“၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့သမျှ”

ဒီနေ့က သက္ကရာဇ် ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးနေ့။

၂၀၀၈ ခုနှစ်မှာ သတိရအောက်မေ့ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတယ်။ အဲသည်အဖြစ်အပျက်တွေထဲကမှ ကျနော့်စိတ်ထဲကို ထိခိုက်စေတဲ့၊ အမှတ်ထင်ထင်လည်း ကျန်ရစ်နေခဲ့တဲ့ အဖြစ်အပျက်အချို့ကို ဒီပို့စ်မှာ အကျဉ်းချုံးပြီး ပြန်ပြောပြချင်ပါတယ်။

၂၀၀၈ ခုနှစ်… ဇန်န၀ါရီလမှာ နာမည်ကျော် သီးလေးသီးအငြိမ့်အဖွဲ့ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြည်ပကို ကျွန်တော်တို့ ခေါ်ယူကပြဖို့ စီစဉ်နိုင်ခဲ့တယ်။ စင်္ကာပူမှာ ပထမအကြိမ် ကပြတဲ့ပွဲမှာ လက်မှတ်တွေ အကုန်ရောင်းရတဲ့အပြင် ထိုင်ခုံတွေပါ တိုးချဲ့ စီစဉ်ပေးခဲ့ရတယ်။ ရတဲ့အမြတ်ငွေတွေထဲက ၆၀ ရာခိုင်နှုန်းနဲ့ ပရိသတ်က ဆုချတဲ့ ဆုကြေးတွေကို သီးလေးသီးအငြိမ့်အဖွဲ့သားတွေကို ချီးမြှင့်ဂုဏ်ပြုနိုင်ခဲ့သလို ကျန် ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းက ဒီမိုကရေစီ အင်အားစုများထံ ပေးပို့နိုင်ခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ ဘလော့ဂါ ကိုနေဘုန်းလတ်တယောက် စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ မတရားတဲ့ စွဲချက်တွေနဲ့ ရုံးတင်ခံရပြီး ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ မြန်မာ ဘလော့ဂါ လောကမှာ ပထမဦးဆုံးအနေနဲ့ ဖမ်းဆီးထောင်ချခြင်း ခံရသူဖြစ်ပါတယ်။

သိပ်မကြာပါဘူး။ ရမ်ဘိုအပိုင်းလေး ဇာတ်ကားထွက်လာပြီး မြန်မာစစ်တပ်ကို နှိပ်ကွပ်ထားတဲ့ အဲဒီရုပ်ရှင်ဇာတ်ကားဟာ မြန်မာပရိသတ်အကြားမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ စင်္ကာပူမှာလည်း ပြည်ပရောက်မျိုးချစ်မြန်မာများက ဦးစီးလို့ ရုပ်ရှင်ရုံကြီးတရုံလုံးကို ဘွတ်ကင်လုပ်ပြီး မြန်မာတွေ အတူတကွ ကြည့်ရှုခဲ့ကြပါတယ်။

မေလဆန်းပိုင်းကို ရောက်တဲ့အခါမှာတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်အမည်ရှိတဲ့ အင်အားကြီး ဆိုင်ကလုံးမုန်တိုင်း ၀င်မွှေသွားတဲ့အတွက် လူအများအပြား သေကြေပျက်စီးရပြီး အိုးအိမ်မြို့ရွာပေါင်းမြောက်များစွာနဲ့အတူ လယ်ယာမြေဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ပြည်တွင်းနေရာအနှံ့အပြားနဲ့ ကမ္ဘာအရပ်ရပ်က ပေးပို့လာတဲ့ အကူအညီတွေကို နအဖ စစ်အစိုးရက ပိတ်ပင်ရုံမျှမက အချို့သော ပစ္စည်းရိက္ခာတွေကို ကြားကဖြတ်ပြီး အလွဲသုံးစားလုပ်တဲ့အတွက် ကြားရသူအပေါင်းအတွက် အော့နှလုံးနာစရာ၊ မသတီစရာကိစ္စကြီး ဖြစ်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းပြီးတာနဲ့ လူမှုအကူအညီများအတွက် တက်ကြွစွာ လှုပ်ရှားသူ ကိုဇာဂနာအပါအ၀င် နိုင်ငံရေးသမား လူငယ်အများအပြားကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်ခံရသူတွေ ထိထိရောက်ရောက် အကူအညီပေးဖော်မရတဲ့ နအဖစစ်အစိုးရဟာ သူ့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကိုတော့ မေလအကုန်မှာ လူထုဆန္ဒခံယူပွဲအတုအယောင်ကျင်းပပေးပြီး ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော် (၉၂.၄% လားမသိ) နဲ့ အတည်ပြုကြောင်း ကြေညာခဲ့တယ်။ စင်္ကာပူက မြန်မာသံရုံးရှေ့မှာ မြန်မာပေါင်း ၂၀၀၀ ကျော်ဟာ “နိုး” လို့ ရေးထားတဲ့ အင်္ကျီအနီနဲ့ ဦးထုတ်အနီတွေ ၀တ်ဆင်ပြီး မဲသွားပေးခဲ့တဲ့အဖြစ်အပျက်ကိုကြည့်ရင် ဒီအခြေခံဥပဒေကို ပြည်သူတွေ ဘယ်လောက် ရွံမုန်းသလဲ၊ ဘယ်လောက်အထိ လက်သင့်မခံနိုင်သလဲ ဆိုတဲ့အချက်ကို ဖော်ကျူးကာ မှတ်တမ်းတင်ခဲ့သလိုပါပဲ။

ဂန်ဖလားလို့ ခေါ်တဲ့ ဂန်ဘာရီကတော့ ၂၀၀၇ နဲ့ ၂၀၀၈ အတွင်းမှာ မြန်မာပြည်ကို ပြန်ချည်သွားချည် ကူးသန်းနေတယ်။ ပန်းရည်ဘဏ်တိုက်သီချင်းအတိုင်းပါပဲ။ “အပြန်..အပြန်..အပြန်လားဟေ့….အသွား အသွား အသွား ပါဗျိုး….ခေါက်တုန့်လူးလာ…ကူးကာသယ်ဖို့ကြုံ…..”

နောက်တော့ စင်္ကာပူက မြန်မာ့အရေးလှုပ်ရှားသူတွေ တယောက်ပြီးတယောက် စင်္ကာပူကနေ ထွက်ခွာသွားရတယ်။ သူတို့ရဲ့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်တွေ သက်တမ်းကုန်သွားတဲ့အခါမှာ စင်္ကာပူအစိုးရက သက်တမ်းတိုးမပေးတော့တဲ့အတွက်ပါ။ သည်နှစ်ထဲမှာ ကျနော်အင်မတန် ရင်းနှီးပြီး လေးစားတဲ့ လူငယ်တယောက် မြန်မာပြည်တွင်းကို ပြန်သွားတယ်။ သူနဲ့ ထိတွေ့ခဲ့ရတဲ့ နှစ်နှစ်ခွဲလောက် ကာလအတွင်းမှာ သူက ကျွန်တော့် ယုံကြည်မှုတွေကို အရောင်တင်ပေးနိုင်ခဲ့ပြီး မှန်မှန်ကန်ကန်တွေးခေါ်တတ်အောင် လမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း စင်္ကာပူမှာ ဆေးရုံလာတက်ရင်း စင်္ကာပူမှာပဲ ကွယ်လွန်သွားခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့အတူရော မြန်မာပြည်သားတဦးအနေနဲ့ပါ ဆုံးရှုံးမှုအတွက် ၀မ်းနည်းခဲ့ရပါသေးတယ်။

နောက်တော့ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို တခါမှ မကြားဘူးတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ (၆၅ နှစ်စီ) ချမှတ်ပြီး နယ်စွန်နယ်ဖျား ထောင်တွေကို ပို့လိုက်တယ်။ နအဖ စစ်အစိုးရအနေနဲ့ ဘယ်လောက်သွေးရူးသွေးတမ်းဖြစ်နေသလဲဆိုတာ သိသာထင်ရှားစေတဲ့ လုပ်ရပ်ပါပဲ။

တဖက်ကကြည့်ရင် အားတက်စရာအနေနဲ့ကတော့ အဖွဲ့ချုပ်က အန်ကယ်လ်ဦးဝင်းတင်၊ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ နှစ်ရှည်လများ ထောင်ကျနေရာက ပြန်လွတ်လာကြတယ်။ အပြင်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုမို အရှိန်မြင့်တက်လာပါတယ်။

ကျနော့်ဘလော့ဂ်နဲ့ ပတ်သက်လို့ ပြောရရင် ကျနော့်ဘလော့ဂ်မှာ ၂၀၀၈ ခုနှစ် တနှစ်အတွင်း (ဒီပို့စ်အပါအ၀င်) ပို့စ်ပေါင်း ၁၄၉ ခု တင်ဖြစ်ခဲ့တယ်။ အများစုက ကျနော်ရေးတာဖြစ်ပေမယ့် တချို့ပို့စ်တွေက အခြားစာရေးသူတွေရဲ့ စာကို တိုက်ရိုက်တင်ပေးတာ၊ ဘာသာပြန်ပေးတာတွေ ပါပါတယ်။

ဘလော့ဂ်ဆိုတာဟာ အတုအယောင်ကမ္ဘာ (Virtual World) ဆိုပေမယ့်လည်း ကျနော့်ဘလော့ဂ်မှာတော့ တတ်နိုင်သမျှ ကျနော့်ခံစားမှု၊ အတွေးအမြင်နဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို အမှန်အတိုင်း တင်ပြဖို့ အားထုတ်ခဲ့ပါတယ်။ အားထုတ်တယ်ဆိုတဲ့ စကားထက် အမှန်အတိုင်း ပွင့်အန်ကျခဲ့တယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါရဲ့။

တခြားဘလော့ဂ်တွေမှာလည်း ကွန်မင့်တွေ ရှည်ရှည်လျားလျား သွားရေးဖြစ်ခဲ့ပါတယ်။ ကျနော့် ဒဏ်ကို အခံရဆုံး ဘလော့ဂါတွေကတော့ ပန်ဒိုရာ၊ တန်ခူး၊ ကလိုစေးထူး၊ ဂျစ်တူး၊ တီဇက်အေ၊ မေငြိမ်း နဲ့ ခင်မင်းဇော် တို့ ဖြစ်ပါတယ်။ ကျနော် ဘာတွေပဲ ကွန်မင့်ကွန်မင့် လွတ်လပ်စွာ ဝေဖန်ခွင့်ပေးထားကြတဲ့သူတွေမို့ (တားရင် မကောင်းလို့လည်း ဖြစ်နိုင်တယ်) ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောလိုက်ပါတယ်။

နောက်တချက်က အွန်လိုင်းပေါ်မှာပဲ တွေ့ဆုံရင်းနှီးခဲ့ရတဲ့ ဘလော့ဂါ ကိုဖိုးဇေတယောက် ကွယ်လွန်သွားခြင်းပါပဲ။ လူချင်းမတွေ့ဘူးလိုက်ပေမယ့် မြန်မာပြည်လွတ်မြောက်ဘို့အရေး ဆန္ဒတူသူတဦးမို့၊ စာရေးသားဖို့ ၀ါသနာထုံကြသူချင်းမို့ စိတ်ထဲမှာ ထိခိုက်ရပါတယ်။

ကျနော်အခု လက်ရှိနေထိုင်ရာ စင်္ကာပူနိုင်ငံအရေးနဲ့ ပတ်သက်လို့လည်း အမှတ်တရ အဖြစ်အပျက်တွေ အများကြီးရှိခဲ့ပါတယ်။ ဟိုးလေးတကျော် အဖြစ်ဆုံးကတော့ မက်စ်ဆီလာမက် ဆိုတဲ့ အကြမ်းဖက်သမားအဖြစ် စွတ်စွဲခံရသူ အကျဉ်းသားတယောက် လုံခြုံရေးအထူးတင်းကြပ်တဲ့ အကျဉ်းစခန်းကနေ (အစိုးရအဆိုအရ) ထွက်ပြေးလွတ်မြောက်သွားခြင်းပါ။ အခုထိ ဖမ်းမမိသေးပါဘူး။ ဒုတိယအနေနဲ့ကတော့ အမြော်အမြင်ကြီးတယ်လို့ နာမည်ကြီးတဲ့ စင်္ကာပူခေါင်းဆောင် လီကွမ်းယူက “ငါတို့ရဲ့ ရွှေရောင်ဝင်းတဲ့ ခေတ်ကို စ ရောက်လာပြီ” လို့ ပြောပြီး တလ နှစ်လလောက်အတွင်းမှာ စီးပွားပျက်ကပ်ဆိုက်တော့တာပါပဲ။ တတိယအနေနဲ့ကတော့ ထင်ရှားပြီး အများလေးစားတဲ့ အတိုက်အခံခေါင်းဆောင် ဂျေဘီဂျေ ကွယ်လွန်သွားတာပါပဲ။ အများစိတ်ဝင်တစားနဲ့ စောင့်ကြည့်ခံရတဲ့ကိစ္စတွေထဲမှာ အနောက်နိုင်ငံတွေမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ဘဏ်လုပ်ငန်းတွေမှာ စင်္ကာပူအစိုးရအနေနဲ့ အများကန့်ကွက်နေတဲ့ကြားက ငွေတွေ ဘီလီယံနဲ့ ချီကာ ရင်းနှီးမြှုတ်နှံခဲ့ပြီး နေ့ချင်းညချင်းအတွင်းမှာ ရှယ်ယာတန်ဘိုးတွေ ထိုးကျကာ ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေပါဝင်ပါတယ်။ (ဥပမာ စီးတီးဂရုပ်၊ မာရေးလင့်ခ်ျ၊ ယူဘီအက်စ်၊ အေဘီစီ လန်းနင်းစင်တာ စသဖြင့်)။ ဒီမတိုင်မီကလည်း တပ်ဆင်ရှီနာဝပ်ပိုင်ခဲ့တဲ့ ထိုင်းက ရှင်ကော့ပ်ကို တင်းမားဆက်က ၀ယ်ခဲ့မိလို့ ဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့ပါသေးတယ်။ အခုလောလောဆယ် စင်္ကာပူအစိုးရအနေနဲ့ အသဲအသန် ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်နေတာကတော့ ဆောက်လက်စ ကာစီနို (အိုင်အာရ်) နှစ်ခု ပြီးမြောက်ရေးကိုပါ။ အဲဒီပရော့ဂျက်တွေဟာ သူ့နိုင်ငံသားတွေ ဆန့်ကျင်တဲ့ကြားက တဇွတ်ထိုး ရှေ့တိုးဆောက်ခဲ့တာဆိုတော့ ဆောက်လုပ်ပေးနေတဲ့ ဗဲဂတ်စ်လင်းဒ်စ် ဆိုတဲ့ ကုမ္ပဏီအနေနဲ့ အခုစီးပွားပျက်ကပ်အတွင်းမှာ ဒေ၀ါလီခံရပြီး လုပ်ငန်းရပ်ဆိုင်းလုမတတ်ဖြစ်တာတောင် ပီအေပီအစိုးရက အရပ်ဆိုင်းမခံဘဲ ဆက်သွားနေစေတဲ့ ပရော့ဂျက်တွေပါ။ ၂၀၀၉ နဲ့ ၂၀၁၀ မှာ သတ်မှတ်ထားတဲ့အတိုင်း အဲသည်ပရော့ဂျက်တွေ ပြီးအောင်မဆောက်နိုင်ခဲ့ရင် မြို့လည်ခေါင်မှာ ထိုးထိုးထောင်ထောင်နဲ့ ပီအေပီအစိုးရရဲ့ မအောင်မြင်မှု ပြယုဂ်အဖြစ်တည်ရှိနေမှာကို အစိုးရက လိုလားဟန် မရှိပါဘူး။ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပရော့ဂျက်တွေပါ။

မလေးရှားမှာတော့ ဒါတွတ်အန်န၀ါအီဗရာဟင် ဦးဆောင်တဲ့ ပါတီကယ်ဒီလန်၊ လင်ကစ်ရှန်းဦးဆောင်တဲ့ ဒီအေပီနဲ့ အစ္စလမ္မစ်ပါတီ ပါ့စ် တို့က ရွေးကောက်ပွဲမှာ အမတ်နေရာ အများအပြားကို တိုးချဲ့ အနိုင်ရလိုက်ပြီး အာဏာရပါတီ (UMNO)ရဲ့ နှစ်ပေါင်းများစွာ ပါလီမန်အတွင်းမှာ အပြတ်အသတ် အသာစီးရမှုကို ပထမဦးအကြိမ် ချိုးဖျက်နိုင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ၀န်ကြီးချုပ် အဗ္ဗဒူလာဘာဒါဝီအနေနဲ့ နောက်နှစ်ထဲမှာ ဒုဝန်ကြီးချုပ်ဖြစ်သူ နာဂျစ်ကို အာဏာလွှဲပြောင်းပေးရင်း နိုင်ငံရေးက အနားယူဘို့ ဖြစ်လာပါတယ်။ မလေးရှားဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဘို့ တစထက်တစ ပိုနီးလာသလိုပါပဲ။ နောက်ပိုင်းမှာ အကျင့်ပျက်လာဘ်စားမှုတွေကို လျှော့ချသွားနိုင်ပြီဆိုရင် မလေးရှားရဲ့ စီးပွားရေးအခြေအနေ မြင့်တက်လာဘို့ အကြောင်းရှိပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ပြီး ၂ ပတ်လောက်အကြာမှာ တရုပ်ပြည်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပြီး လူအများအပြားသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကလည်း ကမ္ဘာသတင်းခေါင်းစီးများမှာ နေရာယူခဲ့ပါတယ်။ ငလျင်ကယ်ဆယ်ရေးမှာ တရုပ်အစိုးရရဲ့ လျင်မြန်ပြီး ပွင့်လင်းမှုရှိတဲ့ ကယ်ဆယ်ရေးကို ကမ္ဘာက ချီးမွန်းခဲ့ကြပါတယ်။ ဒါပေမယ့် ဘေဂျင်း အိုလံပစ်ပွဲမတိုင်မီ တိဘက်မှာ ဘုန်းတော်ကြီးတွေနဲ့ ဆန္ဒပြသူတွေကို တရုတ်အစိုးရရဲ့ ကိုင်တွယ်ပုံကြမ်းတမ်းခဲ့တာမို့ အိုလံပစ် မီးရှူးတိုင်သယ်ယူတဲ့ ခရီးစဉ်အတွင်း ကမ္ဘာ့အနှံ့အပြားမှာ လူအများအပြားက ဆန္ဒပြခဲ့ကြပြီး အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို နာမည်ကြီး အနုပညာရှင်များနဲ့ ဧည့်သည်တော်များက သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်တော့ အိုလံပစ်ဖွင့်ပွဲအခမ်းအနား ထုတ်လွှင့်ချက် ဗီဒီယိုမှာတောင် အထူးပြုလုပ်ချက်တွေနဲ့ အင်ထုမိလို့ တကမ္ဘာလုံး အုတ်အော်သောင်းတင်းဖြစ်ခဲ့ရပါတယ်။ တရုတ်ပြည်နဲ့ ပတ်သက်လို့ ဟိုးလေးတကျော်အဖြစ်ဆုံး ဖြစ်ရပ်ကတော့ တရုပ်ပြည်က ထုတ်လုပ်တဲ့ နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေမှာ မယ်လမင်းဓါတ်တွေ မြင့်မားစွာ ပါဝင်ပြီး ကလေးသူငယ်တွေကို ဥပါဒ်ဖြစ်စေခဲ့တဲ့ ကိစ္စပါပဲ။ တရုတ်ပြည်အမှတ်တံဆိပ်အနေနဲ့ နာမည်အပျက်ဆုံးနှစ်လို့ ဆိုရင်လည်း မမှားပါဘူး။

ကမ္ဘာ့အရေးနဲ့ ပတ်သက်လို့ အထူးခြားဆုံး အဖြစ်အပျက်ကတော့….. အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံးအနေနဲ့ လူမဲတဦးဖြစ်သူ အိုဘားမား ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းပါ။ သူဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ သမ္မတရာထူးကို လွှဲပြောင်းရယူပါတော့မယ်။ သူ့လက်ထက်မှာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ပြောင်းလဲစေနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပါ။
နောက်တချက်က မကြာခင်ကမှ ဘုံဘေမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်နောက်ပိုင်း ကမ္ဘာ့ထိပ်သီးနိုင်ငံများအနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို အရင်ကထက်ပိုပြီး အရေးစိုက်ဘို့ လိုလာပါပြီ။ ဘာကြောင့် အကြမ်းဖက်သူတွေ ပေါ်ပေါက်လာရသလဲဆိုတဲ့ အကြောင်းရင်းမြစ်ကိုပါ ရှာဖွေပြီး ဖြေရှင်းရတော့မယ့်အချိန်ကို ရောက်လာပါပြီ။ ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွက် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်လာသော်ငြား စစ်မက်ဖြစ်ပွားတဲ့အထိတော့ ရောက်မယ်လို့ ကျနော်မထင်ပါဘူး။

လောလောဆယ် အသည်းအသန်ဖြစ်နေတာကတော့ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ခြောက်လကြာ အပစ်အခပ်ရပ်စဲရေးရပ်ဆိုင်းသွားပြီး ပါလက်စတိုင်းက ဟာမာ့စ်တွေက အစ္စရေးကို ဒုံးပျံအသေးစားလေးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အစ္စရေးက လက်တုန့်ပြန်တဲ့အနေနဲ့ လေကြောင်းက ဗုံးကြံတိုက်ခိုက်ခဲ့တာမှာ ဟာမာ့စ် လုံခြုံရေးအစောင့်တွေ အပါအ၀င် လူသုံးရာကျော် သေဆုံးခဲ့ရပါတယ်။ အရှေ့အလယ်ပိုင်းကတော့ ထုံးစံအတိုင်း ပေါက်ကွဲတော့မယ့် ဗုံးတလုံးလို အနေအထားမှာ အမြဲရှိနေပါတယ်။ ဇင်ဘာဘွေအပါအ၀င် ကမ္ဘာတခြားဒေသတွေမှာလည်း မတည်မငြိမ်မှုတွေ ဖြစ်နေပေမယ့် ကျနော်သိပ်စိတ်မ၀င်စားတဲ့အတွက် ဒီမှာ ထည့်မရေးတော့ပါဘူး။ ထိုင်းနိုင်ငံအကြောင်းကလည်း နောက်ပိုင်းမှ သတ်သတ်ရေးချင်တဲ့အတွက် ဒီပို့စ်မှာ မထည့်ဘဲ ချန်ခဲ့ပါဦးမယ်။

အားလုံးကို ထိခိုက်တဲ့ ပြဿနာကတော့ အားလုံးသိကြတဲ့ ကမ္ဘာစီးပွားပျက်ကပ်ပါဘဲ။ အမေရိကန်ပြည်ထောင်စုက စလာလိုက်တဲ့ စီးပွားကျဆင်းမှု ပြဿနာဟာ ယနေ့ ကမ္ဘာ့အနှံ့အပြားကို ရိုက်ခတ်လာပြီး ရှေ့လာမယ့်နှစ်မှာ အလုပ်အကိုင်ရှားပါးမှုပြဿနာကို လူအတော်များများ ကြုံတွေ့ကြရကိန်း ရှိပါတယ်။ တရုတ်ပြည်မှာဆိုရင် မြို့ပေါ်တက် အလုပ်လုပ်နေကြသူတွေဟာ အလုပ်လက်မဲ့ပြဿနာကြောင့် မိမိဇာတိ တောဖက်ကို ပြန်ဆင်းနေကြပါပြီ။ အခုစီးပွားပျက်ကပ်ကြောင့် တချို့သောနိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေဟာလည်း တမျိုးတဖုံဖြစ်သွားစရာ အကြောင်းရှိပါတယ်။

ဒါတွေဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်မှတ်မိသလောက် အကျဉ်းချုံးရေးပြတာပါ။ သုံးသပ်ချက်အသေးစိတ် မပါပေမယ့် ကျနော့်အမြင်နဲ့ မှန်းဆချက်ကလေးတွေတော့ တချက်တချက် ပါသွားပါတယ်။

ကျနော့်ဘလော့ဂ်ကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အားလုံး… လာမယ့် ၂၀၀၉ နှစ်ကစလို့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသားအားလုံးနဲ့အတူ ကျန်းမာခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Read more

“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”

မင်းကိုနိုင်လို့ နာမည်တွင်ပေမယ့် ကျွန်တော်တို့ အချင်းချင်းတော့ ပေါ်ဦးထွန်းအဖြစ် သိကြတဲ့သူ.....။ ဒီလူနဲ့ ကျွန်တော် စပြီး ဆုံတွေ့ကြတဲ့နေ့ကတော့ ကျွန်တော်တို့လိုပဲ အထဲက ပြန်ထွက်လာတဲ့ ညီအစ်ကိုတယောက်ရဲ့ ရဟန်းခံပွဲမှာ စပြီးတွေ့ခဲ့ကြတာပါ။

အဲဒီနေ့က ကိုယ့်အချင်းချင်းပြန်ပြီး ဆုံဖြစ်ကြလို့ အားလုံးပျော်ပျော်ပါးပါးနဲ့ စကားတွေ ကိုယ်စီပြောကြ၊ နှုတ်ဆက်ကြနဲ့ စည်စည်ကားကားပါပဲ။ ဒီလိုနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ ကိုပြုံးချိုကို တွေ့လို့ သူ့ကို ကျွန်တော်နှုတ်ဆက်တော့၊ သူက “ခဏလာပါအုံး၊ ခင်ဗျားကို ကျွန်တော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမလို့” ဆိုပြီး ခေါ်တာနဲ့ ကျွန်တော် သူ့နောက်လိုက်သွားတယ်။

အသားဖြူဖြူ၊ နှာခေါင်းချွန်ချွန်နဲ့ လူလတ်ပိုင်းအရွယ်တယောက် ထိုင်နေတဲ့နေရာရောက်တော့ ကိုပြုံးချိုက ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။ သူကလဲ ထိုင်နေတော့ ကျွန်တော်က မတ်တပ်ရပ်ရင်းကနေ ခါးကိုင်းလိုက်ပြီး “အေးဗျာ၊ ခုလို ကျန်းကျမ်းမာမာ ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ဒီမှာတင်၊ သူက “ဟာဗျာ၊ အဲဒီလို သူစိမ်းမဆန်ပါနဲ့။ လာပါ၊ အားရပါးရ နှုတ်ဆက်ရအောင်” ဆိုပြီး မတ်တပ်ထရပ်၊ ရင်ချင်းအပ်ပြီး ရင်းရင်းနှီးနှီး ဖက်ပြီး နှုတ်ဆက်တယ်။ ကျွန်တော်လည်း အဲဒီတော့မှ အားနာသွားတယ်။ ပြီးတော့ သူက ဆက်ပြောပါသေးတယ်။ “ခင်ဗျားအကြောင်းကို ကျွန်တော်နဲ့ စစ်တွေမှာ အတူနေခဲ့တဲ့ ကျောင်းသားတယောက်က ပြောပြလို့ သိပြီးပါပြီ။ ခုမှပဲ လူချင်းတွေ့တော့တယ်” လို့ ပြောတယ်။

ကျွန်တော်လည်း ခုမှ စပြီးသိပေမယ့် သူ့ရဲ့ ရိုးသားပွင့်လင်းမှုကြောင့် ညီအစ်ကိုလို ရင်းနှီးမှု ရှိသွားသလိုပါပဲ။ အဲဒီနေ့ကတော့ မှတ်မှတ်ရရ ၂၀၀၅ ခုနှစ် မတ်လ (၂၇) ရက်ဖြစ်တဲ့ တော်လှန်ရေးနေ့ပါ။ အဲဒီကအပြန် ကျွန်တော်တို့ ကျောင်းသားတွေကို NLD က တော်လှန်ရေးနေ့အခမ်းအနားကို တက်ဖို့ ဖိတ်ထားလို့ အားလုံး စုံစုံညီညီနဲ့ သွားတက်ဖြစ်ကြတယ်။ အဲဒီနေ့ဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ စတင်စုစည်းပေါင်းဆုံမှု အဖွင့်နိဒါန်းလို့ ပြောရင်ရမယ်ထင်ပါတယ်။

တော်လှန်ရေးနေ့ အခမ်းအနားမသွားခင် ကျွန်တော်နဲ့ ကိုပေါ်ဦးတို့ နှစ်ယောက်ဟာ တနေရာမှာ ထိုင်ပြီး ခဏလောက် စကားပြောဖြစ်ကြတယ်။ သူက သူ့ခံစားချက်ကို ရင်ဖွင့်ပြပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။

သူရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုတွေကို သူလွတ်လာတော့ ကျွန်တော့်ကို ဖတ်ဖို့ပေးပြီး ဝေဖန်ပါအုံးလို့ ပြောသေးတယ်။ ဖတ်တော့ ဖတ်ဖြစ်ပါတယ်။ ဝေဖန်တဲ့အထိတော့ မရောက်လိုက်ဘူး။ အလုပ်တွေကလဲ များကြတာကိုး။

နောက်ပိုင်းမှာ သူနဲ့ သွားရင်းလာရင်း လေ့လာအကဲခတ်မိရသလောက်၊ သူဟာ အနုပညာသမားတွေ၊ အထူးသဖြင့် ကျွန်တော်တွေ့မိသလောက်က စားရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေနဲ့တွေ့ရင် လက်ဘက်ရည်ဆိုင်မှာ တော်တော်နဲ့ မထဖြစ်တော့ဘူး။ အလုပ်ရှိလို့သာ စကားဖြတ်ပြီး ကျွန်တော်တို့နဲ့အတူသွားရပေမယ့် ဆက်ပြီး ထိုင်ချင်သေးတယ်။ ပန်းချီတို့၊ ဂီတတို့မှာလည်း အလားတူပါပဲ။ သူဟာ အဲဒီအကြောင်းတွေ ဆွေးနွေးပြောဆိုနေရရင် သူ့စိတ်ဟာ ပိုပြီး ရွှင်လန်းတွက်ကြွနေတဲ့ပုံရှိတယ်။ သူ့နေရာကနေပြိးတော့ ကျွန်တော် စာနာနားလည်မိပါတယ်။ ဟိုလူ၊ ဒီလူနဲ့ တွေ့ရ၊ အသိမိတ်ဆွေတွေက ခင်မင်မှုနဲ့ ဖတ်လို့သွားရနဲ့ ကိုယ်ပိုင်အချိန်က နည်းပါတယ်။ နားရတယ်ဆိုတာ သိပ်မရှိလှပါဘူး။

သူ့မှာ အာရုံကြော အားနည်းတဲ့ ရောဂါလည်း ရှိတယ်။ သူ့ကျန်းမာရေးအတွက် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီးတယောက်ဆီကို ကျွန်တော်တို့ ခေါ်သွားပြီး ပြတော့ ဆရာဝန်က သေသေချာချာ စစ်ဆေးပြိးတော့ ဆေးတွေ အများကြီးပေးလိုက်တယ်။ ဆရာဝန်လည်း ၀မ်းသာအားရနဲ့ ကျွန်တော်တို့နဲ့ အတူတွဲထိုင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ယူထားလိုက်တယ်။ စမ်းသပ်ခတော့ မယူလိုက်ပါဘူး။ ဒါပေမယ့် ဆေးဖိုးက တော်တော်ကျသွားတယ်။ ဟာသဖြစ်သွားတာက ကျွန်တော်တို့မှာ ဆေးဖိုး အလုံအလောက်မပါခဲ့ဘူး။ ဆရာဝန်ကတော့ မပါရင် မပေးပါနဲ့လို့ ပြောပါတယ်။ ဒါပေမယ့် ကိုပေါ်ဦးက အားနာတတ်တော့ “မဟုတ်တာ ဆရာရယ်။ နောက်တခေါက်လာပေးပါမယ်” လို့ ပြောပြီး နောက်အခေါက်မှ ကျွန်တော်တို့ ပေါင်းပေးလိုက်ကြတယ်။

ဆရာဝန်က သူ့ကို အနားယူခိုင်းတယ်၊ ဆေးကို ပုံမှန်၊ အချိန်မှန်သောက်ခိုင်းပေမယ့်၊ နေ့တိုင်း သွားလာနေရတော့ ဘယ်မှာ နားချိန်ရှိမလဲ။ ဆေးသောက်ချိန်လဲ မမှန်ဖြစ်တာပေါ့၊ ပြီးတော့ ဆေးတွေက သောက်ပြီးရင် မနေားမဖြစ် နားနေရမယ့် အာရုံကြောဆေးတွေ။ ဆေးကလည်း ဆေးပြင်းတွေဆိုတော့ သောက်ပြီးကြာလာတာနဲ့ အိပ်ချင်သလိုလို ထိုင်းမှိုင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ အတူတူ သွားလာနေရတော့ ဆန့်ကျင်ဖက်တွေ လုပ်သလို ဖြစ်တာပေါ့။ ပြိးတော့ သွားလာပြောဆိုနေရပေမယ့် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာပေါ့ဗျာ။ အချင်းချင်းစကားပြောရင်ပဲဖြစ်ဖြစ်၊ မီဒီယာတွေနဲ့ အင်တာဗျူးရင်ပဲဖြစ်ဖြစ် စကားပြောလို့ မကောင်းဘူးပေါ့။ အမှန်တော့ အနားယူရမှာပါ။ ဒါပေမယ့် အနားယူချိန်က နည်းပါတယ်။ ဒီတော့ နောက်တခေါက်မှာ ကျွန်တော်တို့က ဆရာဝန်ကု ဆေးပြင်းတွေ မတိုက်ဖို့ တောင်းပန်ရတော့တာပေါ့။ လူက နားချင်ပေမယ့် အခြေအနေက သူ့ကိုနားခွင့်မပေးပါဘူး။ ရှေ့လာမယ့် မြန်မာပြည်ခရီးကြမ်းကြီးမှာလည်း သူပြောသလိုမျိုး နားနေချိန်ရပါ့မလားဆိုတာ မရေရာတဲ့ အနေအထားပါပဲ။

သူဟာ ဟာသဉာဏ်လည်းရှိတယ်။ ပျော်ပျော်နေတတ်ပုံလည်းရတယ်။ အဲဒီလိုနေတတ်တာဟာလည်း သူ့ကျန်းမားရေးအတွက် ပိုသင့်တော်မယ်လို့ ကျွန်တော်ထင်တယ်။ လောကကြီးရဲ့ ကမောက်ကမဖြစ်မှု၊ လော်မာဖောက်ပြားမှု၊ နိမ့်ကျပျက်စီးမှုတွေကို ယောနိသောမနသိကာရ စိတ်နဲ့ မှန်မှန် နှလုံးသွင်းပြီး နေနိုင်ရင်နေ၊ ဒါမှမဟုတ် ဟာသအမြင်နဲ့ ကြည့်ပြီးနေနိုင်ရင် ကြုံလာရတဲ့ လောကဓံတွေကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ စုပြီး ဆွေးနွေးပြောဆို စကားကောင်းနေကြတဲ့အချိန် သူက ဟာသလုပ်ပြီး ၀င်ဖေါက်ရင် ပွဲကျသွားတာတွေရှိတယ်။ အကြိတ်အနယ်၊ အချေအတင် ဆွေးနွေးရလို့ ခေါင်းတွေ ပူနေတဲ့အချိန် ဟာသလေးတွေနဲ့ အပူဖုလေးတွေကို ကြိတ်ချေရတာလေးတွေဟာ ကျွန်တော်တို့အတွက် ပေါ့ပါးစေပါတယ်။

သူအထဲမှာ ဧကစာကျင့်နေတုန်းက ဖြစ်ခဲ့တဲ့ ဟာသလေးတခု ကျွန်တော့်ကို ပြန်ပြောပြလို့ ဖောက်သည်ချချင်သေးတယ်။ အဲဒီတုန်းက သူ့က ဆံပင်ညှပ်မလို့ ၀န်ထမ်းတယောက်ကို ပြောတယ်။ ဒါပေမယ့် ၀န်ထမ်းက သူ့ကို “ကိုမင်းကိုနိုင် ဆံပင်က သိပ်မရှည်သေးဘူး။ မညှပ်ပါနဲ့အုံး” ဆိုပြီး ပြောတယ်တဲ့။ တမင်သက်သက် ညစ်တာပေါ့ဗျာ။ အဲဒါနဲ့ သူက “ခင်ဗျားစကားကို မှတ်ထားနော်။ ကျွန်တော် ဆံပင်မညှပ်ဘဲ နေမယ်” ဆိုပြီး အရှည်ကြီးဖြစ်တဲ့အထိ နေလိုက်တယ်။ ၀န်ထမ်းတွေက သူ့ရဲ့ နေရေးထိုင်ရေး၊ ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်စစ်ဆေးနေရတာဆိုတော့၊ တနေ့မှာ သူက တံမြက်စည်းတချောင်းကို ဂစ်တာလုပ်ပြီး ပါးစပ်ဆိုင်းနဲ့တီးရင်း သီးချင်းတွေ အကျယ်ကြီးအော်ဆိုရော။ ဒီတော့ ၀န်ထမ်းတယောက်က အပြေးအလွှား လာကြည့်တယ်။ သူ့ကို ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ တံမြက်စည်းကို ဂစ်တာလုပ်ပြီးတီးနေတာလဲတွေ့ရော၊ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီးတော့ “ဟာ၊ ကိုမင်းကိုနိုင်၊ သတိထားပါ၊ သတိထားပါ” လို့ ပြောပြီး ဆရာဝန်ကို ပြေးအကြောင်းကြားတော့တာပဲ။ ၀န်ထမ်းက သူ့ကို စိတ်ဖောက်သွားပြီ ထင်တာ။ အမှန်ကတော့ တကယ်အရူးဖြစ်သွားတာက သူမှန်း ၀န်ထမ်းခမြာ သဘောမပေါက်လိုက်ရှာဘူး။

သူပြောပြတဲ့ ၁၆ နှစ်တာ ဧကစာကျင့်ရင်း ဖြစ်ခဲ့တဲ့ ဟာသလေးတွေထဲက တစ်ခုပေါ့ဗျာ။

သူ့ကို အရပ်သားသတ္တိရှင်ဆု ချီးမြှင့်တုန်းက အင်တာဗျူးတခုမှာ “ဒီဆုကို ကိုယ်တိုင်တက်ရောက်ပြီး သွားယူမှာလား” လို့ မေးတော့ သူက “သူ့အနေနဲ့ ပတ်စပို့ ရဖို့ အခက်အခဲ ရှိတယ်။ တကယ်လို့ သွားယူခွင့်ရရင်တောင် ပြန်လာလို့ ရမှာ မဟုတ်ဘူး။ သူ့အနေနဲ့ မြန်မာပြည်နဲ့ရော၊ မြန်မာလူမျိုးတွေနဲ့ရော ခွဲခွာမနေချင်ဘူး။ တိုင်းရင်းသားပြည်သူလူထုနဲ့ ဒုက္ခတွေအတူ မျှဝေခံစားပြီး၊ အေးအတူ ပူအမျှ မခွဲမခွာ နေချင်တဲ့အတွက်ကြောင့် သွားခွင့်ရရင်တောင် သွားယူဖြစ်မှာ မဟုတ်ဘူး”လို့ ပြန်ပြောခဲ့တယ်။

ခုဆိုရင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲံ အထွေထွေ အကျပ်အတည်းတွေအတွက် ပြည်သူ့ကိုယ်စား ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ရင်း နအဖ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားတဲံ တုန့်ပြန်မှုတွေကြောင့် သမိုင်းတွင်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရပြီး ဝေးလံခေါင်သီတဲ့ မြန်မာပြည်အစွန်အဖျားဒေသက ထောင်အသီးသီးကို ပို့ခံလိုက်ရပါပြီ။

နအဖ အစိုးရဟာ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးကြတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဘိုးထားကြတဲ့ ရဟန်းသံဃာတော်တွေ၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ချေမှုန်းနှိပ်ကွပ်နေပြီး ဝေးလံလှတဲ့ အစွန်အဖျားဒေသတွေဆီကို ပို့ရုံမက မြန်မာပြည်ကပါ ထွက်ခွာသွားစေချင်မှာပါ။ ဒါပေမယ့် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာပြည်မျာ မွေးဖွားတဲ့ သူတိုင်းဟာ သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို တရားမျှတစွာ ရရှိခံစားနိုင်ကြစေဘို့အတွက် ကျွန်တော်တို့ဟာ အထိန်းသိမ်းခံ၊ အနှိပ်စက်ခံဘ၀နဲ့ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း တပ်မတော်ခေါင်းဆောင်များက နားလည်လက်ခံယုံကြည်ပြီး အားလုံးနဲ့ လက်တွဲပူးပေါင်းကာ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းကြရမယ့် နေ့တနေ့ကို ရောက်ရှိဘို့ ခိုင်ခိုင်မာမာ ယုံကြည်မျှော်လင့်ရင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိနေဆဲပါ။

ရေးသူ...... ကိုစိုးထွန်း။

(ကိုစိုးထွန်းရေးသားတဲ့ ကိုမင်းကိုနိုင်အကြောင်းကို ကျနော့်ဘလော့မှာ လွန်ခဲ့တဲ့ အောက်တိုဘာလက တင်ခဲ့ဘူးပါတယ်။ အဲသည်တုန်းက အပြည့်အစုံ မဖော်ပြနိုင်ခဲ့ပါဘူး။ အခုမှ ကိုစိုးထွန်းက ပြည်တွင်းကနေ ထပ်မံပေးပို့လာတဲ့အတွက် ကျနော့်ဘလော့ဂ်မှာ အစအဆုံး ဖော်ပြပေးလိုက်ပါတယ်။ သူမှတ်မိသလို ပြန်ရေးထားတာဖြစ်တဲ့အတွက် အရင်ရေးခဲ့တဲ့စာမူနဲ့ ထပ်တူထပ်မျှတော့ မတူလှပါဘူး။)
Read more

“၂၀၀၉ ဘလော့ဂ် ဟောစာတမ်း”

၂၀၀၈ ခုနှစ်ကုန်ဖို့ ရက်အနည်းငယ်မျှသာ လိုတော့သည့်အတွက် ရှေ့ဖြစ်ဝိဇ္ဇာ ဆြာပေါရဲ့ ၂၀၀၉ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၀-၇၁ ခုနှစ်) အတွက် ဟောကိန်း (၁၀) ချက်ပါ ရှေ့ဖြစ်ဟောစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

(၁) ၂၀၀၉ မတိုင်မီမွေးဖွား၍ အသက်ရှင် ထင်ရှားရှိကုန်ကြကုန်သေးသော အကြင်ယောက်ျား၊ မိန်းမအပေါင်းတို့သည် ၂၀၀၉ ခုနှစ်တွင် ဧကန်ဒိဋ္ဌ အသက်တနှစ်ပို၍ ကြီးကြကုန်အံ့။

(၂) စင်္ကာပူတွင် မြန်မာဘလော့ဂါစုံတွဲ တတွဲထက်မနည်း ဖူးစာဆုံအံ့။ (မျက်စိထဲမှာ မြင်နေတယ်နော်။ ပြောပြ၀ူး။ ကိုယ့်ဟာကိုယ် သိကြ။)

(၃) ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်ကတည်းက ဘလော့ဂ်ကို တစိုက်မတ်မတ် ရေးလာခဲ့သော အနှီဘလောဂါအချို့အနေဖြင့် ၂၀၀၈ ခုနှစ်အတွင်း ကံကောင်းထောက်မစွာ အိမ်ထောင်ကျခဲ့သည်ရှိသော် ၂၀၀၉ ခုနှစ်တွင် ပို့စ်များ အရေးကျဲပါးလတ္တံ့။ (ကိုကဒေါင်းတို့ မလင်းလက်တို့ကို စောင်းမြောင်းရေးခြင်းမဟုတ်ပါကြောင်း......း-)

(၄) အိမ်ထောင်မကျသေးကုန်သော လူပျို၊ လူလွတ် ဘလော့ဂ်ဂါတို့အနေဖြင့်လည်း အသက်တနှစ်ကြီးရင့်လာသည်ကို သတိ သံဝေဂ ရကြကာ မိမိကိုယ်ကို အမြန်အစွံထုတ်နိုင်ရေးအတွက် မိမိ၏ ကောင်းခြင်းရှစ်ဖြာ ဂုဏ်အင်္ဂါတို့ကို ဘလော့ဂ်ပေါ်မှ မသိမသာတမျိုး၊ သိသိသာသာတဖုံ ကြော်ငြာကြကုန်လတ္တံ့။ ( တီဇက်အေတို့၊ ကိုဘွိုင်းဇ်၊ ကိုရွှေအောင်တို့ကို စောင်းမြောင်းရေးခြင်းမဟုတ်ပါ။ တည့်တည့်ရေးခြင်းလည်း မဟုတ်ပါကြောင်း။ မတည့်မစောင်းလေးပေါ့။)

(၅) လူလတ်ပိုင်းအရွယ် ဘလော့ဂါတို့အနေဖြင့် မိမိတို့ မင်္ဂလာဆောင်စဉ်က ကိုယ်ဟန်နေထား သေးသွယ်လှပသော ဓါတ်ပုံအဟောင်းများကို ဘလော့ဂ်ထက်တွင် တင်ပြခြင်းအားဖြင့် ကိုယ်ခန္ဓာတို့၏ မမြဲသောသဘော၊ ပျက်စီးယိုယွင်းတတ်သော သဘောတို့ကို စာဖတ်သူအပေါင်းတို့အား သံဝေဂ ရစေလတ္တံ့။ (ပန်းတောင်က မမကို စောင်းမြောင်းရေးသားခြင်းမဟုတ်ပါ။ ကိုယ့်ဟာကိုယ် ရည်ရွယ်ပါကြောင်း...ဟီး။)


(၆) ကိုပေါဆိုသူ ဘလော့ဂါသည်ကား ToTo ထီ သန်းဆုကြီး ပေါက်ကာ လက်ရှိအလုပ်မှ အနားယူလျက် အချိန်ပြည့် ဘလော့ဂါ ဖြစ်လာပြီး ယခုကဲ့သို့ အရည်မရ အဖတ်မရများကို ဆထက်တံပိုးတိုး၍ ရေးသားလတ္တံ့။ (မနာလို မဖြစ်ကြပါနဲ့ဗျိုး၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပါ....)
မဒမ်ပေါသည်လည်း ပဲရစ်တို့ လန်ဒန်တို့တွင် ဈေးဝယ်ထွက်လတ္တံ့။ (အခုတော့ ချင်ကျားပူမှာ ကြမ်းခင်းဈေးနဲ့ ချရောင်းတဲ့ ဘလန်နို တီရှပ်ကလေးတွေပဲ ကျေနပ်ပါအချစ်ရယ်)


(၇) မြန်မာဘလော့ဂါများအနေဖြင့် ကဗျာရေးသူက ပန်းချီဆွဲ၊ ပန်းချီဆွဲသူက ဓါတ်ပုံရိုက်၊ ဓါတ်ပုံရိုက်သူက သီချင်းဆို....စသဖြင့် နယ်ပယ်သစ်များသို့ ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားကြလတ္တံ့။

(၈) အချို့လည်း သက်ရှိလူတို့အကြောင်းကို ကျော်လွန်၍ သက်မဲ့များအကြောင်းကို ရေးသားကြလတ္တံ့။ (ဥပမာ.... ဆိုက်ကားကလေး၊ ဆာလာအိတ်ကလေး၊ လေဆိပ်အိမ်သာမှ ရေပိုက်ခေါင်းကလေး.... စသဖြင့်....)

(၉) အချို့သော ဘလော့ဂါများအနေဖြင့် အစားအသောက်များကို ကြိုးစားပမ်းစား ပြင်ဆင်ချက်ပြုတ်ခဲ့ပါသော်လည်း ဓါတ်ပုံများကိုမူ ပြီးစလွယ် ရိုက်ကူးတင်ပြသဖြင့် ဖတ်ရှုရသူအပေါင်း ခံတွင်းပျက်လတ္တံ့။ (ဟင်းချက်နည်းများကို ရံဖန်ရံခါ ရေးတတ်သော ဘလော့ဂါများကို စောင်းမြောင်းရေးခြင်း မဟုတ်ပါကြောင်း)။

နောက်ဆုံးအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အရေးကြီးဆုံးဖြစ်သော ဟောကိန်းကို အောက်ပါအတိုင်း ဟောကိန်းထုတ်လိုက်သည်။

(၁၀) ၂၀၀၉ ခုနှစ်တွင် ကြက်ဆူနက္ခတ် နဲ့ ကြပ်ပြေးနက္ခတ်သည် စန်းယှဉ်ကုန်သည်ဖြစ်၍ မြန်မာပြည်၏ ကံဇာတာသည် အထူးပင် မြင့်တက်နေချိန်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စိန်စီသော အသုဘ ဗီဒီယိုအခွေကို ကြည့်ရှုခွင့် ကြုံရပေလတ္တံ့။ (ကြပ်ပြေးက အဘကို စောင်းမြောင်းရေးခြင်းမဟုတ်ပါ။)

... စသဖြင့် အတတ်ဟောလိုက်ပါသည်။ ကျွန်ုပ်၏ ဟောကိန်းများ လွဲချော်ခဲ့ပါက ရှေ့ဖြစ်ဟောသူ ဗေဒ၀ိဇ္ဇာတို့၏ ထုံးတမ်းစဉ်လာအတိုင်း ကျွန်ုပ်သည် စိုးစဉ်းမျှ တာဝန်ယူမည်မဟုတ်ပါကြောင်း။

၇ ရက်သားသမီး ဘေးဘယာဝေးကွာကြစေကုန်...

(ဖြည့်စွက်ချက်။ ။ ကမောင်ရင် ရေးသားသော “ဦးနာအောက်၊ အောက်မအောက်” အခန်းဆက်ဆောင်းပါး၏ ဇာတ်သိမ်းပိုင်းကို ၂၀၀၉ ခုနှစ် အကုန်တွင်မှ ဖတ်ရှုရကိန်းရှိသည်ဖြစ်၍ စာဖတ်သူအပေါင်းတို့ ပဒေါင်လည်ပင်းရှည်ဘ၀သို့ အရှင်လတ်လတ် ဆိုက်ရောက်ကြပေအံ့။)
Read more

“ခေါင်းရှောင် တတ်သလား”

မနေ့က အမေရိကန်သမ္မတဘုရှ် အီရတ်ကို ရှောင်တခင်သွားရောက်လည်ပတ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း အောက်မှာထိုင်နေတဲ့ အီရတ်လူမျိုး သတင်းထောက်တယောက်က ဗြုန်းကနဲ မပြောမဆို ထတဲ့ပြီး ဘုရှ်ကို ဖိနပ်နဲ့ လှမ်းပေါက်တယ်။

ဘုရှ်ကလည်း စစ်သားလုပ်ခဲ့ဖူးလို့လားမသိ။ ခေါင်းငုံ့ရှောင်တာများ လှစ်နေတာပဲဗျိုး။ အနီးကပ်ပစ်တာကို နှစ်ချက်လုံး မထိအောင် ရှောင်နိုင်သဗျိုး။

ပထမ တချက်က မရှောင်ရင် မျက်နှာကို တည့်တည့် ထိမှန်နိုင်တယ်။ လုံခြုံရေးအေဂျင်စီတခုရဲ့ အကြီးအကဲတယောက်က သမ္မတဘုရှ်ရဲ့ ရှောင်တိမ်းပုံဟာ အင်မတန် မြန်ဆန်တယ်။ အဲဒီအတွက် ဘုရှ်နဲ့ပတ်သက်ပြီး သူဂုဏ်ယူရပါတယ်လို့ ပြောပါတယ်။

(ဗီဒီယိုကို ဒီမှာ သွားကြည့်လို့ရပါတယ်။ )

အင်း…..ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဒီလိုလည်း ရှောင်တတ်ရသေးသကိုး။ လွယ်သလား…ခက်သလား..ရာမ….လွယ်သလား၊ ခက်သလား။

ဘုရှ်ကတော့ ပေါ့ပေါ့ပါးပါး ပါပဲ။ အဲဒီသတင်းထောက်ကို လုံခြုံရေးတွေက ဆွဲထုတ်သွားပြီးတဲ့နောက် ဘုရှ်က ပြက်လုံးတောင် ထုတ်လိုက်သေးတယ်။

သူ့ကို ပစ်လိုက်တဲ့ ဖိနပ်အရွယ်အစားက နံပါတ် ၁၀ ပါ......တဲ့။

မနေ့က စိတ်ဝင်စားဖွယ် တခြား ကမ္ဘာ့သတင်းတွေအနက် ထိုင်းပါလီမန်မှာ ထိုင်းဒီမိုကရက်ပါတီခေါင်းဆောင် အာဘစ်ဆစ် ကို ၀န်ကြီးချုပ်တင်မြှောက်လိုက်တဲ့ သတင်းလည်း ပါတယ်။ အာဘစ်ဆစ်သာ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို ပေးနိုင်ရင် ထိုင်းနိုင်ငံရေးဟာ အကောင်းဖက်ကို စတင်ဦးတည်လာနိုင်မယ်။
Read more

“တကယ့်ထောင်”

စွတ်စိုထိုင်းမှိုင်းတဲ့
စိတ်ညစ်ညူးဖွယ်အကျဉ်းခန်းငယ်ထဲက
ရေယိုကျနေတဲ့ ခေါင်မိုးကို
ဆိုလိုတာမဟုတ်။
တ၀ီဝီ အနားကပ် ပျံသန်းရင်း
သီချင်းဆိုနေကြတဲ့ ခြင်တွေကို
ဆိုလိုတာလည်း မဟုတ်။

ထောင်စောင့်က သင့်ကို
အခန်းတံခါးပိတ်
သော့နှိပ်လိုက်စဉ်
တချွင်ချွင်မြည်သွားတဲ့
သော့တွဲဆီက အသံတွေကို
ဆိုလိုတာမဟုတ်။

လူအတွက်ဖြစ်ဖြစ်
တိရိစ္ဆာန်အတွက်ပဲဖြစ်ဖြစ်
ဘယ်နည်းနဲ့မှ
မမျှတ မလုံလောက်တဲ့
ဝေပုံကျ အစားအသောက်ကို
ဆိုလိုတာမဟုတ်။

ဟာလာဟင်းလင်း
ညမှောင်တွင်းကို
နစ်ဆင်းသွားရှာတဲ့
နေ့တာတွေရဲ့
အနှစ်မဲ့တဲ့ အဖြစ်ကို
ဆိုလိုတာလည်း မဟုတ်။
မဟုတ်…
မဟုတ်…
မဟုတ်ရေးချ မဟုတ်။

မျိုးဆက်တခုစာ
သင့်နားအတွင်းကို
ရိုက်သွင်းခံခဲ့ရတဲ့
မုသားတွေကသာ…

သွေးအေးအေးနဲ့ ပေးလာတဲ့
သွေးပျက်ဖွယ်အမိန့်တွေကို
ရက်စက်ကြမ်းကြုပ်စွာ
လိုက်နာအကောင်အထည်ဖော်ကြတဲ့
လုံထိန်းတွေကသာ…

တနပ်စာနဲ့ လှဲလှယ်ဖို့အတွက်
မထိုက်မတန် အပြစ်ဒဏ်မှန်း
သိလျက်နဲ့
အမိန့်စာထက်တွင်
ရေးကာတင်သွားတဲ့
တရားသူကြီးတွေကသာ…

ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ချို့တဲ့မှု….
စိတ်ဓါတ်ရေးရာ ဟောင်းနွမ်းပြိုပျက်မှု….
အာဏာရှင်တွေကို
တရားဝင်ပါတယ်လို့
အငှားထောက်ခံပေးနိုင်ဖို့
ကျိုးနွံနာခံခြင်းကို တောင်းဆိုခဲ့တဲ့
သူရဲဘောကြောင်မှုတွေကသာ….

ငါတို့ရဲ့ ညစ်ထေးနေတဲ့ နှလုံးသားအတွင်း
ချဉ်းနင်းနားခိုနေတဲ့….။
ငါတို့ရဲ့ ဘောင်းဘီတထည်လုံးကို ရွှဲသွားစေပြီးတဲ့နောက်
ငါတို့သေးကိုတောင် ငါတို့မလျှော်ဖွပ်ဝံ့တဲ့….။
ငါတို့ရဲ့ စိတ်ထဲက
အကြောက်တရားတွေကသာ…..

အဲဒါတွေကမှ....
အဲဒါတွေကမှ….
အဲဒါတွေကမှ…. သူငယ်ချင်း
မင်းတို့ ငါတို့ရဲ့
လွတ်လပ်တဲ့ ကမ္ဘာကြီးကို
ပျင်းရိငြီးငွေ့ဖွယ် အကျဉ်းထောင်ကြီးအဖြစ်
ပြောင်းလဲပစ်တဲ့ အရာတွေဖြစ်တယ်။

(ကဗျာဆရာ Ken Saro-Wiwa ရေးဖွဲ့သော The True Prison ကဗျာကို ယနေ့ကျရောက်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘာသာပြန်ပါသည်။ အမှားအယွင်းပါသွားက ဘာသာပြန်သူ ကျနော်၏ ညံ့ဖျင်းချက်သာ ဖြစ်ပါကြောင်း။)
Read more

“မဟူရာနောက်ခံဝယ်......(၂)”

တိုတောင်းလှသော ကာလလေးအတွင်း ကြုံကြိုက်လိုက်ရသော်လည်း တသက်လုံး အမှတ်ထင်ထင် သတိရနေမိတတ်သော လူပုဂ္ဂိုလ်များ၊ မိတ်ဆွေများ ရှိတတ်ပေသည်။

ကိုကျော်စိုးသည် ထိုသို့သော လူမျိုးများမှ တယောက်ဖြစ်လေသည်။ သူနှင့်ကျနော် အပြန်အလှန်သိကျွမ်းလိုက်ရသည့်ကာလမှာ တနှစ်မျှပင် မကြာလိုက်။ သေချာသည်ကတော့ ကျနော့်ဘ၀ တလျှောက်လုံး သူ့အား အမှတ်ထင်ထင် ရှိနေဦးမည်သာဖြစ်သည်။



အနုပညာကို ၀ါသနာပါသူမို့....

အပြင်မှာ သိကျွမ်းခဲ့သည်က တနှစ်ဆိုသော်လည်း တကယ်တမ်းတွင်မူ သူ့ကို ကျနော်စပြီး သတိထားမိသည်ကတော့ လွန်ခဲ့သည့် သုံးနှစ်လောက်ကတည်းကဖြစ်သည်။ ထိုစဉ်က သူပါဝင် သရုပ်ဆောင်သော “Who wants to be millionaire” ဆန်ဆန် “ကံထူးရှင်ရွေးချယ်ပွဲ” နှင့် တီပီမြန်မာ သင်္ကြန်ဗီဒီယိုအခွေမှာ စင်္ကာပူရောက် မြန်မာလူမျိုးများအကြားတွင်သာမက မြန်မာပြည်တွင်းသို့တိုင် အင်မတန် လူကြိုက်များလှသည်။

ထိုဗီဒီယိုအခွေတွင် ကိုကျော်စိုး၏ အနုပညာဗီဇနှင့် ဟာသဉာဏ်ရွှင်ပုံကို အတိုင်းသား တွေ့မြင်နိုင်ပေသည်။ ကံထူးရှင်ရွေးချယ်အပြီးတွင် အနောက်တိုင်းဝတ်စုံကို အကျအန၀တ်ဆင်ထားသည့် ကိုကျော်စိုးက မြန်မာသံရုံးတွင် မိတ္တူကူးစက်မရှိ၍ အပြင်တွင် အပြေးအလွှား သွားကာ မိတ္တူကူးရပုံ၊ ချွေးတရွှဲရွှဲဖြင့် သံရုံးကို ပြန်ရောက်လာသည့်အခါတွင်ကား အမောပြေ ရေသောက်စရာ ရေအေးစက်မရှိပုံ၊ လေအေးစက်ဖွင့်ထားမပေးပုံတို့ကို ပြောပြကာ ကံထူးရှင်၏ ဆုငွေထဲမှာ တတိတတိ ပြန်နှုတ်ယူနေသည့်အခါ ပွဲကြည့်ပရိသတ်က လက်ခုပ်တဖြောင်းဖြောင်း။

အကျိုးဆက်အဖြစ်..... ထိုသင်္ကြန် ကပွဲနောက်ပိုင်း မြန်မာသံရုံးတွင် မိတ္တူကူးစက်နှင့် ရေအေးစက်များကို ထားပေးပြီး လေအေးစက်ကိုလည်း ဖွင့်ထားပေးခြင်းဖြစ်သည်။ ကျနော်ကိုယ်တိုင်လည်း ထိုအဖြစ်အပျက်မှ သင်ခန်းစာ ယူပါသည်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ယူမှ ရသည် ဆိုသော သင်ခန်းစာ။


(တီပီမြန်မာ သင်္ကြန်သံချပ်ကဏ္ဍတွင် ကိုကျော်စိုး သံချပ်ထိုးနေပုံ -ဤဓါတ်ပုံကို ယူကျုဗီဒီယိုမှ ရယူပါသည်)


အိပ်ပျက်ညများစွာ.....

ဟော....သူ့ကို လူကိုယ်တိုင် စမြင်ဖူးတော့ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း တိုပါးရိုးဘုန်းတော်ကြီးကျောင်း၌ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည့် ၀တ်ပြုဆုတောင်းပွဲတွေမှာ။ သို့သော် ရင်းရင်းနှီးနှီး စကားမဆိုဖြစ်။

သည့်နောက်ပိုင်း အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်သော အစည်းအဝေးများမှာ စတင်စကားပြောဖြစ်လာသည်။ သူသည် ဗီဒီယိုထဲတွင်သာမက အပြင်မှာလည်း ပွဲကျအောင် ပြောနိုင်သူ၊ ဟာသဉာဏ်ရှိသူတဦးအဖြစ် ကျနော့် စိတ်ထဲတွင် အသိအမှတ်ပြုမိပါသည်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အောချာ့ဒ်လမ်းမပေါ်မှာ ဆန္ဒပြကြတော့ စီတန်းကာ ရပ်နေကြသော ဆန္ဒပြသူတွေ၏ ဘေးမှ ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ စနစ်တကျဖြစ်စေရန် စီစဉ်ပေးနေခဲ့သည့် သူ့ပုံရိပ်ကို သတိရမိသည်။

စင်္ကာပူမှာ ရမ်ဘိုအပိုင်း(၄)ကို ရုံတင်သောအခါ ကိုကျော်စိုးနဲ့ အိုဘီပီအဖွဲ့ ရုပ်ရှင်ရုံကြီးတရုံလုံး ဘွတ်ကင်လုပ်ကာ မြန်မာတွေ အတူတကွ ကြည့်လို့ရအောင် စီစဉ်ပေးခဲ့တာကိုလည်း မေ့လို့မရ။ နောက် ရုပ်ရှင်အပြီးမှာ အားလုံးမတ်တပ်ရပ်ပြီး အားပေးခဲ့တာ၊ အားလုံးကမ္ဘာမကြေဆိုပြီး သူက ရှေ့ကနေ ကြွေးကြော်သံတွေ တိုင်ပေးတာတွေလည်း ချန်ထားလို့မရ။ အဲဒီနေ့က သူပြောတဲ့ စကားတွေထဲမှာ ကျနော်မှတ်မိသေးတာက “ရုပ်ရှင်ထဲမှာ ရမ်ဘိုပစ်သတ်တာက လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေကို မဟုတ် ဆိုတဲ့အကြောင်း။

သည့်နောက်ပိုင်းမှာတော့ လှုပ်ရှားမှုပေါင်းများစွာ၊ အစည်းအဝေးပေါင်းများစွာမှာ ကိုကျော်စိုးနှင့် အတူလက်တွဲလှုပ်ရှားရင်း လျှင်မြန်စွာရင်းနှီးလာခဲ့သည်။ ကျနော်တို့အတူတွဲ လုပ်ခဲ့ကြသော လှုပ်ရှားမှုများအနက် အော့ချာ့ဒ်ဆန္ဒပြပွဲနှင့် မြန်မာသံရုံးရှေ့ပြုလုပ်သည့် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုမှာ လူသိအများဆုံးနှင့် အအောင်မြင်ဆုံးဖြစ်သည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုအတွက် ကိုကျော်စိုးနှင့် အိုဘီပီအဖွဲ့ဝင်များသည် မြန်မာအလုပ်သမားများ နေထိုင်ရာ အလုပ်သမားအိမ်ယာများ၊ အလုပ်ခွင်များသို့ ညကြီးမင်းကြီး စည်းရုံးရေးခရီး ဆင်းခဲ့ကြသည်။ ထိုစည်းရုံးရေးခရီးစဉ်များ၏ အကျိုးဆက်အဖြစ် မဲပေးမည့်နေ့က မြန်မာလူမျိုး ၂၀၀၀ ကျော် အင်္ကျီအနီ၊ ဦးထုပ်အနီများ ၀တ်ဆင်ကာ ကန့်ကွက်ဆန္ဒမဲလာပေးခဲ့ရာ မြန်မာသံရုံးတည်ရှိရာ စိန့်မာတင်ဒရိုက်လမ်းသာမက တန်လင်လမ်းမပေါ်အထိပါ အနီရောင်လူတန်းကြီး လျှံကျသွားခဲ့ပါသည်။

(မြန်မာလုပ်သားများအကြား ကွင်းဆင်းစည်းရုံးနေပုံ- ဤဓါတ်ပုံများကို လင်းလက်ကြယ်စင် ဘလော့ဂ်မှ ယူပါသည်။)


ပရိတ်သတ်ကို ထိန်းနိုင်သူ....

သူအခမ်းအနားမှူးလုပ်သော ပွဲများကိုလည်း ကျနော်တက်ရောက်ဖူးပါသေးသည်။ ပထမဦးဆုံး အိပ်ဆဲစီးယား ဟိုတယ်တွင် ကျင်းပသော ပရိတ်သတ် ၇၀၀ ခန့် တက်ရောက်သော အခမ်းအနားတွင် ကိုကျော်စိုးတယောက် အရွှန်းအသောများဖြင့် ပရိတ်သတ်ကို ထိန်းသွားသည်ကို တွေ့ရသည်။

သည့်နောက် ဘုန်းကြီးကျောင်းမှာ ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ အခမ်းအနားမှူးလုပ်သည်။ ပို၍ အမှတ်တရဖြစ်စေသည်ကတော့ မြန်မာ့လူ့အခွင့်အရေးနေ့ (ဖုန်းမော်နေ့)အခမ်းအနားတွင် ကိုကျော်စိုး ကဗျာတပုဒ်ကို ရွတ်ဆိုခြင်းဖြစ်သည်။ ကဗျာကလည်း ကောင်း၊ ကိုကျော်စိုး ရွတ်ဆိုသည့် အသံနေအသံထား မှင်မောင်းကလည်း ကောင်းသဖြင့် ပရိသတ်မှာ ကိုကျော်စိုး၏ ဖမ်းစားမှုတွင် တိတ်ဆိတ်ငြိမ်သက်စွာ မျောပါနေခဲ့သည်။


(ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် ကိုကျော်စိုး အခမ်းအနားမှူးပြုလုပ်နေပုံ)


သတို့သားလောင်းကြီးလေလား....

ယခင်နှစ်က တီပီမြန်မာ ဆယ်နှစ်ပြည့်အထိမ်းအမှတ် သင်္ကြန်ပွဲတွင် ကျနော်တို့အားလုံး လက်မှတ်ဝယ်ကာ သွားရောက်အားပေးကြသည်။ အဲဒီပွဲမှာ စီစဉ်သူတွေထဲက ညီငယ်ညီမငယ်အချို့ကို ကျနော်တို့သိကျွမ်းခင်မင်နေသဖြင့် အားပေးလိုခြင်းဖြစ်သည်။ နောက်ပြီး ကျနော်တို့ရဲ့ မင်းသားကြီး ကိုကျော်စိုးလည်း ပါဝင်ကပြမည် မဟုတ်ပါလား။

ပွဲမစခင် ပရိသတ်များ နေရာယူနေကြစဉ် နံသာရောင်တိုက်ပုံ၊ ပိုးသားပုဆိုးတို့ဖြင့် ခန့်ငြားတောက်ပြောင်နေသော ကိုကျော်စိုးသည် ပွဲကြည့်စင်ခုံတန်းများအကြား လူသွားလမ်းမှ အမျိုးသမီးတဦးနှင့် တွဲကာ လျှောက်သွားနေသည်ကို ကျနော်တို့ မြင်ကြရလေသည်။ အမျိုးသမီးသည် ပွဲလမ်းသဘင်တိုင်းတွင် တက်ပြီး က တတ်သူ ပွဲတိုင်းကျော်ဖြစ်သည်။ ကိုကျော်စိုးက ရှေ့ဆုံးတန်းရှိ သူမ၏ ထိုင်ခုံနေရာကို လိုက်ပြခြင်းဖြစ်သည်။ သို့သော် ကိုကျော်စိုး၏ အ၀တ်အစားနှင့် လျှောက်သွားပုံမှာ မင်္ဂလာအခမ်းအနားတွင် သတို့သားနှင့် သတို့သမီးသည် ပရိတ်သတ်အလယ် ကော်ဇော်ပေါ်က လျှောက်သွားသည်နှင့် တူရကား ကျနော်တို့မှာ အချင်းချင်း လက်တို့ပြရင်း ရယ်မောခဲ့ကြရပါသည်။

ထိုနေ့က တင်ဆက်သည့် ပြဇာတ်တခုတွင် ကိုကျော်စိုးသည် အင်မတန် မြင်ပြင်းကပ်ဖွယ် လက်နက်အားကိုးဖြင့် အဓမ္မ အနိုင်ယူလိုသော စစ်သူကြီးနေရာတွင် ပြောင်မြောက်စွာ သရုပ်ဆောင်သွားလေသည်။



လေအေးစက်ခန်းမမှ မြက်ခင်းပြင်ထက်သို့....


နောက်ပိုင်းတွင် ငွေကို ချွေတာလိုသည်ကတကြောင်း၊ စင်္ကာပူအစိုးရ၏ ထောက်လှမ်းရေးကို မျက်ခြေဖြတ်လိုသည်ကတကြောင်းတို့ကြောင့် ယခင်က လေအေးစက်တပ် လိုင်ဘရီရှိအစည်းအဝေးခန်းမများတွင် စမတ်ကျကျ ဆွေးနွေးသည့်အဆင့်မှ တဖြည်းဖြည်းဖြင့် လိုင်ဘရီအောက်က အုတ်ခုံတွင်လည်းကောင်း၊ လမ်းဘေးတွင်လည်းကောင်း၊ နောက်ဆုံး ဘောလုံးကွင်းမြက်ခင်းပေါ်တွင်လည်းကောင်း ဆွေးနွေးပွဲများကို လုပ်ရသည့် အခြေအနေသို့ဆိုက်သွားလေတော့သည်။

မြန်မာ့အရေးလှုပ်ရှားသူများအပေါ်တွင် စင်္ကာပူအစိုးရ၏ ဖိနှိပ်အရေးယူမှုအချို့ကြောင့် တက်တက်ကြွကြွ လှုပ်ရှားသူများအရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း ကျန်ရစ်သူများမှာ ပိုမိုစည်းလုံးလာပြီး ယုံကြည်ချက်မှာလည်း ပို၍ ခိုင်မာလာသည်ကို တွေ့ရသည်။ ထိုအမာခံလူစုထဲတွင် ကိုကျော်စိုးသည် တယောက်အပါအ၀င်ဖြစ်လေသည်။


(အမျိုးသားစာကြည့်တိုက်အောက် အုတ်ခုံပေါ်က ညဦးပိုင်းအစည်းအဝေးတခု)
(ကိုကျော်စိုးနှင့်ကျနော်)


မျက်နှာဖုံးတပ် စင်္ကာပူအစိုးရ....

စင်္ကာပူအစိုးရသည် ရွှေဝါရောင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်နေစဉ်ကာလတွင် ပြည်ပရောက်မျိုးချစ်မြန်မာများ၏ လှုပ်ရှားမှုများကို အစွမ်းကုန် ပစားပေးထားခဲ့သည်။ အိတ်ဆဲစီးယားဟိုတယ်တွင်ပြုလုပ်သော အခမ်းအနားများအတွက် ကုန်ကျစားရိတ်ကို ကူညီ ကျခံပေးခဲ့ပြီး ဘုန်ကြီးကျောင်းနှင့် မြို့ထဲ အသွားအပြန်ခရီးများအတွကလည်း ဘတ်စ်ကားကြီးများကို စီစဉ်ပေးခဲ့သည်။

ထိုအချိန်က အတိုက်အခံ စင်္ကာပူဒီမိုကရက်ပါတီမှ ဒေါက်တာချီဆွန်းဂျွမ်သည် မြန်မာသံရုံးရှေ့တွင် မီးထွန်းဆုတောင်းပွဲလုပ်ခြင်း၊ မြန်မာအစိုးရ၏ လုပ်ရပ်အပေါ် ကန့်ကွက်သည့်စာအပေါ် လက်မှတ်ကောက်ယူခြင်း၊ စင်္ကာပူအစိုးရမှ မြန်မာအစိုးရသို့ လက်နက်များရောင်းချနေခြင်းကို ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်နေချိန်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော စင်္ကာပူအစိုးရ၏ ပံ့ပိုးမှုများမှာ ဒေါက်တာချီး၏ လုပ်ရပ်ကို မှိန်သွားစေရန် ကြိုးပမ်းမှုတစိတ်တဒေသဟု ယူဆမိပါသည်။

သို့သော် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် စင်္ကာပူတွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်မြင့်တက်လာသည်။ ရွှေဝါရောင်တော်လှန်ရေးနှင့် စင်္ကာပူရောက် မြန်မာတို့၏ တက်ကြွမှုများကို အားကျကာ စင်္ကာပူနိုင်ငံသား တက်ကြွသူများမှလည်း နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ကလေးမှာ ဖွဲ့လာကြသည်။ Sghuman Rights အဖွဲ့ ပေါ်လာသည်။ လူ့အခွင့်အရေးအတွက် စတင်လှုပ်ရှားလာကြသည်။

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကို နအဖ စစ်အစိုးရမှ ရက်ရက်စက်စက် နှိမ်နင်းပြီးသွားသောအခါ စင်္ကာပူအစိုးရ၏ ဟန်ဆောင်မျက်နှာဖုံး ပြုတ်ကျလေတော့သည်။ ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ အဖွဲ့ဝင်များကို ရဲစခန်းသို့ မကြာခဏ ခေါ်ယူစစ်မေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာခဲ့သည်။


မဆိုလောက်ဖွယ် အပြစ်ငယ်ကို.....

“ငါ၏ ကိုယ်၌၊ မဆိုလောက်ဖွယ် အပြစ်ငယ်ကို၊ ကြီးကျယ်ဝတ္ထု ရန်ငြှိုးပြု၍” ဟူသော ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုမှ စာတကြောင်းကို သတိရမိသည်။

စင်္ကာပူအစိုးရသည် အိုဘီပီ အင်အားကြီးထွားလာခြင်းကို သူတို့အာဏာတည်မြဲရေးအတွက် သွယ်ဝိုက်သော နိုင်ငံရေးခြိမ်းခြောက်မှုအန္တရာယ်ဟု မြင်လာသည်။ မည်သည့်ပြဿနာမဆို အညွန့်အဖူး ဘ၀ကတည်းက အပြတ် ဖြတ်တတ်သည့် စင်္ကာပူအစိုးရ၏ လုပ်ထုံးလုပ်နည်းအတိုင်း အိုဘီပီ လှုပ်ရှားမှုမှန်သမျှအား မျက်စိ ဒေါက်ထောက်၍ ကြည့်လာသည်။

စင်္ကာပူအစိုးရအနေဖြင့် ကိုကျော်စိုးသည် အိုဘီပီ၏ မောင်းနှင်အားဟု ထင်မြင်ယူဆသည်။ စင်္ကာပူတွင် ပိုလီကျောင်းဆင်း၍ အလုပ်လုပ်ကာ ပီအာရ်ကျနေပြီးသော ကိုကျော်စိုး၏ နောက်ကြောင်းကို မြေလှန်ရှာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတိတ်က ငြိစွန်းဖူးသည့် (အိုဗာစတေး) အပြစ်တခုကို ယခုအခါတွင်မှ အလောသုံးဆယ် ပြန်ဖော်ကာ တရားစွဲကာ ပြစ်ဒဏ်ချမှတ်သည်။

ထုံးစံမှာ စင်္ကာပူပီအာရ်တယောက်သည် အသေးစားဥပဒေ ငြိစွန်းမှုတခုကြောင့် အပြစ်ဒဏ်ကိုကျခံရပါက ပီအာရ်ကို ပယ်ဖျက်ခံရခြင်း မရှိချေ။ စင်္ကာပူအစိုးရသည် ကိုကျော်စိုးအား သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စင်္ကာပူမှ မောင်းထုတ်လိုသည်။ သို့သော် သူ၏ အမြဲတမ်းနေထိုင်ခွင့်(ပီအာရ်)ကို တရားဝင် ပေါ်ပေါ်ထင်ထင် ရုပ်သိမ်းခြင်းအား မပြုရဲချေ။ အဘယ့်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် နိုင်ငံတကာမျက်နှာစာတွင် အစိုးရအား အင်မတန် အကျည်းတန်၊ အရုပ်ဆိုးစေမည်ဖြစ်သည်။

ထို့ကြောင့် စင်္ကာပူအစိုးရသည် ကိုကျော်စိုးအား စင်္ကာပူမှ သူ့အလိုအလျောက် ထွက်ခွာသွားစေရန် နည်းမျိုးစုံဖြင့် ဖိအားပေးသည်။ နောက်ဆုံးတွင် စင်္ကာပူတွင် ဆက်လက်နေထိုင် ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့် ကိုကျော်စိုးသည် သူ၏ ပီအာရ်ကို ပယ်ဖျက်ကာ ပြည်ပသို့ ထွက်ခွာသွားရပေသည်။

(သတင်းစာရှင်းလင်းပွဲအပြီး အဖွဲ့သားအချို့နှင့်အတူ။)


To sin by silence.....

လူတယောက်သည် သူ့သမိုင်းကို အနာဂတ်မှ ရေးလိုက်မည်ဟု အားခဲနေ၍ မရ။ သူ့သမိုင်းကို သူယခု လက်ရှိလုပ်ဆောင်နေသော လုပ်ရပ်များကသာ ဖန်တီးသည်။

ကိုကျော်စိုး စင်္ကာပူတွင် ရှိစဉ်က လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများသည် ယနေ့အခါ သူ့သမိုင်းဖြစ်လာသလို စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားမှုများသမိုင်း၏ တစိတ်တဒေသလည်း ဖြစ်လာပြန်သည်။

ကိုကျော်စိုးနှင့်ကျနော်နှင့်အကြားတွင် အခါခပ်သိမ်း အယူအဆ တူညီသည်တော့ မဟုတ်။ တူသည့်အခါတူသလို ကွဲလွဲသည့်အခါလည်း ကွဲလွဲသည်။ သို့သော် ကျနော်တို့အတူတကွ လက်တွဲအလုပ်လုပ်နိုင်ခဲ့သည်။

To sin by silence when we should protest makes cowards out of men."
-Ella Wheeler Wilcox

ကိုကျော်စိုးသည် ဆန္ဒပြဖို့ လိုအပ်လာသည့်အချိန်တွင် နောက်ချန်ကာ ရေငုံနှုတ်ပိတ်နေတတ်သူမျိုး မဟုတ်ခဲ့တာကတော့ သေချာသည်။

(ကိုကျော်စိုးနှင့် စကားလက်ဆုံ...)

ပူးတွဲ ဖတ်ရှုရန်များ။

ဒီပို့စ်မှာ မှတ်ချက်ပေးသွားကြတဲ့အထဲက “တီပီ ချစ်သူများ” ရဲ့ မှတ်ချက်ကို ပို့စ်အတွင်းမှာ ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။ အဲဒီမှတ်ချက်ဟာ ကိုကျော်စိုးရဲ့ အကြောင်းကို ပိုမိုပြည့်စုံသွားစေပါတယ်။ ကျေးဇူးတင်ပါတယ်။

Ko Ko yay..

We miss you dearly.

We knew how you love your people and motherland.

Throughout your TP days, we knew that and appreciate how you Lead, contribute and work hard together with your TP Myanmar brothers and sisters to achieve what TP Myanmar today.

We passionately call you Ko Ko (Big Brother) not only just as name it come with respect, love and admiration.

We will never ever forget your protection, your care and help whenever we need you and always ready for your brothers and sisters you try your best and find time even you are busy with handling many things. That’s why everybody comes to you for advice and listens to you for their affairs.

I still vividly remember that how you bravely protect your student brother in Singapore and Myanmar football match (if I am not wrong in 2005 right). A group of Singapore fans punch the TP student and you jump to his protection and fight back to many and let him escape. Lucky that SG police and TP Myanmar students saw and come to rescue. After the event your face look like over ripen prune with blue and black and we made joke about it. You still laugh off and said

Hey..One can win many only in movie lah..that was close man!…

And you control crowd and negotiate with authority to get us safety from unreasonable mob of Singapore fan. Thank you Ko Ko yay…I am crying now.

Without you we are feeling that same kind of feeling like elder missing in family. Although we are feel down we will carry on with your determination. When you said in one of motivational speeches in our gathering...

As long as Temasek Polytechnic exist, as long as Myanmar students exist in TP, TP Myanmar must exist and carry on.. Once you are TP Myanmar, forever you are…

When we listening to you we feel the bliss and togetherness with goose pump and hit to our heart with sense of belonging…..yes Ko Ko we will carry on with your direction with shoulder to shoulder ,generation by generation to carry out unity and fly our TP Myanmar flag high.

You believe in and hold onto our motto and truly committed to that.

We are family, discrimination; prejudice and rivalry are alien to us. We TP Myanmar Students are symbol of unity.

(You explained to us this is derived from your senior brother Leo and others senior right.)

You established TP Myanmar tradition and shown case to us how to build the unity. You leading us by example showing how you respect and value to your seniors and as well as how you concern and treasure to your juniors. You are a true symbol of unity Ko Ko, a proud son of TP Myanmar.

We don’t know about detail of all OBP movements although we participate and help in the movements and events that you lead, we knew that one thing for sure is you truly committed and you have lost everything for the OBP movement.

We even heard that you refuse to give in to SG authority when they force you to reveal about OBP and not accept offer of exchange status and personal gain with your believe.

People use to say that OBP and you, you and OBP are inseparable. Not only that Ko Ko you and TP Myanmar, TP Myanmar and you are inseparable too.

You made us proud and take pride as TP Myanmar Students as well as Burmese in Singapore.

We all wish to for the best and strongly believe and confidence that you will rise up again for your beloved people and country.

We will definitely meet again someday, some when and somewhere Ko Ko.

Wish you all the success our big brother!!!

Thank you very much to Ko Paw for the Blog and your post open flood gate of our emotion.
TP Chittu myar

Read more

“ကြက်သားဟင်းထဲမှာ…”

ကျနော်တို့ ငယ်ငယ်က အက်ဆေးရေးတဲ့နေရာမှာ ကိုယ်ရေးလိုက်တာက ကောင်းပေမယ့် မမှားသင့်တဲ့အမှားမျိုး တခုတလေ ပါသွားရင် အင်္ဂလိပ်စာဆရာက ဒီလို တစ်တစ်ခွခွ မှတ်ချက်ပေးတယ်။

“မင်း အက်ဆေးက ကြက်သားဆီပြန်ဟင်းထဲ ချေးတစက် ကျသလိုဘဲ။ လွှင့်ပစ်ရခက်၊ စားရခက်”……………..တဲ့။

အခုလည်း ဘလော့ဂ်တွေလိုက်ဖတ်ရင်း ပို့စ်လေးတွေက ဖတ်လို့ကောင်းပေမယ့် မျက်စိထဲမှာ အမြင်မတော်ဖြစ်နေတာလေးတခုအကြောင်း မနေနိုင်လို့ ချရေးပြလိုက်ပါတယ်။ အမှန်ကတော့ အကျင့်ပါနေတဲ့အတိုင်း ဆရာ ၀င်လုပ်တာပါ။ ဒီအကြောင်းကို ကိုဘွိုင်းဇ် လည်း တခါက ရေးခဲ့ဘူးပါတယ်။

ဘာလဲဆိုတော့ ရရစ်၊ ယပင့်၊ နောက်ပစ်၊ ၀ဆွဲ၊ အောက်မြစ်၊ သေးသေးတင် စတာတွေကို ဖြစ်သလို သုံးစွဲနေကြတာတွေ့ရလို့ပါ။

ကျနော်တို့ငယ်ငယ်က ရွာမှာတော့ နောက်ပစ်ကို နောက်ကိုးပစ်၊ အောက်မြစ်ကို အောက်ကမြင့် လို့ ဖတ်ကြသဗျ။ ကြီးလာတော့ နယ်ပေါင်းစုံက လူပေါင်းစုံနဲ့ တွေ့လာတဲ့အခါ တချို့လည်း ၀စ္စပေါက်ကို ရှေ့ကပေါက်။ အောက်ကမြစ်ကို အောက်ကပေါက် စသဖြင့် ခေါ်တာကို တွေ့လာရတဲ့အခါ ဟို ဟာသလေးတပုဒ်ကို ပြေးသတိရမိတယ်။ ဟာသက ဒီလိုပါ….။

(ပထမလူ) “လ” တလုံးထဲသုံးပြီးတော့ လှည်းရယ်၊ နှင်တံရယ် (အညာမှာ နှင်တံကို နဒန် လို့အသံထွက်ခေါ်သည်)၊ လူရယ်၊ နွားရယ် အကုန်ပါအောင် ရေးပြကွာ။

(ဒုတိယလူ) ဘယ်ဖြစ်နိုင်ပါ့မလဲကွ၊ မင်းကော ရေးတတ်လို့လား။

(ပထမလူ) လွယ်လွယ်လေးပါကွ။ လ… ဟထိုး..နောက်ပစ်…..လှဲ။ “လှဲ” ပေါ်ကို သေးသေးတင်တော့ နှင်တံ။ ရှေ့ကပေါက်တော့ လူ။ အောက်ကပေါက်တော့ နွား။

အင်း…..ပြောရင်းနဲ့ ဘေးချော်သွားပြီ။ အပေါ်မှာပြောခဲ့သလို ရရစ်၊ ယပင့်၊ ဟထိုး၊ တချောင်းငင်၊ လုံးကြီးတင် စတဲ့ သရ အက္ခရာတွေကို အမှားမှားအယွင်းယွင်း သုံးစွဲနေတာတွေ တွေ့ရပါတယ်။

တချို့လည်း သုံးစွဲပုံအမှန်ကို လုံးဝ မသိလို့ ဖြစ်နိုင်ပါတယ်။ အများစုကတော့ ကီးအမှန်ကို လိုက်ရှာရမှာ ပျင်းတဲ့အတွက် ဖြစ်သလို နှိပ်ထည့်လိုက်တာလို့ ထင်ပါတယ်။ (သိနေတယ်လေ..)

အိုးဝေ(စင်္ကာပူ) အင်တာနက်စာမျက်နှာမှာ စာစီ၊ စာရိုက်၊ သရုပ်ဖော်တဲ့တာဝန်ယူတုန်းက ကျနော်ကလည်း ဂျီးများတတ်တဲ့လူဆိုတော့ သူများရေးပို့တဲ့ စာမူတွေမှာ အဲဒီလို အမှားတွေကို လိုက်ပြင်ပေးရတာ တော်တော် မစားသာဘူး။ တခါတလေများ စာတပုဒ်လုံးကို လိုက်ပြင်ရတာ နာရီပေါင်းများစွာ ကြာတယ်။ သရုပ်ဖော်ရတာက အဲဒီလောက် မကြာဘူး။

ဇော်ဂျီဖွန့်ပေါ်လာတဲ့အခါမှာတော့ အရင်ကလို ရှော့တ်ကပ်တ်ကီးတွေ မှတ်ရတာ မရှိတော့ဘဲ အက္ခရာတွေ သင်္ကေတတွေကို အလွယ်တကူ နှိပ်လို့ရလာတဲ့အခါ လူတွေလည်း အရင်ကလောက်တော့ မမှားကြတော့ဘူး။ ဒါပေမယ့် ဘလော့ဂ်တိုင်းလိုလိုမှာတော့ အမှားတွေကို တွေ့နေရဆဲပဲ။

တတ်နိုင်သမျှ သတိထားကြမယ်ဆိုရင်တော့ ဇော်ဂျီဖွန့်ကို ကြိုးစားပမ်းစား တီထွင်ခဲ့ရသူတွေအတွက် အပင်ပန်းခံရကျိုးနပ်တာပေါ့ခင်ဗျာ။ နောက်ပြီးတော့ ကိုယ်ရိုက်ထားတဲ့ မြန်မာစာလေးလည်း လှလှပပ ဖြစ်တာပေါ့။

အောက်မှာ ကျနော် စဉ်းစားလို့ ရသမျှ အမှားတွေကို က၊ခ၊မ၊လ၊န၊ရ စတဲ့ အက္ခရာတွေ အခြေခံပြီး ရေးပြလိုက်ပါတယ်။ အခြား အက္ခရာတွေနဲ့ အစားထိုးရေးတဲ့အခါ သဘောတရားကတော့ အတူတူပါဘဲ။ သတိထားမိကြဖို့ပါ။ (ဆရာလုပ်တယ်လို့ မထင်ကြပါနဲ့.....ဆရာတို့၊ ဆရာမတို့။)

အကောင်းဆုံးကတော့ ဇော်ဂျီလက်ကွက်ပုံကို ပရင့်ထုတ်ပြီး ကွန်ပြူတာစားပွဲမှာ မြင်သာတဲ့နေရာမှာကပ်ထားတာပဲ။ လိုအပ်ရင် ကြည့်လိုက်ရုံပေါ့။

အမှားအမှန်
ကြ၊ ကြ၊ ကြ၊ ကြ၊ ကြ၊ ကြ၊မြ ၊ မြ၊ မြ၊မြ ကြ၊ မြ
မြိ၊ မြိ၊ မြိ၊ ကြိ၊ ကြိ၊ ကြိ၊ ကြိ ကြိ၊ မြီ
မြဲ၊ မြဲ၊ မြဲ၊ ကြဲ၊ ကြဲ၊ ကြဲ၊ ကြဲကြဲ၊ မြဲ
မြွ၊ မြွ၊ မြွ၊ ကြွ၊ ကြွ၊ ကြွမြွ၊ ကြွ
မြံ၊ မြံ၊ မြံ၊ ကြံ၊ ကြံ၊ ကြံ မြံ၊ ကြံ
ကြွိ ကြွိ (ဒီစာလုံးကို ဘယ်မှာသုံးလဲတော့မသိ)
ချွတ် ချွတ်
လွှ လွှ
လေ့ လေ့
မြေ့ မြေ့
မွေ့ မွေ့
ချို့ ချို့
အက်ၤ ီ အက်ႌ
ရူရူ
နူ နူ
နွံ နွံ
လှေ့ လှေ့
နဲ့နဲ့
နွဲ့ နွဲ့
ညှာညှာ
ညွညွ


Read more

“ကိုပေါ အလိမ်ခံရခြင်း”

“အလိမ်ခံရခြင်း” ဆိုလို့ မဒမ်ပေါက ဗိုက်ခေါက်လိမ်ဆွဲတတ်သလားလို့ ပေါက်ကရ လျှောက်မမေးနဲ့နော်။ မဒမ်က ကျနော့်ကို ဘယ်တော့မှ ဗိုက်ခေါက်မလိမ်ဘူး။ ဘယ်လိမ်ပါ့မလဲ..... ကျနော့်ဗိုက်ခေါက်က လိမ်လို့ရတဲ့အဆင့်ကို ကျော်သွားပြီ။

လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က လူလိမ်ခံခဲ့ရပုံကို ရေးပြမလို့ပါ။

မောင်ကျော်သာ...
ပေါ်မလာ ဆရာပျောက်လို့
စိတ်ကောက်နေလား။

ကျောင်းအပိတ်
မြောင်းထိပ်မှာ ကိုယ်ထိုင်လို့
တဆိုင်စာ ဖရဲအပေါင်းကို
ရောင်းဝယ်လို့စား။


သူငယ်ချင်းတယောက်ဆီကို ထိုစဉ်တုန်းက ကျနော်ရေးပို့ခဲ့ဖူးတဲ့ ကဗျာအတိုင်းပါဘဲ။

ကျနော်တို့ ပထမနှစ် တက်နေတုန်းမှာဘဲ ကျေးဇူးရှင် နအဖ အစိုးရက ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်လိုက်ပြန်တဲ့အတွက်..... ဆယ်တန်းတုန်းက ကျူရှင်အတူတက်ဖော် သူငယ်ချင်းများက ဖရဲသီးဆိုင်ဖွင့်လှစ်ရောင်းဖို့ လာခေါ်တဲ့အခါ တောင်ဥက္ကလာ မြင်သာဘုရားနားက ဈေးကလေးနဲ့ မလှမ်းမကမ်းမှာ လမ်းဘေး ကနဖျင်းလေးဆောက်ပြီး ခရမ်းသုံးခွ ဖက်က ဖရဲသီးတွေကို ရောင်းချခဲ့ပါတယ်။

ရပ်ကွက်ထဲမှာ ဗန်းကလေးနဲ့ လှည့်ရောင်းတဲ့ ကောင်မလေးတွေကို ဗန်းစိတ်ကလေးတွေ စိတ်ပေးပြီး လှည့်ရောင်းခိုင်း။ သူတို့ ပြန်လာတော့ သူတို့အတွက် အမြတ်ချန်ပြီး ကျနော်တို့က အရင်းကို ပြန်ယူရတာပေါ့။ ဖရဲသီးတလုံး ၁၅ ကျပ်လောက်ဆိုရင် တစ်ကျပ်တန် အစိတ်ကလေးတွေ အစိတ် ၂၀၊ ၂၅ စိတ် စိတ်လို့ရတာမျိုးဆိုတော့ သူတို့လည်း တခေါက်လည်ရောင်းလိုက်ရင် ငါးကျပ် တဆယ် အမြတ်ကျန်တာပေါ့ဗျာ။

ဆိုင်စဖွင့်တဲ့နေ့ကဆိုရင်...၀ယ်သူကလည်း မလာ၊ အဲသည် ဗန်းစိတ်နဲ့ လက်လီရောင်းတဲ့ကောင်မလေးတွေနဲ့ကလည်း မချိတ်ဆက်မိသေးဆိုတော့ ကျနော့်ဘာသာ လင်ပန်းထဲမှာ ဖရဲသီးစိတ်တွေ စိတ်ထည့်ပြီး တောင်ဥက္ကလာ ရပ်ကွက်တွေက လမ်းတွေထဲမှာ လျှောက်ပြီး ဖရဲသီးစိတ်အော်ရောင်းဘူးတယ်။

မဆိုးဘူးဗျ။ သိပ်ကြာကြာမလျှောက်လိုက်ရဘူး။ ခဏလေးနဲ့ တဗန်းကုန်တာဘဲ။ မှတ်မှတ်ရရ အပျိုကြီးတွေ (အပျိုကြီးတွေလို့ ထင်ရတာဘဲ)၊ ကောင်မလေးတွေ ဆယ်ယောက်လောက် စကားစုပြောနေတဲ့ အိမ်တအိမ်မှာ တ၀က်လောက် ရောင်းလိုက်ရတာကို သတိရမိတယ်။ အပျိုကြီးတွေကလည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ဖရဲသီးသည်လေးဟာ တက္ကသိုလ်ကျောင်းသားအရွယ်၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့် (ကိုယ့်ဟာကိုယ်ထင်တာပါ) ကောင်လေးတယောက် လာရောင်းတယ်ဆိုတော့ စိတ်ဝင်တစား၊ အနှောင့်အသွားမလွတ် စကားလေးတွေနဲ့ စပြီးနောက်ပြီး အားပေးတာပေါ့ဗျာ။

နောက်ပိုင်းတော့ လက်လီရောင်းပေးမယ့် ကောင်မလေးတွေ ပေါ်လာတော့ ကျနော် ခြေညောင်းသက်သာသွားပါတယ်။ ၂ ရက် ၃ ရက်လောက်နေတော့ ဆိုင်မှာ ဖရဲသီး အလုံးလိုက် ၀ယ်ယူအားပေးတဲ့ လူအရေအတွက် တစတစ များလာပါတယ်။ ဆိုင်မှာ ကျနော်နဲ့အတူ အခြားသူငယ်ချင်းတယောက် အမြဲလိုလိုရှိတတ်ပါတယ်။ ကျနော်တို့က အင်းစိန်ဈေးရှေ့မှာလည်း ဆိုင်ခွဲတခု ဖွင့်ထားသေးတော့ သူငယ်ချင်းတွေ နှစ်ဆိုင်မျှပြီး ထိုင်ကြရတယ်။

အဲသလိုနဲ့ ဖရဲသီးတွေ ရောင်းချလာလိုက်တာ တရက်မှာ ကျနော့်သူငယ်ချင်းအပြင်ကို ခဏသွားတဲ့အတွက် ကျနော်တယောက်တည်းဆိုင်မှာ ကျန်ရစ်ခဲ့ပါတယ်။

ခဏနေတော့ ဖရဲသီးဝယ်သူတွေ ရောက်လာပါတယ်။ အမျိုးသမီး ၆ ယောက်လောက် ရှိမယ်။ တယောက်က ဖရဲသီးတလုံးကို ရွေးခိုင်းပြီး သူစိတ်ကြိုက်တွေ့တော့ တလုံး ၀ယ်တယ်။ ဖရဲသီးတန်ဘိုး ၂၀ လောက်ပဲ ကျတာမှာ ပိုက်ဆံ နှစ်ရာတန် အရွက်ကြီး ထုတ်ပေးတယ်။ ကျန်တဲ့ မိန်းမ ၅ ယောက်က ရွေးနေကြတုန်း။ ကျနော်လည်း နှစ်ရာတန်ကို ယူပြီး ပိုတဲ့ငွေကို ပြန်အမ်းပေးလိုက်တယ်။

ဖရဲသီးရွေးနေတဲ့ မိန်းမတွေကလည်း တယောက်တပေါက်နဲ့.... “အကိုကြီး၊ ဒီဖရဲသီးဆိုရင် ဘယ်ဈေးလဲ” “မောင်လေး၊ ဒီဘက်က အလုံးတွေကရော ဘယ်လောက်လဲ” စသဖြင့် အော်မေးနေကြတယ်။

အဲသည်အချိန်မှာ ခုနက ဖရဲသီးဝယ်တဲ့မိန်းမက ကျနော်အမ်းတဲ့ ငွေစက္ကူတွေထဲက တရွက်ကို နည်းနည်း စုတ်နေတယ်ဆိုပြီး ပြန်လဲခိုင်းတယ်။ ကျနော် လဲပေးမလို့ ပိုက်ဆံကို ရှာနေတုန်းမှာ....
နေတော့ နေတော့။ ကျမကို နှစ်ရာတန်ပြန်ပေး။ ကျမမှာ ပိုက်ဆံပြည့်လောက်မယ်ထင်တာပဲ။ အရွက်အသေးပဲ ပေးတော့မယ်” လို့ဆိုလာတယ်။

အဲဒါနဲ့ ကျနော်လည်း သူ့ပိုက်ဆံ ၂၀၀ တန်ကို ပြန်ပေးပြီး သူ့ဆီက ဖရဲသီးဖိုးကို စောင့်တယ်။ အဲသည်အချိန်မှာ ဟို ဖရဲသီးရွေးတဲ့ မိန်းမတွေကလည်း ရွေးလို့ မေးလို့ မပြီးနိုင်ဘူး။ သူတို့ကို လှမ်းလှမ်းဖြေရသေးတယ်။

ခဏနေတော့ ပိုက်ဆံရှာနေတဲ့မိန်းမက “ဟာ...ကျမမှာ ပိုက်ဆံမပြည့်ဘူး၊ ၂၀၀ တန်ပဲ ယူတော့။ ပြန်အမ်းပါဦး” ဆိုတော့ ကျနော့်မှာ အမ်းရပြန်ရော။ ဟော...အမ်းပြီးရုံပဲ ရှိသေးတယ်။ ကျနော်အမ်းပေးတဲ့ ငွေစက္ကူတွေထဲမှာ တရွက်က စုတ်နေပြန်သတဲ့။ ထပ်လဲခိုင်းပြန်တယ်။ ကျနော်လည်း ပိုက်ဆံကို ကြည့်လိုက်တော့ ဟုတ်တယ်၊ အနားသတ်မှာ အတော်လေး စုတ်နေတယ်။ အဲဒါနဲ့ ပိုက်ဆံလဲဘို့ လုပ်ရပြန်တယ်။ အဲသည်အချိန်မှာ ဟို ၀ယ်သူ မိန်းမ ငါးယောက်က တယောက်တပေါက် ဈေးဆစ်နေတာကိုလည်း လှမ်းဖြေရသေးတယ်။

အဲသည်လို ပိုက်ဆံအလဲအလှယ် သုံးကြိမ်လောက် ရှုံ့ချီနှပ်ချီ လုပ်ပြီးတော့မှ မယ်မင်းကြီးမက စိတ်တိုင်းကျပြီး ထွက်သွားတော့တယ်။

ဒီတော့မှ ကျနော်လည်း ဟို ဖရဲသီးရွေးနေတဲ့ မိန်းမငါးယောက်ဆီကို အပြည့်အ၀ အာရုံစိုက်နိုင်တော့တယ်။ သူတို့လည်း ဟိုမေးဒီမေးနဲ့ တကယ်တမ်းကျတော့ မ၀ယ်ဖြစ်ပါဘူး။ သုံးမိနစ်လောက်နေတော့ ဆိုင်ထဲက ထွက်သွားတယ်။

သူတို့ထွက်သွားတာနဲ့ တပြိုင်နက် ကျနော့်စိတ်ထဲမှာ တခုခုမှားယွင်းနေသလို ခံစားရပြီး ကျနော့်အိတ်ထဲက ပိုက်ဆံကို အမြန် ပြန်ရေတွက်ကြည့်လိုက်တော့ လား...လား.....ငွေလေးရာလောက် လျော့နေပြီ။

ကျနော် နားလည်သွားပြီ။ ဟို....ဖရဲသီးဝယ်တဲ့ မိန်းမက ကျနော် ငွေပြန်အမ်းလိုက်တိုင်း ပိုက်ဆံတွေထဲက တရွက်ကို အသာဆုတ်ဖြဲပြီး ပြန်လဲခိုင်းတာကိုး။ ဒါကြောင့် ကျနော့်မှာ အမ်းမလောက်ဖြစ်နေတာ။ ပြီးတော့ ငွေစက္ကူအရွက်အသေးပဲ ပေးတော့မယ်ဆိုပြီး ၂၀၀ တန်ကို ပြန်တောင်းတယ်။ နှစ်ရာတန်ကို ပြန်ပေးလိုက်ပေမယ့် အဲသည်အချိန်မှာ ကျနော်အမ်းထားတဲ့အထဲက (သူဆုတ်ဖြဲထားတဲ့ ငွေစက္ကူကလွဲလို့) ကျန်တဲ့ ပိုက်ဆံတွေကို ကျနော့်ကို ပြန်မပေးဘူး။ ကျနော်ကလည်း ဟိုဖရဲသီးရွေးနေတဲ့ မိန်းမတွေကို လှမ်းဖြေရင်းနဲ့ စိတ်မအားတော့ အဲသည်အချက်ကို သတိမထားလိုက်မိဘူး။

အဲသည်နည်းနဲ့ သုံးကြိမ်လောက် ကစားပြလိုက်တော့ နောက်ဆုံး ကျနော့်အိတ်ထဲက ငွေ ၄၀၀ လောက် ထွက်သွားလေသတည်းပေါ့လေ။

ကျနော့်ဆီက ငွေလိမ်သွားတာကို သိလိုက်တာနဲ့ ချက်ချင်းဆိုသလို ဘေးက ခင်နေတဲ့ ဆိုင်နီးချင်းဆီမှာ ဆိုင်ကို ခဏအပ်ပြီး အဲသည် ငွေလိမ်တဲ့ မိန်းမနောက်ကို အပြေးလိုက်သွားခဲ့တယ်။ ဈေးထိပ်လမ်းဆုံနားရောက်ကာနီးတော့ ဟိုမိန်းမ ငါးယောက်ကို မီလာတယ်။ (ဟိုမိန်းမနဲ့ သူတို့ငါးယောက်ဟာ တကျိတ်တည်း တဉာဏ်တည်းမှန်း အဲဒီ အချိန်ထိ လူအ ကြီး ကျနော်က သဘောမပေါက်သေးဘူး)။ သူတို့ကို ကျနော်က မေးတယ်။ “အစ်မတို့.....ကျနော့်ဆီမှာ ခုနက ဖရဲသီးဝယ်တဲ့ မိန်းမကို မြင်လိုက်မိသလား” ပေါ့။

သူတို့က...“မြင်တယ်။ မြင်တယ်။ အခုဘဲ အဲဒီ မြင်သာဈေးထဲ ၀င်သွားတာတွေ့လိုက်တယ်” ဆိုတော့ ကျနော်လည်း မြင်သာဈေးထဲ အပြေးလိုက်တာပေါ့ဗျာ။ အရိပ်အယောင်တောင် မတွေ့ရတော့ဘူးခင်ဗျ။

ဘယ်တွေ့မလဲ.... ငနဲမတွေက တမင် လမ်းလွှဲပြီးပြောလိုက်တာကိုး။ ဟိုမိန်းမက တကယ်တော့ မြင်သာဈေးဖက်မသွားဘဲ တဖက်က နံပါတ် ၃၇ ကားဂိတ်မှာသွားပြီး ကားစီးပြီးလစ်တာ ဖြစ်မယ်ခင်ဗျ။ ကျနော် ကိုပေါ အကောင်းစားကလေးမှာသာ “ယုန်တောင်ပြေး သူဌေးမြောက်လိုက်” ဆိုတာလို ဖြစ်နေတော့တာပေါ့ခင်ဗျာ။

အင်း....အဲသည်မိန်းမတွေကတော့ ကျနော့်ဖြစ်ပုံကို အူနှိပ်ပြီး ရယ်နေကြမှာ သေချာတယ်။ အံမယ်လေး....အခုမှ ပြန်တွေးပြီးတော့ ရှက်လိုက်တာနော်။

အဲ..အဲ....အဲသည် မိန်းမပဲဖြစ်မယ်။ ကျနော်တို့ နောက်ဆုံးနှစ် ရန်ကုန်တက္ကသိုလ်စိန်ရတုပွဲမှာ စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ရန်ပုံငွေ ဘူးသီးကြော်ရောင်းတော့ ဆိုင်မှာ ပိုက်ဆံသိမ်းတဲ့ ကျောင်းသူတယောက်ဆီမှာ အဲဒီနည်းအတိုင်းပဲ လာလိမ်သွားတယ်။ အဲဒီအကြောင်းကို ညဘက်ဆိုင်အသိမ်းမှာ ကျနော်သိရတော့ ကျနော်ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အားလုံးကို ပြောပြပြီး နောက်တနေ့ ကောင်တာထိုင်မယ့် သူတွေအားလုံးကို ကြိုတင်သတိပေးထားရတယ်။

နောက်တရက်မှာ အဲဒီ မယ်မင်းကြီးမပေါ်လာပြီး ပိုက်ဆံသိမ်းတဲ့ နောက်ထပ်ကျောင်းသူတယောက်ဆီမှာ အဲဒီအချိုးချိုးဖို့ ကြံသေးတယ်။ ဒါပေမယ့် အရင်နေ့က အလိမ်ခံလိုက်ရတဲ့ ကျောင်းသူက ဆိုင်ထဲမှာ အလုပ်လုပ်နေရင်း သူ့ကို လှမ်းမြင်လိုက်တဲ့အတွက် ကျနော်တို့ကို အကြောင်းကြားလို့ အဲသည်မိန်းမလည်း အခြေအနေမဟန်ဘဲ လစ်ပြေးဖို့ ကြံတယ်။ ကျနော်တို့မှာလည်း လက်ဆုပ်လက်ကိုင် သက်သေပြစရာမရှိတဲ့အတွက် “နောက်တခါ ဒီလိုလုပ်ဖို့ ကြိုးစားရင် ဖမ်းပြီး ရဲလက်အပ်ရမယ်ဆိုတဲ့အကြောင်း” ပြောပြီး လွှတ်ပေးလိုက်ရပါတယ်။

အဲဒါကတော့ ကျနော်တက္ကသိုလ်ကျောင်းသားဘ၀က မအူမလည်နဲ့ လူလိမ်ခံခဲ့ရပုံပါဗျိုး။
Read more

“ခေါင်က မလုံတဲ့အခါ”

ကျနော်လည်း အခုတလော စာအုပ်တချို့ကို သဲကြီးမဲကြီးဖတ်နေမိတော့ ဘလော့ဖက်ကို ခြေဦးမလှည့်ဖြစ်ဘူး။ ဒီတော့ ဘလော့ဂ်လောကမှာ သူခိုးဖမ်းပွဲကြီးဖြစ်သွားတာကို မသိလိုက်ဘူး။ နောက်မှ ပန်ဒိုရာတို့၊ မောင်ရင်တို့ ဘလော့ဂ်တွေမှာ အဲသည်အကြောင်းရေးပြတော့မှ သက်ဆိုင်ရာ ဘလော့ဂ်တွေမှာ သွားဖတ်ပြီး “သြော်…ဒီလိုကြီးပါလား” လို့ သဘောပေါက်သွားတာ။

အင်း….. ခိုးလည်း ခိုးသေးတယ်။ ရှက်လည်းရှက်ဘူးဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။

သိပ္ပံမောင်ဝ လေနဲ့ ပြောရရင်တော့ “လောကကြီး ပျက်စီးလေပြီတကား” ပေါ့လေ။

ကျနော်တို့ငယ်ငယ်ကတော့ ရွှေသွေးတွေ၊ တေဇတွေ ဖတ်တဲ့အရွယ်ကစလို့ ဖတ်သမျှစာတွေထဲမှာ ခိုးတာ ၀ှက်တာ မကောင်းဘူးဆိုတဲ့အကြောင်းကို ပုံတိုပတ်စတွေနဲ့ အမျိုးမျိုးအဖုံဖုံ ဖတ်ခဲ့ရတာကို မှတ်မိတယ်။

ဟော… နောက်ပိုင်းဝတ္ထုဖတ်တဲ့အရွယ်ရောက်လာပြန်တော့ အဲသည်ခေတ်က ၀တ္ထုတွေဟာ ခေတ်ကို ပြုပြင်လိုစိတ်ရှိတာကို တွေ့ရတယ်။

ဥပမာ…မစန္ဒာရဲ့ “တိမ်ဖုံးပါလို့ လမသာ” ၀တ္ထုဆိုပါစို့။ (အဲသည်ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တော့ “ပန်းသီတဲ့ကြိုး” ဆိုပြီး အင်မတန် နာမည်ကြီးတဲ့ ကားကောင်းတကားဖြစ်လာခဲ့တယ်)။

ဝတ္ထုထဲမှာ ဇာတ်ကောင် ဆေးကျောင်းသား “ကိုကို”ဟာ သူ့ရဲ့ ဆင်းရဲတဲ့ဘ၀ကို အင်မတန်ရှက်တယ်။ သိမ်ငယ်နေတယ်။ သူ့အတန်းထဲက အတန်းဖော်တွေက သူတို့အဖေဟာ ဘယ်ဌာနက ညွှန်ကြားရေးမှူး ဦးဘယ်သူ၊ အရာရှိကြီး ဦးဘယ်ဝါ စသဖြင့် ပြောကြတဲ့အချိန်မှာ သူက သူ့အဖေဟာ လက်သမားကြီး ဦးဖိုးဘ ပါလို့ အမှန်အတိုင်း ထုတ်ဖော်ပြောပြရမှာကို ရှက်ရွံ့နေတယ်။ အဲသည်နေရာမှာ စာရေးဆရာ မစန္ဒာက ရေးထားတာလေးကို တချက်ဖတ်ကြည့်ပါ။

ပြည်သူ၏ငွေကို အလွဲသုံးစားပြုကာ လာဘ်စားသော အချို့ဖခင်များအတွက် သူတို့၏ သားသမီးများက ပြုံးပျော်ဂုဏ်ယူနေချိန်ဝယ်၊ သူ တတ်သည့်ပညာနှင့် သူသန့်ရှင်းစင်ကြယ်စွာ ပင်ပန်းကြီးစွာ ငွေရှာလေသော ဖခင်အတွက် ကိုကိုသည် ဘာကြောင့်များ ဒီမျှ ရှက်ခဲ့ရလေသနည်း။” ….တဲ့။

မစန္ဒာသာမက အဲသည်ခေတ်က စာရေးဆရာမများဖြစ်ကြတဲ့ မိုးမိုး(အင်းလျား)၊ စမ်းစမ်းနွဲ့(သာယာဝတီ) စတဲ့ စာရေးဆရာတွေရဲ့ ၀တ္ထုတွေမှာ အခုလိုဘဲ ခေတ်ကိုထင်ဟတ်ပြပြီး စာရိတ္တကို ပြုပြင်လိုတဲ့၊ ခေတ်ကိုပြုပြင်လိုတဲ့ သဘောတွေ၊ အရိပ်အယောင်တွေကို တွေ့ရဖတ်ရတတ်ပါတယ်။

စာထဲမှာ ရေးပြမှမဟုတ်။ အပြင်မှာလည်း အဲသည်လိုဘဲ မှန်ကန်တဲ့အယူဝါဒကို ခိုင်ခိုင်မာမာလက်ကိုင်ပြုပြီး စီးပွားရေးအခြေအနေ ကြပ်တည်းကျဉ်းမြောင်းလှတဲ့ကြားက ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ဘဲ နေခဲ့တဲ့ အစိုးရ၀န်ထမ်းတွေ၊ ပြည်သူပြည်သားတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အများစုအဖြစ် နေ့စဉ်နဲ့အမျှ တွေ့ခဲ့ရတာဘဲ။

နောက်ပိုင်းမှာ ကျနော် ၉ တန်း ၁၀ တန်း ရန်ကုန်ကို ကျောင်းလာတက်တော့ အံ့သြစရာတွေ စတွေ့လာရတယ်။ ဥပမာ… အတန်းထဲက သူငယ်ချင်းတွေက သူငယ်ချင်းတယောက်အကြောင်းကို ပြောပြရာမှာ “ဒီကောင့်အဖိုးကြီးက အကောက်ခွန်က အရာရှိလေ၊ အင်မတန် ထောတယ်” ဆိုပြီး အားကျတဲ့လေသံနဲ့ ပြောတာမျိုးပေါ့။ အကောက်ခွန်အရာရှိဆိုတဲ့ရာထူးဟာ ထောဖို့ ဖန်လာသလိုလို ပြောကြပါတယ်။

ငယ်ငယ်က ကိုယ်ဖတ်ခဲ့ရတဲ့ စာတွေရဲ့ လွှမ်းမိုးမှုကြောင့်လားတော့မသိ။ ကျနော့်မှာ အဲသည်လို လာဘ်စားတဲ့အရာရှိမျိုးကို အားကျဖို့ ဝေးစွ။ ရွံတောင် ရွံမုန်းမိပါသေးတယ်။

ကျနော်တို့ နယ်ဘက်မှာ ၀န်ထမ်းအဖြစ် အများစု ထိတွေ့ခဲ့ရတာက ကျောင်းဆရာ၊ ဆရာမတွေပါ။ အဲသည်ခေတ်က ဆရာဆရာမအများစုဟာ စာရိတ္တပိုင်းမှာ စံနမူနာယူလောက်အောင် ကောင်းမွန်ကြသူတွေပါ။ ဒါပေမယ့် တချိန်တည်းမှာဘဲ ပညာရေးလောကမှာ အချို့သော မြို့နယ်ပညာရေးမှူး၊ တိုင်းပညာရေးမှူးတွေကတော့ အကျင့်ပျက် လာဘ်စားတဲ့နေရာမှာ နာမည်ကြီးနေပါပြီ။ ဥပမာ….ပိုက်ဆံနဲ့ လာဘ်ထိုးနိုင်သူတွေကို သူတို့ အိမ်နဲ့ နီးတဲ့ ကျောင်းတွေမှာ နေရာချပေးတာမျိုး၊ မပေးနိုင်သူတွေကို နယ်စွန်နယ်ဖျားကို ပို့ပစ်တာမျိုးတွေ ပေါ့။

ကျနော့်အစ်မတွေဆိုရင် အင်မတန် ဝေးလံတဲ့ ချောင်ကျိုချောင်ကြားက ရွာကလေးတွေမှာ သွားပြီး အစိုးရအမှုထမ်းလုပ်ခဲ့ကြရတာကို သတိရမိပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့တတွေဟာ ငယ်ငယ်ကတည်းက လာဘ်စားတဲ့ အစိုးရ၀န်ထမ်းတွေ၊ အရာရှိတွေဆိုရင် အားမကျတဲ့အပြင် နာကျည်းစိတ်၊ ရွံရှာစိတ်တောင် ၀င်မိပါတယ်။

နောက်ပိုင်း တက္ကသိုလ်တက်တဲ့အရွယ်….နအဖ လက်ထက်ရောက်လာတော့ ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်ရတာကို ရှက်စရာလို့ မယူဆသူတွေ တဖြည်းဖြည်းများလာတယ်။ လာဘ်ပေးလာဘ်ယူအမှုကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြတယ်။ ဒါပေမယ့် အဲသည်ခေတ်မှာကိုပဲ ကိုယ်ကျင့်တရားဖြောင့်မတ်သူတွေကို တွေ့နေရဆဲပါ။

စာနယ်ဇင်းလောကမှာလည်း သူများရေးတဲ့စာတွေကို ကိုယ့်စာလိုလို ဗြောင်ခိုးချလာကြတယ်။ အဲသည်အထဲမှာ နအဖနဲ့ အင်မတန် အလွမ်းသင့်နေတဲ့ အင်တာဗျူးတွေလုပ်ခဲ့တဲ့ မျက်မှန်ထူထူနဲ့ စာရေးဆရာတယောက်ဆိုရင် အင်မတန် အပုပ်နံ့ထွက်တယ်။

အဆိုးဆုံးကတော့ တိုင်းပြည်ရဲ့ အခေါင်အချုပ်ရာထူးကို အတင်းအဓမ္မ ရယူထားသူတွေကိုယ်တိုင်က ခိုးနေ၀ှက်နေကြတယ်။ တိုင်းပြည်ရဲ့ “အုပ်ရှောင်”တွေ လုပ်နေကြတယ်။ တိုင်းပြည်ဘဏ္ဍာတွေကို မတရားလက်ဝါးကြီးအုပ်ပြီး တာဝန်ကိုကျတော့ ရှောင်လွှဲနေကြတဲ့ “အုပ်ရှောင်”တွေပေါ့။ အရှက်တရား ခေါင်းပါးနေကြတယ်။ အဲသည်လို ခေါင်ကမလုံတဲ့အခါ မိုးကလည်း ယိုတော့တာပေါ့လေ။ အပေါ်မှာ ပြောခဲ့တဲ့ ဘလော့ဂါလိုဘဲ အုပ်ရှောင်တွေနဲ့ ဆွေမျိုးတော်ရတာကို ရှက်ရမယ့်အစား ဂုဏ်ယူဝင့်ကြွားနေတဲ့ လွဲမှားတဲ့ အယူဝါဒကို ကိုင်စွဲသူတွေလည်း မှိုလိုပေါက်လာတယ်။

ဒီပုံအတိုင်းဆက်သွားနေရင် လူမျိုးနဲ့ချီပြီး စာရိတ္တစံချိန်ဟာ လုံးလုံးကျဆင်းသွားလိမ့်မယ်။ တမျိုးသားလုံးနဲ့ချီပြီး နာမည်ပျက်ကိန်းရှိတယ်။

ဒီတော့ ကျနော်တို့အားလုံး သူကအစ၊ ငါကအဆုံး အသေးအဖွဲ ကိစ္စရပ်တွေကစလို့ ကြီးမားတဲ့ကိစ္စတွေအထိ မိမိတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တစံချိန်ကို ၀ိုင်းဝန်းထိန်းသိမ်းကြဘို့ တိုက်တွန်းလိုက်ပါတယ်။

(ခေါင်းစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရေးသားတဲ့ Letters from Burma စာအုပ်ထဲက ဆောင်းပါးတခုကနေ ယူထားပါတယ်။)

ပူးတွဲဖတ်ရှုရန်။
Read more

“သုခဘုံ နဲ့ ဒုက္ခဘုံ”

ဒီခေတ်ကြီးထဲမှာ… မိုင်ရာထောင်ချီခရီးကို လေယာဉ်ပျံစီးနင်း နာရီပိုင်းအတွင်း လက်ငင်းရောက်နိုင်ပေမယ့် ရွှေနိုင်ငံမှာတော့ ၇ မိုင်ခရီးကို လှည်းစီးပြီး သွားနေကြရတာလည်း ရှိလေရဲ့။

ဒီခေတ်ကြီးထဲမှာ…. အထပ်တရာ တိမ်လွှာဝေ့၀ိုက် မိုးပျံတိုက်ကို ရှိုးဂိုက်မပျက်
ဓါတ်လှေကားနဲ့ ကြော့ကြော့လေးတက်နိုင်ပေမယ့် ရွှေနိုင်ငံမှာတော့ ရှစ်လွှာကိုရောက်ဘို့အရေး ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ လျှာထွက်မတတ် လေ့ကျင့်ခန်းအမှတ်နဲ့ နေ့စဉ်တက်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ…. ပပ၀တီ၊ စိတ်မကြည်အောင်၊ ခုနစ်ဆောင်တိုက်ခန်း မြင်သူကန်းမတတ် လျှပ်စစ်မီးတွေ ထိန်ထိန်ညီးလှပေမယ့် ရွှေပြည်ကြီးမှာတော့ မှောင်နဲ့မဲမဲ၊ ကိုယ့်မယားကိုယ်တောင် လူလုံးမသဲကွဲတဲ့ အလင်းရောင်မွဲမွဲ တိုက်ခန်းထဲမှာ ပူလည်းပူအိုက် ချွေးတပြိုက်ပြိုက်နဲ့ ဖယောင်းတိုင်စိုက်ပြီး ဓါတ်လိုက်သေမှာ ပူစရာအကြောင်းမရှိတဲ့ ဂူအောင်းလူသားလိုဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ…..စူဇကာပုဏ္ဏားတောင်၊ ယူကာအကုန်မစားနိုင်လောက်အောင် ကြောက်ခမန်းလိလိ စားဖွယ်သောက်ခင်း အလျှံပယ်ပေါများဘိသနဲ့… ဗိုက်မပြည့်မချင်း အသားကုန်နင်းပြီး ယူလွေးနိုင်တဲ့ ဘူဖေးဆိုင်တွေမှာ ကြက်ပျံမကျ အားပေးနိုင်ကြသလို မြန်မာဆိုတဲ့ ရွှေပြည်တော်မှာတော့ မနက်စာနဲ့ညစာကိုပေါင်း အချိန်တော်တော်များများမှာ ဗိုက်ဟောင်းလောင်းနဲ့ နေကြရတဲ့ ဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ…..ကလေးတွေ ဘာကိုသိချင်လဲ၊ လိုအပ်တဲ့ အချက်အလက်ကို ကလစ်တချက်ခေါက်ရုံနဲ့ လျှပ်တပြက်အတွင်း ချက်ချင်းသိနိုင်ကြပေမယ့် ရွှေပြည်ကြီးမှာတော့ ကျောင်းသုံးစာအုပ်ဆိုတာ ရွှေထက်ရှားလွန်းလို့ များပြားလှတဲ့ ကျောင်းသားတသိုက်အလယ် မဲနှိုက်ပြီး ၀ယ်ယူနေကြရတဲ့ ဘ၀တွေလည်း ရှိတယ်။

ဒီခေတ်ကြီးထဲမှာ….တွေးမိရာတွေး၊ လွတ်လပ်စွာရေး လွတ်လပ်စွာဆွေးနွေးနိုင်ကြပေမယ့် အီးမေးလ်တစောင်လက်ဝယ်တွေ့မှုနဲ့ ထောင်အနှစ် ၂၀ ကျခံရတဲ့ တိုင်းပြည်မျိုးလည်းရှိရဲ့။

ခေတ်တခုထဲမှာ စည်းခွဲခြားထားသလို ပြတ်ပြတ်သားသား ကွဲပြားနေတဲ့ ဘုံဘ၀နှစ်ခု။ တဖက်မှာတော့ သုခဘုံသားတွေ…. ဆင်းရဲအကြောင်း ကောင်းကောင်းမသိ…ပျော်ဘွယ်အတိ။ နောက်တဖက်မှာတော့ ဒုက္ခဘုံသားတွေ…ချမ်းသာအကြောင်း ကောင်းကောင်းမသိ…. ဒုက္ခအတိ။

ဘုံနှစ်ခုအကြား…
ကားယားခွနေမိတဲ့ငါ….
ဟိုမရောက်…ဒီမရောက်နဲ့
မျောက်သစ်ကိုင်းလွတ်သလို….။
Read more

“သူဘယ်သူလဲ”

လူပြက်တဦး ပြက်လုံးထုတ်တာကို အမှတ်ရမိတယ်။

“ကဲ..ကဲ...။ စကားထာ ၀ှက်မယ်ဟေ့၊ မင်းတို့ ဖြေကြ။...သွားတော့ခွေခွေ နေတော့စင်းစင်း၊ ခေါင်းမုမင်း။.... အဲဒါဘာလဲ... ပြောကြစမ်း” တဲ့။

ပရိသတ် ပွဲကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့စကားထာထဲမှာ (ခေါင်းမု...ဆိုတဲ့) အဖြေပါသွားတာကိုး။ အဲဒီ လူရွှင်တော်ရဲ့ ပြက်လုံးကို အားကျလို့ ကျနော်လည်း မဖြစ်ညစ်ကျယ်နဲ့ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ပဟေဠိလေးတခုကို စာဖတ်သူကို ဉာဏ်စမ်း မေးချင်လာတယ်။

လွယ်လွယ်လေးပါ။ ဗိုလ်ချုပ်ကျော်ဆန်းတို့၊ ၀န်ကြီးဦးသောင်းတို့လို နာလပိန်းတုံးတွေကို သွားမေးရင်တောင် အသာလေး ဖြေနိုင်မှာပါ။

အရင်ဖြေကြည့်ပါ။ စိတ်ထဲမှာ အရင်ဖြေကြည့်ပြီးမှ အောက်ဆုံးမှာပေးထားတဲ့ ကျနော့်အဖြေနဲ့ တူရဲ့လား တိုက်ကြည့်ပေါ့။ ကဲ....စပြီနော်။ ပဟေဠိခေါင်းစဉ်က “သူဘယ်သူလဲ” တဲ့။

“သူဘယ်သူလဲ”

ကျောက်ဆည်ဇာတိ
တပြည်လုံးသိ။

တိရိစ္ဆာန်ပမာ
ကျင့်ကြံလာ။

အောက်မှာလူများ
အလုပ်များ။

အတုအယောင်
အရေခြုံကောင်။

ဗလအားကိုး
တဇွတ်တိုး။

ဦးနှောက်မပါ
သူ့ခေါင်းမှာ။

ယနေ့ထက်တိုင်
မသေနိုင်။


ကဲ.....သူဘယ်သူလဲ။ ပြော။

“....................”

ဗျာ။ မကြားရဘူး။ ကျယ်ကျယ်လေး ပြောစမ်းပါ။

“.....................”

ဟာဗျာ။ ကြံကြံဖန်ဖန်၊ ပေါက်ပေါက်ရှာရှာ။ ခင်ဗျားတို့တော့ နိုင်ငံတော်အကြီးအကဲကို အရိုအသေတန်အောင် ပြုလုပ်မှုနဲ့ ထောင်ဒဏ် အနှစ်တထောင် ကျတော့မှာဘဲ။

ကျုပ်ပြောချင်တာက နှစ်စဉ် ကပြနေကျ “ကျောက်ဆည်ဆင်”။
မယုံရင် ဟောဒီပုံကို သွားကြည့်ပေါ့။



ကွန်မင့်ကဏ္ဍထဲမှာ ၀င်ရေးသွားတဲ့ ကိုမောင်ရင်ရဲ့ ကဗျာလေးကို အရမ်းကြိုက်လို့ ဒီမှာ ထပ်တင်ပေးလိုက်ပါတယ်။
အမှန်စင်စစ်..
ထိုဆင်ကြီးမှာ
အခွံသာရှိ အနှစ်နတ္ထိ
ဗလာကိုယ်တွင်း၊ တပါးခြေနင်း
လက်ထိုးသွင်းမှ၊ ခြေလက်ခေါင်းခါး
လှုပ်ရှားသက်ဝင် ၊ သဘင်သည်အလား
လူထုကြားမှာ ၊ အရေခြုံကာ သူ “က” စား၏။
ထိုအကနှင့် နာဠာဂီရိ
ကျောက်ဆည်ဆင်ကို
ကြောက်တယ်မထင်က
ပုဒ်ထီး ပုဒ်မ ပုဒ်လဒနှင့်
သင့်၏ဇာတာ မှေးမှိန်ရာတည့်
အသက်တစ်ရာမရှည်ရာလဲ
အနှစ် ရာထောင်မဲဇာမြိုင်တောနှင်စေသော(၀်)..
(ဤကဗျာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားသည့်ကျောက်ဆည်ဆင်အက ကို ဂုဏ်ပြုပါသည်)
Read more

"last minute Ko Paw"

(ကိုအောင်သာငယ်နဲ့ မလင်းလက်က ပထမဆုံးများ ကို ရေးဘို့ တက်ဂ်လုပ်တယ်။ ကိုအောင်သာငယ်က ရေးချင်ရေး၊ မရေးချင်နေဆိုတော့ ကျနော်ကလည်း ရေးဘို့လက်တွန့်နေတဲ့လူဆိုတော့ ရူးချင်ယောင်ဆောင်နေခဲ့တယ်။ မလင်းလက်က တခါထပ် တိုက်တွန်းလာတယ်။ ရူးချင်ယောင် ထပ်ဆောင်လို့ မရတော့ဘူး။ အဲဒါနဲ့ ပထမဆုံးများအစား “Last Minute Ko Paw" ဆိုပြီး ကိုယ့်မကောင်းကွက်ကလေးကို ဖော်ထုတ် ရေးပေးလိုက်ပါတယ်။ ကျေနပ်ကြပါဗျိုး။)

ကျနော့်ရဲ့ မကောင်းတဲ့အကျင့်က တစုံတခုလုပ်စရာရှိရင် နေ့ရွှေ့ညရွှေ့နဲ့ နောက်ကို ရွှေ့ရွှေ့နေပြီး နောက်ဆုံးမဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ အချိန်ကျမှ ကပ်ပြီး လုပ်တတ်တဲ့အကျင့်ပါ။

ငယ်ငယ်ကဆိုရင် အမေက ဆူပါတယ်။ “နင်ဟာလေ ချေးယိုကာနီးမှ ချေးတွင်းရှာတတ်တယ်”တဲ့။

အဲသည်အတွက် မဒမ်ပေါက ကျနော့်အပေါ် အင်မတန် စိတ်ကုန်ရှာပါတယ်။ ဥပမာ အပြင်ကို သွားစရာ ကိစ္စတခုရှိတယ်ဆိုပါစို့။ ကျနော်ဟာ ဘယ်တော့မှ ကြိုကြိုတင်တင် ပြင်ဆင်မထားဘူး။ အင်တာနက်မှာ သတင်းတွေဖတ်မယ်၊ ဘလော့ဂ်ရေးမယ်၊ ကွန်မင့်လုပ်မယ်။ အင်တာနက်မရှိခင်ကဆိုရင် စာဖတ်မယ်၊ တီဗီသတင်းကြည့်မယ်။ မဒမ်ပေါက ရေမိုးချိုး၊ အ၀တ်အစားလဲ၊ ပြင်ဆင်ပြီးနေပြီ။ ကျနော်က ကွန်ပြူတာရှေ့မှာဘဲ ရှိနေသေးတယ်။ ဟော...သွားကာနီး နာရီဝက်လောက်အလိုမှ ကွန်ပြူတာရှေ့က ထပြီး ရေချိုးခန်းကို ၀င်တယ်။ ပါးစပ်ကလည်း အော်ပြောလိုက်သေးတယ်...“ချစ်လေးရေ...ကိုကို အိမ်သာအရင်တက်လိုက်ဦးမယ်” ဆိုပြီး ရေမချိုးခင်မှာဘဲ နှစ်ဆယ့်ငါးမိနစ်လောက် အချိန်ထပ်ကုန်သွားတယ်။

သည်လိုနဲ့ တကယ်အိမ်ကထွက်တဲ့အချိန်မှာ မှန်းထားတဲ့အချိန်ထက် နောက်ကျနေပြီဖြစ်လို့ ချိန်းထားတာမျိုးဆိုရင် နောက်ကျမှာစိုးလို့ တက္ကစီငှားပြီး လစ်ရတယ်။ ချိန်းထားတဲ့အချိန်ကို အတိအကျမရောက်မှာတော့ ပူတတ်တယ်လေ။

စာမေးပွဲတွေဆိုရင်လည်း ထိုနည်းနှင်နှင်ပါပဲ။ နောက်ဆုံးမိနစ်မှ အပူတပြင်း ကပ်ပြီး စာတွေကို ဖတ်ရမှတ်ရနဲ့ အင်မတန် ဗျာများတာပဲ။ ပိုဆိုးတာက အနီးကပ်မှလည်း ကပ်လုပ်သေးတယ်။ ဘာမဆို အကောင်းဆုံးကလည်း ဖြစ်ချင်သေးတာဆိုတော့ ဂွကျနေတော့တာပေါ့ဗျာ။ အဲသည်အခါမျိုးမှာဆိုရင် မဒမ်ပေါက ကျနော့်ကို စိတ်ပျက်ပျက်နဲ့ နာမည်ပေးပုံက “လပ်စ်မိနစ် မောင်ပေါ” တဲ့လေ။

မှတ်မိသေးတယ်။ ကျနော်လူပျိုဘ၀က စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ တအိမ်ထဲ စုနေတယ်။ တအိမ်တည်းနေ သူငယ်ချင်းတယောက်က သူ့ရဲ့ အီလက်ထရောနစ် စက်ပစ္စည်းတခု ပျက်လို့ ကျနော့်ကို ပြင်ခိုင်းတယ်။ ကျနော်ကလည်း ပြင်ပေးမယ် ပြောပြီး ထုံးစံအတိုင်း နေ့ရွှေ့ညရွှေ့ လုပ်နေမိတာပေါ့။ အဲသည်အချိန်က အဲသည်သူငယ်ချင်းက ရေကူးသင်စအချိန်။

နောက်တော့ သူ ဖားကူး စကူးတတ်လာတယ်။ ကျနော့်ကို ပြောတယ်။

“မောင်ပေါ....ငါ အခု ဖားကူးတောင် ကူးတတ်သွားပြီ။ မင်းငါ့စက်မပြင်ရသေးဘူးလား” တဲ့။

ကျနော် တုပ်တုပ်မျှ မလှုပ်။ နောက်ထပ် ၁ လ လောက် ကြာပြန်တော့.....

“မောင်ပေါ.....ငါ အခု လက်ပစ်ကူးနေပြီးနော်၊ မင်း ငါ့စက်ကို ခုထိ မပြင်ရသေးဘူးလား” တဲ့။

ကျနော်မလှုပ်သေး။ နောက်...၁ လ လောက် အကြာမှာ.....

“ဟေ့ကောင် မောင်ပေါ.....ငါ အခု ပက်လက်ကူးနေပြီနော်။ နောက်ဆို ဘတ်တာဖလိုင်း တွေဘာတွေ လာတော့မယ်။ မင်းအခုထိ မပြင်ရသေးဘူးလား”

ကျနော် မလှုပ်ချင်သေး။ ဒါပေမယ့် အဲသည်အချိန်မှာ ဂျေဘီက ကင်းဝုဒ် အီလက်ထရောနစ်ကုမ္ပဏီမှာ လုပ်နေတဲ့ သူငယ်ချင်းတယောက် စင်္ကာပူကို အလုပ်ရှာရင်း လာလည်တော့မယ် ကြားတယ်။ ပစ္စည်းပိုင်ရှင်သူငယ်ချင်းက ကျနော့်ကို စိတ်မရှည်တော့ဘူး။

“မင်းမပြင်ဘူးဆိုရင်...ဟို ကင်းဝုဒ်က ကောင်လာရင် ငါ သူ့ကိုဘဲ ပြင်ခိုင်းတော့မယ်။ မင်း မပြင်တတ်လို့ အချိန်ဆွဲနေတာလို့ ငါယူဆလိုက်မယ်” လို့ ပြောလာတယ်။

ဒါကတော့ ကျနော့် သိက္ခာနဲ့ ဆိုင်လာပြီမို့ သူ့စက်ကို ကုတင်အောက်က ထုတ်ပြီး စက်နောက်က အဖုံးကိုဖွင့်၊ မီတာနဲ့ ဟိုထောက်ဒီထောက်လုပ်ပြီး စစ်ဆေးကြည့်ရတယ်။ ဆားကစ် ဘယ်နေရာမှာ ပျက်သလဲ မီတာနဲ့ တတ်သရွေ့မှတ်သရွေ့ ရှာကြည့်တယ်။ ဖြစ်ချင်တော့ ပျက်တဲ့ နေရာကို ဘယ်လိုမှ ရှာလို့ မတွေ့ဘူးဗျာ။ ကျနော် ချွေးပြန်သွားတယ်။ ဟိုကောင်ကလည်း လာတော့မှာ မဟုတ်လား။ နောက်ဆုံးတော့....သူငယ်ချင်းကို လေသံပျော့ပျော့လေးနဲ့ ပြောရတယ်။

“ဟေ့ကောင်၊ ငါရှာကြည့်တာဘဲကွာ။ ဘယ်နေရာမှာ ပျက်သလဲ၊ ရှာလို့မရဘူး”

“အေး.... ဒါဆိုလဲ ပြီးရော။ ဟိုကောင်လာမှ ငါပြင်ခိုင်းတော့မယ်”

အဲဒါနဲ့ ဟိုကောင်အိမ်ရောက်ရောက်ချင်း သူ့ကို ပြင်ခိုင်းတော့ ဟိုကောင်က ကျနော့်လို အချိန်ဆွဲမနေဘူး။ ချက်ချင်းဆိုသလိုဘဲ စက်ကို ပျက်မပျက်သိရအောင် နံရံက ပလပ်မှာ ထိုးပြီး ဖွင့်ကြည့်လိုက်တာ စက်က အကောင်းပကတိကြီးဗျာ။ အလုပ်လုပ်နေတယ်။ စက်ပိုင်ရှင်သူငယ်ချင်းက....

“မောင်ပေါ..ကွာ။ မပျက်တဲ့ စက်ကို ပြင်ဘို့တောင် လေးလလောက် အချိန်ယူရတယ်” လို့ ရယ်ပြီး ပြောတယ်။ ကျနော်ကလည်း ဘယ်ခံလိမ့်မလဲ။

“အေးလေ။ ဒါကြောင့်...ငါပြောတယ်မဟုတ်လား။ ပျက်တဲ့နေရာ ရှာမတွေ့ပါဘူးလို့၊ မင်းက မပျက်ဘဲနဲ့ ငါ့ကို လာပြင်ခိုင်းတာကိုး” လို့ (အရှက်ပြေ) ပြန်ပြောလိုက်ရတယ်။

ကျနော် နေ့ရွှေ့ညရွှေ့လုပ်တတ်ပုံကို ပြောပြတာပါ။ အဲသည် အကျင့်ဟာ တော်တော်မကောင်းမှန်းသိပေမယ့် အရိုးစွဲနေတဲ့အကျင့်ကို ပြင်ရတာ တော်တော်မလွယ်ဘူးဆိုတာ တွေ့ရတယ်။

ဘလော့ဂ်ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
နေ့ရွှေ့ညရွှေ့ နှစ်ချီရွှေ့ ရွှေ့တတ်ခြင်းကို ရှောင်ကြဉ်လေ။
Read more

“တခုခုတော့ လွဲနေတယ်”

ဆင်းတုတော်တဆူ…
ရွှေခွာယူမှာ စိုးလို့လား။

လူခိုးမှာဘဲ စိုးလို့လား။

သံတိုင်တွေ ဟို...နောက်မှာ
သော့ပိတ်ကာထား။
Read more

“ဘောလုံးပွဲ”

ပွဲကြည့်စင်ပေါ်က
အော်ဆဲဖို့လွယ်သလောက်
ကွင်းထဲရောက်တော့
ထင်သလောက်မလွယ်။
Read more

“ဘွန်းမာရန်း”



ဖြစ်ပျက်ခဲ့စဉ် အချိန်တုန်းက ကျနော့်အပြစ်ကြောင့်ရယ်လို့ တပ်အပ်သေချာ မပြောနိုင်ပေမယ့်လည်း အခုနေပြန်စဉ်းစားကြည့်လိုက်ရင် စိတ်ထဲမှာ စနိုးစနောင့်နဲ့ မအီမလည် ဖြစ်ရတဲ့ အဖြစ်အပျက်တွေ ကျနော့်ဘ၀မှာ အများကြီး ကြုံခဲ့ရဘူးတယ်။

အခု ကျနော်ပြောပြမယ့် ကိစ္စကလည်း အဲသည်အဖြစ်အပျက်တွေထဲက တခုပါပဲ။

ပြန်တွေးကြည့်ရင် ရှက်လည်းရှက်တယ်။ အားလည်းနာတယ်။ စိတ်လည်း မကောင်းဘူး။

အရင်ကတော့ သာမန်ဘဲ စဉ်းစားခဲ့တယ်။ စိတ်ထဲမှာလည်း ဘယ်လိုမှ စနိုးစနောင့်မဖြစ်ခဲ့ဘူး။ နှစ်တွေအတန်ကြာတဲ့အထိလည်း သာမန်ဖြစ်ရိုးဖြစ်စဉ်တခုလိုပဲ သဘောထားပြီး ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ခဲ့တာပါ။ အခုတလောကျမှ လူက တောင်တောင်အီအီတွေးပြီး စနိုးစနောင့် ခံစားနေရမိပုံလေးကို ပြောပြချင်လို့ပါ။

ဒီလိုပါ.....။

လွန်ခဲ့တဲ့ရှစ်နှစ်ကျော်က......ဒီကိစ္စကို စတင် အဆိုပြုလာခဲ့သူက အခုမဒမ်ပေါဖြစ်လာတော့မယ့် ထိုစဉ်က ကျနော့်ဇနီးလောင်းပေါ့။

မင်္ဂလာဆောင်ကာနီးမှာ သူမက ကျနော့်ကို ပူဆာတယ်။ ဟိုတယ်မှာ မင်္ဂလာဆောင်တဲ့အခါကျရင် တီးဝိုင်းထည့်ချင်သတဲ့။ ကျနော်ကလည်း အဲသည်တုန်းက ခေါင်းခါတတ်တဲ့ အလေ့အကျင့်ကို မေ့လျော့နေသလား ထင်မှတ်ရလောက်အောင်ကို မဒမ်ပေါကို ခေါင်းတညိတ်ညိတ်နဲ့ အလိုလိုက်နေမိတဲ့အချိန်ပေါ့။ (အခုမှ ကိုယ်က တလှည့်တပြန် အတိုးချပြီး ဆိုးရတာပေါ့ဗျာ)။

ဒီတော့ “ငှားချင်တဲ့ တီးဝိုင်းကို ငှားလေ..” လို့ လွယ်လွယ်ပဲ ပြောလိုက်မိတယ်။ အဲသည်လိုနဲ့ “စပက်ထရမ်” လို့ အင်္ဂလိပ်လို အမည်ရတဲ့ တီးဝိုင်းကို ငှားဖြစ်သွားတယ်ဆိုပါတော့။ ဗမာလိုတော့ “ရောင်စဉ်လှိုင်းတေးဂီတအဖွဲ့” ပေါ့လေ...။

မင်္ဂလာဆောင်နေ့မှာ အဲသည်တီးဝိုင်းက တီးခတ်ပေးတယ်။ နာမည်ကျော် အဆိုတော်တွေလည်း တယောက်ပြီး တယောက် မင်္ဂလာဆောင်မှာ ဆိုလိုက်ကြတာ မနည်းဘူး။ အဲ...အဲဒီလို ဆိုတာကို မှတ်တမ်းဗီဒီယိုအခွေမှာ ပြန်ကြည့်တော့မှ သတိထားမိတာပါ။ မင်္ဂလာဆောင်နေတုန်းကတော့ ကိုယ့်မှာ ဧည့်သည်တွေကို နှုတ်ဆက်နေရတာနဲ့၊ ဓါတ်ပုံဆရာကို ပြုံးပြ အိုက်တင်တွေ ပေးရတာနဲ့ အလုပ်တွေ ရှုပ်နေတော့ ကိုယ့်မင်္ဂလာဆောင်မှာ ဘယ်သူတွေ လာဆိုသွားသလဲဆိုတာတောင် သတိမထားလိုက်မိဘူး။

ဟော ဗီဒီယိုမှာ ပြန်ကြည့်တော့မှ... ကျနော်အင်မတန်နှစ်သက်တဲ့ နိုင်ငံကျော်အဆိုတော်တွေ တသီတတန်းကြီး တွေ့လိုက်ရတယ်။ ပထမတော့..... “ဟယ်၊ ငါ့မင်္ဂလာဆောင်မှာ နာမည်ကြီးတွေ လာဆိုတယ်” ဆိုပြီး သဘောကျနေတာပေါ့။ အိမ်ကို လာလည်သမျှလူကိုတောင် အခွေထိုးပြပြီး ကြွားလိုက်သေးတယ်။ ကျနော့်သူငယ်ချင်းအရင်းတွေဆိုတာ အိမ်လာလည်ရင် အလကားတော့ မကြည့်နိုင်ဘူး။ အပြင်မှာ ထမင်းလိုက်ကျွေးမှ ကြည့်မယ် ဘာမယ် စသဖြင့် ဈေးကိုင်တဲ့အထိ ဖြစ်လာတယ်။ သည်လိုဘဲ နောက်တော့လည်း ထုံးစံအတိုင်း ရိုးသွားပါလေရော။

ဒါပါဘဲ။ အဖြစ်အပျက်က။

အခုထိ မအီမလည် ဖြစ်စရာအကြောင်း မရှိသေးပါလားလို့ စာဖတ်သူတို့ တွေးနေကြပြီ ထင်ပါရဲ့။ လာမှာပေါ့ဗျာ။ ဖြည်းဖြည်းပေါ့။

ကျနော့်စိတ်ကို ဒုက္ခပေးနေတာက ဘာလဲဆိုတော့...... ကျနော့် မင်္ဂလာဆောင်မှာ လာဆိုကြတဲ့ အဆိုတော်အားလုံးနီးပါးက ကျနော်အင်မတန်နှစ်ခြိုက်တဲ့ အဆိုတော်တွေဖြစ်နေလို့ပါပဲ။

ဟဲ့....အဲဒါ မကောင်းဘူးလား။ နင့်ဟာကလဲ” လို့ အပြစ်တင် မစောကြပါနဲ့ဦး။

ကျနော်ငယ်ငယ်က စာအုပ်တအုပ်ထဲမှာ အဆိုတော်တယောက်နဲ့ အင်တာဗျူးကို ဖတ်ဘူးတယ်။ မေဆွိလား၊ တင့်တင့်ထွန်းလား... ဘယ်သူလဲ အသေအချာ မမှတ်မိတော့။ အဲဒီ အဆိုတော်က ပြောတယ်။ သူတို့ သီချင်းဆိုရတဲ့အထဲမှာ ဧည့်ခံပွဲတွေမှာ ဆိုရတာလောက် ဖီလင် မလာတာ မရှိဘူးတဲ့။ အားလုံးက စားသောက်နေကြပြီး အစားအသောက်မှာ အာရုံရောက်နေကြတာ....ဘယ်သူကမှ ကိုယ့်သီချင်းကို အာရုံမထားကြဘူး....တဲ့။

ကဲ.... ကျနော် ဘာဖြစ်နေတာလည်း နည်းနည်းတော့ သဘောပေါက်စ ပြုလာပြီ ထင်ပါရဲ့။

ဟုတ်တယ်ဗျ။ ကျနော်ချစ်တဲ့ အနုပညာရှင်တွေကို ကျနော့်မင်္ဂလာဆောင်မှာ ပေါပေါပဲပဲနဲ့ ဆိုခိုင်းလိုက်ရတဲ့ အဖြစ်ကို မအီမလည် ဖြစ်နေတာ။

မင်းကလည်း ကျေနပ်လို့၊ သူတို့ကလည်း ကျေနပ်လို့ သမာအာဇီဝ ရိုးရိုးသားသား စီးပွားရှာတာဘဲကွာ။ ဘာမအီမလည် ဖြစ်စရာရှိလဲ လို့ မေးစရာ ရှိပါတယ်။

တကယ်တော့ အနုပညာရှင်တွေမှာ အနုပညာမာနရှိတယ်ဗျ။ ပွဲလမ်းသဘင်တွေ၊ စတိတ်ရှိုးတွေမှာ ပရိသတ်ကို ဖျော်ဖြေတာက တကဏ္ဍ။ စတိတ်ရှိုးမှာ လာတာက သူ့ကို သက်သက်လာအားပေးတဲ့ ပရိတ်သတ်။ မင်္ဂလာဆောင်လာတက်တဲ့ ဧည့်ပရိတ်သတ်ကို ဖျော်ဖြေရတာနဲ့ လားလားမှ တူမယ်မထင်ဘူး။

မင်္ဂလာဆောင်ဆိုတာမျိုးက ဖိတ်စာနဲ့ လိုက်ဖိတ်ထားလို့ သတို့သား၊ သတို့သမီး မျက်နှာ၊ နှစ်ဖက်မိဘ မျက်နှာနဲ့ လာကြတဲ့လူတွေ။ သီချင်းကို အဓိက ဖီလင်အပြည့်နဲ့ လာနားထောင်ကြတာမဟုတ်မှန်း သူတို့လည်း ခံစားသိရှိမှာပေါ့။ ဘယ်အဆိုတော် ပါပါ၊ မပါပါ မင်္ဂလာဆောင် လာမယ့် ပရိတ်သတ်ဆိုတာ ဖိတ်ကြားသူက ဖိတ်ထားရင် လူမှုရေးအရ လာကြမှာပဲ။ ဒီတော့ စတိတ်ရှိုးနဲ့ မင်္ဂလာဆောင် နှစ်ပွဲမှာ တက်ရောက်တဲ့ ပရိတ်သတ် အမျိုးအစားချင်းမတူဘူးနော် ပရိတ်သတ်ကြီး...... (ကြာနီကန်လေသံ နည်းနည်းပါသွားတယ်)

တခုတော့ရှိတယ်။...ကျနော်က နိုင်ငံကျော် လူသိများတဲ့ လူတယောက်ဖြစ်နေလို့ ကျနော့် မွေးနေ့ပွဲ (သို့) မင်္ဂလာပွဲမှာ အဆိုတော်တွေက မေတ္တာနဲ့ လာအားပေးတာဆိုရင်တော့ တမျိုးပေါ့လေ။ သို့ပေမယ့် အခုကိစ္စက ငွေကြေးအတွက် ဖြစ်နေမှန်း နှစ်ဦးနှစ်ဖက်က သိနေကြတော့ ခုနင်ကပြောတဲ့ မအီမလည် ဖီလင်က နှစ်ဦးနှစ်ဖက်စလုံးမှာ ဖြစ်ဖို့ အကြောင်းဖန်လာတော့တာပေါ့။

နေဦး.....ကျနော်မင်္ဂလာဆောင်ခဲ့တာက ရှစ်နှစ်ပြည့်သွားပြီ။ အခုကျမှ ဘာကိစ္စ ဒီလို ခံစားရသလဲ မေးရင် အကြောင်းရှိတယ်။

အခုတလော.... ကျနော့်မှာ အဲသည်လိုဘဲ အကြောင်းတရားတွေကို ဆက်စပ်စဉ်းစားရင်းနဲ့ မီးခိုးကြွက်လျှောက် စဉ်းစားလိုက်တာ “ဘွန်းမာရန်း(Boomerang)” အကြောင်းကို ရောက်သွားလို့ပါ။ “ဘွန်းမာရန်း” ကို နားလည်ရင် ဘာကြောင့် ရှစ်နှစ်တိတိ ကြာပြီးတဲ့နောက်မှ ကိုပေါတယောက် ကောက်ကာငင်ကာ သည်ဖီလင် ၀င်ရသလဲဆိုတာ နားလည်ပါလိမ့်မယ်။

အခု “ဘွန်မာရန်း” အကြောင်းကို ပြောပြတော့မယ်နော်။ သြော်ဇီမှာ ရောက်နေတဲ့ ကိုအင်ဒီတို့ဆိုရင် ကောင်းကောင်းသိမှာဘဲ။ သြစတေးလျမှာရှိတဲ့ အဘာရီဂျင်း လူမျိုးစုတွေ ကိုင်တဲ့ ခပ်ကွေးကွေး လက်နက်တမျိုးပေါ့။ လေထဲမှာ စနစ်တကျ ပစ်လွှတ်လိုက်ရင် ကိုယ့်ဆီကို ပျံဝဲပြီး ပြန်ရောက်လာတဲ့ လက်နက်လေ။ တော်တော်များများ မြင်ဘူးကြမှာပေါ့။

မင်္ဂလာဆောင်တီးဝိုင်းအကြောင်းပြောနေရာကနေ ဘွန်းမာရန်းအကြောင်း ပြောလို့ တောင်ရောက်မြောက်ရောက်လို့ မထင်မိဘူးလား။ ဆက်စပ်မှုရှိပါတယ်။ လာပါပြီ...လာပါပြီ။

နအဖ အစိုးရတက်လာတော့....ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေ၊ နအဖရဲ့ လှေပွဲသဘင် စတဲ့ ပွဲတွေမှာ အဆိုတော်တချို့က (ခုနက ကျနော့်မင်္ဂလာဆောင်မှာ လာဆိုကြတဲ့သူတွေလည်း ပါတယ်) နအဖရဲ့ ပေါ်လစီ သီချင်းတွေကို အားကြိုးမာန်တက် ဆိုပေးခဲ့တာတွေကို မြင်ခဲ့ကြားခဲ့ကြရတယ်မဟုတ်လား။ တချို့လည်း မလွှဲသာမရှောင်သာ ဆိုရတာမျိုးလည်း ပါမှာပါ။ ဒါပေမယ့် တချို့ကတော့ တကယ့်ကို လိုလိုချင်ချင်ကြီး ဆိုပေးနေတာမျိုးတွေ ရှိတယ်။

အဲသည် ပေါ်လစီတွေကို ပြည်သူ့အချစ်တော် နအဖ က နှစ်ပေါင်းများစွာ အကောင်အထည်လည်း ဖော်လိုက်ရော ပြည်သူတွေရဲ့ စီးပွားရေးက ကုန်းကောက်စရာမရှိလောက်အောင် ချွတ်ခြုံကျပြီး မူရင်းသီချင်းခွေတွေ၊ စီဒီတွေကို ၀ယ်ယူအားပေးခြင်း မပြုနိုင်တော့တဲ့ ဘ၀ကို ရောက်သွားကြလေသတည်းပေါ့။ အဲဒီမှာ (၀ယ်အားကျသွားတော့)အဆိုတော်တွေခမျာ စီးရီးအသစ်တွေ၊ အခွေသစ်တွေ မထုတ်နိုင်တော့ဘဲ မင်္ဂလာဆောင်တွေ၊ ရှိုးတွေကို အားကိုးရတဲ့ ဘ၀ရောက်သွားတယ်။ စဉ်းစားကြည့်ပါ။ ဘယ်နိုင်ငံကျော်အဆိုတော်က တတ်နိုင်ရင် မင်္ဂလာဆောင်မှာ လိုက်ဆိုချင်ပါ့မလဲဗျာ။ စင်္ကာပူမှာ အဲသည်လိုမျိုး အဆိုတော်တယောက် ကိုယ့်မင်္ဂလာဆောင်လာဆိုဖို့ ငှားကြည့်ပါလား။ ဘယ်လောက်ကုန်ကျမလဲဆိုတာ သိရအောင်။

အဲသည်လို အခွေအသစ်တွေ၊ စီးရီးအသစ်တွေ မထုတ်နိုင်ကြတော့တဲ့ နောက်ထပ် လက်သည်တရားခံ အကြောင်းအချက်တခုကတော့ မူပိုင်ခွင့်ကို မလေးစားဘဲ ခိုးကူးကြတာတွေ ခေတ်စားလာတာပါဘဲ။ သည်လောက် စည်းမဲ့ကမ်းမဲ့ ခိုးကူးနေမှတော့ ဘယ်သူက အရှုံးခံပြီး အခွေအသစ် ထုတ်ရဲပါတော့မလဲဗျာ။

အဲဒီလို အနေအထားရောက်လာတော့ နောက်ဆုံးနစ်နာတာ ဘယ်သူတွေလဲ ပြန်စဉ်းစားကြည့်ရင် နှစ်ဦးဘဲရှိတယ်။ ပထမတဦးက နားထောင်အားပေးတဲ့ ပြည်သူတွေ၊ နောက်တဦးက ပြည်သူချစ်တဲ့ အနုပညာရှင်တွေ။ နှစ်ဦးနှစ်ဖက် နစ်နာကြပါတယ်။

အဆိုတော်တွေ အသစ်တီထွင်ပြီး သီချင်းကောင်းတွေကို မထုတ်လုပ်နိုင်တော့တဲ့အတွက် နားထောင်ရသူ ပရိတ်သတ်မှာလည်း ကြာတော့ သီချင်းခပ်ညံ့ညံ့တွေ၊ ရိုးအီနေတဲ့ ပြန်ဆိုတေးအဟောင်းတွေနဲ့ဘဲ အာသာဖြေရတော့တာပေါ့။

အဆိုတော်တွေဘက်ကကြည့်ရင်လည်း နိုင်ငံကျော်အဆိုတော်တွေပီသစွာ စတိုင်အထွားသားနဲ့ နေရမယ့်ဘ၀ကနေ တွေ့ကရာ မင်္ဂလာဆောင်မှာ လိုက်ဆိုရတဲ့ ဘ၀ကို ကျဆင်းသွားတယ်။

သည်တော့ ဘွန်မားရန်းကိစ္စ ပြန်ကောက်မယ်။ ဘွန်မာရန်းကို ပစ်လွှတ်လိုက်ရင် နောက်ဆုံးမှာ ကိုယ့်ဆီကိုဘဲ တန်းတန်းမတ်မတ် ပြန်ရောက်လာသလို.....

အဆိုတော်တွေအနေနဲ့လည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးထင်ပြီး နအဖရဲ့ ပေါ်လစီသီချင်းတွေကို အားရပါးရ သွားဆိုခဲ့တာတွေဟာ အခုဆိုရင် အဲသည်ဆိုးကျိုးတွေက သူတို့ထံကို ပြန်ရောက်ပြီး သူတို့ကို အကျိုးပေးနေပြီ။

တခါ ပြည်သူတွေကလည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးထင်ပြီး အခွေတွေကို စည်းမဲ့ကမ်းမဲ့ ခိုးကူးကြတော့ အဆိုတော်တွေဆီက သီချင်းကောင်းတွေ၊ သီချင်းသစ်တွေ အရင်ကလို ထွက်မလာတော့ဘဲ သီချင်းဟောင်း သီချင်းဆွေးတွေနဲ့ အဟောင်းသံသရာထဲမှာ လည်နေကြရတော့တာပေါ့။

အဲသည်ကြားထဲမှာ ကျနော် ကိုပေါအကောင်းစားလေးခမြာပါ “စပ်ကြားက မထွားခါးနာ” ဆိုသလို အချောင် မအီမလည် ၀င်ပြီး ခံစားလိုက်ရသေးတယ်။

အဲဒါကြောင့်ပြောတာ..... ကျနော့်အပြစ်လုံးလုံးလျားလျား မဟုတ်ဘဲနဲ့ ကျနော့်မှာ မအီမလည် ခံစားနေရပါတယ်လို့။

ကဲ...ဘာပဲဖြစ်ဖြစ်။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးပြီ။ ပျက်အစဉ် ပြင်ခဏဆိုတဲ့ စကားလည်း ရှိတယ်မို့လား။ အခြေအနေတခုဟာ မှားယွင်းနေပြီဆိုရင် ပြုပြင်ဘို့ ကြိုးစားကြရမှာပေါ့။ နှမ်းတလုံးနဲ့ ဆီမဖြစ်ပါဘူးကွာလို့တော့ မပြောပါနဲ့။ ဆီဆိုတာကလည်း အဲသည်လို နှမ်းလုံးလေးတွေ အများကြီးပေါင်းပြီးမှ ဖြစ်လာတာမဟုတ်လား။ ဒီတော့ တဦးတယောက်ကနေ စပြီး အရာအထောင်အသောင်းအသိန်းအထိ တဖြည်းဖြည်း အရေအတွက်တွေ ဆပွားနိုင်ဘို့ ဒီနေ့ကစပြီး မိမိကိုယ်တိုင် သီချင်းခိုးကူးခြင်းတွေ၊ ခိုးကူးခွေတွေ ၀ယ်ယူနားထောင်ခြင်းတွေကို တတ်နိုင်သမျှ ကြိုးစားရှောင်ကြဉ်ကြပါစို့။ မူပိုင်ခွင့်ကို အလေးထားကြပါစို့။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
အဆိပ်ပင်ရင်း ရေလောင်းခြင်း ကင်းရှင်းကြပါစေ။
မူပိုင်ခွင့်အရ ထုတ်သမျှ ခိုးချခြင်းကို ရှောင်ကြဉ်လေ။
Read more

“မိုးတွေလေတွေ လာပါပေါ့”

“မိုးတွေလေတွေ လာပါပေါ့၊ ကဆုန်လပြည့်ကျော်...
အပျိုလေးတွေ လာပါပေါ့.....ခုံဖိနပ်နဲ့ဆော်”


မည်သို့မည်ပုံ သက်ဆိုင်သလဲတော့မသိ။ ငယ်ငယ်တုန်းက မိုးတွေလေတွေလာရင် အားရပါးရ အော်ဆိုခဲ့တာကို သတိရမိလို့ပါ။ ငယ်ငယ်တုန်းကများ ပျော်ဘဲ ပျော်နိုင်လွန်း။ မိုးရွာရင်လည်းပျော်၊ လေတိုက်ရင်လည်း ပျော်၊ နေပူရင်လည်းပျော်....။

မိုးရွာရင် မိုးရေထဲ ရေထွက်ချိုး၊ လေတိုက်ရင် ရွာလယ်ကျောင်း (ရွာလယ်ဘုန်းတော်ကြီးကျောင်း) သရက်ပင်အောက်မှာ သရက်သီးတွေ တဖြုတ်ဖြုတ်ကြွေတာကို ဘုန်းကြီးကျောင်းသားတွေနဲ့အပြိုင် လုကောက်ကြ။ ဟော...နေပူတော့ရော...ဘယ်လိုပျော်သလဲမသိချင်ဘူးလား။

ရွာထိပ်က ရေခန်းစ ရေအိုင်ကနေ ရွှံမြေတွေ တလုံးတခဲကြီးအိမ်ကို သယ်လာပြီး အိမ်မှာ လောက်စာလုံးလုံးပြီး နေပူလှမ်းတယ်။ မပိုင်လား။ လောက်စာလုံးတွေ ခြောက်သွားရင် လွယ်အိပ်နဲ့ အပြည့်ထည့်၊ တခါတလေ နှီးပုံးအဟောင်းတလုံးနဲ့ ထည့်ပြီး သူငယ်ချင်းတွေရှိရာ ဘုန်းကြီးကျောင်းက ကွင်းပြောင်ပြောင်ကိုသွား၊ လေးလုံးတပုံ ပိရစ်မစ်လို အပုံငယ်လေးတွေ တန်းစီပုံ၊ ပြီးရင် အဝေးကနေ လေးခွနဲ့ ဖြစ်စေ၊ ရာဘာကြိုးတပ် သံဒိုးကွင်းနဲ့ဖြစ်စေ ပစ်ကစားရတယ်။ ခေါင်အပုံ (ကိုယ်နဲ့ဝေးရာ ရှေ့ဆုံးကအပုံကို) ကို မှန်ရင် လောက်စာလုံး သူဋ္ဌေးကြီး ဖြစ်ပေရော့။ အဲ...တခါတလေတော့လည်း ကိုယ်ကြိုးစားပမ်းစား လုံးထားခဲ့သမျှလေးတွေ နှီးပုံးထဲမှာ တလုံးမကျန်အောင် ခွက်ခွက်လန်ပြီး ပြန်လာရတာလဲ ရှိသပေါ့။ ဒါပေမယ့် နိုင်လည်းပျော်၊ ရှုံးလည်းပျော်ပါ။ ငယ်ငယ်တုန်းကပေါ့။

အခုရော.....

အခုလည်း လေတွေမိုးတွေတော့လာပါချေပေါ့။ ရိုးရိုး လေတွေမိုးတွေ မဟုတ်။

အမေရိကန်ပြည်ထောင်စုကနေ ဗဟိုပြုပြီး အာရှနိုင်ငံတွေကိုပါ ရိုက်ခတ်လာတဲ့ စီးပွားပျက်ကပ်ကြီးရဲ့ မိုးဒဏ်လေဒဏ်တွေပေါ့။ ဒီမိုးဒီလေတွေကို ကိုယ်က တတ်နိုင်ရင် ငယ်ငယ်တုန်းကလိုဘဲ ခုံဖိနပ်နဲ့ ဆီးပြီးဆော်လိုက်ချင်ပါရဲ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ကိုယ်ကဆော်နိုင်ဘို့ နေနေသာသာ အခုတောင်မှ ဒီမုန်တိုင်းဒဏ်က ကိုယ့်အိပ်ကပ်ကို ရိုက်ခတ်စပြုနေပြီ။

စင်္ကာပူမှာ အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း နှစ်စဉ်တိုးမြှင့်ပေးနေကျ (လစာ)နှစ်တိုးကို ပထမဦးဆုံးအကြိမ်အဖြစ် တရုံးလုံး ဆိုင်းငံ့ထားခြင်းခံလိုက်ရတယ်။ အဟင့်...ရွှတ်။ ဒီပုံအတိုင်းဆို နှစ်ကုန်ရင် ရနေကျ ၁၃လစာ ခေါ်တဲ့ အပိုလစာ တလစာတောင် ရပါတော့မလားမသိ။ ဒါ့အပြင် ခါတိုင်းနှစ်တွေမှာ ရနေကျ ဘောနပ်စ်တွေလည်း အိပ်မက်တောင်မက်လို့ ရတော့မယ်မထင်ဘူး။

ဒီကြားထဲ လွတ်တဲ့ငါးကြီးတယ်ဆိုသလို ဟိုတလောက အမေရိကန်ဒေါ်လာတွေ (တဒေါ်လာကို စင်္ကာပူဒေါ်လာ ၁.၃၇ တုန်းက) ၀ယ်လိုက်မယ် စိတ်ကူးပြီးမှ ပျင်းရိခြင်းခြောက်ပါးနဲ့ နေ့ရွှေ့ညရွှေ့လုပ်နေလိုက်တာ အခု ၂လလောက်အတွင်း ဒေါ်လာဈေးတွေတက်သွားတော့ ကြေကွဲရပါလား မောင်ပေါရယ်။

ဒါပေမယ့် တဖက်မှာ ကံကောင်းတာကလည်း ရှိသေး။ ကိုယ့်လက်ထဲမှာ လောလောဆယ် ကိုင်ထားတဲ့ စတော့ရှယ်ရာတွေ မရှိ။ ဘယ်ရှိမတုန်း...လွန်ခဲ့တဲ့ သုံးနှစ်လောက်က ခွက်ခွက်လန်ပြီးကတည်းက ရှယ်ယာဆိုရင် အသံတောင် မကြားချင်တော့တာ။ တချို့တွေ စီပီအက်ငွေနဲ့ ၀ယ်ထားတဲ့ပုဂ္ဂိုလ်တွေ အခုဆိုရင် သူတို့ ၀ယ်ထားတဲ့ ရှယ်ယာတန်ဘိုးက ၇၅% လောက် ထိုးကျသွားတာ။ ကျနော့်မိတ်ဆွေ စလုံးတယောက်ဆိုရင် ဒီလို ငြီးတွားတယ်။ “သွားပရော့ဟဲ့.....ငါ့ အိုစာမင်းစာလေး”.....တဲ့။

၁၉၉၇-၁၉၉၉ ခုနှစ်များဆီကလည်း အာရှစီးပွားပျက်ကပ်ကြီးကို ကြုံဘူးပါရဲ့။ အဲသည်တုန်းကတော့ ကိုယ်လုပ်နေတဲ့ မလေးရှားက ကုမ္ပဏီလေး ပြိုလုပြိုခင်ဖြစ်လာတော့ ကိုယ်က အသာဖုတ်ဖက်ခါထပြီး စင်္ကာပူမှာ လာအလုပ်ရှာလိုက်တာ အခုလုပ်နေတဲ့ အလုပ်ကို ရလေသတည်းပေါ့။ သူများတွေ မျက်ကလဲဆန်ပြာ ဒုက္ခရောက်နေတုန်းမှာ ကိုယ်က စုတ်ကော၊ လာဘ်ကောဝင်ပြီး အိမ်ထောင်တွေကျ၊ ကလေးလည်းရ၊ ကျောင်းတက်၊ ပီအာရ်ကျ၊ အိမ်ဝယ်။ ဟော...ယောက္ခမကလည်း တဦးတည်းသောသမီးနောက်ကို လိုက်နေတဲ့အတွက် ကလေးကို ပြုစုစောင့်ရှောက်ပေးဖော်လည်းရ။ အံမယ် လောကကြီးက အင်မတန်သာယာလှပါလား....ပေါ့လေ။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး နေ့လည်စာ စားဖော်စားဖက်၊ ရုံးမှာ တချိန်တည်းပြိုင်တူအလုပ်ဝင်ခဲ့သူလည်းဖြစ်တဲ့ မလေးရှားနိုင်ငံသား တရုတ်အင်ဂျင်နီယာက ပါးစပ်ပုပ်ကြီးနဲ့ “အောင်၊ စီးပွားပျက်ကပ်ဆိုတာ သူ့ cycle ပြည့်ရင် တပတ်ပြန်လည်လာတတ်တယ်။ ၁၉၈၇ လောက်မှာ စီးပွားပျက်ကပ်တခါ၊ ၁၉၉၇ မှာ နောက်တခါဆိုတော့ တကြိမ်နဲ့ တကြိမ်အကြား ဆယ်နှစ်ကွာခြားတတ်တယ်။ အခုလာချိန်တန်ပါပေါ့” ဆိုပြီး နှစ်ယောက်သား မမျှော်ကောင်းတဲ့ စီးပွားပျက်ကပ်ကြီးကို ကြောက်ကြောက်နဲ့ဘဲ လာတော့မလား လာတော့မလားဆိုပြီး လည်တဆန့်ဆန့်နဲ့ မျှော်ခဲ့ကြတယ်။

အခုတော့......တရွေ့ရွေ့.....လာချေပြီလေ....ပင်လယ်တွေဖြတ်သန်း....ရိုးမအပေါ်...လွှားကျော်ကာလေ..

အင်း........မုဒ်ဝင်သွားလို့ စန္ဒယားလှထွတ်ရဲ့ တိမ်တမန်လေးကိုတောင် ဟစ်လိုက်မိရဲ့။

လာပါပြီဗျာ စီးပွားပျက်ကပ်ကြီး။ အမေရိကန်မှာ အဲသည်စီးပွားပျက်ကပ်ရဲ့ အတိမ်အနက်ကို အကဲဖြတ်ဘို့ ဖွဲ့စည်းပေးလိုက်တဲ့ Panel ကလည်း ဟောကိန်းထုတ်လိုက်တာ အားရှိစရာပါဘဲ။ အခုစီးပွားပျက်ကပ်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက သမိုင်းမှာ အဆိုးဆုံးဖြစ်လိမ့်မယ်တဲ့။ အမေရိကန်မှာ ၁၄ လ လောက်ကြာလိမ့်မယ်တဲ့။

အင်း....သူတို့တွက်ကိန်းမှန်ရင် ကမ္ဘာတလွှားမှာလည်း ၂ နှစ်လောက်တော့ ကြာဦးမယ်ထင်ရဲ့။ ကုမ္ပဏီတွေ၊ အလုပ်တွေလည်း ရပ်ဆိုင်းကုန်ကြပါလိမ့်ဦးမယ်။ လူတွေလည်း အလုပ်တွေ ပြုတ်ကြပါလိမ့်ဦးမယ်။

စုပြီးဆောင်းပြီး အသင့်အတင့်ရှိတဲ့လူကတော့ အလုပ်မရှိခင်စပ်ကြားမှာ ဟန်မပျက်ထိုင်စားနိုင်ကြမယ်။ မြန်မာပြည်က ရောက်လာကစ အလုပ်စလုပ်ကာစ လူမျိုးတွေအတွက်တော့ ဒုက္ခပွေကိန်းမြင်တယ်။ အဲ.... ပိုက်ဆံစုဆောင်းမိပြီးသား လူတွေတောင်မှ သိပ်တော့ စိတ်မချရဘူး။ ဘဏ်တွေဘာတွေ ပြိုသွားရင် ကုန်းကောက်စရာ ကျန်မှာမဟုတ်။ စင်္ကာပူအစိုးရကတော့ လုံးဝ တရာရာခိုင်နှုန်း ပြန်ပေးမယ်လို့တော့ အာမခံထားတာဘဲလေ။ သို့သော်....မိုးမပြိုဘူး၊ ပြိုခဲ့သည်ရှိသော်......

အဆိုးထဲက အကောင်းကို နည်းနည်း ရှာကြံကြည့်လိုက်ဦးမှ။ မြန်မာပြည်ကတော့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတာဆိုတော့ မြန်မာပြည်သူများ စီးပွားပျက်ကပ်ဒဏ်ကို ထူးပြီးခံစရာအကြောင်းမရှိ။ ဒီလို စီးပွားပျက်ကပ်တွေ ကျရောက်ခြင်းကြောင့် တခါတရံမှာ ဖြုတ်ချရန်ခက်ခဲတဲ့ အာဏာရှင်အစိုးရတွေပါ ပြုတ်ကျသွားတတ်သတဲ့။ ပလိစ်လား....ဒုန့်ဆေး အစ်တစ် ၀ှစ်ရှ်ဖူး သင့်ကင်း...လား။

ဟီ...ဟိ.....ကံကောင်းရင်၊ စင်္ကာပူတို့၊ မြန်မာနိုင်ငံတို့နဲ့အတူ အာရှက အာဏာရှင်အစိုးရတွေ ပြုတ်ကျသွားနိုင်တယ်။ ငါ့စုငွေလေးနဲ့ စီပီအက်ဖ်ငွေလေးပါရင်...ပါသွားပါစေ....အာဏာရှင်တွေ ပြုတ်ကျသွားရင်တော့ ကြိုက်တယ်...ဟိဟိ။ အဲသည်အခါကျရင်....ရှန်ပိန်ပုလင်းအရင် ဖောက်လိုက်ဦးမယ်။ ပြီးတော့မှ ပြည်တော်ပြန်ပြီး လှေပို့စားမယ်။ (လူဆိုတာ အဲသည်လို မြင့်မြင့်မားမား ရည်မှန်းချက်ထားရတယ်။)

အဲ...အဲ....ပေါက်ကရရှစ်ဆယ်လည်း ပြောပြီးပြီ။ အခုတော့ ညဥ့်လည်းနက်ပြီ။ အိပ်မှ။ အိပ်မှ။ ဝေါ်ယောက်စွေ့ကျောက်။ ၀ါး.....

ဘလော့ဂ်ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
Crisis ဘေး....ကင်းစင်ဝေး...ငြိမ်းအေးကြပါစေ။
Read more

“သူကလေးနဲ့ တွေ့ကြရာတွင်”

ဒီကနေ့မနက် ရုံးအသွားမှာ မိုးက တစိမ့်စိမ့် စွေရွာနေပြန်တယ်။ ညို့မှိုင်းနေတဲ့ ကောင်းကင်နောက်ခံမှာ ရံဖန်ရံခါ ယှက်ဖြာသွားတတ်တဲ့ လျှပ်နွယ်လျှပ်ပန်းတွေကလည်း တလက်လက်။ နောက်ဆက်တွဲ မိုးချုန်းသံကလည်း ဂျိုးတဂျိမ့်ဂျိမ့်။

မြန်မာပြည်မှာတော့ မိုးလေကင်းလွတ်တဲ့ လတန်ဆောင်တိုင်အခါသမယပေါ့။ စင်္ကာပူမှာသာ မိုးက စွေလို့ကောင်းဆဲ။ တခါတလေ….ခရစ်စမတ်လိုရာသီမျိုးမှာ တီဗီက လာနေတဲ့သီချင်းက “Let it snow, let it snow”။ အပြင်မှာတော့ မိုးကတဝေါဝေါနဲ့ ရွာချင်ရင် ရွာနေတတ်တာမျိုး။

မတတ်နိုင်ပါဘူး။ စင်္ကာပူမှာက မိုးရာသီဖြစ်နေပြန်တော့ ရာသီအချိန်ကွာခြားပေမယ့် ဗမာပြည်က မိုးရာသီကိုဘဲ ပိုပြီးသတိရမိတော့တယ်။

ပြာမယောင်ခိုးမင်အသွေးရယ်နဲ့
ဝဠာဘောင်မိုးဆင်လို့ပေးပြန်တော့
ပျိုးပင်လေးတွေက စိမ်းလဲ့ကြည်….
တဲ့။

(သော်တာဆွေရဲ့ ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှာ ရေးပြတဲ့ ဒဂုန်နတ်သျှင်ရဲ့ ကဗျာအချိုးလေးလေ။ နည်းနည်းလွဲရင် ခွင့်လွှတ်ပါ။)

ကျနော်အလယ်တန်းကျောင်းသားဘ၀က သည်လိုမိုးရာသီမှာ တခြားရွာက အလယ်တန်းကျောင်းကို တကူးတက သွားတက်ရတာကို အမှတ်ရမိတယ်။ ကိုယ့်ရွာမှာက မူလတန်းကျောင်းဘဲ ရှိတာကိုး။ ရွာတရွာကျော်အထိ သွားတက်ရတယ်။

လမ်းမှာ ရိုးကိုလည်း ဖြတ်ရတယ်။ ရေဖွေးဖွေးနဲ့ လယ်ကွင်းတွေကိုလည်း ဖြတ်ကျော်ရတယ်။ ကန်သင်းဘောင်တလျှောက်မှာ ဖိနပ်ကို လက်ကတဖက်ချွတ်ပြီးတော့ကိုင်၊ ထီးနဲ့ ထမင်းဘူးနဲ့ကို ကျန်တဖက်မှာကိုင်၊ မိုးထဲလေထဲမှာ ခြေချော်မလဲအောင် သတိထားပြီး လျှောက်ခဲ့ကြရတာပ။

ပျိုးမနှုတ်ရသေးတဲ့အချိန်ဆိုရင် စောစောက ဒဂုန်နတ်သျှင်ကဗျာထဲကလိုဘဲ လယ်ကွင်းတွေထဲမှာ ပျိုးပင်လေးတွေက တကယ့်ကို စိမ်းလဲ့ကြည်နေတော့တာပေါ့။ လေအနော့မှာ ပျိုးပင်ထိပ်ဖျားချွန်ချွန်လေးတွေက မြကမ္ဗလာမှာ ၀ဲဂယက်ပုံသဏ္ဍာန် ယိမ်းတနွဲ့နွဲ့။ လယ်ကွင်းထဲက ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးထဲမှာ ရေမှော်နဲ့လိုလို၊ တမန်းနံ့လိုလို ရနံ့တမျိုးကလေးကလည်း ပါသေးတယ်။

ရှစ်တန်းကျောင်းသားဘ၀ရောက်တော့ လူကလည်း ကြီးကောင်နည်းနည်းဝင်စအရွယ်။ ဟိုသည် စိတ်လှုပ်ရှားတဲ့အရွယ်။ သစ်ရွက်ကလေးတွေ လှုပ်တာနဲ့တော့ မရယ်ခဲ့မိပါဘူး။ ဒါပေမယ့် တော်တော်လေးတော့ အရယ်သန်တဲ့ အရွယ်ပေါ့။

အဲသည်အချိန်မှာ သူကလေးကို စ သတိထားမိတာပါဘဲ။ သူကလေးက ကျနော်တို့ ရွာရဲ့တောင်ပိုင်းမှာ ရှိတယ်။ ကျနော်ကျောင်းသွားချိန်ဆို သူ့အိမ်ခြံစည်းရိုး ကျိုးတိုးကျဲတဲ ကြားက ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေတတ်တာကို ကြုံရလေ့ရှိတယ်။

သူကလေးက အရွယ်နဲ့မလိုက်အောင် ဖွံ့ထွားလွန်းတယ်ပြောရမယ်။ ရွာထဲမှာ သူ့ကို မျက်စိကျနေသူ သုံးယောက်လောက်ရှိတယ်လို့ ပြောသံကြားရတယ်။

တညနေ ကျောင်းမှာ အချိန်ပိုသင်ပေးနေလို့ အိမ်ပြန်နောက်ကျတယ်။ ကျနော်က အတူပြန်နေကျ သူငယ်ချင်းတွေထက်တောင် နောက်ကျလို့ နောက်မှာ တယောက်တည်းလျှောက်လာခဲ့တယ်။ ဟော သူကလေးတို့ အိမ်နားရောက်တော့ ထုံးစံအတိုင်း ကျနော်ကလည်း ဘာရယ်မဟုတ် လှည့်ကြည့်မိပြန်တယ်။ မန်ကျည်းပင်အောက် ခြံစည်းရိုးကလေးနားမှာ သူကလေးရပ်လို့။

အဲသည်နေရာလေးက သူကလေးအမြဲရပ်နေကျ နေရာ။ သူ့အိမ်က လူတွေကလည်း သူကလေးကို အိမ်အပြင်ကိုမှ လွတ်လွတ်လပ်လပ် ပေးထွက်ပါလေစ။

သည်တခါမှာလည်း ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေပြန်တယ်။ ဘယ်လိုစိတ်ဆန္ဒက စေ့ဆော်တယ်မသိ။ ကျနော်ဟာ ရွာလမ်းမက ရွှံ့ဗွက်တွေထဲမှာ တစွပ်စွပ် နင်းပြီးလျှောက်နေရာက အဲသည်ခြံစည်းရိုးနားကို အသာချဉ်းကပ်ခဲ့တယ်။ သူကလေးကို မျက်နှာချင်းဆိုင် အနီးကပ် ကြည့်မိတယ်။

သူကလေးရဲ့ မျက်ဝန်းတွေက ရွှန်းရွှန်းစားစား နိုင်လွန်းလှတယ်။ ကျနော်ဟာ ၀ါးခြမ်းပြား ကျိုးတိုးကျဲတဲ ခြံစည်းရိုး ၀င်းထရံကြားကနေ လက်ကို အသာလျှိုပြီး သူကလေးရဲ့ နဖူးလေးကို လက်ချောင်းထိပ်ဖျားလေးတွေနဲ့ အသာအယာတို့ထိမိတယ်။ သူမရဲ့ နဖူးက ချောချောမွေ့မွေ့လေး။ နောက်တော့ နည်းနည်းတဆင့်တက်ပြီး ပါးကလေးကို ကိုင်ကြည့်မိပြန်တယ်။ အဲသည်အခါမှာတော့ သူကလေးက အသံမထွက်ဘဲ တဖက်ကို လှည့်သွားတော့တယ်။ ဒါပါဘဲ။ သည့်ထက်မပိုပါဘူး။ ကျနော်လည်း ခြံစည်းရိုးအပြင်ဘက်မှာ ရပ်နေရာက ခဏနေတော့ အသာလှည့်ထွက်ပြီး အိမ်ပြန်ခဲ့တော့တယ်။

သည်အဖြစ်အပျက်က ကြာတော့ ကြာခဲ့ပါပြီ။ နောက်ပိုင်း ကိုးတန်းဆယ်တန်း ၂ နှစ်ကိုတော့ ကျနော် ရန်ကုန်မှာ ကျောင်းသွားတက်ဖြစ်တယ်။ သူကလေးကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ ဆယ်တန်းဖြေပြီးတဲ့နောက် ရွာကိုပြန်လာတော့ အဲသည်အိမ်နားက စက်ဘီးဖြတ်နင်းသွားရင် တွေ့နေကျနေရာလေးမှာ သူကလေးရှိလေမလားရယ်လို့ လှည့်ကြည့်ဖြစ်သေးတယ်။ ဒါပေမယ့် သူကလေးကို မတွေ့ရတော့ဘူး။

ဘယ်ရောက်သွားသလဲ၊ ဘာဖြစ်သွားသလဲ ဘယ်သူ့ကိုမှ ကျနော်မမေးဖြစ်ခဲ့မိပါဘူး။ သည်အဖြစ်အပျက်ကလေးဟာ သူကလေးနဲ့ ကျနော်အကြားမှာ ဘယ်သူမှမသိဘဲ ဖြစ်ခဲ့တဲ့ အဖြစ်ကလေး။ ကျနော့်ရင်ထဲမှာ ကာလရှည်ကြာစွာ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောဘဲ တိတ်တဆိတ် သိမ်းဆည်းထားခဲ့တဲ့ အဖြစ်အပျက်ကလေး။

သြော်…..အခုဆိုရင် သူကလေးတောင် လောကကြီးမှာ ရှိချင်မှ ရှိတော့မှာပါ။ သို့သော် ကျနော့်မှာတော့ အခုလို မိုးကလေးညို့တဲ့အခါမျိုးမှာ ငယ်ငယ်က အဲသည်အဖြစ်အပျက်ကလေးနဲ့တကွ သူကလေးကို တခါတရံ အောက်မေ့သတိရမိပါတယ်။

ငယ်ငယ်က ကျောင်းသွားလမ်းဘေးရှိ အိမ်တအိမ်က မန်ကျည်းပင်အောက် ချည်တိုင်တွင် တွေ့ရလေ့ရှိသော၊ ၀ယ်ယူချင်လွန်း၍ ရွာထဲကလူတွေ မျက်စိကျနေခဲ့ကြသော နွားနီမ ဖွံ့ဖွံ့ထွားထွား ချောချောလှလှလေးသို့ အမှတ်တရ…
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs