ဒေါ်စုအကြောင်း သောင်းပြောင်းထွေလာ

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျနော့်အမြင်ကို ရေးသားလိုက်ပါတယ်။

ပြည်သူအပေါ် မယုံကြည်လေသလော...

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံစဉ်က စပြီး ရေတွက်ကြည့်ပါ။ ဒီကနေ့ ရက်ပေါင်း ၂၄၆ ရက် တင်းတင်းပြည့်ခဲ့ပါပြီ။ လ အရေအတွက်နဲ့ကြည့်ရင် ရှစ်လ စွန်းစွန်းရှိပါပြီ။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်ပင် ထပ်မံတွေ့ဆုံပြီးသွားပြန်ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အကြားမှာ ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့သလဲဆိုတာ ယနေ့အထိ ပြည်သူလူထုကို နှစ်ဖက်စလုံးက အမှောင်ချထားဆဲဖြစ်ပါတယ်။

အလားတူပဲ ဦးအောင်ကြည်နဲ့ ဒေါ်စုအကြား တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ယေဘုယျဆန်တဲ့ ထုတ်ပြန်ချက်တွေကလွဲလို့ ပြည်သူလူထုအနေနဲ့ ဘာတခုမှ သိခွင့်မရခဲ့ပါဘူး။ အတိတ်ခပ်လှမ်းလှမ်းကို ပြန်ကြည့်ပြန်ရင်လည်း ဦးခင်ညွန့်လက်ထက်က ဒေါ်စုနဲ့ စစ်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ကြတဲ့ကာလမှာ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပါတယ်။

စစ်အစိုးရဖက်က မပွင့်လင်းတာဟာ အံ့သြစရာမရှိပေမယ့် လူထုခေါင်းဆောင်လို့ သတ်မှတ်လို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်က သူမကို ထောက်ခံတဲ့လူထုအပေါ် တခွန်းတပါဒ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ ဒေါ်စုအနေနဲ့ လူထုကို မယုံကြည်လို့လား၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြည်သူကို ချပြလောက်စရာ လောက်လောက်လားလား အကျိုးရလဒ်တွေ ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့လားဆိုတာ တွေးစရာဖြစ်လာပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစပိုင်းကာလမှာ ဒေါ်စုက ပြည်သူလူထုကို ထိုက်သင့်တဲ့အချိန်မှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ အသိပေးမယ်လို့ (ပထမဆုံး ပဲခူးခရီးစဉ်အတွင်းမှာ) ပြောခဲ့ဖူးပါတယ်။ နောက်တခါ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံစဉ်က ပြည်သူကို ဖွင့်ပြောဖို့ကိစ္စနဲ့ ပတ်သက်ပြီး...“ဒီကိစ္စမျိုးဆိုတာ ရေရှည်အချိန်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာနိုင်ပါတယ်” ဆိုတဲ့သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာ ပြောစကားအရ "ဒေါ်စုက အချိန်ကာလ တခုတောင်းတယ်။ အဲဒီကာလ လွန်မြောက်ရင် သူမှားရင်လည်း ဒေါ်စုက တာဝန်ယူမယ် ဆိုတာမျိုး ပြောခဲ့ပါသတဲ့။”

ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေသာ ချမှတ် အကောင်အထည်ဖော်သွားတယ်၊ ဒီကနေ့အထိ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူအပေါ် ကတိမတည်ပဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေါ်စုအတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါ။ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်ဟာ အမှန်တကယ်ကောင်းမွန်တဲ့ ရလဒ်သာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်စုအနေနဲ့ ပြည်သူလူထုအပေါ်မှာ ဘာမှ ထိန်ချန်စရာအကြောင်းမရှိလို့ပဲဖြစ်ပါတယ်။

လမ်းစဉ်နဲ့ အချိန်ဇယား

ဒေါ်စု ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းသုံးချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်သုံးချက်ကို ဦးစားပေးဖော်ပြထားပေမယ့် ဒီအချက်တွေကို ဘယ်ပုံဘယ်နည်းဖော်ဆောင်မယ်၊ ဘယ်အချိန်မှာ ဘယ်အဆင့်ကို ရောက်ဖို့ရည်မှန်းတယ်၊ ဘယ်လောက်ကြာမယ် စတဲ့ လမ်းစဉ်အဆင့်ဆင့်နဲ့ အချိန်ဇယားတွေကို ပြည်သူအများ နားလည်အောင် တိတိကျကျ ရှင်းလင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ( ဖေ့စ်ဘွတ်ပေါ်က ဒေါ်စုရဲ့ အမာခံပရိသတ်ကတော့ ဒီသုံးချက်ကိုတောင် ရေရေရာရာ သိရှာကြပုံ မရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ မေးလိုက်တိုင်း ဝေဝါးနေကြတာကို သတိထားမိပါတယ်။)

ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာလည်း ယေဘုယျအားဖြင့် လွှတ်တော်တွင်းကို ဝင်ရောက်ပြီး လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ အင်အားစုတွေအကြား ဝင်ရောက်စည်းရုံးပြီး ပြင်ဆင်သွားမယ်လို့ ပြောသွားပေမယ့် ဘယ်လို အခက်အခဲတွေရှိပြီး၊ အဲဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်းကျော်လွှားမယ်ဆိုတာကို ရေရေရာရာ ချပြနိုင်ခြင်းမရှိပါ။ အခုအထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေအရ အနှစ်ချုပ်ကြည့်ရင် အဖွဲ့ချုပ်အနေနဲ့ “ရလိုရငြား ဝင်ပြီး ကြိုးစားကြည့်မယ်” ဆိုတဲ့ သဘောသဘာဝထက် မပိုတာကို တွေ့ရပါလိမ့်မယ်။

ဘယ်အရာမှာမှ စိုက်လိုက်မတ်တတ် ပြီးမြောက်အောင်မကြိုးစားပဲ နည်းတခုမအောင်မြင်တိုင်း နောက်တနည်း ပြောင်းစမ်းကြည့်ကြဦးစို့ ဆိုသလို တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလက်တည့်စမ်းစရာတခုအဖြစ် သတ်မှတ်တာမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နစ်နာလှပါတယ်။

ဒေါ်စုကတဖက်၊ ပါတီကတဖက်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကာစက ဒေါ်စုနဲ့ သူမရဲ့ ပါတီ (အင်န်အယ်လ်ဒီ)ကို တကွဲစီဖြစ်အောင် စစ်အစိုးရကြိုးပမ်းနေတယ်ဆိုတဲ့ အသံမျိုးတွေ၊ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိခဲ့ကြတာကို သတိရမိပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ စစ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင်ရေးသားခဲ့ရာမှာ ပါတီကို ကိုယ်စားမပြုဘဲ သူမတဦးတည်းအနေနဲ့ ရေးသားတဲ့အခါ သို့လော၊ သို့လောတွေ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်း စစ်အစိုးရနဲ့ ဒေါ်စုအကြားတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါမှာလည်း ဒေါ်စုဟာ ပါတီကို ကိုယ်စားမပြုဘဲ တကိုယ်တော်သွားရောက်တွေ့ဆုံ၊ ဆွေးနွေး၊ ဆုံးဖြတ်တာတွေကို မြင်လာရတဲ့အခါ စစ်အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဘေးချိတ်ပြီး ဒေါ်စုတယောက်တည်းကိုသာ ဖဲ့ထုတ်ယူဖို့ ကြိုးစားယူနေတယ်ဆိုတဲ့ အမြင်မျိုးတွေ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်သူတွေအကြားမှာ ကြီးထွားလာခဲ့တာကို သတိထားမိပါတယ်။

ဒေါ်စုအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း ပါတီရဲ့ စီအီးစီ အဖွဲ့ဝင်တွေကိုတောင် အသိမပေးတဲ့အတွက် စီအီးစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့ဘာမှ မသိကြောင်း မီဒီယာတွေမှာ ပြောဆိုဝန်ခံခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်အစိုးရက ဒေါ်စုနဲ့ ပါတီကို ခွဲဖို့ကြိုးစားတာ ဟုတ်မဟုတ် မသေချာပေမယ့် ဒေါ်စုရဲ့ လုပ်ပုံကိုင်ပုံ ပြုမူပုံကြောင့် ပါတီရဲ့ စီအီးစီနဲ့ဒေါ်စု ကင်းကွာနေခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ ဒေါ်စုရဲ့ ပါတီတွင်း ပြမူဆောင်ရွက်ပုံတွေဟာ အဖွဲ့အစည်းပုံစံထက် အာဏာရှင်ဆန်နေတာကို အကဲခတ်မိပါတယ်။ ပါတီကို မှတ်ပုံတင်ဖို့ဆုံးဖြတ်ပြီး ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ကာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ ပုံစံမျိုး ပြန်လည်ဖွဲ့စည်းလိုက်ချိန်မှာ ဒေါ်စုနဲ့ (မှတ်ပုံမတင်မီ)မူဝါဒပိုင်းအရ ကွဲလွဲခဲ့ဖူးတဲ့ ဦးဝင်းတင်ကို နာယက အဖွဲ့ထဲကို ထည့်သွင်းလိုက်တာကို တွေ့ရပါတော့တယ်။

ပါတီတွင်း ဒီမိုကရေစီမရှိဘဲ ပါတီခေါင်းဆောင်တဦးတည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေရင် ပါတီဟာ အနှေးနဲ့အမြန် ကျဆုံးနိုင်ပါတယ်။

ခုတမျိုး၊ တော်ကြာတမျိုး

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောခဲ့တာတွေကနေ ဂငယ်ကွေ့ကွေ့ပြီး ဆန့်ကျင်ဖက်ကို ပြောင်းပြန်လျှောက်တဲ့ လုပ်ရပ်မျိုးဟာ မဆန်းတော့ပါဘူးလို့ ပြောရလောက်အောင် ထပ်တလဲလဲဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ပထမဦးဆုံးနဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးကတော့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံကနေ... “စစ်အစိုးရနဲ့မတူတာဘေးဖယ် တူတာတွဲလုပ်”ဆိုတဲ့ မူအထိ ပြောင်းလဲသွားခြင်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်စဉ်က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ပပျောက်စေရေး မူကို လက်ကိုင်ထားခဲ့ပေမယ့် အခု “မတူတာဘေးဖယ် တူတာတွဲလုပ်ပြီး ၂၀၀၈ ဖွဲ့စည့်ပုံအောက်ခေါင်းလျှိုဝင်လိုက်တဲ့အခါ” မှာ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာကို သဘောတူခွင့်ပြုလိုက်ရာရောက်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာမှာ ၁၈၀ ဒီဂရီ ချိုးကွေးလိုက်တဲ့ အပြောင်းအလဲကြီးပဲ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုကြီးအပေါ်မှီတည်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းကနေ ဂငယ်ကွေ့ ချိုးကွေ့ခဲ့ပါတယ်။ မှတ်ပုံတင်စရာမလိုဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ အော်ခဲ့ရာကနေ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲလည်း ဝင်မယ်အထိ နှစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့ပြန်ပါတယ်။

တခါ ရွေးကောက်ပွဲမဲဆွယ်တဲ့မိန့်ခွန်းမှာ စစ်ဖက်ကိုယ်စားလှယ် ၂၅% လွှတ်တော်ထဲမှာ ပါဝင်မှုဟာ ဒီမိုကရေစီမကျဘူး၊ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်မယ်၊ ဖယ်ထုတ်မယ်” ပြောခဲ့ပြီး ရက်ပိုင်းအတွင်းမှာ “၂၅%ကို ကျမ ဖယ်ထုတ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” လို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ကျမ်းသစ္စာစာသားကြောင့် လွှတ်တော်တက်မတက်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဥာဏ်ဝင်းတို့ တောင်ပြောမြောက်ပြောလုပ်နေတာတွေဟာ သူတို့ကို ထောက်ခံသူတွေအကြားမှာပင် ရှုပ်ထွေးမှုများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေတာကို တွေ့မြင်နေရပါတယ်။

ခြုံကြည့်ရင် ဒေါ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာမှာ အပြောင်းအလဲမြန်မှု၊ စကားကို ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲပြောတတ်မှုတွေဟာ သူ့ကို ထောက်ခံသူတွေအကြားမှာရော၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးမှာပါ ရှုတ်ထွေးမှုတွေ၊ မလိုအားအပ်တဲ့ ကွဲလွဲမှုတွေ ဖြစ်ပေါ်စေပါသေးတယ်။ မီဒီယာတွေနဲ့ စကားမပြောမီမှာ ဒေါ်စုကို ပေါ်လစီပိုင်းဆိုင်ရာ အကျဉ်းချုပ် အစီရင်ခံသူ(briefing) အကြံပေးတဦး ထားသင့်တယ်လို့ ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားစုတွေကို အမှန်တကယ် စုစည်းပေးနိုင်ရဲ့လား

ဒေါ်စုလွတ်မြောက်လာပြီးနောက်ပိုင်းမှာ ညံလာတဲ့အသံတွေအနက် “ဒီအချိန်မှာ ညီညွတ်ဖို့လိုတယ်၊ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ဝန်းရံရမယ်” ဆိုတဲ့ အသံဟာ အကျယ်လောင်ဆုံးဖြစ်ပါတယ်။ ညီညွတ်ဖို့လိုတာကို အငြင်းပွားဖွယ်မရှိပေမယ့် ဘာအတွက် ညီညွတ်ကြမှာလဲ။

ကျနော်တို့ဟာ စစ်တံပိုးအောက်ကနေ ရုန်းထွက်လွတ်မြောက်ဖို့မှာ ညီညွတ်ကြမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညီညွတ်ကြမယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ညီညွတ်ကြမယ်။ ဒါတွေအတွက် ကွဲလွဲစရာမရှိပါဘူး။ ဒါပေမယ့် စစ်ကျွန်သက်ကို ရှည်အောင်လုပ်တဲ့နေရာမှာ ကျွန်ဝယ်ရာ အဆစ်ပါသလို ကိုယ်ပါလိုက်ပြီး ညီညွတ်စရာမလို။ ဝန်းရံစရာမလို။ စစ်အာဏာရှင်နဲ့ မတူတာဘေးဖယ် တူတာတွဲလုပ်တဲ့ကိစ္စတွေမှာ ညီညွတ်စရာ၊ ဝန်းရံစရာမလို။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရနဲ့ ဖိနှိပ်ခံတွေအကြားမှာ ဘုံအကျိုးတူညီချက် မရှိလို့ဘဲ။

ဒါ့အပြင် တိုင်းရင်းသားတွေအပေါ်ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ၊ အလုပ်သမားတွေ လုပ်ခအနှိမ်ခံရတဲ့ကိစ္စ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ကိစ္စ၊ ဘာသာခြားလူနည်းစုတွေ ဖိနှိပ်အနိုင်ကျင့်ခံရမှုကိစ္စတွေမှာ ဒေါ်စုအနနဲ့ အဖိနှိပ်ခံဖက်က မရပ်တည်ဘဲ နှစ်ဘက်စလုံးကို သဘောထားကြီးဖို့ ကြားဝင်တိုက်တွန်းမှုတွေဟာ အဖိနှိပ်ခံတွေအတွက် အားတက်စရာ ဖြစ်မလာသလို သက်ဆိုင်ရာ တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာခြားတွေရဲ့ ယုံကြည်ကိုးစားမှုကို လျော့ကျစေပါတယ်။

စစ်မှန်တဲ့လူထုခေါင်းဆောင်တယောက်ဟာ လူထုကြုံတွေ့နေရတဲ့ ပြဿနာအဝဝကို နေ့ညမဆိုင်း လူထုဖက်က ဝင်ရပ်ပေးလေ့ရှိပါတယ်။ လွှတ်တော်ထဲရောက်မှ၊ ဥပဒေပြင်ပြီးမှ၊ တရားဥပဒေစိုးမိုးမှ စသဖြင့် နေ့ရွှေ့ညရွှေ့ အချိန်ဆွဲနေလို့မရပါ။

ပြည်သူ့အသံ အစစ်အမှန်ကို နားထောင်ပါ...

ဒေါ်စုလွတ်လာကာစက ပြည်သူအသံကို နားထောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ပြည်သူ့အသံအစစ်အမှန်ဟာ.. ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ “အမေက ကျက်သရေရှိလိုက်တာ၊ လှလိုက်တာ” ဆိုတဲ့ ပေါ့ပျက်ပျက် အသံမျိုးတွေ မဟုတ်သလို၊ ဒေါ်စုအနီးမှာ လက်ရှိဝန်းရံနေကြတဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်သိ အပါးတော်မြဲတွေရဲ့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်တဲ့ အောက်ခြေနဲ့ ကင်းကွာနေတဲ့ အသံတွေလည်း မဟုတ်ပါ။

တိုင်းရင်းသားတွေ အပါအဝင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်း၊ ဘာသာခြားစတဲ့ ပြည်သူပေါင်းစဉ် တွေ့ကြုံခံစားနေရတဲ့ လူမှုဒုက္ခအဝဝနဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ရင်တွင်းက ပွင့်ထွက်လျှံကျလာတဲ့အသံတွေသာလျှင် ပြည်သူ့အသံစင်စစ်ဖြစ်ပါတယ်။ ဒီလို ပြည်သူ့အသံတွေကို မသိကျိုးကျင်ပြုမယ့်အစား ဖိနှိပ်ခံပြည်သူဖက်က မားမားမတ်မတ် ရပ်တည်ပြောဆိုပေးမယ်ဆိုရင် ပြည်သူ့အသံကို အမှန်တကယ် နားထောင်ရာ ရောက်ပါလိမ့်မယ်။

ဒီမှတ်စုကို ဖေ့စ်ဘွတ်ပေါ်မှာ ဘလော့ဂါမိတ်ဆွေတယောက်ရေးသားတဲ့ မှတ်ချက်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

"နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"

Read more

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း ၂

အပိုင်း ၁ ရဲ့ အဆက်

ဒီမိုကရေစီဆိုတာ အရင်းရှင်စနစ်ကို ပြောတာမဟုတ်

ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီ အစစ်အမှန်ကို လိုချင်တယ်ဆိုရင် ကိုယ့်ဖာသာ လုပ်ယူရမှာပဲ။ ပြည်ပကို အားကိုးလို့ မရသလို NLD တခုတည်းကို ပုံအပ်ထားလို့လည်း မဖြစ်တော့ဘူး။ ဗမာပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် အလုပ်သမားလယ်သမားအရေးကို အကာအကွယ်ပေးဖို့ သိပ်အရေးကြီးတယ်။ အလုပ်သမား၊ လယ်သမားကို အကာအကွယ်မပေးဘဲနဲ့ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်မရပ်ဘဲ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ ဒါဟာ ဗမာပြည်ရဲ့ ဘဝပေးအခြေအနေပဲ။

ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ အားလုံးခံစားခွင့် ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အားလုံးခံစားခွင့်ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ မပါတဲ့ ခရိုနီ ဒီိမိုကရေစီဆိုတာဟာ ဒီမိုကရေစီ မမည်ဘူး။ ဒီမိုကရေစီဆိုတာဟာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ရလိမ့်မယ်။ အရင်းရှင်စနစ်ဟာ ဒီမိုကရေစီ မဟုတ်ဘူး။ အရင်းရှင် ဒီမိုကရေစီ ဆိုတာဟာ ဒီမိုကရေစီ မဟုတ်ဘူး။

ဒါပေမဲ့ စစ်အာဏာရှင်နဲ့ NLD တို့လက်တွဲပူးပေါင်းပြီး စစ်တပ်စိုးမိုးတဲ့ အရင်းရှင် အာဏာရှင်စနစ်သစ်ဆီ ဦးတည်သွားဖို့ လိုလားနေသူ မျှော်မှန်းနေသူတွေလည်း အများအပြားရှိကြတယ်။ အခုဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ထင်ပြီး ခရိုနီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်လာတာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကပ်ခံတာကို မြင်နေရတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် အလိုတော်ရိလုပ်သူတွေဟာ ဂျပန်ခေတ်ရောက်တော့ ဂျပန်ကို ပြေးကပ်ပြီး ဂျပန်စကားပြန်လုပ်တဲ့ အလုပ်မျိုးကို အခုလည်း ငို့ဘသမားတွေ လုပ်လာကြတာ မြင်လာရတယ်။ အရင်က အဘ၊ အဘ နဲ့ မရှက်မကြောက်ဖားခဲ့သူတွေဟာ အခုလည်း အမ၊ အမနဲ့ မရှက်မကြောက်ထဘီနားဆွဲရမှာကို ဝန်မလေးကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံစည်းရိုးကို ဘယ် ခရိုနီက ကာပေးလိုက်တယ်ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ဆင်းဖို့ လေယာဉ်စင်းလုံးငှားပေးတယ်ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းဘယ်နှဆယ်တန် ထဘီလက်ဆောင်ပေးတယ် ဆိုတာမျိုးတွေကို ကြားလာရတယ်။ ကျွန်တော် သူဌေးမောင်ဘယ်သူဟာ အခုမှ မဟုတ်၊ ဘယ်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ခဲ့ဖူးပါတယ်ဆိုတဲ့ အပြောမျိုးတွေ ပြောလာကြသူတွေကိုလည်း ကြားရရဲ့။ ဒါမျိုးတွေဟာ ဒေါ်စုနောက်အစိုးရဖြစ်လာရင် ခရိုနီလုပ်ချင်သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ စီးပွားရေးပညာ တတ်ဖို့တောင်မလိုပါဘူး၊ ရန်ကုန်မှာ အိမ်ပွဲစား၊ ကားပွဲစားလောက်လုပ်ဖူးသူတွေတောင် နောကြေနေအောင် နားလည်ပါတယ်။

စစ်အစိုးရဘက်ကတော့ သူတို့ချည်း စားသောက်နေရာက၊ NLD ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ NLD ခရိုနီသစ်တွေကိုပါ နည်းနည်းပါးပါး ခွဲဝေမျှပြီး ကျွေးလိုက်ရင် သူတို့ရဲ့ အာဏာသစ်ဟာ နှစ်ပေါင်း ငါးဆယ် တရာ ဆက်လက်တည်မြဲနိုင်မယ်လို့ မျှော်လင့်ထားကြပုံရ ပါတယ်။ NLD ဟာ စစ်အစိုးရဘက်က လုပ်လာမယ့် အဲဒီ အပေးအယူမျိုးကို သဘောတူမတူ၊ လက်ခံမခံဆိုတာကိုတော့ အချိန်နည်း နည်းယူပြီး ဆက်ပြီးစောင့်ကြည့်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲသလို အလားအလာမျိုးဆီ ဦးတည်နေတဲ့ ရှေ့ပြေးအရိပ်လက္ခ ဏာ တချို့ကိုတော့ ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ NLD ဟာ ဒီမိုကရေစီပါတီအဖြစ်ကနေ အခွင့်ထူးခံပါတီတခု ဖြစ်သွားမသွားဆိုတာ ပြည်သူတွေရဲ့ ဖိအား၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှု အပေါ်မှာလည်း အများကြီးမူတည်သလို၊ NLD မှာ နောက်မျိုးဆက်ခေါင်းဆောင် ကောင်း ထွက်လာမလာဆိုတဲ့ အချက်ပေါ်လည်း မူတည်ပါတယ်။

ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ့လက်ထဲမှာ အာဏာရလာဖို့၊ လွတ်လပ်ခွင့်တွေ ရလာဖို့ ၊ ပြည်သူတွေ စားဝတ်နေရေး ချောင်လည်ဖို့ ဖြစ်တယ်။

ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဟာ နှောင်ကြိုးမဲ့ အရင်းရှင်စနစ် unfettered capitalism မဟုတ်ဘူး။ အများပြည်သူကို လွတ်လွတ်လပ်လပ်ကြီး မတရား သွေးစုပ်ခိုင်းစေနိုင်တဲ့စနစ်ကို ကျွန်တော်တို့ လိုလားတာမဟုတ်ဘူး။ အဲသလို ဒီမိုကရေစီမျိုး ထွန်းကားလာရင် စစ်အစိုးရနဲ့ ပေါင်းတဲ့ ခရိုနီကြီးတွေ၊ အတိုက်အခံNLDကို ကပ်ဖားရပ်ဖားလုပ်နေတဲ့ ခရိုနီဟောင်း၊ ခရိုနီသစ်တွေလောက်ပဲ အကျိုးရှိပြီး အများစု ပြည်သူကြီးက လည်စင်းပေးရလိမ့်မယ်။

အပြောင်းအလဲကို ဒီလိုမောင်းနှင်ခဲ့ကြတယ်…..

စစ်ကျွန်ဘဝမှ နင်းပြားဘဝသို့ သွားမည်လော

ကမ္ဘာမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ ဆောင်ရွက်ချက်တွေကို လူထုကိုယ်စားပြုတဲ့ သူတွေက ဆန့်ကျင် ဝေဖန်နေကြတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှု အပါအဝင် Wold Bank, IMF, WTO တို့ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တွေ၊ G8၊ G20 ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ သိမ်းပိုက်ရေး (occupy) လှုပ်ရှားမှုတွေကို ကြည့်ပါ။ ကျွန်တော်တို့ဆီမှာတော့ အစိုးရကရော၊ အတိုက်အခံကပါ IMF နဲ့ World Bank တို့ဆီက အကူအညီရရေးကို အရူးအမူးတောင်းဆိုနေကြပါတယ်။ ဒီတော့ အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

တကယ်တော့ IMF ၊ World Bank ရဲ့အကူအညီကို မယူရမဟုတ်။ ယူနိုင်ပါတယ်။ ဒါပေမဲ့ မူရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနိုင်ဖို့ လိုတယ်။ ကိုယ့်နိုင်ငံက အလုပ်သမား၊ လယ်သမားတွေ ကို အကာအကွယ်ပေးဖို့လိုတယ်။ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းထားဖို့ လိုပါတယ်။ ဘာ့ကြောင့် IMF ၊ World Bank ရောက်လာရင်၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေရောက်လာရင် အလုပ် သမား၊ လယ်သမားကို အကာအကွယ်ပေးဖို့ လိုသလဲဆိုတော့ IMF ၊ World Bank ဟာ လယ်သမားနဲ့ အလုပ်သမားတွေ ဒုက္ခရောက်သွားစေနိုင်တဲ့ စီးပွားရေး မူဝါဒအပြောင်း အလဲတွေ လုပ်ဖို့ရာ အစိုးရကို အကြပ်ကိုင်တတ်လို့ပါ။ အဲသလို အကြပ်ကိုင်ခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့လို့ပါ။

IMF ၊ World Bank ဟာ သူတို့ ငွေကို ထုတ်ချေးတော့မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ စီးပွားရေးကို သူတို့ လိုသလို ပြောင်းခိုင်းတယ်။ သူတို့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ပစ္စည်းတွေကို အဟန့်အတား မရှိ ရောင်းချနိုင်အောင် စာချုပ်ချုပ်တယ်။ သူတို့ ဝယ်ချင်တဲ့ ပစ္စည်းကို အကန့်အသတ်မရှိ ဝယ်လို့ရအောင် စာချုပ်ချုပ်တယ်။ အဲဒီတိုင်းပြည်မှာ လုပ်ခဈေးချိုအောင် ဖန်တီးတယ်။ အလုပ်သမားအင်အား တိုးပွား လာအောင်လုပ်တယ်။ လယ်သမားတွေ အလုပ်သမားဖြစ်ကုန်အောင်လုပ်တယ်။ လယ်မြေတွေ ကုမ္ပဏီတွေလက်ထဲ ရောက်သွားအောင်လုပ်တယ်။ IMF ၊ World Bank ရောက်လာပြီးတဲ့ နောက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လယ်သမားတွေ၊ အလုပ်သမားတွေ အတိဒုက္ခရောက် သွားကြတဲ့ နမူနာတွေ ရှေ့မှာ အများကြီး။ ဘရာဇီး၊ အာဂျင်တီးနား၊ အီရတ်၊ ရဝမ်ဒါ၊ အင်ဒိုနီးရှားတို့မှာ Unholy Trinity လို့ ခေါ်တဲ့ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ တက်ညီလက်ညီ ပူးပေါင်းပြီး ဘယ်လို ဒုက္ခပေးခဲ့ကြတယ်ဆိုတာကို လေ့လာ ကြဖို့ သင့်ပါတယ်။

IMF ၊ World Bank ဆိုတာဟာ ဒီမိုကရေစီ မကျတဲ့ အဖွဲ့အစည်းပါ။ ဥရောပနဲ့ အမေရိကန်က ဗိုလ်ကျစိုးမိုးထားတဲ့ အဖွဲ့အစည်း၊ ဒီမိုကရေစီနည်းနဲ့ တနိုင်ငံတမဲ မဲခွဲခွင့် မရှိတဲ့ အဖွဲ့အစည်း၊ လက်တဆုပ်စာ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများဟာ အလုပ်သမားအရေး၊ လယ်သမားအရေးကို ဘယ်လောက်များ အကာအကွယ်ပေးကြပါသလဲ။

အခု နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ မျှော်လင့်နေကြတဲ့ အချိန်မှာလည်း NLD လို ဒီမိုကရေစီ ရည်မှန်းချက်ထားရှိတဲ့ ပါတီမျိုးကတောင် ရင်းနှီးမြုပ်နှံမယ့်သူတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြုပ်နှံမှု ဥပဒေထားရှိပေးဖို့ကိုသာ တောင်းဆိုပြီး၊ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေမျိုး ထားရှိဖို့ တောင်းဆိုတာမျိုး မတွေ့ရဘူး။ တိုင်ယီ အလုပ်သမားအရေး လိုဟာမျိုးမှာလည်း ဘာတခုမှ ဝင်မပြော၊ ဝင်မပါဘဲ ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ်နေတာမျိုးကိုပဲ တွေ့ရတယ်။ တိုင်ယီအရေးဟာ အလုပ်သမား အရေးပါ။ ဗမာနိုင်ငံလို နိုင်ငံမျိုးမှာ အလုပ်သမား ပြဿနာ၊ လယ်သမားပြဿနာဆိုတာဟာ တနိုင်ငံလုံး ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဆိုင်တဲ့ ရှေ့ပြေးပြဿနာဖြစ်တယ်။ ကြိုတင်ပြသတဲ့ နိုင်ငံရေး အတိတ်နိမိတ်ဖြစ်တယ်။ ဒါဟာ အသေးအဖွဲပြဿနာ မဟုတ်ဘူးဆိုတာကို ဗမာ့နိုင်ငံရေး မှာ ခြေမြှောက် လက်မြှောက်လောက် ပါဖူးသူတောင် သိကြပါတယ်။

မကြာခင်က လယ်ယာမြေဥပဒေ ပြဌာန်းသွားခဲ့တယ်။ တောင်သူလယ်သမားတွေက မကွေးစစ္စရံညီလာခံ၊ ဟင်္သာတ သပြုအိုင်ညီလာခံ တွေလုပ်ပြီး အကြိမ်ကြိမ်ကန့်ကွက်ခဲ့တဲ့ကြားက ပြဌာန်းသွားခဲ့တဲ့ ဥပဒေပါ။ ကျွန်တော်တို့ကို ပြည်သူကရွေးကောက်ထားတာပါလို့ မရှက် မကြောက် အကြိမ်ကြိမ်ပြောင်ညာရဲကြတဲ့ ၂၀၁၀ မဲခိုး ကြံ့ဖွတ်အမတ်တွေဟာ အဲဒီလယ်သမားတွေရဲ့ အသံကို တချက်မှ အရေးမလုပ်ခဲ့ ကြဘူး။ တတိယအကြိမ်ပြုလုပ်မယ့် ကြို့ပင်ကောက်ညီလာခံကိုတောင် အာဏာသုံးပြီး တားခဲ့တယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ နှာစေးခဲ့ပြန်တယ်။ သမ္မတကြီးစိတ်ဆိုးမှာ ကြောက်ကြပြန်သလား မပြောတတ်၊ လယ်သမားအရေးကို လျစ်လျူရှုခဲ့တယ်။

ဒီလိုနည်းနဲ့ ကိုယ့်လယ်မြေကိုယ်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ ကြိုက်တဲ့ သီးနှံစိုက်ပျိုးခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ စီမံကိန်းသီးနှံ စိုက်ရဦးမယ့် လယ်ယာမြေဥပဒေ၊ စစ်တပ်နဲ့ အစိုးရက လယ်သိမ်းပိုင်ခွင့်ရှိတဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေ ကန့်ကွက်တဲ့ ကြားထဲက အတည်ဖြစ်သွားခဲ့ပြန်တယ်။ လယ်သမားတွေကန့်ကွက်တဲ့ကြားက ပြည်သူ့လွှတ်တော်က အတည်ပြုသတဲ့။ ဒါလား.. ပြည်သူ့လွှတ်တော်။ ဒီလိုနာမည်မျိုးကို မရှက်မကြောက် မှည့်မှမှည့်ရဲကြပလေ။

စစ်အစိုးရကတော့ အလုပ်သမား၊ လယ်သမားတွေ ထိခိုက်မယ့် ကိစ္စမျိုးကို IMF ၊ World Bank ကပြင်ခိုင်း လုပ်ခိုင်းရင် လုပ်မှာပဲ။ တသက်လုံး အလုပ်သမားအကျိုး ၊ လယ်သမား အကျိုး မကြည့်ခဲ့တဲ့ စစ်အစိုးရဟာ အခုအချိန်ကျမှ ဘာမှ အကာအကွယ်ပေးနေမှာ မဟုတ်ဘူးဆိုတာ သိပ်သေချာတယ်။ သူတို့က IMF ၊ World Bank ကိုသိပ်လိုလားတာကိုး။ ဘာ့ကြောင့်သိပ်လိုလား သလဲဆိုတော့ အစိုးရနဲ့ သူတို့ရဲ့ ပုလင်းတူဗူးဆို့ ခရိုနီတွေ အတွက် သိပ်အကျိုးရှိမယ့် အချက်ဖြစ်လို့။ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးကို ကြည့်တဲ့ IMF ၊ World Bank ရဲ့ မူဟာ ဗမာခရိုနီတွေရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်နေလို့ပဲ။ IMF ၊ World Bank ရောက်လာပြီးနောက်မှာ ဒေသခံ ခရိုနီတွေ ကမ္ဘာကျော် ဘီလျံနာ၊ မီလျံနာကြီးတွေ ဖြစ်သွားကြတဲ့ အစဉ်အလာဟောင်းတွေကိုလည်း သူတို့ သိကြပြီးသား။ IMF ၊ World Bank တို့ရောက်လာပြီးနောက်မှာ ပြည်တွင်းကခရိုနီတွေနဲ့ ပြည်ပက နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတူတကွ ချမ်းသာသထက် ချမ်းသာ သွားကြတာကလည်း ထုံးစံပဲ။ ဒါတွေကို သူတို့ သိပြီးသား။ တကယ်တန်း ဒုက္ခရောက်ကြမယ့်သူတွေကတော့ အလုပ်သမား၊ လယ်သမားအပါအဝင်ဖြစ်တဲ့ လူများစုပြည်သူကြီးပါ။ ၉၉% ပါ။ လယ်သမားတွေ လယ်မြေတွေ ဆုံးရှုံးပြီး လက်ခစားအလုပ်သမားတွေ ဖြစ်ကုန်ကြတာကိုပဲ အလုပ်အကိုင်ရှာဖွေပေးနိုင်တယ်လို့ သူတို့ အမြဲ ကြွားဝါကြပါတယ်။ လုပ်ခဈေးချိုလို့ အလုပ်သမားတွေပေါပေါရှိတဲ့နေရာကို စက်ရုံတွေရောက်လာပြီး ညှင်းပန်းခိုင်းစေကြတာကိုပဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင်လုပ် ပေးနိုင်ခဲ့တယ်လို့ အမြဲ ကြွေးကြော်ပါတယ်။ တကယ်တန်းမှာ အလုပ်သမားတွေဟာ အလုပ်ပိုလုပ်လာရတာပဲ ရှိတယ်။ ဘဝက ဘာမှ တိုးတက်မလာကြဘူး။ အလုပ်ပဲ ပိုရလာတယ်၊ ဝင်ငွေ ပိုရမလာဘူး။ သက်ဆိုင်ရာ နိုင်ငံတွေမှာ အလုပ်သမားတွေကို ခုခံကာကွယ်ပေးထားတဲ့ ဥပဒေတွေ အလုံ အလောက် မရှိရင် အလုပ်သမားတွေဟာ စက်ရုံ အလုပ်ရုံတွေထဲမှာ ကျွန်စုပ်တဲ့သရက်စေ့ဘဝ ရောက်သွားကြတာချည့်ပဲ။ နီးနီးနားနား အင်ဒိုနီးရှားကိုပဲ ကြည့်ပါ။

အခုကျွန်တော်တို့ကို စစ်အစိုးရက တွန်းပို့နေတဲ့ လမ်းကြောင်းက စစ်ကျွန်ဘဝကနေ နင်းပြားဘဝ တွန်းပို့နေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်တစုတည်းက ဗိုလ်ကျ ကျွန်ပြုနေရာက စစ်အာဏာရှင် အပါအဝင်၊ ပြည်တွင်းပြည်ပ ဧရာမ အရင်းရှင်ကြီး တွေက ဝိုင်းဝန်း ကျွန်ပြုနိုင်မယ့် စနစ်ဆီ ဦးတည်နေတာပါ။ အဲဒီလမ်းကြောင်းပေါ်ကို သူတို့ ချောချောမောမောရောက်ဖို့ အတွက် အမေရိကန်ရဲ့ အကူအညီနဲ့ NLD ရဲ့ အကူအညီကို ရယူဖို့ သူတို့ ကြိုးစားနေကြတာပါ။ အမေရိကန်နဲ့ NLD ပါမှသာ ပြည်သူကို လှည့်စားလို့ ရနိုင်မှာမို့ သူတို့ အကူအညီကို လိုလားနေတာဖြစ်ပါတယ်။ သူတို့ဖာသာ သူတို့ ပြောင်းနေပါတယ် ပြောတာကို ပြည်သူက ဘယ်တော့မှ မယုံ၊ ဘယ်တော့မှ လက်မခံဘူး။ အခု NLD က အစိုးရပြောင်းပါပြီပြောတော့ တော်တော်များများ လက်ခံလာတယ်။ တော်တော်များများ ဇဝေဇဝါဖြစ်လာတယ်။ အချင်းချင်း အငြင်းအခုန်တွေ ဖြစ်ကုန်တယ်။ ဒါ့ကြောင့် အစိုးရဟာ NLD ရဲ့ အကူအညီ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကူအညီကိုလည်း သူတို့လိုအပ်တယ်။ အမေရိကန်ရဲ့ အကူအညီမပါဘဲ သူတို့ ဒီ့ထက် ချမ်းသာဖို့ မဖြစ်နိုင်ဘူး။ အမေရိကန်ရဲ့ အကူအညီမပါဘဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလာနိုင်ဘူး။ ဒါ့ကြောင့် အမေရိကန်ရဲ့ အကူအညီကို သူတို့ လိုအပ်တာဖြစ်ပါတယ်။

အခု အမေရိကန်က စိတ်ပါလက်ပါနဲ့ ကူညီနေတာ တွေ့ရတယ်။ သူ့ရည်ရွယ်ချက်နဲ့ သူပါ။ NLD ကတော့ စိတ်မပါ့တပါနဲ့ ကူညီ နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ သူ့အခက်အခဲနဲ့ သူပါ။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အမေရိကန်နဲ့ NLD ဟာ စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက်တွေ ဖြစ်လာပါတယ်။

အခုချိန်မှာ အမေရိကန်ဟာ NLD နဲ့ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရေးထက် သူတို့ ရင်းနှီးမြုပ်နှံဖို့ သူတို့ နောက်ကျမကျန်ဖို့ကိုသာ စိတ်စော နေပုံရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကြိုလုပ်ခဲ့တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဟာ မတရားဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို မလျော့ပါနဲ့ဦးလို့ သတင်းစကားပေးပို့တာပါ။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့တဲ့သူတွေအနေနဲ့ သူတို့ ပိတ်ဆို့တဲ့ ရည်ရွယ်ချက်ကို ရပြီလားဆိုတာ စဉ်းစားပြီးမှ ပိတ်ဆို့တာကို ဖွင့်ပါလို့လည်း ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတန်တန် သတိပေးပါတယ်။ ဒါပေမဲ့ အမေရိကန် ဘာလုပ်ခဲ့သလဲ။ စစ်အစိုးရ အငမ်းမရလိုချင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖွင့်ပေးပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်လို့ရအောင် တံခါးဖွင့်ပေးလိုက်တာပဲ မဟုတ်လား။ စစ်အစိုးရဘက်က သိပ်အူမြူးသွားသလောက်၊ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ အောင့်သက်သက်နဲ့ အခံရခက်မဲ့ပုံပါပဲ။

စစ်အစိုးရ အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာလေးဆယ်ကျော်ပေးရကျိုး နပ်လှပါပေရဲ့။ ပေးရတာ သိပ်ကို တန်လှပါပေရဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီး အသုံးချရတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာ ချုပ်ထားရတာထက် အများကြီး ပိုအကျိုး ရှိတယ်ဆိုတာကို အသိနောက်ကျလေခြင်းလို့ စစ်အစိုးရမှာ တက်တခေါက်ခေါက်ဖြစ်ကောင်းဖြစ်နေမှာပါ။ ကုန်ခဲ့တဲ့ နှစ်တွေကို နှမျောကောင်း နှမျောနေမှာပါ။

NLD ကို ဘယ်လို သဘောထားရမလဲ

ကျွန်တော်တို့ ပြည်သူတွေဟာ NLD ကို ထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတယ်။ မကြုံစဖူး ကြီးမားတဲ့ အင်အားနဲ့ ထောက်ခံကြပါတယ်။ အဲသလို ထောက်ခံကြတာ ဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာလို့သာ ဖြစ်တယ်။ NLD ဟာ စစ်အာဏာရှင်စနစ်ကို ဖြိုချပေးနိုင်မယ်လို့ မျှော်လင့်နေကြသေးလို့သာဖြစ်တယ်။ ဒါပေမဲ့ NLD ကို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အသုံးချပြီး သူ့လိုဘ ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရင် ကျွန်တော်တို့ဟာ NLD ကို ထောက်ခံရင်းနဲ့ စစ်အစိုးရလိုဘ ဖြည့်ပေးတဲ့ အဖြည့်ခံဘဝ ရောက်သွားနိုင်တာကိုတော့ သတိထားကြရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက် ဆိုရင် ကျွန်တော်တို့လည်း ဘုမသိဘမသိ ကူညီပါရမီဖြည့်ရာရောက်တော့မယ်။ ကျွန်ဝယ်ရာမှာ ကျွန်တော်တို့ အဆစ်ပါကြလိမ့်မယ်။

ကျွန်တော်တို့မှာ ရွေးစရာလမ်းနှစ်လမ်းရှိတယ်။ NLD ကို ဒီမိုကရေစီ အသွင်သဏ္ဍန် စစ်စစ်မှန်မှန် ပြန်ဖြစ်လာအောင် ကြိုးစားကြမလား။ ဒါမှမဟုတ် NLD ကို စွန့်ခွာကြမလားဆိုတဲ့ လမ်းနှစ်လမ်းဖြစ်ပါတယ်။ NLD အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်သေးသမျှ၊ NLD ကိုလူထုက ထောက်ခံနေသေးသမျှမှာ ကျွန်တော်တို့ဟာ သည်းခံပြီး လက်တွဲ ရဦးမယ် ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို မပြင်တော့ဘူးလို့ NLD ကပြောလာတဲ့ အခါ၊ ဒါမှ မဟုတ် မပြင်နိုင်တော့ဘူးလို့ လူထုက ယူဆလာတဲ့ အချိန်မှာတော့ NLD ကို ကျွန်တော်တို့ စွန့်ခွာကောင်း စွန့်ခွာရပါလိမ့်မယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနှစ်ခွန်းကို သတိထားသင့်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းမှာပြောတဲ့ စစ်သား တမတ်သား လွှတ်တော်ထဲမှာ ရှိနေတာဟာ ဒီမိုကရေစီ မကျဘူးဆိုတာနဲ့၊ စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ သူမပြောဘူးဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီစကားနှစ်ခွန်းဟာ ရှေ့နောက်မညီပါဘူး။ မရှင်းလင်းပါဘူး။ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ တပ်မတော်သား ၂၅ % ကို လွှတ်တော်ထဲက ထွက်ခွာပေးဖို့ရာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား မပြောရဲတာထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားဝဲလာတယ်။ မပီကလာ ပီကလာ ဖြစ်လာပါတယ်။ ရပ်တည်ချက် မပြတ်သားလို့ အပြောအဆို မပြတ်သားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ မကိုက်ညီသော်ငြားလည်း စစ်တပ်ကို မဖယ်ရှားပါဘူးလို့ သူ့အနေနဲ့ ဆိုလိုသလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။ စစ်တပ် ၂၅ % ကို ဖယ်ရှားဖို့တောင် မပြောရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လက်ညှိုးထောင် ခေါင်းငြိမ့် NLD ကို ကျွန်တော်တို့ ဘယ်လောက် ဆက်အားကိုးလို့ရမလဲဆိုတာလဲ စဉ်းစားစရာ….။

တကယ်လို့ တပ်မတော်သား ၂၅ % ကို ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင် အခြေခံဥပဒေပြင်မယ်ဆိုတာ ဘာပြင်မှာပါလဲ။ ဒါ့အပြင် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပြီး လွှတ်တော်ထဲမှာ အင်အားတိုးချဲ့သွားဦးမယ်လို့လည်း ဆိုပါတယ်။ တပ်မတော် ကြီးစိုးတဲ့ စစ်အာဏာရှင် အခြေခံဥပဒေကို ပြင်ဖို့ အတွက် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဘယ်လိုစည်းရုံးမှာပါလဲ။ ဘယ်နှယောက်စည်းရုံး လို့ ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်နေ ပါသလား။ ဒါမှမဟုတ် ပြည်သူတွေကို မျှော်လင့်ချက်မှားတွေ ပေးနေပါသလား။ ဒါမှ မဟုတ်တခြားလည်း ဘာမှ မလုပ်တတ်တော့လို့ အလုပ်မဖြစ်မှန်းသိပေမဲ့ သိသိနဲ့ ရှေ့ဆက်တိုးနေတာလား။ ဒီအဖြေကို သိဖို့ရာ ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ရပါလိမ့်မယ်။

ဗမာပြည်ကို သိမ်းပိုက်ကြ

ကျွန်တော်တို့ နိုင်ငံဟာ အစွန်းရောက် အရင်းရှင်စနစ်ဆီ ဦးတည်မယ့် အရိပ်အယောင်တွေ မြင်နေရချိန်မှာ နိုင်ငံတကာမှာတော့ အရင်းရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကျယ်ပြန့်လာတယ်။

IMF ၊ World Bank၊ WTO ( World Trade Organization ) တို့နဲ့ ကမ္ဘာမှာ ၁ ရာနှုန်းတောင်မရှိတဲ့ နိုင်ငံပေါင်းစုံ ကော်ပိုရေး ရှင်းကြီးတို့ ပူးပေါင်းပြီး လူများစု ကမ္ဘာ့လူထုကြီးကို အမြတ်ထုတ်သွေးစုပ်တာကို မခံနိုင်ကြတော့လို့ ကမ္ဘာပေါ်မှာ ၉၉ ရာနှုန်း သို့မဟုတ် Occupy ဆိုတဲ့ လှုပ်ရှားမှုတွေ အနှံ့ အပြားပေါ်လာတယ်။

ဒီနေ့ Occupy လှုပ်ရှားမှုတွေဟာ ၁၉၉၉ ခုနှစ်တုန်းက ဆီယယ်တဲလ်မှာ ဖြစ်ခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင် လှုပ်ရှားမှု (antiglobalization ) ၊ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး လှုပ်ရှားမှု ( global justice movement) ရဲ့ အဆက်လို့ ဆိုရင် ဆိုနိုင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှုဟာ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ရဲ့ တကမ္ဘာလုံးမှာ မတရားလုပ်နေတာတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကြီးပါ။

အခု Occupy လှုပ်ရှားမှုတွေကတော့ ဒီ့ထက်ပိုကြီး ဒီ့ထက်ပိုလေးနက်ပါတယ်။ အနောက်ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်တော့ ကော်ပို ရေးရှင်းကြီးတွေ၊ ကမ္ဘာ့ထိပ်သီးလက်တဆုပ်စာတွေကို အစိုးရတွေက အကာအကွယ်ပေးကြတယ်။ သူတို့အတွက် ငွေကြေးအမြောက် အများစိုက်ထုတ် ပံ့ပိုးပေးကြတယ်။ အဲဒီလို ပံ့ပိုးပေးနိုင်ဖို့ အတွက် အများပြည်သူတွေအတွက် သုံးတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက် ကြတယ်။ အများပြည်သူ အတွက် အသုံးစရိတ်ဆိုတာဟာ နို့စို့ကလေးတွေအတွက် ထောက်ပံ့ကြေး၊ သက်ကြီးရွယ်အိုတွေ အတွက် ထောက်ပံ့ကြေး၊ ပင်စင်ငွေတွေက အစ၊ အများပြည်သူအတွက် ကျန်းမာရေး ထောက်ပံ့စရိတ်၊ လူမှုဖူလုံရေး အတွက်ပေးတဲ့ ငွေဆိုတာ မျိုးတွေ အားလုံးဖြစ်ပါတယ်။

ဒီတော့ ၁ ရာနှုန်းအကျိုးအတွက် မတရားလုပ်နေတဲ့ လုပ်ရပ်တွေကို တားမြစ်ဟန့်တားဖို့ သိမ်းပိုက်ရေး လှုပ်ရှားမှုတွေဟာ တကမ္ဘာလုံး ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားတဲ့ ပထမဆုံး သိမ်းပိုက်ရေး လှုပ်ရှားမှုက Occupy Wallstreet ဝေါလမ်းမကို သိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ၂၀၁၁ ခု စက်တင်ဘာလ ၁၇ ရက်နေ့မှာ စဖြစ်ခဲ့ပါတယ်။ အခုအထိ နိုင်ငံပေါင်း ၈၂ နိုင်ငံက မြို့ကြီးပေါင်းမှာ ၉၅ မြို့မှာ သိမ်းပိုက်ရေးလှုပ်ရှားမှုတွေဖြစ်ခဲ့၊ တချို့ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ငါတို့ဟာ ၉၉ ရာနှုန်း We are 99 % ဆိုတာဟာ သူတို့ရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။

အာရပ်နွေဦး လှုပ်ရှားမှုတွေဟာလည်း သိမ်းပိုက်ရေး လှုပ်ရှားမှုတွေကို ပိုမိုတက်ကြွအားကောင်းလာစေခဲ့တယ်။ ၂၀၁၂ ခုနှစ်ထဲမှာတော့ IOPS International Organization for a Participatory Society ကို ဖွဲ့စည်းခဲ့ပါတယ်။

အခုချိန်အထိ မြင်တွေ့နေရတာက သူတို့ လှုပ်ရှားမှုတွေကို နိုင်ငံနယ်နမိတ်စည်းကန့်သတ်ချက်ကို ကျော်လွန် ဆောင်ရွက်နိုင်လာတဲ့ အချက်နဲ့ သူတို့လှုပ်ရှားမှုတွေဟာ ပါတီတခု အဖွဲ့အစည်းတခုတည်းက ဦးဆောင်နေတာ မဟုတ်ဘဲ၊ လူများစု ဆင်းရဲသား လူထုကြီးရဲ့ လှုပ်ရှားမှုဖြစ်နေတာကို တွေ့ရတဲ့ အချက်ပါပဲ။

သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ ခေါင်းဆောင်တဦးတယောက်ကို ဒါမှမဟုတ် တချို့ကို ဗဟိုပြုလှုပ်ရှားတာမျိုး မဟုတ်တာကိုလည်း အတိတ်က လှုပ်ရှားမှုတွေနဲ့ မတူတဲ့ ထူးခြားချက်တရပ် အဖြစ်တွေ့ရပါတယ်။ သူတို့လှုပ်ရှားမှုတွေနဲ့ တွဲပြီး နာမည်ကျော်ခေါင်းဆောင်ကြီး ဘယ်သူဘယ်ဝါဆိုပြီး ထွက်ပေါ်လာတာမျိုး အခုထိ မတွေ့ရသေးဘူး။ ခေါင်းဆောင်ရဲ့ နောက်မှာ အားလုံးစုဝေးလိုက်ပါတာမျိုးမဟုတ်ဘဲ၊ ခေါင်းဆောင် ကြည်ညိုကိုးကွယ်မှုနဲ့ လှုပ်ရှားကြတာမဟုတ်ဘဲ၊ ကိုယ့်အစုနဲ့ ကိုယ်၊ ကိုယ့်အသိနဲ့ ကိုယ် လှုပ်ရှားကြတာမျိုးကို တွေ့ရတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ လေ့လာသင့်တဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတွေ၊ ဝန်ထမ်းတွေကရော ဗမာပြည်ကို သိမ်းပိုက်ကြဖို့ မသင့်ပေဘူးလား။ ကျွန်တော်တို့တတွေ ကိုယ့်အားကိုယ်ကိုး ကြဖို့ မသင့်ပေဘူးလား။ ဗမာပြည်ဟာ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်ပဲ မဟုတ်လား။ ဗမာပြည်ကို သိမ်းပိုက်ရေး အတွေးအခေါ်ကလည်း ကျွန်တော်တို့ အတွက်သိပ်မစိမ်းလှပါဘူး။ ဒို့ဗမာ သီချင်းမှာကတည်းက ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါတို့ပြေ လို့ ကြွေးကြော်ခဲ့ကြတယ်မဟုတ်လား။

ဒါ့ကြောင့် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ ၊ သံဃာတွေ ခေတ်နဲ့ အမီလိုက်ကြရအောင်ပါ။ ဆီပူဒယ်အိုးထဲကနေ မီးပုံထဲကို ခုန်မချကြပါနဲ့။ ၁% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ မလို၊ ၉၉% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ လိုပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ကျောင်းသားနဲ့ သံဃာတွေဟာ ၉၉% ပါ။ ဘယ်နိုင်ငံခြားကိုမှ မမီခိုဘဲ၊ ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ့်အားကိုကိုးပြီး ဗမာပြည်ကို သိမ်းပိုက်ကြပါစို့။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဧပြီ ၁၀ ရက်။ ၂၀၁၂ခု။
Read more

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း ၁

ရေးသူ-ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဧပြီ ၁၀ ရက်။ ၂၀၁၂ခု။


ဗမာ့ လမ်းကြောင်း ကမ္ဘာနဲ့ ပြောင်းပြန်

ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာက အတွေး အမြင်တွေ အဖြစ်အပျက်တွေကို ရယူတဲ့ နေရာမှာ ခြေတလှမ်း အမြဲ နောက်ကျခဲ့တယ်။ တချိန်က မာ့စ်ဝါဒ၊ လီနင်ဝါဒ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အချိန်ဟာ ကမ္ဘာမှာ အောက်တိုဘာတော်လှန်ရေး ဖြစ်ပွားပြီးနောက် နှစ်ပေါင်း နှစ်ဆယ်လောက်နောက်ကျခဲ့တယ်။ ကားလ်မာ့စ် အရင်းကျမ်း ရေးခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၇၀ လောက်နောက်ကျခဲ့တယ်။

အခုတခါ ကမ္ဘာနဲ့ တဝှန်း သိမ်းပိုက်ရေး လှုပ်ရှားမှု (Occupy movement ) တွေ ပြန့်နှံ့နေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း အော်လို့ ကောင်းနေတုန်း။ ကမ္ဘာပြားပြီ လုပ်နေကြတုန်း။ ကမ္ဘာမှာ အရင်းရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြချိန်မှာ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်စနစ်ကို တိုက်ပြီး အရင်းရှင်စနစ်ဆီကို သွားဖို့ စိတ်အားထက်သန်နေကြသလို ဖြစ်နေတယ်။ ဘယ်လိုလဲ။ တခေတ်လုံးလုံး နောက်ကျဦးတော့မှာပါလား။ ကမ္ဘာပြားပြီဆိုတဲ့ သောမတ်ဖရီးမင်းတို့၊ ယဉ်ကျေးမှု တိုးတိုက်ခြင်းဆိုတဲ့ ဟန်တင်တန်တို့ ကို ကမ္ဘာမှာတော့ အပေါစား အမေရိကန် ဝါဒဖြန့်ချိရေးသမားလောက်ပဲ သဘောထားကြချိန်မှာ ကျွန်တော်တို့ဆီမှာ အခုထိ အသစ်ထင် နေကြတဲ့သူတွေ တော်တော်များများရှိနေတုန်း။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ အရင်းရှင် စနစ်ဆီ ကူးပြောင်းမယ်ဆိုတာဟာ ဆီပူဒယ်အိုးထဲကနေ မီးဖိုထဲ ခုန်ချသလိုသာရှိမှာပ။ အပူသက်သာရင်လည်း နည်းနည်းပဲ။ ပိုပူချင်တောင် ပူနိုင်သေး။

ကျွန်တော်တို့ အခု သွားနေတဲ့ လမ်းကြောင်းဟာ ကမ္ဘာ့ပြည်သူတွေရဲ့ လမ်းကြောင်းနဲ့ ပြောင်းပြန်ကြီးဖြစ်နေတယ်။ ကမ္ဘာမှာ အရင်းရှင်ထမ်းပိုး၊ ကော်ပိုရေး ရှင်းထမ်းပိုးကို ပုခုံးပေါ်က ခါချနေတဲ့ အချိန် ကျွန်တော်တို့ကတော့ အရင်းရှင်ထမ်းပိုးကို ခါးတောင်းကျိုက်ပြီး ထမ်းဖို့ ဟန်တပြင်ပြင်။ ကြည့်ပါဦး။ စစ်ကျွန်ဘဝကနေ ငွေဝယ်ကျွန်ဘဝကိုများ ကျွန်တော်တို့ သွားကြဦးမလို့လား။ စစ်ကျွန်ဘဝကနေ လွတ်ဖို့ရာ ငွေဝယ်ကျွန်အဆင့်ကို မဖြတ် သန်းဘဲ လွတ်နိုင်တဲ့ နည်းမရှိတော့ဘူးလား။ ဘယ်သူ့ကျွန်မှမခံဘဲ ဒီမိုကရေစီ စစ်စစ်ရတဲ့ လွတ်လပ်တဲ့ ပြည်သူတွေ မဖြစ်နိုင်ဘူးလား။

စစ်အာဏာရှင်မှ အရင်းရှင်အာဏာရှင်သို့

စစ်အာဏာရှင်စနစ်ကနေ အရင်းရှင်အာဏာရှင်စနစ်ဆီသွားချင်နေကြတာ ဘယ်သူတွေပါလဲ။ အလုပ်သမား၊ လယ်သမား လူများစု ပြည်သူတွေ မွဲငတ်ပြီး လက်တဆုပ်စာ လူနည်းစု အရင်းရှင်ကြီးတွေ ကျိကျိတက် ချမ်းသာမယ့်လမ်းကို သွားချင်နေတာ ဘယ်သူတွေပါလဲ။ ၉၉% ကမွဲသထက်မွဲပြီး ၁% ကချမ်းသာသထက်ချမ်းသာမယ့်လမ်းကို သွားချင်နေတာ ဘယ်သူတွေလဲ။ တခြားသူတွေ ဟုတ်ပါရိုးလား။ ဒီနေ့ တိုင်းပြည်ကို အုပ်ချုပ်ဗိုလ်လုပ်နေတဲ့ စစ်အာဏာရှင်တွေပါပဲ။

မှန်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုးတဲ့ အရင်းရှင်စနစ်ဆီသို့ ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းလို သူတွေထဲမှာ စစ်အာဏာရှင်တွေက ထိပ်ဆုံးကပါ။

အခု တလော ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ မကြာခဏ ပြောကြတဲ့ စကားတခွန်းရှိတယ်။ မပြောင်းလဲရင် မဖြစ်တော့ ဘူးဆိုတာကို အုပ်ချုပ်သူတွေကိုယ်တိုင် သိလာလို့ အပြောင်းအလဲတွေ စတင်ပေါ်ပေါက်လာတယ်ဆိုတဲ့ စကားပါ။ ဒီစကားဟာ မမှားဘူး၊ ဒါပေမဲ့ မပြည့်စုံဘူးလို့ ဆိုရလိမ့်မယ်။ စစ်အစိုးရကို လျော့တွက်ပြီး အကောင်းမြင်လွန်းနေတယ်။

ဘာ့ကြောင့်လဲ။

မပြောင်းလဲရင် မဖြစ်တော့ဘူး၊ ဒီပုံစံအတိုင်းဆက်သွားလို့ ရေရှည် မရတော့ဘူး၊ ပြည်သူကဆက်ပြီး ခေါင်းငုံ့ခံမှာ မဟုတ်တော့ဘူးဆိုတာ စစ်အာဏာရှင်တွေသိလာတယ်ဆိုတာ အမှန်ပဲ။ ဘယ်မှာ သိသွားသလဲဆိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုကြီးမှာ သိသွားကြတယ်။ သူတို့ သိပ်ကြောက်သွားတယ်။ လူထုက ပုန်ကန် တော်လှန်မှာကို သူတို့ကြောက်တယ်။ သူတို့ စစ်တပ်ထဲက ပြန်ပြီး တော်လှန်မှာကို ပိုပြီး ကြောက်တယ်။ ဒါ့ကြောင့် မပြောင်းမဖြစ်၊ ပြောင်းမှဖြစ်မယ်လို့ သူတို့သိလာတယ်။ အဲဒီလို မပြောင်းမဖြစ်တဲ့ အဆုံးမှာ စစ်အစိုးရဟာ အပြောင်းအလဲ အရိပ်အယောင်ကို စပြီး ပြလာတယ်။ ဒါပေမဲ့ သူတို့ ပြောင်းချင်တာက ဘယ်လို ပြောင်းချင်တာလဲ ဆိုတော့ ဖိနှိပ်တဲ့ အသွင်သဏ္ဍန်ကို ပြောင်းချင်တာဖြစ်တယ်။ ဖိနှိပ်တဲ့ စနစ်ကနေ မဖိနှိပ်တဲ့ စနစ်ဆီကို ပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုး ကြီးစိုးသော အရင်းရှင် အာဏာရှင်စနစ်ဆီ ပြောင်းချင်နေတာ ဖြစ်တယ်။ ခေတ်မမီတော့တဲ့ ဖိနှိပ်မှု အသွင်ဟောင်းကနေ ခေတ်မီတဲ့ ဖိနှိပ်မှု အသွင်သစ်ဆီကို ပြောင်းချင် တာသာ ဖြစ်တယ်။

တရုတ်ကို အားကိုးပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုံစံကနေ၊ အမေရိကန်နဲ့ ဥရောပကို အားကိုးပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုံစံသစ်ကို ပြောင်းလဲချင်နေတာသာ ဖြစ်တယ်။ အဲသလို ပုံစံပြောင်းလဲတဲ့ အခါ ဖိနှိပ်တဲ့ ပုံစံ အသွင်သဏ္ဍန်ကိုသာ ပြောင်းလဲပြီး ဖိနှိပ်မှုဆိုတဲ့ အနှစ်သာရကိုတော့ သူတို့ မပြောင်းချင်ဘူး။ ဒါ့အပြင် ဖိနှိပ်မှု အသွင်သဏ္ဍန်ကို ပြောင်းလဲတဲ့အခါ ဆက်လက် အခွင့် ထူးခံ မယ့် ပုဂ္ဂိုလ်တွေဟာ ဒီလူတွေပဲ ဆက်ဖြစ်နေရေး၊ သူတို့ အုပ်စုပဲ ဆက်ဖြစ်နေရေးဟာ စစ်အာဏာရှင်တွေရဲ့ အဓိက ရည်မှန်းချက်ပါပဲ။

မူလဖိနှိပ်မှု အသွင်ဟောင်း ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်အစိုးရကို ပြည်သူတွေက လက်မခံကြတော့ဘူး။ ဒီပုံစံနဲ့ ဆက်သွားလို့မရတော့ဘူး။ ဒါ့ကြောင့် ဒီလူတွေကိုပဲ တံဆိပ်အသစ်ကပ်ပြီး စစ်အုပ်စုလွှမ်းမိုးသော အရင်းရှင်အာဏာရှင်စနစ် အဖြစ် ဖိနှိပ်မှု အသွင်သစ်ပြောင်းဖို့ ကြိုးစားတာဖြစ်တယ်။ ပြည်သူတွေနဲ့ နိုင်ငံတကာကို အသွင်သဏ္ဍန်အပြောင်းအလဲနဲ့ လှည့်စားပြောင်းလဲ ပြတာဖြစ်ပါတယ်။ လူလက်မခံတော့တဲ့ ဖိနှိပ်မှု အသွင်ဟောင်းကနေ လူတွေကို လှည့်စားလို့ ရလောက်တဲ့ ဖိနှိပ်မှု အသွင်သစ်ဆီ ပြောင်းချင်တာဖြစ်တယ်။ အတိတ်မှာတုန်းက စစ်အာဏာသိမ်းတော်လှန်ရေး အစိုးရကိုလူတွေ လက်မခံတော့ မဆလထောင်ပြီး လှည့်စားတဲ့ နည်းမျိုးနဲ့ လှည့်စားချင်တာဖြစ်တယ်။ ဆိုရှယ်လစ်ကို ပြည်သူတွေလိုချင်နေတဲ့ အချိန်မှာ ဆိုရှယ်လစ် အတုအယောင်နဲ့ လှည့်စားပြီး ဒီမိုကရေစီကို ပြည်သူတွေလိုချင်တဲ့ အချိန်မှာ ဒီမိုကရေစီအတုအယောင်နဲ့ လှည့်စားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

သူတို့ရဲ့ အခုလို ဖိနှိပ်မှု အသွင်သဏ္ဍန်ပြောင်းလဲမှုကြောင့် အတိုက်အခံတွေကြားမှာ အမြင်ရှုပ်ထွေးလာတာလည်း အမှန်ပဲ။ တချို့က စစ်အစိုးရဟာ ဒီမိုကရေစီ အဖြစ် အသွင်ပြောင်းတော့မယ်လို့ထင်လာတယ်။ တချို့က လုံးဝမပြောင်းဘူး၊ ဟန်ပြလုပ်ရပ်တွေလို့ထင် တယ်။ တချို့ကပြောင်းတော့ပြောင်းတယ်၊ ကောင်းမလာဘူးလို့ မြင်ကြတယ်။ ဒီလို အမြင်ကွဲကြတဲ့ အထဲမှာ ပိုဆိုးလာတာ ကတော့ “စစ်အစိုးရထဲက ပြောင်းလဲနေတာကို ရပ်သွားမှာစိုးလို့ စစ်အစိုးရကို မဝေဖန်ကြပါနဲ့၊ ဦးသိန်းစိန် အခက်တွေ့မှာစိုးလို့ တောင်းဆို တာတွေ၊ ဆန္ဒပြတာတွေ၊ တိုက်ပွဲဝင်တာတွေ မလုပ်ကြပါနဲ့၊ မတရား အဖိနှိပ်ခံကြရပေမဲ့ သည်းခံကြပါ၊ စောင့်ဆိုင်းကြပါ” ဆိုပြီး ကိုယ့်လူကိုယ် ပြန်တားတာမျိုးတွေ၊ ခေါင်းငုံ့ခံခိုင်းတာမျိုးတွေ အထိဖြစ်လာတယ်။ အဆိုးဆုံးဖြစ်လာတာကတော့ ကိုယ့်အခွင့်အရေး ကိုယ် တောင်းဆို တိုက်ပွဲဝင်ကြသူတွေ၊ မတရားအလုပ်ခံရလို့ တုန့်ပြန်ကြသူတွေကိုတောင် “သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပွဲကို ဖျက်တယ်” လို့ စွပ်စွဲလာကြတဲ့ အထိဖြစ်လာတယ်။

စစ်အစိုးရအတွင်းမှာလည်း စစ်အာဏာရှင်စနစ်ပီပီသသနဲ့ ရက်ရက်စက်စက်ပြတ်ပြတ်သားသား ဆက်လက် အုပ်ချုပ်ချင်သူတွေနဲ့ ခေတ်မီပုံစံပြောင်းပြီး “စစ်တပ်ကြီးစိုးသော အရင်းရှင်အာဏာရှင်စနစ်ပုံစံ” နဲ့ ပြည်သူကို လှည့်ဖျားအုပ်ချုပ်ချင်သူတွေအကြား လုပ်နည်း လုပ်ဟန် ကွဲပြားမှုတွေ တွေ့လာရတယ်။ လုပ်နည်းလုပ်ဟန်ပဲ ကွဲတာဖြစ်တယ်။ အခြေခံသဘောထား မကွဲဘူး။ မူမကွဲဘူး။ ဒါပေမဲ့ ဒါကိုပဲ စစ်အုပ်စုကြားမှာ အပျော့အမာကွဲနေပြီဆိုပြီး အတိုက်အခံတွေကြားမှာ အားတက်သူက အားတက်ကြတယ်။ ငါတို့ ဘက်သား (သူတို့ အထင် )အပျော့ ကလေးတွေကို အမာက မျိုမသွားအောင်ဆိုပြီး ကိုယ့်လူကိုယ် ပြန်ဟန့်သူကဟန့်ကြတယ်။

တကယ်တော့ စစ်တပ်ထဲမှာ အပျော့အမာကွဲနေတယ်ဆိုတာလည်း သူတို့ စစ်တပ်ကပဲ သတင်းလွှင့်ထားတာတွေ ဖြစ်ပါတယ်။ အများဆုံးသတင်းလွှင့်ကြတာကတော့ အပျော့တွေလို့ နာမည်ခံထားကြတဲ့ ရထားဝန်ကြီး ဗိုလ်အောင်မင်းတို့၊ စက်မှုဝန်ကြီး ဗိုလ်သိန်းစိုး တို့က ဗဟုတို့ သမ္မတ အကြံပေးတို့ ဆိုသူတွေဆီကနေတဆင့် တိုးတိုးတိတ်တိတ် အလံရှူးလုပ်ကြတာ ဖြစ်ပါတယ်။

အပြောင်းအလဲ အစ အမေရိကန်က

စစ်အာဏာရှင်တွေအတွက် မပြောင်းမဖြစ်တဲ့ အခြေအနေကို ရင်ဆိုင်လာရချိန်မှာပဲ သူတို့လိုချင်တဲ့ အပေါ်ယံအပြောင်းအလဲ၊ ဖိနှိပ်မှု အသွင်သဏ္ဍန်အပြောင်းအလဲကို လုပ်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်။

သူတို့ အသွင်ပြောင်းချင်တဲ့ အချိန်ဟာ အမေရိကန်က ဆက်မအောင့်နိုင်တော့ဘဲ ပေါ်လစီ ပြောင်းမယ့်ကာလနဲ့ လာတိုက်ဆိုင်နေတယ်။ အဲသလို တိုက်ဆိုင်နေတဲ့ အတွက်လည်း စစ်အစိုးရ အနေနဲ့ သူပြောင်းလဲချင်တဲ့ ပုံစံနဲ့ ပြောင်းလဲလို့ ရနိုင်ဖို့ အသက်ရှူပေါက် ပွင့်လာတယ်။ ဒါကတော့ သူတို့ စစ်အာဏာရှင်တွေ ကံကောင်းပြီး ပြည်သူတွေ ကံဆိုးတဲ့ အချက်ပါပဲ။

စစ်အစိုးရက ဖိနှိပ်မှု အသွင်ပြောင်းပြီး လူရာဝင်ချင်တဲ့ အချိန်မှာ အမေရိကန်နဲ့ ဥရောပကလည်း တဘက်မှာ စီးပွားပျက်လာတယ်။ သူတို့ အနေနဲ့ အာရှကို ခြေဦးလှည့်ဖို့ စိတ်အားထက်သန်လာတယ်။ ဗမာပြည် ဒီမိုကရေစီ ရတဲ့ အထိ ဆက်မစောင့်နိုင်တော့ဘူး။ သူတို့ ဆက်ပြီး မအောင့်နိုင်ကြတော့ဘူး။ တကယ်တော့လည်း အမေရိကန်ရဲ့ ပေါ်လစီဟာ ဗမာတနိုင်ငံတည်းနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ မဟုတ်ဘူး။ အာရှတခုလုံးနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ။ အာရှမှာ တရုတ်လွှမ်းမိုးတာကို တားဆီးပြီး အမေရိကန် ဥရောပ လွှမ်းမိုးနိုင်ရေး ဆောင်ရွက်မယ့် ပေါ်လစီ။ ဒါ့ကြောင့် ၂၀၀၉ ခုနှစ် အာဆီယံ အစည်းအဝေးမှာ TAC ASEAN’s Treaty of Amity and Cooperation အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်တို့ လက်မှတ်ရေးထိုးခဲ့တယ်။ တချိန်တည်းလိုလိုမှာပဲ အမေရိကန်ရဲ့ ဗမာဆိုင်ရာ မူဝါဒဟာ ချဉ်းကပ်မှုပေါ်လစီကို ပြောင်းလဲ ကျင့်သုံးတော့မယ်ဆိုတာ ကြေညာလာတယ်။ ဒါဟာ တရုတ်လွှမ်းမိုးပြီး အရေခွံခွာနေတဲ့ ဗမာနိုင်ငံကို သူတို့ပါဝင်ပြီး နွှာဖို့ ခြေလှမ်းပြင်လာတာလည်း ဖြစ်တယ်။ ဒီ့ထက် အရေးကြီးတဲ့ အချက်က အာရှကို သူတို့ ခြေဦးလှည့်တော့မယ်ဆိုရင် ဗမာကို စိုးမိုးထားဖို့ လိုတယ်ဆိုတဲ့ အချက်ပဲ။ ဗမာပြည်ဟာ ပထဝီ နိုင်ငံရေး အရ အရေးပါတဲ့ နိုင်ငံ တနိုင်ငံလို့ သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ အချက်ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အဆက်ဆက်တို့ရဲ့ ပရောဟိတ်ဆရာကြီးဖြစ်တဲ့ ဇဘစ်နူးဘာဇင်ဆကီ ဆိုသူက ပထဝီနိုင်ငံရေးအရ ယူရေးရှားကို စိုးမိုးနိုင်တဲ့သူဟာ ကမ္ဘာကို စိုးမိုးနိုင်လိမ့်မယ်လို့ တွက်ချက် ဟောကိန်းထုတ်ပြခဲ့ဖူးတယ်။ (Zbignew Brzezinski ရဲ့ The Grand Chessboard စာအုပ်ကို ကြည့်ပါ။) အဲဒီတွက်ကိန်းနဲ့ အညီ ယူရေးရှားရဲ့ အသည်းနှလုံးဖြစ်တဲ့ အာဖဂန်နစ္စတန်ဟာ စစ်တလင်း ဖြစ်ခဲ့တယ်။ အာဖဂန်နစ္စတန်ဟာ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ဥရောပတို့ရဲ့ အဆက်အစပ် အသည်းနှလုံးမို့ အရေးကြီးတာဖြစ်တယ်။

ဒါဆို ကျွန်တော်တို့ ဗမာပြည်ကရော။ ကမ္ဘာ့အရေးမှာ ပထဝီနိုင်ငံရေး အရ ဗမာဟာ အာဖဂန်နစ္စတန်လောက် အရေးမပါပေမဲ့ အာရှ အရေးမှာတော့ ဗမာဟာ အရေးပါဆုံး နိုင်ငံတနိုင်ငံပဲ။ ကျွန်တော်တို့ ဗမာပြည်ဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ အဆက်အစပ် အသည်းနှလုံးဖြစ်တယ်။ ကမ္ဘာ့နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သလို အစဉ်အလာ ရန်ဘက်တွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း ဆက်စပ်နေတယ်။ ဒါ့အပြင် အရှေ့ အလယ်ပိုင်းက ရေနံကို တရုတ်တို့ ရယူနိုင်ဖို့အတွက် ရေနံကို ပင်လယ်ကနေသယ်ယူပြီး ပိုက်လိုင်းနဲ့ တဆင့်ခံသွယ်ယူနိုင်တဲ့ နေရာဟာလည်း ဗမာပြည်ဖြစ်တယ်။ ဒီလို သေနင်္ဂဗျူဟာ အရ အချက်အချာကျတဲ့ နေရာ အချက်အချာကျတဲ့ နိုင်ငံဟာ တရုတ်ရင်ခွင်မှာ ပျော်ပါးနေတာကို အန်ကယ်ဆမ် (US) က မနာလို မရှုစိမ့်တော့ဘူး။

ဒါ့ကြောင့် အမေရိကန်ဟာ ဗမာကို စိုးမိုးနိုင်ဖို့ သိပ်အရေးကြီးလာတယ်။ ဗမာကို အမေရိကန် စိုးမိုးနိုင်ရေးသည် ပဓာန၊ ဗမာပြည် ဒီမိုကရေစီ ရမရသည် သာမည ဖြစ်သွားတယ်။

ဒါ့ကြောင့် အမေရိကန် ထိပ်တန်း သံတမန်တွေ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရနဲ့ ညှိနှိုင်းပြောဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း သူတို့ မူဝါဒပြောင်းတော့မယ်ဆိုတာကို အချက်ပေး ပြောဆိုခဲ့တယ်။

ဘဲအုပ်က တရာ၊ နှစ်ရာ၊ မဗေဒါက တပင်တည်း


NLD ရဲ့ အကြပ်အတည်း

“မင်းတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ငါတို့ ထောက်ခံခဲ့ပြီးပြီ။ မင်းတို့ အာဏာရအောင် မယူနိုင်ရင် ငါတို့ကတော့ ဆက်မစောင့်နိုင်တော့ဘူး။ ဗမာစစ်အစိုးရနဲ့ ပေါင်းရတော့မယ်၊ မင်းတို့လည်း ပေါင်းဖို့ ပြင်ပေတော့” လို့ အမေရိကန်က အချက်ပြလာတယ်။

တချိန်က တရုတ်နိုင်ငံဟာ ပြည်သူချင်းဆက်ဆံရေးကနေ အစိုးရချင်းဆက်ဆံရေး ပေါ်လစီကို ပြောင်းတုန်းကလည်း တရုတ်ဟာ ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး၊ စစ်အစိုးရနဲ့ ပေါင်း၊ ဗမာပြည်က သယံဇာတတွေ စုပ်မြိုခဲ့ဖူးတယ်။ အခု အနောက်နိုင်ငံတွေ စီးပွားပျက်ကပ်ဆိုက် ၊ ပေါ်လစီပြောင်းတော့မယ်ဆိုတော့လည်း ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး၊ စစ်အစိုးရနဲ့ ပေါင်း၊ ဗမာပြည်ကို ဂုတ်သွေးစုပ်မြိုဖို့ ပြင်လာပြန်တယ်။ တရုတ်ဟာ ဗမာပြည်သူတွေကို သစ္စာဖောက်ပြီး သူ့တိုင်းပြည် အကျိုးကို သူလုပ်ခဲ့ဖူးသလို၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာလည်း အခု ဗမာပြည်သူတွေကို သစ္စာဖောက်ပြီး သူတို့ အကျိုး အတွက် သူတို့ လုပ်တော့မယ်။ ကဲ..ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘာလုပ်မလဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ဝင်ဖို့၊ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ အမေရိကန်က ဖိအားပေးလာတယ်။NLD ပါတီမထောင် ရွေးကောက်ပွဲ မဝင်ရင် NLD ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပြီး၊ အမေရိကန်၊ အနောက်နိုင်ငံ တွေနဲ့ စစ်အစိုးရတို့ ပူးပေါင်းကြတော့မယ်လို့ ဖိအားပေးလာတယ်။ အစိုးရဘက်ကိုလည်း NLD ကို သိက္ခာရှိရှိနဲ့ ရွေးကောက်ပွဲ ဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ အမေရိကန်ပဲ ကြားဝင်ညှိနှိုင်းပေးခဲ့တယ်။ NLD နဲ့ စစ်အစိုးရကို အမေရိကန်တို့ အောင်သွယ်ပေးခဲ့တယ်။ ဒါပေမဲ့ NLD ကိုသာ အမေရိကန်တို့ ဖိအားပေးနိုင်ခဲ့ပြီး စစ်အစိုးရကိုတော့ အမေရိကန်တို့ ဖိအားမပေးနိုင်ခဲ့ဘူး။ အခွင့်အရေးပြပြီး မြူဆွယ် ဖျားယောင်းတာမျိုးလောက်ကိုပဲ အလွန်ဆုံးလုပ်နိုင်ခဲ့တယ်။

ဒါ့ကြောင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်အစိုးရက ပြင်ပေး၊ ဖွင့်ပေးတဲ့ အခါ စိတ်မပါ လက်မပါနဲ့ ထိန်းသိမ်း စောင့်ရှောက် ဆိုတဲ့အစား၊ လေးစားလိုက်နာလောက်ပဲ မပြောင်းချင်၊ ပြောင်းချင် ပြောင်းပေးခဲ့တယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ မဝင်မနေရ ဆိုပြီး ထပ်ပြီးတောင် ကြပ်လိုက်သေးတယ်။ ဒါပေမဲ့ NLD မှတ်ပုံတင်နိုင်အောင် ထောင်ကျနေတဲ့သူ ပါတီက ထုတ်ပေးရမယ် ဆိုတဲ့ စည်းကမ်းချက်ကိုတော့ ပြင်ပေးခဲ့တယ်။

အမေရိကန် စေ့စပ်ရေးကြောင့် ဗမာ့နိုင်ငံရေး ရွေ့သွားတယ်။ ဒါပေမဲ့ ကောင်းတဲ့ အရွေ့ဖြစ်မလာဘူး။ ဘာ့ကြောင့်ဖြစ်မလာသလဲ ဆိုတော့ အမေရိကန်ရဲ့ စေ့စပ်ရေးဟာ မမျှတလို့။ စစ်အစိုးရကို ချော့ပြီး NLD ကို အကြပ်ကိုင်တဲ့ စေ့စပ်ရေးဖြစ်နေလို့ပဲ။

တဘက်မှာ NLD ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ကြည့်ရအောင်။

NLD ဟာ ပြည်သူလူထုရဲ့ အားကို ဘယ်တုန်းကမှ လေးလေးနက်နက် မယုံကြည်ဘူး။ NLD ဟာ ၈၈ လူထုလှုပ်ရှားမှုကြီးကနေ ပေါက်ဖွား ပေါ်ထွက်လာတာမှန်ပေမဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ဘူး။ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ ဦးမဆောင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဟာလည်း လူထုလှုပ်ရှားမှုထဲမှာ ဘယ်တုန်းကမှ တခါမှ မပါဝင်ခဲ့ဖူးဘူး။ ဒါတင်မက လူထုရှေ့ကနေ ဦးဆောင်ပြီး ချီတက်ဆန္ဒပြရဲပုံလည်း မရဘူး။ ( ၈၉ ခု ဇူလိုင် ၁၉ အဖြစ်အပျက်ကို ပြန်ကြည့်ပါ။) NLD နဲ့ ဒေါ်အောင်ဆန်းစု ကြည် အားကိုးတာဟာ အနောက်နိုင်ငံတွေသာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားသာဖြစ်တယ်။ အနောက်နိုင်ငံတွေက ပိတ်ဆို့ ပေးနေတဲ့ ဆန်ရှင်ကိုသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သေနင်္ဂဗျူဟာ ဟာ မီဒီယာကို အသုံးပြုပြီး နိုင်ငံတကာဖိအား နဲ့ စစ်အစိုးရကို ပြုပြင်ပြောင်းလဲရေးသာဖြစ်တယ်။

ဒီတော့ သူအားကိုးတဲ့ အနောက်နိုင်ငံတွေဟာ သူ့ကို ပစ်ပြီး စစ်အစိုးရနဲ့ ပြန်ပေါင်းထုတ်တော့မယ်ဆိုတာ ရိပ်မိလာတဲ့အခါ ဒေါ်စုပြာသွားတယ်။ လူထုလှုပ်ရှားမှုကို မယုံကြည်တဲ့ ဒေါ်စုမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ တခြားလုပ်တတ်တာလည်း မရှိတော့ဘူး။ ဒေါ်စု နိုင်ငံရေး သွေးဆုံးသွားတယ်။ နောက်ဆုံးတော့ စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းရုံမှတပါး ဒေါ်စုမှာ တခြားလုပ်စရာ ဘာမှ မရှိတော့ဘူး။

ဒီလိုနဲ့ ၂၀၁၀ မှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အခုတော့ ဘာမဟုတ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို အောက်ကြေးနဲ့ ဝင်ဖို့ ပြင်လိုက်ရတယ်။ မောင်မောင်ခေါ်လို့ ဗျာမထူးခဲ့တဲ့ NLD ဟာ အောင်ကျော်ခေါ်တော့မှ ဘုရားထူးရပါတော့မယ်။

ဒါ့ကြောင့်လည်း အစိုးရ အဖွဲ့ဝင်မဟုတ်ဘဲ လွှတ်တော်နာယကသာဖြစ်တဲ့ ခင်အောင်မြင့်က စိတ်မပါလက်မပါ ၉၀ ရလဒ်ကို အသိအမှတ်ပြုပါတယ် တခွန်းပြောရုံလေးနဲ့ ဒါလောက်ဆိုရပါပြီ၊ ကျမတို့ ကျေနပ်ပါပြီဆိုပြီး ဒေါ်စုဟာ ပြာပြာသလဲနဲ့ ၉၀ ရလဒ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၉၀ ရလဒ်ကို ဘာ့ကြောင့် ဒီလောက် ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်သလဲ။ ဘာ့ကြောင့် ဒီလောက်တန်ဖိုးရှိတဲ့ ပစ္စည်းကို ဈေးမကိုင်ရဲ ဈေးမဆစ်ရဲသလဲ။ ရှင်းပါတယ်။ ဒေါ်စု သိပ်ဗိုက်နာနေလို့ပါ။ အမေရိကန် မရှိရင် ဘာမှ မလုပ်တတ်လို့ပါ။ ဒါ့ကြောင့်လည်း တနိုင်ငံလုံးလူထုက အပ်နှင်းထားတဲ့ သမိုင်းဝင် ၉၀ ရလဒ်ကို ပါတီတခုလုံး ရဲ့ သဘောထား၊ ပြည်သူလူထုရဲ့ သဘောထားကို တခွန်းတပါဒမှ မရယူပဲ ကိုယ်ပိုင် ပစ္စည်းကို လူပေးသလို ပေးပစ်ခဲ့တာပါ။ ဒီလိုနဲ့ တနိုင်ငံလုံး ပြည်သူတွေ ယုံကြည်ကိုးစား အပ်နှင်းခဲ့တဲ့ ၉၀ ရလဒ်ဟာ ထဘီဟောင်းတထည်ကို စွန့်ပစ်သလို စွန့်ပစ်တာခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အရေးလား၊ ကော်ပိုရေးရှင်းကြီးတွေ အရေးလား

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် ဗမာ့အရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေး လှုပ်ရှား သူတွေကို ထောက်ပံ့ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရင်းနှီးမြုပ်နှံခဲ့ကြတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူဆိုသူတွေကို ခေါ်ပြီး အမေရိကန် ပုံစံ တွေးခေါ်ပုံ တွေးခေါ်နည်းကို သင်ပေးခဲ့တယ်။ အခုအမေရိကန်က ဗမာပြည်ကို ဝင်ပြီး စစ်အစိုးရနဲ့ ပြန်ပေါင်းထုတ်ချင်တဲ့ အချိန်မှာ ဗမာအသားအရေရှိပြီး အမေရိကန် ဥရောပ အတွေးအခေါ်ရှိတဲ့ အဲဒီလူတွေဟာ အသုံးဝင်လာတယ်။ အဲဒါကတော့ ဗဟုတွေပဲ။ သာမန်အားဖြင့် ဗမာစစ်အာဏာရှင်တွေဟာ ဘာမှ မဟုတ်တဲ့ ဗဟုလို ငမျောက်၊ ငခြောက်တွေကို အရေးလုပ်နေရိုး ထုံးစံမရှိဘူး။ စစ်အာဏာရှင်တွေဟာ နိုင်ငံခြားသားကို မုန်းလွန်းလို့ ဗိုလ်ခင်ညွန့်တောင် နိုင်ငံခြားသူနဲ့ လက်ထပ်ထားတဲ့သားကို အမွေပြတ်ကြေညာရဖူးတယ်။ အခု နိုင်ငံခြားသူတွေနဲ့ လက်ထပ်ထားသူတချို့ ပါဝင်တဲ့ ဗဟုတွေ ၊ တချိန်က သူတို့ကို ဆန့်ကျင်ခဲ့ဖူးတဲ့ အဲဒီဗဟုတွေကို သူတို့ အနေနဲ့ အရေးလုပ် စကားပြောနေတာဟာ အမေရိကန် မျက်နှာကြည့်ပြီး ပြောနေတာ ဖြစ်တယ်။

ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်မှာ အမေရိကန် ထောက်ခံမှုရခဲ့တဲ့ ဗဟုတွေကတော့ အမေရိကန်ကို ဒီမိုကရေစီ သူရဲကောင်းကြီးလို့  မှတ်ထင်ထားခဲ့ကြတယ်။ တကယ်တော့ အမေရိကန်တွေရဲ့ မပြောင်းမလဲတဲ့ တသမတ်တည်း ပေါ်လစီဟာ ဒီမိုကရေစီ မဟုတ်ဘူး၊ အရင်းရှင် ကော်ပိုရေးရှင်းကြီး တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ပေါ်လစီပါပဲ။ အမေရိကန် သမ္မတနဲ့ ဆီးနိတ်အမတ် တွေဆိုတာကလည်း အားလုံးဟာ အဲဒီ ကော်ပိုရေးရှင်းကြီးတွေမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံ ထားကြ သူတွေချည့်ပဲ။

ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီကတော့ တသမတ်တည်း မဟုတ်ကြောင်း၊ အကြိမ်ကြိမ်အခါခါ ရှေ့နောက်မညီခဲ့တာတွေရှိကြောင်း သက်သေ အထောက်အထားတွေ အများအပြားရှိခဲ့တယ်။ အမေရိကန်ဟာ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ အခါ ဒီမိုကရေစီကို ထောက်ခံတယ်။ အဲဒီကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးစီးပွားက အာဏာရှင်တွေနဲ့မှ ကိုက်ညီတဲ့ အခါမှာတော့ အာဏာရှင်တွေနဲ့ ပေါင်းလိုက်တာပဲ။ အဲသလို အထောက်အထားတွေ အများကြီးရှိခဲ့ ရှိနေတုန်းပဲ။ လယ်သမား အလုပ်သမား ငါးသိန်းကျော်ကို ကွန်မြူနစ်တံဆိပ်ကပ်ပြီး သတ်ခဲ့တဲ့ အာဏာရှင် ဆူဟာတို အစိုးရကို ကျောထောက်နောက်ခံပေးခဲ့တာဟာ အမေ ရိကန်ပဲ။ ဒီနေ့ ကမ္ဘာမှာ အဖောက်ပြန်ဆုံး အာဏာရှင်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျကို ထောက်ခံမှု အပြည့်ပေးနေတာ ဟာလည်း အမေရိကန်ပါပဲ။ ဆဒန်ဟူစိန်ကို တချိန်ကထောက်ခံခဲ့တာ၊ အီဂျစ် အာဏာရှင် ဟော်စနီ မူဘာရက်ကို အာရပ်နွေဦးမတိုင်ခင်အထိ တလျောက်လုံး ထောက်ပံ့ပေးနေခဲ့ တာလည်း အမေရိကန်ပဲ။ အတိတ်ကာလမှာ တာလီဘန်ကို ထောက်ပံ့ကူညီခဲ့တာလည်း အမေရိကန်ပဲ။ အယ်လ်ခိုင်းဒါး အဖွဲ့ကို မွေးထုတ် လေ့ကျင့် ပေးခဲ့တာလည်း တခြားမဟုတ်၊ အမေရိကန်ပါပဲ။

ဒီတော့ ယေဘုယျသဘောကို ပြောရရင် နိုင်ငံကြီးတွေဟာ သူတို့ အကျိုးရှိရင် ဘယ်သူမှ အာဏာရှင်နဲ့ ပေါင်းဖို့ ဝန်မလေးဘူး။ ဗမာပြည်သူတွေကို သစ္စာဖောက်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူးဆိုတာပဲ။

အမေရိကန်ရော တရုတ်ရော နှစ်နိုင်ငံစလုံးဟာ ကမ္ဘာလှည့်ပြီး သူတို့ကိုယ်ကျိုးရှာကြတဲ့ အခါ ဘယ်သူမှ သက်ဆိုင်ရာ နိုင်ငံက ပြည်သူတွေအကျိုးကို တချက်မှ ငဲ့ကွက်ကြည့်တာ မဟုတ်ဘူး။ အနောက်နိုင်ငံ ကော်ပိုရေးရှင်းကြီးတွေ ဖြစ်ကြတဲ့ ရှဲလ် က နိုက်ဂျီးရီးယားမှာ၊ ယူနီယံကာဘိုက်က အိန္ဒိယ ဘိုပါးလ်မှာ၊ တိုတယ်ဖီနာက ပြင်သစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ဖျက်ဆီးမှုတွေဆိုတာကလည်း ကမ္ဘာကျော်ပဲ။ တရုတ်နိုင်ငံထဲက ကျောက်မီးသွေးတွင်းတွေရဲ့ အလုပ်သမားတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာကလည်း ကမ္ဘာကျော်ပဲ။ ဒါပေမဲ့ အမေရိကန်က ပိုဆိုးတယ်။ အမေရိကန်ဟာ နိုင်ငံတကာကို လက်နက်နဲ့ ကျူးကျော်ဖျက်ဆီးခဲ့တာ မရေတွက်နိုင်လောက်အောင် များတယ်။ တရုတ်မှာ အဲသလို လက်နက်နဲ့ ကျူးကျော်တဲ့ လုပ်ရပ်မျိုး ဒီနေ့အထိ မရှိသေးဘူး။ ဒီနေရာမှာ တရုတ်က အမေရိကန်နဲ့ စာရင်တော်သေးတယ်။ (ဒါပေမဲ့ နောင်မှာ တရုတ်လည်း ဒါမျိုး ရှိမလာလို့တော့ အာမမခံနိုင်။ နောင်မှာ တရုတ်စစ်ရေးအင်အား ကြီးလာတဲ့ အခါ ဘာဖြစ်လာမယ်ဆိုတာ ကြိုမပြောနိုင်။)

အပိုင်း ၂ ကို ဆက်ဖတ်ပါ။

>ရေးသူ-ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဧပြီ ၁၀ ရက်။ ၂၀၁၂ခု။
Read more

စွန့်ပစ်ခံလာရသော နိုင်ငံရေးရိုးသားမှုနှင့် ချောင်ပိတ်ခံရသော မြန်မာပြည်

(ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားတဲ့ ကိုဝတုတ်ရေးသားတဲ့ ဆောင်းပါးကလေးကို မျှဝေလိုက်ပါတယ်။)

“စွန့်ပစ်ခံလာရသော နိုင်ငံရေးရိုးသားမှုနှင့် ချောင်ပိတ်ခံရသော မြန်မာပြည်”
ရေးသူ - Ko Watote


မြန်မာ့ နိုင်ငံရေး သမိုင်းမှာ တလွဲအသုံးခံရဆုံး ဝေါဟာရဟာ ပြည်သူလူထု ဆိုတဲ့ ဝေါဟာရပဲ။ ဗိုလ်နေ၀င်း စစ်အုပ်စု အာဏာသိမ်းပြီးနောက် တတိုင်းပြည်လုံးမှာ ရှိတဲ့ အိမ်ဆိုင်၊ ကွမ်းယာဆိုင်ကစလို့ ရုပ်ရှင်ရုံ မကျန် သူတို့ မျက်စိကျတဲ့ ရှိရှိသမျှ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းတယ်ဆိုပြီး လုပ်တယ်။ ပြည်သူပိုင် သိမ်းတယ်သာဆိုတယ်၊ ဗိုလ်နေ၀င်းတို့လူသိုက် နေ့ခင်းကြောင်တောင် အေးဓားပြတိုက်၊ ခိုးဆိုး လုယက်ပြီး ရလာတဲ့ တိုက်ရပါ၊ ခိုးရာပါတွေဟာ ပြည်သူလူထုလက်ထဲ မရောက်ပါဘူး၊ ပြည်သူပိုင် ဖြစ်မလာခဲ့ပါဘူး။ ပြည်သူပိုင် သိမ်းတယ် ဆိုတဲ့ ဝေါဟာရကို ကိုယ့်ကိုယ်ကျိုးကွက်ကွက်လေး အတွက်သာသုံးပြီး ဗိုလ်နေ၀င်းတို့ လူသိုက် တတိုင်းပြည်လုံးကို ကိုယ့်အမွေဆိုင်လို သဘောထားပြီး ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းခဲ့တယ်။ သားသမီး၊ မြေးမြစ် မကျန် ဆယ်သက်စားမကုန်အောင် ရသမျှ အိပ်ထဲ သိမ်းကျုံးထည့်ခဲ့တယ်။ တဘက်မှာ ပြည်သူလူထုက ဆင်းရဲတွင်းနက်ပြီး ကျန်ခဲ့တယ်။

မဆလ ဗိုလ်နေ၀င်းရဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ ကယ်တင်ပေးနိုင်မယ်လို့ ယုံပြီး တခဲနက် ထောက်ခံခဲ့ကြတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာလည်း မဆလတုန်းကလို ပြည်သူလူထုဆိုတဲ့ နံမယ်ကို အလွဲသုံးစား လုပ်တာတွေကို တွေ့လာနေရတာ တကယ့် ပြည်သူလူထု ဘက်က နာမိတယ်။ ခုပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းမဲ့ စွပ်စွဲတာ မဟုတ်ဖူး။ ပြည်သူတွေဟာ ဗိုလ်နေ၀င်း စစ်အာဏာရှင် စနစ်ကို ဘယ်လောက် ရွံသလဲဆိုရင် မဆလ မျက်နှာဖုံးစွပ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရှစ်လေးလုံး လူထု အုံကြွမှုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက နေ့ချင်းညချင်း လူထု ခေါင်းဆောင်ဘွဲ့ အပ်နှင်းလိုက်တာကိုက သူတို့ဆီမှာ စစ်အာဏာရှင်လက်က လွတ်ချင်တဲ့ဆန္ဒ ဘယ်လောက် ပြင်းပြနေသလဲ ဆိုတာ အထင်အရှားပြနေတယ်။ ကိုးဆယ်ရွေးကောက်ပွဲမှာ ဒီချုပ်ကို အပြတ် မဲထည့်ပြခဲ့တယ်။ ဒါပေမယ့် ဒီချုပ်ကို ထောက်ခံမှုပြတာဟာ စစ်ပဒေသရာဇ်လက်အောက်မှာ မနေချင်ဘူးဆိုတာကို အထင်အရှား ပြသမှုသာ ဖြစ်တယ်။ စစ်အုပ်စု လက်အောက်ကလွတ်အောင် ဒေါ်အောင်ဆန်းစုကြည် ကယ်တင်နိုင်မယ် ဆိုတဲ့ ယုံကြည်မျှာ်လင့်ချက်နဲ့ ကိုယ့်ကို ထောက်ခံခဲ့တာတွေ၊ အခုထိ အဲဒီမျှော်လင့်ချက်နဲ့ တခဲနက်ထောက်ခံနေကြတဲ့လူထုကို ကိုယ်ဘာ လုပ်လုပ် ဆက်ထောက်ခံမယ့်ပုံစံ ပြောဆို လုပ်ကိုင်လာနေတာကို တွေ့ရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဆီမှာ နိုင်ငံရေး ရိုးသားမှု ကျန်ပါသေးရဲ့ လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာနေပြီ။

ဒီလို ပြောရတာက ရွေးကောက်ပွဲ လုပ်ခါနီး ကောက်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို စွန့်ခွာဖို့ ဆန္ဒမရှိဘူး၊ ခြိမ်းခြောက်မှုတွေ ရှိပေမယ့် ရှေ့ ဆက်သွားဖို့ ဆုံးဖြတ်ထားပြီးသား၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေ လို့ပါပဲ ဆိုပြီး ပြောသွားလို့ပဲ။ ပြည်သူလူထုရဲ ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ ၀င်စေချင်လို့ ၀င်ရတာဆိုတဲ့ သဘောမျိုးပြောသွားတယ်။ ရွေးကောက်ပွဲကို ပြည်သူလူထု ဆုံးဖြတ်ချက်နဲ့ ၀င်ခဲ့တာဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ဘာအထောက် အထားနဲ့ ပြောသလဲ။ တကယ်တမ်း ဖြစ်ခဲ့တာက အန်အယ်ဒီ ရွေးကောက်ပွဲ ၀င်ဖို့မ၀င်ဖို့ ဗဟန်းရုံးမှာ အစည်းအဝေးလုပ်ကြတော့ တိုင်းနဲ့ပြည်နယ် ကိုယ်စားလှယ် တချို့ က မ၀င်သင့်ကြောင်း တင်ပြဖို့ ပြင်ဆင်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ခုဆွေးနွေးပွဲဟာ အငြင်းအခုံ လုပ်ဖို့ ဆွေးနွေးပွဲ မဟုတ်ဘူးလို့ ပိတ်ပြီးပြောထားတဲ့ အတွက် ဘယ်သူမှ ပြောခွင့်မသာခဲ့ဘူး။ သမ္မတသိန်းစိန် စစ်အုပ်စုနဲ့ သီးသန့်တွေ့လိုက်၊ အနောက်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့လိုက်လုပ်နေပေမယ့် ဒီတွေ့ဆုံမှုတွေမှာ ဘာတွေ ပြောဖြစ်သလဲဆိုတာ ခုချိန်ထိ ထုတ်မပြောသေးဘူး။ ကျမကို ယုံပါဆိုတဲ့ စကားတခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူလုပ်ချင်ရာသူလုပ်၊ ပြီးရင် ပြည်သူလူထု လုပ်ခိုင်းလို့ လုပ်တာဆိုပြီး ပြည်သူ့ တံဆိပ်တုံးခပ်နေတယ်ဆိုရင် မဆလ ဗိုလ်နေ၀င်းရဲ့ ပြည်သူ့နံမယ်ကို အလွဲသုံးစား လုပ်နည်းနဲ့ ခုဒေါ်အောင်ဆန်းစုကြည် ပြောဆို လုပ်ကိုင်ပုံတွေ ဘာကွာသေးလဲလို့ မေးစရာ ဖြစ်လာနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ နိုင်ငံရေး ရိုးသားမှု ကျန်ပါသေးရဲ့ လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာနေပြီ။

ရွေးကောက်ပွဲဝင်တာ ပြည်သူဖြစ်စေချင်လို့ ၀င်တယ်ဆိုရင် ကိုးဆယ်ရွေးကောက်ပွဲ ရလာဒ်ကို ကျောခိုင်းခဲ့တာကရော ပြည်သူဖြစ်စေ ချင်တာမို့ ကျောခိုင်းခဲ့တာလားဆိုတာ မေးပါရစေ။ ကိုးဆယ်ရွေေးကာက်ပွဲရလာဒ်ဟာ စစ်အုပ်စုရဲ့ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုအောက်ကနေ ရုန်းထွက်ချင်တဲ့ တတိုင်းပြည်လုံးရဲ့ ဆန္ဒအစစ်အမှန်ပါ။ ဒါကို လက်ခံရင် ဒီကိုးဆယ် ရွေးကောက်ပွဲ ရလာဒ်ကို ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်ပိုင် ပစ္စည်းပမာ သဘောထားတာဟာ ပြည်သူ့ဆန္ဒ၊ တတိုင်းပြည်လုံးရဲ့  ဆန္ဒကို ကိုယ့်တသဘောထဲနဲ့ ကျောခိုင်းခဲ့တာက ပြည်သူ လူထုရဲ့ ဆန္ဒ အစစ်အမှန်ကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ အဲဒီလို ကျောခိုင်းခဲ့လို့ စီအာပီပီ အပါအ၀င် ကိုးဆယ်ရွေးကောက်ပွဲ ရလာဒ်ကို ဆုပ်ကိုင်ပြီး နိုင်ငံရေးသက်ဆက်နေရသူအားလုံး ပြိုကွဲလုနီးပါး ဖြစ်ခဲ့တယ်။ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး လမ်းစလို့ ပြည်သူလူထုက မှန်မှန် ကန်ကန် မြင်တဲ့ ကိုးဆယ်ရွေးကောက်ပွဲ ရလာဒ်ဟာ ဗိုလ်သန်းရွှေ စစ်အုပ်စု အာဏာ တည်မြဲရေးမှာ အဓိက အဟန့်အတားပဲ။ စစ်အုပ်စုက ဒီ ရွေးကောက်ပွဲ ရလာဒ်ကို ပျက်စေချင်တယ်၊ အစအနတောင် မကျန် ခဲ့စေချင်ဘူး။ စစ်အုပ်စု ဖြစ်စေချင်သလို လုပ်ပေးတာ ကရော ပြည်သူလူထု ဆန္ဒပဲလား။

စစ်အုပ်စုရဲ့ မတရား အနိုင်ကျင့်မှုတွေကို ဥပဒေဘောင်ထဲက လုပ်နိုင်အောင် စီစဉ်ထားတဲ့ စစ်ကျွန်သက် ရှည်ရေး၂၀၀၈ အခြေခံ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ပြင်မလဲဆိုတာ အရင်ကလည်း မေးခွန်း ထုတ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဘယ်ပုံပြင်မယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ခုထိ ကျကျနန ချမပြနိုင်သေးပါဘူး။ ဝေေ၀၀ါးဝါးတွေ ပြောနေတုန်းပဲ ရှိသေးတယ်။ ဒီလို ချမပြနိုင်သေး တာဟာ ဖွဲ့စည်းပုံကို လက်ရှိသွားနေတဲ့ ပုံစနဲ့ မပြင်နိုင်ဘူး ဆိုတာ သူသိလို့ ချမပြနိုင်တာလားဆိုပြီး မေးချင်ပါတယ်။ (ဟန်တင်အောင်ရဲ့ ’ဘာပြင်မှာ လဲ ဒေါ်အောင်ဆန်းစုကြည်‘ ကိုပြန်ဖတ်ကြည့်ပါ။) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုတမျိုး တော်ကြာတမျိုး အပြောအဆိုတွေကို မိတ်ဆွေတချို့ စုစည်းတင်ပြပေးထားတယ်။ (လက်လှမ်းမှီသလောက် Swe Swe Kyi နဲ့ Aung Naing Moe ဝေါကို ကြည့်ပါ။)

ဒေါ်အောင်ဆန်းစုကြည် ရိုးသားမှုကို မေးခွန်းထုတ်စရာ အချက်တွေဟာ ရွေးကောက်ပွဲနားနီးလာချိန်၊ အထူးသဖြင့် ကာချုပ် မင်းအောင်လှိုင် တော်လှန်ရေးနေ့မိန့်ခွန်းပြောပြီးချိန်မှာ ပိုတွေ့လာရတယ်။ ၂၀၀၉ ဧပြီလ ၂၈/၂၉ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ် တိုင်းစည်း ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲတုန်းက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်တဲ့ အချက် ဆယ့်နှစ်ချက်ကို ပြောခဲ့ပြီး အဲဒိမှာ နံပါတ် သုံးအချက်က လွှတ်တော်မှာ စစ်တပ် နှစ်ဆယ့်ငါးရာခိုင်နှုန်းပါနေတာကို လက်မခံဘူး ဆိုတာကို ကြေညာချက် ထုတ်ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်မြင်သံကြားက လွှင့်တဲ့ မိန့်ခွန်းမှာလည်း ‘လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်၊ … အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင် သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးပြီးဖြစ်ပါတယ်’ လို့ပြောသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့တုန်းက ၂၅ ရာခိုင်နှုန်းကိစ္စ ဆွေးနွေးချင်ပေမယ့် စစ်တပ်က လက်မခံရုံမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ကျဉ်းတွေကို အဖွဲ့ချုပ်ကနေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်တွေကြောင့် မ၀င်ခဲ့ဘူး။ နောက် ရွေးကောက်ပွဲ ၀င်ဖို့ အကြောင်းပြတဲ့အခါကျတော့ လွှတ်တော်ထဲမှာ ပြင်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၀င်တယ်။ ခုတခါ ကာချုပ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပြီးမှာ ဒေါ်အောင်ဆန်း စုကြည် ကောက်ကာငင်ကာ သတင်းစာ ရှင်းလင်းပွဲခေါ်ပြီး ‘၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး၊ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမ ဘယ်တုန်းကမှ မပြောပါဘူး၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ ပြောတာ’ လို့ ပြောလာပြန်တယ်။ လက်ရှိ ဖွဲ့စည်းပုံဟာ စစ်တပ် ၂၅ ရာခိုင်နှုန်းပါလို့ ဒီမိုကရေစီနဲ့မညီဘူးလို့ လက်ခံရင် ဒီမိုကရေစီနဲ့ညီအောင် ပြင်ဖို့ဆိုရင် စစ်တပ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရမယ် ဆိုတာကို လက်ကိုခံရမယ်။ ဖယ်ရမယ်ဆိုတဲ့ စကားလုံးကိုတော့ သုံးချင်မှ သုံးမယ်၊ ဒါပေမယ့် အနှစ်သာရက ဖယ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာကို ဗမာစာဖတ်တတ်သူတိုင်း သိပါတယ်။ စစ်တပ်ကလည်း သိတယ်။ ဒါ့ကြောင့် ကာချုပ် မင်းအောင်လှိုင် မိန့်ခွန်းမှာ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ ပြောလာတာဖြစ်တယ်။ နောက်တခါ လွှတ်တော်ထဲ ‘တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင် ဆောင် ရွက်နေခြင်းဟာ အမျိုးသား နိုင်ငံရေး တာဝန် ထမ်းဆောင်နေခြင်းသာ‘ ဖြစ်တယ်လို့ ပြောတာကို ကြည့်ရင် စစ်တပ်ဟာ လွှတ်တော်ထဲမှာ ခပ်ကြာကြာနေမယ့် သဘောရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ သူ မသေခင် ဒီမိုကရေစီ ရမယ့်သဘောပြောထားတဲ့ စကားဟာ မင်းအောင်လှိုင်စကားကြောင့် ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ။ ကာချုပ်မိန့်ခွန်းကို လန့်သွားပုံရပြီး ဖာထေးတဲ့ အနေနဲ့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့စကားကို ပြောင်းသုံးလာရပုံရတယ်။

ကြောက်ရွံခြင်းမှ ကင်းဝေးရေးတရားတွေကို စာတတန် ပေတတန်ရေးဖွဲ့ပြီး လူတွေကို မကြောက်တရားတွေ ဟောခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် ကြောက်ရတာတွေ ရှိနေပြီ။ ဒါကို ကျနော်တို့ထက် စစ်အုပ်စုက ပိုတောင်မှ သိနေသလိုပဲ။ ခုရက်ပိုင်း စစ်အုပ်စု ကိုယ်စား လှယ်တွေ ပြောနေတဲ့ မိန့်ခွန်းတွေကို သေချာ ပြန်နားထောင်ကြည့်ပါ။ ကြံ့ဖွံ့ အတွင်းရေးမှုး ဌေးဦးက ဒီနေ့ ကျနော်တို့ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုပေါ့၊ သိပ်မြန်ဆန်တယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီနော်၊ နောက်ကြောင်းမပြန်ပါနဲ့ ဆိုပြီး ပြောနေတာတွေလည်း ရှိပါတယ်။ အဲဒိလို ရောက်လာအောင် ကျနော်တို့ ပါတီ လုပ်တာပဲ။ အောင်ဆန်းစုကြည် အခု ကျနော်တို့ ယုံတဲ့ လမ်းကြောင်းထဲရောက်လာတယ်ဆိုတာ ကျနော်တို့ ၀မ်းသာတာပေါ့’ လို့ပြောထားတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ စစ်အုပ်စု ချပေးထားတဲ့ ခွင်ထဲမှာပဲ ကစားရတော့မယ်ဆိုတာကို အထက်စီးကလေသံနဲ့ တိုင်းသိ ပြည်သိ ကမ္ဘာသိ အသိပေးလိုက်တာပဲ။

အပေါ်မှာ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ နောက်မညီတဲ့ အပြောတွေဟာ တကယ်တော့ စစ်အုပ်စု ခွင်ထဲမှာ ကစားနေရခြင်း ရဲ့ တိုက်ရိုက် အကျိုးဆက်တွေပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေ့ဘ၀ဟာ စစ်အုပ်စုကို တာဝန်ခံနေရတာဖြစ်ပြီး၊ စစ်အုပ်စု မကြိုက်တာ မလုပ်ရေး၊ မပြောရေး ဖြစ်နေပြီး လူထုအမြင်မှာတော့ ပြည်သူလူထုကို တာဝန်ခံထားရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပုံစံပေါက်အောင်၊ စစ်အစိုးရကို အလျှော့မပေးစတမ်းဆန့်ကျင်နေတဲ့ ခေါင်းဆောင်ပုံစံပေါက်အောင် ပြောနေရတဲ့အတွက် ခုလို ရှေ့ နောက်မညီမှုတွေကို တွေ့နေရတာဖြစ်တယ်။ ကိုယ့်လက်တွေ့ဘ၀ကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ဖွင့်ချ အသိမပေးမချင်း ဒီရှေ့ နောက်မညီမှုတွေကို ထပ်ထပ်ပြီး တွေ့လာရဖို့ပဲ ရှိတယ်။ လွှတ်တော်ထဲ ရောက်လာခဲ့ရင် ဒီရှေ့ နောက်မညီမှုတွေကို ပိုတောင်မှ တွေ့လာရစရာရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အင်အားကို အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ပိတ်ဆို့မှုလောက် အယုံအကြည် မရှိတာဟာ သူ့အားနည်းချက်လို ဖြစ်နေတယ်။ ကျမကိုယုံပါဆိုတဲ့ စကားကို ပြောပြောနေမယ့် အစား ပြည်သူလူထုအားကို ယုံလိုက်ပါလို့ မေတ္တာ ရပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စန်း၊ charisma ပဲခေါ်ခေါ် personality ပဲခေါ်ခေါ် အဲဒိစန်းကို ပြည်သူလူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို ဖွင့်ချတဲ့နေရာမှာ သုံးပြီး ဒီနည်းနဲ့ စစ်အုပ်စုကို ရင်ဆိုင်သင့်ပါတယ်။ လယ်သိမ်းခံ လယ်သမားတွေ၊ အနိုင်ကျင့်ခံရတဲ့ အောက်ခြေက အလုပ်သမားတွေရှေ့ က ဒေါ်အောင်ဆန်းစုကြည် မားမားမတ်မတ် ရပ်ပြသင့်ပါတယ်။ စစ်အုပ်စု အဖြည့်ခံ ဘ၀ရောက်ရဖို့ အရေးကိုပဲ အဖျားအနာခံပြီး အားသွန်ခွန်စိုက် လုပ်နေတဲ့ဘက်မှာ ထပ်ပြီးအချိန်ဖြုန်းမနေသင့်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ရံပုံငွေတွေ ဘယ်ကလာသလဲဆိုတာကို ချပြသင့်တယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုကိုပဲ တာဝန်ခံရမှာ ဖြစ်ပြီး ပါတီရံပုံငွေထည့်သူကို တာဝန်ခံစရာ မလိုပါ။ ပြည်သူလူထုက ကိုယ့်ကို ပေးထားတဲ့ မန်းဒိတ်ကို ခရိုနီတစု လက်ထဲမှာ အပေါင်ထားတာဟာ ကိုယ့်နဲ့ ကိုယ့်ပါတီအတွက် နိုင်ငံရေး အန္တရာယ် သိပ်ကြီးတယ်။

လက်ရှိ ပုံစံအတိုင်း သွားနေရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်မှာ နိုင်ငံရေး ထွက်ပေါက် လုံးဝ မရှိဘဲ ဖြစ်သွားနိုင်တယ်။ အထူးသဖြင့် သူ့ရဲ့ အဓိက bargaining chip ဖြစ်တဲ့ ဆန်ရှင်ကို အနောက်နိုင်ငံတွေက ရုပ်သွားပြီဆိုရင် လူထုအားကိုလည်း ပစ်ပယ်ထားပြီ၊ လူထု အားကလည်း တချိန်မှာကျဆင်းလာပြီ ဆိုရင် ကိုယ့်မှာ ဘာမှ ကျန်မှာ မဟုတ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရတဲ့ အနေအထားကို ရိပ်မိသိရှိသူအားလုံး တိုင်းပြည်နဲ့ ပြည်သူလူထု မျက်နှာထောက်ပြီး ကိုယ့်စိုးရိမ်မှုတွေကို off the record ပြောနေကြမယ့် အစား လူသိရှင်ကြား သတိပေးသင့်ပါပြီ။ တည့်မတ်စရာရှိ တည့်မတ်ပေးသင့် ပါပြီ။ နောင်အချိန်နှောင်းမှ ပြောမယ် ဆိုရင် တာဝန် မဲ့ရာ ရောက်ပါလိမ့်မယ်။

(မှတ်ချက်၊ မတင်ခင် ၀ိုင်းဝန်းထောက်ပြ အကြံပေးခဲ့သူ မိတ်ဆွေအားလုံးကို ကျေးဇူးပါ။)
ရေးသူ - Ko Watote
Read more

သမိုင်းပေးတာဝန်

ရေးသူ - ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို ကိုယ်နဲ့ မဆိုင်သလို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ တနေ့မှာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ မတရားမှုတခုကို အောင်အောင်မြင်မြင် ကျူးလွန်ခွင့်ရသွားခဲ့သူဟာ အစွယ်ကို သွေးလူးသွားတဲ့ကျားလို မတရားမှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်ပါလိမ့်မယ်။

လူ့အဖွဲ့ အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ဒါမှမဟုတ် တခြားတစုံတယောက်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့ အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲသလို တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ရင် တခြားသူတွေ အပေါ်မှာပါ မတရားမှုကို ဆက်လက် ကျူးလွန်လာပါလိမ့်မယ်။ ဒါဟာ ဒီနေ့မှ သိရတဲ့ အသစ် အဆန်းမဟုတ်ဘူး။ သမိုင်းတလျောက်လုံးမှာ ကမ္ဘာတလွှား နိုင်ငံ အနှံ့အပြားမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးတဲ့ သင်ခန်းစာပါ။

တိုင်ယီ ဘိနပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ရရှိရေး၊ အလုပ်သမား အခွင့်အရေး ရရှိရေး အတွက် တောင်းဆိုတိုက်ပွဲဝင်ကြ တာ အားလုံး အသိပါ။

တကယ်တော့ အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေဆိုတာဟာ မြန်မာနိုင်ငံကစက်ရုံတွေတင်မကပါဘူး။ ကမ္ဘာတလွှားမှာပါ လူ့အခွင့် အရေး အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်လွန်းကြတဲ့ အတွက် နာမည်ပျက်နဲ့ ကျော်ကြားကြပါတယ်။ ဥရောပ ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ GAP၊ Nike၊ Adidas တို့လို ကုမ္ပဏီကြီးတွေတောင်မှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကြလွန်းလို့ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး ဆောင်ရွက်သူ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝိုင်းဝန်း ကန့်ကွက်ကြတာ၊ အလုပ်သမား တွေက ဆန္ဒပြတောင်းဆိုကြတာဟာ အကြိမ်ကြိမ်အခါခါပါ။ ဂါးဒီးယန်းတို့လို၊ ဘီဘီစီတို့လို ထိပ်တန်းမီဒီယာကြီးတွေထဲမှာလည်း အကြိမ်ကြိမ် အခါခါ ပါခဲ့ဖူးပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ဖောက်ဖျက်ကြတဲ့ အထဲမှာ တခြားကုမ္ပဏီတွေထက် နာမည်ပိုပျက်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြဿနာတက်ကြတာဟာ အကြိမ်ကြိမ်ပါပဲ။ စက်ရုံတွေမှာ အိုဗာတိုင်ပေးရမှာကြောက်လို့ အခြေခံလစာကို မတန်တဆ လျော့ချထားကြတာကို အားလုံး အသိပါ။ ဈေးကွက်ပေါက်ဈေးအရ အခြေခံလစာသိပ်နည်းနေရင် အလုပ်သမားရှာမရမှာ စိုးတဲ့ အတွက် အခြေခံလစာအစား ခရီးစရိတ်၊ ရှားပါးစရိတ်၊ စားသောက်စရိတ်ဆိုတာမျိုးတွေနာမည်တပ်ပေးပြီး အခြေခံလစာကိုတော့ လျှော့ထားကြ ပါတယ်။ ဒီညစ်ကွက်ကလည်း လှိုင်သာယာမှာ လုပ်နေကျ ညစ်ကွက်ကြီးလိုလိုဖြစ်နေပါပြီ။

အလုပ်သမားတွေ အိမ်သာတက်ရင် အလုပ်ချိန်လျော့မှာ စိုးလို့ တနေ့ကို အိမ်သာ ဘယ်နှမိနစ်ပဲ တက်ရမယ်လို့ ကန့်သတ် ချုပ်ချယ်တာ လည်း အဲဒီစက်ရုံတွေပါပဲ။ ရေသောက်တာကို ဘယ်နှကြိမ်ထက် မပိုရလို့ ကန့်သတ်ချုပ်ချယ်တာလည်း ဒီစက်ရုံတွေပါပဲ။ အလုပ်သမားကို အလုပ်မပေးနိုင်လို့အားနေရင် သူတို့တာဝန်နဲ့ မဆိုင်တဲ့ ကြမ်းတိုက်မြက်နှုတ်ခိုင်းတာလည်း ဒီစက်ရုံတွေပါပဲ။ ဒီလုပ်ရပ်တွေဟာ အလုပ်သမားတွေကို လခပေးငှားရမ်းခိုင်းစေတာနဲ့တောင်မတူတော့ပဲ လခပေးပြီး ကျေးကျွန်ငှားရမ်းထားတာနဲ့တောင် တူနေပါတယ်။

အလုပ်ခွင် အခြေအနေတွေလည်း ကြည့်ကြဦး။ တော်တော်များများက သွပ်မိုးဂိုဒေါင်ကြီးတွေပုံစံမျိုး။ အင်မတန် ပူလောင်တဲ့ နိုင်ငံမှာ အလုပ်သမားတွေ ဘယ်လိုအလုပ်လုပ်နေရတယ်ဆိုတာ စာနာစဉ်းစားကြည့်ကြပါတော့။

အလုပ်လုပ်ရတဲ့ ရက်နဲ့ နာရီတွေကလည်း မတန်တဆ။ တလကို ၂၅ ရက် ၂၆ ရက် အလုပ်လုပ်ကြရတယ်။ ညနက်သန်းကောင် အလုပ်လုပ်ကြရတယ်။ ၁၈၈၆ ခုနှစ်ကတည်းက တနေ့အလုပ်လုပ်ချိန် ၈ နာရီထက် မကျော်လွန်ရေးကို အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပေမဲ့ ကျနော်တို့ဆီမှာ အလုပ်သမားတွေဟာ သားနဲ့ အမိ၊ မောင်နဲ့ နှမ တွေ့ဆုံချိန်တောင်မရ လောက်အောင် အလုပ်ခွင်ရဲ့ လခစားကျွန်စနစ်ယန္တရားထဲမှာ ဘဝတွေကုန်လွန်နေကြရတုန်းပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာတချို့ စက်ရုံ မှာ အိုဗာတိုင် မဆင်းမနေရ သတ်မှတ်ချက်မျိုးရှိနေပြန်တယ်။ တချို့စက်ရုံတွေမှာ အလုပ်သမားတွေကို အမြဲတန်းလခစားဝန်ထမ်း အဖြစ် မခန့်ထားပဲ နေ့စား အဖြစ်ခန့်ထားပြီး၊ အချိန်ပို မဆင်းရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ စည်းကမ်းချက်မျိုးသတ်မှတ်တယ်။ နေ့စား အလုပ်သမား အဖြစ် ခန့်ထားပြီး၊ ခွင့်ရက်ခံစားခွင့် မပေးဘဲ ထားတာမျိုးလည်းရှိတယ်။

ဒီလောက်ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်တဲ့ကြားထဲမှာ နောက်ထပ် လဲရာကို သူခိုးထောင်းတဲ့ လုပ်ရပ်က တရုတ်နှစ်သစ်ကူးမှာ အလုပ်ရှင်က အလုပ်ပိတ်ပြီး အဲဒီပိတ်ရက်ကို လစာမပေးဘဲ ဖြတ်တောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အလုပ်သမား ညွှန်ကြားရေးမှူးချုပ်ဆိုသူကရော ဘယ်ဘက်က ရပ်တည်ပါသလဲ။ ကျနော်တို့ တိုင်းပြည်က အစိုးရ အလုပ်သမားအဖွဲ့အ စည်းကိုယ်စားလှယ်တွေဟာ ခေတ်အဆက်ဆက်မှာ စစ်ထောက်လှမ်းရေး ကိုယ်စားလှယ် အဖြစ်သာရပ်တည်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် စက်ရုံမှာ အလုပ်လုပ်ခဲ့စဉ်က အလုပ်သမားရုံးအရာရှိနဲ့ စကားပြောခဲ့ဖူးပြီး သူတို့သဘောထားကို ထင်ထင်ရှားရှား သိခဲ့ရဖူးတယ်။ ကျနော်က စက်ရုံရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ တာဝန်ယူရတဲ့ အတွက် အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်လို့ သဘောထားပြီး အလုပ်သမားရုံးအရာရှိက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောခဲ့ဖူးတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်လာတိုင်းမှာ အလုပ်သမားတွေဘက်က ဘာလိုချင်သလဲ။ တယောက်ယောက်က တာဝန်ယူပြီး ထွက်ပြောလို့ သူတို့ကခိုင်းတယ်။ အဲဒီလူကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အရေးယူတယ်။ ဖိနှိပ်တယ်၊ ဖြိုခွဲတယ်။ ခေါင်းဆောင်တဲ့သူမရှိဘူးဆိုတာ ဟုတ်ကိုမဟုတ်ဘူး၊ အမြဲတန်း ခေါင်းဆောင်ရှိတယ်၊ အဲဒီခေါင်းဆောင်ကို ဖော်ထုတ် အရေးယူရမယ်လို့ သူတို့ကို အထက်က ညွှန်ကြားထားကြောင်း ပြောပါတယ်။ အဲဒီညွှန်ကြားချက်တွေကို ပေးတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေသူ ဦးအောင်ကြည်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ဒီလို မတရားဖိနှိပ်ညှင်းပန်းခံနေရတဲ့ သူတွေဘက်မှာ အခု ကိုဖိုးဖြူ၊ မစုစုနွေး၊ ကိုဟန်ဝင်းအောင်တို့ ရပ်တည် အကူအညီပေးကြတယ်။ ဆွီဒင်နိုင်ငံက ဆွီဒင် ဆိုရှယ်ဒီမိုကရက် ကျောင်းသားများ အဖွဲ့၊ ဆွီဒင် ဆိုရှယ်ဒီမိုကရက် လူငယ် အဖွဲ့ တို့ကတောင် နိုင်ငံတကာ သွေးစည်းညီညွတ်မှုကို ပြသတဲ့ အနေနဲ့ စာနာထောက်ခံကြောင်းစာပေးပို့ပါတယ်။ ဒါပေမဲ့ ရှက်စရာ ကောင်းတာက ကျနော်တို့ရဲ့ ဒီမိုကရေစီ သူရဲကောင်းကြီးများအဖို့မှာ မြင်လျက်အကန်း၊ ကြားလျက် အဆွံ့၊ သိလျက် မဝံ့ဖြစ်နေကြတဲ့ အချက်ပါပဲ။

ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာက ဆုပေါင်း ရာချီရထားတဲ့ ဒီမိုကရေစီမိခင်၊ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူအာဏာရဖို့ မဲဆွယ်တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ သူ့ကို အားပေးကြတဲ့ သောင်းချီတဲ့ လူပရိသတ်ကြီးရှေ့မှာ ကျမကို မဲပေးရမယ်နော် ဒါပဲ ဆိုတဲ့ စကားမျိုးတွေလောက်ကိုပဲ မရှက်မကြောက်ပြောနေပါတယ်။ ဒါ…ဒီမိုကရေစီ ခေါင်းဆောင်တဲ့လား။ ဒါ….လူထုခေါင်းဆောင်တဲ့လား။ ပြည်သူလူထုကြီးကချစ်လွန်းလို့ အမေစု၊ အမေစုအခေါ်ခံရတဲ့သူ၊ အများပြည်သူရဲ့ ဆင်းရဲဒုက္ခနဲ့ ပရိဒေဝ သောကမီးတွေကို ငြှိမ်းသတ်ပေးမယ်လို့ မျှော်လင့်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုကိစ္စမျိုးတွေမှာ တခွန်းတပါဒတောင် မဖွင့်မဟရဲတာက ဦးသိန်းစိန်ကို ကြောက်လို့လား၊ ဦးသန်းရွှေကိုကြောက်လို့လား၊ ဒါမှမဟုတ် အာဏာရမ္မက် ငမ်းငမ်းတက်နေလို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။

ဒီနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာ ရပ်နေသလဲ၊ ဘယ်သူ့ဘက်မှာ ရပ်နေသလဲဆိုတာဟာ မဖြစ်မနေမေးခွန်းထုတ်ရ မယ့် ပုစ္ဆာတခုဖြစ်လာပြီ။

ဦးသိန်းစိန်ဘက်က ရပ်မှာလား။ အလုပ်သမား၊ လယ်သမား ဆင်းရဲသား ပြည်သူလူထုကြီးဘက်က ရပ်တည်မှာလား။

အာဏာရှင် ဘက်က ရပ်မှာလား၊ ဒီမိုကရေစီဘက်က ရပ်မှာလား။

မသေချာပေမဲ့ စွန့်စားရမှာပဲ ဆိုတဲ့ သူ့ရဲ့ လွှတ်တော်တွင်းဝင်ပြီး ဒီမိုကရေစီ ကံစမ်းမဲထိုးမယ့် အစီအစဉ်ကြီးအတွက် အလုပ်သမားလယ်သမားတွေရဲ့ အရေးကို စတေးလိုက်တော့မှာလား။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လိုက်လို့ ဘာမှ ဆုံးရှုံးစရာမရှိပါဘူးဆိုတာ ဟုတ်ပါရဲ့လား၊ ပြန်စဉ်းစားဖို့သင့်ပါပြီ။

အခုဆိုရင် အလုပ်သမားအရေးကို ဥပဒေကြောင်းအရ တရားစွဲ ဖြေရှင်းကြရမလို ဖြစ်လာပါတယ်။ ဒီအခြေအနေဟာလည်း အားရစရာ မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတာ အားလုံးအသိပါ။ အလုပ်သမားအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေ တွေလည်း လုံလုံလောက်လောက်မရှိပါဘူး။ အဆိုးဆုံးကတော့ အစိုးရကိုယ်တိုင်က အလုပ်သမားတွေ၊ တက်ကြွသူတွေကို ဖိနှိပ်ညှင်းပန်းနေတဲ့ အချက်ကြောင့် တရားစွဲဖြေရှင်းနည်းဟာ ကိုယ့်အတွက် အခွင့်မသာတဲ့ နည်းလမ်းပါ။ တကယ်တော့ အလုပ်သမားအရေးကို အလုပ်သမားတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်၊ ILO၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေ ဝိုင်းဝန်းပံ့ပိုးတောင်းဆိုကြမှ အောင်မြင်မှုရမှာပါ။ အားလုံးတက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ခဲ့ရင် တိုင်ယီ တခုတည်း အတွက် မဟုတ်ဘဲ၊ အလုပ်သမား အားလုံးအတွက် အောင်ပွဲရသွားနိုင်ပါတယ်။ ဘယ်သူမှ မပံ့ပိုးရင် ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အရေခြုံအစိုးရက အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေကို ဘဝပျက်အောင် ဖျက်ဆီးကြပါလိမ့်မယ်။

လူ့တယောက်ရဲ့ တန်ဖိုးကို သမိုင်းက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲလို့ ဆရာဗန်းမော်တင်အောင်က ပြောခဲ့ဖူးတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပုခုံးပေါ်ကို သမိုင်းက တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ကျေပွန်သလဲဆိုတာ စဉ်းစားစရာဖြစ်လာပြီ။ ဆရာဗန်းမော်တင်အောင်ကို ကိုးကားလို့ ကျနော့်ကို လက်ဝဲဆန်တယ်လို့ တချို့ကထင်ချင်ထင်ကြမယ်။ အရင်ဆောင်းပါးတွေမှာ လူထုလှုပ်ရှားမှုကို ထောက်ခံလို့ လက်ဝဲဆန်တယ်လို့ ဝေဖန်တာမျိုးကိုလည်း ကြုံခဲ့ရဖူးတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက လူထုလှုပ်ရှားမှုကို တက်တက်ကြွကြွဆောင် ရွက်နေချိန်မှာ လူထုလှုပ်ရှားမှု ပြောတိုင်း လက်ဝဲတံဆိပ်ကပ်နေတာကတော့ မဆလ ဆန်လွန်းတယ်။ မဆလ၊ နဝတ၊ နအဖ ကနေ ကြံ့ဖွံ့အထိ စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ကို ဆန့်ကျင်လာရင် လက်ဝဲတံဆိပ်ကပ်တာ ထုံးစံပဲ။ ဒီ့အတွက်ဘာမှ တုန်လှုပ်စရာမရှိဘူး။ လက်ဝဲဆန်တာ လက်ယာဆန်တာက အဓိကမဟုတ်ဘူး။ မှန်သလား၊ မှားသလား၊ တရားသလား၊ မတရားဘူးလားဆိုတာကသာ အခရာဖြစ်ပါတယ်။

တကယ်လို့များ လူထုခေါင်းဆောင်၊ အများကြည်ညိုနေတဲ့ ခေါင်းဆောင်ဟာ လမ်းလွဲပေါ်ရောက်နေပြီဆိုရင် ဘာဖြစ်မလဲ။ ကျနော်တို့ ဘယ်လို ရုန်းကန်ကြရမလဲ။ ဘယ်လောက်အန္တရာယ်ကြီးမလဲ။ သေသေချာချာ စဉ်းစားကြဖို့လိုပြီ။ ပြတ်ပြတ်သားသား ဝေဖန်ကြဖို့လိုပါပြီ။

ကျနော်တို့ နိုင်ငံရေးမှာ ဝေဖန်ရေးလိုအပ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မပြောဝံ့၊ မဆိုဝံ့၊ မဝေဖန်ဝံ့ပါဆိုတဲ့ နုံချာချာ စိတ်ထားတွေကို ကျနော်တို့ အဝင်ခံလို့ မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရ အကြိုက်ဖြစ်မယ်ဆိုတဲ့ ရှေးဆန်တဲ့ အတွေးအခေါ်ကိုလည်း စွန့်သင့်ပြီ။ သိပါ၊ မြင်ပါရက်နဲ့ ကျနော်တို့ မပြောဘဲ နေရင် ကျနော်တို့ပါရောပြီး တရားခံဖြစ်သွားနိုင်တယ်။ နောင် အနှစ်နှစ်ဆယ်မှာ ခင်ဗျားတို့ တာဝန်မကျေလို့ ကျုပ်တို့ စစ်ကျွန်ဘဝမှာ နေရတယ်လို့ နောက်မျိုးဆက်က ကျနော်တို့ကို လက်ညှိုးထိုးတာခံရလိမ့်မယ်။ ဒေါ်စုမှားရင် ဒေါ်စုကိုချစ်တဲ့ပြည်သူလူထုပါတွေဝေယိမ်းယိုင်သွားလိမ့်မယ်။ ဒီအဖြစ်မျိုးကို လက်ပိုက် ကြည့်မနေကြပါနဲ့လို့ ခေါင်းဆောင်တွေကို ကျနော်တိုက်တွန်းချင်ပါတယ်။

ဒီနေ့အချိန်မှာ အရေးပါတဲ့ နေရာတွေမှာရောက်နေသူတွေ key players တွေ stakeholders တွေ အနေနဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းချပြကြဖို့၊ ကြိုက်မကြိုက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ အချိန်တန်ပြီလို့ဆိုချင်ပါတယ်။ ခင်ဗျားပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ခင်ဗျား မပြောလိုက်တဲ့ စကားတခွန်းကြောင့် လည်း သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ ပြောရေးဆိုခွင့်ကို တန်ဖိုးရှိရှိ အကျိုးရှိရှိ အသုံးချစေချင်ပါ တယ်။

ဘာ့ကြောင့် ဒီစကားကို ကျနော်ပြောရပါသလဲ။ မကြာခင်တုန်းက ဥပမာလေးတခုကို ပြန်ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဖြစ်ရပ်ပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး၊ မှတ်ပုံတင်ရေး မတင်ရေး နဲ့ ပတ်သက်ပြီး မဲခွဲကာနီး အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်ရေး၊ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တဲ့ အသံ သိပ်များများစားစား မကြားခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ဝန်ခံလက်မှတ်ထိုးမယ့် လုပ်ရပ်ဟာ စစ်အာဏာရှင်စနစ်ကို အညံ့ခံ အလျော့ပေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်တာမျိုး သိပ်ရှားပါးခဲ့ပါတယ်။ ဒီတော့ နိုင်ငံရေး ခေါင်းဆောင် အများအပြားဟာ ဝင်ရေး၊ တင်ရေး၊ အညံ့ခံရေးကို ထောက်ခံနေကြသလားလို့ ထင်မှတ်စရာဖြစ်ခဲ့ပါတယ်။

( မှတ်ချက်။ ။ ဦးဝင်းတင်နဲ့ စီအာပီပီ ခေါင်းဆောင်တချို့ကလူသိရှင်ကြားမဟုတ်ပေမဲ့ အတွင်းကြိတ်ဝေဖန်ခဲ့တာမျိုးတော့ ရှိခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လောက်မှန် သလဲ၊ ဘယ်အတိုင်းအတာအထိ ဝေဖန်ခဲ့သလဲတော့ မသိရပါ။)

ဒါပေမဲ့ တကယ်တန်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ မဲခွဲဆုံးဖြတ်အပြီး၊ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက် ကျအပြီးမှာ ကြေညာချက်တွေ အများအပြား ထွက်ပေါ်လာပါတယ်။ အဲဒီကြေညာချက်တွေ အရ နိုင်ငံရေးခေါင်းဆောင်အများစုဟာ ဝင်ရေး၊တင်ရေးကို မနှစ်သက်ကြဘူးဆိုတာတွေ့လာရပါတယ်။ တချို့က မကြိုက်ကြောင်း အတိအလင်းပြောကြပါတယ်။ တချို့ကတော့ မကြိုက်ပေမဲ့ ဒေါ်စုကိုတော့ ဝန်းရံသွားမယ်လို့ ဆိုကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (အဲဒီတုန်းက မင်းကိုနိုင်တို့ မလွတ်သေး)၊ သံဃာ့တပ်ပေါင်းစု ( အသျှင်ဂမ္ဘီရ မလွတ်သေး)၊ ဗကသအဖွဲ့ချုပ် ( ကျော်ကိုကိုတို့မလွတ်သေး)၊ ဗကသနိုင်ငံခြားရေးကော်မတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ SNLD၊ မွန်၊ ရခိုင် အပါအဝင် စီအာပီပီ အဖွဲ့ဝင် ပါတီများ၊ ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့အစည်းတွေ စသဖြင့် တော်တော်များများဟာ ဝင်ရေး၊တင်ရေးကို သိပ်မနှစ်သက်ကြတာ တွေ့လာရပါတယ်။

အဖွဲ့အစည်း အသီးသီးရဲ့ ကြေညာချက်တွေကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ ဘာ့ကြောင့် နှောင့်နှေးခဲ့ကြသလဲ။ သူတို့ဘာ့ကြောင့် စောစောစီးစီး ထုတ်ဖော်ပြောဆို ဝေဖန်ဖို့ ဝန်လေးခဲ့ကြသလဲ။ အဲဒီအချိန်မှာ လူထုဟာ ခေါင်းဆောင်မှုလိုအပ်နေပါတယ်။ မဲမခွဲခင်မှာ ခေါင်းဆောင်အားလုံးရဲ့ ဆွေးနွေးဝေဖန်အကြံပေးတင်ပြမှုတွေ လိုအပ်နေခဲ့ပါတယ်။ လူထုရှေ့မှောက်မှာ နိုင်ငံရေး အမြင်အမျိုးမျိုးကို ရှင်းလင်းချပြဖို့ လိုအပ်ခဲ့ပါတယ်။ တကယ်လို့သာ အဲဒီအချိန်တုန်းက ဝင်ရေး၊ တင်ရေးကို မနှစ်သက်ကြတဲ့ ခေါင်းဆောင်တွေဟာ သူတို့သဘောထားကို လူထုသိအောင် ချပြနိုင်ခဲ့ရင်၊ စောစောစီးစီး ချပြဖို့ ရှင်းလင်းပြောပြဖို့ မပျက်ကွက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်း မဲခွဲတဲ့ အခါ ဆုံးဖြတ်ချက်ဟာ တမျိုးတဖုံဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သမိုင်းဟာ တမျိုးတဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် စောစောတုန်းကပြောခဲ့တာပါ။ ခင်ဗျားပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းကို အပြောင်းအလဲ ဖြစ်စေနိုင်သလို၊ ခင်ဗျား မပြောဖြစ်လိုက်တဲ့ စကားတခွန်းကြောင့်လည်း သမိုင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။

ခုတော့ ခေါင်းဆောင်အသီးသီးဟာ အပြောသိပ်နောက်ကျခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအကြောင်းအမျိုး မျိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်မို့ မဝေဖန်ရဲတာဆိုတဲ့ အကြောင်းတချက်များ ပါနေခဲ့လေမလားလို့ သံသယဝင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ ထောက်ခံမှု၊ လူထုထောက်ခံမှု သိပ်ကြီးပါတယ်။ ဒီထောက်ခံမှု အရှိန်အဝါကို မလွန်ဆန်ရဲလို့ များ မဝေဖန်ခဲ့ကြသလားလို့ သံသယဝင်မိပါတယ်။

တကယ်တော့ လူအများထောက်ခံတိုင်း မှန်တယ်လို့ အခါခပ်သိမ်းမှာ တရားသေယူဆလို့ မရပါဘူး။ လူအများထောက်ခံပေမဲ့ မှားနေတဲ့ ကာလမျိုးတွေရှိတတ်ပါတယ်။ များတိုင်းလည်း မမှန်သလို နည်းတိုင်းလည်း မမှားပါဘူး။ ဒီလိုပြောလိုက်လို့ လူအများရဲ့ ဆန္ဒကို ဆန့်ကျင် ပြီး ဇွတ်လုပ်ဖို့ ပြောနေတာမျိုး မဟုတ်ပါဘူး။ လူအများကို အမှန်ရောက်လာအောင် အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ စည်းရုံးယူရမယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။

လူများစု လူထုကြီးဆိုတာ မှန်ကန်တဲ့ ဦးဆောင်မှု လိုပါတယ်။ ရှင်းလင်းပြောကြားပေမယ့်သူ လိုအပ်ပါတယ်။ လူထုကို အပြိုင်အဆိုင် စည်းရုံးတင်ပြမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ စည်းရုံးဦးဆောင်မှုမရှိရင် လူထုရဲ့ အားပေးထောက်ခံမှုတွေဟာ လည်း ယာယီအားဖြင့် ချွတ်ချော်တိမ်းမှားမှုတွေ၊ ခေတ်နောက်ကျမှုတွေ ရှိတတ်ပါတယ်။

ဥပမာတချို့ ပြောရရင် လူများစုလူထုကြီးမှာ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုကြီးကျော်၊ မနှဲလေးကိုးကွယ်မှုမျိုးတွေရှိတတ်တာမျိုးပါ။ ဂျော်ဒန်နိုဘရူနိုက နေကို ကမ္ဘာကပတ်တယ်၊ ကမ္ဘာကြီးလုံးတယ်ပြောခဲ့တာကိုလည်း လူအများစု လူထုကြီးကချက်ချင်း မထောက်ခံ ခဲ့ပါဘူး။ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုယ်ကျိုးရှာ ဘာသာရေး ခေါင်းဆောင်တွေကိုသာ ထောက်ခံခဲ့ကြလို့ ဂျော်ဒန်နိုဘရူနိုဟာ အသတ်တောင်ခံခဲ့ရဖူးပါတယ်။

ဒုတိယကမ္ဘာစစ်ကြိုကာလမှာ ဂျာမန်တွေအပေါ်မှာ မဟာမိတ်အင်အားစုတွေက ဗာဆိုင်းစာချုပ်နဲ့ မတရားဖိနှိပ်ချုပ်ချယ်ထားတဲ့ အချိန်မှာ ဟစ်တလာဟာ ဗာဆိုင်းစာချုပ်ကို စက္ကူစုတ်လိုသဘောထားခဲ့တဲ့ အတွက် ဂျာမန်ပြည်သူတွေက တခဲနက် ထောက်ခံခဲ့ကြ ဖူးပါတယ်။ မဲပေးရွေးကောက်ခဲ့ပါတယ်။ အမေရိကန် ဗြိတိန်ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တချို့ကတောင် ဟစ်တလာကို လေးစားရုံသာမက အထင်ကြီး အားကျခဲ့ပါတယ်။ ဒီနေ့ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာ ပြနေသလို အဲဒီခေတ်မှာ ဟစ်တလာကို လူတိုင်းက အရူးလို့ ထင်နေတာမျိုး မဟုတ်ပါဘူး။

အဲဒီတုန်းက ဟစ်တလာနဲ့ နာဇီဝါဒဟာ ကမ္ဘာ့ပြည်သူတွေကို ဒုက္ခ အကြီးအကျယ်ပေးမယ်ဆိုတာ လူထုက ကြိုတင် မသိမြင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဟစ်တာလာရဲ့ အန္တရာယ်ကို ထောက်ပြ ဝေဖန်ခဲ့သူတွေလည်း ရှိတော့ ရှိခဲ့ပါတယ်။ ဆိုလိုတာက တချို့ အချိန်တွေမှာ အမှန်တရားဘက်မှာ ထောက်ခံသူလူနည်းစုသာရှိတဲ့ အချိန်မျိုးကြုံရတတ်ပါတယ်။ အဲသလို အချိန်မျိုးမှာ လူနည်းစုအတွက် ရင်ဆိုင်ရတဲ့ အခြေအနေဟာ ခက်ခဲကျပ်တည်းတတ်ပါတယ်။ စိတ်ထိခိုက်နာကျင်စရာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲသလို အခက်အခဲ အကျပ်အတည်းမျိုးကို သည်းခံပြီး စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင် ဖြတ်ကျော်မှုမျိုးသာ မလုပ်ကြရင် အတွေးအခေါ်မှား တွေဟာ ကာလရှည်ကြာ သရဖူဆောင်းသွားကြမှာပါ။

ဒီနေ့အချိန်အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်ယီ အလုပ်သမားအရေး ဥပေက္ခာပြုမှု၊ ရွေးကောက်ကိုယ်စားလှယ် ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းမကျတဲ့ ဆောင်ရွက်ချက်တွေ၊ ကိုယ်စားလှယ်ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး… ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဟုတ်မဟုတ်ပဲ အရေးကြီးပါတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ညှိုးထောင်ခေါင်းညိမ့်တွေချည့်ပဲ ရွေးချယ်ခဲ့တာတွေ၊ ပါတီပြန်လည်ဖွဲ့စည်းရာမှာ အပြိုင်မထားတဲ့ (ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့) အာဏာရှင်စနစ်ဆီ ဦးတည်သွားနိုင်တဲ့ ဖွဲ့စည်းပုံ ပုံဖော်မှုတွေ၊ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ကိစ္စကို အစိုးရဘက်က ကြားဝင်ပေးဖို့ မတောင်းဆိုလို့ ဘာမှ လုပ်လို့မရပါဘူးဆိုပြီး လက်ပိုက်ကြည့်နေတာတွေ၊ အစိုးရ အလိုတော်ရိ ကရင်သစ္စာဖောက် ဗိုလ်ထိန်မောင် အဖွဲ့နဲ့ကျမှပဲ တိုင်းရင်းသားတွေကို အလွန်ချစ်တဲ့ ပုံနဲ့ အတင်းဖက်ပြနေတာတွေ၊ လူထုတရပ်လုံးရဲ့ အကြီးအကျယ် ထောက်ခံမှုရနေပါရက်နဲ့ မဲထည့်ရမယ်နော် ဆိုတာထက် ဘာတခုမှ ပိုပြီး စည်းရုံးလမ်းညွှန်မှု မပြုလုပ်တာတွေ နဲ့ ပတ်သက်ပြီး ဘဝင်မကျသူတွေ တော်တော်များများ ရှိနေကြမယ်ထင်ပါတယ်။ ကိုယ်ဘက်မှာ လူနည်းစု ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ထုတ်မပြောသူတွေလည်း အများအပြားရှိနိုင်ပါတယ်။ ဘဝင်မကျရင် ဘဝင်မကျကြောင်း ထုတ်ဖော်ပြောဆိုကြဖို့သင့်ပါပြီ။

ဒီအခြေအနေကို ဒီအတိုင်း ဆက်လွှတ်ထားရင် ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာအချင်းချင်း သွေးစည်းညီညွတ်ရေးလုပ်သွားပြီး တိုင်းရင်းသားတွေကို ဥပေက္ခာပြုထားတယ်၊ ချောင်ထိုးထားတယ်လို့ တိုင်းရင်းသားတွေက တနေ့မှာ ထင်မြင်လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရ အကြိုက်ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေး အတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျဥပေးမယ့် ငန်းမကြီးပမာ တယုတယမွေးမြူထားချင်လာပြီဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီကို အလံထူ၊ နိုင်ငံတကာ ကိုချော့မြူပြီး၊ ပြည်သူကိုဖိနှိပ်၊ ဒေါ်စုကရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။

စစ်အစိုးရ အကြိုက်ဖြစ်မှာစိုးလို့ ဒေါ်အောင်ဆန်းစုကြည်ကို မပြောမဆို မဝေမဖန်ဘဲထားရင် အခြေအနေဟာ ဒီမိုကရေစီ ပန်းတိုင်နဲ့ တနေ့တခြား ပိုပြီး ဝေးကွာလာနိုင်ပါတယ်။

ဒါ့ကြောင့် တာဝန်သိသိနဲ့ ဝေဖန် အကြံပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာလည်း သမိုင်းပေးတာဝန်တရပ်ဖြစ်ပါတယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
Read more

ကြံ့ဖွံ့ အစိုးရ ဝင်္ကန္တ

ရေးသူ - ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၎ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၂။
ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။

မတရားမှုကို လက်ပိုက်ကြည့်နေရင် အဲဒီလက်ပိုက်ကြည့်နေသူဟာ မတရားမှုကို အားပေးတာနဲ့ ဘာမှ မထူးဘူး။ မတရားတာကို မတားမြစ်တဲ့ အပြင်၊ မတရားတာကို မတရားဘူးလို့မှ မပြောရဲရင် အဲဒီလို လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ အန္တရာယ် ကျရောက်နေပြီလို့ ဆိုရပါတော့မယ်။

ကြံ့ဖွံ့ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ လူတွေ၊ သံဃာတွေကို နားလှည့် ပါးရိုက်တဲ့ လုပ်ရပ်ပဲ။ ကြံ့ဖွံ့ စစ်အစိုးရဟာ ရက်စက်ယုံသာမက လှည့်ဖျား ကောက်ကျစ်တတ်သေးတယ်ဆိုတာကို အခု မဂ္ဂင်ကျောင်း ဖြစ်ရပ်က သက်သေခံပါတယ်။

ကဲ…အခု မဂ္ဂင်ကျောင်းဖြစ်ရပ်မှာ ကြံ့ဖွံ့ အစိုးရရဲ့ အရင်နဲ့ မတူ တမူထူးတဲ့ လုပ်ရပ်တွေကို ကြည့်ကြရအောင်ပါ။

အမှုက ဘာမှုလဲဆိုတော့ ရိုးရိုး အရပ်သား စကားနဲ့ ပြောရရင် မဂ္ဂင်ကျောင်းချိတ်ပိတ်ထားတာကို ဖွင့်တဲ့ အမှုပါ။ ပုဒ်မ ၁၄၅ တဲ့။ ဖြတ်သန်းသွားလာ နေထိုင်ခွင့်မရှိတဲ့ အရပ်ကို ကျူးကျော်မှုတဲ့။ ဒီအမှု ဒီပုဒ်မအကြောင်းကို ပြီးမှ ဆက်ဆွေးနွေးတာပေါ့လေ။

ထူးတာက သူတို့တရားစွဲတာကို နိုင်ငံတော် သံဃမဟာ နာယက (မဟန) အဖွဲ့က သိသွားပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ကြားဝင် ဆောင်ရွက် ပေးပါသတဲ့။ ဒီသံဃာတော်တွေကို အခုပဲ လွှတ်ပြီး အခုပြန်ဖမ်းရင်လည်း လူကြားမကောင်းဘူး၊ ဒါ့ကြောင့် မဟနက ကြားဝင် ရသတဲ့။

မဟနက သံဃာတော်တွေကို လာတွေ့ကြဖို့ ပင့်ဖိတ်လိုက်တယ်။ ဆရာတော် ဦးဂမ္ဘီရက သွားမတွေ့ဘဲ ရှောင်သွားတယ်။ ဆရာတော် တချို့ သွားတွေ့ပါတယ်။ သူတို့ မဟနနဲ့ ကြံ့ဖွံ့အာဏာပိုင်တွေဘက်ကတော့ ဆရာတော် ဦးဂမ္ဘီရ ကြွလာမှာပဲလို့ မျှော်လင့်ထားခဲ့တယ်။ ဒါ့ကြောင့်လည်း အသျှင်ဂမ္ဘီရနာမည်ကို ထိပ်ကတပ်ပြီး ဆုံးဖြတ်ချက်စာကို အသင့်ရိုက်ထားခဲ့တယ်။ လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်နေရာမှာ လည်း ကျောင်းထိုင်ဆရာတော်ကို ထိပ်ကမထားဘဲ၊ အသျှင်ဂမ္ဘီရနာမည်ကို ရှေ့ကထားပြီးရေးထား၊ ပြင်ထားခဲ့တယ်။

အဲဒီဆုံးဖြတ်ချက်က ဘယ်လို ဆုံးဖြတ်ချက်လဲဆိုတော့ အကျဉ်းချုပ်ပြောရရင်

သံဃာတော်တွေက ကျောင်းကနေယာယီထွက်ပေးရမယ်။

ကျောင်းကို ချိတ်ပြန်ပိတ်မယ်။

ချိတ်ကို ပြန်ဖွင့်ပေးမယ်။

သံဃာတွေ သူတို့ဖာသာ သင်္ကန်းပြန်ဝတ်တာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က ပြန်ဝတ်ပေးမယ်။

အကျဉ်းချုပ်ပြောရရင် ဒါပါပဲ။ ကျောင်းမှာ သံဃာတွေ နေနေကြပြီ။ ပြီးရင်လည်း ပြန်ဖွင့်ပေးမှာပဲ။ ဘာလို့ ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာပါလဲ။ သံဃာတော်တွေ သင်္ကန်း ရုံပြီး ဝတ်ပြီးနေပြီ။ ဘာလို့ ပြန်ဝတ်ဦးလုပ်နေ ပြန်တာလဲ။ ဘာသဘောလဲ။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ကစားကွက်တွေ အများကြီးပါနေပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားတဲ့ ရည်ရွယ်ချက်၊ အများပြည်သူကို စော်ကားတဲ့ ရည်ရွယ်ချက်တွေအများကြီးပါနေပါတယ်။

ကြံ့ဖွံ့ စစ်အစိုးရက သူတို့တရားစွဲမှာကို မဟနကို ကြိုအသိပေးခဲ့ပါတယ်။ အရင်ကဘယ်တုန်းက ဒါမျိုး အသိပေးခဲ့ဖူးလို့လဲ။ ဦးဂမ္ဘီရတို့ကို ဖမ်းတုန်းကရော အသိပေးခဲ့သလား။ ကျောင်းတိုက်ကို ချိတ်ပိတ်တုန်းကရော အသိပေးခဲ့သလား။ ဘုန်းကြီးတွေကို စစ်ကြောရေး လုပ်တုန်းကရော အသိပေးခဲ့သလား။ ငွေကြာယံကို ဝင်စီးပြီး ဘုန်းကြီးတွေကို ထိပ်ပေါက်ခေါင်းကွဲဖြစ်အောင် ရိုက်တုန်းနှက်တုန်းကရော မဟနဆီက ခွင့်ပြုချက်တောင်းခဲ့သလား။ ဘုန်းကြီးတွေကို သင်္ကန်းဆွဲချွန်တုန်းကရော မဟနကိုခေါ်ချွတ်ခိုင်းခဲ့သလား။ ဒါတွေ တခုမှ မလုပ်ခဲ့ဘူး မဟုတ်လား။ ကောင်းပြီ။ ဒါဆိုရင် အခုမှ ရုတ်တရက် ဘာ့ကြောင့် လူလိုသူလို သိတတ်လာသလဲ။ ဘာ့ကြောင့် အခုမှ လိမ္မာလာသလဲ။ သူတို့ကိုယ်သူတို့ ကြော်ငြာထိုးနေသလို ပြောင်းလဲလာတာလား။

မဟုတ်ပါဘူး။ ကြံ့ဖွံ့ အစိုးရဟာ (ပြောင်) ဗြောင်ရက်စက်တဲ့ အဆင့်ကနေ၊ ကောက်ကျစ်ယုတ်မာမှု ထပ်ဖြည့် ကျင့်သုံးလိုက်တာသာဖြစ်ပါတယ်။ ကြံ့ဖွံ့ အစိုးရရဲ့ ကောက်ကျစ်လှည့်ဖျားတဲ့ ဝင်္ကန္တလုပ်ရပ်သာ ဖြစ်ပါတယ်။ ခွေးအမြီးလိုကောက်၊ မြစ်လို ကောက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ ဝင်္ကန္တလုပ်ရပ်ပါပဲ။

ဆရာတော်အသျှင်ဂမ္ဘီရနဲ့ ရွှေဝါရောင်သံဃာတော်တွေကို ကြံ့ဖွံ့အစိုးရဟာ မလွဲမရှောင်သာတဲ့ အဆုံးမှာ ထောင်က လွှတ်ပေးခဲ့ရပါတယ်။ ဘာ့ကြောင့် လွှတ်ပေးခဲ့သလဲ။ အရင်ဆောင်းပါးတွေမှာ ရေးခဲ့သလိုပါပဲ၊ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းစေချင်လို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာကြစေချင်လို့၊ အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်ကနေ ချေးငွေတွေရချင်လို့ ၊ အဲဒီအခွင့်အရေးတွေကို ကြံ့ဖွံ့ အလိုတော်ရိ သူဌေးတွေနဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေကသာ မြက်မြက်ကလေးစားချင်ကြလို့ ဖြစ်ပါတယ်။

ဆရာတော် အသျှင်ဂမ္ဘီရကို ဆိုရင် ထောင်ထဲမှာတောင် အငြိုးထား နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ အသေလုပ်ခဲ့သလားလို့တောင် တွေးလောက်တဲ့ နှိပ်စက်ညှင်းပန်းမှုမျိုး လုပ်ခဲ့တဲ့ အကြောင်းကို ဆရာတော်ရဲ့ အစ်မတော်က ဖွင့်ပြောခဲ့ဖူးပါတယ်။ အဲသလို အငြိုးထားပါတယ်။ ဒါပေမဲ့ သူတို့လိုချင်တာတွေကလည်းရှိနေ၊ လူထုကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးလာတော့ မလွှဲမရှောင်သာ လွှတ်ပေးခဲ့ရပါတယ်။

အသျှင်ဂမ္ဘီရတို့ကို လွှတ်ပေးပေမဲ့ သူတို့ကျောင်းကိုတော့ ချိတ်ပိတ်ထားတာကို ဖွင့်မပေးဘူ်း။ ဒါဟာ အရင်သံဃာတွေတုန်းကလုပ်သလို သူတို့ လုပ်နေကျ အတိုင်းလုပ်တာပဲ။ ပြည်သူ့အရေး ဆောင်ရွက်တဲ့ သံဃာတော်တွေကို နေစရာမရှိအောင် လုပ်တာပါ။ ဒါပေမဲ့ ရွှေဝါရောင် ဆရာတော်တွေဟာ ခေါင်းဆောင်ဆရာတော်တွေပါ။ သာမန်ဆရာတော်တွေမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်ပီသတဲ့ လုပ်ရပ်ကို လုပ်လိုက်ကြတယ်။ ကိုယ့်ကျောင်းကို သူများက မတရားပိတ်ထားတာကို ကိုယ့်ဖာသာ ဖွင့်ပြီးပြန်ဝင်လိုက်တယ်။ တကယ်တော့ ဒါဟာ ရိုးရိုးရှင်းရှင်းလုပ်ရပ်ကလေးပါ။ ကိုယ့်မှာ နေစရာမရှိလို့၊ အစိုးရကလည်း ဘာမှ စီစဉ်မပေးဘဲ မသိချင်ယောင်ဆောင်နေလို့ ကိုယ့်နေရာကိုယ် တံခါးဖွင့်ပြီး ဝင်နေလိုက်တာပါပဲ။ ခြောက်တိုင်းမကြောက်တတ်တာကိုသာ အပြစ်ဆိုချင်ရင် ဆိုဖို့ရှိပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်အဖို့ရာမှာတော့ ရွှေဥကြမ်းညပ်သည့်ပမာ ဆတ်ဆတ်ခါ နာတယ်။ ဒါဟာ နိုင်ငံရေးအရ စိန်ခေါ်တဲ့ လုပ်ရပ်လို့မြင်တယ်။ အသျှင်ဂမ္ဘီရရဲ့ လုပ်ရပ်ကို ခွင့်ပြုထားလိုက်ရင် ကြံ့ဖွံ့ သိက္ခာကျတယ်လို့ထင်တယ်။ လူတွေကြောက်အောင် သူတို့ တသက်လုံး ရက်စက်မှု အမျိုးမျိုးသုံးပြီး ခြိမ်းခြောက်ခဲ့သမျှဟာ အသျှင်ဂမ္ဘီရ လုပ်ပြလိုက်တာနဲ့ ငပေါကြီး လုံးလုံးဖြစ်ရတော့မှာပဲလို့ တွေးပုံရတယ်။ အသျှင်ဂမ္ဘီရကို ပြန်ဖမ်းချင်လိုက်တာ လက်ကိုယား နေမှာ အမှန်ပဲ။ သူတို့လက်က သံဃာတော်တွေရဲ့ သွေးစွန်းဖူးတဲ့လက်ပဲ၊ ဖမ်းဆီးထောင်ချဖို့ဆိုတာလောက်ကတော့ သိပ်ကို လက်ယဉ် နေတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရင် သူတို့ အစီအစဉ်တွေ ပျက်ပြားလိမ့်မယ်။ အခုပြန်လွှတ်ပေးပြီး အခုပြန်ဖမ်းရင် လူကြားမကောင်းဘူး မသင့်တော်ဘူးဆိုတဲ့ အချက်၊ နိုင်ငံတကာကရော ပြည်သူတွေကပါ သူတို့ကို ယုံကြည်ကြတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သူတို့သိတယ်။ ဒီတော့ဦးဂမ္ဘီရနဲ့ ရွှေဝါရောင်ဆရာတော်တွေကို နိုင်ငံရေး ဦးချိုးဖို့ရာ အကွက်ချစီမံပါတော့တယ်။ မဟနနဲ့ လက်ဝါးချင်းရိုက် စီစဉ်ပါတော့တယ်။ မဟနကို ရုပ်သေးရုပ်ပမာ ကြိုးဆွဲ အသုံးချပါတော့တယ်။ သံဃာ အချင်းချင်း ရန်တိုက် ဂိုဏ်းခွဲပါတော့တယ်။

အထက်မှာ ပြောခဲ့သလိုပဲ ကြံ့ဖွံ့၊ နအဖ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဘုန်းကြီးသံဃာတော်တွေကို စော်ကားဖိနှိပ်မှု အရေးယူမှုတွေ အမျိုးမျိုးလုပ်ခဲ့ပေမဲ့ မဟနကို ဘယ်တုန်းကမှ အရေးလုပ် အသိပေးခဲ့တာ မဟုတ်ပါဘူး။ မဟနကလည်း ဒို့ဘုန်းကြီးတွေကို သတ်နေတယ်၊ ဒို့ဘုန်းကြီးတွေကို ဖမ်းနေတယ်၊ ရိုက်နေတယ်ဆိုပြီး တခါမှ ကြားဝင်ပေးတာ၊ တာဝန်သိသိ ဆောင်ရွက်ပေးခဲ့တာ ဘာမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ အစိုးရက တရားစွဲမှာကို မဟနက မဖြစ်သင့်တာ မဖြစ်ရအောင် ကြားဝင်ပေး ပါသတဲ့။ ကြံ့ဖွံ့ အစိုးရရဲ့ တချက်ခုတ်နဲ့ သုံးလေးချက်ပြတ်အောင် ကြံစည်တဲ့လုပ်ရပ်ပါ။ ကြံ့ဖွံ့အစိုးရကိုလည်း လူတွေ အရိုအသေ မတန်ရ အောင်၊ မဟနလည်း နာမည်ကောင်းရအောင်၊ အသျှင်ဂမ္ဘီရလည်း ဦးကျိုးအောင် ဆိုတဲ့ သားရွှေအိုးထမ်း စီမံကိန်းကြီး စီမံ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အသျှင်ဂမ္ဘီရတို့ကို ဒီကျောင်းမှာ နေခွင့်မပေးလို့ မဖြစ်တော့ ပေးရတော့မယ်။ ဒါပေမဲ့ မင်းတို့ဖာသာ ဝင်နေလို့ မရဘူး၊ ဒို့ဖွင့်ပေးမှ ဝင်လို့ရမယ်လို့ အာဏာပြချင်ပါတယ်။ ဒါ့ကြောင့် ကျောင်းကနေ ခဏထွက်ပေးရမယ်။ ချိတ်ပြန်ပိတ်မယ်။ ပြီးမှ ပြန်ဖွင့်ပေးမယ်၊ ဒါမှ တရားဝင်မယ်လို့ ပလောင်းပလဲ လုပ်ပါတယ်။ ဒါက နိုင်ငံရေး ဦးချိုးတာ အာဏာပြတာ၊ ဒါ့အပြင် အသျှင်ဂမ္ဘီရတို့ရဲ့ လုပ်ရပ်ကို တရားမဝင်ဘူး၊ ဆရာတော်ကြီးတွေကတောင် မကြိုက်ဘူးဆိုတာမျိုးဖြစ်အောင် ဆရာတော်ကြီးတွေကို ဖိအားပေး အသုံးချလိုက်တာဖြစ်ပါတယ်။ သံဃာအချင်းချင်း တိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလောက်နဲ့တင် မကျေနပ်သေးဘူး။ မဟနကိုလည်း လူရိုသေအောင် အာဏာပြခိုင်းဦးမယ်လို့ ကြံစည်တယ်။ မဟနကို အရောင်တင်ပေးဖို့ ကြိုးစားတယ်။ အဲဒါကတော့ အသျှင်ဂမ္ဘီရတို့ ကိုယ့်ဖာသာ သင်္ကန်းပြန်စည်းတာ၊ သိက္ခာထပ်တာဟာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က သင်္ကန်းစည်းပေးမှ တရားဝင်တာလို့ ဆိုလိုက်ပြန်တယ်။

ဒီနေရာမှာ ရှေ့နောက်မညီတာတွေရှိလာပါတယ်။ မဟန ဆရာတော်ကြီးတွေကိုလည်း မေးခွန်းထုတ်စရာရှိလာပါတယ်။ သင်္ကန်းချွတ်တုန်းကရော၊ အသျှင်ဘုရားတို့ သင်္ကန်းချွတ်ခဲ့တာပါလား။ ဒါမှမဟုတ် အသျှင်ဘုရားတို့ဆီက ခွင့်ပြုချက်တောင်းခံခဲ့ပါသလား။ အသျှင်ဘုရားတို့ ခွင့်ပြုခဲ့ပါသလား။ ဒါ့အပြင် အရင် သံဃာတော်တွေ ထောင်ကပြန်လွတ်လာတုန်းကရော အသျှင်ဘုရားတို့ တာဝန်သိသိနဲ့ ခေါ်ပြီး သင်္ကန်းပြန်စည်းပေးခဲ့ ပါသလား။ ခုကျမှ ဘာကြောင့် စိတ်ကူးပေါ်လာပါသလဲဘုရား။ ဒီစည်းကမ်းက အသျှင်ဂမ္ဘီရတို့ လွတ်မယ်ကြားမှ ထုတ်လိုက်တာပါလား။ ထောင်ထဲမှာ သံဃာတော်တွေကို သင်္ကန်းဝတ်ခွင့် မပေးတာကို အသျှင်ဘုရားတို့ ကန့်ကွက်ခဲ့ဖူးပါသလား။ သံဃာတော်တွေကို ထောင်ထဲမှာ မင်းနဲ့ငါနဲ့ ပြောပြီး ငါကိုင်တုတ်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့် မသိချင်ယောင်ဆောင်နေခဲ့ပါသလဲ။ သံဃာတော်တွေကို ထောင်ဝန်ထမ်းတွေက ပုံစံထိုင်ခိုင်းပြီး နားရင်းရိုက်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့်လက်ပိုက်ကြည့်ခဲ့ပါသလဲ။ ဒီသံဃာတွေကို သံဃာအတုတွေလို့ စစ်အစိုးရက ပြောနေတာတွေ၊ အခုမှ ကတုံးတုံးပြီး ဘုန်းကြီးယောင်ဆောာင်ထားတဲ့ လူတွေလို့ ပြောတာတွေကို အသျှင်ဘုရားတို့ ဘာ့ကြောင့် နှုတ်ပိတ်နေခဲ့ပါသလဲ။ အခု ဒီဘုန်းကြီးတွေဟာ သံဃာ အစစ်တွေဆိုတာ အသျှင်ဘုရားတို့ရော၊ အစိုးရကပါ ဝန်ခံလိုက်ပြီ မဟုတ်ပါလား။ အတုတွေ ဆိုရင် အသျှင်ဘုရားတို့ ဘာလို့ သင်္ကန်းပြန်စည်းပေးမှာပါလဲ။

ကြံ့ဖွံ့ စစ်အစိုးရအနေနဲ့ရော ဒီသံဃာတော်တွေဟာ သံဃာအစစ်မှန်း အစကတည်းကသိရင် ဘာ့ကြောင့် ပြည်သူကို လိမ်ညာခဲ့သလဲ။ ဘာ့ကြောင့် ထောင်ဝန်ထမ်းတွေကို သူတို့က သံဃာမဟုတ်ဘူး ဆိုပြီး သင်္ကန်းချွတ်ခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ကိုယ့်ဝန်ထမ်းတွေ ငရဲကျ အောင်လုပ်ခဲ့သလဲ။ ဘာ့ကြောင့် ဒီသံဃာတွေကို စစ်ကြောရေးမှာ မော်တော်ဆိုင်ကယ်စီးခိုင်း၊ ဒိုက်ထိုးခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ငွေကြာ ယံကျောင်းတိုက်ထဲဝင်ပြီး ဘုန်းကြီးတွေကို ရိုက်နှက် ဘုရားဆင်းတုတွေ ရိုက်ချိုးတာမျိုး လုပ်ခဲ့ပါသလဲ။ ဘာ့ကြောင့် ဘုန်းကြီးအစစ်၊ သံဃာအစစ်တွေကို သတ်ခဲ့ပါသလဲ။

အသျှင်ဂမ္ဘီရကို စာပေးပို့ရာမှာလည်း မဂ္ဂင်ကျောင်းကို မပို့ဘဲ မိတ္ထိလာက မိဘအိမ်ကို ပို့ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ။ အသျှင်ဂမ္ဘီရ မဂ္ဂင် ကျောင်းမှာရှိတာကို သူတို့သိလို့ပဲ တရားစွဲမလို့ လုပ်နေဆိုမဟုတ်လား။ မာနတွေပါ။ တလွဲဆံပင်ကောင်းတဲ့ စစ်ဗိုလ်မာနတွေပါ။ အသျှင်ဂမ္ဘီရတို့ မဂ္ဂင်ကျောင်းမှာ နေတာကို အသိအမှတ်မပြုတဲ့သဘောထားကို ဖော်ပြတာပါ။ ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် သူတို့ရဲ့ တာဝန်မဲ့မှုဟာ ပိုပြီး ပေါ်လွင်လာပြန်တယ်။ မိဘအိမ်ဆိုတာ သံဃာတော်တွေတည်းခိုလို့ရပေမဲ့ ကျောင်းထိုင် သီတင်းသုံးရာ အရပ်မဟုတ်ပါဘူး။ အသျှင်ဂမ္ဘီရမှာ မဂ္ဂင်ကျောင်းမှာ မနေရင် တခြားသင့်တင့်တဲ့ နေစရာမရှိဘူးဆိုတာ သူတို့ သိကြောင်းဖော်ပြရာရောက်ပါတယ်။ အသျှင်ဂမ္ဘီရကို နေစရာလည်း စီမံမပေး၊ မဂ္ဂင်ကျောင်းကိုလည်း ပိတ်ထားတဲ့ သူတို့ရဲ့ ညစ်ပတ်မှုဟာ ပေါ်လွင်နေပါတယ်။ အသျှင်ဂမ္ဘီရကတော့ တရားဝင်မူရင်းစာကို ယူဖို့ မိတ္ထိလာကို ကြွသွားတယ်လို့ဆိုပါတယ်။

နောက်တချက်က သံဃာတော်တွေဟာ ပိတ်ပင်ထားတဲ့ နေရာကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အတွက်ဆိုပြီး ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ၁၄၅ တဲ့။ နိုင်ငံတော်အစိုးရက ပိတ်ထားတဲ့ နေရာတဲ့။ ဒီကျောင်းကို ချိတ်ပိတ်ထားတာကရော တရားဝင် ပိတ်ထားတာဟုတ်ရဲ့လား။ ဥပဒေနဲ့ အညီ ပိတ်တာဟုတ်ပါသလား။ ဘယ်တရားရုံးမှာ ဘယ်ဥပဒေနဲ့ တရားစွဲဆိုပြီး ပိတ်ခဲ့တာပါလဲ။ ကျောင်းထိုင်ဆရာတော်ကိုရော ကျောင်းကို ချိတ်ပိတ်တဲ့ အမှု အတွက် စစ်ဆေးမေးမြန်းခဲ့ပါသလား။ ဘာ့ကြောင့် ဘာအမှုနဲ့ ကျောင်းကို ချိတ်ပိတ်ခဲ့တယ်ဆိုတာကို ကျောင်းထိုင် ဆရာတော်ကို အသိပေးခဲ့ပါသလား။ လူတယောက်၊ သံဃာတပါးနေထိုင်တဲ့ အဆောက်အဦကို ငါအစိုးရ၊ ငါအာဏာပိုင်ဆိုပြီး ဥပဒေမဲ့ ပိတ်ချင်တိုင်း ပိတ်လို့ရသလား။ စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန်ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်သူက ကျူးကျော်တာလဲ။ သံဃာတွေက ကျူးကျော်တာလား၊ ခင်ဗျားတို့က ကျူးကျော်ခဲ့တာလားဆိုတာ သေသေချာချာပြန်စဉ်းစားကြပါဦး။

ဒါ့အပြင် ကြံ့ဖွံ့စစ်အစိုးရရဲ့ လုပ်ဇာတ်နဲ့ သူတို့ရဲ့ အကြံအစည်ကို ဗူးပေါ်သလို ပေါ်စေတဲ့ နောက်ထပ် အချက်တချက်ရှိပါသေးရဲ့။ အဲဒါကတော့ တခြားမဟုတ်ဘူး။ ဆရာတော်တွေကို မဟနက ဆင့်ခေါ်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်စာကို ကြိုတင် ရိုက်နှိပ်ထားတဲ့ အချက်ပါ။ အထက်ကပေးလိုက်တဲ့စာကို ရိုက်နှိပ်ပြီးအသင့်ထုတ်ယူလာတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ ဝန်ခံလက်မှတ်ထိုးမယ့် စာထဲမှာ ဦးဂမ္ဘီရ စသော သံဃာတော်များလို့ ညွှန်းဆိုထားပါတယ်။ ဝန်ခံကတိလက်မှတ်ရေးထိုးရမယ့်နေရာမှာလည်း ဦးဂမ္ဘီရကို ထိပ်ကတင်ထားပါတယ်။ ဦးဂမ္ဘီရ မုချလာမယ်လို့ သူတို့က ထင်ထားတာကိုး။ ဒါပေမဲ့ ဦးဂမ္ဘီရက သူတို့ ဆင့်ခေါ်တဲ့ နေ့မှာ ရောက်မလာတော့ သူတို့ ကြိုတင်ကြံစည်ထား တာတွေဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ သူတို့ ဘယ်သူ့ကို ငြိုးတယ်ဆိုတာလည်း ပိုပြီး ထင်ရှားသွားပါတယ်။ ဘာ့ကြောင့် ဦးဂမ္ဘီရကို ထိပ်ကတင်ပါသလဲ။ ကျောင်းထိုင်ဆရာတော်ကိုသာ ထိပ်ကတင်ဖို့ မသင့်ပေဘူးလား။ ဖြောင့်ဖြောင့်တန်းတန်း စဉ်းစားရင် ကျောင်းထိုင်ဆရာတော်က ပိုပြီး တာဝန်ရှိတယ်လို့ စဉ်းစားဖို့ မသင့်ပေဘူးလား။ ခုတော့ ဘယ်သူ့အပေါ်မှာ အာဃာတထားတယ်ဆိုတာ သိပ်ရှင်းသွားတယ်။ တကယ်တော့ သူတို့ စာကြိုရိုက်လာပေမဲ့ ဆရာတော်ဦးဂမ္ဘီရကြွမလာရင် စာကို ပြင်ရိုက်လိုက်ရုံသာရှိတာပ။ ကွန်ပြူတာမှာ စာတစောင် ပရင့်ထုတ်ရတာ ဘာခက်တာလိုက်လို့။ ဒါပေမဲ့ ခက်တာက စာက အထက်ကလာတဲ့စာဖြစ်နေတယ်။ မပြင်ရဲဘူး။ ဘယ်လိုပဲ ဘောင်းဘီချွတ်ထားထား၊ စစ်အစိုးရက စစ်အစိုးရပဲ။ အမိန့်ကို တရားသေ မလိုက်နာဘဲ အခြေအနေနဲ့ ကိုက်ညီ ဆီလျော်အောင် ပြုပြင်ကျင့်သုံးရဲတဲ့ သတ္တိ၊ သူတို့ငယ်သားတွေမှာ မရှိဘူး။ အဲဒီအခွင့်အရေး ပေးမထားဘူး။ ဗိုလ်ချုပ်တွေခေါင်းပေါင်း ပေါင်းလိုက်ပေမဲ့ လုပ်ထုံးလုပ်နည်းက မပြောင်းဘူး။ ဗိုလ်ချုပ်တွေ ခေါင်းပေါင်းပေါင်းထားတာဟာ ခွေးနဲ့ ပါးချပ် မဟပ်သလိုဖြစ်နေလေရဲ့။

မဟန ဆရာတော်ကြီးတွေဟာ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့ အမှုကို ပပျောက်အောင် လုပ်ချင်တဲ့ စေတနာရှိမယ်လို့တော့ ယုံကြည်မိပါတယ်။ အထူးသဖြင့် ဥက္ကဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးဟာ တပည့်သံဃာတော်တွေ အပေါ်စောင့်ရှောက်ချင်တဲ့ စိတ်ဆန္ဒမျိုးရှိတယ်လို့ သတင်းထွက်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ မဟနဟာ ဘာမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်ဆိုတာ အထင်အရှားပေါ် လွင်ပါတယ်။ ကြံ့ဖွံ့ အစိုးရက မဟနကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ဆရာတော်ကြီးများ အနေနဲ့ အလေးအနက်ပြန်လည် သုံးသပ်သင့်ပါတယ်။ ဘုရားရှင်ရဲ့ မျက်နှာ၊ ဒါယိကာပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်သင့်ပါပြီ။ အသျှင်ဘုရားတို့ မှန်ရာပြောရင် ရာထူးပြုတ်ချင်ပြုတ်ပါမယ်။ သူတို့ အသျှင်ဘုရားတို့ကို ထောင်မချရဲပါဘူးဘုရား။ တတိုင်းတပြည်လုံး အမျိုးသားရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမယ့် အခုလို ကာလ မျိုးမှာ အသျှင်ဘုရားတို့ဟာ အဓမ္မရှေ့မှာ အကာအကွယ်ပေးသူတွေ မဖြစ်ထိုက်ပါဘုရား။

တကယ်တော့ အခုလို မတရား စော်ကား ဖိနှိပ်ခံရတာမျိုးဟာ ဒီသံဃာတော်တွေသက်သက်နဲ့သာ ဆိုင်တဲ့ ပုဂ္ဂလိက ကိစ္စမဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်ပါတယ်။ အစော်ကားခံရသူ ကာယကံရှင်ကိုသာမက အဲသလို စော်ကားတဲ့ အပြုအမူလုပ်ရပ်ကို ဒီလူ့အဖွဲ့ အစည်းမှာ လက်သင့်ခံလိုက်ရတဲ့ အများပြည်သူရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းထိခိုက်စေပါတယ်။ တခါစော်ကားတာကို ငြိမ်ခံရင် နောင်လည်း ထပ်ခါထပ်ခါ စော်ကားနေဦးမှာပါပဲ။ ဒီ့ထက်ပိုဆိုးတာကတော့ အဲဒီ မတရားတဲ့ လုပ်ရပ်ကို မှန်ကြောင်း တရားကြောင်း ပြောပြီး အတွေးအခေါ်အရ ရှေ့နေလိုက်တဲ့ လုပ်ရပ်ပါ။ မတရားလုပ်နေတဲ့သူတွေကို ပြောင်းလာပြီ၊ ကောင်းလာပြီ ပြောနေတဲ့ လုပ်ရပ်တွေပါ။ ဒါတွေက ပိုလို့တောင် အန္တရာယ်ကြီးပါသေးတယ်။

အခုလောလောဆယ်မှာပဲ ဆရာ မောင်ဝံသက သူ့ရဲ့ ဒီမိုကရေစီရပြီလား ဆောင်းပါးမှာ မြန်မာပြည်ဟာ ဒီမိုကရေစီ မရသေးပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီတဲ့။ အခု ဒီနေ့လို လုပ်ရပ်မျိုးတွေကို ဘာလို့ ထည့်မပြော ထည့်မတွက်တာပါလဲ။ ဒါမှမဟုတ် ဒါတွေကို သိသည့်တိုင်အောင် ကောင်းသေးတယ်၊ ပြောင်းနေတယ်လို့ ယူဆနေတာပါလား။ လူမဆန်တဲ့ လုပ်ရပ် အခု ၁၀၀ လုပ်ထားတဲ့ အထဲကနေ ၅ ခု ၆ ခုကို သူတို့ အကျိုးစီးပွားမျှော်ပြီး ပြန်လည် ရုပ်သိမ်းပေးလိုက်တာမျိုးကို ဘာ့ကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ကာကွယ်ပြောဆိုနေသလဲ။ ဒါဟာ လူထုကို အတွေးအခေါ်အရ မှိုင်းတိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မျက်စေ့ထဲ သဲပက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ အဓမ္မလုပ်ရပ်တွေကို မှန်ကြောင်း တရားကြောင်း ရှေ့နေလိုက်ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလို ပြောနေတာလဲ။ ဦးသိန်းစိန် နဲ့ နားလည်မှု လွဲမှာ စိုးလို့လား။ သူတို့ပြောနေကြသလို ပြုပြင်ရေးတွေ နောက်ပြန်ဆုတ် သွားမှာ စိုးလို့လား။ သတင်းသမားကောင်းမှန်ရင် မှန်တာကို မှန်တယ်လို့ ပြောရဲရမယ်။ မှားတာကို မှားတယ်လို့ ရဲရဲ ထောက်ပြရဲရမယ်။ ဟိုဟာဖြစ်မှာ စိုး၊ ဒီဟာ ဖြစ်မှာစိုးနေရင် အဲဒီစိုးရိမ်မှုအားလုံးဟာ ဘယာဂတိပဲ။ စိုးရိမ်မှု၊ အကျိုးမျှော်မှု တခုခုနဲ့ ရေးသားရင် အဂတိလိုက်စားတဲ့ သတင်းသမားလို့ပဲ ခေါ်ရပါလိမ့်မယ်။ စစ်အစိုးရရဲ့ လက်အောက်မှာ မှန်ရာကို ရေးခွင့်မရဘူးဆိုရင် နားလည်ပေးနိုင် ပါတယ်။ ဒါပေမဲ့ မမှန်တာကိုတော့ ရေးစရာ မလိုဘူးထင်ပါတယ်။ ထမင်းမစားရရင်ရှိပစေ၊ သတင်းသမားသိက္ခာကိုတော့ ရိုသေမယ်ဆို တဲ့ စိတ်ထားမျိုးရှိသင့်ပါတယ်။

ကြံ့ဖွံ့ စစ်အစိုးရဟာ အမှန်တကယ် ပြောင်းလဲရမှာကို မလိုလားပါဘူး။ လူထုအားနဲ့ ပြောင်းလဲသွားကြမှာကိုလည်း ပိုစိုးရိမ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှာ ဟိုနေရာ တရားမဟောရ၊ ဒီနေရာ လူမစုရဆိုပြီး နိုင်ငံရေး ဦးချိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ရိုကျိုးပါတယ်။ လိုက်နာပါတယ်။ မတရားတဲ့ ဥပဒေကို ခေါင်းငုံ့သည်းခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို နိုင်ငံရေးဦးချိုးလို့ရပေမဲ့ ဦးဂမ္ဘီရကို နိုင်ငံရေး ဦးချိုးလို့မရလိုက်ဘူး။ ဒါကို သူတို့ ကျေနပ်မှာ မဟုတ်ပါဘူး။ သူတို့ထပ်ပြီး ဖိနှိပ်ဦးမှာပါ။ သူတို့ ထပ်ပြီး စော်ကားဦးမှာပါ။ ဆရာတော်ဦးဂမ္ဘီရက

“ချိတ်ပိတ်တာကိုကမှားနေပြီ သံဃာက ကျောင်းမှာ မနေလို့ ဘယ်မှာ နေရမလဲ။ ချိတ်ပိတ်တာကိုက မှားနေတယ်။ ဒါဟာ လက်ခံရမယ့် ကိစ္စမဟုတ်ဘူး။ ကျောင်းထိုင်ဆရာတော်ကြောင့်လက်ခံလိုက်ရတာလို့”

မိန့်ပါတယ်။ အလွန်ပြတ်သားတဲ့ အာဇာနည်စကားမျိုးဖြစ်ပါတယ်။ ဒါမျိုးကို ကြံ့ဖွံ့အစိုးရဟာ အငြိုးထားဦးမှာ သေချာပါတယ်။

ဒါ့ကြောင့် မတရားအပြုခံရတဲ့ ဆရာတော်အသျှင်ဂမ္ဘီရနဲ့ သံဃာတော်များ ဘက်မှာ အားလုံးရပ်တည် အကာအကွယ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ သင့်အပေါ်ရောက်လာပါလိမ့်မယ်။ လူ့အဖွဲ့ အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့ အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ် ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုမင်းကိုနိုင်တို့လို လူထုက အားထားယုံကြည်ကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီးတော့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။ ခေါင်းဆောင်တွေ ခေါင်းရှောင်မနေကြပါနဲ့။ ခေါင်းဆောင်တွေ ရှေ့ကခေါင်းဆောင်ပေးကြမှာကို ကျွန်တော်တို့ လိုလား မျှော်လင့်နေပါတယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၎ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၂။
Read more

“ ၅ ပြားဖိုးတောင် မလျှော့နိုင်သူ”

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်အပါအဝင် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါး ပြန်လွတ်လာပါပြီ။
ဒါဟာ မင်္ဂလာသတင်းပါပဲ။

ရန်ကုန်အပြန်ခရီးလမ်းတလျှောက် မင်းကိုနိုင်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ အခုလို လွတ်မြောက်လာမှုမှာ “ အဓိက ကတော့ ပြည်သူ့အားပဲဗျ။ ပြည်သူ့အားကြောင့် ၆၅ နှစ် နောက်တသက်တောင် ပြန်လွတ်မလာနိုင်တဲ့ ကျောင်းသားတယောက်က အခု ပြည်သူလူထုကြီးရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ” လို့ ပေါင်းတည်မြို့မှာ ပြောခဲ့တာကို သတိပြုမိပါတယ်။

မြောက်ဥက္ကလာပမှာ ပြောတဲ့ မင်းကိုနိုင်ရဲ့ မိန့်ခွန်းထဲက ကျနော် သဘောကျမိတဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကတော့ ...

ပြည်သူလူထုသာလျှင် အရာရာရဲ့ အခရာဖြစ်တယ်။ ပြည်သူလူထုရဲ့ အောင်ပွဲက တနေ့မုချ ရကို ရရမယ်။

ပြည်သူလူထုကြီး လိုချင်တာက ဘာတုန်း။ ဒီမိုကရေစီ။” (ဒီမိုကရေစီ - အောက်ကလူထုရဲ့ အော်သံပါ)

ဒီမိုကရေစီကနေ ၅ ပြားဖိုး မလျှော့နိုင်ဘူးမဟုတ်လား။” (မလျှော့နိုင်ပါဘူး။)

ဒီမိုကရေစီ ဒင်းပြည့်ကျပ်ပြည့်ရဖို့အတွက် ပြည်သူလူထုကြီးက လိုအပ်ရင် သတ္တိရော ပြရဲသေးလား။” (ပြရဲပါတယ်)

အဲတော့ ဒီမိုကရေစီဆိုတာ အနှစ် ၂၀ လောက် ပေးဆပ်ပြီးတော့ တိုက်လိုက်တော့လေ အခုအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို မသွားရင် မရတော့ဘူးလို့ သဘောပေါက်သွားရတဲ့ အနေအထားကို ရောက်ခဲ့ပြီမဟုတ်လား။” (ရောက်ခဲ့ပါပြီ)။

သူတို့ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမိုကရေစီကို ငြင်းလို့ မရတော့ဘူး။ အဲဒါ ပြည်သူ့အောင်ပွဲ မဟုတ်ဘူးလား။” (ဟုတ်ပါတယ်)

ယနေ့နိုင်ငံရေးအခြေအနေဟာ ယခင် အနှစ် ၂၀ တိတိ ပေးဆပ်ခဲ့တဲ့သူတွေ၊ ပြည်သူတွေတောင်းဆိုတိုက်ပွဲဝင်ခဲ့တာရဲ့ အကျိုးဆက်လို့ မှန်မှန်ကန်ကန် ချိတ်ဆက်ပြလိုက်တာကို အင်မတန် သဘောကျမိပါတယ်။ ကျနော့်ဘလော့ဂ်မှာလည်း မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင်(၁) နဲ့ (၂) ဆိုတဲ့ ပို့စ်တွေမှာ ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံဟာ မြန်မာ့နိုင်ငံရေးအခြေအနေကို ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်ပေးလိုက်သလို ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အချိန်ဆွဲနေတဲ့ နအဖကို နောက်ကနေ သံချွန်နဲ့ တို့လိုက်သလို တွန်းအားပေးလိုက်လို့ ဒီကနေ့အခြေအနေကို ရောက်လာခဲ့ရကြောင်း မကြာခင်ကပဲ ရေးသားခဲ့ဖူးပါတယ်။

(ဒီအကြောင်းကိုရေးရင်းနဲ့ မင်းကိုနိုင်တို့ အဖမ်းခံရစဉ်က သူတို့တတွေကို “အုတ်နံရံကို ခေါင်းနဲ့တိုက်သူများ” ၊ “ဥာဏ်ကို လွှာမသုံးတတ်သူများ” အစရှိသဖြင့် ကျနော့်ဆီကို မကြာခဏ ဖုန်းဆက် ဝေဖန်တတ်တဲ့ အသိဘလော့ဂါတယောက်နဲ့ လူထုအုံကြွမှုတွေဟာ ဘာမှ အရာမထင်ဘူးလို့ ပြောလေ့ရှိကြတဲ့ သူတွေရဲ့မျက်နှာတွေကို အစီအရီ ပြေးမြင်မိပါတယ်။)

နောက်ထပ် ထုတ်နှုတ်ပြချင်တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တခုကတော့....

ဓားအိမ်ကို မြင်ရုံနဲ့ ဓားကောင်းမှန်းသိရင်တော့ ဓားကို ဆွဲထုတ်စရာ မလိုပါဘူး။ ဓားအိမ်ပြလို့မှ မလုံလောက်သေးရင်တော့ ဓားဆွဲထုတ်ပြဖို့ သတ္တိရှိဖို့ လိုပါတယ်။ ပြည်သူလူထုကြီး ဓားဆွဲထုတ်ရဲတယ် မဟုတ်လား။ (ထုတ်ရဲပါတယ်)

အောက်မှာ မြောက်ဥက္ကလာမှာ ပြောခဲ့တဲ့ ဗီဒီယိုကို တင်ပေးလိုက်ပါတယ်။


Read more

လွတ်လပ်ရေးနေ့...

ဒီနေ့ လွတ်လပ်ရေးနေ့.....

လွတ်လပ်မှုကို ချစ်မြတ်နိုးသူတွေ သံတိုင်နောက်မှာ ရောက်နေဆဲ လွတ်လပ်ရေးနေ့။

တိုင်းရင်းသားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရဆဲ လွတ်လပ်ရေးနေ့။

လယ်သမားတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူခံနေရဆဲ လွတ်လပ်ရေးနေ့။

စစ်ဗိုလ်တမတ်သားပါလီမန်မှာ စစ်ဗိုလ်လူထွက်တွေ လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတဲ့ လွတ်လပ်ရေးနေ့။

တိုင်းပြည်အနာဂတ်ကို လူနှစ်ယောက်လောက်က ကျိတ်ပုန်းညှိနေတဲ့ လွတ်လပ်ရေးနေ့။

သယံဇာတတွေ ချရောင်းနေတဲ့ လွတ်လပ်ရေးနေ့။

နိုင်ငံတကာကို မျက်နှာချိုသွေးနေရတဲ့ ဖာသည်နိုင်ငံဘဝ ကျရောက်နေတဲ့ လွတ်လပ်ရေးနေ့။

မတည်တဲ့ကတိစကားတွေ၊ မာယာတွေနဲ့ ပြည့်လျှမ်းနေတဲ့ လွတ်လပ်ရေးနေ့။

ပြည်သူ့အသံကို ရဲရဲဖွင့်အန်ခွင့်မရသေးတဲ့ လွတ်လပ်ရေးနေ့။

သုံးနှစ်သမီးငယ် ဖြူနေခြည် တယောက် အဖေ၊အမေနဲ့ အတူနေခွင့်ရဖို့ ဘုရားမှာ ဆုတောင်းနေရတဲ့ လွတ်လပ်ရေးနေ့။

ပြည်သူပြည်သားအားလုံးအတွက် ဓါးမိုးထားတဲ့လွတ်လပ်ရေးနေ့။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs