လူတော်တယောက် ဆုံးရှုံးခြင်း

Share |
မခင်ဦးမေ ဘလော့ဂ်မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့ သူငယ်ချင်းတစ်ယောက် အကြောင်းကို ရေးထားတာ ဖတ်ရတယ်။

ဒီညကလည်း အိပ်မပျော်သော ညတညရဲ့ ညဥ့်လယ်သံသရာမို့ အတွေးတွေထဲမှာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ သူငယ်ချင်းတယောက်ကို သတိရမိတယ်။

သူက ရန်ကုန်စက်မှုတက္ကသိုလ် အီလက်ထရောနစ် မေဂျာမှာ တနှစ်တည်း အတူတူတက်ခဲ့ကြတဲ့ ကျောင်းသားတွေထဲက စာအတော်ဆုံး ကျောင်းသားတယောက်ပေါ့။ နှစ်တိုင်းလိုလို ပထမစွဲတယ်။ အဲသည်တုန်းက Roll 1 လို့ ခေါ်ကြတာပေါ့။ ပဉ္စမနှစ် စာမေးပွဲနီးကာမှ ဆေးရုံတက်ရလို့ နောက်ဆုံးနှစ်မှာ Roll 11 ဖြစ်သွားတယ်။ နောက်ဆုံးနှစ်အောင်တော့ Roll 1 ပြန်ဖြစ်သွားတယ်။

ကျနော့် Yearbook ထဲက သူ့ဓါတ်ပုံ၊ သူ့နာမည်နဲ့ စာမျက်နှာမှာ

VI Ec.E 11 (YIT)
အမှတ် ၁၁၊ ၁၁၁ လမ်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

…….ဆိုပြီး နံပါတ်ဝမ်းတွေ ရောပြွန်းနေတဲ့ သူ့လိပ်စာကို ဖော်ပြထားလို့ ဘေးနားမှာ တစုံတယောက်က “ဝမ်းများကို လက်ကိုင်ထားသူ၊ သိပ်ညစ်ပတ်တာပဲနော်” လို့ နောက်ရွှတ်ရွှတ် ခဲတံနဲ့ ရေးသား နောက်ပြောင်ထားတာ တွေ့ရတယ်။

သူ့ကို အားကျလို့ ထင်ပါရဲ့။ မြန်မာပြည်ကွန်ပြူတာလုပ်ငန်းရှင်များအသင်းမှာ လူကြီးတွေဘာတွေ ဖြစ်သွားခဲ့ဘူးတဲ့ ကျနော်တို့ အတန်းထဲက သူငယ်ချင်းတယောက်ဟာ စာကြည့်စားပွဲဘေးမှာ “စာသည် ပထမ၊ စာသည် ဒုတိယ၊ စာသည် တတိယ” လို့ ကြွေးကြော်သံဆောင်ပုဒ်ကို ကပ်ထားပြီး သူ့လို Roll-1 ဖြစ်ဖို့ ကြိုးစားလိုက်တာ အောင်စာရင်းထွက်လာတော့ Roll-111 ဖြစ်သွားလို့ အဲသည်တုန်းက ကျနော်တို့ကြားမှာ ဟားစရာ ဖြစ်သွားသေးတယ်။

သူက စာတော်ရုံတင်မက။ စိတ်ထားကလည်း ပြည့်တယ်။ ကူညီတတ်တယ်။ သူ့ဆီမှာ စာတွေဘာတွေ မေးရင်လည်း စိတ်ရှည်လက်ရှည် ကူညီရှင်းပြပေးတတ်တယ်။ အသင်းအပင်းကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတတ်တယ်။ သူ့ကို လူချစ်လူခင် တော်တော်များတယ်။

သူက အဆင့်တစ်ဆိုပြီး ရုပ်တည်ကြီးနဲ့ နေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်တယ်။ ဟာသဉာဏ်ကလည်း ရှိတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ထုတ်ဝေတဲ့ Yearbook မှာ လေကြောင်းစက်မှုဘာသာရပ်က ကိုကြည်သွင်အတွက် သူ ရေးထားတာလေးကို အခုထိတောင် သတိရမိလို့ ပြုံးမိသေးတယ်။

“ကိုကြည်သွင်….. ကောင်းကင်တမွတ် ကြယ်ကို ဆွတ်နိုင်ပါစေ”….တဲ့။ အောက်မှာကျတော့ သူဆွဲထားတဲ့ ကာတွန်းပုံကလေးတပုံ။ ဟိုးအမြင့်မှာ ကြယ်ကလေးတပွင့်။ ကြယ်ပွင့်အောက်နားဆီမှာ လေယာဉ်ပျံတစင်းဟာ မီးခိုးတွေအူပြီး အောက်ကို ထိုးစိုက်ဆင်းသွားတဲ့ ပုံကလေးနဲ့။

ကျောင်းပြီးတော့ သူက သိမ်ဖြူလမ်းမှာ ရှိတဲ့ ကွန်ပြူတာ ကုမ္ပဏီတခုမှာ အီလက်ထရောနစ် အင်ဂျင်နီယာ ဝင်လုပ်တယ်။ တနှစ်လောက်ကြာတော့ ထိုင်းနိုင်ငံ Asian Institute of Technology (A.I.T) တက္ကသိုလ်က သူ့ကို စကောလားရှစ် ပေးတဲ့အတွက် မာစတာဘွဲ့အတွက် အဲသည်မှာ ကျောင်းသွားတက်တယ်။ သူ့အလုပ်နေရာမှာ ကျနော့်ကို ထည့်ထားပေးခဲ့တယ်။ ကျနော်ကလည်း မလေးရှားက အလုပ်တခုက ခန့်တဲ့အတွက် အဲသည်အလုပ်မှာ ကြာကြာမနေလိုက်ရဘူး။ သူကျောင်းတက်တဲ့အချိန်နဲ့ ကျနော် မလေးရှားမှာ အလုပ်လုပ်နေချိန်နဲ့ တချိန်တည်းဆိုတော့ အီးမေးလ် အဆက်အသွယ် မပြတ်ဘူး။ သူ့အကြောင်းတွေ အမြဲလိုလို ကြားနေရတယ်။ အဲဒီတက္ကသိုလ်က မြန်မာကျောင်းသား အသင်းအဖွဲ့မှာလည်း သူက ပါဝင်လှုပ်ရှားလိုက်သေးတယ်။ ကျနော်တို့ နှစ်က အီလက်ထရောနစ်ကျောင်းသားတွေ အချင်းချင်း ဆက်သွယ်ကြဖို့ egroup တွေ ဘာတွေ သူက လုပ်ပေးလိုက်သေးတယ်။

ကျောင်းပြီးကာစ နိုင်ငံခြားကို မထွက်ခင် မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြစဉ်က သူ့ရဲ့ ပတ်စ်ပို့တ် ဓါတ်ပုံတပုံ ကျနော့်ကို ပေးထားဘူးတယ်။ ကျနော်က သူငယ်ချင်းတွေရဲ့ ရုပ်ပြောင်ပုံတူလေးတွေ ဆွဲပေးတတ်တော့ သူ့ရဲ့ ယီးယားဘွတ်ခ်မှာ သူ့ပုံတူ အမှတ်တရ ဆွဲပေးဖို့ ကျနော့်ကို ပူဆာတာပါ။ ကျနော်ကလည်း လူရင်းဆိုတော့ ဆွဲပေးမယ် ဆွဲပေးမယ်နဲ့ လူချင်းသာ ကွဲကွာသွားရော…. ဆွဲမပေးလိုက်ရဘူး။

ဒီလိုနဲ့ ကျနော်စင်္ကာပူကို ရောက်လာတဲ့အချိန်မှာ သူကလည်း အေအိုင်တီမှာ ကျောင်းပြီးကာ နီးနေပြီ။ လူကလည်း ကျနော်နဲ့အပြိုင် ဝလာတယ်။

တရက်မှာ ကျနော်ရုံးမှာ အိမ်သာတက်ရင်း ပိုက်ဆံအိတ်ဖွင့်ပြီး ဘာရယ်မဟုတ် လှန်လှောနေတုန်းမှာ သူ့ဓါတ်ပုံကလေးကို ပိုက်ဆံအိတ်ထဲမှာ တွေ့ရတယ်။ ဒါနဲ့ ကျနော်လည်း သူ့ဓါတ်ပုံကို ခဏထုတ်ကြည့်ပြီး အိတ်ထဲပြန်ထည့်မယ် အလုပ်မှာ ဓါတ်ပုံက မတော်တဆ ပြုတ်ကျပြီး အိမ်သာအိုးထဲအထိ ကျသွားတယ်။ ပြန်ကောက်လို့လည်း မဖြစ်နိုင်တော့တာမို့ စိတ်ညစ်ညစ်နဲ့ ရေဆွဲချလိုက်ရတယ်။ အဲသည်ကိစ္စ သူ့ကိုတော့ ပြန်မပြောဖြစ်တော့ပါဘူး။

နောက် တနှစ်လောက်ကြာတော့ ကျနော် မဒမ်ပေါနဲ့ လက်ထပ်တယ်။ သူကလည်း စကောလားရှစ် ထပ်ရလို့ ကနေဒါနိုင်ငံမှာ ပီအိတ်ခ်ျဒီ သွားတက်တယ်။ ကျနော်တို့တွေ အဆက်အသွယ် မပြတ်ဘူး။ သူက ကျနော်တို့လင်မယားကို ကနေဒါ ပြောင်းခဲ့ဖို့ အမြဲ တိုက်တွန်းတယ်။ ကျနော်တို့ကလည်း သမီးကိုမွေးတာ၊ မဒမ်ပေါကျောင်းဆက်တက်တာ၊ ကျနော် အချိန်ပိုင်းကျောင်းတက်တာ စတာတွေနဲ့ အလုပ်ရှုပ်နေတဲ့အလျောက် သူ့တိုက်တွန်းချက်ကို သဘောကျရုံကလွဲလို့ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။

ဒီလိုနဲ့ တရက်မှာ သူ့ဆီက စိတ်မကောင်းစရာ သတင်းကို ကြားရတာပဲ။ သူ့မှာ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတဲ့အကြောင်း။ ဒါပေမယ့် ရိုးတွင်းချဉ်ဆီ လှူဒါန်းသူရှိလို့ အစားထိုးကုသတာ အောင်မြင်တယ်လို့ ဝမ်းသာစရာ ကြားရတယ်။

အဲဒီအတောအတွင်းမှာ သူနဲ့ ဖုန်း မကြာမကြာ ပြောဖြစ်တယ်။ ကျနော်တို့ လင်မယားနှစ်ယောက်စလုံးနဲ့ ခင်မင်သူဖြစ်တဲ့အလျောက် သူက ကျနော်တို့နဲ့ ဖုန်းပြောရတာကို ဝမ်းသာပုံရတယ်။ ကျနော်တို့လင်မယားလည်း အမြဲလိုလို ရွှတ်နောက်နောက် ပြောတတ်တော့ သူကလည်း ဟီးဟီးဟားဟားနဲ့ပေါ့။ ဒါပေမယ့် နောက်မကြာခင်မှာ မထင်မှတ်တဲ့ အခြားရောဂါတခုနဲ့ သူဆုံးသွားတယ်။ စားသောက်ဆိုင်တခုမှာ ညစာစားပြီး Wash room ကို အသွားမှာ stroke နဲ့ လဲကျပြီး ကွယ်လွန်သွားတယ်တဲ့။

အဲဒီသတင်းကြားကာစက ကျနော် သူ့ဓါတ်ပုံကလေး ပြုတ်ကျသွားတာကို ပြန်သတိရပြီး စိတ်ထဲမှာ မသိုးမသန့်နဲ့ အပြစ်ရှိသလိုလိုတောင် ခံစားမိသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ လူတော်လူကောင်းတယောက်၊ မိတ်ဆွေကောင်းတယောက်ကို နှမြောတသ သတိရမိပါတယ်။

20 comments:

khin oo may said...

တို့လဲသတိရတယ်။။။။။။။။။။။။။။။။။။။

ရှစ်နစ်တောင်ရှိသွားပါလား ကြားဘူးလိုက်သလား. မသိ ဘွဲ့တေါ အများကြီးယူပြီးနမျောစရာများလားလို့ပြောမိသေးလားမသိ။

T T Sweet said...

သူ့အကြောင်းကို ဖိုရမ်ထဲမှာ ရေးသူတွေ ရှိလို့ သိဘူး၊ ကြားဘူး၊ ဖတ်ဘူးပါတယ်။ အိမ်ကလူလဲ ပြောဘူးပါတယ်။ ကိုပေါတို့နဲ့ အတော်ခင်တာပဲနော်။ မစပ်ဆက်မိဘူး။နှမြောစရာ၊ ၀မ်းနည်းစရာပါ။

Nge Naing said...

ကိုပေါရေ စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်။ ကိုပေါသူငယ်ချင်း ကောင်းရာသုဂတိ လားပါစေ။

Anonymous said...

Ko Zeyar Thin was a nice chap.

kay said...

ဟုတ်တယ်..သူ့ကို အားလုံး ခင်ကြတယ်။
ဝမ်းရောဂါ တွေ အလယ်မှာ..သူ့ကိုတော့.. ခင်ခဲ့တယ်။

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်ရတာ တကယ်ကို စိတ်မကောင်းပါဘူး ကိုပေါရေ...

ဒီလို ထူးချွန်တဲ့ လူတော်တစ်ယောက်ဆုံးရှုံးသွားတာ စိတ်မကောင်းစရာပဲနော်....

တိုက်ဆိုင်လိုက်တာနော်....ကိုပေါ အိမ်သာထဲမှာ ထုတ်ကြည့်ပြီး အိမ်သာထဲမှကျသွားတာ သူလဲ အိမ်သာသွားရင်းနဲ့ပဲ ရှော့ခ်ရသွားတာဆိုတော့.....

နောက်ဆို ကိုပေါကို ပူးတေတို့ ဓါတ်ပုံတွေ ဘာတွေ မပေးရဲတော့အောင်ပါပဲလား......အိမ်သာထဲမှာ ထုတ်ကြည့်မှာဆိုးလို့....

Anonymous said...

ဒီနှစ် ရွာမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ သူ့ကို သတိရမိတယ်။ ၁၉၇၂ဖွား သူက ၁၈နှစ်မပြည့်သေးလို့ ၁၉၉၀ရွေးကောက်ပွဲမှာ မဲမပေးခဲ့ရတာကို နောက်ခဲ့ဘူးတယ်။ ရွာက ဒီလိုပွဲမျိုးကလဲ တစ်သက်တစ်ခါဆိုသလိုပဲဗျာ။

Anonymous said...

I am shame on myself as satisfying me. u know, i stopped halfway for my studying for just want to earn money to support my parents and just want to get married. now my life is half way also (Zaw Kant Lant...) WHOOOOOO....

Taw Thar

Anonymous said...

ကိုပေါရှင့်၇၂ Born ရယ် AIT ( Ele )ဆိုတော့ ကိုမျိုထွန်းကိုရော သိပါသလားရှင့်

ကိုပေါ said...

khin oo may ......... kmsl ကတဆင့် သိတာလား။

T T Sweet........ တီတီဆွိအမျိုးသား (ကျောင်းတုန်းက အကိုကြီး)နဲ့ AIT တက်ကြရင်းနဲ့ ရင်းနှီးကြမယ်ထင်တယ်။

Nge Naing.... ကျေးဇူးတင်ပါတယ်။ သူကတော့ ကောင်းရာကို သေချာပေါက် ရောက်မှာပါ။

Anonymous... That is right. Thanks.

Kay ... မကေကလည်း သိသကိုး။ ဟုတ်တယ်။ ကျနော့်လိုပဲ လူချစ်လူခင် များတယ်။း-) ဝမ်းရောဂါ.... အသုံးလေးကို ကြိုက်သွားပြီဗျိုး။

ဧပရယ်လ်ပူး@ပူးတေ... ဓါတ်ပုံပေးလေ။ ပူးတေ ဘလော့ဂ်အတွက် ပုံတူဆွဲပေးဖို့။ ပိုက်ဆံအိတ်ထဲမှာ အသေအချာ ထည့်သိမ်းထားပေးပါမယ်။း-)

natthi.... ကျနော့်ထက်တော့ တနှစ်ငယ်တယ်ဗျ။ ကျနော်က ခြောက်တန်းမှာ တခါကျဘူးလို့။ ရှစ်လေးလုံးအတွင်းက ဝ.ထ.က.လ.သ စိန်လွင် ခြောက်တန်းကျ လို့ အော်ကြတော့ ကိုယ်လည်း လိုက်အော်ရင်းက နည်းနည်းတော့ လိပ်ပြာမလုံသလို ခံစားရတယ်။

Taw Thar... မရှက်ပါနဲ့ဗျာ။ မိဘကို လုပ်ကျွေးတာ ကုသိုလ်ရပါတယ်။

Anonymous 3:04 PM ... ကိုမျိုးထွန်းလား။ သိတာပေါ့ဗျာ။ တဖွဲ့တည်း ပေါင်းလာသူတွေပဲ။ သူ့ကို ကျနော်က ဦး K.T ရဲ့ အိမ်အပေါ်ထပ်မှာ နေတဲ့ကောင် လို့ နောက်ပြီး ခေါ်တတ်တယ်။ ကေတီက သူကအဖေ နာမည်လေ။ အောက်ထပ်မှာ ကျူရှင်ပြတယ်။

Anonymous said...

အကိုအခုကိုမျိုးထွန်းကဘယ်မှာနေလဲရှင့်...သူ့မိတ်ဆွေပါအဆက်သွယ်ပြတ်နေတာကြာပါပြီ..အရင်မေလ်းဘဲသုံးပါသလား

Lun Lunn said...

ကိုပေါရေ …

သတိထားမိသလား မသိဘူး။ လောကကြီးမှ လူကောင်းတွေ သက်တမ်းတိုတာ များတယ်။ မကောင်းတဲ့သူတွေ သက်ဆိုးရှည်ကြတယ်။

မခင်ဦးမေ …

ကြား ဘူး လိုက်သလား ။ (အမှန်) ကြား ဖူး လိုက်လား။

T T Sweet …

ဖတ် ဘူး ပါတယ်။ အိမ်ကလူလဲ ပြော ဘူး ပါတယ်။ (အမှန်) ဖတ် ဖူး ပါတယ်။ အိမ်ကလူလဲ ပြော ဖူး ပါတယ်။

ဖူး ကို ဘူး နဲ့ မှားယွင်းစွာ အသုံးပြုတာ တွေ့ရလို့ အမှန်ပြင်ပေးလိုက်ပါတယ်။

ရုံးပိတ်ရက်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ …

ကိုပေါ said...

Anonymous... ကျနော်လည်း သူအခု ဘယ်မှာဆိုတာ မသိဘူးခင်ဗျ။ ဇေယျာသင်း ဆုံးပြီးကာစလောက်ကထင်တယ်... သူစင်္ကာပူကို တခေါက်လာတုန်းက တွေ့လိုက်ရတယ်။ နောက်ပိုင်းတော့ အဆက်အသွယ် မရှိတော့ဘူး။ သူသာမက အတန်းထဲက သူငယ်ချင်းတော်တော်များများနဲ့ ပုံမှန် အဆက်အသွယ် မရှိသလောက် နည်းသွားတယ်။ စင်္ကာပူမှာရှိတဲ့ သူငယ်ချင်း နှစ်ယောက်လောက်က လွဲလို့ပေါ့။

Lun Lunn .... အာ... လွန်လွန်းလုပ်တာနဲ့ အခုပဲ တိုက်ပေါ်က ခုန်ချရမလိုလို ဖြစ်နေပြီ။ လူကောင်းဖြစ်ချင်လို့လေ။း-)

ဖိုးတုတ် said...

ကိုပေါရဲ့ သူငယ်ချင်းကို မသိပေမဲ့ ကိုပေါ ရေးသားတဲ့ ပို.စ်အရ စိတ်မကောင်းပါ၊

အေးဗျာ လူတော်တွေ ၊ လူကောင်းတွေ၊ လိမ္မာတဲ့သူတွေက အသက်တိုပြီး မိုက်တဲ့သူတွေ၊ ပေပေတေတေနေတဲ့သူတွေ၊ ငေါ့တဲ့သူတွေ၊ ဝေဖန်ရေးကို လုပ်တဲ့သူတွေ၊ ဝေဖန်ရေးကို အားပေးနေတဲ့ သူတွေက အသက်ပိုရှည်နေတာကို တွေ.နေရပါတယ်၊ လောကနိယာမက ထူးကိုထူးဆန်းပါတယ်

အထက်ဖော်ပြပါ နိယာမနဲ.ပတ်သက်ပြီး တွေးမိတာက ကိုပေါ တစ်ယောက်တော့ အသက် တော်တော်ရှည်ဦးမယ်လို. ထင်ပါတယ်၊


ခင်မင်စွာဖြင့်

ကကစ

Anonymous said...

Perhaps YIT is cursed, those who cannot distinguished between voltage and current
and went on to pursue PhD survive while
we lose smart guys like Ko Ze Yar Thin.

Anonymous said...

Ko zeyar is very nice man.

Here for Ko Myo Tun, who want to contact him
http://www.facebook.com/myotun?ref=sgm

သက်ဝေ said...

၈ နှစ်...
၈ နှစ် တောင်ရှိသွားပြီလားလို့ တအံ့တသြနဲ့ ခုနှစ်တွေကို ပြန်ရေကြည့်နေမိတယ်... သိပ်မကြာသေးသလိုပဲ... ဒါပေမယ့် ၈ နှစ်တဲ့...။

ကောင်းရာမွန်ရာ နေရာတခုမှာ အေးချမ်းနေမှာ သေချာပါတယ်...

Anonymous said...

Which university did Ko zeyar go and what subject he worked for PHD in canada?

Anonymous said...

ကိုမျိုးထွန်းရဲ့ Link ရပါပြီ ကျေးဇုးတင်ပါတယ်

Unknown said...
This comment has been removed by the author.
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs