“ပညာဝယ်နှင့် ဗော်လံတီယာများ အကြောင်း”

Share |
ကျနော်တို့မြန်မာများ၏ ကခုန်ပွဲ၊ တီးမှုတ်ပွဲ၊ သီဆိုပွဲများတွင် ကျနော့်အနေဖြင့် နည်းနည်းလေးမှ နှစ်ခြိုက်၍ မရသော ဓလေ့ထုံးစံတခုရှိသည်။ အခြားမဟုတ်။ မကပြရသေးမီ (သို့မဟုတ်) တီးမှုတ်သီဆိုခြင်းမပြုရသေးမီမှာပင်…. “ကျနော်များ ပညာသည်လည်း မဟုတ်ရပါဘူး။ ပညာဝယ်ကလေးတွေပါ။ အမှားပါရင် ခွင့်လွှတ်ပါ” ဟု ကြိုတင်တောင်းပန်တတ်ခြင်း ဖြစ်လေသည်။

ယင်းတို့ ပညာသည် မဟုတ်သည့်ကိစ္စကို အထွေအထူး ထုတ်ပြောနေစရာမလိုပါ။ မျက်နှာကြီးတွေ မြင်လိုက်တာနှင့် ဆူပါစတားများ မဟုတ်သည်ကို ပရိသတ်က သိပြီးသားဖြစ်သည်။ သက်ဆိုင်ရာ ကပြဖျော်ဖြေပွဲ မတိုင်မီက အချိန်ယူကာ စွမ်းစွမ်းတမံ ကြိုးစားအားထုတ် လေ့ကျင့်ခဲ့လျှင် ကပြသည့်နေရာမှာ၌ အမှားအယွင်း အနည်းငယ် ပါသွားစေဦး၊ ပရိတ်သတ်က ၄င်းတို့ကြိုးစားအားထုတ်မှုကိုတော့ အထင်းသား မြင်တွေ့နိုင်သေးသည်ဖြစ်ရာ ခွင့်လွှတ်သော မျက်စိနှင့် ကြည့်ကြမည်သာ ဖြစ်သည်။

သို့ပါလျက် မိမိကိုယ်ကိုယ် နှိမ့်ချခြင်း ဖြစ်သလိုလို၊ ယုံကြည်ချက် (Self-confidence) ပျောက်ဆုံးနေသလိုလို၊ ပရိသတ်၏ ဂရုဏာမဲ (Sympathy vote) ကို ရအောင်ပဲ မြှူဆွယ်ချင်သလိုလို အဓိပ္ပါယ်ပေါင်းများစွာထွက်သော ထိုစကားကို မရိုးနိုင်အောင် ပြောနေကြခြင်းအပေါ် နားမလည်နိုင်အောင် ရှိတော့သည်။ ပိုဆိုးသည်မှာ အဆိုပါပွဲအတွက် လက်မှတ်ကို ပိုက်ဆံပေးကာ ဝယ်ယူခဲ့ရခြင်း ဖြစ်ပါက “အဲဒါဆိုလည်း ငါ့ပိုက်ဆံသာ ပြန်ပေးပါတော့”ဟု ထတောင်းချင်လောက်အောင် စိတ်ပျက်ဖွယ်ကောင်းလှပေသည်။ “American Idol”, “Britain got talent” စသည့် ပွဲများတွင် ထိုသို့ မကမီ၊ မဆိုမီ “ပညာဝယ်ကလေးမို့ ခွင့်လွှတ်ပါ”ဟု ကြိုတင်တောင်းပန်သည့် ဖြစ်ရပ်မှာ မရှိသလောက် ရှားလှပေသည်။

အချို့သော သူများမှာ အပျော်တမ်းအဆင့်၊ ဝါသနာရှင်အဆင့်ပင်ဖြစ်သော်လည်း ယင်းတို့၏ ကြိုးစားအားထုတ်မှုကြောင့် ဝါရင့်၊သမ္ဘာရင့်ပညာရှင်ကြီးများသဖွယ် ကြည့်ကောင်းသည့် ပွဲများလည်း ရှိခဲ့ပါ၏။ ပြီးခဲ့သော နှစ်ပိုင်းများထဲက ထိုသို့သော ကြိုးစားအားထုတ်မှု၊ တင်ဆက်မှု အဖက်ဖက်က ကောင်းသော ပွဲများကို ညွှန်ပြပါဆိုလျှင် ပိုလီကျောင်းသားကလေးများ၏ TP Myanmar သင်္ကြန်ပွဲများကို ညွှန်းရမည်ထင်သည်။ အငြိမ့်ခန်း၊ ရွှေမန်းတင်မောင် ရွဲကုန်သည်ဇာတ်၊ ကရင်ကြိုးကျစ်အက၊ စံတော်ချိန်အက စသည်တို့မှာ ရင်ထဲကို စွဲငြိလျက် ကျန်ခဲ့ပေသည်။

ထို့သို့ မကမီ၊မဆိုမီ တောင်းပန်သည့်လုပ်ရပ်မျိုးကို ဝါသနာရှင်အဆင့်က လုပ်သည်ကို ထားဦးတော့။ ပညာသည်ကလည်း ပညာသည်တန်မဲ့ ယင်းစကားမျိုးကို ပြောထွက်တတ်ကြသေးသည်။ ကျွန်ုပ်နှစ်သက်သော အမျိုးသမီး အဆိုတော်တယောက်က “သီချင်းတိုက်ဖို့ အချိန်မရလိုက်လို့ စာသားတွေ သိပ်မမှတ်မိဘူး။ အမှားပါရင် ခွင့်လွှတ်ပါ” ဆိုတာမျိုး စင်မြင့်ပေါ်က ပြောသည်ကို ကြားရဖူးသေးသည်။ ပညာရှင်မဆန်ဟုသာ ဆိုချင်ပါတော့သည်။ ဤသည်ကိုပင် မြန်မာ့ယဉ်ကျေးမှုထုံးစံဟု အယောင်ယောင် အဝါးဝါး လာပြောပါက ထိုအကျင့်ကို ပြင်သင့်ပြီဟု သဘောရပါသည်။

ထိုသို့ ဝါသနာရှင်ဆိုတိုင်း၊ အပျော်တမ်းဆိုတိုင်း၊ ပညာဝယ်ဆိုတိုင်း အမှားအယွင်းကို အမြဲတစေ ခွင့်လွှတ်စိတ်နှင့်သာ ကြည့်ရှုအားပေးနေရလျှင် ဒင်းတို့တတွေ တော်အိလျော်အိတော်ရိလျော်ရိ လုပ်နေကြသည်ကို အားပေးအားမြှောက်ပြုရာ ရောက်မနေချေပြီလော။ တောင်းပန်သူများအနေဖြင့်လည်း ကိစ္စတရပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုစိတ်၊ ပြင်ဆင်လိုစိတ် မရှိရာရောက်မနေချေပြီလော။

ဖြစ်သင့်သည်မှာ ပရိတ်သတ်ကို ကြိုတင် မတောင်းပန်ပါနှင့်။ ပရိသတ်က ဖျော်ဖြေမှု ကောင်းမကောင်းကို သူ့ဘာသူ ကြည့်ပြီး အကဲဖြတ်ပါလိမ့်မည်။ ကောင်းလျှင် ချီးမွမ်းလက်ခုပ်သံတွေကို ခံယူလိုက်ပါ။ မကောင်းလျှင်လည်း ဆဲသံ၊ ဝေဖန်သံကို သတ္တိရှိရှိ နာခံလိုက်ပါ။ သည်တကြိမ် မကောင်းသေးလျှင် နောက်တကြိမ် ပိုကောင်းရန် ပိုမိုကြိုးစား အားထုတ်ရန်သာရှိသည်။ မည်သည့်အတွက်မှ ပရိသတ်ကို ကြိုတင်တောင်းပန်နေစရာမလို။ အဲသည်လို မကောင်းတရောင်းတွေကို အမြဲတစေ သည်းခံကြည့်နေရလျှင် ကြာလျှင် အနုပညာအရည်အသွေး ကျဆင်းသွားတာသာ အဖတ်တင်လိမ့်မည်။

ဤကား ဝါသနာရှင်များ၊ အပျော်ထမ်းများ၊ ပညာဝယ်များနှင့်အကြား အမြစ်တွယ်နေသော အကျင့်ဆိုးကြီးနှင့် ပတ်သက်၍ ပြောခြင်းဖြစ်သည်။ အခြား လူတန်းစား တမျိုးရှိသေးသည်။ ယင်းကား ဗော်လံတီယာ (Volunteer ) ခေါ် မိမိသဘောဆန္ဒနှင့် မိမိ ပါဝင်လုပ်ကိုင်သူများ ဖြစ်ကြသည်။ ဗော်လံတီယာအချို့မှာ စိတ်ထား မတတ်ကြ။ ယင်းတို့ လုပ်ပုံကိုင်ပုံ နေရာမကျ၍ တစုံတယောက်က ဝေဖန်သည်ဆိုလျှင်…. “ဟေ့၊ ငါတို့က လခစားတွေ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကို အလကားကျောင်းပေးနေရတာ။ လာမပြောနဲ့” ဆိုသည့် အချိုးမျိုးကို ချိုးတတ်ကြလေသည်။

ဗော်လံတီယာလုပ်သည့်အတွက် လခ မရသည်မှာ မှန်ပါ၏။ သို့သော် မည်သူမဆို မိမိတာဝန်ယူထားသော အလုပ်ကို အကောင်းဆုံးဖြစ်စေရန်တော့ စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်သင့်ပေသည်။ ဗော်လံတီယာမှန်လျှင် တော်အိလျော်အိတော်ရိလျော်ရိ လုပ်ရမည်ဟု ဘယ်သူပြောသနည်း။ မိမိအစွမ်းအစနှင့် ပင်ကိုယ်အရည်အချင်းအလျောက် အကောင်းဆုံးဖြစ်လာချင်မှ ဖြစ်လာမည်ဆိုသည့်အချက်ကို နားလည်ပေးနိုင်သော်လည်း ဗော်လံတီယာမို့ စည်းမရှိကမ်းမရှိလုပ်ခြင်း၊ တဝက်တပျက်သာလုပ်ခြင်း၊ စိတ်မပါလက်မပါ လုပ်ခြင်းတို့မှာကား ဖြစ်သင့်သည့် ကိစ္စမဟုတ်။

ထို့အတူ ဗော်လံတီယာမို့ အဝေဖန်မခံနိုင်ဆိုသည့် အယူအဆသည်လည်း လုံးဝ မှားယွင်းနေသည်။ ဗော်လံတီယာလည်း လုပ်ပုံကိုင်ပုံ အချိုးမပြေပါက သူများနည်းတူ ဝေဖန်ခံရမည်သာဖြစ်သည်။ ဝေဖန်ခံရသည်နှင့် “တော်ပြီ။ အလကားလည်း လုပ်ပေးရသေးတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး သူများအပြောတော့ မခံနိုင်ပေါင်” ဟု ဆိုကာ လုပ်လက်စ အလုပ်ကို ပစ်ချကာ ထွက်သွားလျှင် ထိုသူသည် ဗော်လံတီယာအလုပ်ကို အမှန်တကယ် စေတနာရှိ၍ ဝင်လုပ်သည်ထက် နာမည်ကောင်းယူချင်ရုံသက်သက် ဝင်လုပ်သူမျိုးသာ ဖြစ်ပေလိမ့်မည်။

ဗော်လံတီယာဖြစ်စေ၊ အပျော်ထမ်းဖြစ်စေ၊ ဝါသနာရှင်ဖြစ်စေ အများနှင့်သက်ဆိုင်သော အလုပ်တခုကို လုပ်ပြီဆိုလျှင် ကောင်းတာ၊မကောင်းတာ နောက်ထားလို့၊ ပညာသည်များ၊ လခစားဝန်ထမ်းများနည်းတူ လုံလောက်သော ကြိုးစားမှုကိုတော့ စိုက်ထုတ်သင့်ကြပေသည်။

15 comments:

Anonymous said...

တချို့ဗော်လံတီရာလုပ်တဲ့လူတွေကြတော့လဲ ဝေဖန်တဲ့လူတွေကို လာမပြောနဲ့ မကျေနပ်ရင်ကိုတိုင်လာလုပ်ဆိုပြီးပြောတာလဲရှိသဗျ

Anonymous said...

Thank you very much on your compliment to TP students Thingyan :)

Ex TP student

ဟန်လင်းထွန်း said...

သူများကို ဝေဖန်မယ်ဆိုရင်လည်း ဝေဖန်တက်ဖို့ လိုသေးတယ်မဟုတ်လား။ ကောင်းရာ ကောင်းကြောင်း တိုးတက်ရာတိုးတက်ကြောင်း ဝေဖန်ထောက်ပြမယ်ဆိုရင် လက်ခံနိုင်ကြမယ်ထင်ပါတယ်။ ဒီလိုမဟုတ်ဘူး တချို့က ဝေဖန်တယ်ဆိုပြီး သူများရဲ့ မကောင်းတဲ့ အားနည်းချက်တွေ၊ မကောင်းတာတွေ ပဲ ထိုင်ပြောနေတာဆိုရင် ဆဲတာနဲ့တူတာပဲ။ အဲ့ဒီတော့ ဝေဖန်တက်ဖို့တော့ လိုလိမ့်မယ်။

Anonymous said...

ဟုတ်တယ်ကိုပေါရေ။ မာသာထရီဇာ ဆိုရင် သူ့ကိုလာကူတဲ့ ဗော်လန်တီယာတွေ လုပ်ပုံလုပ်နည်း မမှန်ရင် ပြန်ခိုင်းတာပဲတဲ့။ တချို့သော ဗော်လန်တီယာတွေက စီဗီ ထဲမှာရေးကောင်းရုံအတွက် ဗော်လန်တီယာဝင်လုပ်တာဆိုပဲ။ အဓိက ကတော့စိတ်ဓါတ်ပါပဲ။ စကားမစပ် အခုနောက်ပိုင်း ကိုပေါရဲ့ပို့စ်တွေက ပိုပြီးကောင်းလာတယ်။ ပထမပိုင်းနဲ့ အခုနောက်ပိုင်း ပို့စ်တွေ ကိုကြိုက်တယ်။ အလယ်ပိုင်း လောက်က နည်းနည်း ရန်စ သလို ရန်လိုနေသလိုခံစားရတယ်။ ကျွန်မ တစ်ခါမှ ကိုပေါကို ကွန်မန့်မပေးဘူးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းစာတွေက တော်တော်လေးကို ဖတ်ရတာသဘောကျစရာကောင်းလာတယ်။ ပထမပိုင်းက ပေါ့ပေါ့ပါးပါးလေးတွေကလည်း ကောင်းတာပါပဲ။
jeujue

Anonymous said...

ပို့စ်ကို ဥပမာလေးတွေနဲ့ စထားပုံလေးတွေက ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းတယ်။ ပို့စ်တွေများများရေးနိုင်ပါစေ။
jeujue

စိမ်း... said...

စေတနာ့ဝန်ထမ်းဆိုတဲ့ မြန်မာလို အဓိပ္ပါယ်ကို မေ့နေလို့ ဖြစ်ပါလိမ့်မယ်... :)

Anonymous said...

ဤပိုစ့်လေး အလွန်ကောင်း၏။ မြန်မာတွေယုံကြည်ချက်နည်းပီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားခဲ့တာ ကြာပါပေါ့လား။ Confidence တွေနည်းနေတာ ကိုယ်ကိုယ်တိုင်ပါပဲ။ အရာရာတိုင်းမှာပေါ့။ ဘယ်လိုပြုပြင်ရပါ့။ ကျနော်ကို အကြံညဏ်လေးများ ပေးကြပါအုံး။

Thargyi(Gyobingauk) said...

ကိုပေါ..

ဒီကိစ္စကတော့အမှန်ပဲဗျို့..တခါတခါကျွန်တော်ကိုယ်တိုင် စည်းကမ်းမဲ့မိတယ်ဗျ.. ဥပမာ-ကျွန်တော်လမ်းပြကြယ်မှာထိုင်တော့ အချိန်မှီမဖွင့်နိုင်တာတို့ စာအုပ်တွေကိုစနစ်တကျပြန်မထားနိုင်တာတို့ရှိလာရင် ငါလဲတတ်နိုင်သလောက်လုပ်တာပဲဆိုပီး စိတ်ဖြေတတ် တယ်.. မကောင်းမှန်းသိပါတယ်.. ပြင်ဖို့တော့ ကြိုးစားတုန်းပဲဗျို့ :D.. ကိုယ့်အဖြစ်ကိုသတိထားမိလို့ ဒီပို့စ်အတွက်ကျေးဇူးပါ..

-ရွှေအောင်

ShwunMi- said...

တော်၏လျော်၏ = တော်ရုံသင့်ရုံ
ကိုပေါ တော်အိလျော်အိ လို့ ရေးတာ မှားနေတယ် ထင်လို့ပါ..
peace!

khin oo may said...

လမ်းပြကြယ်က စာအုပ်ပြန်မအပ်ရသေးဘူး။

khin oo may said...

ဟုတ်တယ် ။ တို့လဲ မပြောချင်ဘူး အသစ်ကလေးပါ ခွင်လွတ်ကြပါ။ အဲသလိုမပြောချင်. နိုင်သလောက်လုပ်မယ်။ မှားလဲမှားတဲ့အလျောက်ပေါ့။

ကိုပေါ said...

ရွှန်းမီ.... ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် အခု စာလုံးပေါင်းသတ်ပုံကျမ်းမှာ ပြန်ကြည့်တော့....
တော်ရိလျော်ရိ လို့ ရေးထားတာကို တွေ့ရပါတယ်။ ပြင်လိုက်ပါမယ်။

ဖြူတုတ်လေး said...
This comment has been removed by the author.
ဖြူတုတ်လေး said...

ကိုကြီးပေါ ခုနောက်ပိုင်းရေးတာလေးတွေ Reasonable ဖြစ်တယ်ဆိုပြီး သဘောကျနေတာ ဒီတစ်ခုမှာတော့ ဖြူတုတ်နဲ့ သဘောနဲနဲလွဲနေတယ်။
Volunteer အကြောင်းကနေစရရင် ... များသောအားဖြင့် စိတ်အားထက်သန်၍ ကိုယ့်မှာအချိန်ပို၍ လုပ်ကျတာများပါတယ်။ (ကိုကြီးပေါ ပြောသလို လူစားအနည်းငယ်တော့ ရှိကြပါတယ်။) အပြုသဘောနဲ့ ကောင်းအောင် လာပြုပြင်ပေးတယ်ဆိုရင် လေသံကိုနားထောင်လိုက်ရုံနဲ့ အရမ်းသိသာပါတယ်။ ဘယ်စဉ်းစားဉာဏ် ရှိသူကမှ ဘုတောလွှတ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဆီလိုအပေါက်ရှာပြီး လာဆရာလုပ်တဲ့ လေသံဆိုရင်တော့ ပုထုစဉ်လူသားတစ်ယောက် အနေနဲ့ တခုခုတော့ ပြန်ပြောမိမှာပါပဲ။ ယဉ်ကျေးချင်လို့ ပြောတိုင်:ငြိမ်နေရင်လည်း 'အ'တယ်လို့ ထင်ချင်ကြသေးတယ်။
ရှေ့ဆက်ရရင်...American Idol နေရာမှာတော့ ကိုကြီးပေါ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားသလားလို့။ ရံပုံငွေအတွက် ဖျော်ဖြေသူနဲ့ American Idol & Britain Got Talent ကိုနှိုင်းယှဉ်ပြရာမှာ Apple to Orange ဖြစ်နေပါတယ်။ ပြိုင်ပွဲတစ်ခုမှာ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်နေတဲ့အတွက် ဘယ်contestant ကမှတော့ ကိုယ်ဘယ်လိုအားနည်းနိုင်ကြောင်း ထုတ်ဖော်လေ့ရှိတယ် မထင်ပါဘူး။ ကိုကြီးပေါ 'ဆိုကြမယ်ပျော်ကြမယ်' တို့၊ 'အခုနောက်ပိုင်းမင်းချစ်သူတို့Judgeလုပ်တဲ့အဆိုပြိုင်ပွဲ' တို့ ကြည့်မိလားမသိဘူး။ ဖြူတုတ် သိသလောက်တော့ ဘယ်ပြိုင်ပွဲဝင်မှ ပွဲမစခင် မတောင်းပန်ပါဘူး။ (ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှူ မှာပဲဖြစ်ဖြစ်ပါ) ဒါက ပြိုင်ပွဲ to ပြိုင်ပွဲ နှိုင်းယှဉ်ပြတာ။ အဲဒါမှလည်း တရားမျှတရာ ကျတော့မှာပေါ့။ ရံပုံငွေပွဲတွေမှာ ကြိုပြီးတောင်းပန်ခြင်းကတော့ သူတို့မကျွမ်းကျင်ရာမှာဝင်လုပ်ကြတော့ တတ်သိနားလည်ပြီးသား ပညာရှင်ကြီးတွေကို စော်ကားသလိုမဖြစ်ချင်လို့ လို့ပဲထင်ပါတယ်။ အဲဒီယဉ်ကျေးမှူကို ပျောက်စေချင်တဲ့ ကိုကြီးပေါရဲ့ Wishကိုတော့ ဖြူတုတ်မကန့်ကွက်လိုပါဘူး။

Anonymous said...

Ko Paw..... the Burmese amateur normally says such things before the show which cannot be translated always as a person with no self confidence who begs for the sympathy vote from the audience. Isn't it possible that he/she is just humble when it comes to performing on stage at fund raising show or charity.I do not think that it's a bad habit. Of course it's up to the individual who would think whatever one wants.
For the professionals, no excuse if they did not rehearse well with the band in advance. I can only understand that they have to sing the songs, which are not included in their programs upon the request of the fans. That happens quite often in Burma provided the ban has notes. Well.....they have to accomodate the fans as much as they can within the limited time if they want to maintain their popularity.
I am only talking about the Burmese professional vocalists.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs