“စောင့်လေမျိုးနွယ်”

“ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ....”

ဒါကတော့ ကျနော်တို့အားလုံးနီးနီး ဖတ်ဖူးကြတဲ့ သားသမီးဝတ် ငါးပါး ပါ။

အဲဒီငါးပါးထဲမှာ “စောင့်လေမျိုးနွယ်” ဆိုတာပါတယ်။

တချို့ကလည်း အဲဒါဟာ “မျိုးနွယ်ကို စောင့်ထိန်းရမယ်၊ ကိုယ်နဲ့ မျိုးနွယ်မတူတဲ့လူကို လက်မထပ်ရဘူး”လို့ တလွဲအဓိပ္ပါယ်ကောက်ပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ယူရင်ပဲဖြစ်ဖြစ်၊ တနိုင်ငံတည်းသားချင်းဖြစ်လျှင်တောင် မျိုးနွယ်မတူတဲ့ အခြားလူမျိုးစု မျိုးနွယ်ဝင် တယောက်ယောက်နဲ့ လက်ထပ်ယူရင်ဖြစ်ဖြစ်…. “အမျိုးမစောင့်ထိန်းသူ” ဆိုပြီး အသားလွတ် စွတ်စွဲ အပြစ်တင်ချင်ကြသေးတာ။

နောက်တမျိုး အဓိပ္ပါယ် တလွဲယူတာရှိသေးတယ်။ မိဘက ကုန်သည်မျိုးနွယ်ဆိုရင် ကိုယ့်ကျရင်လည်း ကုန်သည်ပဲလုပ်ရမယ်။ မိဘက မင်းမှုထမ်းမျိုးနွယ်ဆိုရင် ကိုယ့်အလှည့်ကျရင်လည်း မင်းမှုထမ်းလုပ်ရမယ်… ဆိုပြီး အဓိပ္ပါယ်ယူတာမျိုးပေါ့။ ကြံကြံဖန်ဖန်ဗျာ။ အဲသည်လိုဆိုရင် လူအတော်များများဟာ “စောင့်လေမျိုးနွယ်” ဆိုတဲ့ ၀တ်ကို မကျေပွန်ဘူး ဖြစ်ကုန်ကြတော့မှာပေါ့။ ဘာကြောင့်လဲဆိုတော့  ဒီဖက်ခေတ်မှာ အဖေ့လက်ထက်တုန်းက လယ်သမား။ သားလက်ထက်ကျတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြတာမဟုတ်လား။

တကယ်တော့ စောင့်လေမျိုးနွယ်ဆိုတာ အဲဒါတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ဦးခင်မောင်ဝင်း ရေးသားတဲ့ “ဗုဒ္ဓရဲ့ လူမှုရေးတရားတော်များ” စာအုပ် ထဲမှာ ရှင်းပြထားတာ ရှိပါတယ်။ မိဘလက်ထက်က သီလဂုဏ်၊ သမာဓိဂုဏ်၊ ဘာဝနာဂုဏ်၊ ရိုးဂုဏ်၊ အကျင့်ကောင်း၊ စရိုက်ကောင်း၊ စိတ်ဓါတ်ကောင်းတွေကို သားသမီးလက်ထက်မှာ ဆက်လက်ထိန်းသိမ်းပါ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါသတဲ့။ ကျနော်လည်း အဲသည် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို နှစ်သက်လက်ခံပါတယ်။

နောက်တချက် ဂရုပြုသင့်တာက သားသမီးတွေဟာ မိဘတွေထက် မစွမ်းရင်တောင် မလျော့အောင်တော့ ကြိုးစားသင့်ကြတယ် ဆိုတဲ့အချက်ပါပဲ။ မိဘလက်ထက်က စွမ်းစွမ်းတမံ ကြိုးစားခဲ့သလောက်၊ တာဝန်ကျေခဲ့သလောက် သားသမီးလက်ထက်ရောက်တော့ ကြိုးလည်း မကြိုးစားဘူး၊ တာဝန်လည်းမကျေဘူးဆိုရင် အဲဒီ သားသမီးဟာ မိဘရဲ့ မျိုးနွယ်ဂုဏ်ကို မစောင့်ထိန်းရာ ရောက်နေတယ်လို့ မြင်မိပါတယ်။

ယနေ့ ပတ်ဝန်းကျင်မှာ လေ့လာကြည့်လိုက်ရင် အချို့သော သားသမီးအချို့ဟာ မိဘထက် အရည်အချင်းအားဖြင့် မခေကြသော်လည်း တာဝန်ကျေမှုနေရာမှာတော့ မိဘခြေဖျားကိုတောင် မမီတာတွေ တွေ့ရပါတယ်။ ရူးချင်ယောင်ဆောင်ပြီး တာဝန်ကို ရှောင်လွှဲနေတာမျိုးတွေပေါ့။

တချို့ကျတော့ အရည်အချင်းအားဖြင့် မိဘကို မမီသော်လည်း တာဝန်ကျေမှုအရာမှာတော့ မိဘထက် မလျော့ရလေအောင် ကြိုးစားနေကြသူတွေကိုလည်း မြင်ရပါတယ်။

ကျနော်က ပထမအမျိုးအစားကို အားမလိုအားမရဖြစ်သလောက် ဒုတိယအမျိုးအစားကိုတော့ ချစ်ခင်လေးစားမိပါတယ်။

အဲ… တတိယအမျိုးအစားကတော့ မကောင်းတဲ့ဘက်မှာ စောင့်လေမျိုးနွယ်လုပ်နေတာပါပဲ။ မြန်မာပြည်က (နအဖ ဆိုတဲ့) အုပ်ချုပ်သူလူတန်းစားတွေရဲ့ မိသားစုအသိုင်းအ၀ိုင်းတွေမှာ မြင်နိုင်ပါတယ်။ မိဘက မဟုတ်တာတွေလုပ်။ သားသမီး၊ မြေးမြစ်လက်ထက်မှာ ဆယ်ဆတိုးပြီး မဟုတ်တာတွေလုပ်။ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် မျိုးရိုးဟာ တဆင့်ထက်တဆင့် ပို၍ ပို၍ ယုတ်ညံ့ နိမ့်ဆင်းသွားပါတယ်။ အဲသည်တတိယအမျိုးအစားကိုတော့ မစင်ဘင်ပုတ်သဖွယ် ရွံရှာမိပါတယ်။

စောင့်လေမျိုးနွယ် ဆိုတာနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ ကျနော်အလေးစားဆုံးနဲ့ ဂုဏ်အယူမိဆုံး မျိုးရိုးကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မျိုးရိုးပါ။ အဘိုး မြို့လုလင်ရွာသူကြီး ဗိုလ်လရောင်လက်ထက်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တိုင် အာဇာနည်မျိုးရိုးပီပီ သတ္တိဗျတ္တိနဲ့ ညီတဲ့၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့၊ ရိုးသားပွင့်လင်းတဲ့၊ ပြည်သူလူထုအပေါ် မေတ္တာစေတနာအပြည့်ထားတဲ့ ဆွေစဉ်မျိုးဆက် အစဉ်အဆက်ဂုဏ်ကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိ လက်ဆင့်ကမ်းစောင့်ထိန်းနိုင်ခဲ့တာကို လေးစားဂုဏ်ယူဖွယ် တွေ့မြင်ရပါတယ်။

ဆရာဦးအောင်သင်းကတော့ သူ့တပည့်တွေကို ဆုပေးလို့ရှိရင်…. “ကိုယ့်မိကိုယ့်ဖထက် တဆင့်မြှင့်ပြီး ပုခုံးစွမ်းအားကောင်းတဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ မိန်းမကောင်း၊ မိန်းမမြတ်တွေ ဖြစ်ကြပါစေ…” ဆိုတဲ့ ဆုကလေး အပိုထည့်ပြီး ဆုပေးသတဲ့။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အနုပညာ နယ်ပယ်အသီးသီးမှာ စောင့်လေမျိုးနွယ်ဆိုတဲ့အတိုင်း ကိုယ့်မိဘလက်ထက်က ကောင်းတဲ့ ဂုဏ်အင်္ဂါတွေကို ဆက်လက်စောင့်ထိန်းကြလျှင်၊ ကိုယ့်မိကိုယ့်ဖထက် တဆက်တက်ပြီး တာဝန်ယူနိုင်ဖို့ ကြိုးစားကြလျှင်ဖြင့် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လောကကို ယခုထက်ပို၍ အလှဆင်နိုင်လိမ့်မည်ဟု တွေးမိပါကြောင်း……။

ဖြည့်စွက်ချက်။...........။ ဦးခင်မောင်ဝင်း၏ စကားအတိအကျမှာ “အမျိုးအနွယ်အားဖြင့် အစဉ်လာသော ဒါန၀တ်၊ သီလ၀တ်၊ အစရှိသော အလေ့ကောင်း၊ အကျင့်ကောင်း၊ အရိုးကောင်း၊ အစဉ်ကောင်းတို့ကို မပျက်စေရခြင်း တစ်ပါး” ဟူ၍ ဖြစ်ပါသည်။ ဆောင်းပါးရေးစဉ်က စာအုပ်အနီးတွင် ရှိမနေ၍ စကားအသုံးအနှုန်းအနည်းငယ် လွဲမှားသွားသည်ကို တောင်းပန်ပါသည်။
Read more

“ကျောက်တုံး ပုံပြင်”

တခါက လူသွားလူလာများတဲ့ လမ်းမပေါ်မှာ ကျောက်တုံးကြီးတစ်တုံး ကျရောက် ပိတ်ဆို့နေသတဲ့။

လူတွေကလည်း အဲဒီလမ်းမကြီးကို အသုံးပြုနေကြရတာမှန်ပေမယ့် ကိုယ်နဲ့မဆိုင်သလို သူလုပ်နိုး၊ ငါလုပ်နိုး တွက်ကပ်ကြပြီး ကျောက်တုံးဘေးကပဲ ကွေ့ဝိုက်ပြီး သွားကြသတဲ့။ အဲသည်မှာ လမ်းဘေးက ချိုင့်ထဲ ထိုးကျလို့ လှည်းတွေ ဘာတွေမှောက်၊ ကလေးတွေလည်း လမ်းဘေးက ဆူးတွေ ဘာတွေ စူးပေါ့လေ။

နောက်တော့မှ မနေသာသူ တာဝန်သိပြည်သူတဦးက ကျောက်တုံးကို ဖယ်ရှားပေးလိုက်တဲ့အခါ ကျောက်တုံးအောက်မှာ ဆုတော်လာဘ်တော် အနေနဲ့ (ဘုရင်က) ထည့်ထားခဲ့တဲ့ အသပြာထောင်ထုပ်ကို ရသွားသတဲ့။

အဲသည်နောက်ပိုင်းတော့ လမ်းမပေါ်မှာ ကျောက်တုံးလေး တတုံးတလေ မတော်တဆ ကျရောက်လာရင် လူတွေဟာ သူဖယ်မယ်၊ ငါဖယ်မယ်နဲ့ အငြင်းပွားရင်း ရန်တွေ ဘာတွေတောင် ဖြစ်ကုန်ကြတယ်။ မိန်းမတွေဆိုတာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထမိန်တွေ ဘာတွေ ကျွတ်တဲ့လူ ကျွတ်ပေါ့။ အဲ…..ကျောက်တုံးကို ဖယ်ပြီးတိုင်းမှာလည်း ဖယ်ခဲ့တဲ့လူဟာ ကျောက်တုံးအောက်မှာ အသပြာထောင်ထုပ်ကို တွေ့မလားလို့ ရှာရတာ အမော။

ဒီလိုနဲ့ တနေ့မှာတော့ အဲဒီလမ်းမပေါ်မှာပဲ ကျောက်တုံးအကြီးကြီး တစ်တုံး ရောက်နေပြန်သတဲ့။ ထုံးစံအတိုင်း လူတွေ သူ့ထက်ငါ ဦးအောင် ပြေးတွန်းကြပြန်တာပေါ့။ ဒါပေမယ့် ဒီတခါ ကျောက်တုံးက နှယ်နှယ်ရရ ကျောက်တုံးမဟုတ်ဘူး။ ဘီလူးတကောင် စောင့်ကြပ်နေတဲ့ ကျောက်တုံး။

ဘီလူးက ကျောက်တုံးလာတွန်းတဲ့လူတိုင်းကို ကျောစုတ်သွားအောင် ကြာပွတ်နဲ့ ရိုက်ထုတ်လေ့ရှိသတဲ့။ အစောပိုင်းကတော့ အသပြာထောင်ထုပ် ရမလား၊ နာမည်ကောင်းရလေမလားဆိုပြီး အူယားဖားယား ပြေးတွန်းတဲ့သူတွေမှာ ကျောကော့အောင် ကြာပွတ်နဲ့ ရိုက်တဲ့ဒဏ်ကို အသီးသီး ခံလိုက်ကြရသတဲ့။

အဲသည်နောက်ပိုင်း ကျောက်တုံးရဲ့ သဘောသဘာဝကို သိလာကြတော့ လူတွေဟာ အဲသည်ကျောက်တုံးအနီးကို မကပ်ရဲတော့ဘဲ မမြင်ချင်ယောင်ဆောင်ပြီး ဘေးကနေ ပတ်သွားဖို့ပဲ ကြိုးစားကြတော့သတဲ့ကွယ်။

ဒါပေမယ့် အဲသည်လမ်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လမ်းမကြီးဖြစ်နေတာကြောင့် အဆင်မပြေမှုတွေကို လူတိုင်း ကြုံတွေ့နေကြရတော့တာပေါ့။ အဲသည်အချိန်မှာ ထူးဆန်းတာက ကျောစုတ်မယ်မှန်းသိသိနဲ့ ကျောက်တုံးကြီးကို ခွန်နဲ့အားနဲ့ တွန်းဖယ်မယ့် လူအချို့ ထွက်ပေါ်လာကြတာပဲ။

ကျောက်တုံးစောင့်ဘီလူးကလည်း သူတို့ကို ဘယ်ချမ်းသာပေးပါ့မလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်းရိုက်လိုက်တာ သူတို့ရဲ ကျောပြင်တွေမှာ ဒဏ်ရာတွေနဲ့ သွေးချင်းချင်းနီကုန်သတဲ့။ ဒါပေမယ့်လည်း ဒီလူတွေဟာ နောက်ဆုတ်မသွားပဲ ဒဏ်ရာနဲ့ ဝေဒနာကို အံကြိတ်ခံစားရင်း တွန်းမြဲတွန်းနေကြသတဲ့။ ဒါပေမယ့် လူအရေအတွက်နည်းတာကတကြောင်း၊ ကြာပွတ်ဒဏ်ကြောင့် ခွန်အားဆုတ်ယုတ်တာကတကြောင်း၊ ကျောက်တုံးကြီးကိုယ်၌က လေးလံတာက တကြောင်းတို့ကြောင့် ကျောက်တုံးကြီးဟာ နေရာက မရွေ့နိုင်သေးဘဲ ဖြစ်နေတော့တာပေါ့။

ကနဦးကတည်း ကျောက်တုံးမတွန်းဘဲ ကျန်ရစ်တဲ့လူတွေထဲက တချို့ဟာ အစက ကြောက်လို့ ၀င်မတွန်းပေမယ့် တချိန်မှာတော့ ရဲရဲဝံ့ဝံ့ ၀င်တွန်းကြတာကိုလည်း တွေ့ရတယ်။

တချို့ကတော့ ကိုယ်တိုင်မတွန်းရဲပေမယ့် တွန်းတဲ့လူတွေကို အားရှိအောင် အော်ဟစ်အားပေးကြတယ်။

တချို့ကတော့ အရိုက်ခံရသူတွေရဲ့ ကြာပွတ်ဒဏ်ရာတွေကို သက်သာအောင် ဆေးဝါးကုသပေးခြင်း၊ အမောပြေအောင် အစာရေစာ ကမ်းလှမ်းခြင်းတွေ ပြုကြတယ်။ ဒါတောင်မှ ဘီလူးက အနီးအပါးကို ကပ်လာသူတွေကိုပါ ကြာပွတ်စာ လှမ်းကျွေးတတ်တော့ လူတော်တော်များများက ဒီလို ထောက်ပံ့အကူအညီပေးတဲ့ အလုပ်မျိုးကို မလုပ်ဝံ့ကြဘူး။

စိတ်ဝင်စားစရာကောင်းတာကတော့ အခုဆက်ပြောပြမယ့် လူနှစ်မျိုးနှစ်စားအကြောင်းဘဲ။

ပထမတမျိုးဟာ နေ့စဉ် ဒီလမ်းမကြီးကနေ ဖြတ်သန်းသွားလာနေကြပေမယ့် ဒီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတခုလုံးကို မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းသွားလာနေကြတဲ့သူတွေပဲ။ သူတို့ဟာ ဒီအဖြစ်အပျက်ကို သူတို့နဲ့ မဆိုင်သယောင်၊ ဖြစ်ရိုးဖြစ်စဉ် အရေးမကြီးတဲ့ ကိစ္စတရပ်သဖွယ် သဘောထားကြတယ်။ ဒီကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ပါတယ် သွားပြောရင်လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။

ဒုတိယတမျိုးကတော့ ဒီအဖြစ်အပျက်ကြီးတခုလုံး အမှန်တကယ် ဖြစ်ပျက်နေတာကို သူတို့သိတယ်။ ဒီကျောက်တုံးကြီးမရှိတော့ရင် ကောင်းမယ်ဆိုတာကိုလည်း သိကြတယ်။ ဒါပေမယ့် သူတို့ဟာ ကျောက်တုံးကို ၀င်တွန်းဖို့ သတ္တိမရှိကြဘူး။ အဲဒီလို သတ္တိမရှိတာကိုလည်း ရိုးရိုးသားသား ၀န်ခံရမှာကို ရှက်ကြတယ်။ ဒီတော့ သွေးအလိမ်းလိမ်းနဲ့ ကျောက်တုံးတွန်းနေကြသူတွေကို ကြည့်ပြီး အောက်ပါအတိုင်း မှတ်ချက်တွေ ပေးတယ်။

“ဒီလူတွေဟာ မပါးနပ်ဘူး။ ဒီကိစ္စမျိုးဆိုတာ ပါးနပ်ဖို့လိုတယ်”
“ဒီလောက်ကြာကြာတွန်းလာတာတောင် ကျောက်တုံးကို ရွေ့အောင် မတွန်းနိုင်ကြဘူး။ တော်တော် အရည်အချင်းမရှိတဲ့လူတွေ”
“လူတိုင်းပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြဖို့ ကောင်းတယ်”
“ဘယ်သူက ကူတွန်းချင်ပါ့မလဲ။ စည်းရုံးရေးမှ မကောင်းတာ”
“ခေါင်းဆောင်မှုက ညံ့တာကိုး။ နည်းဗျူဟာကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ”
“ဘီလူးနဲ့ယှဉ်နိုင်တဲ့ ခေါင်းဆောင်မှ မပေါ်သေးတာ”
“အို… ကျောက်တုံးကို တွန်းမှမဟုတ်ပါဘူး။ လမ်းဘေးက ဆင်းသွားလို့ ဆူးစူးတဲ့လူတွေကို ဆူးထွင်ပေးရင်လည်း ဒါဟာ တဖက်တလမ်းက ကူညီရာရောက်ပါတယ်။”

သြော်... ပုံပြင်ထဲက လူတွေများ ပြောပါတယ်။
Read more

“နတ်ဖက်တဲ့အတွဲ….”

ရွှေဘ ခံနေရတုန်းတော့
တရုံလုံးဟာ
အသာတိတ်ဆိတ်
မျက်ရည် ကျိတ်လည်
ရင်မောတယ်….တဲ့။

ရွှေဘ ပြန်ထလာမှ
ရွှေဘဟေ့ ရွှေဘ
ဒါမှ တို့လူ
ဂုဏ်ယူမဆုံး
အုံးအုံးကျွက်ကျွက်
လက်ခုပ်ဖြောင်းဖြောင်း
မညောင်းတမ်း တီးတယ်။

ပရိသတ်နဲ့ ရွှေဘ
ရွှေဘနဲ့ ပရိသတ်
ပေါင်းစပ်ကြည့်တော့
နတ်ဖက်တဲ့အတွဲ
လိုက်လည်းလိုက်ပါ့
မြန်မာ့ရုပ်ရှင်သမိုင်းဝယ်……။


-ကိုပေါ-
Read more

“ရွေးချယ်ခွင့်”

ကြိုတင်စိတ်ကူးထားခြင်းမရှိဘဲ ဖြစ်ပျက်သွားသောအရာများ၌ ကျွန်ုပ်တို့တွင် ရွေးချယ်ခွင့်မရှိချေ။

ဤကိစ္စနှင့်ပတ်သက်၍ ဆရာအောင်သင်းက စာပေဟောပြောပွဲတခုတွင် အောက်ပါအတိုင်း ဥပမာပေးသည်ကို သတိရမိပါသည်။ (ဆရာ့ စကားလုံး အတိအကျတော့ မမှတ်မိတော့ပါ။)

“ဒီ စင်မြင့်ရဲ့ အစွန်းမှာ လူတယောက် မတ်တပ်ရပ်နေတယ် ဆိုပါစို့။ သူ့ကို နောက်ကနေ တစုံတယောက်က အလစ်မှာ တွန်းချလိုက်ရင် အဲသည်လူဟာ စင်အောက်ကို မလွဲမသွေ ပြုတ်ကျမယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ “ငါ… ပြုတ်ကျရင် ကောင်းမလား။ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ….(ပရိသတ်၏ ရယ်သံများ)….အဲဒီလို ရွေးချယ်ပိုင်ခွင့်မရှိဘူး”……။

အဆိုပါ ဖြစ်ရပ်မျိုးများမှလွဲလျှင် ကြိုတင်စိတ်ကူး၍ လုပ်ဆောင်ရသော အရာမှန်သမျှ၌ လူတိုင်းတွင် ရွေးချယ်ခွင့်ရှိသည်ဟု ကျွန်ုပ် ဆိုချင်ပါသည်။

လူတယောက်က သင့်အား ဓါးနှင့်ထောက်၍ တစုံတရာကို မရမက မေးလျှင်ပင် သင့်၌ ပြန်ဖြေမည်လော၊ မဖြေဘဲနေမည်လော ဟု သင့်ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် သင့်တွင် စဉ်းစားတွေးတောချိန် ရသောကြောင့် ဖြစ်ပါသည်။

ဓါးထောက်မေးခြင်းဖြစ်၍ အသက်ဘေးကို ကြောက်ရွံ့သောကြောင့် ဖြေဆိုမည်ဆိုလျှင်လည်း သင်၏ ရွေးချယ်ခွင့်ဖြစ်ပါသည်။ မဖြေဆိုလိုဘဲ အသက်ကို အသေခံလိုက်မည်ဆိုပါကလည်း သင်၏ ရွေးချယ်ခွင့်ပင် ဖြစ်ပါသည်။

ဤသို့လျှင် လူတိုင်းလူတိုင်း၏ နေ့စဉ်ဘ၀တွင် ရွေးချယ်ခွင့်များကို အစဉ်လိုလို ကြုံကြိုက်ခဲ့ပါသည်။ အချို့သောကိစ္စများတွင် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်သင့်မှန်းသိသိနှင့် သူရဲဘောကြောင်မှုကြောင့် မလုပ်ခဲ့ကြသည်လည်း ရှိခဲ့ကြပါသည်။ မလုပ်သင့်မလုပ်ထိုက်သည်များကို မလုပ်သင့်မှန်းသိသိနှင့် သတ္တိနည်းမှုကြောင့် လုပ်ခဲ့ကြသည်လည်း ရှိခဲ့ကြပါသည်။

သို့သော် လူအများစုမှာ ကိုယ်လိုပင် သူရဲဘောကြောင်သူများဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ရပ်မှားများအတွက် ကျွန်ုပ်တို့ဘာသာ လိပ်ပြာသန့်စေရန် ကြိုးပမ်းသည့်အနေဖြင့် “အများညီလျှင် ဤကို ကျွဲဖတ်ရသည်” ဆိုကာ ကြံဖန်၍ ဖြေတွေး တွေးတတ်ကြပါသည်။ သို့မဟုတ် “အများမိုးခါးရေ သောက်သဖြင့် ကိုယ်လည်း လိုက်သောက်ရပါသည်”ဟု ဆင်ခြေကန်သော အတွေးဖြင့် ဖြေတွေး တွေးတတ်ကြကုန်၏။ သို့တည်းမဟုတ်….. “ခေတ်ကာလကြီးက မကောင်းလို့ပါ”ဟု ခေတ်၊ စနစ်အပေါ်တွင်လည်း အပြစ်ပုံချ တတ်ကြကုန်၏။

သို့သော် လူတိုင်းသည်ကား ကျွန်ုပ်တို့ အများစုကဲ့သို့ သူရဲဘောကြောင်သူများမဟုတ်ကြ။ သူတို့သည် ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရမည်ကိုသိသိနှင့်ပင် သူတို့ လုပ်သင့်လုပ်ထိုက်သည်ဟု ယုံကြည်သောအရာများကို ရဲဝံ့စွာ၊ သတ္တိရှိစွာ ရွေးချယ်ဝံ့ကြလေသည်။ ထိုရွေးချယ်မှု၏ အကျိုးဆက်အဖြစ် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများကို ကြံကြံခံဖို့ ကြိုးစားတတ်ကြလေသည်။ ထိုသူများသည် လူနည်းစုဖြစ်သည်။ အများစုဖြစ်သော ကျွန်ုပ်တို့က အနည်းစုဖြစ်သော ထိုသူများကို သူရဲကောင်းများအဖြစ်၊ ကြီးမြတ်သူများအဖြစ် လေးစား တန်ဘိုးထား အသိအမှတ်ပြုကြလေသည်။

ထိုသူများကို သူရဲကောင်းအဖြစ်လည်း အသိအမှတ်မပြုလို၊ မိမိလုပ်ရပ်ကို မှားသည်ဟုလည်း ၀န်မခံလိုသူများလည်း ရှိပါသည်။ ထိုသူတို့မှာလည်း သူတို့ ရွေးချယ်ခွင့်နှင့် သူတို့ ဖြစ်ပါသည်။

လူတိုင်းတွင် ရွေးချယ်ခွင့်ရှိပါသည်။ ဘာကိုရွေးချယ်သနည်းဟူသည့် အချက်
အပေါ် မူတည်၍ လူတို့သည် ကိုယ့်သမိုင်းကိုယ် ရေးနေကြပါသည်။

ကျွန်ုပ်တို့တွေ့ကြုံရမည့် မနက်ဖြန်ပေါင်းများစွာတွင်လည်း အလားတူရွေးချယ်ခွင့်များကို အစီအရီ တွေ့ကြုံ ကျော်ဖြတ်နေရဦးမည်သာ ဖြစ်ပါသည်။

မည်သို့မည်ပုံ ရွေးချယ်ကြမည်လဲဆိုသည့်ကိစ္စမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
Read more

“မြစ်ဝကျွန်းပေါ် ခရီးသွား”



ငါသည် မာတုဂါမကို မြစ်ကမ်းနဖူးမှာပင် ချထားရစ်ခဲ့ပေပြီ။

သို့သော်….

ငါရောက်နေသောဒေသတွင် မြစ်ချောင်းများ အလွန်ပေါများသလို မြစ်ကို ဖြတ်ကူးလိုသော မာတုဂါမများသည်လည်း မြစ်အသီးသီးတွင် စောင့်စားလျက် ရှိနေသေးသည်တကား။


(ပုံကို ဒီက ယူပါတယ်။)
Read more

“မကြွားလိုပါ”



ဇာတ်သဘင်လောကကို
အစဉ်လို ကျောခိုင်းပြီးတဲ့ နောက်ပိုင်းမှာ….
ကျုပ်ဟာ မင်းသားကြီးဖြစ်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း
ပြန်ပြောင်းပြီး ဂုဏ်မဖော်ခဲ့ဘူးဆိုတာ
လူတကာကို ကျုပ်
အဟုတ်ပဲ ရှင်းပြနေပါတယ်လေ.....

ပုံ…. မင်းသားကြီးဖြစ်ခဲ့ဖူးကြောင်းကို မကြွားဝါလိုသူ လီယိုနာဒို ဒါ ကိုပေါ။
Read more

“သူ့လက်ရာ”

သမီး ဆွဲထားတဲ့ ပန်းချီပုံတွေထဲက အချို့ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။









Read more

“မြန်မာ့ဆုတောင်း”

နှစ်အကူးမို့
ညွတ်နူးရွှင်ကြည်
မနသီဖြင့်
မြန်ပြည်သာကြောင်း
ဆုချွေတောင်းမည်….

ဒီနေ့ကစ
အနန္တအသင်္ချေ
မရေတွက်နိုင်
ကာလတိုင်အောင်
ပြည်ဘောင်အလုံး
အုံးအုံးကျွက်ကျွက်
မျက်စိပြာဝေ
ကျိန်းစေမတတ်
လျှပ်စစ်မီးများ

ညီးစေသောဝ်။

ဟိုအိမ်ဒီအိမ်
အိမ်ခြေအားလုံး
တယ်လီဖုန်းနှင့်
နေ့သုံးညသုံး
သုံးစေသော်ဝ်။

လိပ်နှင့်ပြိုင်ဖက်
အင်တာနက်လည်း
မပျက်ဖန်ဖန်
မြန်စေသော်ဝ်။

မင်းကုသက
အဘခေါ်ဖွယ်
ကြမ်းချော်ဖုထစ်
မပြေပြစ်သည့်
ကျောက်စရစ်ပြွမ်း
မြို့လယ်လမ်းတို့
လင်ပန်းကဲ့သို့ ညီစေသောဝ်။

သင်္ချိုင်းကုန်းသွင်
မြို့ပြင်ကိုထုတ်
ဇာတ်မြှုတ်လည်းခံ
ဝေးတလံက
စာအံတိတ်ဆိတ်
ကျောင်းကောလိပ်တို့
မြို့ရိပ်နားကို
ခိုစေသောဝ်။

မြို့တော်ရန်ကုန်
သာပေါင်းစုံသည့်
တိဂုံခြေရင်း
မ၀ပ်စင်းဘဲ
တောတွင်းခေါင်ခေါင်
နန်းတည်ထောင်လျက်
တကောင်ကြွက်ဖျင်း
ဥမင်တွင်းက
မင်းအတုလုပ်
မိုက်ဇာတ်ရှုပ်လည်း
ချုပ်ငြိမ်းမကြာ
သိမ်းစေသောဝ်။
Read more

“ဧည့်သည်လေး”



ဒီအကြွတွင်
မျောကာတင်
သောင်ပြင်ဖွေးဖွေး
ပတ်ကာပြေး
ရီးလေလေ့… ရီးလေလေး။

ဒီပြန်ကျလျှင်
လတာပြင်
နုန်းတင်ရေဝေး
ကူးခဲ့သေး
ရီးလေလေ့… ရီးလေလေး။

သဲသာသောင်ကမ်း
ဓနိတန်း
ဂဏန်းငယ်ထွေး
မှားကာတွေး

ရီးလေလေ့… ရီးလေလေး။
Read more

“နာရီသံကြောင့်ပါ ဆိုနေမှ”



လွန်ခဲ့တဲ့ ၁၃ နှစ်။

ကျောင်းပြီးကာစ အချိန်တုန်းက ကျနော်တို့သူငယ်ချင်းတစု အင်္ဂလိပ် စကားပြောသင်တန်းတက်ကြပါတယ်။ ခြောက်မိုင်ခွဲမှာနေထိုင်တဲ့ Dorothy လို့ အမည်ရတဲ့ အမျိုးသမီးကြီးထံမှာ သွားရောက် သင်ယူကြတာပါ။ ဆရာမကြီးဟာ ငယ်စဉ်က သူနာပြုဆရာမဖြစ်ခဲ့ပြီး အင်္ဂလိပ်စကားကို အတော်ပြောနိုင်ပါတယ်။

သင်တန်းသားက ကျနော်တို့ သူငယ်ချင်း ခြောက်ယောက်ခန့်ပဲဆိုတော့ ဆရာမနဲ့ စားပွဲတ၀ိုင်းထဲ အတူထိုင်ရင်း သင်ယူရတာပေါ့။ ဆရာမက ကျနော်တို့ကို အင်္ဂလိပ်နာမည်တခုစီ ရွေးခိုင်းပြီး အဲသည်နာမည်တွေနဲ့ပဲ အချင်းချင်း အင်္ဂလိပ်လို ပြောကြရတယ်။ ကျနော့်နာမည်ကတော့ ကိုပေါနဲ့ ခပ်ဆင်ဆင် Paul လို့ပဲ အလွယ်မှည့်လိုက်တယ်။ ကျနော်သူငယ်ချင်းတွေကလည်း ဂျိမ်းစ်ဘွန်းကားထဲကနာမည်တွေကို အသီးသီး ယူကြတယ်။ ဂျိမ်းစ်၊ အော့ဂျော့ဘ် စသဖြင့်ပေါ့။

တရက်မှာ ဆရာမက ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကို တယောက်ချင်း တလှည့်စီ ပြောခိုင်းတယ်။

ကျနော့်အလှည့်မှာ ပြောဖြစ်တာကတော့ ရန်ကုန်တက္ကသိုလ်စိန်ရတုမတိုင်မီ တာမွေက သူငယ်ချင်းတယောက်ရဲ့အိမ်ကို လိုက်အိပ်ပြီး ဗုဒ္ဓဘာသာမိသားစု ဘူးသီးကြော်ဆိုင်အတွက် ကြော်ငြာပိုစတာတွေ ရေးခဲ့စဉ်က အကြောင်းကို ပြောပြဖြစ်ပါတယ်။

အဲဒီတုန်းက သူငယ်ချင်းတစု ညနေပိုင်းလောက်ကစပြီး ဆွဲလိုက်၊ရေးလိုက်တဲ့ ပိုစတာတွေဟာ ည ၁၁ နာရီလောက်မှာမှ ပြီးသွားတာမို့ အားလုံး အဲဒီအိမ်မှာပဲ ညအိပ်ကြရတယ်။ လူနှစ်ယောက်ကို ခြင်ထောင်တခုနှုန်းနဲ့ အိမ်ရှေ့ခန်း ကြမ်းပြင်ပေါ်မှာ တန်းစီအိပ်ကြတယ်။ ကျနော်က အိမ်ရှင်သူငယ်ချင်းနဲ့ ခြင်ထောင်တခုထဲမှာ အိပ်ရတယ်။ အိမ်ရှေ့လမ်းမီးတိုင်က မီးရောင်ဟာ တရုပ်ကပ်ကတဆင့် အိမ်ရှေ့ခန်းထဲကို ဖြာကျနေတယ်။

ကျနော်ဟာ အရွယ်ရောက်ကတည်းက အိပ်ယာတခုထဲမှာ အဲသည်လို နှစ်ယောက်အတူ မအိပ်ဘူးတာကတကြောင်း၊ သူများအိမ်မှာ ဖြစ်နေတဲ့အတွက်ကြောင့်တကြောင်း ကောင်းကောင်း အိပ်မပျော်ပါဘူး။ ပိုဆိုးတာက အဲသည်အိမ်မှာရှိတဲ့ အီလက်ထရောနစ် တိုင်ကပ်နာရီက တနာရီပြည့်တိုင်း ဒေါင် ကနဲ ထထ မြည်ပါသေးတယ်။ ဒီတော့ ကျနော့်မှာလည်း တနာရီတခါဆိုသလို အိပ်ယာက နိုး နိုးလာတော့တာပေါ့။ နိုးလို့ ကြည့်လိုက်တိုင်းလည်း ဘေးက ပုဂ္ဂိုလ်ဟာ တရှူးရှူးနဲ့ အိပ်မောကျလျက်ပါ။ ပုဆိုးကလည်း သူ့လည်ပင်းမှာ အကွင်းလိုက် ပတ်နေပြီး သူ့ရဲ့ အောက်ပိုင်းသဘာဝ အလှကို ဖောဖောသီသီ ရက်ရက်ရောရောကြီး ခင်းကျင်းပြသထားပါတယ်။

ကျနော်ဟာ အဲသည်အကြောင်းကို အင်္ဂလိပ်လို မတောက်တခေါက်နဲ့ စီကာပတ်ကုံး ကြိုးစားပြီး ပြောပြပါတယ်။ ကျနော့်စကားဆုံးတော့ ဆရာမ မေးလိုက်တဲ့ မေးခွန်းကြောင့် အားလုံး ရယ်မောမိကြပါတယ်။

ဆရာမက…..

“မင်း တနာရီတခါနိုးတာဟာ တိုင်ကပ်နာရီသံကြောင့်လား၊ ဒါမှမဟုတ် မင်းသူငယ်ချင်း ပုဆိုးလည်ပင်းပတ်နေတာကို ထကြည့်တာလား”…. တဲ့။

(တီတီအယ်လ် သို့ အမှတ်တရ)
Read more

“ဒီမို ခရေဇီ”

“ထိုင်းလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ဒီမို ခရေဇီ (demo crazy) အကြား ခြားနားချက်ကို သိသင့်ပြီ၊ မနေ့က ဖြစ်ပျက်သွားတာဟာ ဒီမိုကရေစီမဟုတ်ဘူး၊ ဒီမို ခရေဇီ”

အထက်ပါစကားကို အာရှက အမည်မဖော်လိုသူ အစိုးရပိုင်းဆိုင်ရာအရာရှိတဦး ပြောကြားခဲ့တာပါ။ အကြောင်းရင်းကတော့ ဒေသတွင်းခေါင်းဆောင်များအစည်းအဝေးကျင်းပမယ့်နေရာအဆောက်အဦးအတွင်းကို အနီရောင်ဝတ် ထိုင်းဆန္ဒပြသူတွေက ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ အဲဒီအနီရောင်ဝတ် ဆန္ဒပြသူတွေဟာ ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ရှီနာဝပ်ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။

အထက်က ပုဂ္ဂိုလ်ပြောခဲ့တဲ့စကားကို ကျနော် အကြွင်းမဲ့ ထောက်ခံပါတယ်။ ကျနော်တို့ဟာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေကို ထောက်ခံတယ်ဆိုတဲ့နေရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသက်သက်ကိုသာ ထောက်ခံခြင်းဖြစ်ပါတယ်။ လူစုလူဝေးနဲ့ ထင်ရာစိုင်းပြီး ဥပဒေကို ကိုယ့်လက်ထဲထည့်ပြီး ရမ်းကားတာမျိုးကို အားမပေးပါဘူး။

အထူးသဖြင့် မနေ့က ထိုင်းပြည်ထဲရေးဝန်ကြီးဌာနထဲအထိ အနီရောင်ဝတ် လူအုပ်ကြီးက ကျူးကျော်ဝင်ရောက်ပြီး ၀န်ကြီးချုပ်ရဲ့ ကားကို ၀ိုင်းဝန်းတိုက်ခိုက်တာမျိုးဟာ အင်မတန် အရုပ်ဆိုးတဲ့ မြင်ကွင်းပါ။

ထိုင်းနိုင်ငံရေးကို ကျနော့်စိတ်ထဲမှာ ပထမဦးဆုံးအကြိမ် ပြက်ပြက်ထင်ထင် စပြီး သတိထား စိတ်ဝင်စားမိတာကတော့ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်(Thaksin) ပထမဦးဆုံး အာဏာရလာစဉ်အချိန်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကျနော်က မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေစဉ်ကာလ။

တပ်ဆင်ဟာ တက်တက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ တက်လာတာနဲ့ မရိုးမသား စလုပ်တော့တာပဲ။ ပထမဦးဆုံး ဥပဒေနဲ့အညီ သူ့ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ထုတ်ဖော်ကြေညာရမယ့်အစား ထိန်ချန်ပြီးကြေညာပါတယ်။ အဲဒီကိစ္စဟိုးလေးတကျော် ဖြစ်ပြီး ဟိုက်ကုတ်(High Court)ကို ရောက်ပါတယ်။ ပြစ်မှုထင်ရှားရင် သူ့အနေနဲ့ ၀န်ကြီးချုပ်ဖြစ်မလာနိုင်တော့ပါဘူး။ အဲသည်မှာ ဟိုက်ကုတ်က တရားသူကြီးတွေကို ငွေနဲ့ပေါက်၊ အရှိန်အ၀ါနဲ့ဖိပြီး အမှုကလွတ်အောင် ကြံဆောင်ပါတယ်။ (မဲတမဲနဲ့ ကပ်နိုင်ပေမယ့် နောက်ပိုင်းမှာ အဲသည်တရားသူကြီးကိုယ်၌က အင်တာဗျူးတခုမှာ တပ်ဆင်ဟာ ပြစ်မှုထင်ရှားတာမှန်ပေမယ့် လူထုဆန္ဒကို သူ့အနေနဲ့ မလွန်ဆန်နိုင်လို့ တပ်ဆင်ကို လွှတ်လိုက်တာပါလို့ ၀န်ခံပြောကြားခဲ့ပါသေးတယ်။) အခုနောက်ပိုင်း သူ့ရဲ့ အကျင့်ပျက်လာဘ်စားတဲ့အမှုတွေမှာလည်း သူ့ရှေ့နေကတဆင့် တရားရုံးကို လာဘ်ထိုးဖို့ကြိုးစားခဲ့တာ အားလုံးအသိပါပဲ။

တပ်ဆင်ဟာ သူတက်လာတာနဲ့ သူ့ရဲ့ အာဏာခိုင်မာအောင် တည်ဆောက်တော့တာပါပဲ။ အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ မီဒီယာကို နှိပ်ကွပ်ဖို့ကြိုးစားတယ်။ သူ့ကိုဝေဖန်တဲ့ မီဒီယာတွေကို ငွေနဲ့ပေါက်ဝယ်ပြီး သက်ဆိုင်ရာ အယ်ဒီတာတွေ သတင်းထောက်တွေကို ချုပ်ကိုင်ဖို့ကြိုးစားတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း လုံးဝ လေးစားလိုက်နာခြင်းမရှိဘူး။ တပ်ဆင်လက်ထက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းတခုမှာ လူအတော်များများကို သတ်ဖြတ်တဲ့အတွက် အဝေဖန်ခံရပါတယ်။ “ကုလသမဂ္ဂဟာ ငါ့အဖေမဟုတ်ဘူး။ ကုလသမဂ္ဂက ထိုင်းတွေကို ထမင်းကျွေးထားတာမဟုတ်ဘူး” စတဲ့ နာမည်ကျော်စကားတွေကို တပ်ဆင်ပဲ ပြောခဲ့တာပါ။

တပ်ဆင်ဟာ သူ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ သူ့အာဏာတည်မြဲရေးအတွက် ဥပဒေကို အမျိုးမျိုးပြင်ဆင်ပြီး အုပ်ချုပ်တဲ့အတွက် နောက်ပိုင်းမှာ မြို့ပေါ်နေ ပညာတတ်လူတန်းစားရဲ့ ဆန့်ကျင် ဆန္ဒပြခြင်းကို ခံရပါတော့တယ်။ နိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ (သူပိုင်ဆိုင်တဲ့) ရှင်ကော်ပိုရေးရှင်းကို စင်္ကာပူက တင်းမားဆက်ကို ရောင်းလိုက်ပြီး တဖက်မှာလည်း အမြတ်တော်ခွန်ရှောင်ဖို့ ကြိုးစားတဲ့အခါ ကြီးမားတဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

နောက်ဆုံးတပ်ဆင် ပြည်ပမှာရောက်နေတုန်း ထိုင်းစစ်တပ်က အာဏာသိမ်းပါတယ်။ အဲဒီလိုအာဏာသိမ်းရာမှာ ဘုရင့်ရဲ့ အကြံပေးတွေရဲ့ စွက်ဖက်မှုပါတယ်လို့ တပ်ဆင်က စွတ်စွဲပါတယ်။ ဘာပဲပြောပြော တပ်ဆင်ကို မကြိုက်တာမှန်ပေမယ့် စစ်အာဏာသိမ်းတာကို ကျနော်က မထောက်ခံပါဘူး။ ဒီမိုကရေစီနည်းအရ ရွေးချယ်ထားတဲ့ အစိုးရတရပ်ကို ဒီမိုကရေစီနည်းအရ ဖြုတ်ချဖို့ကြိုးစားခြင်းသာလျှင် အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းလမ်းပါ။

စစ်အစိုးရအာဏာစွန့်ပြီး တပ်ဆင်ရဲ့ ရုပ်သေးရုပ် ဆာမက် အစိုးရတက်လာပါတယ်။ ဆာမက်ကလည်း တပ်ဆင်ရဲ့အလိုကျ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ ပီအေဒီခေါ် အ၀ါရောင်ဝတ် ဆန္ဒပြသူတွေ ဆန္ဒပြတာနဲ့ ကြုံကြိုက်ရပြန်ပါတယ်။ အ၀ါရောင်ဝတ်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေဟာ မှန်ကန်ပေမယ့်လည်း ပါလီမန်တွေ၊ ရုံးတွေ၊ လေဆိပ်တွေကို ကျူးကျော်စီးနင်းဝင်ရောက်ပြီး ဥပဒေကို ကိုယ့်လက်ထဲထည့်ဖို့ကြိုးစားတဲ့ အ၀ါရောင်ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ မှားယွင်းတယ်လို့ ကျနော်မြင်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ရွေးကောက်ပွဲအတွင်း မရိုးမသားလုပ်မှုတွေအတွက် ဆာမက်ရဲ့ အာဏာရပါတီ ဖျက်သိမ်းရပြန်ပါတယ်။ ဖျက်သိမ်းအပြီးမှာ တပ်ဆင်ရဲ့ ဆွေရိပ်မျိုးရိပ်မကင်းသူတဦး ၀န်ကြီးချုပ်အဖြစ် ခဏတာဝန်ယူရပြီး မကြာခင်မှာပဲ အတိုက်အခံ ဒီမိုကရက်တွေအနေနဲ့ ပါလီမန်အတွင်းမှာ အသာစီးရလာတာမို့ ယခုလက်ရှိ ၀န်ကြီးချုပ် အာဘစ်ဆစ် အာဏာရလာတော့တာပါ။

အာဘစ်ဆစ်ဟာ ဒီမိုကရက်တစ်ပါတီကဖြစ်ပြီး သူ့ရဲ့ အယူအဆနဲ့ သဘောတရားပိုင်းဆိုင်ရာကတော့ ကမ္ဘာတလွှားက ဒီမိုကရက်တွေနဲ့ ထပ်တူနီးပါး တူညီပြီး ကျနော့်အနေနဲ့လည်း လက်ခံနိုင်ဖွယ် ၀န်ကြီးချုပ်တယောက်ဖြစ်ပါတယ်။ သူတက်လာပြီး နိုင်ငံရေးအရ မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက မငြိမ်မသက်မှုတွေ လျော့ကျသွားပေမယ့် ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ကို ထောက်ခံဆန္ဒပြသူတွေ တစခန်းထလာတာမို့ နိုင်ငံရေးအခြေအနေဟာ ယခုအချိန်မှာ ပြန်လည်ပြီး မတည်မငြိမ်ဖြစ်နေပါတယ်။ သူတက်မလာခင် လေဆိပ်ကို စီးနင်းဆန္ဒပြခဲ့တဲ့ ပီအေဒီခေါင်းဆောင်ပိုင်းကို သူအာဏာရလာပြီးနောက်ပိုင်းမှာ တရားဥပဒေကြောင်းအရ အရေးယူသင့်ခဲ့တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ အရေးမယူခဲ့တာဟာ အနီဝတ်တွေဖက်က ထောက်ပြစရာ ကိစ္စကြီးတခုဖြစ်လာပါတယ်။ အခု အကျိုးဆက်အနေနဲ့ အနီဝတ်တွေရောင့်တက်လာပြီး တချိန်က အ၀ါဝတ်တွေ လုပ်ခဲ့သလို ဥပဒေကို မိမိလက်ထဲ ထည့်တာတွေကို ကြုံတွေ့လာရတာဖြစ်ပါတယ်။ ပွဲလန့်တုန်း ကော်ဇော်ခင်းဖို့ကြံနေတဲ့ ဦးဦးတပ်ဆင်ကလည်း ပြည်ပကနေ မီးမှုတ်ပေးနေတာကို တွေ့ရပါတယ်။

အခုလောလောဆယ်တော့ အရေးပေါ်အခြေအနေထုတ်ပြန်ပြီး ငြိမ်သက်မှုရအောင် ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံသားတွေကိုယ်၌က ဒီမိုကရေစီကို မြတ်နိုးပြီး ဥပဒေကြောင်းလမ်းအရ နည်းမှန်လမ်းမှန် ဆန္ဒပြကြမှသာလျှင် ထိုင်းနိုင်ငံရဲ့ အနာဂတ်ဟာ အေးချမ်းမှုရှိမှာဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေကို ဖီဆန်တာနဲ့ ဥပဒေကို ကိုယ့်လက်ထဲကို ထည့်ပြီး ထင်သလိုပြုမူရမ်းကားတာဟာ မတူညီတဲ့ လုပ်ရပ်နှစ်ခုဆိုတာ သိမြင်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီမဟုတ်ဘဲ ဒီမို ခရေဇီစနစ် ဖြစ်မြဲဖြစ်နေဦးမှာ ဖြစ်ပါကြောင်း……။
Read more

“လောကနတ်တော့ လောကနတ်”



အမှားနဲ့အမှန်
ရွေးဖို့ဖန်ရင်
အမှန်ဖက်မှာ
ရပ်မယ့်အစား
ကြားနေလိုက်မတဲ့။

ဓမ္မနဲ့ အဓမ္မ
ရွေးကြဖို့ဆို
ဓမ္မကိုရှု
လက်ကိုင်ပြုမယ့်အစား
ကြားနေဦးမတဲ့။

တရားမှုနဲ့ မတရားမှု
မျက်မှောက်ပြုလျှင်
တရားမှုကို
တောင်းဆိုမယ့်အစား
ကြားနေတတ်သတဲ့။

သြော်…လောကနတ်အတုတွေနဲ့
အမှုပွေနေတဲ့ ဒီကမ္ဘာမှာ
လူဖြစ်လာရ
ငါ့ဘ၀နှယ်
သေတာပဲ ကောင်းပါတယ်တော်*….။


* “သေတာပဲ ကောင်းပါတယ်တော်” ဆိုသောစကားမှာ တီပီသင်္ကြန် ဟာသတခုမှ ယူထားခြင်းဖြစ်ပါသည်။
Read more

“ဇွန်း၊ ရေခွက်နှင့် ၀ါးဖတ်တော်”



လက်ဖက်သားမှာ
ဆိုးဆေးပါဟု
တို့ရွာအလုံး
အုံးအုံးကျွက်ကျွက်
ယောက်ယက်ခတ်ကြ….။

ဥပါဒ်ရန်ဘေး
ထောက်ဆတွေးကာ
ကြောက်သေးဖြန်းဖြန်း
မိုးသို့ပန်းကြ……..။

ဇယန်းလက်ဖက်
နှမြောမက်လည်း
မသက်မသာ
လွှင့်ပစ်ရှာပြီး
ကျန်းမာအသိ
အရေးပေါ်ရှိကြ…..။

သို့သော်မပျက်
လက်ဖက်ဝိုင်းဝယ်
ဇွန်းငယ်တချောင်း
ပါးစပ်ပေါင်းစုံ
ခေါင်းအုံမတတ်
လှည့်ပတ်ထည့်ရင်း
အာခံတွင်းက
သွားရည်စကို
ဝေမျှခံစား
ရောဂါပွားလျက်…..။

ဆယ်ပါးအကျိုး
လင့်မျှော်ကိုးသည့်
ရေအိုးစင်ထက်
ရေခွက်ငယ်လည်း
သယ်ယူရောဂါ
အရေးပါလျက်။

အခါလည်သား
ကလေးများလည်း
ဝါးပြီးခွံ့လှာ
မိမာတာမှ
ရောဂါမျိုးစုံ
အမွေပုံလျက်။

စုံလီနဖာ
ရောဂါမျိုးစုံ
ကူးစက်ကုန်လည်း
မဖြုံဓလေ့
မွေ့လျက်သာပင်
မျက်မမြင်သည်
ဝိညာဉ်တစ္ဆေ
မကြောက်ချေသို့
နေမြဲစားမြဲ
သောက်မြဲသာတည့်

မီးမရှိသည့် တို့ရွာတွင်။
Read more

“သြော်…”

တနှစ်လုံး မိုက်မှားခဲ့သမျှ
သီတင်းကျွတ်ကျမှ
ဝန်ချမာန်လျော့
ကျေပါတော့….တဲ့။

တနှစ်လုံး ညစ်ထေးခဲ့သမျှ
တန်ခူးလကျမှ
ရေထလောင်းတော့
စင်ပေရော့…တဲ့။

တသက်လုံး သတ်ဖြတ်ခဲ့သမျှ
သေခါနီးကျမှ
ဘုရားတတော့
နတ်ပြည်ပေါ့…တဲ့။
Read more

“အုံးလွဲခြင်းအနုပညာ”



ညဖက်အိပ်တာ နေရာမကျတော့
အိပ်ယာအထ ဇက်ကနာ။

ညာဖက်က မြင်ကွင်းအပေါင်းကိုပဲ
ပေစောင်းစောင်းနဲ့ ကြည့်နေရတယ်။

ဘယ်ဖက်ကို မျက်နှာမူဖို့အရေးဆိုရင်
လူတကိုယ်လုံးကို လှည့်ပေးရသေးတယ်။

ဒီလိုအချိန်မှာ

လာမဖြားယောင်းနဲ့
ခေါင်းညိတ်ခေါင်းခါ
မစွမ်းသာဘူး။

ကိုယ်ချင်းမစာတတ်သူတွေများ
လက်ဖ၀ါးနှစ်ဖက်နဲ့ ခေါင်းကိုညှပ်ကိုင်ပြီး
ဖြောင်းကနဲ တည့်မတ်ပေးနိုင်ဖို့ ကြိုးစားချင်သေးတယ်။

အသည်း ခိုက်အောင်နာတယ်။
ဘယ်ဖက်က မြင်ကွင်းတွေကို ငေးကြည့်ဖို့ဆိုတာ
ဒီလောက်ထိလည်း အရေးမကြီးပါဘူးလေ။

တခြမ်းထဲစွဲပြီး ကြည့်ရတဲ့အရသာ
ဘာနဲ့မှ မလဲနိုင်သလိုလို
(ရပ်ကြီးသူတို့) ဟန်မူပိုမို ပြရသေးတယ်။

အုံးလွဲတာက အခုမှ။
တလောကလုံးကို
အုံးလွဲသလို တဖက်သတ်
ပေကပ်ကပ် ကြည့်နေခဲ့တာ
ငါတယောက်တည်းမှတ်လို့.....။

Read more

“တခါတုန်းက တို့ကမ္ဘာမှာ”

ချဟေ့ချ….
နှမပေး…လူ့ဂွစာ
ကမ္ဘာကြီး လုံးသတဲ့
ဘာတုန်းဟ ကြံကြီးစည်ရာ
တရွာလုံးနဲ့တယောက်
အာပေါက်အောင်ငြင်းနေမှတော့
နဘန်ကျင်းပြီးသာ ရွာပြင်ထုတ်
သုဿန်တစပြင်မှာ
ကားစင်တင် အသေသတ်…..
မှတ်ရော့လကွာ….
ဘာတတ်နိုင်သေးတုန်း
တရွာလုံးကိုများ
ငတုံးတွေ ထင်နေရော့သလားမသိ။

(ဂါလီလီယိုနှင့် ကော့ပါးနီးကပ်စ်ကို အောက်မေ့သတိရလျက်….)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs