ဒရိုင်ဘာ၊ ခရီးသည်များ နှင့် ကျနော်


တနင်္ဂနွေနေ့မှာ လစ်တဲလ်အိန္ဒိယ (Little India) ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖြစ်ပါတယ်။ ကားပေါ်ကို ကျနော်တက်လိုက်တဲ့အချိန်မှာ တကားလုံး လူပြည့်သလောက်ရှိနေပါပြီ။ လူဖြူမိန်းမတယောက်ရယ်၊ ကျနော်ရယ်၊ ကျန်တဲ့ အယောက် ၈၀ လောက်က အိန္ဒိယလူမျိုးတွေနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားတွေ။ နောက်မှတ်တိုင်တခုရောက်တော့ လူတွေ ထပ်တက်လာကြပြန်တယ်။ ကားရှေ့ပိုင်းမှာ လူတွေ ကြပ်ညှပ်တိုးဝှေ့နေတာကို မခံလိုတဲ့အတွက် ဘတ်စ်ကားရဲ့ အလယ်ဘက်ဆီကို ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး နေရာရွှေ့ပါတယ်။ တတိတိနဲ့ ရွှေ့လာလိုက်တာ သုံးလေးမှတ်တိုင်လောက်အရောက်မှာ ကားအလယ်ပိုင်းကို ကျနော် အောင်မြင်စွာရောက်ရှိသွားပါတော့တယ်။

အဲဒီအချိန်မှာတော့ နောက်ထပ် ပါစင်ဂျာတွေ ထပ်တက်လို့မရအောင် ကားတစင်းလုံး ပြည့်သိပ်နေပါပြီ။ မှတ်တိုင်မှာ ဆင်းတဲ့လူလည်း မရှိတော့ဘူး။ အားလုံးက လစ်တဲလ်အိန္ဒိယကိုပဲ သွားမယ့်လူတွေချည်း။ ဒရိုင်ဘာက မြောက်ပိုင်းသံဝဲတဲ့ တရုတ်ဘာသာနဲ့ “ကျေးဇူးပြုပြီး အထဲကို တိုးပေးကြပါ” လို့ ခဏခဏ လှမ်းအော်ရှာတယ်။ အားဟား.... ဒီပုဂ္ဂိုလ်ဟာ တရုတ်ပြည်မကြီးကနေ မကြာခင်ကမှ အသစ်ခေါ်ခန့်ထားခံရတဲ့ လူသစ်ပဲဖြစ်ရမယ် လို့ ကျနော့်ဘာသာ တီးတိုးရေရွတ်မိပါတယ်။ သူ့ရဲ့ တောင်းပန်တိုးလျှိုးမှု အရာမထင်တာဟာလည်း ဘာမှ အံ့သြစရာတော့ မရှိပါဘူး။ ဒီကားပေါ်မှာ သူပြောတဲ့ တရုတ်စကားကို ကျနော်ကလွဲလို့ တခြား ဘယ်ခရီးသည်က နားလည်နိုင်မှာ မို့လို့လဲ။

ဒါပေမယ့် အတွင်းဘက်ကို ရွှေ့မပေးလိုခြင်းရဲ့ တခြားအကြောင်းရင်းတခုကလည်း ရှိသေးတယ်။ နိုင်ငံခြားသားအလုပ်သမားတွေပါတဲ့ ဘတ်စကားတစင်းမှာ မရှိဘူးဆိုရင် အနည်းဆုံး ၁၀-၂၀ ရာခိုင်နှုန်းလောက်က စင်္ကာပူကို မကြာခင်ကမှ ရောက်လာကြတဲ့ လူသစ်တွေ ဖြစ်နေတတ်တယ်။ ကျနော်တောင် သူတို့ကို ခွဲခြားပြနိုင်တယ်။ သူတို့ဟာ ဘတ်စ်ကားရှေ့ပိုင်းမှာ ကျောက်ချရပ်နေကြပြီး ကားဘယ်ကို ဦးတည်မောင်းနေသလဲဆိုတာကို မျက်ခြေမပြတ် ကြည့်နေကြတယ်။ သူတို့အနေနဲ့ လမ်းကြောင်း မှတ်မိဖို့ လိုတယ်လေ။ ဒရိုင်ဘာပြောတဲ့ ဘာသာစကားကို သူတို့နားလည်ရင်တောင် အထဲကို ရွှေ့ပေးမယ့်ပုံ လုံးလုံးမပေါ်ဘူး။

နယူတန် အဝိုင်းနားကို ရောက်လာတော့ ကားမှတ်တိုင်မှာ ခရီးသည်တချို့က ကားကို တားတယ်။ လူပြည့်နေတဲ့အတွက် ရှေ့ဝင်ပေါက်ကို ဒရိုင်ဘာက ခဲရာခဲဆစ် ဖွင့်ပေးရတယ်။ ဒါပေမယ့်လည်း ကားပေါ်ကို လူထပ်တက်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ဘူး။ နောက်ဖက် ထွက်ပေါက်အနီး ကျနော်ရပ်နေတဲ့နေရာကနေ လှမ်းကြည့်ရင် လူတွေ ဘယ်လောက်များများ ကားပေါ်ကို တက်ဖို့ ကြိုးစားနေကြသလဲဆိုတာ မမြင်ရဘူး။ ကျနော့်ရဲ့မြင်ကွင်းကလည်း ဘေးပတ်ပတ်လည် တတောင်လောက်အထိပဲ ဘောင်ခတ်ခံထားရသလို ဖြစ်နေရတယ်။

ခဏနေတော့ ဒရိုင်ဘာက နောက်ပေါက်တံခါးကို ဖွင့်ပေးလိုက်ပြီး ကားအောက်က ခရီးသည်တွေကို နောက်ပေါက်က တက်ကြဖို့ အော်ပြောလိုက်တယ်။

လူနှစ်ယောက်တက်လာပြီး ကျနော့်ရှေ့မှာ တိုးဝှေ့နေရာယူလိုက်ကြတယ်။ နှစ်ယောက်စလုံး တရုတ်ပြည်မကြီးကလာတဲ့လူတွေ။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်တွေ။ မန်ချူးရီးယားပြည်နယ်ဖက်က လာပုံပဲ။ သူတို့ရဲ့ ဘတ်စ်ကားစီးကဒ်တွေကို ကဒ်ရီဒါ (reader) မှာ အသာ ကပ်လိုက်တယ်။ ဒါပေမယ့် ကဒ်ရီဒါက “ဒိ...ဒိ..ဒိ...ဒိ” လို့ ကျယ်လောင်စူးရှတဲ့ ပြတ်တောင်းတောင်း
မြည်သံတွေနဲ့အတူ မီးနီတွေ တဖြတ်ဖြတ်လင်းပြီး အင်္ဂလိပ်လို စာတန်းတခု ထိုးပြလာတယ်။ “Error... ရှေ့ပေါက်က တက်ပါ” ဆိုတဲ့ မှားယွင်းကြောင်းပြတဲ့ မက်ဆေ့ခ်ျမျိုးပေါ့။ ဒါပေမယ့် ကဒ်ရီဒါမှာ ဖြစ်ပျက်နေတာကို ဘယ်လိုမှ မတုန့်ပြန်တာကို ကြည့်ခြင်းအားဖြင့် ဒီလူနှစ်ယောက်ဟာ ကားခပေးတဲ့နေရာမှာ အမှားအယွင်းဖြစ်နေတာကို သတိမပြုမိကြောင်း လုံးဝသိသာထင်ရှားနေတယ်။ ပိုပြီး သေချာတာကတော့ သူတို့ဟာ အင်္ဂလိပ်လို တလုံးတပါဒမျှ နားမလည်ဘူး။ အဲဒီအတွက် ကဒ်ရီဒါမှာ ပြနေတဲ့ error မက်ဆေ့ခ်ျကိုလည်း နားမလည်နိုင်ကြဘူး။

ကြိုဆိုပါတယ်ခင်ဗျား။ စင်္ကာပူဆိုတဲ့ ဘာသာစကားဆိုင်ရာ လွဲချော်မှုတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းဌာနီကြီးက ကြိုဆိုပါတယ်။

ဒါနဲ့လည်း ဘတ်စ်ကားက နေရာက မရွေ့သေးဘူးခင်ဗျ။ အပြင်ဖက်မှာ တက်ချင်တဲ့လူတွေ ကျန်နေသေးပုံပဲ။ ဒရိုင်ဘာက အဲသည်လူတွေကို လှမ်းပြီးစကားပြောနေတယ်။ ဒါပေမယ့် ဆူညံသံတွေကြောင့် သူဘာပြောသလဲဆိုတာတော့ သဲသဲကွဲကွဲ မကြားရဘူး။ နောက်ဆုံးမတော့ အဲဒီ ကျန်နေသေးတဲ့သူတွေလည်း နောက်ပေါက်တံခါးဆီကို ရောက်လာကြတယ်။ သိပ်များများတော့မဟုတ်ပါဘူး။ စလုံးလင်မယား နှစ်ယောက်ပါပဲ။ အင်္ဂလိပ်စကားပြောတဲ့ တရုတ်မျိုးနွယ် စလုံးလင်မယား။ သူတို့ ကားပေါ်ကို တက်တယ်။ သူတို့ရဲ့ ကားစီးကဒ်တွေကို ကဒ်ရီဒါမှာ ဖြတ်ကနဲ ကပ်တယ်။ ကဒ်ရီဒါကလည်း သူတို့ကို စောစောကအတိုင်း အော်သံနဲ့ နှောက်ယှက်ပြန်တယ်။ အမျိုးသမီးဟာ လန့်သွားပြီး ဟန်ချက်ပျက်မလိုဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကားပေါ်ကိုတော့ သူတို့ ရောက်လာပြီ။ ကားတံခါးတွေလည်း ပိတ်ပြီးပြီ။ ဘတ်စ်ကားဟာ မှတ်တိုင်က ထွက်ခွာလာခဲ့ပြန်ပါတယ်။

“ဒါဆို ငါတို့ ကားခကို ဘယ်လိုပေးမလဲ” အမျိုးသမီးက သူ့ယောက်ျားကို မေးတယ်။ တကယ်တော့ အဖြစ်သဘော စကားမရှိ စကားရှာ မေးခြင်းမျှသာပါ။ “ကျမတို့ ဆင်းမယ့်မှတ်တိုင်ရောက်ရင် ရှေ့ပေါက်ကိုသွားပြီး ကျမတို့ ကားစီးကဒ်တွေကို သွားပြီး စကန်(scan)လုပ်ရမယ်လို့ ကျမထင်တယ်”

“အေးကွာ မီးစင်ကြည့်ကတာပေါ့” လို့ ယောက်ျားက ပြန်ဖြေတယ်။

“တကယ်တော့ ကျမတို့ဟာ နောက်ပေါက်က တက်ရဖို့မဟုတ်ဘူး”.... သူမဟာ ဆက်ပြောနေပြန်တယ်။.... “ကားဒရိုင်ဘာကလဲ၊ ဘာကြောင့်များ ကျမတို့ကို နောက်ပေါက်က တက်ခိုင်းရသလဲမသိဘူးနော်”

အဲဒီအချိန်မှာတော့ ကျနော်ဟာ စင်္ကာပူနိုင်ငံသားဖြစ်တဲ့အတွက် ဂုဏ်ယူရမလား၊ စိတ်အနှောင့်အယှက်ဖြစ်ရမလား မဝေခွဲနိုင် ဖြစ်သွားပါတော့တယ်။

-----------

ပြည်မကြီးတရုတ် ကားဒရိုင်ဘာဟာ “မဖြစ်ဖြစ်အောင်လုပ်မယ်” (can do attitude) ဆိုတဲ့ စိတ်ဓါတ်မျိုးကို ခံယူထားသူဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဘတ်စ်ကားမှာ လူအရမ်းပြည့်နေလို့ ပါစင်ဂျာတွေ အတွင်းကို မရွှေ့နိုင်တော့ရင် သူမှာ ရွေးချယ်စရာ နည်းလမ်းတွေရှိပါတယ်။ တနည်းက မှတ်တိုင်တွေမှာ လူတင်ဖို့ ထပ်မရပ်တော့တာမျိုး။ နောက်တနည်းက(ကားခပေးဖို့မဖြစ်နိုင်ရင်တောင်မှ) ခရီးသည်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကားပေါ်အပါတင်ခေါ်တဲ့နည်းမျိုး။ ကျနော့်အမြင်မှာတော့ သူက နည်းလမ်းအမှန်ကို ရွေးချယ်ခဲ့တယ်လို့ မြင်ပါတယ်။ လူတွေကို သူတို့သွားချင်တဲ့နေရာပို့ဆောင်ပေးဖို့က ဘတ်စ်ကားကုမ္ပဏီအတွက် ဒေါ်လာအနည်းငယ်ထပ်ရအောင်ကြံဆောင်ခြင်းထက် ပိုမိုအရေးကြီးတယ် မဟုတ်ပါလား။

ဒါပေမယ့်...အဲဒီ “မဖြစ်ဖြစ်အောင်လုပ်မယ်”ဆိုတဲ့ နည်းလမ်းဟာ တခါတလေတော့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရတာမျိုးနဲ့လည်း ကြုံရတတ်တယ်။ ပြည်ပကနေလာရောက်အခြေချသူတွေအဖို့ စင်္ကာပူနိုင်ငံသားတွေကို သင်ပြပေးနိုင်တဲ့အရာ တခုရှိတယ်ဆိုရင် အဲဒါဟာ “ပြဿနာတရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုရင် တခါတလေမှာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချိုးဖောက်ဖို့ လိုတယ်” ဆိုတဲ့ သင်ခန်းစာပါပဲ။

စင်္ကာပူနိုင်ငံသားတွေဆိုတာ ကားနောက်ပေါက်ကတက်ဖို့အရေး ကားရှေ့ပေါက်မှာ တော်တော်ကြာအောင် ဖြောင်းဖျနားချယူရပါတယ်။ တခါ နောက်ပေါက်ကတက်ပြီးသည့်တိုင်အောင် အဲသည်လို စည်းကမ်းကို ချိုးဖောက်လိုက်ရတဲ့အတွက် အလွယ်တကူ ပြန်လည် တည့်မတ်ဖို့ နည်းလမ်းမရှိတဲ့အခါ စိတ်မသက်မသာ ဖြစ်နေကြသေးတာကို တွေ့ရတယ်။ ဒီအဖြစ်အပျက်ဟာ ရိုသားမှုရဲ့ ဂုဏ်ပုဒ်ကို မှတ်ကျောက်အတင်ခံတဲ့ အချက်ဖြစ်လို့ နှာခေါင်းရှုံ့ဖို့ မသင့်ပေမယ့် တဖက်မှာလည်း ကျနော်တို့တတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို တရားသေဆုပ်ကိုင်လိုက်နာတတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြန်ပါတယ်။ ကျနော်တို့ဟာ ကိုယ်တိုင်တီထွင်ကြံဆနိုင်ဖို့ ဝေးလို့... တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းချက်နည်းလမ်းတွေကို အသားမကျတော့သလိုတောင် ဖြစ်နေပါတယ်။

-------------------

လစ်တဲလ်အိန္ဒိယကို ရောက်လုရောက်ခင်မှာ စောစောက ပြည်မကြီးတရုတ်နှစ်ယောက်ဟာ သူတို့ရဲ့ ကားစီးကဒ်တွေကို ထုတ်ကြပြန်ပါတယ်။ ကားပေါ်ကဆင်းတဲ့အခါ ကဒ်ရီဒါမှာ ကပ်ဖို့အတွက် အသင့်ပြင်တဲ့သဘောပေါ့။

ကျနော်က သူတို့ကို ဒုက္ခမရှာဖို့ ပြောလိုက်တယ်။ “မင်းတို့တက်တုန်းက ကဒ်ရီဒါက မင်းတို့ ကဒ်တွေကို ဖတ်မသွားဘူး။ ဒါကြောင့် ဆင်းတဲ့အခါ မင်းတို့ ထပ်ပြီး ကပ်ဖို့ မလိုတော့ဘူး”

“ဘာကြောင့် မဖတ်တာလဲ”.... တယောက်က ပြန်မေးတယ်။

ရှေ့ပေါက်မှာရှိတဲ့ ကဒ်ရီဒါကသာလျှင် ခရီးစဉ်အတွက် ကားစီးကဒ်ကို ဖတ်ကြောင်း ရှင်းပြရင်း....“ မင်းတို့တက်လာတုန်းက စက်က ဒိ..ဒိ...ဒိ..ဒိ ဆိုပြီး မြည်တာကို မှတ်မိလား”

“အင်း...မှတ်မိတယ်”... သူကပြန်ဖြေတယ်။

“မီးအနီလည်း လင်းတယ်”.... သူ့အဖော်က ဝင်ပြောတယ်။

“ဟုတ်တယ်။ အဲဒါဟာ မင်းတို့ကဒ်ကို လက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”

“ဒါဆို အခု ကျနော်တို့ကဒ်ထဲက ပိုက်ဆံမနှုတ်တော့ဘူးပေါ့”

“အေး၊ မနှုတ်တော့ဘူး။ မင်းတို့အတွက် ဒီခရီးဟာ အလကား စီးရတဲ့ခရီးပဲ” လို့ ကျနော်က ပြုံးပြီးပြောလိုက်တယ်။

“အိုး... ကောင်းလိုက်တာ” သူတို့နှစ်ယောက်စလုံးဆီက ပြိုင်တူအသံထွက်လာတယ်။ ဒီနေ့အဖို့ ကံကောင်းတဲ့ အချိန်ပိုင်းကလေးကို ပြက်ပြက်ထင်ထင် မှတ်သားမိတဲ့သဘော။

............................

အဲ... စလုံးလင်မယားကလည်း လစ်တဲလ်အိန္ဒိယမှာပဲ ဆင်းကြတယ်ခင်ဗျ။

“အားယိုး.... ကားကလည်း အရမ်းကြပ်တုန်းပဲ။ ဘယ်လိုလုပ် ရှေု့ကိုသွားပြီး စကန်(scan)လုပ်မလဲ” သူတို့ လင်မယားနှစ်ယောက်ကို နောက်က ဆင်းမယ့် ခရီးသည်တွေက တွန်းတိုက်တဲ့အတွက် နောက်ပေါက်ဆီကို ရွေ့ပါသွားရင်း အမျိုးသမီးက ပြောလိုက်တယ်။ ဘယ်သူဘယ်ဝါရယ်လို့ ဦးတည်ပြီး သတ်သတ်မှတ်မှတ် ပြောတာမျိုးတော့ မဟုတ်ပါဘူး။

“အရင် ဆင်းလိုက်ကြတာပေါ့ကွာ” လို့ သူ့ယောက်ျားက ပြန်ပြောတယ်။ “ပြီးတော့မှ ရှေ့ပေါက်က ပြန်တက်ပြီး စကန်လုပ်လို့ရမလားဆိုတာ ကြည့်တာပေါ့”

“ဒါပေမယ့် ရှေ့ပေါက်မှာလည်း လူတွေအများကြီး တိုးဆင်းနေကြတဲ့ဟာကို....” လို့ သူမက ပြောလိုက်တယ်။

အရာတိုင်းဟာ အားလုံးမှားယွင်းနေပါပြီ။ ဘယ်လောက်များ စလုံး မဆန်လိုက်သလဲလို့။

(စင်္ကာပူနိုင်ငံသား အက်တိဗစ် ဘလော့ဂါ Alex Au ရေးသားသော The driver, the passengers, and me ပို့စ်ကို ဘာသာပြန်ပါသည်။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs