ရေနစ်သူကို ကယ်ကြရာဝယ်

Share |
လူတယောက် ရေနစ်နေပြီဆိုရင် ဘယ်လိုကယ်မလဲ။ ရေနစ်သူကို ကယ်ဖို့ ကယ်သူကိုယ်တိုင် ရေကူးတတ်ဖို့ လိုသလား။ ဒီမေးခွန်းကို အဖြေတခုတည်းနဲ့ ဖြေဖို့ မလုံလောက်ဘူး။

ပထမဦးဆုံး မေးခွန်းတခုတော့ ပြန်မေးရမယ်။ ဘယ်နေရာမှာ ဘယ်လိုနစ်နေသလဲ ဆိုတာကိုပေါ့။

ရေချိုးခန်း ကြွေကန်(bathtub)ထဲမှာ ရေစိမ်ရင်း နစ်တာဆိုရင်တော့ ဒါဟာ ရေချိုးနေရင်း သတိလစ်သွားတာ၊ လေသင်တုန်းဖြတ်သွားတာဖြစ်ဖို့များတယ်။ ရေတိမ်နစ်တယ်လို့လည်း ပြောချင်ပြောနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာ ကယ်သူအဖို့ ရေကူးတတ်ဖို့မလိုဘူး။ ကြွေကန်ထဲက ရေကို ဖောက်ထုတ်ချပြီး ဆေးရုံလူနာတင်ကားကို ဖုန်းဆက်ခေါ်တတ်ဖို့ပဲ လိုလိမ့်မယ်။

တခါ ကမ်းနဲ့ မနီးမဝေးမှာ နစ်နေတာမျိုးဆိုရင်လည်း ကယ်သူကိုယ်တိုင်က ရေမကူးတတ်ပေမယ့် ဘောကွင်းပစ်ချပေးတာတို့၊ ကြိုးရှည်ရှည်နဲ့ ကြိုးစကို ပစ်ချပေးတာမျိုး၊ ဝါးလုံးလို ရှည်မျောတဲ့အရာတခုနဲ့ ရေနစ်သူလှမ်းဆွဲနိုင်ဖို့ ကမ်းလင့်ကူညီပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ဝါးလုံးကမ်းတဲ့နေရာမှာ ရေနစ်သူကို ဝါးကူထိုးဆိုသလို ကယ်ရာမရောက် ထိုးနှစ်ရောက်တဲ့ အဖြစ်မျိုးကို ရှောင်ရှားဖို့ပါပဲ။

ကယ်သူက လှေပေါ်ကဆိုရင်လည်း ရေနစ်သူကို ကယ်တဲ့နေရာမှာ ကယ်သူကိုယ်တိုင် ရေကူးတတ်ခြင်း မကူးတတ်ခြင်းက အရေးမပါလှပါဘူး။ ကယ်ချင်တဲ့ စေတနာကသာ အရေးပါတော့တယ်။ တချို့လည်း လူကိုတော့ မကယ်ဘဲ ရေနစ်သူလက်က လက်ပတ်နာရီတို့ လက်စွပ်တို့လို အဖိုးတန်ပစ္စည်းလေးတွေကိုပဲ ရွေးကယ်သွားတာမျိုး ရှိတတ်တယ်။

တကယ်လို့ ရေနစ်တဲ့နေရာမှာ ဘောကွင်း၊ ဝါးလုံးရှည်၊ ကြိုးရှည်ရှည် စသဖြင့် ပစ်ပေးစရာ၊ ကမ်းပေးစရာ မရှိဘူးဆိုရင် ကိုယ်တိုင် ရေကူးပြီး ဆင်းကယ်ရမယ့်အဖြစ်မျိုးတွေ ကြုံလာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ကယ်ချင်သူအဖို့ ရေကူးတတ်ဖို့ လိုလာပါပြီ။ ကိုယ်တိုင်ရေမကူးတတ်ဘဲ ဆင်းကယ်လို့ကတော့ တလောင်းကနေ နှစ်လောင်း ဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ရေကူးတတ်တာတောင်မှ သက်လုံကောင်းဖို့တို့၊ ကယ်တဲ့ နည်းစနစ်မှန်ဖို့တို့ လိုပါလိမ့်ဦးမယ်။ ဘာကြောင့်လဲဆိုတော့ ရေနစ်သူဟာ ကြောက်အားလန့်အားနဲ့ အတင်းတွယ်ဖက် တက်တတ်ပြီး အခန့်မသင့်ရင် ကယ်သူပါ နှစ်ယောက်လုံး ရုန်းရင်းဆန်ခတ်နဲ့ နစ်မြုတ်သွားတတ်လို့ပါ။

အညာမှာ အလယ်တန်းကျောင်းတက်နေစဉ်က မုန်းချောင်းတဖက်ကမ်းကနေ ကျောင်းလာတက်တဲ့ ကျောင်းသူတချို့နဲ့ ဆရာတယောက်ပါတဲ့ လှေ၊ ချောင်းထဲမှာ နစ်တယ်။ တခြားလှေတွေ လာကယ်တာမြန်လို့ အသေအပျောက်တော့မရှိ။ ဒါပေမယ့် ကျောင်းသူနှစ်ယောက်ဟာ ကြောက်အားလန့်အားနဲ့ ဆရာ့အပေါ် အတင်း ဖက်တွယ်တက်ကြတော့ ဆရာ့ခမြာ ရေအောက်မှာ အချိန်တော်တော်များများ ရောက်နေပြီး ကုန်းပေါ်ရောက်တော့ မြော့မြော့ပဲ ကျန်တယ်။ ကံကောင်းလို့ မသေတယ်။

ရုပ်ရှင်တွေထဲမှာတော့ အဲသည်လို ကယ်တုန်းမှာ ရုန်းကန်နေရင် ကယ်သူက ရေနစ်သူရဲ့ ဇက်ပိုးကို လက်ဝါးစောင်းနဲ့ တချက်ခုတ်ချလိုက်တာကို ပြတယ်။ အကယ်ခံရမယ့်သူ သတိလစ်ပြီး ငြိမ်ကျသွားမှ အသာဆွဲပြီး ကယ်လာတယ်။ ဒီနည်းကလည်း အငြင်းပွားဖွယ်ပါပဲ။ မတော်လို့ ရိုက်တာ လက်လွန်သွားခဲ့ရင် ရေနစ်လို့မသေ၊ လက်ဝါးစောင်းဒဏ်ကြောင့် သေသွားတာမျိုး ဖြစ်သွားနိုင်လို့ပါ။ (ဒီနေရာမှာ ရုရှားက ကဇာတ်ရုံကို အကြမ်းဖက်သူတွေက စီးနင်းပြန်ပေးဆွဲထားတော့ ရုရှားကယ်ဆယ်ရေးအဖွဲ့တွေက ကဇာတ်ရုံထဲကို ဓါတ်ငွေ့လွှတ်ပြီး ကယ်တာကို သတိရမိတယ်။ အဲသည်တုန်းက ဓါတ်ငွေ့လွှတ်တာများသွားလို့ ဓားစာခံအတော်များများ သေကြေပျက်စီးခဲ့ကြတယ်။) ဒါကြောင့် ရေကူးသင်တန်းပေးတဲ့အခါ လက်ဝါးစောင်းကို အနေတော်ခုတ်တတ်အောင်ပါ ပူးတွဲ သင်တန်းပေးသင့်ပါတယ်။

သောင်ကမ်းနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရေကူးတတ်သူရော၊ မကူးတတ်သူပါ ရေထဲကို တပြိုင်တည်း ကျရောက်နေတယ်ဆိုပါတော့။ ရေကူးတတ်သူဟာ သူ့ဘာသူ ကိုယ်လွတ် ကူးသွားရင် ကမ်းကို ရောက်နိုင်သေးတယ်။ ရေမကူးတတ်သူကို ကယ်တင်မယ်ဆိုရင် နှစ်ယောက်လုံးသေဖို့များတယ်။ ဒီလိုအခြေအနေမျိုးမှာ ကယ်မှာလား၊ မကယ်ဘူးလား။ ဘယ်လမ်းကို ရွေးမလဲ။ တိုက်တန်းနစ်ဇာတ်ကားထဲမှာ လီယိုနာဒို က ကိတ်တ်ဝင်းစလက်ကို ပျဉ်ပြားလေး ပေးလိုက်ပြီး သူကတော့ ရေထဲမှာ ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းလေးကို သတိရမိတယ်။

မကူးတတ်သူတွေက အများကြီး။ ကူးတတ်သူက တယောက်တည်းဆိုရင်လည်း ကြယ်ငါးကောက်တဲ့ ဥပမာလို တယောက်ကိုပဲ ကယ်နိုင်မယ့် အနေအထားမျိုးလည်း ဖြစ်လာနိုင်ပါသေးတယ်။

ကမ်းမမြင်လမ်းမမြင်မှာ ရေထဲကို ရောက်နေပြီး ကူးတတ်တဲ့လူလည်း တယောက်မှ မပါ၊ အသက်ကယ်အင်္ကျီလည်း မပါဘူးဆိုရင်တော့ အားလုံး မကြာခင်မှာ နစ်မွန်းကြရကိန်းပါပဲ။

P.S… ရေကူးသင်တန်းတက်လိုသူများ ပိတောက်ရိပ်ဘလော့ဂ်ပိုင်ရှင် ကိုပေါထံသို့ အီးမေးလ်ဖြင့် စုံစမ်းကာ စာရင်းပေးနိုင်ပါသည်။ လူဦးရေကန့်သတ်ထားသည်။ လာသလောက်သာ လက်ခံမည်။း-)

18 comments:

Anonymous said...

Training only swimming ?

how about " လက်ဝါးစောင်းကို အနေတော်ခုတ်တတ်အောင်

သင်တန်း "

:D

ကိုပေါ said...

အဲဒီ လျှပ်တပြက် လက်ဝါးစောင်းကို ဘောနပ်စ်အနေနဲ့ ပူးတွဲသင်ပေးမှာပါ။း-)

ဒါပေမယ့် ဒီနည်းကိုတော့ တိုးတိုးတိတ်တိတ်ပဲ သင်ပေးရမှာပေါ့။ တော်ကြာ... မြန်မာပြည်က စွမ်းအားရှင်တွေကိုပါ ကျနော့်ဆီလွှတ်ပြီး သင်တန်းတက်ခိုင်းနေမှာ စိုးရိမ်ရတယ်။

pandora said...
This comment has been removed by the author.
pandora said...

တကယ်က ရေဆိုတာသာ မရှိခဲ့ရင် လူတွေဟာ ရေနစ်သေစရာအကြောင်း မရှိတော့ဘူး။ ကိုင်း.. ပြောနေကြာတယ်။ ရေတွေ ကုန်သွားအောင် တနိုင်တပိုင် ၀ိုင်းသောက်ကြစို့ရဲ့....။

ကိုပေါ said...

>>>pandora.... လာပြီး အဖော်မစပ်နဲ့ဗျ။ ခါးသက်သက် အရသာရှိတဲ့ အရည်မဟုတ်ရင် သောက်ဖို့ တယ်ပြီး စိတ်မဝင်စားဘူး။... ဟိုလေ မိုးခါးရေကို ပြောတာပါ။း-)

ချစ်ကြည်အေး said...

ကိုပေါရဲ့ ရေကူးသင်တန်း နာမည်က နစ်တခါ မြုတ်တလှည့်လား ငှင်....:)

ကိုပေါ said...

ချစ်ကြည်အေး...... ဟုတ်ဘူးဗျ။ “မြုတ်မိသဲတိုင်” တဲ့။

ဖိုးတုတ် said...

ကိုပေါရဲ့ ရေကူးသင်တန်း နာမည်က ပြန်ပေါ်မလာ သို့  စုံးစုံးမြုပ် လို.အမည်ပေးရင် ကောင်းမယ်

ကိုပေါ said...

Z..... တိုက်တန်းနစ် ဆိုရင်ရောဗျာ။း-)

ဖိုးတုတ် said...

တိုက်တန်းနစ် က တစ်ချို.အသက်ရှင်တယ် ....

Dr. Yi Yi Win said...

ဇနကထုံး နှလုံးမူပြီး မေခလာပဲ မျှော်နေမိတာ။ အဟဲ ရေတော့ ကြောက်တယ်။

ကိုပေါ said...

ယုဝရီ...... ဘာမှ မပူနဲ့ မယုဝရီ။ မေခလာ စတိတ်ရှိုးရှိတယ်ကြားရင် လှမ်းအကြောင်းကြားလိုက်မယ်။း-)

Anonymous said...

လက်ဝါးစောင်းကို အနေတော်ခုတ်တတ်အောင်သင်တန်း က ကိုပေါဆီမာထက် မဒမ်ပေါဆီမာ တက်သင့်ကြောင်း

Anonymous said...

လက်ဝါးစောင်းကို အနေတော်ခုတ်တတ်အောင်သင်တန်း က ကိုပေါဆီမာထက် မဒမ်ပေါဆီမာ တက်သင့်ကြောင်း -
ရေက အစထဲက မကူးတတ်ဘူး၊ ဒါကြောင့်ရေထဲကို မဆင်းဘူး၊ ကျွန်:လေးပေါမာပဲ နေတယ် ဟိ
ကျောင်းသူနှစ်ယောက်ဟာ ကြောက်အားလန့်အားနဲ့ ဆရာ့အပေါ် အတင်း ဖက်တွယ်တက်ကြတော့ - ဆရာတော့ ကော်တာပဲ ဟီးစတာနော် တော်ကြာ ဆရာသမား ပြစ်မားတဲ့ အဖွဲ့ထဲထည့်လိုက်အုန်းမယ်၊ အွန်လိုင်းသူရဲကောင်းတွေက စကားလုံးခွဲခြမ်းစိပ်ဖြာတဲ့နေရာမာ ကြောက်ခမန်းလိလိ

ခရေဖြူ :)

ကိုပေါ said...

ခရေဖြူ.... ကံတရားက တကယ်ဆန်းကြယ်တယ်။ အဲဒီဆရာက ကျနော်တို့ဆရာ လူပျိုကြီး။ အဲဒီ ကျောင်းသူနှစ်ယောက်ထဲက တစ်ယောက်နဲ့ နောက်တော့ အိမ်ထောင်ကျသွားတယ်။ အဲဒီကောင်မလေးတွေ(ကျနော်တို့အတန်းထဲကပါပဲ)ကို တခြားလှေက ကယ်လာပြီး ကမ်းစပ်ရောက်တော့ ရေထဲမှာ ဆင်းထိုင်နေကြရသတဲ့။ ထမိန်တွေ ရေထဲကျွတ်ကျန်နေခဲ့လို့။း-)

Anonymous said...

ဟာ တကယ်ပဲ ၁ယောက်နဲ့ မဲပေါက်သွားသကိုး၊ ကမ်းစပ်ရောက်တော့ ရေထဲမှာ ဆင်းထိုင်နေတယ် ဆိုတော့ ကယ်လာတဲ့ လှေပေါ်မာ သူတို့ဘယ်လိုထိုင်လိုက်လာလဲ အတွေးပွါးသွါး၏။ ဟီး

ခရေဖြူ

ဖိုးတုတ် said...
This comment has been removed by the author.
ဖိုးတုတ် said...

မခရေဖြူ

ခင်ဗျားနဲ့ ကျွန်တော်က ဒီမှာတွေ့ ပြန်ပြီ

((လှေပေါ်မှာ သူတို့ဘယ်လိုထိုင်လိုက်လာလဲ အတွေးပွါးသွါး၏။)))း

ကျွန်တော်အထင်ကတော့ ...

ဆရာက လှေပေါ် ဆောင့်ကြောင့်ထိုင်လိုက်လာတဲ့ ကျောင်းသူကိုကြည့်ပြီး ချစ်မိုးကြီးရွာသွားပုံပေါ်တယ်

ခွိခွိ ...

ပျော်ရွှင်ကြပါစေ ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs