“ဆောင်းကတ္တီပါနဲ့ ပဲကြီးလှော်”

Share |

ပြီးခဲ့တဲ့ “သမီးရဲ့ အဖြေများ” ပို့စ်မှာတုန်းက ကျနော်အီးပေါက်တာနဲ့ ပတ်သက်လို့ သမီးက ဟာသ လုပ်သွားပုံကို ရေးခဲ့ပါတယ်။ သမီးလိုပဲ မဒမ်ပေါကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဟာသ လုပ်ဖူးပါတယ်။

ဒီလိုပါ.... သိကြတဲ့အတိုင်း စင်္ကာပူမှာက မိုးရွာတာနဲ့ နေပူတာက လွဲလို့ ရင်ခုန်စရာ ရာသီစက်မောင်း အပြောင်းအလဲမရှိလေတော့ ဆောင်းရာသီလိုမျိုးဆိုရင် မြန်မာပြည်က ဆောင်းတွင်းကို အဝေးကနေ သတိရ လွမ်းဆွတ်ကြရတာမျိုး မဟုတ်ပါလား။ ကျနော်တို့လည်း ဆောင်းရာသီရောက်လာပြီဆိုရင် ဟေမာန်ဆောင်းနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေကို အလွမ်းပြေဖွင့်ပြီး နားထောင်တတ်တယ်။

တခါက ဟေမာနေဝင်း ပြန်ဆိုထားတဲ့ ဆောင်းကတ္တီပါ (ပဲကတ္တီပါ မဟုတ်) သီချင်းကို နားထောင်နေတုန်း မဒမ်ပေါက ပြောလာတယ်။

ကိုကို... ဒီသီချင်းထဲမှာ မင်းအကြောင်း ပါတယ်၊ သိလား” တဲ့။

ကျနော်လည်း ဘယ်လိုက ဘယ်လို ဆောင်းကတ္တီပါ သီချင်းထဲမှာ ကျနော့်အကြောင်း ပါရတာလဲဆိုတာ အပြေးအလွှား စဉ်းစားကြည့်ရတာပေါ့။ စဉ်းစားလို့ မရပေါင်။ ဒါနဲ့ “ဘယ်မှာ ပါလို့လဲ” လို့ မေးလိုက်တော့ မဒမ်ပေါက ရယ်ကျဲကျဲနဲ့....

မြောက်လေ သွေးပြီ သွေးပြီ.... အေးလည်း အေးတော့သည်.... ဆိုတဲ့ အပိုဒ်က မင်းကို ပြောတာပေါ့” ဆိုတော့မှ “သြော်... ငါ ခံလိုက်ရတာပါကလား” ဆိုတာ ကောင်းကောင်း သဘောပေါက်တော့တယ်။ ကဲ... ကြည့်ဦး...။ ကျနော့်ဘာသာ အီးပေါက်တာကို “မျောက်လေသွေး”တယ်လို့ သူပြောစရာလား။

ဒီတပို့စ်မှာတော့ ကျနော့်လိုပဲ လေလည်တတ်လို့ ဒုက္ခရောက်ရသူတဦးအကြောင်း ဟာသလေးတပုဒ်ကို မြန်မာလို (တိုက်ရိုက်မဟုတ်)ဘာသာပြန်ပြီး တင်ဆက်လိုက်ပါတယ်။

ပဲလှော်ကြိုက်သူ

တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။ ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး” လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက် အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့ ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင် အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။ အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန် စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

“အချစ်ရေ.... ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”

အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့ ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။ ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင် ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက် အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင် လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့ နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက် ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး ဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည် တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊ လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့ ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။

ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့ ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင် အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။

အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို “ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။


ပူးတွဲဖတ်ရှုရန်။............။ Baked Beans

15 comments:

Lun Lunn said...

Ko Paw,

While reading, I was thinking what would happen.

It is really funny !!!

Anyway I also fart a lot everyday but at least 9 out of 10 are no smell. lol

Moe Tain Nyo said...

ဟားဟား အရှက်တော့ ကွဲရောပေါ့ဗျာ။

ကျော်ထင် said...

အလားတူ ဟာသလေးတွေလဲ ဖတ်ဖူးတယ်။ ဥပမာ အောက်မှာကူးရေးထားတဲ့ Surprise birthday party အကြောင်း.

Two weeks ago was my forty-fifth birthday, and I wasn't feeling too hot that morning anyway. I went to breakfast knowing my wife would be pleasant and say “Happy Birthday,” and probably have a present for me.
She didn't even say “Good Morning,” alone any “Happy Birthday.” I thought, “Well, that's wives for you. Maybe the children will remember.”

The children came in to breakfast and didn't say a word.

When I started to the office I was feeling pretty low and despondent. As I walked into my office, my secretary, Janet, said, “Good morning boss, Happy Birthday.” And I felt a little better; someone had remembered.

I worked until noon. Then Janet knocked on my door and said, “You know, it's such a beautiful day outside and it's your birthday, let's go to lunch, just you and me.” I said, “By George, that's the best thing I've heard all day. Let's go.”

We went to lunch. We didn't go where we normally go; we went out into the country to a little private place. We had two martinis and enjoyed lunch tremendously.

On the way back to the office, she said, “You know, it's such a beautiful day. We don't need to go back to the office, do we?” I said, “No, I guess not.” She said, “Let's go to my apartment.” After arriving at her apartment she said, “Boss, if you don't mind, I think I'll go into the bedroom and slip into something more comfortable.”

“Sure,” I excitedly replied. She went into the bedroom and, in about six minutes, she came out carrying a big birthday cake, followed by my wife, children and dozens of our friends. All were singing “Happy Birthday” and there on the couch I sat... naked.

ကိုပေါ မြန်မာမှုပြန်ပြုထားတာ မဆိုးဘူးဗျ။ အဲဒီ ဟာသက အတော်နာမည်ကြီးတယ်။
http://www.lotsofjokes.com/latest_jokes.asp
အဲဒီမှာလဲ ဖတ်ရှုနိုင်တယ်။ ဗားရှင်းနဲနဲကွဲတာပေါ့ဗျာ။ အဲဒီထဲမှာကျတော့ ဇတ်လိုက်က အမျိုးသား။

ကိုပေါ said...

ကိုကျော်ထင် မျှဝေတဲ့ ဟာသကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက “ကျနော့်အတွင်းရေးမှူးမလေးကို အလုပ်ဖြုတ်ပစ်ရသည့် အကြောင်း” ဆိုပြီး ဘာသာပြန်တင်ပြခဲ့ဖူးပါတယ်။ ဒီလင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။ href="http://kopaw07.blogspot.com/2009/02/blog-post_26.html

ကျော်ထင် said...

ဟားဟား ဟုတ်ပါရဲ့ဗျာ။ ဘာသာပြန်ထားလိုက်တာမှ ကွက်တိပါပဲလား။ ကိုပေါရဲ့ အဲဒီပို့စ်ကို ဘာလို့များ မဖတ်လိုက်မိတာပါလိမ့် ။
ချိုချဉ်လေးတွေ များများလုပ်အုံး ဆရာ။ ၀က်သား ဒုတ်ထိုးချည်း နင်းကန်ကျွေးမနေနဲ့အုံး။ မနူးမနပ် အသားနဲ့ မှိုတက်၊ သက်တမ်းလွန်အချဉ်ရေတွေနဲ့ ဆိုတော့ ၀မ်းပျက်တယ်၊ အစာဆိပ်သင့်တယ်ဗျ :-))

TZA said...

အဘိုးကြီးတစ်ယောက် နေမကောင်းဖြစ်တော့ သူ့သားက ဆေးရုံပို့ပေးလိုက်တယ်၊ အလုပ်ကတဖက်ဆိုတော့ ညအိပ်မစောင့်နိုင်ဘူး၊ ဒါနဲ့ ဆယ်နှစ်သာသာ သူ့သမီးကို “သမီးရဲ့ အဘိုးကို ဒီညတော့ ဂရုစိုက်ပြီးပြုစုနော်” လို့မှာပြီး ထားခဲ့တယ်။ ကလေးမလေးက သူ့အဖေမှာထားသလိုပဲ အဘိုးကို အနီးကပ် ပြုစုရှာတယ်၊ ကုတင်ပေါ်က ထထိုင်တဲ့အခါ ထူပေးတယ်၊ ကိုယ်လုံးက ဗယ်ဖက်ကို စောင်းသွားရင် ချက်ချင်းပြေးပြီး တည့်ပေးတယ်၊ ညာဖက်ကို စောင်းသွားတော့လည်း ချက်ချင်းဆိုသလို လဲကျမသွားအောင် တည့်ပေးပြန်တယ်၊ တညလုံး ထထိုင်လိုက်၊ လဲကျမလိုဖြစ်လိုက်၊ ထူပေးလိုက်၊ တည့်ပေးလိုက်နဲ့ အိပ်ကို မအိပ်လိုက်ရဘူးပေါ့။

နောက်တနေ့မနက် အဘိုးကြီးရဲ့သား ဆေးရုံရောက်တော့ သူ့အဖေကို အကျိုးအကြောင်း မေးတယ်၊ ဒီတော့ အဘိုးကြီးက သက်ပြင်းချပြီး ဒီလိုပြောတယ်.. “အားလုံး အဆင်ပြေပါတယ်သားရယ်၊ ဒါပေမဲ့ မင့်သမီးလေးက ငါ့ကို အီးတောင် ပေးမပေါက်ဘူးကွ” တဲ့ဗျား။
--
ကြားဖူးတာလေးကို ပြန်မျှဝေပါတယ်။

ညိမ်းနိုင် said...

အေးဗျာ ကိုပေါရေ...။ဟောစိလို ပိုစ်လိုမျိုးထက် ဒီလို ပိုစ်
မျိုးကို ပိုပြီး သဘောကျ ကြိုဆိုပါတယ်ခင်ဗျ..။

ဖိုးတုတ် said...

ခါတော်မီ ကိုပေါရဲ့ ဓါတ်ပုံကိုတော့ ကြိုက်တယ်ဗျို. ဆေးတံကလည်း ခဲထားသေးတယ် စုံထောက်ကြီး ဦးစံရှားလား

သူဌေးတစ်ယောက်က လူပုံအလယ်မှာ လေလည်ရင် ဘေးကလူတွေက ကျန်းမာရေးကောင်းပါ့ ဆိုပြီးပြောတတ် ကြပါတယ် ၊ တကယ်လို. ဆင်းရဲသား တစ်ယောက်က လေလည်ရင်တော့ ဘေးကလူတွေက ဒီကောင်လေး အီးပေါက်တာကလည်း နံပ့ါ မသေခင် ကတည်းက ပုတ်နေတယ်ဆိုပြီး မှတ်ချက်ပေးတတ်ကြပါတယ် ၊

ရွှေရတုမှတ်တမ်း said...

အင်း...မျက်စေ့ကို အဝတ်စည်းခံလို့တော့ မဖြစ်ဘူး..

မောင်ဝေး said...

ရွှေပြည်မှာ အီးဘွတ်တရားသွားဟောပြီး အမတ်တနေရာလောက် ဝင်အရွေးခံပါလားဗျ။ လွှတ်တော်ထဲ ခေါင်းပေါင်းတဝင့်ဝင့်၊ ဆေးတံတခဲခဲနဲ့ဓာတ်ပုံ မြင်ချင်လို့ဗျ။

Anonymous said...

အောင်မလေး ကိုပေါရဲ့ ပို့စ်က အရမ်းရီရတာဘဲ
အာအိုင်တီက ရီစရာ ဇာတ်လမ်းလေးတွေ လည်းရေးပေးပါဦး...

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

:P said...

http://www.mandalaygazette.com/32510/society-lifestyle

ကိုပေါရဲ့ ဒီပို့စ်လင့်ခ်တော့ သွားရေးခဲ့ပေမယ့် ကောမန့်တက်မလာဘူး..။

ကိုပေါ said...

စင်ဒန်လား.... အခုလို အသိပေးတဲ့အတွက်ရော... လင့်ခ်ကို ညွှန်းပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Unknown said...

ကိုပေါဟာ အင်မတန်မှ ဟာသဥာဏ် ရှိတယ်။ ရေးလဲ ရေးတတ်တယ်။ ကျွန်တော် ဖတ်ပြီး ၃ မိနှစ်လောက် ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် ရီမိပါတယ်။ ဆက်ပါဦးဗျာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs