မြက်နှုတ်သူများနှင့် တဘဝတာ

Share |
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်လောက်က အသက် ၄၂ အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် မြန်မာပြည်ကို ပြန်လာခိုက် ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ကြုံကြိုက်ပြီး မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်လာပါတယ်။

အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဆိုတဲ့ စစ်အစိုးရမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ (ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပါးရိပ်ခြည် ပြောတတ်တဲ့) လက်သုံးစကားက “နိုင်ငံအတွက် မြက်ကလေး တပင်တောင် နှုတ်မပေးခဲ့ဘူးတဲ့သူက နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်လို့ ရမလား” ဆိုတဲ့ စကားမျိုးတွေ ပါပဲ။ ဒီစကားမျိုးကို ဗိုလ်ချုပ်ကြီးတွေ သုံးစွဲတာ အံ့သြစရာတော့ မရှိလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြီးတွေအပါအဝင် အရာရှိအရာခံ အကြပ်စစ်သည် အချို့ဟာ နိုင်ငံကို သူတို့သာ အချစ်ဆုံး။ သူတို့သာ အပေးဆပ်ဆုံးလူတွေလို့ ယူဆထားကြသူတွေ ဖြစ်နေလို့ပါ။ လမ်းဘေးက ကြွေးကြော်သံဆိုင်းပုဒ်ကြီးတွေကို ကြည့်လိုက်ပါ။ ရေဒီယို၊ တီဗီတွေမှာ နားထောင်ကြည့်လိုက်ပါ။ “အသက်သွေးချွေး၊ စဉ်မနှေး၊ ပေးဆက်သည်မှာ တပ်မတော်ပါ” ဆိုတဲ့ ဆောင်ပုဒ်က သူတို့ရဲ့ ခံယူချက်ကို အထင်းသားဖော်ပြနေပါတယ်။


မြန်မာ့အသံ စစ်သည်တို့လိုရာ ကဏ္ဍမှာ မကြာခဏထုတ်လွှင့်တတ်တဲ့ ရီရီခင်ရဲ့ သီချင်းတပုဒ်ရှိပါတယ်။ သီချင်းအဓိပ္ပါယ်က… ဟိုးပင်ယံအမြင့်မှာ ငွားငွားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ပွင့်နေပြီး လေယူရာ မွှေးရနဲ့တွေဆင်နေတဲ့ လျှမ်းတင့်တဲ့ ပန်းပွင့်ငွေသဇင်တခက် ရှိတယ်ပေါ့။ အဲဒီ ငွေသဇင်ကို…. တံချူရှင် တဦးဦးက ဓနဂုဏ်၊ အလှဂုဏ်၊ ပညာဂုဏ်ကြွယ်တယ်ဆိုပြီး လာချူခဲ့ရင် ကိုယ့်လူတို့ရေ…. ရလိမ့်မယ်လို့ မထင်နဲ့…. လွမ်းလျက်သာစော မောတာသာ အဖတ်တင်သွားမယ်ဆိုတဲ့သဘော ရေးစပ်ထားတယ်။ ဒါပေမယ့် သီချင်းအဆုံးမှာတော့ အဲဒီငွေသဇင်က…

"ဗမာ့သားကောင်းသာဖြစ်ပစေ….ဗမာ့သားကောင်းသာ ဖြစ်ပစေ…..တံချူတွေတောင် ဆောင်ဖို့မလိုပါရှင်…. ဆီးကြိုလှည့်…. ဆင့်ကာ ဝင့်ကာ… ကြွေကျလာမယ်ရှင်"….တဲ့။ ဗမာ့သားကောင်းဇာနည် စစ်သားကြီးသာဖြစ်လို့ကတော့ ငွေသဇင်က ပင်မြင့်ထက်ကနေ အော်တိုမက်တစ် ကြွေကျလာပေးမယ် ဆိုတဲ့ သဘောပေါ့။

ဒီသီချင်းကို စစ်ဗိုလ်စစ်သားတွေ အတော်ကြိုက်ပုံရတယ်။ ဗမာ့သားကောင်းတို့၊ သားကောင်းဇာနည်ဆိုတဲ့ ဝေါဟာရတွေကို သူတို့ မောင်ပိုင်စီးထားတာကိုး။ ဒီတော့လည်း ဒီသီချင်းကို စစ်အစိုးရ တက်လာကာစ အချိန်က ရေဒီယိုနဲ့ တီဗီမှာ မကြားချင် မမြင်ချင်အဆုံး။

အေးလေ…. သူတို့မပြောနဲ့။ ငယ်ငယ်က စစ်ဗိုလ်စစ်သားတွေကိုမှ သူရဲကောင်းထင်မိတဲ့ ကျနော်တောင် တိုင်းပြည်အတွက် ပေးဆပ်ချင်လွန်းလို့ ဆယ်တန်းအောင်ရင် စစ်တက္ကသိုလ်တက်မယ်လို့ ရည်ရွယ်ချက်ကြီး ထားခဲ့ဘူးပါတယ်။ ငယ်ငယ်ကဆိုရင် ရွာမှာ အလှူခံ အသံချဲ့စက်က ဖွင့်တဲ့ “စစ်သားကြီးလုပ်မယ်၊ တိုင်းပြည်အန္တရာယ် ရန်စွယ်များကို၊ တွန်းလှန်ဖြိုဖျက် တွန်းလှန်ဖြိုဖျက်မယ်” ဆိုတဲ့ သီချင်းများလာရင် လိုက်ဆိုရတာ အမောပါပဲ။

ဒါတွေဟာ ဒီကနေ့ အတွေးအမြင်၊ အယူအဆနဲ့ ကြည့်လိုက်ရင် ရယ်စရာကြီးပါ။ စစ်တပ်ထဲဝင်မှ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်ဆိုတဲ့ အတွေးအခေါ်ဟာလည်း အင်မတန် တိမ်တဲ့အတွေးအခေါ် အယူအဆ ဆိုတာကို အရွယ်ရောက်သူလူတိုင်းက နားလည်သဘောပေါက်နေကြပါပြီ။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် ဗိုလ်ချုပ်ကြီးတွေ နဲ့ သူတို့ရဲ့ အပေါင်းပါတွေ အကျင့်ပျက်ပြီး တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစား ဖျက်ဆီးနေတာ မြင်ရတဲ့အခါ သူတို့ရဲ့ လုပ်ရပ်ကို ပိုလို့တောင် အော့နှလုံးနာနေကြပါသေးတယ်။

ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးဆုံးလို့ နှစ်ပေါင်း ၂၃ လောက်ကြာလာခဲ့တဲ့အချိန်မှာ စောစောက ဗိုလ်ချုပ်ကြီးတွေရဲ့ လက်သုံးစကားဖြစ်တဲ့ “တိုင်းပြည်အတွက် မြက်ကလေး တပင်တောင် နှုတ်ပေးဘူးလို့လား” ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်တဲ့ စကားတွေကို မထင်မှတ်တဲ့ နေရာက ကြားလာရပြန်ပါတယ်။

ဒီတခါ မေးကြတာက စစ်အစိုးရကို ဆန့်ကျင်သူ အတိုက်အခံတော်လှန်ရေးသမားလို့ အမည်ခံထားကြသူ လူတွေထဲက မနူးမနပ်တွေက မေးကြတာပါဗျား။ (မနူးမနပ်လို့ ရေးရတာက ရင့်ကျက်တဲ့သူတွေကတော့ ဘယ်တုန်းကမှ အဲသည်လို မပြောကြလို့ပါ။) အတိုက်အခံတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဝေဖန်မိရင်၊ သူတို့လေးစားတဲ့ ခေါင်းဆောင်တယောက်ရဲ့ လုပ်ရပ်ကို ဝေဖန်မိရင်၊ သူတို့နဲ့ သဘောအမြင်မတူညီတာကို ထုတ်ဖော်ပြောဆိုမိရင် “မင်းက နိုင်ငံအတွက် ဘယ်လောက်ပေးဆပ်ခဲ့လို့လဲ၊ မင်းဘယ်လောက် ပေးဆပ်ခဲ့လို့ ဝင်ပြောရတာလဲ” ဆိုတဲ့ စကားမျိုးတွေ၊ ဘလော့ဂ်ကွန်မင့်တွေ မကြာခဏ ကြားရ ဖတ်ရတတ်ပါတယ်။

အဓိပ္ပါယ်က တိုင်းပြည်အတွက် တစုံတရာ မပေးဆပ်ခဲ့ရင် ဝင်ပြောပိုင်ခွင့်မရှိဘူး၊ အသာ ပါးစပ်ပိတ်ထား။ ပေးဆပ်ခဲ့သူကသာ ပိုမိုပြောဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောလေလားတော့ မသိဘူး။ ဒီလိုသဘောနဲ့ ပြောတာသာ မှန်ခဲ့ရင် အဲဒီ အယူအဆဟာ အင်မတန် ချွတ်ချော်မှားယွင်း တိမ်းစောင်းနေတဲ့ အယူအဆလို့ မြင်မိပါတယ်။

လူတစ်ယောက်ဟာ အနှစ်လေးဆယ်လောက် ခေါင်းမြီးခြုံအိပ်ပျော်နေခဲ့စေဦးတော့…. (ဒေါ်အောင်ဆန်းစုကြည်တောင် ၄၂ နှစ် အရွယ်ရောက်မှ နိုင်ငံရေးထဲ စပြီး ပါဝင်ပတ်သက်ခဲ့တာကို သတိပြုပါ။) သူတရေးလန့်နိုးလာတဲ့အချိန်မှာ သူတိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို သူမြင်တဲ့အလျောက် သူ့အယူအဆကို နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါဝင်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်ပါပဲ။

သူပြောတာ မှားချင်မှားမယ်။ မှန်ချင်မှန်မယ်။ သူပြောတာမှားရင် သူ့ကို ပြန်ပြီး ဝေဖန်လို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်လို့ မရသလို သူ့မှာ မပေးဆပ်ခဲ့လို့ ပြောဆိုပိုင်ခွင့်မရှိဘူးဆိုတာ လုံးလုံး မဟုတ်ပါဘူး။ လူတိုင်းမှာ တန်းတူရည်တူ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ ဒါကို လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေက ပိုလို့တောင် သဘောပေါက်သင့်ပါသေးတယ်။

လွတ်လပ်တဲ့နိုင်ငံတွေ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အသားကျနေတဲ့ နိုင်ငံတွေမှာ ဒီလိုမေးခွန်းမျိုးကို ဘယ်သူမှ မမေးကြတော့ပါဘူး။ လူထုက တင်မြှောက်တဲ့ ခေါင်းဆောင်ကိုလည်း သာမန်လူကစလို့ Talk Show Host တွေအဆုံး လွတ်လွတ်လပ်လပ် ဝေဖန်နေကြတာဟာ အဆန်းတကြယ်ကိစ္စမဟုတ်တော့ပါဘူး။

နောက်ပြီး “ပေးဆပ်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ ပြောစရာတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ “ပေးဆပ်နေရတယ်၊ စွန့်လွှတ်အနစ်နာခံနေရတယ်လို့ မပြောချင်ပါဘူး။ ဒီလမ်းကို သူလျှောက်တာဟာ သူ့ရွေးချယ်မှု” လို့ ဆိုပါတယ်။ သူ့စကားကို ကျနော် လုံးဝသဘောတူပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တခါက ပို့စ်တင်ဖူးပါတယ်။ အခု ဒီအကြောင်းနဲ့ ပတ်သက်လို့ပဲ ကျနော့်အယူအဆကို နည်းနည်း ထပ်ပြောချင်ပါသေးတယ်။

စစ်အစိုးရလက်ထက်မှာ အင်မတန် တင်းကြပ်ဖိနှိပ်တဲ့အလျောက် စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်ရင်း ထောင်တန်း နှစ်ရှည်လများ ကျသွားကြတဲ့သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ မတရားအကျဉ်းကျခံနေရမှုကို ကျနော်စာနာပါတယ်။ စစ်အစိုးရရဲ့ မတရားမှုကိုလည်း ကျနော် ကန့်ကွက်ရှုတ်ချပါတယ်။ ဒါပေမယ့် အဲဒီလို အကျဉ်းကျခံနေရတဲ့သူတယောက် ပြန်လည်လွတ်မြောက်လာတဲ့အခါ အဲဒီလို အကျဉ်းကျခံခဲ့ရတာကို သူ့ရဲ့ ပေးဆပ်မှု တခုသဖွယ် ကျနော့်ကို လာပြောခဲ့ရင် ကျနော် အသိအမှတ် ပြုချင်မှပြုမယ်။ အကျဉ်းကျခံခဲ့ရတာသက်သက်နဲ့တော့ ကျနော့်ရဲ့ ထောက်ခံမှု၊ လေးစားမှုကို အလိုအလျောက် ရမှာမဟုတ်။ သူ့ရဲ့ အယူအဆ၊ ရပ်တည်ချက်၊ ကိုယ်ကျင့်တရား စတာတွေအပေါ်မှာ ကျနော့်စံနှုန်းနဲ့ ကိုက်ညီပါမှ ကျနော့်ရဲ့ လေးစားမှုနဲ့ ထောက်ခံမှုကို ရမှာ ဖြစ်ပါတယ်။

ဒါတွေကို ဘာကြောင့်ရေးရသလဲဆိုရင် အချုပ်ထောင်က ထွက်လာဖူးတဲ့ အချို့သောနိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ ထောင်ထွက်လက်မှတ်ကြီးတွေကို သူတို့ ပေးဆပ်မှုရဲ့ သက်သေသက္ကာယကြီးတခုလို လူတွေ့တာနဲ့ ထုတ် ထုတ် ပြတတ်ကြပါတယ်။ သူများတွေတော့မသိ။ ကျနော့်အနေနဲ့ကတော့ အဲသည်လို ထုတ်ပြလိုက်တာနဲ့တပြိုင်နက် အဲဒီလူအပေါ်မှာ အထင်ကြီးစိတ်ဟာ တဝက်လောက် လျော့ကျသွားပါတယ်။ ပိုဆိုးတာက ကျနော်ကြုံခဲ့ဖူးတဲ့ အဲသည်လို လူမျိုးတွေဟာ ခဏစောင့်ကြည့်လိုက်တာနဲ့ နိုင်ငံရေးသိက္ခာမရှိတဲ့ လုပ်ရပ်တွေ လျှောက်လုပ်တာကို တွေ့မြင်ရတော့တာပါပဲ။ (စင်္ကာပူမှာ နေထိုင်စဉ်အတွင်း သုံးယောက်လောက် လူကိုယ်တိုင်တွေ့ဖူးတယ်။) ဒီလူမျိုးတွေကိုတော့ ထောင်ထဲမှာ အနှစ် ၂၀ နေခဲ့လည်း သူမတရား ထောင်အချခံခဲ့ရတာအတွက် စာနာ၊ ဂရုဏာသက်မိတာ၊ စစ်အစိုးရရဲ့ မတရားမှုကို ရှုတ်ချတာမိကလွဲလို့ ကျနော့်အနေနဲ့ သူ့ကို လေးစားအသိအမှတ်ပြုဖို့၊ ခေါင်းဆောင်တင်မိဖို့ရန် အင်မတန် ခဲယဉ်းပါတယ်။

ဘယ်လိုလူမျိုးကိုမဆို လက်ရှိ အချိန်အတွက်တော့ သူ့ရဲ့ လက်ရှိလုပ်ရပ်ကို ကြည့်ပြီး ကိုယ့်စံနှုန်းနဲ့ ချိန်ထိုးဆုံးဖြတ်ပါတယ်။ ကောင်းတာလုပ်ရင် အဲဒီကောင်းတဲ့လုပ်ရပ်အတွက် ထောက်ခံမယ်။ ကျနော့်စံနဲ့ မကိုက်ညီတာကို တွေ့ရင် မထောက်ခံဘူး။ ဝေဖန်သင့်တယ်ထင်ရင် ဝေဖန်မယ်။

လူတယောက်ကို တခါ ထောက်ခံဘူးတာနဲ့ ရာသက်ပန် ဘာလုပ်လုပ် ထောက်ခံသွားမှာ မဟုတ်သလို၊ တခါ ဆန့်ကျင်ဖူးတာနဲ့ တသက်လုံး ဘာလုပ်လုပ် ဆန့်ကျင်သွားမှာ မဟုတ်ပါဘူး။ ဥပမာ… မိုးသီးဇွန်ကိုဆိုရင် ကျနော်မထောက်ခံတဲ့ အပိုင်းတွေရှိတယ်။ ဒါပေမယ့် သူလုပ်သမျှကို လိုက် ဆန့်ကျင်နေတာမဟုတ်ဘူး။ မိုးသီးဇွန်ရေးထားတဲ့ “နာခံမှုကို ဆန်းစစ်ခြင်း” ဆိုတဲ့ စာအုပ်ကို ကျနော်အင်မတန်နှစ်ခြိုက်တဲ့အတွက် ဘလော့ဂ်ဘေးမှာတောင် လင့်ခ်တင်ထားပေးပါသေးတယ်။ အလားတူ ထွန်းအောင်ကျော်ရဲ့ ဆောင်းပါးကို ကြိုက်နှစ်သက်လို့ ဘလော့ဂ်မှာ ဖော်ပြပေးလိုက်ပေမယ့် ထွန်းအောင်ကျော် လုပ်သမျှကို အကုန်လိုက်ထောက်ခံနေမှာ မဟုတ်ပါဘူး။

သတိရလို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဘူးတာလေးရှိတယ်။ “အန်တီတို့က ထာဝရလူဆိုး၊ ထာဝရလူကောင်းဆိုတာကို မယုံကြည်ဘူး။ ပြုပြင်လို့ မရသေးတာပဲ ရှိတယ်” (စကားလုံး အတိအကျတော့ မဟုတ်)။ ဒီစကားကို ကျနော် နှစ်သက်လက်ခံတယ်။

တချို့ လူကောင်းဆိုတဲ့လူတွေတောင် တဒင်္ဂ အခိုက်အတန့်လေးမှာ စိတ်မထိန်းနိုင်တဲ့အတွက် လူသတ်မှုလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်မိတတ်တဲ့ ဥပမာတွေ ရှိနေပါတယ်။ အလားတူ တသက်လုံးဆိုးလာတဲ့ လူဆိုးပေမယ့် တခါတလေမှ အင်မတန်ကောင်းတဲ့လုပ်ရပ်ကို လုပ်သွားတဲ့ ဥပမာတွေလည်း ရှိနေပြန်တယ်။

ဒီတော့ လူတယောက်ဟာ လူဆိုးဖြစ်တဲ့အတွက် သူဘာလုပ်လုပ် ဆိုးမှာပဲ၊ အမြဲလူဆိုးလို့ သတ်မှတ်ထားရင် နည်းလမ်းကျမယ်မထင်ဘူး။ ဖြစ်သင့်တာက လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ သူရဲ့ လက်ရှိလုပ်နေတဲ့ လုပ်ရပ်ကို ချီးမွန်းစရာရှိရင် ချီးမွန်းမယ်။ ဝေဖန်စရာရှိရင် ဝေဖန်မယ်။ ရှုတ်ချစရာရှိရင် ရှုတ်ချမယ်။ ဒါဟာ ပုဂ္ဂိုလ်ကိုမကြည့်ဘဲ တရားကို ကြည့်တဲ့သဘော။ ပုဂ္ဂိုလ်ကို မခင်ဘဲ တရားကို မင်တဲ့သဘော။ ဒီလိုမှ မဟုတ်ရင် ပုဂ္ဂိုလ်စွဲနဲ့ ဆုံးဖြတ်တာကြောင့် အဂတိတရားမကင်းဘဲ မှားမှားယွင်းယွင်း ဆုံးဖြတ်မိဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်…. ဒီဘဝမှာတော့ “တိုင်းပြည်အတွက် မြက်တပင်နှုတ်ပေးဖူးရဲ့လား”လို့ မေးမြန်းတတ်တဲ့ မြက်နှုတ်သမားများကို ရှောင်လွှဲချင်လို့မရ လူဖြစ်တုန်းအခိုက် ကြုံကြိုက်ရဦးမှာပါပဲ။

ကိုပေါ။
စက်တင်ဘာ ၁၃၊ ၂၀၁၁။

8 comments:

Anonymous said...

ကိုပေါရဲ့စံနဲ့ မကိုက်ညီတာတွေ့ ရင် ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ လက်ရှိအနေအထားအရ အတိုက်အခံတွေဘက်မှာ ဒေါ်စု သာမရှိခဲ့ရင် ပွဲပြတ်သွားမယ်ဆိုတာ ကိုပေါ မြင်မှာပါ။ ပြည်ပက အတိုက်အခံတွေကို စစ်အစိုးရက ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မမြင်ပါဘူး။ ပြည်တွင်းမှာလဲ တဗိုလ်တက် တဗိုလ်ဆင်းမရအောင် အားလုံးကို သင်းသတ်ထားတာလဲ ကိုပေါ မြင်မိမှာပါ။ အာဏာရှင်တွေဟာ လူထုထောက်ခံတဲ့၊ နိုင်ငံတကာ က ထောက်ခံတဲ့ အတိုက်အခံခေါင်းဆောင်တွေကို နည်းလမ်းပေါင်းစုံသုံးပြီး အကြည်ညိုမဲ့အောင် လုပ်တတ်ကြတယ် ဆိုတာလဲ ကိုပေါသိပြီးသားဖြစ် မှာပါ။ ဒေါ်စုမှာ အချိန်သိတ်မကျန်တော့ပါဘူး။ သူအကောင်းဆုံးဖြစ်အောင် လုပ်နေပါလား လို့ မြင်ပေးပါ။ သူရှိနေလို့ ဒီမိုကရေစီဆိုတာလေး ကြားနေရသေးပါလားလို့ မြင်ယောင်ပေးပါ။ ကျနော်တော့အာဏာရှင်တွေလက်အောက်မှာ နေနေရတဲ့ မြောက်ကိုရီးယား၊ ကျူးဘား နဲ့ အာဖရိကနိုင်ငံ အချို့က ပြည်သူတွေရဲ့ဘ၀ Documentary တွေ ကြည့်ပြီးတိုင်း ကိုယ့်တိုင်းပြည်ကို အဲလို ငရဲခန်းမျိုး ရောက်သွားမှာ အရမ်းစိုးရိမ်မိတယ်။ ကိုပေါလဲ ရှာပြီးကြည့်စေချင်ပါတယ်။ ကိုပေါရဲ့စာတွေကို တလေးတစား ဖတ်နေတဲ့ စာဖတ်သူတဦးအနေနဲ့ ဒေါ်စုကို ဝေဖန်တဲ့စာတွေ ခဏသိမ်းထားစေချင်ပါတယ်။ မထောက်ခံချင်ရင်တောင်မှ မကန့်ကွက်စေလိုပါဘူး။

Anonymous said...

Are you kidding?

You can say whatever you like
about "မိုးသီးဇွန်, ထွန်းအောင်ကျော်"? Who gives a damn? But you are talking about Daw Su and that is different story. You are talking about someone who left UK to come
to Burma and not clowns who left Burma for somewhere. You are comparing apples and oranges!

You can critisize Daw Su if she has stolen budget, if she plunder grant money, but you are barking
at Daw Su for no reasons while she
can do her best in country.

There are people, who are outside
Burma who want Daw Su to grew old and die as an icon so that they can raise profiles of their clowns daughters of clowns or clowns with funny names. I wished Daw Su can
work out inside the system while she is alive and healthy or we will end up seeing more clownish girls of all types will rush to give speeches and clowns will send emails saying they feel emotional.

Your 88 leaders, no one gives a damn too. The only politician I trust apart from Daw Su is Ko Zar Ga Nar. The rest are clowns!

Anonymous said...

ဒေါက်တာလွဏ်းဆွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာကို ဖတ်လို့ ရတယ်။ ရေးသားပုံက ပညာတတ်ဆန်တယ်။

not_Anonymous said...

Well,Understood what you said.But It is too early to judge. Most of people (May be all people inside Burma) are happy seeing her with them.

Anonymous said...

Ko Paw,

I think you should go back to Myanmar for Aunty Su's advisor.

Bravely go back. No need to worry.

Like what you say without knowing detail is easy and everyones can say so. But nothing will happen. 20 years over!!!

ABC said...

ဒေါ်စုလွတ်လာတဲ့အခါ ကျွန်တော်အများနည်းတူ ပျှော်ရွှင်ခဲ့ပါတယ်၊ မတရားအမူဆင်ပြီး ဖမ်းတယ်လို.လဲ သိရလို. စိတ်မကောင်းဖြစ်မိပါတယ်၊ ခုတစ်ခါ သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ.ဆုံဆွေးနွေးတယ် ဆိုလို. ပိုလို.တောင်မှ ၀မ်းသာရပါတယ်၊ ငါတို.နိုင်ငံတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ကိုတော့ ရောက်ပြီပေါ့၊ အဲဒါတွေက တော့ အပြုသဘောအနေနဲ.တွေးမိတာတွေ၊ ဖြစ်နိုင်တာတွေပေါ့၊ ဦးသိန်းစိန်က သူတို.ရဲ့ အဖွဲ.ထဲ မှာ သိပ်အဆိုးကြီးမဟုတ်လှပါဖူး၊ သူလဲ အသက်အရွယ်ကြီးလာလို. ဘုရား၊ တရားဖက်ပြီး တိုင်းပြည်ရဲ့ ကောင်းရာ ကောင်းကြောင်းလုပ်နေတာလဲ ဖြစ်နိုင်ပါတယ်၊

အပျက်သဘောဘက်က တွေးကြည့်ရအောင်ဗျာ၊ ဒေါ်စုနဲ. အစိုးရအဖွဲ.တွေ.တဲ့အချိန်ကလဲ အီဂျစ်၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ အာဏာရှင်တွေကို ပြည်သူတွေဆန်ကျင်လို. အာဏာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးနေတဲ့အချိန်တွေနဲ. တိုက်ဆိုင်လွန်း လှပါတယ်၊

အချိန်နှင့် ဖြစ်ပျက်ပုံတွေကို အကြမ်းဖျင်းကြည့်ကြရအောင်၊

ကျောင်းသားတွေအစပြုလို.ပေါ်လာတဲ့ အရေးအခင်းကြောင်း ပါတီစုံ ဒီမိုကရေစီ ပေါ်လာပြီး ရွေးကောက်ပွဲလုပ် တာ NLD လည်းနိုင်ရော၊ အာဏာမလွဲပေးချင်လို. ဖွဲ.စည်းပုံအခြေခံ ဥပေဒေရေးဆွဲလိုက်တာ ၁၉၉၃ ခုနှစ်လောက်ကစပြီး ကြာချင်သလိုကြာလိုက်တာ ၂၀၀၇ အရေးတော်ပုံကြောင်း ၂၀၀၈ နာဂစ် ဖွဲ.စည်းပုံ အတည်ပြုတာနဲ. ၂၀၁၀ ရွေးကောက်ပွဲတွေ ပေါ်လာပြန်ရော၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ မြောင်းထဲရောက်ပါလေရော၊
၁၉၈၈ အာဏာသိမ်းပြီးတဲ့နောက်မှာ ပထမဆုံးက ဂျပန်လူမျိုး ကုလသမဂ္ဂကိုယ်စားလှယ် လာတယ်၊ အဲဒီ့သူ ပြီးတဲ့နောက် မလေးရှားလူမျိုး ကုလသမဂ္ဂကိုယ်စားလှယ်လာတယ်၊ နောက်ပိုင်းမှာ ဂန်ဘာရီလာတယ်၊ လာလိုက်ကြ၊ သွားလိုက်ကြနဲ. ဘာမှ မဖြစ်လာခဲ့ပါဖူး၊ ပြီး ကြက်ခြေနီအဖွဲ.ဆိုတာလဲ လှုပ်ရှားခွင့်ပေးလိုက်၊ ပိတ်လိုက်နဲ. လုပ်ချင်သလို လုပ်နေကြတာ ကို တွေ.မိပါတယ်၊ နိုင်ငံတကာက ဖိအားပေးလာတဲ့အချိန်ဆိုရင် ဒေါ်စုကိုပွဲထုတ်ပါတယ်၊ ပြီးတော့ ပြန်ဖမ်းလိုက်နဲ. ဒေါ်စုကို ဟန်ပြပြီးလုပ်စားနေတယ်လို.ပဲထင်မိပါတယ်၊ ၊ကျွန်တော်ကတော့ အစိုးရသစ်က အချိန်ဆွဲနေတယ်လို. ပဲထင်မိပါ တယ်၊ ဒေါ်စုကို ပြည်သူတွေချစ်တယ်၊ထောက်ခံတယ်ဆိုတာ ကို အစိုးရကလဲသိပါတယ်၊ ၂၃ နှစ်လောက် တိုင်းပြည်ကို အုပ်ချုပ်လာတယ် ဆိုတော့ ပြည်သူနဲ. ဒေါ်စု ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိတာပေါ့၊ နောက်တစ်ချိန်ရွေးကောက်ပွဲနီးလာရင် ဒေါ်စုကို အကြောင်း တစ်ခုပြပြီး နေအိမ်အကျယ်ချုပ်ချ ပါလိမ့်မယ်၊ သူတို.အချင်းချင်းဖြစ်တဲ့ ဗိုလ်ခင်ညွန်.ကိုတောင် အားရအောင်ခိုင်း၊ ၀အောင်အသုံးချပြီးတော့ တစ်ခါတည်း ဖြုတ်၊ထုတ်၊သတ်လုပ်တော့တာပဲ၊ ကျားက သားသားလွတ်လွတ်စား ဦးပုပ်စောင့်တယ်ဆိုတာ ယုံတယ် သူတွေရှိတော့လည်း ဘာမှမတတ်နိုင်ဖူးပေါ့၊တကယ်တော့ လက်ရှိခေါင်းဆောင်တွေက အာဏာကို မစွန်.လွှတ်နိုင်တာက တကယ့်ပြဿနာပါ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးပဲ၊ ပြည်ပက သူတွေကို ပြည်ဝင်ခွင့်ပေးတာကလည်း နည်းနည်းတော့ ထူးဆန်းနေသလားလို.ပါ၊

ဒေါ်စုအနေနဲ. အသက်ကြီးပြီ ဆိုတော့ နောင်တစ်ချိန်မှာ ပါတီကို ဦးဆောင်မဲ့ အသက်အရွယ်ငယ်တဲ့ အမျိုသား၊ အမျိုးသမီးကို ရွေးချယ် တာဝန်ပေး၊ လေ့ကျင့်ပေးပြီး ပြည်သူတွေနဲ. ထိတွေ.ခိုင်းရမဲ့ အချိန်ရောက်နေပါပြီ၊ ဒေါ်စု ကို ပြည်သူတွေထောက်ခံလို. NLD ဆိုတာလဲလူသိများတာပါ၊ တစ်ချိန်ချိန်မှာ ဒေါ်စုကွယ်လွန်သွားတာနဲ. NLD ဆိုတာလမ်းဘေးပြ တဲ့ မျောက်ပွဲလောက်တောင် ဘယ်သူ.မှ စိတ်ဝင်စားကြမှာမဟုတ်ပါဖူး၊

အဲဒါနဲ.စကားစပ်လို. ကြာနီကန်ဆရာတော် ဟောတဲ့ အကြောင်းကို သတိရမိလိုက်ပါတယ်၊ ကြာနီကန်ဆရာတော်ကတရားဟောရာမှာ ဘုရားရှင်လက်ထက်တုန်းက ဘုရားရဲ့ တရားပွဲမှာ ဒေသနာတရားတပုဒ်ကြားနားရင်းနဲ. သောတာပန်တည်သွား၊ တရားထူးတရားမြတ်ရသွားကြတယ်၊ ကြာနီကန်ဆရာတော်ဆိုလိုချင်တာက ဘုရားရှင်ကိုယ်တိုင်ဟောတာလည်းဖြစ်သလို သက်ရှိဘုရားကို ဖူးရတဲ့ လူတွေကလဲ ကံထူးတယ်လို.ပြောပါတယ်၊ အဲဒါနဲ. တစ်ဆက်တည်းဟောတာက ဒီတရားပွဲကို ဟောနေတဲ့ ကျူပ်ကလဲ ဘာမှမဟုတ်တော့ ခင်ဗျားတို.လဲ ဘာမှမဖြစ်ဖူး (တရားထူးမရဖူး) လို.ဆိုလိုပါတယ်၊ ခုလဲ ပြည်သူတွေကို ဦးဆောင်တဲ့သူကလည်း ဘာမှပီပီပြင်ပြင် မဆောင်ရွက်နိုင်တော့ ပြည်သူတွေလည်း ခုချိန်ထိ ဒီမိုကရေစီ အရသာကို မခံစားရသေးတာပဲ ဖြစ်ပါလိမ့်မယ်၊ လူတွေကတော့ ပြောမယ်၊ တွေ.ဆုံဆွေးနွေးနေပြီလေ၊ စောင့်ကြည့်လေ၊ ကောင်းလာမှာပေါ့ ဆိုပြီး ပြောကြပါလိမ့်မယ်၊ ၂၃ နှစ်စောင့်ပြီးပြီ၊ နောက်ထပ် ဘယ်လောက် အထိကြာအောင် စောင့်ရမှာလဲ၊

ကိုယ်လဲအကြားအမြင်မရလေတော့ တွေ.ရှိရတဲ့ အချက်တွေပေါ်က သုံးသပ်တာပါ၊ ဟုတ်၊ မဟုတ်ကတော့ အချိန်ကသာ အဆုံးအဖြတ် ပေးပါလိမ့်မယ်၊
တကယ့်စစ်မှန်တဲ့ တွေ.ဆုံဆွေးနွေးမူကနေ အမျိုးသားစည်းလုံးညီညွတ်ရေး ရယူပြီး တိုင်းပြည်ကြီး ကြွယ်ဝချမ်းသာပါစေလို. ဆန္ဒပြမိပါတယ်၊ စိတ်ထဲကတော့ မယုံကြည်မူ အပြည့်အ၀နဲ. သံသယဖြစ်မိပါတယ်၊

အေဘီစီ ညတိုင်း ဘုရားရှစ်ခိုး၊ မေတ္တာပို.ပါတယ်၊ ကြေးစည်ထုပြီး အမျှဝေပါတယ်၊ ကြေးစည်လေး ကိုထုလိုက်တဲ့ အခါမှာ "မထင်" "မထင်" "မထင်" ဆိုပြီး အသံမြည်ပါတယ်၊

မန်းကိုကို said...

ကိုပေါရဲ့ ပို့စ်အသစ် ပြန်စတက်ကတည်းက လာဖတ်ပြီး ကွန်မန့်ပေးမလို့ဟာ မအားလို့ အခုမှ ထပ်လာပေးဖြစ်တယ် ။ ဒါပေမယ့် အားပေးလိုက်ကြတဲ့ ကွန်မန့်တွေကလည်း များလွန်းလို့ လက်လျော့ပြီး ကိုယ်ပြောချင်တာပဲ ပြောတော့မယ်ဗျာ ။

လိုရင်းကတော့ ကိုပေါရဲ့ ဒေါ်စုနဲ့ပတ်သက်သမျှ ဝေဖန်ထားတာတွေ အားလုံးကို သဘောတူတယ်လို့ မပြောလိုပေမယ့် ဝေဖန်တာကို အားပေးပါတယ် ။ တိုက်ခိုက်ရှုတ်ချတဲ့ အဆင့်မရောက်မချင်းလည်း ဆက်အားပေးနေအုံးမှာပါ ။

လူဆိုတာ ခြောက်ပစ်ကင်း သဲလဲစင်သူ ရှိဖို့မလွယ်သလို ၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ရာ မြင်နိုင်ဖို့ မလွယ်ကူလှပါဘူး ။ ဒီတော့ ဒေါ်စုကိုယ်တိုင်က ဒီလို ကူညီဝေဖန်မှုတွေကို ကြိုဆိုဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ ယူဆပါတယ် ။

ဒီလောက်ပဲ မှတ်ချက်ပေးထားပါဦးမယ် ။ ကိုပေါနဲ့ သဘောမတူသူတွေနဲ့လည်း ကန့်လန့်လုပ်ပြီး ဘာမှမပြောချင်ပါဘူး ။ တဖက်မှာလည်း ကိုပေါကို ဝေဖန်သူတွေကြောင့် ကိုပေါအတွက် အထောက်အကူ အများကြီး ရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။

Anonymous said...

အပေါ်ကကိုမန်းကိုကိုနဲ့သဘောထားချင်းအတူတူပါပဲ။

စာဖတ်သူတဦး

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs