"SAVE BURMA"

Share |

ပြည်ပရောက် မြန်မာပြည်သား ညီအကို၊ မောင်နှမအပေါင်းတို့....

ဒီကနေ့ ငါတို့မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါတုန်းကနဲ့မှ မတူအောင် ကပ်ဘေးဒုက္ခအမျိုးမျိုး ကျရောက်နေခဲ့ပြီ။ ငါတို့ရဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနေထိုင်ကြရာ ငါတို့ တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုတွေ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွား ရေး အထွေထွေ နိမ့်ကျမှုတွေနဲ့အတူ အေအိုင်ဒီအက်စ် အစရှိတဲ့ ကြောက်မက်ဘွယ် ကူးစက်ရောဂါ အမျိုးမျိုးကို ကြုံတွေ့ခံစားနေကြရပြီ။

ငါတို့ ကိုယ်တိုင်လည်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေ၊ အထွေထွေ ကြပ်တည်းမှုတွေကြောင့် ငါတို့ ချစ်ခင်တဲ့ မိဘဆွေမျိုး၊ မိသားစုတွေနဲ့ ခွဲခွာပြီး၊ ငါတို့ ဇာတိမွေးရပ်မြေနဲ့ ခွဲခွာပြီး ပြည်ပမှာ လာရောက် အလုပ် လုပ်ကိုင် နေကြရတာ မဟုတ်ပါလား။

တကယ်တော့ မြစ်ချောင်းအင်းအိုင်တွေ၊ လယ်ယာကိုင်းကျွန်းတွေ၊ မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝ လှတဲ့ ငါတို့ တိုင်းပြည်ဟာ ဘာကြောင့် ဒီလောက်ဆိုးရွားတဲ့ အခြေအနေကို ဆိုက်ရောက်သွား ရလေသလဲ။ အကြောင်းရင်းကတော့ ငါတို့ရဲ့ နိုင်ငံမှာ မှန်ကန်တဲ့ နိုင်ငံရေး စနစ် နဲ့ လူထုကို ကိုယ်စားပြုတဲ့ လူထုအစိုးရတရပ် မရှိလို့ဘဲ။

ညီအကိုတို့...... ၁၉၈၈ ခုနှစ်က စတင်ရေတွက်ရင် ငါတို့တိုင်းပြည်ကို စစ်တပ်ကနေပြီး စစ်အာဏာရှင်စနစ်နဲ့ အဓမ္မ ဖိနှိပ်အုပ်ချုပ်လာခဲ့တာ ယခုဆိုရင် ၁၉ နှစ်ကျော်ခဲ့ပြီ။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းက ငါတို့ပြည်သူ လူထုတရပ်လုံးက တခဲနက် ထောက်ခံမဲပေးခဲ့တဲ့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အစိုးရက အာဏာလွှဲမပေးခဲ့ဘူး။ သိက္ခာမဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိစကားကို သူပြန်မျိုချပြီး နိုင်ငံတော်အုပ်ချုပ်ရေး အာဏာကို လက်နက်အားကိုးနဲ့ အရှက်မဲ့စွာ အရူးအမူးဖက်တွယ်ထားခဲ့တယ်။ လာမယ့် အနာဂတ်မှာလည်း အာဏာလွှဲပေးဘို့ အရိပ်အယောင်မမြင်ရဘူး။

တိုင်းပြည်ရဲ့ သယံဇာတတွေ၊ ထုတ်ကုန်တွေ၊ အဆီအနှစ်တွေ အားလုံးကို စစ်ဗိုလ်ချုပ်ကြီးများနဲ့ သင်းတို့ရဲ့ ဆွေမျိုး သားချင်း လူတစုကသာ လက်ဝါးကြီးအုပ် သွေးစုတ်ခြယ်လှယ် ၀ါးမြိုနေခဲ့ကြတယ်။ ငါတို့ ပြည်သူလူထု မှာတော့ ဆင်းရဲတွင်းမှာ နစ်သထက်နစ်ရင်း၊ အစားအစာကို နပ်မှန်အောင် မစားကြရတဲ့သူတွေ၊ ထမင်းရေ သောက် ဗိုက်မှောက် နေကြရ တဲ့သူတွေ၊ ပညာမသင်ကြားရတဲ့သူတွေ၊ ဆေးဝါးမကုသနိုင်တဲ့သူတွေ စသဖြင့် ဒုက္ခပေါင်းစုံ ပင်လယ်ဝေ နေခဲ့ ကြရတယ်။

ဒီဒုက္ခတွေကို မကြည့်ရက်လို့ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဘို့ နအဖ စစ်အစိုးရကို ငြိမ်းချမ်းစွာ တိုက်တွန်း တောင်းဆိုခဲ့ပြန်တော့လည်း သံဃာကို သံဃာမှန်းမသိ၊ ရက်စက်စွာ ရိုက်နှက်တာတွေ၊ လမ်းမပေါ်မှာ သေနတ် နဲ့ ပစ်သတ်တာတွေ၊ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချ နှိပ်စက်တာတွေ စစ်အစိုးရနဲ့ သူတို့ရဲ့ လက်ပါးစေတွေက ပြုလုပ်ခဲ့ကြတယ်။ အခုတော့ ငါတို့နိုင်ငံဟာ အဖက်ဖက်က ချွတ်ချုံကျရုံမျှမက သာသနာ တော် ကွယ်ပျောက်မယ့်အရေးကိုတောင် ရင်ဆိုင်ကြုံတွေ့ နေရပြီ။

ညီအကိုတို့.... ငါတို့ မြန်မာနိုင်ငံသားတွေဟာ လူမျိုးခြားတိုင်းတပါးကျွန်ခံဘို့ လူဖြစ်လာတာ မဟုတ်သလို အသားထဲကလောက်ထွက်တဲ့ ဒီစစ်ဗိုလ်ချုပ်တစုရဲ့ ထင်ရာစိုင်း အုပ်ချုပ်မှုအောက်မှာ စစ်ကျွန်ဘ၀နဲ့ ခေါင်းငုံ့ခံ ကြဘို့ လူဖြစ်လာတာ မဟုတ်ဘူး။ ငါတို့ဟာ ငါတို့မွေးဖွားရာ တိုင်းပြည်မှာ ဘယ်စစ်ဗိုလ်ချုပ်၊ ဘယ်အဖွဲ့ အစည်း၊ ဘယ်အစိုးရကိုမှ မကြောက် ရွံ့ရဘဲ လွတ်လပ်ခွင့်၊ အသက်ရှင်ပိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်းပိုင် ခွင့်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်တွေကို ခံစားနိုင်ကြရမယ်။ မြန်မာပြည် တိုင်းတပါး လက်အောက် ကျရောက်စဉ်တုန်းက ငါတို့အဘိုးတွေ အဘေးတွေ လွတ်လပ် ရေးအတွက် တာဝန်ကျေခဲ့သလို ငါတို့ လက်ထက်မှာလည်း ငါတို့ တာဝန်ကျေကြရမယ်။ ဒါမှ ငါတို့ကိုယ်တိုင်အတွက်ရော ငါတို့ရဲ့ နောင်လာ နောက်သားများအတွက်ပါ တို့တိုင်းပြည်ဟာ နေချင့်စဖွယ် လွတ်လပ်တဲ့ တိုင်းပြည်တပြည် ဖြစ်လာမယ်။ ဒါမှ တို့တိုင်းပြည်ဟာ ကမ္ဘာအလယ်မှာ သိက္ခာရှိတဲ့ တိုင်းပြည်ဖြစ်လာမယ်။ ဒါမှ ငါတို့နိုင်ငံသားတွေ ဘယ်နိုင်ငံကို ဘဲရောက်ရောက် မျက်နှာမငယ်ရဘဲ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူဝံ့ကြွားနိုင်ကြမယ်။

ဒီကနေ့ မြန်မာပြည်တွင်းမှာ ပြန်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းရင်း သားခေါင်းဆောင်တွေ၊ သံဃာ တော်အရှင်သူမြတ်တွေ အားလုံးဟာ ငါတို့ တမျိုးသားလုံးရဲ့ လွတ်မြောက် ရေးအတွက် ဒုက္ခဆင်းရဲတွေကြားက ကိုယ်ကျိုးစွန့်ကာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို ဦးတည်ကြိုး ပမ်းနေကြတယ်။ တချို့ဆိုရင် အသက်ကိုတောင် ပေးလှူသွားကြရတယ်။ တချို့ဆိုရင်လည်း နှစ်ရှည်လများ ထောင်ဒဏ်တွေကို ကျခံနေကြရတယ်။ ဒါပေမယ့် ငါတို့ရဲ့ ဒီမိုကရေစီဘက်တော်သားတွေဟာ ဒီလိုအခြေ အနေဆိုးတွေ၊ အဖမ်းအဆီးတွေ၊ နှိပ်ကွပ်မှုတွေကြားက မြန်မာ့ဒီမို ကရေစီအရေးနဲ့ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားနေကြတယ်။

ဒီနေရာမှာ ငါတို့ ပြည်ပရောက်မြန်မာတွေအနေနဲ့ အထိရောက်ဆုံးလုပ်ဆောင်နိုင်တာက မိမိရဲ့ ချွေးနှဲစာထဲက နေ ဖဲ့စုပြီး ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးအားဖြင့် ထောက်ပံ့ပေးခြင်းဘဲ။ ပြည်တွင်း မှာ ငါတို့အားလုံးအတွက် ကြိုးပမ်းရင်း မတရားအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်။ အပြင် မှာ ကျန်ခဲ့တဲ့ သူတို့ရဲ့မိသားစုတွေ၊လူမမယ်ရင်သွေးတွေကို ငါတို့က ကူညီထောက်ပံ့ခြင်းဖြင့် ဒီနိုင်ငံရေး အကျဉ်းသားတွေကို အထိရောက်ဆုံး အားပေးရာ၊ ဂုဏ်ပြုရာရောက်တယ်။ ပြည်တွင်းမှာ ဒီမိုကရေစီရေးလုပ် လို့ အသက်မွေးဝမ်း ကျောင်းပိုင်ခွင့် ပိတ်ပစ်ခံရတဲ့ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ ရှိတယ်။ သူတို့ကို လည်း ငါတို့က နိုင်ငံရေး အသိစိတ်အပြည့်နဲ့ ငွေကြေးထောက်ကူကြရမယ်။

နောက်တခါ နအဖ လက်ကိုင်တုတ်တွေဖြစ်တဲ့ ကြံဖွံ့တွေ၊ စွမ်းအားရှင်တွေရဲ့ စောင့်ကြည့်နှောက်ယှက်မှု တွေကြားကဘဲ ရဲရဲဝံ့ဝံ့ စွမ်းစွမ်းတမံ ဆက်လက်လှုပ်ရှားနေတဲ့ ဒီမိုကရေစီအင်အားစုတွေ မြန်မာပြည်အနှံ့မှာ ရှိနေကြတယ်။ သူတို့တ တွေ စာရွက်စာတမ်းတွေ ဖြန့်ဝေနိုင်ဘို့၊ ပိုစတာတိုက်ပွဲတွေ ဆင်နွှဲနိုင်ဘို့၊ စည်းရုံးရေး ခရီးထွက်နိုင်ဘို့၊ အချင်းချင်း ကြားမှာ ထိထိရောက်ရောက် ဆက်သွယ်နိုင်ကြဘို့၊ တရားရုံးမှာ ရင်ဆိုင်ရတဲ့အခါ ကုန်ကျစရိတ်ကာမိဘို့၊ ထောင်ကျတဲ့ အခါ ထောင်ဝင်စာတွေ့ဘို့၊ ရှောင်ရ တိမ်းရတဲ့အခါ အိမ်တွေ ငှားရမ်း နိုင်ဘို့ စတဲ့ ကျန်ကျစားရိတ်တွေကို ငါတို့ ပြည်ပရောက် မြန်မာတွေ အနေနဲ့ ထိထိရောက်ရောက် ကူညီ ထောက်ပံ့ကြဘို့ လိုတယ်။

သူတို့တတွေက အသက်တွေ၊ ဘ၀တွေ ပေးပြီး စွန့်စားလုပ်ဆောင်နေတဲ့အချိန်မှာ ငါတို့တတွေက ငါတို့ အသုံး စားရိတ် ငွေထဲက နည်းနည်းလျှော့သုံးပြီး ဘာကြောင့်မထောက်ပံ့နိုင်ကြရမလဲ။

ညီအကိုတို့......ငါတို့လူမျိုးဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့လူမျိုး၊ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုး၊ စည်း ကမ်းရှိတဲ့ လူမျိုး၊ စိတ်ဓါတ်အဆင့်အတန်းမြင့်မားတဲ့လူမျိုး ဆိုတာ ကမ္ဘာကို ပြဘို့ အချိန်တန်ပြီ။

ညီအကိုတို့......ငါတို့ဟာ ငါတို့တိုင်းပြည်လွတ်လပ်ရေးကို ငါတို့ မြန်မာတွေကိုယ်တိုင် ရယူနိုင်တယ်ဆိုတာ ကမ္ဘာကို ပြကြရအောင်။

ဒီနေ့ကစလို့ ငါတို့အားလုံး ရုပ်ရှင်ကြည့်နေကျလူဆိုရင် ခါတိုင်း ကြည့်နေကျထက် လျှော့ကြည့်မယ်။ အအေးကို ခါတိုင်းသောက်နေကျထက် လျှော့သောက်မယ်။ အ၀တ်အစားကို ခါတိုင်းဝတ်နေကျထက် ခြိုးခြံဝတ်မယ်။ ငါတို့ အသုံး စားရိတ်ကို လျှော့ပြီး ဗမာပြည် ကယ်တင်ရေးအတွက် ငွေကြေးထည့်ဝင်ကြခြင်းနဲ့ ကိုယ်ထူကိုယ်ထ ကြိုးစားကြစို့။ ငါတို့ရဲ့ ဒီဗမာပြည်ကယ်တင်ရေး လှုပ်ရှားမှုကြီးမှာ တခဲနက် ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါစို့။

ငါတို့အားလုံးညီညွတ်ရင် ဘယ်အာဏာရှင်မှ မခံနိုင်ဘူး။ ငါတို့ရဲ့ လွတ်လပ်ရေးကို မလွဲမသွေ ရမှာ ဧကန် မုချဘဲ။

မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့

အခြေခံ လုပ်ငန်းစဉ်များ။

(၁) မိမိတို့ ရောက်ရှိနေရာ နိုင်ငံများတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများ ပူးပေါင်း၍ မြန်မာနိုင်ငံသားများ
ကူညီစောင့်ရှောက်ရေး အဖွဲ့များကို ကိုယ်ထူကိုယ်ထ ဖွဲ့စည်းကြပါ။

(၂) SAVE BURMA ဟု အမည်ပေးထားသော စုဘူးများကို ထောက်ခံသူများ အကြား ဖြန့်ဝေကာ ပုံမှန် ငွေကြေး စုဆောင်းခြင်း ပြုလုပ်ကြပါ။ တလတခါ ဖြစ်စေ၊ နှစ်လ တခါ ဖြစ်စေ စုဘူးများကို သက်ဆိုင်ရာ စုရပ်တွင် စုပေါင်းကာ စုဆောင်းရငွေကို ရေတွက်ကြပါ။

(၃) ငွေစာရင်း၊ ငွေကိုင်၊ ငွေစာရင်းစစ်ဆေးသူများကို အဖွဲ့ဖွဲ့၍ လေးလတခါဖြစ်စေ ပြောင်းလဲ ခန့်အပ်ပါ။

(၄) စုဆောင်းရငွေများကို မြန်မာပြည်တွင်းမှ အကျဉ်းသားမိသားစုများ၊ ဒီမိုကရေစီအင်အားစုများထံ မိမိတို့ လမ်းကြောင်းဖြင့် မိမိတို့ လျို့ဝှက်စွာ ပို့ဆောင်ကြပါ။ (မြန်မာပြည်ဘက်မှ လက်ခံရယူသူ၏ အမည်အား ၄င်း၏ လုံခြုံရေးအတွက် အထူးလျို့ဝှက်ထားရန်လိုအပ်ပါသည်။)

(၅) မိမိတို့ လုပ်ဆောင်သည့် လုပ်ငန်းတွင် နအဖမှ တန်ပြန် အဖျက်အမှောင့်များ ပြုလုပ်လာနိုင်သည်ကို သတိ ဖြင့် ကာကွယ်ကြပါ။(ဥပမာ…ငွေကြေးလိမ်လည်သည်ဆိုကာ အဖွဲ့နာမည်ပျက်အောင် နအဖသူလျှိုဒလံများမှ ၀ါဒ ဖြန့်ခြင်း၊ တိုင်တန်းခြင်းများ)

ဤသည်မှာ အခြေခံ ပြုလုပ်ရမယ့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ မိမိတို့ ရောက်ရှိရာနိုင်ငံ၊ ဥပဒေတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သတ်မှတ်လုပ်ဆောင်နိုင်ကြပါသည်။ (ရံပုံငွေ ဈေးရောင်းပွဲများ၊ စုပေါင်း စီးပွားရေး လုပ်ငန်းများကို အချိန်ပိုင်း လုပ်ကိုင်ခြင်းဖြင့် ငွေရှာနိုင်ပါသေးသည်။)

ဤငွေများသည် နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာတွေ့ရာတွင်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစု များကို ထောက်ပံ့ရာတွင်လည်းကောင်း၊ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုများ၊ စည်းရုံးရေးများတွင် အသုံးပြုနိုင်သည်။ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့တွင် ပြည်တွင်းပြည်ပရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံသော မြန်မာနိုင်ငံသား(ဟောင်း)များ အားလုံးပါဝင် သည်။

8 comments:

Anonymous said...

ကိုပေါရေ....SAVE BURMA CAMPAIGN အောင်မြင်ပါစေ

mglann said...

(ငါတို့ဟာ ငါတို့မွေးဖွားရာ တိုင်းပြည်မှာ ဘယ်စစ်ဗိုလ်ချုပ်၊ ဘယ်အဖွဲ့ အစည်း၊ ဘယ်အစိုးရကိုမှ မကြောက် ရွံ့ရဘဲ လွတ်လပ်ခွင့်၊ အသက်ရှင်ပိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်းပိုင် ခွင့်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်တွေကို ခံစားနိုင်ကြရမယ်။)
အဲဒီ စကားတွေ ကို ကြိုက်တယ်ဗျ၊၊ လူဆိုတာ ဘာကိုမှ မကြောက်ရပဲ အဲလိုနေနိုင်ခွင့်ရမှ လူဖြစ်ရကျိုးနပ်တာ၊
ဒါပေမယ့် အဲဒီလို နေနိုင်တဲ့ ပြည်သူ ကမ္ဘာပေါ်မှာ ရှိသေးမယ် မထင်ပါဘူး၊ ညောင်ရမ်း ဂွတိုရေ မင်းစိတ်ထဲမှာ အစိုးရ ကို မှန်းတီးတဲ့ စိတ်ကို နဲနဲလျော့၊ ကိုယ့် ခေါင်းဆောင်ကို အမွှန်းတင်တာ ကိုလဲ နဲနဲလျှော့ ကွာ၊ ဒါဆို မင်းတော်တော် ကောင်းသွားမှာ၊

ကိုပေါ said...

ကိုမောင်လမ်းသစ်ရေ….
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေ(Full Democracies) မှာ အဲသည်လို နေနိုင်တဲ့ ပြည်သူတွေ ရှိပါတယ်ခင်ဗျာ။ လေ့လာကြည့်နိုင်ပါတယ်။

ပြည်သူက တင်မြှောက်တာ မဟုတ်ဘဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ အစိုးရမျိုးကို အဖိနှိပ်ခံ ပြည်သူတယောက်အနေနဲ့ မုန်းတီးတာလည်း သဘာဝကျပါတယ်လေ။ သို့သော် ကျနော်တို့က မုန်းတီးပေမယ့် လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြတာမျိုးလောက်ဘဲ လုပ်ကြတာပါ။ စစ်အစိုးရက ပြည်သူကို မုန်းတီးပုံကတော့ ရိုက်သတ်၊ ထောင်ချ၊ ပစ်သတ်တဲ့ အထိကို မုန်းတီးတာပါ။ သည့်တော့ လျှော့ချင်းလျှော့ စစ်အစိုးကဘဲ မုန်းတီးစိတ်လျှော့သင့် တာပါဗျာ။ အဲသည်အတွက် ကိုမောင်လမ်းသစ်တို့ကလည်း စစ်အစိုးရကို တရားချပေးပေါ့ဗျာ။ မဟုတ်ဘူးလား။

ကျနော့်ပို့စ်ထဲမှာ ကျနော့်ခေါင်းဆောင်ကို တော်တယ်၊ တတ်တယ်၊ ကောင်းတယ် ဆိုတာမျိုး မွှန်းတာတလုံးမှ မပါပါဘူးဗျာ။ လူတွေ အနစ်နာခံ လုပ်နေတာကတော့ အားလုံးအမြင်ဘဲ မဟုတ်လား။ ဗိုလ်ချုပ်ကြီးတွေထဲက တယောက်ယောက်များ အဲသည်လောက် အနစ်နာခံမယ် ဆိုရင် ကျနော်သူတို့ကို လိုတာထက်တောင် ပိုမွှန်းရပါဦးမယ်။ သူတို့အထဲက အနစ်နာခံနေတဲ့ ဗိုလ်ချုပ်များရှိရင် ဘယ်လိုဘယ်ပုံ အနစ်နာခံသလဲဆိုတာ တချက်လောက် ထောက်ပြပါဗျာ။ မွှန်းချင်လွန်းလို့ပါ။

Anonymous said...

ကျွန်တော်လည်း မွှန်းချင်တယ်ဗျိုး...ဒယ်အိုးထဲ ထည့်ကြော်ခါနီး ငါးလေးတွေကို မွှန်းသလိုမျိုးလေ..အဟီး

Anonymous said...

MgLanthit
You are really idiot, lackey of the Junta.

ကလူသစ် said...

ကညောင်...မောင်လမ်းသစ်ကို မင်း လမ်းညွန်လိုက်သလားဟ။ အိပ်ချင်မူးတူးနဲ့ ကလူသစ်ဆီရောက်နေတယ်။

Anonymous said...

ကျနော်လဲတောက်တောက်စင်းချင်တယ်ဗျို့

Anonymous said...

ကိုပေါ .. တိုက်၂ဆိုင်၂ ကျမတို့ သူငယ်ချင်းတစုလည်း အဲလို စဉ်းစားမိပါတယ် ။

http://gyittu.blogspot.com/2007/12/blog-post.html

အထက်ပါ ကျမပို့စ်လေးကို ဖတ်ကြည့်ပါ ။ တိုင်ပင်စရာလေးရှိလို့ gyittu78@gmail.com ကို ဂျီတော့ခ်မှာ အက်တာဖြစ်ဖြစ် ၊ အီးမေးလ်ပို့တာဖြစ်ဖြစ် လုပ်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs