ဒေါ်စုအကြောင်း သောင်းပြောင်းထွေလာ

Share |
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျနော့်အမြင်ကို ရေးသားလိုက်ပါတယ်။

ပြည်သူအပေါ် မယုံကြည်လေသလော...

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံစဉ်က စပြီး ရေတွက်ကြည့်ပါ။ ဒီကနေ့ ရက်ပေါင်း ၂၄၆ ရက် တင်းတင်းပြည့်ခဲ့ပါပြီ။ လ အရေအတွက်နဲ့ကြည့်ရင် ရှစ်လ စွန်းစွန်းရှိပါပြီ။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်ပင် ထပ်မံတွေ့ဆုံပြီးသွားပြန်ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အကြားမှာ ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့သလဲဆိုတာ ယနေ့အထိ ပြည်သူလူထုကို နှစ်ဖက်စလုံးက အမှောင်ချထားဆဲဖြစ်ပါတယ်။

အလားတူပဲ ဦးအောင်ကြည်နဲ့ ဒေါ်စုအကြား တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ယေဘုယျဆန်တဲ့ ထုတ်ပြန်ချက်တွေကလွဲလို့ ပြည်သူလူထုအနေနဲ့ ဘာတခုမှ သိခွင့်မရခဲ့ပါဘူး။ အတိတ်ခပ်လှမ်းလှမ်းကို ပြန်ကြည့်ပြန်ရင်လည်း ဦးခင်ညွန့်လက်ထက်က ဒေါ်စုနဲ့ စစ်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ကြတဲ့ကာလမှာ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပါတယ်။

စစ်အစိုးရဖက်က မပွင့်လင်းတာဟာ အံ့သြစရာမရှိပေမယ့် လူထုခေါင်းဆောင်လို့ သတ်မှတ်လို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်က သူမကို ထောက်ခံတဲ့လူထုအပေါ် တခွန်းတပါဒ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ ဒေါ်စုအနေနဲ့ လူထုကို မယုံကြည်လို့လား၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြည်သူကို ချပြလောက်စရာ လောက်လောက်လားလား အကျိုးရလဒ်တွေ ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့လားဆိုတာ တွေးစရာဖြစ်လာပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစပိုင်းကာလမှာ ဒေါ်စုက ပြည်သူလူထုကို ထိုက်သင့်တဲ့အချိန်မှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ အသိပေးမယ်လို့ (ပထမဆုံး ပဲခူးခရီးစဉ်အတွင်းမှာ) ပြောခဲ့ဖူးပါတယ်။ နောက်တခါ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံစဉ်က ပြည်သူကို ဖွင့်ပြောဖို့ကိစ္စနဲ့ ပတ်သက်ပြီး...“ဒီကိစ္စမျိုးဆိုတာ ရေရှည်အချိန်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာနိုင်ပါတယ်” ဆိုတဲ့သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာ ပြောစကားအရ "ဒေါ်စုက အချိန်ကာလ တခုတောင်းတယ်။ အဲဒီကာလ လွန်မြောက်ရင် သူမှားရင်လည်း ဒေါ်စုက တာဝန်ယူမယ် ဆိုတာမျိုး ပြောခဲ့ပါသတဲ့။”

ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေသာ ချမှတ် အကောင်အထည်ဖော်သွားတယ်၊ ဒီကနေ့အထိ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူအပေါ် ကတိမတည်ပဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေါ်စုအတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါ။ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်ဟာ အမှန်တကယ်ကောင်းမွန်တဲ့ ရလဒ်သာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်စုအနေနဲ့ ပြည်သူလူထုအပေါ်မှာ ဘာမှ ထိန်ချန်စရာအကြောင်းမရှိလို့ပဲဖြစ်ပါတယ်။

လမ်းစဉ်နဲ့ အချိန်ဇယား

ဒေါ်စု ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းသုံးချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်သုံးချက်ကို ဦးစားပေးဖော်ပြထားပေမယ့် ဒီအချက်တွေကို ဘယ်ပုံဘယ်နည်းဖော်ဆောင်မယ်၊ ဘယ်အချိန်မှာ ဘယ်အဆင့်ကို ရောက်ဖို့ရည်မှန်းတယ်၊ ဘယ်လောက်ကြာမယ် စတဲ့ လမ်းစဉ်အဆင့်ဆင့်နဲ့ အချိန်ဇယားတွေကို ပြည်သူအများ နားလည်အောင် တိတိကျကျ ရှင်းလင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ( ဖေ့စ်ဘွတ်ပေါ်က ဒေါ်စုရဲ့ အမာခံပရိသတ်ကတော့ ဒီသုံးချက်ကိုတောင် ရေရေရာရာ သိရှာကြပုံ မရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ မေးလိုက်တိုင်း ဝေဝါးနေကြတာကို သတိထားမိပါတယ်။)

ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာလည်း ယေဘုယျအားဖြင့် လွှတ်တော်တွင်းကို ဝင်ရောက်ပြီး လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ အင်အားစုတွေအကြား ဝင်ရောက်စည်းရုံးပြီး ပြင်ဆင်သွားမယ်လို့ ပြောသွားပေမယ့် ဘယ်လို အခက်အခဲတွေရှိပြီး၊ အဲဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်းကျော်လွှားမယ်ဆိုတာကို ရေရေရာရာ ချပြနိုင်ခြင်းမရှိပါ။ အခုအထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေအရ အနှစ်ချုပ်ကြည့်ရင် အဖွဲ့ချုပ်အနေနဲ့ “ရလိုရငြား ဝင်ပြီး ကြိုးစားကြည့်မယ်” ဆိုတဲ့ သဘောသဘာဝထက် မပိုတာကို တွေ့ရပါလိမ့်မယ်။

ဘယ်အရာမှာမှ စိုက်လိုက်မတ်တတ် ပြီးမြောက်အောင်မကြိုးစားပဲ နည်းတခုမအောင်မြင်တိုင်း နောက်တနည်း ပြောင်းစမ်းကြည့်ကြဦးစို့ ဆိုသလို တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလက်တည့်စမ်းစရာတခုအဖြစ် သတ်မှတ်တာမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နစ်နာလှပါတယ်။

ဒေါ်စုကတဖက်၊ ပါတီကတဖက်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကာစက ဒေါ်စုနဲ့ သူမရဲ့ ပါတီ (အင်န်အယ်လ်ဒီ)ကို တကွဲစီဖြစ်အောင် စစ်အစိုးရကြိုးပမ်းနေတယ်ဆိုတဲ့ အသံမျိုးတွေ၊ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိခဲ့ကြတာကို သတိရမိပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ စစ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင်ရေးသားခဲ့ရာမှာ ပါတီကို ကိုယ်စားမပြုဘဲ သူမတဦးတည်းအနေနဲ့ ရေးသားတဲ့အခါ သို့လော၊ သို့လောတွေ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်း စစ်အစိုးရနဲ့ ဒေါ်စုအကြားတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါမှာလည်း ဒေါ်စုဟာ ပါတီကို ကိုယ်စားမပြုဘဲ တကိုယ်တော်သွားရောက်တွေ့ဆုံ၊ ဆွေးနွေး၊ ဆုံးဖြတ်တာတွေကို မြင်လာရတဲ့အခါ စစ်အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဘေးချိတ်ပြီး ဒေါ်စုတယောက်တည်းကိုသာ ဖဲ့ထုတ်ယူဖို့ ကြိုးစားယူနေတယ်ဆိုတဲ့ အမြင်မျိုးတွေ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်သူတွေအကြားမှာ ကြီးထွားလာခဲ့တာကို သတိထားမိပါတယ်။

ဒေါ်စုအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း ပါတီရဲ့ စီအီးစီ အဖွဲ့ဝင်တွေကိုတောင် အသိမပေးတဲ့အတွက် စီအီးစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့ဘာမှ မသိကြောင်း မီဒီယာတွေမှာ ပြောဆိုဝန်ခံခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်အစိုးရက ဒေါ်စုနဲ့ ပါတီကို ခွဲဖို့ကြိုးစားတာ ဟုတ်မဟုတ် မသေချာပေမယ့် ဒေါ်စုရဲ့ လုပ်ပုံကိုင်ပုံ ပြုမူပုံကြောင့် ပါတီရဲ့ စီအီးစီနဲ့ဒေါ်စု ကင်းကွာနေခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ ဒေါ်စုရဲ့ ပါတီတွင်း ပြမူဆောင်ရွက်ပုံတွေဟာ အဖွဲ့အစည်းပုံစံထက် အာဏာရှင်ဆန်နေတာကို အကဲခတ်မိပါတယ်။ ပါတီကို မှတ်ပုံတင်ဖို့ဆုံးဖြတ်ပြီး ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ကာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ ပုံစံမျိုး ပြန်လည်ဖွဲ့စည်းလိုက်ချိန်မှာ ဒေါ်စုနဲ့ (မှတ်ပုံမတင်မီ)မူဝါဒပိုင်းအရ ကွဲလွဲခဲ့ဖူးတဲ့ ဦးဝင်းတင်ကို နာယက အဖွဲ့ထဲကို ထည့်သွင်းလိုက်တာကို တွေ့ရပါတော့တယ်။

ပါတီတွင်း ဒီမိုကရေစီမရှိဘဲ ပါတီခေါင်းဆောင်တဦးတည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေရင် ပါတီဟာ အနှေးနဲ့အမြန် ကျဆုံးနိုင်ပါတယ်။

ခုတမျိုး၊ တော်ကြာတမျိုး

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောခဲ့တာတွေကနေ ဂငယ်ကွေ့ကွေ့ပြီး ဆန့်ကျင်ဖက်ကို ပြောင်းပြန်လျှောက်တဲ့ လုပ်ရပ်မျိုးဟာ မဆန်းတော့ပါဘူးလို့ ပြောရလောက်အောင် ထပ်တလဲလဲဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ပထမဦးဆုံးနဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးကတော့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံကနေ... “စစ်အစိုးရနဲ့မတူတာဘေးဖယ် တူတာတွဲလုပ်”ဆိုတဲ့ မူအထိ ပြောင်းလဲသွားခြင်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်စဉ်က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ပပျောက်စေရေး မူကို လက်ကိုင်ထားခဲ့ပေမယ့် အခု “မတူတာဘေးဖယ် တူတာတွဲလုပ်ပြီး ၂၀၀၈ ဖွဲ့စည့်ပုံအောက်ခေါင်းလျှိုဝင်လိုက်တဲ့အခါ” မှာ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာကို သဘောတူခွင့်ပြုလိုက်ရာရောက်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာမှာ ၁၈၀ ဒီဂရီ ချိုးကွေးလိုက်တဲ့ အပြောင်းအလဲကြီးပဲ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုကြီးအပေါ်မှီတည်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းကနေ ဂငယ်ကွေ့ ချိုးကွေ့ခဲ့ပါတယ်။ မှတ်ပုံတင်စရာမလိုဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ အော်ခဲ့ရာကနေ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲလည်း ဝင်မယ်အထိ နှစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့ပြန်ပါတယ်။

တခါ ရွေးကောက်ပွဲမဲဆွယ်တဲ့မိန့်ခွန်းမှာ စစ်ဖက်ကိုယ်စားလှယ် ၂၅% လွှတ်တော်ထဲမှာ ပါဝင်မှုဟာ ဒီမိုကရေစီမကျဘူး၊ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်မယ်၊ ဖယ်ထုတ်မယ်” ပြောခဲ့ပြီး ရက်ပိုင်းအတွင်းမှာ “၂၅%ကို ကျမ ဖယ်ထုတ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” လို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ကျမ်းသစ္စာစာသားကြောင့် လွှတ်တော်တက်မတက်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဥာဏ်ဝင်းတို့ တောင်ပြောမြောက်ပြောလုပ်နေတာတွေဟာ သူတို့ကို ထောက်ခံသူတွေအကြားမှာပင် ရှုပ်ထွေးမှုများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေတာကို တွေ့မြင်နေရပါတယ်။

ခြုံကြည့်ရင် ဒေါ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာမှာ အပြောင်းအလဲမြန်မှု၊ စကားကို ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲပြောတတ်မှုတွေဟာ သူ့ကို ထောက်ခံသူတွေအကြားမှာရော၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးမှာပါ ရှုတ်ထွေးမှုတွေ၊ မလိုအားအပ်တဲ့ ကွဲလွဲမှုတွေ ဖြစ်ပေါ်စေပါသေးတယ်။ မီဒီယာတွေနဲ့ စကားမပြောမီမှာ ဒေါ်စုကို ပေါ်လစီပိုင်းဆိုင်ရာ အကျဉ်းချုပ် အစီရင်ခံသူ(briefing) အကြံပေးတဦး ထားသင့်တယ်လို့ ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားစုတွေကို အမှန်တကယ် စုစည်းပေးနိုင်ရဲ့လား

ဒေါ်စုလွတ်မြောက်လာပြီးနောက်ပိုင်းမှာ ညံလာတဲ့အသံတွေအနက် “ဒီအချိန်မှာ ညီညွတ်ဖို့လိုတယ်၊ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ဝန်းရံရမယ်” ဆိုတဲ့ အသံဟာ အကျယ်လောင်ဆုံးဖြစ်ပါတယ်။ ညီညွတ်ဖို့လိုတာကို အငြင်းပွားဖွယ်မရှိပေမယ့် ဘာအတွက် ညီညွတ်ကြမှာလဲ။

ကျနော်တို့ဟာ စစ်တံပိုးအောက်ကနေ ရုန်းထွက်လွတ်မြောက်ဖို့မှာ ညီညွတ်ကြမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညီညွတ်ကြမယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ညီညွတ်ကြမယ်။ ဒါတွေအတွက် ကွဲလွဲစရာမရှိပါဘူး။ ဒါပေမယ့် စစ်ကျွန်သက်ကို ရှည်အောင်လုပ်တဲ့နေရာမှာ ကျွန်ဝယ်ရာ အဆစ်ပါသလို ကိုယ်ပါလိုက်ပြီး ညီညွတ်စရာမလို။ ဝန်းရံစရာမလို။ စစ်အာဏာရှင်နဲ့ မတူတာဘေးဖယ် တူတာတွဲလုပ်တဲ့ကိစ္စတွေမှာ ညီညွတ်စရာ၊ ဝန်းရံစရာမလို။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရနဲ့ ဖိနှိပ်ခံတွေအကြားမှာ ဘုံအကျိုးတူညီချက် မရှိလို့ဘဲ။

ဒါ့အပြင် တိုင်းရင်းသားတွေအပေါ်ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ၊ အလုပ်သမားတွေ လုပ်ခအနှိမ်ခံရတဲ့ကိစ္စ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ကိစ္စ၊ ဘာသာခြားလူနည်းစုတွေ ဖိနှိပ်အနိုင်ကျင့်ခံရမှုကိစ္စတွေမှာ ဒေါ်စုအနနဲ့ အဖိနှိပ်ခံဖက်က မရပ်တည်ဘဲ နှစ်ဘက်စလုံးကို သဘောထားကြီးဖို့ ကြားဝင်တိုက်တွန်းမှုတွေဟာ အဖိနှိပ်ခံတွေအတွက် အားတက်စရာ ဖြစ်မလာသလို သက်ဆိုင်ရာ တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာခြားတွေရဲ့ ယုံကြည်ကိုးစားမှုကို လျော့ကျစေပါတယ်။

စစ်မှန်တဲ့လူထုခေါင်းဆောင်တယောက်ဟာ လူထုကြုံတွေ့နေရတဲ့ ပြဿနာအဝဝကို နေ့ညမဆိုင်း လူထုဖက်က ဝင်ရပ်ပေးလေ့ရှိပါတယ်။ လွှတ်တော်ထဲရောက်မှ၊ ဥပဒေပြင်ပြီးမှ၊ တရားဥပဒေစိုးမိုးမှ စသဖြင့် နေ့ရွှေ့ညရွှေ့ အချိန်ဆွဲနေလို့မရပါ။

ပြည်သူ့အသံ အစစ်အမှန်ကို နားထောင်ပါ...

ဒေါ်စုလွတ်လာကာစက ပြည်သူအသံကို နားထောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ပြည်သူ့အသံအစစ်အမှန်ဟာ.. ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ “အမေက ကျက်သရေရှိလိုက်တာ၊ လှလိုက်တာ” ဆိုတဲ့ ပေါ့ပျက်ပျက် အသံမျိုးတွေ မဟုတ်သလို၊ ဒေါ်စုအနီးမှာ လက်ရှိဝန်းရံနေကြတဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်သိ အပါးတော်မြဲတွေရဲ့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်တဲ့ အောက်ခြေနဲ့ ကင်းကွာနေတဲ့ အသံတွေလည်း မဟုတ်ပါ။

တိုင်းရင်းသားတွေ အပါအဝင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်း၊ ဘာသာခြားစတဲ့ ပြည်သူပေါင်းစဉ် တွေ့ကြုံခံစားနေရတဲ့ လူမှုဒုက္ခအဝဝနဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ရင်တွင်းက ပွင့်ထွက်လျှံကျလာတဲ့အသံတွေသာလျှင် ပြည်သူ့အသံစင်စစ်ဖြစ်ပါတယ်။ ဒီလို ပြည်သူ့အသံတွေကို မသိကျိုးကျင်ပြုမယ့်အစား ဖိနှိပ်ခံပြည်သူဖက်က မားမားမတ်မတ် ရပ်တည်ပြောဆိုပေးမယ်ဆိုရင် ပြည်သူ့အသံကို အမှန်တကယ် နားထောင်ရာ ရောက်ပါလိမ့်မယ်။

ဒီမှတ်စုကို ဖေ့စ်ဘွတ်ပေါ်မှာ ဘလော့ဂါမိတ်ဆွေတယောက်ရေးသားတဲ့ မှတ်ချက်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

"နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"

4 comments:

Anonymous said...

အင်း ရေးထားတာ ဖတ်ရတာ စဉ်းတော့ စဉ်းစားစရာပဲ။
ကဲ ဒီလိုဆို ကိုယ် ကျိုးမနဲအောင် ဘယ်လို ဆက်လုပ်ကြရင်ကောင်းမလဲ။
ထောက်ပြရုံတင် မကဘူး လုပ်ရမယ့်လမ်းကြောင်းလေးကိုလည်း ရေးပြပေးပါဦး။

Anonymous said...

လူထုကသာ ဒေါ်အောင်ဆန်းစုကြည်ရယ့် နိုင်ငံရေးကိုယုံကြည်နေခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်က လူထုနိုင်ငံရေးကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။
၁၉၈၈ ကနေ ၁၉၉၆/၉၈ အလယ် ၂၀၀၇ အဆုံးဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလှုပ်ရှားမှုတွေရယ့် အချက်အချာ မဟုတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရယ့် စွန့်လွှတ်အနစ်နာခံမှုတွေဟာ လေးစားထိုက်စရာပါ။ အများစုကြီးက ထုတ်မပြောကြပေမယ့် တကယ့်ကိုနိုင်ငံတကာရောက်နေပြီး အတွေးအမြင်ရှိသူတွေ မြန်မာ့အရေးကို ကိုယ့်ထမင်းကိုယ်စားပီး စိတ်ဝင်စားတယ့် ခွဲခြမ်းစိတ်ဖြာသုံးသတ်ကြတယ့် လူတွေကြားမှာတော့ လေးစားမှုက တဖြေးဖြေးနဲ့ ကျဆင်းနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ အဲ့တာဟာ ပေါ့ပေါ့ပျက်ပျက် အကြောင်းအရာမဟုတ်ပါဘူး လေးနက်တယ့် underlying condition တစ်ခုဖြစ်ပါတယ်။ ကျမ်းသစ္စာကြိမ်တယ့် ကိစ္စလိုမျိုးကပိုလို့ဆိုးစေပါတယ်။ အစကတည်းက ပူးပေါင်းလုပ်ဆောင်မယ်ဆုံးဖြတ်ထားရင် ပြတ်ပြတ်သားသားပူးပေါင်းလိုက်ပါ။ ပူးပေါင်းမယ်ဆုံးဖြတ်ထားရင် ပူးပေါင်း လက်မခံဘူးဆုံးဖြတ်ထားရင် လက်မခံနဲ့။ ဝေေ၀၀ါးဝါးလုပ်နေတာ ပိုဆိုးပါတယ်။ မင်းအောင်လှိုင်ပြောပြီးနောက်တစ်နေ့မှာ သတင်းစာရှင်းလင်းပွဲကောက်လုပ်တာဟာလဲ ကိုယ့်ပါတီ ကိုယ့်ကိုထောက်ခံတယ့် လူထုရယ့် ယုံကြည်ကိုးစားမှုကို ထိခိုက်စေပါတယ်။ လူထုရယ့်ထောက်ခံမှုဆိုတာ စစ်အာဏာရှင်စနစ်ကလွှတ်မြောက်ဖို့လား စစ်အာဏာရှင်တွေနဲ့ပူးပေါင်းပြီးကြိုးစားဖို့ အပ်နှင်းထားတယ့်ထောက်ခံမှုလားဆိုတာ ရှင်းရှင်းလင်းလင်းပြောစေချင်ပါတယ်။ နောက်တစ်ချက်သတိပြုဖို့ကလဲ အခုလက်ရှိတိုးတက်မှုတွေဟာ ဦးသိန်းစိန်ကိုဗဟိုပြုထားတယ့် တိုးတက်မှုတွေပါ။ လူတစ်ဦးတစ်ယောက်တည်းကို မှီခိုအားထားမှုဟာ ဘယ်တုန်းကမှ ကောင်းတယ့်ကိစ္စမဟုတ်ဘူးဆိုတာ ဦးစောမောင်နဲ့ ၁၉၉၀က သက်သေပြထားပီးသားဖြစ်ပါတယ်။

မောင်လမ်းသစ် said...

ကိုပေါရေ
လာဖတ်သွားတယ်။ စစ်အစိုးရ ကို ဝေဖန်တုန်းက ပြန်အပြောခံရတာတွေ ဆဲခံရတာတွေနဲ့ ဒေါ်စုကြည်ကို ဝေဖန်လို့ ပြန်အပြောခံရတာ ဆဲခံရတာတွေ ဘယ်လို ကွာလဲ၊ ဆောင်းပါးလေးရေးပေးပါဦး၊

Anonymous said...

ဒေါ်စု နိုင်ငံတကာရောက်နေတယ်ဆိုတာ
ဒေါ်စုကို အားပေးတာထက် စစ်အစိုးရကိုဖြုတ်ချချင်လို့
နိုင်ငံတကာက လုပ်နေတာဖြစ်တယ်။ ဒီလောက်တောင် နားမလည်တော့ဘူးလား။

ဘယ်လိုပြောပြော ဒေါ်စု ချေးမှမွှေးတယ်ထင်သူတွေကို ကိုပေါမို့လို့ အချိန်ကုန်ခံပြောနေတာ အံ့သြပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs