“ယမုံနာငါး ဂင်္ဂါငါး အစာဟပ် ပြိုင်ကြရာဝယ်”

Share |
(၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းက ရေးတင်ခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေးကို စာအသစ်မရေးနိုင်ခင်စပ်ကြား ပြန်တင်လိုက်ပါတယ်။)

“လူက တိရိစ္ဆာန်ထက် သာလွန်တယ်ဆိုပေမယ့် နေရာတိုင်းမှာ သာလွန်တာမဟုတ်ဘူး။ မင်းတို့… ဘယ်ကောင် ငါးနဲ့ရေကူးပြိုင်ရဲသလဲ”

အောက်က နားထောင်နေသော ပရိသတ် ဝေါကနဲ ပွဲကျသွားသည်။ စာပေဟောပြောပွဲတခုတွင် စာရေးဆရာတယောက် ဟောပြောနေခြင်းဖြစ်သည်။

“မင်းတို့ သမင်လောက်လည်း အပြေးမသန်နိုင်ဘူး။ ဆင်လောက်လည်း ခွန်အားမကြီးနိုင်ဘူး။ လူဆိုတာ ရယကနဲ့၊ မယကနဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စည်းစည်းလုံးလုံးနေကြတယ်ဆိုပေမယ့်လည်း….. ဟေ့၊ လေမထွားနဲ့၊ ပျားကို မမီဘူးကွ”

ပရိသတ် ပွဲကျသွားပြန်သည်။

“အေး…. ဒါပေမယ့် အဲဒီ ခွန်အားကြီးလှပါတယ်ဆိုတဲ့ ဆင်ကို လူက ခိုင်းစားလိုက်တာပဲ။ ရေကူးသန်လှပါတယ်ဆိုတဲ့ ငါးကိုလည်း မျှားစားပစ်လိုက်တာပဲ။ ညီညွတ်လှပါတယ်ဆိုတဲ့ ပျားဆိုလည်း ဖွပ်ပြီး စားပစ်လိုက်တာပဲ။”

(ရယ်သံများ)

“လူက တိရိစ္ဆာန်ထက် သာလွန်တဲ့အချက်တွေထဲမှာ နံပါတ်တစ်… ကျိုးကြောင်းဆင်ခြင်ဉာဏ်ကြီးခြင်း၊ နံပါတ်နှစ်…. ကိုယ်ကျင့်တရားရှိခြင်း၊ နံပါတ်သုံး…. အနုပညာ၌ ခံစားတတ်ခြင်း……..”

ဆယ်စုနှစ်တွေ ချီပြီး ကြာခဲ့ပြီ။ ဆရာအောင်သင်းပြောခဲ့တဲ့ စကားသံတွေက ကျနော့်နားထဲမှာ ပဲ့တင်ထပ်ဆဲ။

မှန်လိုက်လေဆရာရယ်…လို့ စိတ်ထဲမှာလည်း တသသ ရေရွတ်မိပါတယ်။ ဟောဒီလောကကြီးမှာ ကျိုးကြောင်းဆင်ခြင်ဉာဏ်(ဆင်ခြင်တုံတရား)ပျောက်ကွယ်သွားလို့ တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရသူတွေ၊ ကိုယ့်ကျင့်တရား ပျောက်ဆုံးသွားလို့ တိရိစ္ဆာန်ပမာ ဖြစ်သွားရသူတွေ ဒုနဲ့ဒေး မဟုတ်ပါလား။

ဆရာပြောခဲ့တဲ့ ဥပမာထဲက ငါးမျှားတဲ့အဖြစ်အပျက်ကလေးကိုပဲ ကျနော့်ဘာသာ တဆင့်တက်ပြီး အတွေးနယ်ချဲ့မိပါတယ်။

ငါးနဲ့လူ။
လူနဲ့ငါး။

ကျိုးကြောင်းဆင်ခြင်ဉာဏ်ပမာဏ အဆမတန် ကွာခြားနေတယ်။ လူတွေက ငါးတွေ ကြိုက်တတ်တဲ့ တီကောင်တို့ ပိုးကောင်တို့ကို ငါးမျှားချိတ်အဖျားမှာ အသာချိတ်ပြီး ငါးတွေကြားထဲ ပစ်ချပြီး မြှူဆွယ်တယ်။ ရေထဲက ခမြာများကတော့ လူတွေရဲ့ ပရိယာယ်ကို ဘယ်သိရှာပါ့မလဲ။ ကိုယ်ကြိုက်တတ်တဲ့အစာလေးတွေ ကိုယ့်ရှေ့မှာ ဘွားကနဲတွေ့လိုက်ရတော့ ဝမ်းသာအားရ ဟပ်ပြီပေါ့။ အဲဒီမှာတင် ငါးမျှားချိတ်မှာတန်းလန်း တဖျတ်ဖျတ်လူးပြီး ပါသွားတော့တာပဲ။

ဒါပေမယ့် ငါးတွေပဲ ဒီလိုခံရတာလား။ မဟုတ်ရေးချမဟုတ်။ လူတွေမှာလည်း လူသားစင်စစ် ဧကန်ဖြစ်ပါလျက် သတိမမူမိတဲ့အခါ၊ ဒါမှမဟုတ် လောဘ၊ ဒေါသ၊ မောဟ စိတ်တွေက ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားတဲ့အခါ ငါးနဲ့မခြားတော့ဘဲ အစာကိုသာ မြင်တတ်ကြတော့တယ်။ နောက်က ငါးမျှားချိတ်ကို မမြင်တော့ဘဲ လောဘတကြီး ဟပ်လိုက်မိလို့ ငါးမျှားချိတ်မှာ တန်းလန်းပါသွားတဲ့ လူတွေလည်း ဟောဒီလောကကြီးမှာ ရှိတယ်။ ဒါကြောင့် “ငါးစာကိုသာမြင်တယ်၊ ချိတ်ကိုတော့ မမြင်ဘူး” ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတာပေါ့။ ဒါက ကျိုးကြောင်းဆင်ခြင်ဉာဏ် ကွယ်ပျောက်သွားလို့ လူစင်စစ်က တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရတဲ့ ဥပမာ တခုကို ပေးတာပါ။

အလားတူပဲ။ ကိုယ်ကျင့်တရား ပျောက်ဆုံးသွားလို့ တိရိစ္ဆာန်ကဲ့သို့ ပြုမူတတ်သူတွေကိုလည်း ဒီလောကကြီးမှာ မမြင်ချင်အဆုံး မဟုတ်ပါလား။ ဆရာအောင်သင်းကတော့ ပြောတယ်။ တိရိစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားတို့ ကိုယ်ချင်းစာစိတ်တို့ဆိုတာ မရှိဘူးတဲ့။ ခြင်္သေ့တကောင်အဖို့ အစာစားကာနီးမှာ “ဒီသမင်မဟာ အရွယ်မရောက်သေးတဲ့ သားငယ်လေးတွေနဲ့လား။ ငါစားလို့ မဖြစ်ပါဘူးလေ” ဆိုတာမျိုး မတွေးဘူးတဲ့။ စားလိုက်တာပဲတဲ့။ ဒါပေမယ့် လူ့လောကမှာလည်း အဲဒီလို တိရစ္ဆာန်သာသာ လူစားမျိုးတွေ ဒုနဲ့ဒေးရှိနေတယ်။ ကျောင်းသားမှန်းမသိ၊ သံဃာမှန်းမသိ၊ အမျိုးသမီးမှန်းမသိ၊ ပြည်သူမှန်းမသိ….. ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး မတရားသတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက် နေသူတွေ ရှိတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီးကို နအဖ စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းပုံကို ပြန်ပြောင်းသတိရမိတော့တယ်။ ဒါကတော့ ကိုယ်ကျင့်တရား ပျောက်ဆုံးသွားလို့ လူစင်စစ်က တိရိစ္ဆာန်နဲ့မခြား ဖြစ်သွားရတဲ့ ဥပမာ တခုကို ပေးတာပါ။

အဲဒီလို ကိုယ့်ကျင့်တရားပျောက်ဆုံးသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်ပျောက်ဆုံးသူတွေ အချင်းချင်းတွေ့တဲ့အခါမှာလည်း စိတ်ဝင်စားစရာ ငါးမျှားပွဲတွေ ဖြစ်လာတတ်တယ်ခင်ဗျ။

ကိုယ်ကျင့်တရားပျောက်ဆုံးသူတွေက မိမိကိုယ်ကျိုးအတွက် ငါးစာကို ဗန်းပြပြီး ကျိုးကြေင်းဆင်ခြင်ဉာဏ်ပျောက်ဆုံးသူတွေကို မျှားတတ်တယ်ခင်ဗျ။ မျှားတဲ့လူကမျှား… ဟပ်တဲ့လူက ဟပ်။ မြင်ရတာ အတော်စိတ်မချမ်းသာစရာ၊ စက်ဆုပ်စရာကောင်းတဲ့ မြင်ကွင်းပေါ့။

အခုလည်း ကိုယ်ကျင့်တရားပျောက်ဆုံးနေတဲ့ နအဖ စစ်အစိုးရက မြန်မာ့နိုင်ငံရေးလောကဆိုတဲ့ ရေအိုင်ကြီးထဲကို “အရပ်သားအစိုးရ”၊ “ပါလီမန်ဒီမိုကရေစီ” ဆိုတဲ့ ငါးစာကလေးတွေကို ပစ်ချလိုက်ပြီ။ ဒီအတိုင်း ရက်ရက်ရောရော လွတ်လွတ်ကျွတ်ကျွတ် ပစ်ချလိုက်တာတော့ မဟုတ်ဘူး။ ငါးမျှားသူတို့ ထုံးစံအတိုင်း ငါးမျှားချိတ်မှာ တပ်ပြီးမှ ပစ်ချလိုက်တာ။ သူတို့ရဲ့ ငါးမျှားချိတ်ကတော့ တခြားဟုတ်ရိုးလား။ “တတိုင်းပြည်လုံးကို ထာဝရ စစ်ကျွန်ပြုရေး” ဆိုတဲ့ (၂ဝဝ၈ ခုနှစ် မှာ မတရားအတည်ပြုခဲ့တဲ့ ညောင်နှစ်ပင်ဖွဲ့စည်းပုံ) ထက်သန်မြမြ ကြောက်မက်ဖွယ် ဧရာမ ငါးမျှားချိတ်ကြီးပေါ့။

အဲ…. နိုင်ငံရေးနယ်ပယ်က တချို့ငါးတွေကလည်း အစာကိုမြင်တာနဲ့ ဟပ်ချင်ဇောနဲ့ ထွန့်ထွန့်လူးနေပြီ။ ပုထုဇဉ် လူသားတွေရဲ့ အသွင်သဏ္ဍာန်မှာ သာမန်အားဖြင့် အောက်ခြေမှာ ငုပ်လျှိုးနေတဲ့ လောဘစိတ်ကလေးတွေဟာ သူတို့ ကြိုက်တတ်တဲ့ ငါးစာကို မြင်ရတဲ့အချိန်မှာ လောဘနဲ့ မောဟအဖြစ် ပလုံစီပြီး အပေါ်ကို တိုးထွက်လာတယ်။ အဲဒီ မောဟပလုံစီကလေးတွေကပဲ လူတွေရဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်မျက်စိကို ပိတ်ဖုံးသွားပြီး ငါးမျှားချိတ်ကို မမြင်အောင် လှည့်စားပစ်လိုက်တယ်။ အခုဆိုရင် တချို့ငါးကလေးတွေဟာ နအဖ ပစ်ချထားတဲ့ အစာကို ဟပ်ချင်လွန်းလို့ ဣနြေ္ဒမရ တဖျပ်ဖျပ်လူးနေရှာပြီ။ ခပ်ဝေးဝေးက ငါးတွေကလည်း သူတို့အနားကို အစာပစ်ချလာဖို့အရေး “ဗွမ်းကနဲ” “ဗွမ်းကနဲ” ပွက်ပြီး အသံပေးနေရရှာတယ်။ တချို့လည်း ရေမျက်နှာပြင်ထက်ကို ခုန်တက်ပြီး ကိုယ်ယောင်ပြရရှာတာပေါ့။ အတင့်ရဲလွန်းတဲ့ ငါးအချို့ကတော့ တံငါသည် ထိုင်နေတဲ့နေရာနားကို တန်းသွားပြီးတော့ ပါးစပ်ကြီးတွေ ဟပြီး စောင့်ဆိုင်းနေလေရဲ့။ သဘောကတော့... ကျုပ်ပါးစပ်ကြီးထဲကိုသာ တိုက်ရိုက် ပစ်ထည့်လိုက်ပါတော့... ပေါ့လေ။

ကိုယ်ကျင့်တရားမဲ့တဲ့ နအဖဆိုတဲ့ တံငါသည်ကတော့ ၂ဝ၁ဝ ကျရင် သူချထားတဲ့ ငါးမျှားတံတွေကို အားကုန်သုတ်ပြီး ဆွဲတင်တော့မယ်။ အဲဒီကျရင် ကြိုးမှာတန်းလန်း တဖျတ်ဖျတ်လူးလွန့်ပြီး ပါသွားတဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးတွေကို ရှုစားကြရပါဦးမယ်။

အင်းလေ…… သဗ္ဗေသတ္တာ ကမ္မသကာ လို့ပဲ နှလုံးသွင်းရဦးမယ်ထင်ပါရဲ့။

“Two things are infinite: the universe and human stupidity; and I'm not sure about the the universe.”
- Albert Einstein -


(၂ဝ၁ဝ နဲ့ ပတ်သက်လို့ ကျနော့်အမြင်ကို နောက်ပိုင်းမှာ ပို့စ်သပ်သပ် ရေးပါဦးမယ်။)

ပူးတွဲဖတ်ရှုရန်။.........။ သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ

Posted by ကိုပေါ on Saturday, October 3, 2009
Labels: political post

9 comments:

White said...

အမြင်ချင်း တူတာမတူတာက တပိုင်းပေမဲ့ အရင်တုန်းက ဒီလိုအရေးအသားမျိုးတွေကြောင့် နေ့စဉ်ဝင်ဖတ်ဖြစ်တဲ့ ဘလော့တွေထဲမှာ ကိုပေါဘလော့က ထိပ်ဆုံးက ဖြစ်နေခဲ့တာပါ..။ အချိန်ရလို့ ပို့စ်အသစ်တင်မယ်ဆိုလဲ ဒီလိုအရေးအသားမျိုးတွေဘဲ မျှော်လင့်ပါရစေ..။ ထောက်ပြဝေဖန်ခြင်းနဲ့ လှောင်ပြောင်စော်ကားခြင်းကြားက ကွဲလွဲတဲ့အရသာကို စာဖတ်သူတွေ ခံစားတတ်တယ်ဆိုတာလေး သတိရပေးပါ..။

Anonymous said...

အင်း.. လူတွေကိုက တုံးပါတယ်။ ကိုပေါမြင်သလို သိသလို ဘယ်သူမှ မသိကြဘူး။ မြန်မာပြည်တပြည်လုံး ကို ကိုပေါ သတိပေးနေလို့ သာ။

Anonymous said...

ကိုပေါရဲ့ ပို့စ တွေကို အမြဲလာဖတ်ပါတယ်။နောက်ပိုင်း ကိုပေါကိုဝိုင်းဆဲ နေတဲ့အချိန်မှာလဲ
လာဖတ်ပါတယ်။ဒီမိုကရေစီဆို တာလွတ်လပ် စွာသဘောထားကွဲလွဲခြင်း ရှိခြင်း နဲ့ကွဲလွဲတဲ့
သဘောထားကိုလွတ်လပ် စွာတင်ပြ ပိုင်ခွင့်ရှိခြင်း ဆိုတဲ့ သဘောကိုအတော်များများက သတိ
မမူ ဂူမမြင် ဖြစ်နေကြပုံရပါတယ်။
ကိုပေါဖက်ကလဲ အန်တီစုလို အများလေးစားတဲ့ ခေါင်းဆောင်တယောက် ကို ချက်အောက်ပိုင်း
အပေါစားသရော် စာမျိုးနဲ့ ဝေဖန်သရော်တယ်ဆိုရင်တော့ စည်းကျော်သွားလို့ အဆဲခံထိုက်တယ်လို့
မြင်ပါတယ်။
ဒါပေမဲ့ မြန်မာတွေအွန်လိုင်း မှာဆဲချင်တိုင်းဆဲနေတဲ့ အကျင့်လဲပျောတ်စေချင်ပါပြီ။
ကွန်ပြူတာသုံးတတ်တယ် ဆိုကတည်းက အခြေခံက ပညာက သိတ်မတိမ်လောက်ပါဖူး။
ယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးကြရင်ပိုကောင်းမယ်ထင်တာပဲ။ကျွန်တော်တို့ က နအဖ တို့
ကြံ့ဖွတ်တို့မဟုတ်ဖူးလေ။

Anonymous said...

၂၀၁၁ ခုနှစ်ကသတင်းတွေကို နားထောင်ပြီး ကျွန်တော်တို့ ပြည်သူတွေ အိမ်မက်တခုမက်ခဲ့ပါတယ်......
အဲဒါကတော့...
၂၀၁၂ ခုနှစ် နှစ်သစ်မှာ ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာလိမ့်မယ်...ပြည်တွင်းကအတိုက်အခံအဖွဲ့ အစည်းတွေရော
ပြည်သူလူထုတရပ်လုံးရော..နိုင်ငံတကာနဲ့ ကုလသမဂ္ဂလိုအဖွဲ့ 
တွေကရော ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမယ်...အစိုးရကိုလည်းဝိုင်းပြီးချီးကျူးကြမယ်...
IMF အပါအဝင် နိုင်ငံတကာအကူအညီတွေလည်းလှိမ့်ပြီးဝင်လာလိမ်.မယ်...နိုင်ငံရေးတွေတည်ငြိမ်လာလို့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေစီးဝင်လာ...ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းတွေပွင်.လင်းလာ..စီးပွားရေးတွေအဆင်ပြေပြီး စားဝတ်နေရေးချောင်လည်လာမယ်..ဆယ်စုနှစ်တခုအတွင်းမှာ
အရှေ့ တောင်အာရှရဲ့ ကျားတကောင်ဖြစ်လာမယ်...နိုင်ငံခြားသွားရင်လည်း ပတ်စပို့ နီနီလေးကိုလူလူသူသူဆက်ဆံကြမယ်...စသည်ဖြစ်..စသည်ဖြစ်....

ဒါပေမဲ့..........
ဒီနေ့ မနက်သတင်းတွေဖတ်ပြီး ကျွန်တော်တို့ အိမ်မက်တွေ
ပြိုကွဲသွားခဲ.ရပါတယ်......so sad..

Anonymous said...

ဦးသိန်းစိန် အစိုးရ လုပ်ပုံကိုင်ပုံကို အရပ်သားတစ်ယောက်အနေနဲ့
ဝေဘန်ရယင် ...........(မိုက်ရိုင်းစွာ ဝေဘန်ပါမယ်)
ယုံကြည်စိတ်ချစွာပေါင်းသင်းတဲ့ သူငယ်ချင်း မိန်းကလေးကို
အိပ်ဆေးခတ် မုဒိန်းမှုကျူးလွန်တဲ့ လူယုတ်မာ ဇာတ်လမ်းမျိုး
ဖြစ်နေပါတယ်....
ပြည်သူပြည်သားတွေက ငါတို့နိုင်ငံတော့ တိုးတက်တော့မယ်ဟဲ့လို့
အားခဲထားတာ.....သူငယ်ချင်းအဖြစ် ယုံကြည်ထားတာ.............
ခုတော့ အိပ်ဆေးခတ် မုဒိန်းကျင့် ခံလိုက်ရဘီ

Anonymous said...

ဒီလိုပါပဲ။။။ ကစားဦးမှာပါ။။ ကျွန်တော်တို့တွေက နွားကို ပလာတာစားမယ်ထင်တာကိုး။။ နည်းနည်းလျှာရှည်ချင်ပါတယ်။။
သူ တို့ကို ယှဉ်ပြီး ကစားနိုင်တာ ၊ ကစားနိုင်တဲ့ ပါဝါရှိတာ အန်တီ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ NLD ပါတီ ပဲရှိတာပါ။။။ အဘ ဦးစိန်ဝင်း တို့ အပေါင်းအပါ များ ဝန်းရံ သင့် ပါတယ်။။ အဘရေးတဲ့ ( "ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလိုဖြစ်နေပြီဆိုတော့ သာမန်ပြည်သူများမှာ သတင်းမီဒီယာတွေပဲ အားကိုး အားထားပြုပါတော့တယ်။" ) ဆိုတဲ့ အသုံးအနုံးမျိုး ဟာမှားနေသလို ရှောင်ပြီး ရေးသင့်ပါတယ်။။။
တောအုပ်ကို မကြည့်ပဲ သစ်တပင် ချင်း လိုက်ကြည့်ရင် ဘယ်နေရာမဆို အပြစ် တွေ့ နိုင်တာပါပဲ။။။ ဒီတော့ ကျွန်တော်တို့အားလုံး ပွန်း လေးတွေလို နေ ပြီး အန်တီ ကို ဝန်းရံကြတာ အကောင်းဆုံးပါပဲ။။။
ခုအစိုး ရက လျှော့လိုက်တင်းလိုက် နဲ့ကစားနေတာ ကျွန်တော်တို့ ပြည်သူ့အသံနဲ့ Media တွေကြောင့်ပဲလို့ ထင်ရင် လုံးလုံးကြီးမှား ပါလိမ့် မယ်။။။ 30% လောက်တော့မှန်နိုင်ပါတယ်။။ကျန်တဲ့အပိုင်းကတော့ ရပ်တည်ဘို့တောင် ခက်ခဲ နေပြီဖြစ်တဲ့ လက်ရှိအစိုးရရဲ့ Sanction ရုပ်အောင် ကြိုးပမ်းမှူတွေပါ။။။တိုင်းပြည် ပြောင်းလဲအောင်လုပ်ချင်ပေမဲ့ လုပ်နိုင်တဲ့ အရည်အချင်းလဲမရှိ နေရာပျောက် လဲမခံနိုင် နဲ့။။။ ဦးသိန်းစိန် ၊ ဟီလာရင် ကလင်တန်နဲ့ တွေ့ တုန်းကပြော လိုက်တဲ့စကားတခွန်း အပေါ် တွေးမိတယ် ဗျ။။။ "မိုးရွာတုန်း ရေခံ " ဆိုတာ ပါ။။ အားလုံးကဘယ်လိုထင်လဲ မသိဘူး ကျွန်တော်တော့ "( ခင်များတို့ တွေ ကျုပ်တို့ လက်ခံတုန်း Sanction တွေရုပ်ပြီး လာပေါင်းနော်၊၊ မဟုတ်ရင် တရုပ် ကိုနေရာပေးလိုက်မယ်လို့ပြောချင်တာလို့)ထင်ပါတယ်။။။ (ဘာတွေဘယ် ရောက်ကုန်ပြီ မသိ တော့ဘူး) ပြောချင်တာတော့ဗျာ ၊ PUblic & Media ကိုအစိုးရက ဂေါင်းထဲ မထားဘူးဗျိုး။။။

Anonymous said...

Who is "မင်းကိုနိုင်"?

Anonymous said...

.ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်လာလိမ့်မယ်..
Had he agreed to work with Daw Su, he would have been free by now.
.ပြည်တွင်းကအတိုက်အခံအဖွဲ့ အစည်းတွေရော
ပြည်သူလူထုတရပ်လုံးရော.
.နိုင်ငံတကာနဲ့ ကုလသမဂ္ဂလိုအဖွဲ့ တွေကရော ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမယ်..
.အစိုးရကိုလည်းဝိုင်းပြီးချီးကျူးကြမယ်...
Yes for a week or two, next weeks they will demand another thing.UN is not a stake holder for Burma.
.IMFအပါအဝင် နိုင်ငံတကာအကူအညီတွေလည်းလှိမ့်ပြီးဝင်လာလိမ်.မယ်..
Who told you that?
.နိုင်ငံရေးတွေတည်ငြိမ်လာလို့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေစီးဝင်လာ.
Investment is nothing to do with politics, China and Vietnam are getting more investment than some electoral democratic countries.
..ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းတွေပွင်.
လင်းလာ..စီးပွားရေးတွေအဆင်ပြေပြီး စားဝတ်နေရေးချောင်လည်လာမယ်.
Yes if there will be no major protests disrupting businesses, so your two arguments contradict.
.ဆယ်စုနှစ်တခုအတွင်းမှာ
အရှေ့ တောင်အာရှရဲ့ ကျားတကောင်ဖြစ်လာမယ်.
Who says so again? .နိုင်ငံခြားသွားရင်လည်း ပတ်စပို့ နီနီလေးကိုလူလူသူသူဆက်ဆံကြမယ်.
Nothing to do with democracy,
it is economy and affluence!
..စသည်ဖြစ်..စသည်ဖြစ်....
your arguments are pipe dreams.

SOE HTET said...

လာဖတ်သွားတယ်ဗျာ။ မခိုင်မာတဲ့ ကိုယ်ကျင့်တရားရယ် သဗ္ဖေသတ္တာကံမသကာ ..နှလုံးမသွင်းနိုင်တဲ့ အတ္တဘော တွေမြင်နေရဦးမယ်ဗျာ.. ဒါအသေအချာပဲ မိတ်ဟောင်းဆွေဟောင်းကြီးရေ..။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs