သိကြားမင်းဖြစ်ချင်သူ

Share |
တနေ့သ၌ သိကြားမင်းထိုင်နေသော ကုလားထိုင်လှုပ်သဖြင့်...အဲ... ပဏ္ဍုကမ္ဗလာမြကျောက်ဖျာတင်းသဖြင့် အကြောင်းရင်းကို သိရအောင် လူ့ပြည်သို့ ကြည့်လိုက်သော် လူတယောက်သည် သိကြားမင်း၏ အရိုက်အရာကို ဆက်ခံရန် ယုံကြည်ချက်ပြင်းထန်စွာဖြင့် အပတ်တကုတ် ကြိုးပမ်းအားထုတ်နေကြောင်း တွေ့မြင်ရသဖြင့် သိကြားမင်းလည်း မနေသာသည့်အလျောက် အသေးစိတ်စနည်းနာရန်အတွက် သင်္ကြန်ကျသည်အထိ မစောင့်ဆိုင်းနိုင်တော့ဘဲ လူ့ပြည်သို့ တမုဟုတ်ချင်း ဆင်းသက်ခဲ့လေသည်။

(ကားလိပ်ဖွင့်)

တေဒူးထန့်.. ဘူနောင်းတေးဘူး... ထန့်ဗျော်ဘူ.....(ဤကား သိကြားမင်းဆင်းလာစဉ် တီးခတ်ရန် တီးလုံး)

သို့နှင့် ကျွန်ုပ်တို့၏ သိကြားမင်းလည်း ကြက်ဆူပင်များ မင်းမူနေသော တိုင်းပြည်ကြီးတပြည်ကို ရောက်လာပေသည်။ ထိုမှတဖန် ဂူဂယ်အတ်သ် ကို Zoom In လုပ်သကဲ့သို့ ထပ်မံ၍ သွားလိုက်ပြန်သောအခါ လူရုပ်ကြီးသုံးရုပ်ရှိသော မြို့တော်သစ်ကြီးတခုဆီသို့ ရောက်သွားလေ၏။ ထိုမြို့တော်ကြီးတွင် သိကြားမင်း၏ ထိုင်ခုံကို အရယူရန် ကြိုးပမ်းနေရှာသော သိကြားအလောင်းကို တွေ့ရသဖြင့် ထိုသူ့အနီးတွင် မကြာချက်ချင်း သိကြားမင်းတို့၏ တန်ခိုးဣတ္ထိပါတ်ဖြင့် ဘွားကနဲမြင်အောင် ကိုယ်ထင်ပြလိုက်လေသည်။

“ဟဲ့... သောက်ပလုပ်တုတ်၊ ဘာကြီးလဲဟ”.... ထိုသူသည် ရုတ်တရက်မို့ အာမေဋိတ်သံပြုရင်း လန့်ခုန်လိုက်သည်။

ထို့ကြောင့် သိကြားမင်းလည်း မနေသာဘဲ.... “ကျုပ်ကတော့ ငါပေါ့.... အဲလေ.... ငါကား သိကြားဖြစ်တော့သကိုး”

ထိုလူ။.............။ “အသံမပေး၊ ဘာမပေးနဲ့ လန့်လိုက်တာ။ ဦးမာဃဆိုတာ ခင်ဗျားကြီးလား။ နောက်ကို အဲသလို မလုပ်နဲ့။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်တစ်သောင်း ပေးပစ်လိုက်မယ်၊ ဘာအောက်မေ့နေလဲ။ ကဲ...ဆိုပါဦး။ ဘာကိစ္စလဲ။”

သိကြားမင်း။..........။ သင်သည် ကျွန်ုပ်၏ အရိုက်အရာကို ဆက်ခံရန် အပတ်တကုတ် ကြိုးစားနေသည်ဟု ကြားသိရသဖြင့် ဟုတ်မဟုတ် စနည်းနာရန် ကျွန်ုပ်ဆင်းလာခဲ့သည်။ ကျုပ်မေးတာကို ဖြေပါ။ သိကြားမင်းရာထူးကို ချိန်ရအောင် သင်ဘယ်လို ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ဖူးသလဲ။

လူ။............။ မေးနေရသေးလား။ ခင်ဗျားတုန်းကလိုပဲ လမ်းထီးလမ်းမတွေ ပြင်ခဲ့၊ ဖောက်ခဲ့ဖူးတာပေါ့။

သိကြားမင်း။...........။ အင်း....သာဓု၊ သာဓု၊ သာဓု။ ကိုယ့်လူက အပြောအဆို မညက်ပေမယ့် အလုပ်ကတော့ ညက်ပေသားပဲ။ လမ်းတွေ ပြင်ခဲ့၊ ဖောက်ခဲ့တယ်ဆိုတော့ အတော် ပင်ပန်းမှာပေါ့နော်။

လူ။.............။ ဟင့်အင်း.... ဉာဏ်ကို လွှာသုံးတတ်တော့ တယ်ပြီး မပင်ပန်းလှပါဘူး။ တအိမ်တယောက် မထွက်မနေရဆိုပြီး ဆင့်ခေါ် လုပ်အားပေးခိုင်းလိုက်တာပါပဲ။ ကိုယ်က နည်းမှန်လမ်းမှန်နဲ့ ဆော်သြတတ်ဖို့ပဲလိုတာ။ “အကယ်၍ ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း” ဆိုတဲ့ စာသားလေး ထည့်ပြီး ဆော်သြပေးရတယ်။ အဲဒါဆိုရင် မနေဝံ့ဘူး။ ထွက်လာကြရတာပဲ။ မသိရင် မှတ်ထား။

သိကြားမင်း။..........။ သြော်...မှတ်သားထိုက်ပါပေတယ်။ သာဓုခေါ်တာ နည်းနည်းစောသွားတယ်။ ကဲပါလေ... ထားလိုက်တော့။ တခြား ဘာကုသိုလ်ကောင်းမှု လုပ်ဖူးသေးလဲ။

လူ။........။ ဘုရားတွေ စေတီတွေလည်း တည်ခဲ့ဖူးတယ်။

သိကြားမင်း။.............။ ဟိုက်..ရှာလပတ်ရည်။ အာဂလူပါလားဟေ့၊ ဘုရားတည်ဖို့ဆိုတာကတော့ နည်းနည်းနောနော ထက်သန်တဲ့ သဒ္ဓါတရား ဟုတ်နိုင်ရိုးလား။ ငွေတွေအများကြီးလိုမှာမို့ မင်္ဂလာတရားတော်နဲ့အညီ တော်တော်လေးကို ခြိုးခြံချွေတာ စုဆောင်းခဲ့ရမှာပေါ့နော်။

လူ။........။ ဟင့်အင်း.... ဉာဏ်ကို လွှာသုံးတတ်သူအဖို့ကတော့ ဒီလောက်ကြီးလည်း ခြိုးခြံဖို့ မလိုပါဘူး။ ခိုးလို့ ဝှက်လို့ ရတဲ့အထဲက သုံးစွဲပြီး ဘုရားတည်လိုက်တာပါပဲ။

သိကြားမင်း (မျက်နှာကြီးရှုံ့မဲ့၍)။..........။ သြော်...ဉာဏ်ကလည်း လွှာပဲ လွှာတတ်လွန်းပါပေတယ်ကွယ်။ သိကြားမင်းတောင် ငိုချင်လာပြီနော်။ ကဲ... ရှိစေတော့၊ ရှိစေတော့။ မင်္ဂလာတရားတော်ထဲက တခြား ဘယ်မင်္ဂလာတရားနဲ့ ညီအောင် နေခဲ့သေးလဲ။

လူ။..........။ မင်္ဂလာတရားတော်နဲ့အညီ ကိုယ့်အဆွေအမျိုးတွေ၊ မိတ်ဆွေသင်္ဂဟတွေကို ထောက်ပံ့တယ်။ ကြည့်ရှုစောင်မတယ်။ ပါမစ်တွေ ချပေးတယ်။ စီးပွားရေး လုပ်ကွက်တွေ ကန်ထရိုက်တွေ ချပေးတယ်။ ရာထူးကောင်း၊ နေရာကောင်းတွေဆို ကျုပ်အမျိုးတွေချည်းပဲ။ မယုံရင် တတိုင်းပြည်လုံး လိုက်မေးကြည့်လိုက်ဦး။

သိကြားမင်း။...........။ အင်း....ဉာတကာနဉ္စသင်္ဂဟောဆိုတာကို အကျင့်ပျက်ခြစားတဲ့ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism)နဲ့ မှားနေပုံရတယ်။ ဒုက္ခ...ဒုက္ခ... သိကြားမင်း တခါမှ ဒီလောက် စိတ်မညစ်ဖူးသေးဘူးနော်။ အေးလေ.... မေးမိလက်စနဲ့ ဆက်မေးလိုက်ပါဦးမယ်။ လောလောလတ်လတ် ဘာကုသိုလ်များ လုပ်ခဲ့သေးလဲ။

လူ။.........။ ကျုပ်လား။ မကြာသေးခင်ကမှ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားပြီး ပြန်လာတာ။ ပြီးတော့ မဟားဒယား ဂန္ဓီပြတိုက်မှာလည်း လေလည်...အဲလေ... ဝင်လည်ခဲ့သေးတယ်။

သိကြားမင်း။.........။ သြော်...သြော်....မဟတ္တမဂန္ဓီကို ပြောတာလား။ ကိုယ့်လူက ဂန္ဓီရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့တော့ ကောင်းကောင်း ရင်းနှီးတယ်ပေါ့လေ။

လူ။...........။ ဟာ... ဘယ့်နှယ့်ပြောပါလိမ့်။ မရင်းနှီးဘဲ နေမလားဗျ။ အဲဒီလမ်းစဉ် ကျင့်သုံးတဲ့သူတွေကို ထောင်ချတာတို့၊ ဝါးရင်းတုတ်နဲ့ ရိုက်တာတို့၊ သေနတ်နဲ့ ပစ်သတ်တာတို့ ကျုပ်အကုန် လုပ်ခဲ့ဖူးပါတယ်။ မယုံရင် ယူကျုမှာ ရှာကြည့်လိုက်။ ဗီဒီယို မှတ်တမ်းတွေတောင် ရှိသေး... ဟေး...ဟေး။

သိကြားမင်း။.........။ တော်ပါပြီ... ယုံပါတယ်၊ ယုံပါတယ်။ ကိုယ့်လူနဲ့ စကားပြောတာ ဆယ်မိနစ်မပြည့်သေးဘူး။ ကိုယ့်လူရဲ့ လားရာ လမ်းပြမြေပုံ (road map) ကို ကျုပ်ကောင်းကောင်းကြီး မြင်ရချေပြီတကား။

လူ။.........။ မြင်ရမယ်လေ။ ကျုပ်တို့ကလည်း အလုပ်လုပ်ရင် ရုဒ်မက် ကလေးနဲ့မှ လုပ်တတ်တာ။ အခုပဲ လမ်းပြမြေပုံ နောက်ဆုံးအဆင့်ကို ရောက်တော့မယ်။

သိကြားမင်း။...........။ ဟုတ်ပါတယ်။ လမ်းဆုံးကို ရောက်နေပါပြီ။ ဒါထက် ကိုယ့်လူက သေရင် သိကြားမင်းဖြစ်မယ်လို့ တကယ်ကြီးကို ယုံကြည်နေတာလား။ တကယ်လို့ ကျုပ်က နေရာဖယ်မပေးဘူးဆိုရင်ကောဗျာ။

လူ။.........။ (ဘုကြည့်ကြည့်လိုက်ပြီး) စမ်းကြည့်လိုက်လေ။ ဟို ကျုပ်ရှေ့က အကြီးအကဲ တယောက်တော့ နေရာကို အသာတကြည် ဖယ်မပေးတဲ့အတွက် အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတာပဲ။

ဤစကားကို ကြားသောအခါ သိကြားမင်းလည်း အောက်ပါအတိုင်း ပြောကြားပြီး ကိုယ်ယောင်ဖျောက်သွားလေတော့သည်။

“ ဟယ်.... ငမိုက်သား။ သင် နတ်ပြည်ရောက်ပါက နတ်အခွင့်အရေးများကိုလည်း မုချ ချိုးဖောက်မယ့်ပုဂ္ဂိုလ်မျိုးသာဖြစ်တယ်။ နတ်ပြည်ကိုတောင် စကြဝဠာမှာ အဆင်းရဲဆုံး ဘုံအဆင့် မရောက် ရောက်အောင် ဆွဲချမယ့်သူလည်း ဖြစ်တယ်။ ဒီတော့ ယနေ့မှစ၍ သင့်အား နတ်ပြည်ခြောက်ထပ်ကို ဝင်ရောက်ခွင့် ဗီဇာ ပိတ်ပင်လိုက်ပြီ။ သင်နဲ့တော်ရာ ငရဲဘုံကိုသာ သွားပေရော့...လဟယ်။”

သိကြားမင်း နတ်ပြည်သို့ ပြန်တက်။

တေဒူးထန့်... ဘူးနောင်းတေးဘူ ထန့်ဗျော်ဘူး....ဘူးဘုနေ ဘူနေဘု...ဘူးနောင်တေးဘူ ထန့်ဗျော်ဘူ။

(ကားလိပ်ချ)

(ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များသည် စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်။ မတော်တဆ တိုက်ဆိုင်မှုရှိပါက ဘွာတေး...နော်... ဘွာတေး။ ဗွေမယူကြေး။)

9 comments:

Anonymous said...

နောက်တာလား..မနောက်နဲ့နော်..
ဟင်းဟင်း....

Anonymous said...

နာချင်ပီ နဲ့ တူတယ်.. ဗမာ့ပြည် ကောင်းကောင်း ပြန် မလည် ချင်ဘူး လား? ဘဘ လက်ကုန် စိတ်ဆိုး တယ်။

Anonymous said...

နာချင်ပီ နဲ့ တူတယ်.. ဗမာ့ပြည် ကောင်းကောင်း ပြန် မလည် ချင်ဘူး လား? ဘဘ လက်ကုန် စိတ်ဆိုး တယ်။

မေဓာဝီ said...

ကျမလဲ အဲဒီစတိုင်မျိုးရေးမလို့ အစပျိုးထားတာ လေးငါးလလောက်ရှိနေပြီ။ ကိုပေါဦးသွားတယ်။ အကြောင်းအရာချင်းတော့ မတူပါဘူး။ သိကြားမင်းချင်းတူနေတာ။ :)

မျိုးချစ်စိတ် said...

အဘကြီးတော်သည် မည်သို့ပင် ကောက်ကျစ် ယုတ်မာ ဆိုးညစ် လူမဆန်နေစေကာမူ၊ သူ၏ ဘုန်းတော် ဝါတော် သက်တော်ကို ထောက်ထား၍ ဤကဲ့သို့ မညှာမတာ မဟုတ်မတရား လုပ်ကြံဇာတ်လမ်းများကို မျက်နှာဗြောင်တိုက် ရေးသား သရုပ်ဆောင် တင်ဆက်ကပြ ပုံနှိပ်ရိုက်ကူး ကမ္ဘာအနှံ့ဖြန့်ဝေ ဝါဒသွင်းခြင်းမျိုးကို အလျှင်း မပြုလုပ်သင့်ဘဲ တိုင်းပြည်၌ ကျီးကန်းပြည့်ဝသော ဒီမုန့်ကရေကရာဆီ ထွန်းကားပေါများလာသည့်တိုင်အောင် အဘကြီးတော်၏ မှတ်မှာညွှန်ကြား ပညတ်အမိန့်တော်များကို မြေဝယ်မကျ ဦးလည်မသုံ လိုက်နာဝပ်တွားမှသာ သင့်လျော်လျှောက်ပတ်မည်ဖြစ်ကြောင်း မနှေးအမြန် သတိပေးအကြံပြုလိုက်ပါသည်။
ပုံ/နေပြည်တော်အမိန့်တော်ရ

ဧပရယ်လ်ပူး@ပူးတေ said...

အင်း....ဉာတကာနဉ္စသင်္ဂဟောဆိုတာကို အကျင့်ပျက်ခြစားတဲ့ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism)နဲ့ မှားနေပုံရတယ်။ ဒုက္ခ...ဒုက္ခ

like

:)

Anonymous said...

ကိုပေါကို နဲနဲလောက်မေးခွင့်ပြုပါ၊၊ မြန်မာပြည်ကို နောက်ဆုံးပြန်ခဲ့တာကြာပြီလား၊၊ ဒါမှ မဟုတ် မြန်မာပြည် ပြန်ဖို့ ရော အစီအစဉ် ရှိပါသေးလား၊၊ မကြောက်မရွံ့ နဲ့ မြန်မာပြည် ပြန်လာမှာလား၊၊ ကိုပေါ နဲ့ မိသားစု ကို ညစာကျွေးချင်လို့ ပါ၊၊

ကိုပေါ said...

Anonymous (August 6, 2010 12:16 PM),

အင်းစိန်မှာ အစိုးရစားရိတ်နဲ့ ကျွေးချင်တာလား။ နေပါစေတော့။ ကျုပ်က အားနာတတ်တယ်။
မြန်မာပြည်ဘယ်တော့ပြန်လာမလဲဆိုတော့ သိကြားမင်းဖြစ်ချင်တဲ့သူတွေ ရှိနေသေးသရွေ့ ပြန်မလာသေးဘူး စိတ်ကူးတယ်။

Anonymous said...

ကိုပေါကလဲဗျာ..စေတနာနဲ့ ညစာကျွေးမဲ့သူကို အလွယ်တကူ ငြင်းလိုက်တာက ပိုအားနာစရာကောင်းမယ် ထင်တယ်ဗျ။

ဖြိုးအောင်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs