“ဖဲရိုက်သူများနဲ့ တညနေ”

Share |

သေခြင်းတရားဟာ
မွေးဖွားချိန်ကစလို့
နောက်ကွယ်က ကပ်ပါလာခဲ့တော့
ဘ၀ရဲ့ နေ့ရက်တိုင်းဟာ
ဆည်းဆာတွေချည်းသာ ဖြစ်ခဲ့ရပြီ။

ကိုယ်တိုင် အပြစ်မကင်းတဲ့ ဘ၀မှာ
စင်းလုံးချောတွေကိုလည်း မတောင့်တချင်တော့။

ရွှေခဲလေးရေ…လာ..လာ…
ဟောသည်မှာ ငှက်ပျောသီး…
မာလကာသီး
ငရုတ်သီးတောင့်နဲ့ နေကြာစေ့…
တွေ့တယ်မို့လား၊ လိုလေသေးမရှိ…
ဒါပေမယ့်…အတောင်အနားသတ်ကလေးမှာ
ကပ်ကြေးညှပ်ခံထားရတယ်နော်
ချည်ကြိုးတန်းလန်းနဲ့ဘဝ
မင်းပျော်လို့ ရမယ်မထင်…
လေတွင် ပျံဝဲချင်ပေမပေါ့။

(ဒီတသက်
ငှက်မမွေးချင်ပါနဲ့တော့ အချစ်ရေ…..။)

ကိုယ်မနှစ်သက်တဲ့အမှုကို
သူများအပေါ်လည်း မပြုပါရစေနဲ့တော့။

ပုထုဇဉ်အချင်းချင်း
သံသရာ ခရီးသည်အချင်းချင်း
လက်ငင်းတဘဝ
ဆုံရစဉ် ခဏလေးမှာ
အာဃာတတွေနဲ့
သတ်ကြဖြတ်ကြ
ညစ်ကြပတ်ကြ
ဖိကြ နှိပ်ကြ….
သြော် ဆည်းဆာရဲ့ ထောင့်ချိုးတွေမှာ
လှိုင်းတံပိုး ထန်လှချည်လားကွယ်။

နေရစ်ခဲ့တော့ နှစ်ဟောင်းရေ။
လောကကို အလှဆင်တဲ့သူ
လောကကို အကျည်းတန်စေတဲ့သူ
ဖျံကျတဲ့လူ၊ မာန်ထတဲ့လူ
တရားနဲ့လူ၊ တရားမဲ့လူ
ပေါ့ဆတဲ့သူ၊ တိကျတဲ့သူ
လူကောင်းလူဆိုး၊ လူရိုးလူဖြောင့်
အားလုံးကို သိမ်းကြုံးမှတ်တမ်းတင်ပြီး
ရာဇ၀င်ထဲမှာ မင်းနေရစ်တော့။

နှစ်သစ်ကတော့
ဘုမသိ ဘမသိနဲ့
အပေါက်ဝက တိုးဝင်လာတော့မယ်။

သည်မှာ… အခန်းနဲ့မဆံ့အောင်
မျှော်လင့်ခြင်းတွေနဲ့
မျှော်လင့်နေကျ လူသားတွေ
အိပ်မက်ဖဲတွေ ဝေမလို့ ကုလားဖန်ထိုးနေကြတယ်။
ဖဲချိုးမှာက ဘယ်သူလဲ
??????

တမိုးသောက်ရင် လိုရာရောက်အောင်
စွမ်းဆောင်နေ….
ပြည်သူတွေ….ပြည်သူတွေ….
ချစ်သောပြည်သူတွေ……တဲ့။

ရေဒီယိုကတေးသံကိုဘဲ
ပြန်လည်ကြားယောင်ရင်းနဲ့
နှစ်သစ်အပျိုမလေးရဲ့ နှုတ်ခမ်းကို
ဖွဖွလေး နမ်းလိုက်ပါတယ်။

8 comments:

ကလူသစ် said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျား။
ဖဲရိုက်သူများကိုတော့မသိဘူး အရက်သောက်သူများကိုတော့သိတယ်။
စီဗုံးတပ်ပါလို့ ပြောပြောနေတာလဲကြာပြီ။ နအဖနဲ့နင်လား ငါလားပဲ ပြန်မပြော နားမထောင်

ကိုပေါ said...

ကလူသစ်….မင်္ဂလာနှစ်သစ်ပါဗျာ။
အရက်သောက်တဲ့လူတွေဆိုတာ ဘယ်ဒူတွေလဲဟင်…
စီဗုံးမတပ်တာတော့ စိတ်မရှိပါနဲ့ခင်ဗျား။ မြန်မာ စစ်အစိုးရ ပြုတ်ကျသွားပြီး ဒီမိုကရေစီထွန်းကားလာရင် တပ်ပါမယ်။

Anonymous said...

ကဗျာဖတ်ပြီးရင်နဲ့ အပြည့်ခံစားသွားပါတယ်။နှစ်သစ်မှာပျော်ရွှင်ပါစေ။

တန်ခူး said...

"ကိုယ်မနှစ်သက်တဲ့အမှူကို
သူများအပေါ်လည်းမပြုပါရစေနဲ့တော့"တဲ့လား...
အဲဒီလို ကိုယ်ချင်းစာတရား
ဒီကမ္ဘာမှာ အတော်ရှားပါးနေပြီ ကိုပေါရေ...။
Postအသစ်မျှော်ရနိုးနပ်တဲ့ ဒီကဗျာလေးဖတ်ပြီး ကိုယ့်လက်ထဲကြည့်မိတော့ ဖဲတချပ်...။

မေဓာဝီ said...

မင်္ဂလာပါ … ကိုပေါ ..
ပိတောက်ရိပ်ကို ကျမလည်း မကြာမကြာ လာလာဖတ်ပါတယ်။ ပို့စ် အသစ်မတွေ့လို့ မလာဖြစ်တာ … အခုလာတော့ အသစ်တွေ တင်ထားတာတွေ့လို့ ဖတ်သွားပါတယ်။
ဒီကဗျာလေးထဲက
“ပုထုဇဉ် အချင်းချင်း
….. …. ….
….. …. ….
လှိုင်းတံပိုး ထန်လှချည်လားကွယ်”
အဲဒီစာပိုဒ်ကလေးကို သဘောကျမိပါတယ် …

ကိုယ်မနှစ်သက်တဲ့အမှု သူများအပေါ်လည်း မပြုပါရစေနဲ့တော့ ဆိုတဲ့ စာသားလေးလည်း ရိုးရိုးလေးပေမဲ့ အဓိပ္ပါယ် အများကြီး တာသွားပါတယ်။ လောကကြီးမှာ ကိုယ်ချင်းစာတရား ရှိကြတယ်ဆိုရင် ကိုယ်မနှစ်သက်တဲ့အမှု သူများအပေါ် ပြုကြမှာ မဟုတ်ဘူး … နော်။

ကိုပေါ said...

....နှစ်သစ်မှာ ပျော်ရွှင်ပါစေ သဇင်ရေ.....

....တန်ခူးနဲ့ ဆရာမ မေဓါဝီ........အဲသည် ကိုယ်ချင်းစာတရားလေးသာရှိခဲ့ရင် ကျနော်တို့ ခံစားနေရတဲ့ ဒုက္ခတွေ တ၀က်လောက်ကတော့ ငြိမ်းသွားမယ်ထင်ပါရဲ့............

.....လာအားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။.........

pandora said...

လေးစားပါတယ်
ငါးပြန်ပါတယ်
ခြောက်လျော်ပါတယ်။

အဟဲ.. ရိုးနေတဲ့ ဟာသလေးပါ။

နောက်တာပါ။ ကဗျာကို အသေအချာ ခံစားသွားပါကြောင်း။

Phyo Maw said...

ကိုကိုဇာလိုပဲ ကိုကိုပေါလည်း ဒါပြီးမှ ဒါလုပ်မယ် ပြောဒယ်။
ဟိုကလည်း ဂိတုံးပဲနေမယ်
ဒီကလည်း စီပုံးမပါပဲနေမယ်
ကောင်းဒယ်
ကဗျာလေး သိပ်ကောင်းဒယ်။
အဟောင်းစ မွှေတာ အဟောင်းဆုံးက အကောင်းဆုံး ဆိုသလို စစချင်း ဖတ်ရတဲ့ ကဗျာက သိပ်ဂွတ်သွားတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs