မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၃)

ပြီးခဲ့သော အပိုင်း(၁) နှင့် အပိုင်း(၂) တွင် မြန်မာ့နိုင်ငံရေးအား လက်ရှိအခြေအနေသို့ တွန်းပို့ခဲ့သော လူထုအုံကြွမှုကြီးနှစ်ခုအကြောင်းကို ရေးခဲ့ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးတွင် မြန်မာစစ်အစိုးရသည် ပြည်သူလူထု၏ ဒီမိုကရေစီအပေါ်လိုလားသည့်ဆန္ဒနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုတို့ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ပြသရမည့် အခြေအနေသို့ နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့သည်။

ပြည်သူလူထု လိုလားသည့် ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ လွတ်လပ်၍ တရားမျှတမှုရှိသော၊ ပြည်သူလူထု၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသော၊ တရားဥပဒေ စိုးမိုးမှုရှိသော၊ ငြိမ်းချမ်းသော၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စအဝဝတွင် ပြည်သူ့အကျိုးအတွက် အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်သော၊ အစိုးရရုံးဌာနအသီးသီး နှင့် ရာထူးအဆင့်ဆင့်တွင် အကျင့်ပျက်လာဘ်စားခြင်းကင်းသော နိုင်ငံရေးစနစ်တရပ်ကို လိုလားကြခြင်းဖြစ်ပါသည်။ လူအများစုဆန္ဒနှင့် အုပ်ချုပ်ရသော ဒီမိုကရေစီစနစ်ကို လိုလားတောင့်တကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများသည် ပြည်သူလူထုလိုလားသော နိုင်ငံရေးစနစ်သို့ ကူးပြောင်းရန်အခြေအနေသို့ ဆိုက်ရောက်နေခြင်း ရှိမရှိ ဆိုသည်ကို ဆန်းစစ်ရန် လိုပါသည်။ ရှေးဦးစွာ လက်ရှိနိုင်ငံရေးစနစ်နှင့် လက်ရှိအာဏာရအစိုးရ အပေါ်ကျနော့်အမြင်ကို တင်ပြလိုပါသည်။

လူထုအုံကြွမှုများနှင့် အထွေထွေ ကြပ်တည်းမှုများ၏ ဖိအားပေးမှုကြောင့် စစ်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ရမည့်အခြေသို့ ဆိုက်ရောက်လာရသော်လည်း အာဏာရှင်တို့မည်သည် အာဏာကို အလွယ်တကူ လက်လွှတ်ပေးရိုးထုံးစံမရှိ၊ နောက်ဆုံးအချိန်အထိ ကျားကုတ်ကျားခဲ ဖက်တွယ်ထားတတ်သည့် သဘောသဘာဝရှိသည့်အတိုင်း စစ်အစိုးရသည်လည်း အာဏာကို ဆက်လက်ဖက်တွယ်ထားရန် ကြိုးပမ်းမှုကြီးတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးတွင် (နှစ်ပေါင်းများစွာ မပြီးနိုင် မစီးနိုင်၊ ရပ်ချည်နားချည် ကျင်းပပြုလုပ်နေသော အမျိုးသားညီလာခံ) ညောင်နှစ်ပင်ညီလာခံအား ကတိုက်ကရိုက် ပြန်လည် ခေါ်ယူကျင်းပကာ စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့အလိုကျ အပြီးသတ် ရေးဆွဲစေခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ်၊ မေလ တွင် ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ထိုအခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုခဲ့ပါသည်။ အတင်းအကြပ်ဟု သုံးနှုန်းရသည်မှာ ထိုဆန္ဒခံယူပွဲ၏ လွတ်လပ်မှုမရှိပုံ၊ ပွင့်လင်းမြင်သာမှုမရှိပုံ၊ တရားမျှတမှုမရှိပုံကို မြန်မာသိ၊ ကမ္ဘာသိ ဖြစ်သောကြောင့်ပင်တည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ လိုလားတောင့်တချက်များကို ဖြည့်ဆီးပေးနိုင်ခြင်း အလျှဉ်းမရှိသည့် အခြေခံဥပဒေဖြစ်ပါသည်။ နိုင်ငံတော်အာဏာသည် ပြည်သူလူထုထံက မဆင်းသက်ဘဲ စစ်ကောင်စီနှင့် စစ်ဦးစီးချုပ်ထံတွင်သာ တည်နေသဖြင့် ဒီမိုကရေစီစနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတခု ဖြစ်နေလေသည်။ လူထုဆန္ဒခံယူပွဲမတိုင်မီကဆိုလျှင် ထိုအခြေခံဥပဒေကို ဆန့်ကျင်ကြသည့်အနေဖြင့် “စစ်ကျွန်အဖြစ် နွံနစ်မခံ”ဟူသော ကြွေးကြော်သံများနှင့်ပင် ဆန့်ကျင်ခဲ့ကြပါသည်။

စစ်အစိုးရသည် ၄င်းတို့အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံမျှနှင့် မတင်းတိမ် မပြည့်စုံနိုင်သေး။ ထိုဖွဲ့စည်းပုံကို အသက်သွင်းပေးမည့် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကို ကျောထောက်နောက်ခံပြုသည့် ကြံဖွံ့ပါတီ အနိုင်ရရှိရေးသည်လည်း ၄င်းတို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလေသည်။ ထို့ကြောင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း အလျဉ်းကင်းသော ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကို ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်ကြေညာလိုက်ခြင်းအားဖြင့် ပြိုင်ဖက်များကို အပိုင် ချည်ပြီးတုပ်ပြီး စီမံလိုက်ပြန်သည်။ ထိုဥပဒေများတရားမျှတခြင်း အလျဉ်းကင်းသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုစဉ်က ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းများကို မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဦးဉာဏ်ဝင်းမှတဆင့် ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုစဉ်က ထိုသဘောအတိုင်းပင် ရှိခဲ့ကြောင်း သိရပါသည်။

တဖန် ၂၀၁၀ ရွေးကောက်ပွဲကိုယ်၌သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ခေါ်ဆိုရန် အင်မတန် ခဲယဉ်းလှကြောင်း တွေ့ရသည်။ မိုးပေါ်က ကျလာသော ကြိုတင်မဲများ၊ မဲသမာမှုများ၊ ဖိအားပေး မဲထည့်ခိုင်းမှုများ စသဖြင့် မသမာမှုများနှင့် ပြည့်နှက်နေသော ရွေးကောက်ပွဲကြီးမျှသာ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွံ့စည်းပုံအခြေခံဥပဒေတည်းဟူသော ကျားသေကို စတင်အသက်သွင်း မန်းမှုတ်ပေးသည့် ဂါထာမန္တန်တခုဆိုလျှင် မှားမည်မထင်။

အချုပ်အားဖြင့်ဆိုရသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုဆန္ဒအတိုင်း ရွေးဆွဲထားသည့် ဖွဲ့စည်းပုံမဟုတ်၊ နိုင်ငံတော်အာဏာသည်လည်း ပြည်သူ့ထံမှ မဆင်းသက်၊ ဒီမိုကရေစီစနစ်နှင့်လည်း မညီညွတ် စသင့် အင်္ဂါဆိုးများနှင့်သာ ပြည့်နှက်နေသည့် အခြေခံဥပဒေဆိုးကြီးတရပ်သာဖြစ်ပါသည်။ တဖန် ယခုလက်ရှိအာဏာရအစိုးရသည်လည်း မတရားသည့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေ၊ မတရားသည့်ရွေးကောက်ပွဲဥပဒေ၊ တရားမျှတမှုမရှိသည့်ရွေးကောက်ပွဲ တို့အားကိုးဖြင့် အာဏာရလာသည့် အစိုးရဖြစ်နေပြန်ပါသည်။ ထိုတဖက်သတ်ရေးဆွဲထားသည့်ဖွဲ့စည်းပုံနှင့် ထိုမတရားသဖြင့် အာဏာရလာသည့် အစိုးရတို့ အကြောင်းဆက် ပေါင်းဖက်ပြီး အဖက်ဖက်က ယိုယွင်းနေသာ တိုင်းပြည်ကို အုပ်ချုပ်နေသည်မှာ ယနေ့လက်ရှိ မြန်မာ့နိုင်ငံရေး၏ အခြေအနေမှန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် လက်ရှိအခြေအနေသည် နိုင်ငံရေးစနစ်အရလည်းကောင်း၊ အုပ်ချုပ်သောအစိုးရ အနေဖြင့်လည်းကောင်း၊ ပြည်သူလူထု လိုလားတောင့်တနေသော အခြေအနေတရပ်သို့ ရောက်ရှိနေခြင်း အလျှဉ်းမရှိသေးဟုသာ သုံးသပ်ရပေတော့မည်။

ဤကား လက်ရှိမြန်မာ့နိုင်ငံရေးစနစ်နှင့် လက်ရှိအာဏာရအစိုးရအပေါ် ကျနော်၏ အမြင်ဖြစ်ပါသည်။ ရှေ့လာမည့် အပိုင်း(၄)တွင် လက်ရှိမြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲသို့ ဦးတည်နေပြီလောဟူသော မေးခွန်းအပေါ် ကျနော်၏ အမြင်ကိုလည်းကောင်း၊ အပိုင်း(၅)တွင် အနာဂတ်တွင် ဖြစ်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ကျနော်၏ မှန်းဆချက်များကို ဆက်လက်ရေးသားပါဦးမည်။

(မှတ်ချက်။ ။ ယခု သီတင်းပတ်များအတွင်း ရုံးချိန်ပြင်ပ အလုပ်အင်မတန်များနေသဖြင့် ကွန်ပြူတာရှေ့တွင် စာထိုင်ရေးချိန် တနာရီပြည့်အောင်ပင် မရနိုင်အောင် ဖြစ်နေပါသည်။ သွားရင်းလာရင်း လက်ကိုင်ဖုန်းပေါ်တွင် ဖေ့စ်ဘွတ်ဝင်၊ သတင်းဖတ် လုပ်ရပါသည်။ ထို့ကြောင့် အပိုင်းများခွဲပြီး နည်းနည်းချင်းရေး၊ ဖြည်းဖြည်းချင်းတင် ခြင်းမျှသာ ပြုနိုင်ပါကြောင်း ဘလော့ဂ်ဖတ်သူများအား ကြိုတင်အသိပေးအပ်ပါသည်။)

(ဆက်ရန်)
Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၂)


မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၁) တွင် လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားသော ဖြစ်ရပ်နှစ်ခုကို ထောက်ပြခဲ့ပါသည်။ ရှစ်လေးလုံးလူထုအုံကြွမှုကြီးသည် မြန်မာ့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းဆီသို့ သွားရောက်ရန် စတင်ဦးတည်ပေးလိုက်နိုင်သည်ဆိုသည်မှာ ပထမဖြစ်ရပ် ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးကြီးသည် ဒီမိုကရေစီစနစ်သို့ သွားရန် အချိန်ဆွဲဈေးဆစ်နေသော စစ်အာဏာရှင်အစိုးရအား ထပ်မံအချိန်မဆွဲဝံ့တော့စေရန် သံချွန်ဖြင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးဖြစ်သည်ဆိုသည်မှာ ဒုတိယဖြစ်ရပ် ဖြစ်ပါသည်။

ထို့ပြင် အမေရိကန်နှင့် ဥရောပသမဂ္ဂ(EU)တို့မှ တဖက်သတ်ချမှတ်ထားခဲ့သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် စစ်အစိုးရအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်ကို ယနေ့အခါတွင် ထင်ရှားခဲ့ပြီ ဖြစ်သည်။ မကြာမီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အနေနှင့် ကုလသမဂ္ဂတွင် စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းပေးရေးအတွက် လူသိရှင်ကြား တောင်းပန် တိုက်တွန်းနေရသည်ကို သတိပြုမိစေလိုပါသည်။ စစ်တပိုင်းအစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည် ရုတ်သိမ်းပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်နွှဲနေခြင်းများကို ရှေးဦးစွာ မဖြစ်မနေ ဖော်ဆောင် ပြုလုပ်ပြခြင်းမှ လွဲ၍ အခြားရွးချယ်စရာ နည်းလမ်းမကျန်တော့ပါ။ မကြာမီ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်းများကို ပြုလုပ်ရဖွယ် ရှိပါသည်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် အရာမရောက်ဟူသော အဆိုသည် မှန်ကန်မှုမရှိဆိုသည့်အချက်ကို ဆင်ခြင်သတိပြုရန်ဖြစ်ပါသည်။

ယခုဆက်လက်၍ လက်ရှိနိုင်ငံရေးအခြေအနေကို မဖော်ပြမီ ယင်းအခြေအနေသို့ရောက်အောင် တွန်းပို့သော ဖိအားအချို့အနက် လူထုအုံကြွမှုများအကြောင်းကို အနည်းငယ် ထပ်မံ တင်ပြလိုပါသည်။

လူထုအုံကြွမှုများ

လူထုအုံကြွမှုများသည် ပြည်သူလူထုခံစားနေရသော အထွေထွေအကြပ်အတည်း ဒုက္ခအဝဝနှင့် ပြည်သူလူထု၏ မွန်းကြပ်မှုကို ရောင်ပြန်ဟပ်သည့် ဖြစ်ရပ်ကြီးများပင် ဖြစ်သည်။ ပြည်သူလူထု၏ အကြပ်အတည်းများကို အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခါ နှင့် ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို အနှစ်နှစ်အလလ ဖိနှိပ်ချုပ်ခြယ်တားမြစ်ထားသည့်အခါ နောက်ဆုံးတွင် မီးတောင်သဖွယ် ပွင့်အံပေါက်ကွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကျေနပ်မှု၊ မွန်းကြပ်မှု လောင်စာ များဖြင့် ပြည့်နှက်နေသော လူ့အဖွဲ့အစည်းတရပ်တွင် ထိုသို့ ပေါက်ကွဲထွက်လာရန်မှာ ပြဿနာမီးပွားကလေးတစသာ လိုအပ်ပေသည်။ တူနီရှားတွင်ဖြစ်ပေါ်ခဲ့သော လမ်းဘေးမှ သစ်သီးရောင်းသူတယောက် မိမိကိုယ်ကို သတ်သေရန်ကြိုးစားမှု ဖြစ်ရပ်၊ ၁၉၈၈ ခုနှစ်တွင် ငွေစက္ကူများကို တရားမဝင်ကြေညာခဲ့သည့် ဖြစ်ရပ်၊ ၂၀၀၇ ခုနှစ်တွင် အစိုးရက လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ခဲ့သည့်ကိစ္စ များသည် ပေါက်ကွဲမှုကို အစပြုခဲ့စေသော မီးပွားဥပမာများဖြစ်သည်။

အလားတူပင် ပြည်ပတွင်ဖြစ်ပွားသော တော်လှန်ရေးလှိုင်းများရိုက်ခတ်သဖြင့်လည်း ပြည်တွင်းသို့ကူးစက်ကာ လူထုအုံကြွမှုများ ဖြစ်နိုင်ပါသေးသည်။ ၁၉၈၈-၉၀ များဆီက ဖြစ်ခဲ့သော တရုတ်တီယန်နာမင်ရင်ပြင်တော်လှန်ရေးမှသည် ရိုမေးနီးယားအလယ်၊ အရှေ့ဂျာမဏီအဆုံး ကမ္ဘာတလွှားမှ တော်လှန်ရေးများသည်လည်းကောင်း၊ ယခုအခါ အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော တော်လှန်ရေးလှိုင်းများသည်လည်းကောင်း ပြည်တွင်းအခြေအနေ တင်းမာ ပေါက်ကွဲလုဖြစ်နေသည့်အပေါ်တွင် ပြည်ပလှုပ်ရှားမှုများမှ ပြည်တွင်းသို့ ကူးစက်ဖြစ်ပေါ်သော အုံကြွမှုများဖြစ်ပါသည်။

လူထုအုံကြွမှုကို ဖော်ဆောင်ခြင်း၊ အရှိန်မြှင့်ခြင်း

မည်သည့်လူထုအုံကြွမှုမဆို စတင်လှုံ့ဆော်မည့်သူများ၊ အားကောင်းလာစေရန် အရှိန်မြှင့်တွန်းအားပေးမည့်လူများ မဖြစ်မနေလိုအပ်ပါသည်။ ရှစ်လေးလုံးအရေးအခင်းတွင် ကျောင်းသားဆန္ဒပြမှုများသည် ရှေ့ပြေးလှုပ်ရှားမှုများဖြစ်သလို၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ၏ အဖြူရောင်လှုပ်ရှားမှု၊ လမ်းလျှောက်ပွဲများ၊ မစုစုနွေး၊ ကိုထင်ကျော်၊ ကိုအောင်ဖေ စသည့် တက်ကြွဆန္ဒပြသူများ၏ ဆန္ဒပြလှုံ့ဆော်မှုများ၊ ရဟန်းပျိုများသမဂ္ဂတို့၏ လှုပ်ရှားမှုများသည် ရှေ့ပြေးလှုပ်ရှားမှုများဖြစ်ပါသည်။

ပြည်ပမှ လွတ်လပ်သော သတင်းမီဒီယာများ၊ ပြည်တွင်းမှ စီတီဇင်ဂျာနယ်လစ် များနှင့် ပြည်သူ့ဖက်က ရပ်တည်လိုသည့် လူသိများထင်ရှားသော အနုပညာရှင်များ၊ စာရေးဆရာများ၊ သတင်းစာဆရာများကြောင့်လည်း လူထုအုံကြွမှုများကို အရှိန်မြင့်တက်စေခဲ့ပါသည်။

ယနေ့နိုင်ငံရေးအကျိုးဆက်များသည် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတို့၏ အကျိုးဆက်ဖြစ်သည့်အလျောက် ထိုစဉ်က တက်ကြွစွာ ဦးဆောင်ခဲ့ကြသော ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသော ရဟန်ရှင်လူအပေါင်းသည် လွတ်လပ်သော အနာဂတ် မြန်မာ့သမိုင်းတွင် သူရဲကောင်းများအဖြစ် မော်ကွန်းတင် ကျန်ရစ်ပေလိမ့်မည်။

လူထုအုံကြွမှုများအပေါ် အာဏာရှင်များ၏ တုန့်ပြန်မှု

လူထုအုံကြွမှုများအပေါ် အာဏာရှင်တို့၏ ကနဦး တုန့်ပြန်မှုများမှာ အမြဲတစေဆိုသလို တူညီလေ့ရှိကြသည်။

ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွဲခြင်း၊ ဆန္ဒပြသူများကို အကြမ်းဖက် ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်း၊ တန်ပြန်ဆန္ဒပြသည့်အဖွဲ့များစေလွှတ်ကာ ရုန်းရင်းဆန်ခတ်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားအောင် ဖန်တီးခြင်း၊ ဆန္ဒပြပွဲအတွင်း အတိုက်အခံဖက်မှ ဦးဆောင်သူများကို ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်း စသည့် တုန့်ပြန်မှုများဖြင့် တုန့်ပြန်ကြသည်ချည်း ဖြစ်ပါသည်။

သို့သော် ထိုတုန့်ပြန်မှုများမှာ လူထုအုံကြွမှု၏ အကြောင်းရင်းဖြစ်သော အထွေထွေကြပ်တည်းမှုပြဿနာများကို နည်းလမ်းမှန်စွာ ဖြေရှင်းခြင်းမဟုတ်၍ လူထု၏ မကျေနပ်မှုသည် ပိုမိုကြီးထွား၍သာ လာပါသည်။ ထိုအခါမျိုးတွင် အာဏာရှင်အစိုးရများအနေဖြင့် လူထုအားနှစ်သိမ့်ရန် ဟန်ပြအပြောင်းအလဲများကို ပြုလုပ်လာတတ်ပါသည်။

လက်ရှိအာဏာရှင်အစိုးရသည် အရပ်သားအစိုးရပုံစံဖြင့် တည်ရှိနေပါက အစိုးရအဖွဲ့ခေါင်းဆောင်သည် နှုတ်ထွက်ပေးပြီး ၄င်းယုံကြည်စိတ်ချရသောသူကို အစားထိုးခန့်အပ်ခြင်း၊ သို့တည်းမဟုတ် ရွေးကောက်ပွဲကျင်းပပေးမည်ဆိုကာ မိမိအားထောက်ခံသူများသာပြည့်နှက်နေသည့် ပါတီကို အနိုင်ရစေရန် စီမံပေးခြင်း၊ အခြေခံဥပဒေကို ဟန်ပြပြောင်းလဲပေးခြင်း စသည့် ဟန်ပြအပြောင်းအလဲများကို ပြုလုပ်တတ်ပါသည်။ လက်ရှိအာဏာရှင်အစိုးရသည် စစ်အစိုးရပုံစံဖြင့် တည်ရှိပါက အရပ်ဝတ်သို့လဲကာ ပါတီတရပ်ထူထောင်လျက် အရပ်သားအစိုးရအသွင်ဖြင့် ပြောင်းလဲအုပ်ချုပ်ခြင်းတို့ကို တွေ့ရပါသည်။

သို့သော် ထိုဟန်ပြအပြောင်းအလဲများနောက်ကွယ်တွင်မူ အာဏာရှင်အစိုးရက အာဏာကို ရေရှည်သဖြင့် ဆက်လက်စွဲကိုင်နိုင်စေရန် အစီအမံများကိုထည့်သွင်း၍ ပြုလုပ်တတ်ကြောင်း တွေ့ရလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သော ၂၀၀၈ ခုနှစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင်ဥပဒေတို့သည် စစ်တပ်မှ အာဏာကို အရှည်သဖြင့် ဆက်လက်စွဲကိုင်နိုင်ရန် စီမံရေးဆွဲခဲ့သော ဥပဒေများအဖြစ် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

(ဆက်ရန်)
Read more

“ပြောင်းမှ ပြောင်း”


မိုးလေဝသ
အစိုးမရပေမယ့်
ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲမို့
ပြောင်းလုပ်တော့မလို့တဲ့….။

ပြောင်းအမျိုးမျိုး….
ပဲအမျိုးမျိုး…
ဆေးအမျိုးမျိုး…
တနှစ်တမျိုး မရိုးစေရ။

ဒါပေါ့လေ….
နှံစားချိန် နှံစား။ (နှံစားပြောင်း = နွားကျွေးရသည့် ပြောင်းတမျိုး)
ပြောင်းချိန် ပြောင်းရမှာပေါ့။

ပြောင်းစေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ…တဲ့။
လွယ်ပါတယ်ဗျာ။
ပြောင်းစေ့တွေ ပြည်တောင်းထဲထည့်ပြီး
နည်းလမ်းတကျ ချင်တွယ်လိုက်ပေါ့။

ပြောင်းချိန်ဆိုပြီး
ပြောင်းရွက်လိုသူများ
ပြောင်းရိုးလားကွာ…
ပြောင်းနှံလားကွာ…
ပြောင်းဖူးလားကွာ…
သေသေချာချာ လိုတာစဉ်းစား။
ပြောင်းရွက်လိုတယ်ပြောပြီး
ပြောင်းနှံဆိုရင်တော့
ပေါင်းလန်အောင်လာပေးလည်း
ဗြောင်းဆန်အောင်သာ ငြင်းလိုက်ပါ။

တချို့ကလည်း
ပြောင်းဖူးဆိုမှ ပြောင်းဖူး။
ပြောင်းဖူးချင်းတူရင်တောင်
ပြုတ်ဖူးမှ ပြုတ်ဖူးလေကွာ…တဲ့။

ထားပါလေ…ဒါက တကဏ္ဍ။

“ပြောင်းလဲမယ့်အခြေ” ကနေ
“ပြေးလဲမယ့်အချောင်” ဖြစ်မှာစိုး။

“အပြုသဘောဆောင်”ရင်းနဲ့
“အပြောင်သဘောဆု”တွေနောက်ကို လိုက်မိမှာစိုး။

အချိန်တန်ရင် နပိန်ကန်မတဲ့။ (နပိန် = နွားပိန်)
အချိန်တန်တဲ့အခါ
နပိန်မှာ ကန်ဖို့ ခွန်အား မကျန်မှာစိုး။

“မျှော်တလင့်လင့်” ဆိုတဲ့ ဝေါဟာရအစ
ရွှေဥဒေါင်းက….တဲ့။
ဒါဆို “ခဏကြီး” အစ
လူထုစိန်ဝင်းက… ပေါ့။

ခဏကြီးနဲ့ ခဏလေးတို့ရယ်
ဖြေးဖြေးကွယ့်ဖြေးဖြေး။

ဝတ်ပြုဆုတောင်းတာတောင်
လူယဉ်ကျေးတို့လုပ်ရပ်မဟုတ်ဘူးရယ်လို့
ကလော်အတုပ်ခံရတဲ့ ခေတ်ဆွေးခေတ်ပျက်ကြီးထဲ
နားရွက်ကလေးမျှတောင်
မလှုပ်ဝံ့အောင်ပါပဲလားနော်။

နော်အုန်းလှတို့ စိတ်ထဲမှာတော့….
ပြည်သူ့လွှတ်တော်….
ဖမ်းထားတဲ့ ပြည်သူတွေကို လွှတ်ပေးပါတော်…။
အမျိုးသားလွှတ်တော်
ဖမ်းထားတဲ့ အမျိုးသား(အမျိုးသမီး)တွေကို လွှတ်ပေးပါတော်….။
အဲသလို တကြော်ကြော် အော်နေမလားမသိ။

ဓါးစားခံလွတ်မြောက်ရေးအတွက်
တန်ဘိုးကြီးပေး ပြန်ရွေးယူရတာများ
ပြန်ပေးသမားကို ကျေးဇူးတင်သူတွေ ရှိသေးသဟ။
အို… အသင်လောက။
ကတညုတ တရားတွေ
ဘုန်းပေါလအော ပေါများလှချေတကား။

အပစ်အခတ် ရပ်စဲရေးလား
ပျစ်ပျစ်နှစ်နှစ် ရပ် ဆဲရေး လား။
အခုပဲ ရပ်လိုက်၊ အခုပဲ ပစ်လိုက်၊ အခုပဲ ဆဲလိုက်
အဲဒါတွေကို မယုံဘူးဟေ့။

ရာဇဝင်များရဲ့သတို့သမီးကို
အိမ်နီးချင်းက မုဒိန်းကျင့်တဲ့ကိစ္စမှာ
“ငါသာအမိ၊ ငါသာအဖ” ဆိုသူတွေက
ငွေစမျက်နှာ ထောက်ထားပြီး
တဟီးဟီးနဲ့ ခွင့်ပြုခဲ့သမျှ
မရှူနိုင်မကယ်နိုင်ဖြစ်လာမှ
ခဏလောက်တော့ နားထားမယ်နော်တဲ့….
သြော်…တော်တော်လည်းကျလောက်တဲ့ ဖအေ။

ဖအေလား၊ ပထွေးလား
မင်းသားလား၊ လူကြမ်းလား
သူတော်စင်လား၊ ဂုံးရုပ်လား…..။
၂၃ နှစ်လုံးလုံး
အမိုက်ဖုံးခဲ့တဲ့ သူယုတ်မာက
တခဏအတွင်း
ချက်ချင်းပြောင်းချင်တယ်ဆိုရုံမျှနဲ့
အကောင်းမြင်ဝါဒကိုကိုင်စွဲ
ရဲရဲကြီးယုံလိုက်ကြပြန်တယ်။

တကယ်ပြောင်းမှ
သူတော်ကောင်းမှတ်ပါကွယ်ရို့။
ဖွတ်ထွက်မှ တောင်ပို့မှန်းသိကြရင်
ကျောချမှ ဓားပြမှန်းသိကြရင်
အမှတ်မရှိတဲ့ မိအေးလို
တွေးတွေးပြီး နာကြရပါလိမ့်ဦးမယ်။

သတိတမံ ဉာဏ်မြေကတုတ်နဲ့
လူရှုပ်တွေရဲ့ အရူးလုပ်ခံရခြင်းကို
ရှောင်ကွင်းနိုင်ကြပါစေသော်။

ကိုပေါ
၎ အောက်တိုဘာ ၂၀၁၁။
Read more

" ဒီခေတ် "


" ဒီခေတ် "

နောက်ဖေးလမ်းကြားထဲ
တဘုတ်ဘုတ်ပြစ်ချခံနေရတဲ့
ယုံကြည်ချက်တွေကို
ပလပ်စတစ်ကောက်သလို
လိုက်ကောက်နေရတဲ့ခေတ်။

Pragmatic မြောင်းကြီးထဲ
ကိုင်စွဲခဲ့တဲ့ တန်ဖိုးတွေ၊
ခိုင်မာခဲ့တဲ့ ရပ်တည်ချက်တွေ၊
ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ၊
အထွေးလိုက် အပြုံလိုက်မျောပါနေတာကို
ငေးကြည့်နေရတဲ့ခေတ်။

ရေးသူ - MDP
Read more

မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင် (၁)

ကျနော်သည် စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (ပီအာ)ကို ကိုင်ဆောင်လျက် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော မြန်မာနိုင်ငံသားတဦးဖြစ်ပါသည်။ ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်၏ အခြေအနေကို ပြည်လည်သုံးသပ်ကြည့်သောအခါ မြန်မာနိုင်ငံ၏ အတိတ်နှင့် လက်ရှိပစ္စုပ္ပာန်အခြေအနေတို့မှာ နိုင်ငံသားတယောက်အနေနှင့် ကျေနပ်လက်ခံနိုင်သည့် အနေအထားများတွင်မရှိခဲ့/မရှိနေဟု ထင်မြင်ယူဆပါသည်။

အဓိက ကျေနပ်လက်ခံနိုင်ခြင်းမရှိသည့် အခြေအနေများမှာ…

(၁) မြန်မာနိုင်ငံသားတယောက်အနေနှင့် လွတ်လပ်မှုအဝဝ ဆုံးရှုံးနေခြင်း
(၂) အာဏာပိုင်လူတန်းစား၏ ဖိနှိပ်မှုကို အစဉ်သဖြင့် ကြောက်ရွံ့နေရခြင်း
(၃) နိုင်ငံသားတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူနေမှုအဝဝမှာ နိမ့်ပါးဆုတ်ယုတ်နေခြင်း

တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်တခု အမြစ်တွယ်ကာ ရှင်သန်နေခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပေါ်ပေါက်လာရသော ဆိုးကျိုးများဟု ယူဆပါသည်။

ပြည်တွင်းတွင်နေထိုင်သည်ဖြစ်စေ၊ ပြည်ပတွင်နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားတဦးဖြစ်နေသရွေ့ ဤအချက်များကြောင့်ဖြစ်ပေါ်လာသော မကောင်းသောအကျိုးဆက်များ၏ ရိုက်ခတ်မှုကို အစဉ်သဖြင့် ခံစားနေရမည်သာဖြစ်သည်။ ကျနော့်တို့အနေဖြင့် ဤ မနှစ်မြို့ဖွယ် အခြေအနေကို မတွန်းမလှန် အားမာန်လျှော့၍ ခေါင်းငုံ့လည်စင်းခံမည်လား။ သို့တည်းမဟုတ် အခြေအနေကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမည်လား ဟူသော ရွေးချယ်စရာ လမ်းနှစ်သွယ်ကို ကြုံတွေ့ကြရပါသည်။ ကျနော်အနေဖြင့် ပြုပြင်ပြောင်းလဲပစ်ရန် ကြိုးစားသင့်သည်ဟူသော အမြင်ကို လက်ခံသူဖြစ်ပါသည်။ လက်ရှိအကြပ်အတည်းအပေါ်တွင် မှီခို၍ အကျိုးစီးပွားဖြစ်နေသူ လူအနည်းငယ်မှလွဲလျှင် ကျန်သော နိုင်ငံသားအများစုမှာ ကျနော်ကဲ့သို့ပင် ပြုပြင်ပြောင်းလဲရန်ကို အလိုရှိသူများသာ ဖြစ်ကြလိမ့်မည်ဟု ယူဆပါသည်။

အပြောင်းအလဲနှင့် ပတ်သက်သော ကျနော့်သဘောထား

အာဏာရှင်စနစ်ဟူသည် စတင်သန္ဓေတည်မွေးဖွားလာသည့်အချိန်ကပင် ယင်းစနစ်ကို ပြန်လည်ဖျက်ဆီးမည့် မျိုးစေ့ဗီဇ တပါတည်း ပါလာသည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ မည်သည့်အာဏာရှင်စနစ်မဆို တနေ့တချိန်တွင် ပြိုလဲပျက်စီးရမည်သာဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း မည်သည့်အာဏာရှင်စနစ်မျှ ထာဝရ မတည်ရှိနိုင်ကြောင်းကို အထင်အရှားပင် တွေ့မြင်ကြရမည်သာဖြစ်သည်။ “ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူးကွာ” ဟု အားလျှော့စကားကိုဆိုသူများသည် ဤသဘောဓမ္မကို နားလည်သဘောမပေါက်သူများ၊ သမိုင်းကို မျက်ကွယ်ပြုသူများ ဖြစ်သောကြောင့်သော်လည်းကောင်း(သို့တည်းမဟုတ်) ဤသဘောဓမ္မကို လက်ခံလိုက်ပါက အကျိုးဆက်အနေဖြင့် ကျရောက်လာသော တာဝန်ကို ရှောင်လွှဲလိုသောကြောင့် သော်လည်းကောင်း ဖြစ်မည်ဟု မှန်းဆမိပါသည်။

သို့သော် အာဏာရှင်စနစ်တခု သူ့အလိုအလျောက် ပျက်စီးသည့်အချိန်အထိကိုမူကား ထိုင်စောင့်မနေသင့်ပဲ မိမိတို့ အသက်ရှင်စဉ် အနာဂတ်အကျိုးစီးပွားအတွက်၊ မိမိတို့ သားသမီးများအကျိုးစီးပွားအတွက်တို့ကို ထည့်သွင်းစဉ်းစားကာ အာဏာရှင်စနစ်အလျှင်အမြန် ပြိုကျပျက်စီးစေရန် အပြောင်းအလဲအတွက် လက်ရှိအချိန်တွင်ပင် အားထုတ်လုပ်ကိုင်သင့်ကြောင်း ခံယူမိပါသည်။

ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်လဲ

ပြောင်းလဲရန် လိုအပ်ကြောင်းလက်ခံသည့်အခါ ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်နည်းဟူသော မေးခွန်းပေါ်လာပါသည်။ သမိုင်းကြောင်းကို ဆန်းစစ်လျှင်ဖြစ်စေ၊ ယခုမျက်မှောက်ကာလ ကမ္ဘာတလွှားတွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို ဆန်းစစ်လျှင်ဖြစ်စေ အပြောင်းအလဲ ဖြစ်စေနိုင်သော နည်းလမ်း အများအပြားရှိသည်ကို တွေ့ရပါသည်။

ယင်းတို့အနက်….
(၁) လူထုအုံကြွမှုနှင့် (လူထုညီညွတ်စွာ အင်အားပြမှုများ)ဖြစ်ပြီး အာဏာရှင်အစိုးရများ ပြုတ်ကျသွားခြင်း
(၂) လက်နက်ကိုင်တော်လှန်ရေးဖြင့် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခြင်း
(၃) အာဏာရှင်သေဆုံးသည့်အခါ ၄င်း၏ အရိုက်အရာကို ဆက်ခံသူများတွင် အပြောင်းအလဲကို လိုလားသော ခေါင်းဆောင်များ အစားထိုးဝင်ရောက်လာခြင်း
(၄) အင်အားကြီးနိုင်ငံများနှင့် ပတ်ဝန်းကျင်နိုင်ငံများ၊ နိုင်ငံစုံအဖွဲ့အစည်းများမှ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးစီးပွားရေး အခင်းအကျင်းရသော်လည်းကောင်း အာဏာရှင်နိုင်ငံငယ်များအပေါ် လွှမ်းမိုးကာ အပြောင်းအလဲသို့ရောက်အောင် တွန်းပို့နိုင်ခြင်း

စသည့် အကြမ်းဖျင်း ခွဲခြားသတ်မှတ်နိုင်သော နည်းလမ်းများကို တွေ့ရှိရပါသည်။ အထက်ပါ နည်းလမ်းတခုချင်းကြောင့်သော်လည်းကောင်း၊ တခုထက်ပိုသောနည်းလမ်းများကို သုံး၍လည်းကောင်း အပြောင်းအလဲကို စတင်ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်ကြောင်း သုံးသပ်မိပါသည်။

မြန်မာနိုင်ငံ၏ အတိတ်က သမိုင်းကြောင်း

အတိတ်က သမိုင်းကြောင်းဆိုရာတွင်… သက်ဦးဆံပိုင်ဘုရင်စနစ်အထိ နောက်ပြန်လှန်၍ ရေးသားရန်ဆန္ဒမရှိပါ။ ကိုလိုနီလက်အောက် ကျရောက်စဉ်က တော်လှန်ရေးများနှင့် လွတ်လပ်ရေးရပြီးသည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးများအကြောင်း အကျဉ်းချုပ်ပြောလိုပါသည်။

ပထမကြိမ် အင်္ဂလိပ်ကို မောင်းထုတ်ခြင်းနှင့် ဂျပန်ကို ပြန်လည်တော်လှန်ရာတွင် အသုံးပြုသော နည်းလမ်းများမှာ နည်းလမ်း အမှတ် (၂ - လက်နက်ကိုင်) နှင့် (၄ - အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများဖြစ်သည်ကို သတိပြုမိပါသည်။ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရေးဆိုရာတွင် နည်းလမ်းအမှတ် (၁ - လူထုအုံကြွမှု) နှင့် (၄- အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများ ဖြစ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ အင်္ဂလိပ်ကို ပထမအကြိမ် တိုက်ထုတ်ရာတွင်လည်းကောင်း၊ ဂျပန်ကို တော်လှန်ရာတွင်လည်းကောင်း၊ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရယူရာတွင်လည်းကောင်း ရည်မှန်းသည့် ပန်းတိုင်များကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့သည်ဖြစ်၍ ထိုစဉ်က အသုံးပြုခဲ့သော နည်းလမ်းများ အောင်မြင်ခဲ့သည်ကို လက်ခံရချေမည်။

တဖန်လွတ်လပ်ရေးရပြီးသည့်အချိန်ကစ၍ (လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီ ခေတ်ကို ချန်လှပ်ကာ)ဆန်းစစ်ပြန်သော်…. မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုအုံကြွမှုများဖြင့် တော်လှန်ပြောင်းလဲရန် ကြိုးစားခဲ့ကြကို တွေ့ရသည်။ လက်နက်ကိုင်တော်လှန်ရေးကို အဓိကဆင်နွှဲသူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အမျိုးမျိုးတို့ ဖြစ်သည်။ ကြီးမားသော အထင်ကရ လူထုအုံကြွမှုကြီး နှစ်ခုမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ရှစ်လေးလုံး လူထုအုံကြွမှုကြီးနှင့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး တို့ပင်ဖြစ်သည်။


လက်နက်ကိုင်တော်လှန်ရေးမှာ အနှစ် ၆၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအခါ အားပျော့သွားသည်ဟု သုံးသပ်မိပါသည်။ လက်နက်ကိုင်အင်အားစုများတွင် အကြီးမားဆုံးအဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် (လက်နက်ကိုင်တော်လှန်ရေးတွင်) လုံးလုံးအမြစ်ပြတ်ချေမှုန်းခံရပြီး၊ ဒုတိယ အကြီးမားဆုံးဖြစ်သော ကရင်လွတ်မြောက်ရေးတပ်ပေါင်းစုမှာလည်း အဓိကခြေကုပ်စခန်းများ လက်လွှတ်ရပြီးနောက် အင်အားလျော့နည်းလာသည်ကို တွေ့ရသည်။

ဤသို့ လက်နက်ကိုင်တော်လှန်ရေး အရေးနိမ့်လာရသည့် အကြောင်းရင်းများတွင် မြန်မာစစ်အစိုးရအနေဖြင့် လိုအပ်သော စစ်အသုံးစားရိတ်ကို နိုင်ငံတော်ဘဏ္ဍာနှင့် အရင်းအမြစ်များမှ အပြည့်အဝ ရရှိနေသည်ကတကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား သောင်းကျန်းသူအဖြစ် ရှုမြင်လာအောင် (လူထုထောက်ခံမှုမရအောင်) စစ်အစိုးရထိန်းချုပ်သော နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို၊ တီဗီ၊ မဂ္ဂဇင်းတို့မှ ပြည်သူလူထုအား ထိထိရောက်ရောက် ဝါဒမှိုင်းတိုက်နှိုင်ခဲ့သည်ကတကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အချိတ်အဆက်မိမိဖြင့် စစ်အစိုးရကို တော်လှန်နိုင်ခြင်း မရှိသည်ကတကြောင်း… စသည် တို့သည် လက်နက်ကိုင်တော်လှန်ရေး အားပျော့လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟု ယူဆပါသည်။

သို့သော် မည်မျှပင် အားပျော့သွားသည်ဖြစ်စေ…. လက်နက်ကိုင်တော်လှန်ရေးကို မှားယွင်းသည်ဟု ပြောရန် ခက်လှပါသည်။ လူသည် မိမိအား မတရား ဖိနှိပ်ချုပ်ချယ်လာလျှင် တုန့်ပြန်ခုခံရန် အခွင့်အရေးရှိပါသည်။ အခွင့်အရေးဆိုသည်ထက် တုန့်ပြန်တော်လှန်ရမည့် တာဝန်ဟုဆိုလျှင်ပင် ပိုမှန်ပါမည်။ ထိုသို့တော်လှန်ရာတွင် လက်နက်ကိုင်နည်းလမ်းကိုဖြစ်စေ၊ အကြမ်းမဖက်နည်းလမ်းကိုဖြစ်စေ သင့်လျော်ရာ နည်းလမ်းကို စွဲကိုင်နိုင်ပါသည်။ ဤသည်ကို မှားသည်ဟု မခေါ်နိုင်ပါ။ တရားသည်ဟုသာ ဆိုရပါမည်။ လက်ရှိအချိန်တွင် အားပျော့နေသော်လည်း တချိန်တွင် ပြန်လည်အားကောင်းလာတတ်သည်ကိုလည်း လက်ရှိအခြေအနေတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေများအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း သတိချပ်သင့်ပါသည်။

ဖြစ်ပွားခဲ့ပြီးသော လူထုအုံကြွမှု နှစ်ရပ် ( ရှစ်လေးလုံးနှင့် ရွှေဝါရောင်) ပတ်သက်ပြီး အချို့က လူထုအုံကြွမှုများသည် အချည်းနှီးသာဖြစ်သည်ဟု သုံးသပ်ယူဆကြသည်ကို တွေ့ရသည်။ ကျနော့်အမြင်အရတွင်မူ ဤလူထုအုံကြွမှုကြီး နှစ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲကြီးများ ဖြစ်ခဲ့ပြီး ယနေ့နိုင်ငံရေးအခြေအနေသို့ရောက်ရန် တွန်းပို့ခဲ့သည့် အကျိုးရလာဒ်ကောင်းများ ဖြစ်ထွန်းခဲ့သည်ဟု ယူဆပါသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာပြည်တွင် အရပ်သားမျက်နှာဖုံး တပါတီစစ်အာဏာရှင်စနစ်ကို တရားဝင် ပယ်ဖျက်လိုက်ကာ လူထုအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင် တင်ပေးလိုက်သည့် အရေးတော်ပုံကြီးဖြစ်ပါသည်။ ဒဂုန်တာရာ၏ စကား (အတိအကျတော့မဟုတ်)ကို အငှားသုံးရမည်ဆိုလျှင် “၁၃၀၀ ပြည့်အရေးတော်ပုံကြီးကြောင့် လွတ်လပ်ရေးကို ချက်ချင်းမရခဲ့သော်ငြား လွတ်လပ်ရေးကို အရယူပေးမည့် တော်လှန်ရေးအင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်။ အလားတူ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မြန်မာပြည်သည် ဒီမိုကရေစီချက်ချင်းဖြစ်မသွားသော်လည်း ဒီမိုကရေစီစနစ်ကို အရယူပေးမည့် အင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်” ဆိုသည့်အတိုင်းပင်ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် မြန်မာပြည်သူထုတရပ်လုံးက ဒီမိုကရေစီစနစ်ကို လိုလားတောင့်တသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်သည်။ ထိုအချိန်မှ စ၍ ပြည်သူလူထု၏ ဒီမိုကရေစီစနစ်အပေါ် လိုချင်တောင့်တမှုများ၊ လွတ်လပ်မှုကိုတောင်းဆိုမှုများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်မှုများမှာ ဘယ်တုန်းကနှင့်မတူ အရှိန်အဟုန်မြင့်တက်ခဲ့ပါသည်။ ဂတိအတိုင်း အာဏာလွှဲမပေးသည့်တိုင်အောင် စစ်အစိုးရအနေဖြင့် “ပြည်သူများအနေဖြင့် ဒီမိုကရေစီစနစ်ကိုသာ လိုလားတောင့်တသည်” ဆိုသည့်အချက်ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ “မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ကြိုးစားနေပါသည်” ဆိုသည့် ကတိစကားများကို ထုတ်ဖော်ပြောကြားလာရသည်အထိဖြစ်သည်။

သို့သော် စစ်အာဏာရှင်များမှာ စိတ်ရင်းမမှန်သည့်အလျောက် တဖက်တွင်လည်း အမျိုးသားညီလာခံကို မပြီးနိုင်မစီးနိုင်ခေါ်ယူကာ အချိန်ဆွဲရန်ကြိုးစားနေခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ၏ အကျင့်ပျက်ခြစားမှုများ၊ ကိုယ်ကျိုးရှာ မသမာမှုများ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးမှာ တနေ့တခြား ပိုမိုကြပ်တည်းလာပြီး ၂၀၀၇ ခုတွင် ကမ္ဘာ့သတင်းမီဒီယာများကို ကိုင်လှုပ်ကာ အချိန်ပြည့်လွှမ်းမိုးထားနိုင်သော ရွှေဝါရောင်တော်လှန်ရေးကြီးတရပ် ပေါ်ပေါက်လာခဲ့ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် အချိန်ဆွဲ၊ ဈေးဆစ်နေသော စစ်အစိုးရအား အချိန်မဆွဲဝံ့တော့စေရန်၊ တက်သုတ်ရိုက်ဆောင်ရွက်ရန် နောက်မှ သံချွန်နှင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးပင် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် အမျိုးသားညီလာခံကို နှစ်ပေါင်းများစွာ အချိန်ဆွဲ၍ ကျင်းပနေသော စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် ညောင်နှစ်ပင်ဖွဲ့စည်းပုံကို တက်သုတ်ရိုက်၍ အပြီးသတ်ရေးဆွဲ၊ မသမာသည့်နည်းဖြင့် ပြည်သူ့ဆန္ဒကို ကတိုက်ကရိုက်ခံယူအတည်ပြုကာ၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး (အရပ်သားအရေခြုံထားသည့်) ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာရပေသည်။

(ဆက်ရန်)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs