက်တော့ စာအုပ်စင်တွင် ဆရာအောင်သင်း၏ စာအုပ်များကို သီးသန့်နေရာပြုလုပ်ကာ ထားပေးသည်ကို တွေ့ခဲ့ရသည်။ ကျနော်လည်း မဖတ်ရသေးသော ရသစာတမ်းငယ်များ တအုပ်ကို ငှားခဲ့လေသည်။ အိမ်ရောက်တော့ ဖတ်ကြည့်တော့ ဆရာ့လက်ရာတွေကို နှစ်ခြိုက်မြဲပင်။ ဆရာ့အနုပညာက ကျနော့်အား ဖမ်းစားနိုင်ဆဲ။ ဆရာ့အတွေးအခေါ်က ကျနော့်အပေါ် လွှမ်းမိုးနိုင်ဆဲ။ ဆရာ အသက်ကြီးလာပြီဖြစ်သော်လည်း ဆရာ့လက်ရာတွေက အိုသည်မရှိ။ ဆရာရေးတဲ့ ရသစာတမ်းငယ် “မအိုသေးတဲ့သူ” လိုပင် ဖြစ်နေသည်။

ဆရာအောင်သင်းတယောက် ကျန်းမာစွာဖြင့် စာတွေ အများကြီးဆက်လက်ရေးနိုင်ပါစေဟု မေတ္တာပို့သလိုက်ပါသည်။
Read more

“လွယ်အိတ်တလုံးနဲ့.....”

အခုတလော သူနဲ့ကျနော် မကြာမကြာပြန်လည်ဆုံတွေ့မိပါတယ်။ တနေ့ညတုန်းကဆိုရင် တညလုံး သူနဲ့ဘဲအချိန်ကုန်သွားတယ်။

အမှန်တော့ နှစ်ပေါင်းများစွာ ဝေးကွာနေပြီးမှ ပြန်လည်ဆုံတွေ့ကြရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။ သူ့ကို ကျနော်စတင်ရင်းနှီးတော့ ကျနော်က အလယ်တန်းကျောင်းသားဘ၀မှာပါ။ နောက်ပိုင်း ဆယ်တန်းဖြေပြီးတော့ ကျောင်းတွေ အကြာကြီး ပိတ်ထားတုန်းမှာ သူ့ကို တော်တော်ဘဲ ထဲထဲဝင်ဝင် ရင်းနှီးလာခဲ့ပါပြီ။ အရွယ်ရောက်စ ကျနော့်အနေနဲ့ သူ့ကို မသိမသာ စွဲလမ်းစပြုလာပါတော့တယ်။

သူ ဆိုတာ ဘယ်သူလဲလို့ သိချင်နေကြပြီ ထင်ပါရဲ့။ တခြားမဟုတ်ပါဘူး။ စာရေးဆရာ၊ ဒါရိုက်တာ ဆရာ မောင်မိုးသူ ကို ပြောနေတာပါဗျိုး။ ဆရာ့ကို လူကိုယ်တိုင် အပြင်မှာ မမြင်ဘူးပါဘူး။ သူ့ရဲ့ စာအုပ်တွေကဘဲတဆင့် သိနားလည်ခွင့် ရတာမျိုးပါ။ သူ့ကိုစွဲလမ်းတယ်ဆိုတာ သူ့စာအုပ်တွေ၊ သူ့ဘာသာပြန်လက်ရာတွေကို စွဲလမ်းတာကို ပြောတာပါဗျိုး။

ကျနော်ဆရာ့လက်ရာတွေကို စဖတ်ရတာကတော့ ကျနော်အလယ်တန်းကျောင်းသားဘ၀က လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ ဆရာစတင်ရေးသားတဲ့ “လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်” ဆောင်းပါးတွေက စတာပါဘဲ။ အဲသည်ကတည်းက ဆရာ့ ဆောင်းပါးလေးတွေကို ကြိုက်နှစ်သက်ပြီး ဂရုတစိုက် စောင့်ဖတ်လေ့ရှိခဲ့တယ်။

မှတ်မှတ်ရရ ဆယ်တန်းကျောင်းသားဘ၀မှာ အင်းစိန် လမ်းသစ်လမ်းမဘေးမှာရှိတဲ့ ဂန္ထ၀င် စာကြည့်တိုက်ကနေ ဆရာဘာသာပြန်တဲ့ “ချစ်ပုံပြင်” (မူရင်းကတော့ Eric Segal's Love Story) စာအုပ်ကို ငှားဖတ်မိတယ်။ ကျနော်ကလည်း လူပျိုပေါက်အရွယ်၊ မူရင်းအချစ်ဝတ္ထုကိုယ်တိုင်က နာမည်ကြီးဝတ္ထု၊ နောက်ပြီး ဆရာ့ရဲ့ ဘာသာပြန် အရေးအသားကလည်း အင်မတန် ကောင်းမွန်လှတာမို့ ကျနော့်မှာ ၀တ္ထုဖတ်ရင်း မျက်ရည်ကျအောင် ငိုရတဲ့ ပထမဦးဆုံး ၀တ္ထုဆိုရင် မမှားပါဘူး။ “အချစ်ဆိုတာ ၀မ်းနည်းပါတယ်လို့ ပြောစရာမလိုတဲ့အရာပါ” လို့ အိုလီဗာ့ကို ဂျင်နီပြောခဲ့တဲ့ စကားလေးတွေကအစ ရင်ထဲမှာ ကျန်ရစ်နေခဲ့ပါ တယ်။ ၀တ္ထုထဲမှာ ဂျင်နီ က အိုလီဗာကို “အိုလီ” လို့ ချစ်စနိုးခေါ်တတ်တာ လေးကိုလည်း သတိရနေမိတယ်။

နောက်တော့ ဆရာ့ရဲ့ တခြားဘာသာပြန် လက်ရာ (မူရင်းစာရေးဆရာ ကင်းဖောလေးရဲ့ နာမည်ကျော် စပိုင်ဝတ္ထုတွေဖြစ်တ)ဲ့ “ကျားကုတ်ကျားခဲ” (Eye of the needle)၊ “ရေဘက်ခါသော့ချက်” (The Key to Rebecca) ၀တ္ထုတွေ၊ ၀ီလ်ဘာစမစ်ရဲ့ Mercenaries ကို ဆရာပြန်ဆိုတဲ့ “ကြေးစား” ၀တ္ထုတွေဟာ ဖတ်မိရင် လက်ကမချချင်အောင် ကောင်းမွန်တဲ့ ဘာသာပြန်ဝတ္ထုတွေ ဖြစ်လာပြီး ကျနော်ဟာလည်း ဆရာ့ရဲ့ အမာခံ ပရိသတ်တယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

ဆရာ့လက်ရာတွေ အပေါ် ကျနော်ဘယ်လောက်များ စွဲမက်သလဲဆိုရင် မလေးရှားမှာ ကျနော် အလုပ်လုပ်စဉ်က ကျနော့်အလုပ်လုပ်တဲ့နေရာနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ ကွာလာလမ်ပူက စာအုပ် အဟောင်းဆိုင် တဆိုင်ကို တကူးတက သွားပြီး The key to Rebecca ၀တ္ထုနဲ့ Mecernaries စာအုပ်တွေကို မရမက သွားရှာ ၀ယ်ခဲ့ပါတယ်။ ဒီစာအုပ်တွေကို ဆရာဘာသာပြန်ပုံကို မူရင်းနဲ့ တိုက်ဆိုင်ဖတ်ချင်လို့ပါ။ အဲသည်မှာ ဆရာရဲ့ ဘာသာပြန်စွမ်းရည်ကို သြချရတော့တာပါဘဲ။ “ရေဘက်ခါ သော့ချက်”စာအုပ်မှာ အာရပ်သူခိုး အဗ္ဗဒူလာ၊ သူ့ညီတော်မောင် ယာစက် နဲ့ အဲလက်စ်ဝူတို့ စကားပြောခန်းတွေမှာ ဆရာဘာသာပြန်ပုံဟာ အင်မတန် ပညာသားပါလှတာကို တွေ့ရပါတယ်။

အလားတူဘဲ “ကြေးစား” ၀တ္ထုမှာ ကြေးစားစစ်သား ၀ယ်လီဟင်နရီရဲ့ စကားတွေ၊ အမူအရာတွေကို ဆရာ ဘာသာပြန် ဆိုပုံ ညက်ညောလှတဲ့အတွက် ၀ယ်လီဟင်နရီရဲ့ စက်ဆုတ်စဖွယ် ဇာတ်ကောင်သရုပ်ဟာ အထင်းသား ကြွတက်လာပါတော့တယ်။

နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ အရင်က ဆရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လုပ်ဆောင်ခဲ့တာကို တစွန်းတစကြားသိခဲ့ဘူးပါတယ်။ အခု ကျနော် နိုင်ငံခြားကို ထွက်လာပြီးမှသာ ဆရာရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို အသေးစိတ် ထပ်မံသိရှိခွင့် ရခြင်းပါ။ အဲသည်လို သိရှိရတော့ ဆရာ့အပေါ် ယခင်လေးစားရင်းစွဲရှိပြီးသားမှာ ထပ်မံပြီး ပိုမိုလေးစားခဲ့ရပါတော့တယ်။

ဆရာ နောက်ပိုင်းရေးဖြစ်တဲ့ “လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်” ဆောင်းပါးတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့ စာအုပ်ကိုတွေ့လို့ ၀ယ်ဖတ်ဖြစ်တယ်။ အမာ့ကို ဆရာနောက်ဆုံးအနေနဲ့ သွားတွေ့တဲ့ ဆောင်းပါးလေးကို ဖတ်မိတော့ ကျနော့်အနေနဲ့ ဆရာပေးချင်တဲ့ သံဝေဂကို မရနိုင်ဘဲ ရင်ထဲမှာ မချိတင်ကဲ ၀မ်းနည်းရပါတယ်။ ဆရာ့မိတ်ဆွေတွေ ရေးတဲ့ ဆရာ့အကြောင်းကိုလည်း မိုးမခမှာ ဖတ်ရတယ်။ ဆရာ့အကြောင်းကို ပိုနားလည်လာရသလိုဘဲ။

အခုတော့...ဆရာလည်း အသက်အရွယ်ကြီးရင့်ပါပြီ။ ဒါပေမယ့် ဆရာ တက်တက်ကြွကြွ သွားလာလှုပ်ရှားနေတဲ့သတင်းလေးတွေကို အင်တာနက်သတင်းတွေကတဆင့် မြင်တွေ့နေရဆဲ ဖြစ်လို့ ဆရာ့ကျန်းမာရေးအတွက်၊ ဆရာ့ရဲ့တက်ကြွဆဲ စိတ်ဓါတ်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

ဆရာမောင်မိုးသူတယောက် နောင်လာမယ့် နှစ်ပေါင်းများစွာအထိ ကျန်းမာပျော်ရွှင်စွာနဲ့ “လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်နိုင်ပါစေကြောင်း” လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

ကိုပေါ။
(၁၁ ရက်။ နိုဝင်ဘာ ၂၀၀၇ )

Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs