စာဖတ်သူ အကျိုးရှိစေဖို့

Share |
စိတ်တွက် တွက်မကြည့်ဘဲ ခန့်မှန်းခြေ သင့်အထင်ကိုသာ ချက်ချင်း ပြောကြည့်ပါ။

“လူသက်တမ်းသည် အနှစ် ၈၀ ဆိုလျှင် ရက်အားဖြင့်ရေတွက်သော် (နှစ် ၈၀ သည်) ရက်ပေါင်း ဘယ်နှစ်ရက်နှင့် ညီမျှသည်ဟု သင်ထင်ပါသနည်း။”

အထက်ပါ မေးခွန်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နီးစပ်ရာ လူအချို့အား မေးကြည့်မိပါသည်။ စိတ်တွက် မတွက်ပါနှင့်ဟု ကြိုတင်ပြောထားသည့်ကြားက အားလုံးလိုလို ချက်ချင်းပြန်မဖြေဘဲ မျက်လုံးကလေး အပေါ်လှန်ကာ စိတ်တွက် တွက်ချက်နေကြပုံမှာ စိတ်ကုန်စရာပင် ကောင်းသေးတော့သည်။ Kiasu ???

မြန်မြန်ဖြေဖို့ လောဆော်သောအခါ အများစုက “ရက်ပေါင်း ၃ သိန်းခန့် ရှိမည်”ဟု ခန့်မှန်း ဖြေဆိုကြသည်။ ဖိလစ်ပိုင်လူမျိုး အင်ဂျင်နီယာ ဉာဏ်ကြီးရှင်တယောက်ကမူ “ရက်ပေါင်း တသန်းကျော်တယ်မို့လား” ဟု ထူးထူးခြားခြား ရမ်းတုပ်ဖော်ရလေသည်။

အဖြေမှန် အတိအကျမှာ ရက်ပေါင်း နှစ်သောင်း ကိုးထောင့် နှစ်ရာ ဖြစ်သည်။ ( ၈၀ x ၃၆၅ = ၂၉၂၀၀)

အဖြေထက် ဆယ်ဆခန့် ကျော်လွန်၍ ဖြေဆိုနေကြခြင်းကို ကြည့်လျှင် ကျွန်ုပ်တို့ အများစုသည် နှစ် ၈၀ ဆိုသည်ကို အင်မတန် ကြာရှည်လှသည်ဟု ထင်မှတ်နေကြကြောင်း ထင်ရှားသည်။

အသက် ၄၀ အရွယ်သို့ရောက်နေသူများအဖို့ဆိုလျှင် ရက်ပေါင်း တစ်သောင်းလေးထောင့်ခြောက်ရာသာလျှင် ကျန်တော့သည်။ ဤနေရာတွင် အသက်လေးဆယ်တန်းသို့ ဝင်နေကြပြီဖြစ်သော အသိ ဘလော့ဂါမမတွေကို တသီတတန်းကြီး မျက်စိထဲတွင် မြင်ယောင်လာမိသည်။ သြော်… မိန်းမသားတွေဆိုတာ အသက်လေးဆယ်ဆိုလျှင် အလိုအလျောက် တော်လေးဝ ဝင် မိန်းမသားများ ဖြစ်လာကြသည်မှာ ဓမ္မတာပါကလား။ (ခက်ဆစ်။……..။ တော်လေးဝ = တော်တော်ကို လေးပင်အောင် ဝသောသူများ)။

တဖန် ကျန်ရှိနေသော ရက်တသောင်းခွဲခန့်မှ အိပ်ချိန် ၈ နာရီကို ထပ်မံ ဖယ်ထုတ်လိုက်ပါက အသက် ၄၀ ပြည့်နေသူများအဖို့ သိစိတ်ဖြင့် ရှင်သန် နေထိုင်ရမည့် ရက်ပေါင်းမှာ ကိုးထောင့်ခုနစ်ရာသုံးဆယ့်သုံးရက်သာ ကျန်ပေတော့မည်။ ရက်တသောင်းပင် မပြည့်တော့။ ဤသည်မှာ သက်တမ်းစေ့ နေရဦးပါမှ ဖြစ်သည်။ အသက် ၆၀ တွင် သေရမည့်သူများ၊ အသက်ငါးဆယ်တွင် သေရမည့်သူများဆိုလျှင် ဘာမှ မကျန်တော့။

ဤသို့တွက်ပြလိုက်သောအခါ အလွန်အမင်း ထိတ်လန့်သွားပုံရသော မိတ်ဆွေတယောက်က “အချိန်ကို တတ်နိုင်သမျှ ဆန့်ထုတ်နိုင်ဖို့အတွက် ညဖက်တွင် မအိပ်ဘဲ အလုပ်ထဲ ရောက်မှ အိပ်ငိုက်နေရလျှင် မကောင်းဘူးလား” ဟု တွေးတွေးဆဆဖြင့် ပြောလေသည်။ ကျွန်ုပ်ကလည်း “နေ့ဖက်အိပ်ငိုက်ခြင်းသည် လူ့သဘာဝနှင့် မကိုက်ညီသဖြင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် အလုပ်ထဲတွင် အိပ်ငိုက်လိုပါက ညစောင့်အလုပ်မျိုးကို ဝင်ရောက် လုပ်ကိုင်သင့်ကြောင်း” ပြန်လှန်၍ အကြံပေးရလေသည်။

ထိုသို့ ရက်တသောင်းအောက်လျော့ကာ ကျန်သည့်အချိန်ထဲကမှ အင်တာနက်ပေါ်တွင် အချိန်ကုန်သွားသည်မှာ တရက်ကို လေးငါးနာရီ အသာကလေးရှိမည်။ နှမြောဖွယ်ကောင်းလေစွ။ သို့ဖြစ်၍ စာဖတ်သူအနေနှင့် အင်တာနက်ပေါ်တွင် အချည်းနှီး အလွန်အကျွံ အချိန်မဖြုန်းသင့်။ (ဤကား ငပြူးက ဦးအောင် ပြဲပြခြင်း မည်၏)။

ကျွန်ုပ်၏ ဘလော့ဂ်တွင် လာရောက်ဖတ်ရှုသူအများစုသည် စင်္ကာပူတွင် ရောက်နေသော မြန်မာများဖြစ်သည်။ အခြားမြန်မာဘလော့ဂ်များတွင်လည်း လာရောက်လည်ပတ်သူအများစုသည် ကျွန်းပိစိက မြန်မာတွေချည်းဖြစ်နေတာကို သတိပြုမိပါသည်။

အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်းဟု စဉ်းစားဆင်ခြင်လိုက်သောအခါ အောက်ပါအတိုင်း ဖြစ်နေခြေ အကြောင်းရင်းများ ထွက်လာပါသည်။ လုံးဝဥဿုံမှန်မည်ဟု မဆိုလို။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းများသာဟုသာ မှတ်ကြပါကုန်။

(၁) စင်္ကာပူတွင် မြန်မာလူမျိုးဦးရေ အများအပြားရှိခြင်းသည် အကြောင်းတချက် ဖြစ်နိုင်သည်။ မြန်မာသံရုံး၏ ခန့်မှန်းချက်အရ မြန်မာခြောက်သောင်းကနေ တသိန်းအကြားရှိနိုင်သည် ဆို၏။ စင်္ကာပူအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး(အိုင်စီအေ)ကား ထုံးစံအတိုင်း ကိန်းဂဏန်းတွေကို ထုတ်ပြန်ရန် ၀န်လေးသည့်အတွက်ကြောင့် အတိအကျ သိခွင့်မသာချေ။

(၂) စင်္ကာပူရောက် မြန်မာများတွင် အင်တာနက်ကို သုံးစွဲနိုင်သူ ဦးရေများပြားသည်။
အလုပ်ခွင်တွင်သော်လည်းကောင်း၊ အိမ်တွင်သော်လည်းကောင်း၊ အင်တာနက်ကဖီးများတွင်သော်လည်းကောင်း အင်တာနက်ကို ကိုင်တွယ်သုံးစွဲနိုင်ကြသူဦးရေ အများအပြားရှိသည်။

(၃) အင်တာနက်ကို လက်လှမ်းမီ သုံးစွဲနိုင်ကြသော်ငြား မြန်မာ့လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားမြန်မာ့ရေးရာ ကိစ္စများအား စိတ်မ၀င်စားလျှင် မြန်မာဘလော့ဂ်များကို ဖတ်ဖြစ်ကြမည်မဟုတ်။ ထို့ကြောင့် စင်္ကာပူရောက်မြန်မာအများစုသည် မြန်မာနိုင်ငံအပေါ် သံယောဇဉ်မကုန်သေးသော၊ မြန်မာပြည်နှင့် တရင်းတနှီးရှိနေသေးသူများ ဖြစ်နေသေးသည့်အတွက်ဟု ယူဆလိုက ယူဆနိုင်ချေပြန်ပါသည်။

(၄) စင်္ကာပူတွင် အားလပ်ချိန် သွားရောက်လည်ပတ်စရာ နေရာရှားပါးသည်ကလည်း အင်တာနက်ပေါ်သို့ လူတွေ တက်လာစေခြင်း၏ အဓိက အကြောင်းရင်းတခုဖြစ်နိုင်ပါသည်။ ဤအချက်တွင်မတော့ စင်္ကာပူက မြန်မာများ ဘဝမှာ သနားစရာကောင်းလှပေသည်။

(၅) စင်္ကာပူ လုပ်ငန်းခွင်တွင် အင်္ဂလိပ်ဘာသာစကားကို သုံးစွဲကြသော်လည်း စင်္ကာပူရောက် မြန်မာအများစုသည် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို၊ရေးသား၊ ဖတ်ရှုနိုင်စွမ်း နည်းပါးသည်။ (အနည်းစုကတော့ ကျွမ်းကျင်နိုင်ပါသည်။) ထို့ကြောင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ဘလော့ဂ်များထက် မြန်မာဘလော့ဂ်များအပေါ် ပိုမို အားသန်တာလည်း ဖြစ်နိုင်ပါသည်။

ပသို့ပင်ဖြစ်စေ…“တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ အင်တာနက်၏ ကျေးကျွန်မဖြစ်အောင် စင်္ကာပူတွင် မှီတင်းနေထိုင်ကြသော မြန်မာ ဘလော့ဂ်ဖတ် မိတ်ဆွေတို့ ကြိုးစားကြပါ။ (ငပြူးက ဒုတိယအကြိမ် ထပ်မံ ပြဲပြခြင်း။)

နိဂုံးချုပ်အနေဖြင့် တိုက်တွန်းရလျှင် အခြားဘလော့ဂ် ဆယ်ခုကို တနေ့ တကြိမ်စီ သွားဖတ်မည့်အစား ကျွန်ုပ်ဘလော့ဂ်သို့သာ တနေ့ ငါးကြိမ်မျှလာကာ ပို့စ်အသစ်မရှိပါက ပို့စ်အဟောင်းများကို ပြန်လှန်ဖတ်ပြီး အချိန်ကို အကျိုးရှိစွာ သုံးစွဲကြပါကုန်။း-)

18 comments:

Anonymous said...

ကောင်းလှောင့်တေ ကောင်းလှောင့်တေ

Anonymous said...

ကောင်းတယ်။။
အိမ်က ဟာမကြီးဖတ်မိပါစေ သတည်းးးးးးး

လေးစားစွာဖြင့်
ကန

Anonymous said...

တစ်နေ့ ထက်တစ်နေ့  နီးနီးလာတဲ့ သေဘေးကို ဆင်ခြင်ပြီး အချိန်ကို အရေးကြီးတာ ဦးစီးပေးတတ်ရင်ဖြင့် လူဖြစ်ရကြိုးနပ်ပေစွ.. အသက်ကြီးလေ လောဘကြီးလေ.. အကုသိုလ်ကြီးလေဆိုရင်ဖြင့်.. အင်း...

Anonymous said...

မည်သူ့ ကိုမှမရည်ရွယ်ပါ။ ကိုယ်ကိုကိုယ်ပြောခြင်းဖြစ်ပါသည်။

Bino said...

Don't say like this.
I like to read everything. not only the blogspot but also books.

BINO

Anonymous said...

အသက် 40ကျော်ပြီးသော ဦးပေါရှင့်။
ကျန်ရှိတဲ့အချိန်လေးကို အကျိုးရှိရှိအသုံးချနိုင်ရန်clementi ရခိုင်ဘုန်းတော်ကြီးကျောင်းတွင် ၀ါတွင်းကာလပတ်လုံး စနေ၊တနင်္ဂနွေနေ့တိုင်း မီးလွတ်တရားစခန်း ကျင်းပနေပါကြောင်း သတင်းပါးရင်းနဲ့ ဖိတ်ခဲ့တယ်နော်။

ကိုပေါ said...

အာ.... ဘယ်က လေးဆယ်ကျော်ရဦးမှာလဲ။ တနှစ် ကျော်ကျော် လိုသေးတယ်။ ဘဝကို စဖို့ရာ အဝေးကြီးလိုသေး...ဟေး...ဟေး။

LINN said...

ဟုတ်ပါဗျား တို့ အားလုံးလိုလိုက ဂ၀ လောက်အထိ နေရမယ်မှန်း ပြီး လုပ်သင့်လုပ်ထိုက်တာတွေ နောက်ရွေ့ ၊ လုပ်ချင်တာတွေပဲ နင်းကန်လုပ်နဲ့ ၊ ဂ၀ မတိုင်ခင် လုပ်သင့်တာမလုပ်ပဲ လောကကို စွန့် သွားသူတွေက အများသား။
ဒါကြောင့်လဲ လောကမှာ လူမိုက်ကများတာလို့  ဘုရားဟောတာကိုး။ လူမိုက်အချင်းချင်း မြောက်ကျပင့်ကြ၊ ချီမွမ်းကြနဲ့ ၊ ဒါကြောင့် မိုးကုတ်ဆရာတော်ကြီးက အရူး ရေနံချီးသုတ်ပြီး နေပူထဲ က တာ ဘေးက ၀ိုင်းပြီး လက်ခုတ်တီးကြ သလိုပဲတဲ့။ ဒါကိုပဲ ကျေနပ်နေကြတာ။ ဒို့ ရောပဲ။း-)

Anonymous said...

မီးလွတ် ? Does that mean Sushi? :D

ညိမ်းနိုင် said...

ကိုယ်လုပ်ချင်တာလေးတွေ လုပ်နေရရင်ကို ကျေနပ်စရာပါ
ကိုပေါရယ်...။ဘာလုပ်လုပ်သေမယ့်တူတူ...။

Anonymous said...

ဟုတ်တယ် ... ဖိုရမ်ထဲမှာလဲ စလုံးကလူတွေ အများဆုံးပဲ ... အထူးသဖြင့် ရုံးချိန်ဆို ပိုတောင် စည်သေး။ စနေ၊ တနင်္ဂံနွေ မနက်တွေဆို လူအနည်းဆုံး။ စလုံးကလူတွေ အလုပ်များတယ် Stress များတယ်နဲ့ ရုံးတက်ရင်း အွန်လိုင်းတက်ကြတာဗျား။

အမည်မသိ တီတီဆွိး)

Anonymous said...

Anonymous said...

မီးလွတ် ? Does that mean Sushi? :D

August 11, 2010 4:10 PM

တရားစခန်း တစ်နေကုန်လုပ်ရင် ယောဂီတွေ နေ့လည်စာကျွေးရတယ်လေ။ ၁၂နောက်ပိုင်းမှဆိုတော့ ကျွေးစရာမလိုတော့ဘူး။ အဲဒါကို ဆရာတော်က မီးလွတ်တရားစခန်းလို့ နာမည်သစ်ပေးထားတာ။ :)

Lun Lunn said...

ကျွန်တော် သိတဲ့ မီးလွတ် ဆိုတာ … မီးနဲ့ ချက်ပြုတ်ထားတဲ့ အရာမှန်သမျှ မစားရတာလို့ သိထားပါတယ်။ အသီးအနှံကလွဲလို့ ဘာမှ မစားရဘူး။ မွန်းလွဲ နောက်ပိုင်းလည်း ဘာမှ မစားရဘူး။ အလွယ်ပြောရရင် အသီးအနှံသက်သက်ချည်း စားပြီး (၈)ပါး (သို့) (၁၀)ပါးသီလ ဆောက်တည်တယ်လို့ မှတ်နိုင်ပါတယ်။

မှတ်ချက်။ ။ အသီးအနှံကလည်း သဘာဝအတိုင်း ဖြစ်ရပါတယ်။ မီးနဲ့ မှည့်အောင် လုပ်ဆောင်ထားသော အသီးအနှံ မဖြစ်ရပါ။

ရွှင်လန်းကြပါစေ …

Anonymous said...

မှတ်ချက်။ ။
မီးလွတ်၊ သက်သက်လွတ် ဘယ်ဘုရားမှမဟော။
ကိုယ်ဘာကိုယ် ကျန်းမာရေးကြောင့်စားစား၊ စားချင်လို့ စားစား အကြောင်းမဟုတ်။
သတ်သတ်လွတ်(သို့ ) မီးလွတ် စားလို့ ကုသိုလ်ရတယ်ထင်တော့ ဒိဌိ ဖြစ်ပြီ။
ပူးတွဲဖတ်ရှုရန်http://www.dhammaransi.net/ebooks2/Ashin_Sandardhika_Vegetarian.pdf

kay said...

အဲဒီ ကြားထဲ..စလုံး က.. စံတော်ချိန် ကို.. ရွှေ့ ထားလို့.. အချိန် တွေ ကလည်း.. တခြားမှာ ထက်..အကုန်မြန်သေး...။

ကျမ ကတော့..စလုံးမှာ အချိန်ကုန် မြန် သလို ခံစားရလို့.. တြိဂံ နယ်မြေ ကြီးတခုပေါ်များ ကျနေသလား.. အောက်မှာ.. အပေါက်နက် ကြီးမှာ..ရှိနေလား.. လို့ ထင်နေတာ...ဗဟုသုတ များတဲ့..မိတ်ဆွေ တယောက် ပြောမှ.. စံတော်ချိန် ကိုပါ..မဆိုစလောက် ရွှေ့ယူထားတယ် ဆိုပဲ..။ ဒါကြောင့်..ကိုပေါ.. အသက် မြန်မြန် ကြီးနေတာ ဖြစ်မယ်။ အချိန် မနှောင်းခင်.. ကမ္ဘာ့စွဲအား ပြင်ပ က.. ဂြိုဟ် တလုံးလုံး ကို. မိုင်ဂရိတ် လုပ် ပါလား..း))

Anonymous said...

အဟီးးးးးး ကျနော့ကြောင့်ရှုတ်ကုန်ပြီ။ မှားလို့..မီးလွတ်မဟုတ်ဘူး။ မီးငြိမ်းတရားစခန်း။ အဓိပါယ်(ပနှစ်လုံးမဆင့်တတ်) တူတယ်မှတ်လို့။
အားလုံးဘဲ ဆောရီးနော်။

စင်ကာပူရောက်မြန်မာ said...

စဉ်းစား စရာပါဘဲ..... ကိုပေါ တယောက် လဲ ကိုယ်ဖေါ်တဲ့ ဆေး ကိုယ် သတိပြု မိပါစေ သတည်း....

Anonymous said...

clementi ရခိုင်ဘုန်းတော်ကြီးကျောင်း? why do u all need to describe race??

want democracy? :D in 1000years.. nga paw yea.. u should cry now!!! :DDDDD

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs