“ထိုင်းလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ဒီမို ခရေဇီ (demo crazy) အကြား ခြားနားချက်ကို သိသင့်ပြီ၊ မနေ့က ဖြစ်ပျက်သွားတာဟာ ဒီမိုကရေစီမဟုတ်ဘူး၊ ဒီမို ခရေဇီ”
အထက်ပါစကားကို အာရှက အမည်မဖော်လိုသူ အစိုးရပိုင်းဆိုင်ရာအရာရှိတဦး ပြောကြားခဲ့တာပါ။ အကြောင်းရင်းကတော့ ဒေသတွင်းခေါင်းဆောင်များအစည်းအဝေးကျင်းပမယ့်နေရာအဆောက်အဦးအတွင်းကို အနီရောင်ဝတ် ထိုင်းဆန္ဒပြသူတွေက ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ အဲဒီအနီရောင်ဝတ် ဆန္ဒပြသူတွေဟာ ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ရှီနာဝပ်ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။
အထက်က ပုဂ္ဂိုလ်ပြောခဲ့တဲ့စကားကို ကျနော် အကြွင်းမဲ့ ထောက်ခံပါတယ်။ ကျနော်တို့ဟာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေကို ထောက်ခံတယ်ဆိုတဲ့နေရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသက်သက်ကိုသာ ထောက်ခံခြင်းဖြစ်ပါတယ်။ လူစုလူဝေးနဲ့ ထင်ရာစိုင်းပြီး ဥပဒေကို ကိုယ့်လက်ထဲထည့်ပြီး ရမ်းကားတာမျိုးကို အားမပေးပါဘူး။
အထူးသဖြင့် မနေ့က ထိုင်းပြည်ထဲရေးဝန်ကြီးဌာနထဲအထိ အနီရောင်ဝတ် လူအုပ်ကြီးက ကျူးကျော်ဝင်ရောက်ပြီး ၀န်ကြီးချုပ်ရဲ့ ကားကို ၀ိုင်းဝန်းတိုက်ခိုက်တာမျိုးဟာ အင်မတန် အရုပ်ဆိုးတဲ့ မြင်ကွင်းပါ။
ထိုင်းနိုင်ငံရေးကို ကျနော့်စိတ်ထဲမှာ ပထမဦးဆုံးအကြိမ် ပြက်ပြက်ထင်ထင် စပြီး သတိထား စိတ်ဝင်စားမိတာကတော့ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်(Thaksin) ပထမဦးဆုံး အာဏာရလာစဉ်အချိန်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကျနော်က မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေစဉ်ကာလ။
တပ်ဆင်ဟာ တက်တက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ တက်လာတာနဲ့ မရိုးမသား စလုပ်တော့တာပဲ။ ပထမဦးဆုံး ဥပဒေနဲ့အညီ သူ့ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ထုတ်ဖော်ကြေညာရမယ့်အစား ထိန်ချန်ပြီးကြေညာပါတယ်။ အဲဒီကိစ္စဟိုးလေးတကျော် ဖြစ်ပြီး ဟိုက်ကုတ်(High Court)ကို ရောက်ပါတယ်။ ပြစ်မှုထင်ရှားရင် သူ့အနေနဲ့ ၀န်ကြီးချုပ်ဖြစ်မလာနိုင်တော့ပါဘူး။ အဲသည်မှာ ဟိုက်ကုတ်က တရားသူကြီးတွေကို ငွေနဲ့ပေါက်၊ အရှိန်အ၀ါနဲ့ဖိပြီး အမှုကလွတ်အောင် ကြံဆောင်ပါတယ်။ (မဲတမဲနဲ့ ကပ်နိုင်ပေမယ့် နောက်ပိုင်းမှာ အဲသည်တရားသူကြီးကိုယ်၌က အင်တာဗျူးတခုမှာ တပ်ဆင်ဟာ ပြစ်မှုထင်ရှားတာမှန်ပေမယ့် လူထုဆန္ဒကို သူ့အနေနဲ့ မလွန်ဆန်နိုင်လို့ တပ်ဆင်ကို လွှတ်လိုက်တာပါလို့ ၀န်ခံပြောကြားခဲ့ပါသေးတယ်။) အခုနောက်ပိုင်း သူ့ရဲ့ အကျင့်ပျက်လာဘ်စားတဲ့အမှုတွေမှာလည်း သူ့ရှေ့နေကတဆင့် တရားရုံးကို လာဘ်ထိုးဖို့ကြိုးစားခဲ့တာ အားလုံးအသိပါပဲ။

တပ်ဆင်ဟာ သူတက်လာတာနဲ့ သူ့ရဲ့ အာဏာခိုင်မာအောင် တည်ဆောက်တော့တာပါပဲ။ အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ မီဒီယာကို နှိပ်ကွပ်ဖို့ကြိုးစားတယ်။ သူ့ကိုဝေဖန်တဲ့ မီဒီယာတွေကို ငွေနဲ့ပေါက်ဝယ်ပြီး သက်ဆိုင်ရာ အယ်ဒီတာတွေ သတင်းထောက်တွေကို ချုပ်ကိုင်ဖို့ကြိုးစားတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း လုံးဝ လေးစားလိုက်နာခြင်းမရှိဘူး။ တပ်ဆင်လက်ထက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းတခုမှာ လူအတော်များများကို သတ်ဖြတ်တဲ့အတွက် အဝေဖန်ခံရပါတယ်။ “ကုလသမဂ္ဂဟာ ငါ့အဖေမဟုတ်ဘူး။ ကုလသမဂ္ဂက ထိုင်းတွေကို ထမင်းကျွေးထားတာမဟုတ်ဘူး” စတဲ့ နာမည်ကျော်စကားတွေကို တပ်ဆင်ပဲ ပြောခဲ့တာပါ။
တပ်ဆင်ဟာ သူ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ သူ့အာဏာတည်မြဲရေးအတွက် ဥပဒေကို အမျိုးမျိုးပြင်ဆင်ပြီး အုပ်ချုပ်တဲ့အတွက် နောက်ပိုင်းမှာ မြို့ပေါ်နေ ပညာတတ်လူတန်းစားရဲ့ ဆန့်ကျင် ဆန္ဒပြခြင်းကို ခံရပါတော့တယ်။ နိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ (သူပိုင်ဆိုင်တဲ့) ရှင်ကော်ပိုရေးရှင်းကို စင်္ကာပူက တင်းမားဆက်ကို ရောင်းလိုက်ပြီး တဖက်မှာလည်း အမြတ်တော်ခွန်ရှောင်ဖို့ ကြိုးစားတဲ့အခါ ကြီးမားတဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။
နောက်ဆုံးတပ်ဆင် ပြည်ပမှာရောက်နေတုန်း ထိုင်းစစ်တပ်က အာဏာသိမ်းပါတယ်။ အဲဒီလိုအာဏာသိမ်းရာမှာ ဘုရင့်ရဲ့ အကြံပေးတွေရဲ့ စွက်ဖက်မှုပါတယ်လို့ တပ်ဆင်က စွတ်စွဲပါတယ်။ ဘာပဲပြောပြော တပ်ဆင်ကို မကြိုက်တာမှန်ပေမယ့် စစ်အာဏာသိမ်းတာကို ကျနော်က မထောက်ခံပါဘူး။ ဒီမိုကရေစီနည်းအရ ရွေးချယ်ထားတဲ့ အစိုးရတရပ်ကို ဒီမိုကရေစီနည်းအရ ဖြုတ်ချဖို့ကြိုးစားခြင်းသာလျှင် အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းလမ်းပါ။
စစ်အစိုးရအာဏာစွန့်ပြီး တပ်ဆင်ရဲ့ ရုပ်သေးရုပ် ဆာမက် အစိုးရတက်လာပါတယ်။ ဆာမက်ကလည်း တပ်ဆင်ရဲ့အလိုကျ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ ပီအေဒီခေါ် အ၀ါရောင်ဝတ် ဆန္ဒပြသူတွေ ဆန္ဒပြတာနဲ့ ကြုံကြိုက်ရပြန်ပါတယ်။ အ၀ါရောင်ဝတ်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေဟာ မှန်ကန်ပေမယ့်လည်း ပါလီမန်တွေ၊ ရုံးတွေ၊ လေဆိပ်တွေကို ကျူးကျော်စီးနင်းဝင်ရောက်ပြီး ဥပဒေကို ကိုယ့်လက်ထဲထည့်ဖို့ကြိုးစားတဲ့ အ၀ါရောင်ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ မှားယွင်းတယ်လို့ ကျနော်မြင်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ရွေးကောက်ပွဲအတွင်း မရိုးမသားလုပ်မှုတွေအတွက် ဆာမက်ရဲ့ အာဏာရပါတီ ဖျက်သိမ်းရပြန်ပါတယ်။ ဖျက်သိမ်းအပြီးမှာ တပ်ဆင်ရဲ့ ဆွေရိပ်မျိုးရိပ်မကင်းသူတဦး ၀န်ကြီးချုပ်အဖြစ် ခဏတာဝန်ယူရပြီး မကြာခင်မှာပဲ အတိုက်အခံ ဒီမိုကရက်တွေအနေနဲ့ ပါလီမန်အတွင်းမှာ အသာစီးရလာတာမို့ ယခုလက်ရှိ ၀န်ကြီးချုပ် အာဘစ်ဆစ် အာဏာရလာတော့တာပါ။
အာဘစ်ဆစ်ဟာ ဒီမိုကရက်တစ်ပါတီကဖြစ်ပြီး သူ့ရဲ့ အယူအဆနဲ့ သဘောတရားပိုင်းဆိုင်ရာကတော့ ကမ္ဘာတလွှားက ဒီမိုကရက်တွေနဲ့ ထပ်တူနီးပါး တူညီပြီး ကျနော့်အနေနဲ့လည်း လက်ခံနိုင်ဖွယ် ၀န်ကြီးချုပ်တယောက်ဖြစ်ပါတယ်။ သူတက်လာပြီး နိုင်ငံရေးအရ မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက မငြိမ်မသက်မှုတွေ လျော့ကျသွားပေမယ့် ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ကို ထောက်ခံဆန္ဒပြသူတွေ တစခန်းထလာတာမို့ နိုင်ငံရေးအခြေအနေဟာ ယခုအချိန်မှာ ပြန်လည်ပြီး မတည်မငြိမ်ဖြစ်နေပါတယ်။ သူတက်မလာခင် လေဆိပ်ကို စီးနင်းဆန္ဒပြခဲ့တဲ့ ပီအေဒီခေါင်းဆောင်ပိုင်းကို သူအာဏာရလာပြီးနောက်ပိုင်းမှာ တရားဥပဒေကြောင်းအရ အရေးယူသင့်ခဲ့တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ အရေးမယူခဲ့တာဟာ အနီဝတ်တွေဖက်က ထောက်ပြစရာ ကိစ္စကြီးတခုဖြစ်လာပါတယ်။ အခု အကျိုးဆက်အနေနဲ့ အနီဝတ်တွေရောင့်တက်လာပြီး တချိန်က အ၀ါဝတ်တွေ လုပ်ခဲ့သလို ဥပဒေကို မိမိလက်ထဲ ထည့်တာတွေကို ကြုံတွေ့လာရတာဖြစ်ပါတယ်။ ပွဲလန့်တုန်း ကော်ဇော်ခင်းဖို့ကြံနေတဲ့ ဦးဦးတပ်ဆင်ကလည်း ပြည်ပကနေ မီးမှုတ်ပေးနေတာကို တွေ့ရပါတယ်။
အခုလောလောဆယ်တော့ အရေးပေါ်အခြေအနေထုတ်ပြန်ပြီး ငြိမ်သက်မှုရအောင် ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံသားတွေကိုယ်၌က ဒီမိုကရေစီကို မြတ်နိုးပြီး ဥပဒေကြောင်းလမ်းအရ နည်းမှန်လမ်းမှန် ဆန္ဒပြကြမှသာလျှင် ထိုင်းနိုင်ငံရဲ့ အနာဂတ်ဟာ အေးချမ်းမှုရှိမှာဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေကို ဖီဆန်တာနဲ့ ဥပဒေကို ကိုယ့်လက်ထဲကို ထည့်ပြီး ထင်သလိုပြုမူရမ်းကားတာဟာ မတူညီတဲ့ လုပ်ရပ်နှစ်ခုဆိုတာ သိမြင်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီမဟုတ်ဘဲ ဒီမို ခရေဇီစနစ် ဖြစ်မြဲဖြစ်နေဦးမှာ ဖြစ်ပါကြောင်း……။