စွန့်ပစ်ခံလာရသော နိုင်ငံရေးရိုးသားမှုနှင့် ချောင်ပိတ်ခံရသော မြန်မာပြည်

Share |
(ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားတဲ့ ကိုဝတုတ်ရေးသားတဲ့ ဆောင်းပါးကလေးကို မျှဝေလိုက်ပါတယ်။)

“စွန့်ပစ်ခံလာရသော နိုင်ငံရေးရိုးသားမှုနှင့် ချောင်ပိတ်ခံရသော မြန်မာပြည်”
ရေးသူ - Ko Watote


မြန်မာ့ နိုင်ငံရေး သမိုင်းမှာ တလွဲအသုံးခံရဆုံး ဝေါဟာရဟာ ပြည်သူလူထု ဆိုတဲ့ ဝေါဟာရပဲ။ ဗိုလ်နေ၀င်း စစ်အုပ်စု အာဏာသိမ်းပြီးနောက် တတိုင်းပြည်လုံးမှာ ရှိတဲ့ အိမ်ဆိုင်၊ ကွမ်းယာဆိုင်ကစလို့ ရုပ်ရှင်ရုံ မကျန် သူတို့ မျက်စိကျတဲ့ ရှိရှိသမျှ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းတယ်ဆိုပြီး လုပ်တယ်။ ပြည်သူပိုင် သိမ်းတယ်သာဆိုတယ်၊ ဗိုလ်နေ၀င်းတို့လူသိုက် နေ့ခင်းကြောင်တောင် အေးဓားပြတိုက်၊ ခိုးဆိုး လုယက်ပြီး ရလာတဲ့ တိုက်ရပါ၊ ခိုးရာပါတွေဟာ ပြည်သူလူထုလက်ထဲ မရောက်ပါဘူး၊ ပြည်သူပိုင် ဖြစ်မလာခဲ့ပါဘူး။ ပြည်သူပိုင် သိမ်းတယ် ဆိုတဲ့ ဝေါဟာရကို ကိုယ့်ကိုယ်ကျိုးကွက်ကွက်လေး အတွက်သာသုံးပြီး ဗိုလ်နေ၀င်းတို့ လူသိုက် တတိုင်းပြည်လုံးကို ကိုယ့်အမွေဆိုင်လို သဘောထားပြီး ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းခဲ့တယ်။ သားသမီး၊ မြေးမြစ် မကျန် ဆယ်သက်စားမကုန်အောင် ရသမျှ အိပ်ထဲ သိမ်းကျုံးထည့်ခဲ့တယ်။ တဘက်မှာ ပြည်သူလူထုက ဆင်းရဲတွင်းနက်ပြီး ကျန်ခဲ့တယ်။

မဆလ ဗိုလ်နေ၀င်းရဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ ကယ်တင်ပေးနိုင်မယ်လို့ ယုံပြီး တခဲနက် ထောက်ခံခဲ့ကြတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာလည်း မဆလတုန်းကလို ပြည်သူလူထုဆိုတဲ့ နံမယ်ကို အလွဲသုံးစား လုပ်တာတွေကို တွေ့လာနေရတာ တကယ့် ပြည်သူလူထု ဘက်က နာမိတယ်။ ခုပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းမဲ့ စွပ်စွဲတာ မဟုတ်ဖူး။ ပြည်သူတွေဟာ ဗိုလ်နေ၀င်း စစ်အာဏာရှင် စနစ်ကို ဘယ်လောက် ရွံသလဲဆိုရင် မဆလ မျက်နှာဖုံးစွပ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရှစ်လေးလုံး လူထု အုံကြွမှုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက နေ့ချင်းညချင်း လူထု ခေါင်းဆောင်ဘွဲ့ အပ်နှင်းလိုက်တာကိုက သူတို့ဆီမှာ စစ်အာဏာရှင်လက်က လွတ်ချင်တဲ့ဆန္ဒ ဘယ်လောက် ပြင်းပြနေသလဲ ဆိုတာ အထင်အရှားပြနေတယ်။ ကိုးဆယ်ရွေးကောက်ပွဲမှာ ဒီချုပ်ကို အပြတ် မဲထည့်ပြခဲ့တယ်။ ဒါပေမယ့် ဒီချုပ်ကို ထောက်ခံမှုပြတာဟာ စစ်ပဒေသရာဇ်လက်အောက်မှာ မနေချင်ဘူးဆိုတာကို အထင်အရှား ပြသမှုသာ ဖြစ်တယ်။ စစ်အုပ်စု လက်အောက်ကလွတ်အောင် ဒေါ်အောင်ဆန်းစုကြည် ကယ်တင်နိုင်မယ် ဆိုတဲ့ ယုံကြည်မျှာ်လင့်ချက်နဲ့ ကိုယ့်ကို ထောက်ခံခဲ့တာတွေ၊ အခုထိ အဲဒီမျှော်လင့်ချက်နဲ့ တခဲနက်ထောက်ခံနေကြတဲ့လူထုကို ကိုယ်ဘာ လုပ်လုပ် ဆက်ထောက်ခံမယ့်ပုံစံ ပြောဆို လုပ်ကိုင်လာနေတာကို တွေ့ရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဆီမှာ နိုင်ငံရေး ရိုးသားမှု ကျန်ပါသေးရဲ့ လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာနေပြီ။

ဒီလို ပြောရတာက ရွေးကောက်ပွဲ လုပ်ခါနီး ကောက်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို စွန့်ခွာဖို့ ဆန္ဒမရှိဘူး၊ ခြိမ်းခြောက်မှုတွေ ရှိပေမယ့် ရှေ့ ဆက်သွားဖို့ ဆုံးဖြတ်ထားပြီးသား၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေ လို့ပါပဲ ဆိုပြီး ပြောသွားလို့ပဲ။ ပြည်သူလူထုရဲ ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ ၀င်စေချင်လို့ ၀င်ရတာဆိုတဲ့ သဘောမျိုးပြောသွားတယ်။ ရွေးကောက်ပွဲကို ပြည်သူလူထု ဆုံးဖြတ်ချက်နဲ့ ၀င်ခဲ့တာဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ဘာအထောက် အထားနဲ့ ပြောသလဲ။ တကယ်တမ်း ဖြစ်ခဲ့တာက အန်အယ်ဒီ ရွေးကောက်ပွဲ ၀င်ဖို့မ၀င်ဖို့ ဗဟန်းရုံးမှာ အစည်းအဝေးလုပ်ကြတော့ တိုင်းနဲ့ပြည်နယ် ကိုယ်စားလှယ် တချို့ က မ၀င်သင့်ကြောင်း တင်ပြဖို့ ပြင်ဆင်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ခုဆွေးနွေးပွဲဟာ အငြင်းအခုံ လုပ်ဖို့ ဆွေးနွေးပွဲ မဟုတ်ဘူးလို့ ပိတ်ပြီးပြောထားတဲ့ အတွက် ဘယ်သူမှ ပြောခွင့်မသာခဲ့ဘူး။ သမ္မတသိန်းစိန် စစ်အုပ်စုနဲ့ သီးသန့်တွေ့လိုက်၊ အနောက်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့လိုက်လုပ်နေပေမယ့် ဒီတွေ့ဆုံမှုတွေမှာ ဘာတွေ ပြောဖြစ်သလဲဆိုတာ ခုချိန်ထိ ထုတ်မပြောသေးဘူး။ ကျမကို ယုံပါဆိုတဲ့ စကားတခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူလုပ်ချင်ရာသူလုပ်၊ ပြီးရင် ပြည်သူလူထု လုပ်ခိုင်းလို့ လုပ်တာဆိုပြီး ပြည်သူ့ တံဆိပ်တုံးခပ်နေတယ်ဆိုရင် မဆလ ဗိုလ်နေ၀င်းရဲ့ ပြည်သူ့နံမယ်ကို အလွဲသုံးစား လုပ်နည်းနဲ့ ခုဒေါ်အောင်ဆန်းစုကြည် ပြောဆို လုပ်ကိုင်ပုံတွေ ဘာကွာသေးလဲလို့ မေးစရာ ဖြစ်လာနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ နိုင်ငံရေး ရိုးသားမှု ကျန်ပါသေးရဲ့ လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာနေပြီ။

ရွေးကောက်ပွဲဝင်တာ ပြည်သူဖြစ်စေချင်လို့ ၀င်တယ်ဆိုရင် ကိုးဆယ်ရွေးကောက်ပွဲ ရလာဒ်ကို ကျောခိုင်းခဲ့တာကရော ပြည်သူဖြစ်စေ ချင်တာမို့ ကျောခိုင်းခဲ့တာလားဆိုတာ မေးပါရစေ။ ကိုးဆယ်ရွေေးကာက်ပွဲရလာဒ်ဟာ စစ်အုပ်စုရဲ့ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုအောက်ကနေ ရုန်းထွက်ချင်တဲ့ တတိုင်းပြည်လုံးရဲ့ ဆန္ဒအစစ်အမှန်ပါ။ ဒါကို လက်ခံရင် ဒီကိုးဆယ် ရွေးကောက်ပွဲ ရလာဒ်ကို ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်ပိုင် ပစ္စည်းပမာ သဘောထားတာဟာ ပြည်သူ့ဆန္ဒ၊ တတိုင်းပြည်လုံးရဲ့  ဆန္ဒကို ကိုယ့်တသဘောထဲနဲ့ ကျောခိုင်းခဲ့တာက ပြည်သူ လူထုရဲ့ ဆန္ဒ အစစ်အမှန်ကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ အဲဒီလို ကျောခိုင်းခဲ့လို့ စီအာပီပီ အပါအ၀င် ကိုးဆယ်ရွေးကောက်ပွဲ ရလာဒ်ကို ဆုပ်ကိုင်ပြီး နိုင်ငံရေးသက်ဆက်နေရသူအားလုံး ပြိုကွဲလုနီးပါး ဖြစ်ခဲ့တယ်။ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး လမ်းစလို့ ပြည်သူလူထုက မှန်မှန် ကန်ကန် မြင်တဲ့ ကိုးဆယ်ရွေးကောက်ပွဲ ရလာဒ်ဟာ ဗိုလ်သန်းရွှေ စစ်အုပ်စု အာဏာ တည်မြဲရေးမှာ အဓိက အဟန့်အတားပဲ။ စစ်အုပ်စုက ဒီ ရွေးကောက်ပွဲ ရလာဒ်ကို ပျက်စေချင်တယ်၊ အစအနတောင် မကျန် ခဲ့စေချင်ဘူး။ စစ်အုပ်စု ဖြစ်စေချင်သလို လုပ်ပေးတာ ကရော ပြည်သူလူထု ဆန္ဒပဲလား။

စစ်အုပ်စုရဲ့ မတရား အနိုင်ကျင့်မှုတွေကို ဥပဒေဘောင်ထဲက လုပ်နိုင်အောင် စီစဉ်ထားတဲ့ စစ်ကျွန်သက် ရှည်ရေး၂၀၀၈ အခြေခံ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ပြင်မလဲဆိုတာ အရင်ကလည်း မေးခွန်း ထုတ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဘယ်ပုံပြင်မယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ခုထိ ကျကျနန ချမပြနိုင်သေးပါဘူး။ ဝေေ၀၀ါးဝါးတွေ ပြောနေတုန်းပဲ ရှိသေးတယ်။ ဒီလို ချမပြနိုင်သေး တာဟာ ဖွဲ့စည်းပုံကို လက်ရှိသွားနေတဲ့ ပုံစနဲ့ မပြင်နိုင်ဘူး ဆိုတာ သူသိလို့ ချမပြနိုင်တာလားဆိုပြီး မေးချင်ပါတယ်။ (ဟန်တင်အောင်ရဲ့ ’ဘာပြင်မှာ လဲ ဒေါ်အောင်ဆန်းစုကြည်‘ ကိုပြန်ဖတ်ကြည့်ပါ။) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုတမျိုး တော်ကြာတမျိုး အပြောအဆိုတွေကို မိတ်ဆွေတချို့ စုစည်းတင်ပြပေးထားတယ်။ (လက်လှမ်းမှီသလောက် Swe Swe Kyi နဲ့ Aung Naing Moe ဝေါကို ကြည့်ပါ။)

ဒေါ်အောင်ဆန်းစုကြည် ရိုးသားမှုကို မေးခွန်းထုတ်စရာ အချက်တွေဟာ ရွေးကောက်ပွဲနားနီးလာချိန်၊ အထူးသဖြင့် ကာချုပ် မင်းအောင်လှိုင် တော်လှန်ရေးနေ့မိန့်ခွန်းပြောပြီးချိန်မှာ ပိုတွေ့လာရတယ်။ ၂၀၀၉ ဧပြီလ ၂၈/၂၉ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ် တိုင်းစည်း ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲတုန်းက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်တဲ့ အချက် ဆယ့်နှစ်ချက်ကို ပြောခဲ့ပြီး အဲဒိမှာ နံပါတ် သုံးအချက်က လွှတ်တော်မှာ စစ်တပ် နှစ်ဆယ့်ငါးရာခိုင်နှုန်းပါနေတာကို လက်မခံဘူး ဆိုတာကို ကြေညာချက် ထုတ်ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်မြင်သံကြားက လွှင့်တဲ့ မိန့်ခွန်းမှာလည်း ‘လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်၊ … အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင် သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးပြီးဖြစ်ပါတယ်’ လို့ပြောသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့တုန်းက ၂၅ ရာခိုင်နှုန်းကိစ္စ ဆွေးနွေးချင်ပေမယ့် စစ်တပ်က လက်မခံရုံမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ကျဉ်းတွေကို အဖွဲ့ချုပ်ကနေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်တွေကြောင့် မ၀င်ခဲ့ဘူး။ နောက် ရွေးကောက်ပွဲ ၀င်ဖို့ အကြောင်းပြတဲ့အခါကျတော့ လွှတ်တော်ထဲမှာ ပြင်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၀င်တယ်။ ခုတခါ ကာချုပ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပြီးမှာ ဒေါ်အောင်ဆန်း စုကြည် ကောက်ကာငင်ကာ သတင်းစာ ရှင်းလင်းပွဲခေါ်ပြီး ‘၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး၊ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမ ဘယ်တုန်းကမှ မပြောပါဘူး၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ ပြောတာ’ လို့ ပြောလာပြန်တယ်။ လက်ရှိ ဖွဲ့စည်းပုံဟာ စစ်တပ် ၂၅ ရာခိုင်နှုန်းပါလို့ ဒီမိုကရေစီနဲ့မညီဘူးလို့ လက်ခံရင် ဒီမိုကရေစီနဲ့ညီအောင် ပြင်ဖို့ဆိုရင် စစ်တပ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရမယ် ဆိုတာကို လက်ကိုခံရမယ်။ ဖယ်ရမယ်ဆိုတဲ့ စကားလုံးကိုတော့ သုံးချင်မှ သုံးမယ်၊ ဒါပေမယ့် အနှစ်သာရက ဖယ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာကို ဗမာစာဖတ်တတ်သူတိုင်း သိပါတယ်။ စစ်တပ်ကလည်း သိတယ်။ ဒါ့ကြောင့် ကာချုပ် မင်းအောင်လှိုင် မိန့်ခွန်းမှာ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ ပြောလာတာဖြစ်တယ်။ နောက်တခါ လွှတ်တော်ထဲ ‘တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင် ဆောင် ရွက်နေခြင်းဟာ အမျိုးသား နိုင်ငံရေး တာဝန် ထမ်းဆောင်နေခြင်းသာ‘ ဖြစ်တယ်လို့ ပြောတာကို ကြည့်ရင် စစ်တပ်ဟာ လွှတ်တော်ထဲမှာ ခပ်ကြာကြာနေမယ့် သဘောရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ သူ မသေခင် ဒီမိုကရေစီ ရမယ့်သဘောပြောထားတဲ့ စကားဟာ မင်းအောင်လှိုင်စကားကြောင့် ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ။ ကာချုပ်မိန့်ခွန်းကို လန့်သွားပုံရပြီး ဖာထေးတဲ့ အနေနဲ့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့စကားကို ပြောင်းသုံးလာရပုံရတယ်။

ကြောက်ရွံခြင်းမှ ကင်းဝေးရေးတရားတွေကို စာတတန် ပေတတန်ရေးဖွဲ့ပြီး လူတွေကို မကြောက်တရားတွေ ဟောခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် ကြောက်ရတာတွေ ရှိနေပြီ။ ဒါကို ကျနော်တို့ထက် စစ်အုပ်စုက ပိုတောင်မှ သိနေသလိုပဲ။ ခုရက်ပိုင်း စစ်အုပ်စု ကိုယ်စား လှယ်တွေ ပြောနေတဲ့ မိန့်ခွန်းတွေကို သေချာ ပြန်နားထောင်ကြည့်ပါ။ ကြံ့ဖွံ့ အတွင်းရေးမှုး ဌေးဦးက ဒီနေ့ ကျနော်တို့ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုပေါ့၊ သိပ်မြန်ဆန်တယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီနော်၊ နောက်ကြောင်းမပြန်ပါနဲ့ ဆိုပြီး ပြောနေတာတွေလည်း ရှိပါတယ်။ အဲဒိလို ရောက်လာအောင် ကျနော်တို့ ပါတီ လုပ်တာပဲ။ အောင်ဆန်းစုကြည် အခု ကျနော်တို့ ယုံတဲ့ လမ်းကြောင်းထဲရောက်လာတယ်ဆိုတာ ကျနော်တို့ ၀မ်းသာတာပေါ့’ လို့ပြောထားတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ စစ်အုပ်စု ချပေးထားတဲ့ ခွင်ထဲမှာပဲ ကစားရတော့မယ်ဆိုတာကို အထက်စီးကလေသံနဲ့ တိုင်းသိ ပြည်သိ ကမ္ဘာသိ အသိပေးလိုက်တာပဲ။

အပေါ်မှာ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ နောက်မညီတဲ့ အပြောတွေဟာ တကယ်တော့ စစ်အုပ်စု ခွင်ထဲမှာ ကစားနေရခြင်း ရဲ့ တိုက်ရိုက် အကျိုးဆက်တွေပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေ့ဘ၀ဟာ စစ်အုပ်စုကို တာဝန်ခံနေရတာဖြစ်ပြီး၊ စစ်အုပ်စု မကြိုက်တာ မလုပ်ရေး၊ မပြောရေး ဖြစ်နေပြီး လူထုအမြင်မှာတော့ ပြည်သူလူထုကို တာဝန်ခံထားရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပုံစံပေါက်အောင်၊ စစ်အစိုးရကို အလျှော့မပေးစတမ်းဆန့်ကျင်နေတဲ့ ခေါင်းဆောင်ပုံစံပေါက်အောင် ပြောနေရတဲ့အတွက် ခုလို ရှေ့ နောက်မညီမှုတွေကို တွေ့နေရတာဖြစ်တယ်။ ကိုယ့်လက်တွေ့ဘ၀ကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ဖွင့်ချ အသိမပေးမချင်း ဒီရှေ့ နောက်မညီမှုတွေကို ထပ်ထပ်ပြီး တွေ့လာရဖို့ပဲ ရှိတယ်။ လွှတ်တော်ထဲ ရောက်လာခဲ့ရင် ဒီရှေ့ နောက်မညီမှုတွေကို ပိုတောင်မှ တွေ့လာရစရာရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အင်အားကို အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ပိတ်ဆို့မှုလောက် အယုံအကြည် မရှိတာဟာ သူ့အားနည်းချက်လို ဖြစ်နေတယ်။ ကျမကိုယုံပါဆိုတဲ့ စကားကို ပြောပြောနေမယ့် အစား ပြည်သူလူထုအားကို ယုံလိုက်ပါလို့ မေတ္တာ ရပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စန်း၊ charisma ပဲခေါ်ခေါ် personality ပဲခေါ်ခေါ် အဲဒိစန်းကို ပြည်သူလူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို ဖွင့်ချတဲ့နေရာမှာ သုံးပြီး ဒီနည်းနဲ့ စစ်အုပ်စုကို ရင်ဆိုင်သင့်ပါတယ်။ လယ်သိမ်းခံ လယ်သမားတွေ၊ အနိုင်ကျင့်ခံရတဲ့ အောက်ခြေက အလုပ်သမားတွေရှေ့ က ဒေါ်အောင်ဆန်းစုကြည် မားမားမတ်မတ် ရပ်ပြသင့်ပါတယ်။ စစ်အုပ်စု အဖြည့်ခံ ဘ၀ရောက်ရဖို့ အရေးကိုပဲ အဖျားအနာခံပြီး အားသွန်ခွန်စိုက် လုပ်နေတဲ့ဘက်မှာ ထပ်ပြီးအချိန်ဖြုန်းမနေသင့်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ရံပုံငွေတွေ ဘယ်ကလာသလဲဆိုတာကို ချပြသင့်တယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုကိုပဲ တာဝန်ခံရမှာ ဖြစ်ပြီး ပါတီရံပုံငွေထည့်သူကို တာဝန်ခံစရာ မလိုပါ။ ပြည်သူလူထုက ကိုယ့်ကို ပေးထားတဲ့ မန်းဒိတ်ကို ခရိုနီတစု လက်ထဲမှာ အပေါင်ထားတာဟာ ကိုယ့်နဲ့ ကိုယ့်ပါတီအတွက် နိုင်ငံရေး အန္တရာယ် သိပ်ကြီးတယ်။

လက်ရှိ ပုံစံအတိုင်း သွားနေရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်မှာ နိုင်ငံရေး ထွက်ပေါက် လုံးဝ မရှိဘဲ ဖြစ်သွားနိုင်တယ်။ အထူးသဖြင့် သူ့ရဲ့ အဓိက bargaining chip ဖြစ်တဲ့ ဆန်ရှင်ကို အနောက်နိုင်ငံတွေက ရုပ်သွားပြီဆိုရင် လူထုအားကိုလည်း ပစ်ပယ်ထားပြီ၊ လူထု အားကလည်း တချိန်မှာကျဆင်းလာပြီ ဆိုရင် ကိုယ့်မှာ ဘာမှ ကျန်မှာ မဟုတ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရတဲ့ အနေအထားကို ရိပ်မိသိရှိသူအားလုံး တိုင်းပြည်နဲ့ ပြည်သူလူထု မျက်နှာထောက်ပြီး ကိုယ့်စိုးရိမ်မှုတွေကို off the record ပြောနေကြမယ့် အစား လူသိရှင်ကြား သတိပေးသင့်ပါပြီ။ တည့်မတ်စရာရှိ တည့်မတ်ပေးသင့် ပါပြီ။ နောင်အချိန်နှောင်းမှ ပြောမယ် ဆိုရင် တာဝန် မဲ့ရာ ရောက်ပါလိမ့်မယ်။

(မှတ်ချက်၊ မတင်ခင် ၀ိုင်းဝန်းထောက်ပြ အကြံပေးခဲ့သူ မိတ်ဆွေအားလုံးကို ကျေးဇူးပါ။)
ရေးသူ - Ko Watote

7 comments:

Anonymous said...

အသက်ဆုံးရှုံးသွားရတယ့် လူတွေကို အားနာနေမိတယ် ကိုပေါ။ မြန်မာပြည်ကြီးကို အာဏာရှင်တပိုင်း ဇတ်သွင်းကြတယ်ဆိုရင်တော့ သမိုင်းမှာမှတ်တမ်းဝင်ကြမှာပါပဲ။ ကိုယ်ယုံကြည်တာကို မမှိတ်မသုန်ဆက်ပြီး ရေးနေပြောနေတယ့် ကိုပေါကိုလဲ ကျနော်ကျေးဇူးတင်ပါတယ်။ ပညာတတ်တွေ ဖြစ်ပါလျက်နဲ့  မတွေးမမြင်တတ်အောင် ဖြစ်နေကြတာကိုတော့ ကျနော် စိတ်ပျက်နေမိတယ်။ Every country has the government it deserves.တယ့်။ အရင်တုန်းကတော့ မယုံဘူးကိုပေါ ကျနော်ခုတော့တဖြည်းဖြည်းနဲ့ လက်ခံလာတယ်။ quasi-democracy ကိုလက်ခံတယ့်လူတွေ quasi-democracy နဲ့ထိုက်တန်ပါတယ်။ နောက်ထပ်ပြောချင်တာတစ်ခုက သမ္မတကြီးနဲ့အစိုးရကိုဒီလောကလက်ခံနေကြတာ ဘာလို့ အလံတော်သစ်ကို ဘယ်စုစုဝေးဝေးမှာမှ မဝေ့ယမ်းကြပါလား။ Spain က သေသွားတယ် အာဏာရှင်ဟောင်း Franco ရယ့် စပိန်အလံလိုပဲ မြန်မာအလံသစ်ဟာ symbol of shame ဆိုတာ ကျနော်တို့ မသိစိတ်မှာ ရှိနေတာကို ဖုံးကွယ်နေကြမြင်တော့ စိတ်ထဲမကောင်းဘူး။

Anonymous said...

Did you listen Zagana's speech at LA, he had already mentioned that "Why Daw Aung San Su Kyi has to go for election". This is the best way we can find in this situation. Do you think NLD doesn't know the ground situation. Do you think NLD completely believe to Govt.

If you have better suggestion why don't you share or advise to NLD.

Anonymous said...

ဒီနေ့ဒေါ်စု ၄၅နေရာလုံးနိုင်ရင် ကိုပေါ ဘာ ပို့စမှ တင်မာ မဟုတ်။
တဝက်လောက် နိုင်ရင် ကိုဝတုတ် သို့ ၈၈ ဇော်မင်း တပုစ်၂ တင်ပါမယ်။
လုံးဝ မနိုင်ရင် ကိုပေါကိုယ်တိုင် ပျစ်၂နှစ်၂ (တွေ့ပြီ မှလား)လို့ ရေးတင်ပါမယ်။
ဒီအကွက်ကို စောင့်နေတာ ၂၂၆ရက်တောင်ရှိပြီလို့ ယူဆမိပါတယ်။ ပြည်သူ၁ယောက်အနေနဲ့ ဒေါ်စုရွေးကောက်ပွဲဝင်တာ ထောက်ခံတယ။် မျှော်လင့်ရတာ ဟာ မျှော်လင့်ချက်မရှိတာထက် ပိုနေပျော်ပါတယ်။ ဘာမှ မထူးတာထက် တခု၂ထူးဖို့ ပြည်သူတွေ မျှော်လင့်နေတာ ဒေါ်စုစည်းရုံးရေးခရီးစဉ်တွေမာ သူတို့ဘယ်လောက်အားပေးတယ်ဆိုတာမြင်နိုင်ပါတယ်။ (ဒီလူတွေကို တအိမ်တယောက် ထမင်းထုပ်နဲ့ ခေါ်ထားတာ မဟုတ်ပါ)
ကိုပေါ်လေသံက ၉၀တုန်းက နင့်ကိုရွေးပြီ:ပြီ ဘာမှဖြစ်မလာတာ နင်အသုံးမကျလို့လို့ပြောနေသလိုပါ။ ဒီလိုဆိုနိုင်ငံသားတိုင်းရဲ့တာဝန်ကို ခေါင်းဆောင်တယောက်ထဲကို ပုံချလိုက်သလိုပါ။ ပြည်သူ့အင်အားကို ယုံရမယ် ဘယ်လိုယုံရမလဲ ကျွန်မတို့တွေကို လမ်းပေါ်တက်ပြီ: အသေခံခိုင်းဦးမလို့လား။ ပြည်သူတွေက ဘယ်နေရာမာ ထပ်ပြီ:အင်အားပြရအုန်းမာလဲ ပြတော့ရော ဘာအကြောင်းထူးမလဲ ပြည်တွင်းမာ သေတော့ အဖမ်းခံရတော့ ကိုပေါတို့ ဇော်ဝင်းတို့ ဘာ လုပ်ပေးမာလဲ အမလေး စားဖို့တောင်အနိုင်နိုင် ကိုကျော်သူတို့အလုပ်ရှုပ်အောင်ကိုပေါပြောတဲ့ ပြည်သူ့အင်အား မပြပါရစေနဲ့
ကီးဘုတ်ပေါ်က စင်ကြားဖောကနေ ကျွန်မတို့ရဲ့ အနည်းငယ်မျှသော မျှော်လင့်ချကကလေးများကို ချေမွနေသော ကိုပေါသို့

ရတနာ

Anonymous said...

I see this as the desperate act of a bunch of pygmies who thinks they are giants trying to throw some dirt at giants but ending up putting sand in own eyes. Shame on you and for you loving horse shit, do not think that you can promote to others. Pathetic!

Anonymous said...

ဒီ Post ရေးတဲ့သူကို( ဒေါ်အောင်ဆန်းစုကြည်ကို Interview လုပ်တဲ့) media တွေကို ဒေါ်အောင်ဆန်းစုကြည်ကိုဗျူးသလိုမျိုးဗျူးစေချင်တယ်။ သူဘယ်လိုဖြေမလဲဆိုတာ အရမ်းသိချင်တယ်။Media တွေကို ဒေါ်စုတုံ့ပြန်သလိုမျိုးတုံ့ပြန်နိုင်တယ်ဆိုရင် ဒေါ်စုကို ဝေဖန်ထိုက်တဲ့ အရည်အချင်းရှိတယ်လို့ အမှတ်ပေးလို့ရပါတယ်။ န.အ.ဖ သတင်းစာတွေမှာ ဒေါ်စုကို ဆယ်စုနှစ်(၂)စုကျော်ဒီထက်ပိုပြီးရက်စက်တဲ့နည်းလမ်းတွေ၊အရေးအသားတွေနဲ့တိုက်ခိုက်ခဲ့တာဘာဖြစ်လို့ ဒေါ်စုကိုပြည်သူကမမုန်းတာပါလဲ။ မိန်းမတစ်ယောက်ဖြစ်ရဲ့သားနဲ့ဒီအသက်အရွယ်နဲ့ နိုင်ငံတကာကိုရင်ဘောင်တန်းပြီး ပေါ်ပေါ်ထင်ထင်တုံ့ပြန်ရင်ဆိုင်ဖြေကြားနေတဲ့အမျိုးသမီးကတော့ မြန်မာနိုင်ငံအတိုင်းအတာနဲ့အမေစုကလွဲပြီးမတွေ့ဘူးသေးတာအမှန်ပါပဲ။ ကျွန်မ YIT 1995 intake ပါ။ 97 မှာ YITအရေးအခင်းထပ်ဖြစ်ပါတယ်။ ကျောင်းပိတ်တယ်။ 98 မှာ ပြန်ဖွင့်၊ (၁၀) ရက်နဲ့ စာမေးပွဲစစ်၊ ၂၀၀၀ မှုာ ပြည်မှာ ပြန်ဖွင့်၊ စာသင်နှစ်(၂)နှစ်နဲ့ အတန်း (၃) တန်း ပြီးအောင်တက်ရပါတယ်။ ဆိုလိုချင်တာက စစ်အုပ်ချုပ်ရေးအောက်မှာ ကျွန်မတို့ အဆင်ပြေသလို အလိုက်သင့်နေခဲ့ကြရတာပါ။ ကျောင်းပြီးတော့လဲ သူငယ်ချင်းတွေ ပြည်ပထွက်ခဲ့ကြတာ ကိုယ်လဲထွက်ချင်ပေမယ့် မိဘကလဲမတတ်နိုင်၊ ကိုယ်ကိုယ်တိုင်ကြိုးစားခဲ့ပေမယ့်လဲ ခရီးမပေါက်ခဲ့လို့ ဝန်ထမ်းဝင်လုပ်ခဲ့ရပါတယ်။ အစိုးရပိုင်စက်ရုံကြီး(၁)ရုံမှာ အရာရှိဖြစ်ခဲ့ပါတယ်။ အဲဒီတော့ အစိုးရအကြာင်းမကောင်းရေးမယ်ဆိုရင် စစ်သားလူထွက်အရာရှိတွေအကြောင်းရေးမယ်ဆိုရင်ကျွန်မ ပိုပြီးပီပီပြင်ပြင်ရေးမယ်ဆိုရင်ရေးနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်လေ၊ ဒီ Post ကို ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည် Topic ကိုရွေးထားတာဆိုတော့ သူမရဲ့ လုပ်ရပ်ကို မမှန်ဘူးလို့ ရဲရဲယုံကြည်နေသူဆိုရင်တော့၊ မြန်မာပြည်ပြန်ပြီး မြန်မာပြည်သူလူထုကို နဖုးတွေ့ဒူးတွေ့ စည်းရုံးလှုံ့ဆော်ပါ၊ ငါးမင်းဆွေလိုပေါ့ရှင်။
ပြည်ပရောက်နေတဲ့ကျွန်မရဲ့သူငယ်ချင်းတွေအားလုံးကတော့ (ကျွန်မအပါအဝင်)ဒေါ်စုကိုအကြွင်းမဲ့ထောက်ခံကြတယ်ရှင်။ လောကမှာသူများကိုဝေဖန်ရတာလောက်လွယ်တဲ့အလုပ်မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်လာရကောင်းလား ဆိုပြီးတကယ်အလုပ်လုပ်ပြီး၊အရည်အချင်းရှိ၊အနစ်နာအပင်ပန်းခံ တဲ့ခေါင်းဆောင်(၁)ယောက်ကိုတော့ ဘာမှအသုံးမကျသလိုမျိုး ဝေဖန်တာကတော့ န.အ.ဖ လမ်းစဉ်ကို လိုက်တာပါပဲ။ ကျွန်မ comment လေးကိုဖော်ပြမယ်ဆိုရင် မနက်ဖြန် ကျွန်မထပ်ရေးပါအုံးမယ်။

Anonymous said...

ကိုပေါအနေနဲ့ တိုင်းပြည်အတွက် သူတို့တတ်အားသမျှလုပ်နေတဲ့ အန်တီစုတို့ကို ထိုင်ပြီးတိုက်ခိုက်နေမယ့်အစား ဘယ်လိုလုပ်သင့်တယ်..ကိုပေါဆီမှာ တိုင်းပြည်အတွက် အခုအန်တီစုရွေးထားတဲ့လမ်းထက် ပိုကောင်းမယ့်နည်းလမ်းဘာတွေ ရှိနေတယ် ဘာတွေဆက်လုပ်သင့်တယ် စသည်ဖြင့် တခုခု အကြံဥာဏ်ပေးတာမျိုးကိုပဲ ရေးပါလို့ အမာခံစာဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ့ တောင်းဆိုပါတယ်....ခုကိုပေါ တင်နေသမျှဆောင်းပါးအားလုံးဟာ ကျွန်မတို့လို ကိုပေါရဲ့အတွေးအမြင်ကို လေးစားတဲ့စာဖတ်ပရိတ်သတ်အတွက် စိတ်ပျက်စရာတွေ ချည်းဖြစ်နေပါတယ်...ကိုပေါနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်......
လေးစားစွာဖြင့်
သင်ဇာ

Anonymous said...

Ko Paw
I respect u.Most people worship her personally.they have no brain.U dont know how to make fllms but u have the right to critic.This is democracy.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs