“မြန်မာပြည်ကို ချစ်သူများ”

Share |
“သူတို့ကတောင် ငွေပို့ပြီး ထောက်ကူသေးတာကွာ၊ ငါတို့က ဘာလို့ လူမစိုက်နိုင်ရမှာလဲ”…. တဲ့။

ကျနော်အင်မတန် ချစ်ခင်လေးစားတဲ့ လူတယောက်ပြောတာပါ။ သူ့စကားကို ကြားတော့ ကျနော့် ရင်ထဲမှာ မချိဘူး။ သြော်…. သူ့မှာ ဘ၀တခုလုံးတောင် စိုက်ပြီး ပေးဆပ်ထားရတာ။ ကျနော်တို့ ထောက်ကူတယ်ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။

“ငါတို့ ဗမာပြည်မယ်…. မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်” တဲ့။

မြန်မာပြည်တွင်းမှာ ယနေ့ စစ်အစိုးရကို ရဲရဲဝံ့ဝံ့ အံတုရင်ဆိုင်နေကြသူတွေဟာ ဗိုလ်အောင်ဆန်းလိုပဲ သတ္တိထွန်းပြောင်တဲ့ သူရဲကောင်းတွေပါ။ တချို့ဆို ထောင်အကြိမ်ကြိမ် မတရားချခံရပေမယ့် စိတ်ဓါတ် ယိုယွင်းမသွားဘူး။ ပျက်စီးမသွားဘူး။ ယိမ်းယိုင်မသွားဘူး။ ပိုလို့တောင် ပြတ်သားလို့လာသေးတယ်။

အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာ အများကြီးရှိနေတယ်။ တချို့ဆိုရင် အပြင်မှာ လူမမယ်ရင်သွေးတွေနဲ့ မိသားစုတွေ ကျန်ရစ်ခဲ့တယ်။ ဒီသူရဲကောင်းတွေရဲ့ ရင်သွေးလေးတွေဟာ သူတို့မိဘရဲ့ သတ္တိသွေးနဲ့ ဖြောင့်မတ်တဲ့ စိတ်နှလုံးကောင်းတွေ သူတို့သဏ္ဍာန်မှာ အမွေဆက်ခံပြီး ပါလာမှာမုချ။ သူတို့လေးတွေ ကြီးပြင်းလာတဲ့ တချိန်ကျရင် တိုင်းပြည်အတွက် တကယ်ပဲ အားကိုးရတဲ့ ခေါင်းဆောင်ကောင်းတွေ၊ အမွန်အမြတ် တန်ဘိုးထားရမယ့် ရတနာလေးတွေ ဖြစ်လာမှာသေချာတယ်။

ခုအချိန်မှာတော့ မိခင်ဖခင်နဲ့ ခွဲခွာပြီး နေကြရရှာတဲ့ ဒီလူမမယ်ကလေးတွေကို လူလောကအလယ်မှာ မချို့မငဲ့ ကြီးပြင်းနိုင်အောင် ကျနော်တို့က ကူညီစောင့်ရှောက်ကြဖို့လိုတယ်။ ဒီအကြောင်းကို ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရေးသားတဲ့ “Letters from Burma” ဆိုတဲ့ စာအုပ်ထဲမှာလည်း ရေးထားတယ်။ (နောက်ပို့စ်တခုမှာမှ ကျနော် သီးသန့် ဘာသာပြန်ပေးပါဦးမယ်။)

ကျနော်တို့ ပြည်တွင်းကို ငွေပို့တဲ့အခါ တပိုင်းက နိုင်ငံရေးအကျဉ်းသားတွေမိသားစုတွေကို ထောက်ကူဖို့ရယ်၊ နောက်တပိုင်းက လက်ရှိ တော်လှန်ရေးလုပ်ငန်းတွေမှာ သုံးဖို့ရယ် ဆိုပြီး နှစ်ပိုင်းခွဲပြီး ရည်ရွယ် ပေးပို့ပါတယ်။

အခုတလော ပြည်ပကနေ ထောက်ကူတဲ့ အလှူရှင်ဦးရေ တိုးတက်များပြားလာတာကို တွေ့ရလို့ အင်မတန် ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာရပါတယ်။ တချို့ဆိုရင် လစဉ်ပုံမှန် ငွေသတ်သတ်မှတ်မှတ် ထည့်ဝင်လှူဒါန်းကြတယ်။ နောက် ကိုယ်တိုင်လှူရုံမက သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ တဆင့်ပြန်လည် ကောက်ခံပေးတာမျိုးလည်း ရှိတယ်။ လှူဒါန်းသူတွေအနေနဲ့ ဒီငွေတွေဟာ သူတို့ သားသမီးလေးတွေအတွက် ဖိနပ်အသစ်လှလှလေးတရံဖြစ်ကောင်းဖြစ်မယ်၊ အင်္ကျီဝတ်စုံလှလှလေး တစုံဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် မိမိ တလစာ ရုပ်ရှင်ကြည့်မယ့်ငွေလည်း ဖြစ်နိုင်သေးတယ်၊ ဒါမှမဟုတ် အပန်းဖြေ ခရီးထွက်လို့ရတဲ့ငွေပမာဏလည်း ဖြစ်နိုင်သေးတယ်။

ဒီလို ကိုယ်ကျိုးအတွက် သုံးစွဲနိုင်တဲ့ ငွေထဲကနေ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်ကတော့ ခြိုးခြံချွေတာပြီး လှူဒါန်းကြတာကို တွေ့ရတဲ့အခါ ကျနော့်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ စိတ်စေတနာနဲ့ သံယောဇဉ်ကို နားလည်မိလို့ပါ။ သူတို့တွေဟာ တိုင်းပြည်ကို ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး မျက်နှာလွှဲခဲပစ် လုပ်မသွားရက်တဲ့လူတွေ။ သူတို့အများစု အဲသည်လို လှူဒါန်းပါတယ်ဆိုတာကို ကျနော်တို့က စာရင်းအင်းရှိပေမယ့် အခုအချိန်မှာ အလှူရှင်နာမည်တွေကို အတိအလင်းထုတ်ဖော်ကြေငြာလို့ ရသေးတာမဟုတ်ဘဲ လျို့ဝှက်ထားရတဲ့အချိန်မှာ ဘာကိုမှ မငဲ့ကွက်ဘဲ လှူဒါန်းတာမို့ ပိုလို့တောင် စင်ကြယ်ပါသေးတယ်။ သည်လိုအလှူရှင်ဦးရေ များပြားလာလေလေ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုမိုလင်းလက်လာလေလေပါပဲ။ သူတို့ရဲ့ စင်ကြယ်တဲ့ အလှူအတွက်ရော၊ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာကောင်းအတွက်ရော ကျနော်သာဓုခေါ်ပါတယ်။

အဲဒီလို အင်တိုက်အားတိုက် လှူဒါန်းနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ဒီပို့စ်နဲ့ ချီးကျူးဂါရ၀ ပြုလိုက်ပါတယ်။

5 comments:

Anonymous said...

တစ်လှေထဲ မစီးသော်လဲ
တစ်ခရီးထဲ သွားနေသူများရဲ့  .....

Anonymous said...

Pls let me know how i can contribute.
just reply in comments. thanks ko paw.

ကိုပေါ said...

Anonymous... လှူချင်ရင် ကျနော့်အီးမေးလ်ဖြစ်တဲ့ kopaw07@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။

(၁)ကျနော် လွှဲရမယ့် စင်္ကာပူဖက်မှ လိပ်စာနဲ့ နာမည်ကို ပြောပြမယ်။
(၂) ငွေကို လက်ခံရရှိတဲ့အခါ သက်ဆိုင်ရာ စင်္ကာပူဖက်မှ ငွေကောက်ခံသူနဲ့ အိုးဝေစင်္ကာပူအဖွဲ့သားတွေထံ အီးမေးလ်ကတဆင့် လှူသူရဲ့ အီးမေးလ်ကို ဘီစီစီ မှာ ထားကာ Internet Banking ကတဆင့် လွှဲပြီးကြောင်း အထောက်အထားနဲ့တကွ အကြောင်းကြားစာပို့ပါမယ်။

ဒီဖက်က အဆင့်က အဲဒီမှာပဲ ရပ်ပါတယ်။ ပြည်တွင်းကို ဘယ်သူတာဝန်ခံပို့တယ်၊ ဘယ်သူ့ထံကိုပို့တယ်၊ ဘယ်နေ့ကပို့တယ် ဆိုတဲ့ အချက်တွေကို လျို့ဝှက်ထားပါတယ်။ အိုးဝေ(စင်္ကာပူ)အဖွဲ့သားတွေပဲ သိပါတယ်။

လက်ခံရရှိတဲ့ အလှူငွေစာရင်းနဲ့ ပေးပို့တဲ့ စာရင်းကို အိုးဝေစင်္ကာပူမှာ စနစ်တကျ လစဉ်စာရင်းနဲ့ ထိန်းသိမ်းထားပါတယ်။ အပြင်ကို မဖွင့်လှစ်ပါဘူး။ တိုင်းပြည်လွတ်လပ်သွားတဲ့ တချိန်မှာ အများပြည်သူ သိသာအောင် ထုတ်ဖော်ကြေငြာပါမယ်။

ကြက်နဲ့ဝက် said...

Management Style တစ်မျိုး ဖြစ်တဲ့ Scrum မှာ ကြက်နဲ့ ၀က် ရှိတယ်တဲ့။ သူတို့တွေ စီးပွားရေး လုပ်ဖို့ တိုင်ပင်တော့ ကြက်က ၀က်ပေါင်ခြောက်ဆိုင်နဲ့ ကြက်ဥ (Ham & Egg) ဆိုင် ဖွင့်ကြမယ်တဲ့။ အဲဒီတော့ ၀က်က ဒီလိုဆိုရင်တော့ ငါက မကိုက်သေးပါဘူး။ ငါက တစ်ဘ၀လုံး ရင်းထားတဲ့ အချိန်မှာ ကြက်က အသာလေး ဥဥပြီး အကျိုးရတော့မယ်တဲ့။
အဲဒီအတိုင်းပဲ ပိုက်ဆံလှူတဲ့ သူတွေဟာ ကြက်တွေလိုပဲပေါ့။ မြန်မာပြည်က လှုပ်ရှားနေတဲ့ သူတွေက ၀က်တွေလို ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် တစ်တပ်တစ်အား ကူမှလည်း တစ်ယောက်တည်းထက်စာရင် အကျိုးရှိမှာပဲ။
Andy

ကိုပေါ said...

အဲဒီသဘောပဲ ကိုအင်ဒီ... အခုတောင် ကျွဲကလီစာဟင်းလေးအလွမ်းပြေ ကြက်နဲ့ဝက် ကို ကျနော်သွားဖတ်လိုက်သေးတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs